အခန်း (၁၈၁-၁၈၂)
Vol. 13 Ch. 181-182
အခန်း (၁၈၁) - နတ်ဆိုးနယ်မြေမှ လက်ဆောင်မွန်၊ လက်တစ်ဖဝါးရိုက်ချက်ဖြင့် ချေမှုန်းခြင်း၊ ကြက်သွေးရောင်မြွေနဂါးအရှင် လက်နက်ချခြင်းလော
သို့သော် အလွန်အမင်း ထိတ်လန့်ကာ... မျှော်လင့်ချက်မဲ့နေသော ကြက်သွေးရောင်မြွေနဂါးအရှင်နှင့် ယှဉ်လိုက်လျှင်... ကုချန်၏ တုံ့ပြန်မှုမှာ များစွာ ပိုမိုတည်ငြိမ်နေသည်။
သူသည် သူ၏ လက်ဖဝါးပေါ်တွင် ခွေရစ်နေသော ပျက်သုဉ်းခြင်းစကြဝဠာကို ငေးကြည့်နေပြီး... သူ၏ တည်ငြိမ်အေးဆေးသော မျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင်... စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
" နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသား "
တိတိကျကျ ပြောရလျှင်... ကုချန်သည် စကြဝဠာကမ္ဘာတစ်ခု၏ ပျက်စီးခြင်းကို... တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ယခု ဤပျက်သုဉ်းခြင်းစကြဝဠာသည် သူ့အတွက် အလွန်ကောင်းမွန်သော ကိုးကားစရာတစ်ခု ဖြစ်လာခဲ့သည်။
ပို၍အရေးကြီးသည်မှာ... ယခုအချိန်တွင် ဤပျက်သုဉ်းခြင်းစကြဝဠာ၏ ကျိုးပဲ့နေသော အဆုံးမဲ့တာအိုများ၏ ပြောင်းလဲမှုများသည်... ကုချန်အား နားလည်သဘောပေါက်မှုအသစ်များစွာကို ပေးစွမ်းလိုက်ခြင်းပင်။
ဤအချက်ကို သဘောပေါက်လိုက်သည်နှင့်... ကုချန်သည် ဤပျက်သုဉ်းခြင်းစကြဝဠာကို... ဖြေရှင်းရန် အလျင်မလိုတော့ချေ။ ထို့အစား သူသည် ဤကျိုးပဲ့နေသော စကြဝဠာ၏ အဆုံးမဲ့တာအိုများကို ဂရုတစိုက် လေ့လာကြည့်ရှုလိုက်ပြီး... သူ၏ ကိုယ်ပိုင်တာအိုဖြင့် ကောင်းကင်ဘုံမီးဖိုများအဖြစ် ပြောင်းလဲကာ... ကျန်ရှိနေသေးသော အဆုံးမဲ့တာအို ဥပဒေသ အပိုင်းအစများကို စုပ်ယူသန့်စင်ရန်... ဤပျက်သုဉ်းခြင်းစကြဝဠာထဲသို့ ထည့်သွင်းလိုက်တော့သည်။
" ဒါ..... "
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် လုံးဝ ကြောင်အသွား၏။
သူ အမြင်မှားနေခြင်း မဟုတ်ပေဘူးလော။
ဒီကုကောင်းကင်ဧကရာဇ်က ဘာလုပ်နေတာလဲ။
ပျက်သုဉ်းခြင်းစကြဝဠာတစ်ခုနှင့် ရင်ဆိုင်နေရချိန်တွင်... သူသည် လွတ်မြောက်ရန် မည်သို့လုပ်ရမည်ကို မစဉ်းစားဘဲ... အေးအေးလူလူ ကျင့်ကြံနေသည်လော။
သူ အလေးအနက်ထားရဲ့လား။ ဒါက အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်တဲ့ ပျက်သုဉ်းခြင်းစကြဝဠာတစ်ခုလေ။
ကျင့်ကြံခြင်းတာအိုနယ်မြေတစ်ခု မဟုတ်ဘူးဟ။
ကြက်သွေးရောင်မြွေနဂါးအရှင်မှာ ငိုချင်လာတော့သည်။
သူ၏ ကိုယ်ပိုင်အင်အားဖြင့် ဤပျက်သုဉ်းခြင်းစကြဝဠာ၏ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ကြောင်း သူ သိသည်။ သူ အသက်ရှင်မည်လား... သေမည်လား ဆိုသည်မှာ... ဤကုကောင်းကင်ဧကရာဇ် 'စွမ်းဆောင်နိုင်' မည်လား ဆိုသည့်အပေါ်တွင်သာ မူတည်နေသည်။
သို့သော် ယခုအခါ ကုချန်သည် ပျက်သုဉ်းခြင်းစကြဝဠာမှ လွတ်မြောက်ရန် ရည်ရွယ်ချက် မရှိဘဲ အေးအေးဆေးဆေး ကျင့်ကြံနေ၏။
သူ ဘယ်သူ့ကို သွားတိုင်ရမလဲ။
ကြက်သွေးရောင်မြွေနဂါးအရှင်မှာ ငိုချင်နေသော်လည်း... သူ၏ အင်အားများကို အတင်းအကျပ် စုစည်းပြီး... ပျက်သုဉ်းခြင်းစကြဝဠာ၏ တိုက်စားမှုနှင့် သူ့အပေါ် တောင်းဆိုမှုများကို... အစွမ်းကုန် ကြိုးစား ခုခံနေရရှာသည်။
နောက်ဆုံးတွင် ၁၅ မိနစ်ခန့် ကုန်ဆုံးသွား၏။
ကုချန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး... လက်ကို ဝှေ့ယမ်းကာ ပျက်သုဉ်းခြင်းစကြဝဠာထဲတွင် သူ ထည့်သွင်းထားသော... ကောင်းကင်ဘုံမီးဖိုများကို ဖျက်သိမ်းလိုက်သည်။
စကြဝဠာတစ်ခု ပျက်စီးခါနီးတွင် ဖြစ်ပေါ်လာသော တာအို၏ ပြောင်းလဲမှုများကို... သူ လုံလောက်စွာ နားလည်သဘောပေါက်သွားပြီ ဖြစ်ရာ... ဆက်လက် ကျင့်ကြံနေရန် အဓိပ္ပာယ် မရှိတော့ပေ။
" မဆိုးဘူး "
ကုချန်သည် အတော်လေး ကျေနပ်သွား၏။ ဤကျင့်ကြံခြင်းနှင့် နောက်ပိုင်း ရရှိလာမည့် ထိုးထွင်းသိမြင်မှုများ ပေါင်းစပ်လိုက်ပါက... သူ၏ အင်အားနှင့် နယ်ပယ်ကို နောက်ထပ် အဆင့်တစ်ခုသို့ တိုးတက်စေနိုင်မည် ဖြစ်သည်။
မပြောပလောက်သော ပမာဏတစ်ခုသာ ဖြစ်သော်လည်း... သူ၏ လက်ရှိနယ်ပယ်အတွက်မူ မပြောပလောက်သော တိုးတက်မှုတိုင်းသည်... အမှန်တကယ်တွင် အလွန် ခက်ခဲပြီး အလွန် အရေးကြီး၏။
ရွှမ်ယိုနန်းတော်မှ လက်ဆောင်သည် တကယ်ကို ကောင်းမွန်လှသည်။
ကုချန်သည် စိတ်အခြေအနေ ကောင်းမွန်နေသော်လည်း... ဘေးနားရှိ ကြက်သွေးရောင်မြွေနဂါးအရှင်ကို မြင်လိုက်ရသောအခါ... မလန့်ဘဲ မနေနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင်... ကြက်သွေးရောင်မြွေနဂါးအရှင်၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး... သူ၏ အရှိန်အဝါများမှာလည်း မတည်မငြိမ် လှုပ်ရှားနေကာ... သူ၏ အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီး... ဤပျက်သုဉ်းခြင်းစကြဝဠာ၏ စုပ်ယူမှုကို ဆက်လက် မခုခံနိုင်တော့ကြောင်း ထင်ရှားနေသည်။
ကုချန် ကျင့်ကြံခြင်းမှ နိုးထလာသည်ကို မြင်သောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ချက်ချင်းပင် သူ့အား အသနားခံသော အကြည့်ဖြင့် ကြည့်ကာ... ခက်ခဲစွာ ပြောလိုက်သည်။
" ကုကောင်းကင်ဧကရာဇ်... သက်ညှာပေးပါ... ကျွန်မကို ကယ်ပါဦး..... "
ကုချန်သည် မျက်လုံးကို မှေးစင်းကာ သူ၏ လက်ဖဝါးပေါ်ရှိ ပျက်သုဉ်းခြင်းစကြဝဠာကို ကြည့်လိုက်သည်။
မရေမတွက်နိုင်သော ကျိုးပဲ့နေသည့် အဆုံးမဲ့တာအို ဥပဒေသများသည်... စပျစ်နွယ်ပင်များကဲ့သို့ သူ၏ လက်ဖဝါးပေါ်တွင် လေးလံစွာ ရစ်ပတ်ထားပြီး... ကုချန်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အတင်းအကျပ် စုပ်ယူရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။
သို့သော်... ဤပျက်သုဉ်းခြင်းစကြဝဠာသည် မည်မျှပင် ကြိုးစားစေကာမူ... ကုချန်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအား... အနည်းငယ်မျှကိုပင် ဆွဲထုတ်နိုင်ခြင်း မရှိပေ။
" ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ "
ကုချန်က တိုးတိုးလေး ရေရွတ်လိုက်ပြီး တစ်ချိန်တည်းမှာပင်... သူသည် ထိုပျက်သုဉ်းခြင်းစကြဝဠာမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ... ဖျက်ဆီးခြင်း စွမ်းအားများကို လုံးဝ လျစ်လျူရှုကာ... သူ၏ လက်ဖဝါးကို ညင်သာစွာ ပိတ်လိုက်ပြီး... အလွန် လွယ်ကူစွာဖြင့် ၎င်းကို သူ၏ လက်ဖဝါးအတွင်း၌ ပိတ်လှောင်ကာ ချေမှုန်းပစ်လိုက်သည်။
" ဘုန်း! "
ပျက်သုဉ်းခြင်းစကြဝဠာသည် ရုတ်တရက် ပေါက်ကွဲသွားပြီး... အဆုံးမဲ့သော ဖျက်ဆီးခြင်း စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ထိုအရာသည် ကမ္ဘာတစ်ခု ပျက်စီးသွားသော ကြောက်မက်ဖွယ်ရာ စွမ်းအားဖြစ်ပြီး... အရှင်နယ်ပယ်ရှိသူတစ်ဦးကို ချက်ချင်း ဖျက်ဆီးပစ်ရန် လုံလောက်ကာ... ထျန်းကျွင်းနယ်ပယ်ရှိသူများပင် ၎င်းမှ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် ကုချန်အတွက်မူ ထိုဖျက်ဆီးခြင်း စွမ်းအားသည် သေးငယ်ပြီး ရယ်စရာကောင်းနေ၏။
အဆုံးမဲ့သော ဖျက်ဆီးခြင်း စွမ်းအားသည် သူ၏ လက်ဖဝါးကိုပင် မဖောက်ထွက်နိုင်ဘဲ... သူ၏ လက်ဖဝါးအတွင်း၌ အတင်းအကျပ် တိတ်တဆိတ် ပျက်သုဉ်းသွားရသည်။
တစ်ချိန်တည်းမှာပင် ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ၏ ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ပျက်သုဉ်းခြင်းစကြဝဠာမှ ဖိအားအားလုံးသည် တခဏအတွင်းပင် ပျောက်ကွယ်သွား၏။
" ဟင်... ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..... "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် စွမ်းအင် ကုန်ခမ်းနေပြီ ဖြစ်ကာ... သူ၏ နူးညံ့သော ခန္ဓာကိုယ်မှာ တုန်ရီနေပြီး... သူ၏ ရင်ဘတ်မှာ ထိန်းချုပ်မရအောင် နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း... ဤအရာများသည် သူ၏ မျက်လုံးထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်ပေ။
သူ ဘာကို မြင်လိုက်ရတာလဲ။
သာမန် နတ်ဆိုးနယ်မြေ ထျန်းကျွင်းများပင် မကိုင်တွယ်နိုင်သော... ပျက်သုဉ်းခြင်းစကြဝဠာသည် ယခုအခါ... ဤကုကောင်းကင်ဧကရာဇ်၏ အလွန် လွယ်ကူစွာ 'ချေမှုန်း' ခြင်းကို ခံလိုက်ရပြီ။
ဟုတ်တယ်... အချေမှုန်းခံလိုက်ရတာ.....
အဲဒီ ပျက်သုဉ်းခြင်းစကြဝဠာက... အစကနေ အဆုံးထိ... ကုချန်ရဲ့ လက်ဖဝါးထဲကနေတောင် မလွတ်မြောက်နိုင်ခဲ့ဘူး.....
ဒါ ဘယ်လို စွမ်းအားမျိုးလဲ.....
မဟုတ်ဘူး... ဒီကုကောင်းကင်ဧကရာဇ်က တကယ်ပဲ... ဘယ်လောက်တောင် သန်မာတာလဲ.....
ကြက်သွေးရောင်မြွေနဂါးအရှင်မှာ အတိုင်းအဆမဲ့ ထိတ်လန့်တုန်လှုပ်နေ၏။
ကုချန်သည် အလွန် သန်မာသည်ဟု... သူ ထင်ထားခဲ့သော်လည်း... ကုချန်သည် သူ စိတ်ကူးထားသည်ထက်... ပိုမို သန်မာနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
နတ်ဆိုးနယ်မြေ ထျန်းကျွင်းများပင် မကိုင်တွယ်နိုင်သော ပျက်သုဉ်းခြင်းစကြဝဠာကို သူက လွယ်ကူစွာ ဖြေရှင်းလိုက်သည်။
ဤကုကောင်းကင်ဧကရာဇ်သည် ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ်အဆင့်ရှိသူ ဖြစ်နေမည်လား။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် အလွန်အမင်း တုန်လှုပ်သွားကာ မေးခွန်းထုတ်လိုက်မိ၏။
" ကုကောင်းကင်ဧကရာဇ်ကို မေးခွင့်ပြုပါ... ရှင်က ထျန်းကျွင်းနယ်ပယ်ကို ကျော်လွန်နေတဲ့... ဧကရာဇ်နယ်ပယ် အဆင့်ရှိသူလား "
" အော်... မင်းက ဧကရာဇ်နယ်ပယ်အကြောင်းကိုတောင် သိတာလား "
ကုချန်သည် ကြက်သွေးရောင်မြွေနဂါးအရှင်ကို အံ့သြစွာ ကြည့်လိုက်သည်။ သူ့အနေဖြင့်... ကြက်သွေးရောင်မြွေနဂါးအရှင်သည်... ဧကရာဇ်နယ်ပယ် ရှိကြောင်းကိုပါ သိနေလိမ့်မည်ဟု... မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှား၏။
တကယ်ပဲ ဖြစ်နေတာကိုး။
ကုချန်သည် တိုက်ရိုက် ပြန်မဖြေခဲ့သော်လည်း... ကုချန်၏ အလွန် တည်ငြိမ်နေသော အမူအရာကို ကြည့်ရုံဖြင့်... သူ၏ ခန့်မှန်းချက် မမှားကြောင်း ကြက်သွေးရောင်မြွေနဂါးအရှင် သိလိုက်သည်။
ဤကုကောင်းကင်ဧကရာဇ်သည် ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။
ဧကရာဇ်နယ်ပယ်.....
၎င်းသည် ထျန်းကျွင်းနယ်ပယ်ကို ကျော်လွန်သော အဆင့်တစ်ခု ဖြစ်ပြီး... နက်ရှိုင်းသော နတ်ဆိုးနယ်မြေတွင်ပင် တစ်ခါမျှ မကြားဖူးသော... ဒဏ္ဍာရီလာ အဆင့်တစ်ခု ဖြစ်သည်။
ကြက်သွေးရောင်မြွေနဂါးအရှင်၏ မျက်လုံးများသည် တစ်စုံတစ်ခုကို စဉ်းစားပြီး ရုန်းကန်နေသကဲ့သို့ တောက်ပသွားသည်။
နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်ပုံရပြီး... ကုချန်၏ ရှေ့တွင် လေးစားစွာ ဦးညွှတ်လိုက်ကာ... နှိမ့်ချစွာ ပြောလိုက်သည်။
" ကုကောင်းကင်ဧကရာဇ် စိတ်မရှိဘူးဆိုရင်... ကြက်သွေးရောင်မြွေနဂါးက ရှင့်ကို သခင်အဖြစ် ခစားလိုပါတယ်... ဒီနေ့ကစပြီး ရှင့်ရဲ့ အမိန့်ကိုပဲ နာခံပါ့မယ် "
ဟေ.....
သူ နားကြားများ မှားသွားတာလား။ ဒီကြက်သွေးရောင်မြွေနဂါးအရှင်က သူ့ကို သခင်အဖြစ် ခစားချင်တာလား။
ကုချန်သည် သူ နားကြားမှားသည်ဟု ခံစားလိုက်ရသည်။
စောစောက ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ့အား လုံလောက်စွာ လေးစားမှု ပြသခဲ့၏။ ၎င်းမှာ အကြောင်းမဲ့ အသက်မသေလိုသော သူ၏ စိတ်သဘောထားကို ပြသခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။
သို့သော် ယခုအခါ ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ့ကို သခင်အဖြစ် ခစားချင်နေသည် ဆိုခြင်းမှာ မည်သို့မျှ ရှင်းပြ၍ မရနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ဂုဏ်ရှိန်ကြီးမားသော နတ်ဆိုးနယ်မြေ အရှင်တစ်ပါး ဖြစ်သည်။
ကုချန်၏ အင်အားဖြင့်ဆိုလျှင်... သူ့အနေဖြင့် သစ္စာခံခြင်းမှာ ရှက်စရာ မဟုတ်သော်လည်း... ကြက်သွေးရောင်မြွေနဂါးအရှင်၏ အဆင့်အတန်းမှာ ငြင်းမရနိုင်ပေ။
အကယ်၍... သူ ပြင်ပလူတစ်ဦးကို သစ္စာခံလိုက်သည်ဟု နတ်ဆိုးနယ်မြေက သိသွားပါက... ကြက်သွေးရောင်မြွေနဂါးအရှင်ကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ကြောင်း... ကုချန် တွေးကြည့်ရုံဖြင့် သိနိုင်သည်။
အဲဒီလိုဆိုရင် ဘာလို့ သူက သူ့ကို သခင်အဖြစ် ခစားချင်ရတာလဲ။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ၏ အင်အားတစ်ခုတည်းကြောင့်... စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သွားသည်ဟု... ကုချန် မယုံကြည်ပေ။ အခြား အကြောင်းပြချက်များ ရှိရမည်။
ကုချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ မယုံကြည်ဟု ထင်သွားပြီး... အလျင်အမြန် ပြောဆိုလိုက်သည်။
" ကုကောင်းကင်ဧကရာဇ် မယုံဘူးဆိုတာ ကျွန်မ သိပါတယ်... ဒါပေမယ့် ကျွန်မရဲ့ ရိုးသားမှုကို ပြသဖို့... ဝိညာဉ်အမှတ်အသားကို ပေးအပ်လိုပါတယ် "
အခန်း (၁၈၂) - ရက်စက်သော အမှန်တရား၊ သစ္စာခံရသည့် အကြောင်းရင်းနှင့် အမည်နာမ
" ချီမုန် "
နက်ရှိုင်းသော နတ်ဆိုးနယ်မြေ... ရွှမ်ယိုနန်းတော်.....
ကြယ်တာရာ ကောင်းကင်ယံကဲ့သို့ ကျယ်ပြောပြီး ဆန်းကြယ်သော နေရာတစ်ခု.....
ကုချန်သည် ပျက်သုဉ်းခြင်းစကြဝဠာကို လွယ်ကူစွာ ချေမှုန်းလိုက်ချိန်တွင်... ဟန်ယိုထျန်းကျွင်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး... ကောင်းကင်ယံရှိ ကြယ်တာရာများပင် တစ်ခဏမျှ တုန်ခါသွားခဲ့သည်။
" ငါအရှင်က ပျက်သုဉ်းခြင်းစကြဝဠာ ပျက်စီးသွားတာကို အာရုံခံမိတယ်... ကြည့်ရတာ အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်က... ငါတို့နယ်မြေကို ခိုလှုံဖို့ ရည်ရွယ်ချက် မရှိဘူးနဲ့ တူတယ် "
ကြယ်တာရာ ကောင်းကင်ယံ၏ အထက်စီးတွင် ရှိနေသော... အေးစက်သည့် မျက်လုံးတစ်စုံသည် ဖြည်းညင်းစွာ လှုပ်ခတ်သွားပြီး... ဟန်ယိုထျန်းကျွင်း၏ တီးတိုးရေရွတ်သံသည်လည်း စကြဝဠာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
အတိုင်းအဆမဲ့ ဝေးကွာသော အကွာအဝေးတစ်ခု ခြားနေသော်လည်း... ရွှမ်ယိုနန်းတော်ပိုင် ပျက်သုဉ်းခြင်းစကြဝဠာ၏ ဖန်တီးခြင်းနှင့် ပျက်စီးခြင်းကို... သူ အာရုံခံနေနိုင်ဆဲ ဖြစ်သည်။
ယခုအခါ ပျက်သုဉ်းခြင်းစကြဝဠာ၏ အငွေ့အသက်များ ပျောက်ကွယ်သွားပြီ ဖြစ်ရာ... ကြက်သွေးရောင်မြွေနဂါးအရှင်အနေဖြင့် အဆုံးမဲ့ကမ္ဘာဧကရာဇ်ကို စည်းရုံးရန် မအောင်မြင်ခဲ့ဘဲ... သူ ပေးအပ်လိုက်သော နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်ရကြောင်း ထင်ရှားနေသည်။
" ဟက်... ထားလိုက်ပါတော့... စကြဝဠာတစ်ခုရဲ့ အဆုံးစွန် ပျက်စီးခြင်းစွမ်းအားဆိုတာ... ဒီအရှင်တောင် ထိပ်တိုက် မရင်ဆိုင်ရဲတဲ့ အရာပဲ... အဲဒီအဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်ကတော့... အသက်ရှင်ဖို့ လမ်းစ ရှိတော့မှာ မဟုတ်ဘူး "
ဟန်ယိုထျန်းကျွင်းသည် အေးစက်စွာ ရေရွတ်လိုက်ပြီးနောက်... ကြယ်တာရာပင်လယ်၏ နက်ရှိုင်းသော နေရာတွင်... ကြယ်ပေါင်းများစွာထက် ပိုမို တောက်ပလျက် အေးစက်စွာရှိနေသော... ထိုမျက်လုံးများသည် ဖြည်းညင်းစွာ ပိတ်သွားတော့၏။
အကယ်၍ ကုချန်သာ ခိုလှုံလိုစိတ် ရှိခဲ့ပါက... ရွှမ်ယိုနန်းတော်၏ အမိန့်အောက်သို့... နောက်ထပ် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ထပ်မံ ရောက်ရှိလာခြင်းအတွက်... သူ ဝမ်းမြောက်မိမည်မှာ သေချာသည်။
သို့သော် ကုချန်က ခိုလှုံရန် ဆန္ဒမရှိသောကြောင့်... ရွှမ်ယိုကောင်းကင်နန်းတော်ကို ငြင်းပယ်ရဲသည့် တန်ဖိုးကို... သူ့အား သိစေလိုက်ခြင်း၌ ဟန်ယိုထျန်းကျွင်းအနေဖြင့် ဝန်လေးနေမည် မဟုတ်ပေ။
ပျက်သုဉ်းခြင်းစကြဝဠာ ပျက်စီးစဉ် ထွက်ပေါ်လာသော စွမ်းအားများကြောင့်... ကြက်သွေးရောင်မြွေနဂါးအရှင် ထိခိုက်ခံစားရမလား ဆိုသည်မှာ... ဟန်ယိုထျန်းကျွင်း၏ ထည့်သွင်းစဉ်းစားချက်ထဲတွင် လုံးဝ မပါဝင်ချေ။
နတ်ဆိုးနယ်မြေ အရှင်တစ်ပါး... သူ သေသွားလျှင်လည်း သေပါစေတော့။
ထို့အပြင် ကြက်သွေးရောင်မြွေနဂါးအရှင်သည် နက်ရှိုင်းသော နတ်ဆိုးနယ်မြေမှ မူလမျိုးနွယ်ပင် မဟုတ်ချေ။ ဟန်ယိုထျန်းကျွင်း၏ မျက်လုံးထဲတွင် ကြက်သွေးရောင်မြွေနဂါးအရှင်၏ တည်ရှိမှုသည် 'သုံးပြီး စွန့်ပစ်ရမည့် ပစ္စည်းသက်သက်' မျှသာ ဖြစ်သည်။
...
အဆုံးမဲ့ကမ္ဘာ... အထက်ကောင်းကင် တားမြစ်နယ်မြေ.....
မြေပြင်ပေါ်တွင် လေးစားစွာ ဒူးထောက်နေပြီး... လက်ထဲတွင် ဝါးတားတား အရောင်စုံ အလင်းလုံးလေးတစ်ခုကို ကိုင်ဆောင်ထားသော... ကြက်သွေးရောင်မြွေနဂါးအရှင်ကို ကြည့်ရင်း... ကုချန် ပို၍ ဇဝေဇဝါ ဖြစ်လာရသည်။
ထို ဝါးတားတား အရောင်စုံ အလင်းလုံးလေးသည်... ကြက်သွေးရောင်မြွေနဂါးအရှင်၏ ဝိညာဉ်အမှတ်အသား ဖြစ်ပြီး... ဧကရာဇ်နယ်ပယ် အဆင့်ရှိသူများအတွက်ပင်... အထိခိုက်မခံဆုံးသော အားနည်းချက် တစ်ခုဖြစ်သည်။
အကယ်၍ ဝိညာဉ်အမှတ်အသားသာ ကွဲကြေသွားပါက... ပင်မဝိညာဉ်လည်း ပြိုကွဲသွားမည် ဖြစ်ပြီး... မည်သည့် အသိစိတ်မျှ မရှိတော့သော အသက်မဲ့ ခန္ဓာကိုယ်ခွံတစ်ခုသာ ကျန်ရစ်မည် ဖြစ်သည်။
သူ၏ ဝိညာဉ်အမှတ်အသားကို ပေးအပ်လိုက်ခြင်းမှာ... ထိုအချိန်မှစ၍ ကြက်သွေးရောင်မြွေနဂါးအရှင်၏ အသက်နှင့် သေခြင်း တရားသည်... ကုချန်၏ စိတ်ဆန္ဒအပေါ်တွင်သာ မူတည်တော့မည်ဖြစ်ပြီး... သူ့ကို ပြန်လည် တွန်းလှန်နိုင်စွမ်း လုံးဝ ရှိတော့မည် မဟုတ်ပေ။
ကြက်သွေးရောင်မြွေနဂါးအရှင် ဘာတွေ တွေးနေတာလဲ။ ဘာလို့ ရုတ်တရက်ကြီး သူ့ကို သစ္စာခံချင်လာရတာလဲ။
ကုချန် သတိထားမိလိုက်သည်မှာ... သူ ပျက်သုဉ်းခြင်းစကြဝဠာကို လက်တစ်ဖဝါးတည်းဖြင့် ချေမှုန်းလိုက်ပြီးနောက်... ကြက်သွေးရောင်မြွေနဂါးအရှင်က သူ့အား ဧကရာဇ်နယ်ပယ် အင်အားရှိသူဖြစ်မှန်း ခန့်မှန်းမိသွားချိန်ကျမှသာ... ကြက်သွေးရောင်မြွေနဂါးအရှင်၏ ပြောင်းလဲမှု စတင်လာခြင်း ဖြစ်သည်။
ယခင်က ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ့ကို ကြောက်ရွံ့အားကျမှု ရှိသော်လည်း အလွန်အမင်း ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။
သူ့တွင် ဧကရာဇ်နယ်ပယ် အင်အားရှိကြောင်း သိလိုက်ရပြီးနောက်မှသာ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ကြီးမားသော ပြောင်းလဲမှုကြီး ပြသလာခြင်း ဖြစ်သည်။
" ငါ အကြောင်းပြချက် တစ်ခု လိုတယ် "
ဝိညာဉ်အမှတ်အသားကို လေးစားစွာ ပေးအပ်နေသော ကြက်သွေးရောင်မြွေနဂါးအရှင်ကို ကြည့်ရင်း... ကုချန်သည် တုန်လှုပ်ခြင်း မရှိဘဲ မျက်လွှာချကာ... သူ့ကို စိုက်ကြည့်ရင်း ရှင်းပြချက်ကို စောင့်ဆိုင်းနေလိုက်သည်။
အကယ်၍ အခြားသူသာ ဆိုပါက... အရှင်နယ်ပယ် ရှိသူတစ်ဦး၏ သခင်အဖြစ် အသိအမှတ်ပြု ခံရခြင်းအတွက်... ဝမ်းသာအားရ ဖြစ်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ... ဤဝိညာဉ်အမှတ်အသားကို လက်ခံလိုက်ခြင်းသည်... အရှင်နယ်ပယ် အဆင့်ရှိ အစေခံတစ်ဦးကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။ သူ့ကို ဘာလုပ်ခိုင်းခိုင်း သူသည် ငြင်းဆန်မည် မဟုတ်သလို... ငြင်းဆန်ရဲမည်လည်း မဟုတ်ပေ။
သို့သော် ကုချန်မှာမူ ကွဲပြား၏။
သူသည် အထွတ်အထိပ် ကောင်းကင်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ... အရှင်နယ်ပယ် အစေခံတစ်ဦး ဆိုသည်မှာ... သူ့အတွက် မရှိမဖြစ်လည်း မဟုတ်သလို... အရေးပါသော အရာလည်း မဟုတ်ပေ။
ထို့ကြောင့်... သူသည် ကြက်သွေးရောင်မြွေနဂါးအရှင်၏ သစ္စာခံလိုသော တောင်းဆိုမှုကို လက်ခံရန် အလျင်မလိုဘဲ... ထိုသူ၏ လုပ်ရပ်နောက်ကွယ်မှ ရည်ရွယ်ချက် အစစ်အမှန်ကိုသာ... နားလည်လိုခြင်း ဖြစ်သည်။
ကုချန်၏ တည်ငြိမ်သော မျက်နှာထားကို ကြည့်ရင်း... ကြက်သွေးရောင်မြွေနဂါးအရှင်သည် စိတ်လှုပ်ရှားကာ... သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
အကယ်၍ သူသာ ယခုကဲ့သို့ မိမိသဘောဆန္ဒအလျောက် သစ္စာခံမည်ဆိုပါက... ရွှမ်ယိုနန်းတော်ရှိ ဂုဏ်သရေရှိ ထျန်းကျွင်းများပင် ဝမ်းသာအားရ ဖြစ်ကာ... ချက်ချင်း သဘောတူကြပေလိမ့်မည်။
သို့သော် ကုချန် တစ်ဦးတည်းသာ... စိတ်လှုပ်ရှားသည့် အရိပ်အယောင်... အနည်းငယ်မျှပင် မပြသခဲ့ပေ။
ထိုကွာခြားချက်ကပင်... ကြက်သွေးရောင်မြွေနဂါးအရှင်၏ ဆုံးဖြတ်ချက်ကို... ပိုမို ခိုင်မာစေခဲ့သည်။ သူ့အနေဖြင့် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ... ကုချန်ကို မဖြစ်မနေ သစ္စာခံရပေမည်။
သို့သော် သူ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုသော်လည်း... အကယ်၍ သူက ကုချန်အား ကျိုးကြောင်းဆီလျော်သော ရှင်းပြချက် မပေးနိုင်ပါက... ကုချန်သည် သူ၏ တောင်းဆိုမှုကို သေချာပေါက် သဘောတူမည် မဟုတ်ကြောင်း... ကြက်သွေးရောင်မြွေနဂါးအရှင် သိရှိ၏။
ထို့ကြောင့်... သူသည် လက်ချောင်းတစ်ချောင်းကို ဖြေးညင်းစွာ မြှောက်ကာ... သူ၏ နဖူးကို ထိလိုက်လေသည်။
သူ၏ အသိစိတ်ပင်လယ်မှ အလင်းတန်း တစ်ခုသည် သူ၏ လမ်းညွှန်မှုဖြင့် ကုချန်၏ ရှေ့တွင် ပေါ်ပေါက်လာ၏။
" ကုကောင်းကင်ဧကရာဇ် သံသယဖြစ်နေမယ်ဆိုတာ ကျွန်မ သိပါတယ်... ကျွန်မရဲ့ အသိစိတ်ပင်လယ်ထဲက ဒီအလင်းတန်းထဲမှာ... ကျွန်မရဲ့ အတိတ်က မှတ်ဉာဏ်တွေ ပါဝင်ပါတယ်... ကုကောင်းကင်ဧကရာဇ် ကြည့်ရှုပေးပါ "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် အလွန် ပွင့်လင်းရိုးသား၏။ စကားလုံး သက်သက်ဖြင့် ကုချန်ကို စည်းရုံးနိုင်မည် မဟုတ်ကြောင်း သိသဖြင့်... သူ၏ အသိစိတ်ပင်လယ်မှ အစိတ်အပိုင်းတစ်ခုကို ကုချန် ကြည့်ရှုနိုင်ရန်... တိုက်ရိုက် ထုတ်ယူပေးလိုက်ခြင်း ဖြစ်သည်။
ကုချန်သည်လည်း အားနာမနေတော့ပေ... သူသည် ကြက်သွေးရောင်မြွေနဂါးအရှင်ကို... လေးနက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်... အသိစိတ်ပင်လယ် အလင်းတန်းလေးကို လက်ထဲသို့ ယူကာ... ၎င်းအတွင်းမှ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။
ခဏအကြာတွင် ကုချန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
ကြက်သွေးရောင်မြွေနဂါးအရှင်ကို ကြည့်လိုက်သော သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဤမြင့်မြတ်သော အသိစိတ် အလင်းတန်းထဲမှ မှတ်ဉာဏ်များအရ... ကြက်သွေးရောင်မြွေနဂါးအရှင်၏ ဇာစ်မြစ်ကို သူ သိလိုက်ရသည်။
နာမည်ရင်းမှာ 'ချီမုန် 'ဟု ခေါ်သော ဤကြက်သွေးရောင်မြွေနဂါးအရှင်သည် 'ချီလျန်'ဟုခေါ်သော နတ်စပ်ဖီးနစ်မျိုးနွယ်စုမှ ဖြစ်သည်။
ထို ချီလျန်မျိုးနွယ်စုသည် နတ်ဆိုးနယ်မြေ၏ မူလမျိုးစိတ် မဟုတ်ဘဲ... နောင်မှ နတ်ဆိုးနယ်မြေသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ချီမုန်၏ မှတ်ဉာဏ်များအရ... သူ၏ မျိုးနွယ်စုသည် မူလက ဒဏ္ဍာရီလာ... အင်မော်တယ်နယ်မြေ မျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်ခဲ့သည်။
နောင်မှသာ... မသိရှိရသော အငြိုးအတေး အကြောင်းအရာများကြောင့်... ချီလျန်မျိုးနွယ်စုမှာ ရွေးချယ်စရာ မရှိတော့ဘဲ... နတ်ဆိုးနယ်မြေ၏ အလံတော်အောက်သို့... စုပေါင်း ဝင်ရောက်ခိုလှုံခဲ့ရခြင်း ဖြစ်သည်။
သို့သော် နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ပြီးနောက်ပိုင်းတွင်လည်း... ချီလျန်မျိုးနွယ်စု၏ ဘဝမှာ လွယ်ကူခြင်း မရှိခဲ့ပေ။
ချီလျန်မျိုးနွယ်စုသည် နတ်ဆိုးနယ်မြေ တစ်ခုကို သီးခြား သိမ်းပိုက်ထားနိုင်သော်လည်း... နတ်ဆိုးနယ်မြေ၏ မူလ သက်ရှိများ၏ မျက်လုံးထဲတွင်မူ... ၎င်းတို့သည် ပြင်ပမျိုးနွယ်စု အဖြစ်သာ သတ်မှတ်ခံရဆဲ ဖြစ်သည်။
ချီလျန်မျိုးနွယ်စုသည် နတ်ဆိုးနယ်မြေတွင် နှစ်သောင်းချီ၊ သိန်းချီ နေထိုင်ခဲ့ပြီးသော်လည်း ဤအမြင်မှာ ပြောင်းလဲခြင်း မရှိခဲ့ပေ။
နောင်တွင် ကမ္ဘာပေါင်းတစ်သောင်းကို သိမ်းပိုက်သော စစ်ပွဲများ၌... အခြားနယ်မြေများသည် အန္တရာယ်များသော တာဝန်များကို ထမ်းဆောင်ရန်အတွက်... ချီလျန်မျိုးနွယ်စုမှ အင်အားများကို ဆင့်ခေါ် အသုံးပြုခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ချီလျန်မျိုးနွယ်စု၏ အင်အားမှာ... တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
ချီမုန် ဟုခေါ်သော ကြက်သွေးရောင်မြွေနဂါးအရှင်သည်လည်း... ဤအခြေအနေမျိုးအောက်တွင် နက်ရှိုင်းသော နတ်ဆိုးနယ်မြေ၏ 'ဆင့်ခေါ်ခြင်း' ကို ခံခဲ့ရပြီး... သူ၏ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေကို စွန့်ခွာကာ... နက်ရှိုင်းသော နတ်ဆိုးနယ်မြေတွင် လာရောက် တာဝန်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်သည်။
မူလက နတ်ဆိုးနယ်မြေ အသီးသီးသည် ချီလျန်မျိုးနွယ်စုကို ဖိနှိပ်ခဲ့သော်လည်း... ချီလျန်မျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ဘိုးဘေးကြီး သက်ရှိထင်ရှား ရှိနေသေးသဖြင့်... ထိုနယ်မြေများသည် အလွန်အကျွံ လုပ်ရဲခြင်း မရှိခဲ့ပေ။
သို့သော် မကြာသေးမီကမှ ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးကြီးသည် ကျဆုံးသွားခဲ့၏။
ချီလျန်မျိုးနွယ်စုသည် ဤသတင်းကို ဖုံးကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း... စက္ကူဖြင့် မီးကို ထုပ်၍ မရသကဲ့သို့... ယခုအခါ ဤသတင်းမှာ နတ်ဆိုးနယ်မြေ အသီးသီးသို့ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။
ဤအခြေအနေအောက်တွင် ကြက်သွေးရောင်မြွေနဂါးအရှင်သည် ရွှမ်ယိုနန်းတော်မှ ဟန်ယိုထျန်းကျွင်း၏ အမိန့်တစ်ချက်တည်းဖြင့် တိုက်ရိုက် စေလွှတ်ခြင်း ခံလိုက်ရသည်။
" အံ့ဩစရာ မရှိတော့ပါဘူး "
ကုချန်၏ မျက်နှာတွင် သဘောပေါက် နားလည်သွားသော အရိပ်အယောင် ပေါ်လာ၏။
နက်ရှိုင်းသော နတ်ဆိုးနယ်မြေသည် ရက်စက်ကြမ်းကြုတ်သည် ဆိုလျှင်ပင်... အရှင်တစ်ပါး၏ အသက်ကို အကြောင်းမဲ့ စွန့်ပစ်စရာ မလိုဟု... သူ တွေးခဲ့ဖူးသည်။
တကယ်တမ်းမှာ ချီမုန်သည် သူတို့၏ 'လူရင်း' လုံးဝ မဟုတ်နေခြင်းကြောင့်ပင်။
" ဟန်ယိုထျန်းကျွင်းက ရှင့်ကို စည်းရုံးတဲ့ အခွင့်အရေးကို အသုံးချပြီး... ကျွန်မကိုပါ ရှင်းပစ်ချင်နေတာ... ကြည့်ရတာ ရွှမ်ယိုနန်းတော်က... ဘိုးဘေး ဆုံးပါးသွားတဲ့ ကိစ္စကို သိပြီးသား ဖြစ်ပုံရတယ် "
ချီမုန်၏မျက်လုံးများတွင်... အမုန်းတရား အရိပ်အယောင်များနှင့် ပြည့်နှက်နေပြီး... နာကျည်းစွာ ပြောကြားလိုက်လေသည်။