အခန်း (၁၇၉-၁၈၀)
Vol. 13 Ch. 179-180
အခန်း (၁၇၉) - ထျန်းကျွင်း၏စကားများ၊ ရိုးသားမှုနှင့် ကတ်ဖဲများကို ဖွင့်ပြခြင်း
ထိုသို့ တွေးလိုက်မိသည်နှင့် ကြက်သွေးရောင်မြွေနဂါးအရှင်၏ နဖူးပေါ်မှ ချွေးစေးတစ်စက် အလိုလို စီးကျလာခဲ့သည်။
နတ်ဆိုးနယ်မြေ၏ နယ်စပ်ကို စောင့်ကြပ်ခဲ့စဉ်က... သူသည် ကုကောင်းကင်ဧကရာဇ်နှင့် ယှဉ်နိုင်သည့် ပြိုင်ဘက် မဟုတ်ခဲ့သော်လည်း... ကုချန်နှင့် ရင်ဆိုင်ရချိန်တွင် အနိုင်အရှုံးကို ခဏထား... အနည်းဆုံးတော့ တိုက်ခိုက်ဖို့ အခွင့်အရေး ရှိခဲ့သည်ကို သူသတိရမိသည်။
သို့သော်... ယခု ကုချန်နှင့် ရင်ဆိုင်နေရချိန်တွင်တော့... သူ့၌ တိုက်ခိုက်ခွင့်ပင် မရှိတော့ကြောင်း... ကြက်သွေးရောင်မြွေနဂါးအရှင် သိလိုက်၏။
ဤသည်မှာ အမှန်ပင် ကြောက်ရွံ့ဖွယ်ကောင်းလွန်းလှသည်။
ဒီကုကောင်းကင်ဧကရာဇ်က ဘယ်လို ဘီလူးကြီးမျိုးပါလိမ့်။
ကြက်သွေးရောင်မြွေနဂါးအရှင်၏ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ထျန်းကျွင်းအဆင့်အရှင်ပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ခဲ့သည်မှာ အံ့ဩဖွယ် မရှိတော့ပေ။
" ပြော... မင်း ဘာကိစ္စနဲ့ ငါကိုယ်တော်ကို လာရှာတာလဲ "
ကုချန်က ကြက်သွေးရောင်မြွေနဂါးအရှင်ကို ငုံ့ကြည့်ကာ... မျက်လွှာအနည်းငယ်ချလျက် အေးစက်စွာ မေးလိုက်သည်။
သူသည် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိများကို ကာကွယ်ရန် ရည်ရွယ်ချက် မရှိတော့သော်လည်း... ဤနတ်ဆိုးနယ်မြေ သက်ရှိများအပေါ်တွင်လည်း အထူးသံယောဇဉ် ရှိမနေပေ။
ကြက်သွေးရောင်မြွေနဂါးအရှင်ကို စကားပြောခွင့် ပေးလိုက်ခြင်းမှာလည်း... သူဘာပြောမလဲဆိုတာကို သိချင်ရုံ သက်သက်သာ ဖြစ်၏။
" ကုကောင်းကင်ဧကရာဇ်... ကျွန်မ ဒီကို ရောက်လာတာက... နတ်ဆိုးနယ်မြေ ရွှမ်ယိုနန်းတော်ရဲ့ အဆင့်မြင့်အရာရှိ ဟန်ယိုထျန်းကျွင်းရဲ့ အမိန့်အရ... ရွှမ်ယိုနန်းတော်ရဲ့ အမိန့်ကို ကုကောင်းကင်ဧကရာဇ်ဆီ လာရောက် ပေးပို့တာပါ "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် တွေဝေခြင်းမရှိဘဲ... ရွှမ်ယိုနန်းတော်အကြောင်းကို ဖွင့်ပြောလိုက်သည်။
ထိုအချက်ကို ပြောပြီးနောက်... ကုချန် အထင်လွဲသွားမည် သို့မဟုတ် ဒေါသထွက်သွားမည်ကို ကြောက်ရွံ့သည့်ဟန်ဖြင့်... ကြက်သွေးရောင်မြွေနဂါးအရှင်က အလျင်အမြန် ထပ်လောင်း ရှင်းပြလိုက်သည်။
" ကျွန်မက ရွှမ်ယိုနန်းတော်ရဲ့ အမိန့်ကို ပေးပို့ရုံ သက်သက်ပါပဲ... ကုကောင်းကင်ဧကရာဇ် အထင်မလွဲဖို့ မျှော်လင့်ပါတယ် "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ ဆိုလိုရင်းမှာ အလွန် ရှင်းလင်းသည်။ အမိန့်သည် ရွှမ်ယိုနန်းတော်မှ လာခြင်းဖြစ်ပြီး... သူနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းပင်။
ကြက်သွေးရောင်မြွေနဂါးအရှင်၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်လိုက်ရသောအခါ... ကုချန်က ရယ်ချင်မိသွားသော်လည်း ခေါင်းအနည်းငယ် ညိတ်ပြကာ ပြောလိုက်သည်။
" ပြော "
ကုချန် ဒေါသထွက်ပုံ မရသည်ကို မြင်သောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး... အလျင်အမြန် ပြောဆိုလိုက်၏။
" ဟန်ယိုထျန်းကျွင်းက ကုကောင်းကင်ဧကရာဇ်ကို အမှောင်ဘက်ကနေ အလင်းဘက်ကို ကူးပြောင်းပြီး... နတ်ဆိုးနယ်မြေအတွက် အကူအညီ ဖြစ်လာစေချင်တယ်လို့ ပြောခိုင်းလိုက်ပါတယ်... ကျွန်မတို့ နတ်ဆိုးနယ်မြေက ကမ္ဘာအမျိုးမျိုးကို သိမ်းပိုက်ရာမှာ ကူညီပေးစေချင်တာပါတဲ့.....
ဟန်ယိုထျန်းကျွင်းက ကုကောင်းကင်ဧကရာဇ်အတွက် ရွှမ်ယိုနန်းတော်မှာ ရာထူးမြင့်မြင့် ပေးမယ်လို့ ကတိပေးထားပါတယ်... ပြီးတော့... အို... မဟုတ်ဘူး... အင်မော်တယ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို အလကား ပေးသနားမယ်လို့ ပြောပါတယ်ရှင်.....
ဒီအင်မော်တယ်စွမ်းအားဆိုတာ မသေနိုင်တဲ့ အရာဝတ္ထုပါ... အဲ့ဒါကို အရည်ဖျော်ပြီး စုပ်ယူလိုက်ရင်... သက်တမ်း နှစ်သောင်းချီ အလကား ရနိုင်ပါတယ်တဲ့ "
အင်မော်တယ်စွမ်းအား ဟုတ်လား.....
ကြက်သွေးရောင်မြွေနဂါးအရှင်၏ ရှင်းပြချက်ကို နားထောင်ရင်း... ကုချန် ရယ်ချင်မိသွားသည်။ ဤအရာက အင်မော်တယ်ပစ္စည်းဟု ခေါ်သည့် အရာ မဟုတ်လော။
သူ၏လက်ရှိ အင်အားနှင့် နယ်ပယ်အရဆိုလျှင်... ဤအင်မော်တယ်ပစ္စည်းကို ကောင်းကင်နှင့် မြေကြီးဆီမှ... အချိန်မရွေး စုစည်းရယူနိုင်သည်။ ဟန်ယိုထျန်းကျွင်း ပေးသနားသည်ကို အဘယ်ကြောင့် လိုအပ်ရမည်နည်း။
ရွှမ်ယိုနန်းတော်က ရာထူးအမြင့်ကြီး ဆိုသည်ကတော့... ကုချန်အတွက် ဘာမျှ စိတ်ဝင်စားစရာ မရှိပေ။
" ငါကိုယ်တော်က ငြင်းမယ်ဆိုရင်ရော "
ကုချန်၏ မျက်လွှာများ အနည်းငယ် ကျဆင်းသွားပြီး... ကြက်သွေးရောင်မြွေနဂါးအရှင်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
ထင်ထားသည့်အတိုင်း သူ ငြင်းလိုက်ပြီ။
ကုချန်၏ အဖြေကို ကြားလိုက်ရသော်လည်း... ကြက်သွေးရောင်မြွေနဂါးအရှင် အံ့ဩခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော်... ဤကုကောင်းကင်ဧကရာဇ်သည် သူတစ်ပါးကို ဦးညွှတ်ကာ... ဟန်ယိုထျန်းကျွင်း၏ အပေးအယူကို လက်ခံမည့်သူ မဟုတ်ကြောင်း သူ ကြိုသိနေသောကြောင့်ပင်။
ကမ်းလှမ်းချက်တွေက မက်လောက်စရာ ဖြစ်နေရင်တောင် မဖြစ်နိုင်ဘူးလေ။
အကယ်၍ ရွှမ်ယိုနန်းတော်အပေါ် သစ္စာရှိသော မိုယွဲ့အရှင်သာ ဤနေရာ၌ ရှိနေပါက... ဟန်ယိုထျန်းကျွင်း၏ ဖိတ်ခေါ်မှုကို ကုချန် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်ကို ကြားလျှင်... ဆက်လက် စည်းရုံးရန် ကြိုးစားကောင်း ကြိုးစားပေလိမ့်မည်။ သို့မဟုတ်... ကုချန်သည် ကျေးဇူးမသိတတ်ဘဲ... ဟန်ယိုထျန်းကျွင်းကို ဒေါသထွက်စေသည်ဟု... ခံစားမိကောင်း ခံစားမိပေလိမ့်မည်။
သို့သော် ကြက်သွေးရောင်မြွေနဂါးအရှင်၏ တုံ့ပြန်မှုမှာ လုံးဝ ကွဲပြားနေသည်။
သူ၏ လှပသော မျက်နှာတွင် အပြုံးများ ပြည့်နှက်နေပြီး... ကုချန်၏ ငြင်းပယ်မှုကို မကြားလိုက်သည့်အလား... အလွန် နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
" အရာအားလုံးက ကုကောင်းကင်ဧကရာဇ်ရဲ့ သဘောအတိုင်းပါပဲရှင်.....
သဘောမတူရင်လဲ မတူဘူးပေါ့ "
ကုချန် သဘောမတူရင် ဘာဖြစ်မှာလဲ။
သဘောမတူရင် မတူဘူးပေါ့။
အတင်းအဓမ္မ စည်းရုံးခြင်းက ကုကောင်းကင်ဧကရာဇ်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သလို သူ့ကိုပါ သေစေနိုင်၏။
သူသည် ရွှမ်ယိုနန်းတော်အတွက် အမိန့်တစ်ခု လာပို့ပေးရုံပင်... အဘယ်ကြောင့် ကိုယ့်အသက်ကို စွန့်စားရမည်နည်း။ ဤသည်က ကိုယ့်ဒုက္ခကိုယ်ရှာခြင်းပင် မဟုတ်လော။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် မတုံးအပါ... မည်သို့ ပြန်ဖြေရမည်ကို ကောင်းစွာ သိ၏။
" မင်းက နတ်ဆိုးနယ်မြေအရှင်သခင် တစ်ပါးနဲ့ မတူဘူးပဲ "
ကုချန်သည် ကြက်သွေးရောင်မြွေနဂါးအရှင်ကို အံ့ဩစွာ ကြည့်လိုက်၏။ သူ၏ အဖြေကြောင့် အနည်းငယ် အံ့အားသင့်သွားပုံရသည်။
သူ၏အမြင်တွင် နတ်ဆိုးနယ်မြေအရှင်သခင်များသည် အမြဲတစေ ကြမ်းတမ်းပြီး ရန်လိုတတ်ကြသည်။
သို့သော် ယခု ကြက်သွေးရောင်မြွေနဂါးအရှင်၏ အပြုအမူသည် လုံးဝ ကွဲပြားနေ၏။ သူ၏ ရပ်တည်ချက်သည် အလွန် ပျော့ပြောင်းပြီး... နတ်ဆိုးနယ်မြေအရှင်သခင်များ၏ မာကျောမောက်မာမှုတို့ လုံးဝ မရှိပေ။
သို့သော် ကုချန် အနည်းငယ် ခန့်မှန်းမိ၏။
ယခု ကြက်သွေးရောင်မြွေနဂါးအရှင်က သူ့အပေါ် အလွန် ယဉ်ကျေးနေရခြင်းမှာ... ထိုသူ
၏ သဘာဝကြောင့် မဟုတ်ဘဲ ကုချန်သည် သူ မော့ကြည့်ရလောက်အောင် အင်အားကြီးမားနေသောကြောင့်ပင် ဖြစ်သည်။
အကယ်၍ သူ့တွင် လက်ရှိအင်အား မရှိခဲ့ပါက... ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ့အား ဤမျှ ယဉ်ကျေးလိမ့်မည်လော။
ကုချန် မရယ်ဘဲ မနေနိုင်တော့ပေ။
ဤသည်က ' အင်အားကြီးမားလာသည့်အခါ တစ်ကမ္ဘာလုံးကပင် ယဉ်ကျေးလာလိမ့်မည် ' ဆိုသည့် စကားကဲ့သို့လော။
သိပ်... စိတ်ဝင်စားစရာ ကောင်းတာပဲ။
" ပညာရှိတဲ့သူက အခြေအနေနဲ့ လိုက်လျောညီထွေ နေတတ်ပါတယ်...ကျွန်မက ကုကောင်းကင်ဧကရာဇ်နဲ့ ဘာအငြိုးအတေးမှ မရှိပါဘူး... ဒါကြောင့် ရွှမ်ယိုနန်းတော်ရဲ့ အမိန့်တစ်ခုကြောင့်... ကျွန်မအသက်ကို အလကား မစွန့်ချင်ပါဘူး "
ကုချန်၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရင်း... ကြက်သွေးရောင်မြွေနဂါးအရှင်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။
" တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ အဖြေအပေါ် ကုချန် မည်သို့မျှ မှတ်ချက်မပေးပေ။
အဆသအချာ ပြောရလျှင်... ကြက်သွေးရောင်မြွေနဂါးအရှင်နှင့် သူ၏ကြားတွင်... ကြီးမားသော အမုန်းတရား မရှိခဲ့ပေ။
သူ ကုချန်၏ ရန်သူ ဖြစ်ခဲ့ဖူးသည့် တစ်ကြိမ်တည်းသော အချိန်မှာ... နတ်ဆိုးနယ်မြေ၏ နယ်စပ်ကို စောင့်ကြပ်ခဲ့စဉ်က ဖြစ်သည်။ ထိုအချိန်က တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ... နယ်စပ်ကို စောင့်ကြပ်ရင်း အပြန်အလှန် ဟန့်တားထားရုံ သက်သက်သာ ဖြစ်သည်။
" ကောင်းပြီ... မင်း သတင်းစကား ပေးပို့ပြီးပြီ... ပြန်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား "
ကုချန်က ကြက်သွေးရောင်မြွေနဂါးအရှင်ကို ငုံ့ကြည့်လိုက်သည်။ သူ၏မျက်နှာထားတွင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု ဘာမျှ မရှိပေ။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သတင်းပို့သူ သက်သက်သာ ဖြစ်ပြီး... သူ့ကို ဒုက္ခပေးခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ကုချန် သိသည်။
" နောက်ဆုံး ကိစ္စလေးတစ်ခု ရှိပါသေးတယ် "
ကုချန်က ထွက်သွားရန် အမိန့်ပေးသည်ကို မြင်သောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ရိုးရှင်းသော ရှေးဟောင်း တံဆိပ်တုံးငယ်တစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး... ကုချန်ကို လေးစားစွာ ဆက်သလိုက်၏။
" ဒီရှေးဟောင်းတံဆိပ်တုံးကို ဟန်ယိုထျန်းကျွင်းက ကျွန်မ မထွက်ခွာမီ ပေးအပ်ခဲ့တာပါ.....
တကယ်လို့ ကုကောင်းကင်ဧကရာဇ်က နတ်ဆိုးနယ်မြေကို အညံ့မခံချင်ဘူးဆိုရင်... ဒီတံဆိပ်တုံးကို အသက်သွင်းလိုက်ဖို့ မှာကြားခဲ့ပါတယ်.....
ကျွန်မက မဆင်မခြင် မလုပ်ရဲပါဘူး... ဒီတံဆိပ်တုံးကို အသက်သွင်းစေချင်သလား ဆိုတာ ကုကောင်းကင်ဧကရာဇ် ကိုယ်တိုင် ဆုံးဖြတ်ပေးပါရှင် "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် အလွန် ပွင့်လင်းရိုးသား၏။ သူ၏ ရိုးသားမှုကို ပြသရန်အတွက်... မထွက်ခွာမီ ဟန်ယိုထျန်းကျွင်း ပေးအပ်ခဲ့သော ဝှက်ဖဲကိုပင်... တွန့်ဆုတ်ခြင်းမရှိဘဲ ဖွင့်ပြလိုက်သည်။
ဤတံဆိပ်တုံးငယ်သည် ကုကောင်းကင်ဧကရာဇ်ကို ပစ်မှတ်ထားရန်... ဟန်ယိုထျန်းကျွင်း ပေးအပ်ခဲ့သော နည်းလမ်းတစ်ခု ဖြစ်နိုင်ကြောင်း... သူ့အနေဖြင့် ကိုယ့်သဘောနှင့်ကိုယ် မဆင်မခြင် အသုံးမပြုသင့်ကြောင်း... သူ ကောင်းစွာ သိသည်။
အကယ်၍ ဤတံဆိပ်တုံးအား အသက်သွင်းလိုက်၍... ကုကောင်းကင်ဧကရာဇ် အထင်လွဲသွားပါက မည်သို့လုပ်ရမည်နည်း။
စိတ်အချရဆုံး နည်းလမ်းမှာ... ကုကောင်းကင်ဧကရာဇ်ကို အမှန်အတိုင်း ပြောပြပြီး... သူကိုယ်တိုင်သာ ဆုံးဖြတ်ခိုင်းလိုက်ခြင်းပင်။
သို့သော် ဤအစီအစဉ်ကို သုံးဖြစ်ရန်... ကြက်သွေးရောင်မြွေနဂါးအရှင် မျှော်လင့်နေမိ၏။
ထို့မှ သူ နတ်ဆိုးနယ်မြေသို့ ပြန်ရောက်လျှင် သတင်းပို့ရ ပိုလွယ်ကူမည်ဖြစ်၏။
သူ စည်းရုံးပြီးပြီ... ဝှက်ဖဲလည်း သုံးပြီးပြီ... အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။ ကုကောင်းကင်ဧကရာဇ်က ခေါင်းမာနေတာလေ... သူ ဘာလုပ်လို့ ရမှာလဲ။
ဟန်ယိုထျန်းကျွင်း၏ ဝှက်ဖဲ လော...?
ကြက်သွေးရောင်မြွေနဂါးအရှင်သည် ဝှက်ဖဲဆိုသည့် ကိစ္စကို ဘာမျှ ဖုံးကွယ်မထားဘဲ... တွန့်ဆုတ်ခြင်းမရှိ ဖွင့်ပြလာသည်ကို မြင်လိုက်ရသောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်နှင့် ရွှမ်ယိုနန်းတော်တို့သည် သေချာပေါက် စိတ်သဘောထားချင်း မတိုက်ဆိုင်ကြောင်း... ကုချန် အမှန်တကယ် နားလည်လိုက်၏။
တစ်ဖက်က ထျန်းကျွင်း ပေးအပ်လိုက်သည့် ဝှက်ဖဲကို ကြက်သွေးရောင်မြွေနဂါးအရှင်က ယခု သူ့အား ဘာမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြသနေလေ၏။
ဒီ ကြက်သွေးရောင်မြွေနဂါးအရှင်က နတ်ဆိုးနယ်မြေကို သစ္စာဖောက်လိုက်တာများလား.....
အခန်း (၁၈၀) - ဝှက်ဖဲကို ထုတ်သုံးခြင်း၊ စကြဝဠာ၏ အဆုံးသတ်နှင့် ကျောက်ခဲတစ်ချက်တည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
ကုချန်၏ အနည်းငယ် ထူးဆန်းနေသော အကြည့်အား မြင်လိုက်ရသဖြင့်... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ခါးသက်စွာ ပြုံးလိုက်ပြီး ပြောလေ၏။
" နတ်ဆိုးနယ်မြေဆိုတာ တစ်သားတည်း စည်းလုံးနေတာ မဟုတ်ပါဘူး... ကျွန်မရဲ့ အမှတ်အသားကလဲ နည်းနည်း ထိရှလွယ်ပြီး ပြောရခက်တဲ့ အနေအထားမို့ပါ... နယ်မြေတစ်ခုတည်းမှာ အချင်းချင်း ပြန်တိုက်ခိုက်ကြတာမျိုးကို... ကုကောင်းကင်ဧကရာဇ်အနေနဲ့ ကျွန်မထက် ပိုနားလည်မယ်လို့ ယုံကြည်ပါတယ် "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ ရှင်းပြချက်ကို နားထောင်ရင်း... ကုချန် ခေါင်းညိတ်လိုက်သည်။
ဤအရာကို သူ အမှန်တကယ် သိရှိထားပြီးဖြစ်သည်။
နတ်ဆိုးနယ်မြေသည် အင်အားကြီးမားပြီး... ၎င်း၏အင်အားစုများမှာ ကမ္ဘာပေါင်းတစ်သောင်းကို လွှမ်းမိုးထားနိုင်သော်လည်း... ၎င်း၏ အတွင်းပိုင်းဖွဲ့စည်းပုံမှာမူ သေချာပေါက် တစ်သားတည်း မရှိချေ။
ဤသည်မှာ မည်သည့်နယ်မြေအတွက်မဆို မှန်ကန်ပေသည်။
သို့သော်.....
ကုချန်၏ အကြည့်သည် ကြက်သွေးရောင်မြွေနဂါးအရှင်၏ လက်ဖဝါးပေါ်ရှိ... ရှေးဟောင်းတံဆိပ်တုံးငယ်လေးပေါ်သို့ ကျရောက်သွားပြီး... သူ၏နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာ၏။
ထိုအပြုံးတွင် အထင်သေးမှု အရိပ်အယောင်များ ပါဝင်နေသည်။
ဟန်ယိုထျန်းကျွင်း၏ 'ဝှက်ဖဲ' ဆိုသည်မှာ... ကြက်သွေးရောင်မြွေနဂါးအရှင်အနေဖြင့် နတ်ဆိုးနယ်မြေ၏ ဖိတ်ကြားမှုကို ပြတ်ပြတ်သားသား ငြင်းပယ်မှသာ... အသက်သွင်းရမည့် အရာမဟုတ်လော။
ဘယ်လောက်တောင်... စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။
" ဖွင့်လိုက်ပါ "
ကုချန်သည် ကြက်သွေးရောင်မြွေနဂါးအရှင်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။
ရွှမ်ယိုနန်းတော်မှ ဟန်ယိုထျန်းကျွင်းသည် သန်မာသည် ဆိုလျှင်ပင်... သူသည် ထျန်းကျွင်းတစ်ပါးသာ ဖြစ်သည်။ ကုချန်မှာမူ ယခုအခါ ဧကရာဇ်နယ်ပယ်၏ အကန့်အသတ်ကိုပင် ကျော်ဖြတ်ပြီး... ကောင်းကင်ဧကရာဇ် အဆင့်အတန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထျန်းကျွင်းတစ်ပါး၏ နည်းလမ်းသက်သက်ကို သူ မည်သို့ ကြောက်ရွံ့နေမည်နည်း။
" အာ... ဒီနေရာမှာပဲလား "
ကုချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်ကို မြင်သောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် လန့်သွားပြီး သတိထားကာ မေးလိုက်သည်။
" ကျွန်မတို့... တခြားနေရာတစ်ခုခု သွားရှာသင့်တယ် မဟုတ်ဘူးလား "
ကုချန်သည် မိမိကိုယ်ကို ယုံကြည်မှု အနည်းငယ် လွန်ကဲနေသည်ဟု ကြက်သွေးရောင်မြွေနဂါးအရှင် ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ... ဤရှေးဟောင်းတံဆိပ်တုံးငယ်လေးထဲတွင်... ရွှမ်ယိုနန်းတော်မှ အရန်သင့်ပြင်ဆင်ထားသော အစီအစဉ်တစ်ခု ပါဝင်နေသည်။ နောက်ဆုံး၌... ၎င်းက ကုကောင်းကင်ဧကရာဇ်အား မည်သို့မျှ မလုပ်နိုင်လျှင်ပင်... ဤနေရာသည် သူ၏ မိသားစု မျိုးဆက်များ နေထိုင်ရာ နေရာ ဖြစ်နေ၏။
အကယ်၍... ကျန်ရှိနေသော တိုက်ခိုက်မှုလှိုင်းများ မတော်တဆ ပျံ့နှံ့သွားပြီး... ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ပါက ကုကောင်းကင်ဧကရာဇ် ဒေါသထွက်ကာ... သူ့ကို အပြစ်တင်မည် မဟုတ်ပါလော။
ထိုအကြောင်းကြောင့်ပင် ကြက်သွေးရောင်မြွေနဂါးအရှင်က သတိပေးခဲ့ခြင်း ဖြစ်သည်။
" ဒီနေရာမှာပဲ လုပ်ပါ "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ မေးခွန်းကို ရင်ဆိုင်ရာတွင်... ကုချန်သည် တုန်လှုပ်ခြင်းမရှိဘဲ... တံဆိပ်တုံးငယ်ကို အသက်သွင်းရန်သာ ပြောဆိုလိုက်သည်။ ဟန်ယိုထျန်းကျွင်း မည်ကဲ့သို့သော 'အရန်အစီအစဉ်' မျိုး ချန်ထားခဲ့သည်ကို သူ မြင်ချင်နေသည်။
" ကောင်းပါပြီ..... "
ကုချန်၏ တိုက်တွန်းမှုကို တွေ့မြင်ရသောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်မှာ... အခြားစကားဆိုရန် ခက်ခဲသွားတော့သည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး... ရှေးဟောင်းတံဆိပ်တုံးငယ်လေးထဲသို့ သူ၏ စွမ်းအားများကို... ဂရုတစိုက် ထည့်သွင်းလိုက်သည်။
" ဝီ..... "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ စွမ်းအားများ ဝင်ရောက်သွားသည်နှင့်... တံဆိပ်တုံးငယ်လေးသည် ချက်ချင်းပင် ပြောင်းလဲသွားလေသည်။
ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများသည် ရှေးဟောင်းတံဆိပ်တုံး၏ မျက်နှာပြင်ပေါ်တွင် ပျံ့နှံ့သွား၏။
ထိုအက်ကြောင်းများ၏ နောက်ကွယ်တွင်... အဆုံးမဲ့ ဖျက်ဆီးခြင်း အားအင်များ ပြည့်နှက်နေသော စွမ်းအားလှိုင်းများသည်... ရှေးဟောင်းတံဆိပ်တုံး အတွင်း၌ ဝဲဂယက်ထကာ လှုပ်ရှားနေကြသည်။
ကုချန်သည် မျက်လွှာချလိုက်ပြီး... ဤရှေးဟောင်းတံဆိပ်တုံး၏ ပြောင်းလဲမှုများကို... အေးစက်သော အကြည့်ဖြင့် လေ့လာနေ၏။ တစ်ချိန်တည်းမှာပင်... သူသည် လက်တစ်ဖက်ကို တည်ငြိမ်စွာ ဆန့်ထုတ်လိုက်ပြီး... ရှေးဟောင်းတံဆိပ်တုံးကို သူ၏ လက်ဖဝါးအတွင်း၌ ဖုံးအုပ်လိုက်သည်။
" ဘုန်း! "
ရုတ်တရက် ရှေးဟောင်းတံဆိပ်တုံးသည် ပေါက်ကွဲသွားပြီး... စကြဝဠာ ဖန်တီးစက အမှတ်စက်တစ်ခု ပြိုကျသွားသကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး... ရက်စက်ကြမ်းကြုတ်သော စကြဝဠာမြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းသည် တိတ်ဆိတ်ပြီး ခြောက်သွေ့နေသော စကြဝဠာတစ်ခု၏ မြင်ကွင်းပင် ဖြစ်သည်။
စကြဝဠာကြီးသည် သက်ရှိဟူ၍ ခြေရာလက်ရာမျှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေ၏။ ရှေးဟောင်းကြယ်များသည် မီးတောက်များဖြင့် လောင်ကျွမ်းနေကြသည်။
လေဟာနယ်ကြီးမှာ ကွဲအက်နေပြီး... အဆုံးမဲ့သော ကြယ်တာရာလေပြင်းများသည် အရာအားလုံးကို ဆုတ်ဖြဲပစ်နေကာ... အဆုံးမဲ့တာအို ဥပဒေသများပင်လျှင် ကျိုးပဲ့ ပျက်စီးနေ၏။
အဆုံးမဲ့ တိတ်ဆိတ်ခြင်းနှင့် ဖျက်ဆီးခြင်း အငွေ့အသက်များသည်... စကြဝဠာလေဟာနယ်တွင် ပြည့်နှက်နေပြီး... ကျောချမ်းထိတ်လန့်ဖွယ် ကောင်းလှသည်။
" ပျက်သုဉ်းခြင်းစကြဝဠာ! "
တံဆိပ်တုံးငယ်လေး ကွဲကြေသွားပြီးနောက်... ပေါ်လာသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ချက်ချင်းပင် အာမေဋိတ်သံ ပြုလိုက်မိ၏။
ကုချန်၏ အကြည့်ကို မြင်လိုက်ရသောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ချက်ချင်းပင်... လိမ္မာပါးနပ်စွာဖြင့် စတင် ရှင်းပြလေသည်။
" နတ်ဆိုးနယ်မြေက ကမ္ဘာပေါင်းတစ်သောင်းကို သိမ်းပိုက်တဲ့အခါ... ကမ္ဘာတစ်ခုအတွင်းက သက်ရှိအားလုံး အသတ်ခံလိုက်ရပြီး... ကောင်းကင်နဲ့မြေကြီးရဲ့ အဆုံးမဲ့တာအိုတွေပါ ဖျက်ဆီးခံလိုက်ရရင်... အဲ့ဒီကမ္ဘာက သူ့ရဲ့ ပျက်သုဉ်းချိန်ကို ရောက်ရှိလာတဲ့အခါ... အခုလို အခြေအနေမျိုး ဖြစ်လာတတ်ပါတယ်... ဒါကို ပျက်သုဉ်းခြင်းစကြဝဠာလို့ ခေါ်ပါတယ်.....
ပျက်သုဉ်းခါနီးဖြစ်နေတဲ့ စကြဝဠာကမ္ဘာတစ်ခုကို... ဒီရှေးဟောင်းအမှတ်အသားထဲမှာ အတင်းအကျပ် ချိတ်ပိတ်ထားနိုင်လောက်တဲ့ နည်းလမ်းမျိုး... ရွှမ်ယိုနန်းတော်မှာ ရှိနေမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး... တကယ်ကို မယုံနိုင်စရာပါပဲ..... "
ပျက်သုဉ်းခါနီးဖြစ်နေသော ပျက်သုဉ်းခြင်းစကြဝဠာတစ်ခု.....
သူ၏ လက်ဖဝါးပေါ်တွင် ရှိနေပြီး... တဖြည်းဖြည်း ကျယ်ပြန့်လာကာ ကြီးထွားလာနေသော ကျိုးပဲ့နေသည့် စကြဝဠာကို ကြည့်ရင်း... ကုချန်သည် အတွေးထဲတွင် နစ်မြောသွားပုံရ၏။
ဤပစ္စည်းကို ပေးပို့လိုက်သည့် ဟန်ယိုထျန်းကျွင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
ဤပျက်သုဉ်းခြင်းစကြဝဠာ၏ ဆိုးရွားလှသော အခြေအနေကို အသုံးပြုပြီး... ကုချန်အား ခြိမ်းခြောက်ရန် ကြိုးစားနေခြင်းလော။ အကယ်၍ သူသာ နတ်ဆိုးနယ်မြေကို မခိုလှုံပါက... ဤအရာသည် အဆုံးမဲ့ကမ္ဘာ၏ ကံကြမ္မာ ဖြစ်လာလိမ့်မည်ဟု ပြောချင်နေခြင်းလော။
သို့သော် မကြာမီတွင် ကုချန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော်... သူ၏ လက်ဖဝါးပေါ်ရှိ ကျိုးပဲ့နေသော စကြဝဠာသည် စုပ်ခွက်တစ်ခုကဲ့သို့... သူ၏ လက်ဖဝါးကို မြဲမြံစွာ ကပ်တွယ်နေပြီး... ခါချ၍ပင် မရနိုင်တော့သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ထိုပျက်သုဉ်းခြင်းစကြဝဠာ၏ ကျိုးပဲ့နေသော အဆုံးမဲ့တာအိုများသည်... ရေနစ်နေသူတစ်ဦး၏ လက်မောင်းများကဲ့သို့ ရူးသွပ်စွာ ဝှေ့ယမ်းနေပြီး... ကုချန်၏ လက်ဖဝါးကို မြဲမြံစွာ အမြစ်တွယ် ရစ်ပတ်ထားကြသည်။ ရှင်သန်ခြင်း၏ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသကဲ့သို့... သေဆုံးသွားလျှင်ပင် လက်လွှတ်မခံလိုကြပေ။
" မဖြစ်ဘူး! "
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် အလိုအလျောက်ပင် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး... သူ၏ မျက်နှာသည် ရုတ်တရက် ဖြူဖတ်ဖြူရော် ဖြစ်သွား၏။
" ပျက်သုဉ်းခြင်းစကြဝဠာဆိုတာ... နောက်ဆုံးတော့ ပျက်သုဉ်းခြင်းကနေ မလွတ်မြောက်နိုင်ပါဘူး... ပျက်သုဉ်းသွားမယ့် အခိုက်အတန့်မှာ ပျက်စီးခါနီးဖြစ်နေတဲ့ ဒီကမ္ဘာကြီးက... သေခါနီးလူတစ်ယောက်လိုပဲ နောက်ဆုံးကျန်တဲ့ ရှင်သန်ခြင်း 'ကောက်ရိုးမျှင်' ကို အသည်းအသန် ဖက်တွယ်ထားတတ်ပါတယ်.....
အတိတ်က နတ်ဆိုးနယ်မြေက ကမ္ဘာတစ်ခုကို ဖျက်ဆီးတုန်းက... နတ်ဆိုးနယ်မြေက ထျန်းကျွင်းတစ်ပါး အချိန်မီ မထွက်ခွာနိုင်ခဲ့ဘဲ... အဲဒီကမ္ဘာရဲ့ 'ဖမ်းဆွဲ' ခြင်းကို ခံလိုက်ရတယ်လို့ ဆိုကြတယ်... အဆုံးမဲ့တာအိုတွေက အဲဒီ နတ်ဆိုးနယ်မြေ ထျန်းကျွင်းရဲ့ ကိုယ်ပေါ်မှာ ရစ်ပတ်ထားပြီး... သူ့ခန္ဓာကိုယ်ထဲက တာအိုအမျိုးမျိုးကို အသုံးပြုပြီး... စကြဝဠာရဲ့ အဆုံးမဲ့တာအို ဒဏ်ရာတွေကို ပြုပြင်ဖို့ ကြိုးစားခဲ့ကြတယ်တဲ့.....
ဒါပေမယ့် နောက်ဆုံးမှာတော့... အဲဒီ နတ်ဆိုးနယ်မြေ ထျန်းကျွင်းဟာ ခြောက်ကပ်သွားအောင် စုပ်ယူခံလိုက်ရပြီး... အဲဒီ ပျက်သုဉ်းခြင်းစကြဝဠာကလည်း ချက်ချင်း ပြိုလဲပျက်စီးသွားခဲ့တယ်... အဲဒီ နတ်ဆိုးနယ်မြေ ထျန်းကျွင်းကို မြှုပ်နှံလိုက်တဲ့ သင်္ချိုင်းဂူ ဖြစ်သွားခဲ့တာပေါ့..... "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ ပြောပြချက်ကို နားထောင်ပြီးနောက် ကုချန် နားလည်သွား၏။
ပျက်သုဉ်းခြင်းစကြဝဠာ ဆိုသည်မှာ... ချီကြောများ လုံးဝကြေမွပျက်စီးပြီး... ဝိညာဉ်စွမ်းအင် ချီများ ကုန်ခမ်းကာ... ပြိုလဲနေသော သေခါနီးလူတစ်ယောက်နှင့် တူသည်။
ထို့ပြင် နယ်မြေအတွင်း ရှိနေသေးသော သန်မာသူများသည် ပျက်သုဉ်းခြင်းစကြဝဠာ၏ မျက်လုံးထဲတွင် 'အသက်ကယ်ကြိုး' ဖြစ်နေ၏။
လုံးဝ ပျက်စီးခြင်း မရောက်သေးသော စကြဝဠာကမ္ဘာတစ်ခုသည်... ဤအသက်ကယ်ကြိုးကို မြဲမြံစွာ ဆုပ်ကိုင်ထားမည်ဖြစ်ပြီး... ၎င်းအတွင်းရှိ အဆုံးမဲ့တာအို ဥပဒေသများနှင့် ဝိညာဉ်စွမ်းအင် အားလုံးကို... ခြောက်ကပ်သွားသည်အထိ အသည်းအသန် စုပ်ယူကာ... နောက်ဆုံးတွင် ဤပျက်သုဉ်းခြင်းစကြဝဠာနှင့်အတူ ပျက်စီးသွားစေမည် ဖြစ်သည်။
ဤရွှမ်ယိုနန်းတော်သည် ပျက်စီးခါနီးဖြစ်နေသော ပျက်သုဉ်းခြင်းစကြဝဠာတစ်ခုကို... ဤရှေးဟောင်းတံဆိပ်တုံးထဲတွင် ဝှက်ထားရန်... အမြင့်ဆုံးနည်းလမ်းများကို အမှန်တကယ် အသုံးပြုခဲ့ခြင်းပင်။
ရှေးဟောင်းတံဆိပ်တုံးကို အသက်သွင်းလိုက်ပြီး ပျက်သုဉ်းခြင်းစကြဝဠာ ပေါ်လာသည်နှင့်... ၎င်းသည် အနီးဆုံးရှိ သန်မာသူကို သဘာဝကျကျ အလိုအလျောက် ပစ်မှတ်ထား လိုက်ပြီး... သူ့ထံမှ အရာအားလုံးကို စတင်စုပ်ယူတော့မည် ဖြစ်သည်။
" ဟန်ယိုထျန်းကျွင်း! သောက်ကျိုးနည်းပါ့! "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်း နှစ်မျိုးစလုံး ဖြစ်ပေါ်နေ၏။
အဘယ်ကြောင့်ဆိုသော် ကုချန်၏ လက်ဖဝါးထဲတွင် ရှိနေသော ပျက်သုဉ်းခြင်းစကြဝဠာသည် ကုချန်ကိုသာ မြဲမြံစွာ ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ သူ့ကိုပါ ပစ်မှတ်ထားနေသောကြောင့်ပင်!
ဤသည်မှာ ဟန်ယိုထျန်းကျွင်း ပေးသနားခဲ့သော အသက်ကယ်နည်းလမ်းမဟုတ်သလို အရန်အစီအစဉ် တစ်ခုခုလည်း မဟုတ်ချေ။ ရှင်းရှင်းလင်းလင်းပင် သေမိန့်တစ်ခု ဖြစ်နေသည်။
ဤရှေးဟောင်းတံဆိပ်တုံးငယ်ကို အသုံးပြုလိုက်သည့်အချိန်တွင်... ကုချန်ကို သတ်ရန် ရည်ရွယ်ထားရုံသာမက... သူသည်လည်း ခွဲခြားမှုမရှိ တိုက်ခိုက်မှု ခံရမည် ဖြစ်သည်။
အံ့ဩစရာ မရှိတော့ပါ... ဟန်ယိုထျန်းကျွင်းက နတ်ဆိုးအရှင်နှင့် အခြားသူများကို လာခွင့်မပြုဘဲ... သူ့ကိုမှ သီးသန့် နာမည်တပ်ပြီး... လာခိုင်းခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပါ။ သူက ကျောက်ခဲတစ်ချက်တည်းနှင့် ငှက်နှစ်ကောင်ပစ်ကာ... အခွင့်အရေးယူပြီး သူ့ကိုပါ ရှင်းပစ်ချင်နေခဲ့ခြင်းကိုး! တကယ့် အကြံအစည်... တကယ်ကို ကောင်းတဲ့ အကြံအစည်ပါပဲ!
" အခုတော့ သွားပါပြီ..... "
ကြက်သွေးရောင်မြွေနဂါးအရှင်၏ အသံမှာ တုန်ရီနေ၏။
ပျက်သုဉ်းချိန် ရောက်နေသော စကြဝဠာတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံရပါက... နတ်ဆိုးနယ်မြေမှ ထျန်းကျွင်းတစ်ပါးပင် လွတ်မြောက်နိုင်မည် မဟုတ်ဘဲ... ပျက်သုဉ်းခြင်း ဟူသော အဆုံးသတ်နှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။
သူသည် အရှင်အဆင့်မျှသာ ရှိသေးရာ မည်သို့ လွတ်မြောက်နိုင်မည်နည်း။