← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 10 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 10 Ch. 139-140

‎အခန်း (၁၃၉) - တစ်ဆံခြည်မျှင်သာ လိုတော့ခြင်း၊ ကုချန် ကတိပေးလိုက်ခြင်း၊ မကြောက်မရွံ့ခြင်း

‎

‎

‎

‎" တကယ်နှမြောစရာပဲ... နည်းနည်းလေးပဲ လိုတော့တာပါလား " ကုချန်သည် နောင်တရသော အရိပ်အယောင်အနည်းငယ်ဖြင့် သက်ပြင်းချလိုက်သည်။

‎

‎

‎ဧကရာဇ်ကိုးပါး အမှန်တရား နားလည်မှုကျမ်းအား အပြည့်အဝ စုပ်ယူပြီး... သူ၏ ကောင်းကင်ဧကရာဇ်ကျမ်းတော်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းပြီးနောက်တွင်... ကုချန်သည် အတားအဆီးတစ်ခု တည်ရှိနေသည်ကို မသဲမကွဲ ခံစားမိနေခဲ့သည်။

‎

‎

‎သူသည် ဤအတားအဆီးအား ဖောက်ထွင်းနိုင်ပါက... ကောင်းကင်ဧကရာဇ်ကျမ်းတော်အား ဆင့်ကဲပြောင်းလဲစေနိုင်မည်ဖြစ်ပြီး... ဧကရာဇ်များအကြား၌ပင် မကြုံစဖူးထူးကဲကာ... နောက်ထပ်ဆက်ခံသူများ ရှိလာနိုင်မည်မဟုတ်သော... ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ တက်လှမ်းရောက်ရှိနိုင်မည် ဖြစ်သည်။

‎

‎

‎ဤအဆင့်အား ဖောက်ထွင်းတက်လှမ်းရန်အတွက်... သူသည် နောက်ထပ် စစ်မှန်သော ဧကရာဇ်ကျမ်း တစ်စောင် သို့မဟုတ် နှစ်စောင်အား စုပ်ယူပေါင်းစပ်ရန် လိုအပ်မည်ဖြစ်ကြောင်း... သူ ခန့်မှန်းမိလိုက်သည်။

‎

‎

‎သို့သော်... စစ်မှန်သော ဧကရာဇ်ကျမ်းတော်များသည် ရှားပါးပြီး ရရှိရန် ခဲယဉ်းသည်မှာ သံသယရှိစရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် ကုချန်သည် အဆုံးမဲ့ကမ္ဘာ၏ သမိုင်းတစ်လျှောက်လုံးတွင်... ဤအဆင့်သို့ အမှန်တကယ် တက်လှမ်းရောက်ရှိနိုင်သူ တစ်ဦးတစ်ယောက်ပင် ရှိသည်ဟု... မကြားဖူးခဲ့သောကြောင့် ဖြစ်၏။ အများစုမှာ အထွတ်အထိပ်အဆင့်၏ တုယောင်ဧကရာဇ်များမျှသာ ဖြစ်ကြသည်။

‎

‎

‎ထို့ကြောင့်... သူသည် စိုးရိမ်ပူပန်နေခဲ့လျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။ သူသည် သင့်လျော်သော အခွင့်အရေးတစ်ခုအား... စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းရန် လိုအပ်သည်။

‎

‎

‎" ငါ တရားကျင့်တာ ပြီးသွားပြီ... ကုမိသားစုဝင်တွေကို အရင် သွားကြည့်လိုက်ဦးမယ် " ကုချန်သည် ဧကရာဇ်ကျမ်းတော်အား မည်သည့်အချိန်တွင် ရရှိမည်ကို... ဆက်လက်တွေးတောမနေတော့ဘဲ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

‎

‎

‎မည်သို့ပင်ဖြစ်စေ... သူ၏အစွမ်းသတ္တိဖြင့်... သူသည် ဧကရာဇ်ကျမ်းတစ်စောင်ကို မရရှိခဲ့လျှင်ပင်... အနာဂတ်တွင် ကောင်းကင်ဧကရာဇ်ကျမ်းတော်အား သူ့ဘာသာသူ အကောင်းဆုံးဖြစ်အောင် ပြုပြင်မြှင့်တင်နိုင်ပြီး... ထိုအဆင့်သို့ ဖောက်ထွင်းတက်လှမ်းနိုင်မည်သာ ဖြစ်၏။ သို့သော် ၎င်းသည် အချိန်အနည်းငယ် ပိုမို ကြာမြင့်သွားမည်သာ ဖြစ်သည်။

‎

‎

‎" ဝင်ခဲ့ " ကုချန်သည် သူ၏အကြည့်ကို မြှင့်တင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

‎

‎

‎သူ ကျင့်ခြင်းမှ နိုးထလာသည့် အခိုက်အတန့်၌ပင်... ကုတောက်လင်းသည် ခန်းမဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး... အရေးကြီးသော ကိစ္စတစ်စုံတစ်ရာ ရှိနေသည့်အလား... စိုးရိမ်ပူပန်စွာဖြင့် ဟိုဟိုသည်သည် လမ်းလျှောက်နေသည်ကို သူ သိရှိခံစားမိပြီးသား ဖြစ်သည်။

‎

‎

‎" ဘိုးဘေး ကျင့်ကြံတာ ပြီးသွားပြီလား "

‎

‎

‎အထက်ကောင်းကင်ခန်းမဆောင်၏ အပြင်ဘက်တွင်... ကုတောက်လင်းသည် ခန်းမဆောင်အတွင်းမှ တည်ငြိမ်သောအသံကို ကြားလိုက်ရပြီး... ဝမ်းမြောက်မှုအား မထိန်းနိုင်ဘဲ ဖြစ်သွားကာ တံခါးကို လျင်မြန်စွာ တွန်းဖွင့်၍ ဝင်ရောက်လာခဲ့သည်။

‎

‎

‎" ဘိုးဘေး ဒါက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အပြည့်အစုံပါပဲ "

‎

‎

‎ကုတောက်လင်းသည် ကုချန် တရားကျင့်နေစဉ်အတွင်း ကုမိသားစု၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအား အကျဉ်းချုံး အစီရင်ခံတင်ပြခဲ့ပြီး... အထူးသဖြင့် ယဲ့ယင်းယင်းအား လော့ထျန်းနန်းတော်မှ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအား... တစ်ခုမျှ မချန်ဘဲ အသေးစိတ်ဖော်ပြခဲ့သည်။

‎

‎

‎ထို့နောက်... ကုချန်မှ ယဲ့ယင်းယင်း၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်သွားမည်ကို ကြောက်ရွံ့သည့်အလား... သူက လျင်မြန်စွာ ထပ်ဖြည့်ပြောလိုက်သည်။ " ယဲ့ယင်းယင်းလေးက ဘိုးဘေး ဝူရှန့် ကယ်တင်ခဲ့လို့ အခု ဘေးကင်းလုံခြုံနေပါပြီ... ဘိုးဘေးကြီး အရမ်း စိတ်ပူနေစရာ မလိုပါဘူး "

‎

‎

‎အရာအားလုံးကို အစီရင်ခံတင်ပြပြီးနောက်... ကုတောက်လင်းသည် ကုချန်၏ တုံ့ပြန်မှုအား စောင့်ဆိုင်းရင်း အသက်ပင်မရှူဘဲ နေလိုက်သည်။

‎

‎

‎ဤကဲ့သို့သော ကိစ္စရပ်အပေါ်၌ ဘိုးဘေးအို မည်သို့ တုံ့ပြန်မည်ကို သူ မသိခဲ့ပေ။

‎

‎

‎ယဲ့ယင်းယင်းသည် ဘိုးဘေး၏ ပထမဆုံး ကိုယ်ပိုင်တပည့် ဖြစ်ပြီး... ယခု သူသည် ဤသို့သော အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရကာ... အသက်ပင် ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ ဤ လော့ထျန်းနန်းတော်သည် ဘိုးဘေး၏ သည်းခံနိုင်မှုအား အတိအလင်းပင် စိန်ခေါ်နေခြင်း ဖြစ်သည်။

‎

‎

‎ကုတောက်လင်းသည် ယဲ့ယင်းယင်း၏ အခြေအနေအား ကြားသိရသည့်အခါ... ကုချန် မည်သို့ တုံ့ပြန်မည်ကို မသေချာမရေရာ ဖြစ်လျက်... စိတ်မသက်မသာ ခံစားနေရသည်။

‎

‎

‎သို့သော် သူ မမျှော်လင့်ထားခဲ့သည်မှာ... သူ၏ အစီရင်ခံစာ အပြည့်အစုံကို ကြားသိပြီးနောက်တွင်... ကုချန်၏ မျက်နှာအမူအရာသည် ယခင်အတိုင်းပင် တည်ငြိမ်လျက် ရှိနေဆဲဖြစ်ပြီး... ဝမ်းမြောက်မှု၊ ဒေါသထွက်မှု၊ ဝမ်းနည်းမှု သို့မဟုတ် ပျော်ရွှင်မှု လက္ခဏာ တစ်စုံတစ်ရာမျှ ပြသခြင်း မရှိနေခဲ့ပေ။

‎

‎

‎မည်သို့ပင်ဖြစ်စေ... ကုတောက်လင်းသည် ဖော်ပြနိုင်စွမ်းမရှိသော ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားနေရဆဲ ဖြစ်သည်။

‎

‎

‎ထိုခံစားချက်သည် မည်သည့်အချိန်မဆို အရာအားလုံးအား ပြာအဖြစ် လောင်ကျွမ်းသွားစေနိုင်သော... ပေါက်ကွဲရန် အသင့်အနေအထားရှိနေသည့် မီးတောင်တစ်ခုနှင့်တူနေခဲ့သည်။

‎

‎

‎ကုတောက်လင်း၏ အစီရင်ခံချက် အပြည့်အစုံအား နားထောင်ပြီးနောက်... ကုချန်သည် မျက်နှာအမူအရာမပြဘဲ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်... ယဲ့ယင်းယင်း အနားယူနေသော ခန်းမဆောင်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။

‎

‎

‎" ဘိုးဘေး! " ယဲ့ယင်းယင်း၏ လုံခြုံရေးအတွက် စိုးရိမ်နေသော ကုချင်းရွဲ့သည် သူ၏ ဘေးနားတွင် ရှိနေခဲ့သည်။ ဘိုးဘေး ပေါ်ထွက်လာသည်ကို မြင်သောအခါ သူသည် လျင်မြန်စွာ ဦးညွှတ်လိုက်၏။

‎

‎

‎" မင်း ကောင်းကောင်း လုပ်ခဲ့တယ်... ငါကိုယ်တော်ရဲ့ ကိုယ်ပိုင်တပည့် အသက်ကို ကယ်တင်ခဲ့တယ်... အနာဂတ်မှာ... ငါကိုယ်တော်က မင်းတောင်းဆိုတာ တစ်ခုကို ခွင့်ပြုပေးမယ် " ကုချန်သည် ကုချင်းရွဲ့၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်အား ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎ကုချင်းရွဲ့၏ ဆရာ... ရှောင်းယွဲ့နတ်သမီး၏ အချိန်မီ ကြားဝင်စွက်ဖက်မှုသာ မရှိခဲ့ပါလျှင်... ယဲ့ယင်းယင်း အသက်ရှင် ကျန်ရစ်နိုင်မလား ဆိုသည်မှာ မသေချာကြောင်းကို... ကုချန် သိရှိနေ၏။ ထို့ကြောင့်... ကုချန်သည် ရှောင်းယွဲ့နတ်သမီးအား ကျေးဇူးတစ်ခု တင်ရှိသွားခဲ့သည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်က အမွှမ်းတင်လွန်းနေပါပြီ... ယင်းယင်းက ချင်းရွဲ့ရဲ့ သူငယ်ချင်းပါ... ဒီတော့ ကျွန်မ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး "

‎

‎

‎ကုချင်းရွဲ့၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်သည် တောက်ပလာခဲ့ပြီး... ရှောင်းယွဲ့နတ်သမီးက လျင်မြန်စွာ ပြန်လည်ဖြေကြားလိုက်သည်။ သို့သော် သူ၏အသံထဲ၌ ဖုံးကွယ်ထား၍မရသော စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။

‎

‎

‎ကုချန်၏ ကျေးဇူးသည် မည်မျှ အရေးပါအရာရောက်သည်ကို... သူသည် အခြားသူများထက် ပိုမို သိရှိနားလည်၏။

‎

‎

‎ဤကဲ့သို့သော ဧကရာဇ်တစ်ပါးထံမှ ကတိတစ်ခုအား ရရှိထားခြင်းသည်... အနာဂတ်တွင် သူ အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့် အခြေအနေမျိုး ကြုံခဲ့ရပါလျှင်... အပိုအသက်တစ်ချောင်း ရရှိထားသကဲ့သို့ ဖြစ်သည်ဟုဆိုလျှင်ပင် လွန်ကဲစွာ ပြောဆိုခြင်း မဟုတ်ပေ။

‎

‎

‎" ဘိုးဘေး... ယင်းယင်း သူ..... " ကုချန် ရောက်ရှိလာသည်ကို မြင်သောအခါ... ကုချင်းရွဲ့သည် ပထမဦးစွာ ယဲ့ယင်းယင်း၏ ဒဏ်ရာများအကြောင်း မေးမြန်းလိုက်ပြီးနောက်... ရှက်ရွံ့သော အသွင်အပြင်ကို ပြသကာ ပြောလိုက်၏။ " ဒါတွေအားလုံး ကျွန်မရဲ့ အမှားပါပဲ... ကျွန်မသာ ခေါင်းမာမနေဘဲ... ဘိုးဘေး ဝူရှန့် ပေးသနားတဲ့ အသက်ကယ်ဂါထာလက်ဖွဲ့ကို မငြင်းခဲ့ဘူးဆိုရင်... ယင်းယင်း ဒီကပ်ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ရမှာ မဟုတ်ပါဘူး "

‎

‎

‎" သူ ဘေးကင်းလုံခြုံပါတယ်... မင်း စိတ်ပူစရာမလိုဘူး... သူ အများဆုံး တစ်ရက်အတွင်း နိုးလာလိမ့်မယ် "

‎

‎

‎ ကုချန်သည် ပထမဦးစွာ ကုချင်းရွဲ့အား နှစ်သိမ့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

‎

‎

‎ " မင်း ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မနေနဲ့... ဒီတွေ့ကြုံမှုက သူ့ရဲ့ ကပ်ဘေးဒုက္ခလဲ ဟုတ်သလို... သူ့ရဲ့ ကံကောင်းခြင်းလဲ ဟုတ်တယ်... အသက်နဲ့သေခြင်းရဲ့ အခိုက်အတန့်ကို တွေ့ကြုံခံစားလိုက်ရတာက... သူ့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို လှုံ့ဆော်ပေးပြီး... သူ့အတွက် ဖော်ပြလို့မရတဲ့ အကျိုးကျေးဇူးတွေ ယူဆောင်လာပေးလိမ့်မယ် "

‎

‎

‎ဤကိစ္စရပ်အတွက် အပြစ်သည် ကုချင်းရွဲ့ထံ၌ ရှိနေခြင်း မဟုတ်ပေ။ ထို့ကြောင့် ကုချန်သည် သူ့အား အပြစ်တင်မည် မဟုတ်သည်မှာ သေချာ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... ထိုအသက်ကယ်ဂါထာလက်ဖွဲ့တွင် သူ၏စွမ်းအင်တစ်မျှင် ပါဝင်နေသောကြောင့်သာ... လူသားဧကရာဇ်ထံမှ နေလဧကရာဇ်ကျမ်းတော်အား လက်ခံရရှိခဲ့သော ကုချင်းရွဲ့နှင့် အခြားသူများသည်... ၎င်းအား သူ့ထံသို့ ချက်ချင်း ပို့ဆောင်လိုသဖြင့်... အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဦးစွာ ပြန်လည်ယူဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

‎

‎

‎အမှန်တကယ် အပြစ်ရှိသူမှာ လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူနှင့် လော့ထျန်းနန်းတော်သာလျှင် ဖြစ်သည်။

‎

‎

‎" မြောင်းပုပ်ထဲက ညစ်ပတ်တဲ့ ကြွက်တွေက ငါကိုယ်တော်ရဲ့ တပည့်ကို တိုက်ခိုက်ရဲတယ်ပေါ့... သိပ်ကောင်းတယ် " ကုချန်သည် တီးတိုးရေရွတ်လိုက်ပြီး... နောက်တစ်ခဏတွင် သူ၏ပုံရိပ်သည် ခန်းမဆောင်မှ ပျောက်ကွယ်သွားခဲ့သည်။

‎

‎

‎" ဘိုးဘေးက လော့ထျန်းနန်းတော်က ကြွက်တွေကို ရှာတွေ့နိုင်ပါ့မလား " ကုချင်းရွဲ့သည် ကုချန် ပျောက်ကွယ်သွားရာဘက်သို့ ကြည့်ရင်း... အနည်းငယ် စိုးရိမ်ပူပန်မှုဖြင့် မေးမြန်းလိုက်သည်။

‎

‎

‎အကယ်၍ သူတို့သည် လော့ထျန်းနန်းတော်၏ ပုန်းခိုရာနေရာအား ရှာမတွေ့နိုင်ခဲ့ပါက... ဤကြောက်မက်ဖွယ် လူသတ်သမားများသည်... အနာဂတ်တွင် မည်သည့်အချိန်မဆို ချောင်းမြောင်းတိုက်ခိုက်လာနိုင်ပြီး... သူတို့အား ခုခံကာကွယ်ရန် မဖြစ်နိုင်အောင် ပြုလုပ်နိုင်ပေသည်။

‎

‎

‎သို့သော်... ရှေးခေတ်အချိန်များကတည်းက လော့ထျန်းနန်းတော်၏ ဖုံးကွယ်နိုင်စွမ်းသည် ကျော်ကြားလွန်းခဲ့၏။

‎

‎

‎ကုချင်းရွဲ့သည် ရှေးဟောင်းကျမ်းတစ်စောင်တွင်... အဆုံးမဲ့ကမ္ဘာမှ မဟာဧကရာဇ်တစ်ပါး၏ ရင်းနှီးသော ဆွေမျိုးတစ်ဦးပင်လျှင်... တစ်ချိန်က လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရဖူးသည်ကို... တွေ့မြင်ခဲ့ဖူးကြောင်း သတိရလိုက်သည်။

‎

‎

‎ထိုအချိန်က မဟာဧကရာဇ်သည် အမျက်ထွက်ခဲ့ကာ... အပင်ပန်းခံ ရှာဖွေမှုများ ပြုလုပ်ပြီးနောက်တွင်ပင်... လော့ထျန်းနန်းတော်၏ ပုန်းခိုရာနေရာအား ရှာမတွေ့နိုင်ခဲ့ပေ။

‎

‎

‎နောက်ပိုင်းတွင်... နှစ်ပေါင်း သောင်းချီကြာအောင် ငုပ်လျှိုးနေခဲ့ပြီးနောက်... မဟာဧကရာဇ် ကွယ်လွန်ပြီးသည့်အခါ... လော့ထျန်းနန်းတော်သည် လူအများအမြင်၌ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး... လုပ်ကြံသတ်ဖြတ်မှုအား နောက်တစ်ကြိမ် ထပ်မံ ပြုလုပ်ခဲ့သည်။

‎

‎

‎ဒေါသအပြည့်ဖြင့် ရှိနေသော အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်တစ်ပါးပင်လျှင် လော့ထျန်းနန်းတော်၏ ပုန်းခိုရာနေရာအား မဖော်ထုတ်နိုင်ခဲ့ပေ။

‎

‎

‎ဘိုးဘေး၏ အစွမ်းသတ္တိသည် သာမန် ဧကရာဇ်တစ်ပါးထက် များစွာ သာလွန်နေသော်လည်း... သူသည် အမှောင်ထဲ၌ ပုန်းကွယ်နေသော ဤလူသတ်သမား အုပ်စုအား... အမှန်တကယ် ရှာဖွေနိုင်မည်လော။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အကျဉ်းထောင်အတွင်း၌.....

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ကြိုးများဖြင့် ချည်နှောင်ခံထားရပြီး... သူ၏ ချီပင်လယ်နှင့် သွေးကြောများသည်ပင် လုံးဝ ချိပ်ပိတ်ခံထားရသည်။

‎

‎

‎သို့သော် ထိုသို့ဖြစ်နေသော်ငြား သူ၏မျက်နှာသည် မည်သည့်အမူအရာမျှ မပြဘဲ... သူ၏မျက်လုံးများနှင့် မျက်နှာပေါ်၌ သေခြင်းတရား၏ အရှိန်အဝါတစ်ခုသာ မှိန်ဖျော့စွာ လွှမ်းခြုံလျက် ရှိနေသည်။

‎

‎

‎သူသည် ကုချန် ရောက်ရှိလာသည်ကို မြင်သောအခါ... ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင် တစ်စမျှ မပြရုံသာမက... ဆန့်ကျင်ဘက်အနေဖြင့် စိတ်သက်သာရာ ရသွားဟန်ရှိသော အမူအရာတစ်ခုပင် ပေါ်ထွက်လာခဲ့၏။

‎

‎

‎" ငါ့ကို သတ်လိုက်! မင်း ငါ့ဆီက ဘာမှရမှာ မဟုတ်ဘူး " လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ပြောလိုက်သည်။

‎

‎အခန်း (၁၄၀) - ရေစက်မကျခြင်း၊ လုပ်ကြံသူလောက၊ ချွင်းချက်မရှိ

‎

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ကုချန်အပေါ်၌... ကြောက်ရွံ့ခြင်း အရိပ်အယောင် တစ်စုံတစ်ရာ မပြသည့်အပြင်... လှောင်ပြောင်သရော်လိုသော အရိပ်အယောင်တစ်ခုသာ ရှိနေခဲ့သည်။

‎

‎

‎လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် အလွန်အမင်း သိချင်စိတ် ပြင်းပြလျက်ရှိခဲ့သည်။ တစ်ဖက်လူက သူ့အား ဖမ်းဆီးထားပြီးဖြစ်သော်လည်း... အဘယ်ကြောင့် စစ်ဆေးမေးမြန်းခြင်း မပြုသနည်း။ ထိုအစား သူ့အား ဤနေရာတွင်သာ အကျဉ်းချထားပြီး... သူ့ထံသို့ လာရောက်မေးမြန်းသူ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေ။ သူတို့ ဘာများတွေးတောကြံစည်နေသည်ကို သူသိချင်နေမိ၏။

‎

‎

‎အမှန်တကယ်တွင်... သူသည် ကုမိသားစုအား သူ့ကို အမြန်ဆုံး သေဒဏ်ပေးလိုက်ပါရန် ပြောချင်နေမိသည်။ အကြောင်းမှာ... မည်သို့သော စစ်ဆေးမေးမြန်းမှုမျိုးမဆို... သူ့အတွက် အဓိပ္ပာယ်မဲ့နေမည် ဖြစ်သောကြောင့်ပင်။

‎

‎

‎လော့ထျန်းနန်းတော်မှ ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးထားသော လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့်... သူသည် လော့ထျန်းနန်းတော်အား မည်သည့်အခါမျှ သစ္စာဖောက်မည် မဟုတ်ပေ။ အပြင်းထန်ဆုံးသော စစ်ဆေးမေးမြန်းမှုများအောက်တွင်ပင်... သူသည် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ချေ။

‎

‎

‎သေခြင်းတရားအတွက်မူ သူ ပို၍ပင် မကြောက်ရွံ့ပေ။

‎

‎

‎သေခြင်းတရားဆိုသည်မှာ လူသတ်ခန်းမ၏ ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိသွားခြင်းမျှသာ ဖြစ်သည်။

‎

‎

‎" ဒီလောက်နှစ်တွေ ကြာပြီးတဲ့နောက်မှာတောင်... ကုမိသားစုက အဲ့ဒီကောင်မလေးအတွက် ခုထိ ရပ်တည်ပေးလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါကျရှုံးသွားရင်တောင်... ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး "

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ကုချန်အား စိုက်ကြည့်ရင်း... သူ၏လေသံသည် တဖြည်းဖြည်း စိတ်လှုပ်ရှားတက်ကြွသော အရိပ်အယောင်များ ပါဝင်လာခဲ့သည်။

‎

‎

‎" ငါမှန်းတာမမှားဘူးဆိုရင်... မင်းက အဆုံးမဲ့ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ကောင်းကင်ဘုံအရှင်သခင်... ကုမိသားစု မဟာဧကရာဇ်ပဲ ဟုတ်တယ်မလား? ဟက်! ကောင်းကင်ဘုံအရှင်သခင်ရဲ့ လက်ချက်နဲ့ သေရတာဆိုတော့... ဒီအရှင်သခင်ရဲ့ဘဝက အလကားမဖြစ်တော့ဘူးပဲ... ဟားဟားဟား! "

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည်... ကုချန် မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိနေပြီ ဖြစ်သော်လည်း... သူသည် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြသည့်အပြင်... စိတ်လှုပ်ရှားနေဟန်ပင် ရှိနေခဲ့သည်။

‎

‎

‎ဧကရာဇ်မျိုးနွယ်စုများ၏ မဟာဧကရာဇ်များပင်လျှင်... ဤကောင်းကင်ဘုံအရှင်သခင်၏ လက်ချက်ဖြင့် ကျဆုံးခဲ့ဖူးသည်။ သူ့ကဲ့သို့သောသူတစ်ဦးသည် ထိုကောင်းကင်ဘုံအရှင်၏လက်ဖြင့် အသတ်ခံရခြင်းသည် 'ဂုဏ်ယူ'ဖွယ် တစ်မျိုး မဟုတ်ပါလော။

‎

‎

‎ကုချန်သည် တိတ်ဆိတ်စွာ ရပ်လျက်... လော့ထျန်းနန်းတော်မှ လုပ်ကြံသတ်ဖြတ်သူ၏ အနည်းငယ်ရူးသွပ်နေသော သရုပ်ဆောင်မှုအား ကြည့်နေခဲ့ပြီး... သူ၏အကြည့်များမှာ ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ တည်ငြိမ်နေခဲ့သည်။

‎

‎

‎သူသည် လက်တစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်ပြီး... လော့ထျန်းနန်းတော်မှ လုပ်ကြံသတ်ဖြတ်သူ၏ နဖူးပြင်အား ထိလိုက်၏။

‎

‎

‎ထို့နောက်... ကြီးမားလှသော မှတ်ဉာဏ်များစွာသည် ရုတ်တရက်ထိုးတက်လာသော ဒီရေကဲ့သို့.... ကုချန်၏ စိတ်ပင်လယ်ထဲသို့ သွန်ချဝင်ရောက်လာလေသည်။

‎

‎

‎" ဝိညာဉ်ရှာဖွေတာလား? "

‎

‎

‎ကုချန်သည် သူ့အား မည်သည့်မေးခွန်းမျှ မေးမြန်းရန် ရည်ရွယ်ချက်မရှိဘဲ... ဝိညာဉ်ကို တိုက်ရိုက်ရှာဖွေလိုက်သည်ကို မြင်သောအခါ... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး... သူ၏မျက်နှာသည် တဖြည်းဖြည်း ပိုမိုကြမ်းတမ်းခက်ထန်လာခဲ့၏။

‎

‎

‎" မဟာဧကရာဇ်တစ်ယောက်ရဲ့ နည်းလမ်းတွေအတိုင်းပဲကိုး... ငါ့ဝိညာဉ်ထဲက မှတ်ဉာဏ်တွေကို တိုက်ရိုက်ရှာဖွေတာပဲ... ဒါပေမဲ့ အဲ့တော့ ဘာဖြစ်လဲ? မင်း ငါ့ဆီကနေ မင်းလိုချင်တာ ဘာတစ်ခုမှ ရသွားမှာ မဟုတ်ဘူး! "

‎

‎

‎ကုချန်သည် လော့ထျန်းနန်းတော်မှ လုပ်ကြံသတ်ဖြတ်သူ၏ စကားများကို လျစ်လျူရှုလိုက်ပြီး... ထိုအစား သူ၏စိတ်ပင်လယ်ထဲရှိ အမှတ်တရများအားလုံးကို လှန်လှောကြည့်ရှုလိုက်သည်။

‎

‎

‎သို့သော် ရလဒ်မှာ... သူသည် လော့ထျန်းနန်းတော်၏ ဌာနချုပ်နှင့် ပတ်သက်သော မည်သည့်သတင်းအချက်အလက်ကိုမျှ... ရှာမတွေ့ခဲ့ခြင်းပင် ဖြစ်သည်။

‎

‎

‎ဤ လော့ထျန်းနန်းတော်မှ လူသတ်သမားများသည် တစ်ဦးနှင့်တစ်ဦး တစ်ကြောင်းတည်းသော ဆက်သွယ်မှုများသာ ရှိကြသည်။ ဤသူသည် လော့ထျန်းနန်းတော်၏ ဌာနချုပ်သို့ တစ်ခါမျှပင် ရောက်ဖူးခြင်းမရှိဘဲ... သူ၏အထက်လူကြီးထံမှ တစ်ကြောင်းတည်းသော ဆက်သွယ်မှုမှတစ်ဆင့်... တာဝန်များ အမြဲတမ်း ပေးအပ်ခြင်း ခံခဲ့ရသည်။

‎

‎

‎သူငယ်စဉ်ကတည်းက လူသတ်သမား၏ တာအိုကို စတင်လေ့ကျင့်ခဲ့သော နေရာပင်လျှင် လော့ထျန်းနန်းတော်၏ တည်နေရာနှင့် မည်သို့မျှ ဆက်စပ်မှု မရှိခဲ့ပေ။

‎

‎

‎စေ့စပ်သေချာခြင်း၊ တင်းကျပ်ခြင်းတို့သည်... ရေစက်တစ်ပေါက်မျှ မကျနိုင်လောက်အောင်ပင်!

‎

‎

‎ဤသူ၏ အမှတ်တရများကို စစ်ဆေးပြီးနောက်တွင်... ကုချန်သည် လော့ထျန်းနန်းတော် အဘယ်ကြောင့် ဤမျှကြာမြင့်စွာ တည်ရှိနိုင်ခဲ့သည်ကိုနှင့်... မရေတွက်နိုင်သော ဝိုင်းရံတိုက်ခိုက်မှုများကြားမှ ထိခိုက်မှုမရှိဘဲ ကျန်ရစ်ရသည့် အကြောင်းရင်းမှန်ကိုပါ... နားလည်သဘောပေါက်သွားခဲ့သည်။

‎

‎

‎အကြောင်းမှာ... လုပ်ကြံသတ်ဖြတ်ရေး တာဝန်များ ထမ်းဆောင်ရန် အပြင်သို့ ထွက်သွားသော လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူများအားလုံးသည်... ဤသူကဲ့သို့ပင် လော့ထျန်းနန်းတော် မည်သည့်နေရာတွင် ရှိသည်ကို... လုံးဝ မသိရှိကြသောကြောင့်ပင်။

‎

‎

‎လော့ထျန်းနန်းတော်၏ တည်နေရာကိုပင် ရှာမတွေ့နိုင်ပါက... ဤဆန်းကြယ်သော လူသတ်သမားအဖွဲ့အစည်းကို မည်သို့ အမြစ်ပြတ်ချေမှုန်းနိုင်မည်နည်း။

‎

‎

‎ထို့အပြင်... လော့ထျန်းနန်းတော်မှ ဤလူသတ်သမားများအား ပေးအပ်ခဲ့သော လေ့ကျင့်မှုနှင့် ဦးနှောက်ဆေးကြောမှုများထဲတွင်... စစ်မှန်သော သေခြင်းတရားကသာလျှင် လော့ထျန်းနန်းတော်၏ ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိစေနိုင်မည် ဖြစ်သည်။

‎

‎

‎ဤသည်မှာ လုံခြုံသော ကွင်းဆက်တစ်ခုကို ဖွဲ့စည်းထားပြီး... သူတို့၏ အမှတ်တရများကို ရှာဖွေခြင်းပင်လျှင်... အသုံးဝင်သော သဲလွန်စ တစ်ခုတလေမျှ မရရှိရန် သေချာနေခဲ့သည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်... ဘယ်လိုနေလဲ? "

‎

‎

‎ကုချန်၏ မျက်နှာအမူအရာမပြောင်းလဲသည်ကို မြင်သောအခါ... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူက လှောင်ပြောင်လိုက်လေသည်။

‎

‎

‎" ငါ အစကတည်းက ပြောသားပဲ... မင်း ငါ့ဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက် ဘာတစ်ခုမှ ရမှာမဟုတ်ဘူးလို့... ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်တောင် လော့ထျန်းနန်းတော် ဘယ်မှာရှိမှန်း မသိဘူး! ဟားဟားဟား! "

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ကုချန်၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုနှင့် မကျေနပ်မှုများကို အသည်းအသန် မြင်တွေ့လိုနေခဲ့သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဤနည်းလမ်းဖြင့်... လက်ရှိ အဆုံးမဲ့ကမ္ဘာတွင် အစွမ်းထက်ဆုံးဟု သတ်မှတ်ခံထားရသော တည်ရှိမှုတစ်ခုအား ဆော့ကစားနိုင်ခြင်းသည်... သူ့အား အလွန်ကြီးမားသော ပျော်ရွှင်ကျေနပ်မှုကို ဆောင်ကြဉ်းပေးသောကြောင့် ဖြစ်သည်။

‎

‎

‎သို့သော် သူစိတ်ပျက်ရသည်မှာ... အစမှအဆုံးတိုင်အောင် ကုချန်၏ မျက်နှာအမူအရာသည်... အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ဘဲ... စိတ်ပျက်ခြင်း အရိပ်အယောင် တစ်စုံတစ်ရာမျှပင် မပြခဲ့ခြင်း ဖြစ်သည်။

‎

‎

‎" ငါကိုယ်တော်က လော့ထျန်းနန်းတော်ရဲ့ နေရာကို ရှာမတွေ့နိုင်ဘူးလို့... မင်းက တကယ်ပဲ ယုံကြည်နေတာလား? "

‎

‎

‎ကုချန်သည် သူ၏လက်ချောင်းအား ရွှေ့လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎" လော့ထျန်းနန်းတော်ရဲ့ နေရာကို ရှာမလို့လား? ဟားဟားဟား... ကောင်းကင်ဘုံအရှင်သခင်... ခင်ဗျား နောက်နေတာလား?! "

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည်... မယုံနိုင်လောက်အောင် အဓိပ္ပာယ်မဲ့သော အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင်... မျက်ရည်များပင် ထွက်ကျလာသည်အထိ ရယ်မောလိုက်သည်။

‎

‎

‎" လေးစားရတဲ့ ကောင်းကင်ဘုံအရှင်သခင်... ကုမိသားစု မဟာဧကရာဇ်... ခင်ဗျားက ကျုပ်တို့ လော့ထျန်းနန်းတော်ရဲ့ နေရာအတိအကျကို ဘယ်လိုရှာဖွေနိုင်မလဲဆိုတာ... ကျုပ် တကယ်ပဲ မြင်ချင်မိတယ်! ဟားဟားဟား! "

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ကုချန်၏ လော့ထျန်းနန်းတော် တည်နေရာကို ရှာဖွေလိုသော ဆန္ဒအား အိပ်မက်ဆန်သော စိတ်ကူးတစ်ခုမျှသာဟု ထင်မြင်နေခဲ့သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ၏အဖြစ်အပျက် ဖြစ်ပွားပြီးနောက်... သူ၏အထက်လူကြီးသည် သူအဖမ်းခံလိုက်ရကြောင်း သိရှိနိုင်မည့်... အထူးနည်းလမ်းတစ်ခု ရှိနေပြီးသား ဖြစ်သည်။

‎

‎

‎ယခုအခါ ရက်အတော်ကြာ ကုန်လွန်သွားပြီဖြစ်ရာ... သူ၏အထက်လူကြီးနှင့် သူ၏အထက်လူကြီး၏ အထက်လူကြီးတို့သည် သတ္တဝါပေါင်းများစွာတို့၏ ကြားထဲတွင် ပုန်းအောင်းလျက်... အခြေအနေ ငြိမ်သက်သွားမည့် နေရာတစ်ခုကို ရှာတွေ့နေလောက်ပြီ ဖြစ်သည်။

‎

‎

‎အမှန်တကယ်တွင်... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူ၏ အမြင်၌... ကုချန်က အဆုံးမဲ့ကမ္ဘာတစ်ခုလုံးနှင့် ၎င်းအတွင်းရှိ သက်ရှိသတ္တဝါအားလုံးကို လုံးဝ ချေမှုန်းမပစ်သရွေ့... လော့ထျန်းနန်းတော်သည် ဆက်လက်တည်ရှိနေဦးမည်သာ ဖြစ်သည်။

‎

‎

‎" ဒါဆိုရင်တော့ မင်းရဲ့ လော့ထျန်းနန်းတော် ဘယ်လိုပျက်စီးသွားမလဲဆိုတာ သေချာကြည့်ထားလိုက် "

‎

‎

‎ကုချန်သည် တစ်ဖက်လူအား ဆက်လက် အာရုံမစိုက်တော့ပေ။ သူ့အတွက်မူ... သူ၏ရှေ့မှ လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည်... ပုရွက်ဆိတ်တစ်ကောင်ဟုပင် မသတ်မှတ်ထိုက်ပေ။

‎

‎

‎သူ၏အသက်ကို ယခုအချိန်အထိ မယူသေးသည့် အကြောင်းရင်းမှာ... သူ၏စိတ်ထဲမှ အမြင့်မြတ်ဆုံးသော နတ်ဘုရားနန်းတော်ကြီး မည်သို့မည်ပုံ ကုချန်၏ လက်ဖြင့် ပျက်စီးသွားမည်ကို... သူ့အား မျက်မြင်ကိုယ်တွေ့ မြင်တွေ့စေရန်အတွက်သာ ဖြစ်သည်။

‎

‎

‎လော့ထျန်းနန်းတော်၏ တည်နေရာကို မည်သို့ရှာဖွေရမည်နှင့် ပတ်သက်၍မူ... ကုချန်ထံတွင် နည်းလမ်းတစ်ခု ရှိနေပြီးသား ဖြစ်သည်။

‎

‎

‎သူသည် ထိုလူသတ်သမား၏ အမှတ်တရများကို စစ်ဆေးကြည့်ရှုခဲ့စဉ်ကပင်... လော့ထျန်းနန်းတော်မှ ကျင့်ကြံသော လူသတ်သမားကျမ်းစာကို ကုချန် အလွတ်ကျက်မှတ်ထားခဲ့ပြီး ဖြစ်သည်။

‎

‎

‎အဆုံးမဲ့တိုက်ကြီးပေါ်တွင် လော့ထျန်းနန်းတော်၏ လူသတ်သမားများစွာ ပုန်းအောင်းနေဆဲဖြစ်ကြောင်း ကုချန် သိရှိခဲ့ပြီး... ထိုသူများထဲတွင် လော့ထျန်းနန်းတော်၏ စစ်မှန်သော တည်နေရာကို သိရှိသူများလည်း ရှိနေပေသည်။

‎

‎

‎ကုချန်သည် အဆုံးမဲ့ကမ္ဘာ၏ နယ်မြေကြီးငါးခုလုံးရှိ သက်ရှိသတ္တဝါအားလုံးကို ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းသုံး၍... ဤ လော့ထျန်းနန်းတော်၏ လူသတ်သမားများအား ရှာဖွေရန် စိတ်မဝင်စားသော်လည်း... ဤနည်းလမ်းကို အသုံးပြုလျှင် အလွန်အချိန်ကုန်ပြီး စီစစ်မှုများစွာ ပြုလုပ်ရန် လိုအပ်ပေသည်။

‎

‎

‎သို့သော်... မှတ်ဉာဏ်များကို မရှာဖွေဘဲ... ဤလူသတ်သမားကျမ်းစာကို ကျင့်ကြံသူများ၏ တံဆိပ်အမှတ်အသားများနှင့် ရောင်ဝါများကိုသာ စူးစမ်းရှာဖွေမည်ဆိုလျှင်မူ... များစွာ ပိုမိုလွယ်ကူပေလိမ့်မည်။

‎

‎

‎ဤသည်မှာ အဆုံးမဲ့ကမ္ဘာ၏ နယ်မြေကြီးငါးခုလုံးအား ဖုံးလွှမ်းသွားစေရန်... မြင့်မြတ်စိတ်အာရုံကို အသုံးပြု၍ ရှာဖွေမှုတစ်ခု ပြုလုပ်လိုက်ရုံမျှသာဖြစ်ပြီး... သဘာဝကျကျပင် အရိပ်ထဲတွင် ပုန်းအောင်းနေသော ဤပုရွက်ဆိတ်များကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

‎

‎

‎ဤသို့တွေးမိသဖြင့် ကုချန်၏ မျက်ဝန်းများ အနည်းငယ် မှေးကျသွားပြီး... သူ၏ အမြင့်ဆုံးသော မြင့်မြတ်စိတ်အာရုံသည် အထက်ကောင်းကင်တားမြစ်နယ်မြေအား ဗဟိုပြုလျက်... အဆုံးမဲ့ကမ္ဘာ၏ နယ်မြေကြီးငါးခုလုံးအား နေရာမရွေး စတင် ဖြန့်ကျက် ရှာဖွေမှု ပြုလာတော့သည်။

‎

‎

‎တောရိုင်းကန္တာရများ၊ မြို့ပြများနှင့် ကျေးရွာများ၊ ကောင်းချီးမင်္ဂလာမြေများ၊ အင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းကြီးများ၊ အာကာသအက်ကွဲကြောင်းများထဲတွင် ပုန်းကွယ်နေသော လျှို့ဝှက်နယ်မြေများပင်လျှင် ကုချန်၏ မြင့်မြတ်စိတ်အာရုံ ဖုံးလွှမ်းခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

‎

‎

‎အမျိုးမျိုးသော ရှင်သန်ခြင်းတားမြစ်နယ်မြေများပင်လျှင်... ကုချန်၏ မြင့်မြတ်စိတ်အာရုံ အတိုင်းအတာအတွင်း၌ ရှိနေခဲ့သည်။

‎

‎

‎သူသည် နေရာအနှံ့ ဖြန့်ကျက်ခင်းရှာဖွေမှု ပြုလုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်... မည်သည့်နေရာကိုမျှ လက်လွတ်ခံမည် မဟုတ်ပေ။

‎

‎

‎တားမြစ်နယ်မြေအားလုံးပင်လျှင် ချွင်းချက်မရှိပါဝင်လေသည်။

‎

All Chapters