အခန်း (၁၈၇-၁၈၈)
Vol. 14 Ch. 187-188
အခန်း (၁၈၇) - လက်ဖဝါးတစ်ဖက်၊ ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား၊ နားမလည်နိုင်ဖွယ်ရာ
ဆန်းကြယ်သောခေါင်းတလားဘေးပတ်လည်ရှိ လေဟာနယ်သည် ပြောပြ၍မရနိုင်သော တားမြစ်ချက်တစ်ခုကို ထိမိသွားသကဲ့သို့ ရုတ်တရက် အက်ကွဲသွားလေသည်။
ထိုအခိုက်... ကုချန်၏ စိတ်နှလုံးထဲတွင်... ကြီးမားသော ထိတ်လန့်ကြောက်ရွံ့မှုတစ်ခု... ဖြစ်ပေါ်လာခဲ့သည်။
သူသည်... ခေါင်းတလားထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေသော ဝတ်ရုံဖြူရှင်အား... မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသော်လည်း... အဆုံးမဲ့အင်မော်တယ်မြူခိုးများက ထိုသူ၏မျက်နှာအား... ပြန်လည် ဖုံးကွယ်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။
" ဘာတွေ ဖြစ်သွားတာလဲ..... "
ယခုလေးတင် မြင်တွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့်... ကုချန်၏စိတ်နှလုံးမှာ တုန်လှုပ်နေဆဲဖြစ်ပြီး... အသိစိတ် ပြန်မဝင်သေးပေ။
နောက်တစ်ခဏတွင် ပိုမိုအံ့အားသင့်ဖွယ်ကောင်းပြီး နှုတ်ဖြင့်ဖော်ပြ၍မရနိုင်သော မြင်ကွင်းတစ်ခုကို သူမြင်တွေ့လိုက်ရသည်။
ဆန်းကြယ်သောခေါင်းတလားဘေးပတ်လည်ရှိ လေဟာနယ်သည်... သူခေါင်းတလားထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လဲလျောင်းခဲ့စဉ်ကကဲ့သို့ပင်... အက်ကွဲနေပြီး ခန့်မှန်း၍မရနိုင်သော နေရာတစ်ခုဆီသို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်နေသည်။
ထိုအချိန်တွင် အဆုံးမဲ့မြင့်မားသော ကောင်းကင်ယံအဆုံး၌.....
ကောင်းကင်ဘုံအလုံးစုံ၏ အဆုံးသတ်မှ ဆင်းသက်လာသကဲ့သို့သော ကျောက်စိမ်းရောင် လက်တစ်ဖက်ကို ကုချန်၏ အသိစိတ်အာရုံက 'မြင်' လိုက်ရသည်။
ထိုလက်သည် မည်သို့သော လက်မျိုးနည်း။
လုံးဝဥဿုံ ပြီးပြည့်စုံသော ကျောက်စိမ်းဖြူရောင်ဖြစ်ပြီး အပြစ်အနာအဆာဟူ၍ အနည်းငယ်မျှပင် မရှိချေ။
အသေးဖွဲဆုံး အစိတ်အပိုင်းလေးကအစ ပြီးပြည့်စုံခြင်း၊ အပြစ်ကင်းခြင်း၊ လွတ်လပ်ခြင်းနှင့် ထာဝရတည်မြဲခြင်းတို့၏ အထွတ်အထိပ် အမှန်တရားများဖြင့် ပြည့်နှက်နေသည်။
သေချာကြည့်လိုက်လျှင် ထိုလက်သည် အသွေးအသားဖြင့် ဖွဲ့စည်းထားခြင်း ဟုတ်ပါလေစ။
ထိုလက်သည် ရှေးဟောင်းစကြဝဠာများ... ရေတွက်၍မရနိုင်သော အာကာသနှင့် အချိန်ကာလများ ပေါင်းဆုံကာ... အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
အရာအားလုံးသည်... အရာရာတိုင်းသည်... ထိုလက်ဖဝါးတစ်ဖက်တည်း၌ ပါဝင်နေလေသည်။
" ဟင်း... နောက်ဆုံးတော့ ရှာတွေ့သွားပြီပဲ "
ထိုလက် ဆင်းသက်လာသည်နှင့်အမျှ ကုချန်သည် ရယ်သံသဲ့သဲ့တစ်ခုကို ကြားလိုက်ရသည်။
ထိုရယ်သံထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်အချို့ ပါဝင်နေပုံရပြီး ကောင်းကင်ဘုံအလုံးစုံအား တောက်ပသွားစေခဲ့သည်။
ထိုလက်သည် နှေးကွေးစွာ ဆင်းသက်လာသကဲ့သို့ ထင်ရသော်လည်း လက်တွေ့တွင်မူ အချိန်ဟူသော သဘောတရားကို များစွာ ကျော်လွန်နေပြီဖြစ်သည်။
ထိုလက်ဆင်းသက်လာသောအခါ... ထာဝရတည်မြဲသော ကောင်းကင်ဘုံအလုံးစုံသည်... ရပ်တန့်သွားသော ပန်းချီကားချပ်တစ်ခုအလား ငြိမ်သက်သွားပြီး... ထိုလက်တစ်ဖက်တည်းသာလျှင် ရွေ့လျားနိုင်သော တစ်ခုတည်းသော အရာဖြစ်လာသည်။
နောက်ဆုံးတွင်... ထိုလက်သည် ဆန်းကြယ်သောခေါင်းတလားဘေးသို့ ဆင်းသက်လာပြီး... ခေါင်းတလားအား ဆုပ်ကိုင်ကာ... ဖြည်းညင်းစွာ ပိတ်လိုက်လေသည်။
ထိုအချိန်တွင်... ကုချန်သည်လည်း ဤလက်၏ဖြစ်တည်မှုကို ပထမဆုံးအကြိမ်အဖြစ်... သူ၏မျက်လုံးများဖြင့် အမှန်တကယ် မြင်တွေ့လိုက်ရသည်။
" ဝုန်း! "
ဤကောင်းကင်ဘုံအလုံးစုံနှင့် စကြဝဠာကမ္ဘာအပေါင်းမှ မဟုတ်သကဲ့သို့... ပြီးပြည့်စုံသည့် ကျောက်စိမ်းဖြူရောင်လက်အား ကုချန် အမှန်တကယ် မြင်တွေ့လိုက်ရချိန်တွင်... အဆုံးမဲ့သော သတင်းအချက်အလက် စီးကြောင်းကြီးသည် မြစ်တစ်စင်းသဖွယ်... သူ၏ အသိစိတ်ပင်လယ် အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
၎င်းသည် ပင်လယ်ကဲ့သို့ ကျယ်ပြောလှသော ဗဟုသုတများဖြစ်ပြီး... စိတ်ကူး၍မရနိုင်သော၊ အတိုင်းအဆမရှိသော ကျင့်စဉ်များနှင့် ဘုန်းတန်ခိုးများ ပါဝင်နေသည်။
ကောင်းကင်ဘုံအလုံးစုံနှင့် စကြဝဠာပေါင်းများစွာ၏ တာအိုများသည် ၎င်းအထဲ၌ စုဝေးနေသကဲ့သို့ပင်။
နတ်နဂါး/နတ်မြွေ စကြဝဠာရှင်းလင်းခြင်း တာအိုသီချင်း၊ အချိန်နှင့်ဟင်းလင်းပြင် ပျက်သုဉ်းခြင်း နှစ်ကာလများ မျိုးသုဉ်းခြင်းနည်းလမ်း၊ ကောင်းကင်ဘုံ မဟာဂူသခင် အမှန်တရားကျမ်းစာ၊ မာဟာ အတိုင်းအဆမဲ့ ကျမ်းစာ.....
တစ်ချက်ကြည့်လိုက်ရုံဖြင့် ကုချန်သည် မရေမတွက်နိုင်သော ကျင့်စဉ်များနှင့် ဘုန်းတန်ခိုးများကို မြင်တွေ့လိုက်ရသည်။
ထိုကျင့်စဉ်များနှင့် ဘုန်းတန်ခိုးများအကြားတွင်... စစ်မှန်သော ဧကရာဇ်အဆင့် ကျင့်စဉ်များသာမက... အထွတ်အထိပ်အဆင့်ကို ကျော်လွန်သော အင်မော်တယ်နည်းစနစ်များပင် ပါဝင်လေသည်။
တခဏအတွင်းမှာပင်... ဤအဆုံးမဲ့သော ကျင့်စဉ်များနှင့် ဘုန်းတန်ခိုးများသည်... မီးဖိုတစ်ခုတည်း၌ အရည်ကျိုပေါင်းစပ်လိုက်သကဲ့သို့ဖြစ်သွားပြီး... 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' ဟု အမည်ရသော အထွတ်အထိပ် နည်းစနစ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
" ဝုန်း! "
'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' ဟူသော အမည်နာမ ကုချန်၏စိတ်ထဲ၌ ပေါ်လာသည်နှင့် သူ၏မြင်ကွင်းမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
သူ အသိပြန်ဝင်လာသော အချိန်တစ်ခု၌... ဆန်းကြယ်သောခေါင်းတလားထဲတွင် ပြန်လည်ရောက်ရှိနေကြောင်း... တွေ့လိုက်ရသည်။
သူသည် မသိစိတ်ဖြင့် ဘေးနားသို့ လက်လှမ်းလိုက်သော်လည်း ဝတ်ရုံဖြူရှင်အား မထိတွေ့မိတော့ချေ။
ကုချန်သည် လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
ဤတစ်ကြိမ်တွင် ခေါင်းတလားအဖုံးကို အလွယ်တကူ တွန်းဖွင့်နိုင်ခဲ့ပြီး ခေါင်းတလားထဲမှ ထွက်လာနိုင်ခဲ့သည်။
ခေါင်းတလားအပြင်ဘက်ရှိ... ရင်းနှီးနေသော အထက်ကောင်းကင်ပင်မခန်းမဆောင်၏ မြင်ကွင်းကို ကြည့်လိုက်ရင်း... ကုချန်၏မျက်ဝန်းများတွင် အံ့ဩမှုနှင့် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ပေါ်လာလေ၏။
အကယ်၍... 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' ဟူသော အထွတ်အထိပ်နည်းစနစ်သည်... သူ၏စိတ်ထဲတွင် အမှန်တကယ် စွဲထင်ကျန်ရစ်မနေခဲ့ပါက... ယခုလေးတင် ကြုံတွေ့ခဲ့ရသမျှသည် ခဏတာ မက်ခဲ့သော အိပ်မက်တစ်ခုဟုပင် သံသယဝင်မိမည် ဖြစ်သည်။
သို့မဟုတ်ပါက ဤအရာများကို ရှင်းပြနိုင်ခြင်း မရှိပေ။
ခုနက သူ ဘယ်နေရာကို ရောက်သွားခဲ့တာလဲ။
သူနှင့် ပုံပန်းသဏ္ဍာန် ထပ်တူနီးပါးတူညီသော ထိုဝတ်ရုံဖြူရှင်က ဘယ်သူလဲ။
ပြီးတော့ အဆုံးမဲ့ ကြယ်ပင်လယ်အဆုံးသတ်ကနေ ဒီဆန်းကြယ်ခေါင်းတလားကို ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တဲ့ ဖြစ်တည်မှုကရော.....
နောက်ဆုံးအနေနှင့် စိတ်ကူး၍ပင်မရနိုင်သော ထိုကျောက်စိမ်းဖြူရောင်လက်ဖဝါး.....
နောက်ဆုံးမြင်ခဲ့ရသော ထိုလက်ကို တွေးမိရင်း ကုချန် သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်တော့ပေ။
ထိုလက်ပိုင်ရှင်၏ စွမ်းအားသည် သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေ၏။
လက်တစ်ဖက်တည်းဖြင့်ပင်... ကောင်းကင်ဘုံအလုံးစုံနှင့် စကြဝဠာထက်... သာလွန်နေသည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကို... ပေးစွမ်းနိုင်၏။
၎င်းကို မြင်တွေ့ရခြင်းသည် တာအိုကို မြင်တွေ့ရခြင်းပင်။
ကုချန်သည် နောက်ဆုံးအခိုက်အတန့်တွင်... ထိုလက်ကို တဒင်္ဂမျှသာ မြင်လိုက်ရသော်လည်း... အဆုံးမဲ့သော တာအိုနိယာမများကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သည်။
ထိုလက်... သို့မဟုတ် ထိုလက်ပိုင်ရှင်သည်... တာအိုများပင် လူအဖြစ် ဖြစ်တည်လာသည်ဟု... ထင်ရသည်။
" ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား..... "
ကုချန် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
ဤသည်မှာ ထိုလက်ကို မြင်တွေ့ပြီးနောက် သူရရှိခဲ့သော 'ဗဟုသုတ' ပင်ဖြစ်သည်။
ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား... ဤအရာသည် ဘုန်းတန်ခိုး မဟုတ်သလို... ကျင့်စဉ်တစ်ခုဟုလည်း လုံးဝ သတ်မှတ်၍မရပေ။ ၎င်းသည် သူယခင်က ရရှိခဲ့ဖူးသော... ဧကရာဇ်ကိုးပါး၏ အမှန်တရား နားလည်ခြင်း ကျမ်းစာနှင့်... လုံးဝကွဲပြားပြီး သီးခြားအတိုင်းအတာတစ်ခုမှ ဖြစ်တည်မှုဟုပင် ဆိုနိုင်သည်။
၎င်းသည်... ကောင်းကင်ဘုံအလုံးစုံ၏ မူလဥပဒေသများကို ခြုံငုံထားသော မှတ်ချက်ပြုချက်နှင့် ရှင်းလင်းချက် မဟုတ်လျှင်... ကောင်းကင်ဘုံအလုံးစုံ၏ မူလတာအို အကြမ်းဖျင်းပုံစံနှင့် ပိုတူ၏။
စကြဝဠာအားလုံး၏ တာအိုနှင့် ကောင်းကင်ဘုံအလုံးစုံ၏ ဥပဒေသများအားလုံးကို ဤ 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' မှ ဆင့်ပွားယူနိုင်ပုံရသည်။
ကုချန် ခံစားမိသည်မှာ.....
အကယ်၍ သူသာ ဤ 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' ကို အပြည့်အဝ ပိုင်ဆိုင်နားလည်နိုင်ခဲ့ပါက... မည်သည့် ဘုန်းတန်ခိုး၊ မည်သည့် ကျင့်စဉ်မျှ လိုအပ်တော့မည် မဟုတ်ပေ။ စိတ်အာရုံတစ်ချက် ဖြစ်ပေါ်လိုက်ရုံဖြင့်... ဤကောင်းကင်ဘုံအလုံးစုံနှင့် စကြဝဠာပေါင်းများစွာအတွင်း တည်ရှိနေပြီးသော... မတည်ရှိသေးသော ကျင့်စဉ်များနှင့် ဘုန်းတန်ခိုးများ အားလုံးကို ဖန်တီးနိုင်ပေလိမ့်မည်။
" နှမြောစရာပဲ..... "
ဤသို့တွေးမိသောအခါ ကုချန် နောင်တမရဘဲ မနေနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော်... ဤ 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' တွင် ပါဝင်သော အကြောင်းအရာများမှာ... အလွန်ကျယ်ပြန့်ပြီး နက်ရှိုင်းလွန်းသောကြောင့်ပင်။
သူသည် ခေတ္တမျှသာ မြင်လိုက်ရခြင်းဖြစ်ပြီး... သူမှတ်မိသော အကြောင်းအရာများသည်... 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' ၏ အလွန်သေးငယ်သော... အစိတ်အပိုင်းမျှသာ ဖြစ်သည်။
သူ၏ ခန့်မှန်းချက်အရ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းပင် ရှိမည်မဟုတ်ချေ။
သူရရှိလိုက်သည်မှာ 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' ၏ ကျိုးပဲ့နေသော စာလိပ်တစ်ခုအဆင့်မျှသာ ရှိသည်။
အကယ်၍ သူသာ 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' တစ်ခုလုံးကို မှတ်မိနိုင်ခဲ့ပါက... အနာဂတ်တွင် ကျင့်စဉ်များ၊ ဘုန်းတန်ခိုးများ မည်သို့ လိုအပ်တော့မည်နည်း။ သူ၏ ဆန္ဒအတိုင်း... အရာအားလုံးကို ဖန်တီးနိုင်မည် ဖြစ်သည်။
သို့သော် ထိုသို့မရရှိခဲ့လျှင်တောင်... ဤအရာသည် ကုချန်အတွက် စိတ်ကူး၍မရနိုင်လောက်အောင် ကြီးမားသော... ကံတရားအထောက်အပံ့တစ်ခု ဖြစ်နေဆဲပင်။
ကျိုးပဲ့နေသော စာလိပ်တစ်ခုသာ ဖြစ်လင့်ကစား... သူသာ ၎င်းကို ကျင့်ကြံပြီး နားလည်သဘောပေါက်နိုင်ပါက... အတိုင်းအဆမဲ့သော အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်သည်။
ဤကျိုးပဲ့နေသော စာလိပ်၏ အကူအညီဖြင့်... သူ၏ အနာဂတ် ဘုန်းတန်ခိုးများနှင့် ကျင့်စဉ်များ ကျင့်ကြံခြင်းသည်... အားစိုက်ထုတ်မှု ထက်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိစေပေလိမ့်မည်။
ကျိုးပဲ့နေသော စာလိပ်တစ်ခုသာ ဖြစ်သော်လည်း ကုချန် စိတ်ဓာတ်မကျပေ။
အဘယ်ကြောင့်ဆိုသော်... သူသည် တစ်နေ့တွင် ထိုလက်မဟုတ်လျှင်... ထိုလက်ပိုင်ရှင်ကို တွေ့ရမည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။
ဤမပြည့်စုံသေးသော 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' သည်လည်း သူ့လက်ဖြင့်ပင် ပြီးပြည့်စုံလာပေလိမ့်မည်။
" ဒီဆန်းကြယ်တဲ့ ခေါင်းတလားက ဘယ်ကနေ ရောက်လာတာလဲ..... "
ကုချန်၏ အကြည့်သည် သူ့ရှေ့ရှိ ဆန်းကြယ်သောခေါင်းတလားထံ ကျရောက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
သူမြင်တွေ့ခဲ့ရသမျှ အဖြစ်အပျက်များအရ... အနည်းဆုံး အချက်တစ်ချက်ကိုတော့ သူသိလိုက်ရသည်။ ဆန်းကြယ်သောခေါင်းတလားအဖုံးပေါ်ရှိ အင်မော်တယ်တာအို သင်္ကေတများနှင့်... ထိုဆန်းကြယ်သောနေရာမှ အထွတ်အထိပ်သိုင်းပညာရပ်များအားလုံးသည်... ထိုဝတ်ရုံဖြူရှင် ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။
ခေါင်းတလားအဖုံးသည်လည်း ဝတ်ရုံဖြူရှင် ချန်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ခေါင်းတလားကိုယ်ထည်ကိုမူ... ဝတ်ရုံဖြူရှင် ကိုယ်တိုင်ပင်... ၎င်း၏ တိကျသော မူလဇာစ်မြစ်ကို သိရှိပုံမရပေ။
ထို့အပြင်... သူမြင်တွေ့ခဲ့ရသော မြင်ကွင်းထဲတွင်... ထိုဝတ်ရုံဖြူရှင်သည် သူ့ကိုယ်သူ... ဤခေါင်းတလားထဲ၌ မြှုပ်နှံခဲ့သည် မဟုတ်ပါလော။ အဘယ်ကြောင့် သူပထမဆုံး ဖွင့်ကြည့်စဉ်က... ခေါင်းတလားသည် အလွတ်ဖြစ်နေရသနည်း။
ဤအရာအားလုံးသည် စင်စစ်ပင် ရှုပ်ထွေးပြီး နားလည်ရခက်လှပေစွ။
အခန်း (၁၈၈) - အသူရာ ပွင့်ခြင်း၊ ဆန်းကြယ်သော ဆွဲဆောင်မှုနှင့် တားမြစ်နယ်မြေ တုန်လှုပ်ခြင်း
ဆန်းကြယ်သောခေါင်းတလားနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များကို ဖြေရှင်းနိုင်မည့်အစား ကုချန်၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာသာ ပိုတိုးလာခဲ့သည်။
သို့သော် ဤစွန့်စားမှုသည် ဆုံးရှုံးနိုင်ခြေထက် များစွာသော အကျိုးကျေးဇူးများကို ရရှိစေခဲ့သည်။
အခြားအရာများကို မဆိုလျှင်ပင်... ကျိုးပဲ့နေသော 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' စာလိပ်တစ်ခုတည်းနှင့်ပင်... ဤကမ္ဘာလောကရှိ သက်ရှိသတ္တဝါအပေါင်းကို ရူးသွပ်သွားစေရန် လုံလောက်နေပြီဖြစ်သည်။
၎င်းသည် ဧကရာဇ်အဆင့်ကို များစွာကျော်လွန်သော အထွတ်အထိပ်ကျမ်းစာတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင် အဆင့်ရှိသော ဖြစ်တည်မှုများပင်... ဤအရာအတွက် ရူးသွပ်သွားနိုင်သည်ဟု ကုချန် တွေးထင်မိသည်။
" ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား..... "
ကုချန်သည် ခေါင်းတလား၏ ရှေးဟောင်းမျက်နှာပြင်ကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း မျက်ဝန်းများမှာ တောက်ပသွားသည်။
ဤ 'ကောင်းကင်ဘုံအလုံးစုံ၏ အမှန်တရား' အစိတ်အပိုင်းလေး ရှိနေသရွေ့... သူ၏ ရှေ့လျှောက်ရမည့် ရက်များသည်... အထီးကျန်ဆန်တော့မည် မဟုတ်ပေ။
ဤကျိုးပဲ့နေသော အမှန်တရားကျမ်းစာ၏ အကြောင်းအရာများကို အင်မော်တယ်အဆင့် တက်လှမ်းပြီးလျှင်ပင်... အပြည့်အဝ ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်ခြင်း... မရှိမည်ကို သူစိုးရိမ်မိသည်။
" ဝုန်း! "
ကုချန်သည် တာအိုကို ဉာဏ်အလင်းပွင့်ရန် သီးသန့်ကျင့်ကြံခြင်းမပြုမီ... ခေါင်းတလားအဖုံးကို ဘေးသို့ရွှေ့လိုက်စဉ်မှာပင်... အလယ်ပိုင်းတာအိုနယ်မြေဘက်ဆီမှ ကျယ်ပြောလှသော ဟိန်းသံကြီးတစ်ခု... ရုတ်တရက် ထွက်ပေါ်လာသည်။
ကုချန်သည် မော့ကြည့်လိုက်၏။
အလယ်ပိုင်းတာအိုနယ်မြေ၏ ကောင်းကင်ယံတွင်... ဖြန့်ကျက်ထားသော ကောင်းကင်ချောက်နက် အက်ကွဲကြောင်းကြီးသည် အချိန်တစ်ခုအတွင်း... အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့လိုက်ရသည်။
ထို့အပြင်... အက်ကွဲကြောင်းထဲမှ အဆုံးမဲ့သော အင်မော်တယ်စွမ်းအင်များ ထွက်ကျလာပြီး... အမျိုးမျိုးသော မင်္ဂလာရှိသည့် သားရဲကောင်များနှင့် ဖြစ်ရပ်ဆန်းများအသွင် ပြောင်းလဲကာ... အလယ်ပိုင်းဒေသ၏ ကောင်းကင်ယံတွင် ပေါ်ထွက်လာလေသည်။
နောက်ဆုံးတော့ အချိန်တန်ပြီလား။
အသက်ရှိသကဲ့သို့ တဝုန်းဝုန်းမြည်ဟီးကာ... ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသော... ကောင်းကင်ချောက်နက် အက်ကွဲကြောင်းကြီးကို ကြည့်ရင်း... ကုချန်၏အကြည့်များမှာလည်း နက်ရှိုင်းသွား၏။
" ဝီ..... "
ထိုအခိုက်အတန့်တွင် ကုချန်ဘေးရှိ လေဟာနယ်သည် လိမ်တွန့်သွားသည်။
အဆုံးမဲ့ဓားသည်... ဘာမှမရှိသော လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး... ကုချန်၏ရှေ့တွင် ဝဲပျံနေ၏။ ၎င်း၏ ဓားသွားသည် ပြင်းထန်စွာ တုန်ခါနေပြီး... ဓားဦးချွန်သည် ကောင်းကင်ချောက်နက် အက်ကွဲကြောင်းရှိရာဘက်သို့ ညွှန်ပြနေကာ... တစ်စုံတစ်ရာသော ခံစားချက်ကို ထုတ်ဖော်ပြသနေသကဲ့သို့ပင်။
" ဒီကောင်းကင်ချောက်နက်ရဲ့ ဟိုဘက်မှာ... မင်းကို ဆွဲဆောင်နေတဲ့အရာ တစ်ခုခု ရှိနေတယ်လို့... ပြောချင်တာလား "
ကုချန်သည် ပြင်းထန်စွာ တုံ့ပြန်နေသော အဆုံးမဲ့ဓားကို ကြည့်ကာ ၎င်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။
" ဝီ... ဝီ..... "
အဆုံးမဲ့ဓား၏ ထိပ်ဖျားသည် ဆက်တိုက်ဆိုသလို ခေါင်းညိတ်ပြနေပြီး ကုချန်အား အတည်ပြုချက်ပေးနေပုံရသည်။
အဆုံးမဲ့ဓားသည် အင်မော်တယ်လက်နက် တစ်ခု ဖြစ်နေပြီဖြစ်သည်။ ဤကောင်းကင်ချောက်နက်၏ ဟိုဘက်တွင်... ၎င်းကို ဆွဲဆောင်နိုင်သော မည်သည့်အရာများ ရှိနေနိုင်သနည်း။
ကုချန် စဉ်းစားလိုက်သော်လည်း... ချက်ချင်း လှုပ်ရှားခြင်းမပြုပေ။ ထိုအစား... စိတ်လှုပ်ရှားနေသော အဆုံးမဲ့ဓားကို ခေတ္တမျှ ဖိနှိပ်ထိန်းချုပ်လိုက်ပြီး... အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်ချောက်နက် ပွင့်လာပြီး... အင်မော်တယ်လမ်းကြောင်းသည်လည်း... ကျယ်ပြန့်စွာ ပွင့်ဟနေပြီဖြစ်သည်။
ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီးတွင်... နှစ်ပေါင်းများစွာ အိပ်စက်စောင့်ဆိုင်းနေခဲ့ကြသော ရှေးဟောင်းအရှင်သခင်များသည်... အစိုးရိမ်ဆုံးဖြစ်နေကြပေလိမ့်မည်။ သူတို့ကို အရင်လွှတ်ပြီး စမ်းသပ်ခိုင်းလိုက်သည်က... မနောက်ကျသေးပေ။
အထက်ကောင်းကင်ဘုံ၏ နက်ရှိုင်းသောနေရာတစ်နေရာတွင်.....
ကုချင်းရွဲ့သည် တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။
ရုတ်တရက် သူ၏လက်ချောင်းရှိ သိုလှောင်လက်စွပ်သည် တောက်ပလာပြီး တုန်ခါသွားသဖြင့် ကုချင်းရွဲ့မှာ ကျင့်ကြံခြင်းမှ လန့်နိုးသွားလေသည်။
" ဆရာသခင်... ဘာဖြစ်လို့လဲ "
ကုချင်းရွဲ့သည် သူ၏ သိုလှောင်လက်စွပ်ကို ကြည့်လိုက်ပြီး... သူ၏ လှပသောမျက်ဝန်းများတွင် အံ့ဩမှုများ ဖြစ်ပေါ်လာသည်။
သူ ကျင့်ကြံနေစဉ်အတွင်း... အလွန်အရေးကြီးသော ကိစ္စမရှိပါက... နတ်သမီးရှောင်းယွဲ့အနေဖြင့်... သူ့ကို အလွယ်တကူ အနှောင့်အယှက်ပေးလေ့မရှိပေ။
သို့သော် ယခုမူ သူ၏ဆရာသခင်သည် စိတ်လောနေပုံရသည်။ ဘာများ ဖြစ်ပျက်နေသနည်း။
" ချင်းရွဲ့! "
သိုလှောင်လက်စွပ်သည် အနည်းငယ် တုန်ခါသွားပြီး... နတ်သမီးရှောင်းယွဲ့၏ အသံသည်လည်း... စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေ၏။
" ငါ အာရုံခံမိတယ်... ကောင်းကင်ချောက်နက် အက်ကွဲကြောင်းရဲ့ ဟိုဘက်မှာ... ငါအရေးတကြီး လိုအပ်နေတဲ့ အထွတ်အထိပ်ရတနာတစ်ခု ရှိနေတာကို... ငါအာရုံခံမိတယ် "
ဆရာသခင် အရေးတကြီးလိုအပ်နေသော အထွတ်အထိပ်ရတနာတစ်ခုလော။
ကုချင်းရွဲ့ အနည်းငယ် ကြောင်အသွား၏။
နောက်တစ်ခဏတွင်... ယင်နှင့်ယန် အရောင်များ စီးဆင်းနေသော ရှေးဟောင်းတာအိုသစ်ကိုင်းတစ်ခုသည်... သိုလှောင်လက်စွပ်ထဲမှ ထွက်ပေါ်လာပြီး... ၎င်းကို အခြေပြု၍ နတ်သမီးရှောင်းယွဲ့၏ ပုံရိပ်သည်လည်း... ရုပ်လုံးပေါ်လာလေသည်။
" ဟုတ်တယ်... အဲဒီ ကောင်းကင်ချောက်နက်ရဲ့ ဟိုဘက်မှာ... ငါလိုချင်တဲ့အရာ တစ်ခုခု ရှိနေတယ် "
နတ်သမီးရှောင်းယွဲ့၏ လှပသောမျက်ဝန်းများတွင်... စိတ်လှုပ်ရှားမှုနှင့် တောင့်တမှုများ ပြည့်နှက်နေသည်။
" ငါ့မှာ အာရုံခံမိတာ တစ်ခု ရှိနေတယ်... အဲဒီပစ္စည်းကိုသာ ရလိုက်ရင်... ငါ့ရဲ့ ရုပ်ခန္ဓာကိုယ် ကို အစစ်အမှန် ပြန်လည်ပုံဖော်နိုင်ပြီး... ဒီလက်စွပ်ရဲ့ ချုပ်နှောင်မှုကနေ ထာဝရလွတ်မြောက်နိုင်လိမ့်မယ် "
ဆရာသခင်၏ ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်နိုင်မည့် အထွတ်အထိပ်ရတနာတစ်ခုလော။
ဤစကားကို ကြားလိုက်ရသောအခါ ကုချင်းရွဲ့ပင် စိတ်လှုပ်ရှားသွားမိသည်။
အတိတ်ကာလက... သူ၊ ယဲ့ယင်းယင်းနှင့် အခြားသူများသည် လူသားဧကရာဇ် လျှို့ဝှက်နယ်မြေသို့ စွန့်စားသွားရောက်ခဲ့စဉ်... လူသားဧကရာဇ် ချီးမြှင့်သော ယင်ယန်တာအိုသစ်ကိုင်းတစ်ခုကို ရရှိခဲ့သည်။
နတ်သမီးရှောင်းယွဲ့သည် ထိုယင်ယန်တာအိုသစ်ကိုင်းကို အသုံးပြု၍... ရုပ်သေးရုပ်ခန္ဓာတစ်ခုကို သန့်စင်ဖန်တီးခဲ့ပြီး... သူ၏ ဝိညာဉ်ကို ထိုရုပ်သေးခန္ဓာတွင် ခေတ္တတွယ်ကပ်ကာ... လှုပ်ရှားသွားလာနိုင်ခဲ့သည်။
သို့သော် ဤသည်မှာ ယာယီအစီအစဉ်တစ်ခုသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်... ယင်ယန်တာအိုသစ်ကိုင်းဖြင့် ပြုလုပ်ထားသော ရုပ်သေးခန္ဓာသည်... နတ်သမီးရှောင်းယွဲ့၏ ဝိညာဉ်ကို ပြီးပြည့်စုံစွာ ခံနိုင်ရည်မရှိသောကြောင့် ဖြစ်သည်။ သူသည် သိုလှောင်လက်စွပ်ကို အချိန်ကြာမြင့်စွာ စွန့်ခွာ၍မရပေ။ သို့မဟုတ်ပါက... သူ၏ ဝိညာဉ်သည် ပြိုကွဲပျက်စီးသွားလိမ့်မည် ဖြစ်သည်။
ယခုမူ သူ၏ဆရာသခင်က... ကောင်းကင်ချောက်နက်၏ ဟိုဘက်တွင်... သူ၏ ရုပ်ခန္ဓာကို စစ်မှန်စွာ ပြန်လည်ပုံဖော်ပေးနိုင်မည့်... အထွတ်အထိပ်ရတနာတစ်ခု ရှိနေကြောင်း အာရုံခံမိသည်ဟု ပြောနေသည်။
ဤအရာသည် ဆရာသခင်အတွက် မည်မျှ ဆွဲဆောင်မှုရှိကြောင်း ကုချင်းရွဲ့ ကောင်းစွာသိသည်။
" ကံဆိုးတာက..... "
စိတ်လှုပ်ရှားနေသော်လည်း... နတ်သမီးရှောင်းယွဲ့၏ မျက်နှာတွင်... ဝေခွဲမရဖြစ်မှုနှင့် တွေဝေမှုများ ပေါ်လာသည်။
ကောင်းကင်ချောက်နက်၏ ဟိုဘက်တွင်... သူ၏ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ရန် လိုအပ်သော... အထွတ်အထိပ်ရတနာ ရှိနိုင်ကြောင်း အာရုံခံမိလျှင်ပင်... ဘာများ အသုံးဝင်မည်နည်း။
လက်ရှိတွင်... ကောင်းကင်ချောက်နက် အက်ကွဲကြောင်းသည်... အဆုံးမဲ့ကမ္ဘာတစ်ခုလုံး၏ အာရုံစိုက်ရာ... ဗဟိုချက် ဖြစ်လာနေပြီဖြစ်သည်။
ရေတွက်၍မရနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ၏ အကြည့်များသည် ဤနေရာ၌ စုဆုံနေပြီး အပြောင်းအလဲတိုင်းကို စောင့်ကြည့်နေကြသည်။
အကယ်၍... နတ်သမီးရှောင်းယွဲ့သာ သူ၏ ယခင်ကျင့်ကြံမှုအဆင့် ရှိနေသေးလျှင်... ဤအရာများကို ဂရုစိုက်နေမည် မဟုတ်ပေ။ သူ လိုအပ်သည်ကို... ချက်ချင်း သွားရောက်ရယူပေလိမ့်မည်။
သို့သော် ယခု သူသည် အရေးမပါသော ဝိညာဉ်အကြွင်းအကျန်မျှသာ ဖြစ်သည်။
သူ၏ အတိတ်က ဗဟုသုတများသည် ယခုအချိန်တွင် ဘာများ အသုံးဝင်မည်နည်း။
ဆန်မရှိဘဲ ထမင်းချက်၍ မရနိုင်ပေ။
လက်ရှိ သူသည် အများဆုံးမှ ဧကရာဇ်တပိုင်း အဆင့်လောက်သာ ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး... သာမန် အဆုံးမဲ့ကမ္ဘာ တုယောင်ဧကရာဇ် တစ်ပါးကိုပင်... ယှဉ်နိုင်မည်မဟုတ်ပေ။ ကောင်းကင်ချောက်နက်၏ ဟိုဘက်ရှိ... သူလိုချင်သော အရာကို... မည်သို့ ရယူနိုင်မည်နည်း။
ယခုအချိန်တွင်... ရေတွက်၍မရနိုင်သော တားမြစ်နယ်မြေအရှင်သခင်များသည်... ထိုနေရာကို လောဘတကြီး... စောင့်ကြည့်နေကြသည် မဟုတ်ပါလော။
သို့သော် သူ့အနေဖြင့် ဤအတိုင်း လက်လျှော့လိုက်ရမည်လား။
ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ပေးနိုင်သော အထွတ်အထိပ်ရတနာဆိုသည်မှာ... တွေ့ကြုံရခဲလှသော အရာဖြစ်သည်။ အကယ်၍ ဤအခွင့်အရေးကို လက်လွတ်လိုက်ပါက... နောက်တစ်ကြိမ် မည်သည့်အချိန်မှ ရနိုင်မည်ကို... သူ မသိပေ။
ထိုအချိန်တွင်... နတ်သမီးရှောင်းယွဲ့၏ အကြည့်သည်... မသိစိတ်အရ အထက်ကောင်းကင်ပင်မခန်းမဆောင် ရှိရာဘက်သို့... ရောက်ရှိသွားလေသည်။
လက်ရှိအချိန်တွင်... သူ့ကို ကူညီနိုင်မည့်သူမှာ... ကုချင်းရွဲ့၏ ရှေးဘိုးဘေး... ကောင်းကင်ဘုံအရှင်သခင်သာ ရှိကြောင်း... သူ သိလိုက်သည်။
... ... ... ...
ထိုအချိန်၌ပင်.....
ကျယ်ပြောလှသော နယ်မြေကြီးငါးခု အတွင်းရှိ... ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီးတွင်.....
ကောင်းကင်ချောက်နက်ကြီး တုန်ခါသွားပြီး... အဆုံးမဲ့ အင်မော်တယ်စွမ်းအင်များ ကောင်းကင်မြစ်တစ်စင်းသဖွယ် စီးဆင်းလာသောအခါ.....
နတ်ဘုရားသင်္ချိုင်း၊ မူလရှေးဟောင်းတွင်းနက်၊ ရှေးဟောင်းဧကရာဇ်တောင်.....
ရှင်သန်ခြင်းတားမြစ်နယ်မြေတိုင်းရှိ ရှေးဟောင်းအရှင်သခင်များအားလုံး နိုးထလာကြ၏။ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များသည်... တားမြစ်နယ်မြေများအတွင်းမှ တောက်ပလာပြီး... အားလုံးသည် ကောင်းကင်ချောက်နက် ရှိရာဘက်သို့သာ... ကြည့်လိုက်ကြသည်။
" ကောင်းကင်ချောက်နက် ပွင့်ပြီ... အင်မော်တယ်လမ်းကြောင်း စတင်တော့မယ် "
" နောက်ဆုံးတော့... နှစ်သန်းပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးတဲ့နောက်မှာ... ဒီအခိုက်အတန့်ကို ငါ ရောက်လာနိုင်ခဲ့ပြီ "
" ဟားဟားဟား... နှစ်ထောင်ပေါင်းသောင်းပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာ တန်တယ်... ဒီအရှင်သခင်က လူ့လောကမှာ... ကပ်ကမ္ဘာပေါင်းများစွာ ကြာအောင် နေခဲ့ရပြီ... အခုတော့ ကောင်းကင်ချောက်နက်ကို ဖောက်ထွက်ပြီး... လမ်းဆုံးမှာ အင်မော်တယ်အဆင့် တက်လှမ်းနိုင်တော့မယ် "
" နှစ်ကာလတွေက လက်တစ်ဖျစ်ခြစ်ကာလလို ကုန်ဆုံးသွားတယ်... ကပ်ကမ္ဘာတွေက အိပ်မက်တစ်ခုလိုပါပဲ... ဒီနေ့မှာ အရာအားလုံး အဆုံးသတ်တော့မယ်.....
အင်မော်တယ်တက်လှမ်းမယ်... အင်မော်တယ် ဖြစ်ရမယ်! "
အရှင်သခင်တစ်ပါးပြီးတစ်ပါး ဟိန်းဟောက်လိုက်ကြပြီး... သူတို့၏ စိတ်နှလုံးထဲမှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ကြပေ။
သူတို့သည် မိမိကိုယ်ကို ဖိနှိပ်ချုပ်တည်းကာ... အေးစက်တိတ်ဆိတ်သော တားမြစ်နယ်မြေများတွင်... နှစ်ထောင်ပေါင်းသောင်းပေါင်းများစွာ အိပ်စက်စောင့်ဆိုင်းခဲ့ကြသည်။ အဘယ်အရာအတွက်နည်း။ ဒီနေ့ ဒီအချိန်အတွက် မဟုတ်ပါလော။
ကောင်းကင်ချောက်နက်သည် အပြည့်အဝ ပွင့်သွားပြီဖြစ်ပြီး... အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးသည်... သူတို့၏ မျက်စိရှေ့မှောက်တွင် ရောက်ရှိနေပြီဖြစ်သည်။
ယခုအချိန်တွင်... တားမြစ်နယ်မြေများရှိ အရှင်သခင်အားလုံးနီးပါး... ပြန်လည်နိုးထလာကြပြီဖြစ်သည်။ သူတို့သည် ယခု ထွက်ပေါ်လာပြီး... ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ကာ... ဤခေတ်ကာလတွင် တာအိုကို ရယူ၍... အင်မော်တယ်အဖြစ် တက်လှမ်းကြပေတော့မည်။