← Chapters

အခန်း (၂၂၅၃-၂၂၅၄)

Vol. 166 Ch. 2253-2254

အခန်း (၂၂၅၃-၂၂၅၄)

Vol. 166 Ch. 2253-2254

အခန်း(၂၂၅၃)

“နတ်ဘုရားနယ်မြေက ကျင့်ကြံသူ မဟုတ်ဘူးလား”

ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏အရှေ့မှ အလောင်းကို ကြည့်လိုက်သည်။

ထိုအခါ အလောင်းကောင်၏ လက်ထဲရှိ အနည်းငယ်ဆန်းကြယ်သော ငွေရောင်လှံရှည်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ရှေ့မှ လူသည် အမှန်တကယ်ပင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ မဟုတ်ပေ။

သူက တစ်ခဏမျှ စိတ်လှုပ်ရှားသွားခဲ့သဖြင့် ဤနေရာတွင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများအပြင် အခြားသူများ ရှိသေးသည်ကို သတိမမူမိလုနီးပါး ဖြစ်သွားခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ခြေလှမ်းကို အမြန်ဆုတ်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော်လည်း သူ့ရှေ့မှ ကျင့်ကြံသူ၏ မပျက်စီးနိုင်သော စိတ်ဆန္ဒသည် နိုးထလာခဲ့ပြီ ဖြစ်ရာ သူ့အတွက် နောက်ဆုတ်ရန်မှာ အလွန်အမင်း နောက်ကျသွားခဲ့ချေပြီ။

အလွန်တရာ အားကောင်းသော မပျက်စီးနိုင်သည့် စိတ်ဆန္ဒသည် ကျန်းချန်ကို တိုက်ရိုက်ပင် လွှမ်းမိုးသွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်တစ်ခု ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

မိုးကြိုးဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျန်းချန်၏ ရှေ့တွင် ရှိနေခဲ့၏။

“လူသားဧကရာဇ်ရဲ့ သွေးမျိုးဆက်ပါလား.. သေစမ်း..”

မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်ကို ရက်စက်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်ပြီး သူ၏ လက်ထဲမှ ငွေရောင်လှံရှည်ကို ဝှေ့ယမ်းကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ထိုလူ၏ တိုက်ခိုက်မှုသည် အလွန်တရာ အားကောင်းပြီး ယွမ်ရှနှင့် အခြားသော နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူများ၏ အစွမ်းကုန် တိုက်ခိုက်မှုထက်ပင် မနိမ့်ကျပေ။

ထို့ကြောင့် ကျန်းချန်က အနည်းငယ်မျှပင် ပေါ့ဆဝံ့ခြင်း မရှိခဲ့ချေ။

သူက ရှေးဟောင်းရွှေရောင်ဓားကို နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် ပေါင်းစပ်လိုက်ပြီး မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း..”

လေထုထဲတွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ပုံရိပ်နှစ်ခုသည် ဆန့်ကျင်ဘက် လမ်းကြောင်းများ ဆီသို့ ပေထောင်ချီ အကွာအဝေးအထိ တစ်ပြိုင်နက် လွင့်စင်သွားခဲ့ကြသည်။

ဤရှေးဟောင်းစစ်မြေပြင်ရှိ အလောင်းကောင်များကနေ ပေါက်ဖွားလာသည့် မပျက်စီးနိုင်သော စိတ်ဆန္ဒများသည် တကယ်တမ်းတွင် နတ်ကုန်းမြေတိုက်ပေါ်ရှိ ကျင့်ကြံသူများ၏ စွမ်းအင်ကိုယ်ပွားများနှင့် အနည်းငယ် ဆင်တူလှ၏။

ယင်းက ထူးခြားသော နည်လမ်းတစ်ခုဖြင့် တည်ရှိနေသည့် စွမ်းအင်ခန္ဓာကိုယ် တစ်ခု ဆိုလည်းမမှားပေ။

သူ၏ရှေ့ရှိ မပျက်စီးနိုင်သော စိတ်ဆန္ဒသည် ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးနောက်တွင် သိသိသာသာပင် မှိန်ဖျော့သွားခဲ့သည်။

ကျန်းချန်က မပျက်စီးနိုင်သော စိတ်ဆန္ဒကို အနားယူရန် အခွင့်အရေးပင် လုံးဝမပေးခဲ့ပေ။

သူက လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းကာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ပထမဓားကွက်ဖြစ်သော လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ဖြင့် မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။

သူ၏ ဓားကွက်သည် မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ခုခံရန်ပင် အခွင့်အရေး လုံးဝမပေးဘဲ ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ထက်ဝက်ခန့် အားနည်းသွားခဲ့သည်။

“မင်းက ဘယ်လိုလုပ်ပြီး ဒီလိုဓားသိုင်းမျိုး တတ်နေရတာလဲ”

မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

သူ၏ စကားမဆုံးခင်မှာပင် ကျန်းချန်သည် နောက်ထပ် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရာ မိုးကြိုးဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လုံးဝချေမှုန်း ခံလိုက်ရသည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ အသိစိတ်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူ၏ အရှေ့မှ အလောင်းကောင်ကမူ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

သူ၏ မျက်နှာသည်လည်း အနည်းငယ် ဖြူဖျော့နေခဲ့၏။

ဤအတိုင်းဆိုလျှင် သူ့အနေဖြင့် နောက်ပိုင်းတွင် ပို၍ သတိထားရတော့မည် ဖြစ်သည်။

ဤပြင်ပစကြဝဠာမှ ကျင့်ကြံသူသည် အနည်းဆုံး နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဥ်နိုင်ပြီး ၎င်းကျန်ရစ်ခဲ့သော မပျက်စီးနိုင်သည့် စိတ်ဆန္ဒသည် အမှန်တကယ်ပင် ချေမှုန်းရန် မလွယ်ကူလှပေ။

ပြင်ပစကြဝဠာမှ ကျင့်ကြံသူများ၏ မပျက်စီးနိုင်သော စိတ်ဆန္ဒများသည် သူ့ကို မြင်သည်နှင့် မည်သို့မှ ညှာတာနေမည် မဟုတ်ချေ။

အကယ်၍ သူသာ ပို၍ သန်မာသော အ‌လောင်းကောင်နှင့်တွေ့ဆုံခဲ့လျှင် ထိုအလောင်းကောင်၏ ခန္ဓာကိုယ်ကနေ ပေါက်ဖွားလာသော မပျက်စီးနိုင်သော စိတ်ဆန္ဒသည် သူ့အပေါ်တွင် လွှမ်းမိုးနိုင်စွမ်းပင် ရှိနိုင်လောက်၏။

ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူကာ နေရာတွင်ပင် တင်ပျဥ်ခွေထိုင်လိုက်သည်။

ယင်းနောက် ဆေးလုံးများကို ထုတ်ယူကာ ခန္ဓာကိုယ်ထဲမှ ကုန်ခန်းသွားသော စွမ်းအင်များကို စတင် ဖြည့်ဆည်းလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး ရှေ့သို့ ဆက်လက် လျှောက်လာခဲ့သည်။

သို့ရာတွင် ကျန်းချန်သည် မည်သည့် ကျင့်ကြံသူများ၏ အလောင်းနှင့်မျှ မတွေ့ခဲ့ရပေ။

ယင်းမှာ ကျန်းချန် မှန်းဆထားသည်ထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။

ထိုအချိန်တွင် သူ၏ လက်ဖဝါးပေါ်မှ သွေးရောင် သင်္ကေတကနေ ထွက်ပေါ်နေသော အလင်းရောင်သည် ပို၍ပင် တောက်ပလာခဲ့သည်။

ဤသို့ဖြင့် ပေထောင်ချီ ရှေ့သို့ ခရီးဆက်လာပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်ဖဝါးပေါ်မှ သွေးရောင်သင်္ကေတ အလင်းရောင်က ယခင်ထက် ပို၍ တောက်ပလာသည်ကို ခံစားလိုက်ရသည်။

ကျန်းချန်က သွေးရောင်သင်္ကေတ၏ ညွှန်ကြားချက် အတိုင်းပင် သူ့ရှေ့ရှိ တစ်နေရာသို့ ဦးတည်၍ လျှောက်လာခဲ့၏။

ထိုအခါ သူ့ရှေ့ရှိ မီတာရာဂဏန်းခန့် အကွာအဝေးတွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦး၏ အလောင်းကို သူမြင်လိုက်ရသည်။

ထိုအနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး နေရာမှာပင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံဝတ် အမျိုးသားနှင့် ပေရာဂဏန်းခန့် အကွာအဝေးတွင် ရပ်နေသော်လည်း ကျန်းချန်သည် ထိုအမျိုးသား၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် မပျက်စီးနိုင်သော စိတ်ဆန္ဒကို ခံစားမိခဲ့သည်။

သူ့ရှေ့မှလူသည် နတ်ဘုရင် နဝမအဆင့်ထက်ပင် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေပုံရ၏။

တစ်နည်းအားဖြင့် ဆိုရလျှင် သူ၏‌ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။

ကျန်းချန်က သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို အကဲခတ်ကြည့်လိုက်သည်။

ထိုအခါ အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ မျက်နှာသည် ဝူရှင်းနှင့် တစ်ပုံစံတည်း တူညီနေသည်ကို ကျန်းချန်သည် လျင်မြန်စွာပင် သတိပြုမိသွားခဲ့သည်။

ဝူရှင်းအနေဖြင့် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေနှင့် ရှေးခေတ်ကာလက ကိစ္စများကို အဘယ်ကြောင့် ဤမျှအထိ သိရှိနေရသလဲ ဆိုသည်မှာ မထူးဆန်းတော့ပေ။

ကြည့်ရသည်မှာ ဝူရှင်းသည် သူ၏ ရှေ့မှ အုပ်စိုးသူအဆင့်ကျင့်ကြံသူနှင့် အလွန်တရာ နီးစပ်သော ပတ်သက်မှု ရှိနေလောက်၏။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။

သူ၏ အကြည့်သည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ညာဘက်လက်တွင် စွပ်ထားသော သွေးရောင်လက်စွပ် ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

ထိုလက်စွပ်သည် သူ၏လက်ဖဝါးပေါ်မှ သွေးရောင်သင်္ကေတနှင့် တုံ့ပြန်မှုရှိသော လက်စွပ် ဖြစ်ပြီး ဝူရှင်းက သူ့ကို ဤနေရာသို့ လာယူခိုင်းသော သိုလှောင်လက်စွပ် ဆိုလည်းမမှားပေ။

ဝူရှင်းအနေဖြင့် ထိုလက်စွပ်ကို ရရှိရန်အတွက် အဘယ်ကြောင့် ကြိုးစားခဲ့ရသည်မှာ မဆန်းတော့ပေ။

ဤသည်က ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦး၏ သိုလှောင်လက်စွပ် ဖြစ်သည်။

သို့ဖြစ်ရာ ထိုသိုလှောင်လက်စွပ်၏ တန်ဖိုးသည် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ တွေးနေစရာပင် မလိုပေ။

“ဟားဟား ဒီလောက်နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဒီသိုလှောင်လက်စွပ်ကို ပြန်လာယူမဲ့အချိန်အထိ နောက်ဆုံးတော့ ငါစောင့်နိုင်ခဲ့ပြီ.. ငါ့ကို ပိုပြီး အံ့အားသင့်စေတာက ဒီသိုလှောင်လက်စွပ်ကို ရအောင် အကူအညီပေးတဲ့သူက လူသားဧကရာဇ်ရဲ့ အဆက်အနွှယ်တစ်ယောက် ဖြစ်နေတာပဲ”

ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ လက်ထဲမှ လက်စွပ်ကို ကြည့်နေစဥ်မှာပင် အေးစက်စက်စကားသံ တစ်သံသည် ကျန်းချန်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို တအံ့တဩ စိုက်ကြည့်လိုက်သည်။

ဤအနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦး ဆိုသောဂုဏ်ပုဒ်နှင့် ထိုက်တန်လှသည်။

ထိုအမျိုးသား၏ ခန္ဓာကိုယ်ထဲမှ ပေါက်ဖွားလာသည့် မပျက်စီးနိုင်သော စိတ်ဆန္ဒသည် သူ့ကို နေရာလွတ်ထဲသို့ ကျရောက်သွားစေရန် မလိုအပ်ဘဲ တိုက်ရိုက် ဆက်သွယ်ကာ ပြောဆိုနိုင်စွမ်း ရှိနေခဲ့သည် မဟုတ်ပါ‌လား။

“စီနီယာ ကျွန်တော်က ဒီသိုလှောင်လက်စွပ်ကို ဝူရှင်းအတွက် လာယူတာပါ.. စီနီယာ အကူအညီပေးပါဦး”

ကျန်းချန်က သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး တရိုတသေ ပြောလိုက်သည်။

“ဟားဟား ငါနဲ့သူက တစ်သားတည်းပဲလေ.. ဒ့ါအပြင် ဒါက မူလကတည်းက သူ့ရဲ့ ပိုင်ဆိုင်မှုပဲ.. မင်းက သူပိုင်ဆိုင်တဲ့အရာကို ပြန်လည်ရရှိအောင် အကူအညီပေးနေတယ် ဆိုတာ ငါနားလည်ပြီးသားပါ”

အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ စကားဆုံးသည်နှင့် သူ၏ ညာဘက်လက်တွင် စွပ်ထားသော သွေးရောင်လက်စွပ်သည် သွေးရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ မျက်နှာရှေ့သို့ ပျံသန်းလာခဲ့သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ကျန်းချန်က သိုလှောင်လက်စွပ်ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို ဂါဝရပြုလိုက်သည်။

“နတ်ဘုရားနယ်မြေရဲ့အနာဂတ်က မင်းအပေါ်မှာပဲ မူတည်တော့တယ်.. မင်းက လူသားဧကရာဇ်ရဲ့ အဆက်အနွှယ် ဖြစ်နေမှတော့ ဒီနေ့ ငါမင်းကို အကူအညီပေးလိုက်မယ်.. သိုလှောင်လက်စွပ်ကို သူရရှိသွားပြီ ဆိုတော့ ငါ့ရဲ့ စိတ်ဆန္ဒက ဒီနေရာမှာ ဆက်ရှိနေလည်း ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး”

အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ စကားဆုံးသည်နှင့် ၎င်း၏ ခန္ဓာကိုယ်ထဲမှ မပျက်စီးနိုင်သော စိတ်ဆန္ဒသည် အနက်ရောင်အလင်းတန်း တစ်ခုအဖြစ်သို့‌ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် စနစ်ထံမှ သာယာသော အချက်ပေးသံသည် ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

“ဒင်.. သင်က ဖျက်ဆီးခြင်းလမ်းစဥ် အုပ်စိုးသူရဲ့ မပျက်စီးနိုင်တဲ့ စိတ်ဆန္ဒကို စုပ်ယူပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင့်ရဲ့ ဓားလမ်းစဥ်အရင်းအမြစ် နတ်စွမ်းအားက ပြီးပြည့်စုံတဲ့ အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ”

အခန်း(၂၂၅၃)ပြီး၏။

အခန်း(၂၂၅၄)

စိတ်ထဲတွင် စနစ်၏ သတိပေးချက် ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ ပြီးပြည့်စုံသော အဆင့်သို့ရောက်ရှိသွားသော ဓားလမ်းစဥ်အရင်းအမြစ် နတ်စွမ်းအားသည် နတ်ဘုရင်ကပ်ဘေးကို ဆွဲဆောင်ရန် အသင့် ဖြစ်နေခဲ့သည်။

နတ်ဘုရင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသည်နှင့် ကျန်းချန်သည် နတ်ဘုရင်လမ်းစဥ်ကို စုစည်းနိုင်ပြီး စစ်မှန်သော နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ပေမည်။

သို့သော်လည်း ဤအချိန်တွင် ကျန်းချန်သည် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ရန် မရွေးချယ်ခဲ့ဘဲ နတ်ဘုရင်ကပ်ဘေးအား ဆင့်ခေါ်တော့မည့် ဓားလမ်းစဥ် အရင်းအမြစ်နတ်စွမ်းအားကို အတင်းအကျပ်ပင် ပြန်လည်ဖိနှိပ်လိုက်သည်။

မည်သို့ပင် ဆိုစေကာမူ နတ်ဘုရင်ကပ်ဘေး၏ လှုံ့ဆော်မှုသည် အလွန်တရာပင် ကြီးမားလှ၏။

သူ၏ အတိတ်မှ အဆင့် ထိုးဖောက်မှု အတွေ့အကြုံများအရ နတ်ဘုရင်ကပ်ဘေးကို အလွယ်တကူ ကျော်ဖြတ်နိုင်မည် ဖြစ်သော်လည်း ကျန်းချန်သည် ယခုအချိန်တွင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ရန် အစီအစဥ် မရှိခဲ့ပေ။

နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အလယ်ဗဟိုရှိ ရှေးဟောင်းစစ်မြေပြင်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နယ်မြေ ဖြစ်ရာ ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုများကို ဆွဲဆောင်မိနိုင်ခြေ ရှိ၏။

ထို့အပြင် နတ်ဘုရင်ကပ်ဘေး ဆိုသည်မှာ သူ့အတွက် အားကောင်းသော ဝှက်ဖဲတစ်ခု ဖြစ်ရာ အရေးကြီးသော အချိန်တွင် အသုံးပြုလျှင် မမျှော်လင့်ထားသော ရလဒ်များကို ဖန်တီးနိုင်လိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က သူ၏ ခန္ဓာကိုယ်ထဲမှ ဓားလမ်းစဥ်အရင်းအမြစ် နတ်စွမ်းအားကို ဖိနှိပ်လိုက်သည့် အချိန်မှာပင် သူ၏ ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ အလောင်းသည် ရုတ်တရက် ပြိုလဲသွားခဲ့ပြီး မြေပြင်ပေါ်တွင် ကြေမွသွားခဲ့သည်။

ဤအချင်းအရာကို မြင်လျှင် ကျန်းချန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချမိလိုက်သည်။

ရှေးဟောင်းစစ်မြေပြင်ရှိ အလောင်းများသည် ခန္ဓာကိုယ်ထဲတွင် ပေါက်ဖွားလာသည့် မပျက်စီးနိုင်သော စိတ်ဆန္ဒကြောင့်သာ ပုပ်သိုးမသွားဘဲ ယခုအချိန်အထိ တည်ရှိနေနိုင်သည်မှာ ထင်ရှားနေခဲ့၏။

မပျက်စီးနိုင်သော စိတ်ဆန္ဒ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ အလောင်း ဖြစ်နေလျှင်ပင် အဆုံးသတ်၌ မြေမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။

အကယ်၍ ထာဝရအသက်ရှင်လိုပြီး မပျက်မစီး တည်ရှိလိုလျှင် ဒဏ္ဍာရီလာ အင်မော်တယ်အဆင့်သို့ ရောက်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။

သို့သော်လည်း အင်မော်တယ်အဆင့် ဆိုသည်မှာ မဖြစ်နိုင်လွန်းသော အဆင့် ဖြစ်သည်။

ရှေးခေတ်ကာလများတွင်ပင် နတ်ကုန်းမြေတိုက်ကြီး၌ မရေမတွက်နိုင်သော ပါရမီရှင်များ ထွက်ပေါ်လာခဲ့သော်လည်း ဒဏ္ဍာရီလာ အင်မော်တယ်အဆင့်သို့ မည်သူ တစ်ဦးတစ်ယောက်မျှ ခြေချနိုင်ခဲ့သည်ဟု သူ မကြားဖူးချေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။

ထို့နောက်တွင် ကြေမွသွားသော အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ အလောင်းကို ဂါဝရပြုကာ လှည့်ထွက်လာခဲ့သည်။

ယခုအခါ သူက ဝူရှင်းအတွက် သိုလှောင်လက်စွပ်ကို ရရှိခဲ့ပြီဖြစ်သလို ရှေးဟောင်း စစ်မြေပြင်ကနေ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့ပြီ ဖြစ်ရာ ဆက်လက် စူးစမ်းနေရန် ရည်ရွယ်ချက် မရှိတော့ပေ။

အစောပိုင်းက အနက်ရောင်ဝတ်စုံဝတ် အမျိုးသားမှ တစ်ဆင့် ကျန်းချန်သည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ မပျက်စီးနိုင်သော စိတ်ဆန္ဒက မည်မျှအထိ အစွမ်းထက်ကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။

အကယ်၍ အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ မပျက်စီးနိုင်သော စိတ်ဆန္ဒကသာ သူ့ကို တိုက်ရိုက် တိုက်ခိုက်လာခဲ့လျှင် သူ့အနေဖြင့် မည်သည့် ခုခံမှုကိုမှ ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

သူက နတ်ဘုရင်အဆင့်သို့ ထိုးဖောက်သွားခဲ့လျှင်ပင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ မပျက်စီးနိုင်သော စိတ်ဆန္ဒနှင့် ရင်ဆိုင်ရလျှင် အနိုင်ရရှိရန် မသေချာချေ။

နတ်ဘုရားနယ်မြေမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူများ၏ မပျက်စီးနိုင်သော စိတ်ဆန္ဒများနှင့် တွေ့ဆုံလျှင် ပြဿနာမရှိသော်လည်း အုပ်စိုးသူအဆင့် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်သော ပြင်ပစကြဝဠာမှသူများ၏ မပျက်စီးနိုင်သော စိတ်ဆန္ဒများဖြင့်သာ တွေ့ဆုံခဲ့လျှင် အကျိုးဆက်သည် မှန်းဆ၍ပင် မရပေ။

ထို့ကြောင့် ကျန်းချန်သည် ဘေးကင်းစေရန် အတွက် ဆက်လက် မသွားတော့ဘဲ လာရာလမ်းအတိုင်းပင် ချောက်နက်ကြီး၏ အစွန်းသို့ ပြန်လာခဲ့ပြီးမှ လေထဲသို့ ခုန်တက်ကာ ချောက်နက်ကြီး၏ အထက်သို့ ပျံသန်းခဲ့သည်။

အပေါ်ကနေ အောက်ဘက်သို့ ဆင်းလာခဲ့သည့် အတွေ့အကြုံရှိထားသဖြင့် ကျန်းချန်သည် ယခင်ကကဲ့သို့ အလွန်အမင်းသတိထားနေစရာ မလိုတော့၍ ယခုတစ်ကြိမ်တွင် သူ၏ အရှိန်အဟုန်သည် ပို၍ မြန်ဆန်နေခဲ့သည်။

နာရီဝက်မပြည့်မီမှာပင် ကျန်းချန်သည် ချောက်နက်ကြီး၏ အောက်ခြေကနေ ပျံသန်း၍ ထွက်လာနိုင်ခဲ့ပြီး ဝူရှင်း ရှိနေသည့် တောင်ထိပ်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

တောင်ပေါ်တွင် မျက်လုံးမှိတ်ကာ တင်ပျဥ်ခွေထိုင်နေသော ဝူရှင်းသည် ဤအခိုက်အတန့်တွင် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။

“ညီနောင်ဝူရှင်း.. မင်းပေးအပ်တဲ့ တာဝန်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပြီ.. ဒါက မင်းငါ့ကို ယူခိုင်းတဲ့ သိုလှောင်လက်စွပ်ပဲ”

ကျန်းချန်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သွေးရောင်သိုလှောင်လက်စွပ်သည် ဝူရှင်း၏ ရှေ့သို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။

သူ၏ရှေ့ရှိ သိုလှောင်လက်စွပ်ကို ဖမ်းယူလိုက်ပြီးနောက်တွင် အမြဲတစေ အေးဆေးတည်ငြိမ်သော ဝူရှင်း၏ မျက်ဝန်းများ၌ အဆုံးသတ်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

မဟာကပ်ဘေးကြီး ကျရောက်လာစဥ်က ဝူရှင်းသည် သူ့ကိုယ်သူ ကျဆုံးတော့မည်ဟု ကြိုတင်သိထားသဖြင့် အစီအစဥ်များပြုလုပ်ခဲ့သည်။

သူက ဤမပျက်စီးနိုင်သော သိုလှောင်လက်စွပ်ကို ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်သောကျောက်တုံးများဖြင့် ဖန်တီးခဲ့ပြီး သူ၏ တစ်သက်တာ ကြိုးပမ်းအားထုတ်မှု မှန်သမျှကို ဤသိုလှောင်လက်စွပ်ထဲတွင် ချိတ်ပိတ်၍ ထည့်ထားခဲ့သည်။

နောက်ပိုင်းတွင် သူသည် နတ်ဘုရားနယ်မြေ ပြင်ပရှိ အခြားစကြဝဠာမှ ကျင့်ကြံသူတစ်ဦးနှင့် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရခဲ့သည်။

သူဒဏ်ရာရပြီး သေလုနီးပါး ဖြစ်နေချိန်တွင် ရှေးဟောင်းပြန်လည်ဝင်စားခြင်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ လူပြန်ဝင်စားရန် ရွေးချယ်ခဲ့သည်။

သူက ဘဝပေါင်း မရေမတွက်နိုင်အောင် ဖြတ်သန်းခဲ့ရ‌သော်လည်း သူ၏ မှတ်ဥာဏ်များကို မနှိုးနိုင်ခဲ့ပေ။

ယခု ဘဝ‌ရောက်မှသာ သူ၏ ရှေးခေတ်ကာလမှ မှတ်ဥာဏ်များသည် နိုးထလာခဲ့ပြီး သူ့ကိုယ်သူ မည်သူမည်ဝါမှန်း သိရှိလာခဲ့သည်။

သူက ရှေးခေတ်ကာလတွင် ဖျက်ဆီးခြင်း လမ်းစဥ်ကို အထူးပြုသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ယင်းကြောင့်လည်း သူက ဤနေရာသို့ လာရောက်ပြီး သူချန်ထားရစ်ခဲ့သော သိုလှောင်လက်စွပ်ကို ရယူရန် ကြိုးစားခဲ့ခြင်းပင်။

ထိုသိုလှောင်လက်စွပ်ဖြင့်သာ ဆိုလျှင် သူက နတ်ဘုရင် နဝမအဆင့်သို့ လျင်မြန်စွာ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပါလား။

ဆိုရလျှင် နတ်ဘုရင် နဝမအဆင့်ကို ကျော်ဖြတ်ကာ ဖျက်ဆီးခြင်းလမ်းစဥ်ကို အထူးပြုသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ပြန်ဖြစ်လာရန်မှာ သူ့အတွက် မဖြစ်နိုင်သော အရာ မဟုတ်ပေ။

“ကျန်းချန်.. မင်းရဲ့ကျေးဇူးကို ငါ မှတ်ထားပ့ါမယ်”

ဝူရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါ ဒီမှာ တစ်ခဏလောက်တော့ ကျင့်ကြံလိုက်ဦးမယ်.. မင်းထွက်သွားချင်ရင် ထွက်သွားလို့ရပြီ”

ဤနတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ ဗဟိုဧရိယာသည် ကျင့်ကြံရန်အတွက် အမှန်တကယ် ကောင်းမွန်သော နေရာဖြစ်သည်။

သို့သော်လည်း သူက နတ်ဘုရားနယ်မြေတွင် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသဖြင့် ဤနေရာတွင် ကျင့်ကြံနေရန်မှာ မဖြစ်နိုင်ပေ။

“ဒါဆိုလည်း ကျွန်တော်တို့ နောက်မှပဲ ပြန်ဆုံတွေ့ကြတာပေါ့ ညီနောင်ဝူရှင်း”

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ဝူရှင်းကို ဂါဝရပြုကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

“ကျန်းချန်.. အုပ်စိုးသူအဆင့် ကျဆုံးခဲ့တယ်ဆိုတဲ့ စမ်းချောင်းကို ရောက်ရင် မင်းသတိထားရမယ်.. အဲဒီနေရာက အုပ်စိုးသူအဆင့်ကျင့်ကြံသူ ကျဆုံးခဲ့တဲ့နေရာလို့ ဆိုကြပေမဲ့ နတ်ဘုရားနယ်မြေရဲ့ အုပ်စိုးသူအဆင့် ကျဆုံးခဲ့တဲ့နေရာ မဟုတ်ဘူးလို့ ငါခံစားနေရတယ်”

ဤအချိန်တွင် ဝူရှင်းသည် စမ်းချောင်း၏ အခြေအနေကို စဥ်းစားမိသွားပြီး ကျန်းချန်အတွက် စိုးရိမ်သဖြင့် သတိပေးလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

သူက ဝူရှင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

“ညီနောင်ဝူရှင်း.. ရှေးခေတ်ကာလက မဟာကပ်ဘေးကြီးအတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာသိလား.. နတ်ဘုရားနယ်မြေရဲ့ အပြင်ဘက်က ကျင့်ကြံသူတွေက ဘယ်နေရာကနေ ‌ရောက်လာကြတာလဲ”

“ကမ္ဘာလောကကြီးက မင်းစိတ်ကူးထားတာထက် အများကြီးပိုပြီး ကျယ်ပြောတယ်.. ပိုမြင့်တဲ့အဆင့်တစ်ခုမှာ ရပ်တည်နိုင်မှပဲ ပိုပြီး ဝေးလံတဲ့ မြင်ကွင်းတွေကို မြင်နိုင်လိမ့်မယ်.. နတ်ဘုရားနယ်မြေက မရေမတွက်နိုင်တဲ့ နယ်မြေတွေနဲ့ ဖွဲ့စည်းထားတဲ့ စကြဝဠာတစ်ခုပဲ.. နတ်ဘုရားနယ်မြေရဲ့ အပြင်ဘက်မှာလည်း နတ်ဘုရားနယ်မြေလို စကြဝဠာပေါင်း မရေမတွက်နိုင်အောင် ရှိနေသေးတယ်"

"ပြောရရင် ရှေးခေတ်ကာလက မဟာကပ်ဘေးကြီးက နတ်ဘုရားနယ်မြေရဲ့ ပြင်ပက တခြား စကြဝဠာရဲ့ ကျူးကျော်မှုကို ခံခဲ့ရတာပဲ”

ထိုစကားကိုပြောရင်း ဝူရှင်း၏ မျက်ဝန်းထဲတွင် အလွန်တရာ လေးနက်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ကျန်းချန်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဝူရှင်းကို ပြောလိုက်၏။

“နတ်ဘုရားနယ်မြေကို ကျူးကျော်လာတဲ့ တခြားစကြဝဠာက အင်အားစုက အဲဒီလောက် အထိတောင် သန်မာတယ်လား”

ရှေးခေတ်ကာလက မဟာကပ်ဘေးကြီးတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူများပင် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။

ထိုအချက်ကိုကြည့်လျှင် တိုက်ပွဲက မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမည်မှာ ‌တွေးကြည့်နေစရာပင် မလိုပေ။

“နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေက ကိုယ်ခံပညာရပ်တွေကို ကျင့်ကြံကြတယ်.. ဒါပေမဲ့ ကျူးကျော်လာတဲ့ တခြားစကြဝဠာက လူတွေကတော့ အင်မော်တယ်လမ်းစဥ်ကို ကျင့်ကြံကြတယ်.. သူတို့ကို အင်မော်တယ် ကျင့်ကြံသူလို့လည်း ခေါ်ဆိုကြတယ်.. အဲဒီကျင့်ကြံသူတွေထဲက အုပ်စိုးသူအဆင့်နဲ့ နှိုင်းယှဥ်နိုင်တဲ့သူတွေကို သူတို့က မဟာယာနအဆင့် လို့ သတ်မှတ်ကြပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့်တူ အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေထက် တစ်ဆင့်ပိုပြီး မြင့်မားတယ်"

"ငါ့အမြင်တော့ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့တယ် ဆိုတဲ့စမ်းချောင်းက မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးခဲ့တဲ့နေရာပဲ.. အင်မော်တယ် ကျင့်ကြံသူတွေက အင်မတန်အစွမ်းထက်တဲ့ မှော်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်.. သူတို့ရဲ့နည်းစနစ်တွေက မှန်းဆလို့တောင်မရဘူး.. မင်းအနေနဲ့ တတ်နိုင်သရွေ့ နတ်ကုန်းမြေတိုက်က ကျင့်ကြံသူတွေကို တားဆီးနိုင်ရင်တော့ အကောင်းဆုံးပဲ.. မဟုတ်ရင်တော့ အကျိုးဆက်က အတော်လေး ဆိုးရွားသွားလိမ့်မယ်”

ဝူရှင်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မချိပြုံး ပြုံးလိုက်မိသည်။

အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့သည့် နေရာ ဟူသောသတင်းသည် နတ်ကုန်းမြေတိုက် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်ရာ ထိုစမ်းချောင်းနေရာသည် အင်အားကြီးမားသောကျင့်ကြံသူများစွာကို လာရောက်ရန် ဆွဲ‌ဆောင်ပြီးသား ဖြစ်နေခဲ့သည်။

ဆိုရလျှင် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများပင်လျှင် ပေါ်လာနိုင်ခြေ ရှိ၏။

သူ့လို ကောင်းကင်အရှင်တစ်ပါးက ထိုလူများကို မည်ကဲ့သို့ တားနိုင်ပါမည်နည်း။

“ညီနောင်ဝူရှင်း သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ငါ့ကို သွားခွင့်ပြုပါဦး”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဝူရှင်းကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေမှ စမ်းချောင်း၏ အခြေအနေသည် သူထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။

ယခု သူလုပ်ဆောင်နိုင်သည်မှာ ထိုစမ်းချောင်းဆီသို့ အရင်သွားပြီး ဖြစ်လာသမျှကို တစ်ဆင့်ချင်း ရင်ဆိုင်သွားရန်သာ ရှိတော့၏။

အခန်း(၂၂၅၄)ပြီး၏။

All Chapters