အခန်း (၂၀၅-၂၀၆)
Vol. 15 Ch. 205-206
အခန်း (၂၀၅) - ဓားဖြင့် ယွမ်ကျွင်းကို ဖြတ်တောက်ခြင်း၊ နယ်ပယ်ငါးခု တိတ်ဆိတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော အင်မော်တယ်နယ်မြေ
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ကောင်းကင်ဘုံမှ... ရုတ်တရက် ပေါ်ထွက်လာသော အဆုံးမဲ့ဓားကိုကြည့်ရင်း... ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်နှာသည် အလွန်အမင်း ညှိုးငယ်နေခဲ့သည်။
ဤအချိန်အထိ သူသည်... ကုချန်၏ ထောင်ချောက်ဆင်ခြင်းနှင့် 'လှည့်စားခြင်း' ခံလိုက်ရကြောင်းကို မသိသေးပါက... အမှန်တကယ်ပင် လူမိုက်ဖြစ်ပေလိမ့်မည်။
အံ့ဩစရာ မဟုတ်ပေ... ကောင်းကင်ချောက်နက်ကြီး၏ နောက်ပိုင်းတွင်... ကုချန်သည် သူ စီစဉ်ထားသော ထောင်ချောက်ထဲသို့ ဆွဲဆောင်ခံလိုက်ရသည့်တိုင်... သူ၏အမူအရာသည် အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေရသနည်း။ သူသည် အရန်အစီအစဉ်များစွာကို ပြင်ဆင်ထားပြီး ဖြစ်ချေပြီ။
အထက်ကောင်းကင်ဘုံကို အစီအရင်ကြီးဖြင့် ကာကွယ်ထားပြီး... ဤအင်မော်တယ်လက်နက်နှင့်ပင် ယှဉ်နိုင်သော အဆုံးမဲ့ဓားသည်လည်း... အမှန်တကယ်ပင် မကျိုးပဲ့နိုင်သော ခံတပ်တစ်ခု ဖြစ်နေခဲ့သည်။ ယွမ်ကျွင်းမဟာဧကရာဇ်၏ မည်သည့်နည်းလမ်းကိုမျှ သူ ကြောက်မည်မဟုတ်ပေ။
အရာအားလုံးသည် ကုချန်မှ ရည်ရွယ်ချက်ရှိရှိ ချမှတ်ထားသော ထောင်ချောက်တစ်ခုသာ ဖြစ်သည်။
" ကုချန်..... "
ယွမ်ကျွင်းမဟာဧကရာဇ်သည် သွားများကို ကြိတ်လိုက်၏။ ကုချန်အပေါ် သူ၏နှလုံးသားထဲရှိ မုန်းတီးမှုသည် ကောင်းကင်ကိုပင် ဖောက်ထွင်းသွားနိုင်ပြီ ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင်... နက်ရှိုင်းသော အားနည်ချက်နှင့် စိတ်ပျက်အားငယ်မှုများသည်... သူ၏ကိုယ်အတွင်းသို့ လျှံတက်လာ၏။
သူသည် အဆုံးမဲ့ဓား၏စွမ်းအားကို ယခင်ကတည်းက နားလည်ခဲ့သည်။ နဝမမြောက် ခေါင်းတလား အင်မော်တယ်မင်းဆက်၏ အင်မော်တယ်ခေါင်းတလားပင်လျှင်... ဤအဆုံးမဲ့ဓားဖြင့် ရက်ရက်စက်စက် ဖြတ်တောက်ခံခဲ့ရသည်ဆိုလျှင်... သူသည် ၎င်း၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။
ထို့အပြင် သူ၏ အားထားရာများအားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဒုတိယအကြိမ် ပြန်လည်ရှင်သန်ရန် အခွင့်အရေး မရှိတော့ပေ။
သူသည် ယနေ့ ဤနေရာတွင် ပျက်စီးဖို့ ကံပါလာခဲ့သည်လော။
ကောင်းကင်ယံမှ သူ့အား 'ငုံ့ကြည့်နေ'သော အဆုံးမဲ့ဓားကို ကြည့်ရင်း ယွမ်ကျွင်းမဟာဧကရာဇ်သည် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
" ချွမ် "
ယွမ်ကျွင်းမဟာဧကရာဇ်၏ စိတ်ထဲတွင် ရှုပ်ထွေးနေစဉ်... အဆုံးမဲ့ဓားသည် ကောင်းကင်မှ ကျဆင်းလာသော... ကျယ်ပြန့်သော ကောင်းကင်မြစ်ကဲ့သို့ ရက်ရက်စက်စက် ထိုးနှက်ချလိုက်ပြီး... ယွမ်ကျွင်းမဟာဧကရာဇ်၏ ပတ်ဝန်းကျင်ရှိ နေရာအားလုံးကို ချက်ချင်း ဖုံးအုပ်လိုက်ကာ... ကျယ်ပြောသော အဖြူရောင်နယ်ပယ်အဖြစ် ပြောင်းလဲသွားသည်။
ပြိုင်ဘက်ကင်းသော ဓား၏ချီစွမ်းအားသည် ဧကရာဇ်အဆင့် အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီး သတ္တဝါအားလုံး၏ နားလည်နိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းများကို ကျော်လွန်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ယွမ်ကျွင်းမဟာဧကရာဇ်သည်... မည်သည့် ခုခံမှုမျှ မပြုလုပ်နိုင်ခဲ့ဘဲ သုတ်သင်ခံလိုက်ရပြီး... သူ၏ နတ်ဝိညာဉ်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ... ကျန်ရှိနေသော ဝိညာဉ်တစ်စိတ်တစ်ပိုင်းသာ ကျန်ရစ်ခဲ့သည်။
" မင်း ဘာလို့ ငါကိုယ်တော်ကို မသတ်ရတာလဲ..... "
ဝိညာဉ်တစ်စိတ်တစ်ပိုင်းသာ ကျန်ရှိတော့သည့် ယွမ်ကျွင်းမဟာဧကရာဇ်သည်... သူ အသက်ရှင်နေရခြင်း အကြောင်းရင်းကို ပထမ၌ အံ့အားသင့်သွားခဲ့သည်။ သို့သော် နောက်တစ်ခဏတွင်... ကုချန်၏ရည်ရွယ်ချက်ကို သူ နားလည်သွားဟန်တူပြီး... သူ၏မျက်လုံးများတွင် အရှက်ရမှုများ ပေါ်လာ၏။
အဆုံးမဲ့ဓားသည် နောက်ဆုံးအခိုက်အတန့်၌... သူ့အား မသတ်ခဲ့ခြင်းမှာ ကုချန်၏ အမိန့်အရ ဖြစ်ကြောင်း... ကုချန်သည် လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ့အား မေးမြန်းနိုင်ရန်... သူ၏ နောက်ဆုံးထွက်သက်ကို ချန်ထားခဲ့ခြင်းဖြစ်ကြောင်း သူ သိရှိလိုက်သည်။
" ဒီကောင်... မင်း ငါ့ကို အရှက်ရအောင် လုပ်ရဲတယ် "
ယွမ်ကျွင်းမဟာဧကရာဇ်သည် ဒေါသထွက်သွား၏။ နောက်တစ်ခဏတွင် သူသည် ထိုသို့ အရှက်ရခြင်းကို မခံမရပ်နိုင်ဖြစ်ကာ... သူ၏ နတ်ဝိညာဉ်ကို အတင်းအကျပ် ဖောက်ခွဲရန် ကြိုးစားတော့သည်။ သို့သော် အဆုံးမဲ့ဓားသည် ကြိုတင်ပြင်ဆင်ထားဟန်တူ၏။
ပြိုကျနေသော ကောင်းကင်ကဲ့သို့ ဓား၏ချီစွမ်းအားများ ကျဆင်းလာပြီး... ယွမ်ကျွင်းမဟာဧကရာဇ်၏ ကျန်ရှိနေသော ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို လုံးဝ ဖိနှိပ်လိုက်ကာ... မိမိကိုယ်ကို ပေါက်ကွဲလိုသော ဆန္ဒပင်လျှင် သက်သာမှု ဖြစ်လာစေ၏။
ယခင်က အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်တွင်... ကုချန်သည် ယွမ်ကျွင်းမဟာဧကရာဇ်၏ ကိုယ်ပွားတစ်ပါးအား... ပေါက်ကွဲစေရန် ခွင့်ပြုခဲ့ဖူးသည်။
ကုချန်သည် သမိုင်းကို အခုတစ်ဖန် ထပ်အဖြစ်မခံနိုင်တော့ပေ။ အရာအားလုံးကို သူ ပထမဆုံးအကြိမ် ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ချိန်ကတည်းက အဆုံးမဲ့ဓားအား ပြောကြားထားပြီး ဖြစ်သည်။
" အား... အား... အား! "
ယွမ်ကျွင်းမဟာဧကရာဇ်သည် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများဖြင့် အော်ဟစ်လိုက်သည်။ဂုဏ်ရှိသော မဟာဧကရာဇ်တစ်ပါးအနေဖြင့်... သူသည် ဤမျှ အရှက်ရမှု ခံရ၏။ ဝိညာဉ်တစ်စိတ်တစ်ပိုင်းသာ ကျန်တော့သည်သာမက... မိမိကိုယ်ကိုပင် သတ်သေ၍ မရနိုင်ချေ။ ဤသည်မှာ အလွန်အမင်း အရှက်ရစရာ ဖြစ်သည်။
ယွမ်ကျွင်းမဟာဧကရာဇ်သည် သေခြင်းကို ရှာဖွေသော်လည်း... ရှာမတွေ့ဘဲ ဒေါသနှင့် စိတ်ပျက်အားငယ်မှုများကိုသာ ရရှိခဲ့သည်။
သို့သော် အဆုံးမဲ့ဓားသည် ဤအရာကို အာရုံစိုက်ခြင်းမရှိပေ။ ၎င်း၏အဖျားသည် လည်ပတ်သွားပြီး ဓားချီကြိုးကွင်းတစ်ခု ကျလာကာ... ထိုကြိုးကွင်းသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ ကျန်ရှိနေသော ဝိညာဉ်၏လည်ပင်းကို... ခွေးတစ်ကောင်ကဲ့သို့ ပတ်လိုက်၏။ ထို့နောက် ရုတ်တရက် 'ဆွဲ' လိုက်ပြီး... ယွမ်ကျွင်းမဟာဧကရာဇ်၏ ကျန်ရှိနေသော ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို... အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့ ဆွဲခေါ်သွားလေသည်။
...
ဤမြင်ကွင်းသည် နယ်ပယ်ငါးခုရှိ သတ္တဝါအားလုံးကို ထိတ်လန့်စေခဲ့သည်။
ယွမ်ကျွင်းမဟာဧကရာဇ်သည် မည်သူနည်း။ သူသည် ဂုဏ်ရှိသော မဟာဧကရာဇ်... ဧကရာဇ်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ပင်။
သို့သော် ယခု သူသည် လည်ပတ်ကြိုးတပ်ထားသော ခွေးတစ်ကောင်ကဲ့သို့... ဂုဏ်သိက္ခာမရှိ ဆက်ဆံခံနေရသည်။ ပို၍အရေးကြီးသည်မှာ... ဤအရာအားလုံးကို လုပ်ဆောင်နေသူသည် အခြားဧကရာဇ်အဆင့် ကျွမ်းကျင်သူမဟုတ်ဘဲ... ကောင်းကင်ဘုံအရှင်သခင်၏ လက်နက်သာဖြစ်နေလေ၏.....
" ကောင်းကင်ဘုံအရှင်သခင်ကို မဆွသင့်ဘူး... အထက်ကောင်းကင်တားမြစ်နယ်မြေကို မဆွသင့်ဘူး... ရှေးဘိုးဘေးက ငါ့ကို အမှန်ပဲ မလှည့်စားခဲ့ဘူး "
ဖီးနစ်နားခိုရာတောင်ကုန်းအတွင်း၌... ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် အရှေ့ပိုင်းနယ်မြေ ကောင်းကင်ယံအထက်မှ... တိတ်ဆိတ်နေသော ကောင်းကင်ကို ကြောင်အစွာ ကြည့်နေမိသည်။ အချိန်အတော်ကြာပြီးနောက်... သူသည် နောက်ဆုံး၌ သက်ပြင်းတစ်ချက် ထပ်မံချလိုက်ပြီး... သူ၏မျက်နှာတွင် ထိတ်လန့်မှုများဖြင့်သာ ပြည့်နှက်နေ၏။
ဖီးနစ်ဧကရာဇ်သည် နတ်မျောက်ဝံဧကရာဇ်တပိုင်းကို သူ့ထံ စေလွှတ်၍... ကောင်းကင်ဘုံသို့ ကိုယ်တိုင်သွားရောက် အနူးအညွတ် တောင်းပန်ရန်နှင့်... နတ်နဂါးမျိုးနွယ်မှ သူတော်စင်များ၏ ဦးခေါင်းကို လက်ဆောင်အဖြစ် ပေးအပ်ကာ... ရိုးသားမှုကို ပြသရန် ပြောကြားခဲ့ခြင်းသည် မည်မျှ ပညာရှိကြောင်းကို... ဤအချိန်တွင်မှ သူ အမှန်တကယ် နားလည်ခဲ့သည်။
ဤကောင်းကင်ဘုံအရှင်သခင်၏ စွမ်းအားသည် နတ်မျောက်ဝံဧကရာဇ်တပိုင်း ဖော်ပြခဲ့သည်ထက်ပင် ပို၍ဆိုးရွားပြီး ကြောက်မက်ဖွယ် ကောင်း၏။
ထိုယွမ်ကျွင်းမဟာဧကရာဇ်သည် သူတို့၏ဘိုးဘေး ဖီးနစ်ဧကရာဇ်ထက် မနိမ့်ကျသော သတ္တဝါပင်။ သို့သော် ယခု သူသည် ကောင်းကင်ဘုံအရှင်သခင်၏ လက်နက်ကိုပင် မယှဉ်နိုင်ဘဲ လုံးဝ ချေမှုန်းခံလိုက်ရသည်ဟုပင် ပြောနိုင်ပေသည်။
ကောင်းကင်ဘုံအရှင်သခင် ကိုယ်တိုင် လာခဲ့လျှင်... လက်ညှိုးတစ်ချက်ခါလိုက်ရုံဖြင့်... သူ့ကို ပြာမှုန့်ဖြစ်အောင် ချေမှုန်းနိုင်မည် မဟုတ်လော။
" ကောင်းကင်ဘုံအရှင်သခင်က တကယ်ပဲ ကြောက်ဖို့လွန်းကောင်းတယ်..... "
ဖီးနစ်နားခိုရာတောင်ကုန်းသခင်နှင့် အခြားသော ရှေးဟောင်းတော်ဝင်မျိုးနွယ်စု သခင်များသာမက... ကုမိသားစုရွာရှေ့မှ နတ်မျောက်ဝံဧကရာဇ်တပိုင်းနှင့် အခြားသော တားမြစ်နယ်မြေ ဧကရာဇ်တပိုင်းများပင်လျှင်... အဆုံးမဲ့ဓားမှ ယွမ်ကျွင်းမဟာဧကရာဇ်ကို ဖိနှိပ်လိုက်သည်ကို... အပြည့်အဝ မြင်တွေ့ပြီးနောက် အားလုံး တိတ်ဆိတ်သွားကြသည်။
တားမြစ်နယ်မြေအရှင်၏ ဧကရာဇ်များအနေဖြင့်... သူတို့၏ သက်ဆိုင်ရာသခင်များကို ခေါင်းငုံ့စေနိုင်သော... ကောင်းကင်ဘုံအရှင်သခင်၏ စွမ်းအားသည် အစွန်းရောက်သည်အထိ... ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိရှိကြသည်။
ထိုသူ၏ လက်နက်ကပင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူကို ဖိနှိပ်နိုင်စွမ်းရှိသည်။
ဤသည်မှာ ဂုဏ်ရှိန်ရှိသော တားမြစ်နယ်မြေအရှင်သည် ကောင်းကင်ဘုံအရှင်သခင်၏ လက်နက်အတွက်ပင် ပြိုင်ဘက် မဖြစ်နိုင်ဟု ဆိုလိုသည် မဟုတ်လော။
ဤသို့ တွေးလိုက်သောအခါ... နတ်မျောက်ဝံဧကရာဇ်တပိုင်းသည် တုန်ယင်သွားပြီး... သူ၏ ကိုယ်ခန္ဓာကို အမြန် မတ်မတ်ရပ်လိုက်ကာ သတိပေးလိုက်သည်။
" သတိထားကြ... ဒီလိုအချိန်မျိုးမှာ ကုမိသားစုရွာကို အသေးငယ်ဆုံး မတော်တဆမှုမျိုးတောင် လုံးဝ မဖြစ်စေနဲ့... မဟုတ်ရင် မင်းတို့အားလုံး နောက်ဆက်တွဲ ပြဿနာတွေကို နားလည်ကြတယ် မဟုတ်လား "
နတ်မျောက်ဝံဧကရာဇ်တပိုင်း၏ စကားများက အခြားသော တားမြစ်နယ်မြေ ဧကရာဇ်တပိုင်းများကိုပင် သတိအနေအထား ဖြစ်သွားစေ၏။
နောက်ဆက်တွဲ ပြဿနာများလော။
သူတို့သည် ထိုနောက်ဆက်တွဲ ပြဿနာများကို အလွန် ကောင်းစွာ နားလည်ထားကြသည်။
ကုမိသားစုရွာသည် အသေးငယ်ဆုံး မတော်တဆမှုမျိုးကိုပင် ခံစားခဲ့ရလျှင်.....
သူတို့ သေဆုံးရမည်... သူတို့၏ သက်ဆိုင်ရာ သခင်များ၊ မျိုးနွယ်စုများအပြင် အမျိုးမျိုးသော တားမြစ်နယ်မြေများပင်လျှင် ပါဝင်ပတ်သက်နိုင်ပြီး... ကောင်းကင်ဘုံအရှင်သခင်၏ သုတ်သင်ခြင်းကို ခံရကာ... မည်သူမျှ ကျန်ရစ်မည် မဟုတ်ပေ။
" သတိထားကြ... မျက်နှာပျက်မခံရစေနဲ့ "
" ဒီနေရာကို သေချာ စောင့်ရှောက်ကြ... လုံးဝ အမှားအယွင်း ဖြစ်စေလို့မရဘူး "
တားမြစ်နယ်မြေ ဧကရာဇ်တပိုင်း အများအပြား အပြန်အလှန် စကားပြောဆိုပြီးနောက်... တစ်ဦးချင်းစီသည် သူတို့၏မျက်လုံးများကို ပြူးကျယ်ကာ... သတိရှိရန်အတွက် ကိုယ့်ကိုယ်ကို အားတင်းလိုက်ကြသည်။
သူတို့၏လက်ရှိအခြေအနေတွင် သာမန်သတ္တဝါများသာမက ခြင်တစ်ကောင်ပင် ကုမိသားစုရွာသို့ ချဉ်းကပ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
... ... ... ...
ကောင်းကင်ချောက်နက်ကြီး၏ နက်ရှိုင်းရာရှိ... အဆုံးမဲ့အင်မော်တယ်နယ်မြေ၏ ကမ္ဘာအဆုံးတွင်.....
ကုချန်နှင့် လူသားဧကရာဇ်တို့သည် မျက်နှာချင်းဆိုင် ရပ်နေကြ၏။
အင်မော်တယ်နယ်မြေ၏ အဆုံး၌ရှိသော ရွှယ်ကျန်းသည် သူတို့နှစ်ဉီး၏ အကြည့်များကို အနည်းငယ်မျှပင် ပြောင်းလဲစေခြင်း မရှိစေခဲ့ပေ။
ရွှယ်ကျန်း၏ တည်ရှိမှုသည် ကုချန်၏ မျက်လုံးထဲတွင် ဖြစ်စေ... လူသားဧကရာဇ်၏ မျက်လုံးထဲတွင် ဖြစ်စေ... အရေးပါသော အရာတစ်ခု မဟုတ်သကဲ့သို့ပင်။
" ဒီရွှယ်ကျန်းက ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေကလား "
ကုချန်သည် အင်မော်တယ်နယ်မြေ၏ အဆုံးရှိ ကျယ်ပြောသော အင်မော်တယ်တံခါးကို ကြည့်ကာ စဉ်းစားနေ၏။
" ဖြစ်နိုင်ပါတယ် "
လူသားဧကရာဇ်သည် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်တွင် ရှုပ်ထွေးမှုများပါ ရှိနေသည်။
" အင်မော်တယ်နယ်မြေ... အွန်း... အဲဒါက အဆုံးမဲ့စကြာဝဠာမှာရှိတဲ့ သတ္တဝါတွေ အိပ်မက်မက်ကြတဲ့ အမြင့်ဆုံးနေရာပဲ... ဒါပေမယ့် အင်မော်တယ်နယ်မြေက သူတို့ စိတ်ကူးထားသလောက် သန့်ရှင်းပြီး... လှပမှုမရှိဘူးဆိုတာ ဘယ်သူသိမှာလဲ "
အခန်း (၂၀၆) - အမှန်တရားပေါ်ပေါက်လာခြင်း၊ ကန့်လန့်ကာနောက်က တရားခံအစစ် ပေါ်လာခြင်း
" အင်မော်တယ်နယ်မြေ..... "
ကုချန်၏ အကြည့်များသည်လည်း ရှုပ်ထွေးနေဟန်တူသည်။
တစ်ချိန်တုန်းက သူသည် ဒဏ္ဍာရီလာ အင်မော်တယ်တက်လှမ်းခြင်းကို မည်သို့ မတောင့်တခဲ့ဘဲ နေမည်နည်း။
လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းခန့်က... အင်မော်တယ်တက်လှမ်းခြင်းကို ရရှိရန်အတွက်... သူသည် ကောင်းကင်ဘုံကိုးခုကို ဖြတ်ကျော်တိုက်ခိုက်ခဲ့သော်လည်း... အင်မော်တယ်လမ်းစဉ်၏ အဆုံးသတ်မှာ အင်မော်တယ်နယ်မြေမဟုတ်ဘဲ... ဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေဖြစ်နေကြောင်းသာ တွေ့ရှိခဲ့ရသည်။
ယခုအခါ အင်မော်တယ်လမ်းစဉ်သည် သူ၏ရှေ့တွင် တစ်ဖန်ပြန်လည် ပေါ်လာခဲ့ပြီဖြစ်သည်။
သို့သော် သူတကယ်တမ်း ဤနေရာသို့ ရောက်ရှိလာချိန်တွင်... အင်မော်တယ်တက်လှမ်းခြင်းသည် ရိုးရှင်းသော... အရာတစ်ခု မဟုတ်မှန်း နားလည်လိုက်သကဲ့သို့ပင်။
" သဘောတရားအရ ပြောရရင် အင်မော်တယ်နယ်မြေဆိုတာက မင်းရင်ဆိုင်ခဲ့ရတဲ့ နတ်ဆိုးနယ်မြေနဲ့ ဘာမှမကွာခြားဘူး "
လူသားဧကရာဇ်သည် ကုချန်အား နက်နက်နဲနဲကြည့်ကာ... တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုကို... ဖွင့်ဟလေသည်။
" လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက... ငါ့အသက်နဲ့ရင်းပြီး ဒီနေရာကို ဘာလို့ တိုက်ခိုက်ဝင်ရောက်ခဲ့လဲဆိုတာ မင်းသိလား... ဘာလို့လဲဆိုတော့ အင်မော်တယ်တက်လှမ်းခြင်းဆိုတာ... လိမ်လည်မှုသက်သက်ပဲ ဖြစ်နေလို့ပဲ "
" တကယ်တော့ ငါ့မတိုင်ခင်ကတည်းက... အဆုံးမဲ့ကမ္ဘာကြီးက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိပြီး ဖြစ်ပျက်ပြောင်းလဲနေခဲ့တာ... ဒီလောက်ကြီးမားတဲ့ သမိုင်းကြောင်းမှာ အရှင်သခင်အဆင့် ရောက်ခဲ့တဲ့သူတွေ... ဘယ်လောက်တောင် ပေါ်ထွန်းခဲ့လဲဆိုတာ ရေတွက်လို့တောင် ရနိုင်ပါ့မလား "
" ဒါပေမယ့် ငါ့အရင်တုန်းက... အရှင်သခင်အဆင့်ရောက်ခဲ့တဲ့ ဘယ်သူကမှ... အင်မော်တယ်နယ်မြေကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်တာမျိုး မရှိခဲ့ကြဘူး "
" အဲ့ဒါက သူတို့အင်အားမရှိလို့၊ အချိန်အခါမသင့်လို့ မဟုတ်ဘူး... အင်မော်တယ်နယ်မြေက အင်မော်တယ်ဆိုတဲ့ကောင်တွေက သူတို့ရဲ့ ကံတရားတွေ၊ အဆီအနှစ်တွေအားလုံးကို... ခြွင်းချက်မရှိ ဝါးမြိုစားသောက်လိုက်ကြလို့ပဲ "
လူသားဧကရာဇ်၏စကားများသည် မိုးမြေကြားတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ နားကွဲလုမတတ်ပင် ဖြစ်စေလေသည်။
အကယ်၍ သက်ရှိများအားလုံးသာ ဤစကားကို ကြားလိုက်ရပါက သေချာပေါက် မှင်သက်သွားကြမည်ဖြစ်သည်။
လူသားဧကရာဇ်က ဘာပြောလိုက်သနည်း။
အင်မော်တယ်တက်လှမ်းခြင်းသည် လိမ်လည်မှုတစ်ခုလော။
သမိုင်းတစ်လျှောက် အင်မော်တယ်တက်လှမ်းဖို့ မျှော်မှန်းခဲ့ကြတဲ့ ရှေးဟောင်းအရှင်သခင်တွေအားလုံး အင်မော်တယ်ဆိုသူတွေရဲ့ စားသောက်ခြင်းကို ခံလိုက်ရသည်လော။
ဤသည်မှာ... တစ်ခါမျှ မကြားဖူးသော... သက်ရှိအားလုံးကို တုန်လှုပ်သွားစေမည့်... အရာပင်ဖြစ်သည်။
သို့သော် ဤကမ္ဘာတွင် ကုချန်တစ်ဦးတည်းသာ ရှိနေသည်။
လူသားဧကရာဇ်ပြောသမျှနှင့် ပတ်သက်၍... ကုချန်၏ စိတ်ထဲတွင် ဝေဝါးသော ခန့်မှန်းချက်များ ရှိပြီးသားဖြစ်သဖြင့်... လူသားဧကရာဇ်၏ ပြောစကားများကို နားထောင်ပြီးသည့်တိုင် ကုချန်၏မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ... ပုံမှန်အတိုင်းသာ ရှိနေကာ နောက်ထပ်စကားများကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
" အင်မော်တယ်လမ်းစဉ်ဆိုတာ အရိုးပုံကြီးတစ်ခုပါပဲ... ငါတို့ရဲ့ အဆုံးမဲ့လူသားမျိုးနွယ်က ရှေးဟောင်းသူရဲကောင်းတွေ အမှောင်ထဲမှာ ရှိနေခဲ့ရတာ... ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလဲ "
လူသားဧကရာဇ်သည် သက်ပြင်းမောတစ်ချက်ချလိုက်၏။ သူ၏မျက်ဝန်းများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်နေပြီး.....
" အရှင်သခင်တွေက သက်ရှိတွေကို စားသုံးကြတယ်... ဒါပေမယ့် သူတို့ကိုယ်တိုင်လဲ တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာ... အစာတစ်ခုသက်သက်ပဲဆိုတာ သူတို့ဘယ်လိုလုပ် သိနိုင်မှာလဲ "
" လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းတုန်းက... ငါဒီအင်မော်တယ်လမ်းစဉ်ကို တိုက်ခိုက်ဖြတ်ကျော်ပြီး အင်မော်တယ်အစစ်အမှန်နှစ်ပါးကို သတ်ဖြတ်ခဲ့ပြီး... အင်မော်တယ်ထျန်းကျွင်းအဆင့်တစ်ပိုင်းတစ်ယောက်ကိုလဲ ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တယ်.....
နောက်ဆုံး ငါမသေခင်မှာ နေလဧကရာဇ်ကျမ်းစာကို ချန်ထားရစ်ခဲ့တယ်.....
မျိုးဆက်သစ်တွေအနေနဲ့ ငါ့နည်းလမ်းကို အခြေခံပြီး ပိုခရီးရောက်နိုင်ဖို့... လူတိုင်း နဂါးတစ်ကောင်လို စွမ်းဆောင်နိုင်ဖို့... နောက်ဆုံးမှာ ဒီအရာအားလုံးကို တွန်းလှန်နိုင်တဲ့ ယုံကြည်မှုစစ်စစ်ကို ပိုင်ဆိုင်ပြီး... ဒီဝမ်းနည်းစရာအခြေအနေကနေ လွတ်မြောက်နိုင်ဖို့... ငါမျှော်လင့်ခဲ့တာ "
" ဒါပေမယ့် နောက်လူတွေက ငါ့ကို သစ္စာဖောက်ခဲ့ကြတယ် "
ထိုနေရာသို့ ရောက်သောအခါ လူသားဧကရာဇ်၏ အကြည့်များ မှေးမှိန်သွားပြီး လေသံမှာလည်း နက်ရှိုင်းကာ ရှုပ်ထွေးလာ၏။
" သစ္စာဖောက်တွေက ကမ္ဘာပေါ်မှာ ငါချန်ထားခဲ့တဲ့ ရှေးဟောင်းကျမ်းစာနှစ်စောင်ရဲ့ ခြေရာတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်... အတိတ်က ငါနဲ့ပတ်သက်သမျှ အရာအားလုံးကို... မှိန်ဖျော့သွားအောင် လုပ်ခဲ့ကြတယ် "
" ငါ့အစီအစဉ် ကျရှုံးခဲ့တယ်... ဒါပေမယ့် သဘောတရားတစ်ခုအရတော့... အောင်မြင်ခဲ့တယ်လို့ ဆိုရမယ် "
ထိုအကြောင်းကို ပြောသည့်အခါ လူသားဧကရာဇ်သည် ကုချန်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ သူ၏အကြည့်များတွင် သူ့ထက်သာလွန်သော မျိုးဆက်သစ်တစ်ဦး... ဆက်ခံသူတစ်ဦးကို မြင်တွေ့လိုက်ရသကဲ့သို့... စိတ်သက်သာရာရမှုများ ပါဝင်နေသည်။
" အဲ့လိုကိုး "
လူသားဧကရာဇ် ဤအထိပြောလာသောအခါ... ကုချန်သည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး... စိတ်ထဲတွင် ကျန်ရှိနေသေးသော သံသယများအားလုံး ကင်းစင်သွားတော့သည်။
ရှေးဟောင်းဒဏ္ဍာရီများတွင်... လူသားဧကရာဇ်သည် အဆုံးမဲ့လူသားမျိုးနွယ်အတွက်... အတ္တကင်းမဲ့စွာဖြင့် ရှေးဟောင်းနေမင်းကျမ်းစာနှင့် ရှေးဟောင်းလမင်းကျမ်းစာတို့ကို... လူတိုင်းဖတ်ရှုနိုင်ရန် ချန်ထားပေးခဲ့သည်ဟု ဆိုသည်။
သို့သော်... ယနေ့ထက်တိုင် ကောင်းကင်အောက်တွင်... ရှေးဟောင်းနေမင်းကျမ်းစာနှင့် ရှေးဟောင်းလမင်းကျမ်းစာတို့၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသည့် အင်အားစုဟူ၍... တစ်ခုမှ မရှိပေ။
ဤသည်မှာ အလွန်ပင် ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်နေပြီဖြစ်သည်။
စဉ်းစားကြည့်ပါ။ ဤသည်မှာ ဧကရာဇ်ကျမ်းစာနှစ်စောင် ဖြစ်သည်။ မည်သည့်အင်အားစုက ရရှိသည်ဖြစ်စေ... ရတနာသဖွယ် တန်ဖိုးထားကြမည်မှာ သေချာသည်။ မည်သို့လျှင် ပေါ့ပေါ့ဆဆ စွန့်ပစ်နိုင်မည်နည်း။ သို့မဟုတ် ပျောက်ဆုံးသွားနိုင်မည်နည်း။
ထို့အပြင်... ထိုအချိန်က လူသားဧကရာဇ်သည် ဤရှေးဟောင်းကျမ်းစာနှစ်စောင်ကို... လူတိုင်းအား ပေးအပ်ခဲ့သည်။ ယုတ္တိတန်တန် စဉ်းစားကြည့်လျှင်... လူသားမျိုးနွယ် တည်ရှိနေသရွေ့ ဤမူလမိခင်ကျမ်းစာနှစ်စောင်၏ အမွေအနှစ်သည် ကောင်းကင်အောက်ရှိ ကျင့်ကြံသူတိုင်း သိရှိကြသော... အခြေခံအကျဆုံး ကျင့်ကြံခြင်းဗဟုသုတကဲ့သို့ပင်... လူသားမျိုးနွယ်အတွင်း ထာဝရလက်ဆင့်ကမ်း တည်ရှိနေသင့်သည်။
သံသယဖြစ်ဖွယ် မရှိပေ။ ဤသည်မှာ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသော ရည်မှန်းချက်ကြီးတစ်ခုပင်။
အကယ်၍ လူသားမျိုးနွယ်ဝင်တိုင်းသာ .. ဤမူလမိခင်ကျမ်းစာနှစ်စောင်ကို ကျင့်ကြံခဲ့ကြလျှင်... နှစ်ပေါင်း တစ်သန်းကြာ ပြောင်းလဲတိုးတက်လာပြီးနောက်... ယနေ့အချိန်တွင် လူသားမျိုးနွယ်သည် မည်မျှအထိ စွမ်းအားကြီးမားနေမည်နည်း။
လူသားဧကရာဇ် မျှော်မှန်းခဲ့သည့်... လူတိုင်းသည် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်လာမည့်... ဘုန်းကျက်သရေရှိသော ခေတ်ကြီးသည် တကယ်ပင် ရောက်ရှိလာနိုင်သည်။
သို့သော် ရလဒ်မှာမူ... ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော နေလမိခင်ကျမ်းစာ အမွေအနှစ်ဟူ၍... မရှိတော့ခြင်းပင်။ ကုချန် ဧကရာဇ်ဖြစ်ပြီးနောက်... နေရာအနှံ့ ရှာဖွေတွေ့ရှိခဲ့သော နေလဧကရာဇ်ကျမ်းစာသည်ပင်... ကျမ်းစာတစ်ပိုင်းသာဖြစ်ပြီး ပြီးပြည့်စုံခြင်း မရှိပေ။
လူသားဧကရာဇ် ပြောသည့်စကားသာ မှန်ကန်ပါက... အရာအားလုံးသည် အဓိပ္ပါယ်ရှိသွားပြီ ဖြစ်သည်။
လူသားဧကရာဇ် သေဆုံးပြီးနောက်... တစ်စုံတစ်ဦးသည် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိများအားလုံး... နဂါးများကဲ့သို့ ဖြစ်လာမည်ကို မလိုလားခဲ့ပေ။ ထို့ကြောင့်... သူတို့သည် ကမ္ဘာပေါ်မှ ဤရှေးဟောင်းကျမ်းစာနှစ်စောင်၏ ခြေရာများကို... ဖျက်ဆီးပစ်ခဲ့ကြသည်။
ဤသည်မှာ လူသားဧကရာဇ် ပြောခဲ့သော 'သစ္စာဖောက်' ပင်။
သို့သော် ဤသစ္စာဖောက်က ဘယ်သူဖြစ်မည်နည်း။
" သစ္စာဖောက်ဆိုတာ ဖူမိသားစု ပျက်စီးခြင်းရဲ့ နောက်ကွယ်က တရားခံအစစ်ပဲ "
လူသားဧကရာဇ်သည် ကုချန်၏ အတွေးများကို ဖောက်ထွင်းမြင်နေရသကဲ့သို့ တည်ငြိမ်စွာ ပြောဆိုလေသည်။
" အဲ့ဒါက လူတစ်ယောက်တည်း မဟုတ်ဘူး... အင်အားစုတစ်ခုပဲ... သူတို့က တကယ်ကို ကြောက်လွန်းနေကြတာ... ကြောက်လွန်းလို့ အချိန်တွေ ဒီလောက်ကြာသွားတာတောင်... အမှားအယွင်း နည်းနည်းလေးတောင် အဖြစ်မခံနိုင်ကြဘူး "
ဟုတ်ပါသည်.....
ကုချန်၏စိတ်နှလုံးထဲတွင် အသိတစ်ခု ရုတ်ချည်း ဝင်ရောက်လာ၏။
ဖူမိသားစုသည် ပြီးပြည့်စုံသော နေလဧကရာဇ်ကျမ်းစာကို ပိုင်ဆိုင်ထားသည်။ ချန်ခွန်းရှေးဟောင်းကြယ်ပေါ်ရှိ ဖူမိသားစုသည် နှစ်များစွာကြာအောင်... နေလရှေးဟောင်းကျမ်းစာကို အခြားအင်အားစုများနှင့် ရက်ရက်ရောရော မျှဝေခဲ့ကြောင်း... ဖူဝမ်ထံမှ သူသိခဲ့ရသည်။
ဤအချက်သည် ထို 'သစ္စာဖောက်' များ၏ ထိရှလွယ်သော စိတ်အာရုံများကို... ထိခိုက်စေခဲ့မည်မှာ သေချာ၏။ ဖူမိသားစု၏ မလျော့မပေါ့ ကြိုးပမ်းအားထုတ်မှုကြောင့်... ဤရှေးဟောင်းကျမ်းစာနှစ်စောင်သည် နောက်ဆုံးတွင်... အဆုံးမဲ့ကမ္ဘာတစ်ခုလုံးသို့ ပြန်လည်ပျံ့နှံ့သွားမည်ကို... သူတို့ စိုးရိမ်ခဲ့ကြသည်။
ထို့ကြောင့် ဤသည်မှာ ဖူမိသားစု မျိုးပြုန်းသတ်ဖြတ်ခံရခြင်း၏ အကြောင်းရင်းမှန်ပင် ဖြစ်လိမ့်မည်။
ချန်ခွန်းရှေးဟောင်းကြယ်ပေါ်ရှိ... ယင်ယန်တာအိုမဟာမိတ်အဖွဲ့နှင့် အခြားအင်အားစုများမှာမူ... အမှန်တရားကို မသိသော လောဘကြီးသူများသာဖြစ်ပြီး... သူတပါးလက်ထဲမှ နယ်ရုပ်များ ဖြစ်သွားခဲ့ကြခြင်း ဖြစ်နိုင်သည်။
" ဟားဟားဟားဟား... ကောင်းလိုက်တာ... တကယ်ကို ကောင်းလိုက်တာ "
ထိုအချိန်တွင် ကမ္ဘာကြီး၏ အဆုံးတစ်ဖက်မှ ရိုင်းစိုင်းသော လှောင်ပြောင်ရယ်မောသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာလေသည်။
အင်မော်တယ်ရွှယ်ကျန်းသည် ကျန်ရှိနေသေးသော မျက်လုံးတစ်လုံးဖြင့် လူသားဧကရာဇ်အား စိုက်ကြည့်ကာ အေးစက်စွာ ပြောလေသည်။
" ကံတရားတာအိုကို ကျွမ်းကျင်တဲ့ လူသားဧကရာဇ်လို့ ပြောရမှာပဲ... နှစ်ပေါင်းသန်းချီ ကြာသွားတာတောင်မှ ကျန်ရစ်ခဲ့တဲ့ စိတ်ဝိညာဉ်အစအနလေးတစ်ခုတည်းနဲ့... အမှန်တရားတွေ အများကြီးကို တွက်ချက်နိုင်တယ်ပေါ့ "
" ဒါပေမယ့် အမှန်တရားကို သိရလို့ မင်းတော့ ရင်ကွဲပက်လက် ဖြစ်နေလောက်ပြီမလား "
" ဟားဟားဟားဟား... မင်း အားလုံးကို တွက်ချက်ခဲ့ပေမယ့်... မင်းရဲ့ အဆုံးမဲ့လူသားမျိုးနွယ်မှာရှိနေတဲ့ မွေးရာပါ အားနည်းချက်တွေကိုတော့... ထည့်မတွက်ခဲ့မိဘူး "
" ဟိုတုန်းက ငါမင်းလက်ထဲမှာ သနားစရာကောင်းလောက်အောင် ရှုံးနိမ့်ခဲ့ပေမယ့်... ကတိစကားတချို့နဲ့ အကျိုးအမြတ်တချို့ ပေးလိုက်တာနဲ့... အဆုံးမဲ့ကမ္ဘာက အင်အားကြီးပါတယ်ဆိုတဲ့ကောင်တွေ အများကြီး... ငါ့ကို အလုပ်အကျွေးပြုဖို့ လိုလိုလားလား ရှိလာကြတာပဲ! "
" ငါသူတို့ကို ခိုင်းတဲ့ကိစ္စတွေက... ဒီအဆုံးမဲ့ကမ္ဘာက သက်ရှိတွေအတွက် အကျိုးမရှိဘဲ... အန္တရာယ်ဖြစ်စေမယ်ဆိုတာ သိသာနေတာတောင်... သူတို့က ကျေကျေနပ်နပ်ကြီး လုပ်ပေးကြတာလေ! "
" ငါ လက်ဖျားလေးတောင် လှုပ်စရာမလိုခဲ့ဘူး... ငါ့ကို လိုလိုလားလား အလုပ်အကျွေးပြုကြတဲ့ သစ္စာရှိကျေးကျွန်တွေက... မင်းရဲ့အစီအစဉ်ကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ကြပြီ.....
ဒီအဆုံးမဲ့ကမ္ဘာကြီးကို ငါတို့အတွက်... သက်တောင့်သက်သာအရှိဆုံးနဲ့ အန္တရာယ်အကင်းဆုံး မွေးမြူရေးခြံကြီးတစ်ခု ဖြစ်အောင် လုပ်ပေးလိုက်ကြပြီလေ... ဟားဟားဟားဟား! "