အခန်း (၂၀၉-၂၁၀)
Vol. 15 Ch. 209-210
အခန်း (၂၀၉) - အထွတ်အထိပ်ဆေးဝါး၊ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိခြင်းနှင့် လက်ဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်ခြင်း
သေးငယ်သော ဤအောက်ဘုံတွင် ဤကဲ့သို့သော ပါရမီရှင်မျိုး နှစ်ကြိမ်ဆက်တိုက် မည်သို့ ပေါ်ထွက်လာနိုင်ရသနည်း။
ရွှယ်ကျန်း နားမလည်နိုင်သလို လက်လည်းမခံနိုင်ပေ။
သူတစ်ဦးတည်းသာ မဟုတ်ပေ... ကုချန်၏ အင်အားကို ခန့်မှန်းတွက်ချက်ပြီးသားဖြစ်သော ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည်ပင်... ဤအချိန်၌ လုံးဝဥဿုံ တုန်လှုပ်သွားရသည်။
ဤကာလအတွင်း သူသည် ကုချင်းရွဲ့၏ နောက်သို့ လိုက်ပါခဲ့ပြီး... အဆုံးမဲ့ကမ္ဘာတွင် ကုချန်ကြုံတွေ့ခဲ့ရသမျှကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသဖြင့်... ဤကုမိသားစုဘိုးဘေးသည် မည်မျှ ခန့်မှန်းရခက်သော ဖြစ်တည်မှုမျိုး ဖြစ်ကြောင်းကို... သဘာဝကျစွာပင် သိရှိထားသည်။
သို့သော်... ကုချန်သည် ဤမျှလောက်အထိ စွမ်းအားကြီးမားလိမ့်မည်ဟု... သူ မည်သည့်အခါမျှ မျှော်လင့်မထားခဲ့မိပေ။
" ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခုက စစ်မှန်တဲ့ အင်မော်တယ်ကို ယှဉ်ပြိုင်နိုင်တယ်... အထွတ်အထိပ်ရောက်ရင် စစ်မှန်တဲ့ အင်မော်တယ်ကို ဖိနှိပ်နိုင်တယ်ဆိုပေမယ့်... ချင်းရွဲ့ရဲ့ ဘိုးဘေးကတော့..... "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ တုန်လှုပ်သွားရသည်။
အဘယ်ကြောင့်ဆိုသော်... ရွှယ်ကျန်းနှင့် တိုက်ခိုက်ရာတွင် ကုချန်သည်... အလွန်အမင်း သက်တောင့်သက်သာ ရှိလွန်းနေသောကြောင့် ဖြစ်သည်။ သူသည် ရွှယ်ကျန်းအား မြေပြင်ပေါ်သို့ အလွယ်တကူပင် ဖိနှိပ်ထားလိုက်လေ၏။
ရွှယ်ကျန်းသည် ယခင်ကဲ့သို့ အထွတ်အထိပ်အခြေအနေတွင် မရှိတော့သော်လည်း... သူသည် အတိတ်က သာမန် စစ်မှန်သော အင်မော်တယ်တစ်ပါး မဟုတ်ခဲ့ဘဲ... စစ်မှန်သော အင်မော်တယ်အရှင်အဆင့်... တစ်ဝက်သို့ ရောက်ရှိထားသူ ဖြစ်သည်။
သူ၏လက်ရှိအင်အားသည်လည်း သာမန် စစ်မှန်သော အင်မော်တယ်များထက် သာလွန်နေသေးသည်။
သို့သော် ယခုတွင်... ကုချန်သည် မည်သည့် တာအိုကိုမျှ မသုံးဘဲ... ရုပ်ပိုင်းဆိုင်ရာ အင်အားသက်သက်ဖြင့်သာ... သူ့အား ဖိနှိပ်လိုက်သည်လော။
အကယ်၍ ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ကိုယ်တိုင် မျက်ဝါးထင်ထင် မမြင်တွေ့ခဲ့ရပါက ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
" ခွန်ဧကရာဇ်... မင်း ဒီလောက် တည်ငြိမ်နေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး... မဆန်းပါဘူး..... "
ရွှယ်ကျန်းသည် ရုန်းကန်၍ထလိုက်ပြီး ခွန်ဧကရာဇ်အား အာဃာတများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူ၏အကြံအစည် ကျရှုံးသွားသည်ကို သိလျက်နှင့်... ခွန်ဧကရာဇ်က အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေသနည်း... ထိတ်လန့်ခြင်း အလျဉ်းမရှိသနည်း ဟူသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ့တွင် ဤကဲ့သို့သော အားကိုးရာ ရှိနေခဲ့ခြင်း ဖြစ်သည်။
" တောက်... တောက်..... "
ရွှယ်ကျန်း၏ဒဏ်ရာမှ သွေးများ ဆက်တိုက် ပန်းထွက်လာပြီး... မြေပြင်ပေါ်သို့ ကျကာ ပိုင်နက်တစ်ခုလုံးကို နီရဲသွားစေသည်။
ရွှယ်ကျန်းသည် ခြေထောက်အောက်ရှိ နီရဲနေသော အရောင်ကို ငုံ့ကြည့်လိုက်ပြီး... တုန်လှုပ်နေသော မျက်နှာထားသည်... လျစ်လျူရှုသော အမူအရာအဖြစ်သို့ ပြန်ပြောင်းသွား၏။
သူသည် ကုချန်ကို မော့ကြည့်ကာ အေးစက်စွာ တီးတိုးပြောလိုက်သည်။
" ငါ့သွေးတွေက အလကား သွန်းလောင်းခံရမယ် ထင်နေလား "
" ငါ့ကို ဒီအခြေအနေထိရောက်အောင် တွန်းပို့တဲ့အတွက် မင်း ပေးဆပ်ရမယ် "
" ပွင့်စမ်း "
ရွှယ်ကျန်း ဟိန်းဟောက်လိုက်သည်နှင့်... သူ၏ ရင်ဘတ်မှ အတိုင်းအဆမဲ့သော အလင်းရောင်များ... ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ နေမင်းကဲ့သို့ တောက်ပသော အလင်းအစုအဝေးများသည်... သူ၏ရင်ဘတ်တွင် လင်းလက်လာပြီး... မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
သေချာကြည့်လိုက်ပါက ထိုအလင်းအစုအဝေးများသည် ဘာများနည်း။
၎င်းတို့မှာ ရွှယ်ကျန်း၏ ခန္ဓာကိုယ်အတွင်း... လှောင်အိမ်များ၌ ချိတ်ပိတ်ခံထားရပြီး... ထုံထိုင်းသော အမူအရာများ ဖြစ်နေသည့်... ပုံရိပ်ယောင်များ ဖြစ်နေသည်မှာ ထင်ရှားလှသည်။
ထိုကဲ့သို့သော အလင်းအစုအဝေးပေါင်း ဒါဇင်နှင့်ချီ ရှိနေသည်။
ထိုပုံရိပ်များထဲတွင် ကုချန်သည် 'အသိမိတ်ဆွေ' တစ်ဦးကိုပင် တွေ့လိုက်ရသည်။
၎င်းမှာ ယခင်က ဧကရာဇ်လက်နက်ကို သုံး၍ သူ့အား တားဆီးခဲ့ဖူးသော... ဧကရာဇ်လက်နက် ကြေမွသွားပြီးနောက်... စောစီးစွာ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားခဲ့ရသည့်... တားမြစ်နယ်မြေမှ ရှေးဟောင်း ခွန်ဧကရာဇ်ပင် ဖြစ်သည်။
ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းကျော်အတွင်း ရွှယ်ကျန်း စားသုံးခဲ့တဲ့ အဆုံးမဲ့ကမ္ဘာက ဧကရာဇ်အဆင့် ဖြစ်တည်မှုတွေလား။
ရွှယ်ကျန်း၏ ရင်ဘတ်ပေါ်တွင် ပေါ်လာသော ထူထပ်သည့် အလင်းအစုအဝေးများကို ကြည့်ရင်း ကုချန် သဘောပေါက်သွားသည်။
အချို့သော အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်အဆင့် ဖြစ်တည်မှုများသည်.. ရွှယ်ကျန်း၏ စားသုံးခြင်းနှင့် သန့်စင်ခြင်းကို ခံခဲ့ရပြီး... သူ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဤအလင်းအစုအဝေးများထဲရှိ ဧကရာဇ်အဆင့် ဖြစ်တည်မှုများမှာမူ... ခုခံလိုစိတ်များအား ရွှယ်ကျန်းက ဖျက်ဆီးပစ်လိုက်ပြီးဖြစ်ရာ... သန့်စင်သော စွမ်းအားသက်သက်သာ ကျန်ရှိတော့သည်။ ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ခံထားရကာ... ဖြည်းဖြည်းချင်း စုပ်ယူသန့်စင်ခံရမည့်... အထွတ်အထိပ် အင်မော်တယ်ဆေးဝါးကဲ့သို့ ဖြစ်နေကြသည်။
" အစက ဒီဆေးဝါးကြီးတွေကို အကောင်းမွန်ဆုံးနည်းလမ်းနဲ့ စုပ်ယူဖို့ ရည်ရွယ်ထားတာ... ဒါပေမယ့် ဒီနေ့ မင်းက သေလမ်းရှာနေမှတော့... ဆေးစွမ်းအား တချို့ ဆုံးရှုံးရရင်တောင် မင်းကို ဒီနေရာမှာပဲ သတ်ပစ်မယ် "
ရွှယ်ကျန်း၏အသံမှာ အေးစက်၍ ရက်စက်ကြမ်းကြုတ်နေသည်။
သူသည် ကုချန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး... ရုတ်တရက် ပါးစပ်ကို ဟလိုက်၏။ ရင်ဘတ်ပေါ်ရှိ ထူထပ်သော အလင်းအစုအဝေးများသည် အလုအယက် ခုန်တက်လာကြပြီး... သူ၏ ဦးခေါင်းနှင့် ခြေလက်အင်္ဂါ အရိုးများထဲသို့... အပြိုင်အဆိုင် ဝင်ရောက်သွားကြသည်။
" ဝုန်း! "
ဤအချိန်တွင်... ရွှယ်ကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော အရောင်အဝါများ ပေါက်ကွဲထွက်လာပြီး... အင်မော်တယ်ချီများ လှိုင်းထန်လာကာ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း... လျင်မြန်စွာ တိုးတက်လာ၏။
ပျောက်ဆုံးနေသော သူ၏ အင်မော်တယ်ခန္ဓာကိုယ်တစ်ဝက်သည်ပင် ဤအချိန်၌ ပြန်လည် ကြီးထွားလာပြီး ဖြည်းဖြည်းချင်း ပြန်ကောင်းလာလေသည်။
ဘာမှမရှိရာမှ ပြန်လည် ဖြစ်ပေါ်လာသော အင်မော်တယ်ခန္ဓာကိုယ်တစ်ဝက်ကို ကြည့်ရင်း ရွှယ်ကျန်း၏ မျက်ဝန်းနက်များထဲတွင် နှမြောတသဖြစ်ရသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
သူသည် 'ဆေးဝါးကြီး' မြောက်မြားစွာကို ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ထားပြီး အချိန်အကြာကြီး မသန့်စင်ရသည့် အကြောင်းရင်းများ ရှိသည်။
တဖက်တွင် ဤဆေးဝါးကြီးများ၏ အာနိသင်ကို ပြီးပြည့်စုံစွာ သန့်စင်လိုသောကြောင့် ဖြစ်သည်။
ပို၍ အရေးကြီးသော အကြောင်းရင်းမှာ... ဤဆေးဝါးကြီးများကို မသန့်စင်မီ ...သူ၏ အခြား အင်မော်တယ်ခန္ဓာကိုယ်တစ်ဝက်ကို ရှာတွေ့ရန်... မျှော်လင့်ထားသောကြောင့် ဖြစ်သည်။
အကယ်၍ သူ၏ ကျန်ခန္ဓာကိုယ် တစ်ဝက်အား ပြန်ရလာပါက... ဤနှစ်ပေါင်း တစ်သန်းကျော် စုဆောင်းထားသော ဆေးဝါးကြီးများအားလုံးကို... ထို ခန္ဓာကိုယ်တစ်ဝက်အား ပြန်လည်ပြုပြင်ရာတွင် ခွဲဝေသုံးစွဲရမည့်အစား... သူ၏ ကိုယ်ပိုင်တိုးတက်မှုအတွက် အသုံးပြုနိုင်မည် ဖြစ်သည်။
သို့သော်... ယခုတွင် ကုချန်၏ ဖိအားပေးမှုကြောင့်... မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ရောက်နေပြီး အခြားရွေးချယ်စရာ မရှိတော့သဖြင့်... ဤနှစ်ပေါင်း တစ်သန်းကျော် စုဆောင်းထားသော စွမ်းအားအားလုံးကို... စားသုံးသန့်စင်ရန်သာ ရွေးချယ်လိုက်ရတော့သည်။
" မင်းက ငါ့ရဲ့ နှစ်ပေါင်း တစ်သန်းနီးပါး... ကြိုးပမ်းအားထုတ်မှုကို အလဟဿ ဖြစ်စေခဲ့တယ်... မင်းကို သွေးနဲ့ရင်းပြီး ပြန်ပေးဆပ်စေရမယ် "
ရွှယ်ကျန်း၏ လေသံမှာ ရက်စက်ကြမ်းကြုတ်နေပြီး ကုချန်အား သူ၏ အကြီးမားဆုံး ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
အကယ်၍ ကုချန်သာ မရှိပါက... ခွန်ဧကရာဇ် တစ်ယောက်တည်းသာ ရှိမည်ဆိုလျှင်... သူသည် အခြား အင်မော်တယ်ခန္ဓာကိုယ်တစ်ဝက်ကို အေးဆေးစွာ ရှာဖွေနိုင်ပြီး... မူလခန္ဓာနှင့် ပေါင်းစည်းကာ ဤအထွတ်အထိပ်ဖြစ်တည်မှုများ၏ စွမ်းအားကို... ဖြည်းဖြည်းချင်း သန့်စင်နိုင်မည် ဖြစ်သည်။
သို့သော် ယခု ဤအရာအားလုံးကို ကုချန်က ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
ကုချန် သေကိုသေရမည်။
ရွှယ်ကျန်းသည် ဟိန်းဟောက်လျက် ကောင်းကင်သို့ ပျံတက်သွားလေ၏။
သူ၏ ဟိန်းဟောက်သံကြောင့် ကြယ်တာရာများအားလုံး ကြေမွပြီး ဖုန်မှုန့်များ ဖြစ်သွားကြသည်။
မိုင်ပေါင်း သန်းချီကျယ်ဝန်းသော ကောင်းကင်ကြီးသည်ပင် ချက်ချင်း ပြိုကျပျက်စီးတော့မည့်အလား မရပ်မနား တုန်ခါနေ၏။
ဤအချိန်တွင် သူသည်... သူ၏ ယခင် အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ ရှိပြီး... ဟိန်းဟောက်သံဖြင့် ကောင်းကင်ကို ခွဲခြားကာ... အတိတ်က ပြိုင်ဘက်ကင်း အင်မော်တယ်အရှင် တစ်ဝက်အဖြစ်သို့... စစ်မှန်စွာ ပြန်လည်ရောက်ရှိသွားလေတော့သည်။
" သေစမ်း "
ရွှယ်ကျန်းသည် ကောင်းကင်ဘုံကိုးဆင့်၏ အထွတ်အထိပ်တွင်... မောက်မာစွာ ရပ်လျက် ကုချန်ကို ငုံ့ကြည့်ကာ... အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် ခြေထောက်ကို မြှောက်ကာ... ကုချန်ရှိရာသို့ နင်းချလိုက်လေတော့သည်။
သူသည် သူ၏ကိုယ်ပိုင် တာအိုကို အသုံးပြုကာ... ကုချန်က သူ့အား စောစောက ပြုမူခဲ့သည့်အတိုင်း... ပြန်လည် ဆက်ဆံနေခြင်း ဖြစ်သည်။ ကုချန် ပေးခဲ့သော အရှက်တရားကို... ထိုနည်းလမ်းအတိုင်း အဆတစ်ရာ၊ အဆတစ်ထောင်... ပြန်ပေးနေခြင်း ဖြစ်သည်။
" ဝုန်း! "
ရွှယ်ကျန်း၏ ခြေထောက် ကျဆင်းလာသည်နှင့် ကမ္ဘာကြီးမှာလည်း အရောင်ပြောင်းသွား၏။
မိုင်ပေါင်း သန်းချီသော ကောင်းကင်ကြီးသည် ချက်ချင်း ပြိုကျသွားပြီး... ကမ္ဘာကြီးကို ချေမှုန်းပစ်နိုင်မည့်အလား ထင်ရသော... ထိုခြေထောက်ကြီးတစ်ခုသာ ကျန်ရှိတော့ကာ... ပြိုကျလာသော ကောင်းကင်တိုင်ကြီးသဖွယ်... တားဆီးမရနိုင်အောင် ကျဆင်းလာလေသည်။
သို့သော်... ရွှယ်ကျန်း အထွတ်အထိပ်သို့ ပြန်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည့်တိုင်... ကုချန်၏ မျက်နှာထားမှာ လျစ်လျူရှုထားသည့်ပုံစံအတိုင်းပင် ရှိနေသေးသည်။
သူသည် ကောင်းကင်ဘုံကိုးဆင့်မှ... ကျဆင်းလာသော ခြေထောက်ကြီးကို ရေကန်အလား... တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်ကာ... လျစ်လျူရှုစွာ ပြောလိုက်သည်။
" ငါ့ကို သေစေချင်တာလား... မင်းမှာ အရည်အချင်း မရှိသေးဘူး... ဆင်းခဲ့စမ်း "
ပြိုင်ဘက်ကင်း ရွှယ်ကျန်းကို ရင်ဆိုင်ရာတွင်... ကုချန်၏နည်းလမ်းသည် ယခင်နှင့် မခြားနားပေ။ သူသည် ဘုန်းတန်ခိုးများကို မသုံး... သိမ်မွေ့သော နည်းလမ်းများကို မသုံးဘဲ... အင်အားသက်သက်ဖြင့် ဖိနှိပ်ကာ... လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြန်သည်။
" မောက်မာလိုက်တာ "
ကုချန်၏ လုပ်ရပ်ကို မြင်သောအခါ ရွှယ်ကျန်းသည် လွန်စွာ ဒေါသထွက်သွား၏။
အထွတ်အထိပ်သို့ ပြန်ရောက်လာသော သူ့ကို ဤကဲ့သို့သော နည်းလမ်းဖြင့် ဆက်ဆံရဲခြင်းမှာ အမှန်တကယ် သေလမ်းရှာနေခြင်းပင်။
သူသည် မထီမဲ့မြင် ပြုံးလိုက်ပြီး... ဤခြေတစ်ဖက် ကျဆင်းသွားသည်နှင့်... ကုချန်အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့... လုံးဝဥဿုံ ချေမှုန်းပစ်ရန် စောင့်ဆိုင်းနေလိုက်သည်။
သို့သော် နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းမှာ သူ့အား ချက်ချင်းပင် နှုတ်ဆိတ်သွားစေခဲ့သည်။
ကုချန်၏ လက်ဝါး ရိုက်ခတ်မှုသည်... သူ၏ နင်းချလိုက်သော အင်အားကို ဘာမှမဟုတ်သကဲ့သို့... လုံးဝ ဖြိုဖျက်ပစ်လိုက်သည်။ ထိုမျှသာမက... လက်ဝါး၏အရှိန်မှာ လျော့ကျသွားခြင်း မရှိဘဲ... သူ့ခန္ဓာကိုယ်ပေါ်သို့ နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ခတ်သွားပြန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ရွှယ်ကျန်း၏ အသစ်ပြန်လည် ဖွဲ့စည်းထားသော အင်မော်တယ်ခန္ဓာကိုယ်သည်... အပိုင်းပိုင်း ကြေမွသွားပြီး အင်မော်တယ်သွေးများ ပန်းထွက်လာလေတော့သည်။
အခန်း (၂၁၀) - ရွှယ်ကျန်း ကျဆုံးခြင်း၊ နောက်ကွယ်မှ အင်အားစုများနှင့် ဝမ်းနည်းဖွယ် အဆုံးသတ်
" ဝုန်း! "
အင်မော်တယ်ခန္ဓာကိုယ် ပျက်စီးသွားသဖြင့်... ရွှယ်ကျန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး... အစိတ်စိတ်အမွှာမွှာဖြစ်နေသော ခန္ဓာကိုယ်ကို... ပြန်လည်စုစည်းရန် ကြိုးစားလိုက်သည်။
အထွတ်အထိပ်အဆင့် ရောက်ရှိသူများသည် သွေးတစ်စက်မှပင် ပြန်လည်ရှင်သန်နိုင်ရာ စစ်မှန်သော အင်မော်တယ်တစ်ပါးအတွက် ဤအရာမှာ မခက်ခဲပေ။
သို့သော် ရွှယ်ကျန်း၏ခန္ဓာကိုယ် ပြန်လည်ပေါင်းစည်းလိုက်သည်နှင့်... ကုချန်၏ ဒုတိယမြောက် လက်ဝါးရိုက်ချက် ရောက်ရှိလာကာ... ရွှယ်ကျန်း၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ဖြိုခွင်းလိုက်ပြန်သဖြင့်.… အင်မော်တယ်သွေးများ ထပ်မံ ပန်းထွက်လာပြန်၏။
" ဘာလို့လဲ... ဘာလို့လဲ "
ရွှယ်ကျန်းသည် တကိုယ်လုံး အေးစက်သွားပြီး ဤအရာများကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
သူသည် အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်နေပြီ ဖြစ်လျက်နှင့် အဘယ်ကြောင့် ဤလူ၏ ပြိုင်ဘက် မဖြစ်သေးသနည်း။
ကုချန်၏အင်အားသည် အဆုံးမဲ့ ချောက်နက်ကြီးကဲ့သို့ပင်။ သူ အထွတ်အထိပ်သို့ ပြန်ရောက်သည့်တိုင် ယှဉ်နိုင်စွမ်း မရှိချေ။
" ငါလှုပ်ရှားစရာ မလိုတော့ဘူးနဲ့ တူတယ် "
လူသားဧကရာဇ်သည် သနားစဖွယ် ဖြစ်နေသော ရွှယ်ကျန်းကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်လေသည်။
အင်မော်တယ်သွေးများ ပန်းထွက်နေသော်လည်း... ရွှယ်ကျန်းသည် အရှုံးမပေးဘဲ ကြေမွနေသော ခန္ဓာကိုယ်ကို... ပြန်လည်ဖွဲ့စည်းရန် အသည်းအသန် ကြိုးစားနေ၏။
သို့သော် ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းလိုက်သည်နှင့်... ကောင်းကင်မှ ကျဆင်းလာသော ကုချန်၏ ရက်စက်သည့်... လက်ဝါးရိုက်ချက်ဟာ သူ့ကို စောင့်ကြိုနေလေသည်။
လက်ဝါးရိုက်ချက် တစ်ချက်တိုင်းတွင်... ရွှယ်ကျန်း၏ခန္ဓာကိုယ်သည် တဖန် ပေါက်ကွဲထွက်သွားရာ... အလွန်ပင် သနားစဖွယ် ကောင်းလှသည်။
" ငါ လက်မခံနိုင်ဘူး... ငါ လုံးဝ လက်မခံနိုင်ဘူး "
ရွှယ်ကျန်းသည် မျှော်လင့်ချက်မဲ့ခြင်းနှင့် မကျေနပ်ခြင်းများ ပြည့်နှက်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။
သူသည် အင်မော်တယ်နယ်မြေမှ မြင့်မြတ်သော စစ်မှန်သည့် အင်မော်တယ်တစ်ပါး ဖြစ်ပြီး... အောက်ဘုံကို ထိန်းကျောင်းရသည့် တာဝန်ရရှိရန်... အစွမ်းကုန် ကြိုးစားခဲ့ရသူ ဖြစ်သည်။ နောက်ဆုံးတွင် ဤနေရာ၌... နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ရလိမ့်မည်ဟု... မည်သူ ထင်မှတ်မည်နည်း။
ကုချန်၏ ဆက်ပြောလိုက်သော စကားများက... သူ့ကို ပို၍ အေးစက်သွားစေပြီး... ရင်ထဲ၌ ဒေါသနှင့် အရှက်ရမှုများဖြင့် ပြည့်နှက်သွားစေသည်။
" မင်းတတ်နိုင်တာ ဒီလောက်ပဲလား "
ခန္ဓာကိုယ်ကို ပြန်လည်စုစည်းနေရုံသာ တတ်နိုင်သော ရွှယ်ကျန်းကို ကြည့်ကာ ကုချန်သည် စိတ်ပျက်ဟန်ဖြင့် ပြောဆိုလိုက်၏။
ဒီလောက်ပဲလား။ ဒီလူက သူ့ကို တချိန်လုံး ကစားနေခဲ့တာလား။
ရွှယ်ကျန်း၏မျက်နှာတွင် အရှက်ရမှုများ ပြည့်နှက်နေသော်လည်း ဘာမျှ မတတ်နိုင်ခဲ့ပေ။
" ဒါဆိုရင်လဲ သေလိုက်တော့ "
ကုချန် ခေါင်းအနည်းငယ် ခါလိုက်ပြီး.. ရွှယ်ကျန်းကို အပြီးတိုင် သတ်ဖြတ်ရန်... ရည်ရွယ်လိုက်သည်။
ရွှယ်ကျန်းတွင် ဝှက်ဖဲများ ကျန်ရှိနေသေးခြင်း ရှိမရှိ သိလို၍... သူ အင်အားအကုန် မသုံးခဲ့ခြင်း ဖြစ်သော်လည်း... ရလဒ်မှာ သူ့အား စိတ်ပျက်စေခဲ့သည်။
ထို့ကြောင့် ကုချန်သည် ဆက်လက် ညှာတာနေတော့မည် မဟုတ်ဘဲ ပြိုင်ဘက်ကို အပြီးတိုင် ဖိနှိပ်သတ်ဖြတ်တော့မည် ဖြစ်သည်။
" မင်းရဲ့ အင်အားနဲ့ဆိုရင်... နောင်တစ်ချိန် အင်မော်တယ်နယ်မြေကို တက်လှမ်းဖို့ သေချာပေါက် ဖြစ်လာမှာပဲ... ငါ့ကို သတ်လိုက်ရင် ပြဿနာကြီး တက်လိမ့်မယ် "
ကုချန်သည် သူ၏အသက်ကို ယူရန်... အမှန်တကယ် ရည်ရွယ်နေသည်ကို မြင်သောအခါ... ရွှယ်ကျန်းသည် အလျင်အမြန် အော်ပြောလိုက်၏။
" ငါက အင်မော်တယ်တစ်သောင်းမျှော်စင်က အဖွဲ့ဝင်ပဲ... ငါ့ကို သတ်လိုက်ရင် အင်မော်တယ်တစ်သောင်းမျှော်စင်က သေချာပေါက် သိရှိသွားလိမ့်မယ်... အဲဒီအတွက်ကြောင့် အင်မော်တယ်ပြစ်ဒဏ် ကျရောက်လာရင်... မင်း လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး "
သေရေးရှင်ရေးအချိန်တွင် ရွှယ်ကျန်းသည် သူ့အသက်ရှင်သန်ရေးကိုသာ လိုလားတော့သည်။ သူသည် ဆွဲဆောင်သည့် လေသံဖြင့် ဆက်၍ ပြောဆိုလိုက်သည်။
" ငါက ဒီအောက်ဘုံကို အပိုင်သိမ်းဖို့ အမိန့်ရထားတာ... ငါ စားသုံးလိုက်တဲ့ အနည်းငယ်ကလွဲရင်... ကျန်တဲ့ အထွတ်အထိပ်ဆေးဝါး အများစုကို... အထက်ဘုံဆီ ဆက်သရတာ.....
မင်းသာ ငါ့ကို မသတ်ဘူးဆိုရင်... အထက်ဘုံကို မင်းအကြောင်း... သေချာပေါက် ထောက်ခံပေးမယ်... မင်းရဲ့ အင်အားနဲ့ဆို အင်မော်တယ်တစ်ရာကို အလွယ်တကူ ကျော်ဖြတ်ပြီး... အင်မော်တယ်အရှင်နဲ့ တန်းတူ ဖြစ်လာနိုင်တယ်.....
ဒါတင် မကသေးဘူး... ဒီအင်မော်တယ်ဆေးဝါးတွေကို သန့်စင်ဖို့... အင်မော်တယ်တာအို ဥပဒေသတွေကိုလဲ သင်ပေးမယ်.....
မင်းက အခုလဲ အရမ်းသန်မာတာ မှန်ပေမယ့် ပိုပြီး သန်မာလာဖို့ကိုတော့ ငြင်းမှာ မဟုတ်ဘူးမလား....
ငါသင်ပေးမယ့် အင်မော်တယ်မွေးမြူနည်းနဲ့ဆိုရင်... ဒီအောက်ဘုံက သက်ရှိအားလုံးကို စားသုံးသန့်စင်ပြီး ကိုယ့်အဆင့်ကို မြှင့်တင်နိုင်တယ်.....
အင်မော်တယ်နယ်မြေကို ရောက်ရင်တောင်... ပြိုင်ဘက်ကင်းတဲ့ နေရာတစ်ခုကို ရရှိပြီး... အင်မော်တယ်အရှင် ဖြစ်လာနိုင်တယ် "
ရွှယ်ကျန်းသည် ကုချန် သူ့ကို မသတ်ရန် မျှော်လင့်ချက်ဖြင့် အစွမ်းကုန် ဆွဲဆောင်နေတော့သည်။
သို့သော် ကုချန်သည် ရွှယ်ကျန်းကမ်းလှမ်းသော အချက်များကို စိတ်ဝင်စားခြင်း မရှိပေ။
အင်မော်တယ်မွေးမြူနည်းတဲ့လား။
သူသည် လက်ရှိတွင် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီး... 'ကောင်းကင်ဘုံအလုံးစုံ၏ စစ်မှန်သော နားလည်ခြင်း' ကျမ်းစာကို ပိုင်ဆိုင်ထားရာ... ဤကဲ့သို့သော အဆင့်နိမ့် နည်းလမ်းများကို သင်ယူရန်... အဘယ်မှာ လိုအပ်ပါတော့မည်နည်း။
" မှာစရာရှိတာ မှာပြီးပြီဆိုတော့ သေလို့ရပြီ "
ကုချန်သည် တုန်လှုပ်ခြင်းမရှိဘဲ... ရွှယ်ကျန်းဘက်သို့ လက်ဝါးတစ်ချက်ထပ်မံ ရိုက်ထုတ်လိုက်ပြီး တချိန်တည်းမှာပင်... လက်ကို တင်းကျပ်စွာ ဆုပ်လိုက်လေသည်။
ရွှယ်ကျန်း၏ အင်မော်တယ်ခန္ဓာကိုယ်သည် တဖန် ကြေမွသွားပြန်၏။ သို့သော်... ဤတစ်ကြိမ်တွင် ကုချန်သည်... သူ့အား ပြန်လည်စုစည်းခွင့် မပေးတော့ပေ။ အဆုံးမဲ့ တာအိုပေါင်းစုံ ပါဝင်သော မီးဖိုကြီးသဖွယ်... သူ၏လက်ဝါးကို ပိတ်လိုက်ပြီး... ရွှယ်ကျန်း၏ အသားနှင့် သွေးများကို ဖုံးအုပ်ပစ်လိုက်လေသည်။
မရေမတွက်နိုင်သော ဘုန်းတန်ခိုးများနှင့် တာအိုဥပဒေသများ ဖြတ်သန်းသွားကာ... မီးဖိုထဲတွင် ပြင်းထန်သော မီးတောက်များ... တောက်လောင်လာ၏။ ရွှယ်ကျန်း၏ ဝမ်းနည်းဖွယ် အော်ဟစ်သံများကြားတွင်... သူ၏ အင်မော်တယ်ဝိညာဉ်နှင့် အရိုးများသည်... ပြာအဖြစ် တဖြည်းဖြည်း ကြေမွသွားပြီး... ပျောက်ကွယ်သွားတော့သည်။
ထိုတာအိုပေါင်းစုံ မီးဖိုကြီးထဲမှ... ရွှယ်ကျန်း၏ နောက်ဆုံးအချိန်တွင်... နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသော... တိုးညှင်းပြတ်တောင်းသည့် ညည်းတွားသံသာ ထွက်ပေါ်လာတော့သည်။
" မင်း ငါ့ကို သတ်လိုက်တယ်... အင်မော်တယ်တစ်သောင်းမျှော်စင်က... မင်းကို... ဘယ်တော့မှ လွှတ်ထားမှာ မဟုတ်ဘူး "
အင်မော်တယ်တစ်သောင်းမျှော်စင်လား။
ရွှယ်ကျန်း၏ နောက်ဆုံးစကားများကို နားထောင်ရင်း ကုချန်သည် တွေးတောလိုက်၏။
ဒါက ရွှယ်ကျန်း နောက်ကွယ်က အင်မော်တယ်နယ်မြေ အင်အားစု ဖြစ်ပုံပဲ။
အောက်ဘုံကို သိမ်းပိုက်ပြီး အထွတ်အထိပ်အဆင့်များကို... ဆေးဝါးအဖြစ် သန့်စင်သည့် ယုတ်မာသော ဤနည်းလမ်းသည်... အင်မော်တယ်တစ်သောင်းမျှော်စင် တစ်ခုတည်းကသာ လုပ်ဆောင်ခြင်းလော... မဟုတ်လျှင် အင်မော်တယ်နယ်မြေတစ်ခုလုံးတွင်ပါ လုပ်ဆောင်နေခြင်းလော ဆိုသည်ကို... သူ မသိရပေ။
" မပြီးသေးဘူး... သူတို့ ကျန်သေးတယ် "
ကုချန် အတွေးထဲ မြောနေစဉ်... လူသားဧကရာဇ်၏အသံသည်... ဘေးမှ ထွက်ပေါ်လာ၏။
ကုချန်သည် မော့ကြည့်လိုက်ရာ... ဧကရာဇ်ပေတံကို ကိုင်ဆောင်ထားသော... လူသားဧကရာဇ်ကို တွေ့လိုက်ရသည်။ လူသားဧကရာဇ်သည် မျက်လုံးဖွင့်လိုက်ပြီး... လေဟာနယ်ထဲတွင် မျဉ်းတစ်ကြောင်း ဆွဲလိုက်၏။
လေဟာနယ်သည် တိတ်ဆိတ်စွာပင် အက်ကြောင်းငယ်တစ်ခုအဖြစ် ကွဲအက်သွားလေသည်။
ထိုအက်ကြောင်းနောက်တွင် ကြီးမားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေ၏။ ကုချန် သေချာကြည့်လိုက်ရာ... အလယ်ပိုင်းဒေသတာအိုနယ်မြေ ကောင်းကင်ယံကို ကျူးကျော်ခဲ့ကြသော တားမြစ်နယ်မြေ အထွတ်အထိပ်အဆင့်များ ဖြစ်နေပြီး... အင်မော်တယ်တာအို ဥပဒေသများကို ဆက်တိုက် တိုက်ခိုက်ရင်း... ရှေ့ဆက်ရန် ရုန်းကန်နေကြသည်။
"ရွှယ်ကျန်းက ဒီအင်မော်တယ်လမ်းကြောင်းကို အထွတ်အထိပ်အဆင့်တွေအတွက် သီးသန့် စီစဉ်ပေးထားတာ... အားနည်းသူကို ဖယ်ရှားပြီး အားကြီးသူကို ချန်ထားဖို့လေ... အရည်အချင်းပြည့်မီတဲ့ အထွတ်အထိပ်အဆင့်တွေမှသာ... ဆေးဝါးကြီးတွေနဲ့ အင်မော်တယ်ဆေးလုံးတွေအဖြစ် သန့်စင်ခံရတာ "
လူသားဧကရာဇ်သည် တိုက်ပွဲဝင်နေကြသော အထွတ်အထိပ်အဆင့်များကို ကြည့်ရင်း ရှင်းပြလိုက်၏။
ဒါကြောင့်ကိုး.....
လူသားဧကရာဇ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုချန်မှာ သဘောပေါက်သွားရသည်။
ရွှယ်ကျန်းသည် ဤအထွတ်အထိပ်အဆင့်များကို စားသုံးသန့်စင်လိုပါလျက်... အဘယ်ကြောင့် ဤနေရာတွင် စမ်းသပ်မှုတစ်ခု ထပ်လုပ်နေရသနည်းဟု... သူ တွေးမိခဲ့သေးသည်။ ထိုသို့လုပ်ခြင်းက... သူ့အတွက် ရရှိမည့် ဆေးဝါးများကို... လျော့နည်းစေသည် မဟုတ်ပါလော။
အားနည်းပြီး စမ်းသပ်မှု မအောင်မြင်သူများမှာ... အဖိုးတန်ဆေးဝါး ဖြစ်လာရန်ပင်... အရည်အချင်း မရှိကြသောကြောင့် ဖြစ်နေသည်။
ယခင်က ခွန်ဧကရာဇ် ကောင်းကင်ချောက်နက်မှ ပြုတ်ကျလာစဉ်က... စမ်းသပ်မှု၏ အစိတ်အပိုင်းတစ်ခုကို ကံကောင်းစွာ အောင်မြင်ခဲ့သော်ငြား... နောက်ဆုံးတွင် ရွှယ်ကျန်း၏ စွန့်ပယ်ခြင်းကို ခံလိုက်ရပြီး... တစ်စိတ်တစ်ပိုင်းသာ စားသုံးခံလိုက်ရသောကြောင့်... ကျန်ရှိနေသော ခန္ဓာကိုယ် အပိုင်းအစများသည် ကောင်းကင်ချောက်နက်ထဲမှ ပြုတ်ကျလာခြင်း ဖြစ်ပေမည်။
ဤအမှန်တရားမှာ မည်မျှ ရက်စက်ပြီး လှောင်ပြောင်စရာ ကောင်းလိုက်သနည်း။
အထက်ဘုံမှ အင်မော်တယ်များသည်... အောက်ဘုံကို စားကျက်မြေအဖြစ် သတ်မှတ်ထားကြပြီး... ဂုဏ်ရှိန်ကြီးမားသော အထွတ်အထိပ်အဆင့်များမှာ... သားငါးများသဖွယ် စိတ်ကြိုက် သတ်ဖြတ်ခံနေရသည်။
ထိုမျှမက အားနည်းသူများမှာ စားသုံးခံရဖို့ပင် အရည်အချင်း မမီကြချေ။
အင်မော်တယ်ဖြစ်လာရန် စိတ်ကူးယဉ်ပြီး... ကောင်းကင်ချောက်နက်ထဲတွင် သွေးထွက်သံယို တိုက်ပွဲဝင်နေကြသော... ဤတားမြစ်နယ်မြေ အထွတ်အထိပ်အဆင့်များသည်... ဤရက်စက်သော ရလဒ်ကို သိရှိသွားပါက... မည်သို့ တုံ့ပြန်ကြမည်နည်း။
နှစ်ပေါင်း သန်းချီ စောင့်ဆိုင်းခဲ့သော်လည်း... နောက်ဆုံးတွင် သူတစ်ပါး၏ ဝမ်းဗိုက်ထဲမှ အစာသာ ဖြစ်လာရမည့်အဖြစ်မှာ... မည်မျှ ဝမ်းနည်းစရာကောင်းပြီး... ရယ်စရာကောင်းလိုက်သနည်း။
" ဒီအထွတ်အထိပ်အဆင့်တွေကို သူတို့ကံကြမ္မာနဲ့သူပဲ ထားလိုက်ပါတော့ "
လူသားဧကရာဇ်သည် တိုက်ပွဲဝင်နေသော... တားမြစ်နယ်မြေ အထွတ်အထိပ်အဆင့်များကို တစ်ချက်ကြည့်လိုက်ပြီးနောက်... ဂရုစိုက်ခြင်း မရှိတော့ချေ။
အကယ်၍ သူသာ... ကမ္ဘာလောကနှင့် လူသားမျိုးနွယ်ကို ဂရုစိုက်သော အတိတ်က လူသားဧကရာဇ် ဖြစ်နေဆဲဆိုလျှင်... ဤအခွင့်အရေးကို အသုံးချပြီး တားမြစ်နယ်မြေ အထွတ်အထိပ်အဆင့်များကို အမြစ်ပြတ် ချေမှုန်းကာ... လောကကြီးကို ငြိမ်းချမ်းစေခဲ့ပေလိမ့်မည်။
သို့သော်... ဤအရာအားလုံးကို ကြုံတွေ့ပြီးသော... လက်ရှိ လူသားဧကရာဇ်တွင်... ထိုကဲ့သို့သော အတွေးမျိုး မရှိတော့ပေ။