အခန်း (၁၉၇-၁၉၈)
Vol. 15 Ch. 197-198
အခန်း (၁၉၇) - ဧကရာဇ် ရောက်ရှိလာခြင်း၊ နောက်ဆုံးအကြည့်နှင့် ချောက်နက်ထဲသို့ ထိုးဝင်ခြင်း
ဤသည်မှာ မယုံနိုင်စရာကောင်းသော အံ့မခန်း မြင်ကွင်းတစ်ခုပင်။
ယင်ယန်မိခင်သစ်ပင်အောက်၌ ရှိနေသော... ရှေးဟောင်းခေါင်းတလားသည် ပွင့်ထွက်သွားပြီး... လူသားဧကရာဇ်၏ လက်နက်ဟောင်း ပျံထွက်လာရာ... ကမ္ဘာလောကကို တုန်လှုပ်စေခဲ့သည်။
ယခုအချိန်တွင် လူသားဧကရာဇ်ပေတံ၏ အခြေအနေသည် ပို၍ပင် ထိတ်လန့်စရာကောင်းလှ၏။
အင်မော်တယ်ပေတံသည် ကျိုးပဲ့လျက် နှစ်ပိုင်းကွဲနေပြီး... ၎င်းခံစားခဲ့ရသော ဝမ်းနည်းလွန်းဖွယ် တိုက်ပွဲများကို... တိတ်တဆိတ် ပြောပြနေသကဲ့သို့ပင်။
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... လူသားဧကရာဇ်ရဲ့ပေတံက သာမန်ဧကရာဇ်လက်နက်တွေထက် သာလွန်တယ်လို့ ကောလဟာလရှိတာကို... ဘာလို့ ကျိုးရတာလဲ "
ကျိုးပဲ့နေသော လူသားဧကရာဇ်ပေတံကို ကြည့်နေသော ရှေးဟောင်းအရှင်တစ်ပါး၏ မျက်လုံးများသည် လှုပ်ခတ်သွားပြီး နားမလည်နိုင်သကဲ့သို့ ဖြစ်နေသည်။
နှစ်ပိုင်းကျိုးပဲ့နေသော်လည်း လူသားဧကရာဇ်ပေတံသည် သာမန်ဧကရာဇ်လက်နက်များထက် သာလွန်သော မြင့်မြတ်ကြီးမားသည့် အရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။
ဤအင်မော်တယ်ပေတံသည် မကျိုးပဲ့မီက မည်မျှစွမ်းအားကြီးခဲ့သည်ကို စဉ်းစားကြည့်ရန် လွယ်ကူလှသည်။
သို့သော် ဤမျှစွမ်းအားကြီးသော အင်မော်တယ်ပေတံကို မည်သည့်အရာက ကျိုးပဲ့သွားစေနိုင်ခဲ့သနည်း။
ထိုသို့သော ကြေကွဲဖွယ်စစ်ပွဲမျိုး အဆုံးမဲ့ကမ္ဘာ၌ ဖြစ်ပွားခဲ့လျှင် ထိုအချိန်က အသက်ရှင်နေခဲ့သော တားမြစ်နယ်မြေအရှင်များ လုံးဝမသိဘဲ နေမည်မဟုတ်ပေ။
ချန်ဧကရာဇ်ကို ခေါင်းတလားထဲသို့ ဆွဲသွင်းသွားခဲ့သော... သွေးစွန်းနေသည့် လက်မောင်းတစ်ဖက်ကို ပြန်အမှတ်ရသောအခါ... ရှေးဟောင်းအရှင်တစ်ပါးအနေဖြင့်ပင် အေးစက်သော ခံစားမှုတစ်ခု မလွဲမသွေ ဖြစ်ပေါ်လာသည်။
လူသားဧကရာဇ်... အဆုံးမဲ့လူသားမျိုးနွယ်၏ ရှေးအကျဆုံးနှင့် ပထမဆုံး ဧကရာဇ်... ထိုစဉ်က သူသည် အမှန်တကယ် မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသနည်း။
...
လူသားဧကရာဇ်၏လျှို့ဝှက်နယ်မြေ အတွင်း၌.....
လူသားဧကရာဇ်ပေတံအတွင်းတွင် အင်မော်တယ်ရောင်ခြည်နှင့် ဟွမ်သွမ့်ချီများ လှည့်ပတ်နေပြီး လေဟာနယ်ထဲတွင် ရပ်တန့်နေ၏။
၎င်းသည် လူသားဧကရာဇ်ဝိညာဉ်ကို မျက်နှာမူလျက်... ကိုယ်ခန္ဓာ အနည်းငယ် တုန်ခါနေကာ... တစ်စုံတစ်ရာကို ဖော်ပြနေသကဲ့သို့ပင်။
" မင်း ဘာလို့ ဒီလောက်တောင် ခံစားနေရတာလဲ "
လူသားဧကရာဇ်ဝိညာဉ်သည် သက်ပြင်းချကာ... ကျိုးပဲ့နေသော လူသားဧကရာဇ်ပေတံကို ပွတ်သပ်လိုက်ပြီး... ၎င်း၏ ရည်ရွယ်ချက်ကို နားလည်လိုက်ပုံရသည်။
" ဝီ..... "
လူသားဧကရာဇ်ပေတံသည်... တိုင်းတာမရသော အလင်းတန်းများ ပွင့်ထွက်လာပြီး... ပို၍ပင် ပြင်းထန်စွာ တုန်ခါလာ၏။ ထို့နောက်... လူသားဧကရာဇ်ဝိညာဉ်၏ လက်ထဲမှ ရုတ်တရက် လွတ်ထွက်သွားပြီး... နဂါးဟိန်းသံကဲ့သို့ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာကာ... လူသားဧကရာဇ်လျှို့ဝှက်နယ်မြေထဲမှ ပျံထွက်သွားတော့သည်။
လူသားဧကရာဇ်ပေတံ လျှို့ဝှက်နယ်မြေမှ ပျံထွက်သွားသည်ကို ကြည့်ရင်း လူသားဧကရာဇ်ဝိညာဉ်သည် တိုးတိတ်စွာ ရေရွတ်လိုက်၏။
" ဟုတ်တယ်... ငါက လူသားဧကရာဇ်ရဲ့ မပြီးဆုံးသေးတဲ့ စိတ်ဆန္ဒကနေ မွေးဖွားလာတဲ့ လူသားဧကရာဇ်ဝိညာဉ်ပဲ... မင်းကော အတူတူမဟုတ်ဘူးလား "
ထိုသို့ ပြောဆိုစဉ်... လူသားဧကရာဇ်ဝိညာဉ်၏ အကြည့်သည်လည်း... ပို၍ ခိုင်မာနက်ရှိုင်းလာလေသည်။
သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး လူသားဧကရာဇ်လျှို့ဝှက်နယ်မြေမှ ထွက်ခွာခဲ့၏။
" ဘုန်း! "
ထိုအချိန်တွင်... သက်ရှိသတ္တဝါအပေါင်းတို့ စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်သော... ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု... လူသားဧကရာဇ်ဝိညာဉ်အတွင်းမှ လျှံထွက်လာ၏။ တောက်ပသော နေမင်းသည် အထက်ကောင်းကင်တွင် ချိတ်ဆွဲထားသကဲ့သို့... ကောင်းကင်ဘုံများကို လင်းလက်စေခဲ့သည်။
ချက်ချင်းဆိုသလို လူသားဧကရာဇ်ဝိညာဉ်၏ ပုံပန်းသဏ္ဌာန်ပင် ပြောင်းလဲသွား၏။
အိုမင်းရင့်ရော်သော လူသားဧကရာဇ်ဝိညာဉ် ပုံရိပ်သည် အဘယ်မှာနည်း။
အစားထိုးဝင်ရောက်လာသည်မှာ... ဆံပင်နက်များနှင့် ခန့်ညားထည်ဝါသော... ထူးခြားပြိုင်ဘက်ကင်းသည့် သတ္တဝါတစ်ခုပင်။
ထိုပုံရိပ်ကို မြင်သောအခါ... ကမ္ဘာလောကတစ်ခုလုံး မှင်သက်သွားကြသည်။ မရေမတွက်နိုင်သော နှစ်များကို ကျော်လွန်ကာ... ဤခေတ်သို့ ဆင်းသက်လာသော စစ်မှန်ပြီး ပြိုင်ဘက်ကင်းသည့်... လူသားဧကရာဇ်ကို မြင်လိုက်ရသကဲ့သို့ပင်။
ကောင်းကင်တွင် မတ်မတ်ရပ်နေသော... စကြဝဠာနှင့် ကောင်းကင်ဘုံအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် ခန့်ညားထည်ဝါသော ထိုပုံရိပ်ကို ကြည့်ရင်း... ရှေးဟောင်းအရှင်များပင်လျှင် တုန်လှုပ်ချောက်ချားသွားကြသည်။
" သူက ဝိညာဉ်အပိုင်းအစ မဟုတ်ဘူးလား... ဘယ်လိုလုပ် စစ်မှန်တဲ့ လူသားဧကရာဇ်အဖြစ် ပြောင်းလဲနိုင်တာလဲ... ဒါက ယုတ္တိမရှိဘူး "
" ဒီအရှိန်အဝါက ဧကရာဇ်အဆင့်ကိုတောင် ကျော်လွန်နေပြီ... ဒီလူသားဧကရာဇ်က အရင်က တကယ်ပဲ... ဒီလောက်ထိ စွမ်းအားကြီးခဲ့တာလား "
အရှင်သခင်များအားလုံး အံ့အားသင့်ကုန်ကြ၏။
ပထမအချက်အနေဖြင့်... သူသည် ဝိညာဉ်အပိုင်းအစမျှသာ ဖြစ်သော်လည်း... သူတို့နားမလည်သော နည်းလမ်းအချို့ဖြင့်... အတိတ်က စစ်မှန်သော လူသားဧကရာဇ်အဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့်... တုန်လှုပ်သွားကြရသည်။
ဒုတိယအချက်အနေဖြင့်... လူသားဧကရာဇ်၏ ခွန်အားကြောင့်... တုန်လှုပ်သွားကြရသည်။
ကောင်းကင်တွင် မတ်မတ်ရပ်နေသော ထိုပုံရိပ်သည်... ဝိညာဉ်အပိုင်းအစမျှသာ ဖြစ်သော်လည်း... သူတို့ကို ကျော်လွှား၍မရနိုင်သော စွမ်းအားခံစားချက်ကို ပေးနေ၏။
ထိုခံစားချက်မျိုးကို ကောင်းကင်ဘုံအရှင်သခင်ထံမှသာ သူတို့ခံစားခဲ့ဖူးသည်။
အရှင်သခင်များအားလုံး တုန်လှုပ်သွားကြပြီး ကမ္ဘာတစ်ခုလုံး တုန်ခါသွား၏။
ကမ္ဘာလောက၏ မျက်လုံးအားလုံးသည် လူသားဧကရာဇ်ထံသို့ စုစည်းသွားလေသည်။
သို့သော်... ကမ္ဘာတစ်ခုလုံး၏ အကြည့်အောက်တွင်... လူသားဧကရာဇ်သည် ဦးခေါင်းကို လှည့်ကာ... အထက်ကောင်းကင်တားမြစ်နယ်မြေဘက်သို့ ကြည့်လိုက်လေသည်။ သူ၏ ခန့်ညားသောအကြည့်သည် နူးညံ့သွားပြီး... တစ်စုံတစ်ရာကို ဖော်ပြသကဲ့သို့ ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
ထို့နောက် လူသားဧကရာဇ်သည် လျှို့ဝှက်နယ်မြေမှ ပျံထွက်သွားသော လူသားဧကရာဇ်ပေတံကို ကြည့်လျက် တီးတိုး ရေရွတ်လိုက်၏။
" ပေတံ... လာခဲ့! ငါနဲ့အတူ တိုက်ပွဲဝင် "
" ဝီ..... "
လူသားဧကရာဇ်၏ အမိန့်ကို လက်ခံရရှိသောအခါ... လူသားဧကရာဇ်ပေတံသည် ချက်ချင်းပင် မရေမတွက်နိုင်သော ရောင်ခြည်များ ထုတ်လွှတ်လာပြီး... စိတ်လှုပ်ရှားမှုကို ဖော်ပြလာ၏။
နောက်တစ်ခဏတွင်... လူသားဧကရာဇ်ပေတံသည် လူသားဧကရာဇ်၏ လက်ဖဝါးထဲသို့ နာခံမှုရှိစွာ ကျရောက်လာပြီး... သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိလာ၏။
လူသားဧကရာဇ်ပေတံကို ကိုင်ဆောင်ထားရင်း... လူသားဧကရာဇ်သည် သူ၏အကြည့်ကို နှိမ့်ချကာ... အလယ်ပိုင်းနယ်မြေ ကောင်းကင်ယံတွင် ရှိနေသော... ကြီးမားသည့် ကောင်းကင်ချောက်နက်ကြီးဆီသို့ ကြည့်လိုက်လေသည်။
ဤတစ်ကြိမ်တွင် သူလုံးဝ တွန့်ဆုတ်မနေတော့ဘဲ... ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် အလယ်ပိုင်းနယ်မြေသို့ ရောက်ရှိသွားပြီး... ကောင်းကင်ချောက်နက်ကြီးထဲသို့ ထိုးဆင်းသွားတော့သည်။
ဤမြင်ကွင်းသည် ကမ္ဘာတစ်ဝန်းလုံးကို ဆူပွက်သွားစေ၏။
လူသားဧကရာဇ် ပေါ်လာပြီး... အရှင်သခင်များပင် မရောက်မီ... ကောင်းကင်ချောက်နက်ကြီးထဲသို့ ဦးစွာ တိုးဝင်သွား၏။
" လူသားဧကရာဇ်က အင်မော်တယ်တက်လှမ်းဖို့အတွက်... ကောင်းကင်ချောက်နက်ထဲကို အပြေးအလွှား ဝင်တာလား.....
ဟားဟားဟား... မဆန်းပါဘူး... မဆန်းပါဘူး... သူ လူသားမျိုးနွယ်ကို ကာကွယ်ဖို့ မရည်ရွယ်ဘူးဆိုတာ... အင်မော်တယ်တက်လှမ်းဖို့အတွက် သူ့ခွန်အားကို ချန်ထားချင်လို့ပဲကိုး "
" ဘယ်လောက်တောင် ဟန်ဆောင်ကောင်းလိုက်လဲ... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ... ဒီအပြုအမူက တားမြစ်နယ်မြေ အရှင်သခင်တွေနဲ့ ဘာများကွာခြားလို့လဲ "
" လူသားဧကရာဇ်... အာ့! "
လူသားဧကရာဇ် ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ... နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်သည် အိပ်မက်မှ နိုးလာသကဲ့သို့... လူသားဧကရာဇ်၏ ရည်ရွယ်ချက်ကို 'နားလည်' လိုက်ပြီဟု... ယုံကြည်သွားကြသည်။
လူသားဧကရာဇ်လျှို့ဝှက်နယ်မြေ အစောပိုင်းက ပေါ်လာစဉ်က... လူသားဧကရာဇ်သည် အဘယ်ကြောင့် အရှင်သခင်များ လူသားမျိုးနွယ်အား သတ်ဖြတ်နေသည်ကို... လက်ပိုက်ကြည့်ကာ လျစ်လျူရှုခဲ့ရသနည်း။
ယခု အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်နေ၍ပင်။
သူသည် အရှင်သခင်များနှင့် တိုက်ခိုက်ပြီး သူ၏ခွန်အားကို အလွန်အကျွံ အသုံးမပြုချင်ခဲ့ရုံ သက်သက်ပင်။
သူ၏ပန်းတိုင်သည်လည်း အရှင်သခင်များကဲ့သို့ပင် အင်မော်တယ်တက်လှမ်းရန် ဖြစ်သည်။
နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်သည် ဒေါသတကြီး ကျိန်ဆဲကြသော်လည်း အရှင်သခင်များမှာမူ မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေကြ၏။
လူသားဧကရာဇ်သည် ဝိညာဉ်အပိုင်းအစသာဖြစ်ကြောင်း သူတို့ရှင်းရှင်းလင်းလင်း မြင်ထားသည်။ သူတို့နားမလည်သော နည်းလမ်းဖြင့်... အတိတ်က လူသားဧကရာဇ်၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို ပြန်လည်ရရှိခဲ့လျှင်တောင်... ခဏတာမျှသာ ဖြစ်နိုင်ပြီး ကြာရှည်ခံမည် မဟုတ်ပေ။
ဆိုလိုသည်မှာ... စစ်မှန်သော လူသားဧကရာဇ်သည် လွန်ခဲ့သော ကာလများစွာကတည်းက... သေဆုံးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်တက်လှမ်းရန် ခွန်အားချန်ထားခြင်းဆိုသည်မှာ လုံးဝအဓိပ္ပာယ်မရှိပေ။
ထိုသို့ဆိုလျှင်... လူသားဧကရာဇ်ဝိညာဉ်သည် ကောင်းကင်ချောက်နက်ထဲသို့... အဘယ်ကြောင့် ဤမျှဇွတ်ဝင်ရောက်ရန် ဆုံးဖြတ်ရသနည်း။
စွဲလမ်းမှု... စွဲလမ်းမှု.....
ရှေးခေတ်လူသားဧကရာဇ်သည် ဤကောင်းကင်ချောက်နက်နောက်ကွယ်တွင် တစ်ချိန်က တိုက်ပွဲဝင်ခဲ့ဖူးသည်ဟု ဆိုသလော။
" ငါတို့ ဆက်မစောင့်နိုင်တော့ဘူး... လူသားဧကရာဇ် ကောင်းကင်ချောက်နက်ထဲကို ဝင်သွားတာနဲ့... ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်ဆိုတာ ပြောဖို့ခက်တယ်... ငါတို့ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ မဖြစ်အောင်... ကောင်းကင်ချောက်နက်ထဲကို အမြန်ဝင်ရမယ် "
ဖီးနစ်ဧကရာဇ်သည် ကောင်းကင်ချောက်နက်ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် လေးနက်သောအသွင် ပေါ်လာ၏။
လူသားဧကရာဇ်၏ ရုတ်တရက် ထိုးဝင်မှုသည် ဤရှေးဟောင်းအရှင်များအကြားတွင် အလျင်စလိုဖြစ်စေသော ခံစားချက်ကို ဖန်တီးပေးလိုက်သည်။
... ... ... ...
ကောင်းကင်ဘုံတားမြစ်နယ်မြေ အတွင်း၌.....
ကုချင်းရွဲ့၏ ရင်ခွင်ထဲ၌ ဖူဝမ်သည် မျက်ရည်များ ကျနေပြီ ဖြစ်သည်။
လူသားဧကရာဇ်၏ အထက်ကောင်းကင်တားမြစ်နယ်မြေဘက်သို့ ကြည့်လိုက်သည့် အကြည့်သည် သူ့ကို ရည်ရွယ်မှန်း ခံစားမိ၏။
ထိုလူသားဧကရာဇ်၏ အကြည့်ထဲတွင် အရာများစွာကို သူခံစားမိသည်။
သူ့ကို ကြည့်နေသူသည်... လူသားဧကရာဇ်ဝိညာဉ် မဟုတ်တော့ဘဲ... ဖူမိသားစုမျိုးနွယ်၏ ဘိုးဘေးဖြစ်သည့်... စစ်မှန်သော လူသားဧကရာဇ် ဖြစ်ကြောင်း သူသိသည်။
ထိုအကြည့်တွင်... သူသည် သက်ပြင်းချခြင်း၊ အားပေးခြင်း၊ ချစ်ခင်တွယ်တာခြင်း အရိပ်အယောင်များကို မြင်ခဲ့ရသည်။
ဖူဝမ်သည် ခံစားချက်တစ်ခုကို ဝိုးတဝါး ခံစားခဲ့ရ၏။
သူ၏ဘိုးဘေးသည် ဤတစ်ကြိမ်သွားပြီးလျှင် ပြန်လာတော့မည် မဟုတ်ကြောင်း သူသိနေသည်။
၎င်းသည်.. သူ၏ဘိုးဘေးမှ သူ့အား ပေးခဲ့သော... နောက်ဆုံးအကြည့်ပင် ဖြစ်လေတော့သည်။
အခန်း (၁၉၈) - အရှင်သခင်များ အတူတကွ ဝင်ရောက်ခြင်း၊ တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲနှင့် ကောင်းကင်ယံပေါ်မှ ကျရောက်လာသော လက်ဝါး
" အစ်မ... ရှေးဘိုးဘေး သူ ပြန်လာဦးမယ်လို့ ထင်ပါလား " ဟု ဖူဝမ်မှ မေးလိုက်ကာ... သူ၏အသံမှာလည်း ရှိုက်သံများဖြင့် နစ်မြုပ်လျက် ရှိ၏။
ကုချင်းရွဲ့သည် တိတ်ဆိတ်နေပြီး ဖူဝမ်၏ မျက်နှာငယ်လေးမှ မျက်ရည်များကို သုတ်ပေးရုံမျှသာ တတ်နိုင်ပေသည်။
လူသားဧကရာဇ်သည် ပြန်လာမည်လော။ သူလည်း မသိပေ။
သို့သော် ပြန်လာသည်ပင် ဖြစ်စေကာမူ... ထို့နောက် ဘာဖြစ်မည်နည်း။
စစ်မှန်သော လူသားဧကရာဇ်သည် သေဆုံးခဲ့ပြီးဖြစ်၍... လောကတွင် ကျန်ရစ်ခဲ့သည်မှာ... သူ၏စွဲလမ်းမှု အစိတ်အပိုင်းမျှသာ ဖြစ်သည်။
ထိုစွဲလမ်းမှု အစိတ်အပိုင်း ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်... လူသားဧကရာဇ်၏ နောက်ဆုံးခြေရာသည်လည်း ဤကမ္ဘာမှ ပျက်ပြယ်သွားပြီး... တည်ရှိတော့မည် မဟုတ်ပေ။
သို့သော်... ကုချင်းရွဲ့ ဖူဝမ်ကို မည်သို့ နှစ်သိမ့်ရမည်ကို စဉ်းစားမရသေးခင်၌ပင်... ထိုမိန်းကလေးငယ်သည် တိတ်ဆိတ်စွာ ငိုကြွေးခြင်းကို ရပ်တန့်လိုက်လေသည်။ မျက်ရည်စက်များစွန်းနေသော သူ၏မျက်နှာတွင်... ခိုင်မာပြတ်သားသော အမူအရာတစ်ရပ်ကို ပိုင်ဆိုင်နေပေသည်။
" ရှေးဘိုးဘေးသာ ကျွန်မဒီလို ငိုနေတာကို သိရင် မပျော်မရွှင် ဖြစ်လိမ့်မယ်... ကျွန်မ သန်မာရမယ် "
ဖူဝမ်သည် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး... သူ၏အသံမှာ ပြတ်သားနေ၏။
" ကျွန်မက ဖူမိသားစုရဲ့ တစ်ဦးတည်းသော မျိုးနွယ်ပါ... ရှေးဘိုးဘေးနဲ့ ဖူမိသားစုက အကြီးအကဲတွေရဲ့ မျှော်လင့်ချက်တွေကို... ဘယ်တော့မှ အောက်ကျစေမှာ မဟုတ်ဘူး "
...
အထက်ကောင်းကင်ခန်းမဆောင်ကြီး အတွင်း၌.....
ကုချန်သည် ကောင်းကင်ချောက်နက်ကြီး၏ ဦးတည်ရာဘက်သို့ စဉ်းစားဟန်ဖြင့် ကြည့်နေခဲ့သည်။
ကုချန်သည် လူသားဧကရာဇ် အထက်ကောင်းကင်တားမြစ်နယ်မြေဘက်သို့ တစ်ချက်ကြည့်လိုက်သည်ကို မြင်ခဲ့ရုံသာမက ပြန်လည်တုံ့ပြန်ခဲ့သေး၏။
သို့သော် လူသားဧကရာဇ်သာလျှင် ထိုအကြောင်းကို သိရှိခဲ့သည်။
ဖူဝမ်ကို ခေါ်ယူပြုစုစောင့်ရှောက်ပေးကာ... ဖူမိသားစု၏ နောက်ဆုံးမျိုးနွယ်အား ထိန်းသိမ်းပေးခဲ့သည့်အတွက်... လူသားဧကရာဇ်က သူ့အား ကျေးဇူးတင်နေကြောင်း ကုချန် သိရှိခဲ့သည်။
သို့သော် လူသားဧကရာဇ်၏ လက်ထဲတွင်... လူသားဧကရာဇ်ပေတံကို ကိုင်ဆောင်လျက်... ကောင်းကင်ချောက်နက်ကြီးထဲသို့ ထိုးဝင်သွားခြင်းက... ကုချန်၏မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေပေသည်။
" ကောင်းကင်ချောက်နက်ထဲကို ဝင်ရောက်တာက လူသားဧကရာဇ်ရဲ့ အတိတ်က စွဲလမ်းမှုလား " ဟု ကုချန် တိုးတိတ်စွာ ရေရွတ်မိ၏။
သူသည် လူသားဧကရာဇ်၏ အရင်က သတိပေးစကားကို ပြန်အမှတ်ရမိသည်။
အင်မော်တယ်တက်လှမ်းခြင်းသည် လှည့်စားမှုတစ်ခုသာ ဖြစ်သည်။
အကယ်၍ လှည့်စားမှုဖြစ်ပါက... လူသားဧကရာဇ်သည် အဘယ်ကြောင့်... ကောင်းကင်ချောက်နက်ထဲသို့ ဤမျှ ပြတ်သားစွာ ထိုးဝင်ရသနည်း။
ထိုကောင်းကင်ချောက်နက်၏ အဆုံးတွင် အမှန်တကယ် မည်သည့်အရာများ ရှိနေပါသနည်း။
ကုချန်၏အကြည့်သည် နက်ရှိုင်းလာ၏။ ရှေးဟောင်းအရှင်များသည် နောက်တွင် ကျန်ရစ်မည်ကို မလိုလားကြသကဲ့သို့... သူတို့၏ အင်မော်တယ်တက်လှမ်းနိုင်မည့် အခွင့်အရေးကို လုယူခံရမည်ကို စိုးရိမ်ကြသကဲ့သို့... လူသားဧကရာဇ်နောက်သို့ တစ်ဦးပြီးတစ်ဦး လိုက်ပါ၍... ကောင်းကင်ချောက်နက်ထဲသို့ တိုးဝင်နေသည်ကို သူ စောင့်ကြည့်နေခဲ့၏။
မူလက လူသားဧကရာဇ်သည် ကောင်းကင်ချောက်နက်ထဲသို့ ထိုးဝင်ခဲ့ခြင်း မရှိပါက... ဤအရှင်သခင်များသည် အစာစားရန်နှင့် သူတို့၏ အခြေအနေကို ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းရန်... အချိန်ပိုပေးကောင်း ပေးခဲ့လိမ့်မည်။
သို့သော်... ယခုအခါ လူသားဧကရာဇ်သည် ကောင်းကင်ချောက်နက်ထဲသို့ ဦးဆောင်၍ ဝင်သွားခဲ့ပြီးဖြစ်ရာ... ဤရှေးဟောင်းအရှင်များသည် မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသဖြင့်... အားမလျော့စတမ်း နောက်မှ လိုက်ပါ၍ ကောင်းကင်ချောက်နက်ထဲသို့ တိုးဝင်သွားကြလေသည်။
တစ်နည်းအားဖြင့် လူသားဧကရာဇ်၏ လုပ်ရပ်သည် အဆုံးမဲ့လူသားမျိုးနွယ်ရှိ သတ္တဝါအပေါင်းကို သွယ်ဝိုက်သောအားဖြင့် ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်ပေသည်။
သို့သော် ဤမရေမတွက်နိုင်သော သတ္တဝါတို့သည် ဤအခြေအနေကို ဘယ်တော့မျှ နားလည်နိုင်မည် မဟုတ်ချေ။
...
ရှေးဟောင်းအရှင်များသည် တစ်ပါးပြီးတစ်ပါး ကောင်းကင်သို့ ပျံတက်သွားကြပြီး... သူတို့၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိကာ... ကောင်းကင်ချောက်နက် အက်ကွဲကြောင်းထဲသို့ အားလုံး ဝင်ရောက်သွားခဲ့ကြသည်။ ကျန်ရစ်ခဲ့သည်မှာ... ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော အဆုံးမဲ့မြေနှင့်... ဝမ်းမြောက်ဝမ်းသာ ငိုကြွေးနေကြသော မရေမတွက်နိုင်သည့် သတ္တဝါများသာ။
" သူတို့ သွားကြပြီ... အဲ့ဒီအရှင်သခင်တွေ နောက်ဆုံးတော့ သွားကြပြီ "
" ငါတို့ လွတ်မြောက်ပြီ... ငါတို့ လွတ်မြောက်ပြီ "
" ကောင်းကင်က ငါ့ကို စွန့်ပစ်မသွားဘူး... ကောင်းကင်က ငါ့ကို စွန့်ပစ်မသွားဘူး "
မရေမတွက်နိုင်သော သတ္တဝါများသည် ကပ်ဘေးမှ လွတ်မြောက်ခဲ့ရခြင်းအတွက် ကံကောင်းသည်ဟု ခံစားရကာ ဝမ်းမြောက်ဝမ်းသာ ငိုကြွေးကြလေသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့ အံ့ဖွယ်နည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော်ငြား... သူတို့၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများသည်... အရှင်များ၏အစာစားပွဲကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်မှုများအတွင်း... အသက်ပျက်ခဲ့ကြရပေသည်။
ဤမငြိမ်မသက်မှုသည် လူသားမျိုးနွယ်အပြင် ရှေးဟောင်းမျိုးနွယ်အများအပြားကိုလည်း အမျိုးမျိုးသော ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် လူသားမျိုးနွယ်သည် လူဦးရေ အများဆုံးဖြစ်သောကြောင့် ခံစားရသော ပျက်စီးဆုံးရှုံးမှုသည်လည်း အဆိုးရွားဆုံး ဖြစ်ပေသည်။
...
" အရှင်သခင်တွေ အကုန်လုံး ထွက်ခွာသွားပြီ... အခုက ကောင်းကင်ချောက်နက်ထဲကို ဝင်ဖို့... အခွင့်အရေးကောင်းပဲ "
အလယ်ပိုင်းနယ်ပယ်တွင် အသက်ရှင်ကျန်ရစ်သော လူသားမျိုးနွယ် ကျွမ်းကျင်သူအချို့သည်... တားမြစ်နယ်မြေအရှင်များအားလုံး ကောင်းကင်ချောက်နက် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ... သူတို့နောက်မှ လိုက်ပါ၍ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ကာ... ရေနောက်ငါးဖမ်း၍ ကံကောင်းခြင်းကို လုယူရန်... စိတ်လှုပ်ရှားမှုများ ပြန်လည် ဖြစ်ပေါ်လာ၏။
သို့သော်... သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် စိတ်အားထက်သန်စွာ ကောင်းကင်သို့ ပျံတက်သွားခဲ့သော်လည်း... ကောင်းကင်ချောက်နက်သို့ မရောက်မီပင်... ချောက်နက်မှ ထွက်ပေါ်လာသော အင်မော်တယ်တာအိုချီ တစ်စိတ်တစ်ပိုင်းမျှဖြင့်ပင်... ပြာကျသွားခဲ့၏။
မူလက စိတ်လှုပ်ရှားနေခဲ့ကြသော ကျန်ရှိသည့် ကျွမ်းကျင်သူများအားလုံးသည် ရေအေးတစ်ခွက်ကို ဦးခေါင်းပေါ် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ခြေဆုံးခေါင်းဆုံး ချမ်းအေးသွားကြလေသည်။
ထိုကောင်းကင်ချောက်နက်အတွင်း၌ ထောင်ပေါင်း သန်းပေါင်းများစွာသော အင်မော်တယ်တာအိုချီများ ကူးလူးယှက်နွယ် ပျံ့နှံ့နေသည် မဟုတ်လော။
အင်မော်တယ်တာအိုချီ တစ်စသာလျှင် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ပြာအဖြစ် ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေပေသည်။
ဤသည်မှာ အရှင်သခင်များ၏ ပိတ်ဆို့မှုမရှိဘဲပင်... အင်မော်တယ်တက်လှမ်းနိုင်မည့် ထိုသေးငယ်သော အခွင့်အရေးကို လုယူရန်... ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိတော့ကြောင်း ဆိုလိုပေသည်။
" တကယ်တော့ ဧကရာဇ်အဆင့်ကို မရောက်မချင်း... အင်မော်တယ်တက်လှမ်းမယ့် အခွင့်အရေးအတွက် ယှဉ်ပြိုင်ခွင့်တောင် မရှိဘူးလား " ဟု သက်တမ်းအနည်းငယ်သာ ကျန်တော့သော လူသားမျိုးနွယ်မှ သက်ရှိရုပ်ကြွင်းတစ်ဦးက စိတ်ပျက်အားငယ်စွာ ပြောဆိုလိုက်သည်။
သူတို့သည် ဤအခွင့်အရေးကို အသုံးချ၍... နောက်ဆုံးအကြိမ် လောင်းကြေးထပ်ကာ... အင်မော်တယ်တက်လှမ်းနိုင်မည့် ထိုသေးငယ်သော အခွင့်အရေးကို... လုယူရန် ကြံစည်ခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ... အခွင့်အရေးသည် အဘယ်မှာရှိသနည်း။ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ရန်... အရည်အချင်းပင် မရှိကြချေ။
...
ထိုကျွမ်းကျင်သူများ စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်နေစဉ် အရှေ့ပိုင်းနယ်ပယ်၌ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။
မူလက တိတ်ဆိတ်ငြိမ်သက်နေသော အရှေ့ပိုင်းနယ်ပယ်၏ ကောင်းကင်ယံတွင်... ကောင်းကင်ချောက်နက် အက်ကွဲကြောင်းကဲ့သို့... ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး... ကောင်းကင်ယံအနှံ့ မိုင်ပေါင်း ရာချီ၊ ထောင်ချီ၍ ကျယ်ပြန့်သွား၏။
ထိုအက်ကွဲကြောင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက်... ကောင်းကင်ကို ဖုံးလွှမ်းသွားသော ဧရာမလက်ကြီးတစ်ဖက်သည်လည်း... ထိုအက်ကွဲကြောင်းထဲမှ တပြိုင်နက်တည်း ဆန့်ထွက်လာပြီး အားကုန် ဖိချလိုက်လေသည်။
ထိုလက်ကြီး ဖိချနေသည့် ဦးတည်ရာသည် အခြားမဟုတ်... အထက်ကောင်းကင်တားမြစ်နယ်မြေ ပင်တည်း။
ဤမြင်ကွင်းကို မြင်သောအခါ လူအများအပြားမှာ ဆူပွက်သွားကြသည်။
မည်သူက လှုပ်ရှားမှု ပြုလုပ်နေသနည်း။ ပစ်မှတ်က အထက်ကောင်းကင်တားမြစ်နယ်မြေ ဖြစ်နေသည်။ ကောင်းကင်ဘုံအရှင်သခင်အား ဒေါသထွက်စေမည်ကို မကြောက်ကြဘူးလော။
" သောက်ကျိုးနည်းပဲ! ဘယ်သူက သေမင်းကို စိန်ခေါ်နေတာလဲ... အသက်ရှင်ချင်ကြတာ မဟုတ်ဘူးလား " ကုမိသားစုရွာရှေ့ရှိ နတ်မျောက်ဝံဧကရာဇ်တပိုင်းသည်... ကောင်းကင်ဘုံကိုးခုမှ ရုတ်တရက် ကျဆင်းလာသော ဧရာမလက်ကြီးကို မြင်သောအခါ... ကျယ်လောင်စွာ မဆဲဆိုဘဲ မနေနိုင်တော့ပေ။
အမှန်တကယ် မည်သူက လှုပ်ရှားမှု ပြုလုပ်နေသနည်း။
တားမြစ်နယ်မြေမှ အရှင်သခင်များပင်လျှင်... ဤအချိန်တွင် ကောင်းကင်ဘုံအရှင်သခင်ကို စိန်မခေါ်ရဲကြဘဲ... အထက်ကောင်းကင်ကို အနှောင့်အယှက်ဖြစ်စေမည့် အဖြစ်မျိုးမှ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့်... ကုမိသားစုရွာကို စောင့်ကြည့်ရန် သူတို့အား စေလွှတ်ခဲ့ရသည်။
သို့သော် ယခုအခါ တစ်စုံတစ်ဦးသည် အထက်ကောင်းကင်တားမြစ်နယ်မြေကို ရဲရဲတင်းတင်း တိုက်ခိုက်နေသည်လော။
သူတို့ဟာ အသက်ရှင်ရသည်ကို ငြီးငွေ့နေပြီလော။
...
အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်း၌.....
ကုချင်းရွဲ့နှင့် အခြားသော ကုမိသားစုဝင်များသည် ချက်ချင်းပင် ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ နေကို ဖုံးအုပ်ထားသော ကြောက်မက်ဖွယ်ကောင်းသည့်... အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော ထိုလက်ကြီးကို ကြည့်နေကြသည်။
သို့သော် ကုမိသားစုဝင်များ၏ မျက်လုံးများတွင် ပေါ်လာသည်မှာ ကြောက်ရွံ့မှု မဟုတ်ဘဲ ရှုပ်ထွေးမှုနှင့် အံ့အားသင့်မှုများ ရောနှောနေခြင်းသာ ဖြစ်၏။
ကြောက်ရွံ့ခြင်းလား... ဘာကို ကြောက်ရမလဲ... ဒီနေရာက အထက်ကောင်းကင်ဘုံလေ။
ရှေးဟောင်းဘိုးဘေးရှိနေသဖြင့် ကုမိသားစုသည် ထိုကောင်းကင်ကို ဖုံးအုပ်ထားသော ဧရာမလက်ကြီးကိုပင် မျက်စိထဲ မထည့်ကြပေ။
ဆန့်ကျင်ဘက်အားဖြင့် သူတို့၏နှလုံးသားများတွင် ရှုပ်ထွေးမှုသာ ပြည့်နှက်နေသည်။
မည်သူက ဤမျှ ရဲရင့်သဖြင့် အထက်ကောင်းကင်ကို တိုက်ခိုက်ရဲသနည်း။ ရှေးဟောင်းဘိုးဘေး၏ အမျက်ဒေါသနှင့် သူတို့ သတ်ဖြတ်ခံရမည်ကို မကြောက်ကြဘူးလော။
" ဘယ်သူလဲ..... "
ကုချင်းရွဲ့၏ လှပသော မျက်နှာတွင်လည်း အံ့သြမှုများ ပြည့်နှက်နေသည်။
သူမ နားမလည်ပေ။ ထိုတားမြစ်နယ်မြေအရှင်များပင်လျှင် အထက်ကောင်းကင်ကို လှမ်းကြည့်ဖို့ပင် မရဲရင့်ကြသည်ဖြစ်ရာ... မည်သူက ယခုလို အထက်ကောင်းကင်ကို... တိုက်ခိုက်ရဲသည့် သတ္တိမျိုး ရှိသနည်း။
" လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့သူကို မင်း သိပါတယ် "
သူ၏ လက်ချောင်းရှိ သိုလှောင်လက်စွပ်မှာ တောက်ပလာပြီး... ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အသံသည်... ကုချင်းရွဲ့အား ပို၍ပင် ရှုပ်ထွေးမှုထဲသို့ နစ်မြုပ်သွားစေသည်။
လှုပ်ရှားမှု ပြုလုပ်ခဲ့သူကို သူသိသည်လော။
သို့သော် ထိုသူသည် မည်သူဖြစ်နိုင်မည်နည်း။
သို့သော် ကောင်းကင်နတ်သမီး ရှောင်းယွဲ့ အဖြေကို ထုတ်ဖော်မပြောမီ... ကောင်းကင်ကို ဖုံးအုပ်ထားသော ဧရာမလက်ကြီး ကျဆင်းလာကာ... ရင်းနှီးသော သိမ်မွေ့သည့် ရယ်သံတစ်ခုသည် ကြီးမားသည့် ကောင်းကင်ချောက်နက်ကြီးထဲမှ တပြိုင်နက်တည်း ပဲ့တင်ထပ်လာသည်။
" ကောင်းကင်ဘုံအရှင်သခင်... မတွေ့တာ ကြာပြီ "
ဒီအသံ.....
ကုချင်းရွဲ့သည် အနည်းငယ် တုန်လှုပ်သွားကာ... သူ၏ကိုယ်ခန္ဓာပင် တုန်ယင်သွား၏။
သူသည် ဤအသံကို အမှန်တကယ်ပင် ကြားဖူးခဲ့သည်။ သို့သော်... ထိုသူသည် ရှင်းရှင်းလင်းလင်း... သေဆုံးခဲ့ပြီး ဖြစ်သည် မဟုတ်လော။