← Chapters

အခန်း (၂၂၅၉-၂၂၆၀)

Vol. 166 Ch. 2259-2260

အခန်း (၂၂၅၉-၂၂၆၀)

Vol. 166 Ch. 2259-2260

အခန်း(၂၂၅၉)

“အ‌ရှေ့မှာ တစ်ယောက်ယောက်ရှိနေတာများလား”

ကျန်းချန်၏ မျက်ဝန်းက လက်ခနဲ ဖြစ်သွားခဲ့သည်။

သူက ဦးတည်ချက်မရှိဘဲ ဆက်သွားရန် မဖြစ်တော့ကြောင်း ခံစားမိခဲ့၏။

အခြေအနေကို စုံစမ်းရန်နှင့် အသုံးဝင်သော သတင်းအချက်အလက်အချို့ ရနိုင်မလား သိရှိရန် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကို ရှာဖွေရမည် မဟုတ်ပါလား။

ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် တွေဝေမနေတော့ဘဲ တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် မိုင်တစ်ရာခန့်အကွာရှိ နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် စူးရှသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ‌ငွေရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် သွေးရောင်အရိုးစုတစ်ခုနှင့် တိုက်ခိုက်နေသည်ကို သူမြင်လိုက်ရသည်။

ထိုအမျိုးသား၏ ကျင့်ကြံခြင်းအဆင့်သည် အားမနည်းဘဲ နတ်ဘုရင် ဒုတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

သို့သော်လည်း ဆန့်ကျင်ဘက်မှ သွေးရောင်အရိုးစုသည် အလွန်တရာ အစွမ်းထက်နေခဲ့သည်။

ထိုအမျိုးသားသည် နတ်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်နေသည့်တိုင် သွေးရောင်အရိုးစု၏ တိုက်ခိုက်မှုအောက်တွင် အလွန်အမင်း ရုန်းကန်နေရပြီး အန္တရာယ်ရှိသော အခြေအနေသို့ပင် ရောက်ရှိနေခဲ့သည်။

ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ ထိုအမျိုးသားထံကနေ ထွက်ပေါ်နေသော သွေးအရှိန်အဝါသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ သွေးအရှိန်အဝါနှင့် အလွန်တရာ ဆင်တူနေခြင်းပင် ဖြစ်သည်။

ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုနှင့် တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီး နတ်ကုန်းမြေတိုက်ကနေ လုံးဝ ဆုတ်ခွာသွားခဲ့ရသည်။

ကျန်းချန်က ၎င်းတို့အတွက် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေကနေ အမွေအနှစ်များ ပြန်လည်ရယူပေးခဲ့ပြီးနောက်ပိုင်းတွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

သို့သော်လည်း ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် ယှဥ်ပြိုင်ရန်မှာ အလှမ်းဝေးနေဆဲ ဖြစ်ပြီး ကျန်းဝူကောင်းကင်နယ်မြေတွင်သာ အင်အားပြန်လည်စုဆောင်းနေဆဲ ဖြစ်၏။

ယခုတစ်ကြိမ်တွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကနေ နတ်ကုန်းမြေတိုက်သို့ ရောက်လာခဲ့သူမှာ ဖုန်းယန် တစ်ဦးတည်းသာ ရှိသည်။

သူက ဤနေရာတွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ တစ်စုံတစ်ယောက်နှင့် မထင်မှတ်ဘဲ ဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ရှုံးနိမ့်ပြီးနောက်တွင် မျိုးနွယ်စုဝင် တချို့သည် နတ်ကုန်းမြေတိုက်ပေါ်တွင် အသက်ရှင်ကျန်ရစ်နေခဲ့ပြီး မျိုးဆက်များ ဆက်လက် ပြန့်ပွားနေခဲ့ခြင်း ဖြစ်နိုင်ပါသလော။

ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် ငွေရောင်ဝတ်စုံဝတ်အမျိုးသားသည် သွေးရောင် အရိုးစု၏ ရိုက်ချက်ဖြင့် လွင့်စင်ထွက်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။

ငွေရောင်ဝတ်စုံဝတ် အမျိုးသား ရှုံးနိမ့်သွားသည်ကို မြင်လျှင် ကျန်းချန်သည် တွေဝေမနေတော့ဘဲ လက်ညှိုးမှ ဓားစွမ်းအားဖြင့် သွေးရောင်အရိုးစုကို ပစ်ခတ်ကာ သတ်ဖြတ်ပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် အသက်ရှင်ရန် ရုန်းကန်နေရသည့် ငွေရောင်ဝတ်စုံဝတ် အမျိုးသားသည် အံ့အားသင့်သွားခဲ့သည်။

သူ့အနားသို့ ဖြည်းညင်းစွာ လျှောက်လာသော ကျန်းချန်ကိုမြင်လျှင် ငွေရောင်ဝတ်စုံဝတ် အမျိုးသားသည် အလျင်အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကျွန်တော့်နာမည်က လဲ့လင်ပါ.. ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။

“မင်းက‌‌ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကလား”

ကျန်းချန်၏ စကားကိုကြားလျှင် လဲ့လင်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက ‌ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ မျိုးနွယ်စုခွဲ တစ်ခုမှ ဖြစ်သည်။

‌ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စု၏ ချေမှုန်းခြင်းကို ခံရပြီးကတည်းကပင် ငွေတောင်ပံ လျှပ်စီးလင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ပုန်းအောင်နေခဲ့ပြီး သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ အန္တရာယ်ကြောင့် သူတို့ ငွေတောင်ပံ လျှပ်စီးလင်းယုန်မျိုးနွယ်စုသည် ပြင်ပသို့ ထွက်လေ့ထွက်ထ မရှိခဲ့ပေ။

သူ့ရှေ့မှ လူသည် သူ မည်သူမည်ဝါ ဖြစ်ကြောင်း တစ်ချက်တည်းဖြင့် သိရှိသွားလိမ့်မည်ဟု သူလုံးဝ မထင်မှတ်ထားခဲ့ချေ။

“မလန့်ပါနဲ့.. ငါက မင်းတို့ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုနဲ့ ပတ်သက်မှုတွေ အများကြီး ရှိပါတယ်.. မင်းကို ဘာမှလုပ်မှာမဟုတ်ပါဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ငါသာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ရန်သူဆိုရင် မင်းကို ဘာလို့ကယ်ရမှာလဲ.. ဟုတ်တယ်မလား”

ထိုစကားကိုကြားမှသာ လဲ့လင်သည် သက်ပြင်းချနိုင်ခဲ့သည်။

ထို့နောက် သူက ခေါင်းညိတ်ကာ ကျန်းချန်‌၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲ တစ်ခုဖြစ်တဲ့ ငွေတောင်ပံ လျှပ်စီးလင်းယုန် မျိုးနွယ်စုကပါ”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခဏမျှ စဥ်းစားလိုက်သည်။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည်လည်း ကောင်းကင်ခွန်ပန် နတ်မျိုးစု ကဲ့သို့ ပင်မမျိုးနွယ်စု အပြင် မျိုးနွယ်စုခွဲများ ရှိပုံရသည်။

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို အနိုင်ရခဲ့သော်လည်း ‌ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတစ်ခုလုံးကိုမူ အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ပေ။

ထို့ကြောင့်လည်း နတ်ကုန်းမြေတိုက်ပေါ်တွင် ငွေတောင်ပံ လျှပ်စီးလင်းယုန် မျိုးနွယ်စု ကဲ့သို့ ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ မျိုးနွယ်စုခွဲများ ရှိနေဆဲ ဖြစ်၏။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတော့ပေ။

သူက လဲ့လင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“မင်းဆန္ဒရှိရင် ငါ့နောက်ကို လိုက်ခဲ့နိုင်ပါတယ်.. ငါ့နာမည်က ကျန်းချန်ပါ.. မင်းက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်မှတော့ ငါမင်းကို စောင့်ရှောက်ပေးပါ့မယ်”

ကျန်းချန်၏ နာမည်ကို ကြားလျှင် လဲ့လင်သည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို သတိရသွားခဲ့သည်။

“စီနီယာက ကောင်းကင်အရှင်အဆင့်နဲ့တင် အလယ်ပိုင်းဒေသရဲ့ ထိပ်သီးပါရမီရှင် လုံကျိုးဟန်ကို အနိုင်ယူခဲ့တဲ့ ကျန်းချန်လား”

သူ၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကျန်းချန်သည် အလယ်ပိုင်းဒေသ၏ ထိပ်သီးပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သော လုံကျိုးဟန်ကို အနိုင်ယူကာ ထိုတိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကြီးခဲ့သူ ဖြစ်သည်။

ပြင်ပသို့ ထွက်လေ့ထွက် ထမရှိသော ငွေတောင်ပံ လျှပ်စီးလင်းယုန် မျိုးနွယ်စုပင်လျှင် ကျန်းချန်၏ နာမည်ကို ကြားဖူးကြသည်။

ကျန်းချန်သာ နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် နံပါတ်တစ်ပင် ဖြစ်လာနိုင်သည်ဟု ကောလာဟလများပင် ထွက်ပေါ်ခဲ့၏။

သူက ဤကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင် ကျန်းချန်နှင့် တွေ့ဆုံရလိမ့်မည်ဟု လဲ့လင် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ် အဲဒီကျန်းချန်က ငါပဲ.. မင်းတောင် ငါ့နာမည်ကို ကြားဖူးနေတယ် ဆိုတော့ ငါက နတ်ကုန်းမြေတိုက်မှာ အတော်လေး နာမည်ကြီးနေတဲ့ပုံပဲ”

“စီနီယာကျန်းချန်က နတ်ကုန်းမြေတိုက်ရဲ့ ထိပ်သီးပါရမီရှင်တွေထဲက တစ်ယောက်ပဲလေ.. အခုဆိုရင် နတ်ကုန်းမြေတိုက်မှာ စီနီယာကျန်းချန်အကြောင်း မသိတဲ့သူ မရှိသလောက်ပဲ”

လဲ့လင်က ကျန်းချန်ကို အလျင်အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။

“စီနီယာကျန်းချန်ကို ကျေးဇူးတင်ပါတယ်”

ဤသွေးရောင်ကမ္ဘာကြီးသည် အမှန်တကယ်ပင် အလွန်တရာ အန္တရာယ်များလှ၏။

သူ၏ စွမ်းရည်ဖြင့်သာ ဆိုလျှင် ဤနေရာ၌ အသက်ရှင်နိုင်ရန်မှာ ခက်ခဲလှသည်။

ကျန်းချန်သည် ကောင်းကင်အရှင် အဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အနည်းဆုံး နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူများနှင့် ယှဥ်နိုင်သည်။

ထို့ကြောင့် ကျန်းချန်နှင့်အတူ ရှိနေနိုင်မည် ဆိုလျှင် သူ့အတွက် အကောင်းဆုံးပင် မဟုတ်ပါလော။

“ငါတို့သွားကြစို့”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လဲ့လင်နှင့်အတူ ထွက်ခွာလာခဲ့သည်။

ထိုအချိန်တွင် လဲ့လင်သည် ကျန်းချန်ကို ရုတ်တရက်ပြောလိုက်သည်။

“စီနီယာကျန်းချန်.. စီနီယာသွားဖို့ ရွေးချယ်ထားတဲ့ ဦးတည်ချက်က နည်းနည်း မှားနေသလိုပဲ”

ကျန်းချန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး စူးစမ်းသော လေသံဖြင့် မေးလိုက်သည်။

“မင်းက ဘယ်နေရာကို သွားရမလဲ ဆိုတာ သိလို့လား”

“ဒီကိုလာတုန်းက ကျွန်တော် အဖွဲ့တစ်ခုနဲ့ ယာယီ ပူးပေါင်းခဲ့သေးတယ် စီနီယာကျန်းချန်.. အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီတစ်ခေါက် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကို ရောက်လာတာက အတွေ့အကြုံယူဖို့ အတွက်ပဲ.. ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က ဒီသွေးရောင်ကမ္ဘာထဲကို ဝင်ရောက်လာစဥ်မှာ ကံကောင်းထောက်မပြီး ဗဟိုဧရိယာမှာ ပေါ်လာခဲ့တယ်.. သူက အဲဒီနေရာမှာ ရှေးဟောင်းနန်းတော်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်.. အဲဒါက ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူရဲ့ အမွေအနှစ် တည်ရှိတဲ့နေရာဖြစ်ဖို့ များတယ်.. အဲဒီနေရာက စီနီယာ အခု ဦးတည်နေတဲ့အရပ်မှာ မရှိဘူး”

လဲ့လင်က ဘာမှ ဖုံးကွယ်မထားဘဲ အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် လင်းလက်သွားခဲ့၏။

“ဒါဆို ငါတို့ အဲဒီနေရာကို သွားကြတာပေါ့.. မင်းငါ့ကို လမ်းပြပေးပါ”

ထိုရှေးဟောင်းနန်းတော်တွင် ရှိနေမည့် အရာသည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ အမွေအနှစ်မဟုတ်မှန်း ကျန်းချန် ကောင်းစွာ သိထားခဲ့သည်။

သို့သော်လည်း ပြင်ပစကြဝဠာမှ အင်မော်တယ် ကျင့်ကြံသူ၏ အစီအစဥ်ကို သိရှိရန် သွားရောက်စစ်ဆေးရမည် မဟုတ်ပါလား။

“ကောင်းပါပြီ”

လဲ့လင်က တွေဝေမနေဘဲ ချက်ချင်းဆိုသလိုပင် ဦးတည်ရာအရပ်ကို ပြောင်းလိုက်ပြီး ကျန်းချန်ကို အရှေ့တောင်ဘက်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ယခုအခါတွင် သူတို့ထံ၌ ရှင်းလင်းသော ပန်းတိုင် တစ်ခု ရှိနေခဲ့ပြီဖြစ်ရာ ကျန်းချန်တို့ နှစ်ယောက်သည် သွေးရောင်လွင်ပြင်ပေါ်တွင် ပိုမို လျင်မြန်စွာ သွားလာနိုင်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ကြုံတွေ့ရသည့် သွေးရောင်အရိုးစုများကို ကျန်းချန်သည် အလွယ်တကူပင် ရှင်းလင်းပစ်ခဲ့၏။

နတ်ဘုရင် တတိယအဆင့်နှင့် စတုတ္ထအဆင့် တို့ဖြင့်ပင် ယှဥ်နိုင်သော သွေးရောင်အရိုးစုများ ပင်လျှင် ကျန်းချန်၏ ရိုးရှင်းသော သာမန် တိုက်ခိုက်မှုများကို မတားဆီးနိုင်ခဲ့ပေ။

ဤမြင်ကွင်းသည် လဲ့လင်ကို အလွန်အမင်း တုန်လှုပ်စေခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာ ထက်မြက်မှန်း သူသိထားသော်လည်း ကျန်းချန်က သွေးရောင်အရိုးစုများကို ဖရဲသီးစိတ်နေသကဲ့သို့ အလွယ်တကူ သတ်ဖြတ်နေသည်အား ကိုယ်တိုင် မြင်တွေ့လိုက်ရလျှင် ကျန်းချန် မည်မျှအထိ အစွမ်းထက်ကြောင်း သိရှိသွားခဲ့သည်။

ကောင်းကင်အရှင် အဆင့်သည် ဤမျှလောက်အထိပင် ကောင်းကင်ကို ဆန့်ကျင်နေသော စွမ်းအားကို ပိုင်ဆိုင်နိုင်ပါသလော။

ဤအခိုက်အတန့်တွင် ကျန်းချန်သာ နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ နံပါတ်တစ် ဖြစ်လာရန် တကယ်ပင် အရည်အချင်းပြည့်မီလိမ့်မည်ဟု လဲ့လင် ယုံကြည်သွားခဲ့သည်။

ကျန်းချန်တို့ နှစ်ယောက်က သွေးရောင်လွင်ပြင်တွင် လျင်မြန်သော အရှိန်အဟုန်ဖြင့် ခရီးဆက်ခဲ့ကြသည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင် မီတာတစ်ရာခန့် မြင့်မားသော ရှေးဟောင်း သွေးရောင်နန်းတော်ကြီး တစ်ခုသည် ကျန်းချန်တို့နှစ်ဦး၏ မြင်ကွင်းထဲတွင် ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၂၅၉)ပြီး၏။

အခန်း(၂၂၆၀)

ဤနန်းတော်ကြီး တစ်ခုလုံးသည် သွေးရောင်လွှမ်းနေခဲ့ပြီး မရေမတွက်နိုင်သော နှစ်ကာလများကြောင့် လျှို့ဝှက်ဆန်းကြယ်သော ပုံစံမျိုး ပေါက်နေခဲ့သည်။

ထိုနေရာကနေ ရှေးဟောင်း အ‌ငွေ့အသက်များ ပျံ့လွင့်နေခဲ့ပြီး ကျန်းချန် တို့ကို မရေမတွက်နိုင်သော နှစ်ကာလများစွာ၏ တိတ်ဆိတ်ငြိမ်သက်သော အပြောင်းအလဲများအား ခံစားရစေခဲ့သည်။

ဤအခိုက်အတန့်တွင် သွေးရောင်နန်းတော်ကြီး၏ ပတ်ပတ်လည်တွင် ကျင့်ကြံသူ ရာနှင့်ချီ၍ စုဝေးနေခဲ့ကြ၏။

ထို့အပြင် ၎င်းတို့ထဲတွင် အများစုသည် နတ်ဘုရင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ ရှထျန်းယွမ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြယ်အလင်းရောင်များ လင်းလက်နေသည့် အခြားသော နတ်ဘုရင် သတ္တမအဆင့် အကြီးအကဲတစ်ဦး အပါအဝင် အားလုံးသည် ဤနေရာ၌ စုဝေးနေခဲ့ကြသည်။

သို့သော်လည်း မည်သူကမှ သွေးရောင်နန်းတော်ကြီး ဆီသို့ အလွယ်တကူ မချဥ်းကပ်ဝံ့ကြပေ။

အဘယ်ကြောင့်ဆိုသော် သွေးရောင်နန်းတော်ကြီး၏ ဝင်ပေါက်တွင် သွေးရောင်အရိုးစု ရာချီ၍ စုဝေးနေခဲ့ပြီး နန်းတော်ဝင်ပေါက်ကို လုံးဝ ပိတ်ဆို့ထားသောကြောင့်ပင်။

ထိုသွေးရောင်အရိုးစုများ၏ အရှိန်အဝါသည် အလွန်တရာပင် သန်မာလှသည်။

အထူးသဖြင့် ၎င်းတို့ထဲမှ သွေးရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သွေးရောင်လှံရှည်ကို ကိုင်ဆောင်ကာ ဝင့်ကြွားစွာ ရပ်နေသော အရိုးစုသည် အလွန်တရာ အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့်ပင် ထိုအရိုးစုထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားနေခဲ့ရသည်။

ကျန်းချန်က စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားခဲ့၏။

ကျင့်ကြံသူများက ဤနေရာသို့ ရောက်လာကြသော်လည်း မဆင်မခြင် မလှုပ်ရှားဝံ့ကြသည်မှာ မထူးဆန်းတော့ပေ။

ဆိုရလျှင် ထိုသွေးရောင်အရိုးစုသည် အနည်းဆုံး နတ်ဘုရင် သတ္တမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။

“စီနီယာ ရှင်းဟယ်.. စောင့်ရတာ အတော်လေးကြာနေပြီလို့ ထင်တယ်.. စီနီယာ ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ”

ရှထျန်းယွမ်က ပတ်ဝန်းကျင်ကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် နတ်ဘုရင်သတ္တမအဆင့် အဘိုးအိုကို မေးလိုက်သည်။

ထိုအဘိုးအိုကို ရှထျန်းယွမ် ခေါ်ဆိုလိုက်သည့် နာမည်အား ကြားလျှင် လဲ့လင်သည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို သတိရသွားခဲ့ပြီး ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

“စီနီယာကျန်းချန်.. အဲဒီအဘိုးအိုက ကြယ်ကြွေနန်းတော်ရဲ့ဘိုးဘေး လော့ရှင်းဟယ်ပဲ.. သူက အသန်မာဆုံး နတ်ဘုရင်စာရင်းမှာ အဆင့် ၈၉ နေရာမှာရှိတယ်”

ကျန်းချန်က ဘာမှ မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

ရှထျန်းယွမ်သည် မအောင့်အီးနိုင်တော့ဘဲ သွေးရောင်နန်းတော် အပြင်ဘက်မှာ အရိုးစုများကို စတင် တိုက်ခိုက်ချင်နေပုံရ၏။

“ကောင်းပြီလေ ဒါဆို ငါက ခေါင်းဆောင်ဖြစ်တဲ့ သွေးရောင်ချပ်ဝတ်တန်ဆာဝတ် အရိုးစုကို တာဝန်ယူလိုက်မယ်”

“မင်းက တခြားလူတွေကို ဦးဆောင်ပြီး ကျန်တဲ့ အရိုးစုတွေကို အမြန်ဆုံး ရှင်းပစ်လိုက်ပါ”

ရှထျန်းယွမ်၏ စကားကိုကြားလျှင် လော့ရှင်းဟယ်သည် ‌ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ပြဿနာမရှိဘူး”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ရှထျန်းယွမ်၏ စကားသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“အားလုံးမြင်တဲ့အတိုင်းပဲ.. ဒီသွေးရောင်အရိုးစုတွေက သွေးရောင်နန်းတော်ရဲ့ တံခါးဝကို ပိတ်ဆို့ထားကြတယ်.. တကယ်လို့ ငါတို့အနေနဲ့ သွေးရောင်အရိုးစုတွေကို မသတ်နိုင်ရင် အတွင်းထဲကို လုံးဝ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး.. အခု စီနီယာ ရှင်းဟယ်နဲ့ ငါနဲ့ ဦးဆောင်ပြီး ဒီ သွေးရောင်အရိုးစုတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ.. နန်းတော်ထဲကို ဝင်ပြီးမှပဲ ကျန်တဲ့ကိစ္စတွေကို ဆက်ဆွေးနွေးကြတာပေါ့.. ဘယ်သူ ကန့်ကွက်စရာရှိလဲ”

နတ်ဘုရင် တတိယအဆင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်သည်။

“အခုလို အားလုံးပူးပေါင်းပြီး သွေးရောင်အရိုးစုကို ရင်ဆိုင်တာက အကောင်းဆုံး နည်းလမ်းပါပဲ.. ကျွန်တော့်အနေနဲ့ကတော့ ကန့်ကွက်စရာမရှိပါဘူး”

“ဟုတ်တယ် နန်းတော်ထဲကို မဝင်နိုင်ရင် ဒီနေရာကို ရောက်လာတာ အလကား ဖြစ်သွားလိမ့်မယ်.. အားလုံးပဲ ပူးပေါင်းပြီး ဒီ သွေးရောင် အရိုးစုတွေကို ချေမှုန်းကြရအောင်”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးသည် ရှထျန်းယွမ်၏ အဆိုကို သဘောတူညီခဲ့ကြသည်။

“အားလုံးပဲ ကန့်ကွက်စရာမရှိဘူး ဆိုမှတော့ စလိုက်ကြစို့”

စကားဆုံးသည်နှင့် ရှထျန်းယွမ်သည် ကိုယ်တိုင် ဦးဆောင်ကာ သွေးရောင်အရိုးစုများ ရှိရာသို့ ပြေးဝင်သွားခဲ့ပြီး သူ၏ အနီးဆုံးတွင် ရှိသည့် သွေးရောင်အရိုးစုကို လက်ဖဝါးဖြင့် ရိုက်ချကာ ချေမှုန်းပစ်လိုက်သည်။

တခြားသူများကလည်း တွေဝေမနေတော့ဘဲ သွေးရောင်အရိုးစုများကို ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။

ဤသို့ဖြင့် ရှေးဟောင်းနန်းတော်ကြီး၏ အပြင်ဘက်တွင် သွေးရောင် အရိုးစုများနှင့် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများကြားတွင် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားလာခဲ့သည်။

“ကျူးကျော်သူတွေ သေဖို့သာပြင်ထားလိုက်တော့”

ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ဖြစ်သည့် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုသည် ကျယ်‌လောင်စွာ ကြုံးဝါးလိုက်ပြီး လက်ထဲမှ သွေးရောင်လှံရှည်ကို ဝှေ့ယမ်းကာ ပြေးထွက်လာခဲ့သည်။

“စီနီယာရှင်းဟယ်.. သူ့ကို တားထားလိုက်ဦး”

ရှထျန်းယွမ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ဤသွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုသည် အစွမ်းထက်ရုံသာမက အသိစိတ် အနည်းငယ်ပင် ရှိနေပုံရ၏။

၎င်းသာ ပြေးဝင်လာခဲ့လျှင် အကျိုးဆက်မှာ မှန်းဆ၍ပင် မရနိုင်ပေ။

လော့ရှင်းဟယ်က ဘာစကားမျှ မပြောဘဲ သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ ရှေ့တွင် တစ်ခဏအတွင်း ပေါ်လာခဲ့ပြီး ကြယ်အလင်းများ လင်းလက်နေသော လက်ဝါးရိုက်ချက်ဖြင့် ထို သွေးရောင်အရိုးစုကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“စီနီယာကျန်းချန်က ကျွန်တော်တို့ရော ဝင်တိုက်ကြမလား”

တိုက်ပွဲ ဖြစ်ပွားနေသည်ကိုမြင်လျှင် ကျန်းချန်၏ နံဘေးရှိ လဲ့လင်သည် ခပ်တိုးတိုး မေးလိုက်သည်။

ကျန်းချန်က လဲ့လင်၏ စကားကို ပြန်မဖြေဘဲ သူ့ရှေ့မှ တိုက်ပွဲကိုသာ အာရုံစိုက်၍ ကြည့်နေခဲ့၏။

လော့ရှင်းဟယ်နှင့် ရှထျန်းယွမ် တို့သည် ကျင့်ကြံသူအားလုံးကို စုစည်းခဲ့ကြသော်လည်း သွေးရောင်နန်းတော် အပြင်ဘက်ရှိ ရာချီသော သွေးရောင်အရိုးစုများကို အရေအတွက်အရ‌ရော အရည်အသွေးအရပါ အသာစီးမရနိုင်ဘဲ ဖြစ်နေခဲ့သည်။

လော့ရှင်းဟယ်သည်ပင် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ ထိန်းချုပ်မှုကို ခံထားရပြီး အသေအလဲ ရင်ဆိုင်နေရသည်။

ရှထျန်းယွမ်သည် သူ၏ စွမ်းရည်ဖြင့် လူအုပ်ကြီးကို ဦးဆောင်ကာ သွေးရောင်အရိုးစုများကို တိုက်ခိုက်ခဲ့ရာတွင် အစပိုင်း၌ အသာစီး ရခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အရေးနိမ့်လာခဲ့၏။

ဆိုရလျှင် သွေးရောင်အရိုးစုများ၏ ခုခံနိုင်စွမ်းသည် အလွန်တရာပင် သန်မာလှပြီး ၎င်းတို့ကို လုံးဝ ပျက်စီးသွားအောင် တစ်ချက်တည်းဖြင့် တိုက်ခိုက်နိုင်မှသာလျှင် ချေမှုန်းနိုင်မည် ဖြစ်သည်။

ယင်းကဲ့သို့ တိုက်ခိုက်ခြင်းသည် ကျင့်ကြံသူ၏ စွမ်းအင်သုံးစွဲမှုကို နှစ်ဆခန့် ကုန်ခန်းစေခဲ့သည်။

ခဏအကြာတွင် သွေးရောင်အရိုးစု တစ်ခု၏ ရိုက်ချက်သည် တစ်စုံတစ်ဦး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး ထိုလူသည် တဖြည်းဖြည်းနှင့် သွေးရောင်အရိုးစု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ကိုယ့်ကိုယ်ကိုယ် သေချာကာကွယ်ထားပါ”

ကျန်းချန်က အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လက်ထဲမှ ရှေးဟောင်း‌ ရွှေရောင်ဓားကို ဝှေ့ယမ်းကာ စစ်မြေပြင်သို့ ခုန်ဝင်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများ ပို၍ ကျဆုံးလာခဲ့ကြပြီး သွေးရောင်အရိုးစုများ အဖြစ် ပြောင်းလဲသွားခဲ့ရာ နှစ်ဖက်အင်အားသည် သိသိသာသာပင် အပြောင်းအလဲ ဖြစ်လာခဲ့ပြီး ရှထျန်းယွမ် တို့သည် တဖြည်းဖြည်း အရေးနိမ့်စပြုလာခဲ့သည်။

သူသာ မကူညီလျှင် ရှထျန်းယွမ်တို့ အားလုံးသည် သုတ်သင်ခံရလိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် ရှထျန်းယွမ်တို့ အားလုံးသည် သွေးရောင်အရိုးစုများ အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ရာ သူတို့နှစ်ဦးတည်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်မှာ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က တိုက်ပွဲစစ်မြေပြင် ထဲသို့ ဝင်ရောက်လာပြီးနောက်တွင် လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။

သူ ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်းတွင် သွေးရောင်အရိုးစု တစ်ခုသည် အပိုင်းပိုင်းပြတ်ကာ ကြေမွသွားခဲ့၏။

ကျန်းချန် ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူတစ်ဦး တိုက်ပွဲထဲသို့ ဝင်ရောက်လာသောအခါတွင် ရှထျန်းယွမ် တို့သည်လည်း အခြေအနေကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ကြသည်။

သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား အခါအားလျော်စွာ သွေးရောင် အရိုးစုများ၏ လက်ထဲတွင် ကျင့်ကြံသူများသည် ကျဆုံးနေကြဆဲ ဖြစ်၏။

သွေးရောင်အရိုးစုများကို တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူရာချီ ရှိသည့်အနက် ဤတိုက်ပွဲတွင် တစ်ဝက်နီပါးပင် ကျဆုံးခဲ့ကြသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲက မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းကြောင်း ခန့်မှန်းနိုင်ပေသည်။

“ရှထျန်းယွမ်.. ငါမရတော့ဘူး”

ထိုအခိုက်အတန့်တွင် လော့ရှင်းဟယ်၏ ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်တွင် လော့ရှင်းဟယ်သည်ပင် သွေးရောင်ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရပြီး အရှက်တကွဲ ထွက်ပြေးနေရသည်။

သူ့အနေဖြင့် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ တိုက်ခိုက်မှုကို ဆက်လက် တောင့်မခံနိုင်တော့သည်မှာ ထင်ရှားနေခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် ရှထျန်းယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး လော့ရှင်းဟယ်ကို အကူအညီပေးရန် အတွက် လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

လော့ရှင်းဟယ်သည် သူတို့ထဲတွင် အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်၏။

အကယ်၍ လော့ရှင်းဟယ်သာ သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ လက်ထဲတွင် ကျဆုံးသွားလျှင် ယနေ့တွင် သူတို့အနေဖြင့် အသက်ရှင်လျက် ပြန်လည် ထွက်သွားနိုင်ရန်မှာ မျှော်လင့်ချက် မရှိသလောက်ပင် မဟုတ်ပါလား။

ထိုအခိုက် ကျန်းချန်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

သူက ရှေးဟောင်းရွှေရောင်ဓားကို ကိုင်ဆွဲကာ ရှထျန်းယွမ် နည်းတူ လော့ရှင်းဟယ်ဆီ ပျံသန်းသွားခဲ့သည်။

သူတို့က လော့ရှင်းဟယ်နှင့် ပူးပေါင်းကာ နတ်ဘုရင် သတ္တမအဆင့်ထက် မနိမ့်ကျသည့် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုကို ရှင်းပစ်ရန် ရည်ရွယ်ထားခဲ့၏။

သို့သော်လည်း ရှထျန်းယွမ်နှင့် ကျန်းချန်တို့က လော့ရှင်းဟယ်နှင့် ပူးပေါင်းကာ သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုကို ဝိုင်းရံတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် အရိုးစုသည် အက်ကွဲသော လေသံဖြင့် ကြုံးဝါးလိုက်သည်။

“သွားသေလိုက်စမ်း”

ထိုခဏဝယ် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုသည် လော့ရှင်းဟယ်ကို တိုက်ခိုက်နေရာကနေ စွန့်ခွာလိုက်ပြီး ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ရှထျန်းယွမ် ဆီသို့ ပြေးဝင်သွားခဲ့သည်။

အခန်း(၂၂၆၀)ပြီး၏။

All Chapters