အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း(၂၀၅) - အလွန်အမင်း ရုပ်ဆိုးသူ (၁)
တစ်ရက်နှင့် တစ်ည စောင့်ဆိုင်းပြီးနောက် မိုးကုပ်စက်ဝိုင်းတွင် အရုဏ်ဦးအလင်းတန်းလေး တစ်ချက် ပေါ်လာသည်။
ရုတ်တရက် လူတိုင်း၏ စိတ်နှလုံးထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပျံ့နှံ့သွားသည်။
မျက်လုံးမှိတ်၍ ကျင့်ကြံနေသူများအားလုံး တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြပြီး ထိုအရှိန်အဝါ ထွက်ပေါ်လာရာ အရပ်သို့ ကြည့်လိုက်ကြသည်။
ပတ်ဝန်းကျင်ရှိ လေထုမှာ သိမ်မွေ့စွာ ပုံပျက်နေပြီး သဘာဝတရား၏ အရှိန်အဝါမှာ ရုတ်တရက် ပိုမိုပြင်းထန်လာသည်။
အသက်ရှူသွင်းလိုက်တိုင်း ကြွယ်ဝသော အအသက်စွမ်းအားများကို ရှူရှိုက်လိုက်ရသကဲ့သို့ ရှိသည်။ ယခုအချိန်တွင် နတ်ဆိုးမျိုးနွယ်စုပင်လျှင် ဤနေရာ၌ သက်တောင့်သက်သာရှိမှုကို ခံစားနေရသည်။
ရှေ့ရှိ ရေကန်မျက်နှာပြင်မှာ ညင်သာစွာ လှိုင်းထလာပြီး ထိုလှိုင်းများမှာ တဖြည်းဖြည်း ကြီးမားလာကာ ရေကန်အလယ်မှ မီတာအတော်များများ မြင့်သော ရေပန်းတစ်ခု ထွက်ပေါ်လာပြီး အပြင်ဘက်သို့ ပြန့်ကားသွားသည်။ အလွန်သိပ်သည်းသော အသက်စွမ်းအားများမှာ အရပ်မျက်နှာအနှံ့မှ ဤနေရာသို့ စုစည်းလာကြသည်။
အရုဏ်တက်ချိန်သို့ ရောက်ရှိလာပြီး အိပ်မက်ဘုရားကျောင်းသည်လည်း ထိုအချိန်အတိအကျမှာပင် ရေကန်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
မြစိမ်းရောင် နန်းတော်၏ ထိပ်ပိုင်းသည် ရေကန်ထဲမှ ထွက်ပေါ်လာပြီး ကြည်လင်သော ကန်ရေများမှာ နန်းတော်ဘေးမှနေ၍ ရေတံခွန်ကဲ့သို့ စီးကျနေသည်။
နန်းတော်တစ်ခုလုံးမှာ ကြည်လင်တောက်ပသော အစိမ်းရောင်ရှိပြီး ဝင်းလက်နေသော ရောင်ခြည်တန်းများနှင့် ရတနာအလင်းတန်းများ ဖြာထွက်နေသည်။
အိပ်မက်ဘုရားကျောင်း ပေါ်ထွက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အပင်များမှာ အံ့ဩဖွယ်ရာနှုန်းဖြင့် ကြီးထွားလာကြသည်။
မူလက တစ်မီတာသာ မြင့်သော ချုံပုတ်များမှာ လူသားများနှင့် နတ်ဆိုးများ၏ အရပ်ကို ကျော်လွန်သွားကာ ပန်းရနံ့များမှာလည်း ပိုမိုသင်းပျံ့လာသည်။
နောက်ဆုံးတွင် မြစိမ်းရောင် အိပ်မက်ဘုရားကျောင်းမှာ ရေထဲမှ အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။
အိပ်မက်ဘုရားကျောင်းကို ဝန်းရံထားသော မြူနှင်းပါးပါးလေးမှာ မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာသော နေရောင်ခြည်နှင့် ရောယှက်သွားရာ အိပ်မက်ဆန်ပြီး စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။
အိပ်မက်ဘုရားကျောင်း၏ ထိပ်ပိုင်းက ကျန်းတစ်ဆယ်မြင့်ပြီး လူသုံးယောက်ဖက်စာ ကျယ်သော တိုင်လုံးကြီးများဖြင့် ထောက်ကူထားသည်။
ဤဘုရားကျောင်းတွင် နံရံများ သို့မဟုတ် တံခါးများ မရှိပေ။
ဘုရားကျောင်းတစ်ခုလုံးမှာ ဖောက်ထွင်းမြင်နေရပြီး စုစုပေါင်း တိုင်လုံး ၃၂ လုံး ရှိသည်။
ပြင်းထန်သော အသက်စွမ်းအားများက သူတို့ကို တိုးဝှေ့လာရာ နက်ရှိုင်းသော တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းသည်။
လင်းရှောင်သည် နဂါးနက်ကိုယ်ရံတော်တပ်မှူး ဟွမ်ရှို့ကို ကြည့်ပြီး ပြောလိုက်သည်။
"အခု ဝင်သွားလို့ရပြီ၊ လူတိုင်းက ကိုယ့်ကံတရား အပေါ်မှာပဲ မူတည်တယ်"
ဟွမ်ရှို့သည် နတ်ဆိုးမျိုးနွယ်စု၏ မျိုးဆက်သစ် လူငယ် ၁၀ ဦးကို လမ်းညွှန်မှုပေးပြီးနောက် အားပေါင် ၊ ယွဲ့ယဲ့၊ လင်ရှောင်နှင့် အခြားသူများမှာ တန်းစီ၍ အိပ်မက်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်သွားကြသည်။
လူသားများဘက်တွင်လည်း ကျန့်ဖုန်းသည် ဝမ်မင်၊ ယောင်လီတို့နှင့်အတူ အခြားသူများနောက်မှ အိပ်မက်ဘုရားကျောင်းဆီသို့ လျှောက်လှမ်းသွားသည်။
"အထဲကို ရောက်သွားလို့ နတ်ဆိုးတွေနဲ့ တွေ့ရင် ပဋိပက္ခမဖြစ်အောင် ရှောင်ပါ၊ အားလုံး ပြန်စုမိမှပဲ အစီအစဉ်ဆွဲကြတာပေါ့"
ကျန့်ဖုန်းက ဝမ်မင်နှင့် ယောင်လီကို မှာကြားလိုက်သည်။
"ကျွန်တော်တို့အားလုံးက အဆင့် ၆ ပဲလေ၊ နတ်ဆိုးတွေကို ရှုံးမှာမဟုတ်ပါဘူး"
ယောင်လီက အနည်းငယ် ဇဝေဇဝါဖြင့် ပြောသည်။
"ဒါပေမဲ့ အဲဒီ နတ်ဆိုး ၁၀ ယောက်က တကယ်ပဲ အဆင့် ၆ မှာ ရှိနေမယ်လို့ မင်းထင်လို့လား၊ ရှေ့ဆုံးကလူကို ငါမြင်ဖူးတယ်၊ သူက နတ်ဆိုးဧကရာဇ်ရဲ့ သားတော်ပဲ၊ သူက အနည်းဆုံး အဆင့် ၈ ကျင့်ကြံသူတစ်ယောက်ပဲ၊ ကျန်တဲ့လူတွေလည်း အတူတူပဲ ဖြစ်လိမ့်မယ်၊ သူတို့က အိပ်မက်သုခဘုံထဲ ဝင်ဖို့အတွက် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားတာ၊ မင်းတို့ သူတို့နဲ့တွေ့ရင် ဘယ်လိုမှ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး"
ကျန့်ဖုန်းက ယောင်လီကို ကြည့်ကာ ရှင်းပြလိုက်သည်။
ကျန့်ဖုန်း၏ စကားကို ကြားသောအခါ ယောင်လီနှင့် ဝမ်မင်တို့၏ မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ နတ်ဆိုးမျိုးနွယ်စုက ဤကဲ့သို့ လှည့်ကွက်သုံးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
အိပ်မက်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် အဆုံးမဲ့သော အစိမ်းရောင်များနှင့် အိပ်မက်ဆန်သော အရောင်အသွေးများကို မြင်တွေ့ရသည်။
ထိုအစိမ်းရောင် အလင်းတန်းထဲသို့ ခြေချလိုက်သည်နှင့် အိပ်မက်သုခဘုံထဲသို့ အမှန်တကယ် ရောက်ရှိသွားမည် ဖြစ်သည်။
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကျန့်ဖုန်းနှင့် အခြားသူများ၏ ပုံရိပ်များ ပျောက်ကွယ်သွားသည်။
မကြာမီမှာပင် မြင်ကွင်းမှာ ရှင်းလင်းသွားသော်လည်း ယခုအချိန်တွင် ဝမ်မင်နှင့် ယောင်လီကို မတွေ့ရတော့ပေ။
ပိုးမွှားများနှင့် ငှက်တို့၏ မြည်သံများက လန်းဆန်းစေသော ရနံ့များနှင့်အတူ ရောက်ရှိလာသည်။
ယခုအချိန်တွင် ကျန့်ဖုန်း၏ ပတ်ဝန်းကျင်ရှိ အစိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး သူ၏ အနောက်တွင် စိမ်းဖန့်ဖန့် အလင်းလုံးလေးတစ်ခု ဝဲပျံနေသည်။
အိပ်မက်ဘုရားကျောင်းသို့ ပြန်သွားရန်အတွက် ဤအလင်းလုံးထဲသို့ ဝိညာဉ်စွမ်းအား ၅,၀၀၀ ကျော် ထည့်သွင်းရမည်ဟု လင်းရှောင်က သူတို့ကို ပြောပြထားသည်။
ဝိညာဉ်စွမ်းအား ထည့်သွင်းပြီးပါက အိပ်မက်သုခဘုံ၏ နောက်ဆုံးစမ်းသပ်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းကို အောင်မြင်မှသာ အန္တရာယ်ကင်းစွာ ပြန်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ကျန့်ဖုန်း၊ လုံဟောက်ချန်နှင့် ရှန့်ချိုင်အာတို့ လင်းလောင်ထံမှ ရရှိထားသော အိပ်မက်ကျောက်မျက်များက သူတို့ကို တိုက်ရိုက် ပြန်နိုင်စေသည်။ လင်းလောင်က ဤကဲ့သို့သော ရတနာများကို မည်သို့ရရှိခဲ့သည်ကို ကျန့်ဖုန်း မသိသော်လည်း ၎င်းက အရေးမကြီးပေ။
အိပ်မက်သုခဘုံထဲ ရောက်ပြီးနောက် ကျန့်ဖုန်းသည် ထာဝရမျှော်စင်နှင့် ဆက်သွယ်ရန် ကြိုးစားကြည့်သည်။
အမှန်ပင်၊ ထာဝရမျှော်စင်နှင့် သူ၏ ဆက်သွယ်မှုမှာ အိပ်မက်သုခဘုံကြောင့် ပြတ်တောက်မသွားပေ။
သို့သော်လည်း ထာဝရမျှော်စင်သို့ ဦးတည်သော ဟင်းလင်းပြင်တံခါးကို ဖွင့်ရန် ကုန်ဆုံးမည့် ဝိညာဉ်စွမ်းအားမှာ ယခင်ကထက် များစွာ ပိုမိုများပြားနေသည်။
အတွင်းဝိညာဉ်စွမ်းအား ၄,၀၀၀ နီးပါးကို ဆက်တိုက် အသုံးပြုပြီးနောက်တွင် ဟင်းလင်းပြင်တံခါးမှာ နောက်ဆုံး၌ ပွင့်လာသည်။
ကျန့်ဖုန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဝင်းလက်သွားပြီး လေထဲမှာပင် ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် ရင်းနှီးပြီးသား သေခြင်းတရား အငွေ့အသက်များ လေထုထဲ၌ ပျံ့နှံ့နေပြီး ကျန့်ဖုန်းသည် ထာဝရမျှော်စင်အတွင်း ပေါ်လာခဲ့သည်။
ကျန်းရှင်းရန်၊ ဖန်းလီနှင့် မုရုံရှန်းအာတို့မှာ ထိုနေရာ၌ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
ကျန့်ဖုန်း ရောက်လာသည်ကို မြင်သောအခါ သူတို့ သုံးဦးမှာ ရှေ့သို့ ပြေးထွက်လာကြသည်။
"ကျန့်ဖုန်း၊ မင်း အောင်မြင်သွားပြီလား"
ကျန်းရှင်းရန်က အနည်းငယ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ယခင်က ကျန့်ဖုန်းသည် အမှတ် ၂၁ အဖွဲ့ဝင်များကို ဤနည်းလမ်းအကြောင်း ပြောပြထားပြီး ဖြစ်သည်။
ထို့ကြောင့် ရွေးချယ်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ကျန်းရှင်းရန်နှင့် ကျန်နှစ်ဦးမှာ ဝိညာဉ်မီးဖိုတစ်ခု ရရှိရန် မျှော်လင့်ချက် ရှိနေကြဆဲ ဖြစ်သည်။
ကျန့်ဖုန်းက ခေါင်းညိမ့်ပြပြီး ပြောလိုက်သည်။
"ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး၊ ငါ ဝိညာဉ်စွမ်းအား နည်းနည်း ပြန်ဖြည့်ပြီးရင် အိပ်မက်သုခဘုံကို သွားကြတာပေါ့"
ထာဝရမျှော်စင်အတွင်း၌ ကျန့်ဖုန်း တစ်ဦးတည်းသာ ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်သည်။
ထို့ကြောင့် အိပ်မက်သုခဘုံအတွင်းသို့ ရောက်သွားသည်နှင့် နတ်ဆိုးများ၏ ချုံခိုတိုက်ခိုက်မှုကို မခံရစေရန် သူသည် ထာဝရမျှော်စင်အတွင်း၌ပင် ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်ရန် ရွေးချယ်ခဲ့သည်။
နာရီဝက်မပြည့်မီမှာပင် ကျန့်ဖုန်းသည် သုံးစွဲခဲ့သော ဝိညာဉ်စွမ်းအား ၄,၀၀၀ ကို ပြန်လည်ရရှိခဲ့သည်။
ကျန့်ဖုန်းသည် ဟင်းလင်းပြင်တံခါးကို ချက်ချင်း ပြန်ဖွင့်လိုက်သည်။
ယခုတစ်ကြိမ်တွင်လည်း ကုန်ဆုံးမှုမှာ ၄,၀၀၀ ခန့်ပင် များပြားလှသည်။
အလင်းတစ်ချက် လက်သွားပြီးနောက် ကျန့်ဖုန်းနှင့် ကျန်သုံးဦးမှာ အိပ်မက်သုခဘုံအတွင်း ပေါ်လာကြသည်။
သေခြင်းတရားများ ပြည့်နှက်နေသော ထာဝရမျှော်စင်မှ အိပ်မက်သုခဘုံသို့ ရုတ်တရက် ရောက်ရှိလာရာ၊ ကြွယ်ဝပြီး လတ်ဆတ်သော အသက်စွမ်းအားများမှာ သူတို့ဆီသို့ တိုးဝှေ့လာသဖြင့် ကျန်းရှင်းရန်နှင့် အခြားသူများကို လန်းဆန်းတက်ကြွသွားစေသည်။
"သွားကြစို့"
ကျန့်ဖုန်းက သူ၏ အဖော်များကို ခေါ်လိုက်သည်။ အချိန်က ဘယ်သူ့ကိုမှ မစောင့်ပေ။ ဝိညာဉ်စွမ်းအား ပြန်ဖြည့်ရန်အတွက် ကျန့်ဖုန်းသည် ထာဝရမျှော်စင်အတွင်း အချိန်အတော်ကြာ အသုံးချခဲ့ပြီးဖြစ်သည်။
အိပ်မက်သုခဘုံအတွင်းရှိ ဝိညာဉ်မီးဖိုများမှာ အကန့်အသတ်ရှိပြီး ကံတရားအပေါ်၌သာ လုံးဝ မူတည်သည်။
မုရုံရှန်းအာသည် သူမ၏ အလင်းဒြပ်စင်ဝိညာဉ်ကို ဆင့်ခေါ်ပြီး ကျန့်ဖုန်း၏ ဝိညာဉ်စွမ်းအားကို ပြန်လည်ပြည့်ဖြိုးစေရန် မှော်မန္တန်များကို အတူတကွ ရွတ်ဆိုကြသည်။
အိပ်မက်သုခဘုံသို့ ရောက်ရှိလာပြီးနောက် အလင်းဒြပ်စင်ဝိညာဉ်မှာ ပိုမို ဖျတ်လတ်လာပြီး ဤနေရာရှိ အငွေ့အသက်ကို အလွန်သဘောကျနေသည်မှာ ထင်ရှားသည်။
သူမသည် အလင်းဒြပ်စင်ဝိညာဉ်ဖြစ်ပြီး အသက်စွမ်းအားဒြပ်စင်မဟုတ်သော်လည်း၊ အလင်းနှင့် အသက်သည် တက်ကြွသော ဒြပ်စင်များဖြစ်ကာ အလွန်နီးစပ်ကြသည်။
အခန်း(၂၀၆) - အလွန်အမင်း ရုပ်ဆိုးသူ (၂)
ကျန်းရှင်းရန်၊ မုရုံရှန်းအာနှင့် ဖန်းလီတို့ အိပ်မက်သုခဘုံတွင် ပေါ်လာပြီးနောက် သူတို့တစ်ဦးချင်းစီ၏ အနောက်တွင်လည်း အစိမ်းရောင် အလင်းလုံးလေးတစ်ခုစီ ပေါ်လာသည်ကို ကျန့်ဖုန်း သတိပြုမိလိုက်သည်။
ဤနေရာမှ ဝိညာဉ်မီးဖိုတစ်ခု ရရှိခဲ့လျှင် သူတို့သည် ထာဝရမျှော်စင်မှတစ်ဆင့် တိုက်ရိုက် ပြန်ထွက်သွား၍ ရမည်မဟုတ်ကြောင်း ထင်ရှားလှသည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်မီးဖိုတစ်ခုကို ရရှိလိုက်သည်နှင့် အိပ်မက်သုခဘုံနှင့် ဆက်သွယ်မှု ပြီးမြောက်သွားပြီဖြစ်ရာ အိပ်မက်ဘုရားကျောင်း၏ စမ်းသပ်မှုကို ခံယူပြီးမှသာ ထွက်ခွာနိုင်မည် ဖြစ်သည်။
အိပ်မက်သုခဘုံကို ကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံတစ်ခုအဖြစ် တင်စားနိုင်သည်။
ရှားပါးသောအပင်မျိုးစုံကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
ကျန့်ဖုန်းသည် အဂ္ဂိရတ်ပညာကို နားမလည်သော်လည်း အချို့သော ရှားပါးဆေးဖက်ဝင်အပင်များကို သိရှိထားသည်။
သူသည် ၎င်းတို့ကို အရင်ခူးကာ သိမ်းဆည်းထားနိုင်ပြီး ဖြစ်နိုင်ပါက နောင်တွင် စနစ်ဆိုင်မှ ဆေးနည်းများကို တိုက်ရိုက်ဝယ်ယူကာ ဆေးမီးဖိုကို သုံး၍ ဆေးလုံး များအဖြစ် ဖော်စပ်နိုင်သည်။
ကျန့်ဖုန်းနှင့် အခြားသူများသည် ဝိညာဉ်မီးဖို၏ အစအနများကို ရှာဖွေရင်း တစ်ဖက်သို့ ဦးတည်သွားကြသည်။
အိပ်မက်သုခဘုံထဲသို့ ရောက်ပြီးနောက် သူ၏ အတွင်းဝိညာဉ်စွမ်းအားမှာ လျင်မြန်စွာ တိုးတက်လာနေသည်ကို ကျန့်ဖုန်း ရှာဖွေတွေ့ရှိလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ အလင်းနတ်ဘုရားမ၏ အမြုတေသည် အမြဲရှိနေခဲ့ပြီး ယခုအခါ ၎င်းမှာ လျင်မြန်စွာ လည်ပတ်နေကာ ကျန့်ဖုန်း၏ ပတ်ဝန်းကျင်ရှိ အလင်းဒြပ်စင်များကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနေသည်။
၎င်းကို သန့်စင်ရန်ပင် မလိုပေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ အလင်းဒြပ်စင်မှာ အလွန်စင်ကြယ်ပြီး အလင်းသားတော် ဖြစ်သော ကျန့်ဖုန်း၏ ကိုယ်ပိုင်အလင်းဒြပ်စင်နှင့် တန်းတူ ဖြစ်နေသောကြောင့် ဖြစ်သည်။
မုရုံရှန်းအာသည်လည်း သူမ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်နေသည်။
သူမ၏ အလင်းဒြပ်စင် မွေးရာပါအတွင်းဝိညာဉ်စွမ်းအား မှာလည်း မနိမ့်လှပေ။
သူမ၏ ကိုယ်ပိုင်စွမ်းရည်သက်သက်ဖြင့် အိပ်မက်သုခဘုံရှိ အလင်းဒြပ်စင်များကို လျင်မြန်စွာ မစုပ်ယူနိုင်သော်လည်း၊ သူမ၏ အလင်းဒြပ်စင်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ပြီးနောက် ထိုဝိညာဉ်မှတစ်ဆင့် အလင်းဒြပ်စင်များကို စုပ်ယူကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် လွှဲပြောင်းပေးနိုင်သည်။
မုရုံရှန်းအာက ပြောသည်။
“အလင်းဒြပ်စင်ဝိညာဉ်က အတိုင်းအတာတစ်ခုအထိ ပိုသန်မာလာတယ်လို့ ကျွန်မ ခံစားရတယ်"
ကျန့်ဖုန်းကလည်း ခေါင်းညိမ့်ပြသည်။ သူလည်း ထိုအတိုင်းပင် ခံစားရသည်။
ခုနက အလင်းဒြပ်စင်ဝိညာဉ်၏ အကူအညီဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားပြီး အလင်းဒြပ်စင်ဝိညာဉ်၏ ပြန်လည်ဖြည့်တင်းနိုင်စွမ်းမှာလည်း တိုးတက်လာသည်ကို သူ တွေ့ရှိခဲ့သည်။
နှစ်နာရီကြာ ခရီးနှင်ပြီးနောက် ကျန့်ဖုန်း၏ ထက်မြက်သော အာရုံခံနိုင်စွမ်းမှာ ရှေ့မလှမ်းမကမ်းတွင် ပြင်းထန်သော ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို ဖမ်းမိလိုက်သည်။
တစ်စုံတစ်ဦး တိုက်ခိုက်နေပုံရသည်။
ကျန့်ဖုန်းက သူ၏ အဖော်များကို အမှီလိုက်ရန် အချက်ပြလိုက်ပြီး မှာလိုက်သည်။
"ငါ့အနားမှာပဲ နေကြပါ၊ အားလုံး ကိုယ့်ကိုယ်ကိုယ် ဖျောက်ထားပြီး သတိထားကြ၊ ငါ့အမိန့်ကိုပဲ နားထောင်"
ယခုအချိန်တွင် ကျန့်ဖုန်း၏ မျက်လုံးများထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။
မလာခင်မှာပင် ကျန့်ဖုန်းက မှာကြားထားပြီး ဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စုနှင့် တွေ့သည်နှင့် လုံးဝ ကရုဏာမထားဘဲ သတ်ပစ်ရန် ဖြစ်သည်။
ဤကိစ္စသည် ဝိညာဉ်မီးဖို ရရှိရန်ထက်ပင် ပို၍ အရေးကြီးသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းရှင်းရန်၊ မုရုံရှန်းအာနှင့် ဖန်းလီတို့မှာ အမှန်စင်စစ် ကျန့်ဖုန်း၏ လှည့်ကွက်ဖြင့် ပါလာခြင်းဖြစ်ရာ၊ ဤကိစ္စ ပေါက်ကြားသွားပါက နတ်ဆိုးမျိုးနွယ်စုနှင့် မဟာမိတ်အဖွဲ့ကြား စစ်ပွဲတစ်ခု ဖြစ်လာနိုင်သည်။
ထို့အပြင် မဟာမိတ်အဖွဲ့ရှိ အခြားသော နတ်ဆိုးအမဲလိုက်အဖွဲ့များ သိသွားလျှင်လည်း မကောင်းပေ။
ကျန့်ဖုန်းနှင့် အခြားသူများသည် မီတာ တစ်ထောင်ခန့် တိတ်တဆိတ် ချဉ်းကပ်သွားပြီးနောက် ချုံပုတ်တောထဲတွင် ပုန်းအောင်းလိုက်ကြသည်။
ကျန့်ဖုန်းမှာမူ မြင့်သော အပင်တစ်ပင်ပေါ်သို့ တက်ကာ ဝေးကွာသော တိုက်ပွဲမြေပြင်ကို အကဲခတ်လိုက်သည်။
တိုက်ခိုက်နေသော နှစ်ဖက်မှာ နတ်ဆိုးမျိုးနွယ်နှင့် အိပ်မက်သုခဘုံ၏ အစောင့်အရှောက် တစ်ဦးတို့ ဖြစ်ကြသည်။
နတ်ဆိုးမျိုးနွယ်ဘက်တွင် သုံးမီတာကျော် မြင့်သော၊ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ရှိသည့် လူငယ်တစ်ဦး ရှိသည်။
သူ၏ မျက်နှာမှာ အစိမ်းရောင်ရှိပြီး အစွယ်များ ထွက်နေကာ၊ ကျောတွင် ကြီးမားသော နဂါးတောင်ပံ အမည်းရောင်တစ်စုံ ရှိသည်။
သူသည် အစိမ်းရောင် မီးတောက်များ ဝင်းလက်နေသည့် ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။
စကားတစ်လုံးတည်းဖြင့် ပြောရလျှင် အလွန်အမင်း ရုပ်ဆိုးသူ ဖြစ်သည်။
သူ၏ ကိုယ်ထည်အရွယ်အစားအရ သူသည် နတ်ဆိုးမျိုးနွယ်စု၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်သည်။
ကြောက်မက်ဖွယ် အော်ဟစ်သံဂူမစ်ရှင်တွင် ကျန့်ဖုန်းတို့သည် ဤနတ်ဆိုးမျိုးနွယ်နှင့် တွေ့ခဲ့ဖူးသဖြင့် သူတို့၏ ဝိသေသလက္ခဏာများကို ရင်းနှီးပြီးသား ဖြစ်သည်။
သူ၏ ပြိုင်ဘက်မှာ အရပ်ရှည်ပြီး ထွားကြိုင်းကာ နက်မှောင်ပြောင်လက်နေသော အမွှေးများရှိသည့် မျောက်ဝံကြီးတစ်ကောင် ဖြစ်သည်။
၎င်း၏ အရွယ်အစားမှာ နတ်ဆိုးထက်ပင် ပိုကြီးပြီး တစ်ကိုယ်လုံးမှ ပြင်းထန်သော အဝါရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။
သူ၏ တိုက်ခိုက်မှုတိုင်းမှာ အလွန်ပင် လေးလံလှသည်။
သူတို့၏ ခွန်အားမှာ တန်းတူဖြစ်ပုံရပြီး တိုက်ပွဲမှာ ထူးထူးခြားခြား ပြင်းထန်နေသည်။
မျောက်ဝံကြီး၏ လက်နက်မှာ သံမဏိကဲ့သို့ မာကျောသော သူ၏ လက်မောင်းများ ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး ထိတွေ့မိတိုင်း သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာသည်။
သို့သော်လည်း အသားနှင့် သွေးဖြစ်သောကြောင့် မျောက်ဝံကြီး၏ ခန္ဓာကိုယ်မှာ အမှန်တကယ် လက်နက် မဟုတ်ပေ။
နတ်ဆိုးလူငယ်မှာမူ သူ၏ အစိမ်းရောင်မီးတောက်ဓားကြီး ကို အားကိုးကာ တိုက်ပွဲတွင် အသာစီး အနည်းငယ် ရရှိနေသည်။
တိုက်ခိုက်မှုတိုင်းက မျောက်ဝံကြီး၏ လက်မောင်းပေါ်တွင် သွေးစွန်းသော ဒဏ်ရာများကို ကျန်ရစ်စေသည်။
သူတို့၏ ဘေးတွင် နူးညံ့သော အဖြူရောင် အလင်းလုံးလေးတစ်ခု လေထဲတွင် ဝဲပျံနေသည်။
ထိုအလင်းလုံးမှာ လူဦးခေါင်းခန့် အရွယ်အစား ရှိပြီး၊ ၎င်းအထဲတွင် ခြေလေးချောင်းပါသော မီးဖိုငယ်လေးတစ်ခုကို ဝိုးတဝါး မြင်နေရကာ ထိုနေရာမှ မြူဆန်သော အဖြူရောင် အလင်းတန်းများ ဖြာထွက်နေသည်။
ဝိညာဉ်မီးဖို!!
၎င်းမှာ လုံဟောက်ချန်၏ မြင့်မြတ်လမ်းညွှန်ဝိညာဉ်မီးဖို ကဲ့သို့ပင် မည်သည့် ဒြပ်စင်သဘာဝမျှ မရှိသော ဝိညာဉ်မီးဖို ဖြစ်သည်။
မည်သည့် ဒြပ်စင်သဘာဝရှိသော ပညာရှင်မဆို ၎င်းကို စုပ်ယူနိုင်သဖြင့် နတ်ဆိုးများကလည်း စုပ်ယူနိုင်သည်။
ဤမျောက်ဝံကြီးမှာ ဝိညာဉ်မီးဖို၏ အစောင့်အရှောက် ဖြစ်သည်။
ထိုနတ်ဆိုးလူငယ်က မျောက်ဝံကြီးကို အနိုင်ယူနိုင်သည်နှင့် ဤဝိညာဉ်မီးဖိုကို ရရှိမည်ဖြစ်သည်။
သို့သော် ကျန့်ဖုန်းကမူ သူ့ကို အလွယ်တကူ ရရှိစေမည် မဟုတ်ပေ။
ဝိညာဉ်မီးဖိုတစ်ခုကို ရရှိရန် နည်းလမ်းနှစ်ခု ရှိသည်။
ပထမမှာ အစောင့်အရှောက်ကို သတ်ခြင်းဖြစ်ပြီး၊ ဒုတိယမှာ အစောင့်အရှောက်၏ သဘောတူညီချက်ကို ရယူခြင်း ဖြစ်သည်။
ကျန့်ဖုန်း၏ အမြင်အရ အမှောင်ဒြပ်စင်ရှိသော ထိုနတ်ဆိုးလူငယ်အနေဖြင့် ဝိညာဉ်မီးဖိုအစောင့်အရှောက်၏ သဘောတူညီချက်ကို ရရှိရန်မှာ မဖြစ်နိုင်သဖြင့် သူသည် အစောင့်အရှောက်ကို သတ်သည့် နည်းလမ်းကိုသာ ရွေးချယ်နိုင်မည် ဖြစ်သည်။
ကျန့်ဖုန်းသည် မကြာမီ လှုပ်ရှားတော့မည် ဖြစ်ပြီး ဝိညာဉ်မီးဖိုအစောင့်အရှောက်ကို ကူညီ၍ ထိုနတ်ဆိုးလူငယ်ကို သတ်ပစ်မည် ဖြစ်သည်။
ထိုအခါ ဝိညာဉ်မီးဖိုကို ယူလိုက်ခြင်းမှာ ကျိုးကြောင်းဆီလျော်သည် မဟုတ်ပါလား။
ကျန့်ဖုန်းသည် သူ၏ အဖွဲ့ဆီသို့ ပြန်သွားကာ အဖော်များကို လမ်းညွှန်မှုအချို့ ပေးပြီး လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် မုရုံရှန်းအာကို တိုးတိုးလေး မှာကြားလိုက်သည်။
ညွှန်ကြားချက်အားလုံး ပေးပြီးနောက် ကျန့်ဖုန်းသည် တိုက်ပွဲမြေပြင်သို့ ဝင်ရောက်လိုက်ပြီး သူ၏ ပထမဆုံး လှုပ်ရှားမှုမှာ သေစေနိုင်သော တိုက်ခိုက်မှု ဖြစ်သည်။
မြင့်မြတ် ကံကြမ္မာဓား ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ သူ၏ ပုံရိပ်မှာ နတ်ဆိုးလူငယ်၏ အနောက်တွင် ရုတ်တရက် ပေါ်လာသည်။
သူ၏ လက်ထဲရှိ ဓားမှ သုံးပေခန့် ရှည်သော ရွှေရောင် အလင်းဓားသွားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
အသူရာရိုက်ချက်။
အတိုင်းအဆမရှိသော အန္တရာယ်မှာ အနောက်မှ ကျရောက်လာသည်။
နတ်ဆိုးလူငယ်မှာ အလွန်အမင်း ထိတ်လန့်သွားသော်လည်း သူသည် မျောက်ဝံကြီး၏ တိုက်ခိုက်မှုအောက်တွင် ရောက်နေသဖြင့် ရန်သူနှစ်ဦးကြား ညပ်နေသည်။
သို့သော်လည်း အနောက်မှ တိုက်ခိုက်မှုမှာ သူ၏ အသက်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်သည့် တိုက်ခိုက်မှုဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် မျောက်ဝံကြီး၏ တိုက်ခိုက်မှုကို အောင့်ခံရန် ရွေးချယ်လိုက်ပြီး အနောက်မှ ရန်သူကို ရင်ဆိုင်ရန် လှည့်လိုက်သည်။
သူ လှည့်လိုက်သည်နှင့် အစိမ်းရောင်မီးတောက်ဓားကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ၏ ဝိညာဉ်စွမ်းအား အားလုံးကို စုစည်း၍ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
သို့သော်လည်း အလျင်စလို ပြင်ဆင်ထားသော ခံစစ်သည် အဆင့် ၇ အောက်ရှိ အသန်မာဆုံး တိုက်စစ်စွမ်းရည် ခေါ်ဆိုနိုင်သော ကျန့်ဖုန်း၏ အသူရာရိုက်ချက် ကို မည်သို့ တားဆီးနိုင်ပါမည်နည်း။
မှန်စင်စစ် အသူရာရိုက်ချက်၏ တိုက်ခိုက်မှုမှာ သာမန် အဆင့် ၇ သူရဲကောင်း စွမ်းရည်များကိုပင် ကျော်လွန်နေပြီး ကျန့်ဖုန်း အသုံးပြုသောအခါ ၎င်း၏ ပြင်းအားမှာ ပိုမို အားကောင်းလှသည်။
ဤဓားချက်သည် နတ်ဆိုးလူငယ် ထုတ်လွှတ်လိုက်သော အစိမ်းရောင် မီးတောက်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး သူ၏ ပခုံးနှစ်ဖက်ကြားတွင် စိုက်ဝင်သွားသည်။
အကယ်၍ ထိုနတ်ဆိုးလူငယ်သည် နောက်ဆုံးအချိန်တွင် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် မရွှေ့လိုက်ပါက၊ ဤဓားချက်မှာ သူ၏ လည်ပင်းကို ထိုးဖောက်သွားပြီး သူ၏ အသက်ကို အဆုံးသတ်သွားပေလိမ့်မည်။
တိုက်ပွဲအတွင်း ရုတ်တရက် ဝင်ရောက်လာသော ကျန့်ဖုန်းကြောင့် မျောက်ဝံကြီးသည်လည်း ထိတ်လန့်သွားပြီး ထိုသူမှာ မိတ်ဆွေလား ရန်သူလားဆိုသည်ကို မသိနိုင်ဘဲ ဖြစ်နေသည်။
ထိုအချိန်မှာပင် ရွှေရောင်အလင်းတန်းတစ်ခု ဝင်းလက်သွားပြီး မျောက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
၎င်းမှာ ကျန့်ဖုန်းက မုရုံရှန်းအာကို ကြိုတင် ပြင်ဆင်ခိုင်းထားသော မဟာကုသခြင်းစွမ်းရည်ပင် ဖြစ်သည်။
ဤစွမ်းရည်မှာ သန့်စင်သော ကုသခြင်းစွမ်းရည် ဖြစ်သောကြောင့် ဘုန်းတော်ကြီးများသာ သင်ယူလေ့ရှိကြသည်။
ထို့အပြင် ဤစွမ်းရည်ကို အဆင့် ၆ သို့ ရောက်ရှိနေပြီးသော မုရုံရှန်းအာအနေဖြင့် သူမ၏ အလင်းဒြပ်စင်ဝိညာဉ်နှင့် ပူးပေါင်း၍သာ ဤမျှတိုတောင်းသော အချိန်အတွင်း အသုံးပြုနိုင်ခြင်း ဖြစ်သည်။
မဟာကုသခြင်းစွမ်းရည်မှာ မျောက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားရာ၊ သူ၏ သံမဏိကဲ့သို့ ထူထဲသော လက်မောင်းများပေါ်ရှိ သွေးစွန်းနေသော ဒဏ်ရာ ဒါဇင်ပေါင်းများစွာမှာ ချက်ချင်းပင် လျင်မြန်စွာ ပျောက်ကင်းသွားသည်။
ထိုစွမ်းရည်အတွင်း ပါဝင်သော နွေးထွေးပြီး သန့်စင်သော အလင်းဒြပ်စင်များက မျောက်ဝံကြီးကို မိတ်ဆွေနှင့် ရန်သူအား ချက်ချင်း ခွဲခြားနိုင်စေခဲ့ပြီး၊ သူက ကျန့်ဖုန်းကို ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများတွင် ခင်မင်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးလူငယ်သည် နောက်သို့ ခြေလှမ်း ဒါဇင်ပေါင်းများစွာ ဆုတ်သွားပြီး လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် သူ၏ ပခုံးကို ဖိထားသည်။
တိုက်စားနေသော အလင်းဒြပ်စင်များကြောင့် သူသည် သည်းမခံနိုင်လောက်အောင် နာကျင်မှုကို ခံစားနေရပြီး သူ၏ အစိမ်းပုပ်ရောင် သွေးများမှာလည်း တရစပ် စီးကျနေသည်။
ကျန့်ဖုန်း၏ အသူရာရိုက်ချက် က သူ့ကို တိုက်ရိုက်ပင် ပြင်းထန်သော ဒဏ်ရာများ ရရှိစေခဲ့သည်။
"ရွံဖို့ကောင်းတဲ့ လူသား"
နတ်ဆိုးလူငယ်၏ ကြောက်စရာကောင်းသော မျက်နှာမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလာပြီး၊ သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လျက် ကျန့်ဖုန်းကို စိုက်ကြည့်နေတော့သည်။