← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 11 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 11 Ch. 143-144

‎အခန်း (၁၄၃) - အရှင်သခင်၏ လက်နက်၊ မျက်နှာပျက်ရခြင်း၊ တစ်စုံတစ်ခု ရရှိခြင်း

‎

‎

‎

‎ဤအခိုက်အတန့်တွင် နယ်မြေကြီးငါးခု၏ သက်ရှိသတ္တဝါများသည် သူတို့၏စိတ်နှလုံးသားထဲ၌ ကြောက်ရွံ့မှုလှိုင်းတစ်ခုကို ခံစားနေကြရသည်။ ၎င်းတို့သည် တစ်ချိန်က ကောင်းကင်ဘုံအရှင်သခင်အား အဆုံးမဲ့ကမ္ဘာကို သစ္စာဖောက်သူတစ်ဦးအဖြစ် ရှုတ်ချခဲ့ကြသည်ကို ပြန်လည်သတိရမိသောကြောင့် ဖြစ်၏။

‎

‎

‎မှန်ပေသည်... သူသည် ယခု ကောင်းကင်ဘုံအရှင်သခင်ဖြစ်ပြီး... ကုမိသားစု မဟာဧကရာဇ်မျှ မဟုတ်တော့ပေ။ သူ အမျက်ထွက်ခဲ့မည်ဆိုပါက... အမှန်တကယ်ပင် လူသတ်ပေလိမ့်မည်။

‎

‎

‎ကမ္ဘာကို တုန်လှုပ်စေသော ရှင်သန်ခြင်းတားမြစ်နယ်မြေပင်လျှင်... ကောင်းကင်ဘုံအရှင်သခင်၏ ရှေ့မှောက်၌ အသက်ပင် ပြင်းပြင်းမရှူဝံ့ဘဲ... သူ့အား ကြိုက်သလို ပြုမူခွင့် ပေးထားရသည်ပဲလေ။

‎

‎

‎" အနိုင်ကျင့်လွန်းတယ်...အရမ်းအနိုင်ကျင့်လွန်းတယ်..... "

‎

‎

‎ကုချန်၏ ဖိအားသည် မူလရှေးဟောင်းတွင်းနက်မှ ထွက်ခွာသွားပြီး အချိန်အတော်ကြာမှသာ... ရှေးဟောင်းတွင်းနက်၏ နက်ရှိုင်းသောနေရာမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

‎

‎

‎ဤသည်မှာ အဆုံးမဲ့ဓားဖြင့် ဖြတ်တောက်ခံခဲ့ရသော နဂါးရုပ်ထွင်း ရွှေလှံရှည်ကြီး၏ ပိုင်ရှင်၏ အသံ ဖြစ်လေသည်။ ကောင်းကင်ဘုံအရှင်သခင်၏ အာဏာပြင်းသော လုပ်ရပ်များအပေါ် သူ၏မကျေနပ်မှုကို ဖော်ပြလိုက်ရုံမျှဖြင့်... သူ၏ဘဝတစ်လျှောက်လုံး မရေတွက်နိုင်သောနှစ်များစွာ ပျိုးထောင်လာခဲ့ရသော အစွမ်းထက် ဧကရာဇ်လက်နက်ပင် ဖြတ်တောက်ခံခဲ့ရသည်။ ဤကဲ့သို့သော ဆိုးရွားသည့် အဖိုးအခကို ပေးဆပ်ရလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎သို့သော်...သူ၏ အမျက်ဒေါသများကြားမှပင်... ဤရှေးဟောင်းအရှင်သခင်သည် ကျောရိုးထဲထိ စိမ့်ခနဲ အေးသွားသလို ခံစားလိုက်ရသည်။

‎

‎

‎အဆုံးမဲ့ဓားက သူ့အား ပေးခဲ့သော ခံစားချက်သည် အလွန်အမင်း နက်ရှိုင်းလှပြီး... သာမန် ဧကရာဇ်လက်နက်များထက်ပင် များစွာ သာလွန်နေခဲ့သည်။ ထို့သို့မဟုတ်ပါက... သူ၏ ဧကရာဇ်လက်နက်အား ဤမျှ လွယ်ကူသက်သာစွာ ဖြတ်တောက်နိုင်ခဲ့မည် မဟုတ်ပေ။

‎

‎

‎သို့သော် ထို ကောင်းကင်ဘုံအရှင်သခင်သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကို မည်သို့ ပိုင်ဆိုင်ထားရသနည်း။

‎

‎

‎သူကိုယ်တိုင်က မယုံနိုင်လောက်အောင် အစွမ်းထက်နေရုံသာမက... သူ၏လက်နက်ကပင် ဤမျှ ထူးခြားဆန်းကြယ်နေခဲ့သည်။

‎

‎

‎ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

‎

‎

‎" ဧကရာဇ်... ညည်းညူနေဖို့ မလိုပါဘူး ကောင်းကင်ဘုံအရှင်သခင်က ခင်ဗျားရဲ့ လက်နက်ကိုပဲ ဖြတ်တောက်သွားပြီး ခင်ဗျားကို တိုက်ခိုက်မသွားခဲ့ဘူး... ဒါဟာ ကြီးမားတဲ့ ကံကောင်းမှုတစ်ခု ဖြစ်နေပါပြီ "

‎

‎

‎အခြား ရှေးဟောင်းအရှင်သခင်တစ်ပါးက အေးစက်သော အသံဖြင့် ပြောလိုက်သည်။

‎

‎

‎အကယ်၍ သူ၏လက်နက်အစား ထိုဧကရာဇ် ကိုယ်တိုင်သာ ဖြစ်ခဲ့ပါလျှင်... ထိုသူသည်လည်း ထိုကောင်းကင်ဘုံအရှင်သခင်၏ ရက်စက်စွာ ခုတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း... သူ သံသယမရှိခဲ့ပေ။

‎

‎

‎" ဒီဓားက ဧကရာဇ်လက်နက် ဆိုတဲ့ အမျိုးအစားထဲမှာတောင် မရှိတော့ဘဲ... ဒဏ္ဍာရီလာ အင်မော်တယ်လက်နက်အဖြစ် ပြောင်းလဲသွားတာများလား "

‎

‎

‎အရှင်သခင်တစ်ပါးက ချီတုံချတုံဖြင့် မှန်းဆလိုက်သည်။

‎

‎

‎မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးအား လွှမ်းမိုးသွားခဲ့သော အဆုံးမဲ့ဓားသည် ဤရှေးဟောင်းအရှင်သခင်များအပေါ်၌ အလွန်နက်ရှိုင်းသော အမှတ်တရတစ်ခုကို ချန်ထားခဲ့သည်။

‎

‎

‎သူတို့ကိုယ်တိုင်သည် ဧကရာဇ်လက်နက်များကို ဖန်တီးသူများ ဖြစ်သောကြောင့်... သာမန်ဧကရာဇ်လက်နက်များသည် သူတို့၏မျက်စိထဲတွင် လုံးဝရှိလိမ့်မည်မဟုတ်ပေ။ ဧကရာဇ်လက်နက်တစ်ခု မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ... သူတို့အား မည်သို့ ထိခိုက်စေနိုင်မည်နည်း။

‎

‎

‎သို့သော် ကောင်းကင်ဘုံအရှင်သခင် ကိုင်စွဲထားသော အဆုံးမဲ့ဓားသည်... သာမန် ဧကရာဇ်လက်နက်များ၏ အတိုင်းအတာကို ရှင်းရှင်းလင်းလင်း ကျော်လွန်နေခဲ့ပြီး... ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ဆန်းကြယ်လှသည်။

‎

‎

‎အဆုံးမဲ့ဓား သူ့အလိုလို နိုးထလာပြီး... သခင်ကိုယ်စား တိုက်ခိုက်ပေးခြင်းမျှဖြင့်ပင်... မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးအား ခေါင်းမဖော်နိုင်အောင် ပြုလုပ်နိုင်ခဲ့သည်။ ဤသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။

‎

‎

‎" ဒီဓားက ရှေးခေတ်က အဆုံးမဲ့ကမ္ဘာမှာရှိခဲ့တဲ့ အရှင်သခင်တစ်ပါးရဲ့ လက်နက်တစ်ခုကို ငါ့ကို သတိရစေတယ် "

‎

‎

‎ရှေးဟောင်းအရှင်သခင်တစ်ပါးက စဉ်းစားတွေးခေါ်ရင်း ပြောလိုက်၏။

‎

‎

‎" ဟိုတုန်းက...လူသားဧကရာဇ် သွန်းလုပ်ခဲ့တဲ့ ဧကရာဇ်လက်နက်... လူသားဧကရာဇ်ရဲ့ အကြေးခွံက ဧကရာဇ်လက်နက် အမျိုးအစားကို ကျော်လွန်သွားခဲ့ပြီး... ဒဏ္ဍာရီလာ အင်မော်တယ်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ကောလာဟလ ထွက်ခဲ့ဖူးတယ် "

‎

‎

‎လူသားဧကရာဇ်၏ အကြေးခွံ.....

‎

‎

‎ဤအမည်ကို ကြားသောအခါ မူလရှေးဟောင်းတွင်းနက်အတွင်းရှိ ရှေးဟောင်းအရှင်သခင်များသည် အမျိုးမျိုး တုံ့ပြန်ခဲ့ကြ၏။ အချို့မှာ လျစ်လျူရှုလျက် ရှိနေခဲ့ပြီး... အချို့မှာ ဂရုစိုက်ခြင်း မရှိကြဘဲ... အချို့မှာမူ နက်နဲစွာ တွေးနေခဲ့ကြသည်။

‎

‎

‎နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ဤရှေးဟောင်းအရှင်သခင်များအတွက်ပင်လျှင်... လူသားဧကရာဇ်ဆိုသည်မှာ ကုန်လွန်သွားသော ခေတ်တစ်ခုမှ ရှေးကျလွန်းသော တည်ရှိမှုတစ်ခု ဖြစ်သောကြောင့်တည်း။

‎

‎

‎သူ၏လက်နက်နှင့် ပတ်သက်၍မူ ဒဏ္ဍာရီများထဲတွင်သာ တည်ရှိခဲ့ပြီး... မည်သူမျှ ၎င်းကို မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။

‎

‎

‎ထို့ကြောင့်...ဤတားမြစ်နယ်မြေများရှိ ရှေးဟောင်းအရှင်သခင်များသည် ၎င်းအပေါ်၌ နက်ရှိုင်းလွန်းသော အမှတ်တရများ မရှိခဲ့ကြပေ။

‎

‎

‎" ဟွန့်...အဲ့ဒီဓားထက် အဲ့ဒီ ကောင်းကင်ဘုံအရှင်သခင်က ဘာလုပ်ဖို့ ရည်ရွယ်နေလဲဆိုတာကို... ငါက ပိုပြီး စိတ်ဝင်စားတယ် "

‎

‎

‎အေးစက်သော နှာမှုတ်သံတစ်ခုက အရှင်သခင်များ၏ အတွေးများကို လက်တွေ့ကမ္ဘာသို့ ပြန်လည်ဆွဲခေါ်လိုက်သည်။

‎

‎

‎ဟုတ်ပေသည်...ထို ကောင်းကင်ဘုံအရှင်သခင်သည် ဘာလုပ်ရန် ရည်ရွယ်နေသနည်း။ သို့မဟုတ်ပါက... သူသည် ဘာကို ရှာဖွေနေသနည်း။

‎

‎

‎အဆုံးမဲ့ နယ်မြေကြီးငါးခုလုံးကို ဖိအားပေးလျက်... သူ၏ရှာဖွေမှုတွင် အဆုံးမဲ့ နယ်မြေကြီးငါးခု၏ မည်သည့်ထောင့်စွန်းကိုမျှ လက်မလွှတ်တမ်း ရှာဖွေနေသည်မှာ... အင်မော်တယ်တက်လှမ်းခြင်းနှင့် သက်ဆိုင်သော လျှို့ဝှက်ချက်များကို ရှာဖွေနေခြင်း ဖြစ်နိုင်ပါသလော။

‎

‎

‎သို့သော်...အင်မော်တယ်နယ်မြေသို့ ဦးတည်သည်ဟု ယူဆရသော ဝင်ပေါက်သည်... အလယ်ပိုင်းပြည်နယ် တာအိုနယ်မြေ၏ ကောင်းကင်အထက်တွင် ရှင်းရှင်းလင်းလင်း ရှိနေ၏။ သူသည် ထိုနေရာရှိ ကောင်းကင်ယံအက်ကွဲကြောင်းကို မစုံစမ်းဘဲ... ဘာကြောင့် နယ်မြေကြီးငါးခုလုံးကို လိုက်လံရှာဖွေနေသနည်း။

‎

‎

‎" နားလည်ရခက်လိုက်တာ... ဒီ ကောင်းကင်ဘုံအရှင်သခင် ဘာလုပ်ချင်နေလဲ ဘယ်သူသိနိုင်မှာလဲ... ဒါပေမဲ့ အခု ငါတို့ မူလရှေးဟောင်းတွင်းနက်က မျက်နှာပျက်ခဲ့ရပြီးပြီ... တခြား တားမြစ်နယ်မြေတွေက တာအိုညီနောင်တွေ မျက်နှာပျက်ရမယ့် အလှည့်ပဲ "

‎

‎

‎ရှေးဟောင်းတွင်းနက် ‌‌ဧကရာဇ်က လှောင်ပြောင်ရယ်မောလိုက်သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်၏ ရည်ရွယ်ချက်သည် မူလရှေးဟောင်းတွင်းနက်ကို သီးသန့် ပစ်မှတ်ထားရန် မဟုတ်ဘဲ... ရှင်သန်ခြင်းတားမြစ်နယ်မြေအားလုံးကို တန်းတူရည်တူ ဆက်ဆံပြီး... တစ်ခုမျှ မချန်လှပ်ထားရန် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာနေခဲ့သည်။

‎

‎

‎ယခုအခါ မူလရှေးဟောင်းတွင်းနက်သည် လောကကြီး၏ ရှေ့မှောက်တွင် မျက်နှာပျက်ခဲ့ရပြီးဖြစ်ရာ... နတ်ဘုရားဝိညာဉ်ဂူ၊ ရှေးဟောင်းဧကရာဇ်တောင်၊ ကွေ့ရွှီတာအိုပင်လယ် နှင့် အခြားနေရာများသည် မည်သို့ ချွင်းချက် ဖြစ်နိုင်မည်နည်း။

‎

‎

‎အကယ်၍ မူလရှေးဟောင်းတွင်းနက်တစ်ခုတည်းသာ ပစ်မှတ်ထားခံရပါက... တွင်းနက်အတွင်း နေထိုင်သော ရှေးဟောင်းအရှင်သခင်များအားလုံး အရှက်ရကြမည် ဖြစ်သည်။

‎

‎

‎တားမြစ်နယ်မြေအားလုံး မျက်နှာပျက်ကြရမည်ဆိုပါက... မူလတွင်းနက်ဧကရာဇ်နှင့် အခြားသူများ၏ စိတ်ထဲတွင်... မျှတသွားသလို ခံစားရပေလိမ့်မည်.....

‎

‎

‎မူလတွင်းနက်ဧကရာဇ် ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်၏။

‎

‎

‎ကုချန်၏ မြင့်မြတ်စိတ်အာရုံသည် မူလရှေးဟောင်းတွင်းနက်မှ ထွက်ခွာသွားပြီးနောက်... သူသည် အခြား ရှင်သန်ခြင်းတားမြစ်နယ်မြေများကို လွတ်ငြိမ်းခွင့်ပေးရန် ရည်ရွယ်ချက်မရှိဘဲ... ရှေးဟောင်းဧကရာဇ်တောင် နှင့် ကွေ့ရွှီတာအိုပင်လယ် ကဲ့သို့သော တားမြစ်နယ်မြေများထဲသို့ ဆက်တိုက် စူးစမ်းဝင်ရောက်ကာ... လက်မလွတ်တမ်း ရှာဖွေခဲ့သည်။

‎

‎

‎သူ၏ မြင့်မြတ်စိတ်အာရုံ တိုးဝင်သွားသည်နှင့်အမျှ... အဆုံးမဲ့ဓားသည်လည်း နောက်မှ လိုက်ပါသွားခဲ့ပြီး... တားမြစ်နယ်မြေတစ်ခုစီ၏ အထက်တွင် ပျံဝဲလျက်... မှိန်ဖျော့သော ဓားအလင်းရောင်ကို ထုတ်လွှတ်နေခဲ့သည်။

‎

‎

‎ထိုလုပ်ရပ်သည် ဤတားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်သခင်များအား ရှင်းရှင်းလင်းလင်း ပြောကြားနေသည်မှာ... နာခံစွာ ဝပ်တွားပြီး မည်သည့်အရာမျှ မဖြစ်ပျက်သလို ဟန်ဆောင်နေလိုက်ပါ... သို့မဟုတ်ပါက ရဲရဲဝံ့ဝံ့ ထွက်ပေါ်လာပြီး အဆုံးမဲ့ဓား၏ ဓားတစ်ချက်တည်းဖြင့် ခုတ်ဖြတ်ခြင်းကို ခံလိုက်ပါ ဟူ၍ ဖြစ်၏။

‎

‎

‎နဂါးရုပ်ထွင်း ရွှေလှံရှည်ကြီးသည် အဆုံးမဲ့ဓား၏ ဓားတစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။

‎

‎

‎ဤရှေးဟောင်း တားမြစ်နယ်မြေ အရှင်သခင်များသည်လည်း ထိုနည်းတူစွာ ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

‎

‎

‎မူလရှေးဟောင်းတွင်းနက်မှ 'စံနမူနာ' ရှိနေခဲ့သဖြင့်... အမျိုးမျိုးသော ရှင်သန်ခြင်းတားမြစ်နယ်မြေများရှိ ရှေးဟောင်းအရှင်သခင်များအားလုံးသည်... မည်သို့ ရွေးချယ်ရမည်ကို သိရှိသွားကြ၏။

‎

‎

‎ကုချန်၏ မြင့်မြတ်စိတ်အာရုံသည် တားမြစ်နယ်မြေများထဲသို့ ဝင်ရောက်လာပြီး... တားမြစ်နယ်မြေများ၏ ထောင့်တိုင်းအား ရှာဖွေဖြတ်သန်းသွားခဲ့သည်။ တားမြစ်နယ်မြေ အရှင်သခင်များအားလုံးသည် နားပင်းဟန်၊ ဆွံ့အဟန် ဆောင်လျက်... မည်သည့်အရာမျှ မမြင်တွေ့ခဲ့သလို ဟန်ဆောင်နေခဲ့ကြသည်။

‎

‎

‎စုံစမ်းစစ်ဆေးမှုအပြီးတွင်... ကုချန်သည် အမှန်တကယ်ပင်... တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

‎

‎

‎ရှေးဟောင်းဧကရာဇ်တောင်နှင့် ကွေ့ရွှီတာအိုပင်လယ်၏ အပြင်ဘက်ဒေသများတွင်... လော့ထျန်းနန်းတော်နှင့် ဆက်စပ်နေသော သတ္တဝါ နှစ်ဦး၊ သုံးဦးကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။

‎

‎

‎ဤပုဂ္ဂိုလ်များသည် ရှင်သန်ခြင်းတားမြစ်နယ်မြေများ၏ အပြင်ဘက်ဒေသများတွင် ပုန်းကွယ်နေခဲ့ကြပြီး... သူတို့ကိုယ်တိုင်ပင် အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့ကြသည်။

‎

‎

‎အံ့ဩစရာမရှိပါ...လော့ထျန်းနန်းတော်၏ ခြေရာများသည်... မည်သည့်အခါမျှ ပေါက်ကြားခဲ့ခြင်း မရှိခဲ့ပေ။ ယခင် အဆုံးမဲ့ကမ္ဘာဧကရာဇ်များပင်လျှင်... အဆုံးမဲ့တိုက်ကြီးတစ်ခုလုံးအား ရှာဖွေခဲ့သော်လည်း... မည်သည့်အောင်မြင်မှုမျှ မရရှိခဲ့ပေ။

‎

‎

‎ကုချန်သည် လှောင်ပြောင်ရယ်မောလိုက်၏။

‎

‎

‎ထို အဆုံးမဲ့ကမ္ဘာ ဧကရာဇ်များသည် သူ့ကဲ့သို့ အစွမ်းထက်ကြသည် မဟုတ်သောကြောင့်... အမျိုးမျိုးသော တားမြစ်နယ်မြေများထဲသို့... သူတို့၏ မြင့်မြတ်စိတ်အာရုံဖြင့် စူးစမ်းရှာဖွေရန် မဝံ့ရဲခဲ့ကြပေ။

‎

‎

‎ထို့ကြောင့်...လော့ထျန်းနန်းတော်၏ လူများသည် သူတို့ လုံခြုံစေရန်အတွက်... ရှင်သန်ခြင်းတားမြစ်နယ်မြေများအတွင်း၌ ပုန်းအောင်းနေရန်သာ လိုအပ်ခဲ့သည်။

‎

‎

‎ ရှင်သန်ခြင်းတားမြစ်နယ်မြေများအားလုံးသည် အလွန်အမင်း အန္တရာယ်များလှသော်လည်း... အတွင်း၌ အိပ်စက်နေသော ရှေးဟောင်းအရှင်သခင်များသည်... တားမြစ်နယ်မြေများ၏ အပြင်ဘက်ဒေသများရှိ ပုရွက်ဆိတ်များအား... အရေးတယူ ဂရုစိုက်နေရန် အချိန်မရှိခဲ့ကြပေ။ ဤသည်မှာ လော့ထျန်းနန်းတော်၏ လူသတ်သမားများအား... ဤနေရာတွင် ပုန်းအောင်းနေရန် အခွင့်အရေးတစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

‎

‎

‎" တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး "

‎

‎

‎လော့ထျန်းနန်းတော်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသော ထိုသတ္တဝါများအားလုံးကို မှတ်သားပြီးနောက်... ကုချန်၏ မြင့်မြတ်စိတ်အာရုံသည် နယ်မြေကြီးငါးခုလုံးဆီသို့ ဖြန့်ကျက်သွားလေတော့သည်။

‎

‎အခန်း (၁၄၄) - အားလုံးကို ရှာဖွေတွေ့ရှိခြင်း၊ အရှင်သခင်က လက်ပိုက်ကြည့်နေခြင်း၊ လူအားလုံး စုစည်းမိခြင်း

‎

‎

‎

‎နှစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင်... နယ်မြေကြီးငါးခုတစ်ခွင်လုံးရှိ သက်ရှိသတ္တဝါအားလုံးသည် ချွင်းချက်မရှိဘဲ... ကုချန်၏ မြင့်မြတ်စိတ်အာရုံဖြင့် အစအဆုံး စစ်ဆေးခြင်းကို ခံလိုက်ကြရသည်။

‎

‎

‎အာကာသအက်ကွဲကြောင်းများထဲတွင် ပုန်းကွယ်နေသော လျှို့ဝှက်နယ်မြေများနှင့် ကမ္ဘာငယ်လေးများပင်လျှင်... ကုချန်၏ မြင့်မြတ်စိတ်အာရုံမှ လွတ်မြောက်သွားခြင်းမရှိဘဲ... သန့်စင်ရှင်းလင်းခြင်း ခံခဲ့ရသည်။

‎

‎

‎ဤဖြစ်စဉ်အတွင်း... ကုချန်က လော့ထျန်းနန်းတော်နှင့် ဆက်စပ်သည်ဟု ယူဆသော မည်သူမဆို... သူ၏ မှတ်သားခြင်း ခံခဲ့ရပြီး... လူသတ်သမားများအားလုံးကို ပိုက်ကွန်ဖြင့် တစ်ချက်တည်း ဖမ်းဆီးရန်... နောက်ဆုံးအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည်။

‎

‎

‎နောက်ဆုံးတွင်... အဆုံးမဲ့ နယ်မြေကြီးငါးခုလုံးအား တစ်နေရာမျှမကျန် အစအဆုံး စစ်ဆေးပြီးနောက်... ကုချန်သည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

‎

‎

‎လှောင်အိမ်ထဲတွင် အကျဉ်းကျနေပြီး... မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မသိရှိသေးသော... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ကုချန် မျက်လုံးဖွင့်လိုက်သည်ကို မြင်သောအခါ... သူ၏စိတ်ဓာတ်များ ပြန်လည်နိုးကြားလာပြီး ချက်ချင်းပင် အော်ဟစ်လိုက်၏။

‎

‎

‎" ကုမိသားစု မဟာဧကရာဇ်... ကောင်းကင်ဘုံအရှင်သခင် ခင်ဗျားရဲ့စွမ်းရည်က ဒီလောက်ပဲလား... ကျုပ်ပြောသားပဲ ခင်ဗျားအတွက် အကောင်းဆုံးရွေးချယ်မှုက ကျုပ်ကို သတ်လိုက်ဖို့ပဲ... တခြားဘာပဲလုပ်လုပ် အချိန်ဖြုန်းတာပဲ "

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် စိတ်ရှုပ်ထွေးနေခဲ့ပြီး... ကုမိသားစု မဟာဧကရာဇ်က သူ့အား အဘယ်ကြောင့်... ယခုအချိန်အထိ မသတ်သေးသည်ကို နားမလည်နိုင်ခဲ့ပေ။

‎

‎

‎သူသည် ယခုလေးတင် သူ၏အမှတ်တရများကို စူးစမ်းခဲ့ပြီးဖြစ်ရာ... လော့ထျန်းနန်းတော် ဌာနချုပ် မည်သည့်နေရာတွင် တည်ရှိသည်ကို... သူ လုံးဝမသိရှိကြောင်း သိရှိပြီးဖြစ်ပေသည်။

‎

‎

‎အကယ်၍ ထိုသို့သာဖြစ်ပါက... သူ့အား အသက်ရှင်လျက် ထားရှိခြင်းသည်... မည်သို့ အဓိပ္ပာယ်ရှိမည်နည်း။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်က သူ၏ဒေါသကို ဖြေဖျောက်ရန်... သူ့အား ညှဉ်းပန်းနှိပ်စက်လိုနေခြင်းများ ဖြစ်နိုင်ပါသလော။

‎

‎

‎သူ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူသည် သေခြင်းတရားအတွက် ယခင်ကတည်းက စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သော်လည်း... ဖြစ်နိုင်ပါက ညှဉ်းပန်းနှိပ်စက်မှု နည်းနိုင်သမျှ နည်းနည်းသာ ခံစားရခြင်းသည်... ပို၍ ကောင်းမွန်ပေ၏။ သူသည် ကုချန်အား ဒေါသထွက်စေရန်နှင့် သူ့အား လျင်မြန်စွာ သတ်ပစ်စေရန် မျှော်လင့်လျက်... သူ့အား စိတ်အားထက်သန်စွာ ဆွပေးနေခဲ့သည်။

‎

‎

‎သူသည် ယခုလေးတင် ကုချန် မည်သည့်အရာများ ပြုလုပ်ခဲ့သည်ကို... ရှင်းရှင်းလင်းလင်း မသိရှိခဲ့ပေ။ ထို့သို့မဟုတ်ပါက... သူသည် ယခုကဲ့သို့ ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ပြုမူနေလိမ့်မည် မဟုတ်ပေ။

‎

‎

‎" ငါကိုယ်တော် ပြောခဲ့တယ်... မင်းကို အသက်ရှင်လျက် ထားတာက... မင်းရဲ့ကိုယ်ပိုင်မျက်စိနဲ့ လော့ထျန်းနန်းတော်ရဲ့ ပျက်စီးခြင်းကို... မျက်မြင်‌ တွေ့စေဖို့အတွက် သက်သက်ပဲ "

‎

‎

‎ကုချန်သည် လျစ်လျူရှုစွာ ပြောလိုက်ပြီး... သူ၏ မြင့်မြတ်စိတ်အာရုံ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့်... ဝေးကွာသော အဆုံးမဲ့ကမ္ဘာအား ဖြတ်သန်းတိုက်ခတ်သွားကာ... အဆုံးမဲ့ နယ်မြေကြီးငါးခုအတွင်းရှိ သူမှတ်သားထားသော သတ္တဝါအားလုံးကို ဖမ်းဆီးလိုက်လေသည်။

‎

‎

‎ရှေးဟောင်းဧကရာဇ်တောင်၏ အစွန်အဖျားဒေသ.....

‎

‎

‎ရှေးကျသော မီးခိုးရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး... လောကဓံဒဏ်ကို ခံထားရသော မျက်နှာရှိသည့် အဘိုးအိုတစ်ဦးသည်... ရှေးဟောင်းတောင်တစ်လုံးအတွင်းရှိ အင်မော်တယ်ဂူတစ်ခုထဲတွင် ပုန်းကွယ်နေခဲ့သည်။

‎

‎

‎" တကယ်ပဲ ဘာဖြစ်ခဲ့မှန်း မသိပေမယ့် အထက်လူကြီးတွေက ငါတို့အားလုံးကို ပုန်းအောင်းနေဖို့ အမိန့်ပေးခဲ့တယ် "

‎

‎

‎မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအို၏ လေသံသည် အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။

‎

‎

‎" ဌာနချုပ်က ဒီလောက်သတိကြီးစွာ ဆက်ဆံရလောက်အောင် အဲ့ဒီ ငတုံးတွေ ဘာလုပ်ခဲ့မှန်း မသိဘူး... သူတို့က နောက်ထပ် အဆုံးမဲ့ကမ္ဘာ ဧကရာဇ်အဆင့်တစ်ယောက်ကို သွားဆွခဲ့တာများလား "

‎

‎

‎မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်... လွန်ခဲ့သော နှစ်ရက်ခန့်ကပင် သူသည် လော့ထျန်းနန်းတော် ဌာနချုပ်မှ သတင်းစကားတစ်ခု ရုတ်တရက် လက်ခံရရှိခဲ့ပြီး... အဆုံးမဲ့ နယ်မြေကြီးငါးခုအတွင်းရှိ လော့ထျန်းနန်းတော်၏ လူသတ်သမားများအားလုံး ပုန်းအောင်းနေကြရန်... တောင်းဆိုခဲ့သောကြောင့် ဖြစ်သည်။

‎

‎

‎ဤသည်မှာ မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအို၏ ဘဝတွင် ပထမဆုံးအကြိမ် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သူ၏မှတ်ဉာဏ်ထဲတွင် လွန်ခဲ့သော နှစ်တစ်သိန်းကျော်ခန့်က... လော့ထျန်းနန်းတော်သည် ထို အဆုံးမဲ့ကမ္ဘာ ဧကရာဇ်အဆင့်၏ လက်တုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရစဉ်ကသာ ဤမျှ သတိကြီးစွာဖြင့် လှုပ်ရှားခဲ့ကြပြီး... အားလုံး ပုန်းအောင်းကာ ငြိမ်သက်နေခဲ့ကြရသည်။

‎

‎

‎အံ့အားသင့်မိသော်လည်း မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ၎င်းကို အလေးအနက် မထားခဲ့ပေ။ ထိုစဉ်က လော်ထျန်းနန်းတော်သည် အဆုံးမဲ့ကမ္ဘာ ဧကရာဇ်အဆင့်အား ပြစ်မှားခဲ့စဉ်ကပင်... ၎င်းတို့သည် အဆုံးတွင် ဘေးကင်းလုံခြုံစွာ ရှိနေခဲ့သည် မဟုတ်ပါလော။

‎

‎

‎ယခု သူသည် မုန်တိုင်းကို ယာယီ ရှောင်ရှားခြင်းမျှသာ ဖြစ်သည်။

‎

‎

‎ သူ၏ လက်ရှိ ပုန်းအောင်းရာနေရာသည်... ကျော်ကြားသော ရှင်သန်ခြင်းတားမြစ်နယ်မြေ... ရှေးဟောင်းဧကရာဇ်တောင် ဖြစ်သည်။

‎

‎

‎ဒီနေရာတွင် ပုန်းအောင်းနေပါက... အဆုံးမဲ့ကမ္ဘာ ဧကရာဇ်အဆင့်တစ်ပါးက အမှန်တကယ် ကမ္ဘာကြီးအနှံ့ ရှာဖွေလိုလျှင်ပင်... သူသည် ဒီနေရာသို့ လာရောက်ရန် ဝံ့ရဲလိမ့်မည် မဟုတ်ပေ။

‎

‎

‎ဒီနေရာသည် မယုံနိုင်လောက်အောင် လုံခြုံသည်ဟု ဆိုနိုင်ပေသည်။

‎

‎

‎ဤသို့ တွေးမိသောအခါ... မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် တင်ပျဉ်ခွေထိုင်၍... ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။

‎

‎

‎ထိုအချိန်တွင်ပင် အမြင့်ဆုံးသော စွမ်းအားတစ်ခု ကျရောက်လာပြီး... မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုအပေါ်သို့ ချက်ချင်း ဖြတ်သန်းတိုက်ခတ်သွားလေသည်။

‎

‎

‎" ဘာဖြစ်နေတာလဲ..... "

‎

‎

‎မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ကြောက်ရွံ့ထိတ်လန့်သွား၏။ ယခုလေးတင် သူ့အား မည်သူက လျှို့ဝှက်စောင့်ကြည့်နေခဲ့သနည်း။

‎

‎

‎ထိုမျက်စိတစ်မှိတ်အတွင်း... သူ့၌ မည်သည့်လျှို့ဝှက်ချက်မျှ မကျန်တော့သကဲ့သို့ပင်... အရာအားလုံးသည် စောင့်ကြည့်သူ၏ မျက်လုံးများထဲတွင် ထွင်းဖောက်မြင်တွေ့ခြင်း ခံလိုက်ရသည်ဟုပင်... သူ ခံစားလိုက်ရသည်။

‎

‎

‎သို့သော် ဤသည်မှာ... နယ်မြေကြီးငါးခုလုံးတွင် ကျော်ကြားသော ရှင်သန်ခြင်းတားမြစ်နယ်မြေ... ရှေးဟောင်းဧကရာဇ်တောင် ဖြစ်သည်။

‎

‎

‎မည်သူသည် ဤနေရာအား မြင့်မြတ်စိတ်အာရုံဖြင့် ဤမျှ မဆင်မခြင် စစ်ဆေးဝံ့သနည်း။

‎

‎

‎မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအို၏ နှလုံးသည် တဒုန်းဒုန်း ခုန်လာခဲ့ပြီး... သူ၏လျှို့ဝှက်ချက်အား ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်နေသကဲ့သို့... သူသည် ဤနေရာမှ ထွက်ပြေးလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။

‎

‎

‎သူ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်မီတွင်... ထိုမမြင်နိုင်သော စွမ်းအားသည် တစ်ဖန်ပြန်လည် ကျရောက်လာပြီး... ချက်ချင်းပင် ကြီးမားလှသော လက်ဝါးကြီးတစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားကာ... သူ့အား ခိုင်မာစွာ ဆုပ်ကိုင်လျက် ရှေးဟောင်းတောင်ကြီးထဲမှ ဆွဲထုတ်လိုက်လေသည်။

‎

‎

‎ဘယ်သူလဲ.....

‎

‎

‎မမြင်နိုင်သော ဧရာမလက်ကြီး၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသောအခါ... မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် လုံးဝ ထိတ်လန့်သွားခဲ့သည်။

‎

‎

‎သို့သော် သူ့အား ပိုမို ကြောက်ရွံ့ထိတ်လန့်ကာ မျှော်လင့်ချက် ကင်းမဲ့သွားစေသည့်အရာမှာ... ထိုမမြင်နိုင်သော ဧရာမလက်ကြီးသည် သူ့အား ရှေးဟောင်းဧကရာဇ်တောင်မှ ဗြောင်ကျကျ ခေါ်ဆောင်သွားခဲ့သော်ငြား... ရှေးဟောင်းဧကရာဇ်တောင်၏ နက်ရှိုင်းသောနေရာတွင် အိပ်စက်နေကြသော ရှေးဟောင်းအရှင်သခင်များသည် မျက်မမြင် နားမကြားများကဲ့သို့... အားလုံး မျက်စိမှိတ်လျက် လျစ်လျူရှုနေကြခြင်းပင် ဖြစ်သည်။

‎

‎

‎ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.....

‎

‎

‎မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ကြက်သေသေသွားခဲ့၏။

‎

‎

‎ဤသူသည် သူ့အား ရှေးဟောင်းဧကရာဇ်တောင်မှ ဤမျှ ဗြောင်ကျကျ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ... ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခု၏ ဂုဏ်သိက္ခာကို မထီမဲ့မြင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

‎

‎

‎ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုပင်လျှင် မပြုလုပ်ဝံ့သော အရာဖြစ်သော်လည်း... အဘယ်ကြောင့် ရှေးဟောင်းဧကရာဇ်တောင်၏ နက်ရှိုင်းသောနေရာမှ အရှင်သခင် တည်ရှိမှုများအားလုံးသည် ယခုအခါ... ၎င်းကို မျက်စိမှိတ် လျစ်လျူရှုနေကြသနည်း။

‎

‎

‎" အရှင်သခင်တို့...ကယ်ကြပါဦး... ကျွန်တော်က ရှေးဟောင်းဧကရာဇ်တောင်ရဲ့ လူပါ..... "

‎

‎

‎ မီးခိုးရောင်ဝတ်ရုံနှင့်အဘိုးအိုသည် အသက်လုလျက်... တားမြစ်နယ်မြေရှိ ရှေးဟောင်းအရှင်သခင်များ၏ အာရုံစိုက်မှုကို မိမိထံသို့ ဆွဲဆောင်ရန်နှင့်... မိမိကိုယ်ကို ယာယီ ကယ်တင်နိုင်ရန် မျှော်လင့်လိုက်သည်။

‎

‎

‎သို့သော် မီးခိုးရောင်ဝတ်ရုံနှင့်အဘိုးအို မျှော်လင့်ချက်ကင်းမဲ့သွားရသည်မှာ... သူ အသံကျယ်လောင်စွာ အော်ဟစ်ခဲ့သော်လည်း... ရှေးဟောင်းဧကရာဇ်တောင်၏ နက်ရှိုင်းသောနေရာအတွင်း၌... သေမလောက်သော တိတ်ဆိတ်မှုသာ ဆက်လက် ရှိနေခဲ့သည်။

‎

‎

‎ရှေးဟောင်းဧကရာဇ်တောင်၏ နက်ရှိုင်းသောနေရာကို ဖုံးလွှမ်းထားသော မှိန်ဖျော့သော မြူခိုးများပင်လျှင် ပိုမို၍ ထူထပ်လာခဲ့ပြီး... အတွင်းပိုင်းရှိ အခြေအနေကို အတိအကျ မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။

‎

‎

‎မျှော်လင့်ချက်ကင်းမဲ့နေသော မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုအား မမြင်နိုင်သော ဧရာမလက်ဝါးကြီးက ခေါ်ဆောင်သွားသောအခါ... ရှေးဟောင်းဧကရာဇ်တောင်၏ နက်ရှိုင်းသောနေရာမှ အေးစက်သော နှာမှုတ်သံများစွာ နောက်ဆုံးတွင် ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

‎

‎

‎တာအိုအကြည့်များစွာ လင်းလက်လာပြီး... မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအို ခေါ်ဆောင်သွားခံရသော လမ်းကြောင်းအား... မကျေမနပ်ဖြစ်မှုနှင့် အေးစက်မှုတို့ဖြင့် စိုက်ကြည့်နေခဲ့သည်။

‎

‎

‎ထိုအကြည့်များထဲမှ မကျေနပ်မှုသည်... မမြင်နိုင်သော ဧရာမလက်ဝါးကြီးကို ဦးတည်နေခြင်းမဟုတ်ဘဲ... မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုကိုသာ ဦးတည်နေခဲ့သည်။

‎

‎

‎" သေနာကျကောင်... မင်းနဲ့အတူ ငါတို့ကိုပါ ဆွဲခေါ်သွားဖို့ ကြိုးစားနေတုန်းလား... ကောင်းကင်ဘုံအရှင်သခင်က မင်းကို မခေါ်သွားခဲ့ရင်တောင်... ဒီအရှင်သခင်က မင်းကို သတ်ပစ်မှာ "

‎

‎

‎ရှေးဟောင်းဧကရာဇ်တောင်အတွင်းမှ ရှေးဟောင်းအရှင်သခင်တစ်ပါးက အေးစက်စွာ နှာမှုတ်လိုက်၏။

‎

‎

‎ထပ်တူ တူညီသော မြင်ကွင်းတစ်ခုသည် ကွေ့ရွှီတာအိုပင်လယ်တွင်လည်း ဖြစ်ပွားခဲ့သည်။ လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည်လည်း ကွေ့ရွှီတာအိုပင်လယ်၏ အပြင်ဘက်ဧရိယာမှ ခေါ်ဆောင်သွားခံခဲ့ရပြီး... ထိုနေရာမှ အရှင်သခင်များသည် မည်သည့်တားဆီးမှုမျှ မရှိခဲ့ပေ။

‎

‎

‎အသက်ရှူချိန် အနည်းငယ်အတွင်း၌.....

‎

‎

‎အဆုံးမဲ့ နယ်မြေကြီးငါးခုရှိ... လော့ထျန်းနန်းတော်နှင့် ဆက်စပ်နေသော သတ္တဝါအားလုံးသည် ချွင်းချက်မရှိဘဲ ကုချန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး... အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ခေါ်ဆောင်လာခြင်း ခံခဲ့ရကာ... ထို လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူ၏ ရှေ့မှောက်သို့ ကျရောက်လာခဲ့သည်။

‎

‎

‎" ခင်... ခင်ဗျားတို့အားလုံး..... "

‎

‎

‎ လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည်... သူ၏ရှေ့မှောက်တွင် ရုတ်တရက် ပေါ်ပေါက်လာသော ပုံရိပ်များကို ကြည့်ရင်း... ချက်ချင်းပင် ကြက်သေသေသွားခဲ့သည်။

‎

‎

‎ဤပုံရိပ်များထဲတွင် အချို့မှာ သူသိရှိသော လူသတ်သမားများဖြစ်ကြပြီး... သူ၏အထက်လူကြီးများလည်း ပါဝင်ခဲ့သည်။ အများစုမှာမူ... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူ တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်း မရှိသူများ ဖြစ်ကြသည်။

‎

‎

‎သို့သော် သူ၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ကုချန် ဖမ်းဆီးလာခဲ့သော ဤလူများအားလုံးသည် လော့ထျန်းနန်းတော်နှင့် ဆက်စပ်နေသူများ ဖြစ်ကြသည်။

‎

‎

‎ဒါ...ဒီလောက်များပြားတဲ့ လူတွေ... ဒါက အဆုံးမဲ့တိုက်ကြီးပေါ်က လော့ထျန်းနန်းတော်ရဲ့ အင်အားစု တစ်ခုလုံး ဖြစ်ရမယ်... ဟုတ်တယ်မလား.....

‎

‎

‎ဒါပေမဲ့ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.....

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်က သူတို့ကို ဘယ်လို ဖမ်းဆီးခဲ့တာလဲ... ဒီလူတွေထဲက တချို့ကို သူ တစ်ခါမှ မမြင်ဖူးသလို... သိလည်း မသိခဲ့ဘူး။

All Chapters