အခန်း (၂၂၅၁-၂၂၅၂)
Vol. 166 Ch. 2251-2252
အဆတစ်ရာစနစ် စာစဥ်(၁၆၆)
အခန်း(၂၂၅၁)
အဆုံးမဲ့ချောက်နက်ကြီးသည် တစပြင်ကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ကျန်းချန်က အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းလာခဲ့ရာ ချောက်နက်ကြီး၏ အောက်ခြေကနေ လာသော ပြင်းထန်သော မိစ္ဆာ အငွေ့အသက်များကို ခံစားခဲ့ရသည်။
အောက်သို့ ဆင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အပူချိန်သည် ပို၍နိမ့်ကျလာခဲ့ပြီး မိစ္ဆာအငွေ့အသက်သည်လည်း ပို၍ ပြင်းထန်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ထိုမိစ္ဆာအငွေ့အသက်များသည် ဒြပ်ထု တစ်ခု ကဲ့သို့ပင် ဖြစ်တည်လာခဲ့ပြီး လူတို့၏ စိတ်အာရုံကို ထိခိုက်စေနိုင်သည်အထိ ဖြစ်လာခဲ့သည်။
သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသာ ဆိုလျှင် ထိုမိစ္ဆာ အငွေ့အသက်များ၏ လွှမ်းမိုးမှုအောက်တွင် တစ်ခဏအတွင်း စိတ်ရူးပေါက်သွားနိုင်ပေသည်။
ကျန်းချန်ကမူ မည်သည့်အရာကိုမှ ဂရုစိုက်မနေဘဲ အောက်သို့ ဆက်လက် ဆင်းသွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မိုက်နေခဲ့ပြီး မည်သည့်အသံမှမကြားရဘဲ လုံးဝကို တိတ်ဆိတ်နေခဲ့သည်။
အဆုံးမဲ့ ချောက်နက်ကြီး၏ အနက်သည် ကျန်းချန် ထင်ထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့၏။
အချိန်မည်မျှ ကြာသွားမှန်းပင် သူကိုယ်တိုင် မသိတော့ပေ။
အဆုံးသတ်တွင် ကျန်းချန်သည် ချောက်နက်ကြီး၏ အောက်ခြေရှိ မြေပြင်ပေါ်သို့ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့သည်။
သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးသည် မီးခိုးရောင်သန်းနေပြီး ရှေးဟောင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် လေထုထဲရှိ မိစ္ဆာ အငွေ့အသက်များကြောင့် ဖြစ်ပေါ်လာသည့် မြူနှင်းများသည် ကျန်းချန်၏ အသိစိတ်နှင့်အမြင်အာရုံကို အလွန်အမင်း အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ကျန်းချန်၏ လက်ရှိ အစွမ်းအစဖြင့်ပင် ပတ်ဝန်းကျင် မီတာတစ်ရာ အတွင်းမှ အခြေအနေကိုသာ အာရုံခံနိုင်ခဲ့သည်။
သို့ဖြစ်ရာ နတ်ကုန်းမြေတိုက်၏ နံပါတ်တစ် အန္တရာယ် အရှိဆုံး တားမြစ်နယ်မြေထဲတွင် အန္တရာယ်ရှိနိုင်မှု အတိုင်းအတာသည် သံသယဖြစ်စရာမရှိ အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန် အနေဖြင့် စိတ်ကို အစွမ်းကုန် တင်းထားရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
သူက လက်ဖဝါးကို ဖြန့်လိုက်ပြီး ဝူရှင်း သူ့ကို ပေးထားသည့် အနီရောင် သင်္ကေတကို ကြည့်လိုက်ရာ ထိုသင်္ကေတပေါ်တွင် မှိန်ဖျဖျ အလင်းရောင်တစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းက သူ့ကို လမ်းကြောင်းတစ်ခု ဆီသို့ လမ်းညွှန်ပြသနေသည့်အလား ဖြစ်နေခဲ့၏။
ကျန်းချန်က တွေဝေမနေဘဲ အနီရောင် သင်္ကေတ၏ လမ်းညွှန်မှုနောက်သို့ သွားခဲ့သည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်မှာပင် ပတ်ဝန်းကျင် အခြေအနေသည် အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ မြူနှင်းများ အဖြစ်သာ ပြည့်နှက်နေဆဲဖြစ်ကြောင်း ကျန်းချန် တွေ့လိုက်ရသည်။
အကယ်၍ ဝူရှင်း၏ အနီရောင်သင်္ကေတသာ မရှိလျှင် သူက ဤချောက်နက်ကြီးထဲတွင် လမ်းပျောက်သွားနိုင်လောက်၏။
လမ်းလျှောက်နေရင်း ကျန်းချန်သည် ပတ်ဝန်းကျင်ကို အထူးဂရုစိုက်ကာ အကဲခတ်ခဲ့သည်။
သူခြေထောက်အောက်ရှိ မြေပြင်သည် ချိုင့်ခွက်များဖြင့် ပြည့်နှက်နေခဲ့ပြီး ရံဖန်ရံခါတွင် ကျိုးပဲ့နေသော လက်နက် အကြွင်းအကျန် အချို့ကို မြေပြင်၌ တွေ့ရသည်။
ကျန်းချန်၏ မြင်နိုင်စွမ်းအရ ထိုလက်နက် အကြွင်းအကျန်များ၏ ကုန်ကြမ်းပစ္စည်းသည် အလွန်တရာ ထူးခြားမှန်း မြင်နိုင်ခဲ့သည်။
ကျိုးပဲ့နေသော လက်နက်များအပြင် မြေပြင်ပေါ်၌ အရိုးစုများစွာလည်း ရှိနေသေး၏။
သို့သော်လည်း လက်နက်များဖြစ်စေ၊ ရတနာများဖြစ်စေ သို့မဟုတ် အရိုးစုများဖြစ်စေ အားလုံးသည် နှစ်ပေါင်းများစွာ ကြာမြင့်လာမှုကြောင့် လုံးလုံးလျားလျား ဆွေးမြေ့နေခဲ့ကြပြီဖြစ်သည်။
ကျန်းချန်က အသာအယာ တို့ထိလိုက်ရုံဖြင့်ပင် ထူးခြားသောပုံသဏ္ဌာန်ရှိသည့် ဓားရှည်တစ်လက်သည် တစ်ခဏအတွင်းပြာပုံ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဒီနေရာမှာ ရှေးခေတ်ကာလက တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပုံပဲ”
သူ၏ရှေ့မှ အခြေအနေကို ကြည့်ကာ ကျန်းချန်၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
ဤနေရာက ရှေးခေတ်ကာလက စစ်မြေပြင်တစ်ခု ဖြစ်သည်မှာ သိသာထင်ရှားနေခဲ့၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ဤစစ်မြေပြင်သည် ရှေးခေတ်ကာလက ဖြစ်ပေါ်ခဲ့သော မဟာကပ်ဘေး၏ စစ်မြေပြင် ဖြစ်နိုင်ခြေ အလွန်များပြီး ထိုကပ်ဘေးအတွင်း သေဆုံးခဲ့ကြသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ သင်္ချိုင်းမြေနေရာလည်း ဖြစ်နိုင်လောက်သည်။
ဆိုရလျှင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ ဗဟိုရှိ ချောက်နက်ကြီး တစ်ခုလုံးသည်ပင် ထိုတိုက်ပွဲကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်၏။
ကျန်းချန်က သတိကြီးစွာဖြင့် ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။
သူက ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ၊ ဝူရှင်း သူ့ကို ပေးထားသော သွေးရောင်သင်္ကေတ အမှတ်အသားက ပို၍ တောက်ပလေလေ ဖြစ်လာခဲ့သည်။
သူက ပန်းတိုင်နှင့် ပို၍ နီးကပ်လာခဲ့သည်မှာ ထင်ရှားနေခဲ့၏။
ထိုအလောင်းများသည် မသေဆုံးမီက အလွန်တရာ အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ခဲ့ပုံရ၏။
၎င်းတို့ ကျဆုံးသွားသည်မှာ နှစ်ပေါင်း မည်မျှကြာမြင့်နေပြီမှန်း မသိရသော်လည်း ဤချောက်နက်ကြီးထဲတွင် အလောင်းကမူ အကောင်းပကတိအတိုင်း ရှိနေသေးသည်။
ပတ်ဝန်းကျင်ရှိ အနက်ရောင် ကျောက်သားများဖြင့် ဖွဲ့စည်းထားသော မြေပြင်ပေါ်တွင် ဆွေးမြည့်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် အကောင်းပကတိအတိုင်း ရှိနေသေးသော အလောင်းအချို့ကို သူစတင် မြင်တွေ့ခဲ့ရသည်။
ဤနေရာ၏ အန္တရာယ်များကို သိရှိထားသဖြင့် ကျန်းချန်သည် ရှေးခေတ်ကာလမှ ကျင့်ကြံသူများ၏ အလောင်းများကို အလွယ်တကူ သွားမထိခဲ့ပေ။
အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော သန်မာထွားကျိုင်းသည့် အလောင်းတစ်ခု ဆီသို့ အရောက်တွင်မူ ကျန်းချန်သည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။
ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အလောင်းသည် ကျန်းချန် ယခင်က မြင်ဖူးခဲ့သော မည်သည့် အလောင်းထက် မဆို ပို၍ သန်မာပုံရ၏။
ကျန်းချန်သည် ထိုအနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အလောင်းထံကနေ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါတစ်ခုကိုပင် ခံစားနေခဲ့ရသည်။
ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အလောင်းမဟုတ်ဘဲ ထိုအလောင်း၏ လက်ထဲတွင် ကိုင်ထားသော အနက်ရောင်ဓားရှည် တစ်လက် ဖြစ်သည်။
ထိုဓားရှည်ကြီးသည် နှစ်ပေါင်းဘီလီယံ တစ်ရာကျော် ကြာမြင့်သွားပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဆွေးမြည့်သွားခြင်း မရှိသေးပေ။
ဆိုရလျှင် ထိုဓားရှည်ပေါ်ရှိ အရှိန်အဝါသည် ကျန်းချန် ယခင်က မြင်ဖူးခဲ့သော မည်သည့် နတ်ဘုရင်အဆင့် လက်နက်မျှနှင့်မတူဘဲ မဟာနဂါးကျောက်တိုင်၏ အရှိန်အဝါနှင့် ပို၍ ဆင်တူနေခဲ့သည်။
ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
ဤအနက်ရောင်ဓားရှည်သည် နတ်ဘုရားနယ်မြေမှ မဟုတ်ရန် ဖြစ်နိုင်ခြေ အလွန်များ၏။
သို့ဆိုလျှင် သူ့ရှေ့မှ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အလောင်းသည် နတ်ဘုရားနယ်မြေ ပြင်ပရှိ စကြဝဠာမှ ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ပါသလော။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။
“မဟာကပ်ဘေး အတွင်းမှာ နတ်ဘုရားနယ်မြေက ရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေက နတ်ဘုရားနယ်မြေ ပြင်ပက သူတွေများလား”
ထို့နောက်တွင် သူက အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အလောင်းဆီကနေ ဓားရှည်ကို ယူရန် ပြင်လိုက်၏။
“ကျန်းချန် သတိထား”
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်၏ လက်ဖဝါးက အနက်ရောင်ဓားရှည်နှင့် ထိတွေ့တော့မည့် အချိန်မှာပင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်စကားသံသည် သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
သူ တုံ့ပြန်ဖို့ အချိန်မရသေးမီမှာပင် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အလောင်းကောင်ထံကနေ မမြင်နိုင်သော စိတ်ဆန္ဒအရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝုန်း..”
မမြင်နိုင်သော စိတ်ဆန္ဒအရှိန်အဝါသည် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် သူကိုယ်တိုင် သွေးရောင်စစ်မြေပြင် ဆီသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ပုံရိပ်ယောင်များသည် သူ့ကို ဝါးမျိုပစ်တော့မည့်အလား သူ့ဆီသို့ တစ်ရှိန်ထိုး ပြေးဝင်လာကြသည်။
“ရှေးဟောင်း ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်.. ဖျက်ဆီးစမ်း..”
ကျန်းချန်က ကြုံးဝါးလိုက်ပြီး ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ရှေ့ရှိ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အလောင်းကောင်သည်လည်း ပြာပုံတစ်ခု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။
ထိုမြင်ကွင်းကိုကြည့်ကာ ကျန်းချန်သည် အံ့အားသင့်နေခဲ့သည်။
ယင်းအချိန်မှာပင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်ထံကနေ လေးနက်သော စကားသံ ထွက်ပေါ်လာခဲ့သည်။
“ကောင်လေး.. မင်းကတကယ်ပဲ နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေရဲ့ ဗဟိုဧရိယာမှာ ရှိတဲ့ ရှေးဟောင်းစစ်မြေပြင်ဆီကို ရောက်လာခဲ့တာကိုး”
ကျန်းချန်က မဟာနဂါးနန်းတော် ထဲတွင် မဟာနဂါးကျောက်တိုင်ကို ထားရှိခဲ့သည်။
ထို့ကြောင့် နန်းတော်ဝိညာဥ်သည် မဟာနဂါးကျောက်တိုင်မှတစ်ဆင့် ဥာဏ်အလင်းများကို ရရှိခဲ့ပြီး သိပ်မကြာသေးမီကစ၍ တံခါးပိတ်၍ ကျင့်ကြံနေခဲ့သည်။
အကယ်၍ အစောပိုင်းကသာ မဟာနဂါးကျောက်တိုင်တွင် အပြောင်းအလဲများ မဖြစ်ခဲ့လျှင် ကျန်းချန် တစ်ယောက် ဤနေရာသို့ ရောက်နေမှန်း သူသိလိမ့်မည် မဟုတ်ပေ။
“စီနီယာနန်းတော်ဝိညာဥ်က ဒီနေရာကို သိတယ်လား”
ကျန်းချန်က နန်းတော်ဝိညာဥ်၏ စကားကိုကြားလျှင် အံ့အားသင့်သွားခဲ့သည်။
“သိရုံတင်ဘယ်ကမလဲ.. ငါဒီနေရာကို ရောက်ဖူးတယ်”
နန်းတော်ဝိညာဥ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့သခင်က မဟာနဂါးကျောက်တိုင်ကို ဒီနေရာကနေ ရခဲ့တာပဲ”
“လက်စသတ်တော့ မဟာနဂါးကျောက်တိုင်ကို ဒီနေရာကနေ ရလာတာကိုး”
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလို သက်ပြင်းချလိုက်သည်။
ဤနေရာသည် ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး၏ စစ်မြေပြင် ဖြစ်သည်။
နတ်ဘုရားနယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ သာမက နတ်ဘုရားနယ်မြေ အပြင်ဘက်ရှိ ကျင့်ကြံသူများလည်း ဤနေရာတွင် မြှုပ်နှံခံခဲ့ရသည်။
သူတော်စင်နဂါးဘုရင်က ဤနေရာကနေ မဟာနဂါးကျောက်တိုင်ကို ရရှိခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သို့သော်လည်း နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ ဗဟိုဧရိယာသည် နတ်ကုန်းမြေတိုက်၏ နံပါတ်တစ် တားမြစ်နယ်မြေ ဖြစ်သည်။
ဒဏ္ဍာရီများအရ ဤနေရာကနေ မည်သူကမှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ဟု ဆိုကြ၏။
ကြည့်ရသည်မှာ ထိုကောလဟာလများသည် လုံးလုံးလျားလျားကြီး မှန်ကန်နေပုံ မရပေ။
အဘယ်ကြောင့်ဆိုသော် သူတော်စင်နဂါးဘုရင်သည် ဤနေရာသို့ ရောက်လာခဲ့ဖူးပြီး မဟာနဂါးကျောက်တိုင်ကို ယူဆောင်ကာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည် မဟုတ်ပါလား။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရပ်တန့်လိုက်သည်။
ထို့နောက် သူက သူ၏ ရှေ့ရှိ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အလောင်းကို ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်၏။
“စီနီယာနန်းတော်ဝိညာဥ်.. ဒီလူက ကျဆုံးသွားတာ နှစ်ပေါင်းဘီလီယံ တစ်ရာတောင် ကျော်နေပြီ.. သူက ဘာလို့ ကျွန်တော့်ကို တိုက်ခိုက်နိုင်သေးတာလဲ”
အခန်း(၂၂၅၁)ပြီး၏။
အခန်း(၂၂၅၂)
“ရှေးဟောင်းစစ်မြေပြင်မှာ ကျဆုံးသွားခဲ့တဲ့ ကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်တွေထဲမှာ စွမ်းအားတစ်မျိုး ကျန်ရှိနေသေးတယ်.. ငါ့ရဲ့သခင်ကတော့ ဒီစွမ်းအားကို မပျက်စီးနိုင်တဲ့ စိတ်ဆန္ဒလို့ ခေါ်တယ်.. သူတို့ရဲ့ ခန္ဓာကိုယ်ကို တစ်ခုခု သွားထိလိုက်တာနဲ့ အဲဒီ မပျက်စီးနိုင်တဲ့ စိတ်ဆန္ဒက နိုးကြွလာလိမ့်မယ်.. အဲဒါကြောင့် ဒီက အလောင်းတွေကို မင်း လုံးဝ သွားထိလို့မရဘူး”
နန်းတော်ဝိညာဥ်၏ လေသံက အလွန်တရာပင် လေးနက်နေခဲ့သည်။
“ကျွန်တော် နားလည်ပါပြီ”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
“မင်းရှေ့က လူက ပိုပြီးတော့ သန်မာလေလေ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ မပျက်စီးနိုင်တဲ့ စိတ်ဆန္ဒက ပိုပြီးတော့ အားကောင်းလေလေပဲ”
လမ်းတစ်လျှောက်တွင် ကျန်းချန်သည် မည်သည့် အလောင်းကိုမှ သွားမထိတွေ့ဘဲ အတော်အတန် ဝေးကွာသော အကွာအဝေးအထိ ချောချောမွေ့မွေ့ ရှေ့ဆက်လာခဲ့သည်။
သို့သော်လည်း ဤအခြေအနေက ကြာရှည်မခံခဲ့ပေ။
အကြောင်းအရင်းမှာ ဧရာမ နတ်စစ်သူကြီး တစ်ပါး ကဲ့သို့ ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့် အရပ်ရှည်ရှည်အလောင်းကောင်၏ နံဘေးမှ ကျန်းချန် ဖြတ်သွားစဥ်တွင် ထိုအလောင်းကောင်ထံမှ မပျက်စီးနိုင်သော စိတ်ဆန္ဒသည် ကျန်းချန်ဆီ ရုတ်တရက် သက်ရောက်လာခဲ့သောကြောင့်ပင်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်က တစ်ခဏအတွင်း ကွဲကွာသွားသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝ သီးခြားဖြစ်နေသော နေရာလွတ် တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
“ပျက်စီးစမ်း”
နောက်ထပ်တစ်ခဏတွင် အပြင်ဘက်မှ အလောင်းနှင့်တစ်ပုံစံတည်း တူသော ပုံရိပ်တစ်ခုသည် ပုဆိန်ကြီးကိုဝှေ့ယမ်းကာ ကျန်းချန်ကို ခုတ်ပိုင်းလိုက်သည်။
ကျန်းချန်က ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို လျင်မြန်စွာ ထုတ်ဖော်ကာ ထိုပုံရိပ်ကို လုံးဝ ချေမှုန်းပစ်လိုက်သည်။
ထိုပုံရိပ် ကျရှုံးသွားသည်နှင့်အမျှ ပတ်ဝန်းကျင် အခြေအနေသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပြီး ကျန်းချန်သည်လည်း ချောက်နက်ကြီးထဲသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။
သူ၏ နံဘေးရှိ အလောင်းကမူ ပြာပုံတစ်ခု အဖြစ်သို့ ထုံးစံအတိုင်း ပြောင်းလဲသွားခဲ့သည်။
“ကျန်းချန် ရှေ့ကို ဆက်သွားလို့မဖြစ်ဘူး.. မင်းရှေ့ဆက်သွားမယ်ဆိုရင် ဒီထက်ပိုပြီး သန်မာတဲ့ အလောင်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်.. ဒီအလောင်းတွေထဲမှာ ကျန်ရှိနေတဲ့ မပျက်စီးနိုင်တဲ့စိတ်ဆန္ဒတွေက အလိုအလျောက် နိုးကြွလာနိုင်စွမ်းရှိတယ်.. မင်းသာ ပိုပြီး အတွင်းဘက်ကျတဲ့ နေရာကို ဆက်သွားမယ်ဆိုရင် အန္တရာယ်ရှိလာမှာ ငါစိုးရိမ်မိတယ်”
မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်က အလျင်အမြန်ပင် ကျန်းချန်ကို သတိပေးလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
သို့သော်လည်း နန်းတော်ဝိညာဥ်၏ စကားကြောင့် ရပ်တန့်မသွားခဲ့ပေ။
ဆိုရလျှင် သူက ဝူရှင်းကို ကတိပေးထားခဲ့သည် ဖြစ်ရာ လမ်းတစ်ဝက်တွင် လှည့်ပြန်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ထို့အပြင် ဤအင်အားကြီး ကျင့်ကြံသူများ၏ အလောင်းကောင်ထဲရှိ မဖျက်ဆီးနိုင်သော စိတ်ဆန္ဒသည် အားမနည်းသော်လည်း ကျန်းချန်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်လောက်သည် အထိတော့ မသန်မာသေးပေ။
ကျန်းချန်က သူသွားရမည့်လမ်းကြောင်းကို အာရုံခံလိုက်ပြီးနောက် ရှေ့ဆက်သွားခဲ့ည်။
သို့ရာတွင် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ကျန်းချန်သည် လမ်းတစ်လျှောက်တွင် တွေ့ရသည့် အလောင်းတချို့ကို တတ်နိုင်သမျှ ရှောင်ကွင်း၍ သွားခဲ့သည်။
အလောင်းများ ထူထပ်လွန်းသည့် တချို့သော နေရာများတွင်မူ ရှောင်ကွင်း၍ မရနိုင်သဖြင့် ထိုအလောင်းများထဲရှိ မပျက်စီးနိုင်သော စိတ်ဆန္ဒများနှင့် ရင်ဆိုင်ကာ ချေမှုန်းခဲ့ရသည်။
ဤမပျက်စီးနိုင်သော စိတ်ဆန္ဒများသည် ဝိညာဥ်စွမ်းအားနှင့် အနည်းငယ် ဆင်တူလှ၏။
ကျန်းချန်၏ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဤမပျက်စီးနိုင်သော စိတ်ဆန္ဒများကို ချေမှုန်းနိုင်စွမ်းရှိ၍ ၎င်းတို့အနက် အများစုကို ကျန်းချန်သည် ဤစည်းတံဆိပ် တစ်ခုတည်းဖြင့်ပင် သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော်လည်း ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ကျန်းချန် တွေ့ရသော အလောင်းကောင်များ၏ ခန္ဓာကိုယ်တွင်းရှိ မပျက်စီးနိုင်သော စိတ်ဆန္ဒများသည် ပို၍ သန်မာလေလေဖြစ်သည်။
အချို့သော အလွန်တရာ အစွမ်းထက်သည့် မပျက်စီးနိုင်သော စိတ်ဆန္ဒများနှင့် ရင်ဆိုင်ရသောအခါတွင် ကျန်းချန်သည် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ် တစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲ အစွမ်းကုန် ကြိုးစား၍ ရင်ဆိုင်ပြီးမှသာ ချေမှုန်းနိုင်ခဲ့သည်။
“ဒီအတိုင်းဆို ဝူရှင်း ပြောတဲ့အလောင်းကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်တော့မယ်”
ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤရှေးဟောင်းကျင့်ကြံသူများ၏ အလောင်းကောင်များထဲတွင် ကျန်ရှိနေသည့် မပျက်စီးနိုင်သော စိတ်ဆန္ဒများသည် ပို၍ သန်မာလာနေပြီ ဖြစ်ရာ သူကိုယ်တိုင်ပင်လျှင် တောင့်ခံရန် ခက်ခဲလာခဲ့သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သွေးရောင် သင်္ကေတ၏ လမ်းညွှန်ချက်အတိုင်း ဆက်လက် ရွေ့လျားခဲ့သည်။
မကြာမီမှာပင် သူ၏ ရှေ့တွင် သွေးရောင်ပုံရိပ် တစ်ခုသည် ဓားတစ်လက်ကို ကိုင်ဆွဲကာ ဝင့်ကြွားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသွေးရောင်ပုံရိပ်ထံကနေ ပြင်းထန်လှသည့် စိတ်ဆန္ဒ တစ်ခုပျံ့နှံ့နေခဲ့ပြီး ယင်းသည် သူ၏ စိတ်နှလုံးကိုပင် အကြောင်းပြချက်မရှိ အေးစက်သွားစေခဲ့သည်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ မပျက်စီးနိုင်တဲ့စိတ်ဆန္ဒလဲ.. ဒီအလောင်းရဲ့ မပျက်စီးနိုင်တဲ့ စိတ်ဆန္ဒက ခန္ဓာကိုယ် အပြင်ဘက်ကိုတောင် ပျံ့လွင့်နေခဲ့ပြီ”
သွေးရောင်ပုံရိပ်ထံကနေ ထွက်ပေါ်လာသည့် မပျက်စီးနိုင်သော စိတ်ဆန္ဒများကို ခံစားမိလျှင် ကျန်းချန်၏ အမူအရာသည် တစ်ခဏအတွင်း လေးနက်သွားခဲ့သည်။
သူ၏ရှေ့မှ လူသည် မသေဆုံးမီက အလွန်တရာ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်လောက်၏။
“ကျန်းချန် မင်းရှေ့ကို ဆက်သွားလို့ မဖြစ်တော့ဘူး.. မင်းရှေ့ကလူက နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပဲ.. မင်းသာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အုပ်စိုးသူအဆင့်ကိုကျော်လွန်နေတဲ့ မပျက်စီးနိုင်တဲ့ စိတ်ဆန္ဒနဲ့တောင် ထိပ်တိုက်တွေ့နိုင်တယ်.. မင်းရဲ့ လက်ရှိအစွမ်းနဲ့သာ ဆိုရင် အုပ်စိုးသူအဆင့်ကျင့်ကြံသူရဲ့ မပျက်စီးနိုင်တဲ့ စိတ်ဆန္ဒနဲ့ တွေ့တာနဲ့ မင်း သေချာပေါက် သေဆုံးရလိမ့်မယ်”
နန်းတော်ဝိညာဥ်က စိုးရိမ်တကြီး သတိပေးလိုက်သည်။
“စီနီယာနန်းတော်ဝိညာဥ်.. ကျွန်တော့်ရဲ့ပန်းတိုင်ကို သိပ်မကြာခင် ရောက်တော့မှာပါ.. သတိထားပြီး သွားသရွေ့တော့ ပြဿနာအများကြီး မရှိနိုင်ပါဘူး”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် သူ၏ ရှေ့မှ အလောင်းကောင်ကို ရှောင်ကွင်းကာ ဆက်သွားရန် ကြံရွယ်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ ရှေ့မှ သွေးရောင်ပုံရိပ်သည် ရုတ်တရက် တောက်ပလာခဲ့ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသော စိတ်ဆန္ဒတစ်ခုသည် ကျန်းချန်ကို တစ်ခဏအတွင်းမှာပင် သက်ရောက်သွားခဲ့သည်။
ကျန်းချန်က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သွေးရောင်နေရာလွတ် တစ်ခုထဲသို့ ရောက်ရှိသွားခဲ့၏။
သူ၏ရှေ့တွင် သွေးရောင်ပုံရိပ်သည် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ထိုသွေးရောင်ပုံရိပ်သည် ယခင်က ကြုံတွေ့ခဲ့ရသော မပျက်စီးနိုင်သော စိတ်ဆန္ဒများကဲ့သို့ ကျန်းချန်ကို မတိုက်ခိုက်ခဲ့ပေ။
သူက ကျန်းချန်၏ ခန္ဓာကိုယ်ကို အကဲခတ်လိုက်ပြီး သံသယဖြစ်သော လေသံဖြင့် ပြောလိုက်သည်။
“မင်းက လူသားဧကရာဇ်ရဲ့ အဆက်အနွှယ်လား”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
သူ၏ ရှေ့ရှိ မပျက်စီးနိုင်သောစိတ်ဆန္ဒသည် ကိုယ်ပိုင်အသိစိတ် ရှိနေပြီး စကားပြောဆိုနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျန်းချန် ဘာစကားမှ မပြောနိုင်သေးခင်မှာပင် သွေးရောင်ပုံရိပ်ထံကနေ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့သည်။
“ပြင်ပစကြဝဠာ မပျက်စီးသေးသရွေ့တော့ ဒီမဟာကပ်ဘေးကြီးက ပြီးဆုံးဦးမှာမဟုတ်ဘူး.. မင်းက လူသားဧကရာဇ်ရဲ့အဆက်အနွှယ် ဖြစ်နေမှတော့ ငါမင်းကို ကူညီပေးရတာပေါ့”
မကြာမီမှာပင် သွေးရောင်ပုံရိပ်သည် ဆန်းကြယ်သော စွမ်းအင်တစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။
“ဒင်.. သင်က နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူရဲ့ မပျက်စီးနိုင်တဲ့ စိတ်ဆန္ဒကို စုပ်ယူပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင်က ဓားလမ်းစဥ်အရင်းအမြစ် စွမ်းအားကို ဆယ်ပုံတစ်ပုံနားလည်သွားခဲ့ပါပြီ”
သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်ကိုကြားလျှင် ကျန်းချန်သည် မှင်တက်သွားခဲ့ပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
ဤကဲ့သို့ မပျက်စီးနိုင်သည့် စိတ်ဆန္ဒများတွင် ၎င်းတို့ မသေဆုံးမီက မဟာလမ်းစဥ်ဆိုင်ရာ သိမြင်နားလည်မှုများ အမှန်တကယ် ပါဝင်နေပြီး ယင်းသည် သူ့ကို ဓားလမ်းစဥ်အရင်းအမြစ် နတ်စွမ်းအာများအား လျင်မြန်စွာ နားလည်စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် သူ့ရှေ့မှ အင်အားကြီးမားသော ကျင့်ကြံသူသည် ဓားလမ်းစဥ်ကို အထူးပြုသည့် ကျင့်ကြံသူ မဟုတ်သေးပေ။
အကယ်၍သာ ဓားလမ်းစဥ်ကို အထူးပြုသည့် အင်အားကြီးမားသော ကျင့်ကြံသူ တစ်ဦး၏ မပျက်စီးနိုင်သော စိတ်ဆန္ဒကိုသာ စုပ်ယူနိုင်ခဲ့လျှင် သူ၏ စွမ်းရည်သည် ပို၍ပင် လျင်မြန်စွာ တိုးတက်လာလိမ့်မည် မဟုတ်ပါလော။
“ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကျန်းမျိုးရိုးရဲ့ သွေးက ဒီနေရာမှာ ဒီလောက်အထိ အသုံးဝင်လာလိမ့်မယ်လို့ မထင်ထားမိဘူး”
ကျန်းချန်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဝူရှင်း သူ့ကို ပြောခဲ့သော စကား၏ အဓိပ္ပါယ်ကို အဆုံးသတ်၌ သူနားလည်သွားခဲ့သည်။
ဤနေရာသည် အခြားသူများအတွက် အလွန် အန္တရာယ်များသော်လည်း လူသားဧကရာဇ်၏ သွေးမျိုးဆက် ဖြစ်သည့် သူ့အတွက်မူ အမှန်တကယ်ပင် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလား။
နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ မပျက်စီးနိုင်သော စိတ်ဆန္ဒတစ်ခုသည်ပင် သူ၏ ဓားလမ်းစဥ် အရင်းအမြစ် နတ်စွမ်းအားကို ဆယ်ပုံတစ်ပုံ အထိ တိုးမြှင့်ပေးနိုင်ခဲ့သည်။
အကယ်၍ သူသာ နတ်ဘုရင် နဝမအဆင့်၏ မပျက်စီးနိုင်သောစိတ်ဆန္ဒနှစ်ခု သို့မဟုတ် သုံးခုနှင့် ထပ်မံ တွေ့ဆုံနိုင်ခဲ့လျှင် သူ၏ ဓားလမ်းစဥ် အရင်းအမြစ် နတ်စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားနိုင်ပြီး နတ်ဘုရင်အဆင့်ကို တစ်ထိုင်တည်းဖြင့် ထိုးဖောက်သွားနိုင်လိမ့်မည်ဖြစ်သည်။
ကျန်းချန်က အတော်လေး စိတ်လှုပ်ရှားလာခဲ့ပြီး နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ၏ အလောင်းကို ပတ်ဝန်းကျင်တွင် စတင် ရှာဖွေခဲ့သည်။
အလွန်လျင်မြန်စွာပင် မပျက်စီးနိုင်သော စိတ်ဆန္ဒတစ်ခု ပျံ့နှံ့နေသည့် အစွမ်းထက် ကျင့်ကြံသူတစ်ဦး၏ အလောင်းသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန်က ရှောင်ကွင်း မနေတော့ဘဲ သူ့ရှေ့မှ အလောင်းဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် နန်းတော်ဝိညာဥ်၏ စိုးရိမ်တကြီး စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင်ပဲ့တင်ထပ်လာခဲ့သည်။
“ကျန်းချန်.. မင်းက လူသားဧကရာဇ်ရဲ့ သွေးမျိုးဆက် ဖြစ်ရုံနဲ့ ဒီနေရာမှာ စိတ်ကြိုက် လျှောက်သွားလို့ရမယ် မထင်လိုက်နဲ့.. မင်းမျက်လုံးကို သေသေချာချာဖွင့်ပြီး ကြည့်ဦး.. မင်းရှေ့က လူက နတ်ဘုရားနယ်မြေက ကျင့်ကြံသူ မဟုတ်ဘူး”
အခန်း(၂၂၅၂)ပြီး၏။