← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 12 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 12 Ch. 155-156

‎အခန်း (၁၅၅) - စကြဝဠာ ပျက်သုဉ်းခြင်း၊ ကစဉ့်ကလျားဖြစ်ခြင်းနှင့် လက်စားချေခြင်း အောင်မြင်မှု

‎

‎

‎

‎ဘာတွေဖြစ်သွားခဲ့တာလဲ.....

‎

‎

‎အဆုံးမဲ့ဓားအလင်းတန်းတစ်ခုသည် အဆုံးမဲ့ကမ္ဘာ ကောင်းကင်ယံထက်မှ အံ့အားသင့်ဖွယ် ဆင်းသက်လာပြီး... ချန်ခွန်းရှေးဟောင်းကြယ်အား တွေဝေခြင်းမရှိဘဲ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

‎

‎

‎မည်သူကများ အစွမ်းပြလိုက်ခြင်းနည်း။

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ်ဖြစ်စေ... အခြားသောဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များဖြစ်စေ... ယခုအချိန်တွင် သူတို့၏နှလုံးသားထဲ၌ ထိတ်လန့်မှုများသာ ဖြတ်သန်းစီးဆင်းသွားခဲ့ရသည်။

‎

‎

‎အကြောင်းမှာ... ကောင်းကင်ဘုံကိုးခုထက်မှ ဆင်းသက်လာသော ထိုဓားအလင်းတန်းထံမှ... အဆုံးအစမဲ့ကြီးမားကျယ်ပြန့်သည့် အထွတ်အထိပ်အငွေ့အသက်ကို သူတို့ ခံစားမိလိုက်သောကြောင့်ပင် ဖြစ်သည်။

‎

‎

‎" အမြန်သွားကြ! "

‎

‎

‎ယင်ယန်တာအိုနန်းတော်အတွင်း၌ သူတော်စင်အဆင့် အားကောင်းသူအများအပြားသည် ဟိန်းဟောက်အော်ကာ မတ်တတ်ရပ်လိုက်ကြပြီး... ဤနေရာမှ လွတ်မြောက်ရန် ရည်ရွယ်ချက်ဖြင့် တိမ်တိုက်များထဲသို့ တဟုန်ထိုး ခုန်တက်သွားကြသည်။

‎

‎

‎သို့သော် သူတို့၏ လုပ်ရပ်များမှာ အချည်းနှီးသာဖြစ်ပြီး အသုံးမဝင်ကြောင်း ထင်ရှားနေ၏။

‎

‎

‎သူတို့ မခုန်ထွက်နိုင်မီမှာပင်... ကောင်းကင်ဘုံကိုးခုထက်မှ ဆင်းသက်လာသော ဓားအလင်းတန်းသည် ဝိညာဉ်ရှိသကဲ့သို့... ဦးစွာရောက်ရှိနေခဲ့သည်။ ၎င်းသည် အဆုံးမဲ့ လေဟာနယ်ကို ဖြတ်ကျော်ကာ... မိုင်သန်းပေါင်းများစွာချီသော လေဟာနယ်ကို ဖြိုခွင်းလျက်... ထွက်ပြေးလိုသော သူတော်စင်အဆင့်ဖြစ်တည်မှုများထံသို့ တည့်မတ်စွာ ဦးတည်လာခဲ့လေ၏။

‎

‎

‎ဤသည်ကို မြင်လိုက်ရသော ထိုသူတော်စင်အဆင့် အားကောင်းသူများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး... ဓားအလင်းတန်းကို တားဆီးနိုင်ရန် မျှော်လင့်ချက်ဖြင့် သူတော်စင်လက်နက်အမျိုးမျိုးနှင့် မှော်ပစ္စည်းများကို အလိုအလျောက် ဆင့်ခေါ်လိုက်ကြသည်။

‎

‎

‎" ရွှမ်း..... "

‎

‎

‎ဓားအလင်းတန်းသည် တိတ်ဆိတ်စွာပင် ဖြတ်သန်းသွားခဲ့ပြီး ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိခဲ့ချေ။

‎

‎

‎ထိုသူတော်စင်အဆင့် ဖြစ်တည်မှုများသည် ချက်ချင်းပင် နေရာ၌ တောင့်တင်းသွားကြ၏။ ထို့နောက် သူတို့၏ သူတော်စင်လက်နက်များနှင့်အတူ... ခန္ဓာကိုယ်များသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကာ အော်ဟစ်သံပင် မထွက်နိုင်လိုက်ဘဲ... လေဟာနယ်အတွင်း တောက်ပသော သွေးပန်းပွင့်များအဖြစ် ပြောင်းလဲသွားတော့သည်။

‎

‎

‎ကျိုးပဲ့နေသော လက်နက်များနှင့် ကြေမွနေသော အရိုးစများမှာ နေရာအနှံ့ လွင့်ပျံလျက် ရှိနေ၏။

‎

‎

‎ဤမြင်ကွင်းသည် တာအိုနန်းတော်အတွင်း မလွတ်မြောက်နိုင်သေးသော သူရဲကောင်းများကို ကျောချမ်းသွားစေခဲ့ပြီး... အလိုအလျောက်ပင် သူတို့၏နဖူးပေါ်မှ ချွေးစေးများ စီးကျလာစေခဲ့သည်။

‎

‎

‎ဤအရာမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ ဓားအလင်းတန်း တစ်ချက်တည်းနှင့်ပင် ထိုကဲ့သို့ ဆိုးရွားသော ရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။

‎

‎

‎ထိုသူများသည် သူတော်စင်လက်နက်များကို ကိုင်ဆောင်ထားသော သူတော်စင်အဆင့် အားကောင်းသူများ ဖြစ်ကြသည်။

‎

‎

‎ထိုဓားအလင်းတန်း၏ ရှေ့မှောက်တွင် သူတို့၌ ခုခံနိုင်စွမ်း အနည်းငယ်မျှပင်မရှိဘဲ လွယ်ကူစွာပင် ချေမှုန်းခံလိုက်ရသည်။

‎

‎

‎ထိုဓားအလင်းတန်းမှာ မည်မျှအထိ ကြောက်စရာကောင်းလိုက်ပါသနည်း။ မည်သူက ထုတ်လွှတ်လိုက်ခြင်းနည်း။

‎

‎

‎" ထွက်ပြေးလို့ အသုံးမဝင်ဘူး... ငါတို့ ထိပ်တိုက်ရင်ဆိုင်မှ ရမယ်! "

‎

‎

‎ယင်ယန်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော ယင်ယန်တာအိုမဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ်သည် လွှမ်းခြုံလာသော ကြောက်မက်ဖွယ် ဓားအလင်းတန်းကို ကြည့်ကာ တည်ကြည်စွာ သတိပေးလိုက်သည်။

‎

‎

‎ထွက်ပြေးခြင်းသည် လုံးဝ အသုံးမဝင်ကြောင်း သူသိလိုက်ပြီဖြစ်သည်။

‎

‎

‎အကြောင်းမှာ ဤဆင်းသက်လာသော ဓားအလင်းတန်း၏ ပစ်မှတ်သည် သူတို့ရှိနေသည့် တာအိုနန်းတော်သာမက ချန်ခွန်းရှေးဟောင်းကြယ်တစ်ခုလုံး ဖြစ်နေသောကြောင့်ပင်။

‎

‎

‎ဌက်သိုက်မှောက်သွားလျှင် မည်သည့်ဥမျှ အကောင်းကျန်မည် မဟုတ်ချေ။

‎

‎

‎ကံကောင်းထောက်မစွာဖြင့်... ဤနေရာသို့ ကျရောက်လာမည့် ဓားအလင်းတန်းကို ရှောင်တိမ်းနိုင်ခဲ့လျှင်ပင် သူတို့ လွတ်မြောက်နိုင်မည်လော။

‎

‎

‎ချန်ခွန်းရှေးဟောင်းကြယ်တစ်ခုလုံး ပျက်သုဉ်းသွားသောအခါ သူတို့သည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

‎

‎

‎ထို့ကြောင့် အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ ထိပ်တိုက် ခုခံရန်သာ ဖြစ်သည်။

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့ ဂိုဏ်းချုပ်၏ အသံသည်... ရှိနေကြသော အခြားသူရဲကောင်းများကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး... လူတိုင်းသည် ကြောက်ရွံ့အံ့ဩသွားကြ၏။ ထို့နောက် မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်းမရှိဘဲ... သူတို့၏ အစွမ်းအထက်ဆုံး နည်းလမ်းများကို ထုတ်ဖော်လိုက်ကြတော့သည်။

‎

‎

‎" ကောင်းကင်ဘုံဂိုဏ်းရဲ့ ဖိနှိပ်ရေးမှော်လက်နက်ကို ပင့်ဆောင်ပါ! "

‎

‎

‎ဂိုဏ်းကြီးတစ်ခုမှ ဂိုဏ်းချုပ်သည် အော်ဟစ်လိုက်ပြီး... အသက်သွေးအချို့ကို ပူဇော်ကာ လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်၍... တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်သည်။

‎

‎

‎နန်းတော်အတွင်းရှိ အခြားသော ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များသည်လည်း အားနည်းဟန်မပြကြချေ။ ဤသည်မှာ သေရေးရှင်ရေး အခိုက်အတန့်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် လက်တွန့်နေခြင်းသည် သေလမ်းရှာခြင်းသာဖြစ်ကြောင်း သိထားကြသဖြင့်... သူတို့၏ အစွမ်းအထက်ဆုံး နည်းလမ်းများကို ထုတ်ဖော်လိုက်ကြသည်။

‎

‎

‎သူတို့သည် မိမိတို့၏ သက်ဆိုင်ရာ ဂိုဏ်းနှင့် အဖွဲ့အစည်းများ၏ အခြေခံအုတ်မြစ်များကို ဆင့်ခေါ်ကာ... ကောင်းကင်ဘုံကိုးခု အထက်မှ ဆင်းသက်လာသော ကမ္ဘာပျက်စီးစေမည့် ကောင်းကင်အလင်းတန်းကို ခုခံရန် ကြိုးပမ်းကြတော့သည်။

‎

‎

‎" အုန်း..... "

‎

‎

‎ထိုအချိန်၌ စုစုပေါင်း ဧကရာဇ်တပိုင်းအဆင့် လက်နက်ခြောက်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး... ဟွမ်သွမ့်ချီ အမျှင်တန်းပေါင်း ဘီလီယံချီ ထုတ်လွှတ်ကာ မိုင်သောင်းချီသော လေဟာနယ်ကို တုန်ခါစေလျက်... အောက်ဘက်ရှိ နယ်မြေတစ်ခုလုံးကို ကာကွယ်ပေးထားသည့် မမြင်နိုင်သော အတားအဆီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

‎

‎

‎ဧကရာဇ်ချီအငွေ့အသက်များ ပါဝင်နေသော ဧကရာဇ်တပိုင်းအဆင့် လက်နက်ခြောက်ခု လေထဲတွင် ဝဲပျံနေသည်ကို ကြည့်ရင်း... ယင်ယန်တာအိုမဟာမိတ်အဖွဲ့မှ အားကောင်းသူများသည် စိတ်သက်သာရာရသွားသည်ဟု ခံစားလိုက်ရသည်။

‎

‎

‎ဘာပဲဖြစ်ဖြစ် ဒါတွေက ဧကရာဇ်တပိုင်းအဆင့် လက်နက်ခြောက်ခုလေ.....

‎

‎

‎လက်နက်ခြောက်ခု၏ ပေါင်းစည်းထားသော စွမ်းအားနှင့်... နှစ်ပေါင်းထောင်ချီ၊ သောင်းချီ စုဆောင်းထားသော သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းနှင့် အဖွဲ့အစည်းများ၏ အခြေခံအုတ်မြစ်များ ပေါင်းစပ်လိုက်ပါက... သူတို့သည် စစ်မှန်သော ဧကရာဇ်လက်နက်တစ်ခုနှင့် ယှဉ်နိုင်သော စွမ်းအားကိုပင် ထုတ်ဖော်နိုင်ပေလိမ့်မည်။

‎

‎

‎သေချာပေါက်ပင် ဤသည်မှာ... ကောင်းကင်မှ ဆင်းသက်လာသော ကြောက်မက်ဖွယ် ဓားအလင်းတန်းကို တားဆီးရန် လုံလောက်ပေလိမ့်မည်... မဟုတ်ပါလော။

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့မှ အားကောင်းသူများသာမက... ချန်ခွန်းရှေးဟောင်းကြယ်ပေါ်ရှိ အခြားသော ဖြစ်တည်မှုများသည်လည်း... ယင်ယန်တာအိုမဟာမိတ်အဖွဲ့မှ ဧကရာဇ်တပိုင်းအဆင့် လက်နက်များကို အသုံးပြုကာ ခုခံနေသည်ကို မြင်လိုက်ရသဖြင့်... စိတ်သက်သာရာရသွားကြသည်။ တချိန်တည်းမှာပင် သူတို့သည် တိတ်တဆိတ် တွေးတောနေမိကြ၏။

‎

‎

‎မည်သူ့လက်ချက်မို့လို့ ဤမျှ ရက်စက်ကာ ချန်ခွန်းရှေးဟောင်းကြယ်ကို သေလမ်းသို့ ပို့ဆောင်လိုရသနည်း။

‎

‎

‎ကံကောင်းထောက်မစွာပင် ချန်ခွန်းရှေးဟောင်းကြယ်ကို ကာကွယ်ပေးနေသော ယင်ယန်တာအိုမဟာမိတ်အဖွဲ့ ရှိနေခဲ့သည်။ သို့မဟုတ်ပါက သက်ရှိအားလုံး အန္တရာယ်ကြုံတွေ့ရပေလိမ့်မည်။

‎

‎

‎ချန်ခွန်းရှေးဟောင်းကြယ်ပေါ်ရှိ သက်ရှိအားလုံးသည် အားတက်သွားကြသည်။

‎

‎

‎သို့သော် ဤအားတက်မှုသည် လုံးဝ ပျက်စီးမသွားမီ အချိန်အကြာကြီး မခံလိုက်ချေ။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့် လက်နက်ခြောက်ခုသည် ကောင်းကင်ယံတွင် နေရာယူကာ ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော ဓားအလင်းတန်းကို ပူးပေါင်းခုခံနေကြသည်။

‎

‎

‎သို့သော် ပထမဆုံး ဓားအလင်းတန်း ကျရောက်လာသောအခါ... ထိုဓားအလင်းတန်းများသည် ချန်ခွန်းရှေးဟောင်းကြယ်ပေါ်ရှိ မည်သည့်အင်အားစုကမျှ ယှဉ်ပြိုင်နိုင်သော စွမ်းအားမဟုတ်ကြောင်း... လူတိုင်း သဘောပေါက်သွားကြသည်။

‎

‎

‎အကြောင်းမှာ ထိုဓားအလင်းတန်း ကျရောက်လာချိန်တွင်... ဧကရာဇ်တပိုင်းအဆင့် လက်နက်ခြောက်ခုမှာ ခုခံရန် အချိန်ပင် မရလိုက်ဘဲ ဖြတ်တောက်ခံလိုက်ရကာ... ဖုန်မှုန့်များအဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံ၌ ပျောက်ကွယ်သွားခဲ့ရသည်။

‎

‎

‎ဤအရာတွေသည် အမှန်ပင် ဧကရာဇ်တပိုင်းအဆင့် လက်နက်ခြောက်ခုဖြစ်၏။

‎

‎

‎၎င်းတို့သည် ထိုဓားအလင်းတန်းကြောင့် တစ်ခုပြီးတစ်ခု ချက်ချင်း ချေမှုန်းခံလိုက်ရပြီး... အပိုင်းအစတစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။

‎

‎

‎ယင်ယန်တာအိုနန်းတော်အတွင်းတွင် သေလောက်အောင် တိတ်ဆိတ်နေ၏။

‎

‎

‎လူတိုင်း၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့မှုများ ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။

‎

‎

‎ဒါတွေက ဧကရာဇ်တပိုင်းအဆင့် လက်နက်ခြောက်ခုလေ... အပိုင်းအစတစ်ခုမျှ မကျန်ရစ်ဘဲ ချက်ချင်းဆိုသလို အားလုံး ချေမှုန်းခံလိုက်ရတာလား...!?

‎

‎

‎ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူတို့ ခုခံနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။

‎

‎

‎" ဘယ်သူလဲကွ?! "

‎

‎

‎အဆုံးမဲ့သော စိတ်ပျက်အားငယ်မှုအောက်တွင်... အားကောင်းသူတစ်ဦးသည် သူ၏စိတ်ထဲမှ ကြောက်ရွံ့မှုနှင့် ဒေါသများကို ဖွင့်ထုတ်နေသကဲ့သို့... နာကျည်းစွာ အော်ဟစ်လိုက်သည်။

‎

‎

‎ယင်ယန်တာအိုမဟာမိတ်အဖွဲ့ကို ဖျက်ဆီးရုံသာမက... ချန်ခွန်းရှေးဟောင်းကြယ်တစ်ခုလုံးကိုပါ သုတ်သင်ရှင်းလင်းရန်... မည်သူက ပြုလုပ်နေသည်ကို သူနားမလည်နိုင်ပေ။

‎

‎

‎နတ်ဆိုးနယ်မြေစစ်တပ်များ ဖြစ်နိုင်သလား။ သို့သော် နတ်ဆိုးနယ်မြေစစ်တပ်သည်... အဆုံးမဲ့ကမ္ဘာ၏ ရှင်သန်ခြင်းတားမြစ်နယ်မြေရှိ ရှေးဟောင်းအရှင်များ၏ တွန်းလှန်မှုကို ခံလိုက်ရပြီး... ကစဉ့်ကလျား ထွက်ပြေးသွားကြပြီဟု ပြောကြသည် မဟုတ်ပါလော။

‎

‎

‎ကံမကောင်းစွာဖြင့်... ယင်ယန်တာအိုမဟာမိတ်အဖွဲ့မှ အားကောင်းသူများ ဒေါသထွက်ပြီး မလိုလားနေလျှင်တောင်မှ.....

‎

‎

‎ထိုအော်ဟစ်သံများသည် မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိခဲ့ပေ။

‎

‎

‎သူ့ကို တုံ့ပြန်လိုက်သည်မှာ ကောင်းကင်မှ ဆင်းသက်လာသော တောက်ပအေးစက်သည့် ဓားအလင်းတန်းသာ ဖြစ်သည်။

‎

‎

‎ကုချန်အတွက်မူ ယင်ယန်တာအိုမဟာမိတ်အဖွဲ့ မဆိုထားနှင့်... ဤချန်ခွန်းရှေးဟောင်းကြယ်တစ်ခုလုံးသည်ပင်... သူ့မျက်လုံးထဲ၌ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

‎

‎

‎ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ဘုံကို မည်သို့ အော်ဟစ်ရဲမည်နည်း။

‎

‎

‎ကောင်းကင်ဘုံသို့ အော်ဟစ်လိုက်လျှင်ပင်... ကောင်းကင်ဘုံထံမှ မည်သည့်တုံ့ပြန်မှုကိုမျှ ရရှိမည် မဟုတ်ပေ။

‎

‎

‎အကြောင်းမှာ ထိုနှစ်ခုသည် တူညီမှုရှိသည့် ဖြစ်တည်မှုများ လုံးဝ မဟုတ်သောကြောင့်ပင်။

‎

‎

‎" ရွှမ်း..... "

‎

‎

‎မျှော်လင့်ချက်မဲ့နေသော သို့မဟုတ် မလိုလားသော အကြည့်ပေါင်းများစွာ၏ အလယ်တွင်... အဆုံးမဲ့ဓားအလင်းတန်းသည် ချန်ခွန်းရှေးဟောင်းကြယ်တစ်ခုလုံးကို လွှမ်းခြုံလျက်... တိတ်ဆိတ်စွာ ဆင်းသက်လာ၏။

‎

‎

‎မည်သည့်ခြွင်းချက်... မည်သည့်အတားအဆီးမျှ မရှိချေ။

‎

‎

‎ဓားအလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင်... တောင်များနှင့် မြစ်များအားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး... သက်ရှိများနှင့် အားကောင်းသူအားလုံးသည် ချွင်းချက်မရှိ... အရိုးစများနှင့် သွေးမြူများအဖြစ် ပြောင်းလဲသွားကြသည်။

‎

‎

‎ဓားအလင်းတန်းသည် ကိုးနဝင်းနယ်မြေများကို ဖြတ်ကျော်ကာ... မြင်ကွင်းအတွင်းရှိ အရာအားလုံးကို ဝါးမြိုလျက် ဖြတ်သန်းသွားသည်။

‎

‎

‎တခဏအတွင်းမှာပင်... ချန်ခွန်းရှေးဟောင်းကြယ်တစ်ခုလုံးသည် အေးစက်သော စကြဝဠာအတွင်း တောက်ပသော မီးပွားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး... မီးရှူးမီးပန်းများကဲ့သို့ ပွင့်လန်းလာကာ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် လှပနေတော့သည်။

‎

‎

‎ထိုမြင်ကွင်းသည် ကုချန်၏ တမင် ပြသထားမှုအောက်တွင်... ဖူဝမ်၏ မျက်လုံးများရှေ့၌ ရှင်းလင်းစွာ ပေါ်လာခဲ့သည်။

‎

‎

‎သူ တစ်ချိန်က နေထိုင်ခဲ့ဖူးသော ရှေးဟောင်းကြယ်ကြီးသည် သူ့ရှေ့မှောက် စကြဝဠာထဲတွင်... မီးရှူးမီးပန်းများအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း... ဖူဝမ်၏ နှလုံးသားထဲတွင် တွယ်တာမှု မရှိခဲ့ပေ။ ထိုအစား ထူးဆန်းသော ကျေနပ်မှုတစ်ခုဖြင့်သာ ပြည့်နှက်နေခဲ့သည်။

‎

‎

‎အကြောင်းမှာ ထိုရှေးဟောင်းကြယ်ပေါ်တွင် သူသိကျွမ်းသောသူဟူ၍ တစ်ဦးတစ်ယောက်မျှ မကျန်တော့သောကြောင့်ပင်။

‎

‎

‎ယခုအခါ ချန်ခွန်းရှေးဟောင်းကြယ် ပျက်သုဉ်းသွားပြီး... ထိုကြယ်ပေါ်ရှိ သူ၏ ရန်သူများအားလုံးလည်း ပျက်စီးသွားပြီဖြစ်ရာ... ဖူဝမ်သည် မည်သို့ ကျေနပ်မှုမရှိဘဲ နေနိုင်မည်နည်း။

‎

‎

‎" အဖေ၊ အမေ၊ မိသားစုခေါင်းဆောင်၊ အကြီးအကဲအားလုံးနဲ့ ညီအစ်ကိုမောင်နှမတို့... ငါ့တို့ဖူမိသားစုရဲ့ ကြီးမားတဲ့ ကလဲ့စားကို ချေပြီးပြီမို့ ငြိမ်းချမ်းစွာ အနားယူကြပါတော့..... "

‎

‎

‎ဖူဝမ်သည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး... မျက်ရည်များသည် သူ၏ မျက်နှာပေါ်မှတဆင့်... ပါးပြင်နုနုလေးများပေါ်သို့ တိတ်ဆိတ်စွာ စီးကျလာတော့သည်။

‎

‎အခန်း (၁၅၆) - ကမ္ဘာကြီး ထပ်မံပြောင်းလဲခြင်း၊ စွန့်စားမှုပြုကာ တွင်းနက်ထဲသို့ အတင်းဝင်ရောက်ခြင်း

‎

‎

‎

‎ဖူဝမ်၏ မျက်ရည်စိုရွှဲနေသော မျက်နှာလေးကို ကြည့်ရင်း ကုချင်းရွဲ့သည် ဘာမျှမပြောဘဲ သူ့အား တိတ်ဆိတ်စွာ ပွေ့ဖက်ထားလိုက်သည်။

‎

‎

‎ဤမိန်းမပျိုလေးသည် ဝန်ထုပ်ဝန်ပိုးများစွာကို ထမ်းပိုးထားရကြောင်း သူ သိထားသည်။

‎

‎

‎အကယ်၍ ဘိုးဘေးသာ ဝင်မပါခဲ့လျှင်... သူကိုယ်တိုင် လက်စားချေနိုင်ရန် မကူညီပေးခဲ့လျှင်... ဖူဝမ်၏ အနာဂတ်ဘဝတစ်ခုလုံးသည် ဤအမုန်းတရား၏ နာကျင်မှုများထဲတွင် နှစ်မြုပ်နေပြီး... လွတ်မြောက်လမ်း ရှာတွေ့နိုင်မည် မဟုတ်ပေ။

‎

‎

‎သို့သော် ယခုအခါ ဖူမိသားစုကို သုတ်သင်ခဲ့သော တရားခံများအားလုံးကို ရှင်းလင်းပြီးဖြစ်၏။

‎

‎

‎ဖူဝမ်သည် သူ၏ နာကျည်းချက်များကို စွန့်လွှတ်နိုင်ပြီဖြစ်ပြီး... ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နိုင်တော့မည် ဖြစ်သည်။

‎

‎

‎တစ်နည်းအားဖြင့် ဆိုရလျှင် ဤအရာသည် ဖူဝမ်အတွက် ကောင်းသောအရာလည်း ဖြစ်၏။

‎

‎

‎အမုန်းတရားသည် လူတစ်ယောက်ကို ပိုမိုသန်မာလာစေရန် တွန်းအားပေးနိုင်သော်လည်း... အမုန်းတရား၏ နာကျင်မှုထဲတွင် အချိန်ကြာမြင့်စွာ နှစ်မြုပ်နေပါက... ကျင့်ကြံခြင်းလမ်းစဉ်၌ စွဲလမ်းစိတ်လွန်ကဲခြင်း သို့မဟုတ် အစွန်းရောက်ခြင်းများ ဖြစ်လာနိုင်ပြီး... ထိုအရာက ဆန့်ကျင်ဘက်ရလဒ်များကိုသာ ဖြစ်ပေါ်စေလေ့ရှိသည်။

‎

‎

‎" ကောင်းပြီ... ဆရာက မင်းကို အရင်ဆုံး တစ်ရက်လောက် အနားပေးမယ်... တစ်ရက်ပြီးရင်တော့ ဆရာနဲ့အတူ စကျင့်ကြံရမယ် "

‎

‎

‎ကုချန်က ညင်သာစွာ ပြောလိုက်သည်။

‎

‎

‎သူသည် ဖူဝမ်၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် စီစဉ်ပြီးဖြစ်သည်။

‎

‎

‎သူ၏ အကြီးဆုံးတပည့်ဖြစ်သော ယဲ့ယင်းယင်း နှင့်မတူဘဲ ကုချန်သည် ဖူဝမ်အတွက် နေလဧကရာဇ်ကျမ်းစာကို ကျင့်ကြံစေရန် စီစဉ်ထားခြင်း ဖြစ်သည်။

‎

‎

‎အကြောင်းမှာ ဖူဝမ်သည် လူသားဧကရာဇ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ... နေလဧကရာဇ်ကျမ်းစာကို ကျင့်ကြံခြင်းသည် သဘာဝကျစွာပင် အားစိုက်ထုတ်မှု ထက်ဝက်ဖြင့်... ရလဒ်နှစ်ဆ ရရှိစေမည် ဖြစ်သောကြောင့်ပင်။

‎

‎

‎သူ့အနေဖြင့် နေလဧကရာဇ်ကျမ်းစာကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံပြီးမှသာ... သူ၏ ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်လုပ်ရန် ကြိုးစားခြင်းသည်လည်း နောက်ကျမည် မဟုတ်ပေ။

‎

‎

‎ထိုအချိန်မရောက်မီ လူသားဧကရာဇ် လျှောက်လှမ်းခဲ့ဖူးသော တာအိုလမ်းစဉ်ကို အတုယူခြင်းသည် ဖူဝမ်အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

‎

‎

‎" ကျေးဇူးတင်ပါတယ် ဆရာ..... "

‎

‎

‎ဖူဝမ်သည် သူ၏ မျက်နှာလေးပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး... ကုချန်အား ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။-

‎

‎

‎ယခုအချိန်တွင် သူ၏ စိတ်ခံစားချက်များမှာ ဂယောက်ဂယက်ဖြစ်နေပြီး... ကျင့်ကြံရန် အမှန်တကယ် မသင့်တော်သေးပေ။ ကျင့်ကြံခြင်း မစတင်မီ တစ်ရက်ခန့် အချိန်ယူကာ စိတ်ငြိမ်အောင်ထားခြင်းသည် သေချာပေါက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

‎

‎

‎ဤကိစ္စအဝဝကို ဖြေရှင်းပြီးနောက်... ကုချန် သည် အထက်ကောင်းကင်ခန်းမဆောင်ကြီးသို့ ပြန်လာခဲ့ပြီး... သူ ယခုလေးတင် ရရှိထားသော နေလဧကရာဇ်ကျမ်းစာနှင့် လော်ထျန်းသတ်ဖြတ်ခြင်းကျမ်းတို့ကို ဆက်လက်လေ့လာရန် ပြင်ဆင်လိုက်သည်။

‎

‎

‎သို့သော် သူသည် ခေါင်းတလားအဖုံးပေါ်တွင် ခြေချိတ်ထိုင်ကာ ကျင့်ကြံရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏နှလုံးသား ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။

‎

‎

‎အကြောင်းမှာ... ဤအဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအိုများသည် မသိမသာ ထပ်မံပြောင်းလဲသွားသကဲ့သို့... သူ ရုတ်တရက် ခံစားလိုက်ရသောကြောင့်ပင်။ အဆုံးမဲ့တာအိုနိယာမများသည် ပိုမိုရှင်းလင်းလာပြီး... ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများသည်ပင် အဆများစွာ ပိုမိုသိပ်သည်းလာသကဲ့သို့ ဖြစ်နေ၏။

‎

‎

‎အလယ်ပိုင်းပြည်နယ်တာအိုနယ်မြေ အထက်မှာပေါ်လာတဲ့ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းကြောင့်များလား.....

‎

‎

‎ကုချန် သည် အလယ်ပိုင်းပြည်နယ်တာအိုနယ်မြေ အထက်ရှိရာ အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာတွင် တွေးတောနေသော အမူအရာတစ်ခု ပေါ်လာ၏။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ ပြောင်းလဲမှုများသည် ထိုကောင်းကင်တွင်းနက်အက်ကွဲကြောင်း ပေါ်လာပြီးနောက်ပိုင်းတွင်မှ အတိအကျ စတင်လာခြင်းဖြစ်သည်။

‎

‎

‎ကောင်းကင်တွင်းနက်အက်ကွဲကြောင်းမှ စိမ့်ထွက်လာသော အင်မော်တယ်နယ်မြေချီအငွေ့အသက်များကြောင့် အဆုံးမဲ့ကမ္ဘာတွင် ထိုကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာရခြင်းလော။

‎

‎

‎ကိစ္စရပ်များမှာ ထင်သလောက် မရိုးရှင်းဟု ခံစားရသဖြင့် ကုချန်၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားသည်။

‎

‎

‎စစ်မှန်သော ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခုအနေဖြင့် သူ၏ အာရုံခံနိုင်စွမ်းသည် သာမန် တုယောင်ဧကရာဇ်များထက် များစွာ ပိုမိုထက်မြက်သည်။

‎

‎

‎ထိုတားမြစ်နယ်မြေများထဲရှိ ရှေးဟောင်းအရှင်များအနေဖြင့် ခွဲခြားသိမြင်နိုင်မည် မဟုတ်သော်လည်း... ဤအဆုံးမဲ့ကမ္ဘာအတွင်းရှိ ပြောင်းလဲမှုများသည် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ... တမင်တကာ ကြိုးကိုင်ဖန်တီးထားသည့် ရလဒ်တစ်ခုနှင့် တူနေကြောင်း သူ ဝိုးတဝါး အာရုံခံမိနေသည်။

‎

‎

‎၎င်းသည် အချိန်တန်ချိန်၌ သဘာဝအတိုင်း ရင့်မှည့်ပြီး ကြွေကျလာသည့် သစ်သီးတစ်လုံးနှင့် တူနေသည်။

‎

‎

‎သို့သော် ဤအဆုံးမဲ့ကမ္ဘာသည် သဘာဝအတိုင်း ရင့်မှည့်ပြီး ကြွေကျရန် အချိန်မတန်သေးသည်မှာ ထင်ရှားသော်လည်း... တစ်စုံတစ်ဦးက 'အတင်းအဓမ္မ ရင့်မှည့်အောင်' လုပ်ထားသကဲ့သို့ ဖြစ်နေသည်မှာ အလွန်ထူးဆန်းနေသည်။

‎

‎

‎ငါဘဲ အထင်မှားနေတာလား... ဒါမှမဟုတ် ဒီ အင်မော်တယ်တက်လှမ်းခြင်းဆိုတာက တကယ်ပဲ ပြဿနာရှိနေတာလား.....

‎

‎

‎ကုချန်၏စိတ်ထဲတွင် လူသားဧကရာဇ် သူ့အား ချန်ထားခဲ့ဖူးသော သတိပေးစကားများကို ပြန်လည်အမှတ်ရလာ၏။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းဆိုတာ လှည့်စားမှုတစ်ခုပဲ!

‎

‎

‎လွန်ခဲ့သော နှစ်ကိုးသောင်းက အင်မော်တယ်လမ်းကြောင်း ပွင့်လာပြီဟု သူ မှားယွင်းစွာ ယုံကြည်ခဲ့ပြီး... အင်မော်တယ်လမ်းကြောင်းထဲသို့ တိုးဝင်ခဲ့ဖူးသည်။ သို့သော် လမ်းဆုံးသို့ ရောက်သောအခါ ထိုနေရာသည် အမှန်တကယ်တွင် နတ်ဆိုးနယ်မြေ၏ နယ်စပ်သာဖြစ်ပြီး... အင်မော်တယ်နယ်မြေ လုံးဝမဟုတ်ကြောင်း သူ တွေ့ရှိခဲ့ရသည်။

‎

‎

‎ယခု နှစ်ကိုးသောင်း ကြာပြီးနောက် အင်မော်တယ်နယ်မြေသို့ ဦးတည်သည်ဟု သံသယရှိရသော နောက်ထပ်လမ်းကြောင်းတစ်ခု ပေါ်လာပြန်သည်။

‎

‎

‎ဒီလမ်းရဲ့အဆုံးက ဘယ်ကို ဦးတည်နေတာလဲ... ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေများ ဖြစ်နေမလား.....

‎

‎

‎ကုချန်သည် စိတ်ထဲ၌ တွေးတောနေမိသည်။

‎

‎

‎အကယ်၍ လွန်ခဲ့သော နှစ်ကိုးသောင်းကသာဆိုလျှင် သူသည် စုံစမ်းစစ်ဆေးရန်အတွက် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ရန် သေချာပေါက် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

‎

‎

‎သို့သော် ယခုအခါ ကုချန်၌ အင်မော်တယ်တက်လှမ်းခြင်း ဟုခေါ်သော အရာနှင့်ပတ်သက်ပြီး မည်သည့်စွဲလမ်းမှုမျှ မရှိတော့ချေ။

‎

‎

‎အင်မော်တယ်နယ်မြေသို့ မသွားလျှင်တောင်မှ သူ၏ စွမ်းအားနှင့် အဆင့်အတန်းဖြင့်... ဤအဆုံးမဲ့ကမ္ဘာတွင် အချိန်အကြာကြီး ရှင်သန်နေထိုင်နိုင်စွမ်း ရှိနေပြီးဖြစ်သည်။

‎

‎

‎ထို့ကြောင့် အင်မော်တယ်တက်လှမ်းခြင်း ဆိုသည့်အရာကို မျက်စိမှိတ် လိုက်ရှာနေရန် မလိုအပ်ချေ။

‎

‎

‎" အများကြီး တွေးနေလဲ အပိုပဲ... ကြာရင် ရှင်းသွားမှာပါပဲ "

‎

‎

‎ကုချန်သည် ရယ်မောလိုက်ပြီး ခေါင်းခါယမ်းကာ ထိုကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်သည်။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းအပေါ် သူ ဂရုမစိုက်သော်လည်း အခြားသူများစွာက ဂရုစိုက်ကြောင်း သူသိ၏။

‎

‎

‎မည်သည့်အရာကိုမျှ စုံစမ်းစစ်ဆေးရန် သူ အားထုတ်နေစရာမလိုပေ။ နောက်ဆုံးတွင် ထိုတားမြစ်နယ်မြေများထဲရှိ ရှေးဟောင်းအရှင်များသည် သူသိလိုသော အဖြေများကို သဘာဝကျစွာပင် ယူဆောင်လာပေးကြလိမ့်မည်။

‎

‎

‎ကုချန် ဤသို့ တွေးနေစဉ်မှာပင် ကောင်းကင်နှင့်မြေကြီးကြားမှ ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ခု မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။

‎

‎

‎ထိုကြီးမားသော စွမ်းအားသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ ပြင်ပ... မူလရှေးဟောင်းတွင်းနက်ရှိရာ အရပ်မျက်နှာဆီမှ လာပုံရ၏။

‎

‎

‎" သည်းမခံနိုင်တော့ဘူးလား "

‎

‎

‎ကုချန် သည် အံ့အားသင့်သွား၏။ ဤတားမြစ်နယ်မြေအရှင်များသည် ဤမျှ စိတ်မရှည်ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎သူ၏ အာရုံခံနိုင်စွမ်းထဲတွင် မူလရှေးဟောင်းတွင်းနက် အတွင်းမှ အရှင်သခင်တစ်ပါးသည် အပြည့်အဝ ပြန်လည်နိုးထလာပြီး... သူ၏အခြေအနေကို အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေကာ... အလယ်ပိုင်းပြည်နယ်တာအိုနယ်မြေရှိ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းဆီသို့ ဦးတည်ပြေးဝင်သွားလေပြီ။

‎

‎

‎တားမြစ်နယ်မြေအရှင်တစ်ပါးသည် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ... အင်မော်တယ်လမ်းကြောင်းပေါ်သို့ အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးပမ်းနေခြင်းပင်...!

‎

‎

‎...

‎

‎

‎မူလရှေးဟောင်းတွင်းနက် အတွင်းမှ လှုပ်ရှားမှုသည် အခြားသော အဓိက ရှင်သန်ခြင်းတားမြစ်နယ်မြေများ၏ သတိပြုမိမှုမှ သေချာပေါက် မလွတ်ကင်းနိုင်ပေ။

‎

‎

‎အေးစက်ကာ ဂရုမစိုက်သော အကြည့်များသည် တစ်ခုပြီးတစ်ခု တောက်ပလာပြီး... မူလရှေးဟောင်းတွင်းနက် ရှိရာဘက်သို့ စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုနှင့် နားမလည်နိုင်မှု အရိပ်အယောင်များ ရောနှောနေပုံရသည်။

‎

‎

‎

‎" ခွန်ဧကရာဇ်လား... သူ ဘာလုပ်နေတာလဲ... အခုချိန်ကြီး အင်မော်တယ်လမ်းကြောင်းပေါ် အတင်းတက်နေတာလား... သူ ရူးသွားပြီလား "

‎

‎

‎" အင်မော်တယ်လမ်းကြောင်း ပေါ်လာပြီ ဆိုပေမဲ့ တကယ်တမ်း ပွင့်သေးတာမှ မဟုတ်တာ... အချိန်အခါကောင်း မဟုတ်သေးဘူး... အင်မော်တယ်လမ်းကြောင်းထဲ ဝင်ရောက်တာက အန္တရာယ် အဆပေါင်းများစွာ ပိုများလိမ့်မယ်... ခွန်ဧကရာဇ် တကယ်ပဲ ရူးသွားပြီ "

‎

‎

‎အရှင်သခင်တစ်ပါးမှ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

‎

‎

‎ကောင်းကင်တွင်းနက်အက်ကွဲကြောင်း ပေါ်လာပြီးဖြစ်သော်လည်း တားမြစ်နယ်မြေအရှင်များသည် အဘယ်ကြောင့် ဤမျှကြာအောင် မလှုပ်ရှားကြသနည်း။

‎

‎

‎အကြောင်းမှာ သူတို့၏ တွက်ချက်မှုများအရ ယခုအချိန်သည် ကောင်းကင်တွင်းနက်ထဲသို့ ဝင်ရောက်ရန် အကောင်းဆုံးအချိန် မဟုတ်သေးသောကြောင့်ပင်။

‎

‎

‎ကောင်းကင်နှင့်မြေကြီး ပိုမို နိုးထလာပြီး... ကောင်းကင်တွင်းနက်အတွင်းရှိ အင်မော်တယ်တာအိုနိယာမများ ပိုမိုရှင်းလင်းလာမှသာ... ကောင်းကင်တွင်းနက်ထဲသို့ ဝင်ရောက်ကာ သူတို့၏ နောက်ဆုံးလောင်းကြေးကို ထပ်ရမည့်အချိန် ဖြစ်သည်။

‎

‎

‎သို့သော် ခွန်ဧကရာဇ်သည် သည်းမခံနိုင်တော့ဘဲ... ဤအချိန်၌ ကောင်းကင်တွင်းနက်ထဲသို့ ဝင်ရောက်လိုပုံရသည်မှာ... အခြားသော အရှင်များအတွက် အမှန်ပင် နားမလည်နိုင်စရာ ဖြစ်နေသည်။

‎

‎

‎သူတို့သည် နှစ်ပေါင်းသောင်းချီ စောင့်ဆိုင်းခဲ့ပြီးပြီဖြစ်ရာ ဤခေတ္တခဏ ကြာချိန်လေးက ဘာများ ကွာခြားသွားစေမည်နည်း။

‎

‎

‎အခြားသော တားမြစ်နယ်မြေများထဲမှ ရှေးဟောင်းအရှင်များအားလုံးသည် စိတ်ရှုပ်ထွေးနေကြသကဲ့သို့... ယခုအချိန်တွင် ခွန်ဧကရာဇ်၏ နှလုံးသားသည်လည်း နှိုင်းယှဉ်၍မရသော စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၏။

‎

‎

‎

‎ဖြစ်နိုင်လျှင် သူသည်လည်း အင်မော်တယ်လမ်းကြောင်းထဲသို့ မဝင်ရောက်မီ... အသင့်တော်ဆုံး အခွင့်အရေး ရောက်သည်အထိ စောင့်ဆိုင်းလိုပါသည်။

‎

‎

‎သို့သော် ပြဿနာမှာ သူ ဆက်ပြီး မစောင့်နိုင်တော့ခြင်းပင်!

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်! "

‎

‎

‎ခွန်ဧကရာဇ်သည် လက်တစ်ကမ်းအကွာတွင် ရှိသော ကောင်းကင်တွင်းနက်အက်ကွဲကြောင်းကို ကြည့်လိုက်၏။ သူ၏မျက်နှာထားမှာ အလွန်အမင်း တင်းမာခက်ထန်နေသည်။

‎

‎

‎အကယ်၍ မူလရှေးဟောင်းတွင်းနက်အပေါ်... ကောင်းကင်ဘုံအရှင်သခင်၏ စောစောပိုင်းက အင်အားပြမှုနှင့် သူ၏ ကိုယ်ပိုင် ဧကရာဇ်လက်နက်ကို အတင်းအဓမ္မ ချေမှုန်းပစ်ခြင်းသာ မရှိခဲ့လျှင်... သူသည် ယခုအချိန်၌ ကောင်းကင်အက်ကွဲကြောင်းထဲသို့ အတင်းဝင်ရောက်ရန် ဤမျှ အသက်စွန့် စွန့်စားရပါမည်လော။

‎

‎

‎သူ၏ အသက်နှင့်ရင်းပြီး ကျင့်ကြံထားသော အစွန်းရောက်တာအိုဧကရာဇ်လက်နက် ပျက်စီးသွားခြင်းသည် ခွန်ဧကရာဇ်၏ စွမ်းအား ဆယ်ပုံတစ်ပုံကျော် လျော့ကျသွားစေ၏။

‎

‎

‎သူ၏ လက်ရှိအခြေအနေဖြင့်... အနာဂတ်တွင် ကောင်းကင်တွင်းနက်အက်ကွဲကြောင်း အပြည့်အဝ ပွင့်လာသောအခါ... အင်မော်တယ်တက်လှမ်းခြင်းကို ရရှိလိုခြင်းသည် လူမိုက်တစ်ယောက်၏ အိပ်မက်ထက် မပိုကြောင်း သူ ကောင်းစွာ သိထား၏။

‎

‎

‎အကြောင်းမှာ အင်မော်တယ်တက်လှမ်းခြင်းကို ရရှိရန်အတွက်... ကောင်းကင်တွင်းနက်ထဲရှိ စမ်းသပ်မှုများကို ရင်ဆိုင်ရမည်သာမက... အခြားသော တားမြစ်နယ်မြေအရှင်များ၏ ယှဉ်ပြိုင်မှုကိုလည်း ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်ဖြစ်၏။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းအတွက် နေရာ အရေအတွက် အကန့်အသတ်ရှိပြီး... ဤသည်မှာ တားမြစ်နယ်မြေအရှင်များ၏ ပေါင်းစပ် တွက်ချက်မှု ရလဒ်ပင် ဖြစ်သည်။

‎

‎

‎အင်မော်တယ်လမ်းကြောင်းပေါ်တွင် အန္တရာယ်သည် ရှေ့ဘက်မှသာ လာသည် မဟုတ်ချေ!

‎

‎

‎ဤအချက်နှင့်ပတ်သက်၍ တားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်များအားလုံးသည် ဖွင့်မပြောဘဲ နားလည်ထားကြပြီး ဖြစ်သည်။

‎

‎

‎ထို့ကြောင့် အင်မော်တယ်တက်လှမ်းခြင်းကို ရရှိရန်အတွက်... ခွန်ဧကရာဇ်သည် ဤအချိန်၌ ကောင်းကင်တွင်းနက်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ... သေးငယ်လှသော အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို ဆုပ်ကိုင်ရန် အသက်စွန့် စွန့်စားရုံသာ ရှိတော့သည်။

All Chapters