အခန်း (၁၇၅-၁၇၆)
Vol. 13 Ch. 175-176
အခန်း (၁၇၅) - စိတ်ရှုပ်ထွေးခြင်း၊ လျှို့ဝှက်ချက် ပေါ်ပေါက်လာခြင်း၊ ကုမိသားစုသွေးစည်းလား
ငါဘယ်သူလဲ။
ငါဘယ်ရောက်နေတာလဲ။
နဂါးမျိုးနွယ်ကျွမ်းကျင်သူ ခပ်သွက်သွက်ပြေးထွက်သွားသည်ကို ကြည့်ရင်း... ကုယို၏စိတ်ထဲတွင် သံသယများ ပြည့်နှက်လာခဲ့သည်။
ဤနေရာသည် ကုမိသားစုရွာ တည်ရှိရာနေရာဆိုသည်ကို သေချာမသိပါက... သူသည် နေရာမှားလာမိပြီး... ရှေးဟောင်းမျိုးနွယ်တစ်ခုခု၏ ဘိုးဘွားပိုင်နယ်မြေသို့ ရောက်နေသည်ဟုပင် ထင်မိလောက်သည်။
ကုမိသားစုရွာဆိုတာ သာမန်ရွာလေးတစ်ရွာသာ ဖြစ်သည်။ ဤရှေးဟောင်းမျိုးနွယ်ကျွမ်းကျင်သူများက ဘာအတွက်ကြောင့် ဤမျှလောက်ထိ လေးစားသမှု ပြုနေရသနည်း။
နဂါးမျိုးနွယ်ကျွမ်းကျင်သူက မပျံသန်းရဲဘဲ ခြေကျင်ပြေးသွားသည်ကို ကြည့်ရသည်မှာ လေးစားရုံသက်သက် မဟုတ်တော့ပေ။ မျက်နှာလိုမျက်နှာရ အသေအလဲ လုပ်နေသည့်ပုံ ပေါက်နေ၏။
တကယ် ဘာတွေ ဖြစ်ကုန်တာလဲ။
ကုယိုတစ်ယောက် လုံးဝကို တွေဝေမိန်းမောသွားတော့သည်။
ထိုအချိန်တွင် ကျန်ရစ်ခဲ့သော ရွှေခြင်္သေ့မျိုးနွယ်ကျွမ်းကျင်သူက ကုယိုနှင့် ရင်းနှီးလိုသည့်ပုံစံဖြင့် ပြုံးကာ စကားဆိုလာသည်။
" မိတ်ဆွေလေး... ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်တံတားအဆင့် ရောက်နေတာ... တကယ့်လူစွမ်းကောင်းပါလား "
" ..... "
ရွှေခြင်္သေ့မျိုးနွယ်ကျွမ်းကျင်သူ၏ ချီးကျူးစကားကို ကြားသော်လည်း... ကုယိုမှာ ပြောစရာစကားမဲ့နေပြီး တိတ်ဆိတ်နေလိုက်သည်။
တစ်ဖက်လူ ဘာကြံစည်နေမှန်း မသိသဖြင့် တိတ်ဆိတ်ခြင်းဖြင့်သာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ကုယို စကားပြန်မပြောသည်ကို မြင်သော်လည်း... ရွှေခြင်္သေ့မျိုးနွယ်ကျွမ်းကျင်သူက စိတ်မရှိဘဲ... သူ၏ 'စေတနာ' ကို ဆက်လက် ပြသနေခဲ့သည်။
မကြာမီတွင် နဂါးမျိုးနွယ်ကျွမ်းကျင်သူ အပြေးပြန်ရောက်လာသည်ကို ကုယို မြင်လိုက်ရသည်။
ထိုကျွမ်းကျင်သူနှင့်အတူ ပါလာသူမှာ ကုယိုနှင့် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခု ဖြစ်သည်။
" ဦးလေးရှီ "
နဂါးမျိုးနွယ်ကျွမ်းကျင်သူ၏ နောက်မှ လိုက်ပါလာသော... တောင့်တင်းသန်မာပြီး ရိုးသားသည့် မျက်နှာထားနှင့် လူကို မြင်လိုက်ရသောအခါ... ကုယို၏ မျက်လုံးများတွင် မျက်ရည်စများ ဝေ့သီလာ၏။ နောက်ဆုံးတော့ ကုမိသားစုရွာက လူတစ်ယောက်ကို တွေ့လိုက်ရပြီ။
သို့သော်.....
နဂါးမျိုးနွယ်ကျွမ်းကျင်သူက ကုရှီ၏ နောက် ခြေတစ်လှမ်းအကွာမှ တမင်လိုက်ပါလာသည်ကို ကြည့်ရင်း ကုယို ကြောင်အမ်းသွားသည်။
ဒါ သူမှတ်မိတဲ့ ဦးလေးရှီ ဟုတ်ရဲ့လား။
ဦးလေးရှီက သာမန်လူတစ်ယောက်ပါ။ ဘာလို့ ဒီနဂါးမျိုးနွယ်ကျွမ်းကျင်သူက သူ့ကို ဒီလောက်တောင် လေးစားနေရတာလဲ။
" ရှောင်ယို... မင်း အသက်ရှင်နေသေးတာပဲ "
ကုရှီသည် ကုယိုကို မြင်လိုက်ရသောအခါ သူ၏ ရိုးသားသောမျက်နှာပေါ်တွင် ဝမ်းသာအံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
" ကောင်းလိုက်တာကွာ... မင်းရဲ့ ဦးလေးနဲ့ အဒေါ်ဆို တစ်နေ့လုံး ငိုနေကြတာ... မင်း အသက်ရှင်နေသေးတယ်ဆိုတာ သိရင် သူတို့ အရမ်းပျော်သွားကြမှာ... လာ... ဦးလေးနဲ့ အမြန်လိုက်ခဲ့ "
ပြောရင်းဆိုရင်း ကုရှီက ရှေ့တိုးလာကာ... ကုယို၏ လက်မောင်းကို ဆွဲပြီး... ရွာထဲသို့ ခေါ်သွားရန် ပြင်လိုက်သည်။
" ဦးလေးရှီ... သူတို့က..... "
ကုယိုသည် နဂါးမျိုးနွယ်ကျွမ်းကျင်သူနှင့် ရွှေခြင်္သေ့မျိုးနွယ်ကျွမ်းကျင်သူတို့ကို အလိုလို လှမ်းကြည့်လိုက်မိသည်။ သို့သော် ကုရှီက သူ့နာမည်ကို ခေါ်လိုက်ကတည်းက... ထိုရှေးဟောင်းမျိုးနွယ်ကျွမ်းကျင်သူ နှစ်ဦးစလုံးသည် လေကဲ့သို့ ဘေးသို့ တိတ်တဆိတ် ဆုတ်ခွာသွားကြပြီး... တားဆီးရန် အရိပ်အယောင်ပင် မပြကြကြောင်း တွေ့လိုက်ရသည်။
" သူတို့ကို ဂရုစိုက်မနေနဲ့... ဦးလေးနဲ့သာ လိုက်ခဲ့ "
ကုရှီသည် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး... ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သော ကုယိုကို ဆွဲကာ... ကုမိသားစုရွာထဲသို့ အမြန်ခေါ်ဆောင်သွားတော့သည်။
ကုရှီ၏ ဆွဲခေါ်ခြင်းကို ခံရပြီး ရွာထဲရောက်သွားသောအခါ... ရွာ၏ လက်ရှိအခြေအနေမှာ လွန်ခဲ့သော လအနည်းငယ်က သူထွက်ခွာသွားစဉ်ကနှင့် မခြားနားကြောင်း... ကုယို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
ရွာတစ်ခုလုံးသည် နတ်ဆိုးနယ်မြေကျူးကျော်မှု သို့မဟုတ် ရှေးဟောင်းမျိုးနွယ်များ၏ ကျူးကျော်မှုဒဏ်ကို လုံးဝ မခံစားရသကဲ့သို့ပင်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်မျှ ပျက်စီးခြင်း မရှိပေ။
" ဟယ်... ကုယို မဟုတ်လား... ကုယို ပြန်ရောက်လာပြီဟေ့ "
" ရှောင်ယိုက အသက်ရှင်နေသေးတာပဲ... ဝမ်းသာစရာပဲဟေ့... ကုရှန်းမင်တို့ လင်မယားကို အမြန်သွားပြောကြ "
" ရှောင်ယို... အပြင်မှာ အန္တရာယ်တွေ ဘာတွေ ကြုံခဲ့သေးလား "
ကုရှီမှ ကုယိုအား ရွာထဲ ခေါ်လာသောအခါ... ရွာသူရွာသားများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွား၏။ လူတိုင်း ကုယိုထံ ဝိုင်းအုံလာကြပြီး... တရစပ် မေးခွန်းထုတ်ကာ နှုတ်ဆက်နေကြသည်။
ကုမိသားစုရွာ အဆင်ပြေရုံသာမက... ရွာသားတွေလည်း တစ်ယောက်မကျန် ဘေးကင်းနေကြတာပါလား.....
ကုမိသားစုရွာသားများ သူ့ရှေ့တွင် ဘေးကင်းစွာ ရှိနေသည်ကို မြင်လိုက်ရသောအခါ... ကုယို ပို၍ စိတ်ရှုပ်ထွေးသွား၏။
လမ်းတစ်လျှောက်လုံးတွင် သူ သတိထားမိသည်မှာ... ကုမိသားစုရွာ အနီးတစ်ဝိုက်ရှိ နယ်မြေများမှ မည်သည့် သန့်စင်နယ်မြေ၊ မဟာဂိုဏ်းမဆို... နတ်ဆိုးနယ်မြေကျူးကျော်မှုကြောင့် ပျက်စီးခြင်း သို့မဟုတ် ရှေးဟောင်းမျိုးနွယ်များ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ ငြိမ်းချမ်းသော နေရာဟူ၍ မရှိသလောက်ပင်။
ဘာကြောင့် ကုမိသားစုရွာကျမှ ပရဒိသုဘုံကဲ့သို့ လုံးဝ ထိခိုက်မှုမရှိဘဲ ကျန်ရစ်နေရတာလဲ။
ဒါတင်မကဘူး... ရှေးဟောင်းမျိုးနွယ်ကျွမ်းကျင်သူ နှစ်ယောက်ကတောင်... ကုမိသားစုရွာကို ဂိတ်စောင့်ပေးနေကြသေးတယ်။ ဒါက တကယ့်ကို ယုံတမ်းပုံပြင်ဆန်လွန်းနေပြီ။
" အဟမ်း... ရှောင်ယို... အသက်ရှင်လျက် ပြန်ရောက်လာတာ ကောင်းပါတယ်... ဟိုတလောက ဟွမ်သွမ့်မူလဂိုဏ်း ပျက်စီးသွားပြီကြားလို့... မင်းလည်း မလွတ်လောက်တော့ဘူးလို့ ငါတို့ ထင်နေကြတာ "
ကုယို သံသယများ ဖြစ်နေစဉ်မှာပင် ရွာလူကြီး ကုရှန်းမင်က လူအုပ်ကြားမှ တိုးထွက်လာပြီး ကုယိုရှေ့သို့ ရောက်လာ၏။
" ရွာလူကြီး... ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ... ဟို ရှေးဟောင်းမျိုးနွယ်ကျွမ်းကျင်သူ နှစ်ယောက်ကကော... ဘာကိစ္စနဲ့ ရောက်နေကြတာလဲ "
ကုရှန်းမင်ကို မြင်လိုက်ရသောအခါ ကုယိုသည် စိတ်ထဲရှိ သံသယများကို မထိန်းနိုင်တော့ဘဲ အလျင်အမြန် မေးမြန်းလိုက်၏။
မမျှော်လင့်ထားသည်မှာ ကုယို၏ မေးခွန်းကို ကြားသောအခါ... ကုရှန်းမင်၏ မျက်နှာထားမှာ လုံးဝ တည်ငြိမ်နေခြင်းပင်။ သူသည် မျက်လွှာကို အနည်းငယ် ပင့်ကာ... ရွာအဝင်ဝဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
" အော်... မင်းက ဟိုနှစ်ကောင်ကို ပြောတာလား... အဲ့ဒါ ရှေးဟောင်းဖီးနစ်မျိုးနွယ်က ငါတို့ ကုမိသားစုရွာကို စောင့်ကြပ်ဖို့ လွှတ်လိုက်တာလေ.....
မလာပါနဲ့လို့ ငါ ပြောသားပဲ... ရုပ်တွေက ကြောက်စရာကောင်းတော့ ရွာထဲက ကလေးတွေ လန့်ကုန်မှာစိုးလို့လေ... ဒါပေမယ့် သူတို့က လုံးဝ လက်မခံဘူး... ဘာမှ လုပ်မရတော့ ရွာထဲက ကလေးတွေ မလန့်အောင် ရွာအပြင်ဘက်မှာပဲ နေခိုင်းလိုက်ရတာ "
ရှေးဟောင်းဖီးနစ်မျိုးနွယ်က အဲ့ဒီ ရှေးဟောင်းမျိုးနွယ်ကျွမ်းကျင်သူ နှစ်ယောက်ကို ကုမိသားစုရွာမှာ စောင့်ကြပ်ဖို့ စေလွှတ်လိုက်တာတဲ့လား။
ကုရှန်းမင်၏ အေးဆေးလွန်းသော စကားများကို နားထောင်ရင်း... ဘေးနားရှိ အံ့ဩပုံမရဘဲ နေသားကျနေပုံရသော ရွာသားများကို ကြည့်ရင်း... ကုယိုတစ်ယောက် လုံးဝ မျက်စိလည်လမ်းမှား ဖြစ်သွားတော့သည်။
စကားလုံး တစ်လုံးချင်းစီကို သူ နားလည်၏။
ဒါပေမယ့် စာကြောင်းလိုက်ကျတော့ ဘာလို့ နားမလည်နိုင် ဖြစ်နေရတာလဲ။
ရှေးဟောင်းဧကရာဇ်မျိုးနွယ်ဆိုတာ အဆုံးမဲ့ကမ္ဘာက ဧကရာဇ်မျိုးနွယ်တွေနဲ့ ယှဉ်နိုင်တဲ့ အရှိတရားတွေလေ။
ရှေးဟောင်းမျိုးနွယ်တွေကြားမှာတောင် သူတို့က ထိပ်တန်းအဆင့် ဘီလူးကြီးတွေပါ။
အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အားစုက ဘာကိစ္စနဲ့ ရှေးဟောင်းမျိုးနွယ်ကျွမ်းကျင်သူ နှစ်ယောက်ကို ကုမိသားစုရွာမှာ စောင့်ကြပ်ခိုင်းရတာလဲ။ ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူး။
ကုမိသားစုရွာသားတွေက လူသားတွေ မဟုတ်ဘဲ တစ်စုံတစ်ခုသော ရှေးဟောင်းဧကရာဇ်မျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေတာများလား။
ကုယို စိတ်ကူးယဉ်မှုတွေ လွန်ကဲလာပြီး... သူ့ခန့်မှန်းချက်တွေမှာ ပိုပိုပြီး ဆန်းကြယ်လာ၏။
ဒါပေမယ့် အဲ့ဒီလို ယုတ္တိမရှိတဲ့ ခန့်မှန်းချက်မျိုး မဟုတ်ရင် ထိုရှေးဟောင်းဧကရာဇ်မျိုးနွယ်က ဘာလို့ ဒီလိုလုပ်ရသလဲဆိုတာ သူ လုံးဝ နားမလည်နိုင်ပေ။
" မင်း ကုမိသားစုရွာကနေ ထွက်သွားတာ ကြာပြီကိုး... ဒီကာလအတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တော့ မင်း မသိတာ ပုံမှန်ပါပဲ "
ကုယို၏ တွေဝေနေသော မျက်နှာထားကို မြင်သောအခါ... ကုရှန်းမင်က သူ ဘာကို တွေးတောနေမှန်း သိပုံရသည်။ သူ့ကို ဘေးတစ်ဖက်သို့ ခေါ်သွားပြီး ဖြည်းညင်းစွာ စတင် ပြောပြလိုက်၏။
" တော်သေးတာပေါ့... မင်းမိဘတွေ မရောက်သေးခင် ငါ မင်းကို အကြမ်းဖျင်း ရှင်းပြရမယ်.....
လွယ်လွယ်ပြောရရင်... ငါတို့ ကုမိသားစုရွာက အရင်ကလို သာမန်ရွာလေး မဟုတ်တော့ဘူး... အထက်ကောင်းကင်က ကုမိသားစုရဲ့ အခွဲတစ်ခု... အထွတ်အထိပ် ဧကရာဇ်မျိုးနွယ်ရဲ့ သွေးမျိုးဆက် ဆက်ခံသူတွေ ဖြစ်သွားပြီ "
ကုမိသားစုရွာက... အထက်ကောင်းကင် ကုမိသားစုရဲ့ သွေးမျိုးဆက် ဆက်ခံသူတွေတဲ့လား.....
ကုရှန်းမင်၏ စကားကို ကြားလိုက်ရသောအခါ... ကုယိုသည် အသက်ရှူဖို့ပင် မေ့လျော့သွားပြီး... အသက်အောင့်ထားမိလိုက်သည်။
သူ့အမြင်အရဆိုလျှင်... ဤဖြစ်နိုင်ချေသည် ကုမိသားစုရွာသားများတွင်... ရှေးဟောင်းဧကရာဇ်မျိုးနွယ်သွေး ပါဝင်နေသည်ဟူသော အချက်ထက်ပင်... ပိုမို ယုတ္တိမရှိပေ။
ကုမိသားစု... အထက်ကောင်းကင်တားမြစ်နယ်မြေကို လွှမ်းမိုးထားသည့်... အထွတ်အထိပ် တားမြစ်ဧကရာဇ်မျိုးနွယ်စုကြီးလေ။
ကုမိသားစုရွာက သာမန်ရွာလေးတစ်ရွာသာ ဖြစ်ပါလျက်... ဒဏ္ဍာရီလာ ကုမိသားစုကြီးရဲ့ သွေးမျိုးဆက် ဆက်ခံသူ ဖြစ်နိုင်ပါ့မလား။
အခန်း (၁၇၆) - မယုံနိုင်စရာ၊ နတ်ဘုရားများ၏ ကိုးကွယ်မှု၊ ဘိုးဘေးများ၏ လက်ခံမှု
" ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..... "
ကုယိုသည် အလိုလို ရေရွတ်လိုက်မိ၏။
မကြာသေးမီက အဆုံးမဲ့တိုက်ကြီးတစ်ခုလုံးကို လှုပ်ခတ်စေခဲ့သည့် ကုမိသားစုနာမည်ကို သူ ဘယ်လိုလုပ် မကြားဖူးဘဲ နေလိမ့်မည်နည်း။
အထူးသဖြင့် ကုမိသားစု၏ဘိုးဘေး ကုချန်၏ နာမည်ဆိုလျှင် သူ့အတွက် အိမ်တိုင်းစေ့သိသည့် နာမည်တစ်ခုပင်။
ဧကရာဇ်မျိုးနွယ်မှ မဟာဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခြင်း၊ တားမြစ်နယ်မြေအရှင်သခင်များကို ဖိနှိပ်ခြင်း၊ ကုမိသားစုတစ်ခုလုံးကို အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့ ပြောင်းရွှေ့ပေးခြင်း.....
ဤလုပ်ရပ် တစ်ခုချင်းစီကို အဆုံးမဲ့ဒေသကြီးငါးခုမှ ကျင့်ကြံသူတိုင်း သိကြ၏။
ဟွမ်သွမ့်မူလဂိုဏ်းထဲတွင်ရှိစဉ်က... ဂိုဏ်းချုပ်ကြီး မဟုတ်လျှင် အကြီးအကဲကျိနှင့် တခြားလူများဟာ ကုမိသားစုအကြောင်း ပြောသည့်အခါတိုင်း... ရင်ဘတ်စည်တီးလျက် ခြေဆောင့်ကာ နောင်တရနေကြသည်ကို ကုယို တစ်ကြိမ်မက မြင်ဖူးခဲ့၏။ ကုမိသားစု၏ပေါင်ကို ဖက်တွယ်ခွင့်ရမည့် အခွင့်အရေးကို လက်လွတ်ခံလိုက်ရသဖြင့်... ဟွမ်သွမ့်မူလဂိုဏ်းသည် နောင်တရနေခဲ့ကြခြင်းပင်။
မဟုတ်လျှင် အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေတစ်ခုလုံးတွင်... ဟွမ်သွမ့်မူလဂိုဏ်းမှာ မည်သူမျှ မထိရဲသည့် အင်အားကြီးဂိုဏ်းကြီး ဖြစ်လာနိုင်၏။ ရှေးဟောင်းအမွေအနှစ်များ ပိုင်ဆိုင်ထားသည့် မြင့်မြတ်နယ်မြေနှင့် မဟာဂိုဏ်းများပင်လျှင် သူတို့အား ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကုယိုသည် ကုမိသားစုနာမည်အား စွဲစွဲလမ်းလမ်း မှတ်မိနေခြင်း ဖြစ်သည်။
သို့ပေမယ့် ထိုမျှ စွဲလမ်းနေလျှင်ပင် သူသည် ထိုကုမိသားစုနှင့် ပတ်သက်နေမည်ဟု မည်သည့်အခါကမျှ စိတ်ကူးမယဉ်ရဲခဲ့ဖူးပေ။
မျိုးရိုးနာမည် ကုချင်း တူသော်ငြား ကမ္ဘာကြီးထဲတွင် ကုမျိုးရိုးနာမည် ရှိသည့်သူများ များလေ၏။ လူတိုင်းသည် ထိုကုမိသားစုနှင့် ဆွေမျိုးတော်နေ၍ မရပေ။
ထို့အပြင် ကုမိသားစုရွာသည် သာမန်ရွာလေး တစ်ရွာပေ။
အကယ်၍ သူသာ ထိုကုမိသားစုသွေးမျိုးဆက်၏ ဆက်ခံသူအစစ်ဆိုလျှင်... မည်သို့ပင်ဖြစ်စေ သာမန်လူသားများနှင့် မတူဘဲ... ကျင့်ကြံမှုအပိုင်း၌ အားသာချက်တချို့ ပြသနိုင်ရမည်ဖြစ်၏။ ကုမိသားစုရွာ တစ်ခုလုံးတွင် မျိုးဆက်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးဖြစ်ပြီး... အဘယ်ကြောင့် သူတစ်ယောက်တည်းသာ ကျင့်ကြံသူ ဖြစ်လာရသနည်း။
ဤအကြောင်းပြချက်များကြောင့် ကုယိုသည် ဤဖြစ်နိုင်ချေကို မည်သည့်အခါကမျှ ထည့်မစဉ်းစားခဲ့ခြင်းပင်။
ဒါပေမယ့်... အခု ရွာလူကြီးက ကုမိသားစုရွာက လူတွေအားလုံးဟာ... အထက်ကောင်းကင် ကုမိသားစုရဲ့ ဆက်ခံသူတွေလို့ ပြောနေတယ်လေ... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
" မင်း... မယုံဘူးဆိုတာ ငါသိပါတယ်... ဘာလို့လဲဆိုတော့ အဲ့တုန်းက ငါလဲ မယုံခဲ့လို့ပဲ "
ကုယို၏ မယုံနိုင်သည့် မျက်နှာထားကို မြင်သည့်အခါ... ကုရှန်းမင်သည် သက်ပြင်းချရင်း ယခင်တုန်းက သူ့တုံ့ပြန်မှုကို ပြန်သတိရသွားပုံရ၏။
ယခင်တုန်းက ကုရှီအား ခေါ်ကာ... ဘိုးဘေးများကို ကန်တော့ရန် သွားစဉ်က... ကုဝူရှန့် 'အခေါင်းထဲမှ ထလာသည်' ကို တွေ့လိုက်ရသည့်အခါ အမှန်တကယ်ပင် လန့်သွားခဲ့၏။
သို့သော် ကုဝူရှန့်သည် ကုမိသားစုဆီ ပြန်ရန် အလျင်လိုနေသည်နှင့်... သူ၏ ပေါ်လာမှုကြောင့် ကုမိသားစုရွာသားများ၏ ဘဝကို မပြောင်းလဲစေချင်သည်ရယ်ကြောင့်... သူတို့ဘဝများဟာ ပုံမှန်အတိုင်းပင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်း၌ ကုရှန်းမင်သည် ဘိုးဘေးကန်တော့စဉ် မြင်ခဲ့ရသည့် အကုန်လုံးမှာ အိပ်မက်မက်နေခြင်း များလားဟုပင် တွေးမိခဲ့၏။
သို့သော် နတ်ဆိုးနယ်မြေ ကျူးကျော်လာသည့် အချိန်မှ အရာအားလုံး ပြောင်းလဲသွားခဲ့၏။
နတ်ဆိုးနယ်မြေစစ်တပ် ကျူးကျော်လာပြီး သက်ရှိသတ္တဝါများ ငိုကြွေးနေကြချိန်.....
ကုမိသားစုရွာသည် ကြောက်စရာကောင်းသည့် နတ်ဆိုးစစ်သားများ၏ သတ်ဖြတ်ခြင်းအား ခံရတော့မည့်ဆဲဆဲတွင်... ကုဝူရှန့် ဆင်းသက်လာပြီး ကုမိသားစုရွာသားများ အားလုံးကို... အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့ ခေါ်သွားခဲ့၏။
ထိုအချိန်မှစ၍ ကုမိသားစုရွာသားများ၏ ကံကြမ္မာဟာ လုံးဝ ပြောင်းလဲသွားခဲ့၏။
ထိုအချိန်ကျမှသာ ကုရှန်းမင်နှင့် တခြား ကုမိသားစုရွာသားများက... သူတို့ဟာ အထက်ကောင်းကင် ကုမိသားစုသွေးမျိုးဆက်၏ ဆက်ခံသူအစစ်ဖြစ်သည်ကို... သိလိုက်ရတော့သည်။
'အခေါင်းထဲမှ ထလာသည့်' ကုဝူရှန့်သည် ကုမိသားစုရွာသားများ၏ ဘိုးဘေးပင်။
ထို့အပြင် မဟာဧကရာဇ်ကုချန်မှာလည်း သူတို့၏ ဘိုးဘေးကြီး ဖြစ်နေ၏။
ကုမိသားစုရွာသားများက ထိုအမှန်တရားကို လက်ခံရန် အချိန်တော်တော်ကြာ ယူလိုက်ရ၏။
နတ်ဆိုးနယ်မြေစစ်တပ် ပြန်ဆုတ်သွားပြီးနောက်... ကုဝူရှန့်မှ သူတို့အား ကုမိသားစုရွာဆီ ပြန်ပို့ပေးခဲ့ပြီး ကုရှန်းမင်ကို မှာခဲ့၏။ နောက်ပိုင်း ကုမိသားစုရွာ၌ ကျင့်ကြံမှု ပါရမီပါသည့် မျိုးဆက်သစ်များ မွေးလာလျှင်... အားလုံးကို အထက်ကောင်းကင်ထံသို့ ပို့ဆောင်၍ ကျင့်ကြံခိုင်း၍ရပြီး... ပင်မမျိုးနွယ်စုနှင့် ပြန်ပူးပေါင်းခိုင်း၍ရသည်ဟု ပြောခဲ့၏။
နောက်ပိုင်းတွင် ရှေးဟောင်းမျိုးနွယ်များ ပေါ်လာပြီး လူသားများကို မောင်းထုတ်ကြ၏။ ကုမိသားစုရွာနားရှိ မြင့်မြတ်နယ်မြေများနှင့် မဟာဂိုဏ်းများပင်လျှင် ဖျက်ဆီးခံလိုက်ရ၏။
ကုမိသားစုရွာတစ်ခုလုံး ထိတ်လန့်နေပြီး... ကုရှန်းမင်မှ အထက်ကောင်းကင်ဆီ အကူအညီတောင်းရမည်လားဟု စဉ်းစားနေစဉ်မှာပင်... နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ ကျွမ်းကျင်သူများ ရုတ်တရက် ရောက်လာကြ၏။ သူတို့သည် ဖီးနစ်မျိုးနွယ်ဧကရာဇ်၏ အမိန့်အရ ကုမိသားစုရွာအား ကာကွယ်ပေးရန် ရောက်လာသည်ဟု ဆိုကြ၏။
သူတို့ ဘာရည်ရွယ်ချက်နှင့် ကာကွယ်ပေးသည်ကို မသိသော်ငြား... နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ ကျွမ်းကျင်သူများ စောင့်ကြပ်ပေးထားသည့်အတွက်... ကုမိသားစုရွာမှာ ရှေးဟောင်းမျိုးနွယ်များ၏ ရန်ကို စိုးရိမ်စရာ မလိုတော့ပေ။ ထို့ကြောင့် ကုရှန်းမင်သည် ဤကိစ္စအား အထက်ကောင်းကင်ဆီသို့ သတင်းမပို့လိုက်တော့ခြင်းပင်။
ကုယိုအား အကြောင်းစုံ အကျဉ်းချုပ် ရှင်းပြပြီးနောက်... ကုရှန်းမင်သည် မုတ်ဆိတ်မွေးကို သပ်ရင်း ပြောဆိုလိုက်၏။
" အခြေအနေက အဲ့လိုပဲ... အခု မင်း အကြမ်းဖျင်း နားလည်ပြီ မဟုတ်လား "
" ရွာလူကြီး... ကျွန်တော် နားလည်ပါပြီ "
ကုယိုသည် လေးဖင့်စွာ ခေါင်းညိတ်လိုက်၏။ သို့သော်ငြား တုန်လှုပ်မှုမှ အပြည့်အဝ ပြန်မသက်သာသေးချေ။
သို့မဟုတ် သူ့တွင် မေးခွန်းတစ်ခု ကျန်နေသေးသည်ဟု ပြောရမည်လား။
" ရွာလူကြီး... ကျွန်တော်တို့က ကုမိသားစုရဲ့ ဆက်ခံသူတွေ ဖြစ်နေမှတော့... ကုမိသားစုရွာ သက်တမ်းတစ်လျှောက်လုံး ဘာလို့ ကျင့်ကြံသူ တစ်ယောက်မှ မွေးမလာရတာလဲ "
စင်စစ်တွင် ဤသည်မှာ ကုယို၏ အကြီးမားဆုံး သံသယပင်။
သာမန် အဆုံးမဲ့ကမ္ဘာဧကရာဇ်အဆင့် ဆက်ခံသူများပင်လျှင်... သူတို့၏ခန္ဓာကိုယ်ထဲတွင် ဧကရာဇ်သွေး စီးဆင်းနေရုံဖြင့်ပင်... သာမန်လူသားများနှင့် လုံးဝ ကွာခြားသွား၏။
မျိုးဆက်များစွာ ကြာသွားလျှင်ပင်... ထိုသွေးမျိုးဆက်စွမ်းအားက သူတို့၏ ဆက်ခံသူများကို... ကျင့်ကြံမှုလောကတွင် ကျွမ်းကျင်သူများ ဖြစ်လာစေရန် ကူညီပေးနိုင်၏။ အနည်းဆုံး ကုမိသားစုရွာကဲ့သို့... မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းခဲ့လျှင်ပင်... ကျင့်ကြံသူ တစ်ယောက်မျှ မွေးမလာခြင်းမျိုးတော့ မဖြစ်နိုင်ပေ။
" အော်... အဲ့ဒါကတော့ ငါက ကျင့်ကြံမှုအကြောင်း နားမလည်တော့ သိပ်မစဉ်းစားမိဘူး "
ကုရှန်းမင်က ခေါင်းကုတ်လိုက်ကာ ဆက်ပြောလိုက်၏။
" ဒါပေမယ့် ဒီကိစ္စကို ငါတို့ရဲ့ ကုမိသားစုရွာဘိုးဘေးကို မေးကြည့်လို့ရပါတယ်...သူက မင်းကို အဖြေပေးနိုင်လောက်တယ် "
" ဘိုးဘေး..... "
ကုယိုသည် အလိုလို မေးလိုက်မိ၏။
" ဟုတ်တယ် "
ကုရှန်းမင်က ခေါင်းညိတ်လိုက်ပြီး ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ပြောဆိုလိုက်၏။
" အခု ဟွမ်သွမ့်မူလဂိုဏ်းလဲ ပျက်စီးသွားပြီဆိုတော့ မင်း ဘယ်သွားမလဲ... အကောင်းဆုံးနေရာကတော့ အထက်ကောင်းကင်တားမြစ်နယ်မြေပဲပေါ့ "
" ပြီးတော့ မင်းက အခု ငါတို့ ကုမိသားစုရွာရဲ့ တစ်ဦးတည်းသော ကျင့်ကြံသူလေ... ဘိုးဘေးကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးဖို့ တောင်းဆိုသင့်တာပေါ့ "
အထက်ကောင်းကင်ကို သွားဖို့တဲ့လား.....
ကုယိုသည် ရုတ်တရက် လည်ချောင်းများ ခြောက်သွေ့လာပြီး နှလုံးခုန်သံများ မြန်ဆန်လာခဲ့၏။
ကမ္ဘာပေါ်ရှိ နံပါတ်တစ် တားမြစ်နယ်မြေဟု နာမည်ကြီးသည့် နေရာကို... တစ်နေ့ကျလျှင် သူလည်း ဝင်ခွင့်ရလိမ့်မည်ဟု... ဘယ်တုန်းကမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
... ...
နေ့ဝက်ခန့်မျှ ကြာပြီးနောက်... အထက်ကောင်းကင်တားမြစ်နယ်မြေထဲတွင်.....
" အဲ့လိုကိုး... ထပါတော့ "
ကုဝူရှန့်သည် သူ့ရှေ့တွင် ဒူးထောက်နေသည့် ကုယိုကို ကြည့်ကာ မျက်လုံးထဲတွင် နူးညံ့သည့် အရိပ်အယောင်များ ပေါ်လာ၏။
ဖီးနစ်မျိုးနွယ်ဧကရာဇ်သည် ကုမိသားစုရွာအား ကာကွယ်ရန် လူလွှတ်လိုက်သည်ကို ကုဝူရှန့် မအံ့ဩပေ။
ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် မကြာသေးခင်ကပင် အထက်ကောင်းကင်သို့ လာ၍ တောင်းပန်ခဲ့ရ၏။ သူ့အသက်ကို ချမ်းသာပေးခဲ့သည့်အတွက် ကုမိသားစုအား လုံးဝ ရန်စ၍ မရသည်ကို သူ သိလိမ့်မည်ပင်။
ထို့အပြင် ကုမိသားစုရွာမှ လူများမှာ... အထက်ကောင်းကင် ကုမိသားစုသွေးမျိုးဆက်၏ ဆက်ခံသူများ ဖြစ်နေ၍... ဖီးနစ်မျိုးနွယ်သည် ကုမိသားစုရွာအပေါ် မကောင်းကြံရဲမည် မဟုတ်ချေ။
သို့သော် ဘာမျှနားမလည်သည့် ရှေးဟောင်းမျိုးနွယ်များ ကုမိသားစုရွာအား ဒုက္ခပေးမည် စိုးရိမ်၍ ကုမိသားစုရွာအား စောင့်ကြပ်ရန် လူလွှတ်လိုက်ခြင်းက စိတ်အချရဆုံး နည်းလမ်းပင်ဖြစ်၏။
" မင်းရဲ့ သံသယနဲ့ ပတ်သက်ပြီး ပြောရရင်... ကုမိသားစုရွာက လူတွေက ငါ့ရဲ့ ဆက်ခံသူ အစစ်တွေပါပဲ... ဒီအချက်ကို မင်း သံသယဝင်စရာ မလိုပါဘူး "
ကုဝူရှန့်သည် နူးညံ့သော မျက်နှာထားနှင့် ပြောဆိုလိုက်၏။
ထိုစဉ်က... သူသည် နယ်မြေပြင်ပရှိ ဟွမ်သွမ့်ပင်လယ်ထဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး... လူ့လောကထဲသို့ ကျရောက်လာခဲ့ခြင်းကြောင့်... သူ၏ သွေးမျိုးဆက်စွမ်းအားမှာလည်း မထင်ရှားတော့ပေ။
သူနှင့် ကလေးရခဲ့သည့် ဇနီးသည်လည်း သာမန်လူသားပင်။
ရလဒ်အနေနှင့်... ကုမိသားစုရွာသားများ၏ ခန္ဓာကိုယ်ထဲတွင် ကုမိသားစုသွေးများ စီးဆင်းနေသော်ငြား... အားကောင်းသည့် သွေးမျိုးဆက်စွမ်းအား မရှိဘဲ... သာမန်လူသားများနှင့် မခြားနားသလို ဖြစ်နေရ၏။
ဤသည်က ကုမိသားစုရွာတွင် မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းခဲ့ရလျှင်ပင်... ကျင့်ကြံသူ တစ်ယောက်မှ မွေးမလာနိုင်ခဲ့ရသည့် အကြောင်းရင်း အမှန်ပင်။