အခန်း (၁၉၅-၁၉၆)
Vol. 14 Ch. 195-196
အခန်း (၁၉၅) - ကမ္ဘာလောက၏ စောင့်ကြည့်မှုနှင့် ကံကြမ္မာအား ဆုံးဖြတ်မည့် ဧကရာဇ်
ယင်ယန်မိခင်သစ်ပင်အောက်ရှိ အနည်းငယ်တုန်ခါနေသော ရှေးဟောင်းခေါင်းတလားကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် အက်ကွဲကြောင်းများကြားမှ သွေးစီးကြောင်းများ စီးကျလာသည်ကို တွေ့မြင်ရသည်မှာ တုန်လှုပ်ဖွယ်ရာပင် ဖြစ်၏။
ထိုသွေးများသည် ချန်ဧကရာဇ်၏ သွေးများပင် ဖြစ်ချေသည်။
" ဟူး..... "
ဘေးနားတွင်ရပ်နေသော လူသားဧကရာဇ်၏ ဝိညာဉ်အပိုင်းအစသည် ဤမြင်ကွင်းအတွက် အံ့အားသင့်ပုံမရဘဲ သက်ပြင်းသာ ဖွဖွချလိုက်လေသည်။
ဤရုတ်တရက် အပြောင်းအလဲသည် အဆုံးမဲ့ကမ္ဘာနယ်ပယ်ငါးခုကို တုန်လှုပ်သွားစေရုံသာမက အခြားနယ်မြေများမှ ရှေးဟောင်းအရှင်များကိုပါ ထိတ်လန့်သွားစေခဲ့သည်။
ဘာတွေဖြစ်ကုန်တာလဲ။
ချန်ဧကရာဇ်သည် ခေါင်းတလား၏ မျိုချခြင်းကို ခံလိုက်ရပြီး 'ကံဆိုးမိုးမှောင်ကျ' သွားသည့်ပုံ ပေါက်နေသည်။
သို့သော် ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
" ခေါင်းတလားတစ်ခုပဲလေ... ဘာလို့ ဒီလောက်တောင်... ဆိုးရွားနေရတာလဲ "
အလယ်ပိုင်းနယ်ပယ်မှ ရှေးဟောင်းအရှင်တစ်ပါးက တီးတိုးရေရွတ်လိုက်သည်။ သူ၏အသံတွင် တုန်လှုပ်မှု အရိပ်အယောင်များ ပါဝင်နေသည်။
ဤခေါင်းတလားသည် ရှေးခေတ်လူသားဧကရာဇ် ချန်ထားရစ်ခဲ့သည် ဆိုလျှင်ကော အဘယ်နည်း။
ယခုအခါ လူသားဧကရာဇ် သေဆုံးခဲ့ပြီဖြစ်ကာ... ဝိညာဉ်အပိုင်းအစသာ ကျန်ရစ်တော့သည်။ ခေါင်းတလားထဲတွင် လူသားဧကရာဇ်၏ ရုပ်အလောင်းရှိနေလျှင်ကော ဘာဖြစ်မည်နည်း။
ချန်ဧကရာဇ်သည် သက်ရှိထင်ရှားရှိနေသော အရှင်သခင်တစ်ပါး ဖြစ်ပေသည်။
သူသည် မည်သို့လုပ်၍... ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ... ခေါင်းတလားထဲသို့ ဆွဲသွင်းခံလိုက်ရသနည်း။
ပြီးတော့ ထိုသွေးစွန်းနေသော လက်မောင်းက ဘာသဘောနည်း။
ဆိုးရွားလွန်းသည်... အမှန်တကယ်ပင်... အလွန်ဆိုးရွားလွန်းလှသည်။
" လူသားဧကရာဇ် သေဆုံးပြီးတာတောင် အဆုံးမဲ့လူသားမျိုးနွယ်ကို ကာကွယ်ဖို့ အရာအားလုံးကို ပေးဆပ်ချင်နေသေးတာလား "
အနောက်ပိုင်းသဲကန္တာရနယ်ပယ်တွင် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားစေနိုင်သော ရောင်စုံဖီးနစ်ငှက်ကြီးတစ်ကောင် ပျံတက်လာခဲ့သည်။ သူ၏ အေးစက်သော အကြည့်များသည် အရှေ့ပိုင်းနယ်ပယ်ရှိ ယင်ယန်မိခင်သစ်ပင်အောက်၌ ရပ်နေသော လူသားဧကရာဇ်ဝိညာဉ်ထံသို့ စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
ထိုသူမှာ ဖီးနစ်ဧကရာဇ်ပင်တည်း။
ချန်ဧကရာဇ်၏ ရုတ်တရက် ကံဆိုးမိုးမှောင်ကျမှုသည် အဆုံးမဲ့လူသားမျိုးနွယ်ကို ကာကွယ်ရန် လူသားဧကရာဇ်၏ နည်းလမ်းများနှင့် မသက်ဆိုင်ဘဲ မနေနိုင်ပေ။
သို့မဟုတ်ပါက... ဤလူသားဧကရာဇ်လျှို့ဝှက်နယ်မြေသည် စောစီးစွာ မပေါ်လာဘဲ... ယခုကဲ့သို့ အချိန်ကိုက်မှ အဘယ်ကြောင့် ပေါ်လာရသနည်း။
လူသားဧကရာဇ်ဝိညာဉ်၏ သဘောထားသည်လည်း အခြားအရှင်များ၏ မဟာဗျူဟာများကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။
ဖီးနစ်ဧကရာဇ်၏ စကားသံဆုံးသည်နှင့် အခြားနယ်မြေများမှ ရှေးဟောင်းအရှင်များသည်လည်း လူသားဧကရာဇ်လျှို့ဝှက်နယ်မြေဆီသို့ အကြည့်ပို့ကာ လူသားဧကရာဇ်ဝိညာဉ်၏ အဖြေကို စောင့်မျှော်နေကြသည်။
ထိုအချိန်တွင်... နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်များသည် ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး... အောက်ဆုံးမှ အထွတ်အထိပ်သို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားကြသည်။
ဝိညာဉ်အပိုင်းအစသာ ကျန်ရှိတော့သည့်အတွက်... လူသားဧကရာဇ် ပေါ်လာလျှင်ပင် လူသားမျိုးနွယ်ကို ကာကွယ်နိုင်မည် မဟုတ်ဟု... သူတို့ ယခင်က ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုကြည့်ရသည်မှာ... လူသားဧကရာဇ်၌ အရန်အစီအစဉ်များ ရှိနေသေးပုံရသည်။ ချန်ဧကရာဇ်ပင်လျှင် တိတ်တဆိတ် ဖယ်ရှားခံလိုက်ရပြီဖြစ်ရာ... လူသားဧကရာဇ်၌ အခြားအရှင်များနှင့် ယှဉ်ပြိုင်နိုင်မည့် နည်းလမ်းများ ရှိကောင်းရှိနေနိုင်သည်။
လူသားဧကရာဇ်သည် လူသားမျိုးနွယ်ကို ကာကွယ်ပေးမည်လား ဆိုသည့် အချက်နှင့် ပတ်သက်၍မူ.....
ဤမေးခွန်းသည် နယ်ပယ်ငါးခုရှိ လူသားများအတွက် ထည့်သွင်းစဉ်းစားစရာပင် မလိုသော ကိစ္စဖြစ်သည်။
နောက်ပြောင်နေတာလား... လူသားဧကရာဇ်က ဘယ်သူလဲ.....
သူသည် အဆုံးမဲ့ကမ္ဘာရှိ လူသားမျိုးနွယ်၏ စစ်မှန်သော ဘိုးဘေးဖြစ်သည်။ သူသည် လူသားမျိုးနွယ် မြင့်တက်လာစေရန် ထောက်ပံ့ပေးခဲ့သော ကျောက်တိုင်ကြီး ဖြစ်သည်။
ရှေးဟောင်းခေတ်ကာလမှစ၍... လူသားဧကရာဇ်သည် လူသားမျိုးနွယ်အတွက် အမြဲပေးဆပ်ခဲ့ပြီး... ၎င်းတို့၏ ကြီးထွားမှုကို ကာကွယ်စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။
ယခုသူသေဆုံးသွားပြီ ဆိုလျှင်တောင် လူသားမျိုးနွယ်အတွက် ဆက်လက်ပေးဆပ်နေဦးမည် သာဖြစ်သည်။
သို့မဟုတ်ပါက... မရေမတွက်နိုင်သော လူသားများက သူ့အား အဘယ်ကြောင့်... လူသားဧကရာဇ်ဟု လေးစားသမှု ခေါ်ဝေါ်ကြမည်နည်း။
" သရဖူကို ဆောင်းချင်တဲ့သူက သရဖူရဲ့ အလေးချိန်ကို ခံနိုင်ရမယ်... ငါတို့လူသားမျိုးနွယ်ရဲ့ အတက်အကျကို အဆုံးအဖြတ်ပေးမယ့် အချိန်မှာ... လူသားဧကရာဇ်ကိုပဲ အားကိုးရတော့မယ် "
လူသားမျိုးနွယ်အကြီးအကဲတစ်ဦးမှ သက်ပြင်းချကာ ပြောဆိုလိုက်သည်။
" လူသားဧကရာဇ်က ငါတို့လူသားမျိုးနွယ်အပေါ် ကျေးဇူးကြီးမားလှပါတယ်... အရှင်သခင်တွေရဲ့ ဖရိုဖရဲအခြေအနေတွေ ငြိမ်းအေးသွားတာနဲ့... ငါတို့ဂိုဏ်းက လူသားဧကရာဇ်အတွက် ရုပ်တုတစ်ခု သေချာပေါက် တည်ဆောက်ပြီး... သူ့ရဲ့ကျေးဇူးတရားကို အောက်မေ့တသတဲ့အနေနဲ့... နေ့ညမပြတ် ကိုးကွယ်ပူဇော်ပါ့မယ် "
မဟာဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်သည် ရိုးသားစွာ ပြောဆိုလေသည်။
" သေဆုံးပြီးတာတောင်မှ... လူသားဧကရာဇ်က ငါတို့လူသားမျိုးနွယ်အတွက် ဒီလောက်ထိ ပေးဆပ်နိုင်ပါသေးတယ်... သေဆုံးချိန်ထိတိုင်အောင် တကယ်ကို အပင်ပန်းခံခဲ့ရှာတာပါ "
" ငါ့ကိုယ်ငါ ရှက်မိတယ်... အရင်တုန်းက လူသားဧကရာဇ်ရဲ့ နာမည်ကိုတောင် မကြားဖူးခဲ့ဘူး... ဒီနေ့ကစပြီး လူသားဧကရာဇ်ကို ကောင်းကောင်းလေးစားပါ့မယ် "
" မင်းအပြစ်မဟုတ်ပါဘူး... လူသားဧကရာဇ်ရဲ့ ခေတ်ကာလနဲ့ဆို အချိန်တွေအများကြီး ကုန်ဆုံးခဲ့ပြီပဲ... ဘယ်သူကများ သူ့ကို နေ့တိုင်းသတိရနေမှာလဲ... ဒီကိစ္စပြီးသွားရင် လူသားဧကရာဇ်ကို အောက်မေ့ဖွယ် အခမ်းအနားကောင်းကောင်း လုပ်ပေးလိုက်ရင် ပြီးတာပါပဲ "
နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်များသည် အလွန်စိတ်လှုပ်ရှားနေကြပြီး... လူသားမျိုးနွယ်သည် ဘဝသစ်တစ်ခု ရရှိတော့မည်... ကယ်တင်ခံရတော့မည်ဟု ထင်နေကြသည်။
လူသားဧကရာဇ် မည်သို့ တွေးခေါ်မည်ကိုမူ... မည်သူမျှ ဂရုမစိုက်ကြပေ။
ဘာပဲဖြစ်ဖြစ် ခင်ဗျားက လူသားဧကရာဇ်လေ... အခု လူသားမျိုးနွယ်အတွက် မိုးပြိုတော့မယ့် အခြေအနေရောက်နေပြီဆိုတော့... အရပ်ရှည်တဲ့ ခင်ဗျားက အရင်ဆုံး ခံသင့်တာပေါ့။
မဟုတ်ရင်... လူတိုင်းက ခင်ဗျားကို ဘာလို့... လူသားဧကရာဇ်လို့ လေးလေးစားစား ခေါ်ကြမှာလဲ။
အလွန်ဆုံးတော့ နောက်ပိုင်းကျမှ... သူ့အတွက် အောက်မေ့ဖွယ်အခမ်းအနား ကောင်းကောင်းလုပ်ပေးလိုက်မယ်... ဒါဆိုရင် လူသားမျိုးနွယ်ကို ကာကွယ်ပေးခဲ့တဲ့... သူ့ရဲ့ကြိုးပမ်းမှုအတွက် ပြန်ပေးဆပ်လိုက်တာပဲပေါ့။
...
ထိုအချိန်တွင် ကမ္ဘာလောက၏ မျက်လုံးများအားလုံးသည် လူသားဧကရာဇ်ဝိညာဉ်ထံသို့သာ စုပြုံရောက်ရှိနေသည်။
" လူသားမျိုးနွယ်... ဟမ်း..... "
လူသားဧကရာဇ်ဝိညာဉ်သည် ခေါင်းတလားဘေးတွင် ရပ်လျက်... သွေးမစွန်းသေးသော အခြားခေါင်းတလားအဖုံးတစ်ခုကို ညင်သာစွာ ပွတ်သပ်ရင်း... သက်ပြင်းဖွဖွ ချလိုက်လေသည်။
ထို့နောက် လူသားဧကရာဇ်ဝိညာဉ်သည် အကြည့်ကို နှိမ့်ချလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလေသည်။
" လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို သူတို့ဘာသာပဲ ဆုံးဖြတ်ရမယ် "
ရိုးရှင်းသော စကားတစ်ခွန်းသာ ဖြစ်သော်လည်း... နယ်ပယ်ငါးခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။
လူသားမျိုးနွယ်၏ ကံကြမ္မာကို လူသားမျိုးနွယ်ကိုယ်တိုင် ဆုံးဖြတ်ရမည်လား။
ဤသည်က ဘာအဓိပ္ပါယ်နည်း။
မရေမတွက်နိုင်သော လူသားမျိုးနွယ်ဝင်များသည် ကြောင်အမ်းလျက် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာပြီး လူသားဧကရာဇ်၏ ဆိုလိုရင်းကို ချက်ချင်း နားမလည်နိုင် ဖြစ်နေကြသည်။
'ဉာဏ်ကောင်းသူ' လူနည်းစုကမူ... လူသားဧကရာဇ်၏ ရည်ရွယ်ချက်အမှန်ကို ရိပ်စားမိလိုက်သကဲ့သို့... မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
လူသားမျိုးနွယ်၏ ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ရမည်။
ဒါက လူသားဧကရာဇ်အနေနဲ့ ဝင်ပါမှာ မဟုတ်ဘူး... လူသားမျိုးနွယ်ကို ကာကွယ်ပေးမှာ မဟုတ်ဘူးလို့... သွယ်ဝိုက်ပြောလိုက်တာ မဟုတ်ဘူးလား။
ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက လူသားဧကရာဇ်လေ။
လူသားဧကရာဇ်အနေနဲ့ လူသားမျိုးနွယ်ကို ကာကွယ်သင့်တယ် မဟုတ်လား။ ဘာလို့ လူသားမျိုးနွယ်ကို ဂရုမစိုက်တာလဲ... ဘာလို့လဲ။
" အော်... ဒါကြောင့်ကိုး... ငါကိုယ်တော် နားလည်လိုက်ပါပြီ "
လူသားဧကရာဇ်ဝိညာဉ်သည် အကြည့်ကိုနှိမ့်ချကာ ငြိမ်သက်နေသည်ကို မြင်သောအခါ... ဖီးနစ်ဧကရာဇ်သည် လူသားဧကရာဇ်၏ သဘောကို နားလည်လိုက်ပြီး... တခစ်ခစ်ရယ်မောလိုက်သည်။ ထို့နောက် အတောင်ပံများဖြင့် ကောင်းကင်ကို ခွင်းလျက်... သက်ရှိသတ္တဝါအပေါင်း၏ အသက်များကို ဆက်လက် စားသောက်လေတော့သည်။
အခြားအရှင်များသည်လည်း နားလည်မှုရရှိသွားကြပြီး... လူသားဧကရာဇ်လျှို့ဝှက်နယ်မြေဘက်သို့ ဆက်မကြည့်ကြတော့ဘဲ... သူတို့၏ စားသောက်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်ကြတော့သည်။
ကြောက်မက်ဖွယ်ရာ သွေးပင်လယ်ကြီးသည် အဆုံးမဲ့ကမ္ဘာနယ်ပယ်ငါးခုကို လွှမ်းခြုံသွားခဲ့၏။
အရှင်သခင်များ၏ စားသုံးမှုသည် ဆက်လက်ဖြစ်ပေါ်နေပြီး... လူသားဧကရာဇ်ကမူ တိတ်ဆိတ်နေကာ... လူသားမျိုးနွယ်ကို ကာကွယ်ပေးခြင်း မရှိတော့ချေ။
ဤမြင်ကွင်းသည်... ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့... မရေမတွက်နိုင်သော လူသားမျိုးနွယ်ဝင်များ၏ နှလုံးသားကို ရိုက်ခတ်သွားပြီး... သူတို့၏ စိတ်ဓာတ်များကို အောက်ဆုံးသို့ ထိုးကျသွားစေခဲ့သည်။
လူအများအပြားသည် ကျယ်လောင်စွာ ဆဲဆိုကြိမ်းမောင်းလာကြသည်။
" ဒါ လူသားဧကရာဇ်အတု ဖြစ်ရမယ်! လူသားဧကရာဇ်အစစ်က ဘယ်လိုလုပ် လူသားမျိုးနွယ်ကို စွန့်ပစ်မှာလဲ "
" အတုပဲ... အတုပဲ ဖြစ်ရမယ်! "
" သောက်ကျိုးနည်း လူသားဧကရာဇ်... သူ လူသားမျိုးနွယ်ကို သစ္စာဖောက်တယ်! "
" သူက အစစ်ဖြစ်ရင်တောင်... ငါတို့လူသားမျိုးနွယ်ရဲ့ ဧကရာဇ်ဖြစ်ဖို့ မထိုက်တန်တော့ဘူး!! "
စိတ်ပျက်အားငယ်မှုများကြားတွင် ကျိန်ဆဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
ကမ္ဘာလောက၏ ချီးမွမ်းခြင်းခံရသူအဖြစ်မှ... ကမ္ဘာလောက၏ ကျိန်ဆဲကဲ့ရဲ့ခြင်း ခံရသူအဖြစ်သို့.....
ဤအပြောင်းအလဲအားလုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
...
ကောင်းကင်ဘုံတားမြစ်နယ်မြေ အတွင်း၌.....
အဆုံးမဲ့ကမ္ဘာနယ်ပယ်ငါးခုမှ ကျိန်ဆဲသံများသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းရာသို့ ရောက်ရှိလာပုံရသည်။
ဖူဝမ်သည် ပြင်ပမှ အသံဗလံများကို နားထောင်ရင်း... နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိကာ... မျက်လုံးများ နီရဲနေသည်။
ကုချင်းရွဲ့သည် ဤသည်ကိုမြင်လျှင် သက်ပြင်းချလိုက်ပြီး... ဖူဝမ်ကို အလျင်အမြန် ပွေ့ဖက်ကာ... တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။
" လူသားမျိုးနွယ် ဟား... ငါ့ရဲ့ ဖူမိသားစု ယင်ယန်တာအိုမဟာမိတ်အဖွဲ့ရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံရတုန်းက... သူတို့ ဘယ်ရောက်နေကြသလဲ.....
ငါ့ရဲ့ ဖူမိသားစု မျိုးသုဉ်းသတ်ဖြတ်ခံရပြီး... ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့တုန်းက... လူသားမျိုးနွယ်ဆိုတာ ဘယ်ရောက်နေသလဲ "
ဖူဝမ်သည် တီးတိုးရေရွတ်နေလျက်... မျက်ရည်များ ဝဲလာသော်ငြား... မကျဆင်းစေရန် တင်းခံထားလိုက်သည်။
" အခုမှ သူတို့တွေ ဝမ်းနည်းပူဆွေးပြီး နာကျင်ရမယ့်အလှည့်ရောက်တာ... ဒီလိုအချိန်ရောက်မှ ဖူမိသားစုနဲ့ ဘိုးဘေးကို သတိရတယ်ပေါ့.....
ကုချင်းရွဲ့... ဘိုးဘေးက ဝင်မပါဖို့ ရွေးချယ်လိုက်တာ မှန်တယ်လို့ ထင်လား? "
ထိုစကားကို ကြားသောအခါ... ကုချင်းရွဲ့ ပြန်ဖြေရန် ပြင်လိုက်သော်လည်း... ဖူဝမ်၏ ခိုင်မာပြတ်သားသော အဖြေကို ကြားလိုက်ရသည်။
" ဘိုးဘေး လုပ်တာ မှန်တယ်လို့ ကျွန်မ ထင်တယ်!
အဆုံးမဲ့လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက... ဒီနှစ်တွေအတွင်း သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှုတွေနဲ့တင်... ဆုံးဖြတ်ပြီးသားပဲ! "
အခန်း (၁၉၆) - မကြုံစဖူး ကသောင်းကနင်းအခြေအနေ၊ အချိန်တန်ပြီ၊ ဧကရာဇ်ပေါ်ထွန်းခြင်း
ဖူဝမ်၏အသံတွင် ပြတ်သားမှုနှင့် ကျေနပ်မှုအရိပ်အယောင်များ ပါဝင်နေသည်။
" ဖူမိသားစု မျိုးသုဉ်းသတ်ဖြတ်ခံရတုန်းက လူသားမျိုးနွယ်ထဲက ဘယ်သူကမှ ဝင်ရောက်ကူညီမပေးခဲ့ဘူး.....
အခုသူတို့ဒုက္ခရောက်မှ ဘိုးဘေးကလဲ သူတို့ရဲ့ဘိုးဘေးပဲဆိုပြီး ကယ်တင်ပေးဖို့ကို မျှော်လင့်နေကြတာလား.....
စိတ်ကူးယဉ်နေကြတာပဲ "
" ကံကြမ္မာဆိုတာ ကိုယ်တိုင်ဖန်တီးယူရတာပါပဲ... တကယ်ကို ကိုယ်တိုင်ဖန်တီးယူရတာ "
ကုချင်းရွဲ့သည် အဆုံးမဲ့ကမ္ဘာ၏ နက်ရှိုင်းရာရှိ တိတ်ဆိတ်နေသော အထက်ကောင်းကင်ခန်းမဆောင်မကြီးကို လှမ်းကြည့်လိုက်မိပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ပြင်ပမှ ဤမျှကြီးမားသော နှောင့်ယှက်မှုများသည် ဘိုးဘေး၏ မျက်လုံးများအောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ကြောင်း သူသိသည်။
သို့သော် ထိုသို့ဖြစ်နေလျက်ပင်... ဘိုးဘေးရှိနေသော ခန်းမဆောင်သည်... လုံးဝငြိမ်သက်နေဆဲပင်။
ဤသည်မှာ ဘိုးဘေး၏နှလုံးသားထဲတွင်... အဆုံးမဲ့လူသားမျိုးနွယ်အပေါ် သနားကရုဏာ မရှိတော့ကြောင်း... ပြသနေခြင်းဖြစ်သည်။
လက်ရှိလူသားဧကရာဇ်ကဲ့သို့ပင်... လူသားမျိုးနွယ်ကို ကာကွယ်ရန် မည်သည့်အတွေး... မည်သည့်အစီအစဉ်မျှ မရှိတော့ချေ။
ဤအရာအားလုံးသည် လူသားမျိုးနွယ်၏ မှားယွင်းသော ဆုံးဖြတ်ချက်များ၏ ရလဒ်ပင်ဖြစ်သည်။
...
" ဘာလို့လဲ... ဘာလို့လဲ... ဘာလို့ လူသားဧကရာဇ်က လက်ပိုက်ကြည့်နေရတာလဲ... ငါတို့ကို ကယ်ပါဦး "
" ငါတို့လူသားမျိုးနွယ် တကယ်ပဲ စွန့်ပစ်ခံလိုက်ရပြီလား "
" ဒီနေ့ကစပြီး လူသားမျိုးနွယ်မှာ လူသားဧကရာဇ် မရှိတော့ဘူး! "
လက်မှိုင်ချဝမ်းနည်းသံများနှင့် ကျိန်ဆဲသံများသည် အဆုံးမဲ့နယ်ပယ်ငါးခုလုံးတွင် ပဲ့တင်ထပ်နေ၏။
သက်ရှိသတ္တဝါများ၏ စကားသံများသည် လူသားဧကရာဇ်ဝိညာဉ်၏ နားထဲသို့ ရောက်ရှိသွားသော်လည်း သူ၏မျက်နှာအမူအရာကို အနည်းငယ်မျှ ပြောင်းလဲသွားစေခြင်း မရှိပေ။
ဤတစ်ကြိမ်တွင် သူသည် သွေးစွန်းနေသော ခေါင်းတလားကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
" ငါက မင်းချန်ထားခဲ့တဲ့ ဝိညာဉ်အပိုင်းအစလေး တစ်ခုပါပဲ... မင်းသာ အသက်ရှင်နေသေးရင် ဘယ်လိုရွေးချယ်မှုမျိုး လုပ်မှာလဲ "
စကားဆုံးပြီးနောက်... လူသားဧကရာဇ်ဝိညာဉ်၏ အကြည့်သည်... အလယ်ပိုင်းနယ်ပယ်၏ ကောင်းကင်ယံတွင် ဖြန့်ကျက်ထားသော... ကြီးမားသည့် ကောင်းကင်ချောက်နက်ကြီးဆီသို့ ရောက်သွားသည်။
သူသည် လူသားဧကရာဇ်သေဆုံးပြီးနောက် စွဲလမ်းမှုဖြင့် ဖွဲ့စည်းထားသော လူသားဧကရာဇ်ဝိညာဉ်ဖြစ်သည်။
မရေမတွက်နိုင်သော ခေတ်ကာလများကို ဖြတ်သန်းပြီးနောက်... သူ၏နောက်ဆုံးကံကြမ္မာကို ဖြည့်ဆည်းရန်... ဤအချိန်အခါကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
ယခု ထိုအချိန်အခါ ရောက်လာလေပြီ။
...
" ဟားဟားဟား... တကယ့်ကို အားကောင်းတဲ့ သက်စောင့်စွမ်းအားပဲ... ဒီအရှင်သခင် မခံစားရတာတောင် ကြာပြီ "
ရှေးဟောင်းအရှင်တစ်ပါး ခြေဆောင့်လိုက်သည်နှင့်... မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော နယ်မြေများ ပျက်စီးသွားရပြီး... မရေမတွက်နိုင်သော သက်ရှိများ သေဆုံးကာ... နဂါးကဲ့သို့ လှိမ့်ထွက်လာသော သက်စောင့်စွမ်းအားများသည် သူ၏နှာခေါင်းထဲသို့ ဝင်ရောက်သွားကာ... သူ၏မျက်နှာတွင် အလွန်အမင်း ယစ်မူးသာယာသော အမူအရာ ပေါ်လာ၏။
အလားတူ မြင်ကွင်းမျိုးသည် အဆုံးမဲ့ကမ္ဘာ၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေခဲ့သည်။
ယခုအချိန်တွင် ရှေးဟောင်းအရှင် ၁၈ ပါးသည် အဆုံးမဲ့ကမ္ဘာအနှံ့ ဖြန့်ကျက်ရောက်ရှိနေပြီး... ငတ်မွတ်နေသော နဂါးကြီးများကဲ့သို့ သူတို့အတွက် သီးသန့်ပြင်ဆင်ထားသော... စားပွဲဝိုင်းတွင် ပါဝင်စားသောက်နေကြသည်။
စားပွဲပေါ်ရှိ အစားအစာများမှာ... သက်ရှိသတ္တဝါအားလုံးပင် ဖြစ်သည်။
အဆုံးမဲ့တိုက်ကြီးတွင်သာမက... စကြဝဠာနက်ရှိုင်းရာရှိ ရှေးဟောင်းသက်ရှိကြယ်အများအပြားလည်း... ထိုဘေးဒုက္ခကို ခံစားနေရသည်။
ယခုတစ်ကြိမ် အရှင်သခင်များ ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်မှုသည် ယခင် နတ်ဆိုးနယ်မြေ ကျူးကျော်မှုထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။
မရေမတွက်နိုင်သော သက်ရှိများသည် ပေါင်းပင်များကဲ့သို့... သွေးအိုင်ထဲတွင် လဲကျသေဆုံးကုန်ကြသည်။ သူတို့၏ နှလုံးသားထဲတွင်... မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း... အချည်းနှီးသာ ငိုကြွေးနေရသည်။
လူအများအပြားသည် သွေးမျက်ရည်ကျကာ ဆုတောင်းနေကြသော်လည်း နောက်ဆုံးတွင် မည်သည့်အရာမျှ ပြောင်းလဲသွားခြင်း မရှိချေ။ အရာအားလုံးသည် အချည်းနှီးသာပင်။
အဆုံးမဲ့ကမ္ဘာသမိုင်းတစ်လျှောက်တွင်... အရှင်သခင်များ ပေါ်ထွက်လာတိုင်း ဖရိုဖရဲဖြစ်စေခဲ့သော်လည်း... အမြဲတမ်း ချွင်းချက်ထားလေ့ရှိသည်။
နောင်တစ်ချိန် ထပ်မံ စားသောက်နိုင်ရန်အတွက်... 'မျိုးစေ့' အချို့ကို ချန်ထားလေ့ရှိပြီး... အကုန်လုံးကို သတ်ဖြတ်လေ့မရှိပေ။
သို့မဟုတ် လွန်လွန်ကဲကဲလုပ်မိပါက... ပုန်းအောင်းနေသော ဧကရာဇ်များ မကျေမနပ်ဖြစ်ပြီး... ဝင်ရောက်စွက်ဖက်မည့် ပြဿနာကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ထိုသို့သော စိုးရိမ်ပူပန်မှုမျိုး မရှိကြတော့ပေ။
ကောင်းကင်ချောက်နက်ကြီးကို ဝင်ရောက်ခြင်းသည်... သူတို့ဘဝ၏ အရေးအကြီးဆုံး တိုက်ပွဲဖြစ်သည်။ ထို့ကြောင့်... သူတို့၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရရှိရန်... မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပေ။
မျိုးစေ့ချန်ထားရန်လည်း ဂရုမစိုက်တော့ပေ။
ဤသည်မှာ နောက်ဆုံးတိုက်ပွဲဖြစ်ရာ မျိုးစေ့ချန်ထားရန် အဘယ်မှာ လိုအပ်တော့မည်နည်း။
ထို့ပြင် အခြားသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ၏ ခုခံမှုကိုလည်း မကြောက်ရွံ့ကြတော့ပေ။
နောက်ပြောင်နေတာလား.....
ဤတစ်ကြိမ်တွင် တားမြစ်နယ်မြေအသီးသီးမှ အရှင်သခင်များ ပူးပေါင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ မည်သည့်ဧကရာဇ်အဆင့်က သူတို့အား ခုခံနိုင်မည်နည်း။
ထို့ကြောင့် ရှေးဟောင်းအရှင်တိုင်းသည် လက်မနှေးဘဲ သက်ရှိအားလုံး၏ အသက်ကို ရက်ရက်စက်စက် စားသောက်နေကြသည်။
ထို့ကြောင့် အရှင်သခင်များ ပေါ်ထွက်လာမှုမှ... အဆုံးမဲ့ကမ္ဘာကို ယူဆောင်လာပေးသော ဤမငြိမ်မသက်မှုမျိုးသည်... မကြုံစဖူးဖြစ်ပြီး နောက်ထပ် ဖြစ်လာတော့မည် မဟုတ်ပေ။
" ဘုန်း! "
တားမြစ်နယ်မြေအရှင်များ ရှေးဟောင်းသက်ရှိကြယ်များပေါ်တွင် ဖရိုဖရဲ မွှေနှောက်နေစဉ်.....
အလယ်ပိုင်းနယ်ပယ်၏ ကောင်းကင်ယံရှိ ကြီးမားသော ကောင်းကင်ချောက်နက်ကြီးသည် ရုတ်တရက် ပိုမိုကျယ်ပြန့်လာ၏။
ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းသော အင်မော်တယ်ချီများသည် အတွင်းမှ လျှံထွက်လာပြီး ဆန်းကြယ်သော ရွတ်ဖတ်သံများ၊ တီးတိုးရေရွတ်သံများပါ အတူ ပါလာသည်။
သက်ရှိသတ္တဝါအားလုံးသည် ကောင်းကင်ချောက်နက်၏ နက်ရှိုင်းရာတွင်... ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော ကြီးကျယ်ခမ်းနားသည့် တံခါးပေါက်ကြီးတစ်ခု ရှိနေကြောင်း... အာရုံခံမိလိုက်ကြသည်။ ထိုတံခါးပေါက်တွင် အင်မော်တယ်တာအို သင်္ကေတများ ဖုံးလွှမ်းနေ၏။
ဝိုးတဝါးဖြင့်... ထိုကောင်းကင်ချောက်နက်၏ နက်ရှိုင်းရာမှ... နဂါးနှင့် ဖီးနစ်ငှက်တို့၏ အော်မြည်သံ၊ ကျားဟိန်းသံများကိုပင် ကြားနေရပြီး... စစ်မှန်သော အင်မော်တယ်နယ်မြေ တံခါးပေါက် ပွင့်သွားသည့်အလားပင်။
" အချိန်တန်ပြီလား "
ဖီးနစ်ဧကရာဇ်သည် အလယ်ပိုင်းနယ်ပယ် ကောင်းကင်ယံရှိ ကြီးမားသော အက်ကွဲကြောင်းကြီးကို ကြည့်ကာ မျက်လုံးများတွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်သန်းသွား၏။
" မြန်မြန်စားကြ! အင်မော်တယ်တက်လှမ်းမယ့် အချိန်က ဒီနေ့ထဲပဲ "
ကောင်းကင်ချောက်နက်၏ ထူးခြားဖြစ်စဉ်ကို မြင်တွေ့ရသောအခါ... အရှင်သခင်များသည် အစာစားနှုန်းကို ထပ်မံမြှင့်တင်လိုက်ကြသည်။ သူတို့သည် ပြန်လည်သက်သာလာပြီးမှသာ... ကောင်းကင်ချောက်နက် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။
အရှေ့ပိုင်းနယ်ပယ်ရှိ လူသားဧကရာဇ်လျှို့ဝှက်နယ်မြေ အတွင်း၌.....
လူသားဧကရာဇ်ဝိညာဉ်သည် ပြောင်းလဲသွားသော ကောင်းကင်ချောက်နက်ကြီးကို ကြည့်နေစဉ် သူ၏မျက်လုံးများတွင် မသိမသာ လှုပ်ခတ်မှုများ ဖြတ်သန်းသွား၏။
" ဒီလောက်ကြာအောင် စောင့်ခဲ့ရပြီး နောက်ဆုံးတော့ အချိန်တန်ပြီလား "
လူသားဧကရာဇ်ဝိညာဉ်သည် ထိုနေရာမှ ထွက်ခွာတော့မည့်ဟန်ဖြင့် ခြေလှမ်းအနည်းငယ် ရွေ့လိုက်သည်။
သို့သော် ထိုအချိန်၌ပင် ချန်ဧကရာဇ်၏ သွေးမစွန်းဘဲ တိတ်ဆိတ်နေခဲ့သော ခေါင်းတလားသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။
" ဒုန်း... ဒုန်း..... "
နှလုံးခုန်သံကဲ့သို့သော အသံတစ်ခု ရှေးဟောင်းခေါင်းတလားအတွင်းမှ ထွက်ပေါ်လာပြီး ခေါင်းတလားတစ်ခုလုံးကို တုန်ခါသွားစေသည်။
လူသားဧကရာဇ်ဝိညာဉ်သည် တိတ်ဆိတ်နေပြီး သူ၏အကြည့်များသည် ရှုပ်ထွေးသွား၏။
" ချွမ်..... "
ပြင်းထန်သော တုန်ခါမှုအောက်တွင် ဒုတိယမြောက် ခေါင်းတလား၏ အဖုံးမှာ ပွင့်ထွက်သွားသည်။
အဆုံးမဲ့ ဟွမ်သွမ့်အင်မော်တယ်ချီများ ခေါင်းတလားအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး လူသားဧကရာဇ်လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားကာ ကောင်းကင်ကိုပင် ဖုံးလွှမ်းသွား၏။
" ဝီ..... "
နေမင်းကဲ့သို့ တောက်ပသော အလင်းတန်းတစ်ခု ရှေးဟောင်းခေါင်းတလားအတွင်းမှ ဖြာထွက်လာသည်။
နောက်တစ်ခဏတွင် နေမင်းတစ်စင်းသည် ခေါင်းတလားထဲမှ တိုးထွက်ပျံသန်းလာ၏။
ဤမြင်ကွင်းသည် အစာစားရန် အလျင်လိုနေကြသော အရှင်သခင်များကို ချက်ချင်း ထိတ်လန့်သွားစေခဲ့သည်။
သူတို့၏ အကြည့်များသည် လူသားဧကရာဇ်ရှိရာ လျှို့ဝှက်နယ်မြေဆီသို့ ရောက်သွားပြီး ခေါင်းတလားထဲမှ ပျံထွက်လာသော 'နေမင်း' ကို ကြည့်ကာ အံ့သြထိတ်လန့်သွားကြသည်။
" ဒါက..... "
" ကြည့်ရတာ လူသားဧကရာဇ် အရင်က သုံးခဲ့တဲ့... လက်နက်နဲ့ တူတယ် "
အရှင်သခင်တစ်ပါးသည် တုန်လှုပ်စွာ ပြောလိုက်၏။
ခေါင်းတလားထဲမှ ပျံထွက်လာသည်မှာ နေတစ်စင်းမဟုတ်ပေ။
၎င်းသည် အစိမ်းရောင်ရှိသော ရှေးဟောင်းပေတံတစ်ချောင်း ဖြစ်သည်။
ရှေးဟောင်းပေတံသည် လေထဲတွင် တွဲလွဲခိုနေပြီး... ဟွမ်သွမ့်ချီများကို ထုတ်လွှတ်နေကာ ကောင်းကင်ယံမှ နေမင်းကဲ့သို့... ကောင်းကင်ဘုံအားလုံးကို လင်းလက်စေသည်။
ဤခေါင်းတလားထဲတွင် မြှုပ်နှံထားသော အရာသည် လူသားဧကရာဇ်၏ လက်နက်ဟောင်းဖြစ်သော 'လူသားဧကရာဇ်ပေတံ' ပင်ဖြစ်သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ... ဤအင်မော်တယ်ပေတံသည် တစ်ဝက်သာ ကျန်ရှိတော့ပြီး... ကျိုးပဲ့နေသော အနားသတ်များမှာ မညီမညာဖြစ်နေကာ... တစ်စုံတစ်ဦးက အတင်းအဓမ္မ ချိုးဖျက်ထားသကဲ့သို့ ဖြစ်နေခြင်းပင်။