← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 12 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 12 Ch. 167-168

‎အခန်း ( ၁၆၇ ) - ရိုသေစွာ စောင့်ဆိုင်းခြင်း၊ အရာအားလုံးကို မြင်တွေ့ခြင်း၊ ကြိုတင်အာရုံခံစားမှု ထိုးဖောက်ခြင်း

‎

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ တုံ့ပြန်မှုသည် အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေရှိ လူသားမျိုးနွယ် အင်အားစုအသီးသီး၏ ခေါင်းဆောင်များအကြား ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အခြေအနေ၏ တိုးတက်ပြောင်းလဲမှုသည် သူတို့၏ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားပြီဟု သူတို့ ခံစားလိုက်ရသည်။

‎

‎

‎မူလက ၎င်းသည် ဒုက္ခကို အရှေ့ဘက်သို့ လမ်းလွှဲရန် အကောင်းဆုံးသော မဟာဗျူဟာတစ်ခု ဖြစ်ခဲ့သည်။

‎

‎

‎ရှေးဟောင်းဘုရင်မျိုးနွယ်တစ်ခုဖြစ်သည့် ဤဖီးနစ်မျိုးနွယ်သည် ဤမျှ လျင်မြန်စွာ အရှုံးပေးလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ ကုမိသားစုမှ တုံ့ပြန်မှု မပြုလုပ်ရသေးခင်မှာပင် သူတို့သည် တောင်းပန်ရန်အတွက် အထက်ကောင်းကင်သို့ အပြေးအလွှား ရောက်ရှိလာခဲ့ပြီး ကြီးမားသော 'စေတနာ' ကိုပင် ယူဆောင်လာခဲ့ကြသည်။

‎

‎

‎" ဒါက... "

‎

‎

‎အရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးမျိုးနွယ် သူတော်စင်အဆင့် ခေါင်းငါးလုံးကို ကြည့်ရင်း... ကုတောက်လင်းသည် ခေတ္တမျှ စကားမပြောနိုင်ဖြစ်နေသော်လည်း သူ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုနှင့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

‎

‎

‎ကုမိသားစုသည် ယခုအခါ ဤမျှအထိ အမှန်တကယ် အစွမ်းထက်လာခဲ့ပြီလော။

‎

‎

‎ပြန်တွေးကြည့်လျှင် ထာဝရဧကရာဇ်တပိုင်းတစ်ပါးတည်းကပင် ကုမိသားစုကို ထွက်ပေါက်မရှိသော အခြေအနေဆိုးသို့ တွန်းပို့ရန် လုံလောက်ခဲ့သည်။

‎

‎

‎ယခုအခါတွင်မူ... ရှေးဟောင်းဘုရင်မျိုးနွယ်တစ်ခုသည်ပင် ကုမိသားစုကို စော်ကားမိကောင်း စော်ကားမိနိုင်ကြောင်း သဘောပေါက်လိုက်သည်နှင့်တပြိုင်နက်... ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူတို့၏အမှားကို ဝန်ခံရန် ကုမိသားစုထံသို့ ချက်ချင်း ရောက်ရှိလာကြသည်။ သူတို့၏ စေတနာကို ပြသပြီး ကုမိသားစု၏ ရန်သူဖြစ်ရန် မဝံ့ရဲကြပေ။

‎

‎

‎ဤကဲ့သို့ ကြီးမားသော ကွာခြားချက်သည် ကုတောက်လင်း ယခင်က မကြုံဖူးခဲ့သော အရာတစ်ခုဖြစ်သည်။

‎

‎

‎ပြန်တွေးကြည့်လျှင် ဧကရာဇ်နယ်ပယ်တွင်ရှိကြသော ထိုကျယ်ပြန့်သော ဧကရာဇ်မျိုးနွယ်များသည် ကုမိသားစုကို ဘယ်အချိန်ကများ အထင်ကြီးလေးစားခဲ့ဖူးသနည်း။

‎

‎

‎ယခုအခါတွင်မူ ထိုကျယ်ပြန့်သော ဧကရာဇ်မျိုးနွယ်များထက် အခြေခံအုတ်မြစ် ပိုမိုနက်ရှိုင်းသော ရှေးဟောင်းဘုရင်မျိုးနွယ်တစ်ခုသည်ပင် ကုမိသားစုရှေ့တွင် နာခံမှုရှိစွာ ခေါင်းငုံ့၍ အမှားဝန်ခံနေရပြီး အနည်းငယ်မျှပင် မစော်ကားရဲကြပေ။

‎

‎

‎" ဖီးနစ်အရှင်... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ... ဘိုးဘေးကြီးက လောလောဆယ် တံခါးပိတ်ကျင့်ကြံနေတာမို့ ကျွန်တော်တို့က မဆင်မခြင် မနှောင့်ယှက်ရဲပါဘူး... ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အထိ စောင့်ပြီး... ကျွန်တော် အရာအားလုံးကို တင်ပြပြီးမှ သူ့ကို ဆုံးဖြတ်ခိုင်းပါရစေ "

‎

‎

‎ကုတောက်လင်းသည် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်အား လက်အုပ်ချီလျက် တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎သူသည် ကုမိသားစု၏ ခေါင်းဆောင်ဖြစ်သော်လည်း ကုမိသားစု၏ စစ်မှန်သော ခေါင်းဆောင်မှာ ဘိုးဘေးကြီး ကုချန်ဖြစ်ကြောင်း ကုတောက်လင်း ကောင်းစွာ သိနားလည်သည်။

‎

‎

‎ယခုအခါ ဘိုးဘေးကြီးသည် တံခါးပိတ်ကျင့်ကြံနေပြီး... ဤကိစ္စသည် ကုမိသားစု၏ လုံခြုံရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စမဟုတ်သောကြောင့်... ကုတောက်လင်းသည် ဤကဲ့သို့သော 'ကိစ္စသေး' တစ်ခုအတွက် တံခါးပိတ်ကျင့်ကြံနေသော ဘိုးဘေးဟောင်းကို မဆင်မခြင် နှောင့်ယှက်မည် မဟုတ်ပေ။

‎

‎

‎ထို့ကြောင့် သူသည် ဤကိစ္စကို တင်ပြရန်နှင့် ဘိုးဘေးကြီးအား ဆုံးဖြတ်ချက်ချစေရန်အတွက် ကုချန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်အထိ စောင့်ဆိုင်းမည်ဖြစ်သည်။

‎

‎

‎" ကောင်းပါပြီ... ကောင်းပါပြီ "

‎

‎

‎ကုချန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်အထိ စောင့်ဆိုင်းပြီးမှ တင်ပြမည်ဟု ကုတောက်လင်း ပြောသည်ကို ကြားသောအခါ ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် မကျေနပ်မှု တစ်စုံတစ်ရာ ပြသရန်မဝံ့ရဲဘဲ သဘောတူကြောင်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။

‎

‎

‎အမှန်စင်စစ် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ အမြင်တွင် ဤသည်မှာ အလွန်သာမန်ကိစ္စတစ်ခုဖြစ်သည်။

‎

‎

‎သူသည် ဖီးနစ်မျိုးနွယ်ဘိုးဘေးကို ဂါရဝပြုရန် တားမြစ်နယ်မြေသို့ သွားတိုင်း ဘိုးဘေး၏ လက်ခံတွေ့ဆုံမှုကို ရရှိမည်ဟု အာမခံချက်မရှိသည့်အပြင် တစ်ခါတစ်ရံတွင် ပြန်လွှတ်ခံရတတ်သည်။ ယခု ကောင်းကင်ဘုံအရှင်သခင်ကို ဤပုံစံဖြင့် ရင်ဆိုင်ရခြင်းသည်လည်း လုံးဝ သဘာဝကျပါသည်။

‎

‎

‎သို့သော် ကောင်းကင်ဘုံအရှင်သခင်သည် တံခါးပိတ်ကျင့်ကြံရာမှ မထွက်လာသေးသဖြင့် သူသည် မဆင်မခြင် ပြန်ထွက်သွား၍ မရဘဲ ဤနေရာ၌သာ စောင့်ဆိုင်းနေရမည်ဖြစ်သည်။

‎

‎

‎ဤသို့တွေးမိသောအခါ ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် ခေါင်းကိုငုံ့လျက် အထက်ကောင်းကင်တားမြစ်နယ်မြေအပြင်ဘက်တွင် ရိုသေစွာ မတ်တပ်ရပ်ပြီး တိတ်ဆိတ်စွာ စတင်စောင့်ဆိုင်းလေတော့သည်။

‎

‎

‎ထိုအချိန်တွင် ကုတောက်လင်းသည် အခွင့်ကောင်းယူ၍ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြန်သွားပြီး ကုဝူရှန့်အား ထိုကိစ္စကို တင်ပြလိုက်သည်။

‎

‎

‎" ငါ့ကုမိသားစုရဲ့ မူလဘိုးဘွားပိုင်မြေကို သိမ်းပိုက်ခဲ့တဲ့ ရှေးဟောင်းဖီးနစ်မျိုးနွယ်က အခု လာပြီးတောင်းပန်တယ်ပေါ့..... "

‎

‎

‎ကိစ္စရပ်၏ အသေးစိတ်အချက်အလက်များကို သိရှိပြီးနောက် ကုဝူရှန့်၏ မျက်လုံးများထဲတွင် ပါးနပ်သောအရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။

‎

‎

‎" ဒီဖီးနစ်မျိုးနွယ်က အခု ငါ့ကုမိသားစုကို ရင်ဆိုင်ရတဲ့အခါ ဒီလောက်တောင် နှိမ့်ချပြီး နာခံနေရင်... ဘာလို့ အစတုန်းက ငါ့ကုမိသားစုရဲ့ ယခင်ဘိုးဘွားပိုင်မြေကို မဆင်မခြင် သိမ်းပိုက်ခဲ့ရတာလဲ "

‎

‎

‎" ဘိုးဘေး ဆိုလိုတာက..... "

‎

‎

‎ကုတောက်လင်း ကြောင်အသွားသည်။ သူသည် ဤအကြောင်းပြချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့သည်မှာ ထင်ရှားသည်။

‎

‎

‎" ဒီဖီးနစ်မျိုးနွယ်က ရှေးဟောင်းဘုရင်မျိုးနွယ်တစ်ခုအနေနဲ့ မာနကြီးပြီး စိတ်လိုက်မာန်ပါ လုပ်ချင်လုပ်မယ်... ဒါပေမယ့် သူတို့က လုံးဝ မိုက်မဲတဲ့သူတွေ မဟုတ်ဘူး... ဒါကို ဒီနေ့ ငါ့ကုမိသားစုကို ဦးညွှတ်လာတဲ့အချက်ကနေ မြင်နိုင်တယ် "

‎

‎

‎ကုဝူရှန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎" ငါ့ကုမိသားစု ဘိုးဘွားပိုင်မြေကနေ ပြောင်းရွှေ့သွားပြီးတည်းက... အနီးနားက ဘယ်လူသားမျိုးနွယ် မြင့်မြတ်မြေနဲ့ မဟာလမ်းစဉ်ဂိုဏ်းကြီးတွေက ငါ့ကုမိသားစုရဲ့ ယခင်ဘိုးဘွားပိုင်မြေကို မလိုချင်ဘဲနေမှာလဲ... ဒါပေမယ့် သူတို့က ဘိုးဘေးကြီးရဲ့ ဧကရာဇ်အဆင့်စွမ်းအားကြောင့် ဟန့်တားခံထားရပြီး ဘာမှ မလှုပ်ရှားရဲခဲ့ကြဘူး.....

‎

‎ဒါပေမယ့် အခု ဖီးနစ်မျိုးနွယ်က ဒီလူသားမျိုးနွယ် မြင့်မြတ်မြေနဲ့ မဟာလမ်းစဉ်ဂိုဏ်းကြီးတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အရင်မရှင်းလင်းဘဲ အဲဒီအစား ငါ့ကုမိသားစုရဲ့ ဘိုးဘွားပိုင်မြေကို အရင် သိမ်းပိုက်ခဲ့တယ်..."

‎

‎

‎ကုတောက်လင်းသည် မူလကတည်းက မိုက်မဲသူတစ်ဦး မဟုတ်ပေ။ ယခု ကုဝူရှန့်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ဖြစ်နိုင်ခြေတစ်ခု သူ့ခေါင်းထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။

‎

‎

‎" ဘိုးဘေး ဆိုလိုတာက... ဒါတွေအားလုံးက ငါ့ကုမိသားစုရဲ့ ယခင်ဘိုးဘွားပိုင်မြေဘေးက လူသားမျိုးနွယ် အင်အားစုတွေက ဒုက္ခကို အရှေ့ဘက်ဆီ လမ်းလွှဲဖို့ကြိုးစားရင်း... အခြေအနေကို တမင်တကာ လမ်းကြောင်းပေးခဲ့တဲ့ ရလဒ်ပေါ့ "

‎

‎

‎" အတိအကျပဲ "

‎

‎

‎ကုဝူရှန့်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

‎

‎

‎" ဒါပေမယ့် သူတို့က ဘယ်လိုလုပ် ရဲရတာလဲ "

‎

‎

‎ကုတောက်လင်းက မယုံနိုင်စွာ ပြောလိုက်သည်။

‎

‎

‎" ဘိုးဘေးဟောင်းရဲ့ စိတ်သဘောထားကို သူတို့ မသိကြဘူးလား... 'ကျားကို မောင်းပြီး ဝံပုလွေကို မျိုခိုင်း သလိုမျိုး ငါ့ကုမိသားစုကို ဘယ်လိုလုပ် ဒီလို ပူးပေါင်းကြံစည်ရဲရတာလဲ ဘိုးဘေးကြီး ဒေါသထွက်ပြီး သူတို့အားလုံးကို သုတ်သင်ပစ်မှာကို မကြောက်ကြဘူးလား "

‎

‎

‎" ဒါက မျှော်လင့်ချက်မဲ့နေတဲ့ လုပ်ရပ်တစ်ခု သက်သက်ပါပဲ "

‎

‎

‎ကုဝူရှန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎" ရှေးခေတ်ကနေ ဒီနေ့ထိ လူသားမျိုးနွယ်က အချင်းချင်းတိုက်ခိုက်ရာမှာ ကျွမ်းကျင်ကြတယ် ဒါကြောင့် သူတို့ ဒီလို အကြံအစည်မျိုး ထုတ်နိုင်တာ မဆန်းပါဘူး.....

‎

‎အဲဒီ မြင့်မြတ်မြေတွေနဲ့ မဟာလမ်းစဉ်ဂိုဏ်းကြီးတွေက ရှေးဟောင်းဧကရာဇ်မျိုးနွယ်ဆီကနေ ရာဇသံ ရပြီးသားလေ ပြောင်းရွှေ့မလား သုတ်သင်ခံမလား ဆိုတာပေါ့.....

‎

‎ပြီးတော့ စိတ်ဝိညာဉ်ချီ ရှားပါးတဲ့ မြေယာမဲ့ဒေသကို ပြောင်းရွှေ့ရတာက အဲဒီ မြင့်မြတ်မြေတွေနဲ့ မဟာလမ်းစဉ်ဂိုဏ်းကြီးတွေအတွက် သူတို့ဂိုဏ်း ပျက်စီးတာနဲ့ ဘာမှ မခြားနားဘူး.....

‎

‎ဒီအချက်ကို ကြည့်ရင် အဲဒီ မြင့်မြတ်မြေခေါင်းဆောင်တွေက ရှေးဟောင်းဧကရာဇ်မျိုးနွယ်တွေကို ယှဉ်ပြိုင်ဖို့ ငါ့အထက်ကောင်းကင်ကို အခြေအနေထဲ ဆွဲထည့်ဖို့ ကြိုးစားရင်း စွန့်စားလိမ့်မယ်လို့ မင်းမထင်ဘူးလား "

‎

‎

‎ကုဝူရှန့်၏ ပြောပြချက်ကို နားထောင်ရင်း ကုတောက်လင်း တိတ်ဆိတ်သွားမိသည်။

‎

‎

‎အမှန်ပင်။

‎

‎

‎ထိုမြင့်မြတ်မြေများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီးများသည် မြေဆီဩဇာကောင်းမွန်သော နယ်မြေတစ်ခုစီကို သိမ်းပိုက်ထားကြပြီး နှစ်ပေါင်းထောင်ချီ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်။

‎

‎

‎ပြောင်းရွှေ့ပြီးနောက်... သူတို့ဂိုဏ်း၏ အင်အားသည် သေချာပေါက် များစွာ အားနည်းသွားမည်ဖြစ်ပြီး... ၎င်းသည် သူတို့ဂိုဏ်း ပျက်စီးခြင်းနှင့် မခြားနားပေ။

‎

‎

‎ဒီလိုအခြေအနေမျိုးမှာ သူတို့က ကုမိသားစုကို စော်ကားမိမှာကို မကြောက်ကြတော့ဘူး။

‎

‎

‎ဘာပဲဖြစ်ဖြစ် သေလမ်းပါပဲ။

‎

‎

‎သူတို့က အသက်စွန့်ပြီး ကုမိသားစုကို ပဋိပက္ခထဲ ဆွဲသွင်းကာ... သူတို့ဂိုဏ်းအတွက် ရှင်သန်နိုင်မယ့် အခွင့်အရေးနည်းနည်းလေးကို ရယူမလား... ဒါမှမဟုတ် ရှေးဟောင်းဘုရင်မျိုးနွယ်ရဲ့ သုတ်သင်ခြင်းကို ခံမလား ဆိုတာပဲ ရှိတယ်။

‎

‎

‎ဒီလိုအခြေအနေကို ရင်ဆိုင်ရတဲ့အခါ... အဲဒီ မြင့်မြတ်နယ်မြေခေါင်းဆောင်တွေက ဒီလိုစွန့်စားရတဲ့ ဆုံးဖြတ်ချက်မျိုး ချတာ သိပ်တော့ မဆန်းကြယ်လှပါဘူး။

‎

‎

‎" ရှေးဟောင်းဘုရင်မျိုးနွယ်ကိစ္စက ဖြေရှင်းရလွယ်ပါတယ် ဖီးနစ်မျိုးနွယ်က ဒီလောက် နှိမ့်ချတဲ့ ပုံစံပြနေမှတော့ ဘိုးဘေးဟောင်း သိရင်တောင် သူတို့ကို အခက်တွေ့အောင် လုပ်မှာမဟုတ်လောက်ဘူး...ဘာလို့လဲဆိုတော့ ငါ့ကုမိသားစုက အဲဒီဘိုးဘွားပိုင်မြေကို စွန့်လွှတ်ထားပြီးသားမို့လို့ပဲ "

‎

‎

‎ကုဝူရှန့်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

‎

‎

‎" ဒါပေမယ့် ငါ့ကုမိသားစုကို ပူးပေါင်းကြံစည်ခဲ့တဲ့ အဲဒီ လူသားမျိုးနွယ် အင်အားစုတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကတော့ ဘိုးဘေးကြီးရဲ့ ဆန္ဒကို မေးမြန်းဖို့ လိုအပ်တယ်...

‎

‎မင်း တော်တော်ကောင်းကောင်း လုပ်ခဲ့ပါတယ်...ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတဲ့အခါ ငါ အကုန်တင်ပြလိုက်မယ်... ပြီးရင် ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဘိုးဘေးကြီး ဆုံးဖြတ်ပါလိမ့်မယ် "

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎.........

‎

‎

‎အထက်ကောင်းကင်ပင်မခန်းမဆောင်.....

‎

‎

‎ကုချန်သည် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားအဖုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နေလဧကရာဇ်ကျမ်းစာကို ခွဲခြမ်းစိတ်ဖြာခြင်း၌ ဈာန်ဝင်စားနေသည်။

‎

‎

‎သူ ခွဲခြမ်းစိတ်ဖြာ လေ့လာလေလေ... ကုချန် ပိုပြီး အံ့ဩလေလေ ဖြစ်သည်။

‎

‎

‎လူသားဧကရာဇ်၏ အင်အားသည် အမှန်တကယ်ပင် ထူးကဲလှသည်ကို သူ ဖန်တီးခဲ့သော နေလဧကရာဇ်ကျမ်းစာမှတဆင့် အရိပ်အမြွက် သိရှိနိုင်သည်။

‎

‎

‎ဤနေလဧကရာဇ်ကျမ်းစာ၏ အရည်အသွေးသည် ကုချန် ယခင်က ရရှိခဲ့ဖူးသော ဧကရာဇ်ကိုးပါးအမှန်တရားနားလည်မှုကျမ်းထက်ပင် သာလွန်နေသည်။

‎

‎

‎ထိုအချိန်က ဧကရာဇ်နယ်ပယ်အတွင်း၌ပင်... လူသားဧကရာဇ် ဖူရှီးသည် အလွန်ရှည်လျားသော လမ်းခရီးကို လျှောက်လှမ်းခဲ့ပြီး... ဧကရာဇ်နယ်ပယ်၏ တံခါးဝကို ထိတွေ့ရုံမျှမကခဲ့သည်မှာ ထင်ရှားသည်။

‎

‎

‎" လူသားမျိုးနွယ်ရဲ့ မိခင်ကျမ်းစာတွေဖြစ်တဲ့ နေ ဧကရာဇ် နဲ့ လဧကရာဇ် နှစ်ခုစလုံးကို ဖန်တီးနိုင်ခဲ့တာက တကယ်ကို မရိုးရှင်းဘူး "

‎

‎

‎ကုချန် သက်ပြင်းချလိုက်သည်။

‎

‎

‎ဤနေလဧကရာဇ်ကျမ်းစာကို သူ အပြည့်အဝ နားလည်သဘောပေါက်သွားသည်နှင့်တပြိုင်နက်... လော့ထျန်းသတ်ဖြတ်ခြင်းကျမ်းစာကို နားလည်ရန် မလိုဘဲနှင့်ပင် ဧကရာဇ်နယ်ပယ်၏ ကန့်သတ်ချက်များကို ဖောက်ထွက်ပြီး... ထာဝရနှင့် အထွတ်အထိပ် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်လိမ့်မည်ဟု သူ ကြိုတင်အာရုံခံစားမိနေသည်။

‎

‎အခန်း (၁၆၈) - အင်မော်တယ်ကမ္ဘာ၊ ကောင်းကင်ဧကရာဇ်နယ်ပယ်နှင့် အင်မော်တယ်ဘုရင်မျိုးစေ့

‎

‎

‎

‎" ကောင်းကင်နဲ့မြေကြီးကို ပေါင်းစည်းလို့... အဆုံးစွန်ယင်နဲ့ အဆုံးစွန်ယန် ဖြစ်တည်လာတယ်... အရာခပ်သိမ်းဟာ ယင်ကိုဆောင်ပြီး ယန်ကိုပိုက်ထားတယ်... ယင်နဲ့ယန် ရောယှက်လို့... ကောင်းကင်နဲ့မြေကြီး ဖြစ်တည်လာတယ်..... "

‎

‎

‎ကုချန်သည် အရာအားလုံးကို နားလည်သဘောပေါက်ရန် ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားလိုက်သည်။

‎

‎

‎‌‌နေလဧကရာဇ်ကျမ်းစာ၏ အကြောင်းအရာများသည် တာအိုရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားကာ... ကောင်းကင်ဧကရာဇ်ကျမ်းစာဖြင့် တည်ဆောက်ထားသော သူ၏ အဆုံးမဲ့တာအိုမီးဖိုထဲသို့ ပေါင်းစပ်စီးဝင်သွားပြီး... မီးဖိုအတွင်း၌ ပြင်းထန်သော မီးတောက်များ တောက်လောင်လာစေ၏။

‎

‎

‎ဧကရာဇ်ကိုးပါး၏ စစ်မှန်သောနားလည်မှုစွမ်းအားကို စုပ်ယူပြီးနောက်... ကုချန်၏ ကောင်းကင်ဧကရာဇ်ကျမ်းစာသည် စိတ်ကူး၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ မြှင့်တင်ပြီးဖြစ်သည်။ ယခုအခါတွင် ယင်းယန်ဧကရာဇ်ကျမ်းစာ၏ အနှစ်သာရကို ပေါင်းစပ်ထည့်သွင်းလိုက်သဖြင့်... ကုချန် ယခင်က လက်ခံထားသော ဧကရာဇ်ကျမ်းစာအမျိုးမျိုးသည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားတော့သည်။

‎

‎

‎ဤအခိုက်အတန့်တွင် ကုချန်သည် နက်ရှိုင်းသော ဉာဏ်ပွင့်လင်းမှု အခြေအနေသို့ ကျရောက်သွားတော့သည်။

‎

‎

‎ထို့အပြင် သူ၏အောက်ရှိ ခေါင်းတလားအဖုံးသည်လည်း တစ်ချိန်တည်း ပြောင်းလဲသွားခဲ့၏။ ခေါင်းတလားအဖုံးပေါ်တွင် ရေးထွင်းထားသော ရေတွက်မရနိုင်သည့် အင်မော်တယ်တာအိုသင်္ကေတများသည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ စတင်တောက်ပလာခဲ့သည်။

‎

‎

‎အင်မော်တယ်တာအိုသင်္ကေတများသည် တစ်ခုပြီးတစ်ခု ခေါင်းတလားအဖုံးမှ ခုန်ထွက်လာပြီး... ပုလဲတစ်လုံးကို စောင့်ကြပ်နေသော ဝမ်လုံနဂါးကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားထည်ဝါသော... ကြီးကျယ်မြင့်မြတ်သည့် အစီအမံသံကြိုးများအဖြစ် ပြောင်းလဲကာ ကုချန်ကို ဝန်းရံထားလိုက်လေ၏။

‎

‎

‎" ဝေါ..... "

‎

‎

‎အင်မော်တယ်တာအိုသင်္ကေတသံကြိုးများသည် တောက်ပလာပြီး... ရှုပ်ထွေးလှသော အကာအရံတစ်ခုကို ဖွဲ့စည်းကာ... ကုချန်အား လျှို့ဝှက်ဆန်းကြယ်သော ဟွမ်သွမ့်နယ်ပယ်ထဲသို့ ဆွဲသွင်းလိုက်လေ၏။

‎

‎

‎" ဒါက..... "

‎

‎

‎ကုချန်၏အကြည့်သည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

‎

‎

‎အတိတ်ကာလက သူသည် ဤခေါင်းတလားအဖုံးပေါ်ရှိ အင်မော်တယ်တာအိုသင်္ကေတများကို စုံစမ်းစစ်ဆေးခဲ့စဉ်က... သူ၏မြင့်မြတ်သောစိတ်အာရုံသည် ခေါင်းတလားအဖုံးအတွင်းတွင်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် အာကာသထဲသို့ ဆွဲသွင်းခံခဲ့ရပြီး... ထိုနေရာတွင် အထွတ်အထိပ် သိုင်းပညာများကို မြင်တွေ့ခဲ့ရကာ... အထွတ်အထိပ် ဓားတာအိုကို သင်ယူခဲ့ရသည်။

‎

‎

‎ယခုအခါတွင်မူ သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အာကာသနယ်ပယ်နှင့် လုံးဝကွဲပြားခြားနားသော ဟွမ်သွမ့်နယ်ပယ်ထဲသို့ တစ်ဖန်ပြန်လည် ဆွဲသွင်းခံလိုက်ရ၏။

‎

‎

‎ပတ်ဝန်းကျင်ရှိ ကြွယ်ဝပြည့်လျှံနေသော ဟွမ်သွမ့်ချီကို ခံစားမိလိုက်သဖြင့် ကုချန်၏ မျက်လုံးများမှာ တုန်လှုပ်သွားလေသည်။

‎

‎

‎သူသည် ကောင်းကင်နှင့်မြေကြီး မဖန်တီးမီ... ရှေးဟောင်းအစအဦးခေတ်ကာလသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤဟွမ်သွမ့် ကောင်းကင်နှင့်မြေကြီးရှိ အဆုံးမဲ့တာအိုသည်... လက်ရှိ အဆုံးမဲ့ကမ္ဘာရှိ ကောင်းကင်နှင့်မြေကြီးထက်... ပိုမို အထွတ်အထိပ်ရောက်ကာ... မြင့်မြတ်ကျယ်ပြန့်ပြီး ရှေးကျလှသည်။

‎

‎

‎ဤဟွမ်သွမ့်နယ်ပယ်ရှိ အဆုံးမဲ့တာအိုသည်... သူ ပြန်လည်ရောက်ရှိလာပြီးနောက် ပထမအကြိမ်နှင့်မတူ... အဆုံးမဲ့ကမ္ဘာရှိ ကောင်းကင်နှင့်မြေကြီးထက် အဆတစ်ရာ၊ တစ်ထောင်မျှ ပိုမိုကြီးမားလေသည်။

‎

‎

‎ကျင့်ကြံခြင်းပါရမီ လုံးဝမရှိသော သာမန်လူသားတစ်ဦးပင်လျှင်... ဤနေရာ၌ ခေတ္တမျှ နေထိုင်ရုံဖြင့် ကျင့်ကြံခြင်းလမ်းစဉ်သို့ လွယ်ကူစွာ လျှောက်လှမ်းနိုင်ပေမည်။

‎

‎

‎" တကယ့် ရတနာမြေပါလား "

‎

‎

‎ကုချန်သည် တိုးညင်းစွာ သက်ပြင်းချလိုက်၏။

‎

‎

‎ဤခေါင်းတလားအဖုံးတွင် ဤကဲ့သို့သော အထွတ်အထိပ် ရတနာမြေ ပါဝင်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎ဤဟွမ်သွမ့်နယ်ပယ်တွင် ကျင့်ကြံခြင်းနှင့် တာအိုကို နားလည်သဘောပေါက်ခြင်းသည် သူ့အတွက်ပင် များစွာ အထောက်အကူပြုလိမ့်မည်။

‎

‎

‎ကုချန်သည် အချိန်မဆိုင်းရဲဘဲ ကောင်းကင်ဧကရာဇ်ကျမ်းစာကို အသက်သွင်းလိုက်ကာ... အဆုံးမဲ့တာအိုမီးဖိုကို ပေါ်ထွက်စေပြီး... ဟွမ်သွမ့်နယ်ပယ် ကောင်းကင်နှင့်မြေကြီးအတွင်း၌ ထားရှိလိုက်သည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ အဆုံးမရှိသော တာအိုကို စုပ်ယူကာ... မီးဖိုအောက်ခြေရှိ ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များအဖြစ် ပြောင်းလဲစေပြီး... အတွင်းရှိ နေလဧကရာဇ်ကျမ်းစာကို သန့်စင်လိုက်သည်။

‎

‎

‎အခိုက်အတန့်တိုင်း... အသက်ရှူချိန်တိုင်းတွင်... သူ၏ တာအိုကျင့်ကြံခြင်း တိုးတက်နေသည်ကို သူ ခံစားမိသည်။

‎

‎

‎ဟွမ်သွမ့်နယ်ပယ်တွင် အချိန်များကို ရေတွက်ခြင်း မရှိပေ။

‎

‎

‎အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိရပေ... တခဏတာမျှသာ ကုန်လွန်သွားသကဲ့သို့ ခံစားရသော်လည်း... နှစ်ပေါင်းထောင်ချီ ၊ သောင်းချီ ကုန်လွန်သွားနိုင်သည်။

‎

‎

‎အဆုံးမဲ့တာအိုမီးဖို နောက်ဆုံးတွင် ငြိမ်းသတ်သွားသောအခါ... ကုချန်၏ မျက်လုံးများလည်း ဖြည်းညှင်းစွာ ပွင့်လာ၏။

‎

‎

‎ကုချန်၏ မျက်လုံးများထဲတွင် လောကဓံတရား၏ အတက်အကျ အရိပ်အယောင်တစ်ခု ဝဲပျံသွားသော်ငြား လျင်မြန်စွာပင် ခြေရာလက်ရာမကျန် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

‎

‎

‎" နောက်ဆုံးတော့... ပြီးသွားပြီ! "

‎

‎

‎ကုချန် တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး သူ၏စကားများထဲတွင် ထိန်းချုပ်၍မရနိုင်သော ပျော်ရွှင်မှုများ ပါဝင်နေသည်။

‎

‎

‎လူသားဧကရာဇ် ဖန်တီးခဲ့သော နေလဧကရာဇ်ကျမ်းစာကို သေချာစွာ နားလည်သဘောပေါက်ပြီး... သူ၏ကိုယ်ပိုင် ကောင်းကင်ဧကရာဇ်ကျမ်းစာနှင့် ပေါင်းစပ်လိုက်ပြီးနောက်... သူ၏နယ်ပယ်သည် သဘာဝကျကျပင် ဧကရာဇ်အဆင့်အထွက်အထိပ်ကို ဖောက်ထွက်ပြီး... ယခင်က မကြုံဖူးသည့် ပြိုင်ဘက်ကင်းသော အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

‎

‎

‎" ရှေးတုန်းက ငါ့ရဲ့လက်ရှိနယ်ပယ်ကို ရောက်ဖူးတဲ့သူ ရှိခဲ့ဖူးသလားဆိုတာ ငါ သိချင်မိသား "

‎

‎

‎သူ့ခန္ဓာကိုယ်အတွင်း၌ ကျယ်ပြန့်ပြီး အဆုံးအစမရှိသော စွမ်းအားများ လှိုင်းထနေသည်ကို ခံစားရင်း ကုချန်သည် တိုးညင်းစွာ ရေရွတ်လိုက်၏။

‎

‎

‎သူ၏ ခန့်မှန်းချက်အရ သူ၏လက်ရှိအင်အားသည် ဧကရာဇ်အဆင့်အထွက်အထိပ်တွင် ရှိနေစဉ်ကထက် အနည်းဆုံး ငါးဆမျှ ပိုမိုကြီးမားလေ၏။

‎

‎

‎သို့သော် သူ၏လက်ရှိနယ်ပယ်သည် အင်မော်တယ်နယ်ပယ်သို့ မရောက်ရှိသေးဘဲ... ဧကရာဇ်နယ်ပယ်၏ နယ်နိမိတ်အတွင်း၌သာ ရှိနေသေးသည်။

‎

‎

‎ကုချန်သည် အဆင့်တက်ရန် မစွမ်းဆောင်နိုင်ခြင်း မဟုတ်ဘဲ... ဤကောင်းကင်နှင့်မြေကြီးက လက်ခံနိုင်သော အမြင့်ဆုံးအဆင့်မှာ ဧကရာဇ်နယ်ပယ်သာ ဖြစ်နေပြီး... သူ့အား အသွင်ပြောင်းလဲရန်နှင့် စစ်မှန်သောအင်မော်တယ် အသီးအပွင့်အဆင့်အတန်းကို ရရှိရန် ကူညီပေးနိုင်မည့်... လုံလောက်သော အသက်ရှည်ဒြပ်စင်များ မရှိခြင်းကြောင့်သာ ဖြစ်သည်။

‎

‎

‎အကယ်၍ သူသာ အင်မော်တယ်နယ်ပယ်တွင် ရှိနေခဲ့ပါက... သူဆန္ဒရှိလျှင် အချိန်မရွေး အခက်အခဲမရှိ အဆင့်တက်ကာ... စစ်မှန်သောအင်မော်တယ် အဆင့်အတန်းကို ရရှိနိုင်မည်ဖြစ်သည်။

‎

‎

‎သို့သော်ငြား ယခုအခါ သူသည် ဒဏ္ဍာရီလာ အင်မော်တယ်များနှင့် မည်သို့မျှ ကွာခြားခြင်း မရှိတော့ပေ။

‎

‎

‎သူ့ခန္ဓာကိုယ်အတွင်း သဘာဝအတိုင်း စီးဆင်းနေသော ချီစွမ်းအင်သည် ကောင်းကင်နှင့်မြေကြီးမှ အသက်ရှည်ခြင်းဒြပ်စင်များကို အဆက်မပြတ် စုစည်းပြီး စုပ်ယူနိုင်သဖြင့် သူ၏သက်တမ်းကို မကုန်ခမ်းနိုင်ဖြစ်စေ၏။

‎

‎

‎" အင်မော်တယ်နယ်ပယ်ကို မဝင်ရောက်ဘဲ... သေမျိုးကမ္ဘာမှာပဲ အင်မော်တယ် ဖြစ်လာတာပေါ့ "

‎

‎

‎ကုချန်သည် တွေးတောလိုက်၏။

‎

‎

‎သူ၏ လက်ရှိအခြေအနေကို 'သေမျိုးကမ္ဘာမှအင်မော်တယ်' ဟု အမှန်တကယ် ခေါ်ဆိုနိုင်ပေသည်။

‎

‎

‎ထို့အပြင် သူ၏နယ်ပယ်သည် ရှေးခေတ်က စစ်မှန်သော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များပင် တစ်ခါမျှ မရောက်ဖူးသော အဆင့်ဖြစ်ပြီး... ၎င်းကို 'ကောင်းကင်ဧကရာဇ်နယ်ပယ်' ဟု ခေါ်ဆိုခြင်းသည် မလျော်ကန်သည်တော့ မဟုတ်ချေ။

‎

‎

‎" လျှို့ဝှက်ဆန်းကြယ်တဲ့နေရာ... ဟွမ်သွမ့်နယ်ပယ်... ဒီခေါင်းတလားအဖုံးထဲမှာ တခြားဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားသေးလဲ "

‎

‎

‎ကုချန်သည် သူ၏အောက်ရှိ ခေါင်းတလားအဖုံးကို ကြည့်လိုက်ကာ... အနည်းငယ် အာရုံခံလိုက်ပြီးနောက်... သူ၏နှလုံးသားသည် ပိုမိုတုန်လှုပ်သွားခဲ့၏။

‎

‎

‎သူသည် ဤခေါင်းတလားအဖုံးပေါ်ရှိ... အင်မော်တယ်တာအိုသင်္ကေတများဖြင့် တည်ဆောက်ထားသော ဟွမ်သွမ့်နယ်ပယ်တွင် အတော်ကြာကျင့်ကြံခဲ့ပြီး... အဆုံးမဲ့ကမ္ဘာ၌ အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိခဲ့ပေ။

‎

‎

‎သို့သော် သူသည် ထိုဟွမ်သွမ့်နယ်ပယ်မှ ထွက်ခွာလာသောအခါ ပြင်ပကမ္ဘာတွင် တခဏတာမျှသာ ကုန်လွန်သွားကြောင်း တွေ့ရှိလိုက်ရသည်။

‎

‎

‎ရေတွက်မရနိုင်သော အင်မော်တယ်တာအိုသင်္ကေတများဖြင့် ဖွဲ့စည်းထားသော ထိုဟွမ်သွမ့်နယ်ပယ်သည်... ရှေးခေတ်အစအဦးပိုင်းကာလမှ ရှေးဟောင်းတာအိုများ ပါဝင်ရုံသာမက... ပိုမိုနက်ရှိုင်းသော အချိန်စီးဆင်းမှုများကိုပါ ဖုံးကွယ်ထားသည်။ ဟွမ်သွမ့်နယ်ပယ်တွင် နှစ်ပေါင်းတစ်ရာ ကြာသော်လည်း ပြင်ပကမ္ဘာရှိ စစ်မှန်သောအချိန်သည် စီးဆင်းခြင်းပင် မရှိခဲ့ပေ။

‎

‎

‎" ဟမ်? "

‎

‎

‎ကုချန်သည် သူ၏အောက်ရှိ ခေါင်းတလားအဖုံးကို လေ့လာနေစဉ်... ယခင်နှင့် အနည်းငယ် ကွဲပြားခြားနားမှုကို သတိထားမိလိုက်သည်။

‎

‎

‎အင်မော်တယ်တာအိုသင်္ကေတများ ရှိသော ဧရိယာကျယ်ကြီး၏ ထောင့်တစ်နေရာတွင်... မူလက ကွက်လပ်ဖြစ်နေသော နေရာ၌ အင်မော်တယ်တာအိုသင်္ကေတ အပိုင်းအစတစ်ခုသည် ယခုလေးတင် ပေါ်ပေါက်လာခဲ့သည်။

‎

‎

‎ကုချန်သည် တုံ့ဆိုင်းမနေဘဲ... ဤအသစ်ပေါ်လာသော အင်မော်တယ်တာအိုသင်္ကေတ အပိုင်းအစကို... ချက်ချင်း စုံစမ်းစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာလိုက်သည်။

‎

‎

‎ခဏအကြာတွင် သူသည် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။

‎

‎

‎" သြော်... ဒီလိုကိုး "

‎

‎

‎ဤအသစ်ပေါ်လာသော အင်မော်တယ်တာအိုသင်္ကေတ အပိုင်းအစသည် ဧကရာဇ်နယ်ပယ်ကို ကျော်လွန်သော အင်မော်တယ်တာအိုနယ်ပယ်၏ အစိတ်အပိုင်းတစ်ခုကို မှတ်တမ်းတင်ထားကြောင်း တွေ့ရှိရသည်။

‎

‎

‎ယခင်က ကုချန်သည် ဧကရာဇ်အဆင့်အထွက်အထိပ်တွင် ရှိနေစဉ်က... ဤခေါင်းတလားအဖုံးပေါ်တွင် ဧကရာဇ်နယ်ပယ်နှင့် သက်ဆိုင်သော မှတ်တမ်းများကိုသာ မြင်တွေ့ခဲ့ရသည်။

‎

‎

‎ယခုအခါ သူသည် ဧကရာဇ်အဆင့်အထွက်အထိပ်ကို ဖောက်ထွက်ပြီးနောက်... အင်မော်တယ်တာအိုနယ်ပယ်၏ နောက်ဆက်တွဲ အစိတ်အပိုင်းများကို မြင်တွေ့လိုက်ရသည်။

‎

‎

‎ဤခေါင်းတလားအဖုံးပေါ်ရှိ မှတ်တမ်းများအရ... ဧကရာဇ်နယ်ပယ်သည် ထျန်းကျွင်းအဆင့်ကို ကျော်လွန်သော အဆုံးစွန်နယ်ပယ်တစ်ခု ဖြစ်သည်။

‎

‎

‎အမှန်စင်စစ် သက်ရှိတစ်ဉီးသည်... ထျန်းကျွင်းအဆင့်အထွက်အထိပ်ကို ဖောက်ထွက်ပြီးနောက်... ထိုသူသည် စစ်မှန်သောအင်မော်တယ်နယ်ပယ်ကို ရရှိနိုင်သည်။

‎

‎

‎စစ်မှန်သောအင်မော်တယ်အထက်တွင် အင်မော်တယ်ထျန်းကျွင်းနှင့် အင်မော်တယ်ဘုရင်ဟူသော နယ်ပယ်နှစ်ခု အစဉ်လိုက် ရှိသည်။

‎

‎

‎အင်မော်တယ်ထျန်းကျွင်းကို အင်မော်တယ်အားလုံးက လေးစားကြသည်။

‎

‎

‎အင်မော်တယ်ဘုရင်သည် ကောင်းကင်ဘုံအားလုံးကို အပေါ်စီးမှ ကြည့်ရှုပြီး... အင်မော်တယ်များကြားတွင် ဘုရင်အဖြစ် စိုးစံ၏။

‎

‎

‎ဤအင်မော်တယ်တာအိုသင်္ကေတ အပိုင်းအစတွင် မှတ်တမ်းတင်ထားသော နယ်ပယ်များသည် အင်မော်တယ်ဘုရင်နယ်ပယ်တွင် ရုတ်တရက် ရပ်တန့်သွားသည်။

‎

‎

‎သူသည် ပိုမိုမြင့်မားသော နယ်ပယ်သို့ ဆက်လက် ဖောက်ထွက်မှသာလျှင်... ဤခေါင်းတလားအဖုံးပေါ်၌ အင်မော်တယ်တာအိုသင်္ကေတ အသစ်များ ပေါ်လာမည်ဖြစ်ပြီး... ထိုအခါမှသာ အင်မော်တယ်ဘုရင်နယ်ပယ်ကို ကျော်လွန်သော နယ်ပယ်များကို... အဓိပ္ပာယ်ဖော်နိုင်လိမ့်မည်ဟု ကုချန် ခန့်မှန်းလိုက်သည်။

‎

‎

‎ထို့အပြင် ဤ စစ်မှန်သောအင်မော်တယ်၊ အင်မော်တယ်ထျန်းကျွင်းနှင့် အင်မော်တယ်ဘုရင်ဟူသော နယ်ပယ်သုံးခုအပြင်.....

‎

‎

‎ဤအင်မော်တယ်တာအိုသင်္ကေတများမှတဆင့်... ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များသည် အင်မော်တယ်နယ်ပယ်တွင်ပင်လျှင်... အဘယ်ကြောင့် မြင့်မားသော အဆင့်အတန်းကို ရရှိထားကြောင်း သူ သိရှိလိုက်ရသည်။

‎

‎

‎အကြောင်းမှာ... ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များသည် ရှေးခေတ်မှ ယနေ့ထိတိုင်... လမ်းခုလတ်တွင် ပျက်စီးခဲ့ကြရသူများမှလွဲ၍... အားလုံးသည် နောက်ဆုံးတွင် အင်မော်တယ်ဘုရင်နယ်ပယ်ကို ရရှိခဲ့ကြသောကြောင့် ဖြစ်၏။

‎

‎

‎ထို့ကြောင့်... အဆုံးစွန် ဧကရာဇ်နယ်ပယ်ကို ရရှိနိုင်ခြင်းသည် အင်မော်တယ်ဘုရင် ဖြစ်လာနိုင်သော အလားအလာကို ပိုင်ဆိုင်ခြင်းဖြစ်ပြီး... 'စစ်မှန်သော အင်မော်တယ်ဘုရင်မျိုးစေ့' ဟူသော ဘွဲ့နာမကို အမှန်တကယ် ရရှိထိုက်ပေသည်။

‎

All Chapters