အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
Chapter 439: အဆင့်တက်ခြင်းနှင့် ပြောင်းလဲမှုများ
ခံတပ်ဆယ်ခုလုံးရှိ တောင်မှမြောက်၊ အရှေ့မှအနောက် မည်သည့်နေရာတွင်မဆို 'မြေကမ္ဘာစာရင်း' ၏ အနည်းငယ်သော အပြောင်းအလဲကို မြင်လိုက်ရသည့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတိုင်းမှာ ချက်ချင်းပင် မှင်တက်သွားကြတော့သည်။ အထူးသဖြင့် မြေကမ္ဘာစာရင်းတွင် အဆင့်ဝင်ထားပြီးသား သူများဆိုလျှင် နှလုံးသားတွင် ထုံကျင်သည်ထက်ပင် ပိုနေတော့၏။ ဤသည်မှာ မိမိမှ ဟော့ပေါ့စားရင်း သီချင်းဆိုနေစဉ်... ရုတ်တရက် ဘယ်ကမှန်းမသိသောသူက ကျော်တက်သွားသကဲ့သို့ပင်။
ပထမနေရာမှာ ဒုတိယဖြစ်သွားပြီး၊ ဒုတိယမှာ တတိယဖြစ်သွားသည်။ မြေကမ္ဘာစာရင်းရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတိုင်း၏ အဆင့်မှာ တစ်ဆင့်စီ ကျဆင်းသွားတော့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤသည်မှာ ကိစ္စကြီးမဟုတ်ပေ။ သို့သော် ယခုမှာ နှစ်ကုန်ပိုင်း ဖြစ်နေသည်။ နှစ်ကုန်ပြီဆိုသည်နှင့် 'ရွှေစာရင်း သုံးခု' မှ ချီးမြှင့်မည့် အထူးဆုလာဘ်များ ရောက်ရှိလာတော့မည် ဖြစ်သည်။
၎င်းမှာ 'ပုံရိပ်ဖော် ပန်းချီကား'များပင်။
လူသားစာရင်း၏ နံပါတ်တစ်သည် ကောင်းကင်အဆင့်နိမ့် ပုံရိပ်ဖော် ပန်းချီကားတစ်ချပ် ရရှိပြီး မြေကမ္ဘာစာရင်း၏ နံပါတ်တစ်သည် ကောင်းကင်အဆင့်လယ် ပုံရိပ်ဖော် ပန်းချီကားတစ်ချပ် ရရှိသည်။ ကောင်းကင်စာရင်း၏ နံပါတ်တစ်မှာတော့ ကောင်းကင်အဆင့်မြင့် ပုံရိပ်ဖော် ပန်းချီကားတစ်ချပ် ရရှိလေ၏။
ပထမနေရာကို ကြာရှည်စွာ ထိန်းထားနိုင်လေလေ ရရှိသော ပုံရိပ်ဖော် ပန်းချီကားမှာ ပို၍ ကောင်းမွန်လေလေ ဖြစ်သည်။ ဆယ်နှစ်လျှင် တစ်ဆင့် တက်သွားလေ့ရှိ၍ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများစုအတွက် မြေကမ္ဘာစာရင်း၏ နံပါတ်တစ် ဆုလာဘ်မှာ သူတို့ ရရှိနိုင်ရန် မျှော်လင့်ချက်အရှိဆုံး အကောင်းဆုံးသော ပုံရိပ်ဖော် ပန်းချီကားပင် ဖြစ်သည်။
သို့သော် ယခုတွင်မူ အရာအားလုံး ပျောက်ဆုံးသွားခဲ့ပြီ။
သွေးနတ်ဘုရားခံတပ်မှ ကောင်းကင်အဆင့် အစောင့်တပ်သား ရှီဝူ အတွက်မူ မြေကမ္ဘာစာရင်း ပထမနေရာကို ဆယ်နှစ်နီးပါး ထိန်းသိမ်းထားခဲ့သော ကြိုးစားမှုများမှာ ရေထဲမျောသွားသကဲ့သို့ပင်။ ယခုနှစ်မှာ ဆယ်နှစ်ပြည့်ရမည့် နှစ် ဖြစ်သည်။ သူ ကောင်းကင်အဆင့်မြင့် ပုံရိပ်ဖော် ပန်းချီကားကို ရရှိပြီး 'နတ်ဘုရားပုံရိပ်အဆင့်'သို့ တက်လှမ်းရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။
ယခု ရှန်မိုမှ မြေကမ္ဘာစာရင်း၏ နံပါတ်တစ် ဖြစ်သွားသည်ဟူသော သတင်းမှာ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ဆယ်ခုလုံးသို့ မုန်တိုင်းပမာ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
အစောင့်တပ်သားတိုင်း ဤအမည်ကိုသာ ပြောဆိုနေကြသည်။ တစ်ချိန်တည်းမှာပင် ရွှေ့ဝူခံတပ်သည် ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ကောင်းကင်နတ်ဆိုးကြီးများ၏ အဓိက တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့ပြီး ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီးကိုပင် သတ်ဖြတ်နိုင်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။ ထိုအခါမှသာ လူများက စတင် နားလည်လာကြတော့၏။
တိုက်ပွဲ၏ အလှည့်အပြောင်းကို ဖန်တီးပေးခဲ့သော 'မီးနဂါး လေသင်္ဘော' ရှစ်စင်းကို သွန်းလုပ်ခဲ့သူမှာ ရှန်မို ဖြစ်ကြောင်းပင်။
ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး ကျရှုံးရခြင်း၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့်မှာ ရှန်မိုကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူ စစ်မှုထမ်း အမှတ်များစွာ ရရှိခဲ့ခြင်း ဖြစ်သလို မြေကမ္ဘာစာရင်းကိုလည်း လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ အချို့ကမူ ရှန်မိုသည် 'ကောင်းကင်စာရင်း' ထဲသို့ပင် ဝင်ရောက်နိုင်ရန် လုံလောက်သော ဂုဏ်ထူးမှတ်များ ရရှိထားသည်ဟု ခန့်မှန်းကြ၏။ သို့သော် သူ အဝါရောင်အဆင့် အစောင့်တပ်သားသာ ရှိသေးသည်။ ကောင်းကင်စာရင်းသို့ ဝင်ရောက်နိုင်ရန် အခြေအနေတစ်ရပ်မှာ 'နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီး' အဆင့် ဖြစ်ရပေမည်။
ကာလတစ်ခုအထိ ရှန်မိုဟူသော အမည်မှာ ခံတပ်ဆယ်ခုရှိ ထောင်ပေါင်းများစွာသော အစောင့်တပ်သားများအကြား အပြောအများဆုံး အမည်တစ်ခု ဖြစ်လာတော့သည်။ ရွှေ့ဝူခံတပ်သို့ မီးနဂါး လေသင်္ဘောများ မှာယူသည့် အော်ဒါများမှာလည်း ဆီးနှင်းများပမာ အဆက်မပြတ် ရောက်ရှိလာတော့သည်။ ကျန်းလုံရှန်းပင်လျှင် နေ့နေ့ညည ပြုံး၍မဆုံး ဖြစ်နေရ၏။
တစ်လအကြာ။
ရွှေ့ဝူခံတပ်၊ လက်နက်တိုက်။
ပြင်ပမှ ဆူညံသံအားလုံးမှာ ရှန်မိုနှင့် မသက်ဆိုင်ပေ။
သူ မျက်လုံးများကို မှိတ်ထားပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်နေသော စွမ်းအားများကို ဖိနှိပ်ရန် ကြိုးစားနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောက်လောင်နေသော မီးဖိုကြီးတစ်ခုပမာ ဖြစ်နေကာ စိတ်ဝိညာဉ်ရတနာများကို အဆက်မပြတ် သန့်စင်နေသည်။ သူ၏ နတ်ဘုရားန်းတော်မှာ ယခင်က အဆောင်အယောင် မရှိသော ခန်းမတစ်ခုပမာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ အသေးစိတ်ကျသော ပုံဖော်ထွင်းထုမှုများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ထွင်းထုထားသော ထုတ်တန်းများ၊ ပန်းချီများဖြင့် ခြယ်သထားသော ဒိုင်းများ၊ ကွေးညွတ်နေသော ခေါင်မိုးစွန်းများ၊ ကျောက်မျက်များ စီခြယ်ထားသော ပြတင်းပေါက်များနှင့် ပန်းကွက်ဖော် တံခါးများ...။
သူ၏ ကြွက်သားများအတွင်း၌ ဧရာမဆင်ပြောင် အစိတ်အပိုင်းများ နိုးထမှုမှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်နေ၏။ နေ့စဉ်နှင့်အမျှ အမှုန်ပေါင်း ထောင်နှင့်ချီ၍ နိုးထနေသည်။ အကယ်၍ အကာအကွယ်ဖြင့် အသံလုံအောင် လုပ်မထားလျှင် လက်နက်တိုက်ရှိ သူ၏ ရဲဘော်များသည် ရှေးဟောင်းဧရာမဆင်ပြောင်ကြီးများ၏ ဟိန်းဟောက်သံကို နေ့နေ့ညည ကြားနေရပေလိမ့်မည်။ ဝက်ကဲ့သို့ အိပ်ပျော်တတ်သော လီဟိုင်ထန်းပင်လျှင် ထိုအသံကြောင့် အိပ်နိုင်မည် မဟုတ်ချေ။
ရှန်မို၏ ဝိညာဉ်အတွင်း၌လည်း မရေမတွက်နိုင်သော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။ သူ၏ ထိုက်ရိ မူလခန္ဓာ'သည် အဆင့်နိမ့် သူတော်စင်ခန္ဓာမှ အဆင့်လယ် သူတော်စင်ခန္ဓာသို့ ကူးပြောင်းနေပြီ ဖြစ်၏။ သူ လုံးဝ မျှော်လင့်မထားသည်မှာ အဆင့်တက်မှု သုံးခုစလုံးမှာ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာခြင်းပင်။
နတ်ဘုရားနန်းတော်အဆင့် အသေးစား ပြီးပြည့်စုံမှု။
ငွေရောင်သရဖူ အရှင်သခင်အဆင့်။
အဆင့်လယ် သူတော်စင်ခန္ဓာ။
ဝုန်း! ဝုန်း! ဝုန်း!
ရှန်မို ထပ်မံ၍ ဖိနှိပ်ထား၍ မရတော့ပေ။ ခုနစ်ရောင်ခြည် အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လက်နက်တိုက်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်များမှာ အပြင်ဘက်သို့ လှိုင်းလုံးများပမာ တိုးထွက်လာသည်။ ထိုအလင်းတန်းကြီးအတွင်း၌ ထူးဆန်းသော စွမ်းအားမျိုးစုံ ဝဲလည်နေ၏။ တခါတရံ တောက်လောင်နေသော မီးလှိုင်းများ ထွက်ပေါ်လာသလို၊ တခါတရံ ဆီးနှင်းပွင့်များ ဖြည်းညှင်းစွာ ဝဲကျလာသည်။ တခါတရံ ရေလှိုင်းများ ထကြွလာပြီး၊ တခါတရံ လျှပ်စီးများ တဖြတ်ဖြတ် လက်လာသည်။ ထို့နောက် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး၊ ကြံ့ခိုင်သော ဇွဲလုံ့လဖြင့် ပေါက်ရောက်လာသော ပျိုးပင်လေးများပင် မြင်တွေ့ရ၏။
ခုနစ်ရောင်ခြည် အလင်းတန်းကြီးမှာ နက္ခတ်တာရာများဆီသို့ ဦးတည်ကာ အမြင့်ပေ တစ်သောင်းကျော်အထိ ထိုးတက်သွားပြီး အကျယ်မှာလည်း ပေတစ်ရာကျော် ရှိသည်။ ထိုအလင်းတန်းကြီးကို ရွှေ့ဝူခံတပ်ရှိ အစောင့်တပ်သားတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သလို မြို့အောက်ဘက်ရှိ ရွှေ့ဝူမြို့(၁)၊ (၂)၊ (၃) မှ သာမန်လူများနှင့် ကျင့်ကြံသူများလည်း အဝေးမှ လှမ်းမြင်နေရသည်။ အနီးနားရှိ ထျန်းကျန်းခံတပ်နှင့် နဂါးရစ်ခံတပ်မှ သားရဲလူသားများနှင့် နဂါးများပင် ထိုသက်တံ့ရောင် အလင်းတန်းကို သတိထားမိကြသည်။
ဤလောကကို တုန်လှုပ်စေသော ထူးခြားဖြစ်စဉ်ကြောင့် လက်နက်တိုက်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများအားလုံး လန့်နိုးသွားကြတော့၏။
ဝှစ်၊ ဝှစ်၊ ဝှစ်!
ဝမ်ရှင်းအန်း၊ ဝူကျန့်ယွန်း၊ လီဟိုင်ထန်းတို့ သူတို့ ဘာလုပ်နေသည်ဖြစ်စေ ချက်ချင်းပင် စုရုံးလာကြသည်။ သူတို့၏ အကြည့်များမှာ အလိုအလျောက်ပင် အလင်းတန်း ထွက်ပေါ်ရာဆီသို့ ရောက်သွားကြ၏။ ၎င်းမှာ ရှန်မို၏ နေအိမ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဝမ်ရှင်းအန်း အော်ဟစ်လိုက်၏။
"ဒါ ဘယ်လို ထူးခြားဖြစ်စဉ်ကြီးလဲ… ရှန်မိုရဲ့ အခန်းထဲကနေ တကယ့် စွမ်းအားကြီးမားတဲ့ အရှိန်အဝါတွေ ထွက်လာတာကို ငါ ခံစားနေရတယ်"
ဝူကျန့်ယွန်းမှ လေးနက်စွာဖြင့်
"ခန္ဓာကိုယ် အဆင့်တက်တဲ့ ပုံစံမျိုးပဲ”
လီဟိုင်ထန်းက အားကျစွာဖြင့်
"ညီအစ်ကိုရှန်ကတော့ တကယ်ကို အံ့ဩဖို့ ကောင်းလွန်းတယ်"
ဝှစ်!
မကြာမီမှာပင် နောက်ထပ် ပုံရိပ်များ ပျံသန်းရောက်ရှိလာသည်။ ၎င်းတို့မှာ တပ်မှူး ကျန့်ပိုင်ရှန့် နှင့် အခြား ခေါင်းဆောင်များပင် ဖြစ်သည်။ ကျန့်ပိုင်ရှန့် ဇဝေဇဝါဖြင့်
"ဝမ်ကြီး... ဘာတွေ ဖြစ်နေတာလဲ"
ဝမ်ရှင်းအန်းမှ ရှန်မို၏ အခန်းကို ညွှန်ပြကာ
"သူ အဆင့်တက်နေတာ ထင်တယ်… အတိအကျတော့ မပြောတတ်ပေမဲ့ အရှိန်အဝါကတော့ တကယ်ကို ကြီးမားလွန်းတယ်"
ကျန့်ပိုင်ရှန့်၏ မျက်နှာမှာ တည်ကြည်သွားပြီး "ရှန်မိုလား… ဒါက ကိစ္စကြီးပဲ… ငါ အခုချက်ချင်း ဗိုလ်ချုပ်ကြီးကျန်းကို သွားအကြောင်းကြားလိုက်ဦးမယ်”
သူ လှည့်ထွက်မည်အပြုတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါ ရောက်နေပါပြီ"
ကျန်းလုံရှန်း ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ကျန့်ပိုင်ရှန့်၊ ဝမ်ရှင်းအန်း၊ ဝူကျန့်ယွန်းနှင့် အခြားသူများအားလုံး ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။ ကျန်းလုံရှန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အများစု ပျောက်ကင်းသွားပြီ ဖြစ်သော်လည်း သူ၏ မျက်ဝန်းထောင့်များတွင် အရေးအကြောင်းလေးများ ပေါ်နေကာ နားထင်တွင်လည်း ဆံပင်ဖြူအချို့ ပေါက်နေပြီ ဖြစ်သည်။ ယခင်က နတ်ဆိုးသန်းပေါင်းများစွာကို ဟန့်တားနိုင်ခဲ့သော ရွှေ့ဝူခံတပ်၏ သခင်ထက် နေ့စဉ် လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် ပို၍ တူနေသည်။
ကျန်းလုံရှန်းသည် ကောင်းကင်ကို ဖောက်ထွက်နေသော သက်တံ့ရောင် အလင်းတန်းကြီးကို ကြည့်ကာ စိတ်ရင်းဖြင့် ပြုံးလိုက်သည်။
ဝမ်ရှင်းအန်း သတိကြီးစွာဖြင့်
"ဗိုလ်ချုပ်ကြီးကျန်း... တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲဗျာ… ကျင့်စဉ် အဆင့်တက်တာလား… ခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲတာလား… ဒါမှမဟုတ် အဖိုးတန် ရတနာတစ်ခုခု ပေါ်လာတာလား"
ကျန်းလုံရှန်း လက်ကာပြလိုက်ပြီး
“အားလုံး လူစုခွဲကြပါ… ဘာမှ ကိစ္စကြီးမဟုတ်ဘူး… အဆင့်တက်ရုံ သက်သက်ပါပဲ… ရှန်မိုရဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျင့်စဉ်နဲ့ သွေးစွမ်းအင် ကျင့်စဉ်တွေက တစ်ပြိုင်နက်တည်း တိုးတက်သွားတာမို့ အခုလို ကြီးမားတဲ့ ဖြစ်စဉ် ဖြစ်လာရတာပါ"
ထိုအခါမှသာ ကျန့်ပိုင်ရှန့်နှင့် အခြားသူများမှာ သံသယများ ရှိနေသေးသော်လည်း ထွက်ခွာသွားကြတော့သည်။
ကျန်းလုံရှန်းမှာမူ ကျန်ရစ်ခဲ့သည်။ အခြားသူများ ထွက်သွားပြီးနောက် ဝမ်ရှင်းအန်း ကျန်းလုံရှန်းအနားသို့ တိုးသွားပြီး ရယ်မောလျက်
"ဗိုလ်ချုပ်ကြီးကျန်း... ဗိုလ်ချုပ်ကြီးရဲ့ အတွေ့အကြုံအရဆိုရင် အမှန်တရားကို သိပြီးသား ဖြစ်မှာပါနော်"
ကျန်းလုံရှန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူတို့နှစ်ဦးတည်းသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ဒါက သူတော်စင်ခန္ဓာ အဆင့်တက်တာပဲ… ဘာမှ အမှားအယွင်း မရှိရင် သူ အဆင့်နိမ့် သူတော်စင်ခန္ဓာကနေ အဆင့်လယ်ကို တက်လှမ်းနေတာ… ပြီးတော့ သူရဲ့ ဝိညာဉ်နဲ့ သွေးစွမ်းအင် ကျင့်ကြံမှု အဆင့်နှစ်ခုလုံးကလည်း မြင့်တက်နေတယ်… အဲ့ဒီ သုံးမျိုးစလုံး ပေါင်းစပ်သွားတာက ဒီဖြစ်စဉ်ကို ဖြစ်ပေါ်စေတာပဲ… ဒီအရှိန်အဝါတောင်မှ နတ်ဆိုး ပင်လယ်ရဲ့ နတ်ဆိုးစွမ်းအင်တွေက ဖိနှိပ်ထားလို့ ဒီလောက်ပဲ ရှိတာ… အကယ်၍ ဒါဟာ ကုန်းမကြီးပေါ်မှာ ဖြစ်တာဆိုရင် အဲ့ဒီ အလင်းတန်းက ပေငါးသောင်းလောက်အထိ မြင့်လိမ့်မယ်"
ဝမ်ရှင်းအန်း မျက်လုံးများမှာ ပြူးကျယ်သွားပြီး ခဏအကြာတွင် တောက်ခေါက်ရုံသာ ရေရွတ်နိုင်တော့သည်။
"သူကတော့ တကယ် ရူးနေတာပဲ… ဒီကောင်လေးက တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းတယ်… ရွှေ့ဝူခံတပ်ကို ရောက်တာ သိပ်မကြာသေးဘူး… ကျင့်စဉ် နှစ်ခုလုံးကလည်း တိုးတက်တယ်… ခန္ဓာကိုယ်ကလည်း အဆင့်တက်တယ်ဆိုတော့..."
ဝမ်ရှင်းအန်း အလွန်သဘောကျနေသည်။
ကျန်းလုံရှန်း သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်သည်။
"သူတော်စင်ခန္ဓာ... ခံတပ်ဆယ်ခုလုံးမှာတောင် ဒီလို ခန္ဓာကိုယ်မျိုး ရှိတဲ့သူဟာ လူတစ်ရာလောက်ပဲ ရှိလိမ့်မယ်… ရှန်မိုဟာ အခုဆိုရင် 'နတ်ဘုရားပုံရိပ်အဆင့်' ကို ရောက်ဖို့ ၈၀ ရာခိုင်နှုန်း သေချာသွားပြီ… မင်း သူ့ကို သေသေချာချာ စောင့်ရှောက်ထားရမယ်… အခုဆိုရင် ရှန်မိုဟာ နတ်ဆိုးတွေရဲ့ သတ်ဖြတ်ရမည့် စာရင်းမှာ ထိပ်ဆုံးက ပါနေလောက်ပြီ"
ဝမ်ရှင်းအန်းက လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်၏။
Chapter 440: အများကြီး မရောင်းနိုင်ဘူး
နတ်ဆိုး ပင်လယ်ပြင်သည် ကုန်းမကြီးနှင့် မတူညီပေ။
နတ်ဆိုး ပင်လယ်ပြင်၏ ခံတပ်ဆယ်ခုအောက်တွင် မိုင်ပေါင်း သိန်းနှင့်ချီသော ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်သည့် ဧရာမ ဝိညာဉ်စုစည်းမှု အကာအကွယ်ကြီးများ ရှိနေသည်။ ထို့ကြောင့် ဤဒေသရှိ ကျင့်ကြံသူများသည် နတ်ဘုရားနန်းတော်အဆင့်သို့ တက်လှမ်းရန်အတွက် သူတော်စင်အဆင့် ခန္ဓာကိုယ် မဖြစ်မနေ ရှိရန် မလိုအပ်ပေ။ အကယ်၍ ကံကောင်းလျှင် ကောင်းကင်အဆင့်နိမ့် ခန္ဓာကိုယ် ရှိရုံဖြင့်ပင် လုံလောက်နိုင်သည်။
သို့သော် စိတ်ဝိညာဉ်စွမ်းအင် အလွန်အမင်း ရှားပါးလှသော ကုန်းမကြီးပေါ်တွင်မူ နတ်ဘုရားနန်းတော်အဆင့်သို့ ခြေလှမ်းရန်အတွက် သူတော်စင်အဆင့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားရန်မှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ကျန်းလုံရှန်းနှင့် ဝမ်ရှင်းအန်း တို့မှာ နတ်ဆိုး ပင်လယ်ပြင်တွင်ပင် မွေးဖွားကြီးပြင်းခဲ့သူများ ဖြစ်ကြသည်။ ဝမ်ရှင်းအန်းမှာ ကောင်းကင်အဆင့်နိမ့် ခန္ဓာကိုယ်ရှိပြီး ယခုအခါ အရှင်သခင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကြီးမားသော အခွင့်အရေးမျိုး မကြုံရလျှင်မူ ၎င်းထက် ပိုမိုတိုးတက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကျန်းလုံရှန်းမှာမူ အဆင့်နိမ့် သူတော်စင်ခန္ဓာ ရှိသောကြောင့် နတ်ဘုရားပုံရိပ်ကို ပေါင်းစည်းနိုင်ခဲ့ပြီး နတ်ဘုရားပုံရိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ရှန်မိုသည် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားအဖြစ် စုဆောင်းခံရစဉ်ကပင် သူ၏ ပါရမီမှာ လူအများထက် သာလွန်နေခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်အဆင့်လည်း ပိုမိုမြင့်မားသွားပြီ ဖြစ်ရာ သူ့ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေတော့သည်။
"ဒါနဲ့... ငါတို့ရဲ့ မဟာမိတ်ခံတပ်တွေက အမှာစာတွေအတွက် အတင်းတိုက်တွန်းနေကြပြီ"
"အဟမ်း... ရှန်မိုကို သွားပြောလိုက်ပါ… သူ့ရဲ့ ကျင့်ကြံမှု အခြေအနေ တည်ငြိမ်သွားပြီဆိုရင် လေသင်္ဘောတွေ ထပ်ပြီး သွန်းလုပ်ပေးဖို့ပေါ့"
"ဘာပဲဖြစ်ဖြစ် သူက စစ်မှုထမ်း အမှတ်တွေကို လက်ခံထားပြီးသားဆိုတော့ အချိန်အကြာကြီး ဆွဲထားရင် မကောင်းဘူးလေ"
ကျန်းလုံရှန်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟန့်ကာ ပြောလိုက်သည်။ ဝမ်ရှင်းအန်း အားရပါးရ ရယ်မောလိုက်ပြီး
"ကောင်းပါပြီ ကောင်းပါပြီ… သူ အားတာနဲ့ ကျွန်တော် သွားပြောလိုက်ပါ့မယ်"
ကျန်းလုံရှန်းမှာ သူ့ အနားသို့ တိုးကပ်ကာ
"သူ့ကို အစွမ်းတွေ သိပ်မပြခိုင်းနဲ့ဦး… လေသင်္ဘောတွေကို အရမ်းကြီး အစွမ်းထက်အောင် မလုပ်ခိုင်းနဲ့"
သူ တိုးတိုးလေး မှာကြားလိုက်သည်။
ဝမ်ရှင်းအန်း မျက်စိတစ်ဖက် မှိတ်ပြလျက်
"စိတ်မပူပါနဲ့ နားလည်ပါပြီ… ရှန်မိုက ဒါကို သဘောပေါက်မှာပါ"
ထိုအခါမှ ကျန်းလုံရှန်း ကျေနပ်စွာ ခေါင်းငြိမ့်ပြီး ခြေလှမ်းတစ်ချက်နှင့်ပင် ပျောက်ကွယ်သွားတော့သည်။
အခန်းအတွင်း၌မူ ရှန်မိုသည် လေပူတစ်ချက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး ကျင့်ကြံနေသည့် အခြေအနေမှ ဖြည်းဖြည်းချင်း နိုးထလာသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်များမှာ လှိုင်းထန်နေဆဲဖြစ်ရာ အရာအားလုံး ပြန်လည် တည်ငြိမ်သွားရန် အတော်အတန် အချိန်ယူလိုက်ရသည်။
"နတ်ဘုရားနန်းတော်အဆင့် အသေးစား ပြီးပြည့်စုံမှု… ငွေရောင်သရဖူ ဝိညာဉ်အရှင်သခင်အဆင့်"
ရှန်မို၏ မျက်နှာတွင် ပျော်ရွှင်မှုများ အတိုင်းသား ပေါ်လာသည်။ သူ့ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအားများကို ခံစားကြည့်ပြီး ၎င်း၏ အဓိပ္ပာယ်ကို သေသေချာချာ ဆင်ခြင်ကြည့်နေ၏။ အကယ်၍ သူသာ ထိုအထွတ်အထိပ် အရှင်သခင် နတ်ဆိုးနှင့် ထပ်မံ ရင်ဆိုင်ရပါက ကိုးဘုံငရဲ ရေခဲမီးတောက် မပါဘဲနှင့်ပင် ၎င်းကို တိုက်ရိုက် သတ်ဖြတ်နိုင်မည်ဟု ခိုင်ခိုင်မာမာ ခံစားနေရသည်။ ဒဏ်ရာရအောင်လုပ်ပြီး ထွက်ပြေးသွားသည်ကို ထိုင်ကြည့်နေရရုံမျိုး မဟုတ်တော့ပေ။
ရှန်မိုသည် မိမိကိုယ်ကိုယ် ပြန်လည် စစ်ဆေးကြည့်ရာတွင် သူ၏ စိတ်မှာ ပိုမို ကြည်လင်လာကြောင်း သတိပြုမိ၏။ ကျင့်စဉ်များနှင့် သိုင်းပညာများကို နားလည်သဘောပေါက်ရန်ဖြစ်စေ၊ ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုရန်ဖြစ်စေ သူ၏ အရှိန်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ ထို့ပြင် ကောင်းကင်နှင့် မြေကမ္ဘာမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်စွမ်းမှာလည်း ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။ ဤသည်မှာ ခန္ဓာကိုယ် အဆင့်တက်ခြင်း၏ အကျိုးကျေးဇူးများပင် ဖြစ်လေ၏။
"သေစမ်း... ငါ နောက်ထပ် ထူးခြားဖြစ်စဉ်ကြီးတစ်ခု ထပ်ဖြစ်အောင် လုပ်မိပြန်ပြီလား"
"ငါ ချထားတဲ့ အကာအကွယ်က ထူးခြားဖြစ်စဉ်တွေကို အပြင်ကို မပေါက်ကြားအောင် တားပေးနိုင်ခဲ့ပါစေလို့ပဲ ဆုတောင်းရမှာပဲ..."
ယခုမှပင် ရှန်မိုတစ်ယောက် သူ ပြဿနာတက်နိုင်ကြောင်း သတိရသွားသည်။ သူ အစီအရင်ကို စစ်ဆေးရန် အမြန် ထသွားလိုက်၏။ ထိုအခါ သူ၏ အကာအကွယ် အလံအားလုံးနီးပါး ကြေမွပျက်စီးနေသည်ကို တွေ့လိုက်ရသည်။
"ဒါကတော့..."
သူ စုပ်သပ်မိသည်။ အဆင့်တက်မှု သုံးခု တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခြင်း၏ အရှိန်အဝါမှာ အလွန်အမင်း ပြင်းထန်လွန်းလှပုံ ရ၏။ သူကိုယ်တိုင် ချထားသော အကာအကွယ်များပင် ထိုစွမ်းအားကို မခံနိုင်ခဲ့ပေ။
ရှန်မို တံခါးကို သတိကြီးစွာ တွန်းဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။ ထိုအခါ ဝမ်ရှင်းအန်း ပြုံးစိစိဖြင့် စောင့်နေသည်ကို တွေ့လိုက်ရသည်။
ရှန်မို အားနာဟန်ဖြင့် ရယ်မောကာ
"တပ်မှူးဝမ်... ရောက်နေတာလား… ဒီနေ့ အရက်မသောက်ဘူးလား"
ဝမ်ရှင်းအန်း အားရပါးရ ရယ်မောလိုက်ပြီး
"ရှန်မို… ဂုဏ်ယူပါတယ်ကွာ… စိတ်ဝိညာဉ်စွမ်းအင်ရော သွေးစွမ်းအင်ပါ နှစ်မျိုးလုံး အဆင့်တက်သွားတာပဲ”
"မင်းရဲ့ အခု အဆင့်နဲ့ဆိုရင် ဘယ်အချိန်မဆို အပြာရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားအဖြစ် ရာထူးတိုးလို့ ရနေပြီ"
"မင်း ရွှေ့ဝူခံတပ်ကို ရောက်တာ သိပ်မကြာသေးဘူး… အပြာရောင်အဆင့် အစောင့်တပ်သား ဖြစ်လာပြီဆိုတော့... ဟူး..."
"ငါတုန်းက အပြာရောင်အဆင့် ရောက်ဖို့ ဆယ်နှစ်တောင် ကြာခဲ့တာကွ”
ဝမ်ရှင်းအန်း၏ အသံတွင် အားကျမှုများ ပါဝင်နေသည်။
အမှန်ပင်။
သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်းမှာ စိတ်ပျက်စရာသာ ဖြစ်သည်။
ရှန်မိုနှင့် ယှဉ်လျှင် သူ ဘာများ တတ်နိုင်ဦးမှာလဲ။
ဘာမှ မတတ်နိုင်ပေ။
"ဒါနဲ့... မီးနဂါး လေသင်္ဘောရဲ့ နာမည်က အတော်လေး ကျော်ကြားသွားပြီ… နဂါးပြာခံတပ်၊ ကျားဖြူခံတပ်နဲ့ ငှက်နီခံတပ်တွေက ဝယ်ယူချင်လို့ အမှာစာတွေ တင်ထားကြတယ်"
ဝမ်ရှင်းအန်းက အသံကို နှိမ့်လိုက်ပြီး
"နဂါးပြာခံတပ်က ၁၀ စင်း၊ ကျားဖြူနဲ့ ငှက်နီက ၇ စင်းစီ တောင်းထားတာ… စုစုပေါင်း ၂၄ စင်းတောင် ရှိတယ်"
ရှန်မို စိတ်ပျက်လက်ပျက် ရယ်မောလိုက်ပြီး
"မဖြစ်နိုင်တာ… အဲ့ဒါက များလွန်းတယ်"
"တပ်မှူးဝမ်... ကျွန်တော် တစ်စင်းသွန်းလုပ်ဖို့ အချိန်အများကြီး မပေးရပေမဲ့ မီးနဂါး လေသင်္ဘော တစ်စင်းအတွက် လိုအပ်တဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေက အရမ်းကို ရှုပ်ထွေးပါတယ်"
"တစ်စင်းကို အနည်းဆုံး အဆင့်အေ ဂုဏ်ထူးမှတ် ၅ မှတ်လောက် ကုန်ကျတာ"
"ဗိုလ်ချုပ်ကြီးကျန်းက သဘောထားကြီးကြီးနဲ့ သုံးစွဲပေးလို့သာ ကျွန်တော် ဒီလောက် အစုံအလင် ပါဝင်တဲ့ လေသင်္ဘောကို ဖန်တီးနိုင်ခဲ့တာပါ"
ဝမ်ရှင်းအန်း အံ့အားသင့်စွာဖြင့်
"တကယ်လား… လေသင်္ဘောတစ်စင်းကို အဆင့်အေ ၅ မှတ်တောင် ကုန်တာလား… ဟာ..."
ရှန်မို လေသင်္ဘောသွန်းလုပ်ရန် အသုံးပြုသော အရင်းအမြစ်များမှာ နေရာနှစ်ခုမှ လာခြင်း ဖြစ်သည်။ ပထမမှာ ကျန်းလုံရှန်း၏ ကိုယ်ပိုင် စစ်မှုထမ်း ဂုဏ်ထူးမှတ်များ ဖြစ်ပြီး၊ ဒုတိယမှာ ရွှေ့ဝူခံတပ်၏ အများပိုင် ရန်ပုံငွေ ဂုဏ်ထူးမှတ်များ ဖြစ်၏။ ခံတပ်သခင်တစ်ဦးအနေဖြင့် ကျန်းလုံရှန်းသည် ထိုအများပိုင် ဂုဏ်ထူးမှတ်များကို အသုံးပြုပိုင်ခွင့် ရှိသည်။ သို့သော် ကောင်းကင်ဘုံတာအိုအရ ခံတပ်သခင်တစ်ဦးသည် အများပိုင် ဂုဏ်ထူးမှတ်များကို ခံတပ်၏ အကျိုးအတွက်သာ အသုံးပြုရမည် ဖြစ်သည်။ အကယ်၍ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့လျှင် ပြစ်ဒဏ်အနေဖြင့် ဂုဏ်ထူးမှတ်များ အဖြတ်ခံရမည် ဖြစ်လေ၏။
ကျန်းလုံရှန်းတွင် အဆင့်အေ ဂုဏ်ထူးမှတ် မည်မျှရှိသည် သို့မဟုတ် ရွှေ့ဝူခံတပ်၏ အများပိုင်ရန်ပုံငွေတွင် မည်မျှကျန်သည်ကို ဝမ်ရှင်းအန်း မသိသော်လည်း၊ ထို မီးနဂါး လေသင်္ဘော ရှစ်စင်း သွန်းလုပ်ရန် ကျန်းလုံရှန်းတစ်ယောက် အတော်လေး အကုန်အကျများခဲ့ကြောင်း သူ သိလိုက်ရသည်။ အကယ်၍ ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီးကို သတ်ဖြတ်နိုင်ခဲ့သော ဂုဏ်ထူးမှတ်များသာ မရခဲ့လျှင် ကျန်းလုံရှန်း၏ ကောင်းကင်စာရင်း အဆင့်မှာ အောက်ဆုံးသို့ ထိုးကျသွားနိုင်ခြေ ရှိသည်။ ကောင်းကင်စာရင်းရှိ အဆင့်တိုင်းမှာ ကိုယ်ပိုင် ဆုလာဘ်များ ရှိနေသဖြင့် မိမိ၏ အဆင့်ကို ထိန်းသိမ်းထားရန်မှာ အလွန် အရေးကြီးလှသည်။ အဆင့်တစ်ဆင့် ကျသွားသည်နှင့် အဆင့်အေ ဂုဏ်ထူးမှတ် ၁၀ မှတ်ကျော်ခန့် ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်ပါသည်။
ဝမ်ရှင်းအန်းက ခဏမျှ စဉ်းစားပြီး
"ကောင်းပြီ၊ ဗိုလ်ချုပ်ကြီးကျန်းဆီ သွားပြီး သေသေချာချာ ဆွေးနွေးကြတာပေါ့… ငါတို့ အမှာစာ ဘယ်နှစင်းကို လက်ခံနိုင်မလဲဆိုတာ ဆုံးဖြတ်ရမယ်"
သူ လေးနက်စွာ ပြောလိုက်သည်။
ရှန်မိုကလည်း
"အဲ့ဒါ ကောင်းပါတယ်"
သူသည် မီးနဂါး လေသင်္ဘောများ သွန်းလုပ်ရုံနှင့်တင် အားမရတော့ပေ။ သူ၏ အမှန်တကယ် ပန်းတိုင်မှာ အနာဂတ်တွင် 'ဧရာမကျိုး လေသင်္ဘော' နှင့် 'ပျံသန်းနဂါး လေသင်္ဘော' ကဲ့သို့သော ပိုမိုကြီးမားသည့် သင်္ဘောများကို သွန်းလုပ်ရန် ဖြစ်သည်။ ထို့ကြောင့် အခြားခံတပ်များက မီးနဂါး လေသင်္ဘောများကို ဝယ်ယူချင်သည်၊ မဝယ်ယူချင်သည်မှာ သူ့အတွက် သိပ်အရေးမကြီးပေ။ အကယ်၍ သူတို့ လိုချင်ပါက လုံလောက်သော ဂုဏ်ထူးမှတ်များဖြင့် ပေးချေရုံသာ ဖြစ်သည်။
မကြာမီ ရှန်မိုသည် ကျန်းလုံရှန်းနှင့် တွေ့ဆုံရန် စင်မြင့်မျှော်စင်သို့ ရောက်ရှိလာခဲ့သည်။ သူတို့ သုံးဦး ပြင်းပြင်းထန်ထန်နှင့် အချိန်အကြာကြီး ဆွေးနွေးခဲ့ကြ၏။ နေ့မှ ညသို့ ရောက်သည်အထိ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ကိန်းဂဏန်းများကို အတည်ပြုနိုင်ခဲ့ကြသည်။ မီးနဂါး လေသင်္ဘော တစ်စင်းလျှင် လူသားခံတပ်များအတွက် အဆင့်အေ ဂုဏ်ထူးမှတ် ၄ မှတ် ကျသင့်မည်ဖြစ်ပြီး၊ အခြားခံတပ်များအတွက်မူ အဆင့်အေ ၄ မှတ် အပြင် အဆင့်ဘီ ၅၀ မှတ် ထပ်တိုး ပေးချေရမည် ဖြစ်သည်။
နဂါးပြာ၊ ကျားဖြူနှင့် ငှက်နီခံတပ်များမှ မှာယူထားသော အမှာစာများကိုလည်း ခံတပ်တစ်ခုလျှင် ၃ စင်းစီသာ လက်ခံရန် လျှော့ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤလေသင်္ဘောများ သွန်းလုပ်ရန် လိုအပ်သော စိတ်ဝိညာဉ်ပစ္စည်းများမှာ အကန့်အသတ် ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် ကမ္ဘာခြားမှ ရောက်လာသူတစ်ဦးအနေဖြင့် ရှန်မိုသည် ကျန်းလုံရှန်းထက် 'ဈေးကွက်ထိန်းချုပ်မှု' အကြောင်းကို ပိုမို နားလည်၏။ အကယ်၍ ဂုဏ်ထူးမှတ်များ ရရှိရန် ရည်ရွယ်ချက်ရှိပါက မီးနဂါး လေသင်္ဘောများကို အများအပြား ထုတ်လုပ်၍ မရပေ။ အကယ်၍ အရေအတွက် များသွားပါက ဈေးကွက်မှာ ရိုးအီသွားပြီး ဝယ်လိုအား ကျဆင်းသွားကာ ဈေးနှုန်းများလည်း ကျဆင်းသွားပေလိမ့်မည်။ ခံတပ်တိုင်းတွင် ဤလေသင်္ဘော အနည်းငယ်စီ ရှိသွားသည့် အချိန်၌ ရှန်မိုသည် 'ဧရာမကျိုး လေသင်္ဘော' သို့မဟုတ် 'ပျံသန်းနဂါး လေသင်္ဘော' များကို ထုတ်လုပ်ရန် အသင့်ဖြစ်နေပေလိမ့်မည်။
အကယ်၍ မီးနဂါး လေသင်္ဘောမှာ အဖျက်သင်္ဘော တစ်စင်းဆိုလျှင် ဧရာမကျိုး လေသင်္ဘောမှာ ကင်းလှည့်သင်္ဘော တစ်စင်း ဖြစ်လာမည် ဖြစ်သည်။ ပျံသန်းနဂါး လေသင်္ဘောမှာမူ... ၎င်းမှာ လေယာဉ်တင်သင်္ဘော အုပ်စုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ ယှဉ်၍ပင် မရနိုင်ပေ။ မီးနဂါး လေသင်္ဘော (၈) စင်းကို စနစ်တကျ ပေါင်းစပ်တိုက်ခိုက်လျှင် ကောင်းကင်နတ်ဆိုးကြီးတစ်ပါးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်၏။ သို့သော် အကယ်၍ ပျံသန်းနဂါး လေသင်္ဘော (၈) စင်းသာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် ရှေ့တိုးလာခဲ့လျှင် ထိုကဲ့သို့သော အချိန်၌ နတ်ဆိုးအသိုက်အမြုံ မည်မျှပင် ကြီးမားပါစေ မည်သို့ ဘေးကင်းလုံခြုံစွာ ကျန်ရစ်နိုင်ပါမည်နည်း။
Chapter 441: နတ်ဆိုးများ အစည်းအဝေး
နတ်ဆိုး ပင်လယ်ပြင်၊ အဋ္ဌမမြောက်အလွှာ၊ ပထမနတ်ဆိုးနန်းတော်။
နတ်ဆိုးနန်းတော်အသီးသီး၏ အရှင်သခင်များသည် ရှေးအကျဆုံးဖြစ်သော ဤခန်းမကြီးအတွင်း စုရုံးရောက်ရှိနေကြ၏။ မှောင်မည်းနေသော ပင်မခန်းမကြီး၏ အလယ်တွင် ဧရာမ ကျောက်သားဝိုင်းစားပွဲကြီးတစ်လုံး ရှိနေသည်။ ထိုစားပွဲဝိုင်းကို ဝန်းရံလျက် ကြီးမားလှသော ကျောက်ကုလားထိုင် ဆယ်လုံးကို ချထားသော်လည်း အားလုံးတွင် လူရှိမနေဘဲ ပုံရိပ်အချို့သာ ထိုင်နေကြသည်။
"အန်းချန်းက ငါတို့ကို ဒီကိုဆင့်ခေါ်ပြီး သူကိုယ်တိုင်က ဘယ်ရောက်နေတာလဲ”
အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာသည်။
နန်းတော်၏ အနက်ရောင်သန်းသော ခရမ်းရောင် ကျောက်သလင်း အမိုးခုံးမှနေ၍ ထိုစကားပြောသူ၏ ပုံရိပ်ကို ထင်ဟပ်ပြနေသည်။ သူသည် အမြင့်ပေ ငါးဆယ်ကျော် ရှိပြီး သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လူသားနှင့်တူသော်လည်း အောက်ပိုင်းမှာမူ ပြည်ကြီးငါး၏ နှာမောင်းတံများကဲ့သို့ ဖြစ်နေသည်။ နှာမောင်းတံ တစ်ခုစီတိုင်းမှာ တုတ်ခိုင်သန်မာပြီး အနည်းငယ် လှုပ်ယမ်းလိုက်ရုံဖြင့် တောင်တန်းများကို ပြိုလဲစေကာ မြစ်ရေစီးဆင်းမှုကိုပင် ရပ်တန့်စေနိုင်သော ဧရာမ စွမ်းအားများကို ထုတ်လွှတ်နိုင်သည်။ သူသည် 'ကြမ်းတမ်းသော ခွန်အား' အခွင့်အာဏာကို ပိုင်ဆိုင်ထားသည့် တတိယမြောက် နတ်ဆိုးကြီး အန်းမီပင် ဖြစ်သည်။
ဆဋ္ဌမမြောက် နတ်ဆိုးကြီး အန်းချန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး
"အရမ်း စိတ်မလောပါနဲ့ဦး… အန်းချန်းက အမြဲတမ်း နောက်ကျတတ်တာပဲ… သူ့ရဲ့ ခေါင်းထဲမှာ နတ်ဆိုးစွမ်းအင် အများကြီးကို စုပ်ယူထားရတာဆိုတော့ သူ နိုးထလာဖို့ အချိန်အတော်ယူရတယ်လေ"
အန်းမီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ ဧရာမ နှာမောင်းတံများကို လှုပ်ယမ်းလျက်
"အန်းချန်... မင်းကတော့ မကြာခင်ကပဲ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီး အန်းဖုန်းကိုတောင် ဆုံးရှုံးလိုက်ရတယ်လို့ ငါကြားတယ်နော်"
အန်းချန် တည်ငြိမ်စွာပင် ပြုံးနေဆဲ ဖြစ်သည်။
"သတင်းအချက်အလက် မှားယွင်းသွားလို့ပါ… ရွှေ့ဝူခံတပ်က ဒီလောက် အစွမ်းထက်တဲ့ လက်နက်တွေကို တီထွင်ထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
ရုတ်တရက် မျက်လုံးမှိတ်၍ တိတ်ဆိတ်စွာ ထိုင်နေသော ပုံရိပ်တစ်ခုမှ စကားပြောလာသည်။
"ဪ... လက်နက်တွေလား… ခံတပ် (၁၀) ခုရဲ့ စစ်လက်နက်တွေက ပျက်စီးနေတာ ကြာပြီလို့ ငါ ထင်နေတာ… သူတို့က ဘယ်လိုလုပ်ပြီး ပိုအစွမ်းထက်တဲ့ လက်နက်တွေကို ဖန်တီးနိုင်သွားတာလဲ"
သူ၏ ပုံသဏ္ဌာန်မှာ ဧရာမ ငါးမန်းကြီးတစ်ကောင်နှင့် တူသော်လည်း ဝမ်းဗိုက်မှနေ၍ ခြေလက် ရှစ်စုံ ပေါက်နေသည်။ သူသည် 'ကျိန်စာ' အခွင့်အာဏာကို ပိုင်ဆိုင်ထားသည့် စတုတ္ထမြောက် နတ်ဆိုးကြီး အန်းကျိုး ဖြစ်သည်။ ရှေးယခင်က ခံတပ် (၁၀) ခုတွင် ကျွမ်းကျင်သော လက်မှုပညာရှင်များစွာ ရှိခဲ့သော်လည်း အန်းကျိုးသည် စစ်လက်နက်များ၏ မဟာဗျူဟာမြောက် တန်ဖိုးကို စောစီးစွာ သတိပြုမိခဲ့၏။ ထို့ကြောင့် သူသည် ခံတပ်များအတွင်းသို့ အကြိမ်ကြိမ် ခိုးဝင်ကာ ပညာရှင်များစွာကို အဝေးမှ ကျိန်စာတိုက်၍ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်မှုပညာ အမွေအနှစ်မှာ ပြတ်တောက်သွားခဲ့ပြီး ခံတပ်များအနေဖြင့် ရှုပ်ထွေးသော သို့မဟုတ် အကြီးစား စစ်လက်နက်များကို ပြုပြင်နိုင်စွမ်း မရှိတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ပြုပြင်ထိန်းသိမ်းမှု မရှိသော စစ်လက်နက်များမှာ အသုံးမပြုနိုင်အောင် ဖြစ်သွားခဲ့ရသည်။
ထိုအခါမှ အန်းချန် 'မီးနဂါး လေသင်္ဘော' နှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းပြလိုက်သည်။ အန်းကျိုး၏ မျက်လုံးများမှာ လှုပ်ခတ်သွားပြီး
"ဒါက ခြိမ်းခြောက်မှုတစ်ခုပဲ… ဒါကို ဖန်တီးတဲ့သူကို အမြန်ဆုံး အမြစ်ဖြတ်ရမယ်"
"အန်းချန်... အကယ်၍ မင်းက သတ္တမမြောက်အလွှာမှာရှိတဲ့ 'အသားတွင်း' နှစ်ခုကို ငါ့ကိုပေးမယ်ဆိုရင် ငါ့ရဲ့ လက်အောက်ငယ်သားတွေက မင်းအတွက် ကလဲ့စားချေပေးလိမ့်မယ်"
အသားတွင်း ဆိုသည်မှာ…
ဤထူးဆန်းသော တွင်းထွက်ကြောများကို နတ်ဆိုး ပင်လယ်၏ ပဉ္စမမြောက်အလွှာ အောက်ပိုင်းတွင်သာ တွေ့ရတတ်သည်။ ပို၍ နက်လေလေ တွင်းထွက်ကြောများမှာ ပို၍ အားကောင်းပြီး ပို၍ ပေါများလေလေ ဖြစ်သည်။ ထိုအရာများ မည်သည့်နေရာမှ ရောက်လာသည်ကို မည်သူမျှ မသိဘဲ မည်သည့် သတိပေးချက်မှ မရှိဘဲ ပေါ်ထွက်လာတတ်ခြင်း ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ နတ်ဆိုးမျိုးနွယ်များသည် ၎င်းကို ကျင့်သားရသွားကြပြီး တကူးတက လိုက်ရှာနေခြင်းမျိုး မလုပ်ကြတော့ပေ။ ထိုတွင်းများမှ ထွက်ရှိသော 'အသားနီ' နှင့် 'အသားခရမ်း' တို့မှာ နတ်ဆိုးမျိုးနွယ်များအတွက် အစွမ်းထက်သော အာဟာရဓာတ်များ ဖြစ်ကြသည်။ ထိုနှစ်မျိုးထဲတွင် အသားခရမ်းမှာ များစွာ ပိုမို သာလွန်သည်။ ထို့ကြောင့် နတ်ဆိုးကြီးတစ်ပါး ပိုင်ဆိုင်သော အသားတွင်း အရေအတွက်မှာ သူ၏ အင်အားကို တိုင်းတာသည့် စံနှုန်းတစ်ခု ဖြစ်လာခဲ့သည်။
ဤသည်ကို ကြားသောအခါ အန်းချန် ပြုံးလိုက်ပြီး
“အန်းကျိုး... မင်းကတော့ အိပ်မက်တွေ အရမ်းကြီးနေတာပဲ"
"ငါ အသစ်တွေ့ထားတဲ့ အဲ့ဒီတွင်းနှစ်ခုက တကယ်ကို ကြီးမားပြီး အသားခရမ်းတွေ အများကြီး ထွက်တာကွ… ငါက ဘယ်လိုလုပ်ပြီး အလွယ်တကူ ပေးလိုက်နိုင်ပါ့မလဲ"
အန်းကျိုး စိတ်မဆိုးဘဲ ခပ်အေးအေးဖြင့်
"မလောပါနဲ့ဦး… ဒီအစည်းအဝေး ပြီးတဲ့အထိ စောင့်ကြည့်ကြတာပေါ့… မင်းကို ကျေနပ်စေမယ့် အပေးအယူမျိုး ငါ ပေးနိုင်မှာပါ"
အန်းချန် ခပ်ဖျော့ဖျော့ ပြုံးပြပြီး မည်သည့်စကားမှ ထပ်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
ထိုစဉ် ထောင့်တစ်နေရာမှ အခြားအသံတစ်သံ ထွက်ပေါ်လာသည်။
"နံပါတ် (၉) နဲ့ (၁၀) ရော ဘယ်မှာလဲ… သူတို့ ဘာလို့ ပေါ်မလာကြသေးတာလဲ"
အန်းချန် ကျောက်ကုလားထိုင် တစ်လုံးဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မည်သူမျှ မရှိဟု ထင်ရသော်လည်း ကုလားထိုင်၏ အပေါ်တွင် ခရမ်းနက်ရောင် ဆန်စေ့အရွယ်အစားရှိသော အစေ့လေးတစ်စေ့ ရှိနေသည်။ ထိုအစေ့လေးမှာ အမှန်တကယ်တော့ 'ပုန်းကွယ်ခြင်း' အခွင့်အာဏာကို ပိုင်ဆိုင်ထားသည့် သတ္တမမြောက် နတ်ဆိုးကြီး အန်းဝေ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ အလွန်သေးငယ်သော်လည်း မယုံနိုင်စရာ ကောင်းလောက်အောင် သိပ်သည်းပြီး မဖျက်ဆီးနိုင်သော ခန္ဓာကိုယ် ရှိသည်။ သူ၏ သားသမီး မြေးမြစ်များသည်လည်း အလွန်သေးငယ်သော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကြ၏။ သူတို့သည် အသေးငယ်ဆုံးသော အပေါက်များမှတစ်ဆင့် အလွယ်တကူ ဝင်ထွက်နိုင်ပြီး နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ၏ ခန္ဓာကိုယ်အတွင်းသို့ ခိုးဝင်နိုင်ကြရာ မွေးရာပါ လုပ်ကြံသတ်ဖြတ်ရေး စက်ရုပ်များကဲ့သို့ပင် ဖြစ်သည်။
အန်းချန်၏ အကြည့်မှာ အနည်းငယ် ပြောင်းလဲသွားသည်။ နံပါတ် (၉) နှင့် နံပါတ် (၁၀) နတ်ဆိုးကြီးများ ပျောက်ကွယ်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူတို့၏ လက်အောက်ငယ်သား အများစုမှာ အခြား နတ်ဆိုးကြီးများထံသို့ ပြောင်းရွှေ့ ခိုလှုံသွားကြပြီ ဖြစ်သော်လည်း ထိုနှစ်ဦး ဘာတွေ လုပ်နေသည်ကို အန်းချန်ပင် မသိပေ။
တတိယမြောက် နတ်ဆိုးကြီး အန်းမီမှ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အစီအစဉ်က ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီဆိုတော့ မင်းတို့ကို ပြောပြလို့ ရပါပြီ"
"(၉) နဲ့ (၁၀) မဟာနတ်ဆိုးဧကရာဇ်ရဲ့ ညာဘက်လက်မောင်းကို ပြန်လည် နိုးထလာအောင် ပြင်ဆင်နေကြတာ"
အန်းချန်၊ အန်းကျိုး နှင့် အန်းဝေ တို့အားလုံး၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူတို့၏ မျက်နှာတွင် ဝမ်းသာမှုများ ထင်ဟပ်လာသည်။
"ပြန်ပြီး နိုးထလာအောင် လုပ်လို့ရတယ်လား"
"မဟာနတ်ဆိုးဧကရာဇ်ရဲ့ ညာဘက်လက်မောင်းက ဘယ်မှာလဲ"
"အကယ်၍ ငါတို့သာ ညာဘက်လက်မောင်းရဲ့ စွမ်းအားကို အသုံးချနိုင်ရင် ခံတပ်တွေကို ဖျက်ဆီးပြီး နတ်ဆိုးပင်လယ်ထဲကနေ လွတ်မြောက်နိုင်မှာပဲ”
အန်းမီ ပြုံးလျက်
"အတိအကျ ရှိတဲ့နေရာကိုတော့ ငါမသိဘူး… ဒီအစီအစဉ်ကို အန်းချန်းက ဦးဆောင်နေတာ… ငါကတော့ တစ်စိတ်တစ်ပိုင်းပဲ ပါဝင်ခဲ့တာ"
အန်းဝေမှာ မကျေမနပ်ဖြင့်
"အန်းချန်း ငါတို့ကို ဘာလို့ အကြောင်းမကြားခဲ့တာလဲ… မဟာနတ်ဆိုးဧကရာဇ်က ငါတို့ အားလုံးရဲ့ စွမ်းအားအရင်းအမြစ်ဖြစ်သလို ငါတို့အားလုံးရဲ့ ဖခင်လည်း ဖြစ်တယ်… ငါတို့လည်း သိပိုင်ခွင့်ရှိတယ်"
အန်းမီ ရယ်မောလိုက်ပြီး
"မဟာနတ်ဆိုးဧကရာဇ်ရဲ့ ညာဘက်လက်မောင်း နိုးထလာပြီဆိုရင် အဲ့ဒီက စီးကျလာတဲ့ သွေးတစ်စက်တည်းနဲ့တင် နတ်ဆိုးကြီးတစ်ပါးရဲ့ ကျင့်ကြံမှုကို အဆမတန် မြင့်တက်စေနိုင်တာ"
"မင်းက အဲ့ဒီသွေးတွေကို အားလုံး ဝေမျှနိုင်လောက်အောင် ပေါများမယ်လို့ ထင်နေတာလား"
"စားပွဲပေါ်မှာ စားမယ့်သူ တစ်ယောက် ပိုတာက ပိုကောင်းမလား… တစ်ယောက် လျော့တာက ပိုကောင်းမလား”
အန်းဝေ တိတ်ဆိတ်သွားသည်။ သို့သော် လေထုထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ စတင် လှုပ်ခတ်လာတော့၏။
အန်းချန် စဉ်းစားနေမိသည်။ သူတို့ပြောနေသော 'မဟာနတ်ဆိုးဧကရာဇ်' မှာ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများက 'မသေမျိုး နတ်ဆိုးဧကရာဇ်'ဟု ခေါ်ဝေါ်သောသူပင် ဖြစ်သည်။ နတ်ဆိုးကြီး ဆယ်ပါးစလုံးမှာ 'နတ်ဆိုးဧကရာဇ်အဆင့်' ရှိသူများဖြစ်ပြီး ၎င်းမှာ အစောင့်တပ်သားများ၏ 'နတ်ဘုရားပုံရိပ်အဆင့်' နှင့် တူညီသည်။ မသေမျိုး နတ်ဆိုးဧကရာဇ် ဆိုသည်မှာ ဘွဲ့အမည်တစ်ခု ဖြစ်ပြီး သူတို့ အားလုံး၏ 'ဖခင်' ဖြစ်သောကြောင့် သူ၏ ကျင့်ကြံမှုမှာ 'မဟာနတ်ဆိုးဧကရာဇ်အဆင့်' တွင် ရှိပြီး နတ်ဘုရားပုံရိပ်အဆင့်ထက် များစွာ သာလွန်သည်။
သို့သော် နတ်ဆိုးမျိုးနွယ်များ စတင် ပေါ်ပေါက်လာကတည်းက မသေမျိုး နတ်ဆိုးဧကရာဇ်မှာ သေဆုံးနေသော အခြေအနေတွင်သာ အမြဲ ရှိနေခဲ့သည်။ သူ၏ သွေးများမှာ ရပ်တန့်နေပြီး အသက်ဓာတ် ကင်းမဲ့နေ၏။ နတ်ဆိုးကြီး ဆယ်ပါးထဲတွင် သက်တမ်းအရင့်ဆုံးနှင့် အသိပညာအရှိဆုံးဖြစ်သော အန်းချန်းသည် မသေမျိုး နတ်ဆိုးဧကရာဇ်ကို နိုးထလာစေရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း တစ်ကြိမ်မျှ မအောင်မြင်ခဲ့ပေ။
'သူ လက်လျှော့လိုက်ပြီလို့ ငါ ထင်နေတာ’
'သူ နည်းလမ်းပြောင်းသွားလိမ့်မယ်လို့ မထင်ထားမိဘူး… မသေမျိုး နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီကိုပဲ နိုးထလာအောင် လုပ်ဖို့ ရွေးချယ်လိုက်တာကိုး’
အန်းချန် ချီးကျူးစွာဖြင့် သက်ပြင်းချမိသည်။
ထိုစဉ်မှာပင် တစ္ဆေတစ်ကောင်၏ အသံကဲ့သို့သော အသံတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်လာသည်။
"အန်းမီ... မင်းကတော့ ပေါက်ကရတွေ ပြန်ပြောနေပြန်ပြီ"
"မဟာနတ်ဆိုးဧကရာဇ်ရဲ့ ညာဘက်လက်မောင်း နိုးထလာပြီဆိုရင် အဲ့ဒီသွေးတွေကို အားလုံးကို တန်းတူခွဲဝေပေးမှာပါ"
"ငါတို့ နတ်ဆိုးကြီး (၁၀) ပါးဟာ ဖခင်တစ်ဦးတည်းကနေ ဆင်းသက်လာတာမို့လို့ မောင်နှမ အရင်းတွေပဲလေ”
အန်းချန်၊ အန်းမီ၊ အန်းဝေ နှင့် အန်းကျိုး တို့အားလုံး လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ ကြီးမားလှသော ဦးခေါင်းနှင့် ရှည်လျားသော အမြီးကြီးကို တရွတ်တိုက် ဆွဲလျက် ဖြည်းညှင်းစွာ လွင့်မြောဝင်ရောက်လာသော အန်းချန်းကို မြင်လိုက်ရသည်။
အန်းချန်း၏ စကားကို ကြားသောအခါ အန်းဝေနှင့် အန်းကျိုးတို့မှာ အနည်းငယ် စိတ်အေးသွားကြသည်။
"အန်းချန်း... မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့…ငါတောင် စိတ်မရှည်တော့ဘူး"
အန်းမီ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
အန်းချန်းမှာ သူ့ကို ဂရုမစိုက်ဘဲ
"မင်းတို့ကို ငါ အခုလို စုခေါ်လိုက်ရတာက အရေးကြီးတဲ့ ကိစ္စတချို့ကို ဆွေးနွေးဖို့ပါ"
"ပထမအချက် နံပါတ် (၅) ကျဆုံးသွားပြီ… ဒါပေမဲ့ သူ့ရဲ့ နေရာကို လစ်ဟင်းမထားသင့်သလို သူ ပိုင်ဆိုင်ခဲ့တဲ့ 'ညစ်ညမ်းသော မြူခိုး' အခွင့်အာဏာကိုလည်း ဒီတိုင်း ထားလို့ မရဘူး"
"နံပါတ် (၇)... မင်းရဲ့ နယ်မြေက သူ့နဲ့ အနီးဆုံးပဲ… နံပါတ် (၅) ရဲ့ သားသမီးတွေကြားမှာ ယှဉ်ပြိုင်ပွဲတစ်ခု လုပ်ပေးလိုက်ပါ"
"ဘယ်သူကပဲ နိုင်နိုင်... သူဟာ ပဉ္စမမြောက် နတ်ဆိုးကြီး ဘွဲ့အမည်ကို ဆက်ခံရလိမ့်မယ်… အချိန်တန်ရင် သူ့ကို ကိုးခုမြောက်အလွှာကို ခေါ်လာပြီး ငါတို့ ဖခင်ရဲ့ ရုပ်အလောင်းရှေ့မှာ ပဉ္စမမြောက် နတ်ဆိုးကြီးအဖြစ် တရားဝင် အခမ်းအနားနဲ့ တင်မြှောက်ပေးမယ်"
နတ်ဆိုးကြီးများအားလုံး ခေါင်းငြိမ့်လိုက်ကြသည်။ ယခင်က နတ်ဆိုးကြီးတစ်ပါး ကျဆုံးသည့် အခါတိုင်းတွင်လည်း ဤနည်းလမ်းဖြင့်ပင် ဆက်ခံသူကို ရွေးချယ်လေ့ရှိ၏။ နတ်ဆိုးကြီး (၁၀) ပါး၏ အခွင့်အာဏာမှာ တစ်ရက်ကလေးပင် လစ်ဟင်းသွားခဲ့ဖူးခြင်း မရှိပေ။
"ဒုတိယအချက် ငါတို့ အခု ဖခင်နတ်ဆိုးရဲ့ ဘယ်ဘက်နဲ့ ညာဘက် ခြေထောက်တွေကို နိုးထလာအောင် လုပ်ရမယ်"
အန်းချန်းမှ ဆက်၍
"ဘယ်ဘက်ခြေထောက်ကိုတော့ နံပါတ် (၂) နဲ့ နံပါတ် (၈) ကိုငါ လွှဲပေးထားပြီးသား"
"ညာဘက်ခြေထောက်အတွက်ကော... မင်းတို့ထဲက ဘယ်သူက တာဝန်ယူချင်လဲ"