← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 11 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 11 Ch. 147-148

‎အခန်း (၁၄၇) - လက်စားချေခြင်း၊ ပြတ်သားလျင်မြန်၍ တစ်ဦးတစ်ယောက်မျှ အသက်မရှင်

‎

‎

‎

‎“ ငါ... ငါ သေသွားပြီလား ”

‎

‎

‎ချက်ချင်းဆိုသလို ပျက်စီးကာ လေဟာနယ် ပျက်စီးပြိုကျမှုအဖြစ်သို့ ပြောင်းလဲသွားသော လော့ထျန်းနန်းတော်အား ကြည့်လျက်... မိမိ၏ ချေမှုန်းခံလိုက်ရသော ရုပ်ခန္ဓာအား ခံစားမိသောအခါ... လော့ထျန်းနန်းတော် အရှင်သခင်၏ ဝိညာဉ်အသိတရား လှုပ်ရှားမှုတွင်... နားမလည်နိုင်သော ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎

‎မည်သည့်အရာ ဖြစ်ပျက်သွားသည်ကိုပင် သူ နားမလည်လိုက်ပေ။ ထို့အပြင် လော့ထျန်းနန်းတော်မှ နှစ်ပေါင်းသောင်းချီ၍ လက်ဆင့်ကမ်းလာခဲ့သော ပညာများကိုပင် အသုံးပြုရန် အချိန်ပင် မရရှိခဲ့ပေ။ တစ်ခဏအတွင်း၌ပင် အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

‎

‎

‎ဤသည်က မည်သည့်အရာကို ကိုယ်စားပြုသနည်း။ လော့ထျန်းနန်းတော် အရှင်သခင်သည် ကောင်းစွာ သိ၏။ ဤသည်မှာ ရန်သူ၏ စွမ်းအားသည် သူ၏စိတ်ကူးထက် များစွာ ကျော်လွန်နေသည်ကို ကိုယ်စားပြုနေခြင်းပင် ဖြစ်သည်။

‎

‎

‎အမှန်စင်စစ်... လော့ထျန်းနန်းတော် အရှင်သခင်အဖို့ ပို၍ လက်မခံနိုင်စရာကောင်းပြီး စိတ်ကူးပင် မယဉ်နိုင်သည့်အရာမှာ... ရန်သူသည် လော့ထျန်းနန်းတော်၏ ဌာနချုပ်တည်နေရာကို... မည်သို့မည်ပုံ ရှာဖွေတွေ့ရှိသွားခဲ့သနည်းဟူသော အချက်ပင်။

‎

‎

‎ကုမိသားစု ဖြစ်နိုင်မည်လော။ မဖြစ်နိုင်ပေ။ သူသည် အဆုံးမဲ့နယ်မြေငါးခုရှိ လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူများအားလုံးကို လွန်ခဲ့သည့် နှစ်ရက်ကတည်းက ပုန်းအောင်းနေရန် အမိန့်ပေးခဲ့ပြီး မဟုတ်ပါလော။

‎

‎

‎အထူးသဖြင့် လော့ထျန်းနန်းတော် ဌာနချုပ်၏ တည်နေရာကို သိရှိသော... ထိုအဆင့်မြင့် အဖွဲ့ဝင်များသည်... ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီး၏ အပြင်ဘက်ဒေသများတွင် အစောကြီးကတည်းက ပုန်းအောင်းနေခဲ့ကြပြီ ဖြစ်သည်။ အဆုံးမဲ့ ဧကရာဇ်မျိုးနွယ်များပင် ထိုကဲ့သို့သော နေရာများသို့ ဝင်ရောက်ရန် မဝံ့ရဲကြပေ။ သူတို့ ပုန်းအောင်းနေသမျှ ကာလပတ်လုံး မည်သူက သူတို့ကို ရှာဖွေတွေ့ရှိနိုင်မည်နည်း။

‎

‎

‎လော့ထျန်းနန်းတော် အရှင်သခင်၏ အသိပင်လယ်သည် ရှုပ်ထွေးနေခဲ့၏။

‎

‎

‎တစ်ချိန်တည်းမှာပင်... အဆုံးမဲ့တိုက်ကြီးပေါ်ရှိ တားမြစ်နယ်မြေ အရှင်သခင်များကမူ... ကျယ်ပြန့်လှသော စကြဝဠာမှတစ်ဆင့် ပျက်စီးသွားသော လော့ထျန်းနန်းတော်အား... မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ရှေးဟောင်းအဆောက်အအုံများ ပြိုကျပျက်စီးကာ တစ်ခဏအတွင်း ချေမှုန်းခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ... ထိုတားမြစ်နယ်မြေ အရှင်သခင်များ၏ မျက်လုံးများထဲတွင် နားလည်သဘောပေါက်သွားသော အကြည့်တစ်ချက် နောက်ဆုံး၌ ပေါ်ထွက်လာခဲ့၏။

‎

‎

‎သို့ဖြစ်လျှင်... ဤသည်မှာ ကောင်းကင်ဘုံအရှင်သခင်၏ ရည်ရွယ်ချက်ပင်တည်း။ သူပြုလုပ်ခဲ့သမျှ အရာအားလုံးသည်... ဤလော့ထျန်းနန်းတော်အား ဖျက်ဆီးရန်အတွက်မျှသာ ဖြစ်သည်။

‎

‎

‎“ လော့ထျန်းနန်းတော်... ဟက်! ဒီကောင်းကင်ဘုံအရှင်သခင်ကို ငါတို့တောင် မစရဲဘူး... ဒီလိုပုရွက်ဆိတ်လောက်ကောင်က သူ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ ”

‎

‎

‎အရှင်တစ်ပါးက... လော့ထျန်းနန်းတော်သည် အသက်ရှင်ရန် ငြီးငွေ့နေပြီဖြစ်ကြောင်း ပြောလျက် လှောင်ရယ်သရော်လိုက်သည်။ သူတို့ပင်လျှင် ကောင်းကင်ဘုံအရှင်သခင်အား အလွယ်တကူ မပြစ်မှားဝံ့ကြပေ။

‎

‎

‎ဤလော့ထျန်းနန်းတော်သည် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်သည်။ သူတို့သည် ကျင့်ကြံခြင်းလောကတွင် သောင်းကျန်းနေခြင်းမှာ ပြဿနာမရှိသော်လည်း... ကောင်းကင်ဘုံအရှင်သခင်အား ရန်စရဲသည်တဲ့လော။ သူတို့သည် 'သေ' ဟူသော စကားလုံးကို မည်သို့ရေးရမည်ကိုပင် မသိကြတော့သည်မှာ ထင်ရှား၏။

‎

‎

‎“ ဒီလို ပုရွက်ဆိတ်လောက် သတ္တဝါတစ်ကောင်အတွက် ဒီလောက်ထိတောင် အပင်ပန်းခံလုပ်ရတယ်... ဒီကောင်းကင်ဘုံအရှင်သခင်ကတော့ တကယ်ပါပဲ..... ” မကျေမနပ် ခံစားရသော အရှင်သခင်များလည်း ရှိနေခဲ့သည်။

‎

‎

‎အစောပိုင်းတွင်... ကုချန်၏ ဖိအားသည် အဆုံးမဲ့နယ်မြေငါးခုအနှံ့ တိုက်ခတ်သွားခဲ့ပြီး... အဆုံးမဲ့တားမြစ်နယ်မြေ အသီးသီးပင်လျှင် ချန်လှပ်မခံခဲ့ရပေ။ ထိုတားမြစ်နယ်မြေ အရှင်သခင်များသည် အရေးကြီးကိစ္စကြီးတစ်ခုခု ဖြစ်ပွားပြီဟု ထင်မှတ်ခဲ့ကြသည်။ သူတို့တစ်ဦးချင်းစီတိုင်းသည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မသိရှိသဖြင့် စိတ်မငြိမ်မသက် ခံစားနေခဲ့ရသည်။

‎

‎

‎သို့သော် ယခုအခါ... ကုချန်သည် ဤလော့ထျန်းနန်းတော်ငယ်လေးအား ရှာဖွေဖျက်ဆီးရန်အတွက်မျှသာ ဤမျှလောက်ထိ အပင်ပန်းခံခဲ့သည်ကို တွေ့ရှိလိုက်ရသောအခါ... တားမြစ်နယ်မြေ အရှင်သခင်များသည် စကားပင် မဆိုနိုင်အောင် အံ့အားသင့်သွားခဲ့ရ၏။

‎

‎

‎ဤလော့ထျန်းနန်းတော်သည် ကောင်းကင်ဘုံအရှင်သခင်အား မည်သို့ ပြစ်မှားခဲ့မိသည်မို့... ဤကဲ့သို့ လက်စားချေတုံ့ပြန်ခြင်းကို ခံရလောက်အောင် ထိုက်တန်နေပါသနည်းဟု... သူတို့ တွေးတောမိနေကြသည်။

‎

‎

‎“ အကြောင်းပြချက် ဘာပဲဖြစ်ဖြစ်... ဒီကောင်းကင်ဘုံအရှင်သခင်ကတော့ အငြိုးအတေးကြီးတဲ့သူမျိုးပဲ... သူ့ကို အလွယ်တကူ သွားမစမိအောင် သတိထားရမယ်..... ” အရှင်တစ်ပါးက အသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီးနောက်... သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ လျင်မြန်စွာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

‎

‎

‎ဤကောင်းကင်ဘုံအရှင်သခင်အား မည်သို့မျှ မပြစ်မှားသင့်ပေ။ လော့ထျန်းနန်းတော်ကို မမြင်ကြပါသလော။ ထိုနန်းတော်သည် သူ့အား တစ်နည်းနည်းဖြင့် ပြစ်မှားမိခဲ့ရာ... ကုချန်သည် ထိုနန်းတော်အား ဖျက်ဆီးရန်အတွက် အဆုံးမဲ့နယ်မြေငါးခုကို တုန်လှုပ်စေပြီး... ကျယ်ပြန့်လှသော စကြဝဠာတစ်ခုလုံးကိုပင် ဖြတ်ကျော်ခဲ့သည် မဟုတ်လော။ သူတို့သည် အင်မော်တယ်လမ်းပွင့်လာမည်ကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းသင့်သည်။ ထို့မတိုင်မီ... ဤကောင်းကင်ဘုံအရှင်သခင်အား အနည်းငယ်မျှပင် မပြစ်မှားမိစေရန် အထူးဂရုပြုရမည်။

‎

‎

‎ထိုကဲ့သို့ တွေးတောမိသော အရှင်မှာ သူတစ်ဦးတည်း မဟုတ်ပေ။ အခြား တားမြစ်နယ်မြေများရှိ ရှေးဟောင်းအရှင်သခင်များသည်လည်း သူတို့၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းကာ... သူတို့၏ ချီစွမ်းအားများကို ချုပ်တည်းလိုက်ကြသည်။

‎

‎

‎ကုချန်က သူတို့ကို သတိမပြုမိစေရန် တမင်တကာ ရှောင်ကြဉ်နေပုံ ပေါ်၏။ အင်မော်တယ်လမ်းပွင့်ရန် နီးကပ်လာပြီဖြစ်သော ဤကဲ့သို့ အရေးကြီးသည့် အခိုက်အတန့်တွင်... ကုချန်သည် တားမြစ်နယ်မြေအားလုံးကို ရှင်းလင်းဖယ်ရှားရန် စိတ်ကူးမရှိသရွေ့... ဤတားမြစ်နယ်မြေများရှိ ရှေးဟောင်းအရှင်သခင်များသည်လည်း သူ၏ရန်သူအဖြစ် သတ်မှတ်ခံရမည်ကို အလိုမရှိကြပေ။

‎

‎

‎………

‎

‎

‎“ လော့ထျန်းနန်းတော်... ပျက်စီးသွားပြီ..... ”

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ၌... ကုဝူရှန့်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု... အလိုလျောက် ပေါ်လာခဲ့သည်။ ဧကရာဇ်တပိုင်းအဆင့် တစ်ဦးအနေဖြင့်... သူသည် လော့ထျန်းနန်းတော်အား ကုချန်၏ လက်တစ်ချောင်းတည်းဖြင့် ဖျက်ဆီးခံလိုက်ရသည့် ဖြစ်စဉ်တစ်ခုလုံးကို... အသေအချာပင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။

‎

‎

‎ဘိုးဘေးကြီးထံမှ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ နှစ်ပေါင်းသောင်းချီ၍ လက်ဆင့်ကမ်းလာခဲ့သော လော့ထျန်းနန်းတော်သည် စေးကပ်သော သကြားလုံးတစ်ခုကဲ့သို့ ဖြစ်၏။ မရေမတွက်နိုင်သော အင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးများသည် ထိုနန်းတော်ကြောင့် အလွန်အမင်း ခေါင်းခဲခဲ့ကြရသော်ငြား... လော့ထျန်းနန်းတော်အား မည်သည့်အရာမျှ မပြုလုပ်နိုင်ခဲ့ကြပေ။ အတိတ်တွင် အဆုံးမဲ့ကမ္ဘာ့၏ ဧကရာဇ်တစ်ပါးပင်လျှင်... လော့ထျန်းနန်းတော်အား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ဖူးသော်လည်း... အဆုံး၌ သူသည် မျှော်လင့်ချက်မဲ့စွာဖြင့်သာ လက်လျှော့အရှုံးပေးခဲ့ရသည်။

‎

‎

‎သို့သော် ယခုအခါ... ဘိုးဘေးကြီးသည် တစ်နာရီပင် မပြည့်သော အချိန်အတွင်း... လော့ထျန်းနန်းတော်၏ ဌာနချုပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး... လက်တစ်ချောင်းတည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။ လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူအား စစ်ဆေးမေးမြန်းခြင်းကို လက်လျှော့ကာ... ဘိုးဘေးကြီးထံသို့ လွှဲအပ်ရန် သူ၏ ဆုံးဖြတ်ချက်သည် အမှန်တကယ်ပင် မှန်ကန်သော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့၏။

‎

‎

‎ကုဝူရှန့်သည် ကောင်းစွာ သိရှိ၏။ အကယ်၍ လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူအား သူကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့ပါက... လော့ထျန်းနန်းတော်၏ ဌာနချုပ်ကို ရှာဖွေတွေ့ရှိရန် မဆိုထားနှင့်... အဆုံးမဲ့နယ်မြေငါးခုအတွင်း ပုန်းအောင်းနေသော လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူကိုပင်... ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

‎

‎

‎စိတ်လှုပ်ရှားမှုကို ခံစားနေရစဉ်မှာပင်... ကုဝူရှန့်သည် လော့ထျန်းနန်းတော်အတွက် သနားဂရုဏာ အနည်းငယ် ခံစားမိခြင်းကို မတားဆီးနိုင်ခဲ့ပေ။ မည်သူ့ကိုမျှ ပြစ်မှားရန် မရှိ၍ ဘိုးဘေးကြီးအား သွားရောက် ပြစ်မှားရပါသလော။ လော့ထျန်းနန်းတော်သည် ပျက်စီးခြင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှ၏။

‎

‎

‎...

‎

‎

‎အထက်ကောင်းကင် ပင်မခန်းမအတွင်း၌.....

‎

‎

‎အသက်ရှူချိန် နှစ်ကြိမ် သုံးကြိမ်ခန့် ကြာမြင့်ပြီးနောက်... လော့ထျန်းနန်းတော် အရှင်သခင်၏ ဝိညာဉ်အား ကုချန်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့လေသည်။

‎

‎

‎“ နန်းတော်သခင်..... ”

‎

‎

‎မိမိ၏ ရှေ့တည့်တည့်တွင် ရှိနေသော လော့ထျန်းနန်းတော် အရှင်သခင်အား ကြည့်လျက်... ယိုရှစ်စန်းသည် လုံးဝ ကြက်သေသေသွားခဲ့၏။

‎

‎

‎လော့ထျန်းနန်းတော် ပျက်စီးသွားသော မြင်ကွင်းကိုလည်း ကုချန်သည် ယိုရှစ်စန်း၏ မျက်လုံးများရှေ့၌ အသေးစိတ် ထင်ထင်ရှားရှား ပြသထားခဲ့သည်။ ယခုအခါ... လော့ထျန်းနန်းတော် အရှင်သခင်ပင်လျှင် ဤကြောက်မက်ဖွယ်ရာ နတ်ဆိုး၏ ဖမ်းဆီးခြင်းကို ခံရပြီး... သူ၏ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရလေပြီ။

‎

‎

‎နတ်ဆိုး... အမှန်တကယ်ပင် နတ်ဆိုးတစ်ပါး.....

‎

‎

‎ယိုရှစ်စန်းသည် လုံးလုံးလျားလျား ပြိုလဲသွားခဲ့၏။ လူသားသူတော်စင်ခန္ဓာအား လုပ်ကြံခြင်းသည်... ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို ဖြစ်ပေါ်စေမည်မှန်းသာ သူ ကြိုတင်သိရှိခဲ့ပါက... သူ့အား ရိုက်နှက်သတ်ဖြတ်စေကာမူ... သူသည် ထိုသို့ပြုလုပ်ရန် ဝံ့ရဲမည် မဟုတ်ပေ။

‎

‎

‎“ နတ်ဆိုး... မင်းက နတ်ဆိုးပဲ! ”

‎

‎

‎ယိုရှစ်စန်းသာမက... လော့ထျန်းနန်းတော် အရှင်သခင်ပင်လျှင် ပြိုလဲသွားခဲ့သည်။ ယိုရှစ်စန်းအား မြင်လိုက်ရသည့် ထိုအခိုက်အတန့်၌ပင်... လော့ထျန်းနန်းတော် အရှင်သခင်သည် အရာအားလုံးကို ချက်ချင်း သဘောပေါက်နားလည်သွားခဲ့သည်။ ပြောစရာမလိုအောင်ပင်... သူ၏ရှေ့မှောက်၌ လှုပ်ရှားခဲ့သောသူသည်... ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင်သခင် ဖြစ်သည်မှာ သေချာနေပြီ ဖြစ်သည်။

‎

‎

‎သို့သော် အဘယ်ကြောင့်နည်း။ ထိုလူသားသူတော်စင်ခန္ဓာငယ်လေးအတွက်... အစောပိုင်းက ကုမိသားစုသည် လက်ကမ်း ကူညီပေးခဲ့ရုံသာ ဖြစ်သည်။ ယခုမူ ထိုမိန်းကလေးသည် ကောင်းကင်ဘုံအရှင်သခင်အား... ကိုယ်တိုင်ကိုယ်ကျ ကြားဝင်ကူညီပေးစေရန်ပင် စွမ်းဆောင်နိုင်ခဲ့သည်တဲ့လော။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ပါနည်း။

‎

‎

‎“ ကောင်းကင်ဘုံအရှင်သခင်... ကျွန်တော့် လော့ထျန်းနန်းတော်က အရှင့်ရန်သူ ဖြစ်လိုစိတ် မရှိပါဘူး... ကုမိသားစုရဲ့ ရန်သူ ဖြစ်လိုစိတ်လည်း မရှိပါဘူး... ဒီကိစ္စတွေအားလုံးက..... ”

‎

‎

‎လော့ထျန်းနန်းတော် အရှင်သခင်သည် နောက်ဆုံးတစ်ကြိမ် ရုန်းကန်မှုအဖြစ်... တစ်စုံတစ်ရာကို ရှင်းပြလိုဟန်ဖြင့် ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။

‎

‎

‎သို့သော် ကုချန်သည် သူနှင့် စကားလက်ဆုံကျ အချိန်ဖြုန်းလိုစိတ် မရှိခဲ့ပေ။ သူသည် လော့ထျန်းနန်းတော် အရှင်သခင်အား ခံစားချက်ကင်းမဲ့စွာဖြင့် လှမ်းကြည့်လိုက်သည်နှင့်... ‌ထိုသူ၏ပါးစပ်မှ ထွက်လာလုနီးပါး ဖြစ်နေသော 'နားလည်မှုလွဲခြင်း' ဟူသည့် စကားလုံးသည်... ရုတ်တရက်ပင် ပြတ်တောက်သွားခဲ့ရသည်။

‎

‎

‎လော့ထျန်းနန်းတော် အရှင်သခင်၏ ဝိညာဉ်သည် ချက်ချင်းဆိုသလို ပျံ့လွင့်သွားခဲ့ပြီး... သူ၏ဝိညာဉ်အတွင်းရှိ မှတ်ဉာဏ်များအားလုံးကို ကုချန်က ရှာဖွေစစ်ဆေး ကြည့်ရှုလိုက်သည်။ ယိုရှစ်စန်း အတွက်မူ... လုံးဝ ခြွင်းချက်မရှိခဲ့ပေ။ သူသည် ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားကာ... လော့ထျန်းနန်းတော် အရှင်သခင်၏ နောက်သို့ လိုက်ပါသွားလျက်... လော့ထျန်းနန်းတော်၏ နောက်ဆုံးကျဆုံးခဲ့သော လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာခဲ့လေသည်။

‎

‎

‎“ ဒီလိုကိုး ”

‎

‎

‎ကုချန်က ညင်သာစွာ ရေရွတ်လိုက်သည်။

‎

‎

‎အသက်ရှူချိန် နှစ်ကြိမ်ခန့် ကြာမြင့်ပြီးနောက်... သူသည် လော့ထျန်းနန်းတော် အရှင်သခင်၏ အသိပင်လယ်အတွင်းရှိ မှတ်ဉာဏ်အားလုံးကို ကြည့်ရှုပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ထို့အတူ... ယဲ့ယင်းယင်းအား လော့ထျန်းနန်းတော်မှ လုပ်ကြံရသည့် ရည်ရွယ်ချက် အမှန်ကိုလည်း... သူ သိရှိသွားခဲ့ပြီ ဖြစ်၏။

‎အခန်း (၁၄၈) - နောက်ကွယ်မှ ကြိုးကိုင်သူ၊ ကိုးမင်းအိုး အင်မော်တယ်မင်းဆက်၊ ဓားကျလာ၍ မင်းအိုးပျက်စီးခြင်း

‎

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူများက ယဲ့ယင်းယင်းအား ပစ်မှတ်ထားခြင်းမှာ... သူ၏ခန္ဓာကိုယ်မှ သူတော်စင်ခန္ဓာ သွေးများအား လုယက်ရန်အတွက်မျှသာ ဖြစ်သလော။

‎

‎

‎လော့ထျန်းနန်းတော် အရှင်သခင်၏ မှတ်ဉာဏ်များမှတစ်ဆင့်... ကုချန်သည် ဤလုပ်ကြံသတ်ဖြတ်မှုတာဝန်အတွက်... လော့ထျန်းနန်းတော်အား ခိုင်းစေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် လူပုဂ္ဂိုလ်အား... ချက်ချင်းပင် ရှာဖွေတွေ့ရှိခဲ့သည်။

‎

‎

‎သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် အလွန်အမင်း သတိကြီးပြီး စေ့စပ်သူတစ်ဦး ဖြစ်ဟန်တူသည်။ လော့ထျန်းနန်းတော် အရှင်သခင်ပင်လျှင် သူ မည်သူမည်ဝါဖြစ်သည်ကို မသိရှိခဲ့ပေ။ သူတို့နှစ်ဦးသည် တာဝန်ပြီးဆုံးပြီးနောက် ဆက်သွယ်ရန် အချက်အလက်များကိုသာ ထားခဲ့ကြ၏။ ထိုအရာမှလွဲ၍ နောက်ထပ်မည်သည့် သဲလွန်စမျှ မရှိခဲ့ချေ။

‎

‎

‎အတွေးတစ်ချက်ဖြင့် ကုချန်သည် လော့ထျန်းနန်းတော် အရှင်သခင်၏ မှတ်ဉာဏ်များထဲမှ နည်းလမ်းအတိုင်း လိုက်နာလျက်... သူ၏ရှေ့မှောက်ရှိ လေဟာနယ်အား ဆွဲဖွင့်လိုက်ပြီး အာကာသဆိုင်ရာ တည်နေရာအမှတ်အသား တစ်စုံအား ထည့်သွင်းလိုက်၏။

‎

‎

‎တစ်ခဏအတွင်း၌ပင် လျှို့ဝှက်ဆန်းကြယ်သော အာကာသလမ်းကြောင်းတစ်ခုသည် ဖြည်းညင်းစွာ စတင်ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သည်။

‎

‎

‎ဖြည်းညင်းစွာ ဖွဲ့စည်းဖြစ်ပေါ်လာသော အာကာသလမ်းကြောင်းအား ကြည့်လျက်... ကုချန်၏ မျက်ဝန်းများမှာ တည်ငြိမ်လျက်ရှိသည်။

‎

‎

‎သူသိရှိ၏။ သူ လော့ထျန်းနန်းတော်အား ဖျက်ဆီးခဲ့သော လုပ်ရပ်သည် လော့ထျန်းနန်းတော်အား ခိုင်းစေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် လူပုဂ္ဂိုလ်၏ နားသို့ မကြာမီအချိန်အတွင်း ပေါက်ကြားသွားလိမ့်မည် ဖြစ်သည်။ ထိုအခါ၌ အခြားတစ်ဖက်မှ လူအား ရှာဖွေရန် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ကုချန်သည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး... ဤအာကာသဆိုင်ရာ တည်နေရာအမှတ်အသားများကို အသုံးပြု၍... အခြားတစ်ဖက်မှ လူနှင့် အဆက်အသွယ် ပြုလုပ်ကာ... ဤလျှို့ဝှက်ဆန်းကြယ်သော လူအား အခွင့်အရေးရသည့် ပထမဆုံး အခိုက်အတန့်၌ပင် ဖော်ထုတ်ရန် ရည်ရွယ်လိုက်သည်။

‎

‎

‎" အုန်း..... "

‎

‎

‎အာကာသ လှိုင်းဂယက်များသည် ဖြည်းညင်းစွာ တည်ငြိမ်သွားခဲ့ပြီး အာကာသလမ်းကြောင်းတစ်ခုအား တည်ဆောက်ပြီးစီးသွားခဲ့၏။

‎

‎

‎တစ်ခဏအတွင်း၌ပင် ဝေဝါး၍ မထင်ရှားသော ပုံရိပ်တစ်ခုသည် အာကာသလမ်းကြောင်း၏ အခြားတစ်ဖက်စွန်း၌ ပေါ်ထွက်လာခဲ့သည်။

‎

‎

‎“ လော့ထျန်းနန်းတော် အရှင်သခင်က ငါ့ကိုဆက်သွယ်လာတာဆိုတော့ တာဝန် ပြီးဆုံးသွားပြီလို့ ငါယူဆရမယ် ”

‎

‎

‎အာကာသလမ်းကြောင်း၏ အခြားတစ်ဖက်မှ ရယ်သံသဲ့သဲ့တစ်ချက် ထွက်ပေါ်လာခဲ့သည်... သို့သော် တစ်ခဏမျှအကြာတွင်... ထိုလျှို့ဝှက်ဆန်းကြယ်သော လူပုဂ္ဂိုလ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်အား သတိပြုမိသွားဟန်တူပြီး... သူ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့သည်။

‎

‎

‎“ မဟုတ်ဘူး... မင်းက လော့ထျန်းနန်းတော် အရှင်သခင် မဟုတ်ဘူး ”

‎

‎

‎တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်နှင့်... ထိုလျှို့ဝှက်ဆန်းကြယ်သော လူပုဂ္ဂိုလ်သည် အာကာသလမ်းကြောင်းအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည်... သို့သော် အချိန်ကား အလွန်ပင် နောက်ကျသွားခဲ့လေပြီ။

‎

‎

‎အကြောင်းမှာ... ကုချန်က အခြားတစ်ဖက်မှ လူ၏အငွေ့အသက်အား ဖမ်းယူမိလိုက်သည်နှင့်ပင် သူသည် လှုပ်ရှားပြီးသား ဖြစ်နေကာ... အာကာသလမ်းကြောင်းထဲသို့ လက်လှမ်း၍ ဆွဲယူဖမ်းဆုပ်လိုက်သောကြောင့် ဖြစ်သည်။

‎

‎

‎မည်သည့် အံ့ဩစရာမျှ မရှိခဲ့ပေ။ အာကာသလမ်းကြောင်း၏ အစွန်းတစ်ဖက်ရှိ လျှို့ဝှက်ဆန်းကြယ်သော လူပုဂ္ဂိုလ်သည် ခုခံရန် အချိန်ပင် မရရှိလိုက်မီ... သူ၏ခန္ဓာကိုယ်အတွင်းရှိ လှုပ်ရှားမှုအားလုံးအား ကုချန်က ချိပ်ပိတ်ပစ်လိုက်ပြီး... အာကာသလမ်းကြောင်းထဲမှ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။

‎

‎

‎“ ပုံရိပ်ပွားလား ”

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်အား ဖမ်းမိလိုက်သည်နှင့် ကုချန်သည် အနည်းငယ် မျက်မှောင်ကြုံ့သွားခဲ့သည်။ အကြောင်းမှာ ဤလျှို့ဝှက်ဆန်းကြယ်သော လူပုဂ္ဂိုလ်သည် အလွန်အမင်း သတိကြီးပြီး စေ့စပ်သူဖြစ်ကာ... သူ၏ခန္ဓာကိုယ်အစစ်ဖြင့် အဆက်အသွယ်မလုပ်ဘဲ ပုံရိပ်ပွားတစ်ခုအားသာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်ကို သူ တွေ့ရှိသွားသောကြောင့် ဖြစ်၏။

‎

‎

‎သို့သော် ထိုသို့ဖြစ်လင့်ကစား... ထိုအရာက ကုချန်အား မတားဆီးနိုင်ခဲ့ပေ။ ပုံရိပ်ပွားတစ်ခုပင်လျှင် ပင်မခန္ဓာကိုယ်၏ အရှိန်အဝါတစ်ခုအား သယ်ဆောင်ထားသည်။ ထို့ကြောင့် ကုချန်သည် အကျဉ်းချုံး သုံးသပ်လိုက်ရုံမျှဖြင့် အခြားတစ်ဖက်မှ လူ၏ ခန္ဓာကိုယ်အစစ် တည်ရှိရာနေရာကို တိတိကျကျ ရှာဖွေနိုင်မည် ဖြစ်သည်။

‎

‎

‎…

‎

‎

‎အဆုံးမဲ့တိုက်ကြီးပေါ်ရှိ အလယ်ပိုင်းပြည်နယ် တာအိုနယ်မြေ၌.....

‎

‎

‎လူသူကင်းမဲ့သော ရှေးဟောင်းဘုရားကျောင်း တစ်ဆောင်အတွင်းတွင်... ဝတ်ရုံနက်ဝတ် လူအိုကြီးတစ်ဦးသည် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။

‎

‎

‎ရုတ်တရက်... ထိုဝတ်ရုံနက်ဝတ် လူအိုကြီးသည် တစ်စုံတစ်ခုအား ခံစားမိလိုက်ဟန်တူကာ သူ၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး... နောက်တစ်ခဏ၌ ထရပ်လိုက်ဟန် ပြုလိုက်ကာ ဤနေရာမှ ထွက်ပြေးရန် ရည်ရွယ်နေပုံ ပေါ်သည်။

‎

‎

‎သို့သော် သူသည် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်မီ... ဘုရားကျောင်းအတွင်းရှိ လေဟာနယ်သည် ချက်ချင်းဆိုသလို ကွဲအက်သွားခဲ့ပြီး... ကြီးမားသော လက်တစ်ဖက်သည် ကရုဏာမဲ့စွာ ကျဆင်းလာကာ... သူ့အား လက်ဖဝါးထဲသို့ ရုတ်တရက် ဆွဲယူဖမ်းဆုပ်လိုက်သည်။

‎

‎

‎“ မဖြစ်တော့ဘူး ”

‎

‎

‎ဝတ်ရုံနက်ဝတ် လူအိုကြီး၏ နှလုံးသားသည် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။ သူ တုံ့ပြန်မှု မပြုနိုင်မီမှာပင်... ထိုလက်ကြီးသည် ချက်ချင်း ပိတ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်အား ကြေမွသွားစေကာ... ဝိညာဉ် အမျှင်တန်း အစအနများကိုသာ ချန်ရစ်လျက်... လေဟာနယ်ထဲသို့ ဆွဲယူခြင်း ခံလိုက်ရသည်။

‎

‎

‎…

‎

‎

‎“ ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက် ”

‎

‎

‎ဝတ်ရုံနက်ဝတ် လူအိုကြီး၏ မှတ်ဉာဏ်များအားလုံးကို စုပ်ယူပြီးနောက်... ကုချန်သည် ယဲ့ယင်းယင်း၏ အတိဒုက္ခနောက်ကွယ်မှ တရားခံအား နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့သည်။

‎

‎

‎အရာအားလုံးသည် ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ လက်ချက်သာ ဖြစ်နေခဲ့သည်။

‎

‎

‎ကုချန်သည်လည်း ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်အကြောင်း ကြားသိခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းခန့်... သူ တာအိုမရရှိမီကတည်းက... ၎င်းသည် အဆုံးမဲ့ကမ္ဘာတွင် ထိပ်တန်းအင်အားစုများထဲမှ တစ်ခု ဖြစ်ခဲ့ပြီး... အဆုံးမဲ့ ဧကရာဇ်မျိုးနွယ်များနှင့်ပင် နှိုင်းယှဉ်နိုင်ခဲ့သည်။

‎

‎

‎ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်သည် အခြားသော အဆုံးမဲ့ ဧကရာဇ်မျိုးနွယ်များကဲ့သို့ အဆုံးမဲ့တိုက်ကြီးပေါ်တွင် နေထိုင်ခြင်းမရှိဘဲ... ရှေးဟောင်းရှင်သန်ခြင်းကြယ်တစ်လုံးအား လွတ်လပ်စွာ သိမ်းပိုက်ထားသောကြောင့်သာ... အဆုံးမဲ့နယ်မြေငါးခုအတွင်း၌ အခြား ဧကရာဇ်မျိုးနွယ်များကဲ့သို့ ကျော်ကြားခြင်း မရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ဒဏ္ဍာရီလာစကားများအရ... လွန်ခဲ့သော နှစ်ပေါင်း သိန်းချီက ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်အား တည်ထောင်သူသည်... အင်မော်တယ်နယ်မြေသို့ တက်လှမ်းခြင်းကို အောင်မြင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ ဤသည်မှာလည်း ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်က သူတို့ကိုယ်သူတို့ အင်မော်တယ်မင်းဆက်ဟူ၍ အမည်မှည့်ခေါ်ဝံ့ခြင်း၏ အကြောင်းရင်း ဖြစ်သည်။

‎

‎

‎ထို့အပြင်... သွေးအမျိုးအစားပေါင်း တစ်ရာအား စုဆောင်းရန် လော့ထျန်းနန်းတော်သို့ အမိန့်ပေးခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ရုံနက်ဝတ် သူအိုကြီးသည်... ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ အကြီးအကဲတစ်ဦး ဖြစ်ခဲ့သည်။

‎

‎

‎ဝတ်ရုံနက်ဝတ် လူအိုကြီး၏ မှတ်ဉာဏ်ထဲ၌... သူ့အား ဤအမိန့်ကို ပေးခဲ့သူသည်လည်း... ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ အဆင့်မြင့် အဖွဲ့ဝင်တစ်ဦးပင် ဖြစ်ခဲ့သည်။

‎

‎

‎ဤအကြောင်းကို သိရှိပြီးနောက်... နောက်ဆက်တွဲ ကိစ္စများသည် များစွာ ပိုမိုရိုးရှင်းသွားခဲ့သည်။

‎

‎

‎ကုချန်သည် ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်ထံ သွားရောက်၍ အကျိုးအကြောင်း ဆွေးနွေး စုံစမ်းစစ်ဆေးရန် အချိန်မရှိခဲ့ပေ။

‎

‎

‎သူ၏ ဖြေရှင်းနည်းမှာမူ များစွာ ပိုမိုရိုးရှင်းပြီး ပို၍ ထိရောက်ခဲ့သည်။

‎

‎

‎“ သွား ”

‎

‎

‎ကုချန်သည် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

‎

‎

‎သူ၏ဘေးတွင် ချိတ်ဆွဲထားသော အဆုံးမဲ့ဓားသည် တာဝန်တစ်ခုအား လက်ခံရရှိလိုက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး... တစ်ခဏအတွင်း၌ပင် လေဟာနယ်အား ဆွဲဖြဲကာ... လောကမှလွတ်မြောက်သော အလင်းတန်းတစ်ချက်အဖြစ်သို့ ပြောင်းလဲလျက်... ကျယ်ပြန့်လှသော စကြဝဠာ၏ နက်ရှိုင်းရာဆီသို့ ပြင်းထန်စွာ ပျံသန်းသွားခဲ့သည်။

‎

‎

‎ဤလှုပ်ရှားမှုကြီးသည် တားမြစ်နယ်မြေများရှိ ရှေးဟောင်းအရှင်သခင်များအား မလွှဲမရှောင်သာပင် ထပ်မံ၍ တုန်လှုပ်သွားစေခဲ့သည်။

‎

‎

‎အကြည့် တစ်ချက်ပြီးတစ်ချက်သည် အဆုံးမဲ့ဓားပေါ်သို့ စုဆုံကျရောက်သွားခဲ့ပြီး... မသေချာမရေရာမှုနှင့် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎

‎လော့ထျန်းနန်းတော်သည် ပျက်စီးသွားခဲ့ပြီး မဟုတ်ပါလော။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် အဘယ်အရာကို ထပ်မံပြုလုပ်ဦးမည်နည်း။ သူသည် လူများအား ငြိမ်းချမ်းစွာ 'အိပ်စက်' ခွင့်ပင် မပေးတော့မည်လော။

‎

‎

‎အရှင်သခင်များသည် စကားမဲ့သွားခဲ့ကြသည်... သို့သော် ကံကောင်းထောက်မစွာပင်... ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံအရှင်သခင်သည် သူတို့ထံသို့ ဦးတည်လာခြင်း မဟုတ်သည်မှာ ထင်ရှား၏။ ထို့ကြောင့်... ဤတားမြစ်နယ်မြေ အရှင်သခင်များသည် မိမိတို့အပေါ်သို့ ဒုက္ခဆွဲတင်လိုက်လောက်အထိ မိုက်မဲမည် မဟုတ်ဘဲ... မိမိတို့၏ တားမြစ်နယ်မြေများအတွင်း၌သာ ဆက်လက် ပုန်းအောင်းနေလျက်... အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြသည်။

‎

‎

‎…

‎

‎

‎ကြီးမားသော စကြဝဠာ၏ နက်ရှိုင်းရာရှိ ဆေးဖိုကိုးဖို ရှေးဟောင်းကြယ်၏ အထက်တွင်.....

‎

‎

‎မရေမတွက်နိုင်သော မြင့်မားထည်ဝါသည့် အဆောက်အအုံများသည်... ကျယ်ပြန့်သော မြေပြင်အနှံ့ ဖြန့်ကျက်လျက် ယှဉ်တွဲ တည်ရှိနေကြသည်။ ထို့အပြင်... ဧကရာဇ် နဂါးချီ စီးကြောင်းများသည် ကောင်းကင်နှင့်မြေကြီးအကြား မရပ်မနား လှုပ်ရှားသွားလာနေကာ... နဂါးဟိန်းသံများကို အဆက်မပြတ် ထုတ်လွှတ်နေ၏။

‎

‎

‎စွမ်းအားကြီးမားသော ကျင့်ကြံသူများစွာသည် အလင်းတန်းများကဲ့သို့ ကောင်းကင်ယံ၌ ပျံသန်းသွားလာနေကြပြီး... လူတစ်ဦးချင်းစီ၏ မျက်နှာပေါ်တွင် မထင်ရှားသော မာနအရိပ်အယောင်တစ်ခုအား ဆောင်ထားကြသည်။

‎

‎

‎သူတို့အားလုံးသည် ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ ကျင့်ကြံသူများ ဖြစ်ကြပြီး... အခြားကျင့်ကြံသူများထက် သာလွန်သည်ဟူသော မွေးရာပါ ခံယူချက်တစ်ခု ရှိကြသည်။

‎

‎

‎မကြာခဏဆိုသလို... ဤဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ ကျင့်ကြံသူများသည် ကောင်းကင်သို့ မော့ကြည့်နေကြ၏။ သူတို့၏ အကြည့်များသည် လေးစားကြည်ညိုမှုနှင့် အစွဲအလမ်းကြီးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎

‎သူတို့၏ အကြည့်များ စုဆုံကျရောက်ရာနေရာ၌... ခြေသုံးချောင်းနှင့် လက်ကိုင်နှစ်ဖက်ပါရှိပြီး နှင်းကဲ့သို့ ဖြူဖွေးသော ရှေးဟောင်း အင်မော်တယ် ဆေးဖိုကြီးတစ်လုံးသည်... ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ အထက်တွင် ချိတ်ဆွဲထားလျက်ရှိပြီး... စစ်မှန်သော နဂါးချီ အမျှင်တန်းပေါင်း တစ်သောင်းအား ထုတ်လွှတ်နေသောကြောင့် ဖြစ်သည်။

‎

‎

‎ထိုရှေးဟောင်း အင်မော်တယ်‌ဆေးဖို၏ မျက်နှာပြင်ပေါ်တွင်... စစ်မှန်သော နဂါးပုံရိပ်လည်း ရှိနေခဲ့သည်။

‎

‎

‎ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ ကျင့်ကြံသူအားလုံးသည် နဂါးကိုးကောင် အင်မော်တယ် ဆေးဖို တည်ရှိနေသရွေ့... ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်သည် ကျောက်တုံးကဲ့သို့ ခိုင်မာနေမည် ဖြစ်ပြီး... အဆုံးမဲ့ကမ္ဘာ၌ ထာဝရ ရပ်တည်နေမည် ဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်ထားကြသည်။

‎

‎

‎သို့သော် ဤအခိုက်အတန့်၌... များပြားလှသော ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ ကျင့်ကြံသူများသည် မသိစိတ်အရ အင်မော်တယ်‌ဆေးဖိုအား မော့ကြည့်လိုက်ကြရာ... သူတို့၏ ကျန်ရှိသောဘဝတစ်လျှောက်လုံး မမေ့နိုင်စရာ ဖြစ်မည့် မြင်ကွင်းတစ်ခုအား တွေ့မြင်လိုက်ကြရသည်။

‎

‎

‎ကောင်းကင်ဘုံကိုးခု၏ နက်ရှိုင်းရာမှ... တောက်ပသော ဓားအလင်းရောင်သည် ချက်ချင်းဆိုသလို ကောင်းကင်ယံအား ပြည့်နှက်သွားစေခဲ့ပြီး... မြစ်တစ်စင်းကဲ့သို့ သွန်းလောင်းကျဆင်းလာလေသည်။

‎

‎

‎နှင်းကဲ့သို့ ဖြူဖွေးတောက်ပသော အင်မော်တယ်ဓားတစ်လက်သည် မည်သည့်အချိန်ကတည်းကပင် တိတ်ဆိတ်စွာ ကျဆင်းလာခဲ့ပြီး... နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုမှ ထုတ်လွှတ်သော နဂါးချီပေါင်း တစ်သောင်းအား ဖြတ်တောက်လျက်... နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုမှ ထုတ်လွှတ်လိုက်သော နတ်ဘုရားစွမ်းအင်များအားလုံးကို လျစ်လျူရှုကာ... ပြင်းထန်စွာ ရိုက်ခတ်ကျဆင်းလာခဲ့ပြီး... ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ ထာဝရတည်ရှိမှုအား ကိုယ်စားပြုသော ထိုအင်မော်တယ်‌ဆေးဖိုအား ချက်ချင်းဆိုသလို နှစ်ပိုင်းအဖြစ် ခွဲထုတ်ပစ်လိုက်လေသည်။

All Chapters