အခန်း (၁၂၃-၁၂၄)
Vol. 9 Ch. 123-124
အခန်း (၁၂၃) - ဖူမိသားစု၏ သွေးသား၊ လူသားဧကရာဇ်၏ အမည်နာမ၊ သမိုင်းထဲမှ တစ်ချိန်တုန်းက
ဟွမ်ကျိုအာ၏ တီးတိုးရေရွတ်သံကို နားထောင်ရင်း... ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့နှစ်ဦးစလုံးမှာ... အနည်းငယ် သံသယဝင်လျက်ရှိကြသည်။ ၎င်းမှာ သူတို့သည် ဟွမ်ကျိုအာအား မယုံကြည်ကြသည်တော့ မဟုတ်ပေ။
ဟွမ်ကျိုအာ ခေါ်ဆောင်လာခဲ့သော နေရာသည် အလွန်အမင်း သာမန်ဖြစ်လွန်းနေသောကြောင့်သာ ဖြစ်ပြီး... ၎င်းသည် အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေတွင် အများအားဖြင့် တွေ့ရလေ့ရှိသော နေရာတစ်ခုမျှသာ ဖြစ်ကာ... လူသားတို့ နေထိုင်သည့် အရိပ်အယောင်မျှပင် မရှိလောက်အောင် ကြမ်းတမ်းလှပေသည်။
ကျင့်ကြံသူများပင် ထားဦး... ကျင့်ကြံခြင်းမပြုသော သာမန်လူသားများပင်လျှင်... ထိုကဲ့သို့ ကြမ်းတမ်းလှသော နေရာတွင် နေထိုင်ကြမည် မဟုတ်ပေ။
ဤကဲ့သို့သော နေရာမျိုးတွင် မဟာကံတရားကြီး အမှန်တကယ် ဝှက်ထားလျက် ရှိနေနိုင်ပါမည်လော။
ထိုအမျိုးသမီးနှစ်ဦးသည် သူတို့၏ သံသယများအား ထုတ်ဖော်ပြောကြားလိုက်ကြသည်။
" မင်း ခံစားမိတာ မှားနေတာလား "
ယဲ့ယင်းယင်းသည် မမေးမြန်းဘဲ မနေနိုင်ခဲ့ပေ။
" မဟုတ်ဘူး... မဟုတ်ပါဘူး..... "
ဟွမ်ကျိုအာသည် သူ၏ခေါင်းအား ပြတ်သားစွာ ခါယမ်းလိုက်ပြီး " ငါခံစားမိတဲ့နေရာက ဒီနေရာမှာပဲ "
" အတိအကျပြောရရင်... တို့တွေရဲ့ ခြေထောက်အောက်မှာပဲ! "
သူတို့၏ ခြေထောက်အောက်တွင်လော။ ယဲ့ယင်းယင်းနှင့် ကုချင်းရွဲ့တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
တစ်စုံတစ်ရာသော အထွတ်အထိပ်တည်ရှိမှုမှ ချန်ထားခဲ့သော... မြေအောက်တွင် အိပ်စက်အနားယူနေသည့် မဟာဂူသင်္ချိုင်းကြီးတစ်ခု ရှိနေနိုင်ပါသလော။ မြေအောက်တွင် ဝှက်ထားသော မည်သည့် လျှို့ဝှက်နယ်မြေကံတရားကိုမျှ သူတို့ ကြားသိခဲ့ဖူးခြင်း မရှိခဲ့ပေ။
" ဒါဆို တို့တွေ ဘာလုပ်သင့်လဲ... စပြီး တူးရတော့မှာလား "
ယဲ့ယင်းယင်းသည် သိလိုစိတ်ဖြင့် ပြောလိုက်သည်။
အကယ်၍ ဟွမ်ကျိုအာ ပြောသည့်အတိုင်း ကံတရားသည် မြေအောက်တွင် ရှိနေပါက... တစ်ခုတည်းသော နည်းလမ်းမှာ တူးဆွခြင်းသာ ဖြစ်ဟန်ရှိသည်။
သို့သော်... ဤနေရာသည် အမှန်တကယ်ပင် အထွတ်အထိပ်တည်ရှိမှုတစ်ဦး၏ အနားယူရာနေရာ ဖြစ်ခဲ့ပါလျှင်... ပေါ့ပေါ့ဆဆ တူးဆွခြင်းသည် ကြိုတင်မခန့်မှန်းနိုင်သော အန္တရာယ်များဆီသို့ ဦးတည်သွားစေနိုင်သည်။
" မလောပါနဲ... ခဏလောက် ထပ်စောင့်ကြည့်ကြရအောင် "
ဟွမ်ကျိုအာသည် တိုးတိုးရေရွတ်လိုက်ပြီး " ငါ့စိတ်ထဲမှာ ကြိုတင်ခံစားမိနေတာက... စောင့်ဆိုင်းနေခြင်းကသာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပဲ..... "
စောင့်မည်လော။
ကုချင်းရွဲ့သည် တိတ်ဆိတ်စွာ နေလိုက်၏။
အကယ်၍... သူ၏ဆရာသခင်ဖြစ်သူက ဟွမ်ကျိုအာသည် ကံကြမ္မာတာအိုမဟာလမ်းစဉ်၏ မျက်နှာသာပေးခြင်းကို ခံရသူ ဖြစ်နိုင်ဖွယ်ရှိသည်ဟု... လောလောလတ်လတ် ပြောကြားခဲ့ခြင်း မရှိပါလျှင်... သူသည် ဟွမ်ကျိုအာ ပြောသမျှအားလုံးကို ယုံကြည်ရန်... အမှန်တကယ် ခက်ခဲနေပေလိမ့်မည်။
သို့သော် သူတို့သည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်သည့်အတွက် စောင့်ဆိုင်းနေရခြင်းကလည်း အကျိုးမယုတ်နိုင်ပေ!
ပူပြင်းလှသော နေမင်းသည် အထက်တွင် မြင့်မားစွာ တည်ရှိနေပြီး... မြေပြင်အား မီးပြင်းတိုက်နေသကဲ့သို့ ပူလောင်လျက်ရှိသည်။
ကံကောင်းသည်မှာ မိန်းကလေးသုံးဦးစလုံးသည် သာမန်လူသားများ မဟုတ်ကြသောကြောင့်... ထိုသို့ လောင်ကျွမ်းနေသော နေရောင်ခြည်သည်ပင်လျှင် သူတို့အား အနည်းငယ်မျှ ထိခိုက်စေနိုင်ခြင်း မရှိခဲ့ပေ။
သူတို့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြစဉ်တွင်... တစ်နာရီနီးပါးခန့် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဟွမ်ကျိုအာ ကိုယ်တိုင်ပင် သူ၏ဆုံးဖြတ်ချက်တွင်... အမှားအယွင်းတစ်ခု ပြုလုပ်မိလေသလောဟု တွေးတောကာ... ချီတုံချတုံ ဖြစ်လာခဲ့သည့် အချိန်မှာပင်... ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့၏အသံသည် ကုချင်းရွဲ့အား ရုတ်တရက် သတိပေးလိုက်လေသည်။
" အဝေးကနေ တစ်ယောက်ယောက် လာနေတယ် "
တစ်ယောက်ယောက် လာနေသည်လော။
ကုချင်းရွဲ့၏ နှလုံးသားသည် တင်းကြပ်သွား၏။ များများစားစား ရှင်းပြရန် အချိန်မရှိဘဲ... သူသည် ယဲ့ယင်းယင်းနှင့် ဟွမ်ကျိုအာတို့အား လျင်မြန်စွာ ဆွဲခေါ်လိုက်ပြီး... မြေရိုင်းကုန်းတစ်ခု၏ နောက်ကွယ်တွင် ပုန်းကွယ်လိုက်ကာ... သူတို့၏ ချီအငွေ့အသက်များအား ဖုံးကွယ်လျက် ခိုအောင်းလိုက်ကြသည်။
" ဒီနေရာကို တစ်စုံတစ်ယောက် ချဉ်းကပ်လာနေတယ်။ တို့တွေ လောလောဆယ် ပုန်းပြီး အခြေအနေကို အရင်ဆုံး စောင့်ကြည့်ကြရအောင် "
ကုချင်းရွဲ့သည် အသံတိုးတိုးဖြင့် ရှင်းပြလိုက်ပြီးနောက်... အဝေးဆီသို့ လှမ်းမျှော်ကြည့်ကာ စဉ်းစားတွေးတောနေမိသည်။
ဟွမ်ကျိုအာ ပြောခဲ့သော ကံတရားသည် အဝေးမှ လာနေသော ထိုလူနှင့် တစ်စုံတစ်ရာ ပတ်သက်နေနိုင်ပါသလော။
ခဏအကြာတွင် မိန်းကလေးသုံးဦးသည် ချဉ်းကပ်လာသော ထိုသူ၏ အရိပ်အယောင်အား နောက်ဆုံးတွင် မြင်တွေ့လိုက်ကြရသည်။
၎င်းမှာ အသက် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ် အရွယ်မျှသာ ရှိပုံရသော မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။ သူ၏ နူးညံ့လှပသော ကျောက်စိမ်းကဲ့သို့ မျက်နှာလေးသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး... သူ၏ အဝတ်အစားများမှာ ဟောင်းနွမ်းစုတ်ပြဲနေခဲ့သည်။ သူသည် မည်မျှကြာအောင် လေဒဏ်မိုးဒဏ်များကြား ခရီးနှင်ခဲ့ရသည် မသိနိုင်သော ပုံစံရှိနေပြီး... တစ်စုံတစ်ယောက်အား သနားဂရုဏာသက်ကာ ချစ်ခင်စိတ်များ ပေါ်ပေါက်လာနိုင်စေ၏။
သို့သော် ထိုမိန်းကလေးငယ်သည် ခရီးလမ်းကြောင့် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း... သူ၏ ကြီးမားပြီး မည်းနက်နေသော မျက်လုံးများမှာမူ ပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
မိန်းကလေးငယ်တစ်ဦးလော။
အဝေးမှ ယိုင်နဲ့ယိုင်နဲ့ လျှောက်လှမ်းလာသော ထိုမိန်းကလေးငယ်အား ကြည့်ရင်း ကုချင်းရွဲ့သည် မျက်မှောင်ကြုတ်မိလိုက်သည်။
သူသည် ထိုမိန်းကလေးငယ်၏ စွမ်းအားမှာ မပြင်းထန်ကြောင်းကို မသဲမကွဲ ခံစားမိနေပြီး... သူသည် သူ၏ ချီပင်လယ်အဆင့်ကို ဖွင့်လှစ်ကာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင်လျှောက်လှမ်းသည်မှာ မကြာသေးဟန်ရှိသည်။
ထိုကဲ့သို့ အားနည်းလှသော ကျင့်ကြံသူတစ်ဦးသည် အထွတ်အထိပ်ကံတရားတစ်ခုနှင့် ပတ်သက်နေနိုင်ပါသလော။
ကုချင်းရွဲ့သည် နားမလည်နိုင် ဖြစ်နေခဲ့သော်လည်း ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့က သူအား ထပ်မံ၍ သတိပေးစကား ဆိုလိုက်သည်။
" လောလောဆယ် ပေါ့ပေါ့ဆဆ မထွက်သွားကြနဲ့ဦး။ ဒီကောင်မလေးနောက်ကို လိုက်နေတဲ့လူတွေ ရှိတယ်... ဖြစ်နိုင်တာက ကောင်းကင်သဏ္ဍာန်အဆင့် ကျင့်ကြံသူ နှစ်ယောက်လောက် ရှိမယ် "
ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့၏ သတိပေးစကားအတိုင်းပင်... အေးစိမ့်သော အငွေ့အသက်တစ်ခုသည် ကုချင်းရွဲ့၏ မျက်လုံးများအား လွှမ်းခြုံသွားခဲ့ပြီး... သူသည် မိမိတို့၏ ပုံသဏ္ဍာန်များအား ဖုံးကွယ်ထားကာ ထိုမိန်းကလေးငယ်၏ နောက်မှ အလှမ်းဝေးဝေးတွင် လိုက်ပါလာသော... ထောက်လှမ်းသူနှစ်ဦးအား ချက်ချင်း မြင်တွေ့လိုက်ရသည်။
ကောင်းကင်သဏ္ဍာန်အဆင့် ကျင့်ကြံသူ နှစ်ဦးလော။
လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူနှင့် ရွှေရောင်ထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အခြားတစ်ဦးအား ကြည့်ရင်း ကုချင်းရွဲ့၏ နှလုံးသားသည် လေးနက်သွားခဲ့၏။
ကောင်းကင်သဏ္ဍာန်အဆင့် ကျင့်ကြံသူများဆိုလျှင် ဤအရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေတွင်ပင် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နိုင်လေသည်။ အဘယ်ကြောင့် သူတို့သည် ချီပင်လယ်အဆင့်မျှသာ ရှိသော ကျင့်ကြံသူတစ်ဦးအား နောက်ယောင်ခံလိုက်ရန် သူတို့ကိုယ်သူတို့ နှိမ့်ချနေကြပါသနည်း။
ဖြစ်နိုင်သည်မှာ ဤမိန်းကလေးငယ်၏ အတွင်း၌... အမှန်တကယ်ပင် လျှို့ဝှက်ချက်တစ်စုံတစ်ရာ ဝှက်ထားလျက် ရှိနေခြင်းလော။
ကံကောင်းသည်မှာ... ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့သည် ယခုအခါ ကုချင်းရွဲ့၏ လက်ညှိုးမှ သိုလှောင်လက်စွပ်အတွင်း၌ အကြွင်းအကျန်ဝိညာဉ်အဖြစ်သာ ခိုအောင်းနေရသော်လည်း... သူသည် သူ၏ ယခင်က နတ်ဘုရားစွမ်းရည်များနှင့် အံ့ဖွယ်နည်းလမ်းအချို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
ထို့ကြောင့် သူ၏ နည်းလမ်းများအား အသုံးပြုလိုက်သောအခါ... ကုချင်းရွဲ့နှင့် အခြားသူများသည် ထိုမိန်းကလေးငယ်အား နောက်ယောင်ခံလိုက်နေသော ကျင့်ကြံသူနှစ်ဦးကို မြင်တွေ့ရုံသာမက... သူတို့၏ စကားပြောဆိုမှုများကိုပါ ကြားနေရသည်။
" အစ်ကိုကြီး... တို့တွေ ဒီကောင်မလေးကို လိုက်နေတာ ဒီလောက်ကြာနေပြီ။ သူ့မှာ တကယ်ပဲ လူသားဧကရာဇ်ရဲ့ အမွေအနှစ် သဲလွန်စတွေ ရှိခဲ့မယ်ဆိုရင်... သူ အခုအချိန်လောက်ဆို အသည်းအသန် သွားရှာနေလောက်ပြီ။ ဘာလို့ အခုထိ စောင့်နေဦးမှာလဲ "
လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူသည် အနည်းငယ် စိတ်မရှည်ဟန်ဖြင့် ဆိုသည်။
" ကျွန်တော် ထင်တာကတော့... ဒီကောင်မလေးက ဘာမှ လုံးဝမသိဘူး။ သူက ဖူမျိုးနွယ်ရဲ့ နောက်ဆုံးကျန်ရစ်သူ သက်သက်ပဲ "
" ဒီငတုံး... ဖူဝမ်က ဖူမျိုးနွယ်ရဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ သွေးသားကွ! ဖူမျိုးနွယ်တစ်စုလုံးက သူတို့ရဲ့ အင်အားအားလုံးကို အသုံးပြုပြီး ဒီကောင်မလေးကို အပြင်လွှတ်လိုက်တာ.....
သူ့မှာ လျှို့ဝှက်ချက်တစ်ခုမှ မရှိဘူးဆိုရင်... ဖူမျိုးနွယ်က ဘာလို့ ဒီလောက် အားကုန်ခံပြီး ကြိုးစားရမှာလဲ "
ရွှေရောင်ထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူက သူ့အား ဆူပူကြိမ်းမောင်းလိုက်သည်။
" မင်းနဲ့ငါ သူ့နောက်ကို လိုက်နေတာ ဒီလောက်ကြာနေပြီ... နောက်ထပ် အချိန်နည်းနည်းလောက်က ထိခိုက်မှု မရှိပါဘူး။ အကယ်၍ နောက်ဆုံးကျမှ သူ့မှာ လူသားဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ တကယ်မရှိဘူးဆိုတာ သိခဲ့ရရင်တောင်... အဲဒီအချိန်ကျမှ သူ့ကို သတ်လိုက်လည်း နောက်မကျသေးပါဘူး! "
ထိုကောင်းကင်သဏ္ဍာန်အဆင့် ကျင့်ကြံသူနှစ်ဦး၏ စကားပြောဆိုမှုများသည် ကုချင်းရွဲ့နှင့် အခြားမိန်းကလေးနှစ်ဦး၏ နားထဲသို့ ကျရောက်လာခဲ့သည်။
ဟွမ်ကျိုအာ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင်ဖြစ်ပြီး လုံးဝ ပြောင်းလဲသွားခြင်းမရှိပေ... အကြောင်းမှာ သူသည် လူသားဧကရာဇ်ဆိုသည်မှာ မည်သူဖြစ်သည်ကိုနှင့်... ထိုမိန်းကလေးငယ်၏ နောက်ခံဇာစ်မြစ်ကို မသိရှိသောကြောင့် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ယဲ့ယင်းယင်းနှင့် ကုချင်းရွဲ့တို့မှာမူ... ထိုလျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်သဏ္ဍာန်အဆင့် ကျင့်ကြံသူနှစ်ဦး၏ စကားပြောဆိုသံကို ကြားလိုက်ရသောအခါ... အံ့အားတသင့်ဖြစ်ကာ မအော်ဟစ်မိအောင် ထိန်းထားလိုက်ရသည်။
" လူသားဧကရာဇ်ရဲ့ မျိုးဆက်လား... ဟိုကောင်မလေးက သူ့ကိုယ်ထဲမှာ လူသားဧကရာဇ်ရဲ့ သွေးသားတွေ စီးဆင်းနေတာလား "
ယဲ့ယင်းယင်းသည် မပြောဘဲ မနေနိုင်ခဲ့ပေ။
" ဖူမျိုးနွယ်... ငါ ရှေးဟောင်းကျမ်းစာတွေထဲမှာ တွေ့ဖူးတယ်... ရှေးခေတ်လူသားဧကရာဇ်ရဲ့ မျိုးရိုးက အမှန်တကယ်ပဲ 'ဖူ' ကို သူတို့ရဲ့ မျိုးရိုးနာမည်အဖြစ် အသုံးပြုခဲ့တယ်တဲ့ "
ကုချင်းရွဲ့သည် ညင်သာစွာ ရေရွတ်လိုက်ပြီး မသိစိတ်ဖြင့် ယဲ့ယင်းယင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ... နှစ်ဦးစလုံးသည် တစ်ဦး၏မျက်ဝန်းအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုအား မြင်တွေ့လိုက်ကြရသည်။
လူသားဧကရာဇ် ဟူသော ဘွဲ့နာမသည် အဆုံးမဲ့ကမ္ဘာအတွင်း၌ အလွန်ထူးခြားသော ဘွဲ့တစ်ခု ဖြစ်ခဲ့သည်။
အဆုံးမဲ့ကမ္ဘာ၏ ရှည်လျားလှသော သမိုင်းတစ်လျှောက်တွင်... ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သော ပုဂ္ဂိုလ်များ မရေမတွက်နိုင်အောင် ရှိခဲ့သော်လည်း... ရှေးခေတ်ကာလမှ ယနေ့အချိန်အထိ လူသားဧကရာဇ်ဟု အခေါ်ခံရသူမှာ... တစ်ဦးတည်းသာ ရှိခဲ့သည်။
ကြားရသည်မှာ သူသည် အဆုံးမဲ့လူသားမျိုးနွယ်စုထဲမှ မွေးဖွားလာသော ပထမဆုံးသော ဧကရာဇ်အဆင့် တည်ရှိမှု ဖြစ်သည်ဟု ဆိုကြသည်။
လူသားဧကရာဇ် မရောက်ရှိလာမီက... အဆုံးမဲ့ကမ္ဘာသည် မရေမတွက်နိုင်သော မျိုးနွယ်စုများဖြင့် ပြည့်နှက်နေခဲ့ပြီး... မျိုးနွယ်စုအသီးသီးသည် အသာစီးရရန် ကြိုးပမ်းနေခဲ့ကြသည်။ လူသားမျိုးနွယ်စုသည် အလွန်အမင်း အားနည်းသော မျိုးနွယ်စုများထဲမှ တစ်ခုမျှသာ ဖြစ်ခဲ့ပြီး... အခြားမျိုးနွယ်စုများ၏ မကြာခဏ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံခဲ့ရကာ... တိုင်းတစ်ပါးမျိုးနွယ်စုများ၏ အစားအစာအဖြစ်ပင် ဖြစ်ခဲ့ရသည်။
သို့သော် လူသားဧကရာဇ် ပေါ်ထွန်းလာသောအခါ... အရာအားလုံး ပြောင်းလဲသွားခဲ့လေသည်။
သူသည် ထိုအချိန်က... အသိဉာဏ်ကင်းမဲ့ပြီး အရိုင်းအစိုင်းဖြစ်နေသေးသော အဆုံးမဲ့လူသားမျိုးနွယ်အား ဖွံ့ဖြိုးတိုးတက်လာစေရန် ဦးဆောင်ခဲ့ပြီး... အဆုံးမဲ့ကမ္ဘာ၏ အင်အားကြီးမျိုးနွယ်စုများကြားတွင် ဂုဏ်ယူစွာ ရပ်တည်နိုင်စေခဲ့သည်။
သူသည် နေဧကရာဇ်ကျမ်းနှင့် လဧကရာဇ်ကျမ်း ဟူသော မူလမိခင်ကျမ်းရင်းကြီးနှစ်ခုကိုလည်း ဖန်တီးပေးခဲ့ပြီး လူသားမျိုးနွယ်အား ကျင့်ကြံခြင်းလမ်းစဉ်အား ဖွင့်လှစ်နိုင်ရန် ကူညီပေးခဲ့သည်။
ထိုအချိန်မှစ၍ လူသားမျိုးနွယ်စုသည် တဖြည်းဖြည်း ထွန်းတောက်လာခဲ့ပြီး... အခြားမျိုးနွယ်စုများအားလုံးကို လွှမ်းမိုးကာ အဆုံးမဲ့ကမ္ဘာ၏ အရှင်သခင်များ ဖြစ်လာမည့် လမ်းစဉ်အား စတင်ခဲ့သည်။
ဆိုရလျှင် တစ်ချိန်က လူသားဧကရာဇ်သာ မရှိခဲ့ပါလျှင်... ယခုလက်ရှိ လူသားမျိုးနွယ်စု၏ သာယာဝပြောသော ခေတ်ကာလသည်လည်း ရှိလာမည် မဟုတ်ပေ။
လူသားမျိုးနွယ်စုထဲတွင် လူသားဧကရာဇ်၏ မြင့်မြတ်လှသော အဆင့်အတန်းကို ဤအချက်မှပင် ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။
အခန်း (၁၂၄) - ပြိုင်ဘက်ကင်းသော ကံတရား၊ ပြတ်သားစွာ သတ်ဖြတ်ခြင်းနှင့် မျိုးနွယ်တစုလုံး အသတ်ဖြတ်ခံရခြင်း
ထိုမိန်းကလေးငယ်သည် လူသားဧကရာဇ်၏ သွေးသားမျိုးဆက် ဖြစ်သလော။ သူ၏နောက်မှ လိုက်ပါလာသော ကျင့်ကြံသူနှစ်ဦးသည်လည်း ဖူဝမ်ဟုအမည်ရသည့် ဤမိန်းကလေးငယ်ထံမှ လူသားဧကရာဇ် အမွေအနှစ်အား လောဘတက်နေကြခြင်း ဖြစ်သလော။
ယဲ့ယင်းယင်းသည် စိတ်ထဲတွင် ဝမ်းနည်းမှုတစ်မျိုးနှင့် ကံကြမ္မာတူ အဖြစ်ဆိုးအား မခံစားဘဲ မနေနိုင်ခဲ့ပေ။
အတိုင်းအတာတစ်ခုအထိ ကြည့်လျှင် သူသည် ဤမိန်းကလေးငယ်နှင့် မည်မျှ ဆင်တူနေပါသနည်း။
သူ့တွင် သူတော်စင်ခန္ဓာသွေးကြော ရှိပြီး... အခြားတစ်ဦးတွင် လူသားဧကရာဇ် သွေးကြော ရှိ၏။ သူတို့၏ ဘိုးဘေးနှစ်ဦးစလုံးသည် အဆုံးမဲ့လူသားမျိုးနွယ်စုအတွက် ကြီးမားသော အကျိုးပြုမှုများ ပြုလုပ်ခဲ့ကြသော်လည်း... နောက်ဆုံးတွင် အမဲလိုက်အသတ်ခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ကြပေ။
လူသားမျိုးနွယ်စု! ဟက်.....
ယဲ့ယင်းယင်းသည် ထိုမိန်းကလေးငယ်အား ကြည့်လိုက်ရာ သူ၏နှလုံးသားထဲတွင် သနားဂရုဏာသက်မှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့အပေါ် တစ်ချိန်က ဖြစ်ပျက်ခဲ့သော အရာများအား အခြားတစ်စုံတစ်ဦးအပေါ်တွင် တစ်ဖန် ပြန်လည် ထပ်မံ ဖြစ်ပွားသည်ကို သူ မြင်တွေ့လိုခြင်း မရှိတော့ပေ။
အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူသည်... လက်တစ်ဖက် ကမ်းလင့်၍ ဤမိန်းကလေးငယ်အား ကယ်တင်လိုခဲ့ပြီး... သူ တစ်ချိန်က ရင်ဆိုင်ခဲ့ရသော ကြေကွဲဖွယ်အဖြစ်ဆိုးအား... တစ်ဖန်ပြန်လည် ဖြစ်ပွားခြင်းမှ တားဆီးလိုခဲ့သည်။
" သူ့ကို ကယ်တင်ကြမလား " ဟွမ်ကျိုအာသည် သူ၏မျက်လုံးများအား ပုတ်ခတ်လိုက်ပြီး ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းအား မေးမြန်းလိုက်သည်။
သူ့တွင် အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ဘဲ... ဤမိန်းကလေးငယ်သည် သနားစရာကောင်းပြီး ဂရုဏာသက်ထိုက်သည်ဟု... ရိုးရှင်းစွာ ခံစားမိသောကြောင့် ဖြစ်သည်။
" ကယ်တင်ရမယ်! " ကုချင်းရွဲ့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဆိုလိုက်၏။
ကုမိသားစုသည် ယခုအခါ ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ပြောင်းရွှေ့သွားခဲ့ပြီး... အဆုံးမဲ့လူသားမျိုးနွယ်စုနှင့် ပြတ်သားစွာ လမ်းခွဲခဲ့ပြီး ဖြစ်သော်လည်း... ကုချင်းရွဲ့သည် လူသားဧကရာဇ်၏ သွေးသားမျိုးဆက် ဒုက္ခရောက်နေသည်ကို လက်ပိုက်ကြည့်နေနိုင်စွမ်း မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ... လူသားဧကရာဇ်သည် လူသားမျိုးနွယ်အပေါ် ကြီးမားသော ကျေးဇူးတရားများ ပြုခဲ့ဖူးပြီး... တစ်နည်းအားဖြင့်ဆိုသော် ကုမိသားစုသည်လည်း လူသားဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ဖူးသည်။
ကျေးဇူးတရားအား ပြန်လည်ပေးဆပ်ခြင်းနှင့် ရန်ငြိုးများအား လက်စားချေခြင်းသည် ကုမိသားစု၏ ကျင့်ဝတ်ဖြစ်ပြီး... ကုချင်းရွဲ့သည်လည်း ခြွင်းချက် ဖြစ်လိမ့်မည် မဟုတ်ပေ!
ဖူဝမ်အား ကယ်တင်ရန် ဆုံးဖြတ်ချက်ချပြီးနောက်... နောက်တစ်ဆင့်မှာ မည်သို့လုပ်ဆောင်ရမည်ကို ဆွေးနွေးတိုင်ပင်ရန် ဖြစ်သည်။
ကုချင်းရွဲ့သည် ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့ထံသို့ လျှို့ဝှက်စွာ အသံပို့လွှတ်လိုက်သည်။ " ဆရာသခင်... ဟိုနှစ်ယောက်ကို ဖမ်းနိုင်ပါ့မလား "
ဖူဝမ်၏နောက်သို့ လိုက်ပါနေသော ကျင့်ကြံသူနှစ်ဦးစလုံးသည် ကောင်းကင်သဏ္ဍာန်အဆင့်တွင် ရှိနေကြသည်။ လက်ရှိတွင် သူနှင့် ယဲ့ယင်းယင်းတို့သည် တာအိုနန်းတော်အဆင့် စွမ်းအားမျှသာ ပိုင်ဆိုင်ထားကြသေးရာ... ကြီးမားသော ကွာဟချက်ကြီး ရှိနေသဖြင့် ထိုသူနှစ်ဦးအား ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ကုချင်းရွဲ့၏ ပထမဆုံး အတွေးမှာ သူ၏ ဆရာသခင်ထံ အကူအညီတောင်းရန် ဖြစ်လေသည်။
" မင်းရဲ့ဆရာသခင်ဖြစ်တဲ့ ငါ့မှာ အခု ဝိညာဉ်အကြွင်းအကျန်တစ်ခုပဲ ရှိတော့တယ်။ နည်းလမ်းတချို့ သုံးနိုင်ပေမယ့်လို့ ငါ့ရဲ့စွမ်းအားအပြည့်အဝကို ထုတ်ဖော်ပြဖို့ ခက်ခဲတယ်။
ဒီနှစ်ယောက်ကို ဖမ်းဖို့ဆိုရင် ငါ မင်းရဲ့ခန္ဓာကိုယ်ကို ယာယီ ပူးကပ်ရလိမ့်မယ်။ စွမ်းအားကို ထုတ်လွှတ်လိုက်ရင် သူတို့ကို ဖမ်းနိုင်ပေမယ့်လို့... အဲဒါက မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေလိမ့်မယ် " ကောင်းကင်ဘုံနတ်သမီး ရှောင်းယွဲ့၏ အသံသည် ရှင်းလင်းပြီး အေးစက်လျက်ရှိသည်။
ထိုသို့ဖြစ်လျှင်.....
ကုချင်းရွဲ့သည် ခဏမျှသာ ချီတုံချတုံဖြစ်ခဲ့ပြီးနောက် သဘောတူရန် ပြင်ဆင်လိုက်သည်။
ဤမိန်းကလေးငယ်အား ကယ်တင်နိုင်မည်ဆိုလျှင် သူ့အနေဖြင့် ဒဏ်ရာအနည်းငယ် ရရှိသွားခြင်းသည် မည်သို့မျှ အရေးမကြီးပေ။
သို့သော် သူ သဘောတူကြောင်း မပြောမီမှာပင် ဟွမ်ကျိုအာ၏ အသံကို ကြားလိုက်ရသည်။
" တို့တွေ သူ့ကို ကယ်တင်ဖို့ ရည်ရွယ်ထားမှတော့... ကျွန်မပဲ လှုပ်ရှားလိုက်ပါ့မယ် "
" မင်းမှာ ယုံကြည်မှု ရှိလို့လား။ တကယ်လို့ မင်းက ဟိုနှစ်ယောက်ကို ချက်ချင်း မဖမ်းနိုင်ဘဲ သူတို့ လွတ်မြောက်သွားခဲ့ရင်... နောက်ပိုင်းမှာ တော်တော်လေး ဒုက္ခများသွားမှာကို ငါစိုးရိမ်တယ် " ကုချင်းရွဲ့သည် မပြောဆိုဘဲ မနေနိုင်ခဲ့ပေ။
" စိတ်မပူပါနဲ့... သူတို့ထဲက တစ်ယောက်မှ လွတ်သွားမှာ မဟုတ်ဘူး " ဟွမ်ကျိုအာသည် ယုံကြည်မှု အပြည့်ဖြင့် ဆိုလိုက်၏။
ထို့နောက် သူသည် သူ၏ နူးညံ့သော လက်ကလေးအား ပေါ့ပါးစွာ မြှောက်လိုက်ပြီး... မည်သည့် နက်နဲသော တာအိုလက်ကွက်များ သို့မဟုတ် ဂါထာမန္တန်များအား ဖွဲ့စည်းခြင်းမရှိဘဲ... ရိုးရှင်းစွာပင် နောက်မှ လိုက်ပါနေသော ကောင်းကင်သဏ္ဍာန်အဆင့် ကျင့်ကြံသူနှစ်ဦးထံသို့ လှမ်းလိုက်လေသည်။
" အုန်း...! "
ဟွမ်ကျိုအာ လှုပ်ရှားလိုက်သည်နှင့် ဤလောကရှိ ဝိညာဉ်စွမ်းအင်ချီများသည်လည်း ဆွဲငင်ခံလိုက်ရဟန်တူပြီး... မရေမတွက်နိုင်သော စည်းမျဉ်းသံကြိုးများသည် လေဟာနယ်မှ ထွက်ပေါ်လာကာ... ဧရာမ ဝိညာဉ်စွမ်းအင်ချီ လှောင်အိမ်ကြီးတစ်ခုအဖြစ် ရက်ယှက်ပေါင်းစပ်သွားပြီး... ထိုကောင်းကင်သဏ္ဍာန်အဆင့် ကျင့်ကြံသူနှစ်ဦးအပေါ်သို့ ကျရောက်လာခဲ့၏။
" ဟင်?! " ဤရုတ်တရက် ပြောင်းလဲမှုသည် ကောင်းကင်သဏ္ဍာန်အဆင့် စွမ်းအားရှင်ကြီးနှစ်ဦးအား ချက်ချင်း ထိတ်လန့်သွားစေ၏။ သူတို့သည် အလိုအလျောက်ပင် ၎င်းအား တားဆီးရန် ကြိုးစားလိုက်ကြသည်။
သို့သော် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့လေ၏။ သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းစွမ်းအင်အား လှုံ့ဆော်လိုက်သောအခါ... မူလက ပေါများကြွယ်ဝပြီး ချောမွေ့လျက်ရှိသော ချီဝိညာဉ်စွမ်းအင်သည် ရုတ်တရက် နှေးကွေးသွားခဲ့ပြီး... တစ်စုံတစ်ရာ ပိတ်ဆို့သွားသကဲ့သို့ ဖြစ်ကာ... သူတို့၏ တန်ပြန်တိုက်ခိုက်မှု အရှိန်အဟုန်အား တစ်ခဏမျှ နှေးကျသွားစေခဲ့သည်။
ဆံတစ်ခြည်မျှင်စာ အမှားအယွင်းသည် မိုင်ပေါင်းများစွာ ကွာဟသွားစေနိုင်သည်။
ထိုတခဏအတွင်း၌ လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် နောက်ကျသွားခဲ့လေပြီ။
ကောင်းကင်နှင့်မြေကြီး ချီဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လှောင်အိမ်သည် ထိုသူနှစ်ဦးအား အားစိုက်ထုတ်စရာမလိုဘဲ ချောမွေ့စွာပင် အတွင်း၌ ချုပ်နှောင်လိုက်လေသည်။
" ဒါ..... "
ချက်ချင်း ဖမ်းဆီးခြင်းခံလိုက်ရသော ကောင်းကင်သဏ္ဍာန်အဆင့် စွမ်းအားရှင်ကြီးနှစ်ဦးအား ကြည့်ရင်း ကုချင်းရွဲ့သည် အနည်းငယ် ကြက်သေသေသွားမိ၏။
ထိုကောင်းကင်သဏ္ဍာန်အဆင့် ကျင့်ကြံသူနှစ်ဦးသည် ဤမျှ လွယ်ကူစွာ အရေးနိမ့်သွားခဲ့သည်လော။ အဘယ်ကြောင့် သူတို့ ခုခံကာကွယ်ခြင်းပင် မပြုလိုက်ရသကဲ့သို့ ခံစားနေရပါသနည်း။ ဤသည်မှာ အလွန်အမင်း လွယ်ကူလွန်းနေသည်.....
ဤသည်မှာ ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကို ခံရသော မဟာကံတရားရှင်တစ်ဦး ဖြစ်ခြင်းကြောင့်ပင်လော။
ကုချင်းရွဲ့သည် အနည်းငယ် စိတ်လှုပ်ရှားမိသွား၏။ ဤစွမ်းရည်သည် အမှန်တကယ်ပင် မနာလိုဖွယ်ရာ ကောင်းလှပေသည်။
" ဘယ်သူလဲ?! "
ရုတ်တရက် အကျဉ်းချခံလိုက်ရသဖြင့် ကောင်းကင်သဏ္ဍာန်အဆင့် စွမ်းအားရှင်ကြီးနှစ်ဦးစလုံးမှာ ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်သွားကြ၏။
သူတို့သည် ဖူဝမ်၏နောက်သို့ ဤမျှ အဝေးထိတိုင် အပင်ပန်းခံ လိုက်ပါလာခဲ့ရသော်လည်း... ယခုမူ သူတို့ကိုယ်တိုင်က ချုံခိုတိုက်ခိုက်ခံရသူများ ဖြစ်သွားခဲ့ရသည်။
" ဒီနှစ်ယောက်ကို ဘယ်လို စီရင်လိုက်ရမလဲ "
ဟွမ်ကျိုအာသည် သူတို့၏ အော်ဟစ်သံများအား လျစ်လျူရှုလိုက်ပြီး... ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့၏ သဘောထားအား လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။
" သတ်လိုက် " ကုချင်းရွဲ့သည် တွေဝေ တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာ ဆိုလိုက်၏။
သူတို့၏ မူလရည်ရွယ်ချက်မှာ ဤလူသားဧကရာဇ်၏ သွေးသားမျိုးဆက် မိန်းကလေးငယ်အား ကယ်တင်ရန်သာ ဖြစ်သည်။ အတိအကျ မည်သို့ ဖြစ်ပျက်ခဲ့သည်ကိုမူ သူတို့သည် ဖူဝမ်အား မေးမြန်းလိုက်ရုံသာ ဖြစ်ပြီး... ဤသူနှစ်ဦးထံမှ မည်သည့် ရှင်းပြချက်ကိုမျှ နားထောင်ရန် မလိုအပ်တော့ပေ။
ထိုသို့ ဖြစ်မှတော့... အချိန်ကြာမြင့်စွာ ရှုပ်ထွေးမှုများအား ရှောင်ရှားရန်အလို့ငှာ... ဤသူနှစ်ဦးအား အလျင်အမြန် သတ်ဖြတ်လိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး... သို့မှသာ အခြား မမျှော်လင့်ထားသော အခြေအနေများ ပေါ်ပေါက်လာခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။
" ကောင်းပြီ "
ဟွမ်ကျိုအာသည် ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းနေခြင်း မရှိတော့ပေ။ သူ၏ ကျောက်စိမ်းကဲ့သို့ လက်များကို ညင်သာစွာ ပိတ်လိုက်၏။ ချီဝိညာဉ်စွမ်းအင် လှောင်အိမ်သည် သူ၏ အလိုဆန္ဒအတိုင်း လိုက်ပါလှုပ်ရှားသွားပြီး အတွင်းဘက်သို့ ပြင်းထန်စွာ ကျုံ့ဝင်သွားလေသည်။
" မဖြစ်ဘူး! မင်းတို့ မသတ်နိုင်..... " ကောင်းကင်သဏ္ဍာန်အဆင့် စွမ်းအားရှင်ကြီးနှစ်ဦးသည် ကြက်သေသေသွားကြ၏။
ဤအမျိုးသမီးငယ်များသည် ဤမျှ ရက်စက်ပြတ်သားကြလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။ သူတို့သည် ထိုသူများအား စကားပြောဆိုခွင့်ပင် မပေးဘဲ... ချက်ချင်းပင် သူတို့၏ အသက်အား ယူရန် လှုပ်ရှားလိုက်ကြသည်။
သို့သော် သူတို့ မည်သည့်စကားမျှ မပြောနိုင်ခင်မှာပင်... ချီဝိညာဉ်စွမ်းအင် လှောင်အိမ်သည် ချက်ချင်း ပိတ်သွားခဲ့ပြီး... သူတို့၏ ခန္ဓာကိုယ်များအား ကြေမွပျက်စီးစေကာ... အပိုင်းပိုင်း စုတ်ဖြဲလိုက်ပြီး... လဲကျသေဆုံးသွားစေခဲ့သည်။
အစမှ အဆုံးအထိ ထိုသူနှစ်ဦးသည် သူတို့၏ အမည်များအား ပြောကြားခွင့်ပင် မရရှိလိုက်ကြပေ!
" အားလုံး ပြီးသွားပြီ "
ဟွမ်ကျိုအာသည် သူ၏ လက်များကို ခါလိုက်ပြီး... အသေးအဖွဲကိစ္စတစ်ခုအား လုပ်ဆောင်လိုက်သကဲ့သို့ ပြုမူလိုက်၏။
ဖူဝမ် ဟုအမည်ရသော မိန်းကလေးငယ်မှာမူ... ဤရုတ်တရက် မြင်ကွင်းကြောင့် ကြောက်လန့်တောင့်တင်းနေခဲ့သည်မှာ ကြာမြင့်နေလေပြီ!
" တို့တွေက အန္တရာယ်ပြုမဲ့သူတွေ မဟုတ်ပါဘူး..... "
မိန်းကလေးငယ်၏ ကြောက်လန့်မှုကြောင့် ဖြူဖျော့နေသော မျက်နှာအား မြင်တွေ့ရသောအခါ... ကုချင်းရွဲ့၏ လှပသော မျက်ဝန်းများထဲတွင် နူးညံ့သိမ်မွေ့သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ သူသည် ရှေ့သို့ တိုးသွားကာ ညင်သာစွာ နှစ်သိမ့်လိုက်ပြီး... သူတို့ ဝင်ရောက်စွက်ဖက်ရသည့် အကြောင်းရင်းအား အကျဉ်းချုံး ရှင်းပြလိုက်သည်။
မိန်းကလေးငယ်၏ သံသယများအား ပယ်ဖျောက်ရန်အလို့ငှာ... သူသည် ကောင်းကင်ဧကရာဇ်ကျမ်းကိုပင် ထုတ်ဖော်ပြသခဲ့ပြီး... သူသည် ထိုကလေးမထံမှ လူသားဧကရာဇ် အမွေအနှစ်အား လိုချင်တပ်မက်နေခြင်း မဟုတ်ဘဲ... သူ့အား ရိုးရှင်းစွာ ကယ်တင်လိုခြင်းမျှသာ ဖြစ်ကြောင်း ပြသခဲ့သည်။
အတန်ငယ် ရှင်းပြပြီးနောက်... ကုချင်းရွဲ့နှင့် အခြားသူများမှ ထုတ်ဖော်ပြသလိုက်သော စေတနာတရားသည်... ဖူဝမ်၏ သံသယများအား လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။
သူ၏နောက်မှ အလောင်းနှစ်လောင်းအား ကြည့်ရင်း ဖူဝမ်၏ မျက်လုံးများသည် နီရဲလာခဲ့ပြီး... သူ၏ မျက်လုံးအဝိုင်းကြီးများထဲတွင် မျက်ရည်များ ဝေ့သီလာကာ... တရှုံ့ရှုံ့ ငိုရှိုက်ရင်း ဆိုလေသည်။
" ကျွန်မတို့ ဖူမိသားစုက ချန်ခွန်းရှေးဟောင်းကြယ်မှာ နေထိုင်ကြတာပါ "
" ကျွန်မနောက်ကို လိုက်လာတဲ့ ဟိုနှစ်ယောက်က... ချန်ခွန်းရှေးဟောင်းကြယ်ပေါ်က ယင်ယန်တာအိုမဟာမိတ်အဖွဲ့က လာကြတာပါ "
" ဒီ ယင်ယန်တာအိုမဟာမိတ်အဖွဲ့က ချန်ခွန်းရှေးဟောင်းကြယ်ပေါ်က ဂိုဏ်းများစွာနဲ့ မဟာကျောင်းတော်ကြီးတွေနဲ့ ဖွဲ့စည်းထားတာပါ "
" သူတို့က ကျွန်မတို့ ဖူမိသားစုရဲ့ လူသားဧကရာဇ် အမွေအနှစ် နည်းစနစ်ကို လောဘတက်ပြီး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖူမိသားစုကို ရက်ရက်စက်စက် ကျူးကျော်ခဲ့ကြတာပါ "
" ဘိုးဘေး၊ အဘိုး၊ အဖေ၊ အမေ နဲ့ တခြားဦးလေးတွေက ရန်သူကို အသက်စွန့်ပြီး ခုခံတိုက်ခိုက်ခဲ့ကြပေမယ့် ရန်သူတွေက အရမ်းများလွန်းခဲ့တယ်။ ကျွန်မတို့ မျိုးနွယ်စုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲမှာ လဲကျသွားခဲ့ကြတယ်။ နောက်ဆုံးမှာ အဘိုးနဲ့ တခြားသူတွေက မျိုးရိုးဘိုးဘွားနယ်မြေရဲ့ နက်ရှိုင်းတဲ့နေရာက ရှေးဟောင်း ပို့ဆောင်ခြင်း အစီအရင်ကို ဖွင့်ပြီး ကျွန်မတစ်ယောက်တည်းကိုပဲ လွတ်မြောက်အောင် ပို့နိုင်ခဲ့တာပါ "
" အဘိုး... အဘိုးနဲ့ သူတို့... ဟင့်...ဟင့်..... "