အခန်း (၂၂၅၅-၂၂၅၆)
Vol. 166 Ch. 2255-2256
အခန်း(၂၂၅၅)
နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာတွင် အဆုံးမဲ့ ရှေးဟောင်းတောင်တန်းများ ရှိနေခဲ့သည်။
ကျန်းချန်သည် အရှိန်အဝါ တုပ ပြောင်းလဲခြင်း ပညာရပ်ကို အသုံးပြုကာ သူ၏ အရှိန်အဝါကို ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမံများနှင့် တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်၍ တောင်တန်းနှင့် တောအုပ်များကို လျင်မြန်စွာ ဖြတ်သန်းသွားလာခဲ့သည်။
သူက ဤတောင်တန်းထဲသို့ ဝင်ရောက်လာခဲ့သည်မှာ အတော်အတန် ကြာမြင့်ခဲ့ပြီဖြစ်ရာ ကျင့်ကြံသူများ၏ လက်ရှိအခြေအနေက မည်ကဲ့သို့ ရှိနေမည်ကို သူမသိပေ။
မည်သို့ပင်ဖြစ်စေကာမူ သူ့အနေဖြင့် အစွမ်းကုန် ကြိုးစား၍ ကျင့်ကြံသူများကို တားဆီးရပေလိမ့်မည်။
ဆိုရလျှင် နတ်ဘုရားသင်္ချိုင်း စမ်းချောင်းထဲတွင် ကျဆုံးသွားခဲ့သော ကျင့်ကြံသူသည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူမဟုတ်ဘဲ အခြားစကြဝဠာမှ မဟာယာန ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
ထိုအင်မော်တယ် ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေကို ကျူးကျော်လာခဲ့ကြသူများ ဖြစ်ရာ နတ်ဘုရားနယ်မြေ၏ ရန်သူတော်များ ဆိုလည်း မမှားပေ။
၎င်းတို့က နတ်ဘုရားနယ်မြေတွင် ကျဆုံးခဲ့လျှင်ပင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများအတွက် အဖိုးတန် ရတနာများကို အဘယ်ကြောင့် ချန်ထားရစ်ခဲ့ပါမည်နည်း။
ဝူရှင်း၏ သတိပေးမှုကို ပြန်တွေးမိလျှင် ကျန်းချန်၏ စိတ်နှလုံးထဲတွင် မကောင်းသော ခံစားချက်ကို ခံစားမိလိုက်သည်။
နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် မဟာယာန ကျင့်ကြံသူ၏ ရတနာကို မက်မောနေလျှင် ဆိုးရွာသော အကျိုးဆက်တစ်ခုကို သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
ကျန်းချန်က အတွေးနက်နေစဥ်မှာပင် သူ၏ရှေ့ရှိ မီတာရာပေါင်းများစွာ အကွာကနေ စွမ်းအင်လှိုင်း လှုပ်ခတ်မှုများကို ခံစားမိလိုက်သည်။
ထို့ကြောင့် ကျန်းချန်က ထိုစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေပုံရပြီး ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ ထိုတိုက်ပွဲကနေ ရင်းနှီးသောအရှိန်အဝါ တစ်ခုကို ခံစားမိလိုက်ခြင်း ဖြစ်သည်။
ကျန်းချန်၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင် တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
သူက နတ်ကုန်းမြေတိုက်ပေါ်ရှိ ကျင့်ကြံသူများနှင့် သိပ်မသိပေ။
အထူးသဖြင့် အလယ်ပိုင်းဒေသတွင် သူနှင့် တွေ့ဆုံဖူးသူသည် အလွန်တရာ နည်းပါးလှ၏။
သို့ဖြစ်ရာ သူနှင့် ရင်းနှီးသူတစ်ဦးသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာဆီ မည်ကဲ့သို့ ရောက်နေနိုင်ပါအံ့နည်း။
ကျန်းချန်က ချက်ချင်းဆိုသလိုပင် ထိုစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည့် နေရာသို့ တိုက်ရိုက်ပင် ပြေးထွက်သွားခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့၏။
တောင်ထိပ်ပေါ်တွင် ဆံပင်ရွှေရောင်နှင့် လူငယ်တစ်ဦးသည် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိသော လူတစ်စု၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်။
ထိုဆံပင်ရွှေရောင်နှင့် လူငယ်သည် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နေခဲ့ပြီး မျက်နှာကလည်း အလွန်အမင်း ဖြူဖျော့နေခဲ့သည်။
ကျန်းချန်က ထိုရွှေရောင်ဆံပင်နှင့် လူငယ်ကို မြင်လျှင် အံ့အားသင့်သွားခဲ့သည်။
“ဖုန်းယန်ပါလား”
သူ့ရှေ့မှ ရွှေရောင်ဆံပင်နှင့် လူငယ်သည် ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သော ဖုန်းယန်ဖြစ်နေလိမ့်မည်ဟု ကျန်းချန် ထင်မထားခဲ့ပေ။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်တွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် ရှုံးနိမ့်သွားခဲ့ပြီး ကျန်းဝူကောင်းကင်နယ်မြေဆီ ထွက်ပြေးခဲ့ကြရသည်။
ဆိုရလျှင် ဖုန်းယန်သည် ကျန်းဝူကောင်းကင်နယ်မြေတွင်သာ ရှိနေသင့်သူ ဖြစ်၏။
၎င်းက နတ်ကုန်းမြေတိုက်ကို မည်သည့်အချိန်က ရောက်ရှိလာပြီး နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာအထိပင် အဘယ်ကြောင့် လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရပါသနည်း။
“မင်းပြေးလို့ မလွတ်တော့ဘူး.. လိမ်လိမ်မာမာနဲ့ အဖမ်းခံလိုက်စမ်း”
ကျန်းချန် စိတ်ထဲတွင် အံ့အားသင့်နေစဥ်မှာပင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ အေးစက်စက် ကြုံးဝါးသံသည် လေထုထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ဖုန်းယန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။
သူ၏ မျက်ဝန်းများက ခက်ထန်နေခဲ့၏။
“တောင်ပံနတ်ခွန်ပန်မျိုးနွယ်စု.. ငါ ဖုန်းယန်သာ ဒီနေ့ မသေခဲ့ရင် မင်းတို့ကို နတ်ကုန်းမြေတိုက်ကနေ အမြစ်ပြတ် ချေမှုန်းပစ်မယ်လို့ ကျိန်ဆိုတယ်”
“ဟားဟား ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက အကြွင်းအကျန်ကောင်ကများ ဒီမှာလာပြီး လေလုံးထွားရဲနေသေးတယ်”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ မျက်နှာထားက အေးစက်သွားခဲ့ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“သူ့ကို ဖမ်းခေါ်ခဲ့ကြ”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ စကားအဆုံးမှာပင် တောအုပ်ထဲကနေ အေးစက်စက်အသံ တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မင်းတို့ သူ့ကို ထိချင်ရင် ငါသဘောတူ မတူ အရင်မေးရလိမ့်မယ်”
ရုတ်တရက် ထွက်ပေါ်လာသော အသံကိုကြားလျှင် တောင်ထိပ်ရှိ လူတိုင်းသည် အံ့အားသင့်သွားခဲ့သည်။
အစွမ်းကုန် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားသော ဖုန်းယန်၏ မျက်ဝန်းထဲတွင်ပင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကနေ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူက နတ်ကုန်းမြေတိုက်သို့ သိပ်မကြာခင်ကမှ ရောက်ရှိလာသည် ဖြစ်ရာ မည်သည့်မိတ်ဆွေမျှ မရှိပေ။
ဆိုရလျှင် ဤနေရာသည် လူသူမနီးသော နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာ ဖြစ်၍ မည်သူက သူ့ကို အကူအညီ ပေးနိုင်ပါမည်နည်း။
ဖုန်းယန် တစ်ယောက် အံ့ဩကာ ဝေခွဲမရ ဖြစ်နေစဥ်မှာပင် ပုံရိပ်တစ်ခုသည် သူ၏ ရှေ့၌ တစ္ဆေတစ်ကောင်နှယ် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“အစ်ကိုကျန်းချန်လား”
သူ၏ရှေ့မှ အလွန်တရာ ရင်းနှီးသောပုံရိပ်ကို မြင်လျှင် ဖုန်းယန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ မျက်နှာထက်၌ အလွန်တရာ ဝမ်းသာသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
တောင်ပံနက်ခွန်ပန်မျိုးနွယ်စု၏ လိုက်လံသတ်ဖြတ်မှုအောက်တွင် သူက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာထဲ အထိ ထိတ်လန့်တကြား ထွက်ပြေးလာစဥ် ကျန်းချန်နှင့် မထင်မှတ်ဘဲ ဆုံတွေ့လိမ့်မည်ဟု သူလုံးဝထင်မှတ်မထားခဲ့ပေ။
“ကောင်လေး မင်းဘယ်သူလဲ.. ဒါက ငါတို့ တောင်ပံနတ်ခွန်ပန်မျိုးနွယ်စုရဲ့ ကိစ္စပဲ.. မင်းဝင်မစွက်ဖက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားခဲ့၏။
“ငါဘယ်သူလဲဆိုတာ မင်းတို့ သိဖို့မလိုဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ နောက်မှ ဖုန်းယန်ကို ညွှန်ပြကာ အထက်စီးလေသံဖြင့် ပြောလိုက်သည်။
“မင်းတို့ သိထားရမှာက ဒီလူရဲ့အသက်ကို ငါကယ်မယ်ဆိုတာပဲ.. မင်းတို့ထဲက ဘယ်သူကမှ သူ့ကို ထိခွင့်မရှိဘူး”
ကျန်းချန်နှင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဆက်ဆံရေးသည် သာမန်မဟုတ်ပေ။
ထို့အပြင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုခေါင်းဆောင် ဖုန်းချီ သူ့ကို ပေးအပ်လိုက်သည့် ရွှေတောင်ပံနတ်လင်းယုန်၏ ကိုယ်ပွားသည် သူ့ကို မကြာသေးမီကပင် အကူအညီပေးခဲ့သည်။
ထိုစဥ်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို အကာအကွယ်ပေးမည်ဟု ရွှေတောင်ပံလင်းယုန်ကို သူက ကတိပေးခဲ့ဖူး၏။
ယခုအခါတွင် ဖုန်းယန်က တောင်ပံနက် ခွန်ပန်မျိုးနွယ်စု၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည်ဖြစ်ရာ ကျန်းချန်အနေဖြင့် မည်ကဲ့သို့ လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။
ကျန်းချန်၏ စကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ မျက်နှာသည် တစ်ခဏအတွင်းမှာပင် အလွန်တရာ ခက်ထန်သွားခဲ့သည်။
“ကောင်လေး ငါတို့ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုရဲ့ ကိစ္စက မင်းစွက်ဖက်ချင်တိုင်း စွက်ဖက်လို့ရတဲ့အရာမဟုတ်ဘူး.. အခုချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားမယ်ဆိုရင် မင်းအတွက် နောက်မကျသေးဘူး”
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာသည် လူသူမနီးသောနေရာ ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤနေရာသို့ တစ်ဦးတည်း ရောက်လာပုံထောက်လျှင် သာမန် မဟုတ်သည်မှာ သေချာ၏။
ထို့ကြောင့်လည်း အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ရုတ်တရက် ပေါ်ထွက်လာသော ကျန်းချန်နှင့် ရန်သူ မဖြစ်လိုခဲ့ပေ။
“ဟားဟား တောင်ပံနက်ခွန်ပန်မျိုးနွယ်စုက အဲဒီလောက်တောင် အစွမ်းထက်လို့လား.. မင်းတို့က တောင်ပံနက် ခွန်ပန်မျိုးနွယ်စုပဲဖြစ်ဖြစ်၊ ကောင်းကင်ခွန်ပန်မျိုးနွယ်စုပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. ငါကာကွယ်ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့လူကို ဘယ်သူကမှ ဆံချည်တစ်မျှင်လောက်တောင် ထိလို့ မရစေဘူး”
ကျန်းချန်က မထီမဲ့မြင်ပြုံးကာ လှောင်ရယ်လိုက်သည်။
“ကောင်းပြီလေ.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ မျက်နှာထားက အေးစက်သွားခဲ့ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုဝင် ခုနစ်ယောက်၊ရှစ်ယောက်ခန့်သည် ကျန်းချန်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြတော့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ မျက်နှာထားသည် တည်ငြိမ်မှု ရှိနေခဲ့သည်။
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်း ထောင်ချီသည် လေထုထဲတွင် ဓားကွန်ရက် အဖြစ်သို့ ပေါင်းစပ်သွားခဲ့ပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဝင် ခုနစ်ယောက်၊ရှစ်ယောက်ကို လုံးဝ လွှမ်းခြုံပစ်လိုက်သည်။
ယင်းနောက်တွင်မူ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုဝင် ခုနစ်ယောက်၊ရှစ်ယောက်ခန့်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဓားကွန်ရက်၏ ပိုင်းဖြတ်မှုကြောင့် သေဆုံးသွားခဲ့ကြသည်။
ကျန်းချန်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည့် တောင်ပံနက် ခွန်ပန်မျိုးနွယ်စုဝင် အများစုသည် သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့်သာ ဆိုလျှင် ထိုကဲ့သို့ ကောင်းကင်အရှင်အဆင့်ကို ရင်ဆိုင်ရခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်ရသကဲ့သို့ပင် ဘာမှမခက်ခဲပေ။
“မင်း.. မင်းဘယ်သူလဲ”
သူ့ရှေ့မှ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကိုမြင်လိုက်ရလျှင် ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုကောင်လေးအတွက် ကောင်းကင်အရှင် အဆင့် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို သတ်ဖြတ်ရသည်မှာ ကြက်ကလေး၊ ငှက်ကလေးကို သတ်ဖြတ်ရသကဲ့သို့ပင် လွယ်ကူလွန်းနေခဲ့သည်။
သူ့လို ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ပင်လျှင် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် အလွန်တရာ ခဲယဥ်းလှ၏။
သူ့အထင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းဆုံး ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့် ရှိနိုင်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းထဲမှ ပါရမီရှင်တစ်ဦး ဖြစ်နေနိုင်ခြေ အလွန်များသည်။
အခန်း(၂၂၅၅)ပြီး၏။
အခန်း(၂၂၅၆)
“ငါက မင်းတို့ တောင်ပံနက်ခွန်ပန်မျိုးနွယ်စု ရန်မစသင့်တဲ့သူပဲ”
ကျန်းချန်က အေးစက်စက် ရေရွတ်ပြီးသည်နှင့် လက်ညှိုးမှဓားစွမ်းအားကို ထုတ်ဖော်ကာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို ပစ်ခတ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားနှင့် ၎င်းရှိနေသည့် ပတ်ဝန်းကျင် နေရာလွတ်သည် လုံးဝပိတ်လှောင်ခံလိုက်ရပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် လက်ချောင်းများပင် လှုပ်ရှားရန် ခက်ခဲသွားခဲ့သည်။
“မသတ်ပါနဲ့”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက အလွန်အမင်း ထိတ်လန့်နေခဲ့ပြီး သူ၏ မျက်ခုံးနှစ်ခုကြားသို့ ကျန်းချန်၏ ဓားအလင်း ထိုးဖောက်ဝင်ရောက်သွားသည်ကို ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပေ။
ယင်းနောက်တွင်မူ အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့သည်။
“အစ်ကိုကျန်းချန်.. အခုလို အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ကျန်းချန်က တောင်ပံနက် ခွန်ပန်မျိုးနွယ်စုမှ လူများကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းလိုက်သည်အား မြင်လျှင် ဖုန်းယန်သည် ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
“ရပါတယ်ကွာ.. ငါ့ကို အားမနာစမ်းပါနဲ့”
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။
“ဖုန်းယန်.. မင်းဘယ်တုန်းက နတ်ကုန်းမြေတိုက်ကို ရောက်လာတာလဲ”
“ဘာလို့ တောင်ပံနတ်ခွန်ပန်မျိုးနွယ်စုရဲ့ လိုက်လံသတ်ဖြတ်တာကို ခံနေရတာလဲ”
ဖုန်းယန်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေမှ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သည်။
ထိုကြောင့် ဤနှစ်များအတွင်း သူ၏ စွမ်းရည်သည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ယခုဆိုလျှင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်သည် နတ်ကုန်းမြေတိုက်ကြီးတွင်မူ သိသိသာသာပင် မလုံလောက်သေးပေ။
အထူးသဖြင့် ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စု ကဲ့သို့ အင်အားကြီးမားသော ရန်သူ ရှိနေသည့် အခြေအနေတွင် ဖြစ်၏။
ဖုန်းယန်က ဘာမှ ဖုံးကွယ်မထားဘဲ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ကျန်းချန်အား အလျင်အမြန်ပင် ပြောပြလိုက်သည်။
“အစ်ကိုကျန်းချန်.. ကျွန်တော်တို့က ကောင်းကင်လင်းယုန်နေရာလွတ်ယာဥ်ကို အသုံးပြုပြီး ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေဆီ တည်နေရာ ရွှေ့ပြောင်းပြီး ရောက်လာခဲ့ကြတာပါ”
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျန်းချန်သည် ကျန်းဝူကောင်းကင်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး သူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ကျန်းဝူနတ်ဂိုဏ်းကို နှိမ်နင်းကာ ကျန်းဝူကောင်းကင်နယ်မြေ တစ်ခုလုံးကို လောင်မီးဂိုဏ်းနှင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေခဲ့သည်။
ကျန်းချန်ကြောင့်ပင် ဖုန်းယန်သည်လည်း လောင်မီးဂိုဏ်းမှ ဟော်ထျန်းယန်နှင့် မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။
သူတို့နှစ်ဦး၏ ဂိုဏ်းများ ကျန်းဝူကောင်းကင်နယ်မြေတွင် အခြေကျပြီးနောက်တွင် သူတို့နှစ်ဦးသည် နတ်ကုန်းမြေတိုက်သို့ အတူတူသွားရန် ချိန်းဆိုခဲ့ကြသည်။
ဟော်ထျန်းယန်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတွင် နတ်ကုန်းမြေတိုက်ရှိ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေဆီသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်သည့် ကောင်းကင်လင်းယုန်နေရာလွတ်ယာဥ် ဟူသော မှော်ရတနာရှိကြောင်း သိရှိသွားသောအခါတွင် ထိုယာဥ်မှတစ်ဆင့် နတ်ကုန်းမြေတိုက်သို့ တိုက်ရိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။
ထိုအခါ ဖုန်းယန်သည်လည်း ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေသို့ တစ်ခေါက် ပြန်သွားပြီး စူးစမ်းလိုသဖြင့် ဟော်ထျန်းယန်နှင့် အတူ လိုက်လာခဲ့သည်။
သူတို့နှစ်ဦးစလုံးသည် ပါရမီထူးချွန်သူများ ဖြစ်ကြပြီး ကောင်းမွန်သော အမွေအနှစ်များကို ကိုယ်စီ ဆက်ခံထားကြသဖြင့် ဤနှစ်ပိုင်းအတွင်း သူတို့၏ စွမ်းရည်သည် အလွန်လျင်မြန်စွာပင် တိုးတက်လာခဲ့သည်။
ဆိုရလျှင် ဟော်ထျန်းယန်သည် ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သလို ဖုန်းယန်သည်လည်း ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့နှစ်ဦး၏ စွမ်းရည်ဖြင့်ဆိုလျှင် သာမန် နတ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် ကိုယ့်ကိုယ်ကိုယ် အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်စွမ်း ရှိ၏။
သူတို့နှစ်ဦးသည် ကောင်းကင်လင်းယုန်နေရာလွတ်ယာဥ်မှ တစ်ဆင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေသို့ တည်နေရာ ရွှေ့ပြောင်းခဲ့ကြသည်။
ထို့နောက်တွင် တောင်ပံနက်ခွန်ပန်မျိုးနွယ်စုထဲတွင် တိတ်တဆိတ် ပေါ်ထွက်လာခဲ့ပြီး တောင်ပံနတ်ခွန်ပန် မျိုးနွယ်စု၏ အဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်ကာ ၎င်းတို့၏ တပည့်များအဖြစ် ဟန်ဆောင်ခဲ့ကြသည်။
အရာအားလုံးသည် သူတို့အတွက် အလွန်တရာပင် ချောမွေ့နေခဲ့၏။
သို့သော်လည်း တောင်ပံနတ်ခွန်ပန် မျိုးနွယ်စုမှ ထွက်ခွာမည့်အချိန်တွင် ဖုန်းယန်၏ ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအားသည် တံခါးဝရှိ ကျောက်ဆင်ရုပ် တစ်ခုနှင့် တုံ့ပြန်မှု ဖြစ်သွားခဲ့သည်။
ဤသို့ဖြင့် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရပြီး သူတို့နှစ်ဦးသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရ၏။
ဖုန်းယန်က အနောက်တောင်ဘက် အရပ်သို့ ထွက်ပြေးလာခဲ့ရာမှ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“ကောင်းကင်လင်းယုန် နေရာလွတ်ယာဥ်နဲ့ တိုက်ရိုက်တည်နေရာ ရွှေ့ပြောင်းရဲတယ် ဆိုတော့ မင်းတို့နှစ်ကောင်က တကယ်ကို သတ္တိမသေးဘူးပဲ”
ကျန်းချန်က ဖုန်းယန်တို့နှစ်ဦးကို လက်လန်သွားခဲ့သည်။
တောင်ပံနက် ခွန်ပန်မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စု သုံးစုထဲမှ တစ်စုသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းရည်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်း ကဲ့သို့ ပထမတန်းစား နတ်ဘုရင်အဆင့် အင်အားစုထက် မနိမ့်ကျသလို ပို၍ပင် သန်မာနိုင်သေးသည်။
ဖုန်းယန်တို့ နှစ်ယောက်သည် ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေကနေ တစ်ဆင့် နတ်ကုန်းမြေတိုက်သို့ လာရဲကြသည်မှာ အမှန်တကယ်ပင် သတ္တိကောင်းသည်ဟု ဆိုရပေတော့မည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် ဖုန်းယန်ကို မေးခွန်းထုတ်လိုက်သည်။
“ဒါနဲ့ ဟော်ထျန်းယန်ရော အခုဘယ်မှာလဲ”
ဖုန်းယန်က မချိပြုံး ပြုံးလိုက်သည်။
“တောင်ပံနက် ခွန်ပန် မျိုးနွယ်စုကနေ ထွက်ပြေးလာပြီး သိပ်မကြာခင်မှာပဲ ရန်သူတွေ လမ်းလွဲသွားအောင် ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် တစ်လမ်းစီ ထွက်ပြေးခဲ့ကြတယ်.. အခု သူဘယ်ရောက်နေလဲ ဆိုတာ ကျွန်တော်လည်း မသိဘူး”
“ဒါဆို ငါတို့ ဒီနေရာကနေ အရင်ထွက်သွားကြတာပေါ့”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် ဖုန်းယန်နှင့်အတူ ထိုနေရာမှ ထွက်လာခဲ့သည်။
ဆိုရလျှင် ဖုန်းယန်သည် အမှန်တကယ်ပင် ကံကောင်းလှ၏။
ဖုန်းယန်တောင်တန်းထဲသို့ ဝင်ရောက်လာခဲ့သည့် လမ်းကြောင်းသည် လနတ်ဘုရားနန်းတော်သို့ သူသွားခဲ့သည့် လမ်းကြောင်း ဖြစ်နေခဲ့သည်။
ဤလမ်းပေါ်ရှိ ရုန့်ရင်းသော သားရဲများကို မကြာသေးမီကမှ သူကိုယ်တိုင် ရှင်းလင်းထားခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်လျှင် ဖုန်းယန်၏ ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့် စွမ်းရည်ဖြင့်သာ ဆိုလျှင် မည်ကဲ့သို့ သေသွားမှန်းကိုပင် သိလိုက်မည် မဟုတ်ပေ။
သူတို့နှစ်ဦးက တောင်ထိပ်ကနေ လျင်မြန်စွာ ထွက်လာခဲ့ကြရာ သိပ်မကြာခင်မှာပင် အတွင်းပိုင်း ဧရိယာရှိ နတ်ဘုရားသင်္ချိုင်း စမ်းချောင်း ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
“ထူးဆန်းလိုက်တာ ဒီနေရာက ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ထိ ခြောက်ကပ်သွားရတာလဲ”
နတ်ဘုရားသင်္ချိုင်းစမ်းချောင်းထဲတွင် အတော်ကြာအောင် လမ်းလျှောက်ခဲ့သော်လည်း လူရိပ်လူယောင် မတွေ့ရသဖြင့် ကျန်းချန်၏ မျက်ဝန်းများထဲတွင် သံသယအရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။
နတ်ဘုရားသင်္ချိုင်းစမ်းချောင်း ဆိုသည်မှာ ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့သည့်နေရာ ဟူ၍ နတ်ကုန်းမြေတိုက်တွင် သတင်းပျံ့နှံ့နေသော နေရာ ဖြစ်ကာ အဖိုးတန် ရတနာများ ကောက်ရလေ့ရှိသော နေရာ ဖြစ်သည်။
ယုတ္တိရှိရှိ စဥ်းစားမည်ဆိုလျှင် ထိုသတင်းကြောင့် ကျင့်ကြံသူများသည် ဆွဲဆောင်ခံရကာ ပို၍ပင် များပြားလာရမည်ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ နတ်ဘုရားသင်္ချိုင်း စမ်းချောင်းသည် ပို၍ပင် ခြောက်ကပ်သွားခဲ့သည်။
“အစ်ကိုကျန်းချန်.. ကျွန်တော်ဒီကို ဝင်လာတုန်းက တစ်စုံတစ်ယောက် ပြောတာကို မတော်တဆ ကြားမိတယ်.. ဒီနယ်မြေထဲမှာ ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ ချန်ထားရစ်ခဲ့တဲ့ ရှေးဟောင်း အမွေအနှစ် ထွက်ပေါ်လာပြီလို့ ပြောကြတယ်.. အားလုံးက အဲဒီနေရာကို သွားနေကြတာပဲ ဖြစ်လိမ့်မယ်”
ဖုန်းယန်က ကျန်းချန်ကို ခပ်တိုးတိုးရှင်းပြလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
နတ်ဘုရားသင်္ချိုင်းစမ်းချောင်းရှိ ထိုသူသည် နတ်ဘုရားနယ်မြေမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူ မဟုတ်ဘဲ ပြင်ပစကြဝဠာမှ မဟာယာန ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်ဟု ဝူရှင်း သူ့ကို ပြောခဲ့ဖူးသည်။
ကျန်းချန်က ဝူရှင်း၏ စကားကို ယုံကြည်ခဲ့၏။
ပြင်ပစကြဝဠာရှိ မဟာယာနအဆင့် အင်မော်တယ် ကျင့်ကြံသူ တစ်ဦးသည် နတ်ကုန်းမြေတိုက်တွင် သူ၏ အမွေအနှစ်ကို မည်ကဲ့သို့ ချန်ထားရစ်ပါမည်နည်း။
သူ့အထင် ထိုအမွေအနှစ်သတင်းသည် ဆိုးရွားသော အစီအစဥ် တစ်ခု ဖြစ်နိုင်ခြေ အလွန်များ၏။
ကျန်းချန်က အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
“ဖုန်းယန် အဲဒီ ရှေးဟောင်းအမွေအနှစ်က ဘယ်နေရာမှာ ပေါ်လာတာလဲ ဆိုတာ မင်းသိလား”
ဖုန်းယန်က ခဏမျှ စဥ်းစားပြီးမှ ကျန်းချန်ကို ပြန်ဖြေလိုက်သည်။
“ခန့်မှန်းခြေ တည်နေရာကတော့ ဒီနေရာရဲ့ အရှေ့တောင်ဘက်အရပ်ပဲ”
“ဒါဆို ငါတို့ သွားကြည့်ရအောင်”
ကျန်းချန်က တွေဝေမနေတော့ဘဲ အရှေ့တောင်ဘက် အရပ်ဆီသို့ လျင်မြန်စွာပင် ပြေးထွက်သွားခဲ့သည်။
အရှေ့တောင်ဘက်အရပ်သို့ အတော်အတန် သွားပြီးနောက်တွင် သူတို့နှစ်ဦးသည် အဆုံးသတ်တွင် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူ အချို့ကို တွေ့ရှိခဲ့ရသည်။
အားလုံးသည် လမ်းကြောင်းတစ်ခုထဲသို့သာ အပြေးအလွှားသွားရောက်နေခဲ့ကြ၏။
ထိုကျင့်ကြံသူများထဲတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူအချို့ပင် ပါဝင်နေခဲ့သည်။
ဤလူများအားလုံးသည် ရှေးဟောင်းအမွေအနှစ် အတွက် သွားနေကြခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
ကျန်းချန်က ၎င်းတို့၏ နောက်ကနေ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။
မိနစ်အနည်းငယ် ကြာသောအခါတွင် အနိဋ္ဌာရုံ မြင်ကွင်းတစ်ခုသည် သူ၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
ကျန်းချန်က ချက်ချင်းဆိုသလိုပင် ဖုန်းယန်နှင့်အတူ အနီးအနားရှိ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ပေါ်သို့ ဆင်းသက်လိုက်သည်။
သူတို့ရှေ့တွင် မြင်တွေ့နေရသည်မှာ အလွန်တရာ ကျယ်ပြောလှသည့် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သည်။
ထိုချိုင့်ဝှမ်းထဲတွင် မရေမတွက်နိုင်သော အရိုးစုများသည် တောင်ပုံ ရာပုံ ပြည့်နှက်နေခဲ့ပြီး အဝေးမှ လှမ်းကြည့်လျှင်ပင် ကျောချမ်းသွားစေနိုင်လောက်၏။
ဤအချိန်တွင် ချိုင့်ဝှမ်း၏ ပတ်ပတ်လည်တွင် လူရိပ်များစွာ ရပ်နေခဲ့ကြသည်။
၎င်းတို့အားလုံးက လေထုတစ်နေရာသို့ တပ်မက်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့ကြ၏။
သတင်းထွက်နေသည့် ရှေးဟောင်းအမွေအနှစ်သည် ထိုနေရာတွင် ရှိနေပုံရသည်။
သူ့ရှေ့ရှိ ချိုင့်ဝှမ်းသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် လွှမ်းခြုံခံထားရသည့်အလား ဖြစ်နေခဲ့ပြီး ဆန်းကြယ်သည့် အစီအရင်တစ်ခုကြောင့် ဖြစ်ပေါ်လာပုံရ၏။
ထိုဆန်းကြယ်သော စွမ်းအားများသည် သာမန်ရက်များတွင် ချိုင့်ဝှမ်းတစ်ခုလုံးကို ချိတ်ပိတ်ထားပြီး ရှာဖွေတွေ့ရှိရန် ခက်ခဲအောင် ပြုလုပ်ထားပုံရကာ သတ်မှတ်ထားသော အချိန်တချို့တွင်မှ နိုးကြွလာစေပုံ ရသည်။
ဤချိုင့်ဝှမ်း ပွင့်လာသည်က ပထမဆုံးအကြိမ် မဟုတ်ကြောင်း ကျန်းချန်အတွက် သေချာနေခဲ့သည်။
ဆိုရလျှင် ချိုင့်ဝှမ်းထဲတွင် စုပုံနေသည်မှာ ကြာပြီ ဖြစ်သော အရိုးစုများသည် အကောင်းဆုံးသက်သေပင် မဟုတ်ပါလော။
ထိုအရိုးစုများသည် ရှေးဟောင်းအမွေအနှစ်ကို လာရောက်ရှာဖွေရင်း ဤနေရာတွင် ကျဆုံးသွားခဲ့ကြသူများ ဖြစ်နိုင်လောက်၏။
အခန်း(၂၂၅၆)ပြီး၏။