← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

Chapter 442: သင်္ဘောအသစ်

အန်းချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မည်သူမျှ ပြန်မဖြေကြပေ။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အန်းချန်းကပင် တည်ငြိမ်စွာဖြင့် စကားစလိုက်သည်။

"အန်းချန်... မဟာနတ်ဆိုးဧကရာဇ်ရဲ့ ညာဘက်ခြေထောက်ကို နိုးထလာအောင်လုပ်ဖို့ ဘာတွေလိုအပ်လဲ"

အန်းချန် ခဏမျှ စဉ်းစားပြီး

"အသားနဲ့ သွေး အမြောက်အမြား လိုအပ်တယ်… လူသား၊ သားရဲလူသားနဲ့ နဂါးမျိုးနွယ်တွေရဲ့ သွေးဆိုရင် အကောင်းဆုံးပဲ"

အန်းချန်၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။ သို့ဆိုလျှင် နတ်ဆိုးမျိုးနွယ်၏ အသားနှင့် သွေးပင်လျှင် အလုပ်ဖြစ်နိုင်သည် မဟုတ်ပါလား။

အန်းချန်းမှ ဆက်ပြောလိုက်သည်။

"ဒီတာဝန်ကို လက်ခံတဲ့သူဟာ ဖခင်နတ်ဆိုးရဲ့ ခြေထောက် နိုးထလာတဲ့အခါ သွေးအဆီအနှစ် ဝေစုကို ပိုပြီး ရရှိလိမ့်မယ်”

နတ်ဆိုးကြီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် အန်းကျိုးကပင် ရှေ့ထွက်၍

"ဒီတာဝန်ကို ငါယူမယ်"

အန်းချန်း ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး

"ကောင်းပြီ… မင်း ဒီဆုံးဖြတ်ချက်အတွက် နောင်တရမှာ မဟုတ်ဘူး"

သူသည် ခန်းမထဲကို တစ်ချက် ဝေ့ကြည့်လိုက်ပြန်ပြီး

"အခု တတိယမြောက် ကိစ္စကို ပြောမယ်"

"လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်းမှာ လူမျိုးသုံးမျိုးစလုံးထဲက ပါရမီရှင်တွေ အများကြီး ပေါ်ထွက်လာခဲ့တယ်… အခု သူတို့ကို ရှင်းထုတ်ရမယ့် အချိန်ရောက်ပြီ"

"မီးနဂါး လေသင်္ဘောကို ဖန်တီးတဲ့သူဟာ နံပါတ်ငါး သေဆုံးရတဲ့ တိုက်ရိုက် အကြောင်းအရင်းပဲ… သူဟာ မကြာခင် သေကိုသေရမယ်"

"မဟုတ်ရင် ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ စိတ်ဓာတ်တွေ ပြိုလဲသွားလိမ့်မယ်"

အန်းချန်းမှာ အန်းချန်ကို ကြည့်ကာ

"နံပါတ် (၆)... မင်းက နံပါတ် (၅) ကို ခေါ်ပြီး ရွှေ့ဝူခံတပ်ကို တိုက်ခိုက်ခိုင်းခဲ့တာဆိုတော့ ဒီကိစ္စကို မင်းပဲ ကိုင်တွယ်လိုက်ပါ"

အန်းချန် မျက်မှောင်ကြုတ်သွားပြီး ငြင်းဆန်ချင်သော်လည်း အန်းချန်းထံမှ ထွက်ပေါ်နေသော ရှေးဟောင်းစွမ်းအားကြီး အရှိန်အဝါများက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ အန်းချန်းသည် 'စိတ်ရူးသွပ်ခြင်း' အခွင့်အာဏာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး နတ်ဆိုးကြီး ဆယ်ပါးထဲတွင် အသိဉာဏ်အရှိဆုံးဟု အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။ သူသည် အလွန်ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားပြီး မရေမတွက်နိုင်သော နတ်ဆိုးပညာရပ်များနှင့် တိုက်ခိုက်ရေး နည်းစနစ်များကို ကျွမ်းကျင်ထားသူလည်း ဖြစ်လေ၏။

ထို့ပြင် အန်းချန်းသည် မဟာနတ်ဆိုးဧကရာဇ်၏ ရုပ်အလောင်းကို အခြားသူများထက် ပိုမို လေ့လာထားသူ ဖြစ်သည်။ သူသည် ထိုရုပ်အလောင်းမှ ထူးဆန်းသော လျှို့ဝှက်ပညာရပ်များကိုပင် တတ်မြောက်ထားနိုင်ခြေ ရှိသည်။ အန်းချန်အနေဖြင့် လက်ရှိအခြေအနေတွင် အန်းချန်းကို ယှဉ်နိုင်ရန် များစွာ လိုအပ်နေသေးကြောင်း သူသိသည်။

ခဏအကြာတွင် သူ ပြုံးလျက် ခေါင်းငြိမ့်လိုက်ပြီး

"ဒါပေါ့… အဲ့ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာက ငါ့အတွက်တော့ အရှက်ရစရာပဲ… အဲ့ဒီ လက်မှုပညာရှင်ရဲ့ အသက်ကို ငါ့ရဲ့ လက်အောက်ငယ်သားတွေနဲ့ ခြွေယူခိုင်းလိုက်ပါ့မယ်"

အန်းချန်းမှ ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်၏။

တစ်လအကြာ။

ကျဆုံးသွားသော ပဉ္စမမြောက် နတ်ဆိုးကြီး အန်းဖုန်း၏ သားသမီးများကြားတွင် နောက်ဆုံး၌ အနိုင်ရသူ ပေါ်ထွက်လာခဲ့သည်။ ထိုဖြစ်စဉ်အတွင်း ပြိုင်ဘက်ပေါင်းများစွာ သေဆုံးခဲ့ရပြီး နောက်ဆုံးတွင် နတ်ဆိုးတစ်ကောင်သာလျှင် ထိုရာထူးကို ဆက်ခံခွင့် ရရှိခဲ့သည်။

နတ်ဆိုး ပင်လယ်၊ နဝမမြောက်အလွှာ။

ဤနေရာတွင် လောကကြီးမှာ မှောင်မည်းနေပြီး ဖိအားများဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ လုံးဝ ကွဲပြားခြားနားသော နယ်မြေတစ်ခုကဲ့သို့ ခံစားရလေ၏။ အပင် သို့မဟုတ် သတ္တဝါများ၏ အရိပ်အယောင် လုံးဝ မရှိပေ။ ပင်လယ်ရေမှာပင် ရွှံ့နွံများကဲ့သို့ နောက်ကျိနေသည်။ နဝမမြောက်အလွှာမှာ မသေမျိုး နတ်ဆိုးဧကရာဇ်၏ အလောင်းကို မြှုပ်နှံထားသည့် နေရာဖြစ်သည်။ နတ်ဆိုးကြီး ဆယ်ပါးသာလျှင် ဤနေရာသို့ ဝင်ရောက်ခွင့် ရှိလေ၏။

နဝမမြောက်အလွှာ၏ အလယ်ဗဟိုတွင် ဧရာမ ခန်းမကြီးတစ်ခု ရှိသည်။ ထိုခန်းမကြီးကို ခိုင်မာသော ကျောက်တိုင်ကြီး ရှစ်တိုင်ဖြင့် ထောက်မထား၏။ ကျောက်တိုင်များပေါ်တွင် အက်ကြောင်းများစွာ ရှိနေပြီး ထိုအက်ကြောင်းများအတွင်း၌ ခရမ်းနက်ရောင် သတ္တဝါလေးများ လှုပ်ရှားနေကြသည်။ ထိုသတ္တဝါလေးများသည် ကျောက်တိုင်များ ပြိုမကျစေရန် အမြဲမပြတ် ပြုပြင်ထိန်းသိမ်းပေးနေကြခြင်း ဖြစ်သည်။

ခန်းမ၏ အလယ်တွင် အမြင့်ပေ ၂၀၀ ခန့်ရှိသော ဧရာမ ပုံရိပ်ကြီးတစ်ခု မတ်တပ်ရပ်နေသည်။ သူ့တွင် ခေါင်းသုံးလုံးနှင့် လက်ခြေ ခြောက်ဖက် ရှိသည်။ ခေါင်းသုံးလုံးနှင့် လက်ခြေ ခြောက်ဖက်မှာ လူသားမျိုးနွယ်၊ သားရဲမျိုးနွယ်နှင့် နဂါးမျိုးနွယ်တို့ကို အသီးသီး ကိုယ်စားပြုနေခြင်း ဖြစ်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လူမျိုးသုံးမျိုးစလုံး၏ လက္ခဏာများ ပါဝင်နေသည်။ သို့သော် သူ၏ ညာဘက်လက်မောင်း တစ်ဖက်မှာ ပျောက်ဆုံးနေလေ၏။ သူ၏ မျက်လုံးခြောက်လုံးစလုံးမှာ တင်းတင်းစေ့ပိတ်နေပြီး ခန္ဓာကိုယ်မှ ပြင်းထန်သော သေခြင်းတရား အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဤသည်မှာ လူသား၊ သားရဲလူသားနှင့် နဂါးမျိုးနွယ် သုံးမျိုးစလုံးက လိုက်လံရှာဖွေနေကြသည့် ဒဏ္ဍာရီလာ 'မသေမျိုး နတ်ဆိုးဧကရာဇ်' ပင် ဖြစ်သည်။ အန်းချန်းမှ 'ဖခင်နတ်ဆိုး' ဟု ခေါ်ပြီး အခြားသူများက 'မဟာနတ်ဆိုးဧကရာဇ်' ဟု ခေါ်ဝေါ်သောသူ ဖြစ်သည်။

ယခုအခါ အန်းချန်း၊ အန်းမီ၊ အန်းချန်၊ အန်းဝေ နှင့် အခြားသူများမှာ ထပ်မံ စုရုံးရောက်ရှိနေကြသည်။ အလယ်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် နတ်ဆိုးတစ်ကောင် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်မှာ ကြီးမားသော်လည်း မြူခိုးများဖြင့် ဝန်းရံထားသကဲ့သို့ ဝေဝါးနေသည်။ သူ၏ ပုံစံအမှန်မှာ မြူခိုးများအတွင်း၌ အမြဲ ပုန်းကွယ်နေတတ်သည်။

"အန်းထျန်းဝူ… ဖခင်နတ်ဆိုးရဲ့ ရှေ့မှာ ဒူးထောက်စမ်း"

အန်းချန်းမှ လေးနက်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့"

အန်းထျန်းဝူသည် မသေမျိုး နတ်ဆိုးဧကရာဇ်၏ ရုပ်အလောင်းရှေ့တွင် ဒူးထောက်လိုက်သည်။

အန်းချန်းမှ သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးကို လှန်လိုက်သောအခါ ထက်မြက်သော ဓားမြှောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဓားဖြင့် တစ်ချက်လှီးလိုက်ရာ မသေမျိုး နတ်ဆိုးဧကရာဇ်၏ လက်တစ်ဖက်ပေါ်တွင် ဒဏ်ရာတစ်ခု ပေါ်လာတော့၏။ သို့သော် ဒဏ်ရာမှ သွေးထွက်မလာဘဲ မျက်စိရှေ့တင် ချက်ချင်း ပြန်လည် ကျက်သွားတော့သည်။ အန်းချန်းမှ နတ်ဆိုးစွမ်းအင်များကို သုံး၍ ထိုဒဏ်ရာကို ထပ်မံ ဖွင့်လိုက်သည်။ သူ တိုးတိုးလေး ရွတ်ဆိုရင်း မသိနားမလည်နိုင်သော လျှို့ဝှက်ပညာရပ်တစ်ခုကို အသက်သွင်းလိုက်၏။ ထိုအခါ ဒဏ်ရာမှ ခရမ်းရောင် မြူခိုးတိမ်တိုက်များ စတင် ထွက်ပေါ်လာတော့သည်။ ထိုမြူခိုးများသည် ညစ်ညမ်းကာ ပုပ်စပ်နေပြီး ကောင်းကင်နှင့် မြေကမ္ဘာတစ်ခုလုံးကို နတ်ဆိုးမြေအဖြစ် ပြောင်းလဲပစ်နိုင်သည့် အရှိန်အဝါမျိုး ရှိသည်။

အန်းချန်းမှ အသံနက်ကြီးဖြင့်

"မင်းရဲ့ ရင်ဘတ်ကို ခွဲပြီး မင်းရဲ့ နတ်ဆိုးနှလုံးသားကို ထုတ်ပြစမ်း"

အန်းထျန်းဝူမှာ အနည်းငယ် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် နာခံရန် ဆုံးဖြတ်လိုက်သည်။ နတ်ဆိုးနှလုံးသားမှာ နတ်ဆိုးတစ်ကောင်၏ စွမ်းအားဗဟိုချက်ဖြစ်သော်လည်း နတ်ဆိုးကြီးများစွာ၏ ဝန်းရံခြင်းကို ခံထားရသဖြင့် သူ၏ နှလုံးသားကို ဘာမှလုပ်မည်မဟုတ်ဟု သူ တွေးလိုက်သည်။

အန်းထျန်းဝူမှ သူ၏ ရင်ဘတ်ကို ခွဲလိုက်သောအခါ ပြင်းထန်စွာ ခုန်နေသော နှလုံးသားတစ်စုံ ပေါ်လာသည်။ အန်းချန်း လက်ညှိုးဖြင့် ညွှန်လိုက်ရာ ထိုညစ်ညမ်းသော မြူခိုးများသည် အန်းထျန်းဝူ၏ ရင်ဘတ်အတွင်းသို့ တိုးဝင်သွားပြီး သူ၏ နတ်ဆိုးနှလုံးသားအတွင်း စီးဝင်သွားတော့သည်။

"အားးးးးးးး!"

အန်းထျန်းဝူသည် ရေနွေးပူထဲ ထည့်လိုက်သော ပုစွန်တစ်ကောင်ပမာ ကွေးလန်သွားပြီး ကြမ်းပြင်ပေါ်တွင် ပြင်းထန်စွာ အကြောဆွဲနေတော့သည်။ အန်းမီနှင့် အခြား နတ်ဆိုးကြီးများမှာ ဘာမှမပြောဘဲ ကြည့်နေကြ၏။ အန်းချန်ကမူ အန်းထျန်းဝူကို ကြည့်ရင်း စိတ်လှုပ်ရှားမှုအချို့ ရှိနေသည်။ သူသည်လည်း ယခင်က 'ရှုပ်ထွေးသော ပျက်စီးခြင်း' အခွင့်အာဏာကို မရရှိမီက ဤကဲ့သို့သော အခမ်းအနားကို ဖြတ်သန်းခဲ့ရဖူးသောကြောင့် ဖြစ်သည်။

မကြာမီ အန်းထျန်းဝူ၏ အကြောဆွဲမှုများ ရပ်တန့်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အရှိန်အဝါမှာ အဆမတန် မြင့်တက်လာတော့၏။ ခဏချင်းမှာပင် သူသည် 'နတ်ဆိုးအရှင်သခင်အဆင့်'မှ အခြား နတ်ဆိုးကြီးများနှင့် တန်းတူဖြစ်သော 'နတ်ဆိုးဧကရာဇ်အဆင့်' သို့ ရောက်ရှိသွားသည်။ ထို့နောက် အန်းထျန်းဝူ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ၏ နှလုံးသားမှာ မိုးကြိုးပမာ ခုန်နေပြီး သန်မာသော နတ်ဆိုးသွေးများကို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပို့ဆောင်ပေးနေသည်။

'ညစ်ညမ်းသော မြူခိုး' အခွင့်အာဏာကို ရရှိပြီးနောက် သူ၏ ခွန်အားမှာ လွှမ်းမိုးနိုင်စွမ်း ရှိလာသည်။ အန်းထျန်းဝူ၏ မျက်နှာတွင် ပျော်ရွှင်မှုများနှင့်အတူ မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။

အန်းချန်းမှ တည်ငြိမ်စွာပင်

"ဒီနေ့ကစပြီး မင်းဟာ 'ညစ်ညမ်းသော မြူခိုး' အခွင့်အာဏာကို ဆက်ခံတဲ့ ပဉ္စမမြောက် နတ်ဆိုးကြီး အန်းဝူပဲ"

"ဟုတ်ကဲ့ပါ!"

အန်းဝူ ရိုသေစွာဖြင့် ဦးညွှတ်လိုက်တော့သည်။

ရွှေ့ဝူခံတပ်၊ လက်နက်တိုက်။

"ဟူး... ပြီးပြီဟေ့”

ရှန်မိုသည် ပေရာနှင့်ချီ၍ ရှည်လျားသော ဧရာမ လေသင်္ဘောကြီးကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။ ဝူကျန့်ယွန်း၊ လီဟိုင်ထန်းနှင့် ဝမ်ရှင်းအန်းတို့မှာမူ ပါးစပ်အဟောင်းသားနှင့် မှင်တက်နေကြသည်။

"မင်း စစ်မှုထမ်း ဂုဏ်ထူးမှတ်တွေ အများကြီး သုံးပစ်လိုက်လို့ ငါတို့က မင်း မအောင်မြင်ဘူး ထင်နေတာ… ဒါပေမဲ့ မင်း တကယ် လုပ်နိုင်ခဲ့တာပဲ”

ဝမ်ရှင်းအန်းမှာ အလွန် စိတ်လှုပ်ရှားနေသည်။ အစပိုင်းတွင် ရှန်မို မီးနဂါး လေသင်္ဘော သွန်းလုပ်ခြင်းကို ရပ်တန့်ပြီး ပုံစံသစ်ကို ဖန်တီးရန် ဆုံးဖြတ်လိုက်သဖြင့် သူ ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ သို့သော် လေသင်္ဘောသစ်ကြီးကို မြင်လိုက်ရသည့် ခဏမှာပင် သူ၏ စိတ်ကူးများ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ထိုသင်္ဘောကြီးမှာ အလျား ပေ ၅၀၀ ကျော်နှင့် အနံ ပေ ၁၆၀ ကျော် ရှိသည်။ ခန့်ညားထည်ဝါလှပြီး ပစ္စည်းတင်ဆောင်နိုင်စွမ်းမှာလည်း မယုံနိုင်စရာ ကောင်းလှ၏။ ၎င်းမှာ ခေတ်မမီတော့သော 'ဆီးနှင်းရုပ်ထု လေသင်္ဘော'များနှင့် လုံးဝ ခြားနားသည်။ နတ်ဆိုးနှိမ်နင်းရေး ခံတပ်တစ်ခုစီတွင် ကိုယ်ပိုင် ထွက်ကုန်များ ရှိကြပြီး အချင်းချင်း ကုန်သွယ်မှု ပြုလုပ်လေ့ရှိကြသည်။ သို့သော် ဆီးနှင်းရုပ်ထု လေသင်္ဘောများမှာ တင်ဆောင်နိုင်စွမ်း နည်းပါးသဖြင့် ရိက္ခာများ ပို့ဆောင်ရန်အတွက် သင်္ဘောအုပ်စုလိုက် လိုအပ်၏။ နတ်ဆိုးများမှ သင်္ဘောသွားလာသည့် ပုံစံကို သိရှိသွားသောအခါ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။ နောက်ဆုံးတွင် အချို့ခံတပ်များမှာ ပစ္စည်းများ ပို့ဆောင်ရန်အတွက် သေးငယ်သော 'မိုးကြိုးသိန်းငှက် လေသင်္ဘော' များကိုပင် အသုံးပြုလာကြရသည်။

ယခု ဤသင်္ဘောသစ်ကြီးနှင့်ဆိုလျှင် ရွှေ့ဝူခံတပ်နှင့် အခြားခံတပ်များအကြား သယ်ယူပို့ဆောင်ရေးမှာ လျှပ်စီးပမာ မြန်ဆန်သွားပေလိမ့်မည်။ မြို့များတွင် စိုက်ပျိုးထားသော ရှားပါး စိတ်ဝိညာဉ်ဆေးပင်များနှင့် အခြားခံတပ်များမှ ထုတ်လုပ်သော ဆေးလုံးများကို ရွှေ့ဝူခံတပ်သို့ ချက်ချင်း ပို့ဆောင်ပေးနိုင်တော့မည် ဖြစ်၏။ ထိုသို့ဆိုလျှင် ကောင်းကင်ဘုံ ဘဏ္ဍာတိုက်မှ ဂုဏ်ထူးမှတ်များစွာ အသုံးပြု၍ လဲလှယ်နေစရာ မလိုတော့ပေ။

"ဒါကို ဘယ်လို ခေါ်မလဲ"

ဝမ်ရှင်းအန်းမှ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဧရာမကျိုး လေသင်္ဘော လို့ ခေါ်တယ်"

ရှန်မို ပြုံးလျက် ပြန်ဖြေသည်။

"ဧရာမကျိုး လေသင်္ဘော... တကယ့်ကို ခန့်ညားတဲ့ နာမည်ပဲ"

ဝမ်ရှင်းအန်း ရယ်မောလျက်

“ဒါကို ဗိုလ်ချုပ်ကြီးကျန်းဆီ အခုချက်ချင်း သွားပြောလိုက်ဦးမယ်”

သူသည် လက်နက်တိုက်ထဲမှ ပြေးထွက်သွားတော့မည့ အပြုတွင် ရုတ်တရက် သတိရသွားဟန်ဖြင့်

"ဪ ဒါနဲ့… လွန်ခဲ့တဲ့ ရက်အနည်းငယ်က သတင်းတစ်ခု ရောက်လာတယ်… မင်း နဂါးပြာခံတပ်က ထန်ကျန့်မိုကို မှတ်မိသေးလား"

ရှန်မို ခေါင်းငြိမ့်ပြ၏။

"ရေးရေးလေးတော့ မှတ်မိပါတယ်"

ထန်ကျန့်မိုသည် နဂါးပြာခံတပ်မှ ကောင်းကင်အဆင့် အစောင့်တပ်သား တစ်ဦးဖြစ်ပြီး သူ၏ ဖခင်မှာ ခံတပ်သခင် ထန်ကျင်လုံ ဖြစ်သည်။

ဝမ်ရှင်းအန်း ခပ်ပေါ့ပေါ့ပင်

"သူက လူတစ်ယောက်ကနေတစ်ဆင့် သတင်းပို့လိုက်တယ်… မင်း ရထားတဲ့ 'မိုးကြိုးဝိညာဉ် ခရမ်းရောင်သိန်းငှက် ပုံရိပ်ဖော် ပန်းချီကား' ကို အဖိုးတန်တဲ့ ဈေးနှုန်းနဲ့ ဝယ်ချင်တယ်တဲ့လေ"

Chapter 443: ဓားသိုင်းအသစ် တတ်မြောက်ခြင်း

ရှန်မို စိတ်ပျက်လက်ပျက် ရယ်မောလိုက်ပြီး

“ဪ... သူက ဘာပေးမယ်လို့ ကမ်းလှမ်းထားလို့လဲ"

ဝမ်ရှင်းအန်း ပုခုံးတွန့်ပြရင်း

"နဂါးပြာခံတပ်နဲ့ ရွှေ့ဝူခံတပ်က လူသားအင်အားစုတွေဆိုတော့ မင်းအနေနဲ့ သူ့ကို ဈေးလျှော့ပေးလိမ့်မယ်လို့ မျှော်လင့်နေတာပေါ့"

သူ ရယ်ကျဲကျဲဖြင့် ဆက်ပြောသည်။

"သူက အဆင့်အေ ဂုဏ်ထူးမှတ် (၉) မှတ်နဲ့ ဝယ်ချင်တယ်တဲ့လေ… အဲ့ဒီဂုဏ်ထူးမှတ်တွေကို သူ့အဖေဆီကနေ ယူပေးမှာတဲ့"

ရှန်မို ချက်ချင်းပင် ခေါင်းခါလိုက်သည်။

ထို 'မိုးကြိုးဝိညာဉ် ခရမ်းရောင်သိန်းငှက် ပုံရိပ်ဖော် ပန်းချီကား' သည် မြေကမ္ဘာစာရင်းတွင် ပထမရခဲ့စဉ်က ရရှိခဲ့သော ဆုလာဘ်ဖြစ်၏။ ၎င်းမှာ ကောင်းကင်အဆင့်လယ် ပုံရိပ်ဖော် ပန်းချီကားတစ်ချပ် ဖြစ်သည်။ ပန်းချီကားပေါ်တွင် သက်ရှိထင်ရှားရှိနေသကဲ့သို့သော မိုးကြိုးဝိညာဉ် ခရမ်းရောင်သိန်းငှက်ကြီး တစ်ကောင်ကို သရုပ်ဖော်ထားပြီး အချိန်မရွေး ပန်းချီကားထဲမှ ခုန်ထွက်လာကာ ကောင်းကင်ယံသို့ ပျံတက်ပြီး မိုးကြိုးများကို အုပ်စိုးတော့မည့်အလား ထင်မှတ်ရသည်။

အကယ်၍ နတ်ဘုရားနန်းတော်အဆင့် သို့မဟုတ် အရှင်သခင်အဆင့်ရှိသော အစောင့်တပ်သားများ အနေဖြင့် ဤပန်းချီကားကို အချိန်ကြာမြင့်စွာ အာရုံပြုကျင့်ကြံပါက သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးအဆီအနှစ်များမှတစ်ဆင့် 'နတ်ဘုရားပုံရိပ်'ကို ဖြည်းဖြည်းချင်း ပေါင်းစည်းလာနိုင်မည် ဖြစ်သည်။ နတ်ဘုရားပုံရိပ်၏ ပုံသဏ္ဌာန်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်သည်နှင့် သူတို့သည် 'နတ်ဘုရားပုံရိပ်အဆင့်' သို့ ခြေလှမ်းနိုင်ပြီ ဖြစ်သည်။ ထိုမှတစ်ဆင့် ၎င်းပုံရိပ်ကို ပိုမိုသန့်စင်အောင်၊ ပိုမိုသိပ်သည်းကာ သက်ရှိနှင့်တူအောင် ဆက်လက်လေ့ကျင့်ရ၏။ နတ်ဘုရားပုံရိပ်သည် ပန်းချီကားထဲရှိ ပုံရိပ်နှင့် ထပ်တူကျသွားသည့်အခါမှသာ နတ်ဘုရားပုံရိပ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိမည် ဖြစ်လေသည်။

သို့သော် ဤကဲ့သို့သော ပန်းချီကားများသည် အလွန်အမင်း ဈေးကြီးလှ၏။ ၎င်းတို့ကို ကောင်းကင်ဘုံ ဘဏ္ဍာတိုက်တွင် လဲလှယ်နိုင်ပါသည်။ ကောင်းကင်အဆင့်နိမ့် ပုံရိပ်ဖော် ပန်းချီကားတစ်ချပ်လျှင် ပျမ်းမျှအားဖြင့် အဆင့်အေ ဂုဏ်ထူးမှတ် ၅ မှတ် ကျသင့်သည်။ မိုးကြိုး သို့မဟုတ် အလင်းကဲ့သို့သော ဒြပ်စင်ဂုဏ်သတ္တိများ ပါဝင်ပါက ပို၍ပင် ဈေးကြီးသေး၏။

ကောင်းကင်အဆင့်လယ် ပန်းချီကားများမှာမူ ဈေးနှုန်း နှစ်ဆထက်မက မြင့်တက်သွားပြီး ပုံမှန်အားဖြင့် အဆင့်အေ ဂုဏ်ထူးမှတ် ၁၂ မှတ်ခန့် ကျသင့်တတ်သည်။ ဤခရမ်းရောင်သိန်းငှက် ပန်းချီကားမှာလည်း မိုးကြိုးဂုဏ်သတ္တိရှိသည်။ မိုးကြိုးသည် ဒြပ်စင်ဝိညာဉ်စွမ်းအားအားလုံးထဲတွင် နတ်ဆိုးများကို တန်ပြန်တိုက်ခိုက်နိုင်သော ရှားပါးစွမ်းအားတစ်ခု ဖြစ်သဖြင့် မိုးကြိုးဂုဏ်သတ္တိရှိသော ပန်းချီကားများမှာ အမြဲတမ်း ဈေးကောင်းရလေ့ရှိ၏။ ရှန်မို၏ ခန့်မှန်းချက်အရ ဤပန်းချီကားကို ရောင်းမည်ဆိုလျှင် အနည်းဆုံး အဆင့်အေ ဂုဏ်ထူးမှတ် ၁၅ မှတ်ခန့် ရနိုင်သည်။

သို့သော် ထန်ကျန့်မိုက ၉ မှတ်တည်းနှင့် လိုချင်နေသည်လား။

ဤသည်မှာ သူတို့၏ ခင်မင်မှုကို အလွန်အကျွံ အခွင့်ကောင်းယူလွန်းရာ ရောက်နေသည်။

ဝမ်ရှင်းအန်းမှာ ရှန်မို၏ စိတ်ကို ဖတ်မိပုံရပြီး ထူးဆန်းသော အသံဖြင့် ရယ်မော၍

"ညီအစ်ကိုအရင်းတွေတောင် အကြွေးကိစ္စဆိုရင် ရှင်းရှင်းလင်းလင်း လုပ်ရတာပဲ… သူတို့ နဂါးပြာခံတပ်က ငါတို့ကို ပစ္စည်းရောင်းရင် ဈေးအပြည့်ယူပြီးတော့ အခုကျမှ ဈေးလျှော့ခိုင်းတယ်ပေါ့… ဟာသပဲ”

"စိတ်မပူပါနဲ့… ငါ ငြင်းလိုက်ပါ့မယ်… နောက်ကိုလည်း မင်းကို လာမနှောင့်ယှက်ဖို့လည်း ပြောလိုက်မယ်"

သူက ပြုံးလျက်

"အဲ့ဒီ ခရမ်းရောင်သိန်းငှက် ပုံရိပ်က တကယ်ကောင်းတာပဲ… မင်းပဲ သိမ်းထားလိုက်ပါလား… ဘာလို့ ရောင်းမှာလဲ"

ရှန်မိုလည်း ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်းကင်အဆင့်လယ် မိုးကြိုးဂုဏ်သတ္တိရှိသော ပန်းချီကားမှာ တကယ်ပင် တန်ဖိုးရှိလှသည်။ သို့သော် ရှန်မို၌ ၎င်းထက် ပိုကောင်းသည်များကို ရယူနိုင်စွမ်း ရှိလေ၏။ ထို့ကြောင့် ဤအဆင့်လောက်ကို သူ သိပ်ဂရုမစိုက်ပေ။

'ငါသာ စစ်မှုထမ်း ဂုဏ်ထူးမှတ်တွေ ရနိုင်မယ်ဆိုရင် ပိုမြင့်တဲ့ ပန်းတိုင်ကိုပဲ လှမ်းရမယ်’

'ကောင်းကင်အဆင့်မြင့် ပုံရိပ်ဖော် ပန်းချီကားကလွဲရင် ကျန်တာကို အားမရဘူး’

ရှန်မို ခပ်ဖွဖွ ပြုံးလိုက်သည်။

သူ၏ နတ်ဘုရားနန်းတော်အကြောင်းကို ရုတ်တရက် တွေးမိသွားလေ၏။ သူ စုံစမ်းကြည့်ဖူးသလောက် လူအများစု၏ နတ်ဘုရားနန်းတော်တွင် နတ်ဘုရားပုံရိပ် နံရံတစ်ခုသာ ရှိကြပြီး နတ်ဘုရားပုံရိပ် တစ်ခုတည်းကိုသာ ဖော်ဆောင်နိုင်ကြသည်။ ဤအမျိုးအစားကို 'ပုံရိပ်တစ်ခုတည်း ဝိညာဉ်နန်းတော်'ဟု ခေါ်ပြီး အတွေ့ရအများဆုံးလည်း ဖြစ်သည်။ ၎င်းအထက်တွင် ပုံရိပ်နှစ်ခု၊ ပုံရိပ်သုံးခုနှင့် အလွန်ရှားပါးလှသော 'ပုံရိပ်လေးခု နတ်ဘုရားနန်းတော်' များ ရှိကြသည်။

လူအများစုမှာ အကောင်းဆုံးသော ကောင်းကင်အဆင့် ကျင့်စဉ်များကိုပင် သေသေချာချာ နားလည်ရန်နှင့် ကျင့်ကြံရန် အသိဉာဏ်များ၊ သက်တမ်းများ မလုံလောက်ကြပေ။ အကယ်၍ ထိုကဲ့သို့သော နတ်ဘုရားနန်းတော်မျိုးကို တည်ဆောက်နိုင်ခဲ့လျှင်ပင် နတ်ဘုရားပုံရိပ် လေးခုကို ပေါင်းစည်းရန်အတွက် အချိန်နှင့် ကြိုးစားအားထုတ်မှု လေးဆခန့် ပိုမိုလိုအပ်၏။ သို့သော် ကျင့်ကြံခြင်းမှာ အဆုံးမဲ့သော်လည်း လူ့သက်တမ်းမှာ အကန့်အသတ် ရှိနေသည်။ နောက်ဆုံးတွင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားတတ်၏။

ရှန်မိုကမူ ထိုသူများနှင့် မတူပေ။ သူ၏ နားလည်နိုင်စွမ်းမှာ ထူးကဲလှသလို ကျင့်ကြံခြင်း အရင်းအမြစ်များလည်း ပေါများလှသည်။ သူသည် ပုံရိပ်ဖော် ပန်းချီကား လေးချပ်ကို တစ်ပြိုင်နက်တည်း အာရုံပြုနိုင်ပြီး နတ်ဘုရားပုံရိပ် လေးခုကို ပေါင်းစည်းနိုင်စွမ်း ရှိသည်။

'နေပါဦး... ငါ ကျင့်ကြံနေတဲ့ "ဧရာမဆင်ပြောင် ငရဲနှိမ်နင်းခြင်း စွမ်းအား" ကလည်း နတ်ဘုရားပုံရိပ် လေးခု လိုအပ်တာ မဟုတ်လား’

ဝမ်ရှင်းအန်း ထွက်သွားပြီးနောက် ရှန်မို အသိတစ်ခု ရုတ်တရက် ဝင်လာသည်။ သူ့အတွင်းပိုင်းကို အမြန် စစ်ဆေးကြည့်လိုက်သည်။ သူ၏ နတ်ဘုရားနန်းတော် အထက်တွင် ငွေရောင်သတ္တုနှင့် တူသော ပလပ်ဖောင်းတစ်ခု ရှိနေ၏။ ၎င်းမှာ 'သွေးသရဖူ'ပင် ဖြစ်သည်။ ပို၍ တိကျစွာ ပြောရလျှင် ငွေရောင်သရဖူဖြစ်ပြီး ၎င်းမှာ 'ငွေရောင်သရဖူ အရှင်သခင်အဆင့်' နှင့် ကိုက်ညီနေသည်။

ရှန်မို သေသေချာချာ အာရုံခံကြည့်ပြီးမှ သက်ပြင်းချနိုင်တော့သည်။

"ဧရာမဆင်ပြောင် ငရဲနှိမ်နင်းခြင်း စွမ်းအားကလည်း နတ်ဘုရားပုံရိပ် လေးခု လိုအပ်တာ မှန်ပေမဲ့ အဲ့ဒါက တူညီတဲ့ နတ်ဘုရားပုံရိပ် လေးခုကိုပဲ ဖော်ဆောင်ဖို့ အလေးပေးထားတာပဲ… လေးခုပေါင်း တစ်ခုတည်း၊ စွမ်းအားက လေးဆ"

"ဒါ ကောင်းတယ်… ငါ ကောင်းကင်အဆင့်မြင့် ပုံရိပ်ဖော် ပန်းချီကား စုစုပေါင်း (၅) ချပ်ပဲ လိုတော့မှာပေါ့… ၈ ချပ် မဟုတ်လို့ တော်သေးတယ်"

သူ ကျေနပ်သွားလေသည်။

အချိန်များ ကုန်ဆုံးသွားခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် နွေရာသီသို့ ရောက်ရှိလာခဲ့ပြီ။ ဆီးနှင်းများ အရည်ပျော်ကာ မိုးများ အဆက်မပြတ် ရွာသွန်းနေသည်။ နိမ့်ပါးသော မြေပြင်ပေါ်တွင် တည်ဆောက်ထားသော အချို့သော နတ်ဆိုးနှိမ်နင်းရေး ခံတပ်များသည် ပင်လယ်ရေကြီးမှုဒဏ်ကို မကြာခဏ ခံစားကြရ၏။ ပင်လယ်ရေထဲတွင် နတ်ဆိုးစွမ်းအင်များ ပါဝင်နေသဖြင့် အချိန်ကြာမြင့်စွာ ထိတွေ့မိပါက ခံတပ်၏ အခြေခံအုတ်မြစ်များကို တိုက်စားသွားပေလိမ့်မည်။ ထိုခံတပ်များသည် ပင်လယ်ရေ မဝင်အောင် တားဆီးရန်အတွက် ရှားပါး စိတ်ဝိညာဉ်ပစ္စည်းများစွာ အသုံးပြုကာ အလွန်အမင်း ကြိုးစားအားထုတ်နေကြရသည်။

ရွှေ့ဝူခံတပ်မှာမူ အတော်အတန် အခြေအနေ ကောင်းမွန်သော်လည်း နတ်ဆိုး ပင်လယ်ပြင် လှိုင်းထန်သည့် အခါတိုင်းတွင် ခံတပ်တံတိုင်းများမှာ ရိုက်ခတ်ခြင်း ခံရလေ့ရှိ၏။

လက်နက်တိုက်၏ ထောင့်တစ်နေရာတွင် ပုံရိပ်တစ်ခု မုန်တိုင်းပမာ ကခုန်နေသည်။ ဓားအရိပ် သုံးခုသည် သူ့ကို ဝန်းရံလျက် လေနှင့် မိုးကြိုးကို စီးနင်းကာ မရေမတွက်နိုင်သော တောက်ပသည့် ဓားချက်များကို ထုတ်လွှတ်နေသည်။ ခဏအကြာတွင် ဓားအရိပ်များမှာ ပုံစံပြောင်းလဲသွား၏။ အရေအတွက်မှာ သုံးခုသာ ဖြစ်သော်လည်း ၎င်းတို့ အချင်းချင်း ယှက်နွယ်သွားကာ ဓားအလင်းများဖြင့် ပြုလုပ်ထားသော ခိုင်ခံ့သည့် ကာကွယ်ရေး အလွှာတစ်ခုပမာ ဖြစ်သွားသည်။ သစ်ပင်ထိပ်မှ ကြွေကျလာသော သစ်ရွက်တစ်ရွက်သည် ထိုဓားအလွှာအတွင်းသို့ ဖြတ်သန်းသွားသောအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။ လေနှင့် လျှပ်စီးများပင်လျှင် ထိုအလွှာထဲသို့ ရောက်သွားပါက ဆုတ်ဖြဲခံရပြီး ပျောက်ကွယ်သွားနိုင်ခြေ ရှိသည်။

မနီးမဝေးတွင် ဝူကျန့်ယွန်း၊ လီဟိုင်ထန်းနှင့် အခြား အစောင့်တပ်သားများ အံ့အားသင့်စွာ ကြည့်နေကြသည်။

"ဟား... ညီအစ်ကိုရှန် ကျင့်နေတာ ဘာပညာလဲ… တကယ့်ကို ကြောက်စရာကြီးပဲ”

"အတိအကျတော့ မသိဘူး… ဒါပေမဲ့ ကောင်းကင်အဆင့်မြင့် သိုင်းပညာတစ်ခု ဖြစ်မယ်လို့ ငါ လောင်းရဲတယ်”

"ဟူး... ညီအစ်ကိုရှန်ကိုတော့ အားကျတယ်ကွာ… သူ့မှာ အစွမ်းထက်တဲ့ ပညာရပ်တွေနဲ့ လဲလှယ်ဖို့ ဂုဏ်ထူးမှတ်တွေလည်း ရှိသလို တကယ် ကျင့်ကြံနိုင်တဲ့ အသိဉာဏ်လည်း ရှိတယ်”

ခဏအကြာတွင် ရှန်မို လေပူတစ်ချက် မှုတ်ထုတ်ပြီး ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။ ဓားအရိပ် သုံးခုမှာလည်း ပျောက်ကွယ်သွားတော့၏။ သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဆောင်းရာသီ တစ်ခုလုံး ကုန်ဆုံးသွားပြီးနောက် 'ဟင်းလင်းပြင် နတ်ဆိုးသတ် ဓားနတ်ဘုရားကျမ်း'ကို တတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

ဤပညာရပ်မှာ အဆင့်မြင့် သူတော်စင်အဆင့် ပညာရပ်ဖြစ်ပြီး စုစုပေါင်း အဆင့် ခုနစ်ဆင့် ရှိသည်။ ၎င်းကို ကျင့်ကြံရန် သတ်မှတ်ချက်များမှာ အလွန်မြင့်မားလှ၏။ ပထမအဆင့်မှာ ခြေတည်ဝိညာဉ်အဆင့် လိုအပ်ပြီး ဒုတိယအဆင့်မှာ ဝိညာဉ်ကူးပြောင်းခြင်းအဆင့်၊ တတိယအဆင့်မှာ နတ်ဘုရားနန်းတော်အဆင့်၊ စတုတ္ထအဆင့်မှာ နတ်ဘုရားပုံရိပ်အဆင့်၊ ပဉ္စမအဆင့်မှာ နတ်ဘုရားပုံရိပ်အထက် နိဗ္ဗာန်အဆင့်၊ ဆဋ္ဌမအဆင့်မှာ နိဗ္ဗာန်အထက် ဘုရင်အဆင့်၊ သတ္တမအဆင့်မှာမူ သူတော်စင်အဆင့်သို့ တိုက်ရိုက် ဦးတည်နေသည်။

ဤကျမ်းစာမှာ သူတော်စင်ဖြစ်ရန် လမ်းစဉ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် 'မိုးကြိုးနတ်ဘုရား နတ်ဆိုးနှိမ်နင်းရေး သုတ်တော်' ထက် များစွာ ပိုမို တန်ဖိုးရှိနေခြင်း ဖြစ်လေ၏။ ယခု ရှန်မိုသည် တတိယအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်အတွင်း၌ 'ရှေးဟောင်း ဟင်းလင်းပြင်ဓား'၏ ပုံရိပ်သုံးခုကို ဖော်ဆောင်နိုင်ပြီ ဖြစ်သည်။ သူ ထိုဓားများ၏ စွမ်းအားကို စမ်းသပ်ကြည့်ပြီးပြီ ဖြစ်သည်။ လတ်တလောတွင် နတ်ဆိုးများသည် ခံတပ်ကို ဆက်တိုက် တိုက်ခိုက်နေကြရာ ရှန်မိုသည် 'မျက်နှာတစ်ထောင် ပုံသဏ္ဌာန်ပြောင်းကျမ်း' ကို အသုံးပြု၍ ရုပ်ဖျက်ကာ မြို့တံတိုင်းပေါ်ရှိ ခုခံရေးတိုက်ပွဲများတွင် တိတ်တဆိတ် ပါဝင်ခဲ့သည်။

နတ်ဆိုးကြီးများအောက် အဆင့်ရှိသော မည်သည့် နတ်ဆိုးမျှ ရှန်မို၏ ဟင်းလင်းပြင်ဓားချက် သုံးချက်ကို မခံနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ရှေးဟောင်း ဟင်းလင်းပြင်ဓားအတွင်းရှိ စွမ်းအားမှာ မိုးကြိုးစွမ်းအားနှင့် သွေးမူလစွမ်းအား နှစ်ခုလုံးထက် များစွာ သာလွန်၏။ ၎င်းမှာ 'ဟင်းလင်းပြင် နတ်ဆိုးသတ် ဓားနတ်ဘုရားကျမ်း' ဟူသော အမည်နှင့် တကယ်ပင် ထိုက်တန်လှပေသည်။

"ယုတ်မာလိုက်တာ… တကယ်ကို ယုတ်မာလွန်းတယ်"

ဝမ်ရှင်းအန်းတစ်ယောက် လက်နက်တိုက် တံခါးအတွင်းသို့ ဆဲဆိုကြိမ်းမောင်းရင်း ဝင်လာသည်။ ရှန်မို၊ ဝူကျန့်ယွန်းနှင့် အခြားသူများမှာ ဇဝေဇဝါ ဖြစ်သွားကြ၏။ ဝမ်ရှင်းအန်းမှာ ဤကဲ့သို့ ဒေါသထွက်ခဲလှသည်။

ဘာများ ဖြစ်လို့ပါလိမ့်။

လီဟိုင်ထန်းမှ

"တပ်မှူးဝမ်... ဘာဖြစ်လို့လဲခင်ဗျာ"

ဝမ်ရှင်းအန်း၏ မျက်နှာမှာ ဒေါသများဖြင့် ပြည့်နှက်နေသည်။

"သစ္စာဖောက်တစ်ယောက်က ခံတပ်ရဲ့ နောက်ကွယ်ကနေ ခိုးဝင်ပြီး ကျင့်ကြံသူတွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ မြို့ထဲကို ရောက်သွားတယ်တဲ့"

"ရွှေ့ဝူခံတပ်ရဲ့ လက်အောက်ခံ မြို့ဆယ်မြို့ထဲမှာ အဝေးဆုံးက မြို့ပဲ… အဲ့ဒီမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ထက် သန်မာတဲ့သူ တစ်ယောက်မှ မရှိဘူး"

"မနေ့ညက နတ်ဆိုးစွမ်းအင်တွေ ရုတ်တရက် ထွက်ပေါ်လာပြီး သာမန်ပြည်သူတွေ အများကြီး ရောဂါကူးစက်ခံရပြီး နတ်ဆိုးအဖြစ် ပြောင်းလဲသွားကြတယ်!"

ဝမ်ရှင်းအန်း သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး

"ဒီနတ်ဆိုးတွေ... ခံတပ်ကို မဖောက်နိုင်မှန်း သိတော့ ခံတပ်ကို ကျော်ပြီး မြို့တွေကို ပစ်မှတ်ထားလာကြပြီ”

ထိုစကားကို ကြားသောအခါ ရှန်မို၊ ဝူကျန့်ယွန်း၊ လီဟိုင်ထန်းနှင့် အခြား အစောင့်တပ်သားများ အားလုံး၏ မျက်မှောင်များ ပြင်းထန်စွာ ကြုတ်သွားကြတော့သည်။

Chapter 444: ဟင် ကုန်းမြေလား

ရွှေ့ဝူခံတပ်သို့ ရောက်ရှိပြီး မကြာမီမှာပင် ရှန်မိုတစ်ယောက် နတ်ဆိုးနှိမ်နင်းရေး ခံတပ်ဆယ်ခု၏ တည်ဆောက်ပုံကို ကျွမ်းကျင်နားလည်သွားခဲ့သည်။

ခံတပ်ဆယ်ခုကို စက်ဝိုင်းပုံစံ အကြမ်းဖျင်း တည်ဆောက်ထားပြီး နတ်ဆိုး ပင်လယ်ပြင်ကို လုံးဝ ပိတ်ဆို့ထားခြင်း ဖြစ်သည်။ ခံတပ်တစ်ခုစီ၏ နောက်ကွယ်တွင်မူ ၎င်းတို့၏ စောင့်ရှောက်မှုအောက်ရှိ မြို့များ ရှိကြ၏။ ရွှေ့ဝူခံတပ်ကို ဥပမာထား၍ ပြောရလျှင် အနီးဆုံးမှ အဝေးဆုံးသို့ မြို့အမည်များကို ရွှေ့ဝူမြို့၊ ရွှေ့ဝူ ဒုတိယမြို့၊ ရွှေ့ဝူ တတိယမြို့... မှသည် ရွှေ့ဝူ ဒသမမြို့အထိ အမည်ပေးထားသည်။

ရွှေ့ဝူမြို့မှာ စည်ကားဆုံးဖြစ်ပြီး နေထိုင်သူများမှာလည်း အသန်မာဆုံး ဖြစ်ကြ၏။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများအပြားမှာ ထိုမြို့မှ ရွေးချယ်ခံရသူများ ဖြစ်သည်။ ရွှေ့ဝူ ဒုတိယမြို့သို့ ရောက်သောအခါ နေထိုင်သူများ၏ ကျင့်ကြံမှုအဆင့်မှာ သိသိသာသာ ကျဆင်းသွားသည်။ ရွှေ့ဝူ ဒသမမြို့သို့ ရောက်သည့်အခါတွင်မူ လူဦးရေအများစုမှာ သာမန် အရပ်သားများသာ ဖြစ်ကြတော့သည်။

ဤမြို့များသည် ခံတပ်အတွက် လူအင်အားနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးရာ ထောက်ပို့ဗဟိုချက်များအဖြစ် တည်ရှိနေခြင်း ဖြစ်၏။ ထို့ကြောင့် နတ်ဆိုးနှိမ်နင်းရေး ခံတပ်များသည် ထိုမြို့များကို ကာကွယ်ရန် အမြဲတမ်း အစွမ်းကုန် ကြိုးစားကြသည်။ ယခင်က နတ်ဆိုးစွမ်းအင် ကူးစက်ခံရသော အစောင့်တပ်သားများ ထိုမြို့များအတွင်းသို့ ခိုးဝင်ကာ ပရမ်းပတာ လုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်အချို့ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အတိုင်းအတာမျိုးဖြင့် တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးပေ။

တစ်ညတည်းအတွင်းမှာပင် ရွှေ့ဝူ ဒသမမြို့ရှိ လူဦးရေ သန်းနှင့်ချီရှိသည့်အနက် သုံးသိန်းကျော် သေဆုံးခဲ့ရသည်။ ၎င်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးပင်။

"တခြားခံတပ်တွေ စောင့်ရှောက်ထားတဲ့ မြို့တွေလည်း နတ်ဆိုးတွေရဲ့ တိုက်ခိုက်တာကို ခံနေရတယ်လို့ ဗိုလ်ချုပ်ကြီးကျန်းဆီက ကြားတယ်"

ဝမ်ရှင်းအန်း အံကြိတ်၍ ပြောလိုက်သည်။

"နတ်ဆိုးတွေက ဘာလို့ ရုတ်တရက် နည်းဗျူဟာပြောင်းပြီး အရပ်သားတွေကို ပစ်မှတ်ထားလာကြတာလဲ"

ဝူကျန့်ယွန်း၊ လီဟိုင်ထန်းနှင့် အခြားအစောင့်တပ်သားများမှာ တိတ်ဆိတ်သွားကြသည်။ နတ်ဆိုးများသည် ကောက်ကျစ်ပြီး ခိုးဝင်ခြင်းတွင် ကျွမ်းကျင်လှရာ ရှေ့တန်းတံတိုင်းများကို ကျော်ဖြတ်ရန် သူတို့အတွက် အလွန်လွယ်ကူသည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေလျှင် လူထုအနေဖြင့် ခံတပ်များအပေါ် ထားရှိသည့် ယုံကြည်မှုပင် ပျောက်ဆုံးသွားပေလိမ့်မည်။

ဝမ်ရှင်းအန်း သက်ပြင်းချရင်း

"ဆက်ပြီး ကျင့်ကြံကြပါ… အခုက နွေရာသီဆိုတော့ နတ်ဆိုးတွေရဲ့ လှုပ်ရှားမှု နည်းသွားလိမ့်မယ်… ဆောင်းတွင်းမရောက်ခင် ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ထားကြ"

အားလုံး ခေါင်းငြိမ့်လိုက်ကြပြီး ပိုမိုကြိုးစား၍ ကျင့်ကြံခြင်းထဲသို့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လိုက်ကြသည်။ လက်နက်တိုက်တွင် တာဝန်ကျသူများသည် ရှေ့တန်းတွင် မတိုက်ခိုက်ရသော်လည်း မြင့်မားသော ကျင့်ကြံမှုအဆင့်ကို ရရှိရန်မှာ မရှိမဖြစ် လိုအပ်ချက် ဖြစ်နေဆဲပင်။ ကျင့်ကြံမှု မြင့်လေ သက်တမ်းရှည်လေဖြစ်ပြီး ရာထူးအဆင့်အတန်းလည်း မြင့်မားလာမည် မဟုတ်ပါလား။ အကျိုးကျေးဇူးများမှာ မရေမတွက်နိုင်ပေ။

ရှန်မို လှည့်ထွက်လာပြီး အဆင့်အေ ဂိုဒေါင်သို့ ပြန်သွားသည်။ နွေရာသီမှာ ခံတပ်မှ နတ်ဆိုး ပင်လယ်အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းသော တာဝန်များ လုပ်ဆောင်သည့် ရာသီဖြစ်ရာ တိုက်ပွဲဝင် ပလပ်ဖောင်းများကို အသုံးပြုရန် အကောင်းဆုံး အချိန်ဖြစ်သည်။ တိုက်ပွဲဝင် ပလပ်ဖောင်းများသည် ရေပြင်ပေါ်တွင်သာမက ရေအောက်သို့လည်း ငုပ်လျှိုးသွားနိုင်၏။ 'ဧရာမစက်မှုယန္တရား ကျမ်းစာ'ထဲတွင် ၎င်းတို့၏ တည်ဆောက်ပုံနှင့် မောင်းနှင်ပုံများကို အသေးစိတ် ဖော်ပြထားပါသည်။

'ပျံသန်းနဂါး လေသင်္ဘော' ကို အပြီးသတ်ရန် လိုအပ်သော ရှားပါးပစ္စည်းများမှာ လတ်တလောတွင် မရရှိနိုင်သေးသဖြင့် ရှန်မိုမှ အစီအစဉ်ပြောင်းလဲကာ တိုက်ပွဲဝင် ပလပ်ဖောင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ နတ်ဆိုးနှိမ်နင်းရေး ခံတပ်များတွင် အဓိကအားဖြင့် 'လှိုင်းခွဲ ပလပ်ဖောင်း' နှင့် 'လှိုင်းဖြတ် ပလပ်ဖောင်း' ဟူ၍ နှစ်မျိုးရှိသည်။

လှိုင်းခွဲ ပလပ်ဖောင်းများမှာ အသုံးအများဆုံးဖြစ်သော်လည်း လူငါးဦးသာ ဆံ့၏။ လှိုင်းဖြတ် ပလပ်ဖောင်းများမှာမူ ပို၍ ရှားပါးပြီး လူဆယ်ဦး ဆံ့သည်။ ၎င်းတို့သည် ပိုမို အဖိုးတန်သော ပစ္စည်းများ လိုအပ်သလို ပို၍လည်း ခိုင်ခံ့သည်။ ပင်လယ်လေးသွယ်ရှိ နဂါးနန်းတော်များတွင် လှိုင်းခွဲ ပလပ်ဖောင်းများကို သာမန် ပင်လယ်သတ္တဝါများက မောင်းနှင်လေ့ရှိပြီး လှိုင်းဖြတ် ပလပ်ဖောင်းများကိုမူ နဂါးမျိုးနွယ်များကသာ မောင်းနှင်ခွင့် ရှိကြရာ အဆင့်အတန်း ကွာခြားမှုကို သိသာစေသည်။

သို့သော် ဧရာမစက်မှုယန္တရား ကျမ်းစာထဲတွင် တတိယမြောက် ပလပ်ဖောင်း အမျိုးအစားတစ်ခုကိုလည်း မှတ်တမ်းတင်ထားသည်။ ၎င်းမှာ 'ဒီရေကြမ်း ပလပ်ဖောင်း' ဖြစ်သည်။ ၎င်းမှာ ပိုမိုကြီးမားပြီး လူအများအပြား တင်ဆောင်နိုင်သည့်အပြင် အကြီးစား သွေးစွမ်းအင် အမြှောက်များနှင့် စိတ်ဝိညာဉ်စွမ်းအင် အမြှောက်များကိုလည်း တပ်ဆင်နိုင်သည်။ ကံမကောင်းစွာဖြင့် လက်မှုပညာရှင်ကြီး ဝူယဲ့သည် ထိုဒီဇိုင်းကို အကောင်အထည် မဖော်နိုင်ခင်မှာပင် ကွယ်လွန်သွားခဲ့၏။ ရှန်မိုကမူ ဝူယဲ့ မလုပ်ဆောင်နိုင်ခဲ့သည်ကို သူ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေလေသည်။

…

ကျယ်ပြောလှသော သမုဒ္ဒရာ။

လူရိပ်တစ်ခုသည် အဆုံးမဲ့သော ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်လျက် အရှေ့ဘက်သို့ တစ်ကိုယ်တည်း ခရီးဆက်နေသည်။ ရေငတ်သောအခါ ကမ္ဘာလောကရှိ ရေဓာတ် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်း၍ သောက်ပြီး ဆာလောင်သောအခါ ငါးဖမ်းစား၏။ ထိုသူမှာ ယဲ့ယန်ပင်။

သူ ပင်လယ်ပြင်ကို ဖြတ်ကျော်လာခဲ့သည်မှာ မည်မျှကြာခဲ့ပြီ၊ မည်မျှဝေးကွာခဲ့ပြီကိုပင် မမှတ်မိတော့ပေ။ သို့သော် 'မိုးပြာပင်လယ် ဖလား'ကို လက်ဝယ် ပိုင်ဆိုင်ထားသဖြင့် သုံးရက်လျှင် အခွင့်အရေး အသေးစားတစ်ခုနှင့် ငါးရက်လျှင် အခွင့်အရေး အကြီးစားတစ်ခုကို အမြဲ ကြုံတွေ့နေရသည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ အံ့ဩစရာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ယခုအခါ သူသည် ဝိညာဉ်ကူးပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ သွေးစွမ်းအင် ကျင့်ကြံမှုမှာလည်း ရှားပါးသော ရတနာများ၏ ထောက်ပံ့မှုကြောင့် ပြန်လည် နိုးထလာခဲ့ပြီး ရွှေရောင်သရဖူ ဘုရင်အဆင့်ခန့်တွင် ရှိနေသည်။

"ဒီ မိုးပြာပင်လယ် ဖလားက တကယ့်ကို ရတနာပဲ"

ယဲ့ယန် ကျေနပ်စွာ ပြုံးလိုက်သည်။ သူ လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးပေါ်တွင် တောက်ပသော အပြာရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ ၎င်းမှာ 'ပင်လယ်ပြာ မီးတောက်' ဖြစ်သည်။ ထာဝရ မီးတောက်များထဲတွင် အဆင့် (၄၉) ရှိပြီး ပင်လယ်နက်အတွင်း၌သာ ပေါက်ဖွားသည့် ရှားပါးလှသော မီးတောက်တစ်ခု ဖြစ်သည်။ မိုးပြာပင်လယ် ဖလားသာ မပါလျှင် ယဲ့ယန်အနေဖြင့် ၎င်းကို ရှာတွေ့နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ထိန်းချုပ်နိုင်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေးသည်။ သို့သော် ယခုအခါ သူ ဤထာဝရ မီးတောက်ကို အပြည့်အဝ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။

ကမ္ဘာပေါ်တွင် ထာဝရ မီးတောက်များကို ပိုင်ဆိုင်ထားသူမှာ အလွန်နည်းပါးလှပြီး ပိုင်ဆိုင်ထားသူတိုင်းမှာလည်း ဩဇာအာဏာကြီးမားသည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်လာကြသည်။ ယခု ယဲ့ယန် ထိုသူတို့ထဲမှ တစ်ဦး ဖြစ်လာခဲ့ပြီ။

"ရှန်မိုမှာလည်း ထာဝရ မီးတောက် ရှိတယ်လို့ ငါမှတ်မိတယ်… တစ်ခုထက်မကတောင် ရှိနိုင်တယ်"

"သူ အခု ဘယ်မှာလဲ မသိဘူး... နတ်ဘုရားနန်းတော်အဆင့် ရောက်ဖို့ ရုန်းကန်နေတုန်းပဲ ဖြစ်မှာပါ”

ယဲ့ယန် သူ့ဘာသာ ပြုံးလိုက်သည်။

"ဒါပေမဲ့ ငါ့မှာ မိုးပြာပင်လယ် ဖလား ရှိနေတာပဲ… ငါ့အတွက် အခွင့်အရေးတွေက တစ်ခုပြီးတစ်ခု လာနေတာ… ငါ သူ့ကို ကျော်သွားလောက်ပြီ ထင်တယ်"

"အကယ်၍ မကျော်သေးရင်တောင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ဆိုရင် လုံလောက်သွားပါပြီ”

သူ အရှေ့ဘက်သို့ ဆက်လက် ရွက်လွှင့်လာခဲ့သည်။

"ဟင်... ဒါက ဘာလဲ… မိုးပြာပင်လယ် ဖလားပေါ်မှာ ဝဲဂယက်တစ်ခု ပေါ်လာပါလား”

တစ်ခုခု ထူးခြားနေသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။ မိုးပြာပင်လယ် ဖလားသည် ပင်လယ်ပြင်၏ နတ်ဘုရားမြေပုံတစ်ခုကဲ့သို့ အလုပ်လုပ်၏။ သူသည် ၎င်းပေါ်တွင် သင်္ဘောပျက်များ၊ မြှုပ်နှံထားသော ရတနာများ၊ စိတ်ဝိညာဉ်ဆေးပင်များ၊ အစွမ်းထက်သော ပင်လယ်သားရဲများနှင့် ထာဝရ မီးတောက်များ၏ သင်္ကေတ အမျိုးမျိုးကို တွေ့မြင်ခဲ့ဖူးသည်။ သို့သော် ယခုကဲ့သို့ ဝဲဂယက်မျိုးကိုမူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ခဏအကြာတွင် သူ ထိုနေရာသို့ ရောက်ရှိသွားသည်။ ဝဲဂယက်ကို ဝန်းရံထားသော ရေပြင်မှာ ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ငါးလေးတစ်ကောင်ပင် ထိုနားသို့ မကပ်ရဲကြပေ။ ယဲ့ယန် မြေပုံကို စစ်ဆေးကြည့်ရာ မိုင်ပေါင်းသောင်းချီသော ပတ်ဝန်းကျင်တွင် ပင်လယ်သားရဲ တစ်ကောင်မှ မရှိသည်ကို တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ အစွမ်းထက်ဆုံး သတ္တဝါများပင်လျှင် အန္တရာယ်ကို အာရုံခံမိ၍ ဗီဇအရ ဝေးဝေးမှ ရှောင်နေကြခြင်း ဖြစ်သည်။

သို့သော် ယဲ့ယန်မှာမူ စိတ်လှုပ်ရှားနေ၏။ အန္တရာယ်နှင့် အခွင့်အရေးမှာ အမြဲတမ်း ဒွန်တွဲနေလေ့ ရှိသည်။ အန္တရာယ် ကြီးလေ ရတနာက ပိုကြီးလေပင် မဟုတ်ပါလား။ သူ ဝဲဂယက်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ ချက်ချင်းဆိုသလိုပင် ပြင်းထန်သော စုပ်ယူမှုတစ်ခုကို ခံစားလိုက်ရပြီး နီးကပ်သွားလေလေ ပို၍ အားကောင်းလာလေလေ ဖြစ်သည်။ အစပိုင်းတွင် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် တောင့်ခံနိုင်သော်လည်း နောက်ဆုံးတွင်မူ ထိုစွမ်းအားက သူ့ကို လွှမ်းမိုးသွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ဝဲဂယက်၏ အလယ်ဗဟိုသို့ မလွဲမသွေ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။

ထိုစဉ် အတွေးတစ်ခု သူ၏ ခေါင်းထဲသို့ ဝင်လာသည်။

'ပင်လယ်ထဲမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အဆက်အသွယ် အစီအရင်တွေရှိတယ်လို့ ငါကြားဖူးတယ်… ဒီဝဲဂယက်က အဲ့ဒီထဲက တစ်ခုပဲ ဖြစ်ရမယ်… ဒါက ငါ့ကို ဘယ်ဆီ ခေါ်သွားမှာပါလိမ့်...'

ကမ္ဘာကြီးမှာ ပရမ်းပတာ လည်ပတ်နေသကဲ့သို့ ခံစားရသည်။ ပတ်ဝန်းကျင်မှာ အရောင်အမျိုးမျိုးဖြင့် ရှုပ်ထွေးလိမ်ယှက်နေပြီး သူနှင့်အတူ မျောပါလာသော ငါးများနှင့် ပုစွန်များကို မြင်နေရသလို ဧရာမ ပင်လယ်သားရဲကြီးတစ်ကောင်က သူ့ကို မျိုရန် ပါးစပ်ဟလာသည်ကိုလည်း မြင်လိုက်ရသည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ ထိုသားရဲကြီး၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖြတ်သန်းသွားခဲ့သည်။

ဝဲဂယက်အတွင်း၌ သူ မည်မျှ ကြာမြင့်စွာ လွင့်မျောနေခဲ့သည်၊ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိပေ။ လည်ပတ်မှု ရပ်တန့်သွားပြီး အမြင်အာရုံ ကြည်လင်လာသောအခါ မှောင်မည်းနေသော ပင်လယ်ရေထဲတွင် သူ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ယဲ့ယန်တစ်ယောက် စိတ်ကို တည်ငြိမ်အောင် ထားပြီး ရေပေါ်သို့ စတင် ကူးတက်လိုက်သည်။

ဗွမ်း!

သူ ရေပြင်ပေါ်သို့ ရောက်ရှိလာပြီး ကောင်းကင်သို့ ပျံတက်လိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများမှာ အလွန် အံ့အားသင့်၍ ပြူးကျယ်သွားတော့သည်။

သူ၏ နောက်ကွယ်တွင် ကုန်းမြေ ရှိနေသည် မဟုတ်ပါလား။

ကောင်းကင်ယံသို့ မီးခိုးငွေ့များ ဖြည်းဖြည်းချင်း လွင့်တက်နေပြီး လေထုထဲတွင် ချက်ပြုတ်နေသည့် အစားအသောက်နံ့များ သင်းပျံ့နေသည်။

"ကုန်းမြေလား”

ယဲ့ယန် မျက်လုံးများ ပြူးကျယ်သွားပြီး ထိုနေရာသို့ အရှိန်အကုန်တင်၍ ပျံသန်းသွားသည်။ သူ၏ ရုတ်တရက် ပေါ်လာမှုကြောင့် အနီးနားရှိ တံငါသည် အချို့ပင် လန့်ဖျပ်သွားကြ၏။ သူတို့ မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေကြသည်။

"ဟင်.….. အဲ့ဒီလူက ပင်လယ်ထဲကနေ ပျံထွက်လာတာပါလား… ပင်လယ်ကို ဖြတ်ကျော်ပြီး နတ်ဆိုး ပင်လယ်ပြင်ကို ရောက်လာတဲ့သူ တကယ် ရှိတာပဲလား”

ယဲ့ယန် မှင်တက်သွားသည်။

နတ်ဆိုး ပင်လယ်ပြင်လား။

သူ နတ်ဆိုး ပင်လယ်ပြင်ကို ရောက်လာတာလား။

သူ အလွန် ဝမ်းသာသွားပြီး မြေပြင်ပေါ်သို့ အမြန် ဆင်းသက်လိုက်သည်။ မှင်တက်နေသော တံငါသည်များကို ကြည့်ကာ

"ဒါက ဘယ်နေရာလဲဆိုတာ သိကြလား"

သူ ခပ်အေးအေးပင် မေးလိုက်၏။

သူတို့ တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်လိုက်ကြပြီးမှ

"ငှက်နီ နဝမမြို့ပါ"

ယဲ့ယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး

"တခြား ကျင့်ကြံသူတွေကော ဘယ်မှာလဲ"

တံငါသည် တစ်ဦးမှာ မိုးကုတ်စက်ဝိုင်းတွင် မြင့်မားစွာ တည်ရှိနေသော ခံတပ်ကြီးတစ်ခုကို ညွှန်ပြ၍

"သူတို့အားလုံး ငှက်နီခံတပ်မှာ ရှိကြတယ်"

ယဲ့ယန်၏ မျက်လုံးများ တောက်ပသွားပြီး မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ထိုဘက်သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားတော့သည်။

All Chapters