အခန်း (၁၃၅-၁၃၆)
Vol. 10 Ch. 135-136
အခန်း (၁၃၅) - ရက်ရောသော ကမ်းလှမ်းချက်များ၊ ကြက်သွေးရောင်မြွေနဂါးအရှင်၏ အကြံအစည်၊ ယွမ်ကျွင်း မသေဆုံးသေး
" ဒါက တကယ့်ကို မဖြစ်နိုင်ဘူး "
မိုယွဲ့အရှင်သည် ဤသည်မှာ ရယ်ဖွယ်ကောင်းလှသည်ဟု ခံစားမိသော်လည်း... အပြင်သို့ ထုတ်ဖော်မပြရဲသဖြင့် ခေါင်းကိုသာငုံ့ထားလျက် တိတ်ဆိတ်စွာ နေလိုက်၏။
" ကုချန်က ထျန်းကျွင်းအဆင့်ကို သတ်လိုက်လို့ ငါ့ရဲ့ ရွှမ်ယိုနန်းတော်က ထျန်းကျွင်းအဆင့်အတွက် မဖြစ်မနေ လက်စားချေရမယ်... ငါတို့အင်အားတွေအကုန်သုံးပြီး ဒီကုချန်ကိုသတ်မှ ကျေနပ်မယ်လို့ မင်းထင်နေတာလား... ဒါမှမဟုတ် မင်းက ဒီအရှင်က ကုချန်ကိုကြောက်နေလို့ လက်တုံ့မပြန်ရဲဘဲ သူ့ကို ပြီးစည်းရုံးနေတယ်လို့ ထင်နေတာလား "
အလွန်ကျယ်ပြောလှသော ကြယ်တာရာများပြည့်နေသည့် ကောင်းကင်၏ နက်ရှိုင်းသောတစ်နေရာမှ... ထိုအေးစက်သောမျက်လုံးများသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားဟန်ရှိပြီး... မိုယွဲ့အရှင် စဉ်းစားတွေးတောနေသည်များကို စူးစမ်းကြည့်ရှုနေလေ၏။
" ဒီလက်အောက်ငယ်သား မတွေးရဲပါဘူး "
သူ၏ အတွေးများ ပေါ်သွားသောကြောင့်... မိုယွဲ့အရှင်သည် စိတ်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရပြီး... သူ၏နဖူးမှ ချွေးစေးများပင် စီးကျလာခဲ့သည်။
" ဟွန့်...မိုက်မဲလိုက်တာ "
ထျန်းကျွင်းအရှင် ဟန်ယို၏ အေးစက်သောရယ်သံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်သွား၏။
" ငါ့ရဲ့ နက်ရှိုင်းတဲ့ နတ်ဆိုးနယ်မြေက ကောင်းကင်ဘုံအနှံ့ စစ်ခင်းလာခဲ့တာ... မရေတွက်နိုင်တဲ့နှစ်တွေအတွင်း နယ်မြေပေါင်း ရာနဲ့ချီပြီး ဖျက်ဆီးခဲ့ပြီးပြီ... ဒီအချိန်အတွင်း အရှင်အဆင့်ထက်မြင့်တဲ့ ခုခံသူတစ်ယောက်မက ငါတို့ တွေ့ကြုံခဲ့ဖူးတယ်... ငါတို့ ဘယ်တုန်းက ကြောက်ခဲ့ဖူးလို့လဲ "
" ငါမင်းကို အဲ့ဒီကုချန်ကို စည်းရုံးခိုင်းတာက... ကုချန်က အဆုံးမဲ့ကမ္ဘာကို ကာကွယ်ဖို့ ရည်ရွယ်ချက်မရှိတဲ့အတွက်... သူက ငါတို့နယ်မြေရဲ့ ရန်သူမဟုတ်လို့ပဲ "
" မှန်တယ်... ငါတို့နတ်ဆိုးနယ်မြေက စစ်ခင်းပြီး နယ်မြေအားလုံးကို ဖျက်ဆီးပစ်တာ မှန်ပေမယ့်... ဒါက ငါတို့နတ်ဆိုးနယ်မြေက ဒီကောင်းကင်ဘုံတွေထဲက အင်အားကြီးသူတိုင်းကို ရန်သူလုပ်ချင်တာမျိုး မဟုတ်ဘူး... မင်းနားလည်လား "
" ပြီးတော့ လွန်ခဲ့တဲ့ နှစ်သောင်းချီအတွင်း... သူနဲ့ ငါတို့ရဲ့ နက်ရှိုင်းတဲ့ နတ်ဆိုးနယ်မြေကြားက အငြိုးအတေးတွေအတွက်... ငါက အားလုံးကို ရှင်းပစ်လိုက်ဖို့တောင် ဆုံးဖြတ်ပေးနိုင်တယ် "
" သူကသာ ငါတို့နယ်မြေကို သစ္စာခံဖို့ သဘောတူရင်... သူ့ကို ရွှမ်ယိုနန်းတော်ထဲမှာ အရှင်တစ်ပါးနေရာ ပေးဖို့ ကူညီလိုက်တော့ရော ဘာဖြစ်လဲ... ထပ်ပြောရရင် ငါက သူ့ကို အင်မော်တယ်စွမ်းအားတစ်စိတ်တစ်ပိုင်း ကြိုပြီး ချီးမြှင့်ဖို့တောင်.. လုပ်ပေးနိုင်သေးတယ် "
ထျန်းကျွင်းအရှင် ဟန်ယို ကတိပေးသော အကျိုးကျေးဇူးများစွာကို ကြားသောအခါ... မိုယွဲ့အရှင်သည် မနာလိုမှုဖြင့် မျက်နှာပင်နီမြန်းလာခဲ့သည်။
အင်မော်တယ်စွမ်းအား.....
ရွှမ်ယိုနန်းတော်အတွင်းရှိ တန်ခိုးကြီးပြီး မြင့်မြတ်လှသော ကောင်းကင်ဘုံအရှင်များပင်လျှင် ထိုအရာအားလုံးကို ဝေစုရကြသည် မဟုတ်ပေ။
အင်မော်တယ်စွမ်းအားတစ်စိတ်တစ်ပိုင်းကို သန့်စင်ခြင်းဖြင့် နှစ်တစ်သိန်းကျော် သက်တမ်း တိုးရရှိနိုင်သည်။
သူ့ကဲ့သို့သော အခြားနတ်ဆိုးနယ်မြေအရှင်များအတွက်မူ... နက်ရှိုင်းသော နတ်ဆိုးနယ်မြေအတွက် သူတို့၏တစ်ဘဝလုံး တိုက်ပွဲဝင်၍ စုဆောင်းခဲ့သော စစ်ရေးအောင်မြင်မှုများသည်... အင်မော်တယ်စွမ်းအားတစ်စိတ်တစ်ပိုင်းနှင့် လဲလှယ်ရန်ပင် မလုံလောက်ချေ။
ယခုမူ...ထိုကုချန်သည် နတ်ဆိုးနယ်မြေသို့ သစ္စာခံရန် ခေါင်းညိတ်သဘောတူလိုက်ရုံမျှဖြင့်... အင်မော်တယ်စွမ်းအားတစ်စိတ်တစ်ပိုင်းကို ချက်ချင်း ရရှိမည်ဖြစ်သည်။
ဤကြီးမားသော ကွာခြားမှုသည် မိုယွဲ့အရှင်အား အနည်းငယ် မနာလိုဖြစ်သွားစေသည်အထိပင်။
" ငါက ကုချန်ကို ကမ်းလှမ်းတဲ့ အကျိုးကျေးဇူးတွေက အရမ်းများလွန်းတယ်လို့ မင်းထင်နေလား "
ထျန်းကျွင်းအရှင် ဟန်ယိုက လျစ်လျူရှုသောလေသံဖြင့် ပြောလိုက်သည်။
" ကုချန်က ထျန်းကျွင်းအဆင့်ကို သတ်နိုင်ခဲ့တယ်... ဒါဆို သူ့ရဲ့အစွမ်းက မင်းတို့ အရှင်တွေထက် သေချာပေါက် ပိုမြင့်တယ်... ဒီလိုတည်ရှိမှုမျိုးကို စည်းရုံးဖို့အတွက် သေချာပေါက် အဖိုးအခတချို့ ပေးရမှာပေါ့.....
ဒီအဖိုးအခကို ပေးရတာက... ငါ့ရဲ့ နက်ရှိုင်းတဲ့ နတ်ဆိုးနယ်မြေအတွက် အမြတ်ရှိတဲ့ သဘောတူညီမှုတစ်ခုပဲ "
" အနာဂတ်မှာ သူသာရှိနေရင်... ငါ့ရဲ့ နက်ရှိုင်းသော နတ်ဆိုးနယ်မြေက နယ်မြေတွေကို သိမ်းပိုက်တဲ့အခါ... ဘယ်လောက်တောင် ပိုပြီးချောမွေ့သွားမလဲ "
" အထက်လူကြီးတစ်ယောက်အနေနဲ့ သဘာဝကျကျပဲ ပိုပြီးရှေ့ရှုကြည့်ဖို့ လိုတယ်... ဒါက ဒီကောင်းကင်ဘုံအရှင်တစ်ယောက်တည်းရဲ့ ရည်ရွယ်ချက်တင် မဟုတ်ဘူး... ဒါက ရွှမ်ယိုနန်းတော်တစ်ခုလုံးရဲ့ ရည်ရွယ်ချက်ပဲ "
သူ လုံးဝသဘောပေါက်လက်ခံသွားခဲ့ပြီဖြစ်သည်။
ထျန်းကျွင်းအရှင် ဟန်ယို၏ လျစ်လျူရှုပြီး အေးစက်သောစကားများကို နားထောင်ပြီးနောက်... မိုယွဲ့အရှင်သည် လုံးလုံးလျားလျား နားလည်သဘောပေါက်သွားခဲ့၏။
အကယ်၍သာ ထိုကုကောင်းကင်ဧကရာဇ်ကို စည်းရုံးနိုင်ခဲ့ပါလျှင်... ရရှိမည့်အကျိုးကျေးဇူးများသည် ပေးဆပ်ရမည့်အဖိုးအခနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားကြောင်း သူဝန်ခံရမည်ဖြစ်သည်။
သို့သော်... ထိုကုကောင်းကင်ဧကရာဇ်က နတ်ဆိုးနယ်မြေသို့ သစ္စာခံရန် သဘောတူပါ့မလား။
မိုယွဲ့အရှင်သည် စိတ်ထဲတွင် အနည်းငယ် မလုံမခြုံ ခံစားနေရ၏။ ကုချန်သည် သူတို့၏ အဆုံးမဲ့ကမ္ဘာအား ကျူးကျော်သည့်လုပ်ရပ်များကို လျစ်လျူရှုထားသော်လည်း... ဤသည်မှာ သူက နတ်ဆိုးနယ်မြေသို့ သစ္စာခံရန် ဆန္ဒရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ဤသို့တွေးမိသောအခါ မိုယွဲ့အရှင်သည် မပြောဘဲမနေနိုင်တော့ပေ။
" ကောင်းကင်ဘုံအရှင်... တကယ်လို့ ကုချန်က ငါတို့နယ်မြေကို သစ္စာခံဖို့ ဆန္ဒမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ "
" သူကသာ သူ့အတွက် ဘာကောင်းမှန်းမသိဘဲ သစ္စာခံဖို့ ဆန္ဒမရှိဘူးဆိုရင်... သူ့ကို လွှတ်ထားလို့မရဘူး "
ထျန်းကျွင်းအရှင် ဟန်ယို၏ အသံသည် အနည်းငယ် အေးစက်လာ၏။
" ဒီကောင်းကင်ဘုံအရှင်က ဖြစ်ခဲ့တာတွေကို မေ့ပစ်ဖို့ ဆန္ဒရှိတယ်... ဒါပေမယ့် အဓိကအချက်က... သူက ငါ့ရဲ့နတ်ဆိုးနယ်မြေကို သစ္စာခံဖို့ ဆန္ဒရှိရမယ်... သူကသာ ဆန္ဒမရှိဘူးဆိုရင်... ထျန်းကျွင်းနဲ့ တခြားသူတွေရဲ့သွေးက အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူး "
မိုယွဲ့အရှင်သည် ထျန်းကျွင်းအရှင် ဟန်ယို၏ စကားများထဲမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို ကြားလိုက်ရပြီးနောက် သူဘာလုပ်ရမည်ကို သိရှိသွားပြီဖြစ်သည်။
သို့သော် ထို့နောက်တွင် သူသည် ထပ်မံ၍ စိတ်ရှုပ်ထွေးလာပြန်၏။
သူက ထိုကုကောင်းကင်ဧကရာဇ်ကို သစ္စာခံရန် သွားရောက် ရမည်လော။
မိုယွဲ့အရှင်တွင် ထိုကဲ့သို့ သတ္တိမျိုး မရှိပေ။ ထိုကုကောင်းကင်ဧကရာဇ်က ဒေါသတကြီးဖြင့် သူ့ကို သတ်လိုက်မည်ကို သူတကယ်ကြောက်နေမိပြီး... ထိုအခါ သူငိုရန် နေရာပင် ရှိလိမ့်မည် မဟုတ်ချေ။
" ကြက်သွေးရောင်မြွေနဂါးအရှင်ကို သွားခိုင်းလိုက်... အဲ့ဒီအဆုံးမဲ့ကမ္ဘာကို တစ်ခါ သွားခဲ့ဖူးတယ် မဟုတ်လား "
မိုယွဲ့အရှင် အကျပ်ရိုက်နေစဉ်မှာပင် ကောင်းကင်ဘုံအရှင် ဟန်ယိုက အေးစက်စွာ ပြောလိုက်သည်။
" ကုချန်ကို ပြောလိုက်... ငါ့ရဲ့ နတ်ဆိုးနယ်မြေကို သစ္စာခံရင် အရမ်းကိုကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်... ပြီးတော့ ဒါက သူ့အတွက် တစ်ခုတည်းသော ထွက်ပေါက်ပဲ "
" သူကသာ မနာခံဘူးဆိုရင်...ဟွန့်...အဆုံးမဲ့ကမ္ဘာက ပျက်စီးရမယ်ဆိုရင်... သူလဲ လွတ်မြောက်သွားမှာ မဟုတ်ဘူး "
" ငါ့ကို ကုကောင်းကင်ဧကရာဇ်ကို သစ္စာခံဖို့ သွားစည်းရုံးခိုင်းတာလား "
မိုယွဲ့အရှင် ရွှမ်ယိုနန်းတော်မှ သယ်ဆောင်လာသော အမိန့်ကို နားထောင်ရင်း... ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ၏ပါးစပ်ထဲတွင် ခါးသက်သောအရသာကိုသာ ခံစားလိုက်ရသည်။
ထိုကုကောင်းကင်ဧကရာဇ်အား နတ်ဆိုးနယ်မြေသို့ သစ္စာခံရန် သွားရောက်စည်းရုံးခိုင်းခြင်းသည် သေနတ်ပြောင်းရှေ့သို့ တည့်တည့်သွားရပ်ခိုင်းခြင်းနှင့် မည်သို့ ကွာခြားမည်နည်း။
နတ်ဆိုးနယ်မြေ၏ နယ်စပ်ကို နှစ်သောင်းပေါင်းများစွာ စောင့်ကြပ်လာခဲ့သူတစ်ဦးအနေဖြင့်... သူသည် ထိုကုကောင်းကင်ဧကရာဇ်နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်သည်ဟု သူ့ကိုယ်သူ ယူဆ၏။ ကုကောင်းကင်ဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာကို မကာကွယ်တော့သော်လည်း... ဤသည်မှာ သူက နတ်ဆိုးနယ်မြေသို့ သစ္စာခံရန် ဆန္ဒရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ရွှမ်ယိုနန်းတော်၏ အတွေးများမှာ အလွန်လှပသော်လည်း... ပြဿနာမှာ ကုကောင်းကင်ဧကရာဇ်က သဘောတူချင်မှ သဘောတူမည် ဖြစ်သည်။
သို့သော်... ရွှမ်ယိုနန်းတော်မှ ကမ်းလှမ်းသော အခြေအနေများမှာ အမှန်ပင် ရက်ရောလှသဖြင့်... ထိုကုကောင်းကင်ဧကရာဇ် အမှန်တကယ် သဘောတူသွားနိုင်သည်လည်း ရှိ၏။
ကြက်သွေးရောင်မြွေနဂါးအရှင်၏ စိတ်သည် ယိမ်းယိုင်သွားသော်လည်း... အဆုံးတွင် သူသည် သွားကြိတ်ကာ သဘောတူလိုက်၏။
အခြားနည်းလမ်းမရှိပေ။ ဤသည်မှာ ရွှမ်ယိုနန်းတော်မှ ထုတ်ပြန်သော အမိန့်ဖြစ်ပြီး သူ့အနေဖြင့် မနာခံဘဲ နေနိုင်မည် မဟုတ်ချေ။
သို့သော် အကောင်အထည်ဖော်မှု၏ ရလဒ်အတွက်မူ... ထိုအရာသည် သူထိန်းချုပ်နိုင်သည့်အရာ မဟုတ်တော့ပေ။
" အော်... ပြီးတော့ ထျန်းကျွင်းအရှင် ဟန်ယိုက မင်းကို ဒီပစ္စည်း ပေးခိုင်းလိုက်သေးတယ် "
မိုယွဲ့အရှင်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်... ရှေးကျပြီး ရိုးရှင်းသော တံဆိပ်တစ်ခုကို ကြက်သွေးရောင်မြွေနဂါးအရှင်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး... တစ်ချိန်တည်းတွင် ပြောဆိုလိုက်သည်။
" ထျန်းကျွင်းအရှင် ဟန်ယို ပြောတာက... တကယ်လို့ အဲ့ဒီကုကောင်းကင်ဧကရာဇ်က ချီတုံချတုံဖြစ်နေရင် ဒါမှမဟုတ် ငါတို့ရဲ့ နတ်ဆိုးနယ်မြေကို သစ္စာခံဖို့ ဆန္ဒမရှိဘူးဆိုရင်... မင်း ဒီတံဆိပ်ကို အသက်သွင်းပြီး သူ့ကို သေချာစဉ်းစားဖို့ ဖျောင်းဖျသင့်တယ်တဲ့ "
ဒါက.....
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ၏လက်ဖဝါးထဲမှ ရှေးကျပြီး ရိုးရှင်းသော တံဆိပ်ကို ကြည့်လိုက်ရာ... ဤတံဆိပ်ငယ်လေး၏ တိကျသောလုပ်ဆောင်ချက်ကို ရှင်းရှင်းလင်းလင်း နားမလည်သဖြင့်... သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သို့သော် သူသည် မိုယွဲ့အရှင်၏ စကားများကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
" ဒါဆိုရင် ငါသွားလိုက်ဦးမယ် "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သွားကိုကြိတ်လိုက်ပြီး... ဤတစ်ကြိမ်တွင် ကိုယ်ပွားတစ်ခုကို ဖန်ဆင်းမည့်အစား... ကိုယ်တိုင်သွားရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။
ကိုယ်ပွားသွားခြင်းနှင့် ပင်မခန္ဓာကိုယ်တိုင် သွားခြင်းသည် လုံးဝကွဲပြားခြားနားသော သဘောထားနှစ်ခုကို ကိုယ်စားပြုသည်။
နောက်တစ်ခုက ရှင်းရှင်းလင်းလင်းပင် ပို ရိုးသားကြောင်းကို ပြသနေသည်။
အဆုံးအစမရှိသော ဟွမ်သွမ့်ပင်လယ်အတွင်း... ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဟွမ်သွမ့်မိုးကြိုးကန် တည်ရှိရာနေရာတွင်.....
အဆုံးမဲ့ ဟွမ်သွမ့်ချီများဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်ဘုံအရှင် ထျန်းကျွင်းသည် သူ၏ရှေ့မှ ပုံရိပ်တစ်ခုကို ငုံ့ကြည့်လိုက်ပြီး... သူ၏ လျစ်လျူရှုထားသော အကြည့်ထဲတွင် ကျေနပ်မှုမရှိသော အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
" မင်းရဲ့ ဒီတစ်ခေါက် လုပ်ဆောင်မှုတွေက သက်ရှည်ခြင်းခန်းမထဲက ကောင်းကင်ဘုံအရှင် အတော်များများရဲ့ မကျေနပ်မှုကို ဖြစ်စေခဲ့ပြီ... တကယ်လို့ ငါက မင်းအတွက် ဖြေရှင်းပေးဖို့ အစွမ်းကုန် မကြိုးစားခဲ့ဘူးဆိုရင်... အဲ့ဒီ သက်ရှည်ခြင်းအတွက် ကိုယ်စားလှယ်လောင်းနေရာက မင်းနဲ့ ဘာမှမဆိုင်တော့တာ ဖြစ်သွားနိုင်တယ် "
ကောင်းကင်ဘုံအရှင် ထျန်းကျွင်း၏ အကြည့်များ ကျရောက်ရာနေရာတွင်... ပုံရိပ်တစ်ခုသည် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
အကယ်၍ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသာ ဤနေရာတွင် ရှိနေပါက... သူ အလွန်အံ့အားသင့်သွားမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော်... ဤသူမှာ ကုချန်သတ်လိုက်သည်ဟု သတင်းရရှိခဲ့သော... မဟာဧကရာဇ် ယွမ်ကျွင်းမှလွဲ၍ အခြားမဟုတ်သောကြောင့်ပင်။
" ကောင်းကင်ဘုံအရှင် ထျန်းကျွင်း စိတ်ချပါ... လာမဲ့ကိစ္စတွေမှာ ကျွန်တော် ဘာအမှားအယွင်းမှ မလုပ်တော့ပါဘူး... ပြီးတော့ လူကြီးမင်းတို့အားလုံးကို သေချာပေါက် ကျေနပ်စေရပါမယ် "
မဟာဧကရာဇ် ယွမ်ကျွင်း၏ မျက်လုံးများမှာ တောက်ပသွားပြီး... အလျင်အမြန်ပင် ကတိပေးလိုက်၏။
အခန်း (၁၃၆) - သည်းခံစောင့်ဆိုင်းခြင်းနှင့် အကြံအစည်၊ ခေတ်သစ်ကြီး ရောက်ရှိလာခြင်း၊ အဓိပ္ပာယ်မဲ့ခြင်း
" ဒီလိုပဲ မျှော်လင့်ရတာပဲ "
ကောင်းကင်ဘုံအရှင် ထျန်းကျွင်းသည် မဟာဧကရာဇ် ယွမ်ကျွင်းအား လျစ်လျူရှုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် သူ၏ပုံရိပ်သည် တဂျိန်းဂျိန်းအသံနှင့်အတူ ပြိုကွဲသွားကာ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားလေသည်။
" ဒီမသေနိုင်တဲ့ အဘိုးကြီးတွေ..... "
မဟာဧကရာဇ် ယွမ်ကျွင်းသည် ကောင်းကင်ဘုံအရှင် ထျန်းကျွင်း၏ ပုံရိပ် ပျောက်ကွယ်သွားသော လမ်းကြောင်းအား ကြည့်လိုက်ပြီး... သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော မနာလိုမှုနှင့် နာကြည်းမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
အကယ်၍သာ ဒီမသေနိုင်တဲ့ အဘိုးကြီးတွေက သူတောင့်တနေတဲ့အရာတစ်ခုကို ကိုင်မထားဘူးဆိုရင်... သူက ဘာလို့ ဒီလောက်နှစ်တွေအများကြီး ခွေးတစ်ကောင်လို အမိန့်ပေးခံနေရမှာလဲ။
" စောင့်နေကြ... ငါဧကရာဇ် လိုအပ်တာကို ရတာနဲ့ မင်းတို့ အဘိုးကြီးတွေအားလုံးကို တစ်ယောက်ချင်းစီ ခြေမွှမွှပစ်မယ်... ပြီးတော့ အဲ့ဒီ ကုချန်... မင်းတို့တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး "
မဟာဧကရာဇ် ယွမ်ကျွင်းသည် တီးတိုးရေရွတ်လိုက်ပြီး... အထူးသဖြင့် ကုချန်၏အမည်အား ရေရွတ်လိုက်ချိန်၌... သူ၏မျက်လုံးများထဲတွင် နက်ရှိုင်းသော အမုန်းတရားများ ထင်ဟပ်နေလေသည်။
အကယ်၍သာ အဲ့ဒီ သေနာကျ ကုချန်သာ မရှိခဲ့ရင်... သူ့ရဲ့ဆန္ဒတွေက လွန်ခဲ့တဲ့ နှစ်ကိုးသောင်းကတည်းက အောင်မြင်ခဲ့မှာ.....
" တကယ်လို့ ငါက ဟွမ်သွမ့်ပင်လယ်ရဲ့ နက်ရှိုင်းတဲ့နေရာကနေ သင်ယူခဲ့တဲ့ အမြင့်ဆုံး လျှို့ဝှက်နည်းလမ်းကို မပိုင်ဆိုင်ထားခဲ့ဘူးဆိုရင်... ကုချန်ရဲ့လက်ထဲမှာ တကယ်ပဲ ကျဆုံးသွားနိုင်တယ်... ဒါပေမဲ့... အခု...ငါက ဒီနောက်ဆုံးတာဝန်ကို အောင်မြင်အောင် လုပ်နိုင်ရင်... သက်ရှည်ခြင်းခန်းမရဲ့ အသိအမှတ်ပြုမှုကို ရရှိပြီး... အဲ့ဒီပစ္စည်းကို ချောချောမွေ့မွေ့ ရယူနိုင်တာနဲ့ အရာအားလုံး ပြီးဆုံးသွားနိုင်ပြီ..... "
မဟာဧကရာဇ် ယွမ်ကျွင်း၏ မျက်လုံးများမှာ တောက်ပသွား၏။ ခဏအကြာတွင်... သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဝေဝါးသွားပြီး... ယခင်နှင့် လုံးဝကွဲပြားခြားနားသော ရောင်ဝါနှင့် ရုပ်သွင်ရှိသည့် ပုံရိပ်တစ်ခုအဖြစ်သို့... ပြောင်းလဲသွားလေသည်။
ထို့နောက်တွင်... မဟာဧကရာဇ် ယွမ်ကျွင်းသည် သူ၏ရုပ်သွင်အား ပြောင်းလဲပြီးနောက်... သူ၏ပုံရိပ်သည် ဟွမ်သွမ့်ပင်လယ်ထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
အဆုံးမဲ့တိုက်ကြီး... အထက်ကောင်းကင်တားမြစ်နယ်မြေ.....
ဖူဝမ်အား အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ခေါ်ဆောင်လာခဲ့သည်မှာ နှစ်ရက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ကြာမြင့်စွာ အိပ်စက်ခြင်းမှ ဖူဝမ်သည် နောက်ဆုံးတွင် နိုးထလာခဲ့၏။ သူ သတိလစ်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှအားလုံးကို ကုတောက်လင်းထံမှ ပြန်လည်ကြားသိရပြီးနောက်... ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့ ချန်ထားခဲ့သော ဆက်သွယ်ရေးကျောက်စိမ်းပြားများကြောင့်... သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေတွင် နေထိုင်ရန် စိတ်မပါတပါ လက်ခံလိုက်ရသည်။
" ဘိုးဘေးက... မင်းကို... တပည့်အဖြစ် လက်ခံမယ်လို့ ကတိပေးထားမှတော့ သူကတိမဖျက်ပါဘူး... ဘိုးဘေး ကျင့်ကြံတာပြီးလို့ ထွက်လာတဲ့အခါ သူက မင်းကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံပြီး... လူသားဧကရာဇ် ချန်ထားခဲ့တဲ့ နေနဲ့လဧကရာဇ်ကျမ်းကို သင်ကြားပေးလိမ့်မယ် "
ကုတောက်လင်းသည် ဖူဝမ်အား နှစ်သိမ့်လိုက်၏။
" ဟုတ်ကဲ့ "
ဖူဝမ်သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အမှန်တကယ်တွင် ယခုအချိန်အထိပင် သူသည် အနည်းငယ် စိုးရိမ်ထိတ်လန့်ပြီး မလုံမခြုံ ခံစားနေရဆဲဖြစ်သည်။
သူသည် ချန်ခွန်းရှေးဟောင်းကြယ်စုတွင် မွေးဖွားခဲ့သော်လည်း... ကောင်းကင်ဘုံအရှင်သခင်၏' သတင်းဆိုး ' ကို မကြာသေးမီက ကြားသိခဲ့ရသည်။
ချန်ခွန်းရှေးဟောင်းကြယ်စုပေါ်ရှိ ယင်ယန်တာအိုမဟာမိတ်အဖွဲ့ပင်လျှင် ကုချန်၏အမည်အား ဖော်ပြသောအခါ ကြောက်ရွံ့မှုများ ပြသခဲ့ကြသည်။
ထို့ကြောင့်... ဖူဝမ်၏ စိတ်အထင်တွင် ဤဒဏ္ဍာရီလာ ကုမိသားစုမဟာဧကရာဇ်... ယခု... ကောင်းကင်ဘုံအရှင်သခင်သည် ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်ရမည်။
ယခုမူ... သူသည် ဤကောင်းကင်ဘုံအရှင်သခင်၏ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခြင်းခံရတော့မည် ဖြစ်သည်။
သူ တစ်ခါမျှမမြင်ဖူးသေးသော သူ၏ဆရာသမားအကြောင်း တွေးမိလိုက်သည်နှင့် ဖူဝမ်သည် စိတ်လှုပ်ရှားမှုကြောင့်လော သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လော မပြောနိုင်ဘဲ တုန်လှုပ်နေခြင်းကို မထိန်းနိုင်ခဲ့ပေ။
ကောင်မလေး၏ ကြောက်ရွံ့နေသောပုံစံကို ကြည့်ရင်း... ကုတောက်လင်းသည် ကြင်နာစွာ ပြုံးလိုက်ပြီး... ထိုကလေးငယ်အား ဆက်လက်နှစ်သိမ့်ရန် ကြံရွယ်လိုက်သည်။
သို့သော် ဤအချိန်တွင် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အပြင်ဘက်ရှိ ဝေးကွာသောကောင်းကင်ယံမှ တဂျိန်းဂျိန်းမြည်သံ သဲ့သဲ့တစ်ခု ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ဆန်းကြယ်ပြီး မရှင်းပြနိုင်သော လှုပ်ခတ်မှုတစ်ခုကိုလည်း... ကုတောက်လင်းက အာရုံခံမိလိုက်ရာ... သူ၏မျက်လုံးသူငယ်အိမ်များသည် အလိုအလျောက် ကျုံ့သွားခဲ့၏။
" မင်း ဘာခံစားလိုက်ရလဲ "
မည်သည့်အချိန်ကမှန်းမသိ ကုဝူရှန့်၏ ပုံရိပ်သည် ကုတောက်လင်း၏ ဘေးတွင် ပေါ်လာပြီး အေးဆေးစွာ မေးမြန်းလိုက်သည်။
" ကျွန်တော် ခံစားရတာ... ဒီကမ္ဘာကြီးရဲ့ အဆုံးမဲ့တာအိုတွေကို ငါရဲ့အာရုံခံနိုင်စွမ်းက ပိုပြီးရှင်းလင်းလာသလိုပဲ..... "
ကုတောက်လင်းသည် သူ၏မျက်လုံးများအား မှိတ်ကာ အာရုံခံလိုက်ပြီး... ခဏမျှ စဉ်းစားတွေးခေါ်လိုက်သည်။ ထို့နောက် တုန်လှုပ်စွာဖြင့် ပြောလိုက်လေသည်။
" ဘိုးဘေး... ဒါက ကျွန်တော်စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာလား... ဒါမှမဟုတ်... အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အစီအရင်ကြောင့်လား..... "
" ဒါ မင်းရဲ့စိတ်ထင်ယောင်ထင်မှား ဖြစ်တာမဟုတ်ဘူး ပြီးတော့ ငါတို့ အထက်ကောင်းကင်တားမြစ်နယ်မြေနဲ့လည်း ဘာမှမဆိုင်ဘူး "
ကုဝူရှန့်သည် မိုးကုတ်စက်ဝိုင်းဆီသို့ လေးနက်စွာ ကြည့်လိုက်ပြီး... အလယ်ပိုင်းပြည်နယ် တာအိုနယ်မြေတွင် ပေါ်ပေါက်ခဲ့သော ကြောက်မက်ဖွယ် ကောင်းကင်ယံအက်ကွဲကြောင်းကြီး ရှိရာဘက်သို့ ညွှန်ပြလိုက်သည်။
" ဒါက အဲ့ဒီ ကောင်းကင်ယံအက်ကွဲကြောင်းကနေ အခုလေးတင် ထွက်ပေါ်လာတဲ့ ရောင်ဝါပဲ... ဒါက အဆုံးမဲ့တိုက်ကြီးတစ်ခုလုံးကို... မဟုတ်ဘူး... ဖြစ်နိုင်တာက အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို သိမ်မွေ့တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တာ "
" အဆုံးမဲ့ကမ္ဘာ... တစ်ခုလုံး "
ကုတောက်လင်းသည် ကြက်သေသေသွားခဲ့၏။
အဆုံးမဲ့ကမ္ဘာတစ်ခုလုံး ဤကဲ့သို့သော ပြောင်းလဲမှုမျိုးကို ကြုံတွေ့နေရခြင်းသည် မည်သို့အဓိပ္ပာယ်သက်ရောက်သည်ကို သူ တွေးကြည့်ရန် ခက်ခဲနေခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် နာမည်ကြီး အင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းကြီးများပင်လျှင်... သူတို့၏တပည့်များ ကျင့်ကြံရန် သင့်တော်သော ကောင်းချီးမင်္ဂလာမြေများ တည်ဆောက်ရန်... ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုများကို ပိုမိုနားလည်နိုင်စေရန်အတွက်... ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်။
ထို့အပြင် ဂိုဏ်းအတွင်းရှိ အဓိကတပည့်များသာလျှင်... ထိုကဲ့သို့သော ကောင်းချီးမင်္ဂလာမြေများတွင် ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများကို ခံစားနိုင်ကြသည်။
သို့သော်... ယခုအခါ...ဘိုးဘေးက အဆုံးမဲ့ကမ္ဘာတစ်ခုလုံး ဤကဲ့သို့သော ပြောင်းလဲမှုမျိုးကို ကြုံတွေ့နေရသည်ဟု ဆိုပါသလော။
သံသယဖြစ်စရာမလိုဘဲ ဤသည်မှာ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးအတွက် တွေးကြည့်၍မရနိုင်သော... တိုင်းတာ၍မရနိုင်သော ပြောင်းလဲမှုများကို ယူဆောင်လာပေလိမ့်မည်။
" အခြေအနေတွေက ပြောင်းလဲတော့မယ်..... "
ကုဝူရှန့်သည် အဝေးသို့ စိုက်ကြည့်ရင်း ညင်သာစွာ ရေရွတ်လိုက်သည်။
ထို ကောင်းကင်ယံအက်ကွဲကြောင်းမှ ထွက်ပေါ်လာသော ရောင်ဝါသည် အဆုံးမဲ့ကမ္ဘာတွင် ဤမျှကြီးမားသော ပြောင်းလဲမှုမျိုးကို ဖြစ်စေနိုင်သလော။
ကုဝူရှန့်သည် အကြောင်းရင်းကို နားလည်ရန် ခက်ခဲနေသော်လည်း... ဤအရာကြောင့် အဆုံးမဲ့ကမ္ဘာတစ်ခုလုံး ကမ္ဘာမြေတုန်လောက်သော ပြောင်းလဲမှုများကို ကျိန်းသေ ကြုံတွေ့ရမည်ဖြစ်ကြောင်းကိုသာ သိရှိ၏။
အဆုံးမဲ့တာအိုများ ပိုမိုရှင်းလင်းလာခြင်း၊ ဝိညာဉ်စွမ်းအားချီများ ပြန်လည်နိုးထလာခြင်း။
ကုတောက်လင်းကဲ့သို့သော ကျင့်ကြံသူများသာမက... ဧကရာဇ်တပိုင်းအဆင့်ရှိသော သူပင်လျှင်... ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ပိတ်ဆို့နေသော အတားအဆီးသည် အနည်းငယ် လျော့ရဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်မှာ မည်သို့အဓိပ္ပာယ်သက်ရောက်သနည်း။
တစ်ချိန်က အဆင့်တက်ရန် မျှော်လင့်ချက်မရှိသောကြောင့်... အိပ်စက်ခြင်းသို့ ဝင်ခဲ့ရသော မရေတွက်နိုင်သော သက်ကြီးပိုင်းများစွာသည် ဤအရာကြောင့် နိုးထလာနိုင်ပြီး... ပိုမိုမြင့်မားသော နယ်ပယ်များသို့ တက်လှမ်းရန် ကြိုးစားကြလိမ့်မည်ဖြစ်ကာ... ထိုသူများထဲတွင် ဧကရာဇ်တပိုင်းအဆင့် တည်ရှိမှုများပင် ပါဝင်ပေလိမ့်မည်။
ထိုမျှသာမက ကောင်းကင်နှင့်မြေကြီး၏ ကြီးမားသော ပြောင်းလဲမှုများသည် ကျင့်ကြံရန် ပိုမိုအထောက်အကူဖြစ်စေပြီး... မျိုးဆက်သစ်မှ ပါရမီရှင်များသည် နွေဦးမိုးရွာပြီးနောက် ဝါးညှောင့်များ ပေါက်လာသကဲ့သို့ ထွက်ပေါ်လာမည်ဟုလည်း အဓိပ္ပာယ်ရသည်။
ဤသည်မှာ အဆုံးမဲ့ကမ္ဘာကြီးသည် မကြုံခဲ့ဖူးသည့် ကြီးပွားချမ်းသာသော ခေတ်ကြီးတစ်ခုကို ကြိုဆိုရတော့မည်ဟု အဓိပ္ပာယ်သက်ရောက်နေနိုင်သည်။
သို့သော်... ဤ ကြီးပွားချမ်းသာသော ခေတ်ကြီးသည် မျှော်လင့်ထားသကဲ့သို့ အမှန်တကယ် ရောက်ရှိလာနိုင်ပါမည်လော။
ကုဝူရှန့်တွင် သံသယအချို့ ရှိနေခဲ့သည်။
ကျူးကျော်လာသော နတ်ဆိုးနယ်မြေတပ်မတော်သည် မကြာသေးမီကမှ ဆုတ်ခွာသွားခဲ့သည်ကို မေ့မထားသင့်ပေ။
ထိုကြောက်မက်ဖွယ် နတ်ဆိုးနယ်မြေ သတ္တဝါများသည် တစ်ကြိမ်ရှုံးနိမ့်ရုံဖြင့် လက်လျှော့သွားမည်လော။
ကုဝူရှန့်သည် ဤသည်မှာ လုံးဝမဖြစ်နိုင်ဟု ခံစားမိသည်။
ထိုနတ်ဆိုးနယ်မြေတပ်မတော်သည် အနာဂတ်တွင် တစ်နေ့နေ့၌ ပြန်လည်ရောက်ရှိလာနိုင်ခြေ များကြောင်း သူယုံကြည်၏။
ထိုအချိန်တွင်...ဤ ကြီးပွားချမ်းသာသော ခေတ်ကြီးဟု ခေါ်ဆိုနေသည်ကိုအသာထား... အဆုံးမဲ့ကမ္ဘာကြီး ဆက်လက်တည်ရှိနေဦးမည် မတည်ရှိနေဦးမည်ကိုပင် မသိနိုင်ပေ.....
ဤသို့တွေးမိသောအခါ ကုဝူရှန့်သည် ကုချန် ကျင့်ကြံနေသော ပင်မခန်းမဆောင်ဘက်သို့ အလိုအလျောက် ကြည့်မိသွားသည်။
ဤကိစ္စနှင့်ပတ်သက်၍ ဘိုးဘေးကြီး မည်သို့ တွေးတောမည်ကို သူသိချင်မိသည်။
အထက်ကောင်းကင် ပင်မခန်းမဆောင်အတွင်း၌.....
ကုချန်သည် ခေါင်းတလားအဖုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိပြီး... ဧကရာဇ်ကိုးပါး အမှန်တရားနားလည်ခြင်း၏ အကြောင်းအရာများကို... ခွဲခြမ်းစိတ်ဖြာ လေ့လာနေခဲ့သည်။
အဆုံးမဲ့ကမ္ဘာတစ်ခွင်လုံးတွင် ဖြစ်ပေါ်နေသော ရုတ်တရက်ပြောင်းလဲမှုများသည် အသေအချာပင် ကုချန်၏ အာရုံခံနိုင်စွမ်းမှ လွတ်မြောက်သွားနိုင်ခြင်းမရှိခဲ့ပေ။ သူသည် ထိုအရာများကို ရှင်းရှင်းလင်းလင်း အာရုံခံမိခဲ့၏။
သို့သော်... အဆုံးမဲ့ကမ္ဘာတစ်ခုလုံး၏ ပြောင်းလဲမှုများကို အာရုံခံမိပြီးနောက် ကုချန်သည် သူ၏မျက်ခွံများကို အနည်းငယ်မျှသာ ပင့်လိုက်ပြီး... မည်သည့်အာရုံစိုက်မှုမျှ ထပ်မံမပေးတော့ဘဲ ဧကရာဇ်ကိုးပါး အမှန်တရားနားလည်ခြင်းထဲသို့သာ ဆက်လက်၍ နက်နက်နဲနဲ လေ့လာနေခဲ့သည်။
ခေတ်သစ်ကြီး ရောက်လာပြီ... ကောင်းကင်နဲ့မြေကြီးက ပြန်လည်နိုးထလာပြီလား.....
ကုချန်သည် ဤအရာအားလုံးမှာ အဓိပ္ပာယ်မဲ့ကြောင်း အသေအချာပင် သိရှိခဲ့၏။
နတ်ဆိုးနယ်မြေက ပြန်လာတဲ့အခါ... အဆုံးမဲ့ကမ္ဘာကြီး ပျက်စီးသွားလိမ့်မယ်... ခေတ်သစ်ကြီးလို့ခေါ်တဲ့အရာက ဘယ်မှာ ရှိတော့မှာလဲ။
အရာအားလုံးဟာ လေထဲတွင် တိုက်အိမ်ဆောက်ခြင်း... ရေထဲတွင် လအားဖမ်းယူခြင်းမျှသာ ဖြစ်သည်။