← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 13 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 13 Ch. 173-174

‎အခန်း (၁၇၃) - ရှေးဟောင်းသူတော်စင်အမွေအနှစ်၊ ဟွမ်သွမ့်ဂိုဏ်း၊ ကြောင်အမ်းသွားခြင်း

‎

‎

‎

‎" ငါလဲ ဒီလို ကြီးမားတဲ့ ကံကောင်းမှုမျိုး ရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ "

‎

‎

‎လျှို့ဝှက်နယ်မြေထဲမှ ရရှိလာသည့် အရာများကို တွေးမိလိုက်သည်နှင့် ကုယိုရဲ့ စိတ်နှလုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ပူလောင်လာခဲ့သည်။

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်းကို စရောက်စဉ်က သူသည် သာမန်အပြင်စည်းဂိုဏ်းသားတစ်ယောက်သာ ဖြစ်၏။

‎

‎

‎နောက်ပိုင်း ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်မှုကြောင့် ဂိုဏ်းထဲတွင် နေရာတစ်နေရာရလာပြီး... အကြီးအကဲ ကျိဝူရှန့်၏ မျက်နှာသာပေးမှုကို ခံခဲ့ရသည်။ အကြီးအကဲသည် သူ့အား တပည့်အဖြစ် လက်ခံရန်ပင် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော်... အကြီးအကဲကျိရဲ့ မျက်နှာသာပေးမှုက တခြားစီနီယာအစ်ကိုများ၏ မနာလိုမှုကို ဖြစ်စေခဲ့ပြီး... သူ့ကို မကြာခဏ ဒုက္ခပေးလေ့ရှိကြ၏။

‎

‎

‎ထိုစီနီယာအစ်ကိုများမှာ ကျောထောက်နောက်ခံ အကြီးအကဲများ ရှိကြသည်မို့... ကုယိုသည် ဒေါသထွက်သော်လည်း ထုတ်မပြောရဲဘဲ... သည်းခံဖို့သာ ရွေးချယ်ခဲ့ရသည်။

‎

‎

‎လအနည်းငယ်ကြာလျှင် ကျင်းပမည့် ဂိုဏ်းတွင်းပြိုင်ပွဲကြီးက သူ့အတွက် အခွင့်အရေးပင်။

‎

‎

‎ပြိုင်ပွဲမှာသာ ထူးချွန်ပြနိုင်လျှင် အကြီးအကဲကျိ၏ တပည့်အဖြစ် အောင်မြင်စွာ ခံယူနိုင်လိမ့်မည်။

‎

‎

‎ထိုအခါကျလျှင် အကြီးအကဲကျိ၏ ကျောထောက်နောက်ခံဖြင့် ဂိုဏ်းထဲက စီနီယာအစ်ကိုတွေလည်း သူ့ကို အထင်သေးရဲတော့မည် မဟုတ်သလို ဖိနှိပ်ရဲမှာလည်း မဟုတ်တော့ပေ။

‎

‎

‎သို့သော် ပြိုင်ပွဲမှာ ထူးချွန်ဖို့က မလွယ်ကူလှပေ။

‎

‎

‎သူ့အား ဖိနှိပ်သည့် စီနီယာအစ်ကိုများတွင် နောက်ခံကောင်းတွေ၊ အရင်းအမြစ်တွေ ရှိကြသည်မို့ သူတို့အတွက် အများကြီး အထောက်အကူဖြစ်စေ၏။

‎

‎

‎ကုယိုတွင်တော့ ကုမိသားစုရွာလေးမှ လာသည့် သာမန်လူတစ်ယောက်သာ ဖြစ်သည်မို့ ဘာအကူအညီမှ မရနိုင်ပေ။

‎

‎

‎သူ့တွင် ကိုယ့်အားကိုယ်ကိုးဖို့သာ ရှိတော့သည်။

‎

‎

‎ထို့ကြောင့် ဖိအားတွေအောက်တွင် ကုယိုဟာ ကံစမ်းသည့်အနေဖြင့် ဟွမ်သွမ့်မူလဂိုဏ်းမှ ထွက်လာခဲ့၏။ အပြင်လောကတွင် စွန့်စားသွားလာရင်း ကံကောင်းမှုတစ်ခုခု ရှာတွေ့နိုင်လိမ့်မည်လား... သူ၏ အင်အားနဲ့ အခြေခံကို မြှင့်တင်နိုင်လိမ့်မည်လား... ဆိုသည်ကို မျှော်လင့်ခဲ့၏။ သို့မှလည်း မကြာခင် ကျင်းပမည့် ဂိုဏ်းတွင်းပြိုင်ပွဲကြီးအတွက် ယုံကြည်မှု ပိုရှိလာမည် ဖြစ်သည်။

‎

‎

‎ဤစွန့်စားခရီးသည် သူ့အား အမှန်တကယ်ပင် အကျိုးအမြတ်များ ရရှိစေခဲ့သည်။

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်းနှင့် မိုင်ရာချီဝေးသည့်နေရာမှာ ရှေးဟောင်းခေတ်က လူသားသူတော်စင်တစ်ပါး ချန်ရစ်ခဲ့သည့် အမွေအနှစ်တစ်ခုကို မတော်တဆ ရှာတွေ့ခဲ့၏။

‎

‎

‎သူတော်စင်အမွေအနှစ်.....

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်းမှာပင်လျှင် ဆက်ခံသူ သူတော်စင်တွေလောက်သာ သူတော်စင်အမွေအနှစ်ကို ရရှိနိုင်ကြခြင်း ဖြစ်သည်။

‎

‎

‎ယခုတော့ ကုယိုသည် သူတော်စင်အဆင့်ရှိသည့် ပုဂ္ဂိုလ်တစ်ပါး ချန်ရစ်ခဲ့သည့် အမွေအနှစ်ကို ရှာတွေ့ခဲ့ပြီဖြစ်သည်။

‎

‎

‎ထို့ပြင် ဤရှေးဟောင်းသူတော်စင်က သာမန်မဟုတ်ဘဲ လူသားမျိုးနွယ်၏ ပထမဆုံးဘိုးဘေး လူသားဧကရာဇ်ဆီမှ ဆင်းသက်လာသည့် ရှေးဟောင်းနေမင်းကျမ်းစာကို အမွေချန်ထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ကုယိုသည် ဝမ်းသာပျော်ရွှင်သွား၏။ သူ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးက မျက်စိရှေ့ရောက်နေပြီဆိုတာ သိလိုက်ရသည်။

‎

‎

‎ဒါကြောင့် သူဟာ ပြတ်ပြတ်သားသားပင် ဤလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ခဲ့ပြီး လဝက်မျှ ကြာမြင့်ခဲ့သည်။

‎

‎

‎ဤလဝက်အတွင်းတွင် အခက်အခဲတွေ၊ အန္တရာယ်တွေ အများကြီး ကြုံတွေ့ခဲ့ရပြီး အကြိမ်ကြိမ် သေလုနီးပါး ဖြစ်ခဲ့ရ၏။

‎

‎

‎ကံကောင်းစွာပင် နောက်ဆုံးတွင်တော့ ဤစမ်းသပ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ရှေးဟောင်းသူတော်စင်၏ အမွေအနှစ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။

‎

‎

‎ဤသည်မှာ ကောင်းကင်ဘုံက ပေးသည့် အခွင့်အရေးပင်။

‎

‎

‎လျှို့ဝှက်နယ်မြေထဲမှ ထွက်လာသည့်အချိန်တွင် ကုယိုသည် မကြာခင်ကျင်းပမည့် ဟွမ်သွမ့်မူလဂိုဏ်း၏ ဂိုဏ်းတွင်းပြိုင်ပွဲကြီးကိုပင် မျက်လုံးထဲ မထည့်တော့ပေ။

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်း အကြီးအကဲတစ်ယောက်၏ တပည့်ဖြစ်ရခြင်းက သူရရှိထားသည့် သူတော်စင်အမွေအနှစ်နှင့် ယှဉ်လိုက်လျှင် ဘာမျှမဟုတ်တော့ပေ။

‎

‎

‎သို့သော် ဂိုဏ်းထဲမှ တပည့်များ သူ့ကို အထင်ကြီးလာစေရန်နှင့် သူ့အား အမြဲဖိနှိပ်ခဲ့သည့် စီနီယာအစ်ကိုများကို လက်စားချေရန်အတွက် ဂိုဏ်းတွင်းပြိုင်ပွဲကြီးအား မျှော်လင့်နေဆဲ ဖြစ်သည်။

‎

‎

‎စိတ်လှုပ်ရှားတက်ကြွနေသည့် နှလုံးသားနှင့်အတူ လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးနောက် ကုယိုဟာ ဟွမ်သွမ့်မူလဂိုဏ်းဆီသို့ အနားမယူဘဲ ပြေးလွှားပြန်လာခဲ့၏။

‎

‎

‎သို့သော် ဟွမ်သွမ့်မူလဂိုဏ်းနှင့် နီးလာလေလေ ကုယို၏ မျက်နှာထားမှာ ပို၍ ထူးဆန်းလာလေလေ ဖြစ်၏။

‎

‎

‎အရင်တုန်းကဆိုလျှင် ဟွမ်သွမ့်မူလဂိုဏ်း ပတ်လည် မိုင်တစ်ရာအတွင်းမှာ ဂိုဏ်းသားများ၏ ခြေရာလက်ရာများကို နေရာတိုင်း တွေ့ရလေ့ရှိသည်။

‎

‎

‎အခု လမ်းတစ်လျှောက်လုံးမှာ ဟွမ်သွမ့်မူလဂိုဏ်းသား တစ်ယောက်ကိုမျှ မတွေ့ရခြင်းမှာ ဘာကြောင့်နည်း။

‎

‎

‎ဂိုဏ်းသား‌များပင်မပြောနှင့်... သက်ရှိသတ္တဝါ တစ်ကောင်မျှပင် မတွေ့ရပေ။

‎

‎

‎ဒါ့အပြင် မြေကြီးများမှာ အက်ကွဲနေပြီး... သစ်ပင်များက လဲပြိုနေသည်မို့... မကြာသေးခင်ကမှ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။

‎

‎

‎ဒါက ဟွမ်သွမ့်မူလဂိုဏ်းရဲ့ ဌာနချုပ်အနီးလေ... ဘယ်သူက ဒီမှာ စစ်ခင်းရဲမှာလဲ။

‎

‎

‎ကုယို စိတ်ရှုပ်ထွေးနေမိ၏။ တစ်ချိန်တည်းမှာပင် အလိုလို ခြေလှမ်းများကို မြန်လိုက်မိသည်။

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်း၏ ဌာနချုပ်ကို တကယ်ရောက်သွားပြီး... မြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင်တော့ ကုယိုမှာ ကြောင်အမ်းသွားရတော့၏။

‎

‎

‎တစ်ချိန်က ခမ်းနားထည်ဝါခဲ့သည့် ဟွမ်သွမ့်မူလဂိုဏ်း၏ အဆောက်အဦးများမှာ ဘယ်ရောက်ကုန်ပြီနည်း။

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်းတစ်ခုလုံး မြေပုံပေါ်မှ အတင်းအဓမ္မ ဖျက်ဆီးခံလိုက်ရသလိုပင် ဖြစ်နေ၏။ ဒီနေရာက ဟွမ်သွမ့်မူလဂိုဏ်း တည်ရှိရာနေရာဆိုသည်ကိုသာ သေချာမသိလျှင် နေရာမှားလာမိသည်ဟုပင် သူ ထင်မိလိမ့်မည်။

‎

‎

‎ဘာတွေ ဖြစ်ကုန်တာလဲ။

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်း ဘယ်ရောက်သွားလဲ။

‎

‎

‎ငါ့ရဲ့ ကြီးမြတ်လှတဲ့ ဟွမ်သွမ့်မူလဂိုဏ်းကြီး ဘယ်ရောက်သွားပြီလဲ။

‎

‎

‎ကုယို ကြောင်တောင်တောင် ဖြစ်နေ၏။

‎

‎

‎သူအပြင်ထွက်သွားတာ လဝက်လောက်ပဲ ရှိသေးတယ်... ဟွမ်သွမ့်မူလဂိုဏ်းကြီး ပျောက်သွားပြီလား။

‎

‎

‎" သူတို့ ပြောင်းရွှေ့သွားရင်တောင် ငါ့ကို ပြောပြသင့်တာပေါ့..... "

‎

‎

‎ကုယိုသည် ရေရွတ်လိုက်မိ၏။

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်းတစ်ခုလုံး တခြားနေရာ ပြောင်းသွားတာများလား.....

‎

‎

‎မဟုတ်သေးပါဘူး... မြင်ကွင်းကို ကြည့်ရတာ အတင်းအဓမ္မ ဖျက်ဆီးခံထားရတဲ့ လက္ခဏာတွေ အထင်အရှား ရှိနေတယ်။

‎

‎

‎ဒါဆို... ဟွမ်သွမ့်မူလဂိုဏ်း မျိုးဖြုတ်ခံလိုက်ရတာလား။

‎

‎

‎ရလဒ်ကို တွေးမိလိုက်သည်နှင့် ကုယို၏ ရင်များ တင်းကျပ်သွားပြီး... ယုံကြည်ရခက်လွန်း၍ တုန်လှုပ်သွားရ၏။

‎

‎

‎ဒါပေမယ့် ဒါက ဟွမ်သွမ့်မူလဂိုဏ်းလေ။

‎

‎

‎အဆုံးမဲ့ကမ္ဘာက ဧကရာဇ်မျိုးနွယ်တွေ၊ အရှေ့ပိုင်း စွန့်ပစ်ဒေသက ထိပ်တန်းမြင့်မြတ်နယ်မြေတွေ၊ မဟာဂိုဏ်းကြီးတွေနဲ့ မယှဉ်နိုင်ရင်တောင် အရှေ့ပိုင်းမြေရိုင်းတာအိုနယ်မြေမှာ အားကောင်းတဲ့ ဂိုဏ်းတစ်ခုပါပဲ။ ဘယ်လိုလုပ် ဒီအတိုင်းကြီး မျိုးဖြုတ်ခံလိုက်ရမှာလဲ။

‎

‎

‎ပြီးတော့ ဟွမ်သွမ့်မူလဂိုဏ်းက ဘယ်အင်အားစုကိုမှ ရန်စတာမျိုး မကြားဖူးပါဘူး။

‎

‎

‎ဤသည်မှာ အမှန်ပင် ထူးဆန်းလွန်းပြီး ယုံနိုင်စရာ မရှိပေ။

‎

‎

‎ကုယိုတစ်ယောက် ချွေးစေးများ ပြန်လာ၏။ သူ့ရှေ့ရှိ ဟွမ်သွမ့်မူလဂိုဏ်း နေရာဟောင်းသို့ သေချာကြည့်ပြီးနောက် အလျင်အမြန် ထွက်ခွာလာခဲ့သည်။

‎

‎

‎သူ လျှို့ဝှက်နယ်မြေထဲ ရောက်နေသည့် လဝက်အတွင်းမှာ... ဟွမ်သွမ့်မူလဂိုဏ်း ဘာဖြစ်ခဲ့သည်ကို စုံစမ်းရန်... လူနေထူထပ်သည့်နေရာသို့ အမြန်ဆုံး သွားချင်နေ၏။

‎

‎

‎.........

‎

‎

‎နေ့ဝက်ခန့် ကြာပြီးနောက်.....

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်းနှင့် မိုင်တစ်ထောင်ဝေးသည့် လူသားမြို့တစ်မြို့တွင်...

‎

‎

‎ကုယိုသည် ဝိညာဉ်ကျောက်တုံး နှစ်တုံးပေးကာ မေးမြန်းပြီးနောက်... ကျင့်ကြံသူတစ်ယောက်ဆီမှ လွန်ခဲ့သည့် လဝက်အတွင်း... အရှေ့ပိုင်းစွန့်ပစ်ဒေသတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံအား သိလိုက်ရ၏။

‎

‎

‎သတင်းများကို ကြားပြီးနောက် ကုယိုတစ်ယောက် ကြောင်အမ်းသွားပြန်၏။

‎

‎

‎နတ်ဆိုးနယ်မြေ ကျူးကျော်လာပြီး အဆုံးမဲ့ကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။

‎

‎

‎နတ်ဆိုးနယ်မြေအရှင်သခင်တစ်ပါးမှ ခြေတစ်ချက်စောင့်နင်းပြီး ဟွမ်သွမ့်မူလဂိုဏ်းသို့ ပြာကျစေခဲ့သည်။ ဂိုဏ်းချုပ်မှစ၍ အကြီးအကဲများ၊ တပည့်များအထိ တစ်ယောက်မျှ အသက်မရှင်ခဲ့ပေ။

‎

‎

‎ဟွမ်သွမ့်မူလဂိုဏ်း ပျက်စီးသွားပြီးနောက် ကောင်းချီးမင်္ဂလာနယ်မြေအချို့မှ နေရာဝင်ယူခဲ့ကြ၏။

‎

‎

‎သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်မှ ရှေးဟောင်းမျိုးနွယ်များ ပြန်ပေါ်လာပြီး မြင့်မြတ်နယ်မြေများ၊ မဟာဂိုဏ်းများကို ဆက်တိုက် ဖျက်ဆီးပစ်ခဲ့သည်။ လူသားများကို မူလနယ်မြေမှနေ မောင်းထုတ်ချင်နေကြခြင်း ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ကောင်းချီးမင်္ဂလာနယ်မြေများလည်း ဟွမ်သွမ့်မူလဂိုဏ်းနေရာမှ အလောတကြီး ဆုတ်ခွာသွားခဲ့ကြခြင်းဖြစ်၏.....

‎

‎

‎" လဝက်ပဲ ရှိပါသေးတယ်..... "

‎

‎

‎ကုယို အလိုလို ရေရွတ်လိုက်မိ၏။

‎

‎

‎သူ လဝက်ပဲ အပြင်ထွက်သွားတာကို ဘာလို့ ကမ္ဘာကြီးမှာ ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ကုန်ရတာလဲ။

‎

‎

‎သို့သော်လည်း တုန်လှုပ်မှုများကြားထဲမှ ကုယို၏စိတ်ထဲတွင် သက်သာရာရသွားသည့် ခံစားချက်တစ်ခု ပြင်းပြင်းထန်ထန် ပေါ်လာခဲ့သည်။

‎

‎

‎ကံကောင်းလိုက်တာ.....

‎

‎

‎လွန်ခဲ့သည့် လဝက်အတွင်း လျှို့ဝှက်နယ်မြေထဲတွင် စွန့်စားခန်းထွက်နေခဲ့ခြင်းသည် ကံကောင်းမှုတစ်ခုဖြစ်သွား၏။

‎

‎

‎ဂိုဏ်းထဲတွင်သာ ဆက်နေခဲ့လျှင် အခုချိန်တွင် နတ်ဆိုးနယ်မြေအရှင်သခင်၏ ခြေထောက်အောက်၌ ဂိုဏ်းချုပ်များ၊ တပည့်များနှင့်အတူ အနင်းခံရပြီး သေသွားလောက်ပြီဖြစ်သည်။

‎

‎

‎ထိုသို့ တွေးမိလျှင် ကုယိုတစ်ယောက် ကြောက်စိတ်များ မပြယ်နိုင်သေးဘဲ ဖြစ်နေ၏။

‎

‎

‎သို့သော် ရုတ်တရက် သူ့မျက်နှာထား ပြောင်းလဲသွားပြီး ဖြူဖျော့ကာ ထိတ်လန့်သွားတော့သည်။

‎

‎

‎အကြောင်းမှာ သူသည် ကုမိသားစုရွာအား ရုတ်တရက် သတိရလိုက်မိသောကြောင့်ပင် ဖြစ်သည်။

‎

‎အခန်း (၁၇၄) - ချောက်နက်ထဲသို့ ကျဆင်းသွားသောစိတ်၊ ဂိတ်စောင့်ကျန်ခဲ့သူများ၊ ရုတ်တရက် ပြောင်းလဲသွားသော သဘောထား

‎

‎

‎

‎အခြေအနေက မကောင်းတော့ဘူး။

‎

‎

‎ကုယို၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

‎

‎

‎နတ်ဆိုးနယ်မြေ ကျူးကျော်လာသောအခါ ဟွမ်သွမ့်မူလဂိုဏ်းကဲ့သို့သော အင်အားကြီးဂိုဏ်းကြီးပင် နတ်ဆိုးနယ်မြေအရှင်သခင်၏ ခြေထောက်အောက်တွင် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ဖျက်ဆီးခံခဲ့ရသည်။

‎

‎

‎ကုမိသားစုရွာသည် ဟွမ်သွမ့်မူလဂိုဏ်းနှင့် မဝေးလှသဖြင့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးနယ်မြေ သတ္တဝါများ၏ ဖျက်ဆီးမှုကို ခံရနိုင်ခြေ များနေသည်။

‎

‎

‎အကယ်၍ ကုမိသားစုရွာသည် နတ်ဆိုးနယ်မြေ ကျူးကျော်မှုမှ အံ့ဖွယ်နည်းဖြင့် လွတ်မြောက်ခဲ့သည် ဆိုဦးတော့.....

‎

‎

‎ယခုအခါ ရှေးဟောင်းမျိုးနွယ်များသည် လူသားနယ်မြေများကို ခြိမ်းခြောက်လျက်ရှိသည်။ လမ်းတစ်လျှောက်တွင် လူသားဂိုဏ်းများ၏ ဘိုးဘွားပိုင်နယ်မြေများစွာ အပျက်အစီးဖြစ်သွားပြီး... ရှေးဟောင်းမျိုးနွယ်များက သိမ်းပိုက်ထားသည်ကို ကုယို မြင်တွေ့ခဲ့ရသည်။

‎

‎

‎ကုမိသားစုရွာသည် ဝိညာဉ်စွမ်းအင်နည်းပါးသော သာမန်ရွာငယ်လေးဖြစ်သော်လည်း လူသားဂိုဏ်းများ၏ နယ်စပ်ဒေသတွင် တည်ရှိနေ၏။

‎

‎

‎နတ်ဆိုးနယ်မြေစစ်တပ်ဖြစ်စေ... ရှေးဟောင်းမျိုးနွယ်များဖြစ်စေ... ကုမိသားစုရွာကို လက်တစ်ဖက်တည်းဖြင့် လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်သည်။

‎

‎

‎ကုမိသားစုရွာ အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ချက် သိပ်မရှိလှပေ။

‎

‎

‎ထိုအတွေးကြောင့် ကုယို၏ စိတ်ပူပန်မှုမှာ ပိုမိုကြီးထွားလာ၏။

‎

‎

‎ကုမိသားစုရွာသာ ဖျက်ဆီးခံလိုက်ရပါက... သူ ဘာလုပ်ရမည်ကို စဉ်းစားရဲစရာပင် မရှိပေ။

‎

‎

‎" မဖြစ်ဘူး... ငါ အမြန်ပြန်သွားကြည့်မှ ဖြစ်မယ် "

‎

‎

‎ကုယို၏ စိတ်ထဲတွင် ထိတ်လန့်နေမိ၏။ သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ... ကုမိသားစုရွာဆီသို့ မရပ်မနား ပြေးသွားခဲ့လေသည်။

‎

‎

‎အပြေးအလွှားသွားနေရင်း... သူ စိုးရိမ်တကြီး တွေးနေမိ၏။

‎

‎

‎" ကျေးဇူးပြုပြီး ဘာမှ မဖြစ်ပါစေနဲ့... ကျေးဇူးပြုပြီး ဘာမှ မဖြစ်ပါစေနဲ့..... "

‎

‎

‎သို့သော် ကုမိသားစုရွာနှင့် နီးလာလေလေ ကုယို၏ စိတ်ဓာတ်များ ပိုမိုကျဆင်းလာလေလေ ဖြစ်သည်။

‎

‎

‎လမ်းတစ်လျှောက်တွင် လူသားစခန်းများစွာ မီးလောင်တိုက်သွင်းခံထားရသည်ကို မြင်တွေ့ခဲ့ရပြီး... လူသားမြို့ရွာများစွာ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေကြသည်ကိုလည်း တွေ့ရသည်။ ကမ္ဘာတစ်ခုလုံး ဝမ်းနည်းပူဆွေးမှုနှင့် ခြောက်သွေ့မှုများ လွှမ်းခြုံနေသကဲ့သို့ ခံစားရ၏။

‎

‎

‎ရှေးဟောင်းမျိုးနွယ်များက အနီးအနားရှိ လူသားများကို အေးစက်စွာ မောင်းထုတ်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ခုခံရဲသူ မည်သူမဆို ရှေးဟောင်းမျိုးနွယ်များ၏ သတ်ဖြတ်ခြင်းကို ခံရလေသည်။

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသရှိ ယခင် မြင့်မြတ်နယ်မြေများနှင့် မဟာဂိုဏ်းများမှ ကျင့်ကြံသူများပင် ရှေးဟောင်းမျိုးနွယ်များကို ဆန့်ကျင်ပြောဆိုရဲခြင်းမရှိဘဲ မောင်းထုတ်ခံရမှုကို လက်ခံနေရသည်။

‎

‎

‎အချို့သော အားနည်းသည့် လူသားရွာများနှင့် မြို့များအတွက်မူ... ရှေးဟောင်းမျိုးနွယ်များသည် မောင်းထုတ်ရန်ပင် ဝန်မလေးဘဲ... တိုက်ရိုက်ဖျက်ဆီးပစ်ကြ၏။

‎

‎

‎ဤမျှ ရက်စက်ကြမ်းကြုတ်သော အခြေအနေတွင် ကုမိသားစုရွာသည် မည်သို့ အထိအခိုက်မရှိဘဲ ရှင်သန်နိုင်မည်နည်း။

‎

‎

‎ကုမိသားစုရွာတစ်ခုလုံးတွင် ကျင့်ကြံသူဟူ၍ တစ်ယောက်မျှပင် မရှိချေ။

‎

‎

‎ကုယို၏ နှလုံးသားသည် အနည်းငယ် တုန်လှုပ်သွားပြီး... စိတ်ဓာတ်များ အောက်ဆုံးထိ ကျဆင်းသွားခဲ့သည်။

‎

‎

‎သို့သော် ရလဒ်က မည်သို့ပင်ဖြစ်ပါစေ... သူ ကိုယ်တိုင် မျက်ဝါးထင်ထင် သွားကြည့်ရပေမည်။

‎

‎

‎မကြာမီ ကုယိုသည် ကုမိသားစုရွာရှေ့သို့ ရောက်ရှိလာခဲ့သည်။

‎

‎

‎သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသောအခါ... သူ့စိတ်နှလုံး ချက်ချင်း လေးလံသွား၏။

‎

‎

‎အကြောင်းမှာ ကြမ်းတမ်းခက်ထန်ပုံရသော ရှေးဟောင်းမျိုးနွယ်ဝင် နှစ်ဦးသည် ကုမိသားစုရွာရှေ့တွင် ရပ်နေကြသောကြောင့်ပင်။

‎

‎

‎ရှေးဟောင်းမျိုးနွယ်ဝင် နှစ်ဦးအနက် တစ်ဦးမှာ နဂါးခေါင်းနှင့်ဖြစ်ပြီး နဂါးမျိုးနွယ်မှ ဖြစ်ပုံရသည်။ အခြားတစ်ဦးမှာ ခြင်္သေ့ခေါင်းနှင့်ဖြစ်ပြီး ရွှေခြင်္သေ့မျိုးနွယ်မှ ဖြစ်ပုံရသည်။ သူတို့နှစ်ဦးစလုံးတွင် အလွန်အားကောင်းသော စွမ်းအင်များ ရှိနေပြီး ဟွမ်သွမ့်မူလဂိုဏ်းချုပ်နှင့်ပင် ယှဉ်နိုင်မည့် သို့မဟုတ် ဂိုဏ်းချုပ်ထက်ပင် သာလွန်နိုင်မည့် စွမ်းအားများ ရှိနေသည်ဟု ကုယို ထင်မြင်မိစေသည်။

‎

‎

‎နောက်ဆုံးတော့ ရောက်လာကြပြီလား။

‎

‎

‎ဒီအင်အားကြီး ရှေးဟောင်းမျိုးနွယ်ဝင် နှစ်ဦးက ကုမိသားစုရွာကို ဖျက်ဆီးပြီး... ရှေးဟောင်းမျိုးနွယ်တွေအတွက် နယ်မြေရှင်းလင်းဖို့ ရောက်လာကြတာလား။

‎

‎

‎ငါ အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့။

‎

‎

‎ဒါပေမယ့် ငါ အချိန်မီ ရောက်လာရင်ရော ဘာအကျိုးထူးမှာလဲ.....

‎

‎

‎ကုယို၏ စိတ်ထဲတွင် အားကိုးရာမဲ့သည့် ခံစားချက်များ ဝင်ရောက်လာ၏။

‎

‎

‎သူသည် ရှေးဟောင်းသူတော်စင်တစ်ပါး၏ အမွေအနှစ်ကို ရရှိထားသည်မှာ မှန်ပါသည်။

‎

‎

‎သို့သော် သူ့လက်ရှိအင်အားသည် အလွန်အားနည်းနေသေးပြီး... ဤအင်အားကြီး ရှေးဟောင်းမျိုးနွယ်များကို ယှဉ်နိုင်စွမ်း မရှိသေးပေ။

‎

‎

‎သူတို့ကို ကုမိသားစုရွာကို မဖျက်ဆီးအောင် တားဆီးဖို့ ကြိုးစားခြင်းက စစ်ရထားကို ပုရွက်ဆိတ်က တားဖို့ ကြိုးစားသလို ဖြစ်နေလိမ့်မည်။

‎

‎

‎သို့သော်.....

‎

‎

‎အားကိုးရာမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများအပြီးတွင် ကုယို၏ အကြည့်များ ပြန်လည် ခိုင်မာလာခဲ့သည်။

‎

‎

‎မည်သို့ပင်ဖြစ်စေ သူသည် ကုမိသားစုရွာမှ ဆင်းသက်လာသော ကျင့်ကြံသူတစ်ဦး ဖြစ်၏။

‎

‎

‎ယခု ကုမိသားစုရွာ ဒုက္ခရောက်နေချိန်တွင်... သူ မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။

‎

‎

‎စစ်ရထားကို တားဆီးမည့် ပုရွက်ဆိတ်ဖြစ်နေပါစေ... ဤအချိန်မျိုးတွင် သူ လုံးဝ နောက်မဆုတ်နိုင်ပေ။ ထို့သို့မဟုတ်ပါက... သူ အံ့ဖွယ်နည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့လျှင်တောင်... ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

‎

‎

‎ထိုသို့ တွေးမိသောအခါ ကုယို၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ မရှိတော့ပေ။

‎

‎

‎သူ အသက်ပြင်းပြင်းရှူလိုက်ပြီး... သတ္တိရှိရှိ ရှေ့သို့ တိုးဝင်လိုက်သည်။

‎

‎

‎" ရပ်လိုက်! "

‎

‎

‎ကုယို ကုမိသားစုရွာရှေ့သို့ မရောက်မီမှာပင်... နဂါးမျိုးနွယ် ကျွမ်းကျင်သူနှင့် ရွှေခြင်္သေ့မျိုးနွယ် ကျွမ်းကျင်သူတို့သည်... သူ့အား သတိထားမိသွားကြသည်။

‎

‎

‎အေးစက်ပြီး... ဖိနှိပ်မှုများသော အကြည့်နှစ်ခုသည် ကုယိုအပေါ်သို့ ကျရောက်လာသဖြင့်... သူ့ကို လှုပ်ရှားရန် ခက်ခဲစေခဲ့သည်။ ခဏအကြာ သူ မတောင့်ခံနိုင်တော့ဘဲ... မြေကြီးပေါ်သို့ လဲကျတော့မလိုပင် ခံစားလိုက်ရသည်။

‎

‎

‎သို့သော် ဤကဲ့သို့ ဖိအားများကို ရင်ဆိုင်ရသော်လည်း... ကုယိုသည် နောက်မဆုတ်ဘဲ အံကြိတ်ကာ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

‎

‎

‎" ဟွန်း... လူသားပုရွက်ဆိတ်လေး... ဒီအရှင်သခင်ရဲ့ စကားကို လျစ်လျူရှုရဲတယ်ပေါ့... သေချင်နေတာလား "

‎

‎

‎ရွှေခြင်္သေ့မျိုးနွယ် ကျွမ်းကျင်သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး... မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်သွား၏။ သူသည် အလိုအလျောက် လက်ဝါးကို မြှောက်ကာ... ကုယိုကို ဖိနှိပ်သတ်ဖြတ်ရန် ပြင်လိုက်သော်လည်း... ဘေးနားရှိ နဂါးမျိုးနွယ် ကျွမ်းကျင်သူမှ အလျင်အမြန် တားဆီးလိုက်သည်။

‎

‎

‎" သူ့ရဲ့ ရည်ရွယ်ချက်ကို မေးမြန်းပြီးမှ လုပ်ဆောင်လဲ နောက်မကျပါဘူး "

‎

‎

‎နဂါးမျိုးနွယ် ကျွမ်းကျင်သူမှ ဖြည်းညင်းစွာ အကြံပြုလိုက်သည်။

‎

‎

‎ထိုစကားကို ကြားသောအခါ... ရွှေခြင်္သေ့မျိုးနွယ် ကျွမ်းကျင်သူသည် တစ်ခုခုကို သတိရသွားပုံရပြီး... လက်ကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်ကာ စူးရှစွာ မေးမြန်းလိုက်သည်။

‎

‎

‎" လူငယ်လေး... ဒီအရှင်သခင်ရဲ့ မေးခွန်းကို ဖြေစမ်း...! ဒီနေရာကို ဘာကိစ္စနဲ့ လာတာလဲ "

‎

‎

‎ဒီနေရာကို ဘာကိစ္စနဲ့ လာရမှာလဲ။ အိမ်ပြန်လာတာပေါ့။

‎

‎

‎ကုယိုသည် ရယ်ရမလို ငိုရမလို ဖြစ်နေပြီး... ဒီရှေးဟောင်းမျိုးနွယ် ကျွမ်းကျင်သူ နှစ်ဦးသည် ထူးဆန်းစွာ ပြုမူနေသည်ဟု ခံစားလိုက်ရသည်။ သူတို့ ကုမိသားစုရွာကို ဖျက်ဆီးဖို့ လာကြတာ မဟုတ်ဘူးလား။ ဘာလို့ ရွာအဝင်ဝမှာ စောင့်ကြပ်နေသလို ဖြစ်နေရတာလဲ။

‎

‎

‎သို့သော် ဒါသည် သူ စိတ်အထင်မှားနေကြောင်း ကုယို သိ၏။

‎

‎

‎နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့က ဘာကိစ္စနဲ့ လူသားအဖွဲ့အစည်းတစ်ခု... အထူးသဖြင့် ကုမိသားစုရွာလို သာမန်ရွာလေးအတွက် တံခါးစောင့်ပေးရမှာလဲ။

‎

‎

‎" ကျွန်တော်က ကုမိသားစုရွာက ကျင့်ကြံသူပါ... ခင်ဗျားတို့နှစ်ယောက်မှာ မကျေနပ်ချက်တွေ ရှိရင် ကျွန်တော့်ဆီပဲ တိုက်ရိုက် ဦးတည်ပါ... ကျေးဇူးပြုပြီး ရွာသားတွေကို ဒုက္ခမပေးပါနဲ့... သူတို့က သာမန်လူတွေပါ "

‎

‎

‎ကုယိုသည် အသက်ပြင်းပြင်းရှူလိုက်ပြီး... နှိမ့်ချခြင်းမရှိ၊ မောက်မာခြင်းမရှိဘဲ ပြောဆိုလိုက်သည်။ သူတို့၏ အာရုံကို လွှဲပြောင်းပြီး... ကုမိသားစုရွာကို အလွတ်ပေးစေရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် သူ မမျှော်လင့်ထားသည်မှာ... သူ ကုမိသားစုရွာသား ဖြစ်ကြောင်း ပြောလိုက်သည်နှင့်... နဂါးမျိုးနွယ် ကျွမ်းကျင်သူနှင့် ရွှေခြင်္သေ့မျိုးနွယ် ကျွမ်းကျင်သူတို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားခြင်းပင်။

‎

‎

‎ကုယိုကို လွှမ်းခြုံထားသော အားကောင်းသည့် ဖိအားသည် ချက်ချင်း ပျောက်ကွယ်သွားပြီး မရှိတော့သကဲ့သို့ ဖြစ်သွားသည်။

‎

‎

‎" မိတ်ဆွေလေး... မင်းက ကုမိသားစုရွာကလို့ ပြောလိုက်တာလား... မင်းရဲ့ မျိုးရိုးနာမည်က ကုလား "

‎

‎

‎နဂါးမျိုးနွယ် ကျွမ်းကျင်သူ၏ မျက်နှာသည်... ချက်ချင်း နွေးထွေးသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး... ကုယိုကို ပြုံးပြလိုက်သည်။

‎

‎

‎ဘေးနားရှိ ရွှေခြင်္သေ့မျိုးနွယ် ကျွမ်းကျင်သူပင်လျှင် ချက်ချင်း ပြုံးရွှင်သွားပြီး... ယခင်က အေးစက်ပြီး သတ်ဖြတ်ချင်စိတ် ပြင်းထန်သော အမူအရာနှင့် လုံးဝ ကွာခြားသွားသည်။

‎

‎

‎" ကျွန်တော့်နာမည် ကုယိုပါ... ကုမိသားစုရွာကဆိုတော့ မျိုးရိုးနာမည်က ကုပေါ့..... "

‎

‎

‎ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေသော နဂါးမျိုးနွယ် ကျွမ်းကျင်သူကို ကြည့်ရင်း ကုယိုတစ်ယောက် ကြောင်အမ်းသွား၏။

‎

‎

‎ဘာတွေ ဖြစ်ကုန်တာလဲ။

‎

‎

‎ဟမ်.....

‎

‎

‎ငါ အိပ်မက်မက်နေတာလား။

‎

‎

‎ဘာလို့ ဒီရှေးဟောင်းမျိုးနွယ် ကျွမ်းကျင်သူ နှစ်ဦးက ရုတ်တရက်ကြီး သူ့ကို ယဉ်ကျေးပျူငှာနေကြတာလဲ။

‎

‎

‎" မိတ်ဆွေလေး... ခဏလေး စောင့်ပါဦး... ကျွန်တော် အထဲဝင်ပြီး သတင်းပို့လိုက်ပါဦးမယ် "

‎

‎

‎နဂါးမျိုးနွယ် ကျွမ်းကျင်သူမှ ရွှေခြင်္သေ့မျိုးနွယ် ကျွမ်းကျင်သူကို မျက်ရိပ်ပြလိုက်ပြီးနောက်... ကုမိသားစုရွာထဲသို့ ဖြည်းညင်းစွာ ပြေးဝင်သွား၏။ ကုယို၏ အထောက်အထားကို သွားရောက် စစ်ဆေးမည့်ပုံပင်။

‎

‎

‎သတင်း... ပို့မယ်... ဟုတ်လား။

‎

‎

‎ဤနဂါးမျိုးနွယ် ကျွမ်းကျင်သူက ဘယ်သူ့ဆီ သတင်းသွားပို့မှာလဲ။

‎

‎

‎ဒါ ကုမိသားစုရွာ ဟုတ်သေးရဲ့လား။

‎

‎

‎ကုယိုသည် လုံးဝ ကြောင်အမ်းသွားလေတော့သည်။

‎

All Chapters