← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 10 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 10 Ch. 129-130

‎အခန်း (၁၂၉) - ထာဝရအိပ်မက်၊ မျှော်လင့်မထားမှု၊ ဧကရာဇ်ကျမ်းတော်၏ ဇာစ်မြစ်

‎

‎

‎

‎ဧကရာဇ်တစ်ပါးပဲ.....

‎

‎

‎ရှောင်းယွဲ့နတ်သမီး၏ ဆုံးဖြတ်ချက်သည် ကုချင်းရွဲ့၏ ရင်ဘတ်အား တူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

‎

‎

‎သူသည် ယခင်က လူသားဧကရာဇ်သည် အဆုံးမဲ့လူသားမျိုးနွယ်၏ သမိုင်းတွင်... ဤမျှ လေးစားဖွယ်ရာကောင်းပြီး မြင့်မြတ်သော နေရာတစ်ခုအား ပိုင်ဆိုင်ထားရခြင်းမှာ... လူသားမျိုးနွယ်အတွက် သူပြုလုပ်ခဲ့သော ကြီးမားသည့် ပံ့ပိုးမှုများနှင့် ကုသိုလ်ထူးများကြောင့်သာ ဖြစ်သည်ဟူ၍ တွေးထင်ခဲ့ဖူးသည်။

‎

‎

‎သို့သော် သူ မည်သည့်အခါမျှ မမျှော်လင့်ထားခဲ့မိသည်မှာ... လူသားဧကရာဇ် ကိုယ်တိုင်သည် အမှန်တကယ်တွင် စစ်မှန်သော ဧကရာဇ်အဆင့် သက်ရှိတစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။

‎

‎

‎ဤကာလအပိုင်းအခြား၏ အတွေ့အကြုံများ ပြီးနောက်မူ... ကုချင်းရွဲ့သည် ယခုအခါ စစ်မှန်သော ဧကရာဇ်တစ်ပါးသည် အမှန်တကယ် မည်ကဲ့သို့ဖြစ်သည်ကို... အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎ဘိုးဘေးကြီးကဲ့သို့ပင် အဆုံးမဲ့ကမ္ဘာ့ဧကရာဇ်အဆင့်ဟု ခေါ်ဆိုကြသောအရာသည်... လူသားဧကရာဇ်၏မျက်လုံးများထဲတွင် မည်သည်မျှ မဟုတ်ပေ။ သူသည် သူတို့အား လွယ်လွယ်ကူကူပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

‎

‎

‎စစ်မှန်သော ဧကရာဇ်တစ်ပါးသည် ဒဏ္ဍာရီလာ စစ်မှန်သောမသေမျိုးတစ်ဦးနှင့်ပင် အရေးနိမ့်ခြင်းမရှိ တိုက်ခိုက်နိုင်ပေသည်။

‎

‎

‎ထို့အပြင် လူသားဧကရာဇ်သည် အမှန်တကယ်ပင် စစ်မှန်သော ဧကရာဇ်တစ်ပါး ဖြစ်ခဲ့လေသည်။

‎

‎

‎မှန်ပေသည်... လူသားဧကရာဇ်သည် လူသားမျိုးနွယ်အား ဦးဆောင်၍... အရိုင်းဆန်သော ဟွမ်သွမ့် ပင်လယ်အတွင်း၌... သွေးမျိုးဆက်တစ်ခုအား ထွင်းဖောက်နိုင်ခဲ့သည့်အပြင်... နေနှင့်လဟူသော ဧကရာဇ်ကျမ်းတော် နှစ်ခုကိုပင် ဖန်တီးနိုင်ခဲ့သည်။ သူ၏ ဒဏ္ဍာရီဆန်ပြီး ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသော အတွေ့အကြုံများသည်... သာမန် အဆုံးမဲ့ကမ္ဘာ ဧကရာဇ်အဆင့်တစ်ဦးနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်စွမ်း မရှိခဲ့ပေ။

‎

‎

‎ယခုအခါ... လူသားဧကရာဇ်သည် တစ်ချိန်က စစ်မှန်သော ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ကြောင်း သိရှိလိုက်ရသည့်အခါတွင်... ဤအရာသည် နားလည်ရခက်သည့်အရာ သို့မဟုတ် လက်မခံနိုင်ဖွယ်ရာ အရာတစ်ခု မဟုတ်တော့ပေ။

‎

‎

‎ဤအကြောင်းကို သိရှိသွားပြီးနောက်... ကုချင်းရွဲ့သည် ယင်နှင့်ယန် စွမ်းအင်များဖြင့် ဝန်းရံလျက်ရှိသော ထိုပုံရိပ်အား... လေးစားကြည်ညိုသော အကြည့်များဖြင့် မော့ကြည့်မိလိုက်သည်။

‎

‎

‎သူ၏အစွမ်းခွန်အားကို ထည့်သွင်းစဉ်းစားခြင်း မပြုလျှင်ပင်... လူသားဧကရာဇ်၏ အတိတ်မှ လူသားမျိုးနွယ်အတွက် ကြီးမားလှသော ပံ့ပိုးမှုတစ်ခုတည်းကပင်... လူသားမျိုးနွယ်ဝင် အားလုံး၏ လေးစားရိုသေစွာ ဆက်ဆံခြင်းကို ခံထိုက်ပေသည်။

‎

‎

‎" နှစ်သောင်းချီနေတဲ့ ဆောင်းဦး အိပ်မက်ကြီးတစ်ခုလိုပဲ... အခုက ဘယ်နှစ်လဲ "

‎

‎

‎မရေမတွက်နိုင်သော နှစ်များစွာကို ဖြတ်သန်းလာခဲ့သည့်အလား... ‌လေးပင်လွန်းသော သက်ပြင်းချသံသည် ယင်ယန်မိခင်သစ်ပင်များ၏ ခြေရင်းမှ ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

‎

‎

‎သူတို့ မသိလိုက်မီပင်... ပေါ်ထွက်လာသော ပုံရိပ်၏ ပတ်လည်ရှိ တုန်ခါနေသော အရှိန်အဝါများအားလုံးသည် ကွယ်ပျောက်သွားခဲ့ပြီး... သူ၏မျက်လုံးများထဲရှိ နတ်စွမ်းအင်များသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သူသည် သာမန်မျှသာဖြစ်ပြီး ထင်ရှားပေါ်လွင်ခြင်းမရှိသော အဘိုးအိုတစ်ဦးကဲ့သို့ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်တည်နေခဲ့သည်။

‎

‎

‎အဘိုးအိုသည် လှုပ်ရှားလိုက်၏။ သူသည် ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်း၏ နောက်တွင် အကာအကွယ်ပေးထားခြင်း ခံရသော ဖူဝမ်ထံသို့... သူ၏အကြည့်ကို အနည်းငယ် ပို့လိုက်ပြီး... သူ၏ရှေးကျသော မျက်လုံးများထဲတွင် အမှတ်တရ လွမ်းဆွတ်မှုနှင့် နူးညံ့မှုတို့၏ အသွင်အပြင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

‎

‎

‎" ဒါက... ဖူမိသားစုရဲ့ မျိုးဆက်တစ်ယောက်လား "

‎

‎

‎အဘိုးအို၏ အကြည့်သည် သူ့အပေါ်သို့ ကျရောက်လာသည်ကို မြင်သောအခါ... မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားမလည်သေးသော ကလေးမလေး ဖူဝမ်သည်... ကုချင်းရွဲ့၏ နောက်မှ သတိဖြင့် ချောင်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ " ကျွန်မ... ကျွန်မနာမည်က ဖူဝမ်ပါ... ပြီးတော့ ကျွန်မက ဖူမိသားစုကပါ... အဘိုး... အဘိုးက ဘယ်သူဟင် "

‎

‎

‎" ငါ ဘယ်သူလဲ ဟုတ်လား "

‎

‎

‎အဘိုးအိုသည် ဖူဝမ်၏ မေးခွန်းကြောင့် မရယ်မောမိဘဲ မနေနိုင်ခဲ့ပေ။ ထို့နောက် သူ၏မျက်နှာပေါ်တွင် အမှတ်တရ လွမ်းဆွတ်မှု အသွင်အပြင်တစ်ခု ပေါ်ထွက်လာပြီး ညင်သာစွာ ရေရွတ်လိုက်လေသည်။ " ငါက ဖူရှီပဲ... ပြီးတော့... လူသားဧကရာဇ်လဲ ဟုတ်တယ် "

‎

‎

‎လူသားဧကရာဇ်... ဖူရှီ!

‎

‎

‎အဘိုးအိုသည် သူ၏နာမည်အား ဖွင့်ဟပြောလိုက်သည့်အခါတွင်... ကုချင်းရွဲ့နှင့် အခြားသူများသည် သူတို့၏ ရှေ့မှောက်ရှိ ပုဂ္ဂိုလ်သည်... အမှန်တကယ်ပင် တစ်ချိန်က အဆုံးမဲ့လူသားမျိုးနွယ် တစ်ရပ်လုံးအား ကာကွယ်စောင့်ရှောက်ခဲ့ပြီး... အဆုံးမဲ့လူသားမျိုးနွယ်အတွက် ကြီးကျယ်ခမ်းနားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည့်... လူသားဧကရာဇ် ဖြစ်ကြောင်းကို နောက်ဆုံး၌ အတည်ပြုလိုက်နိုင်တော့သည်။

‎

‎

‎" လူသားမျိုးနွယ်ရဲ့ မျိုးဆက်ငယ်... ကုချင်းရွဲ့နဲ့ယဲ့ယင်းယင်း က လူသားဧကရာဇ်ကို ဂါရဝပြုပါတယ် "

‎

‎

‎အဘိုးအို၏ ပင်ကိုယ်လက္ခဏာကို အတည်ပြုပြီးနောက်တွင်... ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့သည် တုံ့ဆိုင်းမနေတော့ဘဲ... အဘိုးအိုအား ချက်ချင်းပင် ဦးညွှတ် အရိုအသေပေးလိုက်ကြသည်။

‎

‎

‎အမျိုးသမီးနှစ်ဦးလုံးသည် ယခုအခါ အဆုံးမဲ့လူသားမျိုးနွယ်အပေါ် လုံးလုံးလျားလျား စိတ်ပျက်သွားခဲ့ကြပြီ ဖြစ်သော်လည်း... သူတို့နှစ်ဦးစလုံးသည် လူသားဧကရာဇ်အပေါ်၌မူ ကြီးမားသော လေးစားကြည်ညိုမှု ထားရှိကြဆဲ ဖြစ်သည်။

‎

‎

‎" ရှင်က လူသားဧကရာဇ်လား... ရှင်က ကျွန်မတို့ ဖူမိသားစုရဲ့ ဘိုးဘေး တစ်ယောက်ပေါ့ "

‎

‎

‎ဖူဝမ်သည် အစပိုင်းတွင် အံ့အားသင့်သွားခဲ့ပြီးနောက်... သူ၏ မျက်လုံးများ နီရဲလာခဲ့ကာ... သူသည် ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့အား ကျော်ဖြတ်လျက်... အဘိုးအို၏ ရင်ခွင်ထဲသို့ တဟုန်ထိုး ပြေးဝင်သွားပြီး ရှိုက်ငိုကာ... တိုးညင်းစွာ ညည်းတွားလိုက်၏။ " ဘိုးဘေး... ဖူမိသားစု... ဖူမိသားစု... ဟင့်... ဟင့်..... "

‎

‎

‎အဘိုးအို၏ ဇစ်မြစ်ကို အတည်ပြုလိုက်သည်နှင့်တပြိုင်နက်... ဖူဝမ်၏ စိတ်ခံစားချက်များသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြီး... သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ သူသည် အဘိုးအို၏ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်ပြီး အကျယ်လောင်ဆုံး ငိုကြွေးလိုက်ရာ... လတ်တလော နေ့ရက်များအတွင်း သူ ကြုံတွေ့ခဲ့ရသော ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ အားလုံးကို ထုတ်ဖော်လိုက်သည့်အလား ရှိနေသည်။

‎

‎

‎လူသားဧကရာဇ်သည် သူ၏ရင်ခွင်ထဲ၌ ငိုကြွေးနေသော ကလေးမလေးအား ကြည့်လိုက်ပြီး... တစ်စုံတစ်ခုကို ခန့်မှန်းမိသွားသည့်အလား ရှိ၏။ ဝမ်းနည်းမှု အသွင်အပြင်တစ်ခုသည် သူ၏မျက်နှာပေါ်သို့ ဖြတ်ပြေးသွားခဲ့သော်လည်း... သူသည် မည်သည့်အရာကိုမျှ မေးမြန်းခဲ့ခြင်း မရှိပေ။ သူသည် ဖူဝမ်၏ ကျောပြင်ပေါ်သို့ သူ၏လက်ကို တိတ်ဆိတ်စွာ တင်လိုက်ပြီး... သူ၏လက်ဖဝါးမှတစ်ဆင့် သန့်စင်သော ယင်နှင့်ယန် နတ်စွမ်းအင် အမျှင်တန်းများကို ထုတ်လွှတ်ပေးလိုက်သည်။

‎

‎

‎များမကြာမီပင် ငိုကြွေးရမှုကြောင့် မောပန်းသွားသော ကလေးမလေးသည်... လူသားဧကရာဇ်၏ ရင်ခွင်ထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

‎

‎

‎" အရှင် လူသားဧကရာဇ်... ဖူမိသားစု..... "

‎

‎

‎ကုချင်းရွဲ့သည် သူ၏ ရှေ့မှောက်ရှိ အဘိုးအိုအား ကြည့်လိုက်ပြီး... စကားပြောရန် တုံ့ဆိုင်းလျက် ရှိသည်။ သူသည် လူသားဧကရာဇ်အား ဖူမိသားစု၏ အခြေအနေအကြောင်း ပြောပြလိုသော်လည်း... မည်သို့ အစပျိုးရမည်ကို မသိခဲ့ဘဲ လူသားဧကရာဇ်၏ နှလုံးသားအား ထိခိုက်သွားမည်ကို စိုးရိမ်နေခဲ့သည်။

‎

‎

‎သို့သော်လည်း... လူသားဧကရာဇ်သည် သူ၏လက်ကို တည်ငြိမ်စွာ ဝှေ့ယမ်းလိုက်ပြီး... ကုချင်းရွဲ့၏ စကားများကို ဖြတ်တောက်လိုက်ကာ " ဖူမိသားစု မျိုးဖြုတ်သုတ်သင်ခံလိုက်ရပြီဆိုတာ ငါ သိပြီးသားပါ " ဟု ဆိုလေ၏။

‎

‎

‎သူသည် တစ်ချိန်က ခေတ်အဆက်ဆက်ကို လွှမ်းမိုးခဲ့ပြီး... ချန်ခွန်းရှေးဟောင်းကြယ်၏ ယင်နှင့်ယန်ကို သဘောပေါက်နားလည်ခဲ့သော လူသားဧကရာဇ် ဖြစ်သည်။ ယခုအခါ သူ၏ ဝိညာဉ်အကြွင်းအကျန် တစ်မျှင်သာ ပြန်လည်နိုးထလာခဲ့သော်ငြားလည်း... သူ နိုးထလာခဲ့သည့် ထိုအခိုက်အတန့်၌ပင် ဖူမိသားစု၏ ကံကြမ္မာကို သိရှိနှင့်ပြီးသား ဖြစ်သည်။

‎

‎

‎လူသားဧကရာဇ်သည် အရာအားလုံးကို သိရှိနှင့်ပြီးသား ဖြစ်သလော။

‎

‎

‎ကုချင်းရွဲ့သည် တုံ့ဆိုင်းသွားခဲ့ပြီး... အဘိုးအိုအား မည်သို့ နှစ်သိမ့်အားပေးရမည်ကို... မသိတော့သည့်အလား ဖြစ်သွားသည်။

‎

‎

‎လူသားဧကရာဇ်သည် အဆုံးမဲ့လူသားမျိုးနွယ်အတွက် ကြီးမားလှသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ သို့သော်... ယခုအခါ နှစ်ပေါင်း သောင်းချီ ကြာမြင့်ပြီးနောက်တွင်... သူ၏ သွေးမျိုးဆက် မျိုးနွယ်စုဝင်များ အားလုံးသည်... လူသားမျိုးနွယ်၏ လက်ချက်ဖြင့် မျိုးဖြုတ်ခံလိုက်ရပြီး... ကလေးမလေး တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ကို... သူ သိရှိလိုက်ရသည်။ ဤသို့ ရက်စက်လှသော အဆုံးသတ်သည်... လူတစ်ဦးအား မည်သို့လျှင် စိတ်နှလုံး နက်ရှိုင်းစွာ မကြေကွဲစေဘဲ နေနိုင်မည်နည်း။

‎

‎

‎" အရင်တုန်းက... ငါ နေနဲ့လ မူရင်းကျမ်းတော်တွေကို လက်ဆင့်ကမ်း မပေးချင်ခဲ့တာက... သူတို့ကို အန္တရာယ်ဖြစ်မှာ စိုးရိမ်ခဲ့လို့ပဲ... နောက်ဆုံးကျတော့ ဖူမိသားစုက ဒီအရာကြောင့်ပဲ ပျက်စီးသွားလိမ့်မယ်လို့... ငါ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိဘူး "

‎

‎

‎လူသားဧကရာဇ်သည် တည်ငြိမ်စွာ ရေရွတ်လိုက်ပြီး... သူ၏မျက်လုံးများ နက်ရှိုင်းရာ၌ မမြင်တွေ့နိုင်သော ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု စီးဆင်းလျက် ရှိသည်။ " ငါကိုယ်‌တော်က ယင်နဲ့ယန် ကံကြမ္မာ တာအိုမှာ ကျွမ်းကျင်တယ်... ဒါပေမဲ့ နောက်ဆုံးတော့ ငါ့ရဲ့ ကိုယ်ပိုင် မျိုးဆက်တွေရဲ့ ကံကြမ္မာကိုတောင် ကြိုတင် မမြင်နိုင်ခဲ့ပါလား... ဟက်! ဒါ ကံကြမ္မာပဲ... ဒါက ကံတရားပဲ "

‎

‎

‎လူသားဧကရာဇ်သည် အမှန်တရား အလုံးစုံကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ ဘာလုပ်မည်နည်း။ သူသည် ယင်ယန်တာအိုမဟာမိတ်မှ လူအားလုံးကို သတ်ပစ်မည်လော။

‎

‎

‎ယဲ့ယင်းယင်းသည် လူသားဧကရာဇ်၏ မြင့်မား၍ ခန့်ညားထည်ဝါသော ပုံရိပ်အား ကြည့်ရင်း... သူ၏ နှလုံးသားထဲ၌ တွေးတောမှန်းဆနေမိသည်။

‎

‎

‎သူ သိရှိသည်မှာ... လူသားဧကရာဇ်သည် လက်ရှိအချိန်၌ ဝိညာဉ်အကြွင်းအကျန် တစ်မျှင်မျှသာ ဖြစ်နေသော်လည်း... ယင်ယန်တာအိုမဟာမိတ်အား မျိုးဖြုတ်သုတ်သင်ပစ်ရန်မှာ... မယုံနိုင်လောက်အောင် လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

‎

‎

‎သို့သော်... လူသားဧကရာဇ်သည် မည်သို့ ရွေးချယ်မည်နည်း။

‎

‎

‎" လူသားဧကရာဇ်က ဖူမိသားစုကို မျိုးဖြုတ်သုတ်သင်ခဲ့တဲ့ သူတွေကို အပြစ်ပေးဖို့ တစ်ခုခု လုပ်ဆောင်မှာလား "

‎

‎

‎ယဲ့ယင်းယင်းသည် မမေးမြန်းဘဲ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

‎

‎

‎" ဟင့်အင်း "

‎

‎

‎လူသားဧကရာဇ်သည် တည်ငြိမ်စွာ ပြောကြားလိုက်သော်လည်း... အဖြေမှာ ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်း နှစ်ဦးလုံး မျှော်လင့်မထားခဲ့သော အရာ ဖြစ်နေခဲ့သည်။

‎

‎

‎၎င်းမှာ လူသားဧကရာဇ်သည် လူသားမျိုးနွယ်အပေါ်၌ စေတနာကောင်းများ ထားရှိနေဆဲဖြစ်သောကြောင့်... သူတို့အား အပြစ်ပေးရန် ဆန္ဒမရှိခြင်းလော။ သို့သော် ဖူမိသားစုမှာ မျိုးဖြုတ်သုတ်သင် ခံခဲ့ရပြီး ဖြစ်သည်။

‎

‎

‎အမျိုးသမီးနှစ်ဦးသည် နားမလည်နိုင်ဘဲ ရှုပ်ထွေးသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ခံစားမိသည်မှာ... အကယ်၍ ဘိုးဘေးသာ ဖြစ်ခဲ့ပါလျှင်... သူသည် ယင်ယန်တာအိုမဟာမိတ်ဟု ခေါ်ဆိုသော အဖွဲ့အစည်းနှင့်တကွ... ချန်ခွန်းရှေးဟောင်းကြယ်ကိုပါ စောစီးစွာ ဖျက်ဆီးပစ်ပြီးလောက်ပြီ ဖြစ်သည်။ သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ... အသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။

‎

‎

‎" ငါက ယင်နဲ့ယန် ကံကြမ္မာ တာအိုမှာ ကျွမ်းကျင်တယ်... ငါ့မျိုးဆက်တွေရဲ့ ကံကြမ္မာက သိပ်ကို ဝေးကွာလွန်းခဲ့တယ်... ဒီဧကရာဇ် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး... ဒါပေမဲ့ အခု ငါ ပြန်လည်နိုးထလာတဲ့ အချိန်မှာတော့... ဖူမိသားစုကို မျိုးဖြုတ်သုတ်သင်ခဲ့တဲ့ သူတွေရဲ့ ကံကြမ္မာကို... ငါ အရမ်း ရှင်းရှင်းလင်းလင်း မြင်နေရတယ် "

‎

‎

‎လူသားဧကရာဇ်သည် ညင်သာစွာ ရေရွတ်လိုက်ပြီး သူ၏လေသံမှာ တည်ငြိမ်လျက် ရှိကာ... သူသည် အရာအားလုံးကို ထွင်းဖောက်မြင်ပြီးသား ဖြစ်သည့်အလား ရှိနေသည်။ " အဲ့ဒီလူတွေရဲ့ ကံကြမ္မာက ဒီဧကရာဇ်ရဲ့ လက်ထဲမှာ သေဆုံးဖို့ မဟုတ်ဘူး "

‎

‎

‎" ..... "

‎

‎

‎အမျိုးသမီးနှစ်ဦးသည် တိတ်ဆိတ်သွားကြသည်။ သူတို့သည် လူသားဧကရာဇ်က မည်သည့်အရာကို ဆိုလိုမှန်း နားမလည်ခဲ့ကြသော်လည်း... သူ့တွင် သူ၏ ကိုယ်ပိုင် ထည့်သွင်းစဉ်းစားမှုများ ရှိလိမ့်မည်ဖြစ်ကြောင်းကိုမူ... သူတို့ သိရှိနေကြသည်။

‎

‎

‎" ဖူမိသားစုက ငါ့မျိုးဆက်ကို ကယ်တင်ခဲ့တဲ့အတွက်... မင်းတို့ကို ငါ ကျေးဇူးမတင်ရသေးဘူး... မင်းတို့ ကျင့်ကြံတဲ့ ကျင့်စဉ်က ကျယ်ပြန့်ပြီး ရှုပ်ထွေးတယ်ဆိုတာ ငါ သတိထားမိတယ်... ပြီးတော့ အဲ့ဒီထဲမှာ ဒီဧကရာဇ် ဖန်တီးခဲ့တဲ့ နေနဲ့လရှေးဟောင်းကျမ်းတော်ရဲ့ အရိပ်အယောင်တွေ ရှိနေတယ်.....

‎

‎မင်းတို့ကို ဒီနည်းလမ်း ပေးခဲ့တဲ့သူက ငါကိုယ်တော်ထက်တောင် အဆင့် ပိုမြင့်ရမယ် "

‎

‎

‎လူသားဧကရာဇ်သည် ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့အား ကြည့်လိုက်ပြီး သူ၏အကြည့်မှာ ပညာရှိဆန်လှကာ... သူသည် အရာအားလုံးကို ထွင်းဖောက်မြင်ပြီးသား ဖြစ်သည့်အလား ရှိနေသည်။

‎

‎

‎ကောင်းကင်ဧကရာဇ်ကျမ်းတော်... လူသားဧကရာဇ်က ထိုအရာကို ရည်ညွှန်းနေခြင်း ဖြစ်သလော။

‎

‎

‎လူသားဧကရာဇ်၏ စကားများကို ကြားလိုက်ရသောအခါ... ကုချင်းရွဲ့သည် သူ၏ နှလုံးသားထဲ၌ အံ့အားသင့်သွားခဲ့သည်။ ဘိုးဘေးဖန်တီးခဲ့သော ကောင်းကင်ဧကရာဇ်ကျမ်းတော်သည်... လူသားဧကရာဇ်နှင့် ဤမျှ နက်ရှိုင်းသော ဆက်စပ်မှုတစ်ခု ရှိနေလိမ့်မည်ဟု... သူ မသိရှိခဲ့ပေ။

‎

‎အခန်း (၁၃၀) - နေဧကရာဇ်နှင့်လဧကရာဇ်ဧကရာဇ်ကျမ်းတော်၊ ဧကရာဇ်၏ တောင်းဆိုချက်၊ အင်မော်တယ်လိမ်လည်မှု

‎

‎

‎

‎" ကျွန်မတို့ ကျင့်ကြံတဲ့ ကျင့်စဉ်က... ကျွန်မတို့ ကုမိသားစုရဲ့ ဘိုးဘေးက ဖန်တီးခဲ့တာပါ "

‎

‎

‎ကုချင်းရွဲ့က ရိုးသားစွာ ဖြေကြားလိုက်သည်။

‎

‎

‎လူသားဧကရာဇ်သည် နှိုင်းယှဉ်၍မရလောက်အောင် ပညာဉာဏ်ကြီးမားလှပြီး... သူ၏အကြည့်မှာ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိသည့်အလား ဖြစ်နေ၏။ သူသည် ပြန်လည်နိုးထလာသော ဝိညာဉ်အကြွင်းအကျန် တစ်မျှင်မျှသာ ဖြစ်သော်လည်း... ယင်၊ ယန် နှင့် ကောင်းကင်အချိန်အခါတို့ကို နားလည်နေဆဲဖြစ်ကာ... ကမ္ဘာလောကရှိ အပြောင်းအလဲအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိနေသေးသည်။ သူ၏ရှေ့မှောက်တွင် လိမ်ညာခြင်းသည်.... အဓိပ္ပာယ်မဲ့သော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

‎

‎

‎" အရမ်းကောင်းတယ် "

‎

‎

‎လူသားဧကရာဇ်သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏မျက်လုံးများထဲ၌ စိတ်သက်သာရာရသွားသော အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

‎

‎

‎အဆုံးမဲ့လူသားမျိုးနွယ် အကြားတွင်... သူ့နောက်၌ ဤသို့သော အဆင့်မျိုး ပေါ်ထွက်လာနိုင်သေး၏။ သူ၏အတိတ်မှ ကြိုးပမ်းအားထုတ်မှုများသည် အချည်းနှီး မဖြစ်ခဲ့ပေ။

‎

‎

‎" တာအိုလမ်းစဉ် တူညီသူတွေဟာ တစ်ယောက်တည်း မဟုတ်ဘူး... တာအိုမိတ်ဆွေ... ခင်ဗျားကိုယ်ခင်ဗျား ထုတ်ဖော်ပြသဖို့ ဆန္ဒရှိမလားဆိုတာ ကျွန်တော် သိချင်မိတယ် "

‎

‎

‎လူသားဧကရာဇ်သည် ကုချင်းရွဲ့အား ကြည့်လိုက်ပြီး ညင်သာစွာ ရေရွတ်လိုက်သည်။

‎

‎

‎လူသားဧကရာဇ်က မည်သူ့ကို စကားပြောနေခြင်း ဖြစ်သနည်း။ ဆရာ ဖြစ်နိုင်မည်လော။

‎

‎

‎ကုချင်းရွဲ့သည် အံ့အားသင့်သွားခဲ့ပြီး... အဘယ်ကြောင့်ဆိုသော် ဘိုးဘေးသည် ထိုအချိန်က ဆရာ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်ဖြစ်ရာ... လူသားဧကရာဇ်သည်လည်း ပြိုင်ဘက်ကင်း ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သဖြင့်... သူသည်လည်း မြင်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်ဟု တွေးထင်မိလိုက်သောကြောင့် ဖြစ်သည်။

‎

‎

‎သို့သော်လည်း နောက်တစ်ခဏတွင်... သူ မှန်းဆမိသည်မှာ မှားယွင်းသွားကြောင်းကို သိရှိလိုက်ရသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ၏ ရင်ခွင်ထဲရှိ ဂါထာလက်ဖွဲ့သည် တောက်ပလာခဲ့ပြီး... ၎င်းသည် သူ့အလိုလို ပြန်လည်နိုးထလာကာ... လူတိုင်း၏ ရှေ့မှောက်တွင် ပုံရိပ်တစ်ခုအဖြစ် ပုံဖော်လိုက်သောကြောင့်ပင်... ၎င်းမှာ ကုချန် ဖြစ်နေခဲ့သည်။

‎

‎

‎" ဘိုးဘေး! "

‎

‎

‎ကုချင်းရွဲ့သည် အံ့အားသင့်သွားခဲ့ပြီး... ချက်ချင်းပင် အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့သည်။

‎

‎

‎ဤဂါထာလက်ဖွဲ့အား သူ့ထံသို့ မိသားစုခေါင်းဆောင် ကုတောက်လင်းက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအတွင်း၌ ဘိုးဘေး ထည့်သွင်းပေးလိုက်သော စွမ်းအင်တစ်မျှင် ပါဝင်နေ၏။ ယခုအခါ ၎င်းသည် လူသားဧကရာဇ်၏ အရှိန်အဝါမကို ခံစားမိလိုက်သောကြောင့်.... ၎င်းအား ပြန်လည်နိုးထလာစေကာ ၎င်းကိုယ်တိုင် ပုံဖော်လိုက်ခြင်း ဖြစ်ပေသည်။

‎

‎

‎" ငါက ဧကရာဇ် ကုချန်ပဲ... နှုတ်ဆက်ပါတယ် တာအိုမိတ်ဆွေ "

‎

‎

‎ကုချန်သည် ပေါ်ထွက်လာခဲ့ပြီး... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်အား အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ရုံမျှဖြင့်... ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိရှိသွားခဲ့ကာ... လူသားဧကရာဇ်အား တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။

‎

‎

‎တိတိကျကျ ပြောရမည်ဆိုလျှင်... လူသားဧကရာဇ်၏ ရှေ့မှောက်တွင်... ကုချန်သည်ပင် မျိုးဆက်ငယ်တစ်ဦးမျှသာ ဖြစ်သည်။

‎

‎

‎သို့သော်လည်း ကျင့်ကြံခြင်း၏ လမ်းစဉ်ပေါ်တွင်မူ... ပြီးမြောက်အောင်မြင်သူများကသာ ဦးစား‌ပေးခံရသည်။ သူနှင့် လူသားဧကရာဇ် နှစ်ဦးစလုံးသည် ဧကရာဇ်အဆင့်တွင် ရှိနေကြသည်ဖြစ်ရာ... တစ်ဦးနှင့်တစ်ဦးအား တာအိုမိတ်ဆွေဟု ခေါ်ဝေါ်သုံးနှုန်းခြင်းသည် သဘာဝကျပြီး မည်သည့်ပြဿနာမျှ မရှိပေ။

‎

‎

‎" ငါကိုယ်တော်က... ငါတို့ အဆုံးမဲ့လူသားမျိုးနွယ်ကနေ စစ်မှန်တဲ့ ဧကရာဇ်တစ်ပါး ပေါ်ထွက်လာတာကို မြင်တွေ့ခွင့်ရလိမ့်ဦးမယ်လို့... ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိဘူး "

‎

‎

‎လူသားဧကရာဇ်သည် ကုချန်အား ကြည့်လိုက်ပြီး အနည်းငယ် ချီးကျူးလိုက်လေသည်။

‎

‎

‎သူ၏အဆင့်တွင်... သူသည် စစ်မှန်သော ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် အဆုံးမဲ့ကမ္ဘာ၏ တုယောင်ဧကရာဇ်ဟု ခေါ်ဆိုကြသူများအကြားရှိ... ကြီးမားလှသော ကွာဟချက်ကို ကောင်းစွာ သိရှိပေသည်။

‎

‎

‎" တာအိုမိတ်ဆွေရဲ့ မျိုးဆက်က... ငါ့ ဖူမိသားစုမျိုးနွယ်ရဲ့ နောက်ဆုံးသွေးမျိုးဆက်ကို ကယ်တင်ခဲ့တယ်... ငါကိုယ်တော်က တာအိုမိတ်ဆွေကို ကျေးဇူးတစ်ခု တင်သွားပြီ "

‎

‎

‎လူသားဧကရာဇ်သည် ညင်သာစွာ ပြောကြားလိုက်၏။

‎

‎

‎" အလေးအနက်ထားစရာ မလိုပါဘူး... ဒါက သူတို့ လုပ်သင့်တဲ့အရာပဲ... ဒါ့အပြင် ငါကလည်း... တာအိုမိတ်ဆွေ လက်ဆင့်ကမ်းခဲ့တဲ့ နေဧကရာဇ်နဲ့လဧကရာဇ် ကျမ်းတွေကို လေ့လာခဲ့ဖူးတယ်... ဒီနှစ်ခု ချေလိုက်ရင်... ငါတို့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘာအကြွေးမှ မရှိတော့ပါဘူး "

‎

‎

‎ကုချန်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေခဲ့သည်။

‎

‎

‎အတိတ်ကာလတွင်... သူသည် ကောင်းကင်ဧကရာဇ်ကျမ်းတော်ကို ဖန်တီးရန် ကြိုးပမ်းခဲ့စဉ်က... သူသည် အဆုံးမဲ့ကမ္ဘာ အနှံ့ ရှာဖွေခဲ့ပြီး... ရှေးဟောင်းဧကရာဇ်ကျမ်းတော်များ အားလုံးကို လေ့လာကာ... သူ၏ ကိုယ်ပိုင် ကောင်းကင်ဧကရာဇ်ကျမ်းတော်အား ဖန်တီးမှုအတွက် အာဟာရအဖြစ် အသုံးပြုခဲ့သည်။

‎

‎

‎ထို့အပြင် ကုချန်သည်... လူသားဧကရာဇ် ဖန်တီးခဲ့သော နေဧကရာဇ်နှင့်လဧကရာဇ် ကျမ်းများ၏ အမှန်တကယ် ပြီးပြည့်စုံသော ကျမ်းရင်းများကို ရှာမတွေ့ခဲ့သော်ငြားလည်း... ၎င်းတို့သည် သူ့အား သိသာထင်ရှားသော အကူအညီများ ပေးအပ်နိုင်ခဲ့၏။

‎

‎

‎" ဒီကျေးဇူးကို ငါ ပြန်ဆပ်ရလိမ့်မယ်... တာအိုမိတ်ဆွေ... ထပ်ပြီး ပြောနေစရာ မလိုတော့ပါဘူး "

‎

‎

‎လူသားဧကရာဇ်က ပွင့်ပွင့်လင်းလင်း ဆိုလိုက်လေ၏။

‎

‎

‎" ငါက ရှေးဟောင်းလဧကရာဇ်ကျမ်းတော်နဲ့ ရှေးဟောင်းနေဧကရာဇ်ကျမ်းတော်ကို ဖန်တီးခဲ့ပေမယ့်... ဒီရှေးဟောင်းဧကရာဇ်ကျမ်းနှစ်စောင်က စစ်မှန်တဲ့ ဧကရာဇ်အဆင့် ကျင့်စဉ်တွေအဖြစ် ပြောင်းလဲတိုးတက်မသွားခဲ့ဘူး.....

‎

‎ဒါပေမဲ့ နောက်ပိုင်းမှာ... ငါ အမှန်တကယ် တာအိုကို ရရှိပြီး ဧကရာဇ်တစ်ပါး ဖြစ်လာပြီးတဲ့နောက်... နေနဲ့လ ရှေးဟောင်းကျမ်းနှစ်စောင်ကို 'နေလဧကရာဇ်ကျမ်းတော်' အဖြစ် ပေါင်းစပ်ခဲ့တယ်... အဲ့ဒါကို စစ်မှန်တဲ့ ဧကရာဇ်အဆင့် ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်.....

‎

‎တာအိုမိတ်ဆွေက ဧကရာဇ်အဆင့်မှာ နက်ရှိုင်းတဲ့ ကျွမ်းကျင်မှုတွေ ရှိတာကို ငါကိုယ်တော် မြင်ရတယ်... မင်းကို ပိုပြီး ရှေ့ဆက်တိုးတက်နိုင်အောင် ကူညီဖို့အတွက်... တာအိုမိတ်ဆွေကို နေနဲ့လ မူရင်းဧကရာဇ်ကျမ်းတော် ပေးအပ်ဖို့ ငါကိုယ်တော် ဆန္ဒရှိတယ် "

‎

‎

‎နေလဧကရာဇ်ကျမ်းတော်ရဲ့ မူရင်းကျမ်း ဟုတ်လား?

‎

‎

‎ကုချန်သည် အလွန်ပင် အံ့အားသင့်သွားခဲ့၏။

‎

‎

‎သူသည် ယခုလေးတင် စနစ်၏ တာဝန်တစ်ခုကို ပြီးမြောက်ခဲ့ပြီး... ဧကရာဇ်ကိုးပါး အမှန်တရား နားလည်မှုကျမ်းအား ရရှိထားခဲ့ရာ... ၎င်းထဲတွင် စစ်မှန်သော ဧကရာဇ်အဆင့် ကျင့်စဉ် ကိုးမျိုး ပါဝင်နေသည်။ အကယ်၍ သူသည် လူသားဧကရာဇ် ဖန်တီးခဲ့သော နေလဧကရာဇ်ကျမ်းတော်ကိုပါ ရရှိနိုင်ဦးမည် ဆိုပါလျှင်... ထိုအရာသည် စုစုပေါင်း ဧကရာဇ်ကျမ်းတော် ဆယ်စောင် ဖြစ်သွားပေလိမ့်မည်။

‎

‎

‎အကယ်၍ သူသည် ၎င်းတို့အားလုံးကို နားလည်သဘောပေါက်ပြီး ပေါင်းစပ်နိုင်ခဲ့ပါက... အဆုံးမဲ့တာအိုများနှင့် အဆုံးမဲ့တရားဥပဒေသများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့ပါက... ၎င်းသည် သူ၏ ကောင်းကင်ဧကရာဇ်ကျမ်းတော်အား ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိစေရန် အမှန်တကယ်ပင် ကူညီပေးနိုင်ပေလိမ့်မည်။

‎

‎

‎ဤသို့ တွေးမိလိုက်သောအခါ... ကုချန်သည် ငြင်းပယ်ခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မပြုတော့ဘဲ ခေါင်းအနည်းငယ် ညိတ်လိုက်ကာ ပြောဆိုလိုက်လေသည်။

‎

‎

‎" ဒီလိုဆိုမှတော့... တာအိုမိတ်ဆွေကို ကျေးဇူးအများကြီး တင်ပါတယ် "

‎

‎

‎ကုချန် သဘောတူညီလိုက်သည်ကို မြင်သောအခါ... လူသားဧကရာဇ်၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

‎

‎

‎သူသည် သူ၏ရင်ခွင်ထဲ၌ အိပ်မောကျနေသော ဖူဝမ်အား ကြည့်လိုက်ပြီး... သူ၏မျက်လုံးများထဲ၌ နူးညံ့သော အသွင်အပြင်တစ်ခု ရှိနေကာ... ထို့နောက် ကုချန်အား ဆက်လက်၍ စကားဆိုလိုက်သည်။

‎

‎

‎" ဒါ့အပြင်... ငါ့မှာ တောင်းဆိုချင်တဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်.....

‎

‎လူသားဧကရာဇ်က ကွယ်လွန်သွားတာ အချိန်ကြာမြင့်နေပြီ... ငါက အတိတ်တုန်းက လူသားဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ ဝိညာဉ်အကြွင်းအကျန် တစ်မျှင်သာသာ ဖြစ်ပြီး... မကြာခင် အချိန်အတွင်းမှာပဲ ကမ္ဘာလောကကြီးကနေ ကွယ်ပျောက်သွားရတော့မယ်.....

‎

‎တကယ်လို့ တာအိုမိတ်ဆွေက ခွင့်ပြုမယ်ဆိုရင်... ငါ့ရဲ့မျိုးဆက်ကို မင်းရဲ့ တပည့်အဖြစ် လက်ခံခွင့်ပြုပေးနိုင်မလား... ဒါက ငါ့ ဖူမိသားစုရဲ့ နောက်ဆုံးသွေးမျိုးဆက်ကို ထိန်းသိမ်းရာလဲ ရောက်ပါတယ် "

‎

‎

‎လူသားဧကရာဇ်က ဖူဝမ်အား ဘိုးဘေး၏ တပည့် ဖြစ်စေချင်သည်လော။

‎

‎

‎လူသားဧကရာဇ်၏ စကားများကို ကြားလိုက်ရသောအခါ... ကုချင်းရွဲ့သည် အံ့အားသင့်သွားခဲ့သော်ငြား... ခဏအကြာတွင် ဤသည်မှာ လူသားဧကရာဇ် ပြုလုပ်နိုင်သော အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်းကို... ချက်ချင်းပင် ခံစားနားလည်လိုက်၏။

‎

‎

‎ယခုအခါ ဖူမိသားစုသည် မျိုးဖြုတ်သုတ်သင် ခံလိုက်ရပြီဖြစ်ပြီး... ဖူဝမ် တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်တော့သည်။

‎

‎

‎ဖူမိသားစုမျိုးနွယ်၏ ဘိုးဘေးတစ်ဦးအနေဖြင့်... လူသားဧကရာဇ်သည် ဖူမိသားစု၏ သွေးမျိုးဆက် ဆက်လက်တည်တံ့ရေးအား... သေချာပေါက်ပင် ထည့်သွင်းစဉ်းစားပေလိမ့်မည်။ အကယ်၍ ဖူဝမ်သည် ဘိုးဘေး၏ တပည့်တစ်ဦး ဖြစ်လာနိုင်ခဲ့ပါလျှင်... သူ၏ အနာဂတ် လုံခြုံရေးသည် သေချာပေါက် အာမခံချက် ရရှိသွားမည် ဖြစ်သည်။

‎

‎

‎ထိုအခါမှသာ လူသားဧကရာဇ်သည် အမှန်တကယ် စိတ်အေးနိုင်မည် ဖြစ်သည်။

‎

‎

‎" ရပါတယ် "

‎

‎

‎ကုချန်သည် များစွာ တုံ့ဆိုင်းမနေဘဲ... လူသားဧကရာဇ်၏ တောင်းဆိုချက်ကို သဘောတူညီလိုက်သည်။

‎

‎

‎လူသားဧကရာဇ်သည် သူ့အား နေလဧကရာဇ်ကျမ်းတော်ကို ပေးအပ်ခဲ့သည့်အပြင်... ဖူဝမ်သည်လည်း လူသားဧကရာဇ်၏ သွေးမျိုးဆက် ဖြစ်သောကြောင့်... နေနှင့်လ တာအိုလမ်းစဉ်နှင့် အလိုအလျောက် နီးစပ်နေပေ၏။ သူ့အား နေလ မူလဧကရာဇ်ကျမ်းတော်အား သင်ကြားပေးရန်မှာ... ကုချန်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သည်။

‎

‎

‎" တာအိုမိတ်ဆွေရဲ့ ကတိစကားနဲ့ဆိုရင်... ငါ စိတ်အေးချမ်းသာစွာနဲ့ ထွက်ခွာသွားနိုင်ပါပြီ "

‎

‎

‎လူသားဧကရာဇ်သည် စိတ်သက်သာရာရစွာဖြင့် ပြောလိုက်ပြီးနောက်တွင် သူ၏ မျက်နှာအမူအရာသည် လေးနက်သွားခဲ့လေသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ... ယင်ယန်မိခင်သစ်ပင်များသည် တုန်ခါသွားပြီး... ယင်နှင့်ယန် စွမ်းအင် အမျှင်တန်းများကို အောက်သို့ ပို့လွှတ်လိုက်ကာ... ၎င်းတို့သည် ဟွမ်သွမ့်အလင်းတန်း အကာအကွယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး... သူနှင့် ကုချန် နှစ်ဦးစလုံးအား ဖုံးလွှမ်းသွားစေကာ... ဟွမ်သွမ့်အလင်းတန်း အကာအကွယ် အတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို အပြင်လူများ မည်သို့မျှပင် မသိရှိနိုင်အောင် တားဆီးလိုက်လေသည်။

‎

‎

‎" ငါ မထွက်ခွာခင်မှာ... တာအိုမိတ်ဆွေကို အပ်နှံခဲ့ချင်တဲ့ နောက်ဆုံး အရာတစ်ခု ရှိပါသေးတယ် "

‎

‎

‎လူသားဧကရာဇ်၏ လေးနက်သော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ... ကုချန်သည် လူသားဧကရာဇ် ပြောကြားတော့မည့် အရာသည်... အလွန်အမင်း အရေးကြီးလိမ့်မည် ဖြစ်ကြောင်းကို... အလိုလျောက် ခံစားသိရှိလိုက်ရသဖြင့်... သူသည် လေးစားစွာ မေးမြန်းလိုက်လေသည်။

‎

‎

‎" တာအိုမိတ်ဆွေ... ကျေးဇူးပြုပြီး ပြော‌ပြပါ "

‎

‎

‎" ငါက စစ်မှန်တဲ့ လူသားဧကရာဇ် ချန်ထားရစ်ခဲ့တဲ့... ဝိညာဉ်အကြွင်းအကျန် တစ်မျှင်လေးပဲ ဖြစ်ပြီး... လူသားဧကရာဇ်ရဲ့ သက်ရှိထင်ရှားဘဝတုန်းက မှတ်ဉာဏ်အားလုံးကို ငါ မပိုင်ဆိုင်ဘူး "

‎

‎

‎လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်သည် စကားလုံး တစ်လုံးချင်းစီအား ပြောကြားလိုက်သည်။

‎

‎

‎" ဒါပေမဲ့ ငါ သိရှိခွင့်ရတဲ့ လူသားဧကရာဇ်ရဲ့ ကျန်ရစ်ခဲ့တဲ့ မှတ်ဉာဏ်တွေထဲမှာ... တာအိုမိတ်ဆွေအတွက် အထောက်အကူ ဖြစ်နိုင်မယ့် အရာတစ်ခု ရှိကောင်းရှိနိုင်တယ် "

‎

‎

‎" အင်မော်တယ်တက်လှမ်းခြင်းဆိုတာ လိမ်လည်မှုတစ်ခုပဲ "

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းသည် လိမ်လည်မှုတစ်ခု ဖြစ်သလော။

‎

‎

‎ကုချန်သည် လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ စကားများကြောင့် ပထမဦးစွာ အံ့အားသင့်သွားခဲ့ပြီး... ထို့နောက်တွင် သူ၏မျက်နှာပေါ်၌ စဉ်းစားတွေးတောနေသော အသွင်အပြင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

‎

‎

‎သူ သိရှိသည်မှာ... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် အကြောင်းပြချက်ကို ရှင်းပြခြင်းမရှိဘဲ... ဤစကားများကိုသာ ပြောကြားခဲ့ခြင်းမှာ... သူသည် စစ်မှန်သော လူသားဧကရာဇ်၏ မှတ်ဉာဏ်အားလုံးကို အမွေဆက်ခံထားခြင်း မရှိသောကြောင့် ဖြစ်၏... ထို့ကြောင့် ထပ်မံ မေးမြန်းနေလျှင်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည် ဖြစ်သည်။

‎

‎

‎သို့သော်လည်း... စစ်မှန်သော လူသားဧကရာဇ်သည် အဘယ်ကြောင့် ဤသို့သော သတင်းစကားတစ်ခုကို ချန်ထားရစ်ခဲ့ရသနည်း။ သူသည် တစ်ချိန်က အမှန်တရား တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့ဖူးသည်လော။

‎

‎

‎လွန်ခဲ့သော နှစ်ကိုးသောင်းက... သူသည် အင်မော်တယ်လမ်းဟု ခေါ်ဆိုကြသော အရာ၏ အဆုံးစွန်သို့ ရောက်ရှိခဲ့ပုံရသော်လည်း... ၎င်းမှာ အင်မော်တယ်နယ်မြေ မဟုတ်ဘဲ နတ်ဆိုးနယ်မြေ၏ နယ်နိမိတ် ဖြစ်နေသည်ကိုသာ တွေ့ရှိခဲ့ရပုံတို့ကို ပြန်လည်အမှတ်ရလိုက်ရာ... ကုချန်သည် ဤအရာများအားလုံးသည် မည်သို့မျှ မရိုးရှင်းကြောင်းကို ပို၍ ခံစားလာမိသည်။

‎

‎

‎လွန်ခဲ့သော နှစ်ကိုးသောင်းက အင်မော်တယ်လမ်းဟု ခေါ်ဆိုကြသော အရာသည် နတ်ဆိုးနယ်မြေ၏ နယ်နိမိတ်ဆီသို့ ဦးတည်သွားခဲ့သည်။

‎

‎

‎ထိုသို့ဆိုလျှင်... ယနေ့ နှစ်ကိုးသောင်း ကြာမြင့်ပြီးနောက်... အလယ်ပိုင်းပြည်နယ် တာအိုနယ်မြေ အထက်၌ စုတ်ဖြဲဖွင့်ဟလာခဲ့သော ကောင်းကင်ချောက်နက်ကြီးသည်... မည်သည့်နေရာသို့ ဦးတည်နေမည်နည်း။

‎

‎

‎" တာအိုမိတ်ဆွေရဲ့ လက်ရှိအဆင့်နဲ့ဆိုရင်... အင်မော်တယ်တက်လှမ်းခြင်းနဲ့ မဝေးကွာတော့ဘူး... မင်းအနေနဲ့ အင်မော်တယ်တက်လှမ်းခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို သတိကြီးစွာဖြင့် ကိုင်တွယ်ရလိမ့်မယ်... မှတ်ထားပါ... မှတ်သားထားပါ "

‎

‎

‎လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် လေးလေးနက်နက် မှာကြားလိုက်၏။

‎

‎

‎" တာအိုမိတ်ဆွေ စိတ်ချပါ... ကျွန်တော် မှတ်သားထားလိုက်ပါပြီ "

‎

‎

‎ကုချန်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာလည်း လေးနက်လျက် ရှိ၏။

‎

‎

‎" ဒီလိုဆိုမှတော့... တာအိုမိတ်ဆွေကို အပ်နှံစရာ ငါ့မှာ ဘာမှ မကျန်တော့ဘူး... ဒီ နေလဧကရာဇ်ကျမ်းရဲ့ မူရင်းကျမ်း‌တော်ကို ကျေးဇူးပြုပြီး ယူလိုက်ပါ "

‎

‎

‎လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် သူ၏လက်ဖဝါးများကို မြှောက်လိုက်ရာ... သူ၏ ဘယ်နှင့်ညာ လက်များထဲတွင်... အစွန်းစွန်‌သော ယင်နှင့်ယန် စွမ်းအင်များ စုစည်းလာခဲ့သည်။ နောက်ဆုံးတွင်... ယင်နှင့်ယန် စွမ်းအင်များသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး... ယင်နှင့်ယန် စွမ်းအင်များ စီးဆင်းနေသော ရှေးဟောင်းကျမ်းတော် တစ်စောင်အဖြစ် ပုံဖော်ကာ... ကုချန်ထံသို့ ပျံသန်းသွားခဲ့လေသည်။

‎

All Chapters