← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 11 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 11 Ch. 153-154

‎အခန်း (၁၅၃) - လက်စားချေခြင်းသည် တစ်ခုတည်းသော နည်းလမ်း၊ အရှင်သခင်တို့ ကြောက်ရွံ့နေကြခြင်း၊ အပြစ်ကင်းစင်ခြင်းဟူသည် အဘယ်မှာ ရှိနိုင်မည်နည်း

‎

‎

‎

‎" ချန်ခွန်းရှေးဟောင်းကြယ်တာရာက ဘယ်မှာလဲ "

‎

‎

‎ဆရာသခင်သည် အဘယ်ကြောင့် ဤမေးခွန်းအား ရုတ်တရက် မေးမြန်းလိုက်ရသနည်း။

‎

‎

‎ဖူဝမ်သည် တုန်လှုပ်သွားခဲ့ပြီးနောက်တွင်... သူသည် တစ်စုံတစ်ခုကို ပြန်လည်သတိရသွားဟန်တူ၏။ သူ၏ သေးငယ်သော မျက်နှာလေးပေါ်တွင်... ထိတ်လန့်မှုနှင့် မယုံနိုင်မှုတို့ ရောယှက်နေသော အမူအရာတစ်ခု ထင်ဟပ်လာသည်။

‎

‎

‎ကုချန်က ယဲ့ယင်းယင်းအတွက် လက်စားချေပေးခဲ့သည်ကို ဖူဝမ်သည် လတ်တလောတင် သိရှိထားခဲ့သည်။

‎

‎

‎လော့ထျန်းနန်းတော်သည် အစ်မယင်းယင်းအား သတ်ရန်အတွက်... လူသတ်သမားတစ်ဦးကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ဆရာသခင် သိရှိသွားပြီးနောက်တွင်... သူသည် လော့ထျန်းနန်းတော်ကို အမြစ်ဖြတ်သုတ်သင်ခဲ့ရုံသာမက... ထိုလုပ်ရပ်အတွက် လော့ထျန်းနန်းတော်အား တာဝန်ပေးအပ်ခဲ့သည့်... ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်ကိုပင် လျှော့မပေးဘဲ... ဆရာသခင်၏လက်ထဲတွင် လွယ်ကူစွာပင် ပျက်သုဉ်းသွားခဲ့ရသည်။

‎

‎

‎ယခုအခါ... ဆရာသခင်က သူ့အား ချန်ခွန်းရှေးဟောင်းကြယ်တာရာ၏ နေရာကို မေးမြန်းနေခြင်းသည်... သူ့အတွက် လက်စားချေပေးရန် ရည်ရွယ်နေခြင်း ဖြစ်နိုင်ပါမည်လော။

‎

‎

‎ဖူဝမ်၏ သေးငယ်သော မျက်နှာလေးပေါ်တွင် တုံ့ဆိုင်းနေသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူ၏ မူလရည်ရွယ်ချက်မှာ ဖူမိသားစုအတွက် ကိုယ်တိုင်လက်စားချေနိုင်လောက်သည်အထိ အင်အားကြီးမားလာရန်... ချန်ခွန်းရှေးဟောင်းကြယ်တာရာပေါ်ရှိ ရန်သူအားလုံးကို သတ်ဖြတ်ရန်ဖြစ်ပြီး... ဤကိစ္စဖြင့် ဆရာသခင်ကို အလုပ်မရှုပ်စေလိုခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ဆရာသခင်၏ အသံနေအသံထားအရ... ဆရာသခင်သည် သူ့အတွက် ယခုချက်ချင်း လက်စားချေပေးလိုပုံ ရနေသည်။

‎

‎

‎" မင်းကိုယ်တိုင် အင်အားကြီးလာတဲ့အထိစောင့်ပြီးမှ လက်စားချေမယ်ဆိုရင်... အဲ့ဒါက မင်းရဲ့မျိုးနွယ်စုရန်သူတွေအတွက် အန္တရာယ်ကင်းတဲ့အချိန်ကာလတစ်ခုကို... အချိန်အတော်ကြာ ပျော်ပျော်ကြီး ဖြတ်သန်းခွင့်ပေးလိုက်တာနဲ့ အတူတူပဲဆိုတာရော မင်း စဉ်းစားမိရဲ့လား... ဒါက မင်းအတွက်ရော သူတို့အတွက်ပါ မတရားဘူး "

‎

‎

‎ကုချန်သည် ဖူဝမ်၏အတွေးများကို ဖတ်ရှုနိုင်ဟန်တူပြီး... အေးဆေးတည်ငြိမ်စွာ ဆိုလိုက်၏။

‎

‎

‎" ဒါ့အပြင် မင်းက လက်စားချေဖို့ လုံလောက်တဲ့အထိ အင်အားကြီးလာတဲ့အချိန်ကျရင်... မင်းရဲ့ရန်သူအများစုက အသက်ကြီးပြီး သေသွားပြီးတာမျိုး ဖြစ်နိုင်တယ်... အဲ့ဒီအခါကျမှတော့ လက်စားချေခြင်းက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ.....

‎

‎ငါမင်းကို သင်ပေးမယ့် ပထမဆုံးသင်ခန်းစာကတော့... မင်းမှာ သတ်စရာရန်ငြိုးရှိရင်... အဲ့ဒါကို ချက်ချင်းရှင်းပစ်လိုက်... ရန်ငြိုးကို ကြာကြာ မထားနဲ့... တတ်နိုင်သမျှ အမြန်ဆုံး ရှင်းပစ်!

‎

‎ဘယ်လိုပဲဖြစ်ဖြစ် ဟုတ်ပါတယ်... နောက်ဆုံးရွေးချယ်မှုကတော့ မင်းကိုယ်တိုင်ပဲ... မင်းရဲ့ဆုံးဖြတ်ချက်ကို ငါလေးစားတယ် "

‎

‎

‎စကားအနည်းငယ် ပြောကြားပြီးနောက်... ကုချန်သည် ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်ကို ဖူဝမ်ထံသို့ လွှဲအပ်လိုက်သည်။

‎

‎

‎သူ၏အမြင်၌... ကိုယ်တိုင်လက်စားချေရန် အင်အားကြီးမားလာသည်အထိ စောင့်ဆိုင်းနေခြင်းဟူသော အတွေးသည်... အလွန်ပင် မိုက်မဲလှ၏။

‎

‎

‎ယခု လက်စားချေနိုင်စွမ်း ရှိနေသည့်အတွက်... နောက်မှလုပ်ရန် စောင့်ဆိုင်းနေကာ... အဘယ်ကြောင့် ယခုပင် မလုပ်ရမည်နည်း။

‎

‎

‎ထိုအရာသည် ရန်သူများအား အကြောင်းပြချက်မရှိဘဲ လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့် ပေးနေခြင်းမျှသာ မဟုတ်ပါလော။

‎

‎

‎ထို့အပြင်... အင်အားကြီးမားလာပြီး လက်စားချေလိုသည့်အချိန်တွင်... ရန်သူများသည် အသက်အရွယ်ကြီးရင့်၍ သို့မဟုတ် မတော်တဆမှုတစ်ခုခုဖြင့် သေဆုံးသွားခဲ့လျှင် မည်သို့လုပ်မည်နည်း။

‎

‎

‎လက်စားချေနိုင်စွမ်း ရှိသည့်အခါ... အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားရမည်ဖြစ်ပြီး... ချက်ချင်းပင် အကောင်အထည်ဖော်ရမည် ဖြစ်သည်။

‎

‎

‎ကိုယ်ပိုင်အင်အားကို အသုံးပြုသည်ဖြစ်စေ.. ပြင်ပအင်အားစုများကို အားကိုးသည်ဖြစ်စေ အရေးမကြီးချေ။

‎

‎

‎လက်စားချေခြင်းကိုသာ အရင်ဆုံး ပြီးမြောက်အောင် လုပ်လိုက်ပါ။

‎

‎

‎ရှင်းလင်းသည်မှာ... ကုချန်၏ စကားလုံးများသည် ဖူဝမ်အား ယိမ်းယိုင်သွားစေခဲ့ပြီး... သူ၏ သေးငယ်သော မျက်နှာလေးပေါ်တွင် ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎ထင်ရှားစွာပင်... သူ တွေးတောနေခဲ့သည်မှာ ကုချန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်... သူသည် အနာဂတ်တွင် လက်စားချေရန်အတွက်... သူ၏ ကိုယ်ပိုင်အစွမ်းအပေါ်၌သာ အားကိုးလိုခဲ့သည်။

‎

‎

‎သို့သော် ဆရာသခင်၏ စကားများသည် အလွန်ပင် အဓိပ္ပာယ်ရှိလှ၏။

‎

‎

‎သူ့အနေဖြင့် လက်စားချေရန် လုံလောက်သည်အထိ အင်အားကြီးမားလာရန်... နှစ်ပေါင်းမည်မျှ ကြာမြင့်မည်ကို မည်သူသိနိုင်မည်နည်း။ ဤသည်မှာ ထိုအချိန်အတောအတွင်း သူ၏ ရန်သူများက လွတ်လပ်စွာ ရှင်သန်နေထိုင်ကြမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

‎

‎

‎ဤသည်မှာ ကျဆုံးသွားခဲ့သော ဖူမိသားစု၏ မိသားစုဝင်များအတွက်... သူ၏ ဖခင်နှင့် မိခင်အတွက်... မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများအတွက် အမှန်တကယ် တရားမျှတပါ၏လော။

‎

‎

‎ဤအတွေးဝင်လာသည့်အခါ... ဖူဝမ်၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားသော အကြည့်တစ်ခု... ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

‎

‎

‎သူသည် သူ၏ သေးငယ်သော လက်ကလေးကို ရုတ်တရက် မြှောက်လိုက်ပြီး... ကောင်းကင်ယံရှိ တိကျသော နေရာတစ်ခုသို့ ညွှန်ပြကာ ပြတ်သားစွာ ဆိုလိုက်၏။

‎

‎

‎" ဆရာသခင်... ချန်ခွန်းရှေးဟောင်းကြယ်တာရာက ဟိုး... အဲ့ဒီဘက်မှာပါ "

‎

‎

‎" အင်း "

‎

‎

‎ဤမျှ တိုတောင်းသော အချိန်အတွင်း၌... ဖူဝမ်သည် အသိတရားရသွားသည်ကို မြင်တွေ့ရသဖြင့်... ကုချန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

‎

‎

‎ထို့နောက်... သူ၏ မြင့်မြတ်သော အတွေးစိတ်ကူး လှုပ်ရှားလိုက်သည်နှင့်... လတ်တလောတွင်မှ ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်ကို ချေမှုန်းခဲ့သည့် အဆုံးမဲ့ဓားသည်... သူ၏ဘေးတွင် တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့၏။

‎

‎

‎" သွား! "

‎

‎

‎ကုချန်သည် အဆုံးမဲ့ဓားကို တစ်ချက်ကြည့်လိုက်ပြီး... အေးစက်စွာ အမိန့်ပေးလိုက်သည်။

‎

‎

‎" ချွမ် ! "

‎

‎

‎သူ၏တာဝန်ကို တစ်ဖန်ပြန်လည် ရရှိလိုက်သောအခါ... အဆုံးမဲ့ဓားသည် သူ၏ဓားသွားအား စိတ်လှုပ်ရှားစွာဖြင့် ယိမ်းနွဲ့လိုက်ပြီး... ကောင်းကင်ယံသို့ ပြန်လည်တက်သွားသော နဂါးစစ်တစ်ကောင်ကဲ့သို့... ကြီးမားကျယ်ပြန့်သော ကောင်းကင်ဘုံကိုးခုထဲသို့ ပြင်းထန်စွာ ထိုးဆင်းသွားကာ... စကြဝဠာ၏ နက်ရှိုင်းရာအရပ်ဆီသို့ ဦးတည်သွားလေတော့သည်။

‎

‎

‎အဆုံးမဲ့ဓား၏ လှုပ်ရှားမှုသည် သဘာဝအတိုင်းပင် ထူးကဲလှသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဓားအလင်းရောင်သည် ထက်မြက်တောက်ပလျက်ရှိပြီး... ကောင်းကင်နှင့်မြေကြီး မဖန်ဆင်းမီ ပထမဆုံးသော အလင်းတန်းတစ်ခုကဲ့သို့ပင်... အဝေးလံသော အဆုံးမဲ့ကမ္ဘာဆီသို့ ပျံ့နှံ့သွားကာ... ကြီးမားကျယ်ပြန့်သော နယ်မြေကြီးငါးခုကို တစ်ဖန်ပြန်လည် တုန်လှုပ်စေခဲ့သည်။

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်သခင်များပင် နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်း မရှိတော့ပေ။ ကောင်းကင်ဘုံအရှင်သခင်သည် အဘယ်အရာကို လုပ်ဆောင်နေပါသနည်း။ သူသည် ဘယ်သောအခါမျှ ရပ်တန့်တော့မည် မဟုတ်ပါလော။

‎

‎

‎ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်ကို ဖျက်ဆီးရန် အဆုံးမဲ့ဓားအား ထုတ်လွှတ်ခဲ့သည်မှာ မထူးခြားသည့် ကိစ္စတစ်ခုဖြစ်သော်လည်း... အဘယ်ကြောင့် သူသည် ယခုအချိန်တွင် အဆုံးမဲ့ဓားအား တစ်ဖန်ပြန်လည် ထုတ်လွှတ်နေရပြန်သနည်း။

‎

‎

‎ဤသေမင်းတမန်သည်... ဤတစ်ကြိမ်တွင် မည်သူ့ကို သွားရောက်... ဖျက်ဆီးဦးမည်နည်း။

‎

‎

‎တားမြစ်နယ်မြေအသီးသီးမှ ရှေးဟောင်းအရှင်သခင်များသည် ဤအခိုက်အတန့်တွင် အနည်းငယ် ထုံကျင်သွားသကဲ့သို့ ခံစားနေကြရသည်။

‎

‎

‎ယခင်က... ကုချန်သည် အင်အားကြီးမားကြောင်း သူတို့ သိရှိခဲ့ကြသည့်အခါ... သူတို့သည် သတိကြီးစွာထားပြီး စောင့်ကြည့်ခဲ့ကြသော်လည်း... ကြောက်ရွံ့မှုများစွာကိုမူ မခံစားခဲ့ကြရပေ။

‎

‎

‎သို့သော် ယခုအခါတွင်မူ... ဤရှေးဟောင်းအရှင်သခင်များသည် ဤကောင်းကင်ဘုံအရှင်သခင်သည်... ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်းရှိလောက်အောင် အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းရုံသာမက... သူ၏ လုပ်ပုံကိုင်ပုံသည်လည်း လုံးဝ အကျိုးအကြောင်းဆီလျော်မှုမရှိသော 'အရူးတစ်ယောက်' ကဲ့သို့ ဖြစ်နေသည်ကို... သဘောပေါက်သွားကြသည်။ အကယ်၍ သူက ဖျက်ဆီးမည်ဟု ပြောလျှင်... သူသည် အမှန်ပင် ဖျက်ဆီးလိမ့်မည်သာ ဖြစ်သည်။

‎

‎

‎သူသည် ပထမ တစ်စက္ကန့်မျှ အေးဆေးတည်ငြိမ်နေပြီး... နောက်တစ်စက္ကန့်တွင် သင့်အား ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။

‎

‎

‎အရူးတစ်ယောက်သည် ကြောက်စရာမကောင်းပေ။ အင်အားကြီးမားခြင်းသည်လည်း ကြောက်စရာမကောင်းလှပေ။ သို့သော် အင်အားကြီးမားသော အရူးတစ်ယောက်ကမူ ရှေးဟောင်းအရှင်သခင်များကိုပင် သူတို့၏ နှလုံးသားအသည်းခြေတိုင်အောင် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

‎

‎

‎ရှေးဟောင်းအရှင်သခင်များ တုန်လှုပ်ခြောက်ခြားနေကြစဉ်တွင်... ကျန်ရှိနေသေးသော အဆုံးမဲ့ကမ္ဘာဧကရာဇ်မျိုးနွယ်စုများသည် တုန်လှုပ်နေရုံမျှသာ မဟုတ်တော့ပေ။ သူတို့သည် သေမလောက်ပင် ကြောက်ရွံ့နေကြလေပြီ။

‎

‎

‎ကုချန်သည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကတည်းက... ဤအဆုံးမဲ့ကမ္ဘာဧကရာဇ်မျိုးနွယ်စုများသည် နေ့စဉ်နေ့တိုင်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် အသက်ရှင်နေခဲ့ကြရသည်။

‎

‎

‎ကုချန်သည် ယန်မိသားစုနှင့် ကျောက်မိသားစုကဲ့သို့သော ဧကရာဇ်မျိုးနွယ်စုများကို... တစ်စုပြီးတစ်စု ဆက်တိုက် ဖျက်ဆီးခဲ့ပြီးနောက်တွင်... ဤမလုံခြုံမှုနှင့် ကြောက်ရွံ့မှုတို့သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။

‎

‎

‎အကြောင်းမှာ... ကုချန်သည် ကျန်ရှိနေသေးသော ဧကရာဇ်မျိုးနွယ်စုများကို ဖျက်ဆီးရန်... မည်သည့်အချိန်တွင် လှုပ်ရှားလာမည်ကို... မည်သူတစ်ဦးတစ်ယောက်မျှ မသိသောကြောင့်ပင် ဖြစ်သည်။

‎

‎

‎အမှန်တကယ်တွင်... အသက်ရှင်ကျန်ရစ်သူ ဤဧကရာဇ်မျိုးနွယ်စုဝင်များသည် တစ်ခါတစ်ရံတွင်... ယန်မိသားစုနှင့် အခြားသော ချေမှုန်းခံလိုက်ရသည့် ဧကရာဇ်မျိုးနွယ်စုများကိုပင် အားကျမိကြသည်။

‎

‎

‎သေဆုံးခြင်းသည် ကောင်းမွန်လှ၏။ သေဆုံးခြင်းက အရာအားလုံးကို အဆုံးသတ်ပေး၏။ ထပ်ပြီး စဉ်းစားစရာ ဘာတစ်ခုမျှ မရှိတော့ဘဲ... ထာဝရ အိပ်စက်ခြင်းသာ ရှိတော့သည်။

‎

‎

‎သူတို့နှင့်မတူပေ။ သူတို့သည် အသက်ရှင်နေသေးသော်ငြားလည်း... စဉ်ဆက်မပြတ် ကြောက်ရွံ့မှုများဖြင့် ရှင်သန်နေထိုင်နေကြရပြီး... ထိုအရာသည် နှစ်များကို ရက်များသဖွယ် ဖြတ်သန်းနေထိုင်ရခြင်းထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းလှသည်။

‎

‎

‎ယနေ့တွင်... ကုချန်သည် အကြိမ်ကြိမ် လှုပ်ရှားခဲ့ပြီး... ဦးစွာ လော့ထျန်းနန်းတော်ကို ဖျက်ဆီးကာ... ထို့နောက် ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်ကို ဖျက်ဆီးခဲ့ပြီး... ယခုအခါ နောက်ထပ်ဓားတစ်စင်းကို ထုတ်လွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် မည်သူ ဒုက္ခရောက်ရမည်ကို မည်သူသိနိုင်မည်နည်း။

‎

‎

‎ဖြစ်နိုင်သည်မှာ... ကျန်ရှိနေသေးသော ဤအဆုံးမဲ့ကမ္ဘာဧကရာဇ်မျိုးနွယ်စုများ၏ အလှည့်သည်... မကြာမီပင် ကျရောက်လာနိုင်ပေသည်။

‎

‎

‎အချို့က လေးနက်တည်ကြည်ပြီး... အချို့က ကြောက်ရွံ့ထိတ်လန့်နေကြလျက်... မရေမတွက်နိုင်သော အကြည့်များအောက်တွင်... အဆုံးမဲ့ဓားသည် တိတ်ဆိတ်ငြိမ်သက်ပြီး နက်ရှိုင်းလှသော ကြယ်တာရာများပြည့်နေသည့် ကောင်းကင်ယံကို ခွင်းဖောက်ထွက်သွားကာ... စကြဝဠာ၏ နက်ရှိုင်းရာအရပ်ဆီသို့ ပြင်းထန်စွာ ပျံသန်းသွားလေသည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ.....

‎

‎

‎ဖူဝမ်သည် သူ၏ မျက်နှာလေးကို မော့ထားရင်း... ကြယ်တာရာများ၏ နက်ရှိုင်းရာအရပ်ဆီသို့ ပျောက်ကွယ်သွားသော ဓားအလင်းရောင်ကို ကြည့်ရှုနေကာ... မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

‎

‎

‎" ဆရာသခင်... ဆရာက အဆုံးမဲ့ဓားကို လွှတ်လိုက်တာ... အဲ့ဒါက... အဲ့ဒါက ချန်ခွန်းရှေးဟောင်းကြယ်တာရာကို ဖျက်ဆီးပစ်ဖို့လား "

‎

‎

‎" ဟုတ်တယ် "

‎

‎

‎ကုချန်သည် သူ၏အကြည့်ကို အောက်သို့ချလိုက်ပြီး အေးဆေးစွာ ပြန်လည်ဖြေကြားလိုက်သည်။

‎

‎

‎" ဒါပေမဲ့... ဒါပေမဲ့ ဖူမိသားစုကို ဖျက်ဆီးခဲ့တာက ယင်ယန်တာအိုမဟာမိတ်အဖွဲ့က လူတွေပဲလေ... ချန်ခွန်းရှေးဟောင်းကြယ်တာရာပေါ်က တခြားသက်ရှိတွေက... သူတို့က ဖူမိသားစုကို တိုက်ခိုက်ခဲ့ကြတာ မဟုတ်ဘူး... သူတို့က အပြစ်ကင်းစင်ကြတယ်..... "

‎

‎

‎ဖူဝမ်သည် ညင်သာစွာ ရှင်းပြလိုက်၏။ သူသည် ငယ်ရွယ်သေး၏။ သူ၏ မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားသည့် ကပ်ဘေးဆိုးကြီးကို ခံစားခဲ့ရသော်လည်း... ကလေးဆန်မှုနှင့် အပြစ်ကင်းစင်မှု အရိပ်အယောင်တစ်ခုသည် သူ၏ နှလုံးသားထဲတွင် ကျန်ရှိနေသေးပြီး... ဖူမိသားစု၏ ကိစ္စများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားရသည်ကို သူ မမြင်တွေ့လိုခဲ့ပေ။

‎

‎

‎သို့သော်လည်း... ကုချန်၏ အဖြေစကားသည် ဖူဝမ်အား တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

‎

‎

‎" ချန်ခွန်းရှေးဟောင်းကြယ်တာရာပေါ်မှာ အပြစ်ကင်းစင်တဲ့သူ တစ်ယောက်မှ မရှိဘူး "

‎

‎

‎ကုချန်သည် အေးဆေးတည်ငြိမ်စွာ ဆိုလိုက်၏။

‎

‎

‎" လူသားဧကရာဇ်က အဆုံးမဲ့လူသားမျိုးနွယ်စုအပေါ်မှာ ကြီးမားတဲ့ ကျေးဇူးတရားတွေနဲ့ ကြီးမားတဲ့ မေတ္တာတရားတွေ ရှိခဲ့တယ်။ ယင်ယန်တာအိုမဟာမိတ်အဖွဲ့က မင်းရဲ့ ဖူမိသားစုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အချိန်မှာ... တခြားသူတွေက ဘာလို့ ဖူမိသားစုအတွက် ထမရပ်တည်ပေးဘဲ... စကားတစ်ခွန်းမှ မပြောခဲ့ကြတာလဲ။ တစ်ခါတစ်လေမှာ... ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတာကလည်း အပြစ်တစ်ခုပဲ "

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့သည် ဖူမိသားစု ပျက်စီးခြင်း၏ အဓိကတရားခံဖြစ်သည့်အတွက်... သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

‎

‎

‎သို့သော် တစ်နည်းအားဖြင့် ကြည့်မည်ဆိုလျှင်... ချန်ခွန်းရှေးဟောင်းကြယ်တာရာပေါ်ရှိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော အခြားသော အင်အားစုများနှင့် သက်ရှိသတ္တဝါများသည်လည်း... ယင်ယန်တာအိုမဟာမိတ်အဖွဲ့၏ ကြံရာပါများပင် မဟုတ်ပါလော။

‎

‎အခန်း (၁၅၄) - အားလုံးတွင် အပြစ်ရှိ၏၊ ကြိုးပမ်းအားထုတ်မှုများ၊ ဓားသည် စကြဝဠာကို ဖြတ်တောက်သွားခြင်း

‎

‎

‎

‎တစ်ခါတစ်ရံတွင် လက်ပိုက်ကြည့်နေခြင်းသည်လည်း အပြစ်တစ်ခုပင် ဖြစ်သည်။

‎

‎

‎ကုချန်၏စကားများသည် ခေါင်းလောင်းကြီးတစ်လုံးကဲ့သို့ ဖူဝမ်၏နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

‎

‎

‎" ဆရာသခင် ပြောတာမှန်တယ်... ဖူဝမ်က အရမ်း နုံအခဲ့တာပဲ "

‎

‎

‎ဖူဝမ်သည် ခေါင်းငုံ့လိုက်ပြီးနောက် ထပ်မံမော့ကြည့်လိုက်ရာ... သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားသော အမူအရာများဖြင့် ပြည့်နှက်နေသည်။

‎

‎

‎ဟုတ်ပါသည်... ဖူမိသားစုအား ဖျက်ဆီးခဲ့သော ယင်ယန်တာအိုမဟာမိတ်အဖွဲ့သည် အမှန်တကယ်ပင် အပြစ်ရှိပေသည်။

‎

‎

‎သို့သော် လက်ပိုက်ကြည့်နေခဲ့ကြသော သူတို့သည်လည်း အပြစ်ရှိသူများ မဟုတ်ကြပါလော။

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့၏ ဝိုင်းရံပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရစဉ်... ဖူမိသားစုမှ လူအများအား အကူအညီတောင်းခံရန် စေလွှတ်ခဲ့ပုံကို... ဖူဝမ်သည် ယခုအချိန်အထိ မှတ်မိနေသေး၏။

‎

‎

‎ဖူမိသားစုဝင်များအားလုံးသည် ကြိုးစားခုခံတွန်းလှန်လျက် ရှိခဲ့ကြသော်လည်း... သူတို့၏ နှလုံးသားများထဲ၌မူ မျှော်လင့်ချက်ကို လက်မလွှတ်သေးချေ။

‎

‎

‎အကြောင်းမှာ... သူတို့သည် ဖူမိသားစုနှင့် အဆက်အဆံကောင်းများရှိသော အခြားအင်အားစုများက... လာရောက်ကူညီမည့်အရေးကို စောင့်မျှော်နေခဲ့ကြသောကြောင့်ပင် ဖြစ်သည်။

‎

‎

‎သို့သော် ရလဒ်မှာ အဘယ်သို့နည်း။

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့ ရောက်ရှိလာချိန်မှစ၍ ဖူမိသားစု ပျက်စီးသွားချိန်အထိ... ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း... မည်သည့်အင်အားစုတစ်ခုမျှ... လူတစ်ဦးတစ်ယောက်မျှပင် ဖူမိသားစုအား လာရောက်ထောက်ပံ့ခြင်း မရှိခဲ့ပေ။

‎

‎

‎အဆုံးသတ်၌... ဖူမိသားစုဝင်များသည် အဆုံးမရှိသော နောင်တတရားများနှင့် မကျေနပ်နိုင်မှုများစွာဖြင့်... သွေးအိုင်ထဲတွင် လဲကျသေဆုံးသွားခဲ့ကြသည်။

‎

‎

‎သူ၏ မိသားစုတစ်စုလုံး၏ မျှော်လင့်ချက်အား ပခုံးထက်တွင် ထမ်းပိုးထားသော ဖူဝမ်တစ်ဦးတည်းသာလျှင်... အံ့ဩဖွယ်ရာကောင်းလောက်အောင် အသက်ရှင် လွတ်မြောက်ခဲ့ရသည်။

‎

‎

‎ဖူမိသားစုထဲသို့ ကျူးကျော်ဝင်ရောက်လာစဉ်... ယင်ယန်တာအိုမဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူတစ်ဦး ပြောကြားခဲ့သော စကားများကို... သူ မှတ်မိနေသေး၏။

‎

‎

‎" ဟက်! ဖူမိသားစု... မင်းတို့ ခေါင်းမာပြီး ခုခံနေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ... စစ်ကူတွေ စောင့်နေတာလား... ဒီအရှင်သခင်က မင်းတို့ကို အသေအ‌ချာ ပြောလိုက်မယ်... ဘာစစ်ကူမှ လာမှာမဟုတ်ဘူး.....

‎

‎တကယ်တော့... မင်းတို့ မျှော်လင့်ချက်ထားနေတဲ့ စစ်ကူဆိုတဲ့ကောင်တွေက... အခု အပိုင်ရမယ့် ဝေစုကို ခွဲယူဖို့ စောင့်နေကြတာ "

‎

‎

‎ထိုအချိန်က... ဤစကားများ၏ အဓိပ္ပာယ်ကို... ဖူဝမ် နားမလည်ခဲ့ပေ။

‎

‎

‎သို့သော် ယခုအခါတွင်မူ သူ နားလည်သွားခဲ့ပြီဖြစ်သည်။

‎

‎

‎ဆရာသခင် ပြောသည်မှာ မှန်ပေသည်... ချန်ခွန်းရှေးဟောင်းကြယ်တာရာပေါ်ရှိ မည်သည့်သက်ရှိသတ္တဝါမျှ... အပြစ်ကင်းစင်ခြင်း မရှိပေ။

‎

‎

‎ချန်ခွန်းရှေးဟောင်းကြယ်တာရာ... ပျက်စီးသွားလေပြီ။

‎

‎

‎ဖူဝမ်၏ သေးငယ်သော မျက်နှာလေးပေါ်ရှိ စိတ်ပိုင်းဖြတ်ထားသော အမူအရာကို ကြည့်လိုက်ပြီးနောက်... သူ၏လက်များကို နောက်သို့ပစ်လျက် အေးဆေးတည်ငြိမ်စွာ ရပ်နေသော ဘိုးဘေးကြီးကို ကြည့်လိုက်ရင်း... ကုချင်းရွဲ့သည် လျှို့ဝှက်နယ်မြေထဲတွင် လူသားဧကရာဇ် ပြောကြားခဲ့သော စကားများကို ရုတ်တရက် ပြန်လည်သတိရသွားမိသည်။

‎

‎

‎ထိုအချိန်က... သူသည် လူသားဧကရာဇ်အား ဖူမိသားစုကို ဖျက်ဆီးခဲ့သူများအပေါ်... လက်တုံ့ပြန်မည်လားဟု မေးမြန်းခဲ့သည်။

‎

‎

‎လူသားဧကရာဇ်၏ ထိုအချိန်က အဖြေသည် ကုချင်းရွဲ့အား အလွန်ပင် ရှုပ်ထွေးသွားစေခဲ့သည်။ လူသားဧကရာဇ်က သူလက်တုံ့ပြန်မည်မဟုတ်ကြောင်း... အကြောင်းမှာ ထိုသက်ရှိသတ္တဝါတို့၏ ကံကြမ္မာသည် သူ၏လက်ဖြင့် အဆုံးသတ်သင့်သည် မဟုတ်သောကြောင့်ဟု ဆိုခဲ့သည်။

‎

‎

‎ယခုအခါတွင်မူ... ကုချင်းရွဲ့သည် လူသားဧကရာဇ်၏ ဆိုလိုရင်းကို... နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့လေပြီ။

‎

‎

‎အမှန်မှာ... ဘိုးဘေးသည် ဤသို့လှုပ်ရှားလာမည်ကို... လူသားဧကရာဇ်က အစကတည်းက ကြိုတင်မြင်တွေ့ထားခဲ့ပြီး ဖြစ်၏။

‎

‎

‎လှုပ်ရှားရန် အခွင့်အရေးကို ဘိုးဘေးကြီးထံသို့ ပေးအပ်လိုက်ခြင်းဖြင့်... ဖူမိသားစုအား ဖျက်ဆီးခဲ့သော တရားခံအားလုံးသည် ချေမှုန်းခံရမည်ဖြစ်ပြီး... ဂုဏ်ကျေးဇူးအားလုံးသည် ဘိုးဘေးကြီးထံသို့သာ ရောက်ရှိသွားမည်ဖြစ်ကာ... ဖူဝမ်သည်လည်း ဘိုးဘေးကြီးအပေါ်တွင် တိုင်းတာမရနိုင်သော ကျေးဇူးတင်ရှိမှုများဖြင့်... ထိုအချိန်မှစ၍ ဘိုးဘေးကြီး၏နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ပါလျက် ကျင့်ကြံတော့မည် ဖြစ်သည်။

‎

‎

‎လူသားဧကရာဇ်အရှင်သည် ဖူဝမ်၏ အနာဂတ်အတွက် အမှန်တကယ်ပင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ပေးခဲ့သည်ဟုသာ ဆိုနိုင်ပေတော့သည်။

‎

‎

‎ကုချင်းရွဲ့သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်ချိန်တည်းမှာပင်... သူ၏ လှပသော မျက်လုံးများသည် ကောင်းကင်ဘုံကိုးခု၏ အလွန်တစ်ဖက်ဆီသို့ အလိုအလျောက်ပင် ကြည့်ရှုလိုက်မိသည်... ချန်ခွန်းရှေးဟောင်းကြယ်တာရာ၏ ကံကြမ္မာကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုသည့်အလားပင်။

‎

‎

‎မဟာစကြဝဠာ၏ နက်ရှိုင်းသော အာကာသထဲ၌.....

‎

‎

‎ထက်မြက်တောက်ပသော ဓားအလင်းရောင်သည် ကောင်းကင်ယံကို ဖြတ်သန်းသွားကာ... အဆုံးမဲ့သော စကြဝဠာကို ထိုးဖောက်သွား၏။ အဆုံးမဲ့ဓား၏ လမ်းကြောင်းကို ပိတ်ဆို့နေသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ကြယ်တာရာအားလုံးသည် နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရပြီး... မည်သည့်အရာကမျှ တားဆီးနိုင်ခြင်း မရှိချေ။

‎

‎

‎ခမ်းနားထည်ဝါလှသော ဓားအလင်းရောင်သည် မျက်စိကျိန်းလောက်အောင် တောက်ပသော ကြယ်တာရာကိုပင် လွှမ်းမိုးသွားခဲ့ပြီး... ဤအေးစက်တိတ်ဆိတ်လှသော စကြဝဠာကြယ်တာရာများပြည့်နေသည့် ကောင်းကင်ယံတွင် တစ်ခုတည်းသော အလင်းရောင် ဖြစ်လာခဲ့သည်။

‎

‎

‎အခါအားလျော်စွာ... သက်ရှိတို့၏ ရှေးဟောင်းကြယ်တာရာများပေါ်ရှိ သက်ရှိသတ္တဝါများသည် ထိုအခိုက်အတန့်တွင် မော့ကြည့်လိုက်မိပါက... အဆုံးမဲ့ဓား၏ အရိပ်အယောင်သည် ကြယ်တာရာများပြည့်နေသော ကောင်းကင်ယံကို ဖြတ်သန်းသွားသည်ကို တစ်ချက်မျှ မြင်တွေ့လိုက်မိနိုင်သော်လည်း... ထိုမျှသာ ဖြစ်သည်။

‎

‎

‎သူတို့ မျက်တောင်တစ်ခတ် ပုတ်လိုက်သည့်အချိန်တွင်... အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

‎

‎

‎ချန်ခွန်းရှေးဟောင်းကြယ်တာရာ.....

‎

‎

‎ခမ်းနားထည်ဝါပြီး ကြီးမားလှသော ယင်နှင့်ယန်မြင့်မြတ်သော ခန်းမတစ်ခု၏ အတွင်း၌.....

‎

‎

‎ထက်မြက်သော မြင့်မြတ်သည့် အလင်းစက်ဝန်းများဖြင့် ဖုံးအုပ်ထားသော ကြောက်မက်ဖွယ်ရာ ပုံရိပ် ဆယ်ခုထက်မနည်းသည် ယင်နှင့်ယန် တရားထိုင်ဖျာများပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ရှိနေကြသည်။

‎

‎

‎" ဖူမိသားစုတစ်စုလုံးကို သုံးကြိမ်တိုင်တိုင် ရှာဖွေပြီးသွားပြီ... နေလဧကရာဇ်ကျမ်းစာရဲ့ သဲလွန်စတစ်ခုမှ ရှာမတွေ့ခဲ့ဘူး "

‎

‎

‎" အဲ့ဒီအချိန်တုန်းက ဖူမိသားစုထဲမှာ မရှိဘဲ... အပြင်ကို ထွက်ခွာသွားခဲ့တဲ့ ဖူမိသားစုတပည့်တွေအားလုံးကိုလည်း ငါတို့ဂိုဏ်းက ရှာတွေ့ပြီး... ဝိညာဉ်ရှာဖွေစစ်ဆေးနည်းနဲ့ သတ်ပစ်ခဲ့ပြီးပြီ... ဒါပေမဲ့ ယင်ယန်ဧကရာဇ်ကျမ်းစာနဲ့ ပတ်သက်တဲ့ သဲလွန်စ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူး "

‎

‎

‎" နဂါးရှာဖွေရေးမြင့်မြတ်ဂိုဏ်းက အကြိမ်ကြိမ် အတည်ပြုပြီးပြီ... ဖူမိသားစုက ချန်ခွန်းရှေးဟောင်းကြယ်တာရာပေါ်မှာ ဘာလျှို့ဝှက်နယ်မြေ ဒါမှမဟုတ် ဂူသင်္ချိုင်းတစ်ခုမှ ချန်မထားခဲ့ဘူး... သာမန်သင်္ချိုင်းတချို့ပဲ ရှိတယ်။ အဲ့ဒီသင်္ချိုင်းတွေကိုလည်း ငါတို့ တူးဖော်ခဲ့ပြီးပြီ... ဒါပေမဲ့ ဖူမိသားစုဝင်အိုကြီးတချို့ရဲ့ အရိုးတွေကလွဲလို့ ဘာသင်္ဂြိုဟ်ပစ္စည်းမှ မရှိခဲ့ဘူး "

‎

‎

‎အေးစက်လှသော အသံတစ်ခုပြီးတစ်ခုသည် ယင်ယန်တာအိုခန်းမထဲတွင် ပဲ့တင်ထပ်လျက် ရှိနေသည်။

‎

‎

‎ထိုအသံတစ်သံချင်းစီ ထွက်ပေါ်လာတိုင်း... ခန်းမအတွင်းရှိ လေထုသည် ပို၍ပင် လေးနက်ပြီး ဖိစီးလာခဲ့သည်။

‎

‎

‎" ဟွန့်! ဒီမှာလည်း ဘာမှမရှိ... ဟိုမှာလည်း ဘာမှမရှိ... ဒါဆို ငါတို့ အချိန်အကြာကြီး အစီအစဉ်ဆွဲပြီး ဖူမိသားစုကို ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်က ဟာသတစ်ခုသက်သက်ပဲ ဖြစ်သွားတာလား "

‎

‎

‎အင်အားကြီးမားသော ကျွမ်းကျင်သူတစ်ဦးသည် ဒေါသထွက်လာခဲ့ပြီး... သူ၏ပတ်ပတ်လည်ရှိ မြင့်မြတ်သော အလင်းစက်ဝန်းသည် မတည်မငြိမ် တုန်ခါသွားကာ... လေဟာနယ်အား ကွဲထွက်သွားစေပြီး စုတ်ပြဲသွားစေခဲ့သည်။

‎

‎

‎" ဂိုဏ်းချုပ်ကြီးရွှီ... စိတ်ကို ငြိမ်ငြိမ်ထားပါ "

‎

‎

‎အကြီးအကဲနေရာတွင် ထိုင်နေသော... ယင်ယန်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက... လျစ်လျူရှုသော လေသံဖြင့် ဆိုလိုက်သည်။

‎

‎

‎" ဖူမိသားစုကတော့ ပျက်စီးသွားခဲ့ပြီ... ဒါပေမဲ့ ငါတို့ စုံစမ်းစစ်ဆေးချက်တွေအရ... ဖူမိသားစုမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ နောက်ဆုံးသွေးသားတစ်ယောက် ကျန်နေသေးတယ်... နေလဧကရာဇ်ကျမ်းစာရဲ့ သဲလွန်စက သူ့ဆီမှာ ရှိနေနိုင်တယ် "

‎

‎

‎" မဟာမိတ်ခေါင်းဆောင်ကြီးချန် ဆိုလိုတာက... ဖူဝမ်လို့ခေါ်တဲ့ ကောင်မလေးကို ပြောတာလား "

‎

‎

‎ဂိုဏ်းချုပ်ကြီးရွှီဟု အခေါ်ခံရသော ကျွမ်းကျင်သူသည် ဦးစွာ တုန်လှုပ်သွားပြီးနောက်... မထီမဲ့မြင်ပြုသော လေသံဖြင့် ပယ်ချလိုက်သည်။

‎

‎

‎" သူက ငါးနှစ် ခြောက်နှစ်အရွယ် ကောင်မလေးတစ်ယောက်ပဲ ရှိသေးတာ။ ထွက်ပြေးလွတ်မြောက်သွားခဲ့ရင်တောင်မှ... ဖူမိသားစုရဲ့ ဘယ်လို အဓိကလျှို့ဝှက်ချက်တွေကိုများ သူက ပိုင်ဆိုင်နိုင်မှာတဲ့လဲ "

‎

‎

‎" ဟဲဟဲ... ဒီဘိုးဘေးအိုကြီးလည်း အစပိုင်းမှာတော့ အဲ့လိုပဲ တွေးခဲ့မိတာပဲ... ဒါပေမဲ့ သေချာအောင်လို့... အဲ့ဒီကောင်မလေးမှာ ထူးခြားတာ တစ်ခုခုများ ရှိနေမလား သိရအောင်... ဖူဝမ်ရဲ့နောက်ကို လိုက်ဖို့ လူနှစ်ယောက်ကို ငါ လွှတ်ခဲ့သေးတယ် "

‎

‎

‎ယင်ယန်တာအိုဝတ်ရုံဝတ် အဘိုးအိုက လျစ်လျူရှုသော လေသံဖြင့် ဆိုလိုက်သည်။

‎

‎

‎" ပြီးတော့ အခု... ငါလွှတ်လိုက်တဲ့ လူနှစ်ယောက်လုံးက တစ်ပြိုင်နက်တည်းနီးပါး အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး... သူတို့ရဲ့ ဝိညာဉ်မီးခွက်တွေလည်း ငြိမ်းသွားခဲ့ပြီ... ဒါက ဘာကို အဓိပ္ပာယ်ဆောင်လဲဆိုတာတော့... ခင်ဗျားတို့အားလုံးက ကျုပ်ထက် ပိုသိကြလိမ့်မယ်လို့ ထင်ပါတယ် "

‎

‎

‎ဖူဝမ်၏နောက်သို့ လိုက်ရန် စေလွှတ်လိုက်သော ကျွမ်းကျင်သူနှစ်ဦးစလုံး သေဆုံးသွားခဲ့သည်လော။

‎

‎

‎ဤသတင်းကို ကြားလိုက်ရသောအခါ... ရှေးဟောင်းခန်းမကြီးထဲရှိ ကျွမ်းကျင်သူအားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

‎

‎

‎မဟာမိတ်ခေါင်းဆောင်ကြီးချန် စေလွှတ်လိုက်သောသူများသည် အတော်အတန် ကျင့်ကြံမှုအဆင့် ရှိကြမည်မှာ သေချာသည်။

‎

‎

‎ထိုအပြင်... ဖူမိသားစုမှ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူ ထိုကောင်မလေးသည်... ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ယခုလေးတင် စတင်လျှောက်လှမ်းရုံသာ ရှိသေးသည်။

‎

‎

‎သူ၏နောက်သို့ လိုက်နေသော ယင်ယန်တာအိုမဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူနှစ်ဦးကို သူ့အနေဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိမည်မှာ လုံးဝ မဖြစ်နိုင်ချေ။

‎

‎

‎သို့ဆိုလျှင်... ထိုနှစ်ဦးကို မည်သူက သတ်ဖြတ်ခဲ့သနည်း။

‎

‎

‎ဤသည်မှာ နေလဧကရာဇ်ကျမ်းစာ သို့မဟုတ် တစ်နည်းအားဖြင့်ဆိုသော်... လူသားဧကရာဇ်အမွေအနှစ်နှင့် အလွန်အမင်း သက်ဆိုင်နေနိုင်ဖွယ် ရှိသည်။

‎

‎

‎ဤသို့ တွေးမိလိုက်သောအခါ... ရှေးဟောင်းခန်းမကြီးထဲရှိ ကျွမ်းကျင်သူအားလုံး၏ မျက်လုံးများသည်... ပြင်းပြသော အငွေ့အသက်များဖြင့် တောက်ပလာကြသည်။

‎

‎

‎" သူ့ကို ဖမ်းရမယ်... ငါတို့ သူ့ကို မဖြစ်မနေ ဖမ်းပြီးတော့ သေချာစစ်ဆေးမေးမြန်းရမယ် "

‎

‎

‎" ဟုတ်တယ်... ‌နေလဧကရာဇ်ကျမ်းစာက ငါတို့ ယင်ယန်တာအိုမဟာမိတ်အဖွဲ့ကပဲ ပိုင်ဆိုင်ရမယ် "

‎

‎

‎အနည်းငယ် လေးလံနေသော အသက်ရှူသံများ ကြားထဲတွင်... ခန်းမထဲရှိ ကျွမ်းကျင်သူအများအပြားသည် တစ်ဦးပြီးတစ်ဦး ထပြောကြကာ... ဖူဝမ်အား အမြန်ဆုံး ဖမ်းဆီးပြီး... လူသားဧကရာဇ်အမွေအနှစ်နှင့် ပတ်သက်သော သဲလွန်စများအတွက် စစ်ဆေးမေးမြန်းရန် လိုအပ်ကြောင်း... ပြောကြားကြသည်။

‎

‎

‎" အားလုံးပဲ စိတ်ချလက်ချ နေကြပါ... ဒီမဟာမိတ်ခေါင်းဆောင်ကြီးက သေချာပေါက်..... "

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ်ကြီးသည် တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်... တစ်ခဏအတွင်း၌.. သူ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

‎

‎

‎အကြောင်းမှာ သူ၏ မြင့်မြတ်သော အသိအာရုံထဲတွင်... ချန်ခွန်းရှေးဟောင်းကြယ်တာရာ၏ ကောင်းကင်ဘုံကိုးခုထက်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းရောင်သည်... ကျယ်ပြန့်သော ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ ကျဆင်းလာကာ... ဓားပင်လယ်လှိုင်းလုံးပေါင်း ထောင်သောင်းများစွာကို လှုပ်ခတ်စေလျက်... ကောင်းကင်ဘုံကိုးခုအား ဖုံးလွှမ်းပြီး... သဘာဝအတိုင်းပင် ဤယင်ယန်တာအိုခန်းမ တည်ရှိရာနေရာလည်း အပါအဝင်ဖြစ်သည့်... ချန်ခွန်းရှေးဟောင်းကြယ်တာရာ၏ နေရာတိုင်းစီသို့ ခွဲခြားရွေးချယ်ခြင်းမရှိဘဲ ဖုံးလွှမ်းသွားသည်ကို... သူ ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိလိုက်ရသောကြောင့်ပင် ဖြစ်သည်။

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ်ကြီးသာမကဘဲ... ခန်းမထဲရှိ အခြားသော ကျွမ်းကျင်သူများသည်လည်း ထို့နောက်တွင် ဤအဖြစ်အပျက်ကို တွေ့ရှိသွားကြပြီး... သူတို့အားလုံး၏ မျက်နှာများပေါ်တွင် ကြောက်မက်ဖွယ်ရာ အမူအရာများ ထင်ဟပ်လာကြသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ထိုဓားအလင်းရောင်သည် အမှန်တကယ်ပင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်။ ၎င်းသည် မဟာစကြဝဠာထဲမှ ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး... စကြဝဠာများကြားမှ ကျဆင်းလာခဲ့သည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင်... ကြယ်တာရာများသည် ပြိုကျပျက်စီးသွားကာ... စကြဝဠာအမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့လေသည်။

‎

‎

‎ကြီးမားကျယ်ပြန့်သော ကြယ်တာရာများပင်... ထိုဓားအလင်းရောင်၏ ဓားချက်တစ်ချက်ကို မခံနိုင်ပါလျှင်... သာမန် ချန်ခွန်းရှေးဟောင်းကြယ်တာရာလေးတစ်ခုက မည်သို့ ခံနိုင်မည်နည်း။

‎

‎

‎ဤအခိုက်အတန့်တွင်... လူတိုင်း၏ ခန္ဓာကိုယ်များသည် ချက်ချင်းပင်... အေးစက်တောင့်တင်းသွားကြသည်။

‎

All Chapters