အခန်း (၂၀၇-၂၀၈)
Vol. 15 Ch. 207-208
အခန်း (၂၀၇) - ကမ္ဘာလောကကို မကယ်တင်နိုင်တော့ခြင်း၊ အခြေအနေ ပြောင်းပြန်ဖြစ်သွားခြင်း
ရွှယ်ကျန်း၏ ရယ်မောသံသည် နားကွဲလုမတတ်... ကမ္ဘာလောကကြီးတစ်ခုလုံးကြိ ပဲ့တင်ထပ်သွား၏။
လူသားဧကရာဇ်သည် တိတ်ဆိတ်ငြိမ်သက်နေလေ၏။
အကြောင်းမှာ သူသည် ရွှယ်ကျန်း၏စကားများကို မငြင်းဆန်နိုင်သောကြောင့်ပင်။
သူသေဆုံးပြီးနောက်... လူသားမျိုးနွယ်အတွင်း သစ္စာဖောက်များ ပေါ်မလာခဲ့လျှင်... ယခုအချိန်ထိ သူကမ္ဘာလောကအတွက် ချန်ထားခဲ့သော... နေလဧကရာဇ်ကျမ်းစာ တစ်စောင်မျှ မကျန်ရှိတော့သည်မှာ မဖြစ်နိုင်ပေ။
အဆုံးမဲ့လူသားမျိုးနွယ်သည် တကယ်ပင် ကယ်တင်၍ မရနိုင်တော့ပြီလော.....
လူသားဧကရာဇ်ဖြစ်လင့်ကစား သူ၏စိတ်နှလုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ဖြစ်ပေါ်လာရသည်။
သူသည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို စတေးပြီး စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့သည်။
အဆုံးမဲ့ကမ္ဘာ၏ ပထမဆုံး ဧကရာဇ်အဆင့် ကျွမ်းကျင်သူအနေဖြင့်... ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေသို့ မဝင်ရောက်ဘဲ... ထာဝရအုပ်စိုးကာ ရှင်သန်နေထိုင်နိုင်သည်။
သို့သော် သူထိုသို့ မလုပ်ဆောင်ခဲ့ပေ။
အဆုံးမဲ့လူသားမျိုးနွယ်၏ အနာဂတ်အတွက်... အင်မော်တယ်လမ်းစဉ်သို့ ပြတ်သားစွာ တိုးဝင်ကာ... ကန့်လန့်ကာနောက်ကွယ်မှ တရားခံကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ နောက်ဆုံး အသက်ဓာတ်ကုန်ခမ်းသည်အထိ တိုက်ခိုက်ပြီး... ထိုအရာ၏ ခန္ဓာကိုယ်တစ်ဝက်ကိုပင် ရှေးဟောင်းခေါင်းတလားထဲတွင် ချိပ်ပိတ်ခဲ့သည်။
သူ၏ရည်ရွယ်ချက်မှာ မျိုးဆက်သစ်များအတွက်... ဤရက်စက်ကြမ်းကြုတ်သော အမှန်တရားမှ လွတ်မြောက်နိုင်ရန်... မျှော်လင့်ချက်ရောင်ခြည် ပေးစွမ်းရန်ဖြစ်သည်။
ထို့အတွက်ကြောင့်... သူဖန်တီးထားသော ဧကရာဇ်ကျမ်းစာနှစ်စောင်ကို လူသားမျိုးနွယ်အား ပေးအပ်ခဲ့ပြီး... မျိုးဆက်သစ်များအားလုံး နဂါးတစ်ကောင်ကဲ့သို့ ဖြစ်လာစေရန်... သို့မဟုတ် သူ့ထက်ကျော်လွန်သွားရန် မျှော်လင့်ခဲ့သည်။
သို့သော် ရလဒ်မှာ မည်သို့ဖြစ်ခဲ့နည်း။
သူသေဆုံးပြီးနောက်... သစ္စာဖောက်များ အဆုံးမရှိ ပေါ်ထွက်လာပြီး... သူ၏တာအိုလမ်းစဉ်နှင့် သူနှင့်သက်ဆိုင်သော မှတ်တမ်းများကို... ဖျက်ဆီးပစ်ခဲ့ကြသည်။
ဖူမိသားစုပင်လျှင် မကာကွယ်နိုင်ခဲ့ဘဲ... ကမ္ဘာလောက၌ ဖူဝမ်၏သွေးမျိုးဆက်သာ ကျန်ရစ်ခဲ့သည်။
သစ္စာဖောက်များကသာ ဤအရာအားလုံးကို လုပ်ဆောင်နိုင်မည်လော။
လူသားဧကရာဇ်သည် ဖြည်းညင်းစွာ သက်ပြင်းချလိုက်၏။
သစ္စာဖောက်များကို မွေးထုတ်ပေးသော မြေဆီလွှာရှိနေသရွေ့... မကောင်းဆိုးဝါးအသီးအပွင့်များ ပွင့်လန်းလာမည်သာဖြစ်ပြီး... ဖြေရှင်းရန် နည်းလမ်းမှာလည်း မရှိသလောက်ပင်။
" ဒါပေမယ့် ငါနားမလည်တာ တစ်ခုရှိသေးတယ် "
ရွှယ်ကျန်းသည် ကိုယ်ကိုကိုင်းညွတ်ကာ လူသားဧကရာဇ်ကို ကြည့်လိုက်၏။
" ဟိုတုန်းက... မင်းဒီအမှန်တရားကို အဆုံးမဲ့ကမ္ဘာက လူတွေကို ဖွင့်ပြောပြီး... ဒီနေရာကို ဘယ်တော့မှ မလာဖို့ သတိပေးလို့ ရသားပဲ "
" အင်မော်တယ်ဂိတ်တံခါးရဲ့ ဖိနှိပ်မှုကြောင့်... ငါတို့ဒီကနေ မထွက်နိုင်မှန်း မင်းသိတာပဲ... မဟုတ်ဘူးလား "
" အဲ့လိုလုပ်လိုက်ရင် မင်းဂရုစိုက်တဲ့ လူသားတွေ ဘေးကင်းသွားမှာ မဟုတ်ဘူးလား "
ရွှယ်ကျန်းသည် လှည့်ကွက်များသုံး၍... လူသားမျိုးနွယ်မှ ကျွမ်းကျင်သူအချို့ သူ့ဘက်ပါလာအောင် စည်းရုံးနိုင်ခဲ့ပြီး... လူသားဧကရာဇ်၏ အစီအစဉ်များကို ဖြည်းဖြည်းချင်း ဖျက်ဆီးနိုင်ခဲ့သော်လည်း... အချက်တစ်ချက်ကိုမူ နားမလည်ခဲ့ပေ။
လူသားဧကရာဇ်သည် အဘယ်ကြောင့်... အမှန်တရားကို ဖွင့်မပြောခဲ့သနည်း။ အင်မော်တယ်တက်လှမ်းခြင်းကို... မယုံကြည်ကြရန် ပြောလိုက်လျှင်... ကိစ္စပြတ်သည် မဟုတ်ပါလော။
သို့သော် လူသားဧကရာဇ်သည် ထိုသို့ မလုပ်ဆောင်ခဲ့ဘဲ... မျိုးဆက်သစ်များကို မျှော်လင့်ချက်ပေးပြီး... ကိုယ်ပိုင်စွမ်းအားဖြင့် ဤအရာအားလုံးကို ဖြိုလှဲနိုင်ရန်... မျှော်လင့်ခဲ့သည်။ အဘယ်ကြောင့် ဤမျှ ခက်ခဲသော လမ်းကို ရွေးခဲ့သနည်း။
" ငါပြောပြရင်တောင် မင်းနားလည်မှာ မဟုတ်ဘူး "
လူသားဧကရာဇ်သည် မျက်လွှာချထားလျက် ရွှယ်ကျန်းအား ရှင်းပြလိုစိတ် မရှိဟန် ရှိနေသည်။
လူသားမျိုးနွယ်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရဖူးသော ကုချန်သည် စဉ်းစားရန်မလိုဘဲ: လူသားဧကရာဇ်၏ ရည်ရွယ်ချက်ကို သိရှိလိုက်သည်။
အင်မော်တယ်တက်လှမ်းခြင်းသည် လိမ်လည်မှုတစ်ခုဖြစ်သည်။
စဉ်းစားကြည့်ပါ။ အကယ်၍... ထိုအချိန်က လူသားဧကရာဇ်သာ အမှန်တရားကို ထုတ်ပြောခဲ့လျှင်... လူသားမျိုးနွယ်ထဲမှ လူမည်မျှ စိတ်ပျက်အားငယ်ကာ... ကျင့်ကြံခြင်းလမ်းစဉ်ကို စွန့်လွှတ်သွားကြမည်နည်း။
ကျင့်ကြံခြင်းလမ်းစဉ်၏ အန္တိမရည်မှန်းချက်မှာ အင်မော်တယ်ဖြစ်လာရန် မဟုတ်ပါလော။
သို့သော် အမှန်တရားမှာ... ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ပြီးနောက် လမ်းဆုံးသို့ ရောက်သောအခါ... သူတစ်ပါး၏ အစာဖြစ်လာမည်ဆိုသော ရလဒ်ကို... မည်သူလက်ခံနိုင်မည်နည်း။
ထိုရက်စက်သော ရလဒ်သည် လက်ခံနိုင်ဖွယ်မရှိသလို... လူအများကိုပင် ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလက်လျှော့ သွားစေနိုင်သည်။
လူသားဧကရာဇ် မျှော်မှန်းခဲ့သော... လူတိုင်း နဂါးတစ်ကောင်ကဲ့သို့ ဖြစ်လာမည့် ခေတ်ကြီးသည်လည်း... ဘယ်သောအခါမျှ ရောက်လာမည် မဟုတ်ပေ။
ထို့ကြောင့် လူသားဧကရာဇ်သည် အမှန်တရားကို ဖုံးကွယ်ထားပြီး ကမ္ဘာလောကကို မျှော်လင့်ချက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင်... ပို၍အရေးကြီးသော အကြောင်းပြချက်တစ်ခုလည်း... ရှိနေ၏။
သူ၏စကားများသည်... ခေတ်ပြိုင်လူသားများကို ယုံကြည်စေနိုင်သော်လည်း... နောင်လာမည့်မျိုးဆက်များကို ယုံကြည်စေနိုင်ပါမည်လော။
အချိန်ကြာလာသည်နှင့်အမျှ လူသားဧကရာဇ်၏ ဩဇာလွှမ်းမိုးမှုမှာ မှေးမှိန်သွားမည်ဖြစ်သည်။
လူသားဧကရာဇ်၏ စကားများကို မေးခွန်းထုတ်သူများ ပေါ်လာလိမ့်မည်။
အဘယ်ကြောင့် လူသားဧကရာဇ်က အင်မော်တယ်တက်လှမ်းခြင်းကို လိမ်လည်မှုဟု ပြောရသနည်း။
အင်မော်တယ်တက်လှမ်းခြင်းသည် တကယ်ပင် လိမ်လည်မှုလော မဟုတ်လျှင် လူသားဧကရာဇ်က လိမ်လည်နေခြင်းလော။
လူသားဧကရာဇ်သည် ရည်ရွယ်ချက်တစ်ခုခုဖြင့် ပြောခြင်းလော သို့မဟုတ် သူကိုယ်တိုင် အင်မော်တယ်ဖြစ်သွားပြီးနောက် နောင်လာနောက်သားများအတွက် လမ်းကြောင်းပိတ်ပင်လို၍ ပြောခြင်းလော။
အဆုံးမဲ့လူသားမျိုးနွယ်အကြောင်း နက်နက်နဲနဲ နားလည်ထားသော ကုချန်၏အမြင်အရ... ဤသံသယများသည် အချိန်ကြာလာသည်နှင့်အမျှ... လူတိုင်း၏ စိတ်ထဲတွင် ပျံ့နှံ့လာမည်ဖြစ်သည်။
အင်မော်တယ်တက်လှမ်းခြင်းကို မယုံကြည်ရန် မှာကြားခဲ့သော... လူသားဧကရာဇ်၏ သတိပေးချက်ကိုလည်း... လူအများက ပစ်ပယ်လိုက်ကြလိမ့်မည်။
နောက်ဆုံးတွင် လူအများက... လူသားဧကရာဇ်ကို အင်မော်တယ်တက်လှမ်းခြင်းအား တားဆီးသူ... ဗီလိန်တစ်ဦးအဖြစ် သတ်မှတ်လိုက်လျှင်ပင်... ကုချန်အံ့ဩမည် မဟုတ်ပေ။
ကုချန်ကိုယ်တိုင် ဤအရာများကို ကြုံတွေ့ခဲ့ရဖူးသည်။
မကြာသေးမီကပင်... လူသားဧကရာဇ်သည် တားမြစ်နယ်မြေအရှင်သခင်များကို မတားဆီးခဲ့သောကြောင့်... နယ်မြေကြီးငါးခုရှိ လူသားမျိုးနွယ်များက သူ့ကို လူသားမျိုးနွယ်၏ သစ္စာဖောက်အဖြစ်... ကျိန်ဆဲခဲ့ကြသည် မဟုတ်ပါလော။
ဤကဲ့သို့သော ကမ္ဘာ၊ ဤကဲ့သို့သော အမှန်တရားတွင်... လူသားဧကရာဇ်၏ သတိပေးချက်ကို အမြဲအမှတ်ရပြီး... အင်မော်တယ်တက်လှမ်းခြင်းကို ဘယ်သောအခါမျှ မကြိုးစားကြဘဲ နေကြလိမ့်မည်ဟု... မည်သူယုံကြည်မည်နည်း။
" ဟက်... မပြောချင်လဲ နေပါစေတော့ "
လူသားဧကရာဇ်မှ ရှင်းပြရန် ဆန္ဒမရှိသည်ကို မြင်သောအခါ ရွှယ်ကျန်းသည် ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်သည်။
" ဘာပဲဖြစ်ဖြစ် မင်းရဲ့ လူသားမျိုးနွယ်ထဲက ငါ့ဘက်ပါလာတဲ့ကောင်တွေက တော်တော်အသုံးဝင်တယ် "
" သူတို့ရှိနေသရွေ့... ယဇ်ကောင်တွေကို ငါ့ဆီ လိုလိုလားလား ရောက်လာအောင် ဘယ်လိုလိမ်ရမလဲ... စဉ်းစားစရာ မလိုတော့ဘူး "
" အရသာရှိတဲ့ အစားအစာတွေ... ငါ့အိမ်ပေါက်ဝ ရောက်လာမယ့်အချိန်ကို ထိုင်စောင့်နေရုံပဲ... တကယ့်ကို သက်တောင့်သက်သာပဲလေ "
ရွှယ်ကျန်း၏စကားများတွင် သက်တောင့်သက်သာဖြစ်မှုများ ပြည့်နှက်နေသည်။
သို့သော် ကုချန်၏ ယမျက်လုံးများဟာတော့ လှုပ်ရှားသွား၏။
သူ၏စိတ်ထဲတွင် ဝေဝါးသော ခံစားမှုတစ်ခု ပေါ်လာ၏။ ၎င်းမှာ အဆုံးမဲ့ဓားမှ ပေးပို့လိုက်သော ပျော်ရွှင်မှု ခံစားချက်ပင်။
သူ မထွက်ခွာမီ ပေးခဲ့သော တာဝန်ကို အဆုံးမဲ့ဓားက ပြီးမြောက်အောင်မြင်ခဲ့ပုံရသည်။
ဤနေရာသည် အဆုံးမဲ့ကမ္ဘာနှင့် သီးခြားဖြစ်နေသော နေရာဖြစ်သော်လည်း... အဆုံးမဲ့ဓားသည် ကုချန်၏ ဝိညာဉ်လက်နက်ဖြစ်သဖြင့်... အကွာအဝေးများစွာ ခြားနေသော်လည်း ဝေဝါးသော ခံစားချက်များကို ပေးပို့နိုင်စွမ်းရှိသည်။
အဆုံးမဲ့ဓားက တာဝန်ပြီးမြောက်ပြီဆိုသည်မှာ ယွမ်ကျွင်းကို ဖမ်းမိသွားပြီဆိုသည့် သဘောလော။
ကုချန်၏မျက်လုံးများတွင် ကျေနပ်မှုအရိပ်အယောင်များ ပေါ်လာလေသည်။
ယွမ်ကျွင်းကို ဖမ်းမိပြီဆိုလျှင်... ပြန်ရောက်သည့်အခါ.. လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက အဖြစ်မှန်ကို... စစ်ဆေးမေးမြန်းနိုင်တော့မည်။
သို့သော်.. ယွမ်ကျွင်း၏ မကြာသေးမီက အပြုအမူများအရ... ကုချန်တွင် အကြမ်းဖျင်း ခန့်မှန်းချက်များ ရှိပြီးသားဖြစ်သည်။
ယွမ်ကျွင်း၏ နောက်ကွယ်မှ အဖွဲ့အစည်းသည်... ရွှယ်ကျန်းကို အလုပ်အကျွေးပြုနေသော... သစ္စာဖောက်များသာ ဖြစ်ရမည်။
မည်သို့ပင်ဖြစ်စေ... ဟိုတုန်းက သူ့ကို လုပ်ကြံခဲ့သော ကောင်များကို... ကုချန်အလွတ်ပေးမည် မဟုတ်ပေ။
" အသုံးမကျတဲ့ကောင်တွေ "
ရွှယ်ကျန်း၏မျက်နှာထားမှာ ရုတ်ချည်း မှောင်မိုက်သွား၏။ သူသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရသည်။
" ငါခိုင်းလိုက်တဲ့ အလုပ်ကိုတောင်... ပြီးမြောက်အောင် မလုပ်နိုင်ကြဘူး... တကယ်သေသင့်တဲ့ကောင်တွေ "
ထို့နောက် ရွှယ်ကျန်း၏ အမုန်းတရားပြည့်နှက်နေသော အကြည့်များသည် ကုချန်ထံသို့ ရောက်ရှိလာ၏။
" ယဇ်ကောင်ဖြစ်နေပြီးတော့ ကံတရားကို လက်မခံဘဲ... ငါ့အစီအစဉ်ကို ဖျက်ဆီးရဲတယ်ပေါ့... 'သေ' ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးလဲဆိုတာ... မင်းမသိသေးဘူးပဲ! "
ရွှယ်ကျန်း၏ ဒေါသတကြီး အော်ဟစ်သံကြောင့် ယွမ်ကျွင်းကျရှုံးသွားကြောင်း ကုချန်သိလိုက်ရသည်။
သို့သော်... ကုချန်သည် သူ့အား... အခွင့်အရေးပေးမည် မဟုတ်ပေ။ ရွှယ်ကျန်းစကားပြောနေစဉ်မှာပင် ကုချန်သည်... ယင်ကောင်တစ်ကောင်ကို ရိုက်ပုတ်သကဲ့သို့... လက်ဖဝါးကိုမြှောက်ကာ ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်တော့သည်။
အခန်း (၂၀၈) - လုံးဝဥဿုံ ချေမှုန်းခြင်း၊ ခြေတစ်ဖက်တည်းဖြင့် အင်မော်တယ်အား နင်းခြေခြင်းနှင့် အင်အားသုံး၍ ဖိနှိပ်ခြင်း
ရွှယ်ကျန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
သူသည် ကုချန်နှင့် လူသားဧကရာဇ်အား စကားပြောခွင့်ပေးထားရခြင်းမှာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။
ယွမ်ကျွင်း တာဝန်ပြီးမြောက်ကာ... သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို ပြန်လည်ယူဆောင်လာမည်ကို... စောင့်မျှော်နေခြင်း ဖြစ်သည်။ သို့မှသာ သူတို့နှစ်ဦး ပေါင်းစည်းနိုင်ပြီး... အရာအားလုံးကို အေးဆေးစွာ ဖိနှိပ်နိုင်မည် မဟုတ်ပါလော။
သို့သော် မည်သူထင်မှတ်မည်နည်း။ ထိုအသုံးမကျသောကောင်မှာ အမှန်တကယ်ပင် ကျရှုံးသွားခဲ့ချေပြီ။
သူကျရှုံးရသည့် အကြောင်းရင်းမှာလည်း ကုချန်ဟုခေါ်သော ထိုလူသားကြောင့် ဖြစ်ဟန်တူသည်။
သူ၏ ကြီးမားသော စီမံကိန်းကြီး ပျက်စီးသွားရသည့်အတွက်... ရွှယ်ကျန်း မည်သို့လုပ်၍ ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။
သို့သော် သူမျှော်လင့်မထားသည်မှာ.....
သူဒေါသထွက်နေချိန်တွင်... ကုချန်ဆိုသူက ရဲတင်းစွာဖြင့်... သူ့အား စတင်တိုက်ခိုက်ရဲလေသည်။
" ပုရွက်ဆိတ်လို အကောင်စားလေးကများ ဒီအင်မော်တယ်ကို တိုက်ခိုက်ရဲတယ်ပေါ့ "
ရွှယ်ကျန်းသည် အထင်သေးခံရသည်ဟု ခံစားလိုက်ရကာ... ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တချိန်တည်းမှာပင်... ကုချန် ဖိနှိပ်လာသည့်ဘက်သို့... လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။
ယခင်က... အင်မော်တယ်အရှင်အဆင့် တစ်ဝက်သို့ ရောက်ရှိခဲ့ဖူးသော ဖြစ်တည်မှုတစ်ခုအနေဖြင့်... လက်ရှိပုံစံမှာ ဆိုးရွားနေသော်လည်း... ရွှယ်ကျန်းသည် ပုရွက်ဆိတ်တစ်ကောင်ရှေ့တွင်... အားနည်းသောပုံစံကို ပြသမည် မဟုတ်ပေ။
ကုချန်က လက်ဝါးရိုက်ထုတ်လိုက်သလို... သူကလည်း ထိုနည်းအတိုင်းပင် တုံ့ပြန်လိုက်သည်။ ဤအဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်အဆင့်ဆိုသည်နှင့်.... စစ်မှန်သော အင်မော်တယ်တစ်ပါးကြား မည်မျှ ကွာခြားကြောင်းကို... ကုချန်အား နက်ရှိုင်းစွာ သိမြင်စေရန် ဖြစ်သည်။
" ဝုန်း! "
ရွှယ်ကျန်း လက်ဝါးမြှောက်လိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံးပင် အရောင်ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရသည်။
မည်သို့ပင်ဆိုစေကာမူ... သူသည် တစ်ချိန်က... စစ်မှန်သော အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူးသူဖြစ်သည်။ လူသားဧကရာဇ်၏ဖိနှိပ်မှုကို ဆိုးရွားစွာ ခံခဲ့ရသော်လည်း... သူ၏ ဂုဏ်ဒြပ်မှာ တည်ရှိနေဆဲပင်။
ထို့အပြင်... နှစ်ပေါင်းသောင်းချီကြာ ယဇ်ကောင်များစွာကို စားသုံးခဲ့ပြီးဖြစ်ရာ... အထွတ်အထိပ်အခြေအနေသို့ ပြန်မရောက်သေးသော်လည်း... ဤအောက်ဘုံမှ ပုရွက်ဆိတ်များနှင့် နှိုင်းယှဉ်၍ ရနိုင်သည် မဟုတ်ပေ။
မဟုတ်သေးပေ... သူ့အား ဤအောက်ဘုံမှ ပုရွက်ဆိတ်များနှင့် နှိုင်းယှဉ်ခြင်းက... သူ့ကို စော်ကားခြင်း သက်သက်သာ ဖြစ်သည်။
ရွှယ်ကျန်းသည် မထီမဲ့မြင် ပြုံးရယ်လိုက်၏။
အတိတ်က လူသားဧကရာဇ်သည် ထူးခြားသောကြောင့် သူ့အား ဤအခြေအနေရောက်အောင် ဖိအားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု သူ့အတွက် အစာတစ်နပ်သာ ဖြစ်လာမည့်ကောင်သည် သူ့အား မလေးမစား လုပ်ရဲသည်လော။
သေလမ်းရှာနေခြင်းသာ ဖြစ်၏။
ကောင်းကင်နှင့် မြေကြီး ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်တို့ အရောင်ပြောင်းသွားကြသည်။
ကုချန်နှင့် ရွှယ်ကျန်းတို့ ရိုက်ထုတ်လိုက်သော လက်ဝါးနှစ်ဖက်သည်... ကောင်းကင်ပြိုကျလာသကဲ့သို့ ကောင်းကင်တစ်ဝက်စီတွင် နေရာယူကာ... ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ထိုခဏတွင်... ရွှယ်ကျန်း၏ မထီမဲ့မြင် ပြုံးနေသော မျက်နှာထားသည်... မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားသော အမူအရာအဖြစ်သို့... ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
လက်ဝါးချင်း ထိပ်တိုက်တွေ့သည့် ခဏတွင်... တွေးဆ၍မရနိုင်သော ကြီးမားလှသည့် စွမ်းအားတစ်ခု... ချက်ချင်း ပေါက်ကွဲထွက်လာ၏။
သို့သော် ရှုံးနိမ့်သွားသူမှာ ကုချန်မဟုတ်ဘဲ ရွှယ်ကျန်း ဖြစ်နေလေသည်။
ကုချန်၏ လက်ဝါးမှ ထွက်ပေါ်လာသော စွမ်းအားသည်... ရေများစီးဆင်းကြလာသကဲ့သို့ ရွှယ်ကျန်း၏ စွမ်းအားများကို... ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
" ဖြောင်း! "
ကျယ်လောင်သော ရိုက်ချက်သံတစ်ခု ထွက်ပေါ်လာပြီး... ရွှယ်ကျန်း၏ ကျန်ရှိနေသော မျက်နှာတစ်ခြမ်းကို... ပြင်းထန်စွာ ရိုက်ခတ်သွားရာ... လတ်ဆတ်သော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရပြီး... ထိုကြီးမားသော အားအင်ကြောင့်ပင်... ပလ္လင်ထက်မှ လွင့်စင်လုနီးပါး ဖြစ်သွားရသည်။
သို့သော် မျက်နှာပေါ်မှ ဒဏ်ရာထက်... ရွှယ်ကျန်းကို ပို၍ မယုံကြည်နိုင်ဖြစ်စေသည်မှာ... ဤတိုက်ခိုက်မှုတွင် သူသည် ကုချန်၏ အနိုင်ကျင့်ခြင်းကို... ခံလိုက်ရခြင်းပင် ဖြစ်သည်။
သူက အောက်ဘုံမှ ပုရွက်ဆိတ်တစ်ကောင်ကို မနိုင်ဘူးတဲ့လား။
" မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး "
ရွှယ်ကျန်းသည် ဖြစ်ပျက်သမျှကို မယုံကြည်နိုင်စွာ ရေရွတ်မိလိုက်သည်။
ယခင်က လူသားဧကရာဇ်သည် သူ့အား ယှဉ်ပြိုင်နိုင်သည်မှာ ထားပါ... ယခု နောက်ထပ် ထိုကဲ့သို့ ဖြစ်တည်မှုမျိုး ပေါ်လာပြန်ပြီလော.....
" စကြဝဠာ လည်ပတ်စေ... ကောင်းကင်ဘုံ ပြောင်းလဲစေ... ဖိနှိပ်စမ်း! "
ရွှယ်ကျန်းသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး... လက်ဝါးတစ်ဖက်ဖြင့် ဆက်တိုက် ရိုက်ထုတ်ကာ... အဆုံးမဲ့ တာအိုဂါထာများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ကောင်းကင်ယံထက်၌ ရတနာစက်ဝန်းကြီးတစ်ခု... ပေါ်လာခဲ့လေသည်။
ထိုရတနာစက်ဝန်းကြီးသည်... အဆုံးမဲ့ တာအိုချည်မျှင်များဖြင့် ဖွဲ့စည်း လည်ပတ်နေသည်နှင့်အမျှ... ကောင်းကင်ဘုံရှိ ကမ္ဘာအသီးသီး၏ လည်ပတ်ခြင်းနှင့် ပျက်စီးခြင်း ပုံရိပ် အစီအရင်များ ပေါ်ထွက်နေကာ... အတိုင်းအဆမဲ့ ကြောက်မက်ဖွယ် ကောင်းလွန်းနေလေသည်။
ထို့နောက်... ထိုရတနာစက်ဝန်းကြီးသည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့်... ပို၍မြင့်သော နေရာတွင် ရပ်နေသည့်... ကုချန်ထံသို့ ပြင်းထန်စွာ ဝင်ဆောင့်လေတော့သည်။
စွမ်းအားချင်း သက်သက် ယှဉ်ပြိုင်မှုတွင်... မယှဉ်နိုင်ကြောင်း သိလိုက်ရပြီးနောက် ရွှယ်ကျန်းသည်... သူ၏ စစ်မှန်သော အင်မော်တယ်ဘုန်းတန်ခိုးကို စတင်ထုတ်ဖော်ကာ... သူတို့ကြားရှိ တာအိုအဆင့် ကွာခြားချက်ဖြင့်... ကုချန်အား ချေမှုန်းရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။
သို့သော်... ရွှယ်ကျန်း၏ နည်းလမ်းများကို ရင်ဆိုင်ရာတွင်... ကုချန်၏မျက်နှာထားမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး... မျက်ဝန်းနက်များထဲတွင်လည်း စိတ်ပျက်မှု အရိပ်အယောင်များသာ ရှိနေခဲ့သည်။
" ဒါက စစ်မှန်တဲ့ အင်မော်တယ်တစ်ပါးရဲ့ နည်းလမ်းလား... ငါကိုယ်တော်ကို စိတ်ပျက်စေတာပဲ "
ဤသည်မှာ ကုချန်အတွက်... စစ်မှန်သော အင်မော်တယ်တစ်ပါးနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်ပြီး... ရွှယ်ကျန်းအနေဖြင့် သူ့အား 'အံ့အားသင့်မှု' တစ်စုံတစ်ရာ ပေးနိုင်မည်ဟု ထင်ခဲ့သော်လည်း... ရလဒ်မှာ သူ့အား စိတ်ပျက်စေခဲ့သည်။
သူ့အမြင်တွင် ရွှယ်ကျန်း၏ နည်းလမ်းသည် ထူးခြားမှု မရှိပေ။ မူလစွမ်းအားအရ... ကောင်းကင်ဘုံအရှင်အဆင့်ထက် အဆင့်တစ်ဆင့် သာလွန်ရုံမျှသာ ဖြစ်ပြီး... ကုချန်၏ မျက်လုံးများကို အရောင်တောက်လာစေမည့်အရာ မရှိပေ။
ကုချန်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း... သူယခု ကျင့်ကြံနေသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းခေါင်းတလားမှ ရရှိခဲ့သည့်... အထွတ်အထိပ်နည်းလမ်းဖြစ်သော 'ကောင်းကင်ဘုံအလုံးစုံ၏ စစ်မှန်သော နားလည်ခြင်း' ကျမ်းစာဖြစ်ကြောင်း... သူ မေ့လျော့နေခဲ့သည်။
ကောင်းကင်ဘုံအလုံးစုံ၏ စစ်မှန်သော နားလည်ခြင်း' ကျမ်းစာ၏ ရှေ့မှောက်တွင်... စစ်မှန်သော အင်မော်တယ်တစ်ပါးကို မဆိုထားနှင့်... အင်မော်တယ်နယ်မြေမှ ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်များသည်ပင်... ပုရွက်ဆိတ်ကဲ့သို့ သေးငယ်နေပေလိမ့်မည်။
သူသည် ကောင်းကင်ဘုံအလုံးစုံ၏ စစ်မှန်သော နားလည်ခြင်း' ကျမ်းစာကို ကျင့်ကြံထားပြီး... အပိုင်းအစတစ်ခုသာ ဖြစ်လင့်ကစား... ကောင်းကင်ဘုံ၏မူလဇစ်မြစ် လျှို့ဝှက်ချက်များကို... တစေ့တစောင်း သိမြင်ရန် လုံလောက်ပေသည်။
သာမန် စစ်မှန်သော အင်မော်တယ် နည်းလမ်းတစ်ခုကို သူ အဘယ်မှာ အထင်ကြီးနိုင်ပါတော့မည်နည်း။
ကုချန်သည် ခေါင်းအနည်းငယ် ခါလိုက်သော်လည်း.. သူ၏လှုပ်ရှားမှုများမှာ ရပ်တန့်မသွားပေ။
ကောင်းကင်ဘုံ၏ ဖန်ဆင်းခြင်းနှင့် ပျက်စီးခြင်းတို့ ရေးထိုးထားသကဲ့သို့ ရှိသော... ထိုရတနာစက်ဝန်းကြီး သူ့ထံသို့ ဝင်ဆောင့်လာသောအခါ... ကုချန်၏မျက်လုံးများသည် အနည်းငယ် မှေးစင်းကျသွား၏။ သူသည် မည်သည့် နက်နဲသော နည်းလမ်းကိုမျှ မသုံး... ကမ္ဘာကို တုန်လှုပ်စေသော နည်းစနစ်များကိုလည်း မသုံးဘဲ... ခြေထောက်တစ်ဖက်ကို မြှောက်ကာ ထိုကောင်းကင်ဘုံ ရတနာစက်ဝန်းကြီး အပေါ်သို့... ပြင်းထန်စွာ နင်းချလိုက်တော့သည်။
" မောက်မာလိုက်တာ "
ကုချန်၏လုပ်ရပ်ကို မြင်သောအခါ ရွှယ်ကျန်းသည် ဒေါသထွက်လွန်း၍ ရယ်မောမိသည်အထိ ဖြစ်သွားသည်။
နက်နဲသော နည်းလမ်းများ မသုံး... ဘုန်းတန်ခိုးများကို မသုံးဘဲ... သူ့အား ရုပ်ပိုင်းဆိုင်ရာ အင်အားသက်သက်ဖြင့် တိုက်ခိုက်ရန်... ရွေးချယ်လိုက်သည်လော။
ဤအောက်ဘုံမှ ပုရွက်ဆိတ်သည် အလွန်ပင် မောက်မာလွန်းနေပြီ။
" ဒီအင်မော်တယ်ရဲ့ ရှေ့မှာ မောက်မာရဲတယ်ပေါ့... မင်း သေချာပေါက် ပေးဆပ်ရလိမ့်မယ် "
ရွှယ်ကျန်း၏အကြည့်များမှာ အေးစက်နေပြီး... ကုချန်၏ခြေထောက်ကို ထိုကောင်းကင်ဘုံ ရတနာစက်ဝန်းကြီး၏ ရိုက်ခတ်မှုကြောင့်... ဖုန်မှုန့်အဖြစ် ကြေမွသွားမည့် မြင်ကွင်းကို... ကြိုတင်မြင်ယောင်နေသကဲ့သို့ ရှိသည်။
သို့သော် နောက်တစ်ခဏတွင်... သူ၏အမြင်များကို လုံးဝ ပြောင်းလဲသွားစေမည့်... မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကုချန်သည် ရိုးရှင်းသော ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံသာ ဖြစ်သော်လည်း... အဆုံးမဲ့ တာအိုချည်မျှင်များဖြင့် ပြည့်နှက်နေသော ထိုကောင်းကင်ဘုံ ရတနာစက်ဝန်းကြီးသည်... နင်းချလိုက်သော ထိုခြေတစ်ဖက်၏စွမ်းအားကို မခံနိုင်သည့်အလား... အက်ကြောင်းများ နေရာအနှံ့ ပေါ်လာပြီးနောက်... ချက်ချင်းပင် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။
ထိုမျှသာမက ကုချန်၏ခြေထောက်သည် အရှိန်မသေဘဲ... တားဆီးမရနိုင်သော အားအင်များ သယ်ဆောင်လျက်... သူ့ထံသို့ ပြင်းထန်စွာ ဆက်လက် နင်းချလာခဲ့လေသည်။
" ဝုန်း! "
ကုချန်သည် ခြေထောက်တစ်ဖက်တည်းဖြင့်သာ နင်းချလိုက်၏။
ရွှယ်ကျန်း၏ ခန္ဓာကိုယ်တစ်ဝက်သည် ချက်ချင်းပင် ကန်ထုတ်ခံလိုက်ရပြီး... အင်မော်တယ်နယ်မြေ၏ အဆုံးသို့... လွင့်စင်ကျသွားတော့သည်။
ယခုအချိန်တွင် ရွှယ်ကျန်း၏ အခြေအနေကို ကြည့်လိုက်လျှင် အလွန်အမင်း စုတ်ပြတ်သတ်နေချေပြီ။
သူ၏ခန္ဓာကိုယ်တစ်ဝက်မှ သွေးများဟာ စမ်းချောင်းသဖွယ် ပန်းထွက်နေပြီး... သူ၏ချီစွမ်းအင်သည်ပင် စောစောကနှင့် ယှဉ်လျှင်... အဆင့်တစ်ခုမက ကျဆင်းသွားခဲ့လေပြီ ဖြစ်သည်။
" မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး..... "
ရွှယ်ကျန်းသည် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော လေသံဖြင့် မသိစိတ်မှ ရေရွတ်လိုက်မိသည်။
လူသားဧကရာဇ်၏ လက်ချက်ကြောင့်... အင်မော်တယ် ခန္ဓာကိုယ်တစ်ဝက်အထိ လျှော့ချခံလိုက်ရပြီးနောက်... အတိတ်ကကဲ့သို့ အထွတ်အထိပ် မရောက်တော့သော်လည်း... နှစ်ပေါင်း တစ်သန်းကျော် ပြန်လည်ကုစားခြင်းနှင့် အစာစားခြင်းများ ပြုလုပ်ပြီးနောက်... သူ၏ အင်အားသည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီး... သာမန် စစ်မှန်သော အင်မော်တယ်တစ်ပါးထက်ပင် သာလွန်နေသေးသည်။
သို့သော် ယခု ကုချန်နှင့်ရင်ဆိုင်ရာတွင်... အင်မော်တယ်နည်းလမ်းများကို ထုတ်သုံးလိုက်သည့်တိုင်... ပြိုင်ဘက် မဖြစ်နိုင်သေးဘူးလော။
ထို့အပြင်... တစ်ဖက်လူသည် မည်သည့် အင်မော်တယ်နည်းလမ်းကိုမျှ မသုံးဘဲ... ရိုးရှင်းသော ကာယခွန်အား သက်သက်ဖြင့်... သူ့အား ဖိနှိပ်သွားခဲ့လေသည်။
ဤလူက အတိတ်က လူသားဧကရာဇ်နှင့် ယှဉ်နိုင်သည်လော။
မဟုတ်သေးပေ... ယခင်က လူသားဧကရာဇ်သည်ပင် သူ့အား... ဤမျှ စိတ်ပျက်အားငယ်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
ဤလူက လူသားဧကရာဇ်ထက်ပင် အဆပေါင်းများစွာ သာလွန်နေ၏။
ကောင်းကင်ဘုံကိုးခုအထက်တွင် ရပ်တန့်နေသော... တည်ငြိမ်၍ ခန့်မှန်းရခက်သည့် ကုချန်ကို မော့ကြည့်ရင်း... ရွှယ်ကျန်း၏ရင်ထဲတွင် အဆုံးမဲ့သော တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများကို... ခံစားလိုက်ရလေတော့သည်။