အခန်း (၁၉၁-၁၉၂)
Vol. 14 Ch. 191-192
အခန်း (၁၉၁) - အရှင်သခင်မွေးဖွားလာခြင်း၊ မည်သူမျှမထိပါးနိုင်ခြင်း၊ စားသောက်ခြင်းနိဒါန်း
အဆုံးမဲ့နယ်မြေငါးခုရှိ လူသားမျိုးနွယ်အင်အားစုများစွာသည်... ရှေးဟောင်းမျိုးနွယ်များ ရုတ်တရက်ဆုတ်ခွာသွားမှုအပေါ်... ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး... သူတို့ကို မည်သည့်အရာများ စောင့်ကြိုနေသည်ကို လုံးဝမသိကြပေ။
နယ်မြေငါးခုအတွင်း ကျန်ရှိနေသေးသော ဧကရာဇ်မျိုးနွယ်စုအချို့သည် တားမြစ်နယ်မြေများဆီမှ 'စာ' များ လက်ခံရရှိခဲ့ကြသည်။
အတိတ်က ဧကရာဇ်မျိုးနွယ်စုကို တည်ထောင်ခဲ့သော လူသားဧကရာဇ်တိုင်းသည် ဧကရာဇ်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြသည်မဟုတ်ပေ။ အချို့သော ရှေးဟောင်းဧကရာဇ်များသည် တားမြစ်နယ်မြေများထဲတွင် သီးခြားနေထိုင်ခဲ့ကြသည်။
ယခု အရှင်သခင်များ ထွက်ပေါ်လာတော့မည်ဖြစ်ရာ... တားမြစ်နယ်မြေများထဲတွင် ပုန်းအောင်းနေသော လူသားဧကရာဇ်အချို့သည်... သူတို့၏မျိုးဆက် ဧကရာဇ်မျိုးနွယ်စုများထံ သတင်းစကားပါးလိုက်ကြသည်။ ဘိုးဘွားပိုင်နယ်မြေများထဲမှ ထွက်မလာကြရန်နှင့်... သို့မှသာ ဘေးဒုက္ခကြား မရောက်ရှိမည်ဖြစ်ကြောင်း... သတိပေးလိုက်ကြသည်။
ဧကရာဇ်မျိုးနွယ်စုတစ်ခုဖြစ်သော ရွှီမိသားစု.....
" မိသားစုခေါင်းဆောင်...ကျွန်တော်တို့တကယ်ပဲ အဆုံးမဲ့ကမ္ဘာက လူသားမျိုးနွယ်တွေကို ဘာဖြစ်လာတော့မယ်ဆိုတာ မပြောပြတော့ဘူးလား "
အမှန်တရားကို သိရှိပြီး... ကိုယ်ကျင့်တရားလက်ကိုင်ထားဆဲဖြစ်သော ရွှီမိသားစုအကြီးအကဲတစ်ဦးက... လာမည့်ဘေးဒုက္ခအကြောင်း နယ်မြေငါးခုရှိ လူသားမျိုးနွယ်အား ကြိုတင်သတိပေးလိုသဖြင့်... ရွှီမိသားစုခေါင်းဆောင်အား မနေနိုင်ဘဲ ပြောလိုက်မိသည်။
သို့သော် ထိုရွှီမိသားစုအကြီးအကဲသည် ရွှီမိသားစုခေါင်းဆောင်ထံမှ အေးစက်သော တုံ့ပြန်မှုကိုသာ ရရှိခဲ့သည်။
" သူတို့ကို ပြောပြနေလို့ ဘာထူးမှာလဲ... အရှင်သခင်တွေ ထွက်ပေါ်လာတာနဲ့ သွေးချောင်းစီးမယ့်ကိစ္စက ဖြစ်ကိုဖြစ်လာမယ့် အဆုံးသတ်ပဲ... အခု ငါ့ရွှီမိသားစုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ တတ်နိုင်တယ်... တခြားဘာမှ မလုပ်ပေးနိုင်ဘူး "
ရွှီမိသားစုခေါင်းဆောင်က ဂရုမစိုက်စွာဖြင့် ငြင်းပယ်လိုက်သည်။
" လူတိုင်းသာ ဒီအကြောင်းကို သိသွားရင်.... ငါ့ရွှီမိသားစုဆီ ခိုလှုံဖို့ ရောက်မလာကြဘူးလို့ အာမခံနိုင်လား... ငါ့ရွှီမိသားစုက ဧကရာဇ်မျိုးနွယ်စု ဖြစ်ပေမယ့် သူတို့ကို ဘယ်လိုကာကွယ်ပေးနိုင်မှာလဲ "
ရွှီမိသားစုခေါင်းဆောင်၏ အေးစက်သော တုံ့ပြန်စကားကို ကြားလိုက်ရသောအခါ... ရွှီမိသားစုအကြီးအကဲသည် ပြောစရာစကားမရှိ ဖြစ်သွားပြီး... နောက်ဆုံးတွင် သက်ပြင်းကိုသာ ချလိုက်မိသည်။
ရွှီမိသားစုသည် ဧကရာဇ်မျိုးနွယ်စုဖြစ်သည့်အတွက် ဤကမ္ဘာလောကရှိ လူသားမျိုးနွယ်အတွက် တစ်စုံတစ်ခု လုပ်ပေးသင့်သည်ဟု သူခံစားမိသည်။
သို့သော် ရွှီမိသားစုခေါင်းဆောင် ပြောသကဲ့သို့ပင်... ရွှီမိသားစုသည် ယခုအခါ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းကာကွယ်နေရသည်ဖြစ်ရာ... ကမ္ဘာလောကရှိ လူသားမျိုးနွယ်ကို ကာကွယ်ပေးရန် မည်သည့်အင်အား ပိုနေပါမည်နည်း။
" ဧကရာဇ်မဟာမိတ်အဖွဲ့..... "
ရွှီမိသားစုအကြီးအကဲသည် တစ်ကိုယ်တည်း ရေရွတ်လိုက်မိပြီး စိတ်ထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်နေ၏။
သူ၏စိတ်ထဲတွင်... ဧကရာဇ်မဟာမိတ်အဖွဲ့ကို ကမ္ဘာလောက၏ အလင်းလက်ဆုံးနှင့် အမြင့်မြတ်ဆုံးနေရာအဖြစ် သတ်မှတ်ခဲ့ဖူးပြီး... အဖွဲ့ထဲရှိ မဟာဧကရာဇ်များကို လူသားမျိုးနွယ်၏ ထိပ်တန်းပုဂ္ဂိုလ်များ... လူသားမျိုးနွယ်ကို ကာကွယ်ပေးမည့် မျှော်လင့်ချက်များဟု ထင်မှတ်ခဲ့ဖူးသည်။
သို့သော် အစမှအဆုံးထိ ဧကရာဇ်မဟာမိတ်အဖွဲ့သည် လူသားမျိုးနွယ်အတွက် ဘာလုပ်ပေးခဲ့သနည်း။ ကိုယ်ကျိုးစီးပွားအတွက်သာ အမြဲလုပ်ဆောင်ခဲ့ကြသည်။
ယခု လူသားမျိုးနွယ်အပေါ် ကပ်ဘေးကြီး ကျရောက်နေချိန်တွင် ဧကရာဇ်မဟာမိတ်အဖွဲ့သည် အသံပင် မထွက်ရဲချေ။
ထိုအခိုက်အတန့်တွင် ရွှီမိသားစုအကြီးအကဲ၏ ခေါင်းထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာ၏။
အကယ်၍... ကောင်းကင်ဘုံအရှင်သခင်သာ လူသားမျိုးနွယ်ကို သစ္စာမဖောက်ခဲ့လျှင်... သူ၏ လုပ်ဆောင်တဲ့ပုံစံအရ... ယခုအချိန်တွင် ဘာဖြစ်လာမည်နည်း။
သူသည် လူသားမျိုးနွယ်တစ်ခုလုံးကို သူ့နောက်တွင်ထားကာ... တားမြစ်နယ်မြေအားလုံးကို သူတစ်ဦးတည်းအင်အားဖြင့် တွန်းလှန်ပြီး... သန်းပေါင်းများစွာသော လူသားမျိုးနွယ်ဝင်များကို ကာကွယ်ပေးလိမ့်မည်ဟု ထင်မိသည်။
သို့သော် ကံဆိုးစွာဖြင့်... ဤအရာအားလုံးသည် မဖြစ်နိုင်တော့သည့်... စိတ်ကူးယဉ် အခြေအနေတစ်ခုသာ ဖြစ်ရန် ကံပါလာခဲ့သည်။
... ... ... ...
အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ... မူလရှေးဟောင်းတွင်းနက်.....
အေးစက်တိတ်ဆိတ်နေသော မူလရှေးဟောင်းတွင်းနက်သည် ယခုအခါ ပြန်လည်နိုးထလာသကဲ့သို့ ဖြစ်နေပြီး... ရှေးဟောင်းသတ္တုတွင်းပေါက်များသည် တောက်ပစွာ လင်းလက်လာကာ... နေ၊ လ နှင့် ကြယ်တို့၏ အနှစ်သာရများကို စုပ်ယူနေကြသည်။
မူလရှေးဟောင်းတွင်းနက်၏ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်ရာ ဖြစ်စဉ်အမျိုးမျိုးသည် အလှည့်ကျ ပေါ်ပေါက်လာနေသည်။
" ဟီးဟီး... နှစ်ပေါင်းသိန်းချီ စောင့်ဆိုင်းခဲ့ပြီးနောက်... ဒီနေ့တော့ နောက်ဆုံး ရောက်လာခဲ့ပြီပဲ "
ခံစားချက်ပါသော လေသံအေးအေးတစ်ခု ထွက်ပေါ်လာသည်။ ရှေးဟောင်းသတ္တုတွင်းပေါက်တစ်ခုထဲမှ... အဆုံးမဲ့အလင်းရောင်များ ရုတ်တရက် ဖြာထွက်လာသည်။ နောက်တစ်ခဏတွင်... ကြည်လင်သောအလင်းနှင့် တာအိုသဘောတရားများ လွှမ်းခြုံထားသော ပုံရိပ်တစ်ခုသည် သတ္တုတွင်းပေါက်ထဲမှ ထွက်ပေါ်လာပြီး... ကောင်းကင်ထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်လိုက်သည်။
ထိုပုံရိပ်သည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး... လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ပုံစံကဲ့သို့... အလွန်ရှေးကျသော ဝတ်စားဆင်ယင်မှုမျိုး ရှိသည်။
ထိုပုံရိပ်၏ ခန္ဓာကိုယ်ထက်မှ အလင်းတန်းများသည်... ကောင်းကင်ဘုံကိုးခုဆီသို့ တည့်မတ်စွာ ထိုးတက်သွားပြီး... အရပ်မျက်နှာအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
" ခေတ်အဆက်ဆက် စောင့်ဆိုင်းနေခဲ့တာ ဒီနေ့အတွက် မဟုတ်ဘူးလား "
နောက်ထပ် သတ္တုတွင်းပေါက်တစ်ခုမှ အဆုံးမဲ့အလင်းများ ပေါက်ကွဲထွက်လာ၏။ ပြိုင်ဘက်ကင်း အုပ်စိုးသူတစ်ဦးကဲ့သို့ ဧကရာဇ်ဝတ်ရုံကို လွှမ်းခြုံထားသော ခန့်ညားထည်ဝါသည့် ပုံရိပ်တစ်ခုသည် ကြေးညိုစစ်ရထားပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ ထိုရထားကို ဧကရာဇ်တပိုင်းအဆင့် နတ်ကျားတစ်ကောင်က ဆွဲထားပြီး ကောင်းကင်ထက်သို့ ဖြည်းညင်းစွာ တက်လှမ်းလာ၏။
" ကောင်းကင်ချောက်နက်ထဲ ဝင်ရောက်သတ်ဖြတ်ပြီး... အင်မော်တယ်တက်လှမ်းခြင်း လမ်းဆုံးကို ရောက်ရမှာ ဒီနေ့ပဲ "
" ငါ့ရဲ့တာအို... ငါ့ရဲ့ ဥပဒေသတွေကို ဒီနေ့ သက်သေပြပြီး... ထာဝရတည်မြဲခြင်းကို ရယူရမယ် "
အေးစက်ပြီး ဂရုမစိုက်သော အသံများသည်... နယ်မြေငါးခု၏ တားမြစ်နယ်မြေများအတွင်း... ပဲ့တင်ထပ်နေသည်။
မူလရှေးဟောင်းတွင်းနက် တစ်ခုတည်းတင်မကဘဲ... အခြားသော တားမြစ်နယ်မြေများအတွင်း၌လည်း... ပြိုင်ဘက်ကင်း ဧကရာဇ်အရှိန်အဝါများ ထွက်ပေါ်လာပြီး... မိုင်သန်းပေါင်းများစွာအထိ လွှမ်းခြုံသွားသည်။ ရှေးဟောင်းဧကရာဇ်များနှင့် အတိတ်က ဧကရာဇ်များသည်... တစ်ပါးပြီးတစ်ပါး ထွက်ပေါ်လာကြလေပြီ။
တစ်ပါး၊ နှစ်ပါး၊ ငါးပါး.....
နောက်ဆုံးတွင် ကမ္ဘာမြေကို တုန်လှုပ်စေသော အရှိန်အဝါ ဆယ်ခုကျော်သည် နယ်မြေငါးခုမှ ထွက်ပေါ်လာခဲ့သည်။
" တားမြစ်နယ်မြေအရှင်သခင်တွေ အများကြီး ထွက်လာကြတာပဲ..... "
နယ်မြေငါးခုအတွင်း၌ ကျင့်ကြံခြင်းမပြုသော သာမန်သက်ရှိများပင်လျှင် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသော ကြီးမားသည့် စွမ်းအားများကို ခံစားမိကြသည်။
မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများဆိုလျှင် စိတ်နှလုံးများ ပို၍ပင် တုန်လှုပ်နေကြရသည်။
ဤမျှများပြားသော တားမြစ်နယ်မြေအရှင်သခင်များ ထွက်ပေါ်လာခြင်းမျိုး ရှေးယခင်နှင့် ယခုခေတ်ကာလများတွင် မည်သည့်အချိန်က ဖြစ်ပျက်ခဲ့ဖူးသနည်း။
ကောင်းကင်ချောက်နက် ပွင့်လာခြင်းကို ဤတားမြစ်နယ်မြေအရှင်သခင်များက အင်မော်တယ်တက်လှမ်းခြင်းအတွက် အကောင်းဆုံးအခွင့်အရေးအဖြစ် မှတ်ယူထားကြပုံရသည်။ သို့မဟုတ်ပါက သူတို့သည် အစွမ်းကုန်ထုတ်ပြီး ဤအချိန်တွင် ထွက်လာကြမည် မဟုတ်ပေ။
" အင်မော်တယ်တက်လှမ်းခြင်း "
အမှန်တရားကို မသိသော ကျင့်ကြံသူအချို့သည် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ဤတားမြစ်နယ်မြေအရှင်သခင်အားလုံးက ဤအချိန်သည်... အင်မော်တယ်တက်လှမ်းခြင်း အတွက် အကောင်းဆုံးအချိန်ဟု... ယုံကြည်နေကြသည်။ ဖြစ်နိုင်လျှင် သူတို့လည်း ဝေစုတစ်ခုရပြီး... ဤတားမြစ်နယ်မြေအရှင်သခင်များနောက် လိုက်ကာ... အင်မော်တယ်တက်လှမ်းခြင်းကို ရယူနိုင်မည်လော။
ဤသည်မှာ တစ်သက်တွင် တစ်ခါသာရနိုင်သော အခွင့်အရေးပင်။
နယ်မြေငါးခုမှ သက်ရှိများသည် တုန်လှုပ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ဖြစ်ပေါ်နေကြပြီး... ဤအရာမှာ နှစ်သောင်းချီအတွင်း မမြင်ဖူးသော ပြောင်းလဲမှုတစ်ခုဟု ယုံကြည်ကာ... ရေနောက်တွင် ငါးဖမ်းသကဲ့သို့ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို အရယူရန် ကြံစည်ကြ၏။
သို့သော် သူတို့သည် သူတို့၏ အဆင့်အတန်းကို လုံးဝမေ့လျော့နေကြသည်။
ခွန်ဧကရာဇ်ပင်လျှင် သူ၏ အခြေအနေဆိုးရွားမှုကြောင့် စောစီးစွာ ထွက်ပေါ်လာခဲ့ရပြီး... တားမြစ်နယ်မြေအရှင်သခင်များထက် ဦးအောင် ကောင်းကင်ချောက်နက်ထဲ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း... နောက်ဆုံးတွင် ဝမ်းနည်းဖွယ်ရာ အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်ကို သူတို့ မေ့လျော့နေကြ၏။
ဤတားမြစ်နယ်မြေအရှင်သခင်များ၏ မျက်စိအောက်တွင် သာမန်ပုရွက်ဆိတ်များက အကြွင်းအကျန်များကို ကောက်ယူနိုင်လိမ့်မည် မဟုတ်ချေ။
" ဟားဟားဟားဟား... အင်မော်တယ်တက်လှမ်းခြင်း... ငါလာပြီဟေ့ "
အချို့က စိတ်လှုပ်ရှားပြီး အချို့က လက်တွေ့လုပ်ဆောင်ကြသည်။
အလယ်ပိုင်းဒေသတာအိုနယ်မြေတွင် သက်တမ်းကုန်ဆုံးတော့မည့် သူတော်စင်အိုကြီး တစ်ဦးသည် မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာထားဖြင့် ကောင်းကင်ချောက်နက် အက်ကွဲကြောင်းဆီသို့ ပျံသန်းသွား၏။
သူသည် သေသည်အထိ တိုက်ခိုက်ပြီး... အင်မော်တယ်တက်လှမ်းခြင်းကို ကြိုးပမ်းရန် ဆုံးဖြတ်ထားသဖြင့်... အခြားအရာများကို ဂရုမစိုက်တော့ပေ။
သို့သော်... မျှော်လင့်ချက်နှင့် အလင်းရောင်များ ပြည့်နှက်နေသော ကောင်းကင်ချောက်နက် အက်ကွဲကြောင်းဆီသို့ သူ မရောက်ရှိနိုင်မီတွင်... ကောင်းကင်ကို ဖုံးလွှမ်းသွားသော လက်ကြီးတစ်ဖက်သည် ကောင်းကင်ဘုံကိုးခုထက်မှ ဆင်းသက်လာပြီး... ထိုလူသားမျိုးနွယ် သူတော်စင်အိုကြီး ကို ခြင်တစ်ကောင် ရိုက်သတ်သကဲ့သို့... ချက်ချင်း ဖိချေပစ်လိုက်လေသည်။
" ပုရွက်ဆိတ်လို သတ္တဝါက ငါအရှင်သခင်ရဲ့ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို လိုချင်တပ်မက်ရဲတယ်လား "
ကောင်းကင်ဘုံကိုးခုထက်တွင် အရှင်သခင်တစ်ပါးသည် သူ၏လက်ကို ဖြည်းညင်းစွာ ပြန်ရုတ်သိမ်းလိုက်ပြီး အေးစက်စွာ ပြောကြားလိုက်သည်။
ဤသည်မှာ သူတို့၏ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးဖြစ်ပြီး တားမြစ်နယ်မြေအရှင်သခင်များသာ ပိုင်ဆိုင်သော ပွဲတော်ကြီးဖြစ်သည်။
နဂါးပါးစပ်ထဲမှ အစာကို ပုရွက်ဆိတ်က လုရဲသလော။ သေလမ်းရှာနေခြင်းသာ ဖြစ်သည်။
လေဟာနယ်ထဲတွင် သွေးပွင့်များ ပေါက်ကွဲသွားသည်ကို ကြည့်ရင်း... အင်မော်တယ်တက်လှမ်းခြင်းကြောင့် မူးနောက်နေသော ကျင့်ကြံသူအချို့၏ရင်ထဲတွင် ထိတ်လန့်သွားပြီး... စိတ်ငြိမ်အောင် တော်တော်လေးကြိုးစားလိုက်ရသည်။
ဤတားမြစ်နယ်မြေအရှင်သခင်များသည် သူတို့၏ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို အခြားသူများ ဝင်ရောက်စွက်ဖက်ခြင်းအား လုံးဝခွင့်ပြုမည်ပုံ မရပေ။
သို့သော်... နောက်ဆက်တွဲ ဖြစ်လာသည့်အရာက... သက်ရှိအားလုံးအတွက် ပို၍ကြောက်စရာကောင်းပြီး... တုန်လှုပ်ဖွယ်ရာ ဖြစ်နေသည်။
ထိုတားမြစ်နယ်မြေအရှင်သခင်များ ထွက်ပေါ်လာပြီးနောက်... သူတို့သည် ကောင်းကင်ချောက်နက်ထဲသို့ ချက်ချင်း ဝင်ရောက်သွားခြင်းမရှိဘဲ... အဆုံးမဲ့နယ်မြေငါးခုဆီသို့သာ အေးစက်လှသော အကြည့်များဖြင့် ကြည့်ရှုလိုက်ကြသည်။
ထိုအကြည့်သည်... ထမင်းစားပွဲပေါ်ရှိ အစားအစာများကို ကြည့်သကဲ့သို့ဖြစ်ပြီး... လူအားလုံးကို ကျောချမ်းသွားစေ၏။
အခန်း (၁၉၂) - သွေးစွန်းနေသော အဆုံးမဲ့ကမ္ဘာ၊ သတ္တဝါအပေါင်းတို့၏ ငိုကြွေးသံနှင့် စောင့်ကြပ်နေသော နတ်ဆိုးမျောက်ဝံ
ရှင်သန်ခြင်းတားမြစ်နယ်မြေမှ အရှင်သခင်များ၏ အကြည့်များသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်လောက်သော အဆုံးမဲ့ဖိအားများကို သယ်ဆောင်လာခဲ့သည်။
သို့သော်... ယခုအခါ ထိုအကြည့်များသည် ကောင်းကင်ချောက်နက်ထက်၌ တည်ရှိမနေဘဲ... အဆုံးမဲ့နယ်မြေကြီးငါးခုဆီသို့ ကျရောက်နေခြင်းပင်။
ထိုကြောက်မက်ဖွယ်ကောင်းပြီး ဖိအားပြင်းထန်သော အကြည့်များနှင့် ရင်ဆိုင်လိုက်ရချိန်တွင်... အဆုံးမဲ့နယ်မြေကြီးငါးခုရှိ သတ္တဝါအပေါင်းတို့သည် အလိုအလျောက်ပင် တုန်လှုပ်သွားကြပြီး... ရင်ထဲ၌ ဆိုးရွားသော နိမိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤရှေးဟောင်းအရှင်သခင်များသည် အင်မော်တယ်တက်လှမ်းခြင်းကိုသာ အာရုံစိုက်ပြီး ကောင်းကင်ချောက်နက်ကိုသာ မျက်စိကျနေသင့်သည် မဟုတ်ပါလော။
အဘယ်ကြောင့် ကောင်းကင်ချောက်နက်ကို အာရုံမစိုက်ဘဲ အဆုံးမဲ့ကမ္ဘာမှ လူထုဆီသို့ အကြည့်များကို လှည့်ပြောင်းလိုက်ရသနည်း။
နောက်တစ်ခဏ၌... ကောင်းကင်ဘုံကိုးခုထက်မှ ပဲ့တင်ထပ်လာသော လျစ်လျူရှုထားသည့် အသံများသည်... အဆုံးမဲ့နယ်မြေကြီးငါးခုမှ သက်ရှိများအား အဆုံးမဲ့တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းများဆီသို့... တွန်းပို့လိုက်လေသည်။
" ဟီးဟီး... မိတ်ဆွေတို့အားလုံး ထွက်လာကြပြီပဲ... နှစ်သန်းပေါင်းများစွာအတွင်း မမြင်ရတဲ့ ပွဲကြီးပွဲကောင်းပဲ..... "
" စကားများနေဖို့ မလိုပါဘူး... လုပ်စရာရှိတာ မြန်မြန်လုပ်ပြီး ရလဒ်ကိုကြည့်ဖို့ ကောင်းကင်ချောက်နက်ထဲ ဝင်ကြတာပေါ့ "
" ကျွတ်... ကျွတ်... ဖီးနစ်ဧကရာဇ်ကတော့ အမြဲတမ်း စိတ်လောနေတာပဲ... ဒါပေမယ့် ငါအရှင်သခင်လဲ နည်းနည်းတော့ စိတ်လောနေမိသား... အားလုံးပဲ...စားသောက်ပြီးကြရင် ကောင်းကင်ချောက်နက်ထဲမှာ ဆုံကြတာပေါ့ "
" ကောင်းပြီ "
" ဟေး...စောင့်နေရတာကြာလွန်းလို့ ငါအရှင်သခင်ရဲ့ သက်တမ်းတောင် နည်းနည်းကုန်သွားပြီ... ငါအရင် စားသုံးပြီး သက်တမ်းပြန်ဖြည့်လိုက်ဦးမယ်... ပြီးမှ နောက်ဆုံးလောင်းကြေးထပ်ဖို့ ကောင်းကင်ချောက်နက်ထဲ ဝင်ခဲ့မယ် "
အရှင်သခင်များ၏ စကားဝိုင်းများသည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လှသဖြင့်... ကြားရသူအပေါင်းမှာ မျက်လုံးများ ပေါက်ထွက်မတတ်၊ အသည်းနှလုံးများ ကွဲကြေမတတ်... ခံစားလိုက်ရသည်။
သူတို့ ဘာကြားလိုက်ရသနည်း။
တားမြစ်နယ်မြေမှ ဤရှေးဟောင်းအရှင်သခင်များသည် ထွက်လာပြီးပြီးချင်း... ကောင်းကင်ချောက်နက်အတွင်း အင်မော်တယ်တက်လှမ်းခြင်းအတွက် တိုက်ခိုက်ကြခြင်း မဟုတ်ဘဲ... သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် သတ္တဝါအပေါင်းအား... စားသုံးကြမည်ဟူ၍လော။
ကောင်းကင်ထက်၌ တည်ရှိနေကြသော အရှင်သခင်များ၏... တည်ငြိမ်သော အမူအရာများကို ကြည့်ခြင်းအားဖြင့်... ဤအစီအစဉ်သည် တားမြစ်နယ်မြေမှ ရှေးဟောင်းအရှင်သခင်များ... ကြိုတင်ဆုံးဖြတ်ထားပြီးသား ကိစ္စဖြစ်ကြောင်း ထင်ရှားနေသည်။
" ဟုတ်တယ်...ဒီခေတ်ကာလမှာ အင်မော်တယ်တက်လှမ်းခြင်းအခွင့်အရေးကို ရယူဖို့ ကောင်းကင်ချောက်နက်ထဲ ဝင်ရောက်တာက... ငါတို့အရှင်သခင်တွေအတွက် အရေးအကြီးဆုံးပဲ... သူတို့ရဲ့ အခြေအနေကို အထွတ်အထိပ်အဆင့်ထိ ပြန်လည်ရောက်ရှိအောင် လုပ်ဖို့ လိုအပ်တယ်...ဘာမှားယွင်းမှုမှ ရှိလို့မဖြစ်ဘူး... "
အချို့သော သက်ရှိများသည် အရှင်သခင်များ၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားကြပြီး တီးတိုးရေရွတ်မိကြသည်။
ဤတားမြစ်နယ်မြေမှ ရှေးဟောင်းအရှင်သခင်များအတွက် အင်မော်တယ်တက်လှမ်းခြင်းသည် သဘာဝကျစွာပင် အရေးအကြီးဆုံးဖြစ်သည်။
ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ပြီးနောက်... အင်မော်တယ်တက်လှမ်းခြင်းလမ်းကြောင်းပေါ်တွင်... စမ်းသပ်မှုများစွာ ရှိနေမည်မှာ သေချာသည်။
ဖြစ်ပေါ်လာနိုင်သည့် မည်သည့်အရာကိုမဆို ကိုင်တွယ်ဖြေရှင်းရန်အတွက်... အရှင်သခင်များသည် သူတို့၏အခြေအနေကို အထွတ်အထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ရန် လိုအပ်ပြီး... သူတို့၏ အခြေအနေတွင် အနည်းငယ်မျှသော ကွာဟချက်ကိုပင် ခွင့်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် လူသားကမ္ဘာတွင် ဦးစွာ အစာစားသုံးရန် လိုအပ်ခြင်းဖြစ်သည်။
စားသောက်ပြီးမှသာ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ကြမည်ဖြစ်သည်။
" ဟားဟား...အင်မော်တယ်တက်လှမ်းခြင်းတဲ့လား... အင်မော်တယ်တက်လှမ်းခြင်းတဲ့... သာမန်လူတွေအတွက်တော့ ဒါက ကောင်းချီးမင်္ဂလာ မဟုတ်ဘူး... ကမ္ဘာပျက်ကပ်ပဲ "
လူသားမျိုးနွယ် အကြီးအကဲတစ်ဦး၏ မျက်နှာသည် ပြာနှမ်းသွားပြီး... သူ၏ အသံများပင် တုန်ရီလာကာ... ဖြစ်ပျက်လာမည့်အရာများကို ကြိုတင်မြင်တွေ့နေရသကဲ့သို့ ဖြစ်နေသည်။
" အားလုံးပဲ...စကြစို့ "
လျစ်လျူရှုထားသော အသံတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ.....
ရှေးဟောင်းအရှင်သခင် ၁၈ ဦးတို့သည် နားလည်မှုရှိစွာဖြင့် လူစုခွဲလိုက်ကြသည်။ အချို့က အဆုံးမဲ့နယ်မြေကြီးငါးခုဆီသို့ ဦးတည်သွားကြပြီး... အချို့မှာ စကြာဝဠာ၏ နက်ရှိုင်းသော နေရာများသို့ ထိုးဆင်းကာ... အခြားသော သက်ရှိထင်ရှားရှိသည့် ရှေးဟောင်းဂြိုဟ်များဆီသို့ ပျံသန်းသွားကြသည်။
ဤသည်မှာ... ရက်စက်လွန်းသော အမှန်တရားတစ်ခု ဖြစ်သလို... တားမြစ်နယ်မြေမှ အရှင်သခင်များကြားရှိ နားလည်မှုတစ်ခုလည်း ဖြစ်သည်။
ယခုတစ်ကြိမ် ထွက်ပေါ်လာသော အရှင်သခင် အရေအတွက်မှာ ၁၈ ဦးအထိ ရှိနေသည်။
အဆုံးမဲ့နယ်မြေကြီးငါးခုရှိ သက်ရှိများသည် သူတို့ခွဲဝေရန်အတွက် မလုံလောက်ပေ။
ထို့ကြောင့် သူတို့အချင်းချင်း ပဋိပက္ခမဖြစ်စေရန်... အရှင်သခင်များသည် နယ်မြေများကို သွယ်ဝိုက်သောနည်းဖြင့် ခွဲဝေယူကြပြီး... သက်ဆိုင်ရာ စားကျက်နယ်မြေများကို သတ်မှတ်လိုက်ကြသည်။
" ငါအရှင်သခင်နောက်ကို လိုက်ခဲ့ကြ... မင်းတို့အားလုံးကို အင်မော်တယ်တက်လှမ်းခြင်းဆီ ငါအရှင်သခင် ခေါ်သွားပေးမယ် "
အရှေ့ပိုင်းစွန့်ပစ်နယ်မြေတွင် ရှေးဟောင်းအရှင်သခင်တစ်ပါးသည် ကောင်းကင်ဘုံကိုးခုထက်၌ ဂုဏ်ယူစွာ ရပ်တန့်နေပြီး... အောက်ဘက်ရှိ အဆုံးမဲ့ကုန်းမြေကို လျစ်လျူရှုထားသော မျက်လုံးများဖြင့် ကြည့်ရှုနေ၏။ သူသည် အေးစက်သော အသံဖြင့် ပြောဆိုလိုက်ပြီး တစ်ချိန်တည်းမှာပင်... လက်ဖဝါးကို ဆန့်ထုတ်ကာ အောက်ဘက်ရှိ နယ်မြေဆီသို့ ဖိချလိုက်သည်။
အဆုံးမဲ့တာအိုနိယာမ၏ စွမ်းအားဖြည့်တင်းမှုကြောင့်... ထိုလက်ဖဝါးသည် မိုင်ပေါင်းသောင်းချီ၍ လျင်မြန်စွာ ကြီးထွားလာပြီး... မရေမတွက်နိုင်သော သက်ရှိများ၏ ကြောက်လန့်တကြား အကြည့်များအောက်တွင် ပြိုကျလာခဲ့သည်။
" ဝုန်း! "
မြေကြီးသည် တုန်ခါသွားပြီး သတ္တဝါအပေါင်း သွေးမြေကျခဲ့ရသည်။
ဤအချိန်၌ လက်ဖဝါးကျရောက်ရာ ဧရိယာအတွင်းရှိ သက်ရှိအားလုံး... သာမန်လူသားဖြစ်စေ၊ စွမ်းအားကြီးသော ကျင့်ကြံသူဖြစ်စေ... ချက်ချင်းပင် သွေးအိုင်အဖြစ် ပြောင်းလဲသွားပြီး မြေကြီးပေါ်တွင် စွဲထင်ကျန်ရစ်ခဲ့သည်။
ထို့နောက်... သူတို့၏ ဘဝအဆီအနှစ်များသည် စုစည်းသွားပြီး ရှည်လျားသော အနှစ်သာရနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ... ရှေးဟောင်းအရှင်သခင်၏ ပါးစပ်ပေါက်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားရသည်။
" ဘဝရဲ့တက်ကြွမှုက တကယ်ကို ယစ်မူးစရာကောင်းတာပဲ "
ဤရှေးဟောင်းအရှင်သခင်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး... သူ၏အသံတွင် ယစ်မူးနေမှုများ ပါဝင်နေသည်။ သတ္တဝါအပေါင်း သေဆုံးမှုအတွက်... မသက်မသာဖြစ်ခြင်း အလျဉ်းမရှိသည့်အပြင်... သူသည် နောက်ထပ်နယ်မြေတစ်ခုကို ချက်ချင်း ပစ်မှတ်ထားကာ... လက်ဖဝါးကို ထပ်မံမြှောက်လိုက်လေသည်။
ဤမြင်ကွင်းသည် အရှေ့ပိုင်းစွန့်ပစ်နယ်မြေတွင်သာ ဖြစ်ပျက်နေခြင်း မဟုတ်ဘဲ အလယ်ပိုင်းနယ်မြေ၊ မြောက်ပိုင်းနယ်မြေနှင့် အနောက်ပိုင်းစွန့်ပစ်နယ်မြေတို့တွင်လည်း ဖြစ်ပျက်နေသည်။
ပြိုင်ဘက်ကင်း နတ်ဆိုးဘုရားများကဲ့သို့သော ရှေးဟောင်းအရှင်သခင်များသည် ကောင်းကင်ဘုံကိုးခုအနှံ့ ရပ်တည်နေကြသည်။ သူတို့ တိုက်ခိုက်လိုက်သည့် အချိန်တိုင်းတွင် သိန်းပေါင်းများစွာသော သက်ရှိများ သေဆုံးကြရသည်။
ဤသည်မှာ နတ်ဆိုးနယ်မြေ ကျူးကျော်မှုနှင့် ယှဉ်နိုင်သော ကြောက်မက်ဖွယ် ကပ်ဘေးတစ်ခုဖြစ်သည်။
ယခင်က နတ်ဆိုးနယ်မြေ ကျူးကျော်ခဲ့စဉ်ကထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေသေးသည်။
အကြောင်းမှာ... နတ်ဆိုးနယ်မြေ ကျူးကျော်စဉ်က အဓိကပစ်မှတ်မှာ... အဆုံးမဲ့ဧကရာဇ်မျိုးနွယ်များနှင့် အင်အားကြီးဂိုဏ်းများသာ ဖြစ်သည်။
သို့သော် ယခုတွင်မူ... ရှေးဟောင်းအရှင်သခင်များအတွက် သတ္တဝါအပေါင်းသည် သေခြင်းတရားရှေ့၌ တန်းတူညီမျှသာဖြစ်ပြီး... မည်သည့်ကွာခြားမှုမျှ မရှိချေ။
" ဘုရားရေ... ငါတို့ကို ဘယ်သူကယ်မှာလဲ "
" မလုပ်ပါနဲ့... မလုပ်ပါနဲ့ "
" ဘာလို့လဲ... ဘာလို့လဲ "
" ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်ကြီး နဲ့ လူသားမျိုးနွယ် မဟာဧကရာဇ်တွေ ဘယ်ရောက်နေကြလဲ... မြန်မြန်လာပြီး ငါတို့ကို ကယ်ကြပါဦး "
သွေးစွန်းသော ငရဲခန်းအဖြစ် ကျရောက်သွားသည့် အဆုံးမဲ့နယ်မြေကြီးငါးခုအတွင်းတွင်... မရေမတွက်နိုင်သော လူသားမျိုးနွယ် သက်ရှိများသည်... သွေးမျက်ရည်များဖြင့် အော်ဟစ်ငိုကြွေးနေကြသည်။
တစ်စုံတစ်ယောက်သည် ကောင်းကင်မှ ဆင်းသက်လာပြီး... ဤတားမြစ်နယ်မြေမှ အရှင်သခင်များကို တားဆီးကာ... သူတို့၏ အသက်များကို ကယ်တင်ပေးမည်ဟု မျှော်လင့်နေကြသည်။
သို့သော် ထိုအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များသည်ပင်... ယခုအခါ မိမိတို့၏ လုံခြုံရေးအတွက် အလုပ်ရှုပ်နေကြပြီး... ဘိုးဘေးနယ်မြေမှ ခြေတစ်လှမ်းမျှ မခွာရဲကြပေ။ ဤသာမန်သတ္တဝါများကို ကယ်တင်ရန် သူတို့ မည်သို့ဝံ့ရဲမည်နည်း။
...
အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ... ကုမိသားစုရွာ.....
" အဟွတ်... အဟွတ်... အဟွတ်... အပြင်မှာ ဘာတွေဖြစ်နေတာလဲ... လူတွေ အော်ဟစ်ငိုကြွေးနေသံတွေ ကြားနေရသလိုပဲ "
ကုမိသားစုရွာထိပ်တွင် ကုရှန်းမင်သည် တောင်ဝှေးကို အားပြုရင်း အာရုံစိုက် နားထောင်နေကာ သူ၏ အိုမင်းသော မျက်နှာပေါ်တွင် သံသယဖြစ်မှုများ ပေါ်လွင်နေသည်။
" ဟီးဟီး...အဘိုး... ခင်ဗျား နားကြားမှားတာ နေမှာပါ "
အနည်းငယ် အသံအုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သံ ထွက်ပေါ်လာပြီး... တောင်တစ်လုံးကဲ့သို့ ကြီးမားသော နတ်မျောက်ဝံတစ်ကောင်သည် ကုမိသားစုရွာရှေ့တွင် ထိုင်လျက်... ကုရှန်းမင်အား နူးညံ့သည်ဟု သူထင်ရသော အပြုံးမျိုးကို ညှစ်ထုတ်ပြနေသည်။
ယခင်က ကုမိသားစုရွာအား 'စောင့်ကြပ်' ခဲ့ကြသော... နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ အစွမ်းထက်သူနှစ်ဦးမှာမူ... ယခုအခါ ထိုနတ်မျောက်ဝံ၏ အနောက်တွင် လေးစားစွာ ဝပ်တွားနေကြပြီး... သူတို့၏ ခန္ဓာကိုယ်များမှာ အနည်းငယ် တုန်ခါလျက်ရှိသည်။
ဤနတ်မျောက်ဝံသည် ဖီးနစ်နားခိုရာတောင်ကုန်းသခင်ထံသို့ အကြိမ်ကြိမ် အမိန့်ပြန်တမ်း ပို့ဆောင်ခဲ့သော ဖီးနစ်ဧကရာဇ်၏ လက်အောက်ခံ ဧကရာဇ်တပိုင်းအဆင့်ရှိ နတ်မျောက်ဝံပင် ဖြစ်သည်။
ဖီးနစ်နားခိုရာတောင်ကုန်းသခင်ထံ အမိန့်ပို့ပြီးနောက်... သူသည် တားမြစ်နယ်မြေသို့ ပြန်မသွားဘဲ ကုမိသားစုရွာသို့ ရောက်လာကာ... နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ အစွမ်းထက်သူနှစ်ဦးကို ကန်ထုတ်လိုက်ပြီး... ဤနေရာကို ကိုယ်တိုင် စောင့်ကြပ်နေခြင်းဖြစ်သည်။
ဤနေရာကို စောင့်ကြပ်ခြင်းသည် ဖီးနစ်ဧကရာဇ်ကိုယ်တိုင် ယခင်က ပေးခဲ့သော အမိန့်ဖြစ်သည်။
အရှင်သခင်များ ထွက်ပေါ်လာသည့် ကာလအတွင်း... အမြော်အမြင်နည်းပါးသူများ ကုမိသားစုရွာကို မနှောင့်ယှက်ရဲစေရန်... တားဆီးဖို့ ဖြစ်သည်။
အကယ်၍ ကောင်းကင်ဘုံအရှင်သခင် ဒေါသထွက်သွားပါက ကိစ္စများ ပိုမိုရှုပ်ထွေးသွားနိုင်သည်။
ဤသည်မှာ တားမြစ်နယ်မြေမှ အရှင်သခင်အားလုံး မမြင်လိုသော အရာပင်ဖြစ်သည်။