← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 14 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 14 Ch. 195-196

‎အခန်း (၁၉၅) - ကမ္ဘာလောက၏ စောင့်ကြည့်မှုနှင့် ကံကြမ္မာအား ဆုံးဖြတ်မည့် ဧကရာဇ်

‎

‎

‎

‎ယင်ယန်မိခင်သစ်ပင်အောက်ရှိ အနည်းငယ်တုန်ခါနေသော ရှေးဟောင်းခေါင်းတလားကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် အက်ကွဲကြောင်းများကြားမှ သွေးစီးကြောင်းများ စီးကျလာသည်ကို တွေ့မြင်ရသည်မှာ တုန်လှုပ်ဖွယ်ရာပင် ဖြစ်၏။

‎

‎

‎ထိုသွေးများသည် ချန်ဧကရာဇ်၏ သွေးများပင် ဖြစ်ချေသည်။

‎

‎

‎" ဟူး..... "

‎

‎

‎ဘေးနားတွင်ရပ်နေသော လူသားဧကရာဇ်၏ ဝိညာဉ်အပိုင်းအစသည် ဤမြင်ကွင်းအတွက် အံ့အားသင့်ပုံမရဘဲ သက်ပြင်းသာ ဖွဖွချလိုက်လေသည်။

‎

‎

‎ဤရုတ်တရက် အပြောင်းအလဲသည် အဆုံးမဲ့ကမ္ဘာနယ်ပယ်ငါးခုကို တုန်လှုပ်သွားစေရုံသာမက အခြားနယ်မြေများမှ ရှေးဟောင်းအရှင်များကိုပါ ထိတ်လန့်သွားစေခဲ့သည်။

‎

‎

‎ဘာတွေဖြစ်ကုန်တာလဲ။

‎

‎

‎ချန်ဧကရာဇ်သည် ခေါင်းတလား၏ မျိုချခြင်းကို ခံလိုက်ရပြီး 'ကံဆိုးမိုးမှောင်ကျ' သွားသည့်ပုံ ပေါက်နေသည်။

‎

‎

‎သို့သော် ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

‎

‎

‎" ခေါင်းတလားတစ်ခုပဲလေ... ဘာလို့ ဒီလောက်တောင်... ဆိုးရွားနေရတာလဲ "

‎

‎

‎အလယ်ပိုင်းနယ်ပယ်မှ ရှေးဟောင်းအရှင်တစ်ပါးက တီးတိုးရေရွတ်လိုက်သည်။ သူ၏အသံတွင် တုန်လှုပ်မှု အရိပ်အယောင်များ ပါဝင်နေသည်။

‎

‎

‎ဤခေါင်းတလားသည် ရှေးခေတ်လူသားဧကရာဇ် ချန်ထားရစ်ခဲ့သည် ဆိုလျှင်ကော အဘယ်နည်း။

‎

‎

‎ယခုအခါ လူသားဧကရာဇ် သေဆုံးခဲ့ပြီဖြစ်ကာ... ဝိညာဉ်အပိုင်းအစသာ ကျန်ရစ်တော့သည်။ ခေါင်းတလားထဲတွင် လူသားဧကရာဇ်၏ ရုပ်အလောင်းရှိနေလျှင်ကော ဘာဖြစ်မည်နည်း။

‎

‎

‎ချန်ဧကရာဇ်သည် သက်ရှိထင်ရှားရှိနေသော အရှင်သခင်တစ်ပါး ဖြစ်ပေသည်။

‎

‎

‎သူသည် မည်သို့လုပ်၍... ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ... ခေါင်းတလားထဲသို့ ဆွဲသွင်းခံလိုက်ရသနည်း။

‎

‎

‎ပြီးတော့ ထိုသွေးစွန်းနေသော လက်မောင်းက ဘာသဘောနည်း။

‎

‎

‎ဆိုးရွားလွန်းသည်... အမှန်တကယ်ပင်... အလွန်ဆိုးရွားလွန်းလှသည်။

‎

‎

‎" လူသားဧကရာဇ် သေဆုံးပြီးတာတောင် အဆုံးမဲ့လူသားမျိုးနွယ်ကို ကာကွယ်ဖို့ အရာအားလုံးကို ပေးဆပ်ချင်နေသေးတာလား "

‎

‎

‎အနောက်ပိုင်းသဲကန္တာရနယ်ပယ်တွင် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားစေနိုင်သော ရောင်စုံဖီးနစ်ငှက်ကြီးတစ်ကောင် ပျံတက်လာခဲ့သည်။ သူ၏ အေးစက်သော အကြည့်များသည် အရှေ့ပိုင်းနယ်ပယ်ရှိ ယင်ယန်မိခင်သစ်ပင်အောက်၌ ရပ်နေသော လူသားဧကရာဇ်ဝိညာဉ်ထံသို့ စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

‎

‎

‎ထိုသူမှာ ဖီးနစ်ဧကရာဇ်ပင်တည်း။

‎

‎

‎ချန်ဧကရာဇ်၏ ရုတ်တရက် ကံဆိုးမိုးမှောင်ကျမှုသည် အဆုံးမဲ့လူသားမျိုးနွယ်ကို ကာကွယ်ရန် လူသားဧကရာဇ်၏ နည်းလမ်းများနှင့် မသက်ဆိုင်ဘဲ မနေနိုင်ပေ။

‎

‎

‎သို့မဟုတ်ပါက... ဤလူသားဧကရာဇ်လျှို့ဝှက်နယ်မြေသည် စောစီးစွာ မပေါ်လာဘဲ... ယခုကဲ့သို့ အချိန်ကိုက်မှ အဘယ်ကြောင့် ပေါ်လာရသနည်း။

‎

‎

‎လူသားဧကရာဇ်ဝိညာဉ်၏ သဘောထားသည်လည်း အခြားအရှင်များ၏ မဟာဗျူဟာများကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။

‎

‎

‎ဖီးနစ်ဧကရာဇ်၏ စကားသံဆုံးသည်နှင့် အခြားနယ်မြေများမှ ရှေးဟောင်းအရှင်များသည်လည်း လူသားဧကရာဇ်လျှို့ဝှက်နယ်မြေဆီသို့ အကြည့်ပို့ကာ လူသားဧကရာဇ်ဝိညာဉ်၏ အဖြေကို စောင့်မျှော်နေကြသည်။

‎

‎

‎ထိုအချိန်တွင်... နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်များသည် ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး... အောက်ဆုံးမှ အထွတ်အထိပ်သို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားကြသည်။

‎

‎

‎ဝိညာဉ်အပိုင်းအစသာ ကျန်ရှိတော့သည့်အတွက်... လူသားဧကရာဇ် ပေါ်လာလျှင်ပင် လူသားမျိုးနွယ်ကို ကာကွယ်နိုင်မည် မဟုတ်ဟု... သူတို့ ယခင်က ထင်မှတ်ခဲ့ကြသည်။

‎

‎

‎သို့သော် ယခုကြည့်ရသည်မှာ... လူသားဧကရာဇ်၌ အရန်အစီအစဉ်များ ရှိနေသေးပုံရသည်။ ချန်ဧကရာဇ်ပင်လျှင် တိတ်တဆိတ် ဖယ်ရှားခံလိုက်ရပြီဖြစ်ရာ... လူသားဧကရာဇ်၌ အခြားအရှင်များနှင့် ယှဉ်ပြိုင်နိုင်မည့် နည်းလမ်းများ ရှိကောင်းရှိနေနိုင်သည်။

‎

‎

‎လူသားဧကရာဇ်သည် လူသားမျိုးနွယ်ကို ကာကွယ်ပေးမည်လား ဆိုသည့် အချက်နှင့် ပတ်သက်၍မူ.....

‎

‎

‎ဤမေးခွန်းသည် နယ်ပယ်ငါးခုရှိ လူသားများအတွက် ထည့်သွင်းစဉ်းစားစရာပင် မလိုသော ကိစ္စဖြစ်သည်။

‎

‎

‎နောက်ပြောင်နေတာလား... လူသားဧကရာဇ်က ဘယ်သူလဲ.....

‎

‎

‎သူသည် အဆုံးမဲ့ကမ္ဘာရှိ လူသားမျိုးနွယ်၏ စစ်မှန်သော ဘိုးဘေးဖြစ်သည်။ သူသည် လူသားမျိုးနွယ် မြင့်တက်လာစေရန် ထောက်ပံ့ပေးခဲ့သော ကျောက်တိုင်ကြီး ဖြစ်သည်။

‎

‎

‎ရှေးဟောင်းခေတ်ကာလမှစ၍... လူသားဧကရာဇ်သည် လူသားမျိုးနွယ်အတွက် အမြဲပေးဆပ်ခဲ့ပြီး... ၎င်းတို့၏ ကြီးထွားမှုကို ကာကွယ်စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။

‎

‎

‎ယခုသူသေဆုံးသွားပြီ ဆိုလျှင်တောင် လူသားမျိုးနွယ်အတွက် ဆက်လက်ပေးဆပ်နေဦးမည် သာဖြစ်သည်။

‎

‎

‎သို့မဟုတ်ပါက... မရေမတွက်နိုင်သော လူသားများက သူ့အား အဘယ်ကြောင့်... လူသားဧကရာဇ်ဟု လေးစားသမှု ခေါ်ဝေါ်ကြမည်နည်း။

‎

‎

‎" သရဖူကို ဆောင်းချင်တဲ့သူက သရဖူရဲ့ အလေးချိန်ကို ခံနိုင်ရမယ်... ငါတို့လူသားမျိုးနွယ်ရဲ့ အတက်အကျကို အဆုံးအဖြတ်ပေးမယ့် အချိန်မှာ... လူသားဧကရာဇ်ကိုပဲ အားကိုးရတော့မယ် "

‎

‎

‎လူသားမျိုးနွယ်အကြီးအကဲတစ်ဦးမှ သက်ပြင်းချကာ ပြောဆိုလိုက်သည်။

‎

‎

‎" လူသားဧကရာဇ်က ငါတို့လူသားမျိုးနွယ်အပေါ် ကျေးဇူးကြီးမားလှပါတယ်... အရှင်သခင်တွေရဲ့ ဖရိုဖရဲအခြေအနေတွေ ငြိမ်းအေးသွားတာနဲ့... ငါတို့ဂိုဏ်းက လူသားဧကရာဇ်အတွက် ရုပ်တုတစ်ခု သေချာပေါက် တည်ဆောက်ပြီး... သူ့ရဲ့ကျေးဇူးတရားကို အောက်မေ့တသတဲ့အနေနဲ့... နေ့ညမပြတ် ကိုးကွယ်ပူဇော်ပါ့မယ် "

‎

‎

‎မဟာဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်သည် ရိုးသားစွာ ပြောဆိုလေသည်။

‎

‎

‎" သေဆုံးပြီးတာတောင်မှ... လူသားဧကရာဇ်က ငါတို့လူသားမျိုးနွယ်အတွက် ဒီလောက်ထိ ပေးဆပ်နိုင်ပါသေးတယ်... သေဆုံးချိန်ထိတိုင်အောင် တကယ်ကို အပင်ပန်းခံခဲ့ရှာတာပါ "

‎

‎

‎" ငါ့ကိုယ်ငါ ရှက်မိတယ်... အရင်တုန်းက လူသားဧကရာဇ်ရဲ့ နာမည်ကိုတောင် မကြားဖူးခဲ့ဘူး... ဒီနေ့ကစပြီး လူသားဧကရာဇ်ကို ကောင်းကောင်းလေးစားပါ့မယ် "

‎

‎

‎" မင်းအပြစ်မဟုတ်ပါဘူး... လူသားဧကရာဇ်ရဲ့ ခေတ်ကာလနဲ့ဆို အချိန်တွေအများကြီး ကုန်ဆုံးခဲ့ပြီပဲ... ဘယ်သူကများ သူ့ကို နေ့တိုင်းသတိရနေမှာလဲ... ဒီကိစ္စပြီးသွားရင် လူသားဧကရာဇ်ကို အောက်မေ့ဖွယ် အခမ်းအနားကောင်းကောင်း လုပ်ပေးလိုက်ရင် ပြီးတာပါပဲ "

‎

‎

‎နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်များသည် အလွန်စိတ်လှုပ်ရှားနေကြပြီး... လူသားမျိုးနွယ်သည် ဘဝသစ်တစ်ခု ရရှိတော့မည်... ကယ်တင်ခံရတော့မည်ဟု ထင်နေကြသည်။

‎

‎

‎လူသားဧကရာဇ် မည်သို့ တွေးခေါ်မည်ကိုမူ... မည်သူမျှ ဂရုမစိုက်ကြပေ။

‎

‎

‎ဘာပဲဖြစ်ဖြစ် ခင်ဗျားက လူသားဧကရာဇ်လေ... အခု လူသားမျိုးနွယ်အတွက် မိုးပြိုတော့မယ့် အခြေအနေရောက်နေပြီဆိုတော့... အရပ်ရှည်တဲ့ ခင်ဗျားက အရင်ဆုံး ခံသင့်တာပေါ့။

‎

‎

‎မဟုတ်ရင်... လူတိုင်းက ခင်ဗျားကို ဘာလို့... လူသားဧကရာဇ်လို့ လေးလေးစားစား ခေါ်ကြမှာလဲ။

‎

‎

‎အလွန်ဆုံးတော့ နောက်ပိုင်းကျမှ... သူ့အတွက် အောက်မေ့ဖွယ်အခမ်းအနား ကောင်းကောင်းလုပ်ပေးလိုက်မယ်... ဒါဆိုရင် လူသားမျိုးနွယ်ကို ကာကွယ်ပေးခဲ့တဲ့... သူ့ရဲ့ကြိုးပမ်းမှုအတွက် ပြန်ပေးဆပ်လိုက်တာပဲပေါ့။

‎

‎

‎...

‎

‎

‎ထိုအချိန်တွင် ကမ္ဘာလောက၏ မျက်လုံးများအားလုံးသည် လူသားဧကရာဇ်ဝိညာဉ်ထံသို့သာ စုပြုံရောက်ရှိနေသည်။

‎

‎

‎" လူသားမျိုးနွယ်... ဟမ်း..... "

‎

‎

‎လူသားဧကရာဇ်ဝိညာဉ်သည် ခေါင်းတလားဘေးတွင် ရပ်လျက်... သွေးမစွန်းသေးသော အခြားခေါင်းတလားအဖုံးတစ်ခုကို ညင်သာစွာ ပွတ်သပ်ရင်း... သက်ပြင်းဖွဖွ ချလိုက်လေသည်။

‎

‎

‎ထို့နောက် လူသားဧကရာဇ်ဝိညာဉ်သည် အကြည့်ကို နှိမ့်ချလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလေသည်။

‎

‎

‎" လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို သူတို့ဘာသာပဲ ဆုံးဖြတ်ရမယ် "

‎

‎

‎ရိုးရှင်းသော စကားတစ်ခွန်းသာ ဖြစ်သော်လည်း... နယ်ပယ်ငါးခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။

‎

‎

‎လူသားမျိုးနွယ်၏ ကံကြမ္မာကို လူသားမျိုးနွယ်ကိုယ်တိုင် ဆုံးဖြတ်ရမည်လား။

‎

‎

‎ဤသည်က ဘာအဓိပ္ပါယ်နည်း။

‎

‎

‎မရေမတွက်နိုင်သော လူသားမျိုးနွယ်ဝင်များသည် ကြောင်အမ်းလျက် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာပြီး လူသားဧကရာဇ်၏ ဆိုလိုရင်းကို ချက်ချင်း နားမလည်နိုင် ဖြစ်နေကြသည်။

‎

‎

‎'ဉာဏ်ကောင်းသူ' လူနည်းစုကမူ... လူသားဧကရာဇ်၏ ရည်ရွယ်ချက်အမှန်ကို ရိပ်စားမိလိုက်သကဲ့သို့... မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

‎

‎

‎လူသားမျိုးနွယ်၏ ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ရမည်။

‎

‎

‎ဒါက လူသားဧကရာဇ်အနေနဲ့ ဝင်ပါမှာ မဟုတ်ဘူး... လူသားမျိုးနွယ်ကို ကာကွယ်ပေးမှာ မဟုတ်ဘူးလို့... သွယ်ဝိုက်ပြောလိုက်တာ မဟုတ်ဘူးလား။

‎

‎

‎ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက လူသားဧကရာဇ်လေ။

‎

‎

‎လူသားဧကရာဇ်အနေနဲ့ လူသားမျိုးနွယ်ကို ကာကွယ်သင့်တယ် မဟုတ်လား။ ဘာလို့ လူသားမျိုးနွယ်ကို ဂရုမစိုက်တာလဲ... ဘာလို့လဲ။

‎

‎

‎" အော်... ဒါကြောင့်ကိုး... ငါကိုယ်တော် နားလည်လိုက်ပါပြီ "

‎

‎

‎လူသားဧကရာဇ်ဝိညာဉ်သည် အကြည့်ကိုနှိမ့်ချကာ ငြိမ်သက်နေသည်ကို မြင်သောအခါ... ဖီးနစ်ဧကရာဇ်သည် လူသားဧကရာဇ်၏ သဘောကို နားလည်လိုက်ပြီး... တခစ်ခစ်ရယ်မောလိုက်သည်။ ထို့နောက် အတောင်ပံများဖြင့် ကောင်းကင်ကို ခွင်းလျက်... သက်ရှိသတ္တဝါအပေါင်း၏ အသက်များကို ဆက်လက် စားသောက်လေတော့သည်။

‎

‎

‎အခြားအရှင်များသည်လည်း နားလည်မှုရရှိသွားကြပြီး... လူသားဧကရာဇ်လျှို့ဝှက်နယ်မြေဘက်သို့ ဆက်မကြည့်ကြတော့ဘဲ... သူတို့၏ စားသောက်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်ကြတော့သည်။

‎

‎

‎ကြောက်မက်ဖွယ်ရာ သွေးပင်လယ်ကြီးသည် အဆုံးမဲ့ကမ္ဘာနယ်ပယ်ငါးခုကို လွှမ်းခြုံသွားခဲ့၏။

‎

‎

‎အရှင်သခင်များ၏ စားသုံးမှုသည် ဆက်လက်ဖြစ်ပေါ်နေပြီး... လူသားဧကရာဇ်ကမူ တိတ်ဆိတ်နေကာ... လူသားမျိုးနွယ်ကို ကာကွယ်ပေးခြင်း မရှိတော့ချေ။

‎

‎

‎ဤမြင်ကွင်းသည်... ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့... မရေမတွက်နိုင်သော လူသားမျိုးနွယ်ဝင်များ၏ နှလုံးသားကို ရိုက်ခတ်သွားပြီး... သူတို့၏ စိတ်ဓာတ်များကို အောက်ဆုံးသို့ ထိုးကျသွားစေခဲ့သည်။

‎

‎

‎လူအများအပြားသည် ကျယ်လောင်စွာ ဆဲဆိုကြိမ်းမောင်းလာကြသည်။

‎

‎

‎" ဒါ လူသားဧကရာဇ်အတု ဖြစ်ရမယ်! လူသားဧကရာဇ်အစစ်က ဘယ်လိုလုပ် လူသားမျိုးနွယ်ကို စွန့်ပစ်မှာလဲ "

‎

‎

‎" အတုပဲ... အတုပဲ ဖြစ်ရမယ်! "

‎

‎

‎" သောက်ကျိုးနည်း လူသားဧကရာဇ်... သူ လူသားမျိုးနွယ်ကို သစ္စာဖောက်တယ်! "

‎

‎

‎" သူက အစစ်ဖြစ်ရင်တောင်... ငါတို့လူသားမျိုးနွယ်ရဲ့ ဧကရာဇ်ဖြစ်ဖို့ မထိုက်တန်တော့ဘူး!! "

‎

‎

‎စိတ်ပျက်အားငယ်မှုများကြားတွင် ကျိန်ဆဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

‎

‎

‎ကမ္ဘာလောက၏ ချီးမွမ်းခြင်းခံရသူအဖြစ်မှ... ကမ္ဘာလောက၏ ကျိန်ဆဲကဲ့ရဲ့ခြင်း ခံရသူအဖြစ်သို့.....

‎

‎

‎ဤအပြောင်းအလဲအားလုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎...

‎

‎

‎ကောင်းကင်ဘုံတားမြစ်နယ်မြေ အတွင်း၌.....

‎

‎

‎အဆုံးမဲ့ကမ္ဘာနယ်ပယ်ငါးခုမှ ကျိန်ဆဲသံများသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းရာသို့ ရောက်ရှိလာပုံရသည်။

‎

‎

‎ဖူဝမ်သည် ပြင်ပမှ အသံဗလံများကို နားထောင်ရင်း... နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိကာ... မျက်လုံးများ နီရဲနေသည်။

‎

‎

‎ကုချင်းရွဲ့သည် ဤသည်ကိုမြင်လျှင် သက်ပြင်းချလိုက်ပြီး... ဖူဝမ်ကို အလျင်အမြန် ပွေ့ဖက်ကာ... တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။

‎

‎

‎" လူသားမျိုးနွယ် ဟား... ငါ့ရဲ့ ဖူမိသားစု ယင်ယန်တာအိုမဟာမိတ်အဖွဲ့ရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံရတုန်းက... သူတို့ ဘယ်ရောက်နေကြသလဲ.....

‎

‎ငါ့ရဲ့ ဖူမိသားစု မျိုးသုဉ်းသတ်ဖြတ်ခံရပြီး... ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့တုန်းက... လူသားမျိုးနွယ်ဆိုတာ ဘယ်ရောက်နေသလဲ "

‎

‎

‎ဖူဝမ်သည် တီးတိုးရေရွတ်နေလျက်... မျက်ရည်များ ဝဲလာသော်ငြား... မကျဆင်းစေရန် တင်းခံထားလိုက်သည်။

‎

‎

‎" အခုမှ သူတို့တွေ ဝမ်းနည်းပူဆွေးပြီး နာကျင်ရမယ့်အလှည့်ရောက်တာ... ဒီလိုအချိန်ရောက်မှ ဖူမိသားစုနဲ့ ဘိုးဘေးကို သတိရတယ်ပေါ့.....

‎

‎ကုချင်းရွဲ့... ဘိုးဘေးက ဝင်မပါဖို့ ရွေးချယ်လိုက်တာ မှန်တယ်လို့ ထင်လား? "

‎

‎

‎ထိုစကားကို ကြားသောအခါ... ကုချင်းရွဲ့ ပြန်ဖြေရန် ပြင်လိုက်သော်လည်း... ဖူဝမ်၏ ခိုင်မာပြတ်သားသော အဖြေကို ကြားလိုက်ရသည်။

‎

‎

‎" ဘိုးဘေး လုပ်တာ မှန်တယ်လို့ ကျွန်မ ထင်တယ်!

‎

‎အဆုံးမဲ့လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက... ဒီနှစ်တွေအတွင်း သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှုတွေနဲ့တင်... ဆုံးဖြတ်ပြီးသားပဲ! "

‎

‎အခန်း (၁၉၆) - မကြုံစဖူး ကသောင်းကနင်းအခြေအနေ၊ အချိန်တန်ပြီ၊ ဧကရာဇ်ပေါ်ထွန်းခြင်း

‎

‎

‎

‎ဖူဝမ်၏အသံတွင် ပြတ်သားမှုနှင့် ကျေနပ်မှုအရိပ်အယောင်များ ပါဝင်နေသည်။

‎

‎

‎" ဖူမိသားစု မျိုးသုဉ်းသတ်ဖြတ်ခံရတုန်းက လူသားမျိုးနွယ်ထဲက ဘယ်သူကမှ ဝင်ရောက်ကူညီမပေးခဲ့ဘူး.....

‎

‎အခုသူတို့ဒုက္ခရောက်မှ ဘိုးဘေးကလဲ သူတို့ရဲ့ဘိုးဘေးပဲဆိုပြီး ကယ်တင်ပေးဖို့ကို မျှော်လင့်နေကြတာလား.....

‎

‎စိတ်ကူးယဉ်နေကြတာပဲ "

‎

‎

‎" ကံကြမ္မာဆိုတာ ကိုယ်တိုင်ဖန်တီးယူရတာပါပဲ... တကယ်ကို ကိုယ်တိုင်ဖန်တီးယူရတာ "

‎

‎

‎ကုချင်းရွဲ့သည် အဆုံးမဲ့ကမ္ဘာ၏ နက်ရှိုင်းရာရှိ တိတ်ဆိတ်နေသော အထက်ကောင်းကင်ခန်းမဆောင်မကြီးကို လှမ်းကြည့်လိုက်မိပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

‎

‎

‎ပြင်ပမှ ဤမျှကြီးမားသော နှောင့်ယှက်မှုများသည် ဘိုးဘေး၏ မျက်လုံးများအောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ကြောင်း သူသိသည်။

‎

‎

‎သို့သော် ထိုသို့ဖြစ်နေလျက်ပင်... ဘိုးဘေးရှိနေသော ခန်းမဆောင်သည်... လုံးဝငြိမ်သက်နေဆဲပင်။

‎

‎

‎ဤသည်မှာ ဘိုးဘေး၏နှလုံးသားထဲတွင်... အဆုံးမဲ့လူသားမျိုးနွယ်အပေါ် သနားကရုဏာ မရှိတော့ကြောင်း... ပြသနေခြင်းဖြစ်သည်။

‎

‎

‎လက်ရှိလူသားဧကရာဇ်ကဲ့သို့ပင်... လူသားမျိုးနွယ်ကို ကာကွယ်ရန် မည်သည့်အတွေး... မည်သည့်အစီအစဉ်မျှ မရှိတော့ချေ။

‎

‎

‎ဤအရာအားလုံးသည် လူသားမျိုးနွယ်၏ မှားယွင်းသော ဆုံးဖြတ်ချက်များ၏ ရလဒ်ပင်ဖြစ်သည်။

‎

‎

‎...

‎

‎

‎" ဘာလို့လဲ... ဘာလို့လဲ... ဘာလို့ လူသားဧကရာဇ်က လက်ပိုက်ကြည့်နေရတာလဲ... ငါတို့ကို ကယ်ပါဦး "

‎

‎

‎" ငါတို့လူသားမျိုးနွယ် တကယ်ပဲ စွန့်ပစ်ခံလိုက်ရပြီလား "

‎

‎

‎" ဒီနေ့ကစပြီး လူသားမျိုးနွယ်မှာ လူသားဧကရာဇ် မရှိတော့ဘူး! "

‎

‎

‎လက်မှိုင်ချဝမ်းနည်းသံများနှင့် ကျိန်ဆဲသံများသည် အဆုံးမဲ့နယ်ပယ်ငါးခုလုံးတွင် ပဲ့တင်ထပ်နေ၏။

‎

‎

‎သက်ရှိသတ္တဝါများ၏ စကားသံများသည် လူသားဧကရာဇ်ဝိညာဉ်၏ နားထဲသို့ ရောက်ရှိသွားသော်လည်း သူ၏မျက်နှာအမူအရာကို အနည်းငယ်မျှ ပြောင်းလဲသွားစေခြင်း မရှိပေ။

‎

‎

‎ဤတစ်ကြိမ်တွင် သူသည် သွေးစွန်းနေသော ခေါင်းတလားကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

‎

‎

‎" ငါက မင်းချန်ထားခဲ့တဲ့ ဝိညာဉ်အပိုင်းအစလေး တစ်ခုပါပဲ... မင်းသာ အသက်ရှင်နေသေးရင် ဘယ်လိုရွေးချယ်မှုမျိုး လုပ်မှာလဲ "

‎

‎

‎စကားဆုံးပြီးနောက်... လူသားဧကရာဇ်ဝိညာဉ်၏ အကြည့်သည်... အလယ်ပိုင်းနယ်ပယ်၏ ကောင်းကင်ယံတွင် ဖြန့်ကျက်ထားသော... ကြီးမားသည့် ကောင်းကင်ချောက်နက်ကြီးဆီသို့ ရောက်သွားသည်။

‎

‎

‎သူသည် လူသားဧကရာဇ်သေဆုံးပြီးနောက် စွဲလမ်းမှုဖြင့် ဖွဲ့စည်းထားသော လူသားဧကရာဇ်ဝိညာဉ်ဖြစ်သည်။

‎

‎

‎မရေမတွက်နိုင်သော ခေတ်ကာလများကို ဖြတ်သန်းပြီးနောက်... သူ၏နောက်ဆုံးကံကြမ္မာကို ဖြည့်ဆည်းရန်... ဤအချိန်အခါကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

‎

‎

‎ယခု ထိုအချိန်အခါ ရောက်လာလေပြီ။

‎

‎

‎...

‎

‎

‎" ဟားဟားဟား... တကယ့်ကို အားကောင်းတဲ့ သက်စောင့်စွမ်းအားပဲ... ဒီအရှင်သခင် မခံစားရတာတောင် ကြာပြီ "

‎

‎

‎ရှေးဟောင်းအရှင်တစ်ပါး ခြေဆောင့်လိုက်သည်နှင့်... မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော နယ်မြေများ ပျက်စီးသွားရပြီး... မရေမတွက်နိုင်သော သက်ရှိများ သေဆုံးကာ... နဂါးကဲ့သို့ လှိမ့်ထွက်လာသော သက်စောင့်စွမ်းအားများသည် သူ၏နှာခေါင်းထဲသို့ ဝင်ရောက်သွားကာ... သူ၏မျက်နှာတွင် အလွန်အမင်း ယစ်မူးသာယာသော အမူအရာ ပေါ်လာ၏။

‎

‎

‎အလားတူ မြင်ကွင်းမျိုးသည် အဆုံးမဲ့ကမ္ဘာ၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေခဲ့သည်။

‎

‎

‎ယခုအချိန်တွင် ရှေးဟောင်းအရှင် ၁၈ ပါးသည် အဆုံးမဲ့ကမ္ဘာအနှံ့ ဖြန့်ကျက်ရောက်ရှိနေပြီး... ငတ်မွတ်နေသော နဂါးကြီးများကဲ့သို့ သူတို့အတွက် သီးသန့်ပြင်ဆင်ထားသော... စားပွဲဝိုင်းတွင် ပါဝင်စားသောက်နေကြသည်။

‎

‎

‎စားပွဲပေါ်ရှိ အစားအစာများမှာ... သက်ရှိသတ္တဝါအားလုံးပင် ဖြစ်သည်။

‎

‎

‎အဆုံးမဲ့တိုက်ကြီးတွင်သာမက... စကြဝဠာနက်ရှိုင်းရာရှိ ရှေးဟောင်းသက်ရှိကြယ်အများအပြားလည်း... ထိုဘေးဒုက္ခကို ခံစားနေရသည်။

‎

‎

‎ယခုတစ်ကြိမ် အရှင်သခင်များ ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်မှုသည် ယခင် နတ်ဆိုးနယ်မြေ ကျူးကျော်မှုထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။

‎

‎

‎မရေမတွက်နိုင်သော သက်ရှိများသည် ပေါင်းပင်များကဲ့သို့... သွေးအိုင်ထဲတွင် လဲကျသေဆုံးကုန်ကြသည်။ သူတို့၏ နှလုံးသားထဲတွင်... မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း... အချည်းနှီးသာ ငိုကြွေးနေရသည်။

‎

‎

‎လူအများအပြားသည် သွေးမျက်ရည်ကျကာ ဆုတောင်းနေကြသော်လည်း နောက်ဆုံးတွင် မည်သည့်အရာမျှ ပြောင်းလဲသွားခြင်း မရှိချေ။ အရာအားလုံးသည် အချည်းနှီးသာပင်။

‎

‎

‎အဆုံးမဲ့ကမ္ဘာသမိုင်းတစ်လျှောက်တွင်... အရှင်သခင်များ ပေါ်ထွက်လာတိုင်း ဖရိုဖရဲဖြစ်စေခဲ့သော်လည်း... အမြဲတမ်း ချွင်းချက်ထားလေ့ရှိသည်။

‎

‎

‎နောင်တစ်ချိန် ထပ်မံ စားသောက်နိုင်ရန်အတွက်... 'မျိုးစေ့' အချို့ကို ချန်ထားလေ့ရှိပြီး... အကုန်လုံးကို သတ်ဖြတ်လေ့မရှိပေ။

‎

‎

‎သို့မဟုတ် လွန်လွန်ကဲကဲလုပ်မိပါက... ပုန်းအောင်းနေသော ဧကရာဇ်များ မကျေမနပ်ဖြစ်ပြီး... ဝင်ရောက်စွက်ဖက်မည့် ပြဿနာကို စိုးရိမ်သောကြောင့်ဖြစ်သည်။

‎

‎

‎သို့သော် ယခုတစ်ကြိမ်တွင် ထိုသို့သော စိုးရိမ်ပူပန်မှုမျိုး မရှိကြတော့ပေ။

‎

‎

‎ကောင်းကင်ချောက်နက်ကြီးကို ဝင်ရောက်ခြင်းသည်... သူတို့ဘဝ၏ အရေးအကြီးဆုံး တိုက်ပွဲဖြစ်သည်။ ထို့ကြောင့်... သူတို့၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရရှိရန်... မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပေ။

‎

‎

‎မျိုးစေ့ချန်ထားရန်လည်း ဂရုမစိုက်တော့ပေ။

‎

‎

‎ဤသည်မှာ နောက်ဆုံးတိုက်ပွဲဖြစ်ရာ မျိုးစေ့ချန်ထားရန် အဘယ်မှာ လိုအပ်တော့မည်နည်း။

‎

‎

‎ထို့ပြင် အခြားသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ၏ ခုခံမှုကိုလည်း မကြောက်ရွံ့ကြတော့ပေ။

‎

‎

‎နောက်ပြောင်နေတာလား.....

‎

‎

‎ဤတစ်ကြိမ်တွင် တားမြစ်နယ်မြေအသီးသီးမှ အရှင်သခင်များ ပူးပေါင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ မည်သည့်ဧကရာဇ်အဆင့်က သူတို့အား ခုခံနိုင်မည်နည်း။

‎

‎

‎ထို့ကြောင့် ရှေးဟောင်းအရှင်တိုင်းသည် လက်မနှေးဘဲ သက်ရှိအားလုံး၏ အသက်ကို ရက်ရက်စက်စက် စားသောက်နေကြသည်။

‎

‎

‎ထို့ကြောင့် အရှင်သခင်များ ပေါ်ထွက်လာမှုမှ... အဆုံးမဲ့ကမ္ဘာကို ယူဆောင်လာပေးသော ဤမငြိမ်မသက်မှုမျိုးသည်... မကြုံစဖူးဖြစ်ပြီး နောက်ထပ် ဖြစ်လာတော့မည် မဟုတ်ပေ။

‎

‎

‎" ဘုန်း! "

‎

‎

‎တားမြစ်နယ်မြေအရှင်များ ရှေးဟောင်းသက်ရှိကြယ်များပေါ်တွင် ဖရိုဖရဲ မွှေနှောက်နေစဉ်.....

‎

‎

‎အလယ်ပိုင်းနယ်ပယ်၏ ကောင်းကင်ယံရှိ ကြီးမားသော ကောင်းကင်ချောက်နက်ကြီးသည် ရုတ်တရက် ပိုမိုကျယ်ပြန့်လာ၏။

‎

‎

‎ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းသော အင်မော်တယ်ချီများသည် အတွင်းမှ လျှံထွက်လာပြီး ဆန်းကြယ်သော ရွတ်ဖတ်သံများ၊ တီးတိုးရေရွတ်သံများပါ အတူ ပါလာသည်။

‎

‎

‎သက်ရှိသတ္တဝါအားလုံးသည် ကောင်းကင်ချောက်နက်၏ နက်ရှိုင်းရာတွင်... ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော ကြီးကျယ်ခမ်းနားသည့် တံခါးပေါက်ကြီးတစ်ခု ရှိနေကြောင်း... အာရုံခံမိလိုက်ကြသည်။ ထိုတံခါးပေါက်တွင် အင်မော်တယ်တာအို သင်္ကေတများ ဖုံးလွှမ်းနေ၏။

‎

‎

‎ဝိုးတဝါးဖြင့်... ထိုကောင်းကင်ချောက်နက်၏ နက်ရှိုင်းရာမှ... နဂါးနှင့် ဖီးနစ်ငှက်တို့၏ အော်မြည်သံ၊ ကျားဟိန်းသံများကိုပင် ကြားနေရပြီး... စစ်မှန်သော အင်မော်တယ်နယ်မြေ တံခါးပေါက် ပွင့်သွားသည့်အလားပင်။

‎

‎

‎" အချိန်တန်ပြီလား "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် အလယ်ပိုင်းနယ်ပယ် ကောင်းကင်ယံရှိ ကြီးမားသော အက်ကွဲကြောင်းကြီးကို ကြည့်ကာ မျက်လုံးများတွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်သန်းသွား၏။

‎

‎

‎" မြန်မြန်စားကြ! အင်မော်တယ်တက်လှမ်းမယ့် အချိန်က ဒီနေ့ထဲပဲ "

‎

‎

‎ကောင်းကင်ချောက်နက်၏ ထူးခြားဖြစ်စဉ်ကို မြင်တွေ့ရသောအခါ... အရှင်သခင်များသည် အစာစားနှုန်းကို ထပ်မံမြှင့်တင်လိုက်ကြသည်။ သူတို့သည် ပြန်လည်သက်သာလာပြီးမှသာ... ကောင်းကင်ချောက်နက် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

‎

‎

‎ထိုအချိန်တွင် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။

‎

‎

‎အရှေ့ပိုင်းနယ်ပယ်ရှိ လူသားဧကရာဇ်လျှို့ဝှက်နယ်မြေ အတွင်း၌.....

‎

‎

‎လူသားဧကရာဇ်ဝိညာဉ်သည် ပြောင်းလဲသွားသော ကောင်းကင်ချောက်နက်ကြီးကို ကြည့်နေစဉ် သူ၏မျက်လုံးများတွင် မသိမသာ လှုပ်ခတ်မှုများ ဖြတ်သန်းသွား၏။

‎

‎

‎" ဒီလောက်ကြာအောင် စောင့်ခဲ့ရပြီး နောက်ဆုံးတော့ အချိန်တန်ပြီလား "

‎

‎

‎လူသားဧကရာဇ်ဝိညာဉ်သည် ထိုနေရာမှ ထွက်ခွာတော့မည့်ဟန်ဖြင့် ခြေလှမ်းအနည်းငယ် ရွေ့လိုက်သည်။

‎

‎

‎သို့သော် ထိုအချိန်၌ပင် ချန်ဧကရာဇ်၏ သွေးမစွန်းဘဲ တိတ်ဆိတ်နေခဲ့သော ခေါင်းတလားသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။

‎

‎

‎" ဒုန်း... ဒုန်း..... "

‎

‎

‎နှလုံးခုန်သံကဲ့သို့သော အသံတစ်ခု ရှေးဟောင်းခေါင်းတလားအတွင်းမှ ထွက်ပေါ်လာပြီး ခေါင်းတလားတစ်ခုလုံးကို တုန်ခါသွားစေသည်။

‎

‎

‎လူသားဧကရာဇ်ဝိညာဉ်သည် တိတ်ဆိတ်နေပြီး သူ၏အကြည့်များသည် ရှုပ်ထွေးသွား၏။

‎

‎

‎" ချွမ်..... "

‎

‎

‎ပြင်းထန်သော တုန်ခါမှုအောက်တွင် ဒုတိယမြောက် ခေါင်းတလား၏ အဖုံးမှာ ပွင့်ထွက်သွားသည်။

‎

‎

‎အဆုံးမဲ့ ဟွမ်သွမ့်အင်မော်တယ်ချီများ ခေါင်းတလားအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး လူသားဧကရာဇ်လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားကာ ကောင်းကင်ကိုပင် ဖုံးလွှမ်းသွား၏။

‎

‎

‎" ဝီ..... "

‎

‎

‎နေမင်းကဲ့သို့ တောက်ပသော အလင်းတန်းတစ်ခု ရှေးဟောင်းခေါင်းတလားအတွင်းမှ ဖြာထွက်လာသည်။

‎

‎

‎နောက်တစ်ခဏတွင် နေမင်းတစ်စင်းသည် ခေါင်းတလားထဲမှ တိုးထွက်ပျံသန်းလာ၏။

‎

‎

‎ဤမြင်ကွင်းသည် အစာစားရန် အလျင်လိုနေကြသော အရှင်သခင်များကို ချက်ချင်း ထိတ်လန့်သွားစေခဲ့သည်။

‎

‎

‎သူတို့၏ အကြည့်များသည် လူသားဧကရာဇ်ရှိရာ လျှို့ဝှက်နယ်မြေဆီသို့ ရောက်သွားပြီး ခေါင်းတလားထဲမှ ပျံထွက်လာသော 'နေမင်း' ကို ကြည့်ကာ အံ့သြထိတ်လန့်သွားကြသည်။

‎

‎

‎" ဒါက..... "

‎

‎

‎" ကြည့်ရတာ လူသားဧကရာဇ် အရင်က သုံးခဲ့တဲ့... လက်နက်နဲ့ တူတယ် "

‎

‎

‎အရှင်သခင်တစ်ပါးသည် တုန်လှုပ်စွာ ပြောလိုက်၏။

‎

‎

‎ခေါင်းတလားထဲမှ ပျံထွက်လာသည်မှာ နေတစ်စင်းမဟုတ်ပေ။

‎

‎

‎၎င်းသည် အစိမ်းရောင်ရှိသော ရှေးဟောင်းပေတံတစ်ချောင်း ဖြစ်သည်။

‎

‎

‎ရှေးဟောင်းပေတံသည် လေထဲတွင် တွဲလွဲခိုနေပြီး... ဟွမ်သွမ့်ချီများကို ထုတ်လွှတ်နေကာ ကောင်းကင်ယံမှ နေမင်းကဲ့သို့... ကောင်းကင်ဘုံအားလုံးကို လင်းလက်စေသည်။

‎

‎

‎ဤခေါင်းတလားထဲတွင် မြှုပ်နှံထားသော အရာသည် လူသားဧကရာဇ်၏ လက်နက်ဟောင်းဖြစ်သော 'လူသားဧကရာဇ်ပေတံ' ပင်ဖြစ်သည်။

‎

‎

‎သို့သော် အံ့သြစရာကောင်းသည်မှာ... ဤအင်မော်တယ်ပေတံသည် တစ်ဝက်သာ ကျန်ရှိတော့ပြီး... ကျိုးပဲ့နေသော အနားသတ်များမှာ မညီမညာဖြစ်နေကာ... တစ်စုံတစ်ဦးက အတင်းအဓမ္မ ချိုးဖျက်ထားသကဲ့သို့ ဖြစ်နေခြင်းပင်။

All Chapters