အခန်း (၁၇၁-၁၇၂)
Vol. 13 Ch. 171-172
အခန်း(၁၇၁) - စာရင်းရှင်းချိန် ရောက်ပြီ၊ နောင်တရရန် နောက်ကျလွန်းခြင်းနှင့် မြင့်မြတ်နယ်မြေ၏ မျိုးသုဉ်းခြင်း
" ဘာလဲ!? "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဟို ဖီးနစ်နားခိုရာတောင်ကုန်းအရှင်က အခုလေးတင် ပြန်ဆုတ်သွားတာ မဟုတ်ဘူးလား "
ထိုက်ချူဂိုဏ်းခေါင်းဆောင်၏ အသံသည် အခြားသော မြင့်မြတ်နယ်မြေခေါင်းဆောင်များ၏ မျက်ဝန်းများကို တုန်လှုပ်သွားစေခဲ့ပြီး သူတို့၏ စိတ်နှလုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများ၏ လှုပ်ရှားမှုသည် အဘယ်ကြောင့် ဤမျှ လျင်မြန်နေရသနည်း။
ဖီးနစ်နားခိုရာတောင်ကုန်းအရှင် ကောင်းကင်ဘုံမှ ပြန်ဆုတ်ခွာသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင်... ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများက တိုက်ခိုက်လာခဲ့ပြီလော။ ဤကဲ့သို့သော အမြန်နှုန်းမှာ တကယ်ပင် မယုံနိုင်စရာ ကောင်းလှပေသည်။
" ငါ..... "
ထိုက်ချူဂိုဏ်းခေါင်းဆောင်သည် စကားဆက်ပြောလိုသော်လည်း နောက်တစ်ခဏ၌ပင် သူ၏ပုံရိပ်သည် ယမမြစ်မြင့်မြတ်နယ်မြေခေါင်းဆောင်ကဲ့သို့ပင် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ဤအခြေအနေကို မြင်လိုက်ရသောအခါ အခြားသော ခေါင်းဆောင်များနှင့် မြင့်မြတ်နယ်မြေခေါင်းဆောင်များသည် တိတ်ဆိတ်သွားကြပြီး မည်သည့်စကားမျှ ဆက်မဆိုကြတော့ချေ။ အသံတိတ် နားလည်မှုရယူလိုက်သကဲ့သို့ပင် သူတို့အားလုံးသည် သူတို့၏ ပုံရိပ်များကို ဖျက်သိမ်းကာ အလျင်အမြန် ထွက်ခွာသွားကြသည်။
ယမမြစ်မြင့်မြတ်နယ်မြေနှင့် ထိုက်ချူကျောင်းတော်တို့သည် ရှေးဟောင်းအကြွင်းအကျန်မျိုးနွယ်စုများ၏ တိုက်ခိုက်ခြင်းကို ဆက်တိုက် ခံခဲ့ရ၏။ သူတို့၏ သက်ဆိုင်ရာ မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းများသည်လည်း ဘေးကင်းလုံခြုံမှု ရှိတော့မည်မဟုတ်ဟု သူတို့ ယူဆလိုက်ကြသည်။ သူတို့အနေဖြင့် ချက်ချင်း ပြန်လည်ထွက်ခွာပြီး အစီအစဉ်များ ချမှတ်ကာ ဂိုဏ်းတစ်ခုလုံးကို ခေါ်ဆောင်၍ ထွက်ပြေးရန် လိုအပ်ပေသည်။
…………
" ထွက်ပြေးချင်နေတာလား... တစ်ယောက်မှ လွတ်မြောက်မှာ မဟုတ်ဘူး "
ရှေးဟောင်းဖီးနစ်မျိုးနွယ်၏ ဘိုးဘေးနယ်မြေ.....
ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် သူ၏ပလ္လင်ထက်တွင် ထိုင်နေခဲ့ကာ... သူ၏မျက်ဝန်းများထဲတွင် ယုတ်မာသောအပြုံးများ ပြည့်နှက်နေခဲ့သည်။
သူသည် အရူးတစ်ယောက် မဟုတ်ချေ။
နတ်မျောက်ဝံသည် တားမြစ်နယ်မြေမှ ထွက်ခွာလာပြီး ကောင်းကင်ဘုံအရှင်သခင်နှင့် ပတ်သက်သည့် အကြောင်းအရာအလုံးစုံကို ပြောပြခဲ့ချိန်ကတည်းက... သူသည် ခေတ္တမျှ စဉ်းစားလိုက်ရုံဖြင့် ထိုလူသားမျိုးနွယ်အင်အားစုများ၏ 'လှည့်စားခြင်း' ကို ခံလိုက်ရကြောင်း နားလည်သဘောပေါက်ခဲ့သည်။
အကယ်၍ ဤအရှေ့ပိုင်းကန္တာရတာအိုနယ်မြေမှ လူသားမျိုးနွယ်အင်အားစုများက တမင်တကာ လမ်းညွှန်ပြသခြင်း မပြုခဲ့လျှင်... နဂါးမျိုးနွယ်သည် ကုမိသားစု၏ စွန့်ပစ်ခံ ဘိုးဘေးနယ်မြေကို မည်သို့ ဦးစွာ ရှာဖွေတွေ့ရှိနိုင်မည်နည်း။
ထို့အပြင် အစမှအဆုံးထိတိုင်... သူသည် ထိုဘိုးဘေးနယ်မြေအား တစ်ချိန်က အဆုံးမဲ့ကမ္ဘာဧကရာဇ်မျိုးနွယ်တစ်ခု ပိုင်ဆိုင်ခဲ့ဖူးသည်ဟုသာ သိထားပြီး... ကုမိသားစုနှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်းကိုမူ လုံးဝမသိရှိခဲ့ပေ။။
ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် ပြီးခဲ့သည့်ရက်ပိုင်းက နဂါးမျိုးနွယ်ထံ သွားရောက်လည်ပတ်စဉ်.... နဂါးမျိုးနွယ်ဝင်အချို့ကို မေးမြန်းပြီးနောက်မှသာ ဤသတင်းအချက်အလက်အားလုံးကို သိရှိခဲ့ရခြင်း ဖြစ်သည်။
သိသာထင်ရှားသည်မှာ ဤကိစ္စ၌ 'လှည့်ကွက်' တစ်ခု ပါဝင်နေခြင်းပင်။
နဂါးမျိုးနွယ်ကို တမင်တကာ လမ်းညွှန်ပြသခဲ့သည်မှာ ထိုလူသားမျိုးနွယ်အင်အားစုများပင် ဖြစ်ပြီး... ရှေးဟောင်းမျိုးနွယ်များနှင့် ကောင်းကင်ဘုံတို့အကြား ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်လိုခြင်း ဖြစ်သည်။
ဤနည်းအားဖြင့် ထိုလူသားမျိုးနွယ်အင်အားစုများသည် ဤအခြေအနေမှ ရုန်းထွက်နိုင်ပြီး... ကျားနှစ်ကောင်ကိုက်သည်ကို တောင်ပေါ်မှ ထိုင်ကြည့်ကာ... သူတို့၏ အန္တရာယ်ရှိသော အခြေအနေမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
ဤအရာအားလုံးကို နားလည်ပြီးနောက် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် အလွန်ပင် ဒေါသထွက်မိတော့သည်။
သူသည် ဂုဏ်ရှိန်ကြီးမားသော တော်ဝင်မျိုးနွယ်ခေါင်းဆောင်တစ်ဦး ဖြစ်ပါလျက်... လူသားမျိုးနွယ်ပုရွက်ဆိတ်အချို့၏ လှည့်စားခြင်းကို ခံခဲ့ရပြီး... ဖီးနစ်မျိုးနွယ်တစ်ခုလုံးကို ဒုက္ခတွင်းထဲသို့ ဆွဲချလုနီးပါး ဖြစ်ခဲ့ရသည်။
ယခု အမှန်တရားကို သိရှိပြီးနောက် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် ထိုလူသားမျိုးနွယ်အင်အားစုများကို မည်သို့ လွယ်လွယ်ကူကူ လွှတ်ပေးနိုင်မည်နည်း။
ထိုအချိန်က အခြေအနေမှာ အလွန်အရေးတကြီး ဖြစ်နေပြီး... ကောင်းကင်ဘုံသို့ ဦးစွာ သွားရောက်တောင်းပန်ရန် လိုအပ်နေသောကြောင့်သာ... သူသည် ချက်ချင်း အရေးယူဆောင်ရွက်ခြင်း မပြုခဲ့ခြင်း ဖြစ်သည်။
ယခုတွင် သူသည် ကောင်းကင်ဘုံ၏ ခွင့်လွှတ်မှုကို ရရှိခဲ့ပြီဖြစ်ကာ ဖီးနစ်မျိုးနွယ်၏ အကျပ်အတည်းမှာလည်း ပြေလည်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် ဖီးနစ်မျိုးနွယ်ကို လှည့်စားရန် ကြံစည်ခဲ့သော ထိုလူသားမျိုးနွယ်ပုရွက်ဆိတ်များကို အသေချာပင် လွှတ်ပေးမည် မဟုတ်ချေ။
ထို့ကြောင့် ဖီးနစ်မျိုးနွယ်သို့ ပြန်ရောက်ပြီးနောက်... ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် ဖီးနစ်မျိုးနွယ်လက်အောက်ရှိ တော်ဝင်မျိုးနွယ်အားလုံးကို ဆင့်ခေါ်ကာ... ထိုလူသားမျိုးနွယ်အင်အားစုများကို အမြစ်ပြတ်ချေမှုန်းရန် အမိန့်ထုတ်ပြန်လိုက်လေသည်။
ယခင်က သူသည် အစွန်းရောက်သော လုပ်ရပ်များကို မလုပ်ဆောင်ဘဲ... ထိုလူသားမျိုးနွယ်အင်အားစုများကို အခွင့်အရေးနှင့် ရွှေ့ပြောင်းရန် အချိန်ပေးဖို့ စဉ်းစားခဲ့ဖူးသည်။ သူတို့၏ မျှော်လင့်ချက်မဲ့ တဇွတ်ထိုးလုပ်ရပ်များကြောင့်... ဖီးနစ်မျိုးနွယ်၏ အင်အားကို အကြောင်းမဲ့ ကုန်ဆုံးစေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ သတ်ဖြတ်လိုစိတ်သည် ခိုင်မာပြတ်သားနေပြီ ဖြစ်သည်။
ဖီးနစ်မျိုးနွယ်ကို လှည့်စားပြီး ထိခိုက်နစ်နာစေခဲ့သော မည်သည့် လူသားမျိုးနွယ်အင်အားစုကိုမျှ သူ အလွတ်ပေးမည် မဟုတ်ပေ။ သူတို့ကို အမြစ်ပြတ် ချေမှုန်းပစ်မည်ဖြစ်ပြီး မည်သူ့ကိုမျှ ချန်ထားမည် မဟုတ်ချေ။
အမိန့်ရရှိသော ဖီးနစ်မျိုးနွယ်လက်အောက်ရှိ ရှေးဟောင်းတော်ဝင်မျိုးနွယ်များသည်... ပြင်းထန်လှသော ဒေါသများနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လျက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာသွားကြကာ... လူသားမျိုးနွယ်အင်အားစုများကို လုံးဝဥဿုံ ချေမှုန်းမပစ်နိုင်မချင်း အနားယူမည် မဟုတ်ကြောင်း ကျိန်ဆိုခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် နဂါးမျိုးနွယ်၏ သူတော်စင်များ အဆုံးသတ်ရခြင်းမှာ ထင်ရှားစွာ ရှိနေခဲ့သောကြောင့်ပင်။
ကျဆုံးသွားခဲ့ရသော နဂါးမျိုးနွယ် သူတော်စင်ငါးပါးအတွက် အကြွေးကို ဤလူသားမျိုးနွယ်အင်အားစုများက အပြည့်အဝ ပြန်လည်ပေးဆပ်ရမည်မှာ ထုံးစံပင် ဖြစ်သည်။
" အဖေ... ကောင်းကင်ဘုံအရှင်သခင်က လူသားမျိုးနွယ်လို့ သား ကြားတယ်... ကျွန်တော်တို့..... "
ဖီးနစ်သခင်လေးသည် တော်ဝင်မျိုးနွယ်များအားလုံး အမိန့်လက်ခံရရှိပြီး... ထွက်ခွာသွားသည်ကို မြင်သောအခါ... ပလ္လင်ပေါ်တွင် ထိုင်နေသော ဖီးနစ်နားခိုရာတောင်ကုန်းအရှင်ကို ကြည့်ကာ... စိုးရိမ်ပူပန်မှု အရိပ်အယောင်ဖြင့် ပြောဆိုလိုက်သည်။
" စိတ်မပူပါနဲ့... အဲ့ဒီ ကောင်းကင်ဘုံအရှင်သခင်က ဒီလူသားမျိုးနွယ်အင်အားစုတွေကို ကူညီဖို့ဆိုတာ မဖြစ်နိုင်ဘူး "
ဖီးနစ်နားခိုရာနယ်မြေအရှင်က မထီမဲ့မြင် ပြုံးလိုက်ကာ.....
" အဆုံးမဲ့ကမ္ဘာလူသားမျိုးနွယ်က ကောင်းကင်ဘုံအရှင်သခင်ကို အရင်ကတည်းက အကြီးအကျယ် စော်ကားခဲ့ဖူးတယ်လို့ အရှင်နတ်မျောက်ဝံက ပြောထားပြီးပြီပဲ... နတ်ဆိုးနယ်မြေက တိုက်ခိုက်လာတုန်းကတောင် ကောင်းကင်ဘုံအရှင်သခင်က လူသားမျိုးနွယ်ကို မကူညီခဲ့တာ... အခုရော ကူညီပါ့မလား.....
ဒါ့အပြင် အဖေ ကောင်းကင်ဘုံကို သွားတောင်းပန်တုန်းက ကောင်းကင်ဘုံအရှင်သခင်ရဲ့ သဘောထားကို သား မြင်ခဲ့တယ်မလား... သူက လူသားမျိုးနွယ်ရဲ့ ကိစ္စတွေမှာ ဝင်မပါချင်ရုံ သက်သက်ပါပဲ... မဟုတ်ရင် 'ဖြစ်လိုရာဖြစ်စေ' ဆိုတဲ့ အမိန့်ပြန်တမ်းကို သူ ထုတ်ပေးခဲ့မှာ မဟုတ်ဘူး " ဟု ပြောလိုက်၏။
" ဒီ အဆုံးမဲ့ကမ္ဘာလူသားမျိုးနွယ်က တကယ်ပဲ မိုက်မဲလွန်းတာပဲ "
ဖီးနစ်သခင်လေးသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
" သူတို့မျိုးနွယ်ထဲမှာ အဲ့ဒီလို အထွတ်အထိပ်ဖြစ်တည်မှုမျိုး ရှိနေတာတောင်မှ... ကောင်းကောင်း တွယ်ဖက်ထားရကောင်းမှန်း မသိဘဲ အကြီးအကျယ်တောင် စော်ကားလိုက်သေးတယ်.....
တကယ်လို့ ကောင်းကင်ဘုံအရှင်သခင်သာ လူသားမျိုးနွယ်အပေါ် သံယောဇဉ် ရှိနေသေးရင်... ကျွန်တော်တို့ ရှေးဟောင်းမျိုးနွယ်တွေ ပြန်ထွက်လာရင်တောင်မှ လူသားမျိုးနွယ်ကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး "
" ဟက်! မျိုးနွယ်တိုင်းက ဒီလိုပါပဲ... သူတို့ အားနည်းနေချိန်မှာ နွေးထွေးမှုရဖို့ စုဝေးနေတတ်ကြပေမယ့်... သူတို့ သန်မာလာတာနဲ့ မတူညီတဲ့ ရည်ရွယ်ချက်တွေ ပေါ်လာတတ်ကြတယ် "
ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ မျက်ဝန်းများတွင် သံဝေဂရခြင်းများ ပြည့်နှက်နေ၏။
"ငါတို့ ရှေးဟောင်းမျိုးနွယ်တွေက တစ်သားတည်း ဖြစ်နေတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်ဘူး... တော်ဝင်မျိုးနွယ်တစ်ခုချင်းစီနဲ့ လက်အောက်ခံ တော်ဝင်မျိုးနွယ်တွေမှာ ကိုယ်ပိုင် အကြံအစည်လေးတွေ ရှိကြတယ်... ဒါပေမယ့် ဒီအချက်ကြောင့်ပဲ မသိမသာ ဟန်ချက်ညီမှုတစ်ခု ဖြစ်ပေါ်လာခဲ့တာ.....
လူသားမျိုးနွယ်နဲ့ ပတ်သက်လို့တော့... အဖေ နားလည်သလောက်ဆိုရင် ရှေးဟောင်းခေတ် ကုန်ဆုံးပြီးကတည်းက အဆုံးမဲ့ကမ္ဘာကို လူသားမျိုးနွယ်က လွှမ်းမိုးထားခဲ့တာပဲ.... သူတို့က အကျပ်အတည်းဒုက္ခကို မေ့လျော့သွားကြတာက သဘာဝကျပါတယ်... အချိန်ကြာလာတာနဲ့အမျှ ဒီအချက်ကပဲ ပြဿနာရဲ့ အရင်းအမြစ် ဖြစ်လာခဲ့တာပဲ "
လူသားမျိုးနွယ်၏ အင်အားကြီးမားမှုကြောင့်... ပြင်ပခြိမ်းခြောက်မှုများကို အမှန်တကယ် မကြုံတွေ့ခဲ့ရသောကြောင့် သူတို့သည် မှန်ကန်စွာ နေရာမချနိုင်ခဲ့သလို... ကုမိသားစုအပေါ်တွင်လည်း မှန်ကန်စွာ မဆက်ဆံနိုင်ခဲ့သည့်အပြင်... ကောင်းကင်ဘုံအရှင်သခင်ကိုလည်း မှန်ကန်စွာ မဆက်ဆံခဲ့ကြပေ။
ထိုသို့ဖြစ်ခဲ့သည့်အတွက် လူသားမျိုးနွယ်အတွက် တကယ်တမ်း မလွန်ဆန်နိုင်သော ပြင်ပခြိမ်းခြောက်မှု ရောက်ရှိလာချိန်တွင် နောင်တရရန် နောက်ကျလွန်းနေခဲ့ခြင်း ဖြစ်သည်။
…………
အရှေ့ပိုင်းကန္တာရတာအိုနယ်မြေ ယမမြစ်မြင့်မြတ်နယ်မြေ.....
တစ်ချိန်က အေးချမ်းပြီး ပူပင်မှုနှင့်ကင်းကွာခဲ့သော ယမမြစ်မြင့်မြတ်နယ်မြေသည် ယခုအခါ သွေးပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရေတွက်မရနိုင်သော အင်မော်တယ်နန်းတော်များ အားလုံး ပြိုကျပျက်စီးကာ အပျက်အစီးပုံများ ဖြစ်သွားခဲ့၏။
ယမမြစ်မြင့်မြတ်နယ်မြေ၏ ဂိုဏ်းသားများသည်လည်း သွေးအိုင်များထဲတွင် လဲလျောင်းနေကြပြီး သူတို့၏ မျက်နှာများတွင် မလိုလားမှုများနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။
ရှေးဟောင်းရွှေခြင်္သေ့မျိုးနွယ် သူတော်စင်အများအပြားသည် ပျက်စီးလုနီးပါး ဖြစ်နေသော ယမမြစ်မြင့်မြတ်နယ်မြေကို အပေါ်စီးမှ ငုံ့ကြည့်နေကြပြီး သူတို့၏ ရွှေရောင်ဖျော့ဖျော့ မျက်ဝန်းအိမ်များတွင် ဂရုမစိုက်မှုများ ပြည့်နှက်နေသည်။
ယခုအချိန်တွင်... အသက်ရှင်ကျန်ရစ်သော ယမမြစ်မြင့်မြတ်နယ်မြေ၏ အကြီးအကဲအချို့သည် ယမမြစ်မြင့်မြတ်နယ်မြေ၏ နက်ရှိုင်းသောအပိုင်းရှိ အဓိကကာကွယ်ရေးစည်း အတွင်းတွင် စုဝေးနေကြပြီး... ရွှေခြင်္သေ့သူတော်စင်များကို ကြည့်ကာ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့သော ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
" ဘာလို့လဲ... ငါတို့ ယမမြစ်မြင့်မြတ်နယ်မြေက ဒီနေရာကနေ ထွက်ခွာပြီး မင်းတို့လက်ထဲ အပ်ဖို့ ဆုံးဖြတ်ပြီးသားလေ... ဘာလို့ ငါတို့ကို အမြစ်ပြတ် သတ်ဖြတ်ချင်နေရတာလဲ "
ယမမြစ်မြင့်မြတ်နယ်မြေခေါင်းဆောင်သည် နာကျင်ကြေကွဲစွာ အော်ဟစ်လိုက်၏။
ဤရွှေခြင်္သေ့မျိုးနွယ် သူတော်စင်များ ဆင်းသက်လာချိန်တွင် အခြေအနေမကောင်းသည်ကို သိရှိလိုက်ရသော သူသည် ယမမြစ်မြင့်မြတ်နယ်မြေတစ်ခုလုံးကို ဦးဆောင်၍ ဤနေရာမှ အမြန်ဆုံး ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ချက်ချင်း ဆန္ဒပြုခဲ့သည်။
သို့သော် ဤရွှေခြင်္သေ့မျိုးနွယ် သူတော်စင်များသည် ယမမြစ်မြင့်မြတ်နယ်မြေကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ထားပုံရပြီး သူ၏စကားများကို လုံးဝ လျစ်လျူရှုခဲ့ကြသည်။ သူတို့သည် သတ်ဖြတ်လိုစိတ်ကို ချက်ချင်း ထုတ်ဖော်ကာ ယမမြစ်မြင့်မြတ်နယ်မြေ ထက်ဝက်ကျော်ကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့ကြသည်။
ယခုအခါ ကြီးမားကျယ်ပြန့်သော ယမမြစ်မြင့်မြတ်နယ်မြေတွင် သူတို့အနည်းငယ်သာ အသက်ရှင်ကျန်ရစ်တော့ရာ မြင့်မြတ်နယ်မြေတစ်ခုလုံး မျိုးသုဉ်းသွားသည်နှင့် မခြားနားတော့ပေ။
အခန်း (၁၇၂) - ဂိုဏ်းအားလုံး ပျက်စီးခြင်း၊ တိတ်ဆိတ်သွားသော တုန်လှုပ်မှုနှင့် လူငယ်လေးကုယို
" မင်းတို့က ဘာလို့ ငါတို့ကို မျိုးဖြုတ်ပစ်ချင်ရတာလဲ...!? မင်းတို့လို လူသားပုရွက်ဆိတ်တွေက ဒီလိုမေးခွန်းမျိုး မေးရဲတာ တကယ် ရယ်စရာကောင်းလိုက်တာ "
ရွှေခြင်္သေ့မျိုးနွယ် သူတော်စင်တစ်ပါးက လျစ်လျူရှုသောလေသံဖြင့် ပြောဆိုလိုက်သည်။ ယမမြစ်မြင့်မြတ်နယ်မြေ သခင်နှင့် အခြားသူများကို ကြည့်သော သူ၏အကြည့်သည် လူသေများကို ကြည့်နေသကဲ့သို့ပင် ဖြစ်၏။
" ငါ..... "
ယမမြစ်မြင့်မြတ်နယ်မြေ သခင်၏ မျက်လုံးများမှာ တုန်ခါသွား၏။ ဖီးနစ်မျိုးနွယ်အပေါ် လူသားအင်အားစုများ၏ လျှို့ဝှက်ကြံစည်မှုကို ရွှေခြင်္သေ့မျိုးနွယ်သူတော်စင်က သိရှိသွားပြီဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။
သို့သော် ယခုအချိန်ထိ သူလက်မလျှော့လိုသေးပေ။ ထို့ကြောင့် သူသည် စိတ်ကိုတင်းကာ ဆက်ပြောလိုက်သည်။
" အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့... အခု ငါ့ရဲ့ ယမမြစ်မြင့်မြတ်နယ်မြေက လက်လျှော့ပြီး ဒီနေရာကို ဖယ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီပဲ... မင်းတို့ အခု ပြန်ဆုတ်သွားရင် မကောင်းဘူးလား... နောက်ဆိုရင် ငါ့ရဲ့ ယမမြစ်မြင့်မြတ်နယ်မြေ တစ်ခုလုံးက အထက်အောက် ဘယ်သူမှ ဒီနေရာကို ခြေတစ်လှမ်းတောင် လာချနင်းရဲမှာ မဟုတ်တော့ဘူး "
ကြောက်လန့်တကြားဖြစ်နေသော ယမမြစ်မြင့်မြတ်နယ်မြေသခင်နှင့် ဘေးနားရှိ ယမမြစ်မြင့်မြတ်နယ်မြေမှ တပည့်များကို ကြည့်ရင်း ရွှေခြင်္သေ့မျိုးနွယ်သူတော်စင်မှ မထီမဲ့မြင်ပြုကာ အေးစက်စွာ ပြောလိုက်၏။
" အရင်တုန်းက ငါတို့ ရှေးဟောင်းမျိုးနွယ်တွေကို ဒုက္ခပေးဖို့ ကြံစည်တုန်းကရှိခဲ့တဲ့ မင်းတို့သတ္တိတွေ ဘယ်ရောက်နေလဲ... အဲ့တုန်းက ဧကရာဇ်မျိုးနွယ်ကိုတောင် ရန်စရဲမှတော့ အခု အကွက်ပေါ်ပြီး ဂိုဏ်းတစ်ခုလုံး မျိုးဖြုတ်ခံရမယ့်အရေးကိုလည်း ပြင်ဆင်ထားသင့်တာပေါ့.....
ဒီနေ့ ဖီးနစ်အရှင်သခင်ရဲ့ အမိန့်အရ ငါတို့ ဒီကိုလာတာက...: မင်းတို့အားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းဖို့ပဲ... တစ်ယောက်မှ အလွတ်ပေးမှာ မဟုတ်ဘူး... ဒါကြောင့် လက်လျှော့လိုက်တာ ပိုကောင်းမယ် "
စကားဆုံးသည်နှင့် ထိုရွှေခြင်္သေ့မျိုးနွယ်သူတော်စင်သည် လက်ဝါးကို နောက်တစ်ကြိမ် ဖိချလိုက်ရာ... ယမမြစ်မြင့်မြတ်နယ်မြေ၏ အဓိကကာကွယ်ရေးအတားအဆီးကြီးမှာ ယိမ်းယိုင်ကာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။
" ကောင်းကင်က ငါ့ရဲ့ ယမမြစ်မြင့်မြတ်နယ်မြေကို ဖျက်ဆီးချင်နေတာပဲ "
ထိုအရာကို မြင်လိုက်ရသောအခါ... ယမမြစ်မြင့်မြတ်နယ်မြေသခင်သည် ရွှေခြင်္သေ့မျိုးနွယ်အနေဖြင့်... ယနေ့တွင် ယမမြစ်မြင့်မြတ်နယ်မြေကို မည်သို့မျှ အလွတ်ပေးမည်မဟုတ်ကြောင်း နားလည်လိုက်သောအခါ... နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုများ သူ၏စိတ်ထဲတွင် ပြည့်နှက်လာခဲ့လေသည်။
ဤရှေးဟောင်းမျိုးနွယ်များ ဤမျှ ရက်စက်မည်မှန်းသာ ကြိုသိခဲ့လျှင်... ယမမြစ်မြင့်မြတ်နယ်မြေတစ်ခုလုံးကို ပြောင်းရွှေ့လိုက်ရပါစေဦး... သူတို့ကို ရန်စဖို့ ကြံစည်ရဲမည် မဟုတ်ပေ။
ဂိုဏ်းကို ပြောင်းရွှေ့လိုက်၍ မူလချီစွမ်းအင် ဆုံးရှုံးမှုများ ရှိခဲ့လျှင်တောင်... အချိန်တစ်ခုကြာပါက ပြန်လည်ထူထောင်နိုင်ဦးမည် ဖြစ်သည်။
သို့သော် ယခုမူ... ယမမြစ်မြင့်မြတ်နယ်မြေသည် ပျက်စီးတော့မည် ဖြစ်၏။
" သခင်ကြီး! ကျွန်တော်တို့ ဘာလုပ်ကြမလဲ! "
ယမမြစ်မြင့်မြတ်နယ်မြေမှ အကြီးအကဲများသည် ထိတ်လန့်တကြားဖြင့် သခင်ကြီးအား ကြည့်နေကြပြီး လွတ်မြောက်မည့်လမ်းကို ညွှန်ပြပေးနိုင်ရန် မျှော်လင့်နေကြသည်။
" ဘာလုပ်ရမလဲ ဟုတ်လား "
ယမမြစ်မြင့်မြတ်နယ်မြေသခင်က ခါးသီးစွာ ပြုံးလိုက်၏။
သူကရော ဘာလုပ်ရမည်ကို မည်သို့သိနိုင်မည်နည်း။ ယခုအခါ ရှေးဟောင်းမျိုးနွယ်များသည် ယမမြစ်မြင့်မြတ်နယ်မြေအား အတွင်းအပြင် ပိတ်ဆို့ထားကြရာ... ယင်ကောင်တစ်ကောင်ပင် လွတ်မြောက်နိုင်ခြင်း မရှိပေ။
ထွက်ပြေးချင်သော်လည်း တံခါးပေါက်ပင် မရှိချေ။
" မြန်မြန်လုပ်ကြ! အချိန်ကြာသွားရင် ဖီးနစ်အရှင်သခင် ဒေါသထွက်နေလိမ့်မယ် "
အခြားသော ရွှေခြင်္သေ့မျိုးနွယ် သူတော်စင်တစ်ပါးက အချိန်မဖြုန်းရန် သတိပေးလိုက်သည်။
ဖီးနစ်အရှင်သခင်သည် လူသားများ၏ လျှို့ဝှက်ကြံစည်မှုကို ခံခဲ့ရသဖြင့်... ဒေါသထွက်နေလျက် ရှိသည်။ အကယ်၍ သူတို့ အချိန်ဆွဲနေမိပါက... အရှင်သခင်၏ ဒေါသနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ရွှေခြင်္သေ့မျိုးနွယ် သူတော်စင်များသည် ပေါ့ဆရဲခြင်း မရှိတော့ဘဲ... အောက်ဘက်ရှိ ကာကွယ်ရေးအတားအဆီးကြီးအား သူတို့၏ အစွမ်းကုန်အင်အားဖြင့် တိုက်ခိုက်လိုက်ကြသည်။
သူတော်စင်အဆင့်ရှိသူများ၏ ဆက်တိုက်တိုက်ခိုက်မှုကြောင့် အတားအဆီးကြီးသည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ အပြင်ဘက်အလွှာများ တစ်စတစ်စ ကွဲအက်ကုန်လေသည်။
နောက်ဆုံးတွင် ယမမြစ်မြင့်မြတ်နယ်မြေသခင်နှင့် အခြားသူများ၏ ကြောက်ရွံ့အားငယ်နေသော အကြည့်များအောက်တွင်ပင် ထိုအတားအဆီးကြီးမှာ လုံးဝ ပျက်စီးသွားတော့သည်။
ယမမြစ်မြင့်မြတ်နယ်မြေသခင်နှင့် အခြားသူများ၏ ခန္ဓာကိုယ်များသည် ရွှေခြင်္သေ့မျိုးနွယ် သူတော်စင်များ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သွေးမှုန်များအဖြစ် ပေါက်ကွဲသွားခဲ့ရပြီး ဝိညာဉ်အစအနပင် မကျန်ရစ်တော့ဘဲ သံသရာမှ ထာဝရ ပျောက်ကွယ်သွားရလေသည်။
တစ်ချိန်တည်းမှာပင် ထိုက်ချူကျောင်းတော်၊ ကွေ့ရီသန့်စင်နယ်မြေ.....
အရှေ့ပိုင်းမြေရိုင်းတာအိုနယ်မြေရှိ... ရှေးဟောင်းဖီးနစ်မျိုးနွယ်နှင့် အဆုံးမဲ့ကမ္ဘာကို ပူးပေါင်းကြံစည်ခဲ့သော လူသားမဟာဂိုဏ်းကြီးများသည် ချွင်းချက်မရှိဘဲ... ယမမြစ်မြင့်မြတ်နယ်မြေကဲ့သို့ပင် ရှေးဟောင်းဧကရာဇ်မျိုးနွယ်များ၏ လက်ချက်ဖြင့် အမြစ်ပြတ်ချေမှုန်းခံလိုက်ရလေသည်။
... ...
အထက်ကောင်းကင်တားမြစ်နယ်မြေ... ပင်မခန်းမဆောင်အတွင်း၌.....
ကုချန်သည် မျက်လုံးများကို အနည်းငယ် ပင့်ကြည့်လိုက်ရာ... သူ၏အကြည့်သည် ကျယ်ပြန့်သော ကောင်းကင်ကြီးကို ဖောက်ထွင်း၍... တစ်ခုပြီးတစ်ခု ပျက်စီးသွားသော လူသားဂိုဏ်းများကို မြင်တွေ့လိုက်ရသည်။
မျက်လွှာကို အနည်းငယ် ပြန်ချလိုက်ပြီးနောက် သူသည် အာရုံမစိုက်တော့ပေ။
အဆုံးမဲ့ကမ္ဘာကို ကြံစည်ရဲမှတော့ ဤလူသားဂိုဏ်းများအတွက် ပျက်စီးခြင်းသည် ထိုက်တန်သော ရလဒ်သာ ဖြစ်သည်။
ယခင်က ကုချန်သည် တိတ်တဆိတ် ကြံစည်သူများကို အပြစ်မပေးခဲ့ခြင်းမှာ... သူတို့၏ နိဂုံးကို ကြိုမြင်ပြီးသားဖြစ်သောကြောင့်ပင်။
ယခု ဂိုဏ်းများ ပျက်စီးသွားပြီဖြစ်ရာ... ၎င်းကို သင့်လျော်သော ဇာတ်သိမ်းတစ်ခုဟု မှတ်ယူလိုက်တော့မည် ဖြစ်၏။
... ... ... ...
ယမမြစ်မြင့်မြတ်နယ်မြေနှင့် အရှေ့ပိုင်းစွန့်ပစ်ဒေသရှိ အခြားသော မဟာဂိုဏ်းများ ပျက်စီးခြင်းသည် နေ့ဝက်ပင် မကြာလိုက်ပေ။
ထိုမြင့်မြတ်နယ်မြေများနှင့် မဟာဂိုဏ်းများ ပျက်စီးသွားခြင်းသည် အရှေ့ပိုင်းစွန့်ပစ်ဒေသရှိ လူသားများကြားတွင် ကြီးမားသော လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်စေခဲ့၏။
ယခင်က... ရှေးဟောင်းမျိုးနွယ်များသည် လူသားများကို နယ်မြေဖယ်ပေးရန် အကျပ်ကိုင်ခဲ့သော်လည်း... ခြိမ်းခြောက်မှုသာ ဖြစ်ပြီး လက်တွေ့အရေးယူခြင်း မရှိသေးပေ။
သို့သော် ယခုအခါ... ယမမြစ်မြင့်မြတ်နယ်မြေ၊ ထိုက်ချူကျောင်းတော်နှင့် အခြားဂိုဏ်းများ ပျက်စီးသွားခြင်းသည် လူသားအင်အားစုအားလုံး၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သကဲ့သို့ ဖြစ်စေပြီး... သူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေကာ မကြုံဖူးသော အန္တရာယ်အငွေ့အသက်ကို ခံစားလာရစေသည်။
ဤရှေးဟောင်းမျိုးနွယ်များသည် တကယ်ပင် လုပ်ဆောင်လာကြပြီဖြစ်သည်။
သူတို့၏ လုပ်ရပ်များက လွန်စွာ ရက်စက်ကြမ်းကြုတ်လှ၏။
" ငါတို့ ဘာလုပ်ကြမလဲ... နှစ်သောင်းချီ သက်တမ်းရှိတဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို တကယ်ပဲ လက်လွှတ်လိုက်ရတော့မှာလား "
" မလုပ်ရင်ကော ဘာတတ်နိုင်မှာလဲ... ယမမြစ်မြင့်မြတ်နယ်မြေနဲ့ တခြားဂိုဏ်းတွေရဲ့ အဖြစ်ဆိုးကို မြင်တယ်မလား "
" ဘုရားရေ... ငါတို့ လူသားမျိုးနွယ်ကို ကူညီမယ့်သူ တကယ်ပဲ မရှိတော့ဘူးလား "
" အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်မျိုးနွယ်တွေကော... သူတို့က ဘာလို့ နှုတ်ဆိတ်နေကြတာလဲ "
" သောက်ကျိုးနည်း... ကြီးမြတ်လှပါတယ်ဆိုတဲ့ ဧကရာဇ်မျိုးနွယ်တွေက ရှေးဟောင်းမျိုးနွယ်တွေကို မယှဉ်ရဲကြဘူးလား... ဧကရာဇ်မျိုးနွယ်ဆိုတဲ့ ဂုဏ်သိက္ခာကို အရှက်ခွဲလိုက်တာပဲ "
လူပေါင်းများစွာသည် စိတ်ပျက်ဒေါသထွက်ကာ ကြောက်ရွံ့နေကြသော်လည်း မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်စွမ်း မရှိကြပေ။
ရှေးဟောင်းမျိုးနွယ်များက ယမမြစ်မြင့်မြတ်နယ်မြေနှင့် အခြားဂိုဏ်းများကို ဖျက်ဆီးလိုက်ခြင်းသည် ဟန့်တားမှုနှင့် ခြိမ်းခြောက်မှု တစ်ခုပင် ဖြစ်၏။
သူတို့သည် လက်တွေ့လုပ်ရပ်များကို အသုံးပြု၍... လူသားများအား ရှင်းလင်းစွာ သတိပေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ အမိန့်မနာခံပါက... အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေတွင် ပျက်စီးသွားခဲ့သော လူသားဂိုဏ်းများကဲ့သို့သော... ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည်ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။
... ...
အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ.....
ယခင် ဟွမ်သွမ့်မူလဂိုဏ်း တည်ရှိရာနေရာအနီး.....
အတိတ်က နတ်ဆိုးနယ်မြေစစ်တပ်၏ တိုက်ခိုက်မှု၊ အရှေ့ပိုင်းစွန့်ပစ်ဒေသသို့ ဆင်းသက်လာမှုနှင့် ဟွမ်သွမ့်မူလဂိုဏ်း ပျက်စီးမှုတို့ကြောင့် ထိုနေရာသည် ခြောက်သွေ့သွားခဲ့ချေပြီ။
နောက်ပိုင်းတွင် နတ်ဆိုးနယ်မြေစစ်တပ် ပြန်ဆုတ်သွားပြီးနောက်... အနီးအနားရှိ ကောင်းချီးမင်္ဂလာနယ်မြေအချို့က ဤနေရာကို ပူးပေါင်းသိမ်းပိုက်ခဲ့ကြသည်။
သို့သော် ယခုအခါ ရှေးဟောင်းမျိုးနွယ်များ ပေါ်ထွက်လာပြီး... လူသားများကို နယ်မြေစွန့်ခွာရန် အမိန့်ပေးလိုက်သဖြင့်... ထိုကောင်းချီးမင်္ဂလာနယ်မြေများသည်လည်း ငှက်များနှင့် သားရဲများကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးသွားကြပြီး... ဟွမ်သွမ့်မူလဂိုဏ်းအပျက်အစီးများမှ ဆုတ်ခွာသွားကြသည်။
ဤကောင်းချီးမင်္ဂလာနယ်မြေများသည် အခြေအနေကို ရှင်းရှင်းလင်းလင်း သိကြသည်။
ယမမြစ်မြင့်မြတ်နယ်မြေကဲ့သို့သော ဂိုဏ်းကြီးပင်လျှင်... မိမိဌာနချုပ်ကို မကာကွယ်နိုင်ဘဲ အသနားခံစရာမရှိ ပျက်စီးခဲ့ရသည်ဆိုလျှင်... သူတို့၏ ဂိုဏ်းငယ်လေးများဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ဟွမ်သွမ့်မူလဂိုဏ်း အပျက်အစီးများသည် ရတနာမြေတစ်ခုဟု သတ်မှတ်ခံထားရသဖြင့်... ရှေးဟောင်းမျိုးနွယ်များသည် လက်လွှတ်ခံမည် မဟုတ်ပေ။
ဤနေရာကို အတင်းအဓမ္မ သိမ်းပိုက်ထားရန် စွန့်စားမည့်အစား... စောစီးစွာ ဆုတ်ခွာလိုက်ခြင်းက ပို၍ ဉာဏ်ရှိရာရောက်၏။
ထို့ကြောင့် လက်ရှိ ဟွမ်သွမ့်မူလဂိုဏ်းနေရာသည် တဖန် ခြောက်သွေ့သော နေရာတစ်ခု ပြန်ဖြစ်သွားခဲ့၏။
" ဝုန်း... ! "
ရုတ်တရက်... ဟွမ်သွမ့်မူလဂိုဏ်းနှင့် မိုင်တစ်ရာခန့်အကွာရှိ သိပ်သည်းသော တောအုပ်တစ်ခုအတွင်းတွင်... လေဟာနယ်သည် ဖြည်းညင်းစွာ လှုပ်ခတ်သွား၏။
လေဟာနယ်လမ်းကြောင်းတစ်ခု တဖြည်းဖြည်း ပေါ်လာ၏။
နောက်တစ်စက္ကန့်တွင် အသက် ၁၇၊ ၁၈ နှစ်အရွယ်ခန့်ရှိ လူသားလူငယ်တစ်ဦးသည် လေဟာနယ်လမ်းကြောင်းထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။
" ဟားဟား... ငါ ကုယိုက ဒီလိုကံကောင်းမှုမျိုး ရမယ်လို့ ထင်မထားခဲ့ဘူး... ဒီတစ်ခါ ဟွမ်သွမ့်မူလဂိုဏ်းကို ပြန်ရောက်ရင်... စီနီယာအစ်ကိုတွေ ဘာပြောမလဲ ကြည့်ရသေးတာပေါ့ "
လူငယ်၏ မျက်နှာတွင် ထိန်းချုပ်၍မရသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
သူ့အမည်မှာ ကုယို ဖြစ်ပြီး... မိုင်တစ်ထောင်အကွာရှိ ကုမိသားစုရွာမှ ဖြစ်ကာ... နောက်ပိုင်းတွင် ဟွမ်သွမ့်မူလဂိုဏ်းမှ ရွေးချယ်ခြင်းခံရပြီး... ဂိုဏ်းအတွင်းရှိ အမည်ခံတပည့်တစ်ဦး ဖြစ်လာခဲ့သည်။
လွန်ခဲ့သော လဝက်ခန့်က ကုယိုသည် ကံကောင်းထောက်မစွာဖြင့်... ဤနေရာရှိ လျှို့ဝှက်နယ်မြေတစ်ခုအတွင်းသို့ ရောက်သွားခဲ့၏။
သူသည် လျှို့ဝှက်နယ်မြေမှ လွတ်မြောက်၍... အဆုံးမဲ့တိုက်ကြီးဆီသို့ ပြန်လာရန်... လဝက်ခန့်မျှ အချိန်ယူခဲ့ရသည်။