← Chapters

အခန်း (၂၂၅၇-၂၂၅၈)

Vol. 166 Ch. 2257-2258

အခန်း (၂၂၅၇-၂၂၅၈)

Vol. 166 Ch. 2257-2258

အခန်း(၂၂၅၇)

“ဒီထွက်ပေါ်လာတယ်ဆိုတဲ့ ရှေးဟောင်းအမွေအနှစ်က ဒီနေရာက အင်မော်တယ်ကျင့်ကြံသူ ကြိုတင် ပြင်ဆင်ထားတဲ့ အစီအစဥ်တစ်ခု ဖြစ်တာ သေချာသလောက်ပဲ”

ကျန်းချန်က သူ့ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လောဘတက်နေသော အကြည့်များကို တစ်ချက်ကြည့်လိုက်သည်။

သူ၏ မျက်နှာအမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။

ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ အမွေအနှစ်သည် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများအတွက် အလွန်တရာပင် ဆွဲဆောင်မှု ကြီးမားလွန်းပြီး အလွယ်တကူ ငြင်းပယ်နိုင်သူဟူ၍ မရှိသလောက်ပင်။

ထိုနေရာက ဆယ်ကြိမ်တွင် တစ်ကြိမ်သာ အသက်ရှင်နိုင်သော နေရာမှန်း သိနေလျှင်ပင် ယင်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ရူးသွပ်သွားစေရန် လုံလောက်နေဆဲဖြစ်သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ထောင်ချီသော ကျင့်ကြံသူများသည် ဤနေရာတွင် စုဝေးနေကြပြီး ၎င်းတို့ထဲတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ အရေအတွက်သည်ပင် မနည်းလှပေ။

ကျန်းချန်သည် လူအုပ်ကြီးထဲရှိ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများကိုပင် ခံစားမိနေခဲ့သည်။

၎င်းတို့သည် အနည်းဆုံး နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူများ ဖြစ်နိုင်လောက်၏။

ယင်းကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းချန်သည် လူအုပ်ကြီးကို တားဆီးရန်မှာ မဖြစ်နိုင်သလောက်ပင် မဟုတ်ပါလား။

သူ့အနေဖြင့် အခြေအနေကို စောင့်ကြည့်ပြီး ထွက်ပေါ်လာသော ရှေးဟောင်းအမွေအနှစ်က မည်သို့သောအရာလဲ ဆိုသည်ကိုသာ အကဲခတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ကျန်းချန် တစ်ယောက် အတွေးနက်နေစဥ်မှာပင် ကောင်းကင်ယံတွင် စွမ်းအားလှိုင်းဂယက် တချို့ ဖြစ်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အကြည့်သည် ထိုနေရာဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့ကြသည်။

“ဝုန်း..”

ထိုစွမ်းအင်လှိုင်းဂယက် ဖြစ်ပေါ်နေသော နေရာလွတ်သည် ရုတ်တရက် သိသိသာသာ တုန်ခါလာခဲ့ပြီး လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။

ယင်းနောက်တွင်မူ ပေတစ်ရာခန့် ရှည်လျားသော သွေးရောင်အလင်းတံခါး တစ်ခုသည် လူတိုင်း၏ မြင်ကွင်းထဲတွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့၏။

“အစီအရင် ပျက်ပြယ်ပြီး ရှေးဟောင်းအမွေအနှစ်တံခါး ပွင့်သွားခဲ့ပြီ.. အားလုံးပဲ ဝင်ရောက်ကြစို့”

သွေးရောင်အလင်းတံခါး ပေါ်ထွက်လာသည့် တစ်ခဏမှာပင် ချိုင့်ဝှမ်းပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလိုပင် သွေးနီရောင် ပြောင်းလဲသွားကြပြီး လောဘဇောတိုက်နေသော ကြုံးဝါးသံများနှင့် အတူ သွေးရောင်အလင်းတံခါး ဆီသို့ ပြေးဝင်သွားခဲ့ကြသည်။

“တကယ်ကို မဆင်မခြင် လုပ်ကြတာပဲ”

ဤမြင်ကွင်းကိုကြည့်ပြီး ကျန်းချန်သည် တိတ်တဆိတ်ခေါင်းခါရမ်းလိုက်သည်။

ရှေးဟောင်းအမွေအနှစ်၏ ဆွဲဆောင်နိုင်စွမ်းသည် လူအများအပြားကို အမြင်ကွယ်သွားစေခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် ချိုင့်ဝှမ်းထဲရှိ စုပြုံနေသော တောင်ပုံရာပုံ အရိုးစုများသည် ထင်ရှားသောသက်သေပင် ဖြစ်၏။

‌ရှေးခေတ်ကာလကတည်းကပင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ‌ ရှေးဟောင်းအမွေအနှစ်ကို ရယူရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ကြသော်လည်း အဆုံးသတ်တွင် ဤနေရာ၌ ကျဆုံးခဲ့ရသည် မဟုတ်ပါလော။

သို့ဖြစ်ရာ ယခု ကျင့်ကြံသူများက သွေးရောင် အလင်းတံခါးဆီသို့ အပြေးအလွှား သွားနေကြသည်မှာ ကိုယ့်သေလမ်းကိုယ်ရှာနေကြသည်နှင့် ဘာမှမခြားပေ။

ကျန်းချန် ထိုသို့ တွေးမိသောအချိန်မှာပင် သွေးရောင်အလင်းတံခါး ဆီကနေ ဆန်းကြယ်သော စွမ်းအင်လှိုင်း တစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

မကြာမီမှာပင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများကိုပင် ထိတ်လန့်သွားစေလောက်သော သွေးမိစ္ဆာစွမ်းအား တစ်ခုသည် သွေးရောင်အလင်းတံခါးကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး သွေးမုန်တိုင်း တစ်ခုအလား အရပ်လေးမျက်နှာကို လွှမ်းခြုံသွားခဲ့သည်။

သွေးရောင်အလင်း တံခါးဆီသို့ အလောတကြီး ပြေးဝင်သွားသူများသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုသွေးမုန်တိုင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

နာကျင်စွာ အော်ဟစ်သံများသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်နေခဲ့၏။

သွေးမုန်တိုင်းသည် ကြောက်မက်ဖွယ် ဝါးမျိုခြင်း စွမ်းအားဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အဆီအနှစ်၊ ဝိညာဥ်စွမ်းအားများကို တစ်ခဏအတွင်း စုပ်ယူလိုက်ရာ ကျင့်ကြံသူများသည် လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် အောက်ဘက်သို့ ပြုတ်ကျကုန်ကြသည်။

“ဒါ.. ဒါက..”

အနည်းငယ် နောက်ကျ၍ ဘေးကင်းခဲ့သူများသည် ထိတ်လန့်သွားခဲ့ကြပြီး ခေါင်းကျိန်းသလိုပင် ခံစားလိုက်ရသည်။

သူတို့က တွေဝေမနေဝံ့ဘဲ ခြောက်လှန့်ခံ‌ရသော ငှက်အုပ်များကဲ့သို့ ချာခနဲလှည့်ကာ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြသည်။

ချိုင့်ဝှမ်းတစ်ခုလုံးက ရုတ်တရက် ရှုပ်ထွေးသွားခဲ့သည်။

အားနည်းသော ကျင့်ကြံသူအချို့သည် မလွတ်မြောက်ဘဲ သွေးရောင်အလင်းတံခါး၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

အချိန်တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အရေအတွက်ထောင်ချီသော ကျင့်ကြံသူများထဲမှ သုံးပုံတစ်ပုံခန့်သည် သွေးရောင်အလင်းတံခါးမှ ထွက်ပေါ်လာသော စွမ်းအား၏ ဝါးမျိုခြင်းကို ခံလိုက်ရချေပြီ။

ထိုအခိုက်အတန့်တွင် သွေးရောင် အလင်းတံခါးကို စိုက်ကြည့်နေကြသော လူတိုင်း၏ မျက်ဝန်းထဲ၌ ထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ထိုသွေး‌ရောင် အလင်းတံခါးထံမှ ပေါက်ကွဲထွက်လာသောစွမ်းအားသည် အလွန်တရာပင် လွှမ်းမိုးနိုင်စွမ်းရှိပြီး ဆန်းကြယ်လှ၏။

နတ်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သွေးရောင် အလင်းတံခါးကို စိုက်ကြည့်နေသော ကျန်းချန်၏ မျက်ဝန်းထဲတွင်လည်း အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

သူက သွေးရောင် အလင်းတံခါးကို အစောပိုင်းကတည်းကပင် စောင့်ကြည့်နေခဲ့သဖြင့် သာမန်လူများထက် ပိုမို ရှင်းလင်းစွာ မြင်တွေ့ရခဲ့သည်။

သွေးရောင် အလင်းတံခါးကနေ သွေးမုန်တိုင်း ပေါက်ကွဲထွက်လာပြီး ကျူးကျော်ဝင်ရောက်ရန် ကြိုးစားသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တစ်ခဏအတွင်း ဝါးမျိုခံလိုက်ရ၏။

ထိုဝါးမျိုခံလိုက်ရသော ကျင့်ကြံသူ၏ အဆီအနှစ်၊ စိတ်ဝိညာဥ်နှင့် စွမ်းအင်များသည် သွေးရောင်အလင်းတံခါး ထဲသို့ လုံးဝကို စုပ်ယူခံလိုက်ရသည်။

ဤအချက်အလက်ကို ထောက်၍ သွေးရောင် အလင်းတံခါး၏ နောက်ကွယ်တွင် ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ရှိနေပုံရပြီး ကျူးကျော်သူ အားလုံး၏ အဆီအနှစ်သွေးများသည် ၎င်း၏ အာဟာရ ဖြစ်သွားသကဲ့သို့ပင်။

ထို့အပြင် သွေးရောင် အလင်းတံခါး၏ စွမ်းအားသည် မဟာနဂါး ကျောက်တိုင်မှ ထွက်ပေါ်လာသော စွမ်းအားနှင့် ခပ်ဆင်ဆင် တူနေ၍ နတ်ဘုရားနယ်မြေမှ အရာတစ်ခု မဟုတ်သည်မှာ သေချာနေခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် ဤနေရာသည် ဝူရှင်း ပြောခဲ့သလိုပင် နတ်ဘုရားနယ်မြေ၏ ပြင်ပစကြဝဠာမှ အစွမ်းထက် အင်မော်တယ် ကျင့်ကြံသူ တစ်ဦးနှင့် ပတ်သက်နေလောက်၏။

ကျန်းချန်တစ်ယောက် စိတ်ထဲတွင် ထိတ်လန့်နေသော အချိန်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်သွေးမုန်တိုင်းကြောင့် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ကြသည်။

ထို့နောက်တွင် ကျင့်ကြံသူ တချို့သည် အတင်းကာရော မဝင်ရဲကြတော့ဘဲ ရုပ်သေးများကို လွှတ်ကာ စမ်းသပ် ကြည့်လိုက်ကြသည်။

သွေးရောင် အလင်းတံခါးထံမှ ကြောက်မက်ဖွယ် သွေးမုန်တိုင်းထပ်မံ ထွက်ပေါ်မလာတော့သည်ကို မြင်လျှင် သူတို့၏ မျက်နှာထက်၌ အလွန်တရာ ဝမ်းသာသည့်အရိပ်အယောင်များ ဖြစ်ပေါ်လာကြ၏။

“ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူရဲ့ အမွေအနှစ်နယ်မြေ လုံးဝ ပွင့်သွားခဲ့ပြီ”

ကျင့်ကြံသူများက တွေဝေမနေတော့ဘဲ သွေးရောင်အလင်းတံခါးဆီသို့ နောက်တစ်ကြိမ် အပြေးအလွှား သွားခဲ့ကြသည်။

သွေးရောင် အလင်းတံခါးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသော မြင်ကွင်းကိုကြည့်ကာ ကျန်းချန်၏ မျက်နှာသည် ပို၍ပင် လေးနက်လာခဲ့၏။

ဤသွေးရောင် အလင်းတံခါးသည် ယခင်ကကဲ့သို့ ကြောက်မက်ဖွယ် သွေးမုန်တိုင်းကို မထုတ်လွှတ်နိုင်ခြင်းမဟုတ်ဘဲ ကျင့်ကြံသူများကို အတွင်းသို့ ဝင်လာစေရန် တမင်တကာ ခွင့်ပြုပေးလိုက်ပုံရသည်ဟု သူခံစားနေခဲ့ရသည်။

သွေးရောင် အလင်းတံခါးကို ကျန်းချန် မှင်တက်စွာ ကြည့်နေစဥ်မှာပင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ပို၍ပင် များပြားလာခဲ့ပြီး သွေးရောင် အလင်းတံခါးဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် ချိုင့်ဝှမ်းပတ်ပတ်လည်တွင် စုဝေးနေကြသော ထောင်ချီသော အရေအတွက်ရှိသည့် ကျင့်ကြံသူများသည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ ရှထျန်းယွမ်နှင့် အမှောင်ထဲတွင် ပုန်းကွယ်နေသော နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ အပါအဝင် အားလုံးသည် သွေးရောင် အလင်းတံခါးထဲသို့ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။

“အစ်ကိုကျန်းချန်.. ကျွန်တော်တို့ရော ဝင်ကြမလား”

ဖုန်းယန်က တစ်ခဏအတွင်းမှာပင် လူသူ ခြောက်ကပ်သွားသော ပတ်ဝန်းကျင်ကို ကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။

“ဖုန်းယန်.. ဒီနေရာက အရမ်းအန္တရာယ်များတယ်.. ငါတစ်ယောက်တည်းဝင်သွားပြီး အခြေအနေ ကြည့်လိုက်မယ်”

ကျန်းချန်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ဖုန်းယန်ကို လေးနက်စွာ ပြောလိုက်သည်။

“မင်းက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော်ကို ပြန်ပြီး ငါ့ကို စောင့်နေပါ.. ပြီးတော့ ဟော်ထျန်းယန် အကြောင်းကိုလည်း စုံစမ်းထားဦး”

ဤနေရာက အစွမ်းထက် အင်မော်တယ် ကျင့်ကြံသူ၏ ကြံစည်မှု ဖြစ်နေသည်ဟု သိနေသော်လည်း ကျန်းချန်သည် အတွင်းသို့ ဝင်ရောက်ကာ စူးစမ်းရန် ရည်ရွယ်ထားဆဲ ဖြစ်သည်။

ယခုအခါတွင် သူသည် နတ်ဘုရင်အဆင့်သို့ အချိန်မရွေး ထိုးဖောက်နိုင်ပြီ ဖြစ်၏။

သူ၏ ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့်သာ ဆိုလျှင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် အနည်းဆုံး နတ်ဘုရင် စတုတ္ထအဆင့်အထိ တစ်ထိုင်တည်း ရောက်ရှိသွားမည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူများကိုပင် ဂရုစိုက်နေစရာ မလိုတော့ပေ။

ထို့အပြင် လနတ်ဘုရားနန်းတော်မှ လျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီး ပေးအပ်ထားသည့် လနတ်ဘုရား တံဆိပ်ပြားသည် သူ့ထံတွင် ရှိနေဆဲ ဖြစ်သည်။

အကယ်၍ မဖြေရှင်းနိုင်သော ပြဿနာများနှင့် အမှန်တကယ်တွေ့ဆုံခဲ့လျှင်ပင် လနတ်ဘုရား တံဆိပ်ပြားကို အသုံးပြုကာ လနတ်ဘုရား နန်းတော်သခင်မကို ဆင့်ခေါ်လိုက်ရုံသာ မဟုတ်ပါလော။

“ကောင်းပါပြီ အစ်ကိုကျန်းချန်.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

ဖုန်းယန်က သူ၏ စွမ်းရည်ဖြင့်သာ ဆိုလျှင် ကျန်းချန် အတွက် အကူအညီ မဖြစ်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သွားမည်ကို ကောင်းစွာ သိရှိထားခဲ့သည်။

ထို့ကြောင့် သူက ချက်ချင်းဆိုသလို ခေါင်းညိတ်လိုက်ပြီး ကျန်းချန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဖုန်းယန် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက်တွင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ချိုင့်ဝှမ်း၏ အလယ်ရှိ သွေးရောင် အလင်းတံခါး ဆီသို့ ပျံသန်းကာ ဝင်ရောက်သွားခဲ့သည်။

အခန်း(၂၂၅၇)ပြီး၏။

အခန်း(၂၂၅၈)

သွေးရောင်အလင်းတံခါးထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်က အောက်သို့ ရုတ်တရက် နစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

နောက်ထပ်တစ်ခဏတွင် သူသည် သွေးရောင်များဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုထဲသို့ ‌ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ယင်းအပြင် ထိုကမ္ဘာတစ်ခုလုံးကို သွေးနံ့များက လွှမ်းခြုံနေခဲ့၏။

ထိုသွေးနံ့များသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်သည် အထိပင် အလွန်တရာ ပြင်းထန်လှသည်။

နတ်ဘုရင်တစ်ဦးသည်ပင် ဤသွေးရောင်ကမ္ဘာကြီးထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့လျှင် စိတ်ပိုင်းဆိုင်ရာ မသိမသာ ထိခိုက်လာပြီး တဖြည်းဖြည်း အသိဥာဏ်များ ဆုံးရှုံးသွားနိုင်ခြေ ရှိသည်။

သွေးရောင်ကမ္ဘာကြီးသည် အလွန်တရာ ကျယ်ပြောလှပြီး လေထုတစ်ခုလုံးကို ထူထပ်သော သွေးမြူများဖြင့် လွှမ်းခြုံထားသည်။

ဤနေရာတွင် မြင်ကွင်းနှင့် အာရုံခံနိုင်စွမ်းသည် အလွန်တရာပင် နိမ့်ကျပြီး နတ်ဘုရာသင်္ချိုင်း ရှေးဟောင်းနယ်မြေဗဟိုရှိ ချောက်နက်ကြီးနှင့် ဆင်တူလှသည်။

ကျန်းချန်သည် သွေးရောင်ကမ္ဘာကြီးထဲတွင် သတိထား၍ လမ်းလျှောက်နေရင်း အဆုံးမဲ့သွေးလွင်ပြင်ကြီး တစ်ခုကို တွေ့ရှိခဲ့ရသည်။

ထိုလွင်ပြင်သည် တစပြင်နှယ် တိတ်ဆိတ်နေခဲ့ပြီး ရှေးဟောင်းအမွေအနှစ် တည်ရှိသောနေရာနှင့် လုံးဝမတူပေ။

အချိန်မည်မှ ကုန်ဆုံးသွားသည်ကို မသိရချေ။

တိတ်ဆိတ်နေသော သွေးရောင်လွင်ပြင်ပေါ်တွင် အဆုံးသတ်၌ စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ထိုစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည့် နေရာဆီသို့ လျင်မြန်စွာပြေးထွက်သွားခဲ့သည်။

မကြာမီမှာပင် ပုံရိပ်နှစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။

၎င်းတို့ထဲမှ တစ်ဦးသည် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး မြေကြီးအရှင်အဆင့်သာ ရှိသည်။

ထိုလူက သွေးရောင်ကမ္ဘာထဲသို့ သိပ်မကြာသေးခင်ကမှ ဝင်ရောက်လာသော ကျင့်ကြံသူ တစ်ဦး ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

“ဒီသွေးရောင်ကမ္ဘာကြီးထဲမှာ တခြား သက်ရှိတွေလည်း ရှိနေတယ်လား”

လူလတ်ပိုင်းအရွယ်အမျိုးသား၏ ဆန့်ကျင်ဘက်တွင်မူ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည့် သွေးရောင်အရိုးစု တစ်ခု ရှိနေခဲ့သည်။

မိစ္ဆာဆန်လွန်းသော သွေးရောင်အရိုးစုကိုကြည့်ကာ ကျန်းချန်သည် ကြက်သီးမွေးညှင်းများပင် ထသွားခဲ့သည်။

ထိုသွေးရောင်အရိုးစုသည် အလွန်တရာ အစွမ်းထက်ပြီး မြေကြီးအရှင်အဆင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ၎င်း၏ ရှေ့တွင် မည်သည့်ခုခံကိုမှ မပြုလုပ်နိုင်ခဲ့ပေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လူလတ်ပိုင်းအရွယ်အမျိုးသားသည် သွေးရောင်အရိုးစု၏ လက်ထဲတွင် ကြက်ကလေး ငှက်ကလေးလို အဖမ်းခံလိုက်ရသည်။

“မသတ်ပါနဲ့”

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုနှင့် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက သွေးရောင်အရိုးစု၏ လက်ကနေ အတင်းအကျပ် ရုန်းကန်နေသော်လည်း သွေးရောင်အရိုးစု၏ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

နောက်ထပ် တစ်စက္ကန့်တွင် သွေးရောင်အရိုးစုသည် သူ၏ အလွန်ထက်ရှသော သွေးရောင်လက်သည်းများဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ လည်ပင်းကို တိုက်ရိုက်ပင် ထိုးဖောက်လိုက်ရာ အမျိုးသား၏ လည်ပင်းတွင် တောက်ပသော သွေးပေါက်ရာ ငါးခု ဖြစ်ပေါ်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ချက်ချင်းဆိုသလို ပိန်လှီကာ ခြောက်ကပ်သွားခဲ့သည်။

ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ လူလတ်ပိုင်းအရွယ်အမျိုးသား၏ ခန္ဓာကိုယ်က ပိန်လှီကာ ခြောက်ကပ်သွားသော်လည်း ထိုအမျိုးသားက မသေသေးခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်ရသည်။

အဆုံးသတ်တွင် ထိုအမျိုးသားသည် သွေးရောင်အရိုးစု တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သွေးရောင်လွင်ပြင်ပေါ်တွင် စတင်၍ လှည့်လည်သွားလာနေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် ခေါင်းကျိန်းမတတ်ပင် ဖြစ်သွားခဲ့သည်။

အစောပိုင်းက သူသည် သွေးရောင်အရိုးစုကို သွေးရောင်ကမ္ဘာကြီးတွင် ပေါက်ဖွားလာသော သက်ရှိဟု ထင်ခဲ့သည်။

တကယ်တမ်းတွင်မူ ထိုသွေးရောင်အရိုးစုသည် နတ်ကုန်းမြေတိုက်မှ ကျဆုံးသွားသော အင်အားကြီး ကျင့်ကြံသူတစ်ဦး၏ အလောင်းကနေ မျိုးဗီဇ ပြောင်းလဲသွားခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ပို၍ ကြောက်စရာကောင်းသည်မှာ ဤမျိုးဗီဇ ပြောင်းလဲမှုသည် ကပ်ရောဂါ တစ်ခုကဲ့သို့ ကူးစက်ကာ ပျံ့နှံ့နေနိုင်ခြင်းပင်။

သွေးရောင်အရိုးစုတိုင်းသည် ဤနေရာသို့ ဝင်ရောက်လာသော ကျင့်ကြံသူများကို သတ်ဖြတ်ကာ ထိုသူ၏ အလောင်းကို သွေးရောင်အရိုးစု တစ်ခုအဖြစ် ပြောင်းလဲစေနိုင်စွမ်း ရှိသည်။

သွေးရောင်ကမ္ဘာကြီးထဲတွင် ဤကဲ့သို့ သွေးရောင်အရိုးစုများကို မွေးမြူထားခြင်း ဖြစ်နိုင်ပါသ‌လော။

အပြင်ဘက်ရှိ ချိုင့်ဝှမ်းထဲတွင် စုပုံနေသော အရိုးပုံများကို ကြည့်ပြီး ဤနေရာက တစ်ကြိမ်ထက်မက ပွင့်ခဲ့သည်မှာ သေချာသည်ဟု ကျန်းချန် ကောက်ချက်ချနိုင်ခဲ့သည်။

ထို့အပြင် ထိုသို့ ဖွင့်လှစ်သည့်အချိန်တိုင်းတွင် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူ များစွာသည် ဤနေရာတွင် ကျဆုံးသွားခဲ့ကြပြီး ၎င်းတို့၏ အလောင်းများသည် သွေးရောင်အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့ကြပုံ ရ၏။

အကယ်၍သာ ဤသွေးရောင်ကမ္ဘာကြီးက ပြိုကွဲသွားပြီး သွေးရောင်အရိုးစုများ အားလုံး နတ်ကုန်းမြေတိုက်ပေါ်တွင် ပေါ်ထွက်လာခဲ့လျှင် နတ်ကုန်းမြေတိုက်ကို မည်မျှအထိ သက်ရောက်မှု ရှိမည်မှာ ကျန်းချန် စိတ်ပင်မကူးရဲပေ။

ယင်းသည် နတ်ကုန်းမြေတိုက်အတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာစေမည်မှာ သေချာသလောက်ပင်။

“ကျန်းချန်.. မင်းအခုရောက်နေတဲ့ သွေးရောင်ကမ္ဘာကြီးက တကယ်တော့ ကမ္ဘာအစစ် မဟုတ်ဘူး.. ငါ့ရဲ့ခန့်မှန်းချက်သာမမှားဘူးဆိုရင် ဒီသွေးရောင်ကမ္ဘာကြီးက ရတနာတစ်ခုရဲ့ အတွင်းပိုင်း နေရာလွတ်ပဲ ဖြစ်ရမယ်.. ဒီရတနာက မဟာနဂါးကျောက်တိုင်လိုပဲ နတ်ဘုရားနယ်မြေက ရတနာတော့ မဟုတ်လောက်ဘူး.. ဝူရှင်းဆိုတဲ့လူ ပြောတာမှန်မယ်ထင်တယ်.. ဒီနေရာက ပြင်ပစကြဝဠာက အင်မော်တယ် ကျင့်ကြံသူ စီစဥ်ထားတဲ့နေရာပဲ ဖြစ်ရမယ်.. ငါ့စိတ်ထင် သူက ဒီသွေးရောင်အရိုးစုတွေကို မွေးမြူထားရုံတင်တော့ မကဘူး ထင်တယ်”

ထိုအချိန်တွင် နန်းတော်ဝိညာဥ်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် စိတ်လေးသွားခဲ့သည်။

သွေးရောင်အရိုးစုများသည်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။

အကယ်၍ ပြင်ပစကြဝဠာမှ အင်မော်တယ် ကျင့်ကြံသူသာ ပို၍ ကြီးမားသော အစီအစဥ် ရှိနေခဲ့ပြီး ထိုအစီအစဥ်သာ ဖြစ်မြောက်လာခဲ့လျှင် အကျိုးဆက်သည် လုံးဝမှန်းဆ၍ မရနိုင်တော့ပေ။

ကျန်းချန်က စိတ်ထဲတွင် ထိတ်လန့် တုန်လှုပ်နေစဥ်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားကို သတ်ဖြတ်ခဲ့သော အရိုးစုသည် ကျန်းချန် ရှိနေသည်ကို အာရုံခံမိသွားခဲ့သည်။

ထို သွေးရောင်အရိုးစုက သွေးရောင်များ တောက်ပနေသော ဟောက်ပက် မျက်လုံးတစ်စုံဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် သွေးရောင်အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန် ဆီသို့ ပြေးဝင်လာခဲ့သည်။

သူက လက်တစ်ဖက်ကို မြှောက်ကာ သွေးရောင်အရိုးစုကို ရိုက်ချလိုက်၏။

ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

“ဝုန်း..”

သွေးရောင်အရိုးစုက ကျန်းချန်၏ လက်ဝါးရိုက်ချက်ကြောင့် ချက်ချင်းဆိုသလိုပင် မီတာတစ်ရာခန့် အကွာသို့ လွင့်စင်ထွက်သွားခဲ့သည်။

သို့သော်လည်း သွေးရောင်အရိုးစုသည် ကျန်းချန်ကြောင့် ပျက်စီးမသွားဘဲ မြေပြင်ကနေ ချက်ချင်းဆိုသလို ပြန်ထလာခဲ့၏။

“မသေသေးဘူးလား”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

သူက သာမန် လက်ဝါးရိုက်ချက်သာ ထုတ်ဖော်လိုက်သော်လည်း လက်ဝါးရိုက်ချက်သည် နတ်ဘုရင် ပထမအဆင့်ပင် ခံနိုင်ရည်ရှိရန် မလွယ်ပေ။

သို့သော်လည်း သွေးရောင်အရိုးစုသည် အမှန်တကယ်ပင် ခံနိုင်ရည် ရှိနေခဲ့သည်။

“ကျူးရှန်းစည်းတံဆိပ်”

နောက်ထပ်တစ်ကြိမ် ပြေးဝင်လာသော သွေးရောင်အရိုးစုကို ကြည့်ရင်း ကျန်းချန်သည် လက်ဟန်များကို ပြုလုပ်ကာ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ကျူးရှန်း စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

ကျူးရှန်း စည်းတံဆိပ်က သွေးရောင်အရိုးစုကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ သွေးရောင် အရိုးစုသည် ကျူးရှန်းစည်းတံဆိပ်၏ စွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ လုံးဝပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့သည်။

ထိုအချိန်မှာပင် အစောပိုင်းက သွေးရောင်အရိုးစု ဖြစ်သွားခဲ့သည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်လာခဲ့၏။

သူ၏ စွမ်းရည်သည် အစောပိုင်းက သွေးရောင်အရိုးစုထက်ပင် သိသိသာသာ ပို၍ အားနည်းနေခဲ့သည်။

သို့သော်လည်း သွေးရောင်အရိုးစု၏ ခံနိုင်ရည်စွမ်းအားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

တစ်ခဏမျှ စမ်းသပ်ကြည့်ပြီးနောက်တွင် ထို သွေးရောင်အရိုးစုသည် လုံးဝ ကြေမွသွားအောင် တစ်ချက်တည်း တိုက်ခိုက်မှသာ သေဆုံးနိုင်ပြီး ထိုသို့မဟုတ်လျှင် မသေနိုင်ကြောင်း ကျန်းချန် တွေ့ရှိခဲ့ရသည်။

သွေးရောင်အရိုးစု၏ အကြောင်းကို သိရှိသွားပြီးနောက်တွင် ကျန်းချန်သည် ထိုသွေးရောင်အရိုးစုကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ကြေမွအောင် ရိုက်ချလိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

လမ်းတစ်လျှောက်တွင် ကျန်းချန်သည် သွေးရောင်အရိုးစုများစွာနှင့် ဆုံတွေ့ခဲ့ရသည်။

ထိုအထဲမှ အများစုသည် အစောပိုင်းက လူလတ်ပိုင်းအရွယ်အမျိုးသား ကဲ့သို့ သိပ်မကြာသေးမီက သွေးရောင်အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့ကြသူများ ဖြစ်၏။

ဤနေရာသို့ ဝင်ရောက်လာသော ကျင့်ကြံသူ အများအပြားသည် သွေးရောင်အရိုးစု၏ လက်ထဲတွင် ကျဆုံးသွားခဲ့ကြပြီး သွေးရောင်အရိုးစု စစ်တပ်၏ အဖွဲ့ဝင်များအဖြစ် ပြောင်းလဲသွားခဲ့သည်မှာ ထင်ရှားနေခဲ့သည်။

“ဒီသွေးရောင်လွင်ပြင်က အဆုံးမရှိသလိုပဲ.. ဘယ်တော့မှ အဆုံးသတ်မလဲ မသိဘူး”

ကျန်းချန်က သွေးရောင်အရိုးစု တစ်ခုကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် အလွန်တရာပင် ပါးလွှာလှသဖြင့် စွမ်းအင် ပြန်လည်ဖြည့်တင်းသည့် ဆေးလုံးများ၏ အကူအညီဖြင့်သာ စွမ်းအင်ကို ဖြည့်တင်းပေးနိုင်စွမ်းရှိမည် ဖြစ်သည်။

အကယ်၍ စွမ်းအင်ဖြည့်တင်းသည့် ဆေးလုံး အလုံအလောက်မရှိဘဲ ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ရလျှင် နတ်ဘုရင်အဆင့် ကျင့်ကြံသူပင် အင်အားကုန်ခန်းကာ သေဆုံးသွားနိုင်လောက်၏။

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် သွေးရောင်အလင်းတံခါးက သူတို့ကို အထဲသို့ အဘယ်ကြောင့် ပေးဝင်ခဲ့မှန်း အနည်းငယ် နားလည်သွားခဲ့သည်။

ဤသည်မှာ သူတို့အားလုံးကို တစ်ချက်တည်းဖြင့် သုတ်သင်ပစ်ရန် အစီအစဥ်ပင် မဟုတ်ပါလော။

ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲတွင် ပို၍ပင် လေးလံလာခဲ့သည်။

ယင်းအချိန်မှာပင် တိုက်ပွဲများ ဖြစ်ပွားနေသော အသံသည် သူ၏ ရှေ့တည့်တည့်ကနေ ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၂၅၈)ပြီး၏။

All Chapters