အခန်း (၁၆၁-၁၆၂)
Vol. 12 Ch. 161-162
အခန်း ( ၁၆၁ ) - သေမင်းတမန်တိုက်ပွဲ၊ ဆက်လက်တွက်ချက်ဆဲ၊ ကြက်ကိုသတ်၍ မျောက်အား ခြောက်လှန့်ခြင်း
နတ်ဆိုးနဂါးမျိုးနွယ်မှ သူတော်စင်ငါးဦးသည် သနားညှာတာမှု အလျဉ်းမရှိဘဲ... ချက်ချင်းပင် သေစေနိုင်သော တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။
သူတို့၏ ဧရာမလက်ကြီးများသည် ကောင်းကင်ပြင်ကို ဖုံးလွှမ်းသွားကာ ချမ်ယွမ်ဂိုဏ်းအား အရှေ့ဘက်စွန့်ပစ်ဒေသ တာအိုနယ်မြေမှ အပြီးတိုင် ချေမှုန်းပစ်ရန် ရည်ရွယ်ချက်ဖြင့် ထိုးနှက်တိုက်ခိုက်လိုက်ကြ၏။
မူချမ်ချိုး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
နဂါးမျိုးနွယ်၏အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလောက်မည်ဟု သူ သုံးသပ်မိခဲ့ပြီးဖြစ်၏။ သို့မဟုတ်ပါက ချမ်ယွမ်ဂိုဏ်းချုပ်သည် သူ့အား နှစ်ခြိုက်စွာအိပ်စက်ခြင်းမှ နှိုးကာ ထွက်ပေါ်လာပါရန် တောင်းပန်တိုးလျှိုးနေမည် မဟုတ်ပေ။
သူသည် ယခုအချိန်တွင် ချမ်ယွမ်ဂိုဏ်းအတွင်း၌ အစွမ်းအထက်ဆုံးသော အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
မူချမ်ချိုးသည် ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။ ရှေးဟောင်းလက်ကျန်မျိုးနွယ်စုများ အင်အားကြီးမားခဲ့လျှင်ပင်... နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာမြင့်ပြီးနောက်တွင် သူတို့သည် ယခင်က ဘုန်းတန်ခိုးအာဏာများကို ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ဟု ယုံကြည်ထား၏။
ထို့ထက်မက ရှေးဟောင်းခေတ်သည် ရှေးဟောင်းခေတ်သာ ဖြစ်သည်။
ရှေးဟောင်းခေတ်မှစ၍ ရေတွက်မရနိုင်သော နှစ်သောင်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး... လူသားမျိုးနွယ်မှာလည်း ရှေးယခင်ကတည်းက ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ခေတ်နောက်ကျကျန်ရစ်ခဲ့သော ဤရှေးဟောင်းလက်ကျန်မျိုးနွယ်များကို... အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
သို့သော်.....
မူချမ်ချိုးသည် နတ်ဆိုးနဂါးမျိုးနွယ် သူတော်စင်ငါးဦး အတူတကွ ရောက်ရှိလာပြီး... ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သည်ကို မြင်လိုက်ရသောအခါ... သူမှားယွင်းနေခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။
ဤရှေးဟောင်းလက်ကျန်မျိုးနွယ်သည် သူတော်စင်ငါးဦးအား သာမန်မျှသာ စေလွှတ်လိုက်ခြင်းဖြစ်၏။ ဤအဆင့်အတန်းရှိသော အမွေအနှစ်နှင့် အင်အားသည် ချမ်ယွမ်ဂိုဏ်းအနေဖြင့် စိတ်ကူးပုံဖော်နိုင်ခြင်းထက်ပင် များစွာ သာလွန်နေခဲ့သည်။
သို့သော် ဤအချိန်တွင်မူ တစ်ခုခု ပြောဆိုရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
မိမိ၏ဘေးတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာများရှိသည့် ချမ်ယွမ်ဂိုဏ်းဝင်များကို ကြည့်ရင်း မူချမ်ချိုးသည် သွားများကိုခဲကြိတ်လိုက်ကာ သူ၏ သူတော်စင်လက်နက်အား ဆင့်ခေါ်လိုက်သည်။
၎င်းသည် နက်နဲသောအနက်ရောင်ရှိ ရှေးဟောင်းခေါင်းလောင်းတစ်လုံးဖြစ်ပြီး လေဟာနယ်အတွင်း၌ ချိတ်ဆွဲတည်ရှိနေသည်။
ခေါင်းလောင်းသံလှိုင်းများ လှုပ်ခတ်သွားကာ... နက်နဲသော ဝါညစ်ရောင်ချီမျှင်တန်းများကို ထုတ်လွှတ်လျက်... အောက်ဘက်ရှိ ချမ်ယွမ်ဂိုဏ်းဝင်များအား ကာကွယ်ပေးထား၏။
အကယ်၍ သူသာ ယခု ဆုတ်ခွာလိုက်ပါက... ချမ်ယွမ်ဂိုဏ်းတစ်ခုလုံးသည် ချက်ချင်းပင် ပျက်စီးသွားမည်ဖြစ်ကြောင်း... မူချမ်ချိုး သိရှိနေ၏။
" ဟက်... သူတော်စင်အိုကြီးတစ်ယောက်တည်းနဲ့များ ငါတို့အားလုံးရဲ့ပေါင်းစည်းတိုက်ခိုက်မှုကို တားဆီးချင်နေတာလား "
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်တစ်ဦးသည် မထီမဲ့မြင်ပြုံးလိုက်ပြီး... သူ၏အေးစက်သောမျက်လုံးများထဲတွင် မထီမဲ့မြင်ပြုသော အမူအရာတစ်ခု လင်းလက်သွားကာ... မူချမ်ချိုးအား သူ၏မျက်စိထဲသို့ လုံးဝမထည့်သွင်းသည့်ဟန် ပေါ်နေသည်။
" ဘုန်း...! "
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်ငါးဦး၏ ကြောက်မက်ဖွယ်ကောင်းသော ပူးပေါင်းတိုက်ခိုက်မှုသည် ကျရောက်လာခဲ့ပြီး... နက်နဲသောဝါညစ်ရောင်ခေါင်းလောင်းအား ထိမှန်ကာ... ထိုသူတော်စင်ခေါင်းလောင်းအား ပြင်းထန်စွာ တုန်ခါစေလျက် အဆက်မပြတ် ပဲ့တင်ထပ်နေစေ၏။
၎င်းထုတ်လွှတ်လိုက်သော နက်နဲသောဝါညစ်ရောင်ချီသည်ပင် မုန်တိုင်းကြားမှ လှေငယ်တစ်စင်းကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်နေပြီး... မည်သည့်အချိန်တွင်မဆို တိမ်းမှောက်သွားနိုင်မည့် အန္တရာယ်ရှိနေသကဲ့သို့ ထင်ရသည်။
သူတော်စင်ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်တွင်လည်း မသဲမကွဲသော အက်ကြောင်းများသည် တဖြည်းဖြည်း စတင်ပေါ်ပေါက်လာခဲ့သည်။
" ဟမ့်...! "
မူချမ်ချိုးသည် ညည်းညူလိုက်ပြီး... သူ၏နှုတ်ခမ်းထောင့်မှ သွေးစတစ်စ ယိုဖိတ်ကျလာ၏။
ထိုသူတော်စင်ခေါင်းလောင်းသည် သူ၏အသက်ဖြင့် ပြုစုပျိုးထောင်ထားသော သူ၏မှော်ရတနာဖြစ်၏။ ယခုအခါ သူတော်စင်ခေါင်းလောင်းသည် အန္တရာယ်နှင့် ကြုံတွေ့နေရသဖြင့်... သူသည်လည်း သဘာဝအတိုင်း ထိခိုက်ခံစားရပြီး တာအိုဒဏ်ရာများ ရရှိသွားခဲ့သည်။
" ခေါင်းမာတဲ့...အဘိုးကြီး...သေလိုက်တော့! "
ကောင်းကင်ဘုံကိုးခုအထက်တွင် ထည်ဝါစွာ ရပ်တည်နေသော နတ်ဆိုးနဂါးမျိုးနွယ် သူတော်စင်တစ်ဦးသည်... သူ၏တိုက်ခိုက်မှု တားဆီးခံလိုက်ရသည်ကို မြင်သောအခါ မျက်လုံးများထဲ၌ မကျေနပ်သော အမူအရာတစ်ခု လင်းလက်သွားသည်။
သူသည် ပါးစပ်ကိုဖွင့်၍ ရှူသွင်းလိုက်ရာ... မိုင်တစ်သောင်းပတ်လည် အချင်းဝက်အတွင်းရှိ ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီအားလုံးသည်... သူ၏ ဝမ်းဗိုက်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။
ထို့နောက်... ဤနတ်ဆိုးနဂါးမျိုးနွယ် သူတော်စင်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ... သူ၏ ဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေပြီး... တာအိုနယ်မြေ၏အပြင်ဘက်ရှိ အဆုံးမဲ့ကမ္ဘာမှ ကြယ်များကိုပင် တုန်လှုပ်သွားစေခဲ့သည်။
မမြင်နိုင်သော အသံလှိုင်းများသည် ဒီရေလှိုင်းများကဲ့သို့... ချမ်ယွမ်ဂိုဏ်းအထက်ရှိ သူတော်စင်ခေါင်းလောင်းအား ရိုက်ခတ်လိုက်ရာ... သူတော်စင်ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်ရှိ အက်ကြောင်းများမှာ ပိုမိုများပြားလာခဲ့သည်။
မိမိတို့၏ ဦးခေါင်းအထက်ရှိ သူတော်စင်ခေါင်းလောင်းကို မော့ကြည့်နေကြသော ချမ်ယွမ်ဂိုဏ်းဝင်များ၏ မျက်နှာများပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်မှုများသည် တဖြည်းဖြည်း ပိုမိုထင်ရှားလာခဲ့သည်။
သူတို့ထံတွင် သူတော်စင်အဆင့်၏ တိုက်ခိုက်ရေးစွမ်းအား မရှိသော်ငြားလည်း... တိုက်ပွဲ၏ အခြေအနေကိုမူ ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ကြသည်။
ချမ်ယွမ်ဂိုဏ်းတွင် သူတော်စင်တစ်ဦးတည်းဖြစ်သော မဟာအကြီးအကဲသာ ရှိသော်လည်း... ရှေးဟောင်းတော်ဝင်မျိုးနွယ်တွင်မူ ငါးဦးအပြည့် ရှိနေခဲ့သည်။
အရေအတွက်ကို ရိုးရှင်းစွာ နှိုင်းယှဉ်ကြည့်ရုံမျှဖြင့်... ချန်ယွမ်ဂိုဏ်းသည် ဤရှေးဟောင်းလက်ကျန်မျိုးနွယ်အတွက် ပြိုင်ဘက်တစ်ဦး မဖြစ်နိုင်သည်မှာ သိသာထင်ရှားလှသည်။
" ဂိုဏ်းချုပ်...မဟာအကြီးအကဲ... ကျွန်တော်တို့... ကျွန်တော်တို့ ဆုတ်ခွာသင့်တယ် ထင်တယ်..... "
ချမ်ယွမ်ဂိုဏ်း အကြီးအကဲတစ်ဦးသည် တံတွေးမျိုချလိုက်ပြီး တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်သည်။
သူခံစားမိသည်မှာ အကယ်၍ ချမ်ယွမ်ဂိုဏ်းသည် ခေါင်းမာစွာ ဆက်လက်ခုခံနေပါက... ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ လက်ချက်ဖြင့် အစုလိုက်အပြုံလိုက် ပျက်စီးခြင်း ကံကြမ္မာကို... မလွဲမသွေ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
မျှော်လင့်ချက်မဲ့စွာ အဆုံးတိုင်အောင် ရုန်းကန်တိုက်ခိုက်နေမည့်အစား... စောစီးစွာ ဆုတ်ခွာလိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
စိတ်ဝိညာဉ်ချီ ရှားပါးသော မြေယာမဲ့ဒေသသို့ ပြောင်းရွှေ့ရမည်ဟု ဆိုလျှင်ပင်... အနည်းဆုံး ထိုအရာသည် လူတိုင်းသေဆုံးရခြင်းထက် ပို၍ ကောင်းမွန်သည်တကား.....
" မဟာအကြီးအကဲ...ခဏလေး... ခဏလေး ထပ်ထိန်းထားပေးပါ... တခြားဂိုဏ်းတွေကို အကူအညီတောင်းဖို့ ကျွန်တော်လွှတ်လိုက်တဲ့လူတွေ မကြာခင် ပြန်ရောက်လာတော့မှာပါ "
ချမ်ယွမ်ဂိုဏ်းချုပ်သည် ရုန်းကန်နေရသော မူချမ်ချိုးအား ကြည့်ကာ သွားများကိုခဲကြိတ်လျက် ပြောလိုက်သည်။
ချမ်ယွမ်ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူသည် ချမ်ယွမ်ဂိုဏ်းအား အလွယ်တကူ ပြောင်းရွှေ့လိုစိတ် မရှိသည်မှာ သဘာဝကျပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူသည် ချန်ယွမ်ဂိုဏ်း၏ ခေတ်အဆက်ဆက်အတွက် အပြစ်သားတစ်ဦး ဖြစ်သွားလိမ့်မည်ဟု အဓိပ္ပာယ်သက်ရောက်သောကြောင့် ဖြစ်သည်။
ယနေ့... နတ်ဆိုးနဂါးမျိုးနွယ် သူတော်စင်များ ကျရောက်လာတော့မည့် အချိန်မတိုင်မီတွင်... သူသည် ချန်ယွမ်ဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်ပြီး နက်ရှိုင်းသော အမွေအနှစ်များ ပိုင်ဆိုင်ကြသည့် မြင့်မြတ်မြေများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီးများထံမှ အကူအညီရယူရန် အကြီးအကဲအချို့အား စေလွှတ်ခဲ့ပြီး... သူတို့သည် ချမ်ယွမ်ဂိုဏ်းအား အပြန်အလှန် ကူညီထောက်ပံ့လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
ယခု အချိန်ကို တွက်ချက်ကြည့်ပါက... အားဖြည့်အကူအညီများသည် မကြာမီ ရောက်ရှိလာသင့်ပေပြီ။
ဂိုဏ်းချုပ်၏အသံကို ကြားရသောအခါ... ချမ်ယွမ်ဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများသည်... သူတို့၏ မျက်နှာများပေါ်၌ မျှော်လင့်ချက် အရိပ်အယောင်များကို မထိန်းနိုင်ဘဲ ဖော်ပြလာကြသည်။
အကယ်၍ အားဖြည့်အကူအညီများသာ ရောက်ရှိလာနိုင်ပါက... ချမ်ယွမ်ဂိုဏ်းသည် အမှန်တကယ်ပင် ကယ်တင်ခြင်းခံရပေလိမ့်မည်။
မူချမ်ချိုးပင်လျှင် အားတက်သွားဟန်ရှိပြီး... အချိန်ဆွဲနိုင်ရန်အတွက် သူ၏ အသက်သွေးကြောကို လောင်ကျွမ်းပစ်ရန်ပင် ဝန်မလေးခဲ့ပေ။
ခဏတာ အချိန်တစ်ခု ကြာမြင့်သွားသည်။
မူချမ်ချိုး ပြိုလဲကျတော့မည့်ဆဲဆဲ... သူတော်စင်ခေါင်းလောင်းမှာလည်း လုံးဝ ကွဲအက်ကြေမွတော့မည့် အချိန်တွင်.....
ကောင်းကင်၏ အစွန်းတစ်ဖက်မှ မျှော်လင့်ချက်ကင်းမဲ့ခြင်းဖြင့် ပြည့်နှက်နေသော အသံအချို့ ထွက်ပေါ်လာခဲ့သည်။
" ဂိုဏ်းချုပ်... ထိုက်ယီမြင့်မြတ်နယ်မြေက အကူအညီမပေးချင်ဘူးတဲ့... သူတို့လည်း ရှေးဟောင်းလက်ကျန်မျိုးနွယ်တွေရဲ့ ရိုက်ခတ်မှုကို ရင်ဆိုင်ဖို့... အင်အားထိန်းသိမ်းထားဖို့ လိုတယ်လို့ ပြောတယ် "
" ယမဘုံ အထွတ်အမြတ် ကျောင်းတော်က တံခါးတွေပိတ်ထားပြီး... ကျွန်တော့်ကို အထဲကိုတောင် ဝင်ခွင့်မပေးဘူး "
" တာအိုနားလည်ခြင်းအင်မော်တယ်ဂိုဏ်းကလည်း အတူတူပဲ... အကူအညီမပေးချင်ဘူး "
" ဂိုဏ်းချုပ်... ကျွန်တော်တို့အားလုံး အကောင်းဆုံးကြိုးစားခဲ့ပါတယ်... ဒါပေမဲ့ အဲ့ဒီဂိုဏ်းတွေက ကျွန်တော်တို့ ချမ်ယွမ်ဂိုဏ်းကို ကူညီဖို့ ဆန္ဒမရှိကြဘူး... ကျွန်တော်တို့ ချမ်ယွမ်ဂိုဏ်းရဲ့ အမွေအနှစ် မပြတ်တောက်သွားအောင် ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်သွားပါ့မယ် "
ကောင်းကင်ယံမှ ထိုအသံအနည်းငယ် ထွက်ပေါ်လာပြီးနောက်... ၎င်းတို့သည် လျင်မြန်စွာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုချမ်ယွမ်ဂိုဏ်း အကြီးအကဲအနည်းငယ်သည် အခြေအနေမှာ မျှော်လင့်ချက်ကင်းမဲ့နေသည်ကို မြင်သောအခါ... ချမ်ယွမ်ဂိုဏ်းနှင့်အတူတကွ ပျက်စီးခြင်းခံမည့် အတွေးကို စွန့်လွှတ်လိုက်ကြပြီး... မိမိကိုယ်ကို ကာကွယ်ရန် ရွေးချယ်ကာ အသက်လု ထွက်ပြေးသွားကြတော့သည်။
ဒေါသ... မျှော်လင့်ချက်မဲ့ခြင်း.....
ဤအခိုက်အတန့်တွင် ချမ်ယွမ်ဂိုဏ်းချုပ် ဖြစ်စေ... ဂိုဏ်းအတွင်းရှိ တပည့်များဖြစ်စေ... သူတို့အားလုံးသည် မျှော်လင့်ချက်ကင်းမဲ့လျက် ရှိနေကြသည်။
" ဒီလိုအချိန်မျိုးမှာတောင် သူတို့က တွက်ချက်နေကြတုန်းပဲ..... "
ချမ်ယွမ်ဂိုဏ်းချုပ်၏ နှုတ်ခမ်းများသည် တုန်ရီလာပြီး... သူ၏ နှလုံးသားထဲတွင် အထီးကျန်ဆန်သော ဝေဒနာတစ်ရပ် တိုးဝှေ့ဝင်ရောက်လာ၏။
ထိုမြင့်မြတ်မြေများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီးများသည် 'နှုတ်ခမ်းပါး လန်သွားလျှင် သွားများ အေးရသည်' ဆိုသော သဘောတရားကို နားမလည်ကြသလော။
ယခု ချန်ယွမ်ဂိုဏ်းက ဒုက္ခခံစားနေရသော်လည်း... နောက်တစ်ကြိမ်တွင်မူ သူတို့၏ အလှည့် ဖြစ်ပေလိမ့်မည်။
လူမိုက်များ သူတို့အားလုံးသည် လူမိုက်တစ်သိုက်သာ ဖြစ်ကြသည်။
ဤသို့တွေးမိသောအခါ... ချမ်ယွမ်ဂိုဏ်းချုပ်သည် ဆက်လက် စဉ်းစားတွေးတောရန် အချိန်မရှိတော့ဘဲ... ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်တော့သည်။
" အားလုံး ရပ်လိုက်ကြတော့... ကျွန်တော်တို့ ချမ်ယွမ်ဂိုဏ်း ဒီနေရာကနေ အခုချက်ချင်း ပြောင်းရွှေ့မယ်... ဘယ်တော့မှ ပြန်မလာတော့ဘူး "
ယခုအခါ ချန်ယွမ်ဂိုဏ်း၏ အင်အားများ ကုန်ဆုံးသွားပြီး... ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းတစ်စုံတစ်ရာ မရှိတော့သဖြင့်... ချမ်ယွမ်ဂိုဏ်းချုပ်သည် ချက်ချင်း လက်နက်ချ အညံ့ခံရန် ဆုံးဖြတ်လိုက်ပြီး... ရှေးဟောင်းတော်ဝင်မျိုးနွယ်အား ဆက်လက် ခုခံခြင်း မပြုတော့ပေ။
သို့သော် သူမျှော်လင့်မထားသည်မှာ ထို သူတော်စင်ငါးဦးသည် သူ၏စကားများကို လုံးဝမကြားဟန်တူပြီး... သူတို့၏ သူတော်စင်စွမ်းအားများသည် ဆက်လက် ကျဆင်းစေဆဲဖြစ်ကာ... သူတော်စင်ခေါင်းလောင်းအား လုံးဝ ပေါက်ကွဲသွားစေရန် ပြုလုပ်တော့မည်မှာ ရှင်းလင်းနေ၏။
" ဘာလို့လဲ... ကျွန်တော်တို့ လက်နက်ချဖို့ ဆုံးဖြတ်ပြီးသွားပြီလေ "
ချမ်ယွမ်ဂိုဏ်းချုပ်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်လုံးများမှာ သွေးများဖြင့် နီရဲလျက်ရှိသည်။
" အခုမှ လက်နက်ချချင်တယ် ဟုတ်လား... အရမ်းနောက်ကျသွားပြီ... မင်းတို့ ချမ်ယွမ်ဂိုဏ်းရဲ့ သွေးတွေနဲ့ ငါတို့ ရှေးဟောင်းမျိုးနွယ်တွေကို မလေးမစားလုပ်ရဲတဲ့ လူသားပုရွက်ဆိတ်တွေကို ခြောက်လှန့်ဖို့အတွက် အသုံးချလိုက်ရတာပေါ့ "
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်သည် မထီမဲ့မြင် ပြုံးလိုက်ပြီး... အဆုံးအစမရှိသော သူတော်စင်စွမ်းအားများ ကျဆင်းလာကာ... နောက်ဆုံးတွင် သူတော်စင်ခေါင်းလောင်းအား လုံးဝ ပေါက်ကွဲသွားစေခဲ့သည်။
ထိုသူတော်စင်စွမ်းအား၏ နောက်ဆက်တွဲ ရိုက်ခတ်မှုသည် တိုက်ခတ်သွားကာ... ချမ်ယွမ်ဂိုဏ်း တပည့်ရာပေါင်းများစွာအား ချက်ချင်းပင် အသားစိုင်များအဖြစ် ကြေမွသွားစေပြီး... ၎င်းတို့အား သွေးမြူတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
အခန်း( ၁၆၂ ) - ချန်ယွမ်ဂိုဏ်း ပျက်စီးခြင်း၊ ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဆန္ဒအား လုံးဝလျစ်လျူရှုခြင်း
" မင်း... မင်းတို့က အစကတည်းက ငါ့ချန်ယွမ်ဂိုဏ်းကို လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိခဲကြတာပဲ ”
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်၏ အေးစက်သောစကားများကို နားထောင်ရင်း... ချမ်ယွမ်ဂိုဏ်းချုပ်သည် သူ၏တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်ကို ခံစားလိုက်ရပြီး... မယုံနိုင်စရာ ဖြစ်နိုင်ခြေတစ်ခုခုကို တွေးတောမိသွားသကဲ့သို့ ဖြစ်၏။
ဤရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်များသည် အစအဦးမှစ၍ ချမ်ယွမ်ဂိုဏ်းအား လွှတ်ပေးရန် လုံးဝ ရည်ရွယ်ထားခဲ့ခြင်း မရှိခဲ့ချေတကား.....
" ဟက်...တော်တော်လေးတော့ မဟုတ်သေးဘူးပဲ "
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်တစ်ဦးသည် မထီမဲ့မြင်ပြုံးလိုက်ပြီး... သူ၏ချွန်ထက်သော လက်သည်းများသည် မိုင်ပေါင်းရာနှင့်ချီ၍ ကျယ်ပြန့်သော ချန်ယွမ်ဂိုဏ်း၏ ဘိုးဘွားပိုင်မြေအား အပျက်အစီးများနှင့် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားစေလျက်... ကျဆင်းလာခဲ့သည်။
" အဘိုးကြီး...မင်းတို့အားလုံးနဲ့ ငါ အသေတိုက်မယ်..... "
သူတော်စင်ခေါင်းလောင်းသည် ကြေမွသွားခဲ့ပြီး... မူချမ်ချိုးသည် သွေးဟောင်းတစ်လုပ်စာ ထွေးထုတ်လိုက်သည်။ ဤသည်မှာ သေလမ်းဖြစ်ကြောင်း သိရှိသွားသဖြင့်... သူသည် ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် ကောင်းကင်သို့ တက်သွားကာ... ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်အချို့ထံသို့ သေမင်းတမန်တိုက်ပွဲ ဆင်နွှဲရန် ပြေးဝင်တိုက်ခိုက်လိုက်လေသည်။
သို့သော် သူ၏ သေခါနီး ရုန်းကန်မှုသည်
အသုံးမဝင်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်တစ်ဦး၏ အကြည့်များသည် အေးစက်လျက်ရှိပြီး... သူ၏ချွန်ထက်သော လက်သည်းများသည် လေဟာနယ်အား ရက်စက်စွာ ဖြတ်တောက်လိုက်သည်။ သူတော်စင်စွမ်းအားများ ပျံ့နှံ့သွားပြီး... အဆုံးမရှိသော တာအိုစွမ်းအားများသည် သူ၏ချွန်ထက်သော လက်သည်းများတွင် ကပ်ပါသွားကာ... မူချမ်ချိုး၏ ရင်ဘတ်ပေါ်၌ အရိုးကိုမြင်ရလောက်အောင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုအား ချက်ချင်းပင် ချန်ထားခဲ့သည်။
" သေချင်နေတာကိုး "
ဒုတိယမြောက် ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်သည်လည်း မူချမ်ချိုး၏ နောက်မှ တိုက်ခိုက်လိုက်ပြီး... သူ၏ လက်တစ်ဖက်အား လက်သည်းဖြင့် ပိုင်းဖြတ်လိုက်ရာ... သူတော်စင်သွေးများသည် ကောင်းကင်ယံ၌ ကြဲဖြန့်သွားစေသည်။
ထိုရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်သည် သူ၏လက်ချောင်းထိပ်များမှ သွေးစွန်းများအား ကြည့်လိုက်ပြီး... ၎င်းတို့အား ပါးစပ်ထဲသို့ ထည့်လိုက်ရာ... သူ၏မျက်နှာပေါ်တွင် မိန်းမူးမက်မောသော အမူအရာတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။
" လူသားမျိုးနွယ် သူတော်စင်ရဲ့သွေးက ချိုမြိန်ပြီး အရသာရှိတုန်းပဲ... ငါမခံစားရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ "
" ဟက်... ဒီတစ်ခါတော့ ငါ စားကောင်းသောက်ကောင်း စားရတော့မှာပဲ "
" သူ့နှလုံးနဲ့ အသည်းကို ငါကိုယ်တော်အတွက် ချန်ထား "
" ငါကိုယ်တော်က သူ့ခေါင်းကို လိုချင်တယ် "
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်အများအပြားသည် တစ်ဦးပြီးတစ်ဦး... ဤလူသားမျိုးနွယ် သူတော်စင်အိုကြီး မူချမ်ချိုးအား... အမဲလိုက်ခံရမည့် သားကောင်တစ်ဦးအဖြစ် သဘောထားလိုက်ကြသည်။
မူချမ်ချိုးသည် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေပြီး... မိမိကိုယ်ကို အဆုံးစီရင် ပေါက်ကွဲပစ်ရန် ကြံရွယ်ခဲ့သော်လည်း... သူသည် ထိုသူတော်စင်ငါးဦး၏ ပူးပေါင်းဖိနှိပ်ခြင်းကို ခံလိုက်ရကာ... မိမိကိုယ်ကို အဆုံးစီရင် ပေါက်ကွဲရန်ပင် မစွမ်းနိုင်ခဲ့ချေ။
နောက်ဆုံးတွင် အဆုံးမရှိသော မကျေနပ်မှုများကြားမှ... မူချမ်ချိုး၏ ဦးခေါင်းသည် မြင့်မားစွာ လွင့်ပျံသွားခဲ့ပြီး... သူသည် ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်ငါးဦး၏ ဝါးမြိုစားသုံးခြင်းကို ခံလိုက်ရသည်။
" တကယ်နှမြောစရာပဲ...ဒီလူက အသက်ကြီးနေပြီ သူ့သွေးထဲမှာ ဆွေးမြေ့ပျက်စီးခြင်းနဲ့ ယိုယွင်းခြင်း အရိပ်အငွေ့တွေ မသိမသာ ပါနေတယ်... လုံလုံလောက်လောက် မလတ်ဆတ်ဘူး "
အထက်ဆီမှ ဝါးစားသံများကို နားထောင်ရင်း... ချမ်ယွမ်ဂိုဏ်းရှိ အထက်မှအောက် လူတိုင်းသည် မျှော်လင့်ချက်ကင်းမဲ့သွားကြပြီး... ငိုချင်သော်လည်း မျက်ရည်မရှိသည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။
" အိုး...ကောင်းကင်ဘုံ အရှင်သခင်...ကျွန်တော်မျိုးတို့ ချမ်ယွမ်ဂိုဏ်းက ဘယ်လိုအမှားမျိုး ကျူးလွန်ခဲ့လို့ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ဆက်ဆံမှုမျိုးကို ခံရတာပါလဲ "
ချမ်ယွမ်ဂိုဏ်းချုပ်သည် သူ၏ ဝမ်းနည်းပူဆွေးမှုကို မြိုသိပ်ထားသော်လည်း... သူသည် ကုမိသားစုအကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့သည့်အပြင်... ထိုစဉ်က ကုမိသားစုသည် ထာဝရဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦး၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပြီး... အလုံးစုံပျက်စီးခြင်း၏ သားကောင် ဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည့် အချိန်ကိုပါ တွေးတောမိခဲ့သည်။
ကုမိသားစုသည် တစ်ချိန်က ချမ်ယွမ်ဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ဖူးသည်။
ထိုစဉ်က ကုမိသားစု ဒုက္ခကြုံတွေ့ခဲ့ရသောအခါ... သူတို့သည် ချမ်ယွမ်ဂိုဏ်းထံမှ အကူအညီ ရယူရန် ကြိုးပမ်းခဲ့ကြသည်။
သို့သော်... ထိုအချိန်က ချမ်ယွမ်ဂိုဏ်းသည် ထိုထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်အား မစော်ကားမိစေရန်အလို့ငှာ... မိမိတို့၏ တံခါးများကို ပိတ်ထားရန် ရွေးချယ်ခဲ့ပြီး ကုမိသားစု၏ အကူအညီတောင်းခံမှုကို ငြင်းပယ်ခဲ့သည်.....
ယခု ပြန်တွေးကြည့်သောအခါ... ထိုစဉ်က ချမ်ယွမ်ဂိုဏ်း၏ လုပ်ရပ်သည် ယနေ့ ထိုက်ယီမြင့်မြတ်မြေနှင့် အခြားဂိုဏ်းများ၊ မဟာလမ်းစဉ်ဂိုဏ်းကြီးများ၏ လုပ်ရပ်နှင့် ကွာခြားချင်းမရှိပေ။
" ဒါတွေအားလုံးက ငါကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ အပြစ်တွေပဲ... ဒီခါးသီးတဲ့အသီးကို ငါကိုယ်တိုင်ပဲ မြည်းစမ်းရတော့မှာပေါ့..... "
ချမ်ယွမ်ဂိုဏ်းချုပ်သည် မိမိကိုယ်ကို သရော်လှောင်ပြောင်ခြင်းဖြင့် ပြည့်နှက်နေသော အသံဖြင့် ဝမ်းနည်းစွာ ရယ်မောလိုက်သည်။
အကယ်၍ ထိုစဉ်က ချမ်ယွမ်ဂိုဏ်းသည် ကုမိသားစုအား အကူအညီပေးရန် ရွေးချယ်ခဲ့ပါလျှင်... ယခု ချမ်ယွမ်ဂိုဏ်း ဒုက္ခရောက်နေချိန်တွင် ကုမိသားစုသည် ဧကန်အမှန် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။ ကောင်းကင်ဘုံအရှင်သခင်၏ ဟန့်တားမှု သက်သက်မျှဖြင့်ပင်... ဤရှေးဟောင်းလက်ကျန်မျိုးနွယ်များအား မဆင်မခြင် ပြုမူရဲခြင်း မရှိစေရန် လုံလောက်ခဲ့ပေလိမ့်မည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ... ဘဝတွင် "အကယ်၍များ" ဟူသည် မရှိချေ။
ထိုစဉ်က ချမ်ယွမ်ဂိုဏ်း ကိုယ်တိုင် ပြုလုပ်ခဲ့သော ခါးသီးသည့်အသီးကို... ယခုအခါ သူတို့ကိုယ်တိုင်သာ မြည်းစမ်းရတော့မည် ဖြစ်သည်။
" ဘုန်း...! "
မူချမ်ချိုး သေဆုံးသွားခဲ့သည်။
အောက်ဘက်ရှိ များပြားလှသော ချမ်ယွမ်ဂိုဏ်း တပည့်များနှင့် အကြီးအကဲများသည်လည်း အသက်ရှင် မကျန်ရစ်ခဲ့ကြပေ။
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်ငါးဦးသည် အင်အားများ ပူးပေါင်းလိုက်ကြပြီး... ချက်ချင်းဆိုသလို သူတို့သည် အရာအားလုံးကို ရှင်းလင်းဖယ်ရှားကာ ပစ်ခဲ့ကြသည်။
ချမ်ယွမ်ဂိုဏ်း တပည့်များအားလုံးသည် ချမ်ယွမ်ဂိုဏ်း၏ ဘိုးဘွားပိုင်မြေ တစ်ခုလုံးနှင့်အတူ ချက်ချင်းပင် ဖုန်မှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး... အရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ မြေပြင်ထက်မှ လုံးဝ ရှင်းလင်းဖယ်ရှားခြင်း ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင်... ၎င်းသည် ချမ်ယွမ်ဂိုဏ်းတစ်ခုတည်းသာ မဟုတ်ခဲ့ပေ။
အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ၊ ဗဟိုတာအိုပြည်နယ်၊ အနောက်သဲကန္တာရတာအိုနယ်မြေ.....
ဒေသကြီးငါးခုတစ်ဝှမ်းလုံးတွင်... အင်မော်တယ်ဂိုဏ်းများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီး အများအပြားသည် ရှေးဟောင်းဘုရင်မျိုးနွယ်များမှ စေလွှတ်လိုက်သော သူတော်စင်အများအပြား၏ လက်ချက်ဖြင့်... ဆက်တိုက်ဆိုသလို ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည်။
ဤသတင်းသည် ကျယ်ပြန့်သောဒေသကြီးငါးခုတစ်ဝှမ်းလုံးတွင် ချက်ချင်းနီးပါး ပျံ့နှံ့သွားခဲ့ပြီး... တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ထိုရှေးဟောင်းလက်ကျန်မျိုးနွယ်များသည် ဤမျှ ရက်စက်ကြမ်းကြုတ်စွာ ပြုမူကြလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့သကဲ့သို့... ဤရှေးဟောင်းလက်ကျန်မျိုးနွယ်များ၏ အင်အားသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟုလည်း သူတို့ မျှော်လင့်မထားခဲ့ကြပေ။
ဒေသကြီးငါးခုမှ အင်အားစုများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး... ဧကရာဇ်မဟာမိတ်အဖွဲ့မှ ရှေ့သို့ထွက်ကာ... လူသားမျိုးနွယ်အတွက် ရပ်တည်ပေးလိမ့်မည်။ ထိုရှေးဟောင်းလက်ကျန်မျိုးနွယ်များအား ဟန့်တားပေးလိမ့်မည်ဟု မျှော်လင့်လျက်... ကျယ်ပြန့်သော ဧကရာဇ်မျိုးနွယ်များ၏ တံခါးများဆီသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။
ဒေသကြီးငါးခုမှ အင်အားစုအမျိုးမျိုး၏ အကူအညီတောင်းခံမှုများကို ရင်ဆိုင်ရသောအခါ... ကျယ်ပြန့်သော ဧကရာဇ်မျိုးနွယ်အများအပြားသည်လည်း ထိုရှေးဟောင်းလက်ကျန်မျိုးနွယ်များသည် အနည်းငယ် လွန်လွန်ကဲကဲ ပြုမူနေကြသည်ဟု ခံစားမိကြသည်။
ဤသည်မှာ မျိုးနွယ်စုအားလုံး စိုးမိုးကြီးစိုးခဲ့သည့် ရှေးဟောင်းခေတ် မဟုတ်တော့ချေ။
လက်ရှိကမ္ဘာတွင် လူသားမျိုးနွယ်သည် အဓိကဖြစ်ပြီး... ရေတွက်မရနိုင်သော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များ မွေးဖွားပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။
ဧကရာဇ်မဟာမိတ်အဖွဲ့ ရှိနေပါလျက်... အဘယ်ကြောင့် ဤရှေးဟောင်းမျိုးနွယ်များသည်... ဤမျှ ဆိုးသွမ်းရမ်းကားနေကြရသနည်း။
ဤသို့သော လုပ်ရပ်များသည် ဧကရာဇ်မဟာမိတ်အဖွဲ့အား အလေးမထားခြင်းနှင့်... သူတို့ကဲ့သို့သော ကျယ်ပြန့်သည့် ဧကရာဇ်မျိုးနွယ်များအား အထင်သေးလွန်းခြင်းကို... ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။
ကောင်းကင်ဘုံအရှင်သခင်က သူတို့ကို လျစ်လျူရှုခြင်းသည် တစ်မျိုးဖြစ်သော်လည်း... ဤရှေးဟောင်းမျိုးနွယ်များသည် မည်သည့်အခွင့်အရေးဖြင့် ဤသို့ ပြုမူနေကြရသနည်း။
မကျေမနပ်ဖြစ်သွားကြသဖြင့်... ဧကရာဇ်မျိုးနွယ်အမျိုးမျိုးသည် ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဆန္ဒအတိုင်း... ရှေးဟောင်းမျိုးနွယ်များ၏ ခံတပ်စခန်းများသို့ သံတမန်များ စေလွှတ်ခဲ့ကြသည်။
ရှေးဟောင်းမျိုးနွယ်များသည် သူတို့၏ ပေါ်ထွက်လာမှုအပေါ်တွင် နေထိုင်ရန် နယ်မြေများကို ရွေးချယ်နိုင်သော်လည်း... သူတို့သည် လူသားမျိုးနွယ်၏ နယ်မြေများကို လုံးဝ ကျူးကျော်စော်ကားခွင့် မရှိသည့်အပြင်... လူသားမျိုးနွယ်ဝင်များကို တိုက်ခိုက်သတ်ဖြတ်ခြင်း မပြုရပေ။
ဧကရာဇ်မျိုးနွယ်အမျိုးမျိုးမှ သံတမန်များသည် ရှေးဟောင်းမျိုးနွယ်များ၏ နယ်မြေများသို့ ဦးတည်သွားရောက်ကြပြီး... ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဆန္ဒအား ကြေညာသည်ကို မြင်တွေ့ရသောအခါ... ဒေသကြီးငါးခုမှ လူသားမျိုးနွယ်များသည် သက်ပြင်းတစ်ချက် ချနိုင်ခဲ့ကြပြီး... ဤရှေးဟောင်းလက်ကျန်မျိုးနွယ်များသည် မာနထောင်လွှားစွာ ပြုမူကြလျှင်ပင်... သူတို့သည် ကျယ်ပြန့်သော ဧကရာဇ်မျိုးနွယ်များ၏ မျက်နှာကို လျစ်လျူရှုဝံ့မည် မဟုတ်ဟု ခံစားမိကြသည်။
ဤနည်းအားဖြင့် လူသားမျိုးနွယ်၏ လုံခြုံရေးသည် အာမခံချက်ရှိပြီဟု မှတ်ယူနိုင်ခဲ့သည်။
သို့သော် မည်သူက တွေးထင်မိမည်နည်း... ဒေသကြီးငါးခုမှ လူသားမျိုးနွယ်များသည် သက်ပြင်းတစ်ချက်သာ ချနိုင်ခဲ့ပြီး... နေ့တစ်ဝက်ပင် မကြာမြင့်မီတွင်... ဒေသကြီးငါးခုတစ်ဝှမ်းလုံးရှိ ဂိုဏ်းများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီး တစ်ဒါဇင်ကျော်သည် လုံးဝ အမြစ်ပြတ် ချေမှုန်းခြင်း ခံလိုက်ရပြီး... သူတို့၏ နယ်မြေများသည်လည်း ရှေးဟောင်းဧကရာဇ်မျိုးနွယ်များ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။
မထီမဲ့မြင်ပြုခြင်း... လျစ်လျူရှုခြင်း.....
ထိုရှေးဟောင်းမျိုးနွယ်များသည် ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဆန္ဒအား လုံးဝ အလေးမထားခဲ့ကြပေ။
ဆက်တိုက်ဆိုသလို ချေမှုန်းဖျက်ဆီးခံလိုက်ရသော ဂိုဏ်းများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီး တစ်ဒါဇင်ကျော်သည် ဧကရာဇ်မဟာမိတ်အဖွဲ့၏ မျက်နှာအား ပြင်းထန်စွာ ရိုက်ချက်ဖြင့် ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်၏။
" ဧကရာဇ်မဟာမိတ်အဖွဲ့ ဟုတ်လား? ငါတို့ ရှေးဟောင်းဘုရင်မျိုးနွယ်တွေ ကမ္ဘာကြီးကို ခွဲဝေယူနေတုန်းက... သူတို့ဘိုးဘေးတွေဆိုတာ ငါတို့မျိုးနွယ်အတွက် အစားအစာသက်သက်ပဲ ရှိခဲ့တာ... အခု သူတို့က ဒီဘုရင်အရှင်ရဲ့ရှေ့မှာ ဒီလို မဆင်မခြင် စကားတွေ ပြောရဲတယ်ပေါ့ "
" သူတို့က ဧကရာဇ်မျိုးနွယ်တွေ ဖြစ်ရုံနဲ့များ ငါတို့မျိုးနွယ်ကို အမိန့်ပေးချင်နေတာလား... အိပ်မက်မက်နေတာပဲ "
" လူသားမျိုးနွယ်က စစ်တိုက်ချင်တယ်ဆိုရင်လဲ စစ်တိုက်ကြတာပေါ့ "
အဓိက ဘုရင်မျိုးနွယ်များထံမှ တုံ့ပြန်မှုများအားလုံးသည် အလွန်ပင် ပြင်းထန်လျက်ရှိသည်။
မည်သည့်မိသားစု၏ ဘိုးဘေးများက ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များကို မမွေးဖွားပေးခဲ့ဖူးသနည်း။
ဤအရာဖြင့် သူတို့အား ခြိမ်းခြောက်ရန် ကြိုးစားခြင်းသည် အိပ်မက်တစ်ခုတည်းသာ ဖြစ်သည်။
" ရှေ့ဆက်တိုး... ဒီနေ့... ငါတို့ အရှေ့ဘက်စွန့်ပစ်တာအိုနယ်မြေ တစ်ဝက်ကို မဖြစ်မနေ သိမ်းပိုက်ရမယ်... ပြီးရင် လူသားမျိုးနွယ် အင်မော်တယ်ဂိုဏ်း ဆယ်ခုကို ထပ်ပြီး ဖျက်ဆီးပစ်ရမယ်... အဲ့ဒီ ပုရွက်ဆိတ်တွေကို နက်နက်ရှိုင်းရှိုင်း သင်ခန်းစာတစ်ခု ပေးလိုက်! "
ဖီးနစ်မျိုးနွယ်၏ ခံတပ်စခန်းတွင်... ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် မထီမဲ့မြင် ပြုံးလိုက်ပြီး အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါပဲ "
ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်တစ်ဦးသည် အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ လျင်မြန်စွာ ပြောလိုက်သည်။
" ဖီးနစ်အရှင်... ကျွန်တော်တို့ ရှေ့ဆက်တိုးတက်နေတုန်းအရင်က ကျယ်ပြန့်တဲ့ ဧကရာဇ်မျိုးနွယ်တစ်စုက ချန်ထားခဲ့တယ်လို့ ဆိုကြတဲ့ ပိုင်ရှင်မဲ့ ရတနာမြေတစ်ခုကို တွေ့ရှိခဲ့ပါတယ်... ဒီနေရာမှာ ထူးကဲပြီးမမြင်နိုင်တဲ့စွမ်းအင်တွေနဲ့ ပြည့်လျှံနေတဲ့ စိတ်ဝိညာဉ်ချီတွေ ရှိနေပါတယ်... ကျွန်တော်တို့ သိမ်းပိုက်လိုက်သင့်သလား "
" အင်း "
ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
" အရင်ဆုံး သိမ်းပိုက်လိုက်... လူသားဧကရာဇ်မျိုးနွယ်လို့ခေါ်တဲ့ အကောင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို အလေးအနက်ထားစရာ မလိုဘူး... ဒီနေရာကို သိမ်းပိုက်လိုက်တာက ဧကရာဇ်မျိုးနွယ်လို့ခေါ်တဲ့ အကောင်တွေကို သတိပေးချက်တစ်ခုပဲ... သူတို့သာ ငါတို့မျိုးနွယ်တွေကို ထပ်ပြီး နှောင့်ယှက်တားဆီးရဲရင် ဧကရာဇ်မျိုးနွယ်တွေရဲ့ နယ်မြေတွေတောင်မှ လုံခြုံမှု မပေးတော့ဘူး "