အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
Chapter 436: ကောင်းကင်ဘဏ္ဍာတိုက်တွင် ဈေးဝယ်ထွက်ခြင်း
နတ်ဆိုး ပင်လယ်၊ အဋ္ဌမမြောက်အလွှာ။
ဤအနက်ရှိုင်းဆုံးနေရာတွင် ပင်လယ်ရေထုမှာ လုံးဝကို မှောင်အတိကျနေပြီး မိမိလက်ဖဝါးကိုပင် ရှေ့သို့ဆန့်တန်းထားလျှင် မြင်နိုင်ရန် ခဲယဉ်းလှသည်။ သို့သော် ဤပတ်ဝန်းကျင်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော နတ်ဆိုးများမှာမူ ၎င်းနှင့် ကျင့်သားရနေခဲ့ပြီ ဖြစ်၏။ အလင်းရောင်ကင်းမဲ့သော နေရာများတွင် ထူးဆန်းဆိုးရွားစွာ ဆင့်ကဲပြောင်းလဲလာတတ်သည့် အခြားပင်လယ်နက် သတ္တဝါများနှင့်မတူဘဲ နတ်ဆိုးများမှာ သူတို့၏ ပုံသဏ္ဌာန်နှင့် ဗီဇကို ထိန်းသိမ်းထားနိုင်ကြ၍ ဤအမှောင်ထုမှာ သူတို့၏ အိမ်ပင် ဖြစ်သည်။
အမှန်စင်စစ် ပတ်ဝန်းကျင်မှာ မှောင်လေလေ၊ နတ်ဆိုးများအတွက် ပို၍ သက်သောင့်သက်သာ ရှိလေလေ ဖြစ်သည်။ အလင်းရောင် ပိုမိုပြင်းထန်သော ရေမျက်နှာပြင်အနီးရှိ ခံတပ်များကို တိုက်ခိုက်ရန် စေခိုင်းခြင်းမှာ သူတို့ကို စိတ်မသက်မသာ ဖြစ်စေပြီး ဒေါသထွက်လွယ်စေသည်။ ထို့ကြောင့်ပင် ကြီးမားသော ကျူးကျော်မှု မတိုင်ခင်တိုင်း နတ်ဆိုးစွမ်းအင်များဖြင့် ကောင်းကင်ယံကို ဦးစွာ ဖုံးလွှမ်းလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ အမှောင်ထု၏ အကာအကွယ်အောက်တွင် လှုပ်ရှားနိုင်ရန်အတွက်ပင်။
အဋ္ဌမမြောက်အလွှာ၏ ပို၍နက်ရှိုင်းသော နေရာတွင် ရှေးဟောင်းကျပြီး ဟောင်းနွမ်းနေသော နတ်ဆိုးနန်းတော်တစ်ခု ရှိနေ၏။ ထိုနေရာတွင် မည်သည့်ကင်းစောင့်တပ်မှ ရှိမနေပေ။ ၎င်း၏ အထက်ဆုံးနေရာတွင် စကားလုံးတစ်လုံးတည်းကို ထွင်းထုထားသည်။
"တစ်"
ဤသည်မှာ ပထမမြောက် ကောင်းကင်နတ်ဆိုးကြီး 'အန်ချန်း'၏ နန်းတော်ပင် ဖြစ်သည်။ ဤနန်းတော်၏ ပတ်လည် မိုင်ပေါင်း တစ်ထောင်ကျော်အတွင်း မည်သည့်နတ်ဆိုးမျှ ခြေချရန် မဝံ့ရဲကြပေ။ ပထမမြောက် ကောင်းကင်နတ်ဆိုးကြီး၏ ရင်သွေးများပင်လျှင် ၎င်းအနီးသို့ အလွယ်တကူ မချဉ်းကပ်ကြပေ။ အရေးကြီးသော သတင်းရှိလျှင်ပင် အဝေးထိန်း ဆက်သွယ်ရေးကျောက်စိမ်းဖြင့်သာ အကြောင်းကြားကြသည်။ ဤနန်းတော်မှာ တခြားသော ကောင်းကင်နတ်ဆိုးကြီးများ၏ ခမ်းနားထည်ဝါသော ခံတပ်များနှင့်မတူဘဲ ရိုးရှင်းပြီး ရှေးကျလှ၏။ ၎င်းတွင် ရှေးဦးဆန်သော အလှတရားတစ်မျိုး ရှိနေသည်။
ရှန်မို၏ ခန္ဓာကိုယ်ထဲမှ 'ကိုးဘုံငရဲ ရေခဲမီးတောက်' ပျံထွက်သွားပြီး အထွတ်အထိပ် အရှင်သခင် နတ်ဆိုးတစ်ကောင်၏ နှလုံးသားကို ဝါးမျိုလိုက်သည့် ထိုခဏ၌ ငြိမ်သက်နေသော ဤနန်းတော်မှာ ရုတ်တရက် လှုပ်ခတ်သွားသည်။ နှစ်ပေါင်းများစွာ ပိတ်ထားသော ကျောက်တံခါးကြီးလည်း စတင် လည်ပတ်လာတော့သည်။
ကျွီ... ဝုန်း!
ဖုန်မှုန့်များ လွင့်တက်သွားပြီး တံခါးကြီးမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။ ၎င်းအတွင်းမှ ပိန်ပါးသော ပုံရိပ်တစ်ခုသည် နတ်ဆိုးစွမ်းအင်များ၏ ပင့်ဆောင်မှုဖြင့် ထွက်ပေါ်လာ၏။ လင်းလက်နေသော သန္တာကျောက်အချို့၏ အလင်းဖျော့ဖျော့အောက်တွင် သူ၏ ပုံသဏ္ဌာန်ကို မသဲမကွဲ မြင်နေရသည်။ သူသည် အရပ် တစ်လံကျော် မြင့်မားပြီး သူ၏ နောက်ကွယ်တွင် ရှည်လျားသော နဂါးအမြီးတစ်ခု ပါဝင်သည်။ သို့သော် သူ၏ ဦးခေါင်းမှာ ထူးဆန်းစွာ ကြီးမားလေးလံနေပြီး ခန္ဓာကိုယ်အလေးချိန် အများစုမှာ ဦးခေါင်းခွံထဲတွင် စုပြုံနေသကဲ့သို့ ဖြစ်နေသည်။
ဤသူကား ပထမမြောက် ကောင်းကင်နတ်ဆိုးကြီး 'အန်ချန်း' ပင် ဖြစ်၏။
"ထူးဆန်းလိုက်တာ..."
အန်ချန်း အသံထွက်လာသည်။ အစပိုင်းတွင် သူ၏အသံမှာ အက်ကွဲပြီး နားမခံသာသော်လည်း လျင်မြန်စွာပင် တည်ငြိမ်သော နတ်ဆိုးစကားအဖြစ် ပြောင်းလဲသွားသည်။
"ဘာဖြစ်လို့... ငါ အဲ့ဒီထာဝရမီးတောက်ရဲ့ စွမ်းအားကို ခံစားနေရတာလဲ"
"ဒါ ဟိုးအရင်ကတည်းက ငြှိမ်းသတ်ခံလိုက်ရပြီလို့ သေသေချာချာ မှတ်မိတာပဲ... ဒီကမ္ဘာမှာ အဲ့ဒီမီးရဲ့ အစအနလေး ကျန်နေသေးတာလား"
အန်ချန်း၏ အမူအရာမှာ ပိုမို သတိကြီးလာသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ ခါးတွင်ချိတ်ထားသော ခရမ်းပုပ်ရောင် ကျောက်စိမ်းတိုကင်တစ်ခုကို ခပ်ဖွဖွ ပုတ်လိုက်၏။ မကြာမီတွင် ကြီးမားသော ပုံရိပ်တစ်ခုသည် နတ်ဆိုးစွမ်းအင်များကို စီးနင်းလျက် သူ၏ထံသို့ ပျံသန်းလာသည်။ ထိုပုံရိပ်မှာ သန်မာထွားကြိုင်းပြီး အရပ် သုံးလံကျော် မြင့်မားသော်လည်း အန်ချန်း၏ ရှေ့တွင်မူ အလွန်ပင် ရိုသေစွာ ဦးညွှတ်လိုက်၏။
"လက်အောက်ခံ 'အန်ထျန်းရင်'မှ သခင်ကြီးအန်ချန်းရဲ့ အမိန့်ကို နာခံဖို့ ရောက်ပါပြီ”
နတ်ဆိုးများ၏ အမည်ပေးစနစ်တွင် "အန်" ဆိုသည့် မျိုးရိုးအမည်ကို အားလုံးက မျှဝေသုံးစွဲကြသည်။ ဒုတိယမြောက် စာလုံးတွင်မူ နက်ရှိုင်းသော အဓိပ္ပာယ် ရှိသည်။ အကယ်၍ ၎င်းမှာ "ကျန့်" ဖြစ်ပါက အရှင်သခင် သွေးမျိုးဆက် ဖြစ်ကြောင်း ပြသသည်။ အကယ်၍ ၎င်းမှာ "ထျန်း" ဖြစ်ပါက ကောင်းကင်နတ်ဆိုး သွေးမျိုးဆက် ဖြစ်ကြောင်း ပြသသည်။ အကယ်၍ အန်ချန်း၊ အန်ဖုန်း သို့မဟုတ် အန်ချန် ကဲ့သို့သော သီးသန့်စာလုံး နှစ်လုံးတည်းသာ ပါဝင်ပါက ၎င်းမှာ ကောင်းကင်နတ်ဆိုးကြီး ဆယ်ပါးထဲမှ တစ်ဦး ဖြစ်နိုင်ခြေ များလေ၏။
အမှန်စင်စစ် အန်ဖန်ကဲ့သို့သော ယခင်က လူသား သို့မဟုတ် ကပြားဖြစ်ခဲ့ပြီး နောက်ပိုင်းမှ နတ်ဆိုးအဖြစ် အသွင်ပြောင်းခဲ့သူများမှာမူ ဤစာရင်းတွင် မပါဝင်ချေ။ နတ်ဆိုးအငယ်စားလေးများမှာကား မည်သည့်အမည်မျှ မရှိကြပေ။
အန်ချန်း တည်ငြိမ်စွာဖြင့်
“ငါ 'ကိုးဘုံငရဲ ရေခဲမီးတောက်' ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတယ်… ချက်ချင်းသွားပြီး စုံစမ်းစမ်း… ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အဲ့ဒီမီးကို ဘယ်နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားက ပိုင်ဆိုင်ထားလဲဆိုတာ ရှာဖွေခဲ့”
အန်ထျန်းရင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် အလွန်လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။
"နားလည်ပါပြီ… ကျွန်တော်မျိုး အခုချက်ချင်း ဆောင်ရွက်ပါ့မယ်"
ဝှစ်ခနဲ လှုပ်ရှားမှုနှင့်အတူ သူ ပျောက်ကွယ်သွားတော့သည်။
အန်ချန်း သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်ပြီးနောက် နတ်ဆိုးစွမ်းအင်များဖြင့် ပုံရိပ်မှာ ဝေဝါးသွားကာ နန်းတော်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။
ဝုန်း—
ကျောက်တံခါးကြီးမှာ ထပ်မံ ပိတ်သွားပြန်သည်။ ပထမနန်းတော်၏ ပတ်လည် မိုင်တစ်ထောင်အတွင်းမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းဆီသို့ ပြန်လည် ရောက်ရှိသွားတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက် ကုန်လွန်သွားခဲ့သည်။
ကောင်းကင်ဘုံ ဘဏ္ဍာတိုက် ဆယ်ရက်တစ်ကြိမ် ဆင်းသက်လာမည့်နေ့သို့ ရောက်ရှိလာပြန်သည်။ ယခင်က တိုက်ပွဲကြီးအပြီးတွင် ခံတပ်ဆယ်ခုလုံးရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများအပြားမှာ စစ်မှုထမ်း ဂုဏ်ထူးမှတ် အမြောက်အမြား ရရှိထားကြ၏။ ထို့ကြောင့် သူတို့အားလုံး ယခုအကြိမ် ကောင်းကင်ဘုံ ဘဏ္ဍာတိုက် ရောက်ရှိလာမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။
သို့သော် ယခင်တစ်ခေါက်ကဲ့သို့ပင် သူတို့ သတိထားမိသည်မှာ 'ကောင်းကင်ဘုံ ရွှေစာရင်း' မှာ ချက်ချင်း ပေါ်မလာခြင်း ဖြစ်သည်။ ဦးစွာ ပေါ်လာသည်မှာ ကောင်းကင်ဘုံ ဘဏ္ဍာတိုက်ကို ကိုယ်စားပြုသော ကြီးမားလှသော တံခါးကြီးပင် ဖြစ်လေ၏။ အစောင့်တပ်သားများမှာ အနည်းငယ် ထူးဆန်းနေသော်လည်း အလေးအနက် မထားကြဘဲ သူတို့၏ အာရုံများကို ဘဏ္ဍာတိုက်အတွင်းသို့ ပေးပို့ကာ ဂုဏ်ထူးမှတ်များကို စတင် သုံးစွဲကြတော့သည်။
ရွှေ့ဝူခံတပ်၏ လက်နက်တိုက်တွင် ဝမ်ရှင်းအန်း အားရပါးရ ရယ်မောလိုက်သည်။
"ဒီတစ်ခါတော့ ငါ စစ်မှုထမ်း ဂုဏ်ထူးမှတ်တွေ အပုံလိုက် ရထားတာ… စိတ်ကြိုက် ဈေးဝယ်ပစ်ဦးမယ်ဟေ့”
ဝူကျန့်ယွန်း အားကျစွာဖြင့်
"တပ်မှူးဝမ် ရှားပါးတဲ့ ကျင့်စဉ်တွေကို လဲလှယ်ဖို့ စီစဉ်နေတာ မဟုတ်လား"
လီဟိုင်ထန်း မနာလိုဟန်ဖြင့်
"ကောင်းကင်ဘုံ ဘဏ္ဍာတိုက်က ကျင့်စဉ်တွေက အသိစိတ်ထဲကို တိုက်ရိုက် လွှဲပြောင်းပေးတာဆိုတော့ စာအုပ်တွေ မပါဘူး… ဒါတော့ နှမြောစရာပဲ… မဟုတ်ရင် ငါတို့လည်း အသာလေး ချောင်းကြည့်လို့ ရတာပေါ့"
ဝမ်ရှင်းအန်း လက်ကာပြလိုက်ပြီး
"ရှားပါးကျင့်စဉ်တွေကို ထားလိုက်စမ်းပါ… ငါက 'မျောက်အရက်' ရယ်၊ 'မီးနတ်အရည်' နဲ့ 'ရွှေဆေးရည်အရက်' တွေပဲ လိုချင်တာ!"
ဝူကျန့်ယွန်းနှင့် လီဟိုင်ထန်းတို့ စွံ့အသွား၏။
"..."
ရှန်မိုပင်လျှင် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရသည်။ သို့သော် ထိုအရက်များသည် သွေးအဆီအနှစ် ဆေးလုံးများထက်ပင် များစွာ ပိုမို အစွမ်းထက်သော သက်စောင့်စွမ်းအားများ ပါဝင်နေ၏။ ထိုအရက်များကို သောက်ခြင်းဖြင့် အသက်စွမ်းအားများကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်သည်။ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာ မူးယစ်ခြင်းပင်။ ၎င်းပြင် ပိုမို အစွမ်းထက်သော ကျင့်စဉ်များ သို့မဟုတ် သိုင်းပညာများကို လဲလှယ်မည်ဆိုလျှင်လည်း အစကနေ ပြန်ကျင့်ရမည် ဖြစ်ပြီး အချိန်ပေးရမည် ဖြစ်သည်။ လက်ရှိကျင့်စဉ်ထက် ပိုကောင်းမည်ဟုလည်း အာမမခံနိုင်ပေ။ ထိုရှုထောင့်မှ ကြည့်လျှင် ဝမ်ရှင်းအန်း၏ ဆုံးဖြတ်ချက်မှာ ယုတ္တိရှိပေ၏။
"မင်းတို့ တကယ် အားကျသင့်တာက ငါ့ကို မဟုတ်ဘူး… ရှန်မိုကို"
ဝမ်ရှင်းအန်း ရယ်မောရင်း ပြောလိုက်သည်။ ဝူကျန့်ယွန်း၊ လီဟိုင်ထန်းနှင့် အခြားသူများမှာလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။ လွန်ခဲ့သော ငါးရက်အတွင်း ရွှေ့ဝူခံတပ် တစ်ခုလုံးတွင် သတင်းများ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။ လက်နက်တိုက်တွင် အနှိုင်းမဲ့ လက်နက်သွန်းလုပ်သူ တစ်ဦး ပေါ်ထွက်လာကြောင်း လူတိုင်း သိရှိသွားကြပြီ။
မီးနဂါး လေသင်္ဘော ရှစ်စင်းလုံးကို သူ တစ်ယောက်တည်းက သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် တိုက်ပွဲ၏ အဓိက စွမ်းဆောင်ရှင်မှာ ရှန်မိုပင် ဖြစ်လေ၏။ ထို့ကြောင့် အစောင့်တပ်သား အများအပြားမှာ ရှန်မို စစ်မှုထမ်း အမှတ် မည်မျှ ရရှိခဲ့သနည်းဟု ခန့်မှန်းနေကြသည်။ သို့သော် မည်သူမျှ အမှန်ကိန်းဂဏန်းကို မသိနိုင်ကြပေ။
သူတို့၏ စိုက်ကြည့်မှုများကို ခံစားမိသဖြင့် ရှန်မို ပြုံးလျက် လက်လှမ်းပြလိုက်သည်။
"ခန့်မှန်းမနေကြနဲ့တော့… ခန့်မှန်းနေလို့ ဂုဏ်ထူးမှတ်တွေ ရလာမှာ မဟုတ်ဘူး… ပိုပြီး ဘယ်လို အစွမ်းထက်လာမလဲဆိုတာပဲ စဉ်းစားကြစမ်းပါ"
ထိုသို့ပြောပြီးနောက် သူ ကောင်းကင်ယံမှ တံခါးကြီးကို မော့ကြည့်ကာ သူ၏ အသိစိတ်ကို ဘဏ္ဍာတိုက်အတွင်းသို့ နှစ်မြှုပ်လိုက်သည်။
သူ အတွင်းသို့ ရောက်သည်နှင့် ရှန်မို စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။
"နတ်ဆင်အင်အားဖြင့် ငရဲကိုနှိမ်နင်းခြင်း”
ကြီးမားလှသော ရွှေစာရင်းမှာ လျင်မြန်စွာ ရှာဖွေပေးတော့သည်။ နောက်ဆုံးတွင် သူ၏ ရှေ့၌ ရွှေရောင်စာလုံးများ ပေါ်လာ၏။
[နတ်ဆင်အင်အားဖြင့် ငရဲကိုနှိမ်နင်းခြင်း (အစိတ်အပိုင်း) - ကောင်းကင်အဆင့်၊ အထက်တန်းစား သွေးစွမ်းအင်ကျင့်စဉ် - အဆင့်ဘီ ဂုဏ်ထူးမှတ် (၈၀) မှတ်။]
ရှန်မိုသည် ဤအကြောင်းကို ယခင်က ရှာဖွေဖူးသည်။ ကောင်းကင်ဘုံ ဘဏ္ဍာတိုက်ရှိ ဤကျင့်စဉ်မှာ အဆင့် ၈ ဆင့် ပါဝင်ပြီး ၎င်းမှာ ဧရာမဆင်ပြောင် အမှုန်ငယ်ပေါင်း (၈၄၀) သန်းကို နှိုးဆွရန် လုံလောက်လေ၏။ ကိုးခုမြောက် အဆင့်ရောက်မှသာ 'နဂါးဆင်' အမှုန်များ စတင် နိုးထမည် ဖြစ်သည်။
"နောက်ထပ် အဆင့်လေးဆင့်ကို လဲဖို့ဆိုရင်... အဆင့်ဘီ ဂုဏ်ထူးမှတ် (၆၀) လိုတာပေါ့"
ရှန်မို သေချာစဉ်းစားနေသည်။
ထို့နောက် ရဲရဲဝံ့ဝံ့ပင်
"ခြင်းတောင်းထဲ ထည့်လိုက်"
သူ ဟန်ဆောင်မနေတော့ပေ။
အခု ငါက တကယ့် သူဌေးပဲ။
သို့သော် သူ ချမ်းသာနေလျှင်ပင် ပစ္စည်းများအား အလဟဿ မဖြုန်းတီးပေ။ သူသည် ပထမ အဆင့် လေးဆင့်ကို ကျင့်ကြံပြီး ဖြစ်ရာ ၎င်းတို့အတွက် ဂုဏ်ထူးမှတ်များကို ထပ်မံ အသုံးမပြုတော့ပေ။ ပဉ္စမအဆင့်မှ အဋ္ဌမအဆင့်အထိသာ လိုအပ်လေ၏။
ဝုန်း!
ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လက်သွားသည်။ ရှန်မို၏ ဘေးတွင် လင်းလက်နေသော အလင်းလုံးတစ်ခု ပေါ်လာပြီး ၎င်းအတွင်း၌ ရွှေရောင် စာသားများမှာ တဖျတ်ဖျတ် တောက်နေ၏။ ရှန်မိုက ၎င်းကို ထိတွေ့ရန် လက်လှမ်းလိုက်သော်လည်း ထိုအလင်းလုံးမှာ အကောင်အထည် မရှိသဖြင့် ထိတွေ့၍ မရကြောင်း သိလိုက်ရသည်။
"နောက်ထပ် နည်းနည်းလောက် ရွေးဦးမှပဲ..."
ရှန်မို ခဏမျှ စဉ်းစားလိုက်သည်။ သူ၏ သိုင်းပညာ ကျင့်စဉ်များမှာ တိုးတက်ရန် နေရာလွတ် ရှိနေသေး၏။ ဥပမာ - နေမင်း (၉) သွယ် နတ်ဘုရားဖီးနစ်ကျင့်စဉ်မှာ ၎င်း၏ နာမည်အတိုင်း ကိုးဆင့် ရှိသည်မှာ ထင်ရှားသည်။ ယခင်က 'ဖီးနစ်နားခို ဝူထုံသစ်ပင်' ၏ အကူအညီဖြင့် ရှန်မိုတစ်ယောက် ဖီးနစ်၏ အရှိန်အဝါကို ခံစားမိကာ ပဉ္စမမြောက်အဆင့်ဖြစ်သော "လောကဖျက် နတ်ဖီးနစ်" ကို နားလည်ခဲ့သည်။ သို့သော် ကျန်ရှိသော လေးဆင့်မှာ လုံးဝ မရှိသေးပေ။ သူ ၎င်းတို့ကို ကောင်းကင်ဘုံ ဘဏ္ဍာတိုက်တွင် ရှာဖွေနိုင်ပါသည်။
စိတ်ဝိညာဉ်စွမ်းအင် ခုခံကာကွယ်မှု ကျင့်စဉ်အတွက်မူ သူ မြေကမ္ဘာအဆင့် အထွတ်အထိပ်ကျင့်စဉ်ဖြစ်သော မလှုပ်မယှက် နဂါးမင်းအိုးကြီးကို အသုံးပြုနေ၏။ ယခုအခါ အမှတ်များ လုံလောက်နေပြီ ဖြစ်ရာ ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုသို့ အဆင့်မြှင့်ရန် သူ စဉ်းစားနိုင်ပါသည်။ ကိုယ်ဖော့ကျင့်စဉ်အတွက်မူ သူ၏ လက်ရှိကျင့်စဉ်ဖြစ်သော ကောင်းကင်နင်း တစ္ဆေခြေလှမ်းမှာ ကောင်းကင်အဆင့်နိမ့် ကျင့်စဉ်တစ်ခု ဖြစ်သလို ခေတ်နောက်ကျခြင်း မရှိသေးသဖြင့် ဆက်လက် အသုံးပြုရန် သင့်တော်နေဆဲ ဖြစ်လေ၏။
Chapter 437: မြေကမ္ဘာအဆင့်တွင် ပြောင်းလဲခြင်း
အတန်ကြာ ရှာဖွေပြီးနောက် ရှန်မို နောက်ဆုံးတွင် နေမင်း (၉) သွယ် နတ်ဘုရားဖီးနစ်ကျင့်စဉ် ၏ ကျန်ရှိသော အဆင့်လေးဆင့်ကို ရှာတွေ့ခဲ့သည်။ သို့သော် သူ အနည်းငယ် အံ့သြသွားသည်မှာ နောက်ဆုံး အဆင့်လေးဆင့် ရှိနေသော်လည်း ၎င်းတို့ဖြင့် အဋ္ဌမမြောက်အဆင့်အထိသာ ကျင့်ကြံနိုင်ခြင်းပင် ဖြစ်၏။ အစွမ်းအထက်ဆုံးဖြစ်သော ကိုးခုမြောက်အဆင့်အတွက်မူ ကျင့်ကြံရန် 'ဖီးနစ် သွေးအဆီအနှစ်' အကူအညီ လိုအပ်သည်။ အကယ်၍ သူသာ ကိုးခုမြောက်အဆင့်ကို တတ်မြောက်ခဲ့လျှင် နေမင်းကိုးသွယ် နတ်ဘုရားဖီးနစ်ကျင့်စဉ်သည် အဆင့်နိမ့် 'သူတော်စင်အဆင့်' ကျင့်စဉ်တစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားမည်ဖြစ်ပြီး ၎င်း၏ စွမ်းအားမှာလည်း ဆယ်ဆကျော် မြင့်တက်လာပေမည်။
တစ်ခုတည်းသော ပြဿနာမှာ... ကောင်းကင်ဘုံ ဘဏ္ဍာတိုက်တွင် ဖီးနစ် သွေးအဆီအနှစ် မရှိခြင်းပင်။
ရှန်မို သေချာစဉ်းစားမိ၏။ အကြောင်းရင်းကို သူ ခန့်မှန်းကြည့်၍ ရပါသည်။ နဂါးပြာ၊ ငှက်နီ၊ ဖီးနစ် စသည့် မြင့်မြတ်သော သတ္တဝါများသည် ဤကမ္ဘာတွင် တကယ်တမ်း ရှိမနေခြင်း ဖြစ်နိုင်၏။ မဟုတ်လျှင် သူတို့ တစ်ချိန်က ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ထွက်ခွာသွားကြခြင်း သို့မဟုတ် ဤလောကတွင် မည်သည့် သွေးမျိုးဆက် အကြွင်းအကျန်မျှ ချန်မထားခဲ့ခြင်း ဖြစ်နိုင်သည်။ ကောင်းကင်ဘုံတာအို မည်မျှပင် အစွမ်းထက်ပါစေ၊ ဤကမ္ဘာတွင် တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော အရာတစ်ခုကို ဖန်တီးပေး၍ မရနိုင်ပေ။
“နေမင်း (၉) သွယ် နတ်ဘုရားဖီးနစ်ကျင့်စဉ်ရဲ့ ဆဋ္ဌမ၊ သတ္တမနဲ့ အဋ္ဌမ အဆင့်တွေအတွက် စုစုပေါင်း အဆင့်ဘီ ဂုဏ်ထူးမှတ် (၃၆) မှတ်... ခြင်းတောင်းထဲ ထည့်လိုက်"
ရှန်မို လက်ကို ခမ်းခမ်းနားနား ဝှေ့ယမ်းလိုက်ရာ သူ၏ဘေးတွင် နောက်ထပ် အလင်းလုံးတစ်ခု ပေါ်လာပြန်သည်။
"ငါ့ရဲ့ နတ်နဂါး မိုးကြိုးဖြင့် နတ်ဆိုးနှိမ်နင်းရေးကျင့်စဉ်က ရှားပါးပစ္စည်းတွေ အများကြီး လိုနေတာ… 'နတ်မိုးကြိုး ရေအဆီအနှစ်' ကလည်း စွမ်းအား လျော့နည်းလာပြီ… တိုးတက်မှုက အရမ်းနှေးတာပဲ… ဒါကို နတ်မိုးကြိုးစွမ်းအင်တွေ ပိုပြီး အဆမတန် ပါဝင်တဲ့ 'မိုးပြာရောင် မိုးကြိုးကြာပန်း'နဲ့ အစားထိုးရမယ်"
ပစ္စည်းများကို ရွေးချယ်ပြီးနောက် ရှန်မို မိုးပြာရောင် မိုးကြိုးကြာပန်း (၁၀) ပွင့်ကို ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ မိုးပြာရောင် မိုးကြိုးကြာပန်းမှာ ကောင်းကင်အဆင့်နိမ့် ရတနာတစ်ခုဖြစ်ပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် လျှပ်စီးများ တဖျတ်ဖျတ် လက်နေကာ တောက်ပနေသော မိုးပြာရောင် ကြာပန်းပုံသဏ္ဌာန် ရှိသည်။ နတ်ဆိုးများကို နှိမ်နင်းရန် နတ်မိုးကြိုးများ ဆင်းသက်လာသည့် အကြိမ်တိုင်း၌ ဤမိုးပြာရောင် မိုးကြိုးကြာပန်း တစ်ပွင့်၊ နှစ်ပွင့် ပေါ်ထွက်လာနိုင်ခြေ ရှိလေ၏။ သို့သော် သာမန် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ ၎င်းကို မသန့်စင်နိုင်ကြပေ။ မိုးကြိုးဝိညာဉ်အမြစ် ရှိသူများ သို့မဟုတ် မိုးကြိုးအမျိုးအစား သိုင်းပညာ ကျင့်ကြံသူများသာလျှင် အနိုင်နိုင် သန့်စင်နိုင်ကြသည်။
သို့သော် သူတို့ပင်လျှင် သန့်စင်သည့် လုပ်ငန်းစဉ်တွင် အထောက်အကူပြုမည့် ဆေးဖက်ဝင် အပင်များ၏ အကူအညီ လိုအပ်လေ၏။ အကြောင်းမှာ ၎င်းအတွင်းရှိ နတ်မိုးကြိုး စွမ်းအားမှာ မည်သူမဆို ခံနိုင်ရည်ရှိသည့် အရာမျိုး မဟုတ်သောကြောင့်ပင်။ အထူးသဖြင့် နတ်ဆိုးများသည် မိုးပြာရောင် မိုးကြိုးကြာပန်းကို အလွန် မုန်းတီးကြသည်။ ဤရတနာမျိုး ပေါ်ထွက်လာတိုင်း နတ်ဆိုးများအနေဖြင့် အမြန်ဆုံး ဖျက်ဆီးပစ်ရန် ကြိုးစားကြ၏။ ထို့ကြောင့်ပင် မိုးပြာရောင် မိုးကြိုးကြာပန်းမှာ အလွန် ရှားပါးလှခြင်း ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံ ဘဏ္ဍာတိုက်တွင် လဲလှယ်ခြင်းဖြင့် နတ်ဆိုးနှိမ်နင်းရေး ပင်လယ်ထဲသို့ အသက်စွန့်ဆင်းကာ ရှာဖွေရမည့် အန္တရာယ်များကို ကျော်ဖြတ်နိုင်လေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ... ဈေးကြီးလွန်းခြင်းပင်။
မိုးပြာရောင် မိုးကြိုးကြာပန်း တစ်ပွင့်လျှင် အဆင့်စီ ဂုဏ်ထူးမှတ် (၂၀) ပင် ပေးရ၏။ ရှန်မို ထိုဆယ်ပွင့်သည် သူ၏ နတ်ဘုရားနန်းတော်အဆင့် တိုးတက်မှုအတွက် လုံလောက်မည်ဟု ခန့်မှန်းလိုက်သည်။ နောင်တွင် ထပ်မံ လိုအပ်လာပါက ကောင်းကင်ဘုံ ဘဏ္ဍာတိုက်သို့ ပြန်လာနိုင်သည် မဟုတ်ပါလား။
မိုးပြာရောင် မိုးကြိုးကြာပန်း (၁၀) ပွင့်ကို လဲလှယ်ပြီးနောက် ရှန်မို သူလိုအပ်သော အခြားပစ္စည်းတစ်ခုကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ပြန်သည်။ ၎င်းမှာ 'မြေကမ္ဘာမိခင် သွေးနီရောင် သစ်စေး' ဖြစ်၏။ ဤသည်မှာ မြေကမ္ဘာ၏ အင်အားစုများက သက်ရှိများ၏ သွေးအဆီအနှစ်ကို စုပ်ယူပြီး ပင်လယ်ရေနက်ပိုင်းတွင် အချိန်ကြာမြင့်စွာ ဖိသိပ်ထားရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ ထိုသစ်စေးတစ်စက် ဖြစ်ပေါ်လာရန် အနည်းဆုံး နှစ်တစ်ထောင်ခန့် ကြာမြင့်သည်။ ဤကဲ့သို့သော ရတနာများကို များသောအားဖြင့် နတ်ဆိုး ပင်လယ်၏ တတိယမြောက်အလွှာ အောက်ပိုင်းတွင်သာ တွေ့ရတတ်သည်။
နတ်ဆိုးများမှာတော့ ပထဝီဝင် အနေအထားအရ အသာစီးရထားသဖြင့် ၎င်းတို့ကို အလွယ်တကူ ရရှိနိုင်ကြသည်။ သို့သော် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများအတွက်မူ ဤအရာကို ရှာတွေ့ရန် အလွန် ခက်ခဲလှသည်။ သူတို့သည် တတိယအလွှာတွင်သာ ကင်းစခန်းများ ရှိကြပြီး ၎င်းထက် ပို၍ နက်သော နေရာသို့ သွားရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကောင်းကင်ဘုံ ဘဏ္ဍာတိုက်တွင် ဤပစ္စည်း ရှိနေသော်လည်း မိုးပြာရောင် မိုးကြိုးကြာပန်းထက်ပင် ဈေးပိုကြီး၏။ တစ်စက်လျှင် အဆင့်ဘီ ဂုဏ်ထူးမှတ် (၅) မှတ် ပေးရသည်။ ထို့ပြင် တစ်ကြိမ်ပေါ်လာလျှင် (၁၀) စက်သာ ပါဝင်ပြီး ဦးသူစနစ် ဖြစ်လေသည်။ ရှန်မို ရှာတွေ့သည့် အချိန်တွင် ၈ စက်သာ ကျန်တော့သဖြင့် သူ တွန့်ဆုတ်မနေဘဲ အကုန် ဝယ်လိုက်တော့သည်။
'ငါ့မှာ ဂုဏ်ထူးမှတ်တွေ ရှိနေတာပဲ… သုံးပစ်တာ အကောင်းဆုံးပါပဲ… တခြားသူတွေ လက်ထဲ ရောက်သွားတာထက် ငါ့လက်ထဲ ရောက်လာတာက ပိုကောင်းတယ်လေ’
"အော်... ဒါနဲ့ ငါက အမှတ်တွေ အများကြီး ရထားတာဆိုတော့ 'လူသားစာရင်း' ကို ကျော်ပြီး 'မြေကမ္ဘာစာရင်း'ကို တန်းရောက်သွားမှာလား မသိဘူး။" "ဒါကတော့ နည်းနည်း အံ့သြစရာ ကောင်းလွန်းမယ် ထင်တယ်… ဂုဏ်ထူးမှတ်တွေကို နည်းနည်း ပိုသုံးလိုက်တာက ပိုကောင်းမယ်… 'ကောင်းကင်စာရင်း'ထဲတော့ အရောက်မခံနိုင်ဘူး… 'မြေကမ္ဘာစာရင်း' အဆင့်လောက်ဆိုရင်တော့ အဆင်ပြေပါတယ်"
ရှန်မို စိတ်ကြိုက် ဈေးဝယ်ခြင်းကို စတင်လိုက်တော့သည်။
[ဝိညာဉ်ရတနာ အစီအရင်ကျမ်း] - ဝိညာဉ်ရတနာ ဂိုဏ်း၏ တရားဝင် အမွေအနှစ်၊ ပထမအဆင့်မှအပ ကျန်ရှိသော အတွဲများအားလုံး။]
[တိုက်ပွဲစင်္ကြံ သွန်းလုပ်ခြင်းကျမ်း] - တိုက်ပွဲစင်္ကြံ အမျိုးမျိုး သွန်းလုပ်နည်း မှတ်တမ်းများ။]
[ကောင်းကင်ပြောင်းလဲခြင်း လည်ပတ်မှုကျမ်း] - ကောင်းကင်အဆင့် အလယ်တန်းစား ခံစစ်သိုင်းပညာ၊ ရန်သူ့တိုက်ခိုက်မှုကို ပြန်လည် တုံ့ပြန်နိုင်စွမ်း ရှိသည်။]
[သူတော်စင်အဆင့် ခန္ဓာကိုယ်ပျိုးထောင်ဆေး] - သူတော်စင်အဆင့် ခန္ဓာကိုယ်ကို မြှင့်တင်ပေးပြီး သန့်စင်ပေးနိုင်သည်။] ...
နောက်ဆုံးနှင့် အရေးကြီးဆုံးအနေဖြင့် ရှန်မို [ဟင်းလင်းပြင် နတ်ဆိုးသတ်ဓား သူတော်စင်ကျမ်း] ၏ ပထမ အတွဲသုံးတွဲကို လဲလှယ်လိုက်သည်။ ဤသည်မှာ အထွတ်အထိပ် 'သူတော်စင်အဆင့်' ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဤလောကတစ်ခုလုံးတွင် ဤကျင့်စဉ်မှာ အမြင့်ဆုံး အဆင့်တွင် ရှိနေပြီး ယှဉ်နိုင်သူ မရှိသေးပေ။ ၎င်း၏ နာမည်ကို ကြည့်ရုံဖြင့်ပင် နတ်ဆိုးများအပေါ် ထူးခြားသော နှိမ်နင်းနိုင်စွမ်း ရှိကြောင်း သိနိုင်၏။ ၎င်းမှာ နတ်နဂါး မိုးကြိုးဖြင့် နတ်ဆိုးနှိမ်နင်းရေးကျင့်စဉ်ထက်ပင် သိသိသာသာ သာလွန်သည်။
လက်ရှိတွင် ရှန်မို ကျင့်စဉ်အမျိုးမျိုးကို ကျင့်ကြံနေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်အဆင့် အထွတ်အထိပ်ကျင့်စဉ်ဖြစ်သော နတ်နဂါး မိုးကြိုးဖြင့် နတ်ဆိုးနှိမ်နင်းရေးကျင့်စဉ်၊ မြေကမ္ဘာအဆင့် အထွတ်အထိပ်ကျင့်စဉ်ဖြစ်သော မဟာတောရိုင်း မီးလျှံကျင့်စဉ် နှင့် အဆင့်မသတ်မှတ်ထားသော်လည်း သိသာထင်ရှားစွာ ကောင်းကင်အဆင့်ရှိသော နတ်ဆင်အင်အားဖြင့် ငရဲကိုနှိမ်နင်းခြင်းတို့ ဖြစ်ကြသည်။ သူတော်စင်အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ဦး အနေဖြင့် ရှန်မိုသည် မြင့်မားသော ကျင့်စဉ်များကို တစ်ပြိုင်နက် ကျင့်ကြံနိုင်သည့် စွမ်းရည်နှင့် ပို၍ အရေးကြီးသော နားလည်နိုင်စွမ်း ရှိသည်။ ထို့ပြင် ဟင်းလင်းပြင် နတ်ဆိုးသတ်ဓား သူတော်စင်ကျမ်း နှင့် နတ်နဂါး မိုးကြိုးဖြင့် နတ်ဆိုးနှိမ်နင်းရေးကျင့်စဉ် နှစ်ခုလုံးမှာ နတ်ဆိုးများကို နှိမ်နင်းရန် အထူးပြုထားသဖြင့် ၎င်းတို့ကြားတွင် ပဋိပက္ခ ဖြစ်နိုင်ခြေ အလွန်နည်းပါးပါသည်။ ရှန်မိုသည် ထိုနှစ်ခုကို ပြည့်စုံစွာ ပေါင်းစပ်ခြင်း သို့မဟုတ် သူ၏ ကိုယ်ပိုင် နားလည်မှုဖြင့် တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်မည်ဟု ယုံကြည်ချက် ရှိလေ၏။
ထိုခဏ၌ သူ၏ အနောက်သို့ လှည့်ကြည့်လိုက်ရာ ပတ်ပတ်လည်တွင် အလင်းလုံးပေါင်း ဒါဇင်နှင့်ချီ၍ ဝိုင်းရံနေသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။ အချို့မှာ အလွန်တောက်ပနေသဖြင့် နေမင်းငယ်လေးများပမာ ဖြစ်နေသည်။
"ငါ့ရဲ့ ကျန်တဲ့ အမှတ်တွေက... အဆင့်အေ တစ်မှတ်ကျော်ကျော်ပဲ ကျန်တော့တာလား… ဒါဆို အဆင်ပြေပါတယ်"
ရှန်မို ခေါင်းငြိမ့်ကာ ကောင်းကင်ဘုံ ဘဏ္ဍာတိုက်မှ ထွက်ခွာလိုက်သည်။
ဝုန်း!
ဝမ်ရှင်းအန်း၊ ဝူကျန့်ယွန်းနှင့် လီဟိုင်ထန်းတို့၏ အသံများမှာ အနီးနားတွင် ပဲ့တင်ထပ်နေပြီး စိတ်လှုပ်ရှားစွာ စကားပြောနေကြသည်။ သူတို့ တစ်ယောက်စီတိုင်းမှာလည်း ဘဏ္ဍာတိုက်မှ အဖိုးတန်အရာများကို လဲလှယ်နိုင်ခဲ့ကြပုံ ရ၏။ ရှန်မိုသည် သူ၏ နတ်ဆိုးနှိမ်နင်းရေး လက်ပတ်ကို ကြည့်ကာ ပြုံးလိုက်သည်။ ဤကဲ့သို့သော ပြည့်စုံမှုမျိုးကသာ သူ့ကို အမှန်တကယ် ပျော်ရွှင်စေခြင်း ဖြစ်လေ၏။
ရုတ်တရက် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦးက ကောင်းကင်ယံကို လက်ညှိုးထိုးပြကာ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"ဟေး... ကောင်းကင်ဘုံ ရွှေစာရင်း ပေါ်လာတော့မယ်”
လီဟိုင်ထန်း ပြုံးစိစိဖြင့်
"ညီအစ်ကိုရှန် ဘယ်အဆင့်ကို ရောက်မလဲဆိုတာ ငါ တကယ် သိချင်နေပြီ… သူ ထန်ရှန်ထင်ကို ကျော်ပြီး 'လူသားစာရင်း' ရဲ့ ပထမနေရာကို ရမှာ သေချာတယ်”
ဝူကျန့်ယွန်း ရယ်မောလျက်
"သေသေချာချာ စဉ်းစားကြည့်စမ်းပါ… ရှန်မိုက ဒီတိုက်ပွဲတစ်ခုလုံးရဲ့ အကြီးမားဆုံး စွမ်းဆောင်ရှင်ပဲ… သူက လူသားစာရင်းကို ကျော်ပြီး 'မြေကမ္ဘာစာရင်း' ထဲကို တန်းရောက်သွားရင်တောင် အံ့သြစရာ မဟုတ်ဘူး… ထိပ်ဆုံး ငါးယောက်စာရင်းထဲတောင် ပါနိုင်တယ်”
ပတ်ဝန်းကျင်ရှိ အစောင့်တပ်သားများမှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"မဖြစ်နိုင်တာ… သူက လူသားစာရင်းကနေ မြေကမ္ဘာစာရင်းကို တန်းခုန်သွားနိုင်မယ်လို့ မင်း တကယ် ထင်တာလား"
"ဟာ... အကယ်၍ သူသာ တကယ် လုပ်နိုင်ခဲ့ရင် မြေကမ္ဘာစာရင်းထဲ ပါဝင်တဲ့ ပထမဆုံး အဝါရောင်အဆင့် အစောင့်တပ်သား ဖြစ်လာမှာပေါ့"
"ဟားဟားဟား... ငါထင်တာတော့ မင်း ပြောတာ မှန်လိမ့်မယ်… မြေကမ္ဘာစာရင်းမှာ အမြဲတမ်း ကောင်းကင်အဆင့်နဲ့ မြေကမ္ဘာအဆင့် အစောင့်တပ်သားတွေပဲ ရှိတာ… အပြာရောင်အဆင့်တောင် တစ်ခါမှ မပါဖူးဘူး… အဝါရောင်အဆင့်ဆိုတာ ဝေးသေး”
“ငါတို့ သမိုင်းဝင် အဖြစ်အပျက်ကို မြင်ရတော့မယ်ဟေ့”
လက်နက်တိုက်ရှိ လူတိုင်းမှာ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြ၏။ ရှန်မို၏ ရဲဘော်များဟု အခေါ်ခံရခြင်းမှာ နောင်တစ်ချိန်တွင် ပြောစရာ ပုံပြင်ကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ သူတို့သည် ရှန်မိုနှင့်အတူ အလုပ်လုပ်ခဲ့ကြသည် မဟုတ်ပါလား။ လက်နက်တိုက်တစ်ခုတည်းမှာ အတူတူ နေခဲ့ကြသူများပင်။
ဝမ်ရှင်းအန်းပင်လျှင် မျှော်လင့်ချက်များဖြင့် ကြည့်နေမိ၏။ မြေကမ္ဘာစာရင်းဝင်သူ မည်သူမဆိုမှာ ခံတပ်တစ်ခုလုံးအတွက် ဂုဏ်ယူစရာပင်။ အကယ်၍ ရှန်မိုသာ ပါဝင်ခဲ့လျှင် ဝမ်ရှင်းအန်းမှာ အတိုင်းမသိ ဝမ်းသာမိမည် ဖြစ်၏။
ထိုခဏ၌ ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လက်သွားပြီး 'ကောင်းကင်စာရင်း' ပေါ်လာသည်။ အဆင့်များမှာ အနည်းငယ် အပြောင်းအလဲ ရှိနေသည်။ နဂိုက အဆင့် (၃) ရှိသော ကျန်းလုံရှန်းမှာ အဆင့် (၂) သို့ တက်သွားပြီး နဂါးရစ်ခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီး အောင်းကွမ်းကို နောက်သို့ တွန်းပို့လိုက်သည်။
"ဟားဟားဟား… ဗိုလ်ချုပ်ကြီးကျန်းက ငါးစာအဖြစ် အသက်စွန့်ခဲ့လို့ ဂုဏ်ထူးမှတ်တွေ အပုံလိုက် ရလိုက်တာကြောင့် ဖြစ်မှာ"
ဝမ်ရှင်းအန်းမှာ မျက်လုံးများ မှိတ်သွားသည်အထိ ရယ်မောနေတော့သည်။ ကျန်းလုံရှန်း အဆင့်တက်ခြင်းမှာ ရွှေ့ဝူခံတပ်၏ အစောင့်တပ်သား အားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်သည်။
ရှန်မိုသည် စာရင်းကို တစ်ချက် ကြည့်လိုက်သည်။ 'ကောင်းကင်စာရင်း' တွင် သူ၏အမည် မပါဝင်ကြောင်း အတည်ပြုပြီးနောက် သူ သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်သည်။
တော်သေးတာပေါ့...
သူ ဂုဏ်ထူးမှတ်တွေကို အများကြီး သုံးပစ်လိုက်သဖြင့် ထိုစာရင်းထဲ မရောက်ခဲ့ခြင်း ဖြစ်သည်။ အဝါရောင်အဆင့် အစောင့်တပ်သားတစ်ဦးမှ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီးများနှင့် တစ်တန်းတည်း စာရင်းပါနေခြင်းမှာ အလွန်အမင်း အဓိပ္ပာယ်မရှိလွန်းလှပေ။
မကြာမီ 'မြေကမ္ဘာစာရင်း' ပေါ်လာသည်။
ပထမနေရာ - ရွှေရင်အေးခံတပ် - အဝါရောင်အဆင့် အစောင့်တပ်သား - ရှန်မို
ဒုတိယနေရာ - သွေးနတ်ဘုရားခံတပ် - ကောင်းကင်အဆင့် အစောင့်တပ်သား - ရှီဝူ
တတိယနေရာ - နဂါးရစ်ခံတပ် - ကောင်းကင်အဆင့် အစောင့်တပ်သား - အောင်းဟုန်
စတုတ္ထနေရာ - သွေးနတ်ဘုရားခံတပ် - ကောင်းကင်အဆင့် အစောင့်တပ်သား - ယင်းယဲ့
ပဉ္စမနေရာ - ထျန်းကျန်းခံတပ် - ကောင်းကင်အဆင့် အစောင့်တပ်သား - ကွေ့ထင်
ဆဋ္ဌမနေရာ - နဂါးပြာခံတပ် - ကောင်းကင်အဆင့် အစောင့်တပ်သား - ထန်ကျန့်မို
မြေကမ္ဘာစာရင်းတွင် အပြောင်းအလဲ အချို့ ရှိသွားခဲ့၏။ ရှန်မိုသည် အခြားသူ အားလုံးကို အောက်သို့ တွန်းပို့ကာ ပထမနေရာကို ခိုင်ခိုင်မာမာ ရယူလိုက်ပြီ ဖြစ်သည်။
Chapter 438: သူက ဒီစာရင်းမှာ မရှိတော့ဘူး
ဝမ်ရှင်းအန်း၊ ဝူကျန့်ယွန်း၊ လီဟိုင်ထန်းနှင့် အခြားသူများ ရုတ်တရက် သတိပြုမိသွားကြ၏။ မြေကမ္ဘာစာရင်း၏ ထိပ်ဆုံးနေရာတွင် သူတို့အားလုံးနှင့် ရင်းနှီးနေသော အမည်တစ်ခု ဖြစ်နေခြင်းပင်။
"ဟာ... သူ တကယ့်ကို မြေကမ္ဘာစာရင်းရဲ့ နံပါတ်တစ် ဖြစ်သွားတာပဲ… အမလေး ဘုရားသခင်”
“မြေကမ္ဘာစာရင်းရဲ့ နံပါတ်တစ်နဲ့ ငါက လုပ်ဖော်ကိုင်ဖက် ဖြစ်နေတာလား… ငါတော့ တကယ် ကံကောင်းတာပဲ"
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ အံ့သြတကြီး အော်ဟစ်နေကြတော့သည်။ သူတို့ ရှန်မို့ကို အားကျခြင်း၊ ကြောက်ရွံ့ရိုသေခြင်းများဖြင့် ဝိုင်းကြည့်နေကြလေ၏။
ဝမ်ရှင်းအန်း၏ အပြုံးမှာလည်း နားရွက်တက်ချိတ်မတတ် ဖြစ်နေသည်။
"ကောင်းတယ်… တကယ်ကို ကောင်းတယ်ဟေ့”
"ဟေ့ကောင်တွေ... မင်းတို့လည်း ကျင့်ကြံတာကို အလေးအနက်ထားကြဦး… ငါလည်း သွားကျင့်တော့မယ်"
ဝမ်ရှင်းအန်း အားရပါးရ ရယ်မောပြီးနောက် 'လူသားစာရင်း' ကိုတောင် ဆက်မကြည့်တော့ဘဲ မီးခိုးငွေ့ပမာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ အမှန်စင်စစ် သူ ကျင့်ကြံရန် သွားခြင်းမဟုတ်ပေ။ 'မီးနတ်အရည်' နှင့် 'ရွှေခက်ကျောက်စိမ်းဆေးရည်' တို့ကို အရသာခံ သောက်စားရန် ဆိတ်ငြိမ်သော နေရာတစ်ခုကို သွားရှာခြင်း ဖြစ်၏။ သူ ထိုမျှအမြန် ပြေးသွားရခြင်းမှာ အခြားသူများ သူ၏ အရက်ကို လာ၍ ဝေစုမတောင်းနိုင်စေရန်အတွက်ပင်။
မကြာမီ လက်နက်တိုက်အတွင်း၌ သင်းပျံ့သော အရက်နံ့များ လွှမ်းမိုးသွားသည်။ ပျိုမေလေးတစ်ဦး၏ နူးညံ့သော လက်ကဲ့သို့ပင် ထိုအနံ့က စိတ်ကို လှုပ်ရှားစေကာ သောက်ချင်စိတ်ကို တဖွဖွ ဆွပေးနေ၏။ ဤသည်ကို မြင်သောအခါ ဝူကျန့်ယွန်းနှင့် လီဟိုင်ထန်းတို့သည်လည်း ကောင်းကင်ဘုံ ဘဏ္ဍာတိုက်မှ လဲလှယ်လာသော ရတနာများကို သန့်စင်ရန် မိမိတို့ အခန်းများသို့ ပြန်သွားကြတော့သည်။
ရှန်မိုလည်း ပြုံးလျက် သူ၏ အခန်းသို့ ပြန်လာခဲ့သည်။ ပုံမှန်အတိုင်းပင် မည်သူမျှ ခွင့်ပြုချက်မရှိဘဲ မဝင်နိုင်ရန် အကာအကွယ်များစွာကို အသက်သွင်းလိုက်ပြီးနောက်မှသာ စိတ်ဝိညာဉ်ရတနာများကို စတင် သန့်စင်တော့၏။ 'မိုးပြာရောင် မိုးကြိုးကြာပန်း'၊ 'မြေကမ္ဘာမိခင် သွေးနီရောင် သစ်စေး' နှင့် 'သူတော်စင်အဆင့် ခန္ဓာကိုယ်ပျိုးထောင်ဆေး' တို့ကို အစဉ်လိုက် ချထားလိုက်သည်။
ရှန်မိုသည် ကောင်းကင်နှင့် မြေကမ္ဘာ မဟာမီးဖိုကျင့်စဉ် ကို စတင်လိုက်၏။ စိတ်ဝိညာဉ်ဆေးဖက်ဝင် အပင်များနှင့် ရတနာမျိုးစုံမှာ လျင်မြန်စွာပင် စိတ်ဝိညာဉ်စွမ်းအင်နှင့် သက်စောင့်အဆီအနှစ်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ ကျင့်ကြံမှုကို မြှင့်တင်ပေးတော့သည်။ သူ၏ နတ်ဘုရားနန်းတော်အတွင်း၌ ကိုးဘုံငရဲ ရေခဲမီးတောက်သည် အထွတ်အထိပ် အရှင်သခင် နတ်ဆိုး၏ နှလုံးသားကို ဆက်လက် သန့်စင်နေဆဲ ဖြစ်၏။ စင်ကြယ်သော စွမ်းအားတစ်ခုမှာ စက္ကန့်တိုင်းမှာပင် ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပေါင်းစည်းဝင်ရောက်နေသည်။ စွမ်းအားများစွာ၏ ပံ့ပိုးမှုကြောင့် ရှန်မို၏ အရှိန်အဝါမှာ စက္ကန့်နှင့်အမျှ ပြောင်းလဲတိုးတက်နေတော့သည်။
နဂါးပြာခံတပ်တွင် ထန်ရှန်ထင်သည် သူလိုအပ်သော စိတ်ဝိညာဉ်ရတနာများကို လဲလှယ်ပြီးနောက် ကောင်းကင်ဘုံ ဘဏ္ဍာတိုက်မှ ထွက်လာကာ သူ၏ ကျင့်စဉ်ကို ဆက်လက် ကျင့်ကြံနေသည်။ သူကျင့်ကြံသော နည်းလမ်းမှာ ကောင်းကင်အဆင့် အလယ်တန်းစားကျင့်စဉ်ဖြစ်ပြီး ထန်မျိုးနွယ်ကျင့်စဉ်ဟု ရိုးရိုးရှင်းရှင်းပင် အမည်ပေးထားသည်။
ဟုတ်ပါသည်။ ထိုမျှအထိ ရိုးရှင်းလှ၏။
သူ၏ အဖိုးဖြစ်သူ ထန်ကျင်လုံသည် နဂါးပြာခံတပ်၏ ခံတပ်သခင် ဖြစ်ပြီး ယခင်က ကောင်းကင်ဘုံ ဘဏ္ဍာတိုက်မှ လေရှာ မိုးကြိုးနင်းကျင့်စဉ်ကို လဲလှယ်ခဲ့ဖူးသည်။ လဲလှယ်ပြီးနောက် ထိုကျင့်စဉ်နှင့် သိုင်းပညာများ နားလည်သဘောပေါက်စေရန် အသိစိတ်ထဲသို့ တိုက်ရိုက် ရိုက်နှိပ်ခံရခြင်း ဖြစ်၏။ လက်ရေးမူ စာအုပ်ဆိုသည်မှာ မရှိပေ။ ကောင်းကင်ဘုံ၏ အလိုတော်အရ လဲလှယ်သူ မည်သူမဆို လေရှာ မိုးကြိုးနင်းကျင့်စဉ်ကို ကူးရေးခြင်း သို့မဟုတ် နှုတ်ဖြင့် လက်ဆင့်ကမ်းခြင်းကို တားမြစ်ထားသည်။ ချိုးဖောက်သူများမှာ သူတို့၏ စစ်မှုထမ်း အမှတ်များ အဖြတ်ခံရပေလိမ့်မည်။
သို့သော် ဥပဒေတိုင်းတွင် ဟာကွက် ရှိမြဲပင်။ ထန်ကျင်လုံသည် ထိုကျင့်စဉ်ကို တတ်မြောက်ပြီးနောက် သူ၏ ကိုယ်ပိုင် နားလည်မှုများကို စုစည်းကာ ထန်မျိုးနွယ်ကျင့်စဉ်အဖြစ် ပြုစုခဲ့ပြီး သူ၏သားဖြစ်သူ ထန်ကျန့်မိုထံ လက်ဆင့်ကမ်းခဲ့သည်။ ထန်ကျန့်မိုကလည်း သူ၏သားဖြစ်သူ ထန်ရှန်ထင်ထံ ထပ်မံ လက်ဆင့်ကမ်းပေးခဲ့သည်။ ထန်မျိုးနွယ်ကျင့်စဉ်မှာ မူလ လေရှာ မိုးကြိုးနင်းကျင့်စဉ် မဟုတ်သောကြောင့် ကောင်းကင်ဘုံ၏ ကန့်သတ်ချက်များနှင့် မငြိစွန်းပေ။ ဤသည်မှာ ထန်ရှန်ထင်အနေဖြင့် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် အပြာရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား ဖြစ်လာရသည့် အဓိက အကြောင်းရင်း တစ်ခုပင် ဖြစ်၏။ သူ၏ အစပြုမှုမှာ အလွန်ပင် မြင့်မားလှသည်။ မွေးဖွားပြီး မကြာမီမှာပင် ကောင်းကင်အဆင့် ကျင့်စဉ်ကို စတင် ကျင့်ကြံခွင့် ရခဲ့သည် မဟုတ်ပါလား။
အမှန်စင်စစ် ထန်ကျင်လုံသည် မည်မျှပင် ထိုးထွင်းသိမြင်မှု ရှိပါစေ ထန်မျိုးနွယ်ကျင့်စဉ်မှာ မူလကျင့်စဉ်မှ ဆင့်ပွားထားခြင်းသာ ဖြစ်သဖြင့် လေရှာ မိုးကြိုးနင်းကျင့်စဉ်ကို မမီပေ။ အလွန်ဆုံးမှ ကောင်းကင်အဆင့်နိမ့် ကျင့်စဉ်တစ်ခုဟုသာ သတ်မှတ်နိုင်သည်။
"ရွှေစာရင်းက ပြန်ပေါ်လာပြီလား… ဟိုရှန်မိုဆိုတဲ့ တစ်ယောက်က လူသားစာရင်းရဲ့ ဒုတိယနေရာမှာ ရှိနေတုန်းပဲလား… အကယ်၍ သူသာ ရှိနေသေးရင် ရှီမိုင်ရဲ့ အစွမ်းက တကယ့်ကို အသုံးမကျတာပဲ"
ထန်ရှန်ထင်သည် လေနှင့် မိုးကြိုးများ ရစ်ပတ်နေသော သူ၏ လက်သီးများကို ဝှေ့ယမ်းရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
အနီးနားရှိ အစောင့်တပ်သားတစ်ဦးမှာ လူသားစာရင်းကို ဖတ်ကြည့်နေရင်းမှ မှင်တက်သွားပြီး
“ဆရာ... ရှန်မိုရဲ့ နာမည်ကို ကျွန်တော် မတွေ့ဘူး"
ထန်ရှန်ထင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"သူက စစ်မှုထမ်း အမှတ်တွေ အများကြီး သုံးပစ်လိုက်လို့ သူ့ရဲ့ အဆင့်ကျသွားတာနေမှာပါ… အဲ့ဒီလို ဆွဲဆောင်မှုကို ငြင်းဆန်နိုင်တဲ့သူက အလွန် ရှားပါတယ်"
သူကမူ အခြားသူများနှင့် မတူပေ။ သူ လူသားစာရင်း၏ ထိပ်ဆုံးနေရာကို ရယူထားခြင်းမှာ ပုံရိပ်ဖော် ပန်းချီကားကို ရလိုသောကြောင့်သာ ဖြစ်သည်။ ထိုအတွက်ကြောင့် စစ်မှုထမ်း အမှတ်များ အသုံးမပြုဘဲ အကန့်အသတ်မရှိ စုဆောင်းထားနိုင်သည်။ သူလိုအပ်သော စိတ်ဝိညာဉ်ရတနာများကိုမူ သူ၏ ဖခင်ဖြစ်သူက လဲလှယ်ပေးလေ့ရှိသည်။
"ဟင်… ကျွန်တော် လူသားစာရင်းရဲ့ အောက်ဆုံးအထိ ကြည့်ပြီးပြီ… ရှန်မိုရဲ့ နာမည်ကို လုံးဝ မတွေ့ဘူး"
ထိုအစောင့်တပ်သားမှ ဇဝေဇဝါ ဖြစ်နေသည်။
"နေပါဦး... ကျွန်တော် တွေ့ပြီ… သူက... သူက မြေကမ္ဘာစာရင်းရဲ့ နံပါတ်တစ် ဖြစ်နေတာ"
သူ ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
ထန်ရှန်ထင်၏ အမူအရာမှာ တောင့်တင်းသွား၏။
“ဘာ… မင်း လာနောက်နေတာလား”
ထိုအစောင့်တပ်သားမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး
"ဆရာ... ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ… ကျွန်တော် နောက်နေတာ မဟုတ်ဘူး… မြေကမ္ဘာစာရင်းရဲ့ နံပါတ်တစ်က တကယ်ပဲ... ရွှေ့ဝူခံတပ်က အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား ရှန်မို တဲ့”
ထန်ရှန်ထင် သက်ပြင်းပင် ဆုံးအောင် မချနိုင်မီ မြေကမ္ဘာစာရင်းကို လှမ်းကြည့်လိုက်ရာ သူ၏ အသက်ရှူသံများပင် မမှန်တော့ပေ။ ထိပ်ဆုံးရှိ အမည်မှာ ထိုသူပင် ဖြစ်နေသည်။ ရွှေ့ဝူခံတပ်မှ အဝါရောင်အဆင့် အစောင့်တပ်သားတစ်ဦးမှာ ကောင်းကင်အဆင့် အစောင့်တပ်သား အားလုံး၏ အထက်တွင် ရပ်တည်နေခြင်းပင်။
ထန်ရှန်ထင်၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ သူ၏ ထက်မြက်ပြီး ချောမောသော မျက်နှာမှာ မယုံကြည်နိုင်မှုများကြောင့် ရှုံ့မဲ့သွားတော့သည်။ လူသားစာရင်း၏ နံပါတ်တစ်မှာ နှစ်စဉ် ပုံရိပ်ဖော် ပန်းချီကား တစ်ချပ် ရရှိတတ်သည်။ ထို့အတူ မြေကမ္ဘာစာရင်း၏ နံပါတ်တစ်မှာလည်း ရရှိသည်မှာ သဘာဝပင်။ ထို့ပြင် ၎င်းမှာ လူသားစာရင်းဝင်သူ ရရှိသောအရာထက် များစွာ ပိုမို သာလွန်သည်။
တစ်ခုတည်းသော ပြဿနာမှာ မြေကမ္ဘာစာရင်း၏ ထိပ်ဆုံးနေရာကို ရယူရန်အတွက် အလွန်အမင်း များပြားသော စစ်မှုထမ်း အမှတ်များ လိုအပ်ခြင်းပင်။ သူ၏ ဖခင် ထန်ကျန့်မိုမှာ မြေကမ္ဘာစာရင်း၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းတွင် အမြဲပါဝင်သူ ဖြစ်သည်။ သူ၏ ဖခင် ပြောပြချက်အရ မြေကမ္ဘာစာရင်း၏ ပထမနေရာကို တည်ငြိမ်စွာ ထိန်းထားနိုင်ရန်အတွက် အဆင့်အေ ဂုဏ်ထူးမှတ်တစ်ခု လိုအပ်သည်။ သို့သော် အဆင့်အေ ဂုဏ်ထူးမှတ်ကို မိမိဘာသာ ကြိုးစားအားထုတ်မှုဖြင့် ရယူရန်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ထန်ရှန်ထင်သည် သူကိုယ်တိုင်မှာ ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိသည်ဟု မယုံကြည်ပေ။ ထို့ကြောင့် လူသားစာရင်း၏ နံပါတ်တစ်နေရာကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး ၎င်းမှတစ်ဆင့် အရည်အသွေးမြင့် ပုံရိပ်ဖော် ပန်းချီကားကို ရယူကာ သူ၏ 'နတ်ဘုရားပုံရိပ်'ကို ပေါင်းစည်းရန် မျှော်လင့်ထားခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် ကျင့်စဉ်ဖြစ်စေ၊ သွေးစွမ်းအင် ကျင့်စဉ်ဖြစ်စေ၊ နတ်ဘုရားနန်းတော်အဆင့်ဖြစ်စေ သို့မဟုတ် အရှင်သခင်အဆင့်ဖြစ်စေ၊ နောက်ထပ် အဆင့်မှာ 'နတ်ဘုရားပုံရိပ်အဆင့်'ပင် ဖြစ်ပြီး ထိုနေရာတွင် နတ်ဘုရားပုံရိပ်ကို ပေါင်းစည်းရမည် ဖြစ်သည်။ ကွာခြားချက်မှာ နတ်ဘုရားနန်းတော် ကျင့်ကြံသူများသည် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အရှင်သခင်များသည် သွေးစွမ်းအင်ကို အသုံးပြုခြင်းပင်။ နတ်ဘုရားပုံရိပ်၏ အရည်အသွေး အနိမ့်အမြင့်သည် ထိုအဆင့်ရှိ ကျင့်ကြံသူ၏ အစွမ်းကို တိုက်ရိုက် ဆုံးဖြတ်ပေးသည်။
"တောက်... ဒီရှန်မိုဆိုတဲ့ ကောင်က ဘာလဲကွာ”
ထန်ရှန်ထင်မှာ မှင်တက်နေရုံသာမက သူ၏ ယုံကြည်မှုများပင် အနည်းငယ် တုန်လှုပ်သွားသည်။ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ဆယ်ခု၏ လူငယ်မျိုးဆက်များထဲတွင် သူသည် အတောက်ပဆုံးသော ပါရမီရှင်ဟု အမြဲ ယုံကြည်ခဲ့၏။ သို့သော် ရှန်မို၏ ရုတ်တရက် ထိုးတက်လာမှုမှာ သူ၏ ယုံကြည်မှုကို လုံးဝ ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ နတ်ဆိုးနှိမ်နင်းရေး ပင်လယ်၏ လူငယ်မျိုးဆက်ထဲတွင် အတောက်ပဆုံး ပါရမီရှင် ဟုတ်၊ မဟုတ် မိမိကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်လာမိသည်။
"သွား... သွားစုံစမ်းစမ်း"
"ရှန်မို ဘာတွေလုပ်လိုက်လို့ မြေကမ္ဘာစာရင်းရဲ့ နံပါတ်တစ် ဖြစ်သွားတာလဲဆိုတာကို အတိအကျ သိအောင် စုံစမ်းခဲ့”
ထန်ရှန်ထင် အသက်ကို ပြင်းပြင်းရှူကာ အံကြိတ်၍ ပြောလိုက်သည်။ အစောင့်တပ်သားမှာလည်း ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ကာ ထွက်သွားတော့သည်။
…
သွေးနတ်ဘုရားခံတပ်။
ခံတပ်၏ အမြင့်ဆုံးနေရာရှိ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်းတွင် ဧရာမ ရွှေခြင်္သေ့ကြီး နှစ်ကောင်နှင့် ဧရာမ ဝက်ဝံနက်ကြီး တစ်ကောင် ရှိနေသည်။ ဝက်ဝံနက်ကြီးမှာ ကောင်းကင်ဘုံ ဘဏ္ဍာတိုက်မှ စောစီးစွာ ထွက်လာပြီး အနီးအနားတွင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ရွှေခြင်္သေ့ကြီး နှစ်ကောင်မှာမူ ကောင်းကင်အဆင့် အစောင့်တပ်သား ရှီဝူနှင့် သူ၏သားဖြစ်သူ အပြာရောင်အဆင့် အစောင့်တပ်သား ရှီမိုင်တို့ ဖြစ်ကြသည်။ ဝက်ဝံနက်ကြီးမှာမူ ရှုံတဖြစ်၏။ သွေးနတ်ဘုရားခံတပ်အတွင်း၌ ဝက်ဝံမျိုးနွယ်မှာ ခြင်္သေ့မျိုးနွယ်၏ ခိုင်မာသော မဟာမိတ်များ အမြဲတမ်း ဖြစ်ခဲ့ကြသည်။
ထိုခဏ၌ ရွှေခြင်္သေ့ကြီး တစ်ကောင် တဖြည်းဖြည်းနှင့် သတိပြန်ဝင်လာသည်။ ရှုံတ ရယ်မောလျက်
"တပ်မှူးရှီဝူ... ဒီတစ်ခါတော့ အဖိုးတန်တာတွေ အများကြီး လဲလှယ်နိုင်ခဲ့မယ်လို့ ကျွန်တော် လောင်းရဲတယ်”
ရှီဝူ ခေါင်းခါလိုက်ပြီး
"တခြားဟာတွေတော့ ရပါရဲ့… ဒါပေမဲ့ ငါ အလိုအပ်ဆုံးဖြစ်တဲ့ 'မြေကမ္ဘာမိခင် သွေးနီရောင် သစ်စေး' ကတော့ တစ်စက်မှ မကျန်တော့ဘူး… ငါ လဲဖို့ ကြိုးစားတဲ့ အချိန်မှာ တော်တော် နောက်ကျသွားပြီ"
ရှုံတက မျက်တောင်တခတ်ခတ်ဖြင့်
"တကယ်လား… တစ်ယောက်ယောက်က ဆရာ့ထက် အရင် ဦးသွားတာလား"
ရှီဝူ သက်ပြင်းချလျက်
"သူတို့ လက်တွေက အရမ်းမြန်လွန်းတယ်… နှမြောစရာပဲ"
ထိုစဉ်မှာပင် ရှီမိုင်သည်လည်း ကောင်းကင်ဘုံ ဘဏ္ဍာတိုက်မှ ထွက်လာခဲ့ပြီး သူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ လွှမ်းမိုးနေသည်။
"အဖေ... ကျွန်တော် လိုချင်တဲ့ ရတနာတွေ အကုန် ရခဲ့ပြီ… နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် ကျွန်တော် 'ရွှေထိပ်သီး အရှင်သခင်' အဆင့်ကို တက်နိုင်မှာ သေချာတယ်”
ရှီဝူ ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
"ကောင်းပြီ… အဲ့ဒီနေ့ကို ငါ မျှော်လင့်နေမယ်”
ထိုအချိန်တွင် ရှုံတမှာ ရွှေစာရင်းများကို မြင်သွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"စာရင်း သုံးခုလုံး ပေါ်လာပြီ… ညီအစ်ကိုရှီမိုင်က လူသားစာရင်းရဲ့ ဒုတိယနေရာကို ပြန်ရောက်သွားပြီဟေ့… ကျွန်တော် ပြောသားပဲ… တို့ သားရဲမျိုးနွယ်တွေက အတောင့်တင်းဆုံးပါဆို”
ရှီမိုင်သည် လူသားစာရင်းကို တစ်ချက်ကြည့်လိုက်ပြီး သူကိုယ်တိုင် ဒုတိယနေရာတွင် ရှိနေသည်ကို မြင်ရသဖြင့် ဂုဏ်ယူစွာ ပြုံးလိုက်၏။ သို့သော် ရှီဝူမှာမူ မြေကမ္ဘာစာရင်း၏ အပြောင်းအလဲကို သတိပြုမိသွားပြီး သူ၏ အကြည့်များ ရပ်တန့်သွားတော့သည်။
"မြေကမ္ဘာစာရင်းရဲ့ နံပါတ်တစ်... ရွှေ့ဝူခံတပ်က အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား ရှန်မို"