← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 11 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 11 Ch. 141-142

‎အခန်း (၁၄၁) - လူတိုင်း ထိတ်လန့်တုန်လှုပ်သွားခြင်း၊ တားမြစ်နယ်မြေအား ဖိနှိပ်ခြင်း

‎

‎

‎

‎လော့ထျန်းနန်းတော်၏ ထိုလုပ်ကြံသတ်ဖြတ်သူသည် ကုချန်အနေဖြင့် လော့ထျန်းနန်းတော်၏ တိကျသောတည်နေရာကို မည်သည့်အခါမျှ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ဟု တွေးထင်လျက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေဆဲပင်ဖြစ်သည်။

‎

‎

‎သို့သော် သူ မသိရှိခဲ့သည့်အချက်မှာ ကုချန်သည် သူ၏စိတ်နှလုံးသားထဲတွင် လော့ထျန်းနန်းတော်အား သေဒဏ်ချမှတ်ပြီးသား ဖြစ်နေပြီ ဆိုသည်ကိုပင်။

‎

‎

‎မည်သို့ပင်ဖြစ်စေကာမူ... ယနေ့ သူသည် ဤအဆုံးမဲ့ကမ္ဘာအား ဇောက်ထိုးမိုးမျှော် လှန်လှောပစ်မည်ဖြစ်ပြီး... အမှောင်ထဲတွင် ပုန်းအောင်းနေသော ဤပုရွက်ဆိတ်များအား တူးဖော်ကာ ၎င်းတို့အားလုံးကို ချေမွှပစ်မည် ဖြစ်၏။

‎

‎

‎ဤသည်မှာ ယဲ့ယင်းယင်းအတွက် လက်စားချေရန် သက်သက်မျှသာ မဟုတ်ခဲ့ပေ။

‎

‎

‎ကုချန်သည် ဤအဖြစ်အပျက်အား အသုံးပြု၍ ဤအဆုံးမဲ့ကမ္ဘာအား ထိတ်လန့်သွားစေရန်နှင့် မသမာသော ရည်ရွယ်ချက်များ ရှိနေသူတို့အား သတိပေးရန်လည်း ရည်ရွယ်ထားခဲ့သည်။

‎

‎

‎အကယ်၍ ၎င်းသည် တန်းတူရည်တူများကြား မျှတသော တိုက်ပွဲတစ်ခုဖြစ်ပါက... ကုမိသားစုဝင်တစ်ဦး အရိုက်ခံရသည်ဖြစ်စေ... အသတ်ခံရသည်ဖြစ်စေ ကိစ္စမရှိပေ။ အကြောင်းမှာ ၎င်းသည် သူတို့၏ အရည်အချင်း နိမ့်ကျမှုကြောင့်သာ ဖြစ်၏။

‎

‎

‎သို့သော် တစ်စုံတစ်ယောက်က ယုတ်ညံ့သိမ်ဖျင်းသော လုပ်ကြံသတ်ဖြတ်သည့် နည်းဗျူဟာများဖြင့် အားနည်းသူအား လျှို့ဝှက်အနိုင်ကျင့်ခဲ့မည်ဆိုပါက... ကုချန်အား သူ၏ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်အတွက် အပြစ်တင်၍ ရမည်မဟုတ်ဘဲ... ၎င်းတို့နှင့် ၎င်းတို့၏နောက်ကွယ်မှ အင်အားစုများအား ဖုန်မှုန့်အဖြစ်သို့ ချေမွှကာ... လုံးဝဥဿုံ အမြစ်ပြတ်ချေမှုန်းပစ်မည်သာ ဖြစ်သည်။

‎

‎

‎လော့ထျန်းနန်းတော်သည် ယခုအခါ ကြက်ကိုသတ်၍ မျောက်အား သတိပေးရာတွင် သူတို့ကိုယ်တိုင် အသုံးပြုသည့် ကြက် ဖြစ်သွားခဲ့လေပြီ။

‎

‎

‎မည်သို့ပင်ဖြစ်စေကာမူ လော့ထျန်းနန်းတော်သည် ယနေ့တွင် မုချ သေဆုံးရမည် ဖြစ်၏။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်... လက်လျှော့လိုက်ပါ... ခင်ဗျား လော့ထျန်းနန်းတော်ရဲ့ တည်နေရာအတိအကျကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး..... "

‎

‎

‎သူ၏အနားတွင်မူ လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရှိသေးဘဲ... ကုချန်အနေဖြင့် လော့ထျန်းနန်းတော်နှင့် ပတ်သက်သော မည်သည့်သဲလွန်စမျှ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်လျက်... ကျေနပ်နေသော အမူအရာဖြင့် ရှိနေဆဲ ဖြစ်သည်။

‎

‎

‎ဤအတောအတွင်း ကုချန်၏ မြင့်မြတ်စိတ်အာရုံသည် ပင်လယ်လေးစင်းနှင့် တောတောင်ရှစ်ခွင်ဆီသို့ တိတ်ဆိတ်စွာ ဖြန့်ကျက်သွားခဲ့ပြီး ဖြစ်၏။

‎

‎

‎" ဘာဖြစ်တာလဲ..... "

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် အနီးကပ်ဆုံးသော ကွေ့ယီအင်မော်တယ်ဂိုဏ်းသည် အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထုတ်လွှတ်လိုက်သော အမြင့်ဆုံးသော စွမ်းအားကို ပထမဆုံး ခံစားလိုက်ရသည်။

‎

‎

‎ကွေ့ယီအင်မော်တယ်ဂိုဏ်းအတွင်းရှိ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ အပါအဝင် တပည့်များအားလုံးသည် ချက်ချင်းပင် အလိုအလျောက် ဒူးထောက်လိုက်ကြရပြီး... မည်သည်တို့ ဖြစ်ပျက်နေသည်ကို မသိရှိဘဲ သူတို့၏မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်လျက်... ကောင်းကင်သို့ မော့ကြည့်နေခဲ့ကြသည်။

‎

‎

‎" ဒီ အမြင့်ဆုံးစွမ်းအားက အထက်ကောင်းကင်တားမြစ်နယ်မြေကနေ ထုတ်လွှတ်နေတာနဲ့တူတယ် "

‎

‎

‎ကွေ့ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အသံများ တုန်ယင်လျက် အထက်ကောင်းကင်တားမြစ်နယ်မြေရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထုတ်လွှတ်သော အမြင့်ဆုံးစွမ်းအား... ၎င်းသည် ကောင်းကင်ဘုံအရှင်သခင်၏ စွမ်းအား မဟုတ်လော။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် အဘယ်အရာကို ပြုလုပ်ရန် ကြံရွယ်နေသနည်း။ သူသည် ကွေ့ယီအင်မော်တယ်ဂိုဏ်းအား ဖျက်ဆီးပစ်ရန် ကြံနေသလော။

‎

‎

‎ကွေ့ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ကြောက်ရွံ့တကြား ပြောလိုက်သည်။

‎

‎

‎" အထက်မှာရှိတော်မူသော ကောင်းကင်ဘုံအရှင်သခင်... ကျွန်တော်တို့ ကွေ့ယီအင်မော်တယ်ဂိုဏ်းက ကုမိသားစုနှင့် အထက်ကောင်းကင်တားမြစ်နယ်မြေကို ဘယ်တုန်းကမှပြစ်မှားခဲ့ခြင်း မရှိပါဘူး..... "

‎

‎

‎ကွေ့ယီအင်မော်တယ်ဂိုဏ်းသည် တစ်ချိန်က ကုမိသားစု၏ အကူအညီတောင်းခံမှုကို လျစ်လျူရှုရန် ရွေးချယ်ခဲ့သော်လည်း... သူတို့သည် လဲပြိုနေသူအား ထပ်ဆင့်ကန်ကျောက်ခဲ့ခြင်းမျိုးတော့ အတိအကျ မပြုလုပ်ခဲ့ကြသည် မဟုတ်ပါလော။

‎

‎

‎အကယ်၍... ကောင်းကင်ဘုံအရှင်သခင်က ထိုအကြောင်းပြချက်မျှဖြင့် ကွေ့ယီအင်မော်တယ်ဂိုဏ်းအား ဖျက်ဆီးပစ်မည်ဆိုပါက... ၎င်းသည် အလွန်အမင်း အကျိုးအကြောင်းမညီညွတ်ရာ ကျလွန်းလိမ့်မည်။

‎

‎

‎ကွေ့ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကြောက်မက်ဖွယ် မျက်နှာထားဖြင့် ရှိနေပြီး... အခြားသော အကြီးအကဲများနှင့် တပည့်များမှာမူ... သူတို့၏ခြေထောက်များသည် တုန်ယင်နေခဲ့ကာ မြေပြင်ပေါ်သို့ ပုံလျက်သား ကျသွားခဲ့ကြပြီး... သူတို့၏မျက်လုံးများထဲတွင် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကံကြမ္မာ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

‎

‎

‎နောက်နေသည်လား။ ထိုသူမှာ ကောင်းကင်ဘုံအရှင်သခင် ဖြစ်၏။

‎

‎

‎အကယ်၍ သူသည် ကွေ့ယီအင်မော်တယ်ဂိုဏ်းတစ်ခုလုံးအား ချေမှုန်းပစ်လိုပါက... ထွက်ပြေးခြင်းပင်လျှင် အသုံးဝင်မည်မဟုတ်ပေ။ နာခံစွာဖြင့် သေဆုံးခြင်းကို စောင့်ဆိုင်းနေခြင်းသည်သာ... သူတို့လုပ်နိုင်သော တစ်ခုတည်းသောအရာ ဖြစ်၏။

‎

‎

‎ကွေ့ယီအင်မော်တယ်ဂိုဏ်းတစ်ခုလုံး အထက်မှအောက်အထိ ကံကြမ္မာ၏ အဆုံးအဖြတ်ကို မျှော်လင့်ချက်ကင်းမဲ့စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

‎

‎

‎သို့သော် အဆုံးတွင်... ထိုအမြင့်ဆုံးသော စွမ်းအားသည် အင်မော်တယ်ဂိုဏ်းအတွင်းရှိ သက်ရှိသတ္တဝါအားလုံးအပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားခဲ့သော်လည်း... ၎င်းတို့အား သတ်ဖြတ်ခြင်းမရှိဘဲ... မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

‎

‎

‎ပြီးသွားပြီလား။

‎

‎

‎သူ၏ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားသော ဖိအားကို ခံစားမိသောအခါ... ကွေ့ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လုံးဝဥဿုံ ကြောင်အနေခဲ့မိသည်။

‎

‎

‎ထို ကောင်းကင်ဘုံအရှင်သခင်သည် ဘာလုပ်ချင်နေခဲ့သနည်း။ ဖိအားသက်သက်သာ ပေးပြီး... မည်သည့်လှုပ်ရှားမှုမျှ မပြုတော့ဘူးလား။

‎

‎

‎ကွေ့ယီအင်မော်တယ်ဂိုဏ်း တစ်ခုတည်းသာ မဟုတ်ပေ။ အထက်ကောင်းကင်တားမြစ်နယ်မြေအား ဗဟိုပြုလျက်... အရှေ့ပိုင်းလွင်ပြင် တာအိုနယ်မြေရှိ အမျိုးမျိုးသော မဟာဂိုဏ်းကြီးများနှင့် အင်မော်တယ်ဂိုဏ်းများသည်လည်း... အလားတူ အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ရသည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေမှ အမြင့်ဆုံးသော စွမ်းအား ဖြတ်သန်းတိုက်ခတ်သွားပြီး... အင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းကြီးများ အတွင်းရှိ လူအားလုံးကို ထိတ်လန့်စေခဲ့သော်ငြား... ထိုဖိအားသည် တိုတောင်းလွန်းသော အချိန်ကာလတစ်ခုမျှသာ ကြာမြင့်ခဲ့ပြီး... မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

‎

‎

‎အင်မော်တယ်ဂိုဏ်းများနှင့် မဟာဂိုဏ်းကြီးများသာမက... အနီးအနားရှိ အင်အားပိုမိုနည်းပါးသော ကောင်းချီးမင်္ဂလာမြေအချို့၊ သာမန်လူသားတို့၏ မြို့များနှင့် ကျေးရွာများပါမကျန်... ထိုအမြင့်ဆုံးသော စွမ်းအား၏ ဖြတ်သန်းတိုက်ခတ်မှုကို ခံခဲ့ရသည်။

‎

‎

‎ဤကဲ့သို့ ကြီးမားလှသော လှုပ်ရှားမှုကြီးသည် အလိုလျောက်ပင် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးအား တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

‎

‎

‎တန်ခိုးကြီးသော ပုဂ္ဂိုလ်များအားလုံးသည် အထက်ကောင်းကင်တားမြစ်နယ်မြေရှိရာသို့ ကြည့်လိုက်ကြပြီး... သူတို့၏မျက်လုံးများထဲတွင် သံသယများနှင့် မသေချာမရေရာမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် ဘာလုပ်ချင်နေခဲ့သနည်း။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်...သူက နတ်ဆိုးနယ်မြေကို ကူညီပြီး ငါတို့ အဆုံးမဲ့ကမ္ဘာက သက်ရှိအားလုံးကို ဖျက်ဆီးချင်နေတာများလား "

‎

‎

‎သက်ရှိသတ္တဝါတစ်ဦးက တုန်ယင်စွာဖြင့် ပြောလိုက်သည်။

‎

‎

‎အတိတ်ကာလ၌ မဟာဧကရာဇ် ယွမ်ကျွင်းသည် ကောင်းကင်ယံမျက်နှာပြင်ပြသမှုမှတစ်ဆင့် ကုချန်၏ စစ်မှန်သော 'မျက်နှာ' ကို ဖော်ထုတ်ခဲ့စဉ်က... ဤသာမန်လူများသည် ဒေါသတို့ဖြင့် ပြည့်နှက်ခဲ့ကြပြီး... ကုချန်အား သစ္စာဖောက်တစ်ဦးဟု အသက်ရှူတိုင်း ခေါ်ဝေါ်ခဲ့ကြကာ... သူတို့၏စကားလုံးများမှာ အလွန်အမင်း ပြင်းထန်ခဲ့သည်။

‎

‎

‎သို့သော်... ယခု... ကုချန်၏ လွှမ်းမိုးနိုင်သော ဖိအားနှင့် ရင်ဆိုင်ရသောအခါ... ဤသာမန်လူများသည် အန္တရာယ်မရှိသော ငုံးငှက်ကလေးများ အုပ်စုကဲ့သို့ ဖြစ်သွားကြသည်။ သူတို့၏ခေါင်းများကို ငုံ့ထားလျက် တုန်လှုပ်နေကြပြီး... စကားတစ်ခွန်းမျှ မပြောဝံ့တော့ပေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သာမန်လူများသည် ကုချန် ဘာလုပ်မည်ကို မသိကြသော်လည်း... အချက်တစ်ချက်ကိုမူ နားလည်ကြသည်။ ယခုအချိန်တွင် ထွက်ပေါ်လာပြီး... ကောင်းကင်ဘုံအရှင်သခင်အား ဆန့်ကျင်ဝံ့သူ မည်သူမဆိုသည် သေဆုံးရမည်သာ ဖြစ်သည်။

‎

‎

‎ရှင်ခြင်းနှင့် သေခြင်းတရား၏ ရှေ့မှောက်တွင် လူမိုက်မဟုတ်သူ မည်သူမဆို မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်မည်သာ ဖြစ်၏။

‎

‎

‎" ဟက်...တွေ့ပြီ...ထင်တဲ့အတိုင်းပဲ "

‎

‎

‎မြင့်မြတ်စိတ်အာရုံ၏ စုံစမ်းစစ်ဆေးမှုအောက်တွင် အသက်ရှူချိန် အနည်းငယ်မျှအတွင်း၌... ကုချန်သည် အောင်မြင်မှုတစ်ခု ရရှိခဲ့ပြီး... သာမန်လူများကြားထဲတွင် လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူနှင့် ရောင်ဝါချင်း ဆင်တူသော လူအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

‎

‎

‎လော့ထျန်းနန်းတော်၏ လူသတ်သမားများသည် တစ်ခါတစ်ရံ သာမန်လူတို့၏ မြို့များတွင် ပုန်းကွယ်နေကြပြီး... တစ်ခါတစ်ရံ ဂိုဏ်းများနှင့် ဘာသာရေးအုပ်စုများထဲတွင် ပုန်းကွယ်နေကြကာ... အားလုံးသည် သူတို့၏ ရောင်ဝါများကို ဖုံးကွယ်ထားခဲ့ကြသည်။

‎

‎

‎သို့သော်... ကုချန်၏ ဧကရာဇ်စွမ်းအား ဖြတ်သန်းတိုက်ခတ်သွားသည်နှင့်အမျှ... မကောင်းဆိုးဝါး နတ်ဆိုးများနှင့် မိစ္ဆာအားလုံးသည် ပုန်းအောင်းစရာနေရာ မရှိတော့ဘဲ... သူ၏အာရုံခံနိုင်စွမ်းမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

‎

‎

‎ဤပုန်းကွယ်နေသော လော့ထျန်းနန်းတော်၏ လူသတ်သမားများအားလုံးသည် သူ၏ မှတ်သားခြင်းနှင့် ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်။

‎

‎

‎သို့သော်... လော့ထျန်းနန်းတော်၏ လူသတ်သမား အတော်များများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သော်လည်း... ကုချန်သည် သူ၏ရှာဖွေမှုအား ရပ်တန့်လိုက်ခြင်း မရှိသေးပေ။

‎

‎

‎သူသိသည်မှာ ဤငါးမွှားလေးများကို ဖမ်းဆီးရုံမျှဖြင့် မလုံလောက်သေးကြောင်းပင်။

‎

‎

‎လော့ထျန်းနန်းတော်၏ သတိကြီးစွာဖြင့် လုပ်ဆောင်လေ့ရှိသော သဘာဝအရ... အဆုံးမဲ့တိုက်ကြီးတစ်ခုလုံးတွင် လော့ထျန်းနန်းတော်၏ လူသတ်သမား တစ်ဦး သို့မဟုတ် နှစ်ဦးမျှသာ ၎င်း၏ တည်နေရာကို သိရှိနိုင်ပေလိမ့်မည်။

‎

‎

‎အခြားသူများအများစုမှာမူ ကုမိသားစုမှ ဖမ်းဆီးထားသော လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူကဲ့သို့ပင်... လော့ထျန်းနန်းတော်၏ တည်နေရာနှင့် ပတ်သက်၍ မည်သည့်အရာမျှ သိရှိကြခြင်း မရှိပေ။

‎

‎

‎ထို့ကြောင့်... ကုချန်သည် သူ၏သတိထားမှုကို လျှော့ချလိုက်ခြင်းမရှိဘဲ... ထိုအစား အဆုံးမဲ့ နယ်မြေကြီးငါးခုလုံးအား ရှာဖွေမှု ပြုလုပ်ကာ... လော့ထျန်းနန်းတော်နှင့် ဆက်စပ်နေသူတိုင်းကို အမြစ်မှ ဆွဲနှုတ်ပစ်ရန်... တစ်ဦးတစ်ယောက်မျှ မလွတ်ကျန်စေရန် ရည်ရွယ်လိုက်သည်။

‎

‎

‎" အဲ့ဒီ... ကောင်းကင်ဘုံအရှင်သခင်က ဘာတွေလုပ်ချင်နေတာလဲ "

‎

‎

‎မကြာမီပင် ကုချန်၏ လုပ်ဆောင်ချက်များသည် အမျိုးမျိုးသော ရှင်သန်ခြင်းတားမြစ်နယ်မြေများထဲတွင် အိပ်စက်နေသော ရှေးဟောင်းအရှင်သခင်များအား တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

‎

‎

‎သူတို့အားလုံးသည် သူတို့၏မျက်လုံးများကို မြှင့်တင်လိုက်ကြပြီး... အထက်ကောင်းကင်တားမြစ်နယ်မြေရှိရာသို့ ကြည့်လိုက်ကြရာ... သူတို့၏အကြည့်များထဲတွင် ရှုပ်ထွေးမှုနှင့် နားမလည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎

‎၎င်းတို့သည် ကုချန်၏ ဤလုပ်ရပ်ဖြင့် ရည်ရွယ်ချက်ကို နားမလည်ခဲ့ကြပေ။ ဤသည်မှာ သာမန်လူများအား သူ၏စွမ်းအားကို ထုတ်ဖော်ပြသရန် သက်သက်မျှသာလော။

‎

‎

‎သို့သော် မကြာမီပင် ဤတားမြစ်နယ်မြေ အရှင်သခင်များ၏ စိတ်ထဲမှ သံသယများသည် တုန်လှုပ်မှုနှင့် ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... ကုချန်၏ ရောင်ဝါသည် အဆုံးအစမရှိသော နယ်မြေကို ဖြတ်သန်းတိုက်ခတ်ပြီးနောက်... ရပ်တန့်သွားမည့် အရိပ်အယောင်မရှိဘဲ... အမျိုးမျိုးသော ရှင်သန်ခြင်းတားမြစ်နယ်မြေများဆီသို့ ကြီးကျယ်ခမ်းနားစွာ ဆက်လက် ဖြန့်ကျက်လာခဲ့သောကြောင့်ပင်။

‎

‎

‎သက်ရှိသတ္တဝါအားလုံးကို စုံစမ်းစစ်ဆေးပြီး ခြိမ်းခြောက်ရုံမျှဖြင့် မလုံလောက်သေးဘဲ... ယခု သူသည် ရှင်သန်ခြင်းတားမြစ်နယ်မြေများထဲသို့ ထိုးဖောက်ဝင်ရောက်လိုနေသလော။

‎

‎

‎တားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်သခင်များသည် နောက်ဆုံးတွင် ဆက်လက်၍ ထိုင်မနေနိုင်ကြတော့ပေ။

‎

‎အခန်း (၁၄၂) - ဓားသည် ကောင်းကင်ကိုးခွင်ကို ဖြတ်သန်းခြင်း၊ တားမြစ်နယ်မြေအား ဖိနှိပ်ခြင်း၊ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခြင်း

‎

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေများအတွင်း၌ အိပ်စက်နေကြသော ရှေးဟောင်းအရှင်သခင်များအနက် မည်သူသည် လောကကြီးထဲတွင် အဆုံးမဲ့သောနှစ်များအား ဖြတ်သန်းခဲ့သည့် ရှေးဟောင်းတည်ရှိမှုတစ်ခု မဟုတ်ခဲ့ပါသနည်း။ ၎င်းတို့အနက် မည်သူသည် သူနှင့်ပတ်သက်၍ များပြားလှသော လျှို့ဝှက်ချက်များ မရှိဘဲ နေခဲ့ပါသနည်း။

‎

‎

‎သို့သော် ယခုအခါတွင်မူ... ကောင်းကင်ဘုံအရှင်သခင်သည် အဆုံးမဲ့ကမ္ဘာအပေါ်၌ သူ၏စွမ်းအားကို ထုတ်ဖော်ပြသနေရုံတင်မကဘဲ... သူ၏ဖိအား ဖြန့်ကျက်လာသည်နှင့်အမျှ... သူသည် တစ်စုံတစ်ခုကို ရှာဖွေစူးစမ်းနေဟန် ရှိလေသည်။

‎

‎

‎အကယ်၍ သူ၏စွမ်းအား အား အမျိုးမျိုးသော ရှင်သန်ခြင်းတားမြစ်နယ်မြေများထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်ပါက... ဤသည်မှာ တားမြစ်နယ်မြေများအတွင်းရှိ အရှင်သခင်များတွင် ဤကောင်းကင်ဘုံအရှင်သခင်၏ ရှေ့မှောက်၌... မည်သည့်လျှို့ဝှက်ချက်မျှ ကျန်ရှိတော့မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်ပါလော။ တားမြစ်နယ်မြေ အရှင်သခင်များအဖို့... ဤသည်မှာ လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိသည့်အရာ ဖြစ်လေသည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်... ခင်ဗျား ဘာလုပ်နေတာလဲ..... "

‎

‎

‎" ရပ်လိုက်..... "

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်... ခင်ဗျား အရမ်းလွန်လွန်းနေပြီ "

‎

‎

‎မူလရှေးဟောင်းတွင်းနက်အတွင်းမှ ထိတ်လန့်တုန်လှုပ်မှုနှင့် ဒေါသတကြီး အော်ဟစ်သံများစွာ ထွက်ပေါ်လာခဲ့သည်။ အရှေ့ပိုင်းလွင်ပြင် တာအိုနယ်မြေအတွင်း၌ တည်ရှိသော ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုအနေဖြင့်... မူလရှေးဟောင်းတွင်းနက်သည် ကုချန်၏ ဖိအားဖြင့် ပထမဆုံး စူးစမ်းခံရသည့် ရှင်သန်ခြင်းတားမြစ်နယ်မြေလည်း ဖြစ်ခဲ့သည်။

‎

‎

‎ချက်ချင်းပင်... ကမ္ဘာမြေကို တုန်ခါသွားစေနိုင်သော အရှင်သခင်တို့၏ ရောင်ဝါများစွာ ထွက်ပေါ်လာခဲ့ပြီး... ကောင်းကင်ဘုံကိုးခု၏ တိမ်တိုက်များကိုပင် လှုပ်ခတ်သွားစေခဲ့သည်။

‎

‎

‎သို့သော်...မူလရှေးဟောင်းတွင်းနက်အတွင်းရှိ ရှေးဟောင်းအရှင်သခင်များ၏ ပြင်းထန်သော တုံ့ပြန်မှုကို ရင်ဆိုင်ရသော်လည်း... ကုချန်၏ မျက်နှာအမူအရာသည် ယခင်အတိုင်းပင် လျစ်လျူရှုလျက် ရှိနေခဲ့၏။ သူသည် ဤအရှင်သခင်များအား ရှင်းပြရန်ပင် အရေးမစိုက်ဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်.....

‎

‎

‎" ငါကိုယ်တော်ကို... တားဆီးဝံ့သူတိုင်း... သေရမယ် "

‎

‎

‎" မင်း..... "

‎

‎

‎ကုချန်၏ အာဏာပြင်းသော ရပ်တည်ချက်နှင့် ရင်ဆိုင်ရသောအခါ... မူလရှေးဟောင်းတွင်းနက်အတွင်းရှိ အရှင်သခင်များသည် ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်သွားကြ၏။ အင်မော်တယ်လမ်းကြောင်း ဖွင့်လှစ်တော့မည့် ဤအရေးကြီးသော အခိုက်အတန့်တွင်... အရှုပ်အထွေးသစ်များ မဖန်တီးလိုကြဘဲ ကုချန်နှင့် ရန်သူများ မဖြစ်လိုကြပေ။ သို့သော် ကုချန်၏ လုပ်ရပ်များမှာ အမှန်တကယ်ပင် လွန်လွန်းလှသည်တကား။

‎

‎

‎" ငါတို့က ဒီအတိုင်း ဆက်ပြီး သည်းခံနေရတော့မှာလား... ဒီကောင်းကင်ဘုံအရှင်သခင်က ငါတို့အပေါ်မှာ ဗိုလ်ကျပြီး ကြိုက်သလို လုပ်နေတာကို ခံနေရမှာလား..... "

‎

‎

‎" ငါတို့သာ ဒီထက်ပိုပြီး သည်းခံနေမယ်ဆိုရင်... ငါတို့အားလုံး သူရဲဘောကြောင်တဲ့သူတွေ ဖြစ်သွားလိမ့်မယ် "

‎

‎

‎" ဒါက... အရမ်းလွန်လွန်းတယ် "

‎

‎

‎ဤအခိုက်အတန့်တွင်... မူလရှေးဟောင်းတွင်းနက်အတွင်းရှိ ရှေးဟောင်းအရှင်သခင်များအားလုံးသည် ယခင်ကနှင့်မတူဘဲ စည်းလုံးသွားကြဟန်ရှိပြီး... အင်အားစုပေါင်း၍ ကုချန်အား အသေအလဲ တိုက်ခိုက်လိုသော ဟန်ပန်ကို ပြသနေခဲ့သည်။ ဤအခိုက်အတန့်အတွင်း၌... ဧကရာဇ်တပိုင်းအဆင့် ရေနဂါးကြီးကဲ့သို့သော မူလရှေးဟောင်းတွင်းနက်၏ အပြင်ဘက်ဒေသများတွင် နေထိုင်သည့် တားမြစ်နယ်မြေ သတ္တဝါများအားလုံးသည်... မြေပြင်ပေါ်တွင် ဝပ်တွားရင်း တုန်လှုပ်နေခဲ့ကြ၏။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်နှင့် တားမြစ်နယ်မြေ အရှင်သခင်များကြားမှ ထိပ်တိုက်တွေ့ဆုံမှုသည် ၎င်းတို့ ပါဝင်နိုင်သည့်အရာ မဟုတ်ခဲ့ပေ။ အကယ်၍ စစ်ပွဲကြီးတစ်ခု အမှန်တကယ် ဖြစ်ပွားခဲ့ပါက... ၎င်းတို့သည် အမြောက်စာမျှအဖြစ်ပင် သတ်မှတ်ခံရမည်မဟုတ်ဘဲ... မျက်စိတစ်မှိတ်အတွင်း၌ပင် ချေမှုန်းခံရမည် ဖြစ်သည်။

‎

‎

‎" အုန်း...! "

‎

‎

‎ကုချန်၏ မြင့်မြတ်စိတ်အာရုံသည် ရှေ့သို့ ဆက်လက်တိုးဝင်သွားစဉ် မမြင်နိုင်သော ရောင်ဝါတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး... ဤတားမြစ်နယ်မြေ သတ္တဝါများအားလုံးအပေါ် ဖြတ်ကျော်သွားသည်။ ၎င်းတို့သည် လော့ထျန်းနန်းတော်၏ ရောင်ဝါဖြင့် ဆက်စပ်မှု ရှိ၊ မရှိကို ပိုင်းခြားစစ်ဆေးပြီး နောက်တွင်... သူ၏ မြင့်မြတ်စိတ်အာရုံသည် မူလရှေးဟောင်းတွင်းနက်၏ ပိုမိုနက်ရှိုင်းသောနေရာသို့ ဆက်လက်ဝင်ရောက်သွားခဲ့သည်။

‎

‎

‎" ဒါ... အရမ်းလွန်လွန်းနေပြီ..... "

‎

‎

‎ဤအချိန်တွင် တားမြစ်နယ်မြေ အရှင်သခင်တစ်ပါးသည် ထိုင်မနေနိုင်တော့ဘဲ လှုပ်ရှားလိုက်၏။

‎

‎

‎နဂါးရုပ်ထွင်း အနက်ရောင်ရွှေ လှံရှည်ကြီးတစ်လက်သည် မူလရှေးဟောင်းတွင်းနက်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာကာ... တားမြစ်နယ်မြေ၏ အဓိကနေရာအပြင်ဘက်တွင် ရပ်တန့်လျက်... တချွင်ချွင်မြည်သံပေးရင်း တုန်ခါနေကာ... မိုင်ပေါင်းထောင်ချီသော လေဟာနယ်ကို ခွင်းဖောက်သွားပြီး... ကုချန်၏ မြင့်မြတ်စိတ်အာရုံအား ထပ်မံစူးစမ်းခြင်းမှ တားဆီးရန် ရည်ရွယ်လျက်... ၎င်း၏ သခင်ကိုယ်စား အသံပြုနေသကဲ့သို့ ရှိလေသည်။

‎

‎

‎" သေလမ်းကို ရှာနေတာပဲ "

‎

‎

‎ဤသည်ကို မြင်သောအခါ ကုချန်သည် လျစ်လျူရှုစွာ ပြောလိုက်ပြီး... မည်သည့်မြင်သာသော လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့သော်ငြား... အဆုံးမဲ့ဓားသည် တစ်စုံတစ်ခုမှ လှုံ့ဆော်လိုက်သကဲ့သို့ ရုတ်တရက် ပျံတက်သွားကာ... အရှေ့ပိုင်းလွင်ပြင် တာအိုနယ်မြေ၏ အဆုံးမဲ့သော နယ်နိမိတ်ကို ဖြတ်ကျော်ပြီး... မူလရှေးဟောင်းတွင်းနက်ထဲသို့ ပြင်းထန်စွာ ခုတ်ပိုင်းဝင်ရောက်သွားလေသည်။

‎

‎

‎ဤဓားချက်သည် ထာဝရတည်ရှိနိုင်သည့် အရာများကိုပင် ချေမှုန်းနိုင်ပြီး... ၎င်း၏ဓားအလင်းရောင်သည် တောတောင်ကိုးခွင်နှင့် အရပ်ရှစ်မျက်နှာအား ဖြတ်သန်းတိုက်ခတ်လျက်... ဤတားမြစ်နယ်မြေအား တစ်ချက်တည်းဖြင့် ပြားပြားဝပ်သွားစေရန် ရည်ရွယ်ထားသကဲ့သို့... မူလရှေးဟောင်းတွင်းနက်ထဲသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားလေသည်။

‎

‎

‎" ဘုန်း...! "

‎

‎

‎အဆုံးမဲ့ဓားသည် နှိုင်းယှဉ်၍မရသော စွမ်းအားကို သယ်ဆောင်လျက်... ခုတ်ပိုင်းချလိုက်၏။ နဂါးရုပ်ထွင်း ရွှေလှံရှည်ကြီးအား ရက်စက်စွာ ထိမှန်သွားကာ... ဤအစွမ်းထက်လက်နက်ကြီးအား တို့ဟူးတစ်တုံးကို လှီးဖြတ်လိုက်သကဲ့သို့ တစ်စစီ ဖြစ်သွားစေခဲ့သည်။

‎

‎

‎ထို့နောက်... အဆုံးမဲ့ဓား၏ အရှိန်အဟုန်သည် လျော့ကျသွားခြင်းမရှိဘဲ... ၎င်း၏ အဆုံးမဲ့သော ဓားအလင်းရောင်သည် ကောင်းကင်ဘုံကိုးခုမှ နဂါးငွေ့တန်းကြီး သွန်ချလိုက်သကဲ့သို့ ရှေးဟောင်းတွင်းနက်သတ္တုတွင်းများထဲသို့ နစ်မြုပ်ဝင်ရောက်သွားကာ... မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးအား ပေါက်ကွဲထွက်တော့မည့်အလား... ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာပျက်စေနိုင်သည့် လှုပ်ခတ်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

‎

‎

‎ဤအရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၏။ အဆုံးမဲ့ဓား ပျံထွက်သွားသည်မှ နဂါးရုပ်ထွင်း ရွှေလှံရှည်ကြီးအား ဖြတ်တောက်လိုက်ပြီး နောက်... ဓားအလင်းရောင်သည် မူလရှေးဟောင်းတွင်းနက်အတွင်းရှိ အမျိုးမျိုးသော ရှေးဟောင်းသတ္တုတွင်းများထဲသို့ ကျဆင်းသွားသည်အထိ... မျက်စိတစ်မှိတ်၏ တစ်သောင်းပုံတစ်ပုံ အချိန်မျှသာ ကြာမြင့်ခဲ့သည်။

‎

‎

‎မူလရှေးဟောင်းတွင်းနက်အတွင်းရှိ ရှေးဟောင်းအရှင်သခင်များ တုံ့ပြန်နိုင်ချိန်တွင်မူ... ၎င်းတို့အားလုံးသည် အဆုံးမဲ့ဓားမှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် လှုပ်ခတ်မှုများအား တားဆီးရန်အတွက်... လှုပ်ရှားရခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ၎င်းတို့သည် လျင်မြန်စွာ လှုပ်ရှားခဲ့ကြရ၏၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းတို့သာ လက်ပိုက်ကြည့်နေခဲ့ပါက... မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးသည် ဤဓားတစ်ချက်တည်း၏အောက်၌ပင် ပျက်စီးသွားဖွယ် ရှိသောကြောင့် ဖြစ်သည်။

‎

‎

‎" ဘုန်း...! "

‎

‎

‎အရှင်သခင်တစ်ပါးပြီးတစ်ပါး၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး... အဆုံးမဲ့ဓားမှ ထုတ်လွှတ်လိုက်သော နှိုင်းယှဉ်၍မရသော ဓားအလင်းရောင်နှင့် ရင်ဆိုင်လိုက်ကြသောအခါ... ရလဒ်မှာ ဤရှေးဟောင်းအရှင်သခင်များ၏ ကျောရိုးထဲထိ စိမ့်ခနဲ အေးသွားစေခဲ့သည်။ ကောင်းကင်ဘုံအရှင်သခင်သည် လှုပ်ရှားခြင်းပင် မရှိသေးဘဲ... သူ၏လက်နက်ကသာ သူ၏ကိုယ်စား လှုပ်ရှားခဲ့ရုံမျှဖြင့်... ကမ္ဘာပျက်စေနိုင်သော စွမ်းအားကိုထုတ်လွှင့်ခဲ့ပြီး ... အရှင်သခင်များအားလုံး၏ တွေးခေါ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေခဲ့သည်။

‎

‎

‎အရှင်သခင်တစ်ပါးထက်မက အင်အားအပြည့်ဖြင့် လှုပ်ရှားခဲ့ကြသော်လည်း... အဆုံးမဲ့ဓား၏ အတော်အတန်များပြားသော စွမ်းအားပမာဏသည် ယိုစိမ့်ထွက်သွားခဲ့ပြီး... တွင်းပေါက်များ၏ ထက်ဝက်ကို ဖျက်ဆီးပြီး... ရှေးဟောင်းတွင်းနက်ကြီးအား ပြိုကျနစ်မြုပ်စေခဲ့သည်။

‎

‎

‎ဓားတစ်ချက်တည်းဖြင့် တားမြစ်နယ်မြေတစ်ဝက်ကို ပြားပြားဝပ်သွားစေခဲ့သည်။ ဤအခိုက်အတန့်တွင်... တားမြစ်နယ်မြေအတွင်းရှိ ရှေးဟောင်းအရှင်သခင်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။

‎

‎

‎ဤသည်မှာ... အဆုံးမဲ့ဓားက သူ့ဘာသာသူ လှုပ်ရှားခဲ့ခြင်းမျှသာ ဖြစ်၏။ အကယ်၍ ကောင်းကင်ဘုံအရှင်သခင် ကိုယ်တိုင် ဓားကိုင်စွဲ၍ တိုက်ခိုက်ခဲ့ပါက... မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးသည် အဆုံးမဲ့တိုက်ကြီးပေါ်မှ လုံးဝ ပျောက်ကွယ်သွားမည် မဟုတ်ပါလော။

‎

‎

‎" နောက်တစ်ကြိမ် ထပ်ပြီး ခုခံရင်... မင်းတို့အားလုံး သေဆုံးပြီး... မူလရှေးဟောင်းတွင်းနက်လဲ ပျက်စီးသွားရလိမ့်မယ် "

‎

‎

‎ကုချန်၏ အေးစက်သော အသံ ထွက်ပေါ်လာပြီး... မူလရှေးဟောင်းတွင်းနက်အတွင်းရှိ အရှင်သခင်များအားလုံးကို... ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

‎

‎

‎အကယ်၍ ကုချန်က ဤသို့ ပြောဝံ့လျှင်... သူသည် သေချာပေါက် ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း သူတို့ သိရှိခဲ့ကြ၏။ မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးရှိ အရှင်သခင်များအားလုံး၏ အင်အားများကို ပေါင်းစည်းလိုက်လျှင်ပင်... ဤကောင်းကင်ဘုံအရှင်သခင်နှင့် ယှဉ်ပြိုင်နိုင်ဖွယ် မရှိပေ။

‎

‎

‎သေစေလောက်သော တိတ်ဆိတ်မှုတစ်ခုထဲတွင်... ကုချန်၏ မြင့်မြတ်စိတ်အာရုံသည် မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးအား ဒီရေကဲ့သို့ ဖြတ်သန်းတိုက်ခတ်သွားလေသည်။ ထိုရှေးဟောင်းအရှင်သခင်များ နေထိုင်ကျင့်ကြံရာ နေရာများကိုပင် ချန်လှပ်မထားဘဲ... နေရာတိုင်းကို စေ့စေ့စပ်စပ် ရှာဖွေခဲ့သည်။ အစမှအဆုံးတိုင်အောင်... ဤရှေးဟောင်းအရှင်သခင်များသည် သူတို့၏ ကျင့်ကြံရာနေရာများတွင် တိတ်ဆိတ်စွာ နေထိုင်နေရုံမျှသာ ရှိခဲ့ပြီး... အနည်းငယ်မျှသော လှုပ်ရှားမှုကို ပြုလုပ်ရန်ပင် မဝံ့ခဲ့ကြပေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့ဓားသည် အဆုံးမဲ့သော ဓားစွမ်းအားကို ထုတ်လွှတ်လျက်... ယခုအခါ မူလရှေးဟောင်းတွင်းနက်၏ အထက်တည့်တည့်တွင် ချိတ်ဆွဲထားသောကြောင့် ဖြစ်သည်။ လှုပ်ရှားမှုပြုလုပ်ဝံ့သော မည်သည့်အရှင်သခင်မဆို ဓားချက်တစ်ချက်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး... သေဆုံးခြင်းနှင့် သူတို့၏ တာအိုများ ပြိုကွဲပျက်စီးခြင်းတို့ဖြင့် အဆုံးသတ်သွားမည် ဖြစ်သည်။

‎

‎

‎တိတ်ဆိတ်ခြင်း...သေစေလောက်သော... တိတ်ဆိတ်ခြင်းပင်တည်း.....

‎

‎

‎ကုချန်၏ မြင့်မြတ်စိတ်အာရုံသည် မူလရှေးဟောင်းတွင်းနက်မှ ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားပြီး... အဆုံးမဲ့ဓားသည်လည်း ထွက်ခွာသွား၏။ ရှေးဟောင်းတွင်းနက်အတွင်းရှိ အရှင်သခင်များသည် စကားမပြောနိုင်ကြသေးဘဲ... သူတို့၏ လက်ရှိ အရှက်ရဖွယ်အခြေအနေအား သက်သာရာရစေရန် မည်သို့ပြောရမည်ကို မသိရှိကြသကဲ့သို့ ရှိနေခဲ့သည်။

‎

‎

‎ဓားတစ်ချက်တည်း...ဓားတစ်ချက်တည်းမျှဖြင့်... မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးအား ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ထားနိုင်ခဲ့သည်။ ဤကဲ့သို့သော အရှက်ရဖွယ် အဖြစ်အပျက်သည် စွဲထင်ကျန်ရစ်ပြီး... ဤတားမြစ်နယ်မြေ အရှင်သခင်များ၏ ဘဝတစ်လျှောက်လုံး လိုက်ပါနေမည် ဖြစ်သည်။

‎

‎

‎မူလရှေးဟောင်းတွင်းနက်အတွင်းရှိ တားမြစ်နယ်မြေ အရှင်သခင်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

‎

‎

‎ထို့အတူ အရှေ့ပိုင်းလွင်ပြင် တာအိုနယ်မြေတစ်ခုလုံးသည်လည်း ဤအခိုက်အတန့်တွင် သေစေလောက်သော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားခဲ့သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုဖြင့် လှုပ်ရှားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။ ၎င်းမှာ အဆုံးမဲ့ကမ္ဘာတစ်ခွင်လုံးတွင် အရှေးအကျဆုံးနှင့် အဆန်းကြယ်ဆုံးသော မူလရှေးဟောင်းတွင်းနက် ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခု ဖြစ်သည်။

‎

‎

‎သို့တိုင်...ကုချန်၏ ရှေ့မှောက်တွင်... ၎င်းသည် အသုံးမဝင်သော ကြက်တစ်ကောင်၊ ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ပြီး... တားမြစ်နယ်မြေ၏ ထက်ဝက်သည် ဓားတစ်ချက်တည်းဖြင့် ပြားပြားဝပ်သွားခဲ့ရသည်။ တားမြစ်နယ်မြေအတွင်းရှိ အရှင်သခင်များပင်လျှင် ဒေါသစကားတစ်ခွန်းမျှ မပြောဝံ့ဘဲ... လှုပ်ရှားမှုအနည်းငယ်မျှပင် ပြုလုပ်ရန် မဝံ့ရဲခဲ့ကြပေ။

‎

‎

‎ဤသည်မှာ လူတို့၏စိတ်ထဲမှ ကြောက်မက်ဖွယ်ကောင်းပြီး ဆန်းကြယ်သော ရှင်သန်ခြင်းတားမြစ်နယ်မြေ ဟုတ်ပါသေးရဲ့လား။

‎

‎

‎အဘယ်ကြောင့် ကောင်းကင်ဘုံအရှင်သခင်၏ ရှေ့မှောက်တွင်... ၎င်းနှင့် ထိုအင်မော်တယ်ဂိုဏ်းများ၊ အဖွဲ့အစည်းများအကြား... မည်သည့်ကွာခြားမှုမျှ မရှိသကဲ့သို့ ခံစားနေရသနည်း။

‎

All Chapters