အခန်း (၂၀၃-၂၀၄)
Vol. 15 Ch. 203-204
အခန်း (၂၀၃) - ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်းကြားမှ ကွဲပြားချက်၊ ထောင်ချောက်မိခြင်းနှင့် တစ်ခဏချင်း ဖျက်ဆီးခံရခြင်း
" ကောင်းကင်ဘုံအရှင်သခင်....."
ဟွမ်သွမ့်လက်ဝါးဖြင့် ကြိတ်ချေခံလိုက်ရသောအခါ... ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်နှာတွင်... ရှက်ရွံ့မှုအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ ကုချန် ထွက်ခွာသွားသော်လည်း... အထက်ကောင်းကင်တားမြစ်နယ်မြေကို ကာကွယ်ရန်... အစီအရင်တစ်ခု ချန်ထားခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
" ဟွန့်...ဒါက အစီအရင်သေးသေးလေးပဲ... ငါ့ကို ဘာလုပ်နိုင်မှာလဲ "
အံ့အားသင့်ပြီးနောက် ယွမ်ကျွင်းမဟာဧကရာဇ်သည် တစ်ဖန်ပြန်၍ မထီမဲ့မြင် ဖြစ်လာသည်။ ကုချန် အထက်ကောင်းကင်တားမြစ်နယ်မြေကို ကာကွယ်ရန် အစီအရင်ကြီးတစ်ခု အမှန်တကယ် ချန်ထားခဲ့သည်ပင် ဖြစ်စေကာမူ ဘာဖြစ်သနည်း။
ကုချန်သည် စွမ်းအားကြီးသော်လည်း... သူ တည်ဆောက်ထားသော အစီအရင်သည်... ထိုမျှ စွမ်းအားမကြီးနိုင်ပေ။ ဧကရာဇ်အဆင့် အစီအရင်ဖြစ်လျှင်ပင်... အများဆုံး သူ့အား အနည်းငယ်သာ ဒုက္ခပေးနိုင်ရုံ ရှိလိမ့်မည်။ သူသာ... ဤအထက်ကောင်းကင်တားမြစ်နယ်မြေကို ကျူးကျော်ချင်လျှင်... မည်သူက တားဆီးနိုင်မည်နည်း။
ဤသို့ စဉ်းစားကာ ယွမ်ကျွင်းမဟာဧကရာဇ်သည် အော်ဟစ်လိုက်၏။ အဆုံးမဲ့သော ဧကရာဇ်စွမ်းအားများ လျှံတက်လာပြီး... ချက်ချင်းပင် သူ၏နောက်တွင် ကောင်းကင်ထိ ရောက်ရှိသော... အဆုံးမဲ့ ဧကရာဇ်ခန္ဓာကိုယ် ဓမ္မရုပ်ပွားတော်အဖြစ် ပုံဖော်လိုက်ကာ... အတူ လှုပ်ရှားလျက် အထက်ကောင်းကင်တားမြစ်နယ်မြေကို တိုက်ခိုက်လေသည်။
...
ယွမ်ကျွင်းမဟာဧကရာဇ်သည် စွမ်းအားအပြည့်အဝကို ထုတ်ဖော်ကာ... အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဝင်ရောက်တိုက်ခိုက်သည်ကို မြင်သောအခါ... နယ်ပယ်ငါးခုရှိ သတ္တဝါများအားလုံး တုန်လှုပ်သွားကြ၏။
ဤသည်မှာ အထူးသဖြင့် နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်များ ဖြစ်သည်။ ယွမ်ကျွင်းမဟာဧကရာဇ် အထက်ကောင်းကင်တားမြစ်နယ်မြေအား တိုက်ခိုက်သည်ကို ကြည့်လျက်... လူသားမျိုးနွယ်ဝင် အများအပြားသည် အော်ဟစ်အားပေးကြကာ... သူတို့၏ အသံများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
" ကောင်းပြီ... ဧကရာဇ်မဟာမိတ်အဖွဲ့ရဲ့ မဟာဧကရာဇ် ဒုက္ခခံခဲ့ရတာဟာ... ဒီအချိန်ကို စောင့်နေတာပဲ "
" ကောင်းကင်ဘုံအရှင်သခင်ဟာ လူသားမျိုးနွယ်ကို သစ္စာဖောက်သူပဲ... သူ သေသင့်တယ် "
" ဟားဟား...အဲဒီ ကောင်းကင်ဘုံအရှင်သခင်ကို မသတ်နိုင်ရင်တောင်... ကုမိသားစုကို အရင်ဖျက်ဆီးရအောင်... ဧကရာဇ်မဟာမိတ်အဖွဲ့ရဲ့ မဟာဧကရာဇ်... အရမ်းကောင်းတယ် "
တားမြစ်နယ်မြေအရှင်များ၏ သတ်ဖြတ်ခြင်းခံရပြီး... ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေခဲ့ကြသော လူသားမျိုးနွယ်ဝင် အများအပြားသည်... ယခုအခါ ယွမ်ကျွင်းအား အားပေးနေကြလေ၏။ ကုမိသားစု၏ ကံဆိုးမိုးမှောင်ကျခြင်းသည်... သူတို့အတွက် ဖော်ပြ၍မရနိုင်သော... သတင်းကောင်းတစ်ခု ဖြစ်နေသကဲ့သို့ပင်။
လောကရှိ ဆင်းရဲဒုက္ခအားလုံးသည် ဆက်စပ်မှုရှိ၏။ အရှင်များ သတ္တဝါအားလုံးကို သတ်ဖြတ်သောအခါ ဝိညာဉ်ပေါင်းများစွာ ဒုက္ခကြီးစွာ ခံစားခဲ့ကြရသည်။
သို့သော် ယခုအခါ... ကုမိသားစုသည် ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်ကြောင့်... အဖျက်ဆီးခံရတော့မည်။ ဖျက်ဆီးခံရတော့မည့် ကုမိသားစုနှင့် နှိုင်းယှဉ်လျှင်... သူတို့ အရင်က ခံစားခဲ့ရသော ဆင်းရဲဒုက္ခများသည် ဘာမျှမဟုတ်တော့ချေ။
ကုမိသားစု ဖျက်ဆီးခံရသည်ကို ကိုယ်တိုင်မြင်တွေ့ရခြင်းသည် အကျေနပ်ရဆုံး ဖြစ်ပေလိမ့်မည်။ နောက်ပိုင်းတွင် ကောင်းကင်ဘုံအရှင်သခင် နောင်တတရားများ ပြည့်နှက်နေသည်ကို မြင်နိုင်မည်ဆိုလျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
လူသားမျိုးနွယ်၏ အားပေးသံများနှင့် ဆန့်ကျင်ဘက်တွင် ကုမိသားစုရွာရှေ့မှ တားမြစ်နယ်မြေ ဧကရာဇ်တပိုင်းများ၏ မျက်နှာများသည် အလွန်ညှိုးငယ်နေကြသည်။
" ဒီလူသားမျိုးနွယ် မဟာဧကရာဇ် ဘာလုပ်နေတာလဲ... သူ သေမင်းကို တကယ် စိန်ခေါ်နေတာပဲ "
" ပြောင်းလဲမှု... ပြောင်းလဲမှုဖြစ်လာတော့မယ်... အဲဒီ ကောင်းကင်ဘုံအရှင်သခင် ဒေါသထွက်လာရင် ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်လာလိမ့်မယ် "
" ဒီကောင်..... "
တားမြစ်နယ်မြေ ဧကရာဇ်တပိုင်းများသည် ဤအချိန်တွင် ထိုသို့သော 'ပြောင်းလဲမှု' ပေါ်ပေါက်လာသည်ကို မြင်လိုကြမည် မဟုတ်သည်မှာ သေချာ၏။ ဤယွမ်ကျွင်းမဟာဧကရာဇ်သည် အထက်ကောင်းကင်တားမြစ်နယ်မြေကို အမှန်တကယ် ဖောက်ထွင်းဝင်ရောက်ပြီး ကုမိသားစုကို ဖျက်ဆီးပစ်ပါက မည်သို့လုပ်မည်နည်း။
ထိုအခါ ကောင်းကင်ဘုံအရှင်သခင် ဒေါသထွက်လာမည်မှာ သေချာသည်။ ထိုကောင်းကင်ဘုံအရှင်သခင် ဒေါသထွက်လျှင်... မည်သို့လုပ်ဆောင်မည်နည်း။ ၎င်းသည် မည်သူမျှ ခန့်မှန်းနိုင်ခြင်း မရှိသောအရာပင်။
သို့သော် ကောင်းကင်ချောက်နက်ကြီးထဲတွင် တိုက်ခိုက်နေဆဲဖြစ်သော အရှင်များအတွက်မူ ၎င်းသည် သတင်းကောင်း မဟုတ်သည်မှာ သေချာ၏။
...
အပြင်ဘက်မှ ဆူညံသံများနှင့်မတူဘဲ... အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အတွင်းပိုင်းသည်... ဤအချိန်တွင် မယုံနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ကုမိသားစုဝင်များအားလုံးသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ ခမ်းနားထည်ဝါသည့် ဓမ္မရုပ်ပွားတော်ကို မော့ကြည့်နေကြသော်လည်း... သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုမျှ မရှိပေ။
အကြောင်းမှာ... အထက်ကောင်းကင်တားမြစ်နယ်မြေကို ကာကွယ်ထားသော အစီအရင်ကြီးကို... ဘိုးဘေးက တည်ဆောက်ထားခဲ့သောကြောင့်ပင်။
ဘိုးဘေး ထွက်ခွာသွားခဲ့သော်လည်း... ဤစည်းရိုးကြီး ရှိနေခြင်းဖြင့်... ကုမိသားစုတစ်ခုလုံးကို ကာကွယ်ရန် လုံလောက်သည်ဟု... အပြည့်အဝ ယုံကြည်မှုရှိသည်မှာ သဘာဝကျ၏။ ဤအခြေအနေတွင် သူတို့ စိုးရိမ်ပူပန်စရာ ဘာရှိဦးမည်နည်း။ ဤယွမ်ကျွင်းမဟာဧကရာဇ် ရောက်လာရဲလျှင်... သူသည် ထောင်ချောက်ထဲသို့ လမ်းလျှောက်ဝင်လာခဲ့မိရုံသာ ဖြစ်သည်။
" ဟင်း... နောက်ဆုံးတော့ သူ ငါးစာကို ဟပ်လိုက်ပြီ "
အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းရာ၌... ကုဝူရှန့်သည် ခြေချိတ်ထိုင်နေပြီး... မျက်လုံးများတွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရှိနေသည်။ ကုချန် မထွက်ခွာမီက... အထက်ကောင်းကင်တားမြစ်နယ်မြေ အစီအရင်ကို ထိန်းချုပ်ရန်... ကုဝူရှန့်ကို လျှို့ဝှက်စွာ အပ်နှံခဲ့သည်။ ယခု ယွမ်ကျွင်းမဟာဧကရာဇ် တိုက်ခိုက်လာသောအခါ... ကုဝူရှန့်သည် အစီအရင်ကြီး၏ စွမ်းအားအပြည့်အဝကို... ချက်ချင်း ထုတ်ဖော်မပြဘဲ တစ်စိတ်တစ်ပိုင်းကိုသာ ပြသခဲ့သည်။
သူ၏ရည်ရွယ်ချက်မှာ ယွမ်ကျွင်းမဟာဧကရာဇ်မှ... အထက်ကောင်းကင်တားမြစ်နယ်မြေ အစီအရင်ကို ဖောက်ထွင်းနိုင်ရန် အခွင့်အရေးရှိသည်ဟု... အထင်မှား ယုံကြည်သွားစေရန်ပင် ဖြစ်သည်။
ယွမ်ကျွင်း ထိုထောင်ချောက်မိပြီး... အထက်ကောင်းကင်တားမြစ်နယ်မြေကို သူ၏ ကိုယ်ခန္ဓာအစစ်ဖြင့် တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက်... ကုဝူရှန့်သည် ကပ်ဘေးတစ်သောင်းသတ်ဖြတ်ခြင်း အစီအရင်ကို အပြည့်အဝ အသက်သွင်းကာ... ယွမ်ကျွင်းကို ၎င်းအတွင်း၌ ထောင်ချောက်ဆင်ပြီး တစ်ခါတည်း အပြီးသတ် ချေမှုန်းပစ်လိမ့်မည်။
အရာအားလုံးသည် ကုဝူရှန့် ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာနေခဲ့သည်။ ယွမ်ကျွင်းသည် ထိုထောင်ချောက်မိသွားပြီး... သူ၏ကိုယ်ခန္ဓာအစစ်ဖြင့် အထက်ကောင်းကင်တားမြစ်နယ်မြေကို တိုက်ခိုက်ခဲ့သည်။ ယခုအခါ သူ့ကို ဆွဲထုတ်ရမည့် အချိန်ရောက်ပြီ။
" ကပ်ဘေးတစ်သောင်းသတ်ဖြတ်ခြင်း အစီအရင်... အသက်ဝင်လော့! "
ကုဝူရှန့်သည် အသာအယာ အော်ဟစ်လိုက်ပြီး... သူ၏လက်များကို ထပ်ခါတလဲလဲ ဝှေ့ယမ်းကာ... တာအိုအင်းစာများစွာကို ပစ်လွှတ်လိုက်လေသည်။ နောက်တစ်ခဏတွင်... အထက်ကောင်းကင်တားမြစ်နယ်မြေ၏ ပတ်လည်သည်... ရုတ်တရက် တောက်ပလာတော့၏။ အဆုံးမဲ့သော ဘေးဒုက္ခစွမ်းအားများသည် ချက်ချင်းဆိုသလို အရင်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လာလေတော့သည်။
" ဒုန်း! "
မြေမီးများ ပြင်းထန်စွာ တောက်လောင်လာပြီး... ကောင်းကင်မိုးကြိုးဘေးဒုက္ခများ လျှံတက်လာကာ... ယွမ်ကျွင်းမဟာဧကရာဇ်နှင့် သူ၏နောက်မှ အဆုံးမဲ့ ဓမ္မရုပ်ပွားတော်ကို လုံးဝ ဖုံးအုပ်ပစ်လိုက်သည်။ ကျယ်ပြန့်လျက် အဆုံးမဲ့သော ဘေးဒုက္ခစွမ်းအားသည် လေဟာနယ်ကို ဖောက်ထွင်းပြီး... ကောင်းကင်ဘုံကိုးခုတွင် ဟိန်းဟောက်နေသော နဂါး၊ ကျားနှင့် ဖီးနစ်ငှက်တို့၏ ပုံရိပ်ယောင်များအဖြစ်... အမှန်တကယ် ပြောင်းလဲသွား၏။
" အား! "
သူ၏ပတ်ဝန်းကျင်ရှိ ဘေးဒုက္ခစွမ်းအား ရုတ်တရက် အဆမတန် ပြင်းထန်လာသည်ကို ခံစားမိသောအခါ ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်နှာသည် ချက်ချင်း မွဲခြောက်သွား၏။ သူသည် လူမိုက်ဖြစ်နေလျှင်ပင် သူ ထောင်ချောက်မိသွားပြီဖြစ်ကြောင်း သဘောပေါက်ခဲ့ပြီဖြစ်သည်။
" ဝေါင်း! "
ကမ္ဘာပျက်မိုးကြိုးဘေးဒုက္ခစွမ်းအားဖြင့် ဖွဲ့စည်းထားသော... ကျားဘေးဒုက္ခအရိပ်သည် သူ၏ လက်သည်းကို မြှောက်ကာ ကောင်းကင်ကို ဆုတ်ဖြဲလိုက်ပြီး... ယွမ်ကျွင်းမဟာဧကရာဇ်၏ နောက်မှ ဓမ္မရုပ်ပွားတော်ကို ကြမ်းတမ်းစွာ ဆုတ်ဖြဲကာ... နှစ်ပိုင်းကွဲသွားစေခဲ့၏။
" ဝုန်း! "
ဘေးဒုက္ခကောင်းကင်မီးဖြင့် ဖွဲ့စည်းထားသော နဂါးဘေးဒုက္ခအရိပ်သည်... သူ၏အမြီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး... ယွမ်ကျွင်းမဟာဧကရာဇ်၏ ဧကရာဇ်ခန္ဓာကိုယ်ကို ထိမှန်ကာ... ချက်ချင်းပင် သွေးအန်စေခဲ့သည်။
" ရှဲ..... "
" ဝူး..... "
ဘေးဒုက္ခသောင်းပေါင်းစွမ်းအားသည်... မရေမတွက်နိုင်သော ဘေးဒုက္ခသားရဲအရိပ်များအဖြစ် ပြောင်းလဲသွားပြီး... ယွမ်ကျွင်းမဟာဧကရာဇ်ကို ဝန်းရံကာ ပြင်းထန်စွာ တိုက်ခိုက်ကြလေသည်။
တိုက်ခိုက်မှုတိုင်းသည် ယွမ်ကျွင်းအပေါ် အမျိုးမျိုးသော ဒဏ်ရာများကို ချန်ထားခဲ့၏။ ဤအဆုံးမဲ့ ဘေးဒုက္ခစွမ်းအား ရှေ့မှောက်တွင်... ယွမ်ကျွင်း၏ ခုခံမှုနှင့် ကာကွယ်မှုသည် ရေပုံးထဲမှ ရေတစ်စက်ကဲ့သို့ ဖြစ်နေပြီး... မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပေ။
" အဟွတ်...အဟွတ်... မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး..... "
ယွမ်ကျွင်းသည် သွေးစိမ်းတစ်ပွက်ကို ပြင်းထန်စွာ အန်ထုတ်လိုက်ပြီး သူ၏ဖြူဖျော့သောမျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။ အထက်ကောင်းကင်တားမြစ်နယ်မြေကို ကာကွယ်ထားသော ဤအစီအရင်ကြီးသည် မည်သို့ ဤမျှ စွမ်းအားကြီးနိုင်သနည်း။ သူသည် ဂုဏ်ရှိန်ရှိသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူဖြစ်ပြီး ကောင်းကင်မြတ်နိုးဖွယ်အဆင့်နှင့် တစ်ဆင့်သာ ကွာ၏။
သို့သော် ဤအထက်ကောင်းကင်တားမြစ်နယ်မြေ၏ အစီအရင်ရှေ့တွင်... သူ၏ ဂုဏ်ယူရသော စွမ်းအားသည် ကလေးကစားစရာကဲ့သို့ပင် ရယ်စရာကောင်းနေပြီး... ယွမ်ကျွင်းမဟာဧကရာဇ်အား ပြောမပြနိုင်သော စိတ်ပျက်အားငယ်မှုကို ဖြစ်ပေါ်စေသည်။
ကောင်းကင်ဘုံအရှင်သခင်သည် အလွန်အမင်း စွမ်းအားကြီးရုံသာမက... သူ တည်ဆောက်ထားသော အစီအရင်ကြီးပင်လျှင်... ဤမျှ စွမ်းအားကြီးနေခြင်းပင်။ ဤအထက်ကောင်းကင်တားမြစ်နယ်မြေကို ကာကွယ်ထားသော... ကပ်ဘေးတစ်သောင်းပေါင်းသတ်ဖြတ်ခြင်း အစီအရင်သည်... သာမန် ဧကရာဇ်တပိုင်းတစ်ဦး တည်ဆောက်ထားသော အစီအရင်မဟုတ်ဘဲ... စစ်မှန်သော ဧကရာဇ်အဆင့် အစီအရင်တစ်ခု ဖြစ်ကာ သူ့အား ချေမှုန်းရန်မှာ လွယ်ကူလှ၏။
သို့သော်... ဤအရာအားလုံးကို သူ သိရှိခဲ့လျှင်ပင်... နောက်ကျနေခဲ့ပြီ ဖြစ်သည်။
အကြောင်းမှာ... အဆုံးမဲ့သော ဘေးဒုက္ခစွမ်းအားသည်... ချက်ချင်းဆိုသလို သူ့ကို လုံးဝ မြှုပ်နှံပစ်လိုက်သောကြောင့်ပင်။ ထိုကျယ်ပြန့် အားကောင်းသော စွမ်းအားသည်... ချက်ချင်းဆိုသလို သူ၏ဧကရာဇ်ခန္ဓာကိုယ်ကို... တစ်လက်မချင်းစီ ကြိတ်ချေလိုက်ပြီး သွေးတစ်စက်မျှပင် မကျန်ခဲ့ပေ။
ယွမ်ကျွင်း ကျဆုံးသွားခဲ့ပြီ။
တိတ်ဆိတ်သွားသော အထက်ကောင်းကင်တားမြစ်နယ်မြေ လေဟာနယ်ကို ကြည့်ကာ နယ်ပယ်ငါးခုသည်လည်း လုံးဝ တိတ်ဆိတ်သွားကြသည်။
ဧကရာဇ်မဟာမိတ်အဖွဲ့က ယွမ်ကျွင်းမဟာဧကရာဇ်ဟာ အခုလိုပဲ... သေဆုံးသွားခဲ့ပြီလား။
သူသည် မဟာဧကရာဇ်တစ်ပါး ဖြစ်သည်။ သို့သော် သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေ ပတ်လည်ရှိ အစီအရင်ကြောင့် အလွယ်တကူ ထောင်ချောက်ဆင်ခံရကာ ဤမျှလျင်မြန်စွာပင် ချေမှုန်းခံလိုက်ရသည်လော။
သတ္တဝါအားလုံးမှာ... ကုချန် ကောင်းကင်ချောက်နက်ကြီးထဲသို့... ဝင်ရောက်သွားသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိပါက... ကုချန်သည် မထွက်ခွာဘဲ လှုပ်ရှားခဲ့သည်ဟုပင် သံသယဝင်ကြပေလိမ့်မည်။
အခန်း (၂၀၄) - နောက်ဆုံးအသက်၊ ခေါင်းတလားထဲမှ အင်မော်တယ်နှင့် အဆုံးမဲ့ဓား ပေါ်ထွက်လာခြင်း
နယ်ပယ်ငါးခုမှ လူသားမျိုးနွယ်များအားလုံး တိတ်ဆိတ်သွားကြ၏။ ဆန့်ကျင်ဘက်အနေဖြင့် ကုမိသားစုရွာရှေ့မှ တားမြစ်နယ်မြေအရှင်များသည် အလွန်စိတ်လှုပ်ရှားနေကြသည်။
" ငါ ပြောခဲ့သားပဲ... ကောင်းကင်ဘုံအရှင်သခင်က ဘယ်လိုလုပ် အလွယ်တကူ ထောင်ချောက်ဆင်ခံရမှာလဲ "
" ဟုတ်တယ်... ငါတို့သခင်တွေတောင် ကောင်းကင်ဘုံအရှင်သခင်ကို ထောင်ချောက်ဆင်ဖို့ မရဲကြဘူး... ယွမ်ကျွင်းက အရမ်းကို ယုံကြည်မှုလွန်ကဲနေတာပဲ "
နတ်မျောက်ဝံဧကရာဇ်တပိုင်းနှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာ ရေရွတ်နေကြ၏။
ကပ်ဘေးတစ်သောင်းသတ်ဖြတ်ခြင်း အစီအရင်၏ စွမ်းအားသည်... သူတို့၏ကျောရိုးများအား အမှန်တကယ်ပင် အေးစိမ့်သွားစေခဲ့သည်။ သို့သော် အထက်ကောင်းကင်တားမြစ်နယ်မြေ၏လုံခြုံမှုကြောင့် သူတို့မှာ ပို၍ပင် ဝမ်းသာသွားခဲ့၏။
အဘယ်ကြောင့်ဆိုသော်... အထက်ကောင်းကင်တားမြစ်နယ်မြေ လုံခြုံပါက... ကောင်းကင်ဘုံအရှင်သခင်သည် အကြောင်းမဲ့... ရုတ်တရက် ဒေါသထွက်လာမည် မဟုတ်ချေ။ ထို့အပြင်... ကောင်းကင်ချောက်နက်ကြီးထဲတွင် တိုက်ခိုက်နေကြသော... သူတို့၏သခင်များဖြစ်သည့် တားမြစ်နယ်မြေအရှင်များ၏ လုံခြုံရေးသည်လည်း... များစွာ စိတ်ချရပေလိမ့်မည်။
" ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့ရဲ့ မဟာဧကရာဇ် နောက်တစ်ပါး ကျဆုံးသွားပြန်ပြီ..... "
သာမန်လူသားများသာမက... နယ်ပယ်ငါးခုရှိ ကျန်ရစ်သော ဧကရာဇ်မျိုးနွယ်စုများပင်လျှင်... မိဘအားဆုံးရှုံးလိုက်ရသကဲ့သို့ မျက်နှာများ ရှိနေကြသည်။
သူတို့သည် ယွမ်ကျွင်းမဟာဧကရာဇ် အထက်ကောင်းကင်သို့ အေးဆေးစွာ ဝင်ရောက်ကာ... ကုမိသားစုကို သုတ်သင်ရှင်းလင်းပြီး... ဧကရာဇ်မျိုးနွယ်စုများ၏ဒေါသကို ပြင်းပြင်းထန်ထန် ဖြေဖျောက်နိုင်လိမ့်မည်ဟု... အစက ထင်ခဲ့ကြသည်။ သို့သော်... နောက်ဆုံးတွင် ကုမိသားစု လုံခြုံနေရုံသာမက... ယွမ်ကျွင်းမဟာဧကရာဇ်ပင် အထက်ကောင်းကင်၏ ကာကွယ်ရေးအစီအရင်ထဲတွင် ကျဆုံးခဲ့မည်ဟု... မည်သူက ထင်မှတ်ထားမည်နည်း။
ခမ်းနားထည်ဝါသော ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်သည်... အထက်ကောင်းကင်၏ အစီအရင်ကိုပင် ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ပေ။ဒါဟာလည်း ကောင်းကင်ဘုံအရှင်သခင် မရှိသည့်အချိန်ပင် ဖြစ်နေသေးသည်။ ဤကုမိသားစုကို လောကတွင် မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း။
...
" အဟွတ်...အဟွတ်..... "
ယွမ်ကျွင်းမဟာဧကရာဇ် သေဆုံးသွားပြီဟု သတ္တဝါအားလုံး ထင်နေချိန်တွင်.....
အထက်ကောင်းကင်တားမြစ်နယ်မြေ၏ ကောင်းကင်ယံအထက်၌... လေဟာနယ်သည် ဖြည်းဖြည်းချင်း လှိုင်းထလာပြီး... ယင်နှင့်ယန်တို့အား လှည့်ပတ်နေသော အင်းစာတစ်ခု ပေါ်လာ၏။
ထို့နောက်.... ထိုအင်းစာသည် ပထမ၌ ပြင်းထန်စွာ တောက်ပလာသော်ငြား... နောက်ပိုင်းတွင် မှိန်ဖျော့သွားခဲ့၏။
အင်းစာပေါ်တွင် အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီးနောက်... အင်းစာ ကျိုးပျက်သွားခဲ့ကာ... တစ်ချိန်တည်းမှာပင် ထိုနေရာမှ ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။
ထိုပုံရိပ်သည် ယွမ်ကျွင်းမဟာဧကရာဇ်ပင်ဖြစ်၏။
ယွမ်ကျွင်းမဟာဧကရာဇ်သည် အမှန်တကယ် မသေဆုံးခဲ့ချေ။
ဤမြင်ကွင်းကို မြင်သောအခါ... နယ်ပယ်ငါးခုမှ သတ္တဝါများသည်... တစ်ဖန်ပြန်၍ ဆူပွက်သွားကြ၏။
" သေခြင်းအစားထိုးခွင့်... နောက်ဆုံးအခွင့်အရေး ကုန်ဆုံးသွားပြီ..... "
ယွမ်ကျွင်းမဟာဧကရာဇ်သည်... သူ၏လက်ဖဝါးထဲတွင် ပြာမှုန့်ဖြစ်သွားသော အင်းစာကို ကြည့်လိုက်ကာ... သူ၏မျက်လုံးများတွင် နာကျင်မှုအရိပ်အယောင်တစ်ခု ထင်ဟပ်သွား၏။
လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက သူသည် အသက်နှင့်သေခြင်း အင်းစာတစ်ခုကို ရရှိခဲ့၏။ ကုချန်၏ တာအိုပြိုင်ဆိုင်မှုတွင် အသတ်ခံရပြီးနောက်... ဤအသက်နှင့်သေခြင်း အင်းစာကို အားကိုး၍... သူ၏အသက်ကို အစားထိုးကာ ပြန်လည်မွေးဖွားခဲ့သည်။
တစ်ကြိမ် သေခြင်းအစားထိုးပြီးနောက်... ဤအသက်နှင့်သေခြင်း အင်းစာသည် ပျက်စီးမသွားခဲ့သော်ငြား... အလွန်အမင်း ယိုယွင်းသွားခဲ့ပြီဖြစ်သည်။
ဤနှစ်ပေါင်းကိုးသောင်းပတ်လုံး... ယွမ်ကျွင်းမဟာဧကရာဇ်သည် ဤအသက်နှင့်သေခြင်း အင်းစာကို... နေ့ရောညပါ ပြုစုစောင့်ရှောက်ခဲ့သော်လည်း... လုံးဝ ပြန်လည်ကောင်းမွန်လာအောင် မလုပ်နိုင်ခဲ့ချေ။
ယနေ့ သူသည် အထက်ကောင်းကင်၌ ဘေးဆိုးနှင့် ကြုံတွေ့ခဲ့ရပြီး.. ဤအသက်နှင့်သေခြင်း အင်းစာသည် နောက်ဆုံး၌... လုံးဝပင် ကုန်ဆုံးသွားခဲ့ပြီး ပျက်စီးသွားခဲ့၏။
ဤသည်မှာ သူ နောက်ထပ် ပြန်လည်ရှင်သန်ရန် အခွင့်အရေး မရှိတော့ကြောင်းကို ပြသသည်။
ဤသို့ တွေးလိုက်သောအခါ ယွမ်ကျွင်းမဟာဧကရာဇ်၏မျက်နှာသည် အလွန်အမင်း ညှိုးငယ်သွားခဲ့လေသည်။
ပြန်လည်ရှင်သန်ခြင်း နှစ်ကြိမ်အတွက်... စွမ်းဆောင်နိုင်သော ပြိုင်ဘက်ကင်း အင်းစာတစ်ခု... ပင်မကိုယ်ခန္ဓာနှင့် သီးခြားတည်ရှိနိုင်သော ဓမ္မခန္ဓာနှစ်ခု... ဤပြိုင်ဘက်ကင်းသော ကံကြမ္မာများသည် ယွမ်ကျွင်းမဟာဧကရာဇ်မှာ... အခြားသော ဧကရာဇ်အဆင့် သတ္တဝါများထက် အသက် လေးဆပိုများသည်ကို ပြသနိုင်၏။
အသက်လေးသက်... အသက်လေးသက်ပင်။
သို့သော် ချွင်းချက်မရှိ... တစ်ခုချင်းစီတိုင်းသည် ကုချန်၏ လက်ထဲသို့ ကျရောက်ခဲ့ရသည်။ ဤမျှ နက်ရှိုင်းသော မုန်းတီးမှုရှိရာ... ယွမ်ကျွင်းမဟာဧကရာဇ်သည် ဒေါသမထွက်ပဲ မည်သို့နေနိုင်မည်နည်း။
" နောက်ဆုံး အသက်တစ်ခုပဲ ကျန်တော့တယ်... ကုချန်... မင်း လုံးဝ အခွင့်အရေး မရှိတော့ဘူး..... "
ယွမ်ကျွင်းမဟာဧကရာဇ်သည် တိုးတိတ်စွာ ရေရွတ်လိုက်သည်။
ယခု အသက်နှင့်သေခြင်း အင်းစာ ကျိုးပျက်သွားပြီး... ကိုယ်ပွားနှစ်ခုစလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ... သူသည် နောက်ထပ် ပြန်လည်ရှင်သန်ရန် အခွင့်အရေး မရှိတော့ပေ။ သူသာ ထပ်မံ သေဆုံးပါက... အမှန်တကယ်ပင် သေဆုံးသွားလိမ့်မည်။
သို့သော် သူသည် ကုချန်အား လုံးဝ ထပ်မံ၍ အခွင့်အရေး မပေးနိုင်တော့ပေ။
တိတ်ဆိတ်ငြိမ်သက်သွားသော အထက်ကောင်းကင်တားမြစ်နယ်မြေကို ကြည့်ရင်း ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
ကပ်ဘေးတစ်သောင်းသတ်ဖြတ်ခြင်း အစီအရင်ထဲတွင် တစ်ကြိမ် သေဆုံးခဲ့ဖူးသဖြင့်... ဤအစီအရင်၏ စွမ်းအားသည် သူ ခုခံနိုင်သည့် အတိုင်းအတာထက်... များစွာ ကျော်လွန်နေကြောင်း သူ သိရှိနေသည်။ ကြိုတင်ပြင်ဆင်မှု ရှိခဲ့လျှင်ပင်... ထပ်မံ ဝင်ရောက်မိပါက... သေခြင်းဆီသို့သာ ဦးတည်လိမ့်မည်။
" ထားတော့... ငါ ရွှယ်ကျန်း အင်မော်တယ်ပေးတဲ့ တာဝန်ကို အရင် အဆုံးသတ်ပြီး... သူ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်တစ်ဝက်ကို ပြန်ယူသင့်တယ် "
ယွမ်ကျွင်းမဟာဧကရာဇ်သည် မချင့်မရဲဖြင့် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
သူသည် မူလက... အထက်ကောင်းကင်ကို အရင် ကျူးကျော်ကာ ကုမိသားစုကို ဖျက်ဆီးပြီး... အထက်ကောင်းကင်၏ လျှို့ဝှက်ချက်များကို စုံစမ်းရန် ရည်ရွယ်ခဲ့ပြီးမှ... ရွှယ်ကျန်း အင်မော်တယ်ပေးသည့် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ အထက်ကောင်းကင်ကို ကျူးကျော်မည့်ကိစ္စသည် ခဏတာ ရွှေ့ဆိုင်းထားရုံသာ ဖြစ်နိုင်တော့သည်။
သို့သော် အရေးမကြီးပေ... ယခုအခါ ကုချန်သည် သူ့ထံမှ လွတ်မြောက်ရန် လမ်းမရှိတော့ချေ။ သူ သေဆုံးသွားပြီးနောက်... အထက်ကောင်းကင်တားမြစ်နယ်မြေသည်... သူ၏ပါးစပ်နားမှ အသားတစ်ဖဲ့ကဲ့သို့ ဖြစ်လာမည်ဖြစ်ရာ... သူသည် ဖြည်းဖြည်းချင်း ရယူရန် စီစဉ်နိုင်ပေသည်။
ဤသို့ တွေးလိုက်သောအခါ ယွမ်ကျွင်းမဟာဧကရာဇ်၏ အမူအရာသည် နောက်ဆုံး၌ အနည်းငယ် တည်ငြိမ်သွား၏။
ဟွန့်... ကုချန်... မင်း အထက်ကောင်းကင်ဘုံကို ခဏတာ ကာကွယ်ထားနိုင်ပေမယ့် ထာဝရ ကာကွယ်ထားနိုင်မလား။
" ရွှယ်ကျန်း အင်မော်တယ်ရဲ့ အင်မော်တယ်ခန္ဓာကိုယ်..... "
ယွမ်ကျွင်းမဟာဧကရာဇ်၏ အကြည့်သည် ပြောင်းလဲသွားပြီး လူသားဧကရာဇ်၏ လျှို့ဝှက်နယ်မြေဘက်သို့ ကြည့်လိုက်၏။
ဤအချိန်တွင် သူ၏အမြင်အာရုံအတွင်း၌ ငြိမ်သက်နေသော ရှေးဟောင်းကျွန်းပေါ်တွင်... ယင်ယန် မိခင်အပင်များဖြင့် ဖုံးကွယ်ထားသော ခေါင်းတလားနှစ်လုံးသည်... မိခင်အပင်များ၏ အောက်ခြေ၌ တိတ်ဆိတ်စွာ ရှိနေကြသည်။
ရှေးဟောင်းခေါင်းတလားတစ်လုံး၏ အဖုံးသည် ပွင့်နေပြီး... လူသားဧကရာဇ်ပေတံသည် ထိုထဲမှ ယခင်ကတည်းက ပျံထွက်သွားကာ... လူသားဧကရာဇ်နှင့်အတူ ကောင်းကင်ချောက်နက်ကြီးထဲ၌ တိုက်ပွဲဝင်နေသည်။
ကျန်ရှိသော သွေးစွန်းနေသည့် ရှေးဟောင်းခေါင်းတလားသည် လုံခြုံစွာ ပိတ်ထား၏။ ရွှယ်ကျန်း အင်မော်တယ်၏ ခန္ဓာကိုယ်တစ်ဝက်သည် ဤခေါင်းတလားအတွင်း၌ မြှုပ်နှံထားသည်။
" လူသားဧကရာဇ်..... "
ယွမ်ကျွင်းမဟာဧကရာဇ်၏ တီးတိုးရေရွတ်သံတွင် စိတ်ခံစားမှု အရိပ်အယောင်တစ်ခု ပါဝင်၏။
ထိုနှစ်များက လူသားဧကရာဇ်သည် မည်မျှ စွမ်းအားကြီးခဲ့သနည်း။ သူသည် စစ်ပွဲတစ်ခုတည်းတွင် စစ်မှန်သော အင်မော်တယ်နှစ်ပါးကို သတ်နိုင်ခဲ့ပြီး... နောက်ဆုံးတွင် ရွှယ်ကျန်း အင်မော်တယ်ကို ထိုအခြေအနေသို့ တွန်းပို့ကာ... ခန္ဓာကိုယ်တစ်ဝက်ကို ဆုတ်ဖြဲယူပြီး ခေါင်းတလားတစ်ခုထဲတွင် တံဆိပ်ခတ် မြှုပ်နှံထားခဲ့သည်။
ကမ္ဘာလောကရှိ သွေးစွန်းနေသော ရှေးဟောင်းခေါင်းတလားသည် လူသားဧကရာဇ်ကို ထည့်ထားသည်ဟု ယုံကြည်ကြ၏။ သို့သော် ခေါင်းတလားထဲတွင် လူသားဧကရာဇ် ရှိမနေဘဲ... ရွှယ်ကျန်း အင်မော်တယ်၏ အင်မော်တယ်ခန္ဓာကိုယ်တစ်ဝက်ကိုသာ တံဆိပ်ခတ်ထားကြောင်း... သူတစ်ဦးတည်းသာ သိရှိသည်။
ယခုအခါ သူသည် ဤခန္ဓာကိုယ်တစ်ဝက်ကို ရွှယ်ကျန်း အင်မော်တယ်အတွက် ပြန်လည်ရယူရမည် ဖြစ်သည်။
အင်မော်တယ်ခန္ဓာကိုယ် ပြန်လည်ပြည့်စုံသွားသည်နှင့်... ရွှယ်ကျန်း အင်မော်တယ်သည် သူ၏ အထွတ်အထိပ်စွမ်းအားကို ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး... ကုချန်ကို နှိမ်နင်းရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။
ကုချန်... ဟင်း... ကုချန်... နောက်ဆုံးမှာ မင်းရဲ့အသက်ကို ငါကိုယ်တော်က ဆုံးဖြတ်ပေးမယ်။
ဤသို့ တွေးလိုက်သောအခါ... ယွမ်ကျွင်းမဟာဧကရာဇ်၏ နှလုံးသားသည် လောင်ကျွမ်းနေသော ဆန္ဒများဖြင့် ပြည့်နှက်လာပြီး... တုံ့ဆိုင်းခြင်းမရှိတော့ဘဲ လူသားဧကရာဇ် လျှို့ဝှက်နယ်မြေရှိ... သွေးစွန်းနေသော ရှေးဟောင်းခေါင်းတလားကို ဆုပ်ကိုင်ရန် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်တော့သည်။
...
အထက်ကောင်းကင်ဘုံတွင် အစီအရင်ကြီးဖြင့် ကာကွယ်ထားသကဲ့သို့... ဤလူသားဧကရာဇ် လျှို့ဝှက်နယ်မြေတွင်လည်း အစီအရင်ကြီးဖြင့် ကာကွယ်ထားမည် မဟုတ်လော။ ကုချန်နှင့် လူသားဧကရာဇ် နှစ်ဦးစလုံး ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားပြီဖြစ်ရာ... ဤခေါင်းတလားကို ယူဆောင်သွားခြင်းတွင် မည်သူက သူ့အား တားဆီးနိုင်မည်နည်း။
ထိုအတွေး ယွမ်ကျွင်း၏ စိတ်ထဲသို့ ဖြတ်သန်းသွားချိန်တွင်... မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လူသားဧကရာဇ် လျှို့ဝှက်နယ်မြေသည် တိတ်ဆိတ်နေဆဲဖြစ်သည်။ သို့သော် အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်း၌ နဂါး ဟိန်းဟောက်သံကဲ့သို့ ကြည်လင်သော ဓားသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသည်။
" ချွမ်...! "
ပြိုင်ဘက်ကင်း ဓားအလင်းရောင်သည်... အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းမှ ရုတ်တရက် ထိုးတက်လာပြီး... ကောင်းကင်ဘုံကိုးခုမှ ရေစီးချောင်းကြီး သွန်းလောင်းကျလာသကဲ့သို့... ကောင်းကင်၏ အလင်းကိုပင် မှေးမှိန်စေခဲ့၏။ ချက်ချင်းဆိုသလို လူသားဧကရာဇ် လျှို့ဝှက်နယ်မြေဘက်သို့ လှမ်းနေသော... ယွမ်ကျွင်းမဟာဧကရာဇ်၏ လက်မောင်းကို ဖြတ်တောက်လိုက်ရာ သွေးများ စီးကျလာခဲ့သည်။
" အား "
ယွမ်ကျွင်းသည် နာကျင်စွာ အော်ဟစ်လိုက်ကာ... သူ၏မျက်လုံးများတွင်လည်း ထိတ်လန့်မှုနှင့် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
အဘယ်ကြောင့်ဆိုသော်... ကုချန်၏အဆုံးမဲ့ဓားသည် အမှန်တကယ်ပင် အထက်ကောင်းကင်တားမြစ်နယ်မြေမှ ပျံထွက်လာပြီး... ကောင်းကင်ဘုံကိုးခုအထက်တွင် ရပ်တန့်နေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။ ဓားထိပ်ဖျားသည် သူ့အား တည့်တည့်ချိန်ထားပြီး... 'ငုံ့ကြည့်နေ' သကဲ့သို့ပင် ဖြစ်နေသည်။
ကုချန်၏ဓား... သူ၏ဓားသည် အဘယ်ကြောင့် အထက်ကောင်းကင်ဘုံတွင် ရှိနေရသနည်း။ သူ အမှန်တကယ်ပင် ဓားအား ယူမသွားခဲ့သည်လော။
ယွမ်ကျွင်းသည် အလွန်ပင် ထိတ်လန့်သွား၏။ သူ၏နှလုံးသားထဲတွင် မကောင်းသော အသိတစ်ခု ဝိုးတဝါး ပေါ်ပေါက်လာခဲ့သည်။ သူသည် ကုချန်၏ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ခြင်းသာ ဖြစ်နိုင်တော့သည်။