အခန်း (၁၂၁-၁၂၂)
Vol. 9 Ch. 121-122
အခန်း (၁၂၁) - တရားကျင့်ရန် အစီအစဉ်များ၊ အမျိုးသမီးသုံးဦး အတူတကွ၊ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ဆုတ်ခွာခြင်း
ဧကရာဇ်ကိုးပါး၏ အမှန်တရား နားလည်မှုကျမ်းအား ရရှိပြီးနောက်တွင်... ကုချန်သည် သူ၏ကျင့်ကြံခြင်းကို စတင်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
သို့သော် ဧကရာဇ်ကိုးပါး အမှန်တရား နားလည်မှုအား နားလည်သဘောပေါက်၍ ကျင့်ကြံရန်မှာ... အချိန်များစွာ ကြာမြင့်မည်ဖြစ်ကြောင်း သူကြိုတင်ခံစားမိနေခဲ့ပြီး... လက်ရှိတွင်လည်း အဆုံးမဲ့နယ်မြေငါးခုမှာ ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကာ... မတည်ငြိမ်သော အခြေအနေတွင် ရှိနေခဲ့သည်။
ထို့ကြောင့် တရားကျင့်ရန်မဝင်မီ ကုချန်သည် သင့်လျော်သော အစီအစဉ်များ ပြုလုပ်ရန် လိုအပ်လျက်ရှိသည်။
" ကုဝူရှန့်၊ ကုတောက်လင်း၊ ကုချင်းရွဲ့၊ ယဲ့ယင်းယင်း..... "
ကုချန်သည် နာမည်များစွာအား ဆက်တိုက်ခေါ်ဆိုလိုက်ပြီး... ထိုသူတို့အားလုံးကို အထက်ကောင်းကင်ပင်မခန်းမဆောင်သို့... ဆင့်ခေါ်လိုက်လေသည်။
" ငါ အချိန်ကာလတစ်ခုအထိ တရားကျင့်ဖို့ ဝင်တော့မယ်... အဲ့ဒါကြောင့် အစီအစဉ်တွေလုပ်ဖို့ မင်းတို့ကို ခေါ်လိုက်တာပဲ "
ကုမိသားစုဝင်များအားလုံး ခန်းမဆောင်အတွင်း စုဝေးမိကြသောအခါ... ကုချန်သည် အဓိကအကြောင်းအရာကို တည့်တိုးပင် ပြောကြားလိုက်ပြီး... သူ၏ရည်ရွယ်ချက်အား တိုက်ရိုက်ဖော်ပြလိုက်လေသည်။
ဘိုးဘေးက တရားကျင့်ရန် ဝင်တော့မည်လော။
ကုဝူရှန့်၊ ကုတောက်လင်းနှင့် အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ဘဲ မနေနိုင်ခဲ့ကြဘဲ... အားလုံးသည် တစ်ဦး၏မျက်ဝန်းအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုအား မြင်တွေ့နေကြရသည်။
ဘိုးဘေး၏ အဆင့်တွင် သာမန်ကျင့်ကြံခြင်းအတွက် အဘယ်ကြောင့် တရားကျင့်ရန် လိုအပ်မည်နည်း။
သာမန်ကျင့်ကြံသူများပင်လျှင် တရားကျင့်ရန် လိုအပ်သည့်အခါ၌... ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် အဆင့်တက်ရန် နီးကပ်လာချိန်တွင်သာ ဖြစ်လေ့ရှိသည်။
ဤတစ်ကြိမ် ဘိုးဘေး၏ တရားကျင့်ခြင်းမှာ အလွန်အရေးကြီးကြောင်း ထင်ရှားလှပေသည်!
ဘိုးဘေးသည် ယခုအခါ အထွတ်အထိပ်ဧကရာဇ်တစ်ပါး ဖြစ်နေချေပြီ။ ထပ်မံ၍ တရားကျင့်ရန် ဝင်ဦးမည်ဆိုလျှင်... ဖြစ်နိုင်ပါ့မလား... ဘိုးဘေးသည် အင်မော်တယ်တက်လှမ်းခြင်းဆီသို့ သွားနေခြင်းလော။
ကုချန်၏ စွမ်းအားကို အနည်းငယ်သိရှိထားသော ကုချင်းရွဲ့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဤသို့ မတွေးဘဲ မနေနိုင်ခဲ့ပေ။
အင်မော်တယ်တက်လှမ်းခြင်း!
အဆုံးမဲ့ကမ္ဘာ၏ ရှည်လျားလှသော သမိုင်းတစ်လျှောက်တွင်ပင် အင်မော်တယ်တက်လှမ်းခြင်းဟူသော စကားသည် လက်လှမ်းမမီနိုင်သော အရာတစ်ခုသာ ဖြစ်ခဲ့၏။ ခေတ်အဆက်ဆက်တစ်လျှောက် မည်သူတစ်ဦးတစ်ယောက်မျှ ထိုအဆင့်သို့ ရောက်ရှိခဲ့သည်ဟု မကြားဖူးခဲ့ပေ!
" ကောင်းပြီ... အတိုချုံးပြောရမယ်။ ငါတရားကျင့်နေတဲ့ အချိန်အတွင်း... အရမ်းအရေးကြီးတဲ့ ကိစ္စရပ်မရှိဘူးဆိုရင် ငါ့ကို မနှောင့်ယှက်ကြနဲ့ "
ကုချန်သည် သူ၏လက်အား ဝှေ့ယမ်းလိုက်ပြီး ညွှန်ကြားချက်များအား စတင်ပေးအပ်လေသည်။
" ငါတရားကျင့်နေတဲ့ အချိန်အတွင်း... ကုမိသားစုရဲ့ ကိစ္စရပ်အားလုံးကို ကြီးကြီး ငယ်ငယ် ကုတောက်လင်းက တာဝန်ယူဆောင်ရွက်ရမယ်။ တကယ်လို့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်လာရင်... ကုဝူရှန့်က တာဝန်ယူရမယ် "
" လက်ရှိမှာ အဆုံးမဲ့ကမ္ဘာရဲ့ အခြေအနေက မတည်မငြိမ် ဖြစ်နေပေမဲ့... ငါ အထက်ကောင်းကင်တားမြစ်နယ်မြေမှာ ဆောက်ထားတဲ့ မဟာအစီအရင်ကြီး ရှိနေတဲ့အတွက်... ဒီနေရာကို ထိုးဖောက်လို့မရနိုင်လို့ ဘယ်သူမှ နှောင့်ယှက်နိုင်မှာ မဟုတ်ဘူး "
" ဒါပေမဲ့ တကယ်လို့ ကုမိသားစုတပည့်တစ်ဦးဦးက အပြင်ကို စွန့်စားထွက်ခွာချင်ခဲ့ရင်... သူတို့ သတိဝီရိယကြီးကြီး ထားပြီး ဂရုစိုက်မှရမယ်... ဒီအချက်ကို မှတ်သားထားကြ "
ကုချန်သည် ညွှန်ကြားချက်အချို့အား ပေါ့ပေါ့ပါးပါးပင် ပေးလိုက်သည်။
သူသည် တစ်ချိန်က ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားအဖုံးမှ အပိုင်းအစငယ်တစ်ခုအား ဖြတ်တောက်၍... အသက်ကယ်အဆောင်လက်ဖွဲ့တစ်ခု ပြုလုပ်ခဲ့ဖူးသော်လည်း... ဤအဆောင်လက်ဖွဲ့များမှာ အရေအတွက် များများစားစား မရှိသည့်အပြင်... ကုမိသားစုတပည့်များအားလုံး ဝေမျှရန်လည်း မလုံလောက်ပေ။
ထို့အပြင် ကုချန်သည် ကုမိသားစုတပည့်များအားလုံးတွင် အသက်ကယ်အဆောင်လက်ဖွဲ့ ကိုယ်စီရှိနေခြင်းကိုလည်း မလိုလားပေ။
အကြောင်းမှာ ထိုသို့ဖြစ်ပါက ဤကုမိသားစုတပည့်များသည် ပေါ့ဆသွားနိုင်ပြီး... မိမိတို့ကိုယ်မိမိ လုံခြုံပြီဟု ထင်မှတ်ကာ... ကျေနပ်ရောင့်ရဲသွားနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် အပြင်ထွက်၍ လေ့ကျင့်ခြင်း... စွန့်စားခြင်းတို့၏ အကျိုးသက်ရောက်မှုကို ရရှိတော့မည် မဟုတ်ပေ။
သေမင်းတမန်နှင့် ယှဉ်တွဲနေသော လေ့ကျင့်မှုများအတွင်း၌... ကြီးမားသော ကြောက်မက်ဖွယ်ရာများ ရှိသကဲ့သို့... ကြီးမားသော အခွင့်အရေးများလည်း ရှိနေတတ်သည်။
သို့သော် အကယ်၍... တစ်စုံတစ်ယောက်သည် မိမိအသက်မသေနိုင်ကြောင်း ကြိုတင်သိရှိနေပါက... ထိုအခွင့်အလမ်းများနှင့် သဘောတရားသိမြင်မှုမျိုးစုံကို မည်သို့ ရရှိနိုင်ပါဦးမည်နည်း။
ဤသည်မှာ ကုမိသားစုတပည့်များအား လေ့ကျင့်စေလိုသော ကုချန်၏ မူလရည်ရွယ်ချက်နှင့် ကိုက်ညီခြင်းမရှိပေ။
ထို့ကြောင့် သူသည် အစပိုင်းတွင် ထိုအသက်ကယ်အဆောင်လက်ဖွဲ့ အနည်းငယ်ကိုသာ ပြုလုပ်ခဲ့ပြီး... နောက်ပိုင်းတွင် ထပ်မံ၍ မပြုလုပ်ခဲ့တော့ခြင်း ဖြစ်သည်။
" ဘိုးဘေး... ကျွန်မနဲ့ ယဲ့ယင်းယင်း အပြင်ထွက်စွန့်စားတဲ့ကိစ္စကကော "
ကုချင်းရွဲ့သည် မေးမြန်းခြင်းမပြုဘဲ မနေနိုင်ခဲ့ပေ။
ယခုအခါ နယ်မြေငါးခုလုံး မတည်မငြိမ်ဖြစ်နေပြီး ဘိုးဘေးကလည်း တရားကျင့်ရန် ဝင်တော့မည်ဖြစ်ရာ... သူသည် မိမိကြောင့် ကုမိသားစုအပေါ် အခက်အခဲများ သို့မဟုတ် ဒုက္ခများ မကျရောက်စေလိုပေ။
" ပုံမှန်အတိုင်းသာ ဆက်လုပ်ကြ "
ကုချန်သည် အလေးအနက်မရှိဟန်ဖြင့် ဆိုလိုက်၏။
" အဆုံးမဲ့ကမ္ဘာရဲ့ သက်ရှိအားလုံးက ငါ့အပေါ် မကျေမနပ်ဖြစ်ပြီး မုန်းတီးနေကြပေမဲ့... ငါရှိနေသရွေ့... သတ္တိဆယ်ခါမွေးရင်တောင်မှ ငါ့ကုမိသားစုဝင်တွေကို... သူတို့ဘာမှလုပ်ရဲမှာ မဟုတ်ဘူး "
ကုချန်၏ ကြောက်မက်ဖွယ်ရာ ဂုဏ်သတင်းမှာ ယခုအခါ ကျော်ကြားလှပေပြီ။
သူ၏နာမည်ဂုဏ်သတင်းသည် လူအများအမြင်တွင် တားမြစ်နယ်မြေ၏အရှင်များထက်ပင် ဆိုးရွားနိုင်သော်လည်း... သူ၏ လူသတ်နတ်ဘုရားဟူသော အမည်နာမမှာမူ အမှန်တကယ်ပင် ဖြစ်သည်။
ထိုအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များနှင့် အခြားသော အင်မော်တယ်ဂိုဏ်းများ၊ မဟာကျောင်းဆောင်များ အနေဖြင့်... သူတို့၏စိတ်များ မှားယွင်းမနေသရွေ့ ကုမိသားစုတပည့်များအား ထိခိုက်နာကျင်စေရန်... လုံးဝ သတ္တိရှိကြမည် မဟုတ်ပေ။
ထို့အပြင်... ကုချင်းရွဲ့၏ဘေးတွင် ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့၏ ကြွင်းကျန်ဝိညာဉ်မှ... ကာကွယ်စောင့်ရှောက်မှုလည်း ရှိနေသေးသည်။ သူသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးအား မယှဉ်နိုင်သော်ငြား... သာမန်စွမ်းအားရှင်များအား ကိုင်တွယ်ရန်မူ ပြဿနာမရှိပေ။
" ကျွန်မ သူတို့နဲ့အတူ အပြင်ထွက်ပြီး စူးစမ်းလေ့လာလို့ ရမလား "
ထိုအချိန်၌ ခန်းမဆောင်၏ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သော ဟွမ်ကျိုအာသည် ရုတ်တရက် ဝင်ပြောလိုက်၏။
ဟွမ်ကျိုအာသည် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး ကုချန်အား ရှင်းပြလေသည်။
" ကျွန်မ အတိတ်က မှတ်ဉာဏ်တွေကို ပြန်မရသေးဘူး... ဒါကြောင့် လောကအပြင်ထွက်ကြည့်ရင်... အဲဒါတွေ ပြန်ရလာအောင် ကူညီနိုင်မလားလို့ တွေးမိလို့ပါ "
ဟွမ်ကျိုအာ၏ တောင်းဆိုမှုကို ကြားသောအခါ... ကုချန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်... တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း သဘောတူလိုက်သည်။
ဟွမ်ကျိုအာသည် တံဆိပ်ခတ်ထားသော နတ်ဘုရားရင်းမြစ်မှ ထွက်ပေါ်လာပြီးသည်မှာ အချိန်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤအချိန်အတောအတွင်း... ဟွမ်ကျိုအာ၏ အတိတ်က မှတ်ဉာဏ်များမှာ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိသေးဘဲ... သူ၏အမည်ကိုသာ မှတ်မိသေး၏။
ကုချန်သည်လည်း သူ၏အကြောင်းကို စုံစမ်းစစ်ဆေးခဲ့ဖူးသော်ငြား... နောက်ဆုံးရလဒ်မှာ မည်သည့်အရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။
သို့သော် ဟွမ်ကျိုအာ၏ လက်ရှိကျင့်ကြံမှုအဆင့်မှာ ကောင်းကင်သဏ္ဍာန်အဆင့်ဖြစ်ပြီး... တာအိုနန်းတော်အဆင့်တွင်သာ ရှိသေးသော ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့ထက် များစွာ ပိုမိုအားကောင်းလေသည်။ သူ လိုက်ပါသွားပါက... ထိုမိန်းကလေးနှစ်ဦးအတွက် ပို၍ ဘေးကင်းလုံခြုံမည် ဖြစ်သည်။
အရာအားလုံးကို အစီအစဉ်ချပြီးနောက် ကုချန်သည် လက်ဝှေ့ယမ်းကာ ကုတောက်လင်းနှင့် အခြားသူများအား ပြန်လွှတ်လိုက်ပြီး... ဧကရာဇ်ကိုးပါး အမှန်တရားနားလည်ခြင်းကျမ်း၏ နက်နဲသောလျှို့ဝှက်ချက်များအား... ဂရုတစိုက် နားလည်သဘောပေါက်ရန် သူ၏တရားကျင့်ခြင်းကို စတင်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် ဟွမ်ကျိုအာ... ထိုမိန်းကလေးသုံးဦးတို့သည်လည်း အတူတကွ ခရီးစတင်ခဲ့ကြပြီး... အထက်ကောင်းကင်တားမြစ်နယ်မြေမှ တစ်ဖန် ထွက်ခွာသွားကြပြန်လေ၏။
.......
အဆုံးမဲ့ကမ္ဘာအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု... ဧကရာဇ်များ၏ခန်းမဆောင် အတွင်း၌.....
ကြီးမားလှသော ပလ္လင်ကြီးပေါ်တွင် မှိန်ဖျော့သော အလင်းရောင်တစ်ခု ထွန်းလင်းလျက်ရှိသည်။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ပုံရိပ်သည် ပလ္လင်ပေါ်တွင် ပေါ်ထွက်လာသည်။
သူသည် ရှေးဟောင်းခန်းမဆောင်အတွင်းသို့ ဦးခေါင်းလှည့်ကာ ကြည့်လိုက်ရာ... လူသူကင်းမဲ့နေသော ကြီးမားလှသည့် ပလ္လင်များအား မြင်တွေ့လိုက်ရသည်။
" မို့တိ ဘယ်မှာလဲ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မို့တိ၏ ပလ္လင်ဘက်သို့ ကြည့်လိုက်ရာ... သူ၏မျက်နှာပေါ်တွင် တစ်စုံတစ်ရာဆုံးရှုံးမှု အရိပ်အယောင်များ ထင်ဟပ်နေသော်လည်း... ထိုနေရာမှာမူ လစ်လပ်နေခဲ့သည်။
" သေကုန်ပြီ... အားလုံး သေကုန်ကြပြီ..... "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် တီးတိုးစွာ ရေရွတ်လိုက်ပြီး... သူ၏အသံထဲတွင် အထီးကျန်ခြင်းနှင့် ကြောက်ရွံ့ခြင်း အငွေ့အသက်များပင် ပါဝင်နေခဲ့သည်။
တစ်ချိန်တစ်ခါက ဧကရာဇ်မဟာမိတ်အဖွဲ့သည် ဧကရာဇ်များဖြင့် ပြည့်နှက်နေခဲ့သည်... သူ၊ ယန်ဧကရာဇ်၊ နဂါးရင်းမြစ်မဟာဧကရာဇ်၊ ယွမ်ကျွင်းမဟာဧကရာဇ်နှင့် မို့တိတို့ ဖြစ်သည်။
သို့သော် ယခုအခါ... လအနည်းငယ်အတွင်းမှာပင် ဧကရာဇ်မဟာမိတ်အဖွဲ့တစ်ခုလုံး နီးပါး ပျက်စီးသွားခဲ့ပြီး... သူနှင့် မို့တိ နှစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်တော့သည်!
ထို့အပြင် သေဆုံးသွားသော အခြားဧကရာဇ်များအားလုံးနီးပါးမှာ... ကုချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။
ကုချန်၏အမည်အား တွေးမိလိုက်သည်နှင့်... ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ နှလုံးသားထဲတွင်... ကြောက်ရွံ့မှုများ အလိုအလျောက် ဖြစ်ပေါ်လာခဲ့သည်။
သူသည် တကယ်ပင် ကြောက်ရွံ့နေခဲ့ပြီဖြစ်၏။ သူ၏ နှလုံးသားအောက်ခြေမှစ၍ ကုချန်နှင့် ရန်သူမဖြစ်လိုခြင်းများသာ ရှိတော့သည်။
ထိုလူမှာ နတ်ဆိုးနယ်မြေ၏အရှင်များပင် မဆက်ဆံလိုသောသူ ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ စဉ်းစား၍ပင် မရနိုင်ပေ!
ယခုအခါ ဧကရာဇ်မဟာမိတ်အဖွဲ့သည် လစ်လပ်နေပြီး... တစ်ဦးတည်း ကျန်ရစ်သော မို့တိမှာလည်း ပျောက်ဆုံးနေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် တစ်စုံတစ်ရာ ဆွေးနွေးလိုလျှင်ပင်... ဆွေးနွေးရန် လူတစ်ယောက်မျှ ရှာမတွေ့နိုင်တော့ချေ။
" အင်မော်တယ်တက်လှမ်းခြင်း..... "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အဆုံးမဲ့တိုက်ကြီးဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရာ... အဆုံးမဲ့တိုက်ကြီးအထက်တွင် ကန့်လန့်ဖြတ်တည်ရှိနေသော ကောင်းကင်ချောက်နက်ကြီးအား မြင်တွေ့နေရဟန်ရှိပြီး... သူ၏မျက်ဝန်းများထဲတွင် လျှပ်ပြက်တောက်ပသွားလေ၏။
အင်မော်တယ်တက်လှမ်းခြင်း!
ထိုအရာသည် ဧကရာဇ်အဆင့် စွမ်းအားရှင်တိုင်း အိပ်မက်မက်ခဲ့ရသော အရာဖြစ်သည်။
အကယ်၍ ဖြစ်နိုင်ပါက... ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည်လည်း အချိန်အခါသင့်သည့်အခါတွင်... ကောင်းကင်နက်နဲချောက်ကမ်းပါး၏ အခြားတစ်ဖက်သို့ တိုက်ခိုက်သွားပြီး... ထိုနေရာတွင် အမှန်တကယ် အဘယ်အရာ ရှိသည်ကို မြင်တွေ့လိုပေသည်။
သို့သော် သူ မမေ့လျော့သည်မှာ အထက်ကောင်းကင်တားမြစ်နယ်မြေသည်လည်း အဆုံးမဲ့တိုက်ကြီးပေါ်တွင် ရှိနေခြင်းပင်!
အကယ်၍ သူသည် အဆုံးမဲ့တိုက်ကြီးပေါ်တွင် ပေါ့ပေါ့ဆဆ ပေါ်လာခဲ့ပါက... အင်မော်တယ်တက်လှမ်းခြင်း၏ အခွင့်အရေးကို မရယူနိုင်မီမှာပင်... ကောင်းကင်ဘုံအရှင်သခင်၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။
ဤအချက်ကို တွေးမိသောအခါ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။
အင်မော်တယ်တက်လှမ်းခြင်းသည် ဆွဲဆောင်မှုရှိလှသည်။
သို့သော် အင်မော်တယ်တက်လှမ်းခြင်းကို ရရှိရန်အတွက် အသက်ရှင်နေရန် လိုအပ်သည် မဟုတ်လော!
" ထားလိုက်တော့... ငါ ဟွမ်သွမ့်ပင်လယ်ထဲကို ခေတ္တရှောင်တိမ်းနေပြီး... အရာအားလုံး ပြီးဆုံးတည်ငြိမ်သွားမှ ပြန်လာတော့မယ်..... "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် တိုးတိတ်စွာ ရေရွတ်လိုက်၏။
အဆုံးမဲ့ကမ္ဘာသည် လက်ရှိတွင် မတည်မငြိမ်ဖြစ်နေပြီး... နတ်ဆိုးနယ်မြေ၏တပ်မတော်သည်လည်း အချိန်မရွေး ပြန်လည်ရောက်ရှိလာနိုင်သည်။
ထိုသို့သော အခြေအနေမျိုးတွင် အဆုံးမဲ့ကမ္ဘာနှင့် ဝေးရာတွင်နေပြီး ဟွမ်သွမ့်ပင်လယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ... အသက်ရှင်ကျန်ရစ်ခြင်းထက် ပို၍အရေးကြီးသော အရာ မရှိတော့ပေ.....
အခန်း (၁၂၂) - အမတခန်းမဆောင်၊ လျှို့ဝှက်ဆန်းကြယ်သော ဖန်တီးမှု၊ ကံကြမ္မာ၏ မျက်နှာသာပေးမှု
ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးနောက်တွင်... ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် နောက်ထပ်တွယ်တာစရာ တစ်စုံတစ်ရာ မရှိတော့ဘဲ... သူ၏ပုံရိပ်သည်လည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။
ခဏအကြာ၌.....
မူလက တိတ်ဆိတ်ငြိမ်သက်နေသော ဧကရာဇ်များ၏ ခန်းမဆောင်အတွင်းမှ... သက်ပြင်းရှည်ကြီးတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းပလ္လင်ကြီးပေါ်၌ ထူထဲသော ဟွမ်သွမ့်မြူများဖြင့် ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခုသည်... မည်သည့်အချိန်ကတည်းကပင်မသိ တိတ်ဆိတ်စွာ ပေါ်ပေါက်နေခဲ့၏။ ၎င်းမှာ ဧကရာဇ်မဟာမိတ်အဖွဲ့တွင် ကျန်ရှိနေသေးသော မဟာဧကရာဇ်နှစ်ပါးအနက် တစ်ပါးဖြစ်သည့် မို့တိပင် ဖြစ်လေသည်။
" တကယ်နှမြောစရာပဲ "
မို့တိသည် သူ၏ရှေ့မှ လစ်လပ်နေသော ပလ္လင်အား ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူသည် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ထွက်ခွာသွားခြင်းကို နှမြောတသဖြစ်နေခြင်းလော သို့တည်းမဟုတ် အခြားတစ်စုံတစ်ရာကိုလော ဆိုသည်အား မိမိကိုယ်မိမိ မသေချာဖြစ်နေခဲ့သည်။
" ထားလိုက်တော့... သူတစ်ယောက်ထဲမှ မဟုတ်တာ... အမတခန်းမဆောင်က ပေးအပ်တဲ့တာဝန်ကို ပြီးပြည့်စုံအောင် ပြီးမြောက်စေရမယ်... မဟုတ်ရင် ငါကိုယ်တော်ရဲ့ ကြီးကျယ်တဲ့ အစီအစဉ်ကို အဟန့်အတား ဖြစ်စေလိမ့်မယ် "
" ဟို ကုချန် ဆိုတဲ့ကောင်... ဟွန်း! "
မို့တိသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး... သူ၏အသံထဲတွင် မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
သို့သော် အဆုံး၌ သူသည် သူ၏နှလုံးသားထဲမှ ဒေါသမီးအား ချုပ်တည်းလိုက်ပြီး... သူ၏ပုံရိပ်သည်လည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။
ခန်းမဆောင်အတွင်း၌ ထာဝရတိတ်ဆိတ်ငြိမ်သက်မှုသည် တစ်ဖန် ပြန်လည်လွှမ်းခြုံသွားလေတော့သည်။
.........
အဆုံးမဲ့တိုက်ကြီး... အရှေ့ပိုင်းဒေသ တာအိုနယ်မြေ.....
" ကုချင်းရွဲ့... တို့တွေ ဘယ်နေရာကို သွားပြီး စွန့်စားကြမှာလဲ "
အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာလာပြီးနောက်... ယဲ့ယင်းယင်းသည် ကုချင်းရွဲ့ထံသို့ မေးခွန်းထုတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး... ကုချင်းရွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။
" ဘယ်သွားရမလဲ..... "
ကုချင်းရွဲ့သည် ခဏမျှ စဉ်းစားနေမိသည်။
ဤတစ်ကြိမ် စွန့်စားခရီးထွက်ခြင်းတွင် မိမိကိုယ်မိမိ ပြင်းထန်စွာ လေ့ကျင့်ရန် ရည်ရွယ်ချက် ရှိခဲ့သော်လည်း... ထို့ထက် ပိုမိုအရေးကြီးသော ပန်းတိုင်တစ်ခု ရှိနေသေး၏။ ၎င်းမှာ သူ၏ဆရာသခင်ဖြစ်သူ ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့အတွက်... နတ်ဘုရားဝိညာဉ်အား ကျွေးမွေးပြုစုနိုင်သော သို့မဟုတ် ခန္ဓာကိုယ်အတွက် ခံရာတစ်ခုအဖြစ် အသုံးပြုနိုင်မည့်... လျှို့ဝှက်ရတနာများအား ရှာဖွေရန် ဖြစ်သည်။
ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့သည် ကုချင်းရွဲ့၏ လက်ညှိုးတွင် ဝတ်ဆင်ထားသော သိုလှောင်လက်စွပ်အတွင်း၌ ခိုအောင်းနေခဲ့ပြီး... ထိုသူနှစ်ဦးသည် သဘောတူညီချက်တစ်ခု ရရှိထားခဲ့ကြသည်။
ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့သည် ကုချင်းရွဲ့အား ကျင့်ကြံခြင်းတွင် ချွင်းချက်မရှိ လမ်းညွှန်ပေးမည်ဖြစ်ပြီး... ကုချင်းရွဲ့သည် သူ့အတွက် သူ၏ခန္ဓာကိုယ်အား ပြန်လည်ပုံဖော်၍... လောကကြီးထဲတွင် တစ်ဖန်ပြန်လည် ပေါ်ထွက်လာနိုင်စေရန်... လျှို့ဝှက်ရတနာမျိုးစုံကို ရှာဖွေပေးရမည် ဖြစ်သည်။
ဘိုးဘေး၏ ယခင်က ခြိမ်းခြောက်ဟန့်တားမှုများ ရှိခဲ့သောကြောင့်... ကုချင်းရွဲ့သည် မိမိအနေဖြင့် ကတိမတည်ခဲ့လျှင်ပင်... ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့က သူ့အား... မည်သို့မျှ ပြုလုပ်မည်မဟုတ်ကြောင်း သိရှိထား၏။
သို့သော် ကုချင်းရွဲ့သည်... ကျေးဇူးတရားနှင့် ရန်ငြိုးများအား ရှင်းလင်းစွာ သိမြင်သူဖြစ်ရာ... ထိုကဲ့သို့ သစ္စာမဲ့သော အပြုအမူမျိုးကို သဘာဝအတိုင်း ပြုလုပ်မည် မဟုတ်ပေ။
ထို့အပြင် လက်ရှိ အဆုံးမဲ့ကမ္ဘာ၏ မတည်ငြိမ်သော အခြေအနေအရ... မိမိ၏လျှို့ဝှက်လက်နက်များနှင့် နည်းလမ်းများအား ကြိုးစား၍ တိုးတက်အောင် ပြုလုပ်ခြင်းသည်... ကုချင်းရွဲ့အတွက် အရေးတကြီး ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
သံသယရှိစရာမလိုသည်မှာ... ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့အား သူ၏စွမ်းအားများ ပြန်လည်ရရှိစေရန် ကူညီခြင်းသည်... ကုချင်းရွဲ့၏ လျှို့ဝှက်လက်နက်များနှင့် နည်းလမ်းများအား အလျင်မြန်ဆုံး မြှင့်တင်နိုင်မည့် အထိရောက်ဆုံးသော နည်းလမ်းပင် ဖြစ်လေသည်။
သို့သော် ထိုကဲ့သို့သော လျှို့ဝှက်ရတနာများအား သူ ဘယ်နေရာတွင် သွားရှာရမည်နည်း။
သူ၏ဆရာသခင် ပြန်လည်ကောင်းမွန်လာစေရန် ကူညီနိုင်မည့် လျှို့ဝှက်ရတနာများမှာ ရှားပါးပြီး ရှာဖွေရန် ခက်ခဲလှသည်... သာမန်ရတနာများမှာမူ မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်ပေ။
ထို့ကြောင့် လျှို့ဝှက်နယ်မြေ နေရာများတွင် ဝှက်ထားသော... စစ်မှန်သည့် နတ်ဘုရားရတနာများသာ အကူအညီ ဖြစ်နိုင်လောက်သည်။
သို့သော် ထိုသို့သော လျှို့ဝှက်နယ်မြေများမှာ များသောအားဖြင့် ဝှက်ထားတတ်ပြီး... ပိတ်ထားတတ်ကာ လူအများ လုံးဝမသိရှိကြပေ... ထို့ကြောင့် သူ့အနေဖြင့် ထိုအရာများအား ဘယ်နေရာတွင် သွားရှာရမည်နည်း။
ကုချင်းရွဲ့သည် ယာယီအားဖြင့် မည်သို့မျှ မတွေးတတ်အောင် ဖြစ်သွားမိသည်။
ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်း နှစ်ဦးစလုံးတွင် အကြံဉာဏ် တစ်စုံတစ်ရာ မရှိကြသည်ကို မြင်သောအခါ... ဟွမ်ကျိုအာသည် သူ၏ မျက်လုံးများအား ရွေ့လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
" ရှင်တို့မှာ တိကျတဲ့ ပန်းတိုင်မရှိဘူးဆိုရင်... ကျွန်မနဲ့ လိုက်ခဲ့ကြည့်ပါလား... ဒီအရှေ့ပိုင်းစွန့်ပစ်ဒေသထဲက တစ်နေရာရာမှာ... စိတ်ကူးမမီနိုင်တဲ့ မဟာကံတရားကြီးတစ်ခု ဝှက်ထားသလိုမျိုး ကျွန်မ ခံစားမိနေတယ် "
မဟာကံတရားကြီး တည်ရှိနေခြင်းကို ခံစားနိုင်စွမ်း ရှိသည်လော။
ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး အနည်းငယ် မယုံနိုင်သကဲ့သို့ ဖြစ်သွားကြသည်။
ဤလောကတွင် နတ်ဘုရားရတနာများအား ခံစားသိရှိနိုင်သော ရှားပါးသည့် ရတနာအချို့ ရှိသည်ဟု သူတို့ ကြားဖူးခဲ့ကြသည်။
သို့သော် ဟွမ်ကျိုအာသည် အသက်ရှင်နေသော လူသားတစ်ဦးပင်! သူသည် ဤအရာများအား မည်သို့ ခံစားသိရှိနိုင်မည်နည်း။
" မင်း အတိတ်က အမှတ်တရတချို့ ပြန်ရလာပြီး... လျှို့ဝှက်နယ်မြေတစ်ခုခုရဲ့ နေရာကို သိနေတာများလား "
ကုချင်းရွဲ့သည် မမေးမြန်းဘဲ မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။
" မဟုတ်ပါဘူး "
ဟွမ်ကျိုအာသည် သူ၏ခေါင်းအား ပြတ်သားစွာ ခါယမ်းလိုက်သည်။
" ကျွန်မ အတိတ်က မှတ်ဉာဏ်တွေ ပြန်မရသေးပါဘူး... ဒါပေမယ့် အလိုလိုပဲ... ကံတရားကို ဘယ်နေရာမှာ ရှာဖွေရမလဲဆိုတာ ပြောပြနေတဲ့ လမ်းညွှန်မှုတစ်မျိုး ရှိနေသလို ခံစားရတယ်... ဒီခံစားချက်... ရှင်တို့ကို ဘယ်လို ရှင်းပြရမလဲဆိုတာတောင် ခက်နေတယ် "
ဟွမ်ကျိုအာ၏ အနည်းငယ် မရှင်းမလင်းဖြစ်သော ရှင်းပြချက်သည် ထိုမိန်းကလေးနှစ်ဦးအား ပို၍ပင် နားမလည်နိုင် ဖြစ်သွားစေသည်။
ကံတရား မည်သည့်နေရာတွင် တည်ရှိသည်ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်သော သက်ရှိသတ္တဝါမျိုး ဤလောကတွင် အမှန်တကယ် တည်ရှိပါသလော။
" သူ့နောက်ကို လိုက်သွားလိုက် "
ကုချင်းရွဲ့သည် နားမလည်နိုင်ဖြစ်ကာ ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့၏ အသံသည် သူ၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
" ဒီကောင်မလေး မရိုးရှင်းဘူး! "
" ဆရာသခင် ဆိုလိုတာက..... "
ကုချင်းရွဲ့သည် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
" ဒီလောကကြီးထဲမှာ သက်ရှိသတ္တဝါတစ်မျိုး ရှိတယ်... သူတို့က ကံကြမ္မာတာအိုမဟာလမ်းစဉ်နဲ့ သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်မှုရှိပြီး... သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ အဆုံးမဲ့တာအိုတွေရဲ့ အချစ်တော်တွေပဲ "
ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့သည် ခံစားချက်ပြင်းစွာဖြင့် ဆိုလိုက်ပြီး... သူ၏အသံထဲတွင် မနာလိုမှုများပင် ပါဝင်နေခဲ့သည်။
" သူတို့က ကံတရားကို ခံစားသိရှိနိုင်ဖို့ မွေးဖွားလာကြပြီး... သူတို့ရဲ့ ကံကြမ္မာက အရမ်းကို ကောင်းမွန်လွန်းတယ်.....
အပြင်ထွက်တဲ့အခါ ကျင့်ကြံခြင်းနည်းစနစ် လျှို့ဝှက်ကျမ်းတွေ ကောက်ရတာမျိုး... ချောက်ကမ်းပါးက ပြုတ်ကျပြီးတဲ့နောက် ပြိုင်ဘက်ကင်း စွမ်းအားရှင်တွေက ချန်ထားခဲ့တဲ့ ရတနာပစ္စည်းတွေကို ရှာဖွေတွေ့ရှိတာမျိုး... အရင်က ဘယ်သူမှ မတွေ့ရှိဖူးသေးတဲ့ လျှို့ဝှက်နယ်မြေတွေကို ရှာဖွေတွေ့ရှိပြီး... အဲ့ဒီထဲကို ဝင်ရောက်ပြီးတဲ့နောက် ရတနာတွေ အပြည့်နဲ့ ပြန်လည်ထွက်ခွာလာတာမျိုး......
ဒီအရာတွေက သာမန်ကျင့်ကြံသူတွေအတွက် စိတ်ကူးတောင် မယဉ်ရဲတဲ့ အရာတွေဖြစ်ပေမဲ့... သူတို့လို သက်ရှိတွေအတွက်ကတော့ အခြေခံလုပ်ဆောင်ချက်လောက်ပဲ.....
တကယ်လို့သာ အတိတ်တုန်းက... ငါ့မှာလဲ ကံကြမ္မာတာအိုမဟာလမ်းစဉ်နဲ့ ကိုက်ညီတဲ့ ဒီလိုစွမ်းရည်မျိုး ရှိခဲ့မယ်ဆိုရင်... ငါက နောင်တတရားတွေနဲ့ သေဆုံးခဲ့ရပြီး... ဒီလို နတ်ဘုရားဝိညာဉ် အကြွင်းအကျန်လေးတစ်ခုပဲ ကျန်ရစ်ခဲ့မှာ မဟုတ်လောက်ဘူး "
ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့၏ ရှင်းပြချက်သည် ကုချင်းရွဲ့အား ကြက်သေသေသွားစေခဲ့ပြီး... ကမ္ဘာသစ်တစ်ခုသို့ တံခါးဖွင့်ပေးလိုက်သကဲ့သို့ သူ မသိရှိဖူးသေးသော အရာများအား မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
" ဒါ... ဒါက ဒဏ္ဍာရီတွေထဲမှာ ပြောကြတဲ့ ကံကြမ္မာရဲ့ရင်သွေး ဆိုတာလား "
ကုချင်းရွဲ့သည် မပြောဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။
မွေးဖွားလာကတည်းက ထူးကဲလွန်းသည့် ကောင်းချီးများ အတူတကွ ပါလာခဲ့သည်ဆိုခြင်းမှာ အလွန်အမင်း ကံကောင်းလွန်းသည် မဟုတ်ပါလော။
" ကံကြမ္မာရဲ့ရင်သွေး ဆိုတာလောက်နဲ့ မရိုးရှင်းဘူး "
ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့သည် ဖြည်းညှင်းစွာ ဆို၏။
" ကံကြမ္မာရဲ့ရင်သွေး ဆိုတာက ကံကြမ္မာတာအိုမဟာလမ်းစဉ်နဲ့ ကိုက်ညီတဲ့သူတွေထဲမှာ အားအနည်းဆုံးတည်ရှိမှုတစ်ခုပဲ.....
တကယ့် ကံကြမ္မာတာအိုမဟာလမ်းစဉ်က ချစ်မြတ်နိုးရတဲ့ သက်ရှိသတ္တဝါတွေဟာ ကံတရားကိုယ်တိုင်ပဲ... ကံကြမ္မာရဲ့ရင်သွေးဆိုတာမျိုးက သူတို့နဲ့ ဘယ်လို နှိုင်းယှဉ်လို့ ရနိုင်မှာလဲ.....
ဒီလို သက်ရှိသတ္တဝါမျိုးတွေက ကျင့်ကြံစရာကိုမလိုဘဲ.... လှဲနေရုံ သက်သက်နဲ့တောင် အင်မော်တယ်တက်လှမ်းခြင်းကို ရရှိနိုင်တယ်.....
ဒါပေမယ့် ဒီ ဟွမ်ကျိုအာ ဆိုတဲ့ကောင်မလေးက ကံကြမ္မာတာအိုမဟာလမ်းစဉ်ကနေ... ဘယ်အတိုင်းအတာအထိ ချစ်မြတ်နိုးမှုကို ခံထားရလဲ ဆိုတာတော့ ငါလဲ မသိဘူး "
" ..... "
ကုချင်းရွဲ့သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ဆွံ့အသွားခဲ့ပြီး... မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။
ကျင့်ကြံစရာပင် မလိုဘဲ... လှဲနေရုံမျှဖြင့် အင်မော်တယ်တက်လှမ်းခြင်းကို ရရှိနိုင်သည်လော။
အကယ်၍... ဤစကားအား လောကကြီးရှိ ကျင့်ကြံသူများ ကြားသိသွားပါက... ၎င်းတို့အားလုံး မခံချိမခံသာဖြစ်ကာ... ချီများပေါက်ထွက်၍ သေဆုံးသွားကြမည် မဟုတ်လော!
ဟွမ်ကျိုအာ၏ နောက်ခံဇာစ်မြစ်သည် အမှန်ပင် မရိုးရှင်းခဲ့ပေ!
ကုချင်းရွဲ့သည် ဟွမ်ကျိုအာအား နက်နဲစွာ ကြည့်လိုက်ပြီး... အဆုံးတွင် သူ၏ဆရာသခင်၏ ဆုံးဖြတ်ချက်အား ယုံကြည်ကာ... ဟွမ်ကျိုအာ၏ နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူမ၏ ဆရာသခင် ပြောသည့်အတိုင်းဆိုလျှင်... ကံကြမ္မာတာအိုမဟာလမ်းစဉ်မှ ချစ်မြတ်နိုးရသူတစ်ဦးနှင့် အတူတကွ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့်... သူသည်လည်း ၎င်းတို့၏ ကံတရားများ၏ လွှမ်းမိုးခြင်းကို ခံရမည်ဖြစ်ပြီး... ကံဆိုးမိုးမှောင်ကျခြင်းမှ ကောင်းမွန်သောကံတရားအဖြစ်သို့ ပြောင်းလဲကာ... ဆုလာဘ်များစွာကို ရရှိနိုင်မည် ဖြစ်သည်။
" ကျွန်မ ဟိုဘက်အရပ်မှာ ကံတရားကို ခံစားမိတယ်... သွားကြစို့! "
ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်း နှစ်ဦးစလုံး သဘောတူ ခေါင်းညိတ်သည်ကို မြင်သောအခါ... ဟွမ်ကျိုအာသည် အနည်းငယ် စိတ်လှုပ်ရှားလာပြီး... သူ၏ ကျောက်စိမ်းကဲ့သို့သော လက်ညှိုးလေးဖြင့် အရပ်တစ်ပါးသို့ ညွှန်ပြလိုက်ကာ... ထို့နောက် မိန်းကလေးသုံးဦးသည် အတူတကွ ထွက်ခွာသွားကြတော့သည်။
တစ်နေ့ခန့် အကြာတွင်... မိန်းကလေးသုံးဦးသည် အနည်းငယ် ခေါင်လှသော တောင်ကုန်းတစ်ခုသို့ ရောက်ရှိလာကြသည်။
ဤနေရာတွင် အနည်းငယ် မြင့်မားသော တောင်ကုန်းအချို့မှလွဲ၍ မြေပြင်သည် ရှင်းလင်းနေပြီး... ပြန့်ကျဲနေသော ကျောက်တုံးကြီး အချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မရှိပေ။
" ဒီနေရာမှာ ကံတရား ရှိပါ့မလား "
ယဲ့ယင်းယင်းသည် ခေါင်လှသော ပတ်ဝန်းကျင်အား စူးစမ်းကြည့်ရှုလိုက်ပြီး မမေးဘဲ မနေနိုင်ခဲ့ပေ။
သူ၏ အထင်အမြင်တွင်... မဟာကံတရားများ တည်ရှိရာ နေရာများသည်... အမြဲတမ်းနီးပါး အံ့ဖွယ်ဆန်းကြယ်စွာ တည်ဆောက်ထားပြီး... လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နှက်နေတတ်သည်။
ဤနေရာကဲ့သို့ လုံးဝ ခေါင်နေသော နေရာမျိုး မည်သို့ ဖြစ်နိုင်မည်နည်း။
" ထူးဆန်းလိုက်တာ... ငါခံစားမိတဲ့ နေရာက ဒီနေရာပဲကိုး "
ဟွမ်ကျိုအာသည် အနည်းငယ် ရှုပ်ထွေးဟန်ဖြင့် ညင်သာစွာ တီးတိုး ရေရွတ်လိုက်သည်။