အခန်း (၁၃၁-၁၃၂)
Vol. 10 Ch. 131-132
အခန်း (၁၃၁) - ယင်ယန် တာအိုကိုင်း၊ သွေးမျိုးဆက်အား မြှင့်တင်ခြင်း၊ သွေးမျိုးနွယ်တစ်သောင်း၏ ဘိုးဘေး
ယောင်ယောင်ထင်ထင်ဖြစ်နေသော နေလဧကရာဇ်ကျမ်းတော်သည် နောက်ဆုံး၌ အလင်းတန်းတစ်ချက်အဖြစ်သို့ အသွင်ပြောင်းသွားခဲ့ပြီး ကုချန်၏ လက်ဖဝါးအတွင်းသို့ ပျောက်ကွယ်ဝင်ရောက်သွားခဲ့၏။
သူတို့၏ အဆင့်တွင် ကျယ်ပြန့်၍ ရှုပ်ထွေးလှသော အထွဋ်အထိပ် ဧကရာဇ်ကျမ်းတော်ကြီးကိုပင် သာမန်မျက်စိဖြင့် ကြည့်ရှုရန် မလိုအပ်တော့ချေ။ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်ပြီးနောက်... နတ်ဝိညာဉ်ဖြင့် ကြည့်ရှုလိုက်သည်နှင့်တစ်ပြိုင်နက်... အရာခပ်သိမ်းသည် သဘာဝအတိုင်း ရှင်းလင်းပြတ်သားသွားမည် ဖြစ်သည်။
" တာအိုမိတ်ဆွေကို ကျေးဇူးတင်ပါတယ် "
ကုချန်သည် သူ၏လက်များကို ယှက်လိုက်ပြီး လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။
လူသားဧကရာဇ်သည် သူဖန်တီးခဲ့သော နေလဧကရာဇ်ကျမ်းတော်အား သူ့ကို လက်ဆောင်ပေးခဲ့ရုံတင်မကဘဲ... အင်မော်တယ်တက်လှမ်းခြင်း၏ လျှို့ဝှက်ချက်ကိုပါ... သတိပေးနှိုးဆော်ခဲ့သေးသည်။ ဤကျေးဇူးသည် ဖူဝမ်အား ကယ်တင်ခဲ့ခြင်းအတွက် ပြန်လည်ပေးဆပ်ခြင်းထက်... သိသိသာသာ ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်နှင့် သူ၏စကားဝိုင်း ပြီးဆုံးသွားပြီးနောက်တွင်... ကုချန်၏ ပုံရိပ်သည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ယနေ့ လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်နှင့် သူတွေ့ဆုံခြင်းမှာ... သူ၏ကိုယ်အစစ်အမှန် မဟုတ်ဘဲ... ထိုဂါထာလက်ဖွဲ့၌ တွယ်ကပ်နေသော သူ၏စွမ်းအင် တစ်မျှင်မျှသာ ဖြစ်သည်။
အနာဂတ်တွင် ကုချင်းရွဲ့နှင့် အခြားသူများ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြန်လည်ရောက်ရှိသွားသည့်အခါ... ကုချန်သည် ဤစွမ်းအင်တစ်မျှင်အား ပြန်လည်ရယူမည်ဖြစ်ပြီး... ထိုအခါ သူသည် ပြီးပြည့်စုံသော နေလဧကရာဇ်ကျမ်းတော်ကို ရရှိသွားပေလိမ့်မည်။
ကုချန် ထွက်ခွာသွားသည်ကို မြင်သောအခါ... လူသားဧကရာဇ်သည် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက်... သူ၏အကြည့်အား ကုချင်းရွဲ့နှင့် အခြားသူများထံသို့ လှည့်လိုက်ကာ... နွေးထွေးစွာ ပြုံးလျက် ဆိုလိုက်သည်။
" ငါ့ ဖူမိသားစုရဲ့ နောက်ဆုံးသွေးမျိုးဆက်ကို ကယ်တင်ခဲ့တဲ့အတွက်... ငါကလဲ မင်းတို့အားလုံးကို ကျေးဇူးတင်ရမယ် "
" အရှင် လူသားဧကရာဇ်က သိပ်ကို ကြင်နာလွန်းပါတယ် "
ကုချင်းရွဲ့သည် အနည်းငယ် ချုပ်တည်းမှု ဟန်ပန်ဖြင့် ဆိုလိုက်သည်။
အမှန်တကယ်တွင်မူ... သူသည် လူသားဧကရာဇ်မှ ဘိုးဘေးအား... ယခုလေးတင် ပြောကြားလိုက်သော အကြောင်းအရာကို ပို၍ စိတ်ဝင်စားမိသည်။
သို့သော် ထိုအချိန်၌... လူသားဧကရာဇ်သည် ယင်နှင့်ယန်၏ စွမ်းအားကို အသုံးပြု၍... အရာအားလုံးကို ဖုံးကွယ်ကာ ကာကွယ်ထားခဲ့၏။ သူ မဆိုထားနှင့် ရှောင်းယွဲ့နတ်သမီးပင်လျှင် အရိပ်အယောင် တစ်စမျှပင် မသိရှိလိုက်ရပေ။
အရှင် လူသားဧကရာဇ်သည် ဘိုးဘေးအား ယခုလေးတင် မည်သည့်အရာကို ပြောကြားလိုက်ပါသနည်း။
ကုချင်းရွဲ့၏ အထင်တွင်မူ... မည်သည့်အရာပင် ဖြစ်ပျက်စေကာမူ... ဘိုးဘေးသည် အရာရာတိုင်းကို စိတ်ထဲ၌ မည်သည့်အခါမျှ မထည့်ထားသည့်အလား... အမြဲတမ်း တည်ငြိမ်သော အမူအရာကို ဆောင်ထားလေ့ရှိသည်။
ဤတစ်ကြိမ်တွင်မှသာ... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ စကားများကို ကြားသိပြီးနောက်တွင်... သူသည် ဘိုးဘေးအို၏ မျက်နှာထက်၌... လေးနက်သော အရိပ်အယောင်တစ်ခုအား... ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်မှ ဘိုးဘေးအိုအား ပြောကြားလိုက်သော စကားများသည် လုံးဝ ရိုးရှင်းခြင်းမရှိကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ပေသည်။ အကယ်၍ ထိုစကားများက အဆုံးမဲ့ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်သွားစေနိုင်လျှင်ပင် ကုချင်းရွဲ့သည် အံ့အားသင့်မိမည် မဟုတ်ပေ။
သို့သော်လည်း... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် ယခုလေးတင် စကားဝိုင်းအား ဖုံးကွယ်ရန် နည်းလမ်းများ အသုံးပြုခဲ့သည်ဖြစ်ရာ... သူသည် ၎င်း၏ အကြောင်းအရာများအား ပေါက်ကြားစေလိုခြင်း မရှိဟု ယူဆရပေမည်။
ကုချင်းရွဲ့သည် စပ်စုလိုစိတ် ပြင်းပြနေခဲ့လျှင်ပင်... သူသည် ကူရာမဲ့စွာ သက်ပြင်းချရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ... သူ၏ လက်ရှိအစွမ်းသတ္တိမှာ အလွန်အမင်း အားနည်းလွန်းလှသည်။ သူသည် ဘိုးဘေးအိုနှင့် အခြားသူများ၏ အဆင့်ရှိ တိုက်ခိုက်မှုတစ်ခုတွင် ပါဝင်နိုင်စွမ်း မရှိသဖြင့်... မည်သည့်အရာဖြစ်သည်ကို သိရှိနေလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။
" ကလေးမလေး... ငါ မင်းကို ယင်ယန်တာအိုကိုင်းတစ်ကိုင်း လက်ဆောင်ပေးချင်တယ်... ဘယ်လိုသဘောရသလဲ "
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည်... ကုချင်းရွဲ့အား ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီးနောက်... ယင်ယန်မိခင်သစ်ပင်နှစ်ပင်ထံသို့ လက်လှမ်းလိုက်သည်။
ထို့နောက်တွင်... ရွှေရောင်တောက်ပမှုနှင့် နက်ရှိုင်းသော အမှောင်အငွေ့အသက်တို့ စီးဆင်းနေသော အကိုင်းတစ်ကိုင်းအား... သူ၏လက်ဖဝါးပြင်ထဲ၌ ကိုင်ဆောင်ထား၏။
ယင်နှင့်ယန် မိခင်သစ်ပင်များမှ အကိုင်းတစ်ကိုင်း ဟုတ်ပါသလော။
ကုချင်းရွဲ့သည် ကြက်သေသေသွားခဲ့၏။ သူ မတုံ့ပြန်နိုင်သေးမီမှာပင်... သူ၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်သည် အနည်းငယ် ပူနွေးလာသည်ကို ခံစားလိုက်ရပြီး... ထို့နောက်တွင် သူ၏ နားအနား၌ ရှောင်းယွဲ့နတ်သမီး၏ အနည်းငယ် စိတ်မရှည်ဟန်ရှိသော အသံကို ကြားလိုက်ရသည်။
" သူ့ကို သဘောတူလိုက်! ဒီအကိုင်းနှစ်ကိုင်းက ငါ့အတွက် အရေးကြီးတယ်! ဒီ ယင်ယန်တာအိုကိုင်းနဲ့ဆိုရင်... ငါ သူ့ကို အခြေခံတစ်ခုအနေနဲ့ အသုံးပြုပြီး... ယာယီ အသုံးပြုနိုင်တဲ့ ရုပ်သေးခန္ဓာကိုယ်တစ်ခုကို ရနိုင်လိမ့်မယ်... ငါ ဒါကို အချိန်ကာလတစ်ခုအထိ ပျိုးထောင်ပေးသရွေ့ပေါ့ "
ဆရာသခင်၏ အနည်းငယ် စိတ်မရှည်ဟန်ရှိသော အသံကို ကြားလိုက်ရသောအခါ... သူ၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။
ဤ ယင်ယန်တာအိုကိုင်းကို ပိုင်ဆိုင်ထားသရွေ့... သူ၏ ဆရာသခင်သည် ယာယီ အသုံးပြုနိုင်သော ရုပ်သေးခန္ဓာကိုယ်တစ်ခုကို ရရှိနိုင်မည် ဟုတ်ပါသလော။ ဤသည်မှာ မယုံနိုင်လောက်အောင် ကောင်းမွန်လှသော သတင်းကောင်းတစ်ခုပင် ဖြစ်သည်။
ကုချင်းရွဲ့သည် သူ၏ ဆရာသခင်မှ ရုပ်ခန္ဓာကိုယ်တစ်ခု ရရှိရန်... မည်မျှ တောင့်တနေခဲ့သည်ကို သိရှိပေသည်။
၎င်းသည် ယခုလောလောဆယ်တွင် ရုပ်သေးခန္ဓာကိုယ်တစ်ခုမျှသာ ဖြစ်နေဦးမည် ဆိုသော်ငြားလည်း... ၎င်းသည် သူ၏ ဆရာအား သူ၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်၏ ချည်နှောင်မှုများမှ... ယာယီ လွတ်မြောက်စေပြီး လွတ်လပ်ခွင့်ကို ရရှိစေနိုင်မည် ဖြစ်သည်။
ဤ ယင်ယန်တာအိုကိုင်း နှစ်ကိုင်း၏ အရေးပါမှုမှာ ထင်ရှားလှပေသည်။
ဤသို့ တွေးမိလိုက်သောအခါ... ကုချင်းရွဲ့သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ... သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကာ.....
" အရှင် လူသားဧကရာဇ်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ရှိပါတယ် "
လူသားဧကရာဇ်၏ လက်ထဲမှ ယင်ယန်တာအိုကိုင်း နှစ်ကိုင်းအား လေးလေးစားစား ယူလိုက်ပြီးနောက်... ကုချင်းရွဲ့သည် ရှောင်းယွဲ့နတ်သမီး၏ စိတ်လှုပ်ရှား၍ သည်းထိတ်ရင်ဖို ဖြစ်နေသော ခံစားချက်များကိုပင်... ခံစားသိရှိနေနိုင်ခဲ့သည်။
ထိုအချိန်မှာပင်... သူသည် သူ၏ နှလုံးသားထဲ၌ သက်ပြင်းချလိုက်မိသည်မှာ... လူသားဧကရာဇ်မှ ဤ ယင်ယန်တာအိုကိုင်း နှစ်ကိုင်းအား သူ့ထံသို့ လက်ဆောင်ပေးခြင်းသည်... သူ့ထံမှ တစ်စုံတစ်ခုအား သိရှိပြီး... ထွင်းဖောက်မြင်နေခဲ့ပြီး ဖြစ်ကြောင်းဆိုသည်ပင်။
သို့မဟုတ်ပါက... လူသားဧကရာဇ်သည် ကုချင်းရွဲ့အား သူ အလိုအပ်ဆုံးဖြစ်သော အရာတစ်ခုကို ပေးအပ်ခဲ့လိမ့်မည် မဟုတ်ပေ။
ဘိုးဘေးသည် သူ့ ဆရာ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့သကဲ့သို့... အရှင် လူသားဧကရာဇ်သည်လည်း သိရှိနေဟန်တူသည်။
ဧကရာဇ်တစ်ပါး ဆိုသည်မှာ ဤသို့ပင် ဖြစ်သလော။
သူ၏ ဆရာသခင်... ဤ စစ်မှန်သောမသေမျိုးသည်... စစ်မှန်သော ဧကရာဇ်အဆင့် သက်ရှိတစ်ဦး၏ ရှေ့မှောက်တွင်... အမှန်တကယ်ပင် သိသာထင်ရှားသော ကွာဟချက်ကြီးတစ်ခု ရှိနေခဲ့ပေသည်။
ကုချင်းရွဲ့၏ သက်ပြင်းချသံအား လျစ်လျူရှုလိုက်ပြီး... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ အကြည့်သည် ယဲ့ယင်းယင်းထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားကာ.....
" မင်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ အားအင်ပြည့်ဝတဲ့ သွေးမျိုးဆက်တစ်ခု စီးဆင်းနေတာကို ငါ ခံစားမိတယ်... မင်းကို ပေးအပ်စရာ ကောင်းတာ ဘာမှမရှိဘူး... ဒါကြောင့် မင်းရဲ့ အတွင်းထဲက သွေးမျိုးဆက်စွမ်းအားကို နိုးကြားတက်ကြွလာအောင်နဲ့ မြှင့်တင်ပေးဖို့... ငါ ကူညီပေးမယ် "
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန် စကားဆုံးသည်နှင့်... သူသည် လက်ညှိုးတစ်ချောင်းအား ဆန့်တန်းလိုက်ပြီး... ၎င်းအား ယဲ့ယင်းယင်း၏ နဖူးပြင်ပေါ်သို့ ထိတွေ့လိုက်သည်။
နောက်တစ်ခဏ၌... ကျယ်ပြန့်၍ သန့်စင်သော ယင်နှင့်ယန် နတ်စွမ်းအင်များသည် လူသားဧကရာဇ်၏ လက်ချောင်းထိပ်မှ စီးဆင်းကာ... ယဲ့ယင်းယင်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ မြင့်မြတ်သော သွေးမျိုးဆက်သည် လှုံ့ဆော်ခံရပြီး... တက်ကြွနိုးကြားလာသည့်အလား ဆူပွက်လာခဲ့ကာ... မြစ်ကြီးတစ်စင်း စီးဆင်းနေသည့်အလား တဝုန်းဝုန်း မြည်ဟည်းသံများကို ထုတ်လွှတ်လိုက်၏။
အနည်းငယ် ဖျော့တော့သော ရွှေရောင် မြင့်မြတ်သည့် သွေးမျိုးဆက်သည်လည်း... ကြွယ်ဝ၍ သန့်စင်သော ရွှေရောင်စစ်စစ်အဖြစ်သို့ စတင် ပြောင်းလဲသွားခဲ့သည်။
မှိန်ဖျော့သော ရွှေရောင်အလင်းတန်းတစ်ခုသည် ယဲ့ယင်းယင်း၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့ပြီး... သူ့အား အမျိုးသမီးနတ်ဘုရားတစ်ပါးကဲ့သို့ မွန်မြတ်ကာ... မည်သူမျှ မစော်ကားရဲလောက်အောင်ပင် မြင့်မြတ်သည်ဟုပင် ထင်မှတ်သွားစေခဲ့သည်။
လူသားဧကရာဇ်သည် ယဲ့ယင်းယင်း၏ ကိုယ်အတွင်းရှိ သွေးမျိုးဆက်စွမ်းအားကိုလည်း လှုံ့ဆော်နိုင်စွမ်း ရှိသည်လော။
ယဲ့ယင်းယင်း တိုးတက်လာသည်ကို ကြည့်ရင်း... ကုချင်းရွဲ့သည် သူ့အတွက် ဝမ်းမြောက်မိသလို အံ့အားလည်း သင့်သွားခဲ့သည်။
အဆုံးမဲ့လူသားမျိုးနွယ်၏ သမိုင်းတွင်... ကြီးမြတ်သောအောင်မြင်မှု ရရှိသည့် မြင့်မြတ်ခန္ဓာ ဆယ်ဦးထက်မနည်း ပေါ်ထွက်ခဲ့ဖူးပြီး... လူသားမျိုးနွယ်အား ကာကွယ်ကာ အရပ်မျက်နှာအားလုံးကို အောင်နိုင်ခဲ့သည်။
ထိုအမွေအနှစ်သည် ယနေ့ထက်တိုင် ဆက်လက်တည်ရှိနေခဲ့ပြီး... ယခင် ကြီးမြတ်သောအောင်မြင်မှု ရရှိခဲ့သည့် မြင့်မြတ်ခန္ဓာများ၏ မျိုးဆက်များစွာလည်း ရှိနေပေသည်။
သို့သော် သူတို့၏ အတွင်း၌ မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်အား နိုးထလာစေသူများကိုသာ မြင့်မြတ်ခန္ဓာဟု ခေါ်ဆိုနိုင်ပေသည်။
မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်အား နိုးထလာစေခြင်း မရှိသော အခြားသူများသည် သာမန်လူသားများနှင့် မည်သို့မျှ ကွဲပြားခြင်းမရှိပေ။
ထို့အပြင် မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်အား နိုးကြားစေခြင်းသည် အလွန်အမင်း ခက်ခဲသော တာဝန်တစ်ခုဖြစ်ပြီး... ယဲ့ယင်းယင်းသည် အဆုံးမဲ့တိုက်ကြီးတစ်ခုလုံးတွင် တစ်ဦးတည်းသော မြင့်မြတ်ခန္ဓာ ဖြစ်နေခြင်းက... သက်သေပင် ဖြစ်သည်။
အကယ်၍ မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်အား နိုးကြားစေခြင်းသည် မယုံနိုင်လောက်အောင် ခက်ခဲနေပြီဆိုလျှင်... နိုးထပြီးနောက်တွင် နောက်ထပ်ခြေတစ်လှမ်းတက်၍ သွေးမျိုးဆက်အား မြှင့်တင်ခြင်းသည်... ပို၍ပင် ခက်ခဲလိမ့်မည်မှာ ပြောစရာမလိုတော့ပေ။
ထိုအရာသည် မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်အား အထွဋ်အထိပ် အဆင့်သို့တိုင် ကျင့်ကြံအားထုတ်ပြီး... ၎င်း၏ ဇာစ်မြစ်အား ခြေရာခံကာ ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိမှသာ... အောင်မြင်နိုင်သော အရာတစ်ခု ဖြစ်သည်။
ယခုမူ... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် ပေါ့ပေါ့ပါးပါး အမူအရာတစ်ခုဖြင့်ပင်... ယဲ့ယင်းယင်း၏ ကိုယ်အတွင်းရှိ မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်အား သန့်စင်ပေးနိုင်ခဲ့သည်။ ဤသည်မှာ ယဲ့ယင်းယင်းအတွက် မလွဲမသွေ ကြီးမားလှသော ကံကောင်းခြင်းတစ်ခု ဖြစ်သလို... အလွန်အမင်း မယုံနိုင်ဖွယ်ရာ ကောင်းသော အရာတစ်ခုလည်း ဖြစ်ပေသည်။
ဤသည်မှာ အကယ်၍ လူသားဧကရာဇ်သာ ဆန္ဒရှိခဲ့ပါလျှင်... သူသည် ဤကမ္ဘာလောကရှိ မြင့်မြတ်ခန္ဓာ သွေးမျိုးဆက် ပိုင်ရှင်များအားလုံး၏ သွေးမျိုးဆက်ကို အပြည့်အဝ နိုးကြားတက်ကြွစေနိုင်ပြီး... သူတို့အား စစ်မှန်သော မြင့်မြတ်ခန္ဓာများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
" ဒါက ဘာများဖြစ်နေလို့လဲ "
ရှောင်းယွဲ့နတ်သမီးသည် ကုချင်းရွဲ့၏ နှလုံးသားထဲရှိ တုန်လှုပ်မှုကို ခံစားသိရှိသွားဟန်တူပြီး ခပ်ဖွဖွ ရယ်မောလိုက်ကာ ဆိုလိုက်၏။
" မမေ့လိုက်နဲ့... မင်းရဲ့ ရှေ့မှောက်မှာ ရပ်တည်နေတဲ့သူက မင်းတို့ အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်ဟောင်းပဲ... တိတိကျကျ ပြောရရင်... ဒီကမ္ဘာလောကမှာရှိတဲ့ သွေးမျိုးဆက် အားလုံးက သူ့ဆီက ဆင့်ကဲပြောင်းလဲလာတာပဲ.....
ဒါပေမဲ့ အပြောင်းအလဲ အားလုံးက သူတို့ရဲ့ ဇာစ်မြစ်ကနေ သွေဖည်သွားတာမျိုး မရှိဘူး... ဒီသွေးမျိုးဆက်တွေနဲ့ ခန္ဓာကိုယ်တွေက လူသားဧကရာဇ် သွေးမျိုးဆက်ရဲ့ ရှေ့မှောက်မှာတော့ မျိုးဆက်သစ်တွေလောက်ပဲ "
ရှောင်းယွဲ့နတ်သမီး၏ စကားများကို နားထောင်ပြီးနောက်... ကုချင်းရွဲ့သည် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့၏။
မှန်ပေသည်။
ဤ အဆုံးမဲ့ကမ္ဘာရှိ အမျိုးမျိုးသော သွေးမျိုးဆက်များအတွက်... လူသားဧကရာဇ် သွေးမျိုးဆက်အား ဘိုးဘေးသွေးမျိုးဆက်ဟု အမှန်တကယ်ပင် ခေါ်ဆိုနိုင်ပြီး... မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်သည်ပင် ခြွင်းချက်မရှိပေ။
ဤသို့ဖြစ်နေပါလျှင်... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် ယဲ့ယင်းယင်း၏ အတွင်းရှိ မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်အား နိုးကြားတက်ကြွစေနိုင်ခြင်းမှာ... သဘာဝကျသော အရာတစ်ခုမျှသာ ဖြစ်ပေတော့သည်။
အခန်း (၁၃၂) - လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်၊ ဧကရာဇ်၏ ဖွင့်ဟချက်၊ ဤကမ္ဘာလောကမှ မဟုတ်ခြင်း
အချိန်တို့ စီးဆင်းသွားသည်နှင့်အမျှ... ယဲ့ယင်းယင်း၏ ကိုယ်အတွင်းရှိ မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်သည်လည်း... တည်ငြိမ်စွာပင် နိုးကြားထကြွလာခဲ့ပြီး တိုးတက်လာခဲ့၏။
နောက်ပိုင်းတွင်... ဖျော့တော့သော ရွှေရောင်မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်သည် အပြစ်အနာအဆာ သို့မဟုတ် မသန့်စင်မှု တစ်စုံတစ်ရာမျှမရှိဘဲ မြင့်မြတ်တောက်ပသော ရွှေရောင်အဖြစ်သို့ လုံးလုံးလျားလျား အသွင်ပြောင်းသွားခဲ့၏။
ယဲ့ယင်းယင်းသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး... သူ၏ကိုယ်အတွင်းမှ လှိုင်းထနေသော သွေးမျိုးဆက်စွမ်းအားကို ခံစားမိလိုက်ရာ... သူ၏နှလုံးသားမှာ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။ ထို့နောက် သူသည် လူသားဧကရာဇ်အား လျင်မြန်စွာ ဦးညွှတ်လိုက်ပြီး.... သူ၏ကျေးဇူးတင်မှုကို ဖော်ပြလိုက်လေသည်။
" အရှင် လူသားဧကရာဇ်ကို ကျေးဇူးတင်ရှိပါတယ် "
ယဲ့ယင်းယင်းသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။ ဤခရီးစဉ်မှ ရရှိလိုက်သော အသီးအပွင့်များ၏ ကြွယ်ဝချမ်းသာမှုသည်... သူ၏ စိတ်ကူးနိုင်စွမ်းထက် များစွာ ကျော်လွန်သွားခဲ့သောကြောင့် ဖြစ်သည်။
သူ၏အဆင့်သည် တာအိုနန်းတော်အဆင့်၌ပင် ပြောင်းလဲခြင်းမရှိ ရှိနေသေးသော်လည်း... သူ၏ သွေးမျိုးဆက်စွမ်းအား တိုးတက်လာမှုကြောင့်... သူ၏ စစ်မှန်သော တိုက်ခိုက်ရေးအစွမ်းသတ္တိသည်... ကမ္ဘာမြေကိုပင် တုန်လှုပ်စေလောက်သော အပြောင်းအလဲများအား တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သည်။
ယဲ့ယင်းယင်း ခန့်မှန်းမိသည်မှာ... အကယ်၍ သူသည် ယခုအခါ၌ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရလျှင်ပင်... သူသည် နောက်ကျကျန်ရစ်မည် မဟုတ်သည့်အပြင်... သူ၏ မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်အား အားကိုးလျက်... သူ၏ပြိုင်ဘက်များအား ဖိနှိပ်ထားနိုင်စွာပင် ရှိနေလိမ့်ဦးမည် ဖြစ်သည်။
" ဘာမှမဟုတ်ပါဘူး "
လူသားဧကရာဇ်သည် အနည်းငယ် ပြုံးလိုက်ပြီးနောက် ဟွမ်ကျိုအာထံသို့ ကြည့်လိုက်ရာ... ယခင်က မကြုံခဲ့ဖူးသော အံ့အားသင့်မှုနှင့် စူးစမ်းလိုစိတ် အရိပ်အယောင်တစ်ခုသည်... သူ၏မျက်လုံးများထဲ၌ ပေါ်ထွက်လာခဲ့လေသည်။
" ဒီနှစ်ယောက် ဘာလိုအပ်သလဲဆိုတာ ငါ အကုန်သိတယ်... ဒါပေမဲ့ မင်းကတော့ ခြွင်းချက်ပဲ... ကောင်းကင်တက်လှမ်းခြင်းအဆင့်မှာပဲ ရှိသေးတဲ့ ကလေးမလေးတစ်ယောက်... ဒါပေမဲ့ မင်းကို ငါ ထွင်းဖောက်မမြင်နိုင်ဘူး... စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပါပဲ "
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ စကားလုံးများသည် စူးစမ်းမေးမြန်းလိုမှုများဖြင့် ပြည့်နှက်လျက် ရှိနေခဲ့သည်။
သူသည် ဟိုးယခင်နှစ်များဆီက စစ်မှန်သော လူသားဧကရာဇ်မှ ချန်ထားရစ်ခဲ့သော ဝိညာဉ်အကြွင်းအကျန် တစ်မျှင်မျှသာ ဖြစ်သော်လည်း... လူသားဧကရာဇ်၏ အဆင့်တွင် သူ၏ကျင့်ကြံမှုသည် ဖန်တီးခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး... ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ စွမ်းအားမျှသည်ပင် သာမန်သတ္တဝါများ စိတ်ကူးနိုင်သည်ထက် များစွာ ကျော်လွန်နေခဲ့သည်။
လူသားဧကရာဇ် ကျွမ်းကျင်သည့်အရာမှာ ယင်နှင့်ယန်၏ တာအိုလမ်းစဉ်နှင့် ကံကြမ္မာပင် ဖြစ်သည်။
ချန်နှင့်ခွန်း၏ အဌလက္ခဏာများ၊ ယင်နှင့်ယန်၊ ငါးပါးဓာတ်များ၊ ကောင်းကင်မြင်ကွင်းအား ကြိုတင်ခန့်မှန်းခြင်း၊ ကံကြမ္မာအား ပိုင်းခြားသိမြင်ခြင်း... ဤအရာများ အားလုံးသည် လူသားဧကရာဇ်အတွက် လွန်စွာလွယ်ကူသော ကိစ္စရပ်များသာ ဖြစ်ကြသည်။
ယခုလေးတင်... ကုချင်းရွဲ့ ဖြစ်စေ ယဲ့ယင်းယင်း ပင်ဖြစ်စေ... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် အကြည့်တစ်ချက်ဖြင့်ပင်... ထိုနှစ်ဦးသည် မည်သည့်ဆုလာဘ်များအား အလိုအပ်ဆုံး ဖြစ်သည်ကို သိရှိခဲ့သည်။
သို့သော် ဟွမ်ကျိုအာ တစ်ဦးတည်းသာ ခြွင်းချက်ဖြစ်ခဲ့သည်။
အစမှအဆုံးတိုင်... ဟွမ်ကျိုအာသည် အပြင်လူတစ်ဦးကဲ့သို့ ထိုနေရာ၌ ရပ်တည်နေခဲ့ပြီး... သူ၏ ကိုယ်ပိုင်ဖြစ်တည်မှုမှာ လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်ပင် ထွင်းဖောက်မြင်နိုင်ခြင်းမရှိသော... အဆုံးမရှိသည့် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်အတွက်မူ... ဤသည်မှာ လုံးဝ မယုံနိုင်ဖွယ်ရာ ကောင်းသော အရာတစ်ခု ဖြစ်ခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်းအဆင့်၌သာ ရှိသေးသော ကလေးမလေးတစ်ဦး... သို့တိုင် သူက သူ့အား ထွင်းဖောက်မြင်နိုင်ခြင်း မရှိသလော။ ဤကဲ့သို့ ထူးဆန်းသော ဖြစ်ပျက်မှုမျိုးမှာ မကြုံစဖူးပင် ဖြစ်တော့သည်။
" ကျွန်မရဲ့ ဇာစ်မြစ်ကို ကျွန်မ သိချင်ပါတယ်။ အရှင် လူသားဧကရာဇ်... ရှင် ကျွန်မကို ပြောပြနိုင်မလား "
ဟွမ်ကျိုအာသည် လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ... သူ၏ ရည်ရွယ်ချက်အား ရှင်းလင်းပြတ်သားစွာ ပြောကြားလိုက်သည်။
သူ့အတွက်မူ... မည်သည့် ကံကောင်းခြင်းမဆိုသည် အဓိပ္ပာယ်မဲ့လျက်ရှိပြီး... စိတ်ဝင်စားခြင်းလည်း မရှိခဲ့ပေ။
ဟွမ်ကျိုအာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သော တစ်ခုတည်းသောအရာမှာ... သူ၏ ဇာစ်မြစ်များအား စူးစမ်းရှာဖွေခြင်းနှင့် သူ၏ အတိတ်မှ မှတ်ဉာဏ်များအား... ပြန်လည်ရယူခြင်းသာ ဖြစ်သည်။
" ငါက စစ်မှန်တဲ့ လူသားဧကရာဇ် မဟုတ်ဘူး... ပြီးတော့ စစ်မှန်တဲ့ လူသားဧကရာဇ်ရဲ့ နက်နဲလှတဲ့ နည်းလမ်းတွေကို သုံးနိုင်စွမ်း မရှိဘူး... မင်းကို ငါ့ရဲ့စွမ်းအား ရှိသမျှ အကုန်သုံးပြီး ကူညီမယ်လို့ပဲ ငါ ကတိပေးနိုင်တယ် "
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် လေးနက်စွာ ပြောကြားလိုက်၏။
စကားပြောပြီးနောက်... သူ၏အကြည့်သည် ဟွမ်ကျိုအာအပေါ်၌ တင်းကျပ်စွာ စူးစိုက်သွားခဲ့ပြီး... သူ၏မျက်လုံး တစ်ဖက်စီတွင် နေ နှင့် လ တို့သည် တစ်လှည့်စီ ပေါ်ထွက်လာခဲ့သည်။
လေဟာနယ်ထဲတွင်... အရိပ်အယောင်မျှသာ ထင်နေသော နိယာမသံကြိုး အများအပြားသည်... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်နှင့် ဟွမ်ကျိုအာတို့၏ အကြားတွင် တံတားတစ်ခုအား တည်ဆောက်လိုက်ပြီး... သူတို့အား ဆက်သွယ်လိုက်သည်။
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ နောက်ကွယ်၌... မွေးရာပါ ယင်နှင့်ယန် ထိုက်ကျီပန်းချီကားချပ်တစ်ခု မသဲမကွဲ ပေါ်ထွက်လာခဲ့ပြီး... ဖြည်းညင်းစွာ လည်ပတ်လျက် ရှိနေ၏။
ထို ယင်နှင့်ယန် ထိုက်ကျီပန်းချီကားချပ်သည် တိုင်းတာနိုင်ခြင်းမရှိအောင် နက်ရှိုင်းလှပြီး... ယင်၏အတွင်း၌ ယန်အား ထိန်းသိမ်းထားကာ... ယန်၏အတွင်း၌ ယင်မှ ကာကွယ်စောင့်ရှောက်လျက်... သိမ်မွေ့၍ နက်နဲလှသော မျှခြေအခြေအနေတစ်ခုအား ရရှိထားလေသည်။
ချက်ချင်းပင်... ထို ယင်နှင့်ယန် ထိုက်ကျီပန်းချီကားချပ်သည် လျင်မြန်စွာ လည်ပတ်၍ အသွင်ပြောင်းသွားခဲ့ပြီး... သုံးပါးစွမ်းအင်နှင့် လက္ခဏာလေးရပ်၊ ငါးပါးဓာတ်နှင့် အဌလက္ခဏာများနှင့် အခြားသော အပြောင်းအလဲများအဖြစ်သို့... ဆက်လက်၍ ဆင့်ကဲပြောင်းလဲသွားခဲ့သည်။
ဤကဲ့သို့ နက်နဲလှသော အသွင်ပြောင်းလဲမှုများသည်... ဘေး၌ ရပ်တည်နေကြသော ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့အား အကြည့်တစ်ချက်ဖြင့်ပင်... ခေါင်းကွဲထွက်မတတ် ခံစားသွားရစေခဲ့၏။ သူတို့သည် ဤမျှ ရှုပ်ထွေး၍ ကြီးမားလှသော စွမ်းအားကို ရိုးရှင်းစွာပင် မခံနိုင်ရည် ရှိကြဘဲ... သူတို့၏ အကြည့်များကို အခြားတစ်နေရာသို့သာ လွှဲဖယ်ထားလိုက်ရလေတော့သည်။
အချိန် မည်မျှကြာသွားသည် မသိ... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ နောက်ကွယ်ရှိ ယင်နှင့်ယန် ထိုက်ကျီပန်းချီကားချပ်သည် ပို၍ပင် လျင်မြန်စွာ လည်ပတ်လာခဲ့ပြီး... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ မျက်နှာအမူအရာသည်လည်း တိုး၍ လေးနက်လာခဲ့သည်။
နောက်ဆုံးတွင်... တောက်လောင်နေသော နေတစ်စင်းကဲ့သို့ မျက်စိကျိန်းလောက်သော အလင်းတန်းတစ်ခု ပွင့်လန်းထွက်ပေါ်လာခဲ့သည်။
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ နောက်ကွယ်ရှိ... ယင်နှင့်ယန် ထိုက်ကျီပန်းချီကားချပ်သည်... ကံတရားနှင့် ကံကြမ္မာ၏ မမြင်နိုင်သော စွမ်းအားကို မခံနိုင်တော့သည့်အလား... ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ ပေါက်ကွဲသွားခဲ့တော့သည်။
ဤ ရုတ်တရက် အပြောင်းအလဲသည် ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်း နှစ်ဦးစလုံးအား အံ့အားတသင့် အော်ဟစ်မိသွားစေခဲ့၏။ မည်သည့်တို့ ဖြစ်ပျက်နေပါသနည်း။
" တကယ် နှမြောစရာပဲ... စစ်မှန်တဲ့ လူသားဧကရာဇ်က ကျဆုံးသွားခဲ့တာ တကယ် နှမြောစရာပဲ... မဟုတ်ရင်... သူ ဒါတွေအားလုံးကို ထွင်းဖောက်မြင်နိုင်ခဲ့ပြီး... မင်းရဲ့ သံသယတွေကို ဖြေကြားပေးနိုင်ခဲ့မှာ "
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် ဟွမ်ကျိုအာအား စိုက်ကြည့်လိုက်ပြီး... သူ၏အကြည့်မှာ လေးနက်ကာ နှမြောတသ ဖြစ်လျက် ရှိနေခဲ့သည်။
" အရှင်တောင်မှ နည်းလမ်းမရှိတော့ဘူးလား "
ဟွမ်ကျိုအာသည် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် တိုးညင်းစွာ ရေရွတ်လိုက်သော်လည်း... သူသည် အလွန်အမင်း စိတ်ဓာတ်ကျသွားခြင်း မရှိခဲ့ပေ။ သူ၏ ဇာစ်မြစ်များသည် ဤမျှ လွယ်ကူစွာ ဖော်ထုတ်နိုင်မည် မဟုတ်ကြောင်းကို... သူ သိရှိနေခဲ့ပြီးသား ဖြစ်သည့်အလားပင်။
သို့သော်... ဟွမ်ကျိုအာ၏ စကားများကို ကြားလိုက်ရသောအခါ... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် သူ၏ခေါင်းအား ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး ဆိုလိုက်၏။
" မင်းနဲ့ ပတ်သက်တဲ့ အရာအားလုံးက ကံကြမ္မာမြူခိုးလွှာတွေရဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေတယ်... ဒါက ငါ့ကို ထွင်းဖောက်မြင်နိုင်ဖို့ ခက်ခဲစေတယ်... ဒါပေမဲ့... မင်းရဲ့ ဇာစ်မြစ်တွေကို ငါ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေမယ့်လို့... ဘာအကျိုးအမြတ်မှ မရလိုက်တာတော့ မဟုတ်ဘူး... အချိန်မြစ်ရဲ့ အက်ကွဲကြောင်းတွေထဲမှာ... မင်းနဲ့ ပတ်သက်တဲ့ ဉာဏ်အလင်းတချို့ ငါ ရခဲ့တယ် "
" အိုး... အဲ့ဒါ ဘာများလဲ? "
ဟွမ်ကျိုအာသည် ရုတ်တရက် စိတ်ဝင်စားသွားခဲ့၏။ လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် တစ်စုံတစ်ခုအား အမှန်တကယ် ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်နိုင်ပြီး... ၎င်းသည် သူ့အား အကူအညီပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။
" ပစ္စုပ္ပန်နဲ့ မသက်ဆိုင်သလို အတိတ်နဲ့လဲ မသက်ဆိုင်ဘူး အနာဂတ်နဲ့ သက်ဆိုင်တာလဲ မဟုတ်ဘူး "
လူသားဧကရာဇ်သည် ဟွမ်ကျိုအာအား ကြည့်လိုက်ပြီး... စကားလုံး တစ်လုံးချင်းစီအား ဖြည်းညင်းစွာနှင့် လေးနက်တည်ကြည်စွာ ပြောကြားလိုက်သည်။
ပစ္စုပ္ပန်နဲ့ မသက်ဆိုင်ဘူးလား။ အတိတ်နဲ့လဲ မသက်ဆိုင်ဘူးလား။ အနာဂတ်နဲ့ပါ မသက်ဆိုင်ဘူး ဟုတ်လား။
ဤစကားကို ကြားလိုက်ရသောအခါ... ဟွမ်ကျိုအာ တစ်ဦးတည်းသာမက ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့ပါ... ကြက်သေသေသွားခဲ့ကြသည်။
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ ဉာဏ်အလင်းရရှိခြင်းဟု ခေါ်ဆိုသောအရာသည်... အမှန်တကယ်ပင် အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး... အလွန်ပင် ရှုပ်ထွေးလှသည် မဟုတ်ပါလော။
ပစ္စုပ္ပန်နှင့် မသက်ဆိုင်ခြင်းကို နားလည်နိုင်သေး၏။ ဟွမ်ကျိုအာအား ဘိုးဘေးမှ ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ကျောက်တံခါး၏ နောက်ကွယ်မှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး... ထိုအချိန်က သူသည် နတ်ဘုရားရင်းမြစ် အတွင်း၌ ချိပ်ပိတ်ခံထားရခြင်း ဖြစ်သည်။ သူသည် မရေမတွက်နိုင်သော နှစ်များစွာ မတိုင်မီက မွေးဖွားခဲ့သော သက်ရှိတစ်ဦး ဖြစ်နိုင်ခြေ အလွန်မြင့်မား၏... ထို့ကြောင့် သဘာဝဆိုရလျှင် သူသည် ပစ္စုပ္ပန်နှင့် သက်ဆိုင်ခြင်း မရှိပေ။
သို့သော် အတိတ်နှင့် မသက်ဆိုင်ခြင်း နှင့် အနာဂတ်နှင့် မသက်ဆိုင်ခြင်း... ထိုအရာကို မည်သို့ နားလည်ရမည်နည်း။
" ကျွန်မ နားမလည်ဘူး "
ဟွမ်ကျိုအာ၏ နူးညံ့သော မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားခဲ့ပြီး... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ ဉာဏ်အလင်းအား နားလည်ရန် ခက်ခဲနေဟန် ရှိသည်။
" ငါကိုယ်တိုင်လဲ နားလည်ရ အရမ်းခက်ခဲနေတယ် "
လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် ခါးသီးစွာ ပြုံးလိုက်သည်။
" အခုက မင်းလို အခြေအနေမျိုးနဲ့ ငါ ကြုံတွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲ... သက်ရှိသတ္တဝါတွေဟာ ကမ္ဘာလောကထဲကို သူတို့ရဲ့ ကိုယ်ပိုင် ဇာစ်မြစ်တွေနဲ့အတူ မွေးဖွားလာကြတာ... ဒါပေမဲ့ မင်းရဲ့ ဇာစ်မြစ်တွေကတော့ ဗေဒါပင်လိုပဲ... ခြေရာလက်ရာမရှိသလို ဖမ်းဆုပ်ရခက်ပြီး နားလည်ရ ခက်ခဲစေတယ် "
" အရှင် ပြောနေတဲ့ ဇာစ်မြစ်အကြောင်းက အဆုံးမဲ့ကမ္ဘာက သက်ရှိသတ္တဝါတွေနဲ့ပဲ သက်ဆိုင်တာလား... ကျွန်မက အဆုံးမဲ့ကမ္ဘာမှာ မွေးဖွားခဲ့တာ မဟုတ်နိုင်ဘူး "
ဟွမ်ကျိုအာသည် တစ်စုံတစ်ခုအား သတိရသွားဟန်တူပြီး လျင်မြန်စွာ အသိပေးလိုက်သည်။
သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းရာမှ နိုးထလာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင်... အထက်ကောင်းကင်တားမြစ်နယ်မြေသည် အဆုံးမဲ့ကမ္ဘာနှင့် သက်ဆိုင်ခြင်း မရှိဘဲ... ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းရာမှ မျောလွင့်လာခဲ့ခြင်း ဖြစ်သည်ဟူသော... ကောလာဟလများလည်း ရှိနေခဲ့သည်။
ထို့ကြောင့်... သူသည် အဆုံးမဲ့ကမ္ဘာအတွင်း၌ မွေးဖွားခဲ့သော သက်ရှိတစ်ဦး မဟုတ်နိုင်ခြေ အများဆုံး ဖြစ်သည်။ အကယ်၍ လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် အဆုံးမဲ့ကမ္ဘာမှ သက်ရှိသတ္တဝါများ၏ ဇာစ်မြစ်များကိုသာ ဖော်ထုတ်နိုင်ပြီး... သူ၏ ဇာစ်မြစ်အား မဖော်ထုတ်နိုင်ခဲ့ပါလျှင်... ဤဉာဏ်အလင်းအား လွယ်ကူစွာပင် ရှင်းပြနိုင်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ... အဆုံးမဲ့ကမ္ဘာ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် ဟွမ်ကျိုအာအတွက် နေရာတစ်နေရာမျှ မရှိခဲ့ပေ။
သို့သော်... လူသားဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ နောက်ဆက်တွဲ အဖြေစကားသည်... ဟွမ်ကျိုအာအား ကြက်သေသေသွားစေခဲ့သည်။
" အချိန်မြစ်က ကျယ်ပြန့်ပြီး နယ်နိမိတ်မရှိဘူး... အရာအားလုံးကို လွှမ်းခြုံထားတယ်... ဒီ နယ်နိမိတ်မရှိတဲ့ ကောင်းကင်ဘုံတွေ၊ ကျယ်ပြောလှတဲ့ မရေမတွက်နိုင်တဲ့ နယ်မြေတွေ၊ ပြီးတော့ ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေကိုတောင်မှ... သူတို့ အတွင်းထဲက သက်ရှိသတ္တဝါတွေဟာ အချိန်မြစ်ထဲမှာ သူတို့ရဲ့ အမှတ်အသားတွေနဲ့ ခြေရာတွေ ချန်ထားရစ်ခဲ့ကြလိမ့်မယ်.....
ဒါကြောင့်... ဒီ ဉာဏ်အလင်းက မင်းက အဆုံးမဲ့ကမ္ဘာက သက်ရှိတစ်ယောက် ဟုတ်ခြင်း မဟုတ်ခြင်းနဲ့ ဘာမှ ပတ်သက်မှု မရှိဘူး "
လူသားဧကရာဇ်သည် သူ၏ခေါင်းအား ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး... ခံစားချက်ကင်းမဲ့စွာ ပြောကြားလိုက်သည်။