အခန်း (၁၅၇-၁၅၈)
Vol. 12 Ch. 157-158
အခန်း (၁၅၇) - လူတိုင်း စောင့်ကြည့်နေကြခြင်း၊ ခွန်ဧကရာဇ် အင်မော်တယ် ဖြစ်သွားပြီလား
စည်းစိမ်ဥစ္စာဆိုတာ အန္တရာယ်ကြား၌သာ ရှိတတ်သည်။
ခွန်ဧကရာဇ်ဟာ အမှန်ပင် စွန့်စားနေပြီ ဖြစ်သည်။
တားမြစ်နယ်မြေအသီးသီးရှိ ရှေးဟောင်းအရှင်များကြားတွင် သူသည် အသန်မာဆုံးမဟုတ်မှန်း သူသိ၏။
ယခု ကောင်းကင်ဘုံအရှင်သခင်၏ လက်ချက်ဖြင့်... သူ၏ဘဝတစ်လျှောက်လုံး အဖော်ပြုလာခဲ့သော နဂါးအမှတ်အသားပါသည့် ရွှေရောင်လှံရှည်ကြီး ပျက်စီးသွားခဲ့ရပြီး... သူ၏တိုက်ခိုက်နိုင်စွမ်းကလည်း အတော်လေး ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
ဤအခြေအနေတွင် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းကြီး ပွင့်လာမည့်အချိန်ကို စောင့်ပြီးမှ... အင်မော်တယ်တက်လှမ်းခြင်းအတွက် တိုက်ခိုက်မည်ဆိုပါက... အခွင့်အလမ်းမှာ မရှိသလောက်ကို နည်းပါးလွန်းလှသည်။
ထိုင်ပြီး သေမည့်ရက်ကို စောင့်နေမည့်အစား ဦးအောင် လှုပ်ရှားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
အင်မော်တယ်တက်လှမ်းခြင်းကို ရရှိမည်လားဆိုသည်မှာ ဤတစ်ကြိမ် လုပ်ဆောင်မှုအပေါ်မှာသာ မူတည်နေတော့သည်။
" အင်မော်တယ်တက်လှမ်းခြင်းဆိုတာ ဒီခေတ်မှာပဲ... ဒီအချိန်မှာပဲကွ! "
ခွန်ဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး... သူ၏အရှိန်အဝါကို အထွတ်အထိပ်ရောက်အောင် မြှင့်တင်လိုက်ရာ... သူ၏အရှိန်အဝါကြောင့် ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားခဲ့သည်။ ထို့နောက် တွေဝေခြင်းအလျဉ်းမရှိဘဲ... ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲသို့ ပြတ်ပြတ်သားသား ပြေးဝင်သွားတော့သည်။
ခွန်ဧကရာဇ် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားသည်နှင့် တားမြစ်နယ်မြေအသီးသီးအတွင်းရှိ ရှေးဟောင်းအရှင်များ အပါအဝင် မရေမတွက်နိုင်သော အကြည့်များက ထိုနေရာသို့ ရောက်ရှိလာကြသည်။
မူလရှေးဟောင်းတွင်းနက်၊ ရှေးဟောင်းဧကရာဇ်တောင်၊ နတ်ဘုရားဝိညာဉ်သင်္ချိုင်း.....
အရှင်သခင်များ၏ မရေမတွက်နိုင်သော အကြည့်များသည် ကောင်းကင်တွင်းနက်အက်ကွဲကြောင်း ရှိရာဘက်သို့ စူးစိုက်ကြည့်ရှုနေကြသည်။
သူတို့၏ တွက်ချက်မှုများအရ... ကောင်းကင်တွင်းနက်ထဲသို့ ဝင်ရောက်ရန် အချိန်မကျသေးဟု ဆိုသော်လည်း... ခွန်ဧကရာဇ်၏ ခရီးစဉ်တွင် အကျိုးအမြတ်မရှိနိုင်ဟု မည်သူ အာမခံနိုင်မည်နည်း။
အကယ်၍ ခွန်ဧကရာဇ်သာ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းကို ဖောက်ထွင်းပြီး... အင်မော်တယ်တက်လှမ်းခြင်းကို အမှန်တကယ် ရရှိသွားခဲ့လျှင်... တားမြစ်နယ်မြေများထဲတွင် အိပ်စက်နေကြသော ရှေးဟောင်းအရှင်များအားလုံး ထွက်ပေါ်လာကြပြီး... အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို လုယူရန် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲသို့ အလုအယက် ဝင်ရောက်ကြပေလိမ့်မည်။
ထိုသို့ဖြစ်လာမည်မှာ သံသယဖြစ်စရာ မရှိပေ။
ကောင်းကင်တွင်းနက်အက်ကွဲကြောင်းကို ဖောက်ထွင်းရန် ခွန်ဧကရာဇ်၏ ကြိုးပမ်းမှုရလဒ်သည် တားမြစ်နယ်မြေအရှင်များအားလုံးအတွက် အလွန် အရေးကြီးလှသည်။
၎င်းက သူတို့အား ကောင်းကင်တွင်းနက်အက်ကွဲကြောင်း၏ လက်ရှိအခြေအနေကို ပိုမို အကဲဖြတ်နိုင်စေပြီး... သူတို့၏ နောက်တစ်ဆင့် လှုပ်ရှားမှုများကို စီစဉ်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
တားမြစ်နယ်မြေအရှင်များသာ မဟုတ်ချေ။
နယ်ပယ်ငါးခုရှိ အစွမ်းထက်သော ကျင့်ကြံသူများစွာသည်လည်း ထိတ်လန့်သွားကြပြီး... ကောင်းကင်တွင်းနက်အက်ကွဲကြောင်းဘက်သို့ အံ့အားသင့်သော မျက်လုံးများဖြင့် လှမ်းကြည့်နေကြသည်။
ဤ နယ်ပယ်ငါးခုမှ အားကောင်းသူများသည် တားမြစ်နယ်မြေအရှင်များလောက် မသန်မာကြသော်လည်း... သူတို့တွင် အင်မော်တယ်တက်လှမ်းခြင်းအတွက် တောင့်တမှု အနည်းငယ် ရှိနေသည်မှာ သေချာ၏။
ယခု ခွန်ဧကရာဇ် ကောင်းကင်တွင်းနက်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ... ဤအားကောင်းသူများသည်လည်း စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်ကြရသည်။
အကယ်၍ ခွန်ဧကရာဇ်သာ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့လျှင်... သူတို့သည်လည်း အသက်စွန့်ပြီး ကောင်းကင်တွင်းနက်ထဲသို့ ဝင်ရောက်ကာ... အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို ဆုပ်ကိုင်နိုင်လောက်ပေလိမ့်မည်။
" ဘုန်း! "
ခွန်ဧကရာဇ် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားသောအခါ... ယခင်က မည်းမှောင်ပြီး နက်ရှိုင်းလှသော ကောင်းကင်တွင်းနက်၏ အငွေ့အသက်သည် ချက်ချင်း ပြောင်းလဲသွား၏။
မြင့်မြတ်ပြီး လောကီနှင့် ကင်းကွာသော အထွတ်အထိပ် အငွေ့အသက်တစ်ခုသည် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းအတွင်း စီးဆင်းလာ၏။
သက်ရှိများအားလုံး ငေးကြည့်လိုက်ကြရာ... ထိုကောင်းကင်တွင်းနက်အက်ကွဲကြောင်းအတွင်း၌ မိုးပြာရောင်နဂါး၊ မီးငှက်၊ ကျားဖြူနှင့် လိပ်နက်တို့၏ မြင့်မြတ်သော ပုံသဏ္ဍာန်များ တစ်လှည့်စီ ပေါ်လာသည်ကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။
" ငါ မြင်လိုက်ရပြီ! အဲ့ဒီ ကောင်းကင်တွင်းနက်ထဲမှာ အင်မော်တယ်နယ်မြေကို ဦးတည်နေတဲ့ လမ်းကြောင်းတစ်ခု တကယ် ရှိနေတဲ့ပုံပဲ! "
သန့်ရှင်းသောနယ်မြေတစ်ခုအတွင်း၌... သူတော်စင်အိုကြီးတစ်ဦးသည် သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်ကာ... ကောင်းကင်တွင်းနက်ထဲသို့ လှမ်းကြည့်လိုက်ပြီး... ရုတ်တရက် အာမေဋိတ်သံတစ်သံ ပြုလိုက်၏။
သူ မြင်လိုက်ရပုံပေါ်သည်။
ထိုကောင်းကင်တွင်းနက်၏ အနက်ရှိုင်းဆုံးနေရာတွင်... ကြီးကျယ်ခမ်းနားသော မဟာတာအိုလမ်းမကြီးတစ်ခုသည်... ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေသို့ တည့်မတ်စွာ ဦးတည်နေသည်။
မဟာတာအိုလမ်းမကြီးပေါ်တွင် သစ်ခွပန်းများ နေရာအနှံ့ ပွင့်လန်းနေပြီး... ရွှေရောင်ကြာပန်းများလည်း နေရာတိုင်းတွင် ပေါက်ရောက်နေသည်။
မဟာတာအိုလမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင်... အဆုံးမဲ့တာအိုများ ပဲ့တင်ထပ်နေပြီး... နတ်သားရဲများ ပျံသန်းနေကြသော မြင်ကွင်းတစ်ခုကို ပြသနေသည်။
ထိုကြီးကျယ်ခမ်းနားသော မဟာတာအိုလမ်းမကြီး၏ အဆုံးတွင်... ကောင်းကင်နှင့်မြေကြီးအထိ မြင့်မားသော ဧရာမဂိတ်တံခါးကြီးတစ်ခု တည်ရှိနေပုံရပြီး... အင်မော်တယ်နယ်မြေ၏ အငွေ့အသက်များဖြင့် လွှမ်းခြုံထားသည်။
ခွန်ဧကရာဇ်သည် ထိုကြီးကျယ်ခမ်းနားသော မဟာတာအိုလမ်းမကြီးတစ်လျှောက် လျှောက်လှမ်းနေပြီး လမ်းဆုံးရှိ အင်မော်တယ်ဂိတ်တံခါးဆီသို့ ဦးတည်သွားနေ၏။
" အင်မော်တယ်တက်လှမ်းခြင်း... အင်မော်တယ်တက်လှမ်းခြင်း! "
သူတော်စင်အိုကြီး၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး... ပိုမိုမြင်တွေ့ချင်ဇောဖြင့် သူ၏မျက်လုံးများကို ပိုမို အားစိုက်ကာ ကြည့်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် သူ့ထံမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။
အကြောင်းမှာ... ကောင်းကင်တွင်းနက်အက်ကွဲကြောင်း၏ အနက်ရှိုင်းဆုံးနေရာမှ အင်မော်တယ်မြူများ ရုတ်တရက် ထွက်ပေါ်လာပြီး... ခိုးကြောင်ခိုးဝှက်ကြည့်ရှုသော အကြည့်များအားလုံးကို ဖုံးကွယ်လိုက်သောကြောင့်ဖြစ်သည်။ ထိုအင်မော်တယ်မြူများထဲတွင် စိတ်ကူးမယဉ်နိုင်လောက်အောင် အားကောင်းသော စွမ်းအားတစ်ခု ရှိနေပုံရရာ... မိုင်ထောင်ချီအကွာမှ ကောင်းကင်မျက်လုံးဖြင့် ကြည့်ရှုခြင်းသည်ပင် တုန့်ပြန်မှုကို ခံစားလိုက်ရသည်။
သူတော်စင်အိုကြီး၏ မျက်လုံးများမှာ တင်းတင်းပိတ်သွားရပြီး... မျက်လုံးထောင့်များမှ သွေးစီးကြောင်းနှစ်ခု စီးကျလာကာ... မည်သည့်အရာမျှ မမြင်ရတော့ချေ။
အဆုံးမဲ့နယ်ပယ်ငါးခု တစ်လျှောက်လုံးတွင် အလားတူမြင်ကွင်းများ ဖြစ်ပေါ်နေ၏။
ကောင်းကင်တွင်းနက်အတွင်း လှည့်ပတ်နေသော အင်မော်တယ်မြူများသည်...: ခိုးကြောင်ခိုးဝှက်ကြည့်ရှုသော အကြည့်များအားလုံးကို ဖုံးကွယ်လိုက်သဖြင့်... မည်သူမျှ ထိုးဖောက်မမြင်နိုင်တော့ပေ။
သက်ရှိများအားလုံးသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေလောက်သော ကြောက်မက်ဖွယ် အတက်အကျများကိုသာ ဝိုးတဝါး အာရုံခံမိကြသည်။ ၎င်းသည် ခွန်ဧကရာဇ်က ကောင်းကင်တွင်းနက်အတွင်း ပြင်းထန်စွာ တိုက်ခိုက်နေပြီး... ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေဆီသို့ ချီတက်နေသကဲ့သို့... ကောင်းကင်တွင်းနက် အတွင်းပိုင်းမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။
အချိန်မည်မျှကြာသွားသည်မသိ... နယ်ပယ်ငါးခုရှိ သက်ရှိများအားလုံး၏ နှလုံးသားများမှာ ရုတ်တရက် တုန်လှုပ်သွားကြပြီး... ကောင်းကင်တွင်းနက်ဆီသို့ ကြည့်နေသော သူတို့၏ အကြည့်များတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားကြ၏။
အကြောင်းမှာ ဤအချိန်၌ သူတို့သည် ခွန်ဧကရာဇ်၏ အသံကို ကြားလိုက်ရသောကြောင့်ပင်!
ကောင်းကင်တွင်းနက်အက်ကွဲကြောင်းအတွင်းမှ အလွန်အမင်း ပျော်ရွှင်မှုများ ပြည့်နှက်နေသော ခွန်ဧကရာဇ်၏ အသံ ထွက်ပေါ်လာ၏။
" ဟားဟားဟား! အင်မော်တယ်တက်လှမ်းခြင်း! အင်မော်တယ်နယ်မြေ! ငါ့ဧကရာဇ် ရောက်ရှိလာပြီကွ! "
ခွန်ဧကရာဇ်၏ အသံတွင် စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး... ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသော ဆန္ဒတစ်ခု နောက်ဆုံးတွင် ပြည့်ဝတော့မည့် ခံစားချက်မျိုး ပါဝင်နေသည်။
ခွန်ဧကရာဇ် အောင်မြင်တော့မည်လော။
သက်ရှိအားလုံးသည် တုန်လှုပ်သွားကြပြီး... တားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်များပင် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ... ကောင်းကင်တွင်းနက်အက်ကွဲကြောင်းဆီသို့ စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။
အကယ်၍ ခွန်ဧကရာဇ်သာ အင်မော်တယ်တက်လှမ်းခြင်းကို အမှန်တကယ် ရရှိခဲ့လျှင်... သူတို့လည်း ချက်ချင်း လှုပ်ရှားပြီး ထိုကောင်းကင်တွင်းနက်ထဲသို့ ဝင်ရောက်ကြပေလိမ့်မည်။
မရေမတွက်နိုင်သော စိတ်အားထက်သန်သည့် အကြည့်များအောက်တွင်... ခွန်ဧကရာဇ်ထံမှ ရူးသွပ်မှုနှင့် အံ့ဩမှုများ ပြည့်နှက်နေသော အသံထွက်ပေါ်လာပြီးနောက်... ကောင်းကင်တွင်းနက်အက်ကွဲကြောင်းသည် တစ်ဖန် ပြန်လည်တိတ်ဆိတ်သွား၏။
သက်ရှိအားလုံး၏ စိတ်ထဲတွင် နှစ်တစ်ထောင်ထက်ပင် ပိုကြာသည်ဟု ခံစားရသော အချိန်ကာလတစ်ခုအား ကုန်ဆုံးပြီးနောက်... ရုတ်တရက် ကောင်းကင်တွင်းနက်အက်ကွဲကြောင်း အတွင်းမှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး... အဆုံးမဲ့ အင်မော်တယ်တာအိုဝိညာဉ်ချီများ ပန်းထွက်လာကာ... ထိုနေရာကို အဆုံးမဲ့ကမ္ဘာတစ်ခုလုံး၏ ဗဟိုချက်အဖြစ် ပြောင်းလဲသွားစေသကဲ့သို့ ဖြစ်သွား၏။
ထိုအဆုံးမဲ့ အင်မော်တယ်ဝိညာဉ်ချီများ ပေါက်ကွဲမှုနှင့်အတူ ပုံရိပ်တစ်ခုသည်လည်း ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲမှ ပြုတ်ကျလာခဲ့သည်။
ထိုပုံရိပ်က ဘာများနည်း။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဆုံးမဲ့ အင်မော်တယ်အလင်းတန်းများဖြင့် လွှမ်းခြုံထားပြီး... အင်မော်တယ်နယ်မြေမှ ဆင်းသက်လာသော အထွတ်အထိပ် အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်ကာ... သေမျိုးသက်ရှိများနှင့် လုံးဝ မတူပေ။
သေမျိုးသက်ရှိများအထက်တွင်ရှိသော ထူးကဲမြင့်မြတ်သည့် ထိုအငွေ့အသက်ကို အတုလုပ်၍ မရနိုင်ချေ။ အဝေးမှ လှမ်းကြည့်ရုံဖြင့်ပင် လူတစ်ယောက်ကို အလိုအလျောက် ဒူးထောက်ပြီး ကိုးကွယ်ချင်စိတ် ဖြစ်ပေါ်လာစေ၏။
အင်မော်တယ်နယ်မြေမှ စစ်မှန်သောအင်မော်တယ်တစ်ပါး ဆင်းသက်လာခြင်းလော။
သက်ရှိအားလုံး အံ့အားသင့်သွားကြသည်မှာ... ဤမြင်ကွင်းကို မမျှော်လင့်ထားကြောင်း... ထင်ရှားလွန်း၏။
တားမြစ်နယ်မြေအသီးသီးမှ ရှေးဟောင်းအရှင်များ၏ အကြည့်များသည်လည်း တုန်လှုပ်သွားကြသည်။
အကြောင်းမှာ သူတို့ မြင်တွေ့လိုက်ရသောကြောင့်ပင်.....
အင်မော်တယ်နယ်မြေမှ ဆင်းသက်လာသော ဖြစ်တည်မှု အဘယ်သို့ ဖြစ်နိုင်မည်နည်း။
ဒါက ခွန်ဧကရာဇ်ပဲ မဟုတ်လား!
ခွန်ဧကရာဇ်၏ လက်ရှိအခြေအနေကို ကြည့်ရသည်မှာ... သူသည် အင်မော်တယ်တက်လှမ်းခြင်းကို အမှန်တကယ် ရရှိသွားသည်များလား။
အရှင်သခင်များ၏ နှလုံးသားများမှာ တုန်လှုပ်သွားပြီး... သူတို့၏ စိတ်ခံစားချက်များမှာလည်း မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးနေ၏။
ခွန်ဧကရာဇ်က တားမြစ်နယ်မြေအရှင်များကြားတွင် ဦးဆောင်ပြီး... အင်မော်တယ်တက်လှမ်းခြင်းကို ပထမဆုံး ရရှိသူ ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
သို့သော် လျင်မြန်စွာပင် မူလရှေးဟောင်းတွင်းနက် အတွင်းမှ ရှေးဟောင်းအရှင်တစ်ပါး၏ လန့်ဖျပ်သွားသော အသံ ထွက်ပေါ်လာ၏။
" ခွန်ဧကရာဇ်ရဲ့ အခြေအနေက နည်းနည်း ပုံမှန်မဟုတ်ဘူး! "
ခွန်ဧကရာဇ်သည် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းမှ ထွက်ပေါ်လာသော်လည်း... သူ၏အခြေအနေမှာ အနည်းငယ် ထူးဆန်းနေပုံရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အင်မော်တယ်ဝိညာဉ်ချီများ လွှမ်းခြုံထားသော်ငြား... သူ၏ ကိုယ်ပိုင်အငွေ့အသက်ကို လုံးဝ အာရုံမခံနိုင်တော့ပေ။
" အင်မော်တယ်တက်လှမ်းခြင်း! အဲဒါက..... "
အဆုံးမဲ့ အင်မော်တယ်တာအိုများ လွှမ်းခြုံထားသော ခွန်ဧကရာဇ်ဟု ယူဆရသည့် ပုံရိပ်သည် ရုတ်တရက် ဟိန်းဟောက်လိုက်၏။ သူ၏အသံတွင် ပုံမှန်မဟုတ်သော ခံစားချက်များ ပြည့်နှက်နေပုံရသည်။
သို့သော် သူ စကားမဆုံးနိုင်မီမှာပင်... သူ့ကို ဝန်းရံထားသော အဆုံးမဲ့ အင်မော်တယ်တာအိုများသည် ရုတ်တရက် ပေါက်ကွဲသွားပြီး... သူ၏ခန္ဓာကိုယ်ကိုပါ တပါတည်း ဆွဲယူသွားကာ... ဖုန်မှုန့်များအဖြစ် ကြေမွပျက်စီးသွားစေတော့သည်!
အခန်း (၁၅၈) - အလောင်းတစ်ပိုင်း၊ ရှေးဟောင်းမျိုးနွယ်စုများနှင့် ထိန်းချုပ်မှုမဲ့ခြင်း
ဤမြင်ကွင်းသည် ရုတ်တရက်ဆန်လွန်းလှ၏။ မည်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့်မထားခဲ့သော အခြေအနေမျိုး ဖြစ်သည်။
အင်မော်တယ်တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိနေပြီဟု သံသယဝင်ခံထားရသော ခွန်ဧကရာဇ်၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားခဲ့ပြီး... နောက်ဆုံးစကားကိုပင် ပြည့်စုံအောင် ပြောကြားနိုင်ခြင်း မရှိခဲ့ပေ။
သူ၏ နောက်ဆုံးဟစ်အော်သံထဲတွင် မကျေနပ်မှုများနှင့် စိတ်ပျက်အားငယ်မှုများ ပါဝင်နေသည်ကိုသာ သက်ရှိသတ္တဝါအားလုံး ကြားလိုက်ရသည်။
" တာအိုရောင်းရင်း ခွန်ဧကရာဇ်က ဘာကို ပြောချင်နေတာလဲ..... "
မူလရှေးဟောင်းတွင်းနက်အတွင်းမှ အရှင်တစ်ပါးက စိတ်ရှုပ်ထွေးမှုများ ရောနှောနေသောအသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
ခွန်ဧကရာဇ်၏ သေဆုံးမှုသည် မြန်ဆန်လွန်းပြီး ဆန်းကြယ်လွန်းလှသည်။ မသေဆုံးမီတွင် နောက်ဆုံးစကားကိုပင် ပြီးဆုံးအောင် မပြောနိုင်ခဲ့ချေ။
သူသည် မည်သည့်အရာအတွက် နောင်တရပြီး စိတ်ပျက်အားငယ်သွားရသနည်း။
အင်မော်တယ်တက်လှမ်းခြင်း မအောင်မြင်ခဲ့သည့်အတွက် မကျေမနပ် ဖြစ်သွားခြင်းလော။
" အင်မော်တယ်တက်လှမ်းခြင်း အခွင့်အလမ်းက လက်တစ်ကမ်းအလိုမှာ ရှိနေသယောင် ထင်ရပေမယ့်... တကယ်တမ်းကျတော့ ကြေးမုံထဲက ပန်းတစ်ပွင့်... ရေထဲက လရိပ်တစ်ခုလိုပါပဲ... အခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့အတွက် ခွန်ဧကရာဇ် မကျေမနပ်ဖြစ်ရတာက သာမန်ကိစ္စပါပဲ "
အခြားအရှင်တစ်ပါးက အံ့ဩပုံမရသောလေသံဖြင့် အေးစက်စွာ ဝင်ပြောလိုက်သည်။
" ငါတို့အားလုံး ပေါင်းစည်းတွက်ချက်ထားတဲ့ ရလဒ်တွေအရ အခုအချိန်က အင်မော်တယ်တက်လှမ်းဖို့ အချိန်ကောင်း မဟုတ်သေးဘူး.....
ခွန်ဧကရာဇ်က အချိန်အခါမသင့်ဘဲ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲကို အတင်းဝင်ရောက်ခဲ့သလို... သူ့ရဲ့ ဧကရာဇ်လက်နက်ကလဲ ကောင်းကင်ဘုံအရှင်သခင်ရဲ့ ဖျက်ဆီးခြင်းကို ခံထားရလို့ တိုက်ခိုက်နိုင်စွမ်းက အကြီးအကျယ် ကျဆင်းနေတာ.....
ဒီတော့ အင်မော်တယ်တက်လှမ်းခြင်း မအောင်မြင်တာက ဘာများ အံ့ဩစရာရှိလို့လဲ "
အရှင်တစ်ပါးမှ မထီမဲ့မြင် ပြုံးလိုက်ကာ.....
" သူ အင်မော်တယ်တက်လှမ်းခြင်းကို အောင်မြင်သွားခဲ့ရင်မှ ထူးဆန်းနေဦးမယ်! "
ဤစကားကို ကြားသောအခါ... အရှင်များအားလုံးသည် တိတ်ဆိတ်သွားကြပြီး... ထိုရှင်းပြချက်ကို လက်ခံလိုက်ပုံရသည်။
မှန်ပေသည်။ အချိန်အခါမသင့်ဘဲ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီး... တိုက်ခိုက်စွမ်းရည် ကျဆင်းနေသော ခွန်ဧကရာဇ်တစ်ယောက်... အင်မော်တယ်တက်လှမ်းခြင်း မအောင်မြင်သည်မှာ အံ့ဩစရာ မရှိချေ။
" ဆက်လက်စောင့်ဆိုင်းပြီး အချိန်အခါကို စောင့်ကြတာပေါ့... အချိန်တန်မှ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းထဲ ဝင်ပြီး... တစ်ရှိန်ထိုး အင်မော်တယ်အဆင့်ကို တက်လှမ်းကြမယ် "
" အမှန်ပဲ..... "
ကနဦး တုန်လှုပ်မှုများ ဖြစ်ပေါ်ပြီးနောက်... အရှင်များသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားကြပြန်သည်။
ခွန်ဧကရာဇ်၏ ကျရှုံးမှုသည် သူတို့မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ အောင်မြင်သွားမှသာလျှင် ထူးဆန်းပေလိမ့်မည်။
မသေဆုံးမီ သူ၏အပြုအမူများမှာ အနည်းငယ် ဆန်းကြယ်နေသော်လည်း... အင်မော်တယ်တက်လှမ်းခြင်းအတွက် မျှော်လင့်ချက်မဲ့သွားသည့် စိတ်ပျက်အားငယ်မှုနှင့် နောင်တတရားတို့ကြောင့်သာ ဖြစ်တန်ရာ၏။
...
အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်း.....
ကုချန်သည် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။ သူ၏အကြည့်များသည် နက်ရှိုင်းလှပြီး... မည်သည့်အရာကို တွေးတောနေသည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ချေ။
စင်စစ်တွင် ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူတစ်ဦးတည်းသာ အမှန်တကယ် မြင်တွေ့လိုက်ခြင်း ဖြစ်သည်။
ခွန်ဧကရာဇ် ကောင်းကင်တွင်းနက်အက်ကွဲကြောင်းမှ ပြုတ်ကျလာချိန်တွင်... သူ၏ခန္ဓာကိုယ်ကို အဆုံးမဲ့သော အင်မော်တယ်ချီစွမ်းအင်များက လွှမ်းခြုံထားသဖြင့်... တားမြစ်နယ်မြေမှ အရှင်များအနေဖြင့် အတွင်းပိုင်းကို ဖောက်ထွင်းမမြင်နိုင်ခဲ့ကြပေ။
သို့သော် ကုချန်ကမူ မြင်ခဲ့ရ၏။
ထိုအဆုံးမဲ့သော အင်မော်တယ်ချီစွမ်းအင်များကြားတွင်... ခွန်ဧကရာဇ်၏ မျက်နှာသည် ဇဝေဇဝါဖြစ်မှုများနှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပြီး... သူ၏ခန္ဓာကိုယ်မှာ သွေးသံရဲရဲဖြင့် ထက်ဝက်သာ ကျန်ရှိတော့သည်။
သူ၏ ခါးအောက်ပိုင်း ခန္ဓာကိုယ်သည်... အမည်မသိ ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်၏ ကိုက်ဝါးခြင်းကို ခံလိုက်ရသကဲ့သို့... ခါးလယ်မှ ပြတ်တောက်နေပြီး ကြောက်မက်ဖွယ်ကောင်းကာ... ကျောချမ်းဖွယ်ရာ ဖြစ်နေ၏။
နောက်ဆုံးတွင် အင်မော်တယ်ချီစွမ်းအင်များ ပေါက်ကွဲသွားပြီး... ခွန်ဧကရာဇ်၏ ခန္ဓာကိုယ်ပါ တစ်ချိန်တည်း ပေါက်ကွဲသွားခဲ့သဖြင့်... မသေဆုံးမီ ခွန်ဧကရာဇ် မည်သို့သော အခြေအနေတွင် ရှိနေခဲ့သည်ကို... မည်သူမျှ မသိလိုက်ကြခြင်း ဖြစ်သည်။
ကုချန်ကို ပို၍ တွေးတောစရာ ဖြစ်စေသည်မှာ... ခွန်ဧကရာဇ် မသေဆုံးမီ ချန်ထားခဲ့သော မပြီးပြတ်သည့် စကားတစ်ခွန်းပင် ဖြစ်သည်။
အင်မော်တယ်တက်လှမ်းခြင်းဆိုတာ.....
ဘာကြောင့် ဒီဝါကျတည်ဆောက်ပုံက ရင်းနှီးနေရတာလဲ... ရှေးယခင်က လူသားဧကရာဇ် ပြောချင်ခဲ့တာနဲ့ အတူတူများ ဖြစ်နေမလား.....
အင်မော်တယ်တက်လှမ်းခြင်းဆိုတာ... လိမ်ညာမှုတစ်ခုပဲ!
ဒီကောင်းကင်တွင်းနက်အက်ကွဲကြောင်းရဲ့ နက်ရှိုင်းတဲ့နေရာမှာ ဘာတွေများ ရှိနေတာလဲ။
ကုချန်၏ မျက်လုံးများသည် စူးရှထက်မြက်နေပြီး... ကောင်းကင်တွင်းနက်အက်ကွဲကြောင်းကို ဖုံးကွယ်ထားသော မြူနှင်းလွှာများကို ဖောက်ထွင်းကာ... အနက်ရှိုင်းဆုံးနေရာသို့ လှမ်းမျှော်ကြည့်လိုက်သကဲ့သို့ ရှိနေသည်။
" စိတ်ဝင်စားစရာပဲ "
ကောင်းကင်အသူရာချောက်ကို ခေတ္တမျှ ကြည့်ရှုပြီးနောက်... ကုချန်သည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ... နေလဧကရာဇ်ကျမ်းစာနှင့် လော်ထျန်းသတ်ဖြတ်ခြင်းကျမ်းတို့ကို စတင်လေ့လာလိုက်တော့သည်။
ကောင်းကင်အသူရာချောက်၏ အနက်ရှိုင်းဆုံးနေရာတွင် မည်သည့်အရာပင် ရှိနေပါစေ... စစ်မှန်သော အင်မော်တယ်နယ်မြေ မဟုတ်ဘဲ... အဆုံးမဲ့ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံမည့် ပူးပေါင်းကြံစည်မှုကြီးတစ်ခုပင် ဖြစ်နေပါစေ... ကုချန်အတွက် အရေးမကြီးပေ။
အဘယ်ကြောင့်ဆိုသော် မည်သို့သော ပရိယာယ်များ၊ လှည့်ကွက်များပင် ရှိစေကာမူ... အရာအားလုံးကို ဖိနှိပ်နိုင်သော ကြောက်မက်ဖွယ် အင်အားနှင့် ရင်ဆိုင်ရပါက... ၎င်းတို့အားလုံးသည် အားပျော့သွားပြီး အရာမထင် ဖြစ်သွားကြမည်သာ ဖြစ်သည်။
ခွန်ဧကရာဇ်၏ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းသို့ အတင်းဝင်ရောက်ရန် ကြိုးပမ်းမှု မအောင်မြင်ခြင်းသည် အဆုံးမဲ့ဒေသကြီးငါးခုတွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေခဲ့သည်မှာ သေချာ၏။
သို့သော်... ဤလှုပ်ခတ်မှုသည် လျင်မြန်စွာစတင်လာသလို... လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွား၏။
တကယ်တမ်းတွင် အင်မော်တယ်တက်လှမ်းခြင်းဆိုသည်မှာ သာမန်သတ္တဝါများနှင့် အလှမ်းဝေးလွန်းလှသည် မဟုတ်ပါလော။
သို့သော် မကြာမီတွင်ပင်... အဆုံးမဲ့ဒေသကြီးငါးခုကို အမှန်တကယ် လှုပ်ခတ်သွားစေပြီး... အဆုံးမဲ့ကမ္ဘာရှိ သက်ရှိသတ္တဝါအားလုံးကို သက်ရောက်မှုရှိစေမည့်... ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာခဲ့၏။
ခွန်ဧကရာဇ်၏ ကောင်းကင်တွင်းနက်အက်ကွဲကြောင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းမှု မအောင်မြင်ပြီး တစ်ရက်မပြည့်မီမှာပင်.....
အဆုံးမဲ့ဒေသကြီးငါးခု၏ အန္တရာယ်များသော တောကန္တာရများ သို့မဟုတ် လူသူအရောက်အပေါက်နည်းသော တားမြစ်နယ်မြေအသီးသီးမှ ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များသည် ကောင်းကင်ဘုံကိုးခုအထိ ထိုးတက်သွားကြ၏။
ထိုအရှိန်အဝါတစ်ခုစီသည် သူတော်စင်အဆင့်အထက်တွင် ရှိကြပြီး... ရှေးဟောင်းချီစွမ်းအင်များဖြင့် ပြည့်နှက်နေကာ ဖုံးကွယ်ထားခြင်း မရှိဘဲ... သူတို့ ကမ္ဘာလောကသို့ ရောက်ရှိလာခြင်းကို ကြေညာနေသကဲ့သို့ပင် ဖြစ်သည်။
အနောက်ပိုင်းသဲကန္တာရတာအိုနယ်မြေတွင်... အဆုံးမဲ့ သဲရေတံခွန်တစ်ခုမှ လီတစ်သောင်းခန့် ကျယ်ဝန်းသော ကြောက်မက်ဖွယ်ရာ ကျွန်းကြီးတစ်ကျွန်းသည် ကောင်းကင်ဘုံကိုးခုအထက်သို့ မြင့်တက်လာခဲ့၏။ ထိုအချိန်မှာပင်... ကြီးမားသော ဘုန်းတန်ခိုးနှင့် ပြည့်စုံသည့် အသံတစ်သံသည်... ထိုကျွန်းပေါ်မှ ပဲ့တင်ထပ်လာခဲ့သည်။
" ကောင်းကင်ဝိညာဉ်ကျွန်း... ပေါ်ထွက်လာပြီ! "
တောင်ပိုင်းတောင်တန်းတာအိုနယ်မြေရှိ တောင်များနှင့် ချောက်ကမ်းပါးများအကြားတွင်... တောင်တစ်ထောင်ကို ဖိနှိပ်နိုင်စွမ်းရှိပုံရသော ခမ်းနားထည်ဝါသည့် ရှေးဟောင်းတောင်ကြီးတစ်လုံးသည်... လှည့်ပတ်စီးဆင်းနေသော မြူခိုးများကြားမှ ပုံဖော်ထွက်ရှိလာသည်။ တောင်ကြီး၏ ပတ်ပတ်လည်တွင်... ပေထောင်ချီ ရှည်လျားသော စစ်မှန်သောနဂါးပုံရိပ်ယောင်များသည် သက်ရှိများကဲ့သို့... လှည့်ပတ်ပျံသန်းနေကြသည်။
" နဂါးကိုးကောင်တောင်ထိပ်... ပေါ်ထွက်လာပြီ! "
တူညီသော ခမ်းနားထည်ဝါပြီး အေးစက်သည့် အသံသည်လည်း ဤတောင်များနှင့် ချောက်ကမ်းပါးများတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။
" ဖီးနစ်ငှက်နားခိုရာတောင်ကုန်း... ပေါ်ထွက်လာပြီ! "
" ချီလင်ချောက်နက်... ပေါ်ထွက်လာပြီ! "
အသံတစ်ခုပြီးတစ်ခုသည် အဆုံးမဲ့ဒေသကြီးငါးခုအနှံ့ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်လာသည်။
ဤပြောင်းလဲမှုသည် ဒေသကြီးငါးခုရှိ သန့်ရှင်းသောမြေများနှင့် မဟာကျောင်းတော်ကြီးများကို လျင်မြန်စွာ ထိတ်လန့်သွားစေခဲ့သည်။
သူတို့သည် စုံစမ်းရန် လူများ စေလွှတ်ခဲ့ကြပြီး... မကြာမီမှာပင် တုန်လှုပ်ဖွယ်ရာ သတင်းများကို လက်ခံရရှိခဲ့ကြသည်။
ထိုကြောက်မက်ဖွယ်ရာ တားမြစ်နယ်မြေများမှ ထွက်ပေါ်လာသော အရှိန်အဝါများသည် ရှေးခေတ်က 'ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများ' ပြန်လည်ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
ရှေးဟောင်းခေတ်ကာလတွင် ဤအဆုံးမဲ့ကုန်းမြေတိုက်ကြီးပေါ်၌ မျိုးနွယ်စုပေါင်းများစွာ တည်ရှိခဲ့ကြပြီး... လူသားမျိုးနွယ်သည် အလွန်အားနည်းကာ မထင်ရှားသော မျိုးနွယ်စုခွဲလေးတစ်ခုသာ ဖြစ်ခဲ့သည်။
အချို့သော အင်အားကြီးမျိုးနွယ်စုများ၏ မျက်လုံးထဲတွင် လူသားတို့သည် အစာတစ်လုပ်မျှသာ ဖြစ်ခဲ့ရသည်။
နောင်တွင် ကောင်းကင်ဘုံသည် အဆုံးမဲ့လူသားမျိုးနွယ်ကို ကောင်းချီးပေးခဲ့သဖြင့်... လူသားဧကရာဇ် ဆင်းသက်လာခဲ့သည်။ သူသည် နေလဧကရာဇ်ကျမ်းစာကို ဖန်တီးပြီး... လူသားမျိုးနွယ် ကြီးထွားလာစေရန် ကာကွယ်ပေးခဲ့မှသာ... လူသားမျိုးနွယ်သည် တဖြည်းဖြည်းနှင့် အင်အားကြီးမျိုးနွယ်စုများထဲမှ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် လူသားသူတော်စင်ခန္ဓာကိုယ်ကဲ့သို့သော ဖြစ်တည်မှုများက မျိုးဆက်တစ်ခုပြီးတစ်ခု လူသားမျိုးနွယ်ကို ကာကွယ်ကူညီပေးခဲ့သောကြောင့် လူသားမျိုးနွယ်သည် အမှန်တကယ် ခြေကုပ်ယူနိုင်ခဲ့သည်။
သို့သော် အခြားသော အင်အားကြီးမျိုးနွယ်စုများကိုလည်း လျှော့တွက်၍ မရပေ။
အဘယ်ကြောင့်ဆိုသော်... လူသားမျိုးနွယ်မှ လူသားဧကရာဇ်၊ သူတော်စင်ခန္ဓာကိုယ်နှင့် အခြားသော အားကြီးသူများစွာ ပေါ်ထွက်ခဲ့သကဲ့သို့... ထိုရှေးဟောင်းအင်အားကြီးမျိုးနွယ်စုများတွင်လည်း ဧကရာဇ်အဆင့်ဖြစ်တည်မှုများ ပေါ်ထွက်ခဲ့ဖူးပြီး... မိမိတို့ကိုယ်ကို ရှေးဟောင်းဧကရာဇ်မျိုးနွယ်စုများဟု ကြေညာခဲ့ကြဖူးသည်။
ထိုအချိန်က လူသားမျိုးနွယ်သည် အင်အားကြီးမျိုးနွယ်စုများကြားတွင် ရပ်တည်နေနိုင်ခဲ့သော်လည်း သူတို့အကြားတွင် အသန်မာဆုံး မဟုတ်ခဲ့ပေ။
သို့သော် နောက်ပိုင်းတွင်... အကြောင်းအမျိုးမျိုးကြောင့် တည်ရှိနေသော ရှေးဟောင်းဧကရာဇ်မျိုးနွယ်စုများက ပူးပေါင်းအမိန့်ထုတ်ပြန်ခဲ့ပြီး... ရှေးဟောင်းမျိုးနွယ်စုအားလုံးသည် သူတို့၏ ဘိုးဘေးနယ်မြေများကို ပိတ်သိမ်းကာ... ကာလကြာရှည်စွာ အိပ်စက်ခြင်းသို့ ရောက်ရှိသွားခဲ့ကြသည်။
ထို့ကြောင့် လူသားမျိုးနွယ်သည် ကမ္ဘာလောကတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
မျိုးနွယ်စုပေါင်းစုံ၏ ရှေးဟောင်းခေတ်ကာလသည် ထိုသို့ဖြင့် ပြီးဆုံးသွားခဲ့၏။
ဤသို့ ဖွံ့ဖြိုးတိုးတက်လာရင်း မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်လွန်သွားသည့်အခါ... ရှေးဟောင်းမျိုးနွယ်စုများသည် ကမ္ဘာလောကကြီး၏ မေ့လျော့ခြင်းကို ခံလိုက်ရပြီး... ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများဟူသော ခေါင်းစဉ်ကိုသာ ရရှိခဲ့ကြတော့သည်။
ဆန့်ကျင်ဘက်အားဖြင့်... လူသားမျိုးနွယ်သည် ဤအဆုံးမဲ့ကောင်းကင်ကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီး... ကမ္ဘာလောက၏ ဇာတ်လိုက်များ ဖြစ်လာခဲ့ကြသည်။
ယခုအခါ... ကမ္ဘာလောကကြီးက မေ့လျော့လုနီးပါး ဖြစ်နေပြီဖြစ်သော ထိုရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများသည် ဆက်တိုက်ဆိုသလို ပြန်လည်နိုးထလာပြီး... ပေါ်ထွက်လာကြလေပြီ။ ဤအရာက မည်သည်ကို ဖော်ပြနေသနည်း။
ယခုအချိန်တွင် သူတို့ ပြန်လည်နိုးထလာခြင်းသည်လည်း အင်မော်တယ်တက်လှမ်းခြင်း အခွင့်အလမ်းကို ရှာဖွေရန်အတွက် ဖြစ်နေမည်လား။
လူသားမျိုးနွယ်သည် အရပ်ရပ်မှ တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး... အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများမှာမူ ခံစားချက်များ ပို၍ပင် ရှုပ်ထွေးနေကြ၏။
ပြန်လည်နိုးထလာသော ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများထဲတွင် အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများနှင့် ယှဉ်လျှင် မနိမ့်ကျသော ဖြစ်တည်မှုများပင် ပါဝင်နေသည်။
အရာအားလုံးသည်... သူတို့၏ ထိန်းချုပ်မှုအောက်မှ... တဖြည်းဖြည်း လွတ်ကင်းသွားတော့မည့်ပုံ ပေါက်နေတော့သည်။