← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 12 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 12 Ch. 159-160

‎အခန်း (၁၅၉) - ဧကရာဇ်၏ လောကကို ခွဲဝေရန် ကြံစည်မှုနှင့် လူသားမျိုးနွယ်အား လျစ်လျူရှုခြင်း

‎

‎

‎

‎အရှေ့ပိုင်း‌တောကန္တာရတာအိုနယ်မြေ၏ အဆုံးမဲ့တောင်တန်းကြီးများ အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာတွင်.....

‎

‎

‎တောင်ထိပ်ပေါင်း တစ်သောင်းကို ငုံ့ကြည့်နေသည့်... စစ်မှန်သော ဖီးနစ်ငှက်တစ်ကောင် နားခိုနေသကဲ့သို့... တောင်တန်းကြီးတစ်ခုသည် အဆုံးမဲ့ကမ္ဘာများနှင့် တောင်တန်းများအပေါ်တွင် တည်ရှိနေသည်။

‎

‎

‎၎င်းသည် ရှေးဟောင်းတော်ဝင်မျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်သည့် 'ဖီးနစ်ငှက်နားခိုရာတောင်ကုန်း'၏ ဘိုးဘေးနယ်မြေပင် ဖြစ်သည်။

‎

‎

‎ဤမျိုးနွယ်စုတွင် ဧကရာဇ်အဆင့်ဖြစ်တည်မှုတစ်ပါး ပေါ်ထွက်ခဲ့ဖူးပြီး... သူတို့၏ သမိုင်းကြောင်းနှင့် အခြေခံအုတ်မြစ် ခိုင်မာနက်ရှိုင်းမှုသည်... သာမန်ဧကရာဇ်မျိုးနွယ်စုများ ယှဉ်နိုင်သည့် အနေအထားထက် များစွာသာလွန်နေသည်။

‎

‎

‎ယခုအခါ... ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသည် တောက်ပသော အလင်းရောင်များဖြင့် ထွန်းလင်းနေပြီး... တာအိုများသည် လေဟာနယ်အတွင်း စိမ့်ဝင်ပျံ့နှံ့လျက် ရှိသည်။ ထိုတာအိုများသည် အချင်းချင်း ယှက်နွယ်ပေါင်းစည်းသွားပြီးနောက်... ဖီးနစ်ငှက်နားခိုရာတောင်ကုန်းအထက်တွင် ပျံသန်းနေသည့်... စစ်မှန်သော ဖီးနစ်ငှက်ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာ၏။

‎

‎

‎ထိုအချိန်တွင် ဖီးနစ်ငှက်နားခိုရာတောင်ကုန်း၏ အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာ၌.....

‎

‎

‎လေဟာနယ်ထဲတွင် ရပ်တန့်နေပြီး... မင်္ဂလာရှိသော တိမ်တိုက်များ၊ တာအိုချီစွမ်းအင်များဖြင့် တန်ဆာဆင်ထားသော... ရှေးဟောင်းခန်းမဆောင်ကြီးတစ်ခု ရှိနေသည်။

‎

‎

‎ထိုခန်းမဆောင်၏ အလယ်ဗဟိုတွင် တရားထိုင်ဖျာအချို့ကို စီစဉ်ထားရှိထား၏။

‎

‎

‎ထိုဖျာများပေါ်တွင် ပုံရိပ်တစ်ခုစီ တိတ်ဆိတ်စွာ တရားမှတ်နေကြသည်။

‎

‎

‎ထိုပုံရိပ်များသည် ပုံသဏ္ဍာန် အမျိုးမျိုး ကွဲပြားကြ၏။ အချို့မှာ ဖီးနစ်မျက်လုံးနှင့် ဖီးနစ်အမွှေးအတောင်များ ပါရှိကြပြီး... အချို့၏ ကျောဘက်တွင် ဖြူဖွေးသန့်စင်သော အတောင်ပံတစ်စုံ ပါရှိကြသည်။ အခြားသူများမှာမူ လူသားမျိုးနွယ်ကဲ့သို့ ခန္ဓာကိုယ်ရှိသော်လည်း... ခေါင်းမှာ နဂါးခေါင်းနှင့် တူနေသည်။

‎

‎

‎သို့သော် သူတို့အားလုံးတွင် တူညီသောအချက်တစ်ခု ရှိသည်။ ဤနေရာ၌ တရားထိုင်နေသော ပုံရိပ်အားလုံး၏ ခန္ဓာကိုယ်အတွင်းမှ ယှဉ်ပြိုင်ဘက်ကင်းသော အားကောင်းသည့် ချီစွမ်းအင်လှိုင်းများ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။

‎

‎

‎တစ်ဦးတစ်ယောက်မျှ သူတော်စင်အဆင့်အောက် မလျော့နည်းကြပေ!

‎

‎

‎" ငါတို့ရဲ့ ဘိုးဘေးဆီက ညွှန်ကြားချက် ရရှိပြီးနောက်... ငါ့ရဲ့ နဂါးကိုးကောင်တောင်ထိပ် ပေါ်ထွက်လာခဲ့ပြီ... မင်းတို့ဘက်ကရော ဘယ်လိုလဲ "

‎

‎

‎နဂါးခေါင်းနှင့် နဂါးကိုးကောင်တောင်ထိပ်သခင်က ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

‎

‎

‎" ကောင်းကင်ဝိညာဉ်ကျွန်းလဲ အတူတူပါပဲ "

‎

‎

‎" ချီလင်ချောက်နက်လဲ အတူတူပါပဲ "

‎

‎

‎ရောက်ရှိနေကြသော တော်ဝင်မျိုးနွယ်သခင်များအားလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

‎

‎

‎" ငါတို့ရဲ့ ဘိုးဘေးက ငါတို့အားလုံးကို ပေါ်ထွက်လာဖို့ အမိန့်ပေးခဲ့တယ်... အဲ့ဒါက အင်မော်တယ်တက်လှမ်းခြင်းနဲ့ ဆက်စပ်နေမလား "

‎

‎

‎နဂါးကိုးကောင်တောင်ထိပ်သခင်သည် အလယ်ပိုင်းဒေသတာအိုနယ်မြေဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် တွေးတောဆင်ခြင်ဟန်များ ပေါ်နေ၏။

‎

‎

‎ရှေးဟောင်းတော်ဝင်မျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည့်အားလျော်စွာ... သူ၏မျိုးနွယ်စု အပြည့်အဝ ပြန်လည်နိုးထလာချိန်တွင်... အဆုံးမဲ့ကောင်းကင်ကြီး၏ လက်ရှိအခြေအနေကို သူသိရှိပြီး ဖြစ်သည်။

‎

‎

‎ကောင်းကင်တွင်းနက်အက်ကွဲကြောင်း ပွင့်တော့မည်ဖြစ်သလို... တားမြစ်နယ်မြေမှ အရှင်များသည်လည်း အသင့်ပြင်ဆင်နေကြပြီး... ဤခေတ်တွင် အင်မော်တယ်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနေကြသည်။

‎

‎

‎" အင်မော်တယ်တက်လှမ်းခြင်းနဲ့ ဆက်စပ်နေရုံလောက်တော့ မဟုတ်လောက်ဘူး... ကောင်းကင်နဲ့ မြေကြီးက ပြောင်းလဲသွားပြီး... အဆုံးမဲ့တာအိုတွေ ပြန်လည်နိုးထလာနေပြီ... တကယ်ပဲ ရှေးဟောင်းခေတ်နှောင်းပိုင်းကထက် ပိုမိုအားကောင်းလာခဲ့ပြီး... ငါတို့ရှေးဟောင်းမျိုးနွယ်စုတွေ ကျင့်ကြံအားထုတ်ဖို့အတွက် ပိုပြီး အထောက်အကူ ဖြစ်လာခဲ့ပြီ "

‎

‎

‎ချီလင်ချောက်နက်မှ သခင်သည် မျက်လုံးများကို မှိတ်ကာ ခေတ္တမျှ အာရုံခံလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

‎

‎

‎ရှေးဟောင်းခေတ်ကာလတွင် အဆုံးမဲ့မျိုးနွယ်စုများ ကြီးစိုးခဲ့ကြပြီး... မျိုးနွယ်စုအသီးသီးသည် အာဏာလုရန် ယှဉ်ပြိုင်ခဲ့ကြသည်။

‎

‎

‎သို့သော် ရှေးဟောင်းခေတ်နှောင်းပိုင်းတွင်... ကောင်းကင်နှင့် မြေကြီး၏ တာအိုများပြောင်းလဲသွားခဲ့ပြီး... ရှေးဟောင်းမျိုးနွယ်စုများ ကျင့်ကြံအားထုတ်ရန်အတွက် အဆင်မပြေ ဖြစ်လာခဲ့သည်။ ထို့အပြင် တော်ဝင်သခင်အသီးသီး၏ အမိန့်များကြောင့်... ဖီးနစ်ငှက်နားခိုရာတောင်ကုန်း၊ နဂါးကိုးကောင်တောင်ထိပ်နှင့် အခြားသော မျိုးနွယ်စုများ ဦးဆောင်သည့် ရှေးဟောင်းတော်ဝင်မျိုးနွယ်စုများသည်... အနာဂတ်တွင် ပြန်လည်ပေါ်ထွက်လာမည့် အခွင့်အလမ်းကို စောင့်ဆိုင်းရန် အိပ်စက်ခြင်းသို့ ရောက်ရှိသွားခဲ့ကြသည်။

‎

‎

‎ဆန့်ကျင်ဘက်အားဖြင့်... ထိုအချိန်က လူသားမျိုးနွယ်သည် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့သဖြင့်... သူတို့အတွက် အိပ်စက်ခြင်းဟူသည် မရှိခဲ့ပေ။ သူတို့သည် ကမ္ဘာလောကတွင် ဆက်လက်ရပ်တည်နေခဲ့ပြီး... ရှေးဟောင်းမျိုးနွယ်စုများ ပိုင်ဆိုင်ခဲ့သော နယ်မြေကျယ်ကြီးများကို တဖြည်းဖြည်း သိမ်းပိုက်ကာ... ဤကမ္ဘာကြီး၏ အရှင်သခင်များ ဖြစ်လာခဲ့ကြသည်။

‎

‎

‎" ငါတို့ ပေါ်ထွက်လာခြင်းက တော်ဝင်သခင်ကြီးတွေရဲ့ ဆန္ဒဖြစ်သလို... ကောင်းကင်ဘုံရဲ့ အလိုဆန္ဒလဲ ဖြစ်တယ် "

‎

‎

‎ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်သည် ရောက်ရှိနေသော တော်ဝင်သခင်ကြီးအချို့ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

‎

‎

‎" ဒီတစ်ခါ မင်းတို့ကို ခေါ်လိုက်တာက... ငါတို့ပေါ်ထွက်လာပြီးနောက်... ဘယ်လို တုံ့ပြန်ဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးဖို့ပဲ.....

‎

‎ငါ့မျိုးနွယ်စု ပေါ်ထွက်လာပြီးနောက်... လက်ရှိအခြေအနေကို အကြမ်းဖျင်း နားလည်ထားပြီးပြီ... အခုအချိန်က ငါတို့အတွက် အဆုံးမဲ့ကမ္ဘာကြီးကို ခွဲဝေယူဖို့ အချိန်မဟုတ်တော့ဘူး.....

‎

‎လူသားမျိုးနွယ်က အင်အားကြီးထွားလာပြီး ဒီကမ္ဘာကြီးရဲ့ ဇာတ်လိုက်တွေ ဖြစ်လာကြပြီ... ငါတို့ကျတော့ လူသားမျိုးနွယ်ရဲ့ မျက်လုံးထဲမှာ 'ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုတွေ' သာသာ ဖြစ်နေကြပြီ "

‎

‎

‎ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီး၏ အသံတွင် လှောင်ပြောင်မှု အရိပ်အယောင်များ ပါဝင်နေ၏။ အထူးသဖြင့် 'ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများ' ဟူသော စကားလုံးကို သုံးနှုန်းလိုက်ချိန်တွင် ဖော်ပြမရနိုင်သော သရော်မှုများဖြင့် ပြည့်နှက်နေသည်။

‎

‎

‎" ဒီတော်ဝင်သခင်ကြီးလဲ နည်းနည်းတော့ ကြားထားမိတယ်... လူသားမျိုးနွယ်တဲ့... ဟား... အတိတ်တုန်းက ငါတို့ရဲ့ အစာဖြစ်ဖို့တောင် မထိုက်တန်ခဲ့တဲ့ မျိုးနွယ်စုက အခုတော့... တခြားသူတွေအပေါ် ဗိုလ်ကျစိုးမိုးပြီး ဒီကမ္ဘာကြီးရဲ့ ပူးတွဲအရှင်သခင်နေရာကို လုယူနိုင်ခဲ့တယ်တဲ့လား... တကယ့်ကို ရယ်စရာကောင်းလွန်းတယ်! "

‎

‎

‎နဂါးကိုးကောင်တောင်ထိပ်သခင်ကြီးသည် သရော်စွာ နှာခေါင်းရှုံ့လိုက်ပြီး... သူ၏မျက်လုံးများသည် စူးရှကာ အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။

‎

‎

‎" ကျားမရှိတဲ့အခါ မျောက်က ဘုရင်ဖြစ်လာတာပေါ့... အခု မျိုးနွယ်စုအားလုံး ပြန်လည်နိုးထလာပြီဆိုတော့... လူသားမျိုးနွယ်အနေနဲ့ ဘေးဖယ်ပေးပြီး သူတို့ရဲ့ မူလနေရာကို ပြန်သွားသင့်ပြီ "

‎

‎

‎ကောင်းကင်ဝိညာဉ်ကျွန်းသခင်ကြီးသည် မျက်လွှာကို အနည်းငယ် ချလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

‎

‎

‎" ဟင်းဟင်း... အားလုံး သဘောထားတူညီကြတယ်ဆိုရင်တော့ ကိုင်တွယ်ရ လွယ်ကူသွားပြီပေါ့ "

‎

‎

‎ရောက်ရှိနေကြသော တော်ဝင်သခင်ကြီးအားလုံးသည် လက်ရှိလူသားမျိုးနွယ်အပေါ် မကျေမနပ် ဖြစ်နေကြသည်ကို မြင်လိုက်ရသောအခါ ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီးသည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။

‎

‎

‎ဖီးနစ်ငှက်နားခိုရာတောင်ကုန်း စတင်ပေါ်ထွက်လာချိန်တွင်... လူသားမျိုးနွယ်၏ လက်ရှိအင်အားကို သူ နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။

‎

‎

‎ရှေးဟောင်းခေတ်ကတည်းက လူသားမျိုးနွယ်တွင် လူဦးရေ အများအပြား ရှိခဲ့ရုံသာမက... ကာလကြာရှည်လာသည်နှင့်အမျှ ဧကရာဇ်အဆင့်ဖြစ်တည်မှု အများအပြား ပေါ်ထွက်လာခဲ့ပြီး... အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများဟု ခေါ်ဝေါ်ကြသော မျိုးနွယ်စုများကို ချန်ရစ်ထားခဲ့ကြသည်။

‎

‎

‎ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီးသည် လူသားမျိုးနွယ်ကို စိတ်ထဲမှ အမှန်တကယ် လေးစားမှု မရှိခဲ့သော်လည်း.....

‎

‎

‎လူသားမျိုးနွယ်သည် ယခင်ကနှင့် မတူတော့ကြောင်းကိုတော့ သူဝန်ခံရပေမည်။ သူတို့သည် ရှေးဟောင်းခေတ်က အဆုံးမဲ့မျိုးနွယ်စုများ၏ အနိုင်ကျင့်မှုကို ခံခဲ့ရသော အားနည်းသည့် မျိုးနွယ်စု မဟုတ်တော့ပေ။

‎

‎

‎ဖီးနစ်ငှက်နားခိုရာတောင်ကုန်း၏ အင်အားတစ်ခုတည်းကိုသာ အားကိုးပြီး... လူသားမျိုးနွယ်ကို ဖိနှိပ်ရန် မဖြစ်နိုင်သည်မှာ သေချာ၏။

‎

‎

‎ထို့ကြောင့် ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီးသည် ရှေးဟောင်းတော်ဝင်မျိုးနွယ်စုများမှ သခင်ကြီးအားလုံးကို ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ လက်ရှိလူသားမျိုးနွယ်အပေါ် တော်ဝင်သခင်ကြီးများ၏ သဘောထားကို သိရှိလို၍ ဖြစ်သည်။

‎

‎

‎ယခုတော့ ရလဒ်မှာ မဆိုးလှပေ။

‎

‎

‎သူတစ်ယောက်တည်း လူသားမျိုးနွယ်ကို မကျေမနပ် ဖြစ်နေခြင်း မဟုတ်ဘဲ... ရောက်ရှိနေကြသော တော်ဝင်သခင်ကြီးများအားလုံးလည်း ထိုနည်းလည်းကောင်းပင် သဘောထားတူညီနေကြ၏။

‎

‎

‎ထိုသို့ဆိုလျှင် ကိုင်တွယ်ရ လွယ်ကူသွားပေလိမ့်မည်။

‎

‎

‎တော်ဝင်မျိုးနွယ်စုတစ်ခုတည်းက လူသားမျိုးနွယ်ကို မဖိနှိပ်နိုင်သော်လည်း... တော်ဝင်မျိုးနွယ်စု အများအပြား အင်အားပေါင်းစည်းလိုက်ပါက... အခြေအနေသည် လုံးဝကွာခြားသွားပေလိမ့်မည်။

‎

‎

‎လူသားမျိုးနွယ်တွင် လူဦးရေ အများအပြား ရှိနေလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။

‎

‎

‎တော်ဝင်မျိုးနွယ်စု အများအပြား၏ ပေါင်းစည်းအင်အားကို အရေအတွက်များပြားရုံ သက်သက်ဖြင့် မကျော်လွှားနိုင်ပေ။

‎

‎

‎" ဖီးနစ်ဧကရာဇ်သခင်ကြီးက ဘာကို ဆိုလိုတာလဲ "

‎

‎

‎နဂါးကိုးကောင်တောင်ထိပ်သခင်ကြီးသည် ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီးကို တစ်ချက်ကြည့်လိုက်ရာ သူ့စကား၏အဓိပ္ပါယ်ကို နားလည်သွားပုံရသည်။

‎

‎

‎" မျိုးနွယ်စုတွေ ပြန်လည်နိုးထလာတယ်ဆိုတာ ငါတို့ရဲ့ ဘိုးဘေးနယ်မြေတွေထဲမှာပဲ ကျုံ့ပြီး နေကြဖို့ မဟုတ်တာ သေချာတယ်... ဒီအဆုံးမဲ့ကမ္ဘာကြီးက အစကတည်းက ငါတို့ပိုင်ဆိုင်ခဲ့တာ ဖြစ်လို့... အခုလဲ ငါတို့ပဲပိုင်ဆိုင်ရမှာပေါ့ "

‎

‎

‎ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီးက အေးစက်စွာ ပြောကြားလိုက်၏။

‎

‎

‎" ငါတို့ တော်ဝင်မျိုးနွယ်စုတွေတင် မကဘဲ... ငါတို့အမိန့်အောက်က ဘုရင်မျိုးနွယ်စုအသီးသီးလဲ လုံလောက်တဲ့ နယ်မြေပိုင်နက်တွေ လိုအပ်တယ် "

‎

‎

‎ရှေးဟောင်းတော်ဝင်မျိုးနွယ်စုများ ပေါ်ထွက်လာခြင်းနှင့်အတူ သူတို့၏ အမိန့်အောက်ရှိ မရေမတွက်နိုင်သော ဘုရင်မျိုးနွယ်စုများလည်း ပေါ်ထွက်လာကြသည်။

‎

‎

‎အကယ်၍ သူတို့သည် ပေါ်ထွက်လာပြီးနောက်... ဘိုးဘေးနယ်မြေများထဲတွင်သာ ကျုံ့နေကြရမည်ဆိုလျှင်... ရယ်စရာ ဖြစ်မနေပေဘူးလော။

‎

‎

‎ရှေးဟောင်းခေတ်က ဤအဆုံးမဲ့ကမ္ဘာကြီးကို တော်ဝင်မျိုးနွယ်စုအသီးသီးက ခွဲဝေပိုင်းခြား အုပ်ချုပ်ခဲ့ကြသည်။

‎

‎

‎လူသားမျိုးနွယ်အတွက်မူ... သူတို့သည် အဆုံးမဲ့ကမ္ဘာကြီး၏ ထောင့်တစ်နေရာလေးကိုသာ သိမ်းပိုက်နိုင်ခဲ့ပြီး... ထိုနေရာကျဉ်းကျဉ်းလေးဖြင့် ကျေနပ်ရောင့်ရဲခဲ့ကြရသည်။

‎

‎

‎ယခုအခါ တော်ဝင်မျိုးနွယ်စုများ ပြန်လည်နိုးထလာပြီဖြစ်ရာ... လူသားမျိုးနွယ်သည် သဘာဝကျကျပင် ဤအဆုံးမဲ့ကမ္ဘာကြီးကို ဆက်လက်သိမ်းပိုက်ထားနိုင်မည် မဟုတ်တော့ဘဲ... အတိတ်က သူတို့ သိမ်းပိုက်ခဲ့သော နယ်မြေအားလုံးကို ပြန်လည်ထုတ်ပေးရပေလိမ့်မည်။

‎

‎

‎" ဖီးနစ်ဧကရာဇ်သခင်ကြီးရဲ့ ရည်ရွယ်ချက်က ဒီတော်ဝင်သခင်ကြီးရဲ့ ဆန္ဒနဲ့ ထပ်တူကျပါတယ် "

‎

‎

‎ကောင်းကင်ဝိညာဉ်ကျွန်းသခင်ကြီး၏ ကျောဘက်ရှိ ဖြူဖွေးသန့်စင်သော အတောင်ပံများသည် အနည်းငယ် လှုပ်ခတ်သွားပြီး သူ၏မျက်နှာတွင် သဘောတူညီသည့် အမူအရာများ ပေါ်လာ၏။

‎

‎

‎" ဒီတော်ဝင်သခင်ကြီးရဲ့ အမြင်အရတော့... တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းမကွဲကြရအောင် အခုပဲ အဆုံးမဲ့ဒေသကြီးငါးခုလုံးကို ခွဲဝေလိုက်ကြစို့... မင်းတို့အားလုံး ဘယ်လို သဘောရလဲ "

‎

‎

‎" လက်ခံပါတယ် "

‎

‎

‎" ကောင်းပြီ "

‎

‎

‎ကောင်းကင်ဝိညာဉ်ကျွန်းသခင်ကြီး၏ စကားကို... ရောက်ရှိနေသော တော်ဝင်သခင်ကြီးများအားလုံးက... တညီတညွတ်တည်း သဘောတူလက်ခံလိုက်ကြသည်။

‎

‎

‎ထို့နောက်တွင် ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ... အဆုံးမဲ့ဒေသကြီးငါးခု၏ မြေပုံ ပုံရိပ်ယောင်တစ်ခုသည် ရှေးဟောင်းတော်ဝင်သခင်ကြီးများ၏ ရှေ့မှောက်တွင် ပေါ်လာခဲ့၏။

‎

‎

‎ထို့နောက် ရောက်ရှိနေကြသော ရှေးဟောင်းတော်ဝင်သခင်ကြီးများသည် လက်များကို ဆန့်တန်းကာ... သူတို့နှင့် သူတို့၏ အမိန့်အောက်ရှိ ဘုရင်မျိုးနွယ်စုများအတွက် နယ်မြေများကို စတင်ခွဲဝေယူကြတော့သည်။

‎

‎

‎ဤလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် တော်ဝင်သခင်ကြီးတစ်ဦးတစ်ယောက်မျှ လူသားမျိုးနွယ်အကြောင်းကို ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ကြပေ။

‎

‎

‎ထိုနယ်မြေများတွင် မူလကတည်းက နေထိုင်လျက်ရှိသော လူသားမျိုးနွယ်သည်... ဤတော်ဝင်သခင်ကြီးများ၏ မျက်လုံးထဲတွင်... လေကဲ့သို့ လုံးဝ မရှိခဲ့ဖူးသယောင် သို့မဟုတ် စိုးရိမ်စရာ မလိုသော အရာများအဖြစ်သာ... ရှိနေပုံရသည်။

‎

‎အခန်း (၁၆၀) - အရင်ယဉ်ကျေးပြီးမှ အကြမ်းဖက်ခြင်း၊ လူထုစိတ်လှုပ်ရှားမှုနှင့် ချမ်ယွမ်ဂိုဏ်း ပျက်စီးရတော့မည့်ကိန်း

‎

‎

‎

‎ခဏအကြာတွင်.....

‎

‎

‎ခန်းမဆောင်အတွင်းရှိ တော်ဝင်မျိုးနွယ်စုသခင်ကြီးများအားလုံး၏ မျက်နှာတွင် ကျေနပ်အားရမှုများ ပေါ်လာကြသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာနယ်မြေ၏ ပုံရိပ်ယောင်မြေပုံပေါ်တွင် အရောင်အမျိုးမျိုး ခြယ်သထားပြီးဖြစ်ကာ တော်ဝင်မျိုးနွယ်စုသခင်ကြီးများအကြား ခွဲဝေပြီးစီးသွားပြီဖြစ်သည်။

‎

‎

‎တော်ဝင်မျိုးနွယ်စုသခင်ကြီးတစ်ပါးအနေဖြင့်... သူတို့၏တာဝန်မှာ တော်ဝင်မျိုးနွယ်စုအချင်းချင်း နယ်မြေခွဲဝေရန်သာမက... သူတို့အမိန့်အောက်ရှိ ဘုရင်မျိုးနွယ်စုများအတွက်ပါ သင့်တော်သော နယ်မြေများကို ရှာဖွေခွဲဝေပေးရန် ဖြစ်သည်။

‎

‎

‎ယခုအခါ မျိုးနွယ်စုတိုင်းအတွက် သင့်လျော်သော နယ်မြေများ ‘ခွဲဝေ’ ပြီးပြီဖြစ်ရာ... ရောက်ရှိနေသော တော်ဝင်သခင်ကြီးများသည် အလွန်ပင် ကျေနပ်နေကြ၏။

‎

‎

‎အမှန်စင်စစ်တွင် အဆုံးမဲ့လူသားမျိုးနွယ်နှင့် ပတ်သက်၍ ဤရှေးဟောင်းတော်ဝင်သခင်ကြီးများသည် လုံးဝမျိုးတုန်းသတ်ဖြတ်ခြင်း မပြုလုပ်ခဲ့ကြပေ။ ‘စေတနာ’ ထားသည့်အနေဖြင့် လူသားမျိုးနွယ်အတွက် နယ်မြေအချို့ကို ချန်ထားပေးခဲ့ကြသည်။

‎

‎

‎သို့သော် လူသားမျိုးနွယ်အတွက် ချန်ထားပေးခဲ့သော နယ်မြေအများစုမှာ... ချီစွမ်းအင်နည်းပါးပြီး မြုံသောမြေများသာ ဖြစ်ကာ... သူတို့သိမ်းပိုက်လိုက်သော ချီစွမ်းအင်ကြွယ်ဝသည့် နယ်မြေများနှင့် လုံးဝယှဉ်၍မရနိုင်ပေ။

‎

‎

‎အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများနှင့် ပတ်သက်၍မူ တော်ဝင်သခင်ကြီးများသည် မျက်နှာသာ ပေးခဲ့ကြသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ဤမိသားစုအင်အားစုများသည် ဧကရာဇ်အဆင့်ဖြစ်တည်မှုများ ပေါ်ထွန်းခဲ့ဖူးရာ... လုံးဝမျိုးတုန်းသတ်ဖြတ်လိုက်ပါက ပြန်လည်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရနိုင်သဖြင့်... မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်။

‎

‎

‎ထို့ကြောင့် ငြိမ်သက်စွာနေပြီး... ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများကို သူတို့၏ မူလနယ်မြေများတွင် ဆက်လက်နေထိုင်ခွင့် ပြုလိုက်ခြင်းက... ပိုကောင်းပေသည်။

‎

‎

‎ဤသည်မှာ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများကို မျက်နှာသာပေးခြင်းသာမက... ထိုမျိုးနွယ်စုများ၏ နောက်ကွယ်တွင် ရှိနေနိုင်သော အလားအလာရှိသည့် ဧကရာဇ်အဆင့်ဖြစ်တည်မှုများကိုပါ... မျက်နှာသာပေးခြင်း ဖြစ်သည်။

‎

‎

‎“ ကဲ... နယ်မြေခွဲဝေတဲ့ကိစ္စ ဆွေးနွေးပြီးပြီဆိုတော့ အဆုံးသတ်လိုက်ကြစို့... နောက်တစ်ဆင့်အနေနဲ့ အမိန့်ပြန်တမ်း ထုတ်ပြန်ပြီး... ဘုရင်မျိုးနွယ်စုအသီးသီးကို သူတို့သက်ဆိုင်ရာ နယ်မြေတွေဆီ သွားရောက်သိမ်းပိုက်ခိုင်းရမယ် ”

‎

‎

‎နယ်မြေခွဲဝေမှုကိစ္စ ပြီးစီးသွားသည်နှင့်... နဂါးကိုးကောင်တောင်ထိပ်သခင်ကြီးက စိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။

‎

‎

‎“ ဒီကိစ္စကို မလောပါနဲ့ဦး ”

‎

‎

‎ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။

‎

‎

‎“ ပထမဆုံးအနေနဲ့ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုတွေနဲ့ လူသားမျိုးနွယ်ထဲက အင်အားကြီးဂိုဏ်းတွေကို အကြောင်းကြားဖို့ လူလွှတ်လိုက်ပါ... ငါတို့က အရင်ယဉ်ကျေးပြီး နောက်မှအကြမ်းဖက်မည့် နည်းလမ်းကို သုံးမယ်... သူတို့ကို ထွက်သွားဖို့ တစ်ရက်အချိန်ပေးမယ်... မဟုတ်ရင်တော့ အကျိုးဆက်ကို သူတို့ဘာသာ ခံစားစေရမယ် ”

‎

‎

‎မည်သို့ပင်ဆိုစေ လက်ရှိလူသားမျိုးနွယ်သည် ရှေးဟောင်းဘုရင်မျိုးနွယ်စုတိုင်း အနိုင်ကျင့်နိုင်သော အတိတ်က လူသားမျိုးနွယ် မဟုတ်တော့ပေ။

‎

‎

‎တော်ဝင်မျိုးနွယ်စုအသီးသီး၏ ပေါင်းစည်းအင်အားသည် လူသားမျိုးနွယ်ကို လျစ်လျူရှုရန် လုံလောက်သည်မှာ မှန်သော်လည်း... မလိုအပ်သော ပဋိပက္ခများကို ရှောင်ရှားရန်အတွက်... လူသားမျိုးနွယ်ကို မျက်နှာသာ အနည်းငယ်ပေးကာ ကြိုတင်ဖယ်ရှားခိုင်းခြင်းက ပိုကောင်းပေသည်။

‎

‎

‎“ ဟင်းဟင်း... ဖီးနစ်ဧကရာဇ်က စဉ်းစားတွေးခေါ်ရာမှာ ပြည့်စုံလွန်းပါတယ်... ဒါက လူသားမျိုးနွယ်ကို လုံလုံလောက်လောက် မျက်နှာသာပေးလိုက်တာပဲ... ဒီပုရွက်ဆိတ်တွေက အကောင်းအဆိုး နားမလည်သေးဘူးဆိုရင်တော့ ဟွန်း... ငါ့ကို ရိုင်းပြတယ်လို့ အပြစ်မတင်နဲ့! ”

‎

‎

‎ကောင်းကင်ဝိညာဉ်ကျွန်းသခင်ကြီးသည် နှာခေါင်းရှုံ့၍ ပြောဆိုလိုက်၏။

‎

‎

‎“ ကောင်းပြီ... ကန့်ကွက်စရာမရှိရင် အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ် ”

‎

‎

‎ဖီးနစ်ငှက်နားခိုရာတောင်ကုန်းသခင်ကြီးက လက်ကိုဝှေ့ယမ်းကာ အေးစက်စွာ ပြောကြားလိုက်သည်။

‎

‎

‎… … … …

‎

‎

‎မကြာမီမှာပင်.....

‎

‎

‎တော်ဝင်မျိုးနွယ်စုအသီးသီး၏ အမိန့်ကို ရရှိပြီးနောက်... ရှေးဟောင်းဘုရင်မျိုးနွယ်စုများသည် အဆုံးမဲ့ဒေသကြီးငါးခုသို့ လူများစေလွှတ်ကာ... ရှေးဟောင်းမျိုးနွယ်စုများ၏ ကမ္ဘာလောကကို ခွဲဝေမည့် ‘အမိန့်’ ကို... ဒေသကြီးငါးခုအတွင်းရှိ လူသားမျိုးနွယ် အင်မော်တယ်ဂိုဏ်းများနှင့် မဟာကျောင်းတော်ကြီးများသို့ ကြေညာခဲ့ကြသည်။

‎

‎

‎ဤအမိန့် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... အဆုံးမဲ့ဒေသကြီးငါးခုလုံးတွင် ကြီးမားသော လှုပ်ခတ်မှုကြီး ဖြစ်ပေါ်သွားခဲ့၏။

‎

‎

‎“ ဒါက လွန်လွန်းတယ်! ဒီရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုတွေက ဒီကမ္ဘာကြီးကို ရှေးဟောင်းခေတ်လို့ ထင်နေကြတုန်းလား... ဒီကမ္ဘာက ငါတို့လူသားမျိုးနွယ် ပိုင်တာကွ! ”

‎

‎

‎“ အဲ့ဒီ ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုတွေရဲ့ အင်အားကို လျှော့တွက်လို့ မရဘူး! အဆုံးမဲ့ဒေသကြီးငါးခုကို လာပြီးကြေညာတဲ့ အကြွင်းအကျန်မျိုးနွယ်စုတွေထဲက အားအနည်းဆုံးသူတွေတောင် တာအိုပေါင်းစည်းခြင်းအဆင့် ရှိနေကြတာ မမြင်ဘူးလား.....

‎

‎သူတော်စင်အဆင့်တွေတောင် ပါသေးတယ်... ဒါတောင်မှ ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုတွေရဲ့ အင်အားအစစ်အမှန်ရဲ့ ထိပ်ဖျားလေးပဲ ရှိသေးတယ်လို့ ပြောကြတယ် ”

‎

‎

‎“ သူတော်စင်အဆင့်တွေ? ဟွန်း... ငါတို့ အင်မော်တယ်ဂိုဏ်းတွေနဲ့ မဟာကျောင်းတော်ကြီးတွေထဲမှာရော ဘယ်ဂိုဏ်းက သူတော်စင်အဆင့် အမွေအနှစ် မရှိလို့လဲ ”

‎

‎

‎ဒေသကြီးငါးခုရှိ အင်အားစုအသီးသီးသည် ဒေါသတကြီး ဆွေးနွေးနေကြသော်လည်း... သူတို့၏စကားများထဲတွင် အားကိုးရာမဲ့မှု အရိပ်အယောင်များ ပါဝင်နေ၏။

‎

‎

‎ထိုရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများသည် အလွန်မောက်မာလွန်းလှ၏။ သူတို့ကို ဘိုးဘေးပိုင်နယ်မြေများမှ ဖယ်ရှားပေးရန်... ဘုရင်မျိုးနွယ်စုများနှင့် တော်ဝင်မျိုးနွယ်စုများအတွက် နေရာဖယ်ပေးရန်နှင့် ခြောက်သွေ့ခေါင်းပါးသော နေရာများသို့ ပြောင်းရွှေ့ရန်... ချက်ချင်း အမိန့်ပေးခဲ့ကြသည်။

‎

‎

‎ဤဘိုးဘေးပိုင်နယ်မြေများသည် ဂိုဏ်းနှင့် ကျောင်းတော်တစ်ခုစီ၏ နှစ်ထောင်ချီ၊ သောင်းချီ ကြိုးပမ်းအားထုတ်မှု ရလဒ်များဖြစ်သည်။

‎

‎

‎ယခုအခါ ထိုနယ်မြေများကို ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများက တစ်ချက်တည်းနှင့် လာရောက်လုယူမည့်အရေးကို ဤသန့်ရှင်းသောမြေများနှင့် မဟာကျောင်းတော်ကြီးများက မည်သို့ လိုလားပါမည်နည်း။

‎

‎

‎သို့သော် ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများ၏ အင်အားသည် အင်မော်တယ်ဂိုဏ်းများနှင့် မဟာကျောင်းတော်ကြီးများကို ပူပန်စေခဲ့သည်။

‎

‎

‎လူသားမျိုးနွယ်၏ အင်မော်တယ်ဂိုဏ်းများနှင့် မဟာကျောင်းတော်ကြီးများအတွက်... သူတော်စင်အဆင့်ဖြစ်တည်မှုတစ်ခုသည် ဂိုဏ်းကာကွယ်ရေး အမွေအနှစ်တစ်ခုအဖြစ် ရှိနေပြီး... အလွယ်တကူ ထုတ်သုံးလေ့မရှိပေ။

‎

‎

‎သို့သော် ထိုရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများမှာမူ အမိန့်လာရောက်ကြေညာရုံမျှနှင့်ပင် သူတော်စင်အဆင့်တစ်ဉီးမက စေလွှတ်ခဲ့ကြသည်။ ၎င်းတို့၏ နောက်ကွယ်တွင် ပိုမိုစွမ်းအားကြီးသော ဖြစ်တည်မှုများ ပုန်းအောင်းနေဦးမည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

‎

‎

‎

‎ဤသည်မှာ ဗြောင်ကျသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်မှာ သေချာသည်။

‎

‎

‎လူသားမျိုးနွယ်တွင် လူဦးရေ အများအပြား ရှိသော်လည်း... ထိပ်တန်းအဆင့် ကျင့်ကြံသူအရေအတွက်တွင်မူ ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများနှင့် ယှဉ်လျှင်... အားသာချက် မရှိရုံမျှမက ကြီးမားသော အားနည်းချက်ပင် ဖြစ်နေသည်။

‎

‎

‎မျိုးနွယ်စုများအကြား ယှဉ်ပြိုင်မှုတွင်... ထိပ်တန်းတိုက်ခိုက်ရေးစွမ်းရည်သည်သာ အရေးအကြီးဆုံး ဖြစ်သည်။

‎

‎

‎ထို့အပြင် ရှေးဟောင်းဘုရင်မျိုးနွယ်စုများ၏ နောက်ကွယ်တွင်... ဧကရာဇ်အဆင့်ဖြစ်တည်မှုများ မွေးထုတ်ပေးခဲ့ဖူးသော ကြောက်မက်ဖွယ်ရာ တော်ဝင်မျိုးနွယ်စု အများအပြား ရှိနေသေးသည်။ သူတို့၏ သမိုင်းကြောင်းနှင့် အခြေခံအုတ်မြစ်သည်... လက်ရှိ လူသားမျိုးနွယ်၏ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများထက်ပင် ပိုမိုနက်ရှိုင်း၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... ထိုတော်ဝင်မျိုးနွယ်စုများ ကြီးစိုးခဲ့စဉ်က... လက်ရှိ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများကို... အရိပ်အယောင်ပင် မတွေ့ရသေးသောကြောင့် ဖြစ်သည်။

‎

‎

‎ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများ ပေးထားသော အချိန်ကာလမှာ တစ်ရက်သာ ရှိသည်။

‎

‎

‎သူတို့ ဘာလုပ်ကြမည်နည်း။

‎

‎

‎“ ငါတို့ရဲ့ ဘိုးဘေးပိုင်နယ်မြေအားလုံးကို တကယ်ပဲ လက်လွတ်ခံလိုက်ရတော့မှာလား! ”

‎

‎

‎“ နှစ်ပေါင်း သောင်းချီ ကြိုးပမ်းခဲ့ရတာတွေက ခဏလေးအတွင်း ပျက်စီးသွားတော့မယ်။ ဒီရလဒ်ကို ငါအရှင်သခင် လက်မခံနိုင်ဘူး! ”

‎

‎

‎ဂိုဏ်းချုပ်အချို့က ပြင်းထန်စွာ ပြောဆိုကြပြီး... သူတို့၏ ဘိုးဘေးပိုင်နယ်မြေများကို ဘယ်တော့မှ လက်လွတ်ခံမည် မဟုတ်ကြောင်းနှင့်... ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများကို အဆုံးထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း... ကြေညာကြသည်။

‎

‎

‎ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက်... ဂိုဏ်းချုပ်များနှင့် ကျောင်းထိုင်ဆရာတော်များကြားတွင် သဘောတူညီမှု မရရှိခဲ့ကြပေ။

‎

‎

‎သို့သော် သေချာသောအချက်တစ်ခုမှာ မည်သူမျှ မိမိတို့၏ ဘိုးဘေးပိုင်နယ်မြေကို အလွယ်တကူ လက်လွတ်မခံလိုကြခြင်းပင် ဖြစ်သည်။

‎

‎

‎… … … …

‎

‎

‎တစ်ရက်အကြာတွင်.....

‎

‎

‎အရှေ့ပိုင်းတောကန္တာရတာအိုနယ်မြေ... ချမ်ယွမ်ဂိုဏ်း ပိုင်နက်နယ်မြေတွင်.....

‎

‎

‎ချမ်ယွမ်ဂိုဏ်းချုပ်သည် ဂိုဏ်းရှိ အကြီးအကဲများနှင့် တပည့်များကို ဦးဆောင်ကာ တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ထား၏။

‎

‎

‎သူတို့သည် ယမန်နေ့က နေရာဖယ်ပေးရန် အကြောင်းကြားခံရသည့် ပထမဆုံးသော လူသားမျိုးနွယ် အင်အားစုဖြစ်ပြီး... ချမ်ယွမ်ဂိုဏ်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ခွာလိုခြင်း မရှိကြပေ။

‎

‎

‎ထို့ကြောင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်... ချမ်ယွမ်ဂိုဏ်းချုပ်သည် ဂိုဏ်း၏ အမွေအနှစ်အားလုံးကို အသုံးပြုပြီး... ချမ်ယွမ်ဂိုဏ်းကို အသက်ပေးကာကွယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

‎

‎

‎“ မဟာအကြီးအကဲ... ဒီတစ်ခါ ချမ်ယွမ်ဂိုဏ်း တောင့်ခံနိုင်မလားဆိုတာ အကြီးအကဲအပေါ်မှာပဲ မူတည်ပါတယ် ”

‎

‎

‎ချမ်ယွမ်ဂိုဏ်းချုပ်က သူ၏ဘေးရှိ အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုကို လေးစားစွာ ပြောလိုက်သည်။

‎

‎

‎မူချမ်ချိုးဟု အမည်ရသော ဤအနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ချမ်ယွမ်ဂိုဏ်း၏ အသန်မာဆုံး အကာအကွယ်ဖြစ်သည့် သူတော်စင်အိုကြီးတစ်ပါး ဖြစ်သည်။

‎

‎

‎“ ဂိုဏ်းချုပ်... စိတ်ချပါ။ ဒီအဘိုးကြီး ရှိနေသမျှ ဒီနေ့ ဘယ်သူမှ ငါ့ချမ်ယွမ်ဂိုဏ်းရဲ့ နယ်မြေတစ်လက်မကိုတောင် မထိပါးစေရဘူး! ”

‎

‎

‎မူချမ်ချိုးသည် မျက်လွှာချလျက် မာန်ပါပါ ပြောလိုက်သည်။

‎

‎

‎ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများကြားတွင်... သူတော်စင်များ ရှိနေလျှင်ရော ဘာဖြစ်သနည်း။ သူသည်လည်း သူတော်စင်အဆင့်ဖြစ်တည်မှုတစ်ခုပင်... တစ်ဖက်လူကို သူ အဘယ်ကြောင့် ကြောက်ရမည်နည်း!

‎

‎

‎သို့သော် မူချမ်ချိုး၏ မျက်နှာပေါ်ရှိ မာန်တက်နေမှုသည် လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ခန့်သာ ကြာမြင့်ပြီးနောက် ရုတ်တရက် ပျက်စီးသွားခဲ့ရသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကောင်းကင်အဆုံးမှနေ၍ ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်လာသော ယှဉ်ပြိုင်ဘက်ကင်းသည့် အရှိန်အဝါ ငါးခု ချဉ်းကပ်လာသည်ကို သူ ခံစားလိုက်ရသောကြောင့်ပင်!

‎

‎

‎ထိုအရှိန်အဝါ ငါးခုစလုံးသည် ခြွင်းချက်မရှိ သူတော်စင်အဆင့်ဖြစ်တည်မှုများ ဖြစ်ကြသည်။

‎

‎

‎ထို့အပြင် အရှိန်အဝါတစ်ခုစီသည် သူ၏ အရှိန်အဝါထက် ပိုမိုအားကောင်းနေ၏။

‎

‎

‎“ ငါတို့ရဲ့ အမိန့်ကို အလေးမထားတဲ့ ချမ်ယွမ်ဂိုဏ်း... မျိုးတုန်းသတ်ဖြတ်ခံရဖို့ပဲ ထိုက်တန်တယ် ”

‎

‎

‎အေးစက်ပြီး ခမ်းနားထည်ဝါသော အသံတစ်သံသည် ကောင်းကင်အဆုံးမှ ပဲ့တင်ထပ်လာ၏။

‎

‎

‎ကောင်းကင်နှင့် နေမင်းကြီးကို ဖုံးလွှမ်းသွားသော ကြောက်မက်ဖွယ်ရာ ပုံရိပ်ငါးခု ဆင်းသက်လာ၏။ သူတို့၏ အေးစက်သော အကြည့်များသည် အောက်ဘက်ရှိ ချမ်ယွမ်ဂိုဏ်းသားများအပေါ် ကျရောက်လာပြီး... မည်သည့်စကားမျှ ပိုမပြောကြတော့ပေ။

‎

‎

‎ရှေးဟောင်းတော်ဝင်မျိုးနွယ်မှ သူတော်စင်ငါးပါးသည် ချမ်ယွမ်ဂိုဏ်းကို ဤကမ္ဘာမြေမှ လုံးဝဖျောက်ဖျက်ပစ်ရန် အတူတကွ လှုပ်ရှားလိုက်ကြတော့သည်။

All Chapters