အခန်း (၁၃၃-၁၃၄)
Vol. 10 Ch. 133-134
အခန်း (၁၃၃) - လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်ခြင်း၊ နှုတ်ဆက်စကားချန်ရစ်ခဲ့ခြင်းနှင့် ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိခြင်း
သူသည် အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါတစ်ဦး ဟုတ်မဟုတ် ဆိုသည့်အချက်နှင့် လုံးဝသက်ဆိုင်ခြင်း မရှိခဲ့ပေ…..
လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်၏ အဖြေစကားသည် ဟွမ်ကျိုအာအား အတွေးနက်ထဲသို့ နစ်မြုပ်သွားစေခဲ့သည်။
နိုးထလာခဲ့သည့်အချိန်မှစ၍ သူသည် သူ၏ဇာစ်မြစ်အား မရပ်မနား ရှာဖွေတွေ့ရှိရန် ကြိုးပမ်းနေခဲ့သည်။
အစပိုင်းတွင် သူသည် 'မှတ်ဉာဏ်များကို နှိုးဆွ' နိုင်ခြင်း ရှိ၊ မရှိ သိရှိရန်နှင့် သူ၏ အတိတ်မှတ်ဉာဏ်အချို့အား ပြန်လည်ရရှိစေရန်အတွက် အထက်ကောင်းကင်တားမြစ်နယ်မြေ၌ နေထိုင်ရန် စဉ်းစားခဲ့မိသည်။
သို့သော် နောက်ပိုင်းတွင်... ထိုအရာသည် အကျိုးသက်ရောက်မှုမရှိကြောင်း သိရှိလာသောအခါ... ဟွမ်ကျိုအာသည် ကုချင်းရွဲ့နှင့် အခြားသူများနှင့်အတူ အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာ၍... စူးစမ်းရှာဖွေရန်နှင့် သူ၏အတိတ်မှ မှတ်ဉာဏ်များကို ရှာဖွေရန် ဆန္ဒအလျောက် တောင်းဆိုခဲ့သည်။
ယခုအခါတွင်မူ... လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်မှ ဖွင့်ဟလိုက်သော စကားများက... သူ့အား သဲလွန်စအချို့ ပေးခဲ့လေသည်။
ဤစကားလုံးများသည် လျှို့ဝှက်ဆန်းကြယ်နေသော်လည်း သဲလွန်စတစ်ခုပင် ဖြစ်နေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ... တိကျသောအမှန်တရားကို သိရှိရန်မှာအတွက်... အနာဂတ်တွင် သဲလွန်စများ ပိုမိုရှာဖွေတွေ့ရှိရန် သူ့အနေဖြင့် လိုအပ်နေသေးသည်။
" အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူသားဧကရာဇ်အရှင် "
ဤသို့တွေးမိသဖြင့် ဟွမ်ကျိုအာသည် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ... လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်အား လှပကျော့ရှင်းစွာဖြင့် ဦးညွှတ်လိုက်ကာ... သူ ကျေးဇူးတင်ရှိကြောင်းကို ဖော်ပြလိုက်သည်။
" အင်း "
လူသားဧကရာဇ်သည် ခေါင်းအသာညိတ်လိုက်ပြီး... သူ၏အကြည့်မှာ ဟွမ်ကျိုအာထံ၌သာ စူးစိုက်နေဆဲဖြစ်ကာ... တစ်စုံတစ်ခုကို တွေးတောဆင်ခြင်နေသကဲ့သို့ ရှိနေသည်။
ခဏအကြာတွင် လူသားဧကရာဇ်သည် သူ၏အကြည့်အား... သူ၏လက်မောင်းအတွင်း၌ အိပ်မောကျနေသော ဖူဝမ်ထံသို့ ရွှေ့လိုက်ရာ... သူ၏မျက်နှာပေါ်တွင် နူးညံ့သောအမူအရာတစ်ခု ပေါ်ထွက်လာသည်။
" မင်းတို့ ဒီကနေ ထွက်သွားပြီးရင်တော့... သူ့ကိုခရီးလမ်းမှာ ကာကွယ်ပေးဖို့... မင်းတို့လူငယ်လေးတွေကို ဒုက္ခပေးရတော့မယ် "
" အရှင် တောင်းဆိုစရာမလိုပါဘူး... ဒါက ကျွန်မတို့ လုပ်သင့်တာပါ "
ကုချင်းရွဲ့က လေးလေးနက်နက်ဖြင့် ဆိုလိုက်သည်။
သူသည် ဤနေရာမှ ထွက်ခွာပြီးနောက်တွင် ဖူဝမ်အား အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဦးစွာပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး... ထို့နောက်မှသာ စူးစမ်းရှာဖွေရန် ထွက်ခွာမည်ဟု ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဖူဝမ်၏ လက်ရှိခွန်အားမှာ အလွန်အမင်း နိမ့်ကျလွန်းလှသည်။ သူ့အား အပြင်သို့ စူးစမ်းရှာဖွေရန် ခေါ်ဆောင်သွားခြင်းသည် လုံခြုံမည်မဟုတ်သည့်အတွက်... သူ့အား အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဦးစွာပြန်လည်ပို့ဆောင်ခြင်းက များစွာပို၍ လုံခြုံပေလိမ့်မည်။
" ဒါဆိုရင်တော့ ငါ့မှာ နောင်တရစရာ မရှိတော့ပါဘူး "
လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်သည် သူ၏လက်မောင်းများအား ညင်သာစွာ မြှောက်လိုက်ရာ... နူးညံ့သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဖူဝမ်အား... ကုချင်းရွဲ့နှင့် အခြားသူများ၏ ရှေ့မှောက်သို့ ပို့ဆောင်ပေးလိုက်သည်။
" ကောင်းပြီ... မင်းတို့ သွားနိုင်ပါပြီ "
ဖူဝမ်အား ကုချင်းရွဲ့နှင့် အခြားသူများထံသို့ လွှဲအပ်ပြီးနောက်... လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်သည် သူ၏လက်အား ဝှေ့ယမ်းလိုက်ရာ... နောက်တစ်ခဏတွင် လူတိုင်းသည် ကမ္ဘာလောကကြီး လည်ချာပတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး... လူသားဧကရာဇ် မြှုပ်နှံရာ ကျွန်းငယ်လေးသည် သူတို့နှင့် ချက်ချင်းပင် အလှမ်းကွာဝေးသွားတော့သည်။
ကုချင်းရွဲ့သည် တစ်စုံတစ်ခုကို မေးမြန်းလိုသေးသည့်အလား စကားဆိုရန် ပါးစပ်ဟလိုက်သည်။
ထိုရှေးဟောင်း ခေါင်းတလားနှစ်လုံးထဲတွင် မည်သူ့အား မြှုပ်နှံထားသနည်း။
အကယ်၍ တစ်လုံးသည် လူသားဧကရာဇ်ဖြစ်ပါက ကျန်တစ်လုံးထဲတွင် မည်သူ့အား မြှုပ်နှံထားသနည်း။
လူသားဧကရာဇ်သည် မသေဆုံးမီက မည်သည့်စွဲလမ်းမှုများ ရှိခဲ့သဖြင့်... ဤမသေနိုင်သော ဝိညာဉ်အကြွင်းအကျန်အား မရေမတွက်နိုင်သော ခေတ်ကာလများကို ဖြတ်ကျော်စေပြီး... ယနေ့ထက်တိုင် ရှင်သန်နေစေခဲ့သနည်း။
လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်သည် မည်သည့်အရာကို စောင့်ဆိုင်းနေခဲ့သနည်း။
ဤမေးခွန်းများအားလုံးသည် အဖြေမရှိဘဲ ကျန်ရစ်နေဆဲဖြစ်ကာ... လူတိုင်းမှာမူ အဝေးသို့ ပို့ဆောင်ခြင်း ခံခဲ့ရပြီးဖြစ်သည်။
" အားနည်းလွန်းနေတုန်းပဲ..... "
နောင်တရခြင်း အရိပ်အယောင်တစ်ခုသည် ကုချင်းရွဲ့၏ ချောမောလှပသော မျက်နှာလေးပေါ်သို့ ဖြတ်ပြေးသွားသည်။
သူ၏လက်ရှိခွန်အားမှာ အလွန်အမင်း အားနည်းလွန်းနေသေးကြောင်း သူသိရှိသည်။ ဤလျှို့ဝှက်ချက်များကို သိရှိခဲ့လျှင်ပင် သူ့အနေဖြင့် မည်သို့လုပ်ဆောင်နိုင်မည်နည်း။
အကယ်၍ သူ၏ခွန်အားသည် ဘိုးဘေးကြီးတစ်ပါး၏ အဆင့်အတန်းသို့ ရောက်ရှိသွားပါက... သူ့အနေဖြင့် တမင်တကာ စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းမရှိဘဲနှင့်ပင်... အရာအားလုံးကို အလိုလျောက် သိရှိလာမည်ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော ကျွန်းငယ်လေးပေါ်တွင်... လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်သည် ကုချင်းရွဲ့နှင့် အခြားသူများ၏ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရှုနေခဲ့ပြီး... သူ၏အကြည့်များမှာ နက်ရှိုင်းလျက် အတွေးထဲတွင် နစ်မြုပ်နေခဲ့သည်။
နောက်ဆုံးတွင် သူ၏အကြည့်သည် ဖူဝမ်ထံ၌ ခဏတာ ရပ်တန့်သွားပြီးနောက်... ဟွမ်ကျိုအာအား ကြည့်လိုက်ရာ နေထွက်ချိန်၊ လဝင်ချိန်များနှင့် ယင်နှင့်ယန် အလှည့်အပြောင်း မြင်ကွင်းများသည်... သူ၏မျက်လုံးများထဲတွင် တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး... ထပ်မံတွက်ချက်လိုသည့်ဟန် ရှိနေသည်။
သို့သော် ခဏတာမျှအတွင်းမှာပင်... လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်၏ အမြဲတည်ငြိမ်နေသော မျက်လုံးများထဲတွင်... ယခင်က မကြုံဖူးခဲ့သော တုန်လှုပ်မှု လှိုင်းဂယက်တစ်ခု ပေါ်ထွက်လာသည်။
" ဒါ... မဖြစ်နိုင်ဘူး "
လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်သည် မသိစိတ်ဖြင့် တီးတိုးရေရွတ်လိုက်ပြီးနောက်တွင်... ထိုတုန်လှုပ်မှု လှိုင်းဂယက်အား သူ၏မျက်လုံးများအတွင်း၌ နက်ရှိုင်းစွာ ဝှက်သိမ်းထားလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဟွမ်ကျိုအာ၏ အကြည့်များမှာလည်း လှုပ်ရှားသွားခဲ့သည်။
အကြောင်းမှာ ဤလျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာမှ မထွက်ခွာမီတွင်... သူသည် လူသားဧကရာဇ်ထံမှ သူ့ထံသို့ ပေးပို့လိုက်သော သတင်းစကားတစ်ခုကို... အမှန်တကယ် ကြားလိုက်ရသောကြောင့် ဖြစ်သည်။
" မင်းရှာဖွေနေတဲ့ အမှန်တရားက ကောင်းကင်ဘုံအရှင်သခင်နဲ့ ပတ်သက်နေနိုင်တယ် "
ကောင်းကင်ဘုံအရှင်သခင်နှင့် ပတ်သက်နေသည်လော။
လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်သည် ဤစကားဖြင့် မည်သည့်အရာကို ဆိုလိုချင်သနည်း။
ဟွမ်ကျိုအာ၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။
လူသားဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန် ဖော်ပြခဲ့သော ကောင်းကင်ဘုံအရှင်သခင်ဆိုသည်မှာ... ကုချင်းရွဲ့၏ ဘိုးဘေးကြီးဖြစ်သူ ကုချန်ကို ရည်ညွှန်းခြင်းလော... သို့မဟုတ် ဤရှေးဟောင်းတားမြစ်နယ်မြေ၏ ယခင်သခင်ဖြစ်ခဲ့သူကို ရည်ညွှန်းခြင်းလော။
သို့သော် ဟွမ်ကျိုအာသည် ဤမေးခွန်းများအားလုံးကို မမေးမြန်းနိုင်မီမှာပင်... လူတိုင်းသည် ဤလျှို့ဝှက်ဆန်းကြယ်သော နေရာမှ ထွက်ခွာခဲ့ပြီးဖြစ်ကာ... အထီးကျန်ဆန်သော မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားကြသည်။
" အိပ်မက်တစ်ခုလိုပါပဲ "
သူတို့၏ ပတ်ဝန်းကျင်ရှိ လူသူကင်းမဲ့နေသော ရှုခင်းအား ကြည့်ရှုရင်း ယဲ့ယင်းယင်းသည် အံ့ဩတကြီး မရေရွတ်ဘဲ မနေနိုင်တော့ချေ။
ဤမျှ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလှသော နေရာတစ်ခုသို့ သူတို့ သွားရောက်ခဲ့ကြသည်ဟု မည်သူက ထင်မြင်မိမည်နည်း။
" အရင်ဆုံး ဖူဝမ်ကို အထက်ကောင်းကင်တားမြစ်နယ်မြေကို ပြန်ပို့ကြရအောင် "
ကုချင်းရွဲ့သည် နှစ်ခြိုက်စွာ အိပ်စက်နေဆဲဖြစ်သော ဖူဝမ်အား ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့် ဆိုလိုက်သည်။
... ... ... ...
လူတိုင်းသည် ယခုအချိန်တွင် အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် သိပ်မဝေးလှသော နေရာတွင် ရှိနေကြပြီး... မိန်းကလေးများအနေဖြင့် ဖူဝမ်အား အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြန်လည်ခေါ်ဆောင်သွားရန် အချိန်ဝက်ခန့်သာ ကြာမြင့်ခဲ့သည်။
ကုချင်းရွဲ့နှင့် အခြားသူများ ပြန်လာသည်ကို မြင်ရပြီး ကလေးမလေးတစ်ယောက်ကိုပါ ခေါ်ဆောင်လာသောအခါ ကုတောက်လင်းသည် အနည်းငယ် အံ့အားသင့်သွားပုံရသည်။
" ဒါက ဘာဖြစ်တာလဲ..... "
" မိသားစုခေါင်းဆောင်... ပြောရရင် ဇာတ်လမ်းက ရှည်ပါတယ်... ဘိုးဘေး ကုဝူရှန့် ရှိနေလား ကျွန်မ ဒီကိစ္စကို သူ့ဆီ ချက်ချင်း သတင်းပို့ဖို့ လိုအပ်နေလို့ပါ "
ကုချင်းရွဲ့က တိုတောင်းရှင်းလင်းစွာ ဆိုလိုက်သည်။
ဘိုးဘေးကြီးသည် လက်ရှိတွင် အခန်းပိတ်ကျင့်ကြံနေဆဲဖြစ်ပြီး... အခန်းပိတ်မကျင့်ကြံမီတွင် အရေးကြီးသော ကိစ္စရပ်တစ်ခုခု ဖြစ်ပွားခဲ့ပါက... ကုဝူရှန့်ထံ သတင်းပို့ရမည်ဖြစ်ကာ သူက ဆုံးဖြတ်ချက်ချမှတ်မည်ဟု ညွှန်ကြားခဲ့သည်။
လူသားဧကရာဇ်နှင့် ပတ်သက်သော ကိစ္စရပ်များသည်... အရေးကြီးသော ကိစ္စရပ်များဟု သတ်မှတ်နိုင်သဖြင့်... ကုချင်းရွဲ့သည် ထိုအကြောင်းအရာများကို ကုဝူရှန့်ထံ ဦးစွာ သတင်းပို့လိုခြင်း ဖြစ်သည်။
" ငါ့နောက်လိုက်ခဲ့ပါ "
ကုချင်းရွဲ့က ဘိုးဘေး ကုဝူရှန့်အား တွေ့ဆုံလိုကြောင်း ကြားသိရသည်နှင့်... ကုတောက်လင်းသည် ဤကိစ္စမှာ မရိုးရှင်းကြောင်း ချက်ချင်းသိရှိလိုက်သဖြင့်... သူသည် လျင်မြန်စွာပင် ရှေ့မှ လမ်းပြလျက်... မိန်းကလေးများအား ကုဝူရှန့်ထံသို့ ခေါ်ဆောင်သွားတော့သည်။
သူတို့၏ ခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ကုချင်းရွဲ့က အတိုချုပ် ရှင်းပြလိုက်ပြီးနောက်... ကုဝူရှန့်သည် ခဏမျှ တွေးတောဆင်ခြင်ပြီးနောက် ညွှန်ကြားလိုက်သည်။
" ငါ နားလည်ပါပြီ... ဘိုးဘေးကြီး ကျင့်ကြံရာကနေ ထွက်လာတဲ့အခါ... အရာအားလုံးကို သူ့ဆီ ရှင်းပြလိုက်ပါ့မယ်.....
ဒီကလေးမလေးကို ဒီမှာ ထားခဲ့လိုက်ပါ... အထက်ကောင်းကင်တားမြစ်နယ်မြေမှာ ဘယ်သူကမှ သူ့ကို ဘာမှမလုပ်နိုင်ပါဘူး "
အရာအားလုံးကို သတင်းပို့ပြီးသောအခါ... ကုချင်းရွဲ့သည် အနည်းငယ် စိတ်သက်သာရာရသွား၏။ ဖူဝမ်အား နေရာချထားပေးပြီးနောက် သူသည် အသက်ကယ်ဂါထာလက်ဖွဲ့အား ကုဝူရှန့်ထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။
အကြောင်းမှာ... ထိုလျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာထဲတွင် လူသားဧကရာဇ်သည် နေလဧကရာဇ်ကျမ်းစာကို ဘိုးဘေးအိုကြီးထံ ပေးအပ်ခဲ့ပြီး... ဘိုးဘေးကြီး၏ ကိုယ်ပွားနှင့်ပင် စကားစမြည် ပြောဆိုခဲ့သောကြောင့် ဖြစ်သည်။ အရေးကြီးသော ကိစ္စရပ်များ ကြန့်ကြာသွားမည်ကို စိုးရိမ်သဖြင့်... ကုချင်းရွဲ့သည် ဤအသက်ကယ်ဂါထာလက်ဖွဲ့အား ယာယီ ထားခဲ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး... သို့မှသာ ဘိုးဘေးကြီး ကျင့်ကြံရာမှ ထွက်လာသည့်အခါ အရာအားလုံးကို ချက်ချင်း သိရှိနိုင်မည်ဖြစ်သည်။
" ငါ တောက်လင်းကို မင်းအတွက် နောက်ထပ် အသက်ကယ်ဂါထာလက်ဖွဲ့တစ်ခု ပေးခိုင်းလိုက်ပါ့မယ် "
ကုချင်းရွဲ့က သူ၏ အသက်ကယ်ဂါထာလက်ဖွဲ့အား ပေးအပ်သည်ကို မြင်သောအခါ ကုဝူရှန့်က ဆိုလိုက်သည်။
" မလိုပါဘူး... ကျွန်မတို့ သုံးယောက် အတူတူ ခရီးသွားမှာပါ... ဘာအန္တရာယ်မှ ကြုံတွေ့ရမှာ မဟုတ်ပါဘူး "
ကုချင်းရွဲ့သည် ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ငြင်းပယ်လိုက်သည်။
ဘိုးဘေးကြီး ချီးမြှင့်ထားသော အသက်ကယ်ဂါထာလက်ဖွဲ့များသည် အရေအတွက် အကန့်အသတ်ရှိပြီး ကုမိသားစုတစ်ခုလုံးတွင် အနည်းငယ်မျှသာ ရှိသည်။
သူသာမက အခြားသော ထူးချွန်သည့် ကုမိသားစုတပည့်များစွာတို့သည်လည်း အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာ၍ စူးစမ်းရှာဖွေရန် ရှိနေသေးသည်။
အကယ်၍ သူ့အား နောက်ထပ် အသက်ကယ်ဂါထာလက်ဖွဲ့တစ်ခု ပေးလိုက်ပါက... အခြား ကုမိသားစုတပည့်များ၏ လုံခြုံရေးကို လျော့နည်းသွားစေမည်ဖြစ်သည်။
ထို့အပြင်... သူ ယဲ့ယင်းယင်းနှင့် ဟွမ်ကျိုအာတို့၏ ပူးပေါင်းမှုတွင် လျှို့ဝှက်ကတ်များစွာ ရှိနေသဖြင့်... သူတို့အနေဖြင့် မည်သည့်အန္တရာယ်မျှ ကြုံတွေ့ရမည် မဟုတ်ပေ။
ကုချင်းရွဲ့သာမက ယဲ့ယင်းယင်းနှင့် ဟွမ်ကျိုအာတို့ကလည်း သူတို့အနေဖြင့် နောက်ထပ် အသက်ကယ်ဂါထာလက်ဖွဲ့များ မလိုအပ်ကြောင်း ဖော်ပြခဲ့ကြသည်။
မိန်းကလေးသုံးဦးစလုံးက အခိုင်အမာ ပြောဆိုနေသည်ကို မြင်သောအခါ... ကုဝူရှန့်သည် ထပ်မံ၍ မည်သည့်စကားမျှ မဆိုတော့ဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။
အရာအားလုံးကို စီမံခန့်ခွဲပြီးနောက် ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် ဟွမ်ကျိုအာတို့သည် အထက်ကောင်းကင်တားမြစ်နယ်မြေမှ တစ်ဖန် ထွက်ခွာခဲ့ကြပြီး သူတို့၏ စူးစမ်းရှာဖွေမှု ခရီးစဉ်ကို စတင်ခဲ့ကြလေသည်။
အခန်း (၁၃၄) - ကြီးမားသောရှုံးနိမ့်မှုဖြင့် ပြန်လည်ဆုတ်ခွာလာခြင်း၊ ဟန်ယိုထျန်းကျွင်း၏ ကုချန်အား ဆွဲဆောင်သိမ်းသွင်းရန် ကြိုးပမ်းမှု
မျက်စိတစ်မှိတ်အတွင်း၌ နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုအပြီးတွင် ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့လေသည်။ ဤရက်အနည်းငယ်အတွင်း... နယ်မြေကြီးငါးခုမှ သက်ရှိသတ္တဝါများသည် နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုမှ သယ်ဆောင်လာသော ကြောက်ရွံ့မှုမှ ပြန်လည်သက်သာလာခြင်း မရှိသေးသော်လည်း... အချိန်ကြာလာသည်နှင့်အမျှ ထိုကြောက်ရွံ့မှုအသိသည်လည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
အထူးသဖြင့်.... နတ်ဆိုးနယ်မြေ၏ ကျူးကျော်ခြင်းကို မခံခဲ့ရသေးသော ထိုရှေးဟောင်းသက်ရှိကြယ်များပေါ်တွင်မူ... ရက်အနည်းငယ်မျှအတွင်း၌ပင် သူတို့သည် နတ်ဆိုးနယ်မြေ၏ ကြောက်မက်ဖွယ်ရာများကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြလေသည်။
မည်သို့ပင်ဆိုစေကာမူ... ဤရှေးဟောင်းသက်ရှိကြယ်များပေါ်မှ သတ္တဝါများသည် နတ်ဆိုးတပ်မတော်မှ သယ်ဆောင်လာသော ဒုက္ခဝေဒနာများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရခြင်း မရှိဘဲ... ထင်ယောင်ထင်မှားဖြစ်စေသော ကောင်းကင်မျက်နှာပြင်မှတစ်ဆင့်သာ အရာအားလုံးကို မြင်တွေ့ခဲ့ကြရခြင်း ဖြစ်သည်။
သက်ရှိသတ္တဝါအားလုံးသည် အသိဉာဏ်ကင်းမဲ့ကြပြီး အမြင်ကျဉ်းမြောင်းကြ၏။ နတ်ဆိုးတပ်မတော်သည် ဆုတ်ခွာသွားခဲ့ပြီးဖြစ်ရာ... အဘယ်အရာကို စိုးရိမ်စရာ ရှိပါသနည်း။
ထို့အပြင် မိုးပြိုကျလာလျှင်ပင်... အရပ်ပိုရှည်သောသူများက ၎င်းကို ထမ်းပိုးထားမည့်သူ ရှိပေလိမ့်မည်။ လူတိုင်းသည် ဒုက္ခဆင်းရဲခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းတို့သည် သူတို့အပေါ်သို့ ကျရောက်လာမည်မဟုတ်ဟု ခံစားမိကြသည်။ နတ်ဆိုးနယ်မြကို အလွန်အမင်း အာရုံစိုက်ရန် မလိုအပ်ပေ။
နက်ရှိုင်းသောနတ်ဆိုးနယ်မြေ၏ နယ်နိမိတ်တွင်.....
ကြက်သွေးရောင်မြွေနဂါးအရှင်သည် ဧကရာဇ်ဂိတ်အား ပြုပြင်ပြီးစီးသည့်အချိန်မှစ၍ သူသည် စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
" ရှေ့တန်းမှာ အခြေအနေတွေ ဘယ်လိုရှိနေလဲ မသိဘူး " ဟု ကြက်သွေးရောင်မြွေနဂါးအရှင်သည် စိုးရိမ်တုန်လှုပ်စွာဖြင့် တွေးတောနေမိ၏။
သူ သိရှိသည်မှာ... ထျန်းကျွင်းအဆင့်အရှင်နှင့် မိုယွဲ့အရှင် အစရှိသည့်သူတို့သည် ကုကောင်းကင်ဧကရာဇ်အား တက်ကြွစွာ စတင်တိုက်ခိုက်ခြင်း မပြုခဲ့ပါလျှင်... သူတို့သည် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးအား ဖျက်ဆီးပစ်ခဲ့လျှင်ပင်... မည်သည့်အတားအဆီးမျှ ရင်ဆိုင်ရဖွယ်မရှိပေ။
သို့သော် သူတို့တွင် သေမင်းတမန်ရှိခဲ့ပြီး... ကုကောင်းကင်ဧကရာဇ်အား ကြံစည်ရန် ကြိုးပမ်းခဲ့ပါက... ဖြစ်လာမည့်အကျိုးဆက်ကိုမူ ခန့်မှန်းရန် ခက်ခဲပေလိမ့်မည်။
" ဘယ်လိုပဲဖြစ်ဖြစ် ထျန်းကျွင်းအဆင့်အရှင်ကအဖွဲ့ကို ဦးဆောင်သွားတာပဲဆိုတော့ သူတို့က ကုကောင်းကင်ဧကရာဇ်နဲ့ အပြိုင်မဟုတ်ခဲ့ရင်တောင် ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်လောက်မှာပါ..... " ဟု ကြက်သွေးရောင်မြွေနဂါးအရှင်သည် ညင်သာစွာ ရေရွတ်လိုက်၏။
ရုတ်တရက် သူသည် ဧကရာဇ်ဂိတ်၏ နောက်ကွယ်မှ ဟွမ်သွမ့်ပင်လယ်ထဲတွင် လှုပ်ရှားမှုအချို့ကို သတိပြုမိလိုက်ပြီး အဝေးသို့ အလိုအလျောက် လှမ်းမျှော်ကြည့်လိုက်သည်။
ထိုသို့ သူ မြင်တွေ့လိုက်ရသော မြင်ကွင်းသည် သူ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားစေခဲ့သည်။
မိုယွဲ့အရှင်နှင့် အခြားသော နတ်ဆိုးနယ်မြေ၏ အရှင်များစွာတို့သည် ဖုန်များဖြင့် ဖုံးလွှမ်းလျက်... အိမ်ခြေမဲ့ခွေးများနှယ် ရှုံးနိမ့်လာသော စစ်သည်တစ်စုနှင့်အတူ... နက်ရှိုင်းသောနတ်ဆိုးနယ်မြေထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ ရှုံးနိမ့်ခဲ့ကြသည်။
မိုယွဲ့အရှင်နှင့် အခြားသူများ၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာများကို မြင်လိုက်ရုံဖြင့်... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ဤတစ်ကြိမ် အဆုံးမဲ့ကမ္ဘာသို့ ကျူးကျော်မှု၏ အဆုံးသတ်ရလဒ်ကို သိရှိပြီးသား ဖြစ်သည်။
သို့သော် ဤအဆုံးမဲ့ကမ္ဘာသို့ ကျူးကျော်မှုအတွင်း မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သနည်း။
ပြီးတော့ ထျန်းကျွင်းအဆင့်အရှင်သည် အဘယ်မှာနည်း။ အဘယ်ကြောင့် သူသည် မိုယွဲ့အရှင်နှင့် အခြားသူများကိုသာ မြင်တွေ့ရပြီး ထျန်းကျွင်းအဆင့်အရှင်ကို မတွေ့ရသနည်း။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအချိန်တွင်ပင် မိုယွဲ့အရှင်နှင့် အခြားသူများသည် ဧကရာဇ်ဂိတ်သို့ ချဉ်းကပ်လာခဲ့ကြပြီး ဖြစ်သည်။
ပြန်လည်တည်ဆောက်ထားသော ဧကရာဇ်ဂိတ်အား ကြည့်ရင်း မိုယွဲ့အရှင်နှင့် အခြားသူများအားလုံးသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ကြပြီးနောက်... ဧကရာဇ်ဂိတ်၏ အနီးကပ် မသွားရဲဘဲ ပတ်၍ ပြေးလွှားလာကာ... နက်ရှိုင်းသောနတ်ဆိုးနယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။
" ကြက်သွေးရောင်မြွေနဂါးအရှင် ခင်ဗျား တော်တော်ကောင်းအောင် လုပ်နိုင်ခဲ့တယ် "
နှစ်ဘုံကြားချောက်နက်ကြီးကို ဖြတ်ကျော်ပြီး နတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက်... နတ်ဆိုးနယ်မြေ၏အရှင်များသည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက် ချနိုင်ခဲ့ကြသည်။
မိုယွဲ့အရှင်သည် ကြက်သွေးရောင်မြွေနဂါးအရှင်အား ကြည့်ကာ အဓိပ္ပာယ်ပါစွာဖြင့်ပင် " ကြက်သွေးရောင်မြွေနဂါးအရှင် ခင်ဗျား တော်တော်ကောင်းအောင် လုပ်နိုင်ခဲ့တယ် " ဟု ဆိုလိုက်သည်။
အဆုံးမဲ့ကမ္ဘာမှ ဆုတ်ခွာလာပြီးနောက်... မိုယွဲ့အရှင်သည် ကိစ္စတစ်ခုအတွက် စိုးရိမ်ပူပန်နေခဲ့သည်။ထိုအရာမှာ ထျန်းကျွင်းအဆင့်အရှင်ယခင်က ဖြိုချခဲ့သော ဧကရာဇ်ဂိတ်ပင် ဖြစ်သည်။
ဤဧကရာဇ်ဂိတ်သည် မည်သို့ပင်ဆိုစေကာမူ... ကုကောင်းကင်ဧကရာဇ်မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကုကောင်းကင်ဧကရာဇ်သည် သူတို့နောက်သို့ လိုက်လံတိုက်ခိုက်လာပြီး... ဧကရာဇ်ဂိတ် ပျက်စီးနေသည်ကို တွေ့ရှိကာ သူတို့အပေါ်သို့ ဒေါသထွက်သွားခဲ့ပါက... အမှန်တကယ်ပင် မထိုက်တန်သော ကပ်ဘေးတစ်ခုပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် မိုယွဲ့အရှင်သည် ဧကရာဇ်ဂိတ်အား ထပ်မံ၍ မပျက်မစီး တည်ရှိနေသည်ကို မြင်သောအခါ သူသည် ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့သည်။
" ဘာဖြစ်ခဲ့တာလဲ ထျန်းကျွင်းအဆင့်အရှင် ဘယ်မှာလဲ " ဟု ကြက်သွေးရောင်မြွေနဂါးအရှင်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
" အာ... ပြောရရင် ဇာတ်လမ်းက ရှည်တယ်..... " ဟု မိုယွဲ့အရှင်က သက်ပြင်းချလိုက်ပြီး... သူတို့၏ အဆုံးမဲ့ကမ္ဘာသို့ ကျူးကျော်မှု ဖြစ်စဉ်အား... ကြက်သွေးရောင်မြွေနဂါးအရှင်ထံသို့ အတိုချုပ် ပြန်လည်ပြောပြလိုက်သည်။
ဇာတ်လမ်းတစ်ခုလုံးကို ကြားသိပြီးနောက် ကြက်သွေးရောင်မြွေနဂါးအရှင်၏ မျက်နှာသည် စိက်ပျက်သွားခဲ့သည်။ " ရှင်တို့ ကုကောင်းကင်ဧကရာဇ်ကို တကယ်ပဲ စိတ်ဆိုးအောင် လုပ်ခဲ့ကြတာပဲ "
သူသိနေခဲ့သည်။
အကယ်၍ သူတို့သည် ကုကောင်းကင်ဧကရာဇ်အား စိတ်ဆိုးအောင် မလုပ်ခဲ့ပါက... အဆုံးမဲ့ကမ္ဘာအား သိမ်းပိုက်ရန် စစ်ဆင်ရေးသည် မည်သို့ ရှုံးနိမ့်နိုင်မည်နည်း။
ယခုမူ အဆုံးမဲ့ကမ္ဘာအား သိမ်းပိုက်ရန် စစ်ဆင်ရေးသည် ရှုံးနိမ့်ခဲ့ရုံတင်မက... ထျန်းကျွင်းအဆင့်အရှင်၏ အသက်ကိုပင် ဆုံးရှုံးခဲ့ရသည်။
ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုသည် ကြက်သွေးရောင်မြွေနဂါးအရှင်၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည်။
သူသည် မူလက ကုကောင်းကင်ဧကရာဇ်၏ ခွန်အားကို လုံလောက်စွာ အရေးပေးခဲ့ပြီး... လွန်စွာ အထင်ကြီးခဲ့သည်ဟု ထင်မှတ်ခဲ့သော်လည်း... ကုကောင်းကင်ဧကရာဇ်သည် သူ ထင်ထားသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ မည်သည့်အခါမျှ မမျှော်လင့်ခဲ့ပေ။
ထျန်းကျွင်းအဆင့်အရှင်ပင်လျှင် သူ၏ ပြိုင်ဘက်မဟုတ်ခဲ့ဘဲ လက်တစ်ဖဝါး လှန်လိုက်ရုံမျှဖြင့် နှိမ်နင်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ဤသို့ ကြည့်မည်ဆိုလျှင် နှစ်ပေါင်း သောင်းနှင့်ချီ၍ နယ်စပ်ကို စောင့်ကြပ်ရင်း သူ ဘေးကင်းစွာ ရှင်သန်နိုင်ခဲ့ခြင်းသည် ကုကောင်းကင်ဧကရာဇ်၏ မေတ္တာတရားကြောင့်သာ ဖြစ်သည်။
" ကြက်သွေးရောင်မြွေနဂါးအရှင် အရေးမကြီးတဲ့ စကားတွေကို ခဏထားပါ... ကျွန်တော် ဒီကိစ္စကို ရွှမ်ယိုနန်းတော်ကို သတင်းပို့ရမယ် "
မိုယွဲ့အရှင်သည် ကြက်သွေးရောင်မြွေနဂါးအရှင်အား စကားအနည်းငယ် လျင်မြန်စွာ ဆိုလိုက်ပြီးနောက် နက်ရှိုင်းသောနတ်ဆိုးနယ်မြေ၏ အတွင်းပိုင်းသို့ ဦးတည် ထွက်ခွာသွားသည်။
ထျန်းကျွင်းအဆင့်အရှင်သည် ရွှမ်ယိုနန်းတော်တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယခု နတ်ဆိုးစစ်တပ်တစ်သန်းကို အဆုံးမဲ့ကမ္ဘာသို့ ဦးဆောင်သွားခဲ့ရာ... မည်သည့်အောင်မြင်မှုမျှ မရရှိခဲ့ရုံသာမက သူ၏အသက်ကိုပါ ဆုံးရှုံးခဲ့ရသည်။ ရွှမ်ယိုနန်းတော်သည် ဤကိစ္စအား ငြိမ်သက်သွားစေမည် မဟုတ်သည်မှာ သေချာ၏။
သူသည် ဤကိစ္စတွင် ဆက်နွှယ်ပတ်သက်ခြင်း မခံရစေရန်အတွက်... အဖြစ်အပျက်ကို အမြန်ဆုံး သတင်းပို့ခြင်းကသာ ပိုကောင်းပေလိမ့်မည်။
ခဏအကြာ... နက်ရှိုင်းသောနတ်ဆိုးနယ်မြေ၏ အတွင်းပိုင်းတွင် တိတ်ဆိတ်၍ မှောင်မိုက်ပြီး နက်ရှိုင်းသော ကြယ်တာရာကမ္ဘာတစ်ခုအတွင်း၌.....
မိုယွဲ့အရှင်သည် လေးစားစွာ ဒူးတစ်ဖက်ထောက်လျက်... သူ၏အကြည့်များကို အောက်သို့ ချထားကာ မော့ကြည့်ရန် မဝံ့ရဲဘဲ... သူ၏မျက်နှာတွင်လည်း တင်းမာမှုများဖြင့် ပြည့်နှက်နေ၏။
ဤနက်ရှိုင်းသော ကြယ်တာရာကမ္ဘာ၏ အတွင်းပိုင်း၌ အဆုံးမဲ့ ဟွမ်သွမ့်ချီများ ပျံ့နှံ့နေပြီး အဆုံးမဲ့တာအိုနှင့် နိယာမများ စုစည်းလျက် ကောင်းကင်နှင့် တာအိုသဖွယ် တည်ငြိမ်အေးစက်သော မျက်လုံးတစ်စုံကို ပုံဖော်နေကာ မိုယွဲ့အရှင်အား စူးစိုက်ကြည့်နေသည်။
" ဟန်ယိုထျန်းကျွင်း... ဒါက... ကျွန်တော်တို့ အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးပါပဲ "
မိုယွဲ့အရှင်သည် လေးနက်သော အသံဖြင့် သတင်းပို့လိုက်ပြီး သူ၏အသံထဲတွင် တုန်ယင်မှု အရိပ်အယောင်ပင် ပါဝင်နေသည်။
" ထျန်းကျွင်းအဆင့်အရှင် သေပြီ ...ဒါပေမဲ့ မင်းက အသက်ရှင်နေတုန်းပဲ "
တည်ငြိမ်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာရာ မိုယွဲ့အရှင်၏ ဦးခေါင်းကို ပို၍ပင် နိမ့်ကျသွားစေ၏။ သူသည် ခုခံချေပချက်တစ်ခုကိုပင် ပြောဆိုရန် မဝံ့ရဲခဲ့ပေ။
သူသိသည်မှာ ဟန်ယိုထျန်းကျွင်း၏ ရှေ့မှောက်တွင် အငြင်းအခုံပြုရန် ကြိုးစားခြင်းသည် သေခြင်းထက် ဆိုးရွားသော ကံကြမ္မာတစ်ခုကို ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသောကြောင့် ဖြစ်သည်။
အကြောင်းမှာ ဤရွှမ်ယိုနန်းတော်၌ ဟန်ယိုထျန်းကျွင်းသည် ထျန်းကျွင်းအဆင့်အရှင်ထက်ပင် ပိုမို ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သောကြောင့်တည်း။
" အသုံးမကျတဲ့လူ... သူသေရင်လည်း သေသွားတယ်ပေါ့... ဒါပေမဲ့ အဲ့ဒီ ကုချန်က ဒီအသုံးမကျတဲ့ ထျန်းကျွင်းအဆင့်အရှင်ကို သတ်နိုင်စွမ်းရှိတယ်ဆိုတာကတော့ စိတ်ဝင်စားစရာပဲ... တကယ့်ကို စိတ်ဝင်စားစရာပဲ "
ပေါ့ပါးသော ရယ်သံတစ်ခုသည် ကျယ်ပြောလှသော ကြယ်တာရာကမ္ဘာတွင် ပဲ့တင်ထပ်သွားပြီး တစ်ပြိုင်နက်တည်းမှာပင် မိုယွဲ့အရှင်အား တိတ်ဆိတ်စွာ ကျုံ့ကျုံ့လေး နေစေခဲ့သည်။
ထျန်းကျွင်းအဆင့်အရှင်သည် ဟန်ယိုထျန်းကျွင်း၏ မျက်လုံးထဲတွင် 'အသုံးမကျသည့်သူ' မျှသာ ဖြစ်သလော။
ထို့အပြင် အဘယ်ကြောင့် ဟန်ယိုထျန်းကျွင်း၏ လေသံသည် ကုကောင်းကင်ဧကရာဇ်အား တော်တော်လေး သဘောကျနေသကဲ့သို့ ထွက်ပေါ်နေရသနည်း။
မိုယွဲ့အရှင် ဤသို့ တွေးတောဆင်ခြင်နေစဉ်မှာပင် ဟန်ယိုထျန်းကျွင်း၏ အသံသည်ကြယ်တာရာကမ္ဘာတွင် တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။
" လူသားမျိုးနွယ် ကုချန်က အဆုံးမဲ့ကမ္ဘာကို ကာကွယ်လိုစိတ် မရှိခဲ့ဘူး... ထျန်းကျွင်းအဆင့်က သူ့ကို အရင် ရန်စခဲ့လို့သာ ထျန်းကျွင်းကို ဖျက်ဆီးခဲ့တာလို့ မင်း ခုနက ပြောလိုက်တာလား "
" မှန်ပါတယ်... ကုချန်က အဆုံးမဲ့ကမ္ဘာရဲ့ သက်ရှိသတ္တဝါတွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တာ သေချာပါတယ်... အဲ့ဒါကြောင့်ပဲ သူက အဆုံးမဲ့ကမ္ဘာကို မကာကွယ်ချင်ခဲ့တာပါ "
မိုယွဲ့အရှင်သည် လိမ်ညာရန် မဝံ့ရဲဘဲ ရိုးသားစွာ ဖြေကြားခဲ့သည်။
" ဟက်... ဒီလိုသာဆိုရင် အဲ့ဒီ ကုချန်ကို ဆွဲဆောင်ဖို့ လူတစ်ယောက်လွှတ်လိုက်... အဆုံးမဲ့ကမ္ဘာက သူ့ကို သစ္စာဖောက်တစ်ယောက်လို ဆက်ဆံနေတာ မဟုတ်ဘူးလား... ဒါဆို ငါတို့ နတ်ဆိုးနယ်မြေက သူ့ကို တကယ်ပဲ ဆွဲဆောင်သိမ်းသွင်းလိုက်မယ် " ဟု ဟန်ယိုထျန်းကျွင်းကဆိုရင်း တခစ်ခစ် ရယ်မောလိုက်သည်။
ဟမ်...!?
မိုယွဲ့အရှင်သည် မှင်တက်သွားခဲ့ပြီး... သူ နားကြားမှားသွားသည်ဟုပင် သံသယဝင်မိခဲ့သည်။
သူသည် ထျန်းကျွင်းအဆင့်အရှင် သေဆုံးကြောင်း သိရှိရသည့်အခါ... ရွှမ်ယိုနန်းတော်မှ ဖြစ်လာနိုင်သော တုံ့ပြန်မှုပေါင်းများစွာကို ထည့်သွင်းစဉ်းစားခဲ့သော်လည်း... ဤတစ်ခုကိုတော့ သူ မည်သည့်အခါမျှ ထည့်မတွေးခဲ့မိပေ။
ကုကောင်းကင်ဧကရာဇ်သည် တစ်ချိန်က နက်ရှိုင်းသောနတ်ဆိုးနယ်မြေ၏ ရန်သူတော်ကြီး ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေ၏အရှင်များသည် သူ၏လက်ထဲတွင် သေဆုံးခဲ့ရပြီး... ယခု ထျန်းကျွင်းအဆင့်အရှင်သည်လည်း သူ၏လက်ဖြင့်ပင် သေဆုံးခဲ့ရပြန်သည်။
သို့တိုင်အောင်... ယခုထိ ရွှမ်ယိုနန်းတော်သည် လက်စားချေရန် အစီအစဉ်မရှိရုံသာမက... သူ့အား ဆွဲဆောင်သိမ်းသွင်းရန်ပင် ပြင်ဆင်နေလေသည်။