အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
Chapter 445: ဒီနေရာမှာ ငါသာ ပါရမီရှင်ပဲ
ငှက်နီခံတပ်။
မြင့်မားထည်ဝါလှသော ခံတပ်ကြီး၏အောက်တွင် ရပ်နေရင်း ယဲ့ယန်တစ်ယောက် ဤခံတပ်၏ ခန့်ညားထည်ဝါမှုကို အမှန်တကယ် ခံစားလိုက်ရသည်။ ယခုအခါ သူသည် မိမိကိုယ်တွင်းရှိ နတ်ဆိုးမျိုးနွယ်ဝင် လက္ခဏာရပ်အားလုံးကို လုံးဝ ထိန်းချုပ်သိမ်းဆည်းထားပြီ ဖြစ်၏။ သို့သော် လိုအပ်လာပါက ပိုမိုကြီးမားသော စွမ်းအားများကို ထုတ်ဖော်နိုင်ရန်အတွက် ၎င်းတို့ကို ပြန်လည် ထုတ်လွှတ်နိုင်စွမ်းရှိသည်။
"နတ်ဆိုး ပင်လယ်ပြင်ဆိုတာ နတ်ဆိုးမျိုးနွယ်တွေကို ခုခံဖို့ လူမျိုးသုံးမျိုး ပူးပေါင်းကာကွယ်နေတဲ့ နေရာလို့ ငါကြားဖူးတယ်"
"ဒါဆိုရင် ဒီငှက်နီခံတပ်ဟာလည်း အဲ့ဒီကာကွယ်ရေးခံတပ်တွေထဲက တစ်ခု ဖြစ်ရမယ် မဟုတ်လား"
ဤသို့တွေးရင်း ယဲ့ယန်မှာ ခံတပ်အောက်ရှိ စစ်စခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
သို့သော် သူ စခန်းထဲသို့ပင် မဝင်ရသေးမီ အတားခံလိုက်ရ၏။ ဘယ်ဘက်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတစ်ဦးက မျက်မှောင်ကြုတ်ကာ
"ဘယ်သူလဲ"
ယဲ့ယန် တည်ငြိမ်စွာပင်
"ငါ အရှေ့ဘက်ပင်လယ်က လာတာပါ"
ညာဘက်မှ အစောင့်တပ်သားမှာ မှင်တက်သွားပြီး
"အရှေ့ဘက်ပင်လယ်..."
သူ့မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"သူ့ကို စောင့်ကြည့်ထားလိုက်… ငါ တပ်မှူးကို သွားခေါ်မယ်”
ခဏအကြာတွင် တောင်တန်းကြီးတစ်ခုပမာ ထွားကျိုင်းလှသော အမျိုးသားတစ်ဦးသည် တောက်ပသော မျက်လုံးများဖြင့် ယဲ့ယန်ကို စိုက်ကြည့်ရင်း ထွက်လာသည်။
"မင်း အရှေ့ဘက်ပင်လယ်က လာတာလို့ ပြောတာလား"
ယဲ့ယန်သည် ထိုသူ၏ စူးရှသော အကြည့်အောက်တွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ပင်လယ်ကို တစ်ကိုယ်တည်း ဖြတ်ကျော်ပြီး နတ်ဆိုးနှိမ်နင်းရေး ခံတပ်ကို ရောက်လာတဲ့သူ တစ်ယောက်မှ မရှိသေးဘူး"
"လူငယ်လေး... မင်း တကယ် ချီးကျူးစရာပဲ"
သန်မာထွားကျိုင်းလှသော တပ်မှူးကြီးသည် ယဲ့ယန်ကို သဘောကျသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ငါတို့ ငှက်နီခံတပ်မှာ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားအဖြစ် ဝင်ရောက်ပြီး နတ်ဆိုးမျိုးနွယ်တွေကို တိုက်ခိုက်ဖို့ မင်း ဆန္ဒရှိလား"
ယဲ့ယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ သူသည် နတ်ဆိုးမျိုးနွယ်များနှင့် တစ်ခါမျှ မတွေ့ဖူးသလို သူတို့အပေါ်တွင်လည်း မည်သည့် ရန်ငြိုးရန်စမှ မရှိပေ။ အကြောင်းပြချက်မရှိဘဲ သူတို့နှင့် သွားရောက်တိုက်ခိုက်ပြီး အသက်စွန့်ရမည့် အလုပ်ကို သူ စိတ်မပါပေ။
သို့သော်လည်း ရှေ့တွင်ရှိနေသော အမျိုးသား၏ အရှိန်အဝါမှာ ငြင်းဆန်၍မရလောက်အောင် အင်အားကြီးမားလှသည်။ အကယ်၍ သူသာ ငြင်းလိုက်ပါက အခြေအနေ ကောင်းလိမ့်မည်မဟုတ်ပေ။ ယဲ့ယန်မှာ မာနကြီးသူ ဖြစ်သော်လည်း အခြေအနေကို နားလည်သူဖြစ်သည်။
"ကျွန်တော် သဘောတူပါတယ်"
သူ ချက်ချင်းပင် ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်ဘက်က အကျိုးခံစားခွင့် တချို့ကိုလည်း ရချင်ပါတယ်"
တပ်မှူးကြီးမှာ အားရပါးရ ရယ်မောလိုက်သည်။
"ဒါကတော့ အေးဆေးပဲ… ပင်လယ်ကို တစ်ကိုယ်တည်း ဖြတ်ကျော်ပြီး ငှက်နီခံတပ်ကို ရောက်လာနိုင်တယ်ဆိုကတည်းက မင်းမှာ ကြီးမားတဲ့ ခွန်အားရှိတာ သိသာပါတယ်"
"ငါတို့ ငှက်နီခံတပ်မှာ အလိုအပ်ဆုံးက... ပါရမီရှင်တွေပဲ”
ထို့နောက် သူ သက်ပြင်းချရင်း
"ကောင်းလိုက်တာ… ရွှေ့ဝူခံတပ်မှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ရှိနေပြီးပြီ… အခု ငှက်နီခံတပ်မှာလည်း တစ်ယောက် ပေါ်လာပြီပေါ့"
"လူမျိုးသုံးမျိုးထဲမှာ ငါတို့ လူသားမျိုးနွယ်တွေကပဲ အစွမ်းထက်ဆုံး ဖြစ်လာတော့မှာပဲ”
ယဲ့ယန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ပါရမီရှင် ဟုတ်လား။
သူသည် လောကရှိ ပါရမီရှင်ဟု ဆိုသူများကို အထင်အမြင်သေးလှသည်။ ရှန်မို တစ်ဦးတည်းသာလျှင် သူ၏ အသိအမှတ်ပြုမှုကို ရထိုက်သူ ဖြစ်သည်။ ယခုအချိန်တွင် ရှန်မိုသည် နတ်ဘုရားနန်းတော်အဆင့်သို့ ရောက်ရန် ရုန်းကန်နေရဆဲ ဖြစ်ပေလိမ့်မည်။ ဤကျယ်ပြောလှသော နတ်ဆိုး ပင်လယ်ပြင်ကြီးထဲတွင် သူ ယဲ့ယန်သည်သာလျှင် တစ်ဦးတည်းသော အနှိုင်းမဲ့ ပါရမီရှင် ဖြစ်လာပေလိမ့်မည်။
...
ရွှေ့ဝူခံတပ်၊ လက်နက်တိုက်။
ရှန်မိုသည် သူ၏ ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအင်များ ဒရဟော ထွက်ပေါ်လာပြီး ရှေ့တွင်ရှိသော ခရမ်းနက်ရောင် သံချပ်ကာအင်္ကျီအတွင်းသို့ စီးဝင်ပေါင်းစည်းနေ၏။
ဤသံချပ်ကာအင်္ကျီမှာ 'နတ်ဆိုးသံချပ်ကာ'ပင် ဖြစ်သည်။ ၎င်း၏ ကျန်ရှိသော အစိတ်အပိုင်းများကို အဆင့်မြင့် ဂိုဒေါင်အတွင်း သိမ်းဆည်းထားခြင်းဖြစ်ပြီး မူလက လင်းတုန်ထျန်းအတွက် ကံတရားက ဖန်တီးပေးထားသော အခွင့်အရေး ဖြစ်သည်။ သို့သော် ရှန်မိုသည် လင်းတုန်ထျန်း၏ စရိုက်ကို သူ့ကံကြမ္မာစနစ်မှတစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ဤကဲ့သို့သော ရတနာမျိုးကို လင်းတုန်ထျန်း၏ လက်ထဲတွင်သာ ထားလိုက်ပါက လူအများအတွက် ဘေးအန္တရာယ် ဖြစ်စေပေလိမ့်မည်။
ထို့ကြောင့် ရှန်မို ၎င်းကို စောစီးစွာ ယူလိုက်ခြင်း ဖြစ်သည်။ သူ ထိုအချိန်မှစ၍ အစိတ်အပိုင်းများကို တစ်ခုချင်းစီ ပြန်လည် ပေါင်းစည်းကာ သန့်စင်နေခဲ့ခြင်းပင်။ အဆုံးတွင်တော့ ဤသံချပ်ကာမှာ အစိတ်စိတ်အမြွှာမြွှာ ပြန့်ကြဲနေခဲ့ခြင်း ဖြစ်ရာ ၎င်း၏ မူလအခြေအနေသို့ ပြန်ရောက်ရန် အချိန်အတော်ကြာ ပြုစုပျိုးထောင်ပေးရန် လိုအပ်ခဲ့သည်။
ညတိုင်း ရှန်မို သူ၏ သွေးစွမ်းအင်ကို အသုံးပြု၍ သံချပ်ကာကို အာဟာရ ကျွေးလေ့ရှိသည်။ ဤအရှိန်ဖြင့် သံချပ်ကာ၏ အစိတ်အပိုင်းများမှာ တဖြည်းဖြည်းချင်း ပေါင်းစပ်လာခဲ့သည်။
ရုတ်တရက် သံချပ်ကာမှ ခရမ်းနက်ရောင် မြူခိုးလွှာများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော နတ်ဆိုးနတ်ဘုရားများနှင့် မိစ္ဆာဝိညာဉ်များ၏ အော်ဟစ်ငိုကြွေးသံများ အတွင်းမှ ထွက်ပေါ်လာသကဲ့သို့ ခံစားရ၏။ ၎င်းမှာ သာမန်လူတစ်ယောက်၏ စိတ်အာရုံကို ပျက်ပြားစေရန် လုံလောက်လှသည်။
သို့သော်လည်း ထိုအသံများမှာ ရှန်မို၏ အခန်းအပြင်ဘက်သို့ လုံးဝ ထွက်မသွားပေ။ ယခင်က သူ၏ အဆင့်ဆင့်သော တိုးတက်မှုများကြောင့် အကာအကွယ်ဟောင်း ပျက်စီးသွားပြီးနောက် ရှန်မို စစ်မှုထမ်း ဂုဏ်ထူးမှတ် အများအပြားကို အသုံးပြုကာ ပိုမိုအစွမ်းထက်သော အစီအရင်သစ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ယခုအခါ ကျန်းလုံရှန်းကဲ့သို့သော နတ်ဘုရားပုံရိပ်အဆင့် ကျွမ်းကျင်သူကိုယ်တိုင် ကိုယ်ထိလက်ရောက် နှောင့်ယှက်ခြင်း မရှိပါက မည်သည့်အရာကမျှ ဤအကာအကွယ်ကို မဖျက်ဆီးနိုင်ပေ။ ထို့ကြောင့် သံချပ်ကာမှ ထွက်ပေါ်လာသော ခရမ်းနက်ရောင် အရှိန်အဝါများမှာလည်း အပြင်သို့ ယိုစိမ့်သွားခြင်း မရှိပေ။
ရှန်မို၏ စိတ်ထဲတွင် ရုတ်တရက် အသိဉာဏ်တစ်ခု လက်ခနဲ ပေါ်လာသည်။ သံချပ်ကာ၏ အမည်နှင့် မူလအစကို သူ ချက်ချင်း သိရှိသွားတော့၏။
“ဒါက... ထိုက်ရိ နတ်ဆိုးသံချပ်ကာလို့ ခေါ်တာပဲ"
"ကောင်းကင်အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုပေါ့"
"ဒါဟာ တစ်ချိန်က ကျင်းတိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ ရှေးဦးလူသားဧကရာဇ် ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူ တိုက်ပွဲဝင်တဲ့အခါတိုင်း ဝတ်ဆင်ခဲ့တာပဲ… အဲ့ဒီထဲမှာ ဝိညာဉ်တစ်ခုတောင် ကိန်းအောင်းနေခဲ့ဖူးတယ်"
"ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်နဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတစ်ခုမှာ နတ်ဆိုးသွေးတွေ အမြောက်အမြား စွန်းထင်း ကူးစက်သွားခဲ့ပြီး မူလဝိညာဉ်က သေဆုံးသွားခဲ့တယ်… အဲ့ဒီနောက်မှာတော့ ထိုက်ရိ နတ်ဆိုးသံချပ်ကာထဲမှာ ဝိညာဉ်အသစ်တစ်ခု မွေးဖွားလာခဲ့ပြီး အဲ့ဒီဝိညာဉ်က တဖြည်းဖြည်းနဲ့ ထိန်းချုပ်လို့မရအောင် ဖြစ်လာခဲ့တယ်"
"လူသားဧကရာဇ်က အဲ့ဒီဝိညာဉ်ကို နှိမ်နင်းပေးဖို့အတွက် လင်ပေါင်ကျိဖာဂိုဏ်းကို ပေးအပ်ခဲ့ဖူးတယ်… ဒါပေမဲ့ မကြာခင်မှာပဲ လင်ပေါင်ကျိဖာဂိုဏ်းဟာ နတ်ဆိုးမျိုးနွယ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံရပြီး ဂိုဏ်းလည်း ပျက်စီးသွားသလို အမွေအနှစ်တွေလည်း ပြတ်တောက်သွားခဲ့တယ်"
"အဲ့ဒီတိုက်ပွဲအတွင်းမှာပဲ ထိုက်ရိ နတ်ဆိုးသံချပ်ကာဟာလည်း အစိတ်စိတ်အမြွှာမြွှာ ပြန့်ကျဲသွားခဲ့တာပဲ"
ရှန်မို သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ဤသံချပ်ကာ၌ ဤမျှအထိ သမိုင်းကြောင်းရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
၎င်း၏ ပိုင်ရှင်ဟောင်းမှာ... လူသားဧကရာဇ်ကိုယ်တိုင် ဖြစ်နေသည် မဟုတ်ပါလား။
ထိုဘွဲ့အမည်မှာ ကျင့်တိုင်းပြည်၏ ပထမဆုံးသော ဧကရာဇ်ကိုသာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
"ဝိညာဉ်ကရော… အချိန်ကြာလာတာနဲ့အမျှ သေဆုံးသွားပြီလား"
ရှန်မိုမှာ ထိုက်ရိ နတ်ဆိုးသံချပ်ကာကို ကိုင်ရန် လက်လှမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အတွင်းမှ နတ်ဆိုးစွမ်းအင်များ မဆက်မပြတ် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းကာ ပြုံးဖြီးနေသည့် ဦးခေါင်းခွံပုံသဏ္ဌာန်အဖြစ် ပေါင်းစည်းသွားသည်။ ထိုဦးခေါင်းခွံသည် ပါးစပ်ကို အကျယ်ကြီးဟကာ ရှန်မို၏ လက်ဖဝါးကို ကိုက်ရန် အရှိန်ဖြင့် ပြေးဝင်လာလေသည်။
တစ်ချိန်တည်းမှာပင် လှောင်ပြောင်သရော်သော ရယ်သံတစ်ခု ပဲ့တင်ထပ်လာ၏။
"ဟားဟားဟား… ငတုံးလေး”
"ငါ သေသွားပြီလို့ မင်း တကယ် ထင်နေတာလား”
"မင်း ငါ့ကို လာကိုင်မယ့်အချိန်ကို ငါ စောင့်နေတာကွ”
"မင်းကလည်း ငါ့ရဲ့ အရင်သခင်လိုပဲ… သေသင့်တဲ့ လူသားအမှိုက်ပဲ”
ချွမ်!
မေးရိုးများက ရှန်မို၏ လက်ကို ကိုက်ချလိုက်သည်။ သံချင်းရိုက်သံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာ၏။
ရှန်မိုမှာ လုံးဝ ဒဏ်ရာမရရှိပေ။
သို့သော် ဦးခေါင်းခွံ၏ သွားများမှာမူ ကွဲအက်ကြေမွသွားပြီး အပိုင်းအစများအဖြစ် မြေပြင်ပေါ်သို့ ကြွေကျကာ နတ်ဆိုးမြူခိုးများအဖြစ် ပျော်ဝင်သွားတော့သည်။
ဦးခေါင်းခွံသည် ရှန်မိုကို မယုံကြည်နိုင်စရာ သတ္တဝါကြီးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ငေးကြည့်နေသည်။ ရှန်မိုကမူ မည်သည့် အမူအရာမှ မပြပေ။ ဤသည်မှာ သူ ကြုံတွေ့ရသည့် ဒုတိယမြောက် ဝိညာဉ် ဖြစ်သည်။
'ကောင်းကင်ဖြို' ဓား၏ ဝိညာဉ်ဖြစ်သော ကျီလင်းသည် ပထမဆုံး စကားပြောပြီးကတည်းက ထပ်မံ စကားမပြောတော့ဘဲ လက်နက်၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းနေကာ နေ့စဉ် သွေးစွမ်းအင် အမျှင်တစ်ရာကို သွေးအဆီအနှစ်အဖြစ် ပြောင်းလဲပေးရန်သာ ကူညီပေးနေသည်။ သူသည် လိမ်လိမ်မာမာ ရှိနေသရွေ့ ရှန်မိုကလည်း သူ့ကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပေ။ သို့သော် ဤထိုက်ရိ နတ်ဆိုးသံချပ်ကာ၏ ဝိညာဉ်ကမူ အမှန်ပင် ခေါင်းမာပြီး ပုန်ကန်လိုစိတ် ပြည့်နှက်နေသည်။
ပေါ်လာလာချင်းမှာပင် သူ့ကို ကိုက်ရန် ကြိုးစားသည့်အပြင် သူနှင့် သူ၏ သခင်ဟောင်းမှာ သေသင့်သူများဖြစ်ကြောင်း ပြောဝံ့နေသည်။ ဤဝိညာဉ်များသည် တစ်နေ့ထက်တစ်နေ့ ပို၍ ရဲတင်းလာကြ၏။
အကယ်၍ ယခုမှ မဆုံးမထားလျှင် မည်သည့်အချိန်မှ ဆုံးမရတော့မည်နည်း။
"မင်း... မင်းက နတ်ဆိုးစွမ်းအင်တွေကို မကြောက်ဘူးလား"
ဦးခေါင်းခွံမှာ ဝေခွဲမရစွာ မေးလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ ထပ်မံ ပြုံးရယ်၍
“ဒါဆိုရင် ငါက သံချပ်ကာကို ထိန်းချုပ်ပြီး မင်းကို အဲ့ဒီထဲမှာပဲ ပိတ်လှောင်ထားလိုက်မယ်”
နောက်တစ်စက္ကန့်တွင် ထိုက်ရိ နတ်ဆိုးသံချပ်ကာသည် လေထဲသို့ ပျံတက်သွားပြီး ရှန်မို့ထံသို့ ဆင်းသက်လာသည်။ ၎င်းမှာ လူသတ်စက်တစ်ခုပမာ ရှန်မို၏ ခြေလက်များကို ချည်နှောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရှန်မို ခေါင်းခါလိုက်ပြီး
"မင်းက သိပ်တော့ မဆိုးပါဘူး… သတ်ပစ်လိုက်ရင် နှမြောစရာပဲ"
"မင်းကို ငါ အခွင့်အရေး တစ်ကြိမ်ပေးမယ်… ထိုက်ရိ နတ်ဆိုးသံချပ်ကာထဲကို ပြန်ဝင်ပြီး လိမ်လိမ်မာမာ နေစမ်း”
ဦးခေါင်းခွံသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံူ ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အားရပါးရ ရယ်မောတော့သည်။
"မင်းက ငါ့ကို ထိုက်ရိ နတ်ဆိုးသံချပ်ကာထဲ ပြန်ဝင်ခိုင်းတယ် ဟုတ်လား"
"ငါ့ကို လိမ်လိမ်မာမာ နေခိုင်းတယ် ဟုတ်လား”
"ရယ်စရာပဲ… တကယ့်ကို ရယ်စရာကောင်းလှချည်လား”
"ငါ့ရဲ့ အရင်သခင်တောင် ငါ့ကို မယဉ်ပါးအောင် မလုပ်နိုင်ခဲ့ဘူး… လင်ပေါင်ကျိဖာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ သူ့ရဲ့ သက်တမ်း ငါးရာကို သုံးပြီး ကြိုးစားတာတောင် ငါ့ကို အညံမခံခိုင်းနိုင်ခဲ့ဘူး”
“ဒါကို မင်းလို ကြက်ကလေး တစ်ကောင်ထက်တောင် အားနည်းတဲ့ သာမန် ကျင့်ကြံသူလေးက ငါ့ကို ဘာလို့ အမိန့်ပေးနိုင်မယ် ထင်နေတာလဲ”
ဦးခေါင်းခွံသည် တစ်စက္ကန့်ထက် တစ်စက္ကန့် ပို၍ ကြီးမားလာကာ ရူးသွပ်စွာ ရယ်မောနေသည်။
ရှန်မို ခေါင်းခါလိုက်ပြန်ပြီး လက်ညှိုးတစ်ချောင်း ထောင်လိုက်၏။
“ထိပ်တန်း နတ်ဆိုးအရှင်သခင် အဆင့်ရှိတဲ့ နတ်ဆိုးနှလုံးသား တစ်ခု"
သူ၏ ဝမ်းဗိုက်ကို ငုံ့ကြည့်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိပေ။
ရှန်မိုမှ
"လောဘကြီးတဲ့ အကောင်လေး... ထားလိုက်ပါတော့… ထိပ်တန်း နတ်ဆိုးအရှင်သခင် အဆင့်ရှိတဲ့ နတ်ဆိုးနှလုံးသား နှစ်ခုပဲ… ဒါထက် ပိုမပေးနိုင်ဘူး"
ဝုစ်!
ဖျော့တော့သော မီးတောက်တစ်ခုသည် သူ၏ လက်ဖဝါးမှ ရုတ်တရက် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမီးတောက်မှာ ထိုက်ရိ နတ်ဆိုးသံချပ်ကာကို ဝါးမြိုသွားတော့သည်။
လေထဲရှိ ဦးခေါင်းခွံမှာ မှင်တက်သွား၏။ သူ၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။
"အဖေကြီး... အဘိုး... အခုမှ သခင်လို့ စခေါ်ရင် နောက်ကျနေသေးလားခင်ဗျာ”
သူ့ မျက်လုံးများကို လိမ်လိမ်မာမာဖြင့် အောက်သို့ နှိမ့်ချလိုက်တော့သည်။
Chapter 446: အဘိုးပြောတာ နားထောင်ပါ့မယ်
ရှန်မိုမှာ အစောပိုင်းက မာနထောင်လွှားခဲ့သော်လည်း ယခုမှ ဖားယားချော့မော့နေသော ဦးခေါင်းခွံကို ကြည့်ကာ သဘောကျဟန်ဖြင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ထိုဝိညာဉ်၏ သဘောထား ရုတ်ခြည်း ပြောင်းလဲသွားရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ရှန်မိုမှ ကိုးဘုံငရဲရေခဲမီးတောက်ကို ထုတ်ပြလိုက်သောကြောင့်ပင်။
ကိုးဘုံငရဲရေခဲမီးတောက်သည် နတ်ဆိုးများကို နှိမ်နင်းရာတွင် အလွန်ပင် ထိရောက်လှ၏။ ဤဝိညာဉ်သည်လည်း ထိုက်ရိ နတ်ဆိုးသံချပ်ကာအတွင်းရှိ နတ်ဆိုးစွမ်းအင်များမှ ဖြစ်တည်လာခြင်းဖြစ်ရာ နတ်ဆိုးမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူသည် ကိုးဘုံငရဲရေခဲမီးတောက်၏ အရှိန်အဝါအောက်တွင် ဗီဇအရ အညံ့ခံသွားရခြင်း ဖြစ်သည်။
ရှန်မို လက်ကို ဝေ့ယမ်းလိုက်ပြီး
"မင်းရဲ့ ပုံစံကို ပြောင်းလိုက်စမ်း… ဒီဦးခေါင်းခွံပုံစံကြီးက ကြည့်ရတာ အရမ်း ရုပ်ဆိုးတယ်"
ဝိညာဉ်မှာ ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြရင်း ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် အဖိုးအိုတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။
ရှန်မိုမှ ခေါင်းခါပြသည်။
"အရမ်းကြီး အိုလွန်းတယ်"
ဝိညာဉ်မှာ ခဏမျှ စဉ်းစားပြီး ပုံစံထပ်ပြောင်းပြန်သည်။ ယခုတစ်ခါတွင်မူ ကြွက်သားအမြောင်းမြောင်းနှင့် ခန့်ညားထွားကျိုင်းသော လူသန်ကြီးတစ်ဦးအဖြစ် ပြောင်းလိုက်၏။
"ဒါကျတော့လည်း ကြည့်ရတာ အရမ်း ကြောက်စရာကောင်းတယ်"
ရှန်မို ထပ်မံ ငြင်းဆန်သည်။
ဝိညာဉ်သည် မျက်နှာငယ်လေးဖြင့် ထပ်မံ ပုံစံပြောင်းလိုက်ရာ ယခုတစ်ခါတွင်မူ ရှန်မိုကို ဆွဲဆောင်မှုရှိသော အကြည့်များဖြင့် ကြည့်နေသည့် ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွား၏။ သူမ၏ မျက်နှာသွင်ပြင်မှာ ချောမောသော်လည်း... အစီအစဉ်တကျ မရှိလှပေ။ မျက်လုံးများမှာ စွေနေပြီး ပါးစပ်ကလည်း ရွဲ့နေသည်။ "ရုပ်ပျက်ဆင်းပျက်" ဟု ပြောလျှင်ပင် အားနာစရာ ဖြစ်နေသည်။
ရှန်မို ရယ်မောလိုက်ပြီး
"မင်းက လူသားအမျိုးသမီးတွေကို သေသေချာချာ မမြင်ဖူးတာ သိသာတယ်… ထားလိုက်တော့"
ဝိညာဉ်သည် အလွန်ပင် မတရားခံရသကဲ့သို့ ခံစားချက်ဖြင့် နောက်ဆုံးတွင် ဆံပင်ကို မြင့်မြင့်စည်းထားသော ကလေးငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲလိုက်ပြီး
"ဒီလိုဆိုရင်ရော ဘယ်လိုလဲခင်ဗျာ"
ရှန်မိုမှ
“တော်သေးတာပေါ့… ကဲ... မင်းနာမည် ဘယ်လိုခေါ်လဲ… ထိုက်ရိ လား"
ကလေးငယ်မှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်
"အဘိုးကို တင်ပြရရင်... ကျွန်တော့်မှာ နာမည်မရှိပါဘူး… သေသွားတဲ့ အရင်ဝိညာဉ်ရဲ့ နာမည်ကမှ ထိုက်ရိ ပါ"
“နာမည် ဟုတ်လား… ဒါကတော့ ငါ့ရဲ့ အထူးကျွမ်းကျင်တဲ့ အလုပ်ပဲ"
"အရင်တစ်ယောက်က ထိုက်ရိ ဆိုတော့... မင်းကိုတော့ 'ထိုက်အာ' လို့ ခေါ်ရမယ်"
ကလေးငယ်မှာ ဝမ်းသာအားရဖြင့်
"နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘိုး”
ရှန်မိုမဝ ဆက်၍
"ထိုက်အာ... မင်းမှာ ဘာစွမ်းရည်တွေ ရှိလဲ… မင်းကိုယ်မင်း မိတ်ဆက်စမ်း"
ထိုက်အာမှ လေးနက်စွာဖြင့် ကိုယ်ကို မတ်လိုက်ပြီး
"အဘိုးကို တင်ပြရရင်... ကျွန်တော့်မှာ စွမ်းရည်တွေ အများကြီး ရှိပါတယ်”
သို့သော် သူ စွမ်းရည်များကို ပြသတော့မည့်ဆဲဆဲတွင် တွန့်ဆုတ်သွားပြီး
"အဘိုး... ဟိုဘက်က မီးတောက်အဘိုးကြီးကို နည်းနည်းလောက် ဖယ်ပေးလို့ ရမလား… ကျွန်တော် ကြောက်လို့ပါ..."
သူ တုန်တုန်ရင်ရင် ပြောရှာသည်။
ရှန်မို ရယ်မောလိုက်ပြီး လက်ကို ဝေ့ယမ်းကာ ကိုးဘုံငရဲရေခဲမီးတောက်ကို သူ၏ နတ်ဘုရားနန်းတော်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
ထိုအခါမှသာ ထိုက်အာ သက်ပြင်းချနိုင်တော့သည်။ သူ တစ်ခုခုကို လုပ်ဆောင်လိုက်ရာ သံချပ်ကာမှ ပြင်းထန်သော သွေးစွမ်းအင် ကာကွယ်ရေး အလွှာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုက်အာမှ ပြုံးဖြီးဖြီးဖြင့်
"ဒါက သွေးအစစ် ကာကွယ်ရေးအလွှာပါ"
"ထိုက်ရိ နတ်ဆိုးသံချပ်ကာက အဘိုးဆီက ပိုလျှံနေတဲ့ သွေးစွမ်းအင်တွေကို စုပ်ယူပြီး အတွင်းထဲမှာ သိမ်းဆည်းထားလေ့ရှိတယ်"
"အဘိုး အန္တရာယ်ရှိတဲ့အခါကျရင် ရန်သူ့တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ ဒီသွေးစစ် ကာကွယ်ရေးအလွှာက အလိုအလျောက် ပေါ်လာလိမ့်မယ်"
သူ ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူစွာဖြင့်
"စိတ်ချပါ အဘိုး ဒီကာကွယ်ရေးအလွှာဟာ သာမန် နတ်ဆိုးဧကရာဇ် တစ်ပါးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကိုတောင် ခုခံနိုင်စွမ်း ရှိပါတယ်”
ရှန်မို၏ အပြုံးမှာ ပိုမို နက်ရှိုင်းသွားပြီး
"ဒီသွေးစစ် ကာကွယ်ရေးအလွှာက... မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်မှာလား… ဒါမှမဟုတ် ငါ့ဆန္ဒအတိုင်းလား"
"အကယ်၍ ငါက အသက်အန္တရာယ်နဲ့ ကြုံနေရရင်တောင် ဒါက အလုပ်လုပ်မှာလား"
ထိုက်အာ၏ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားပြီး
"ဒါပေါ့... အဘိုးရဲ့ ဆန္ဒအတိုင်းပါပဲ"
သူ အနေခက်စွာ ပြောရှာသည်။
"စိတ်မပူပါနဲ့ အဘိုးရယ်… အဘိုးနဲ့ ကျွန်တော်က တစ်သားတည်း ဖြစ်နေတာပဲ… ကျွန်တော်က ဘာလို့ အမိန့်မနာခံဘဲ နေမှာလဲ"
ရှန်မိုကမူ ခပ်ဖျော့ဖျော့သာ ပြုံးနေဆဲပင်။ ထိုက်အာမှာ ကိုးဘုံငရဲရေခဲမီးတောက်ကြောင့် အညံခံနေရသော်လည်း သူ၏ ဗီဇမှာ ပုန်ကန်လိုစိတ် ရှိနေမှန်း သိသာလှသည်။ ထို့ကြောင့် ရှန်မိုအနေဖြင့် သူ၏ အသက်ကို ထိုက်အာ၏ လက်ထဲသို့ လုံးလုံးလျားလျား အပ်နှံထားမည် မဟုတ်ပေ။
ရှန်မို သေချာကြည့်၍
"ဒါက စွမ်းရည်တစ်ခုပဲ ရှိသေးတာလား… သွေးစစ် ကာကွယ်ရေးအလွှာ တစ်ခုတည်းဆိုရင်တော့ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုအတွက် အရမ်းကို နည်းလွန်းနေပြီ"
ထိုက်အာမှ
"နောက်ထပ်လည်း ရှိပါသေးတယ်”
သူ အမြန်ပြောလိုက်သည်။ ထို့နောက် သူ၏ လက်ဖဝါးလေးကို ဖြန့်ကာ
"အဘိုး... သန်မာတဲ့ သတ္တဝါတွေရဲ့ သွေးများ ရှိလား… လူသား၊ နတ်ဘုရားသားရဲ၊ နဂါးမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်ရဲ့ သွေးဆိုရင်လည်း ရပါတယ်"
ရှန်မို ခဏမျှ စဉ်းစားပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ နတ်ဘုရားသားရဲသွေး တစ်စက်ကို ထုတ်ပေးလိုက်သည်။ နတ်ဆိုး ပင်လယ်ပြင်တွင် ပင်လယ်သားရဲများစွာ ရှိကြသည်။ ထိုအထဲမှ အများစုမှာ နတ်ဆိုးစွမ်းအင် ကူးစက်ခံရကာ 'နတ်ဆိုးပင်လယ်သားရဲ' များ ဖြစ်လာကြသည်။ သို့သော် ၎င်းတို့ကို သတ်ဖြတ်ပြီး သန့်စင်လိုက်လျှင် သွေးကို အသုံးပြု၍ ရနိုင်၏။ အမှန်တကယ်တွင် ထိုသွေးများသည် အလွန် အစွမ်းထက်ပြီး သွေးအဆီအနှစ် ဆေးလုံးများ ဖော်စပ်ရာတွင် အဓိက ပါဝင်ပစ္စည်းလည်း ဖြစ်သည်။
ရှန်မို၌ အရေးပေါ်အခြေအနေအတွက် ထိုသွေးအချို့ ရှိနေသည်။ ဤသွေးစက်မှာ အဆင့် ၇ ရှိသော နတ်ဘုရားသားရဲ 'သွေးဆာငါးမန်း'ထံမှ ရရှိထားခြင်း ဖြစ်သည်။ ထိုက်အာက ထိုသွေးစက်ကို ဖမ်းယူလိုက်ပြီး နတ်ဆိုးစွမ်းအင်များဖြင့် ဝန်းရံကာ သံချပ်ကာအတွင်းသို့ ထည့်သွင်းလိုက်သည်။
ဝုစ်!
ခရမ်းနက်ရောင် နတ်ဆိုးသံချပ်ကာသည် ချက်ချင်း ပုံစံပြောင်းလဲသွားပြီး ပင်လယ်ပြာရောင်အဖြစ် ပြောင်းသွားတော့သည်။ ၎င်းမှာ ငါးမန်းရေခွံဖြင့် ပြုလုပ်ထားသည့်အလား ထင်မှတ်ရ၏။ ဤသံချပ်ကာကို ဝတ်ဆင်ထားပါက ပင်လယ်ပြင်အတွင်း၌ ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ ကူးခတ်နိုင်မည် ဖြစ်သည်။
"ဒါပဲလား”
ရှန်မို ခေါင်းခါလိုက်သည်။ ဤသည်မှာ နတ်ဆိုးသံချပ်ကာဟောင်းနှင့် သိပ်ထူးမခြားနားလှပေ။
ထိုက်အာမှ
"မဟုတ်ဘူး… မဟုတ်ဘူး အဘိုး…. အလောမကြီးပါနဲ့ဦး”
သူ လက်တစ်ဖက်ကို မြှောက်လိုက်ရာ နတ်ဆိုးသံချပ်ကာမှ ထူးဆန်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ပေရာကျော် ရှည်လျားသော ဧရာမ နတ်ဆိုးသွေးဆာငါးမန်းကြီးအဖြစ် ပေါင်းစည်းသွားတော့၏။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းပြီး အရာအားလုံးကို ဝါးမြိုတော့မည့်အလား ရှိသည်။
အမှန်တကယ်ပင် သွေးဆာငါးမန်း ဖြစ်လေသည်။ ရှန်မိုသည် ထိုနတ်ဆိုးသတ္တဝါထံမှ ခြိမ်းခြောက်မှု အရှိန်အဝါတစ်ခုကို ချက်ချင်း ခံစားလိုက်ရ၏။ ပို၍ အံ့ဩစရာကောင်းသည်မှာ ၎င်းသည် သွေးဆာငါးမန်း၏ မွေးရာပါ စွမ်းရည်ကိုပင် အသုံးပြုနေသည်ကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ထိုက်အာမှ ဖားသည့်အသံဖြင့်
"အဘိုး... သွေးစစ် ကာကွယ်ရေးအလွှာက မူလစွမ်းရည်ပါ… ဒါပေမဲ့ အခုမြင်နေရတဲ့ စွမ်းရည်ကတော့ နတ်ဆိုးစွမ်းအင် ကူးစက်ခံရပြီးနောက် ထိုက်ရိ နတ်ဆိုးသံချပ်ကာ ရရှိလာတဲ့ စွမ်းရည်ပါ”
"သွေးတစ်စက်တည်းနဲ့တင် အဲ့ဒီသွေးပိုင်ရှင်ရဲ့ ပုံစံတူကို ဖန်တီးနိုင်သလို သူတို့ရဲ့ စွမ်းရည်တွေကိုလည်း အသုံးပြုနိုင်ပါတယ်”
ထိုအခါမှသာ ရှန်မို အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
ဤသည်မှာ တကယ့်ကို အထင်ကြီးစရာပင်။
ယခင်ထက် များစွာ ပိုမို အစွမ်းထက်လှသည်။ သွေးတစ်စက်တည်းနှင့်ပင် မူလပိုင်ရှင် အသက်ရှင်စဉ်က ရှိခဲ့သော စွမ်းရည်အားလုံးကို ပြန်လည် ဖော်ဆောင်နိုင်သည် မဟုတ်ပါလား။ ထိုပုံစံတူမှာ စက္ကန့်အနည်းငယ်သာ ခံသော်လည်း ၎င်းမှာ လုံလောက်လှပြီ ဖြစ်သည်။
'ငါသာ ကျန်းလုံရှန်းလို လူမျိုးရဲ့ ပုံစံတူကို ဖန်တီးနိုင်ရင်ရော… ဒါမှမဟုတ် နတ်ဆိုးကြီးတစ်ပါးဆီက သွေးတစ်စက် ခိုးယူပြီး သူတို့ရဲ့ ပုံစံတူကို ဖန်တီးရင်ရော… ဒါမှမဟုတ်... ငါ့ရဲ့ ကိုယ်ပိုင်သွေးကို သုံးပြီး ငါ့ရဲ့ ပုံစံတူကိုပဲ ဖန်တီးရင်ရော’
ရှန်မို ကျေနပ်သော မျက်နှာပေးဖြင့် စဉ်းစားနေသည်။ ဤစွမ်းရည်ကို သေသေချာချာ အသုံးပြုမည်ဆိုပါက ၎င်းမှာ အဖျက်စွမ်းအားကြီးမားသော လျှို့ဝှက်လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုက်အာ ပြုံးဖြီးဖြီးဖြင့်
"အဘိုး... ဒီစွမ်းရည်က နာမည်မရှိသေးဘူး… နာမည်လေး ပေးပါဦး”
ရှန်မို ခဏမျှ စဉ်းစားပြီး
"ဒါကို 'သွေးခဲဝိညာဉ် ဖန်ဆင်းခြင်း' လို့ ခေါ်ရအောင်"
ထိုက်အာက လက်မထောင်ပြကာ အရှက်မရှိ ဖားပြန်သည်။
"ဟုတ်ကဲ့… ဟုတ်ကဲ့… အဘိုး ပေးတဲ့ နာမည်က တကယ့်ကို အနှိုင်းမဲ့ပဲ… တိုတိုနဲ့ လိုရင်းရောက်ပြီး အားပါလိုက်တာ”
ထို့နောက် သူ ဆက်၍
"အဘိုး... ထိုက်ရိ နတ်ဆိုးသံချပ်ကာမှာ တတိယမြောက် စွမ်းရည်လည်း ရှိပါသေးတယ်"
ရှန်မို စိတ်ဝင်စားသွားကာ
"တတိယမြောက်လား”
ထိုက်အာမှ လေးနက်စွာဖြင့်
"ထိုက်ရိ နတ်ဆိုးသံချပ်ကာကို ဝတ်ဆင်ထားသရွေ့ အဘိုးရဲ့ ရုပ်သွင်ကို လုံးဝ ပြောင်းလဲပြီး နတ်ဆိုးတစ်ကောင်အဖြစ် ဟန်ဆောင်နိုင်ပါတယ်… ဒါပေမဲ့ အဆင့်နိမ့် နတ်ဆိုးတွေနဲ့ သာမန် နတ်ဆိုးအရှင်သခင်တွေကိုပဲ လှည့်စားနိုင်မှာပါ… အကယ်၍ နတ်ဆိုးကြီး တစ်ပါးပါး အနားမှာ ရှိနေရင်တော့ ဒီရုပ်ဖျက်တာကို အလွယ်တကူ မြင်သွားနိုင်ပါတယ်"
ရှန်မို အလွန် စိတ်လှုပ်ရှားသွားသည်။
ဤသည်မှာ တကယ့်ကို စိတ်ဝင်စားစရာကောင်းသော စွမ်းရည်ပင်။
တစ်နေ့နေ့တွင် ဤစွမ်းရည်ကို အသုံးပြု၍ ရန်သူ့နယ်မြေအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်နိုင်ပေလိမ့်မည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦးအနေဖြင့် နတ်ဆိုးနယ်မြေအတွင်းသို့ လွတ်လပ်စွာ သွားလာကာ သတင်းအချက်အလက်များကို ရယူနိုင်မည် မဟုတ်ပါလား။ ၎င်းမှာ နတ်ဆိုးများ၏ ယုံကြည်မှုကို ရရှိရန်လည်း ကူညီပေးနိုင်ပေမည်။
သို့သော်လည်း နတ်ဆိုးမျိုးနွယ်များကြားသို့ ခိုးဝင်ခြင်းမှာ ကြီးမားသော အန္တရာယ် ရှိသည်။ ထိုက်အာ ပြောသကဲ့သို့ပင် နတ်ဆိုးကြီးများသည် ရုပ်ဖျက်ထားသည်ကို အလွယ်တကူ မြင်နိုင်ကြ၏။ အလွန်အမင်း မလိုအပ်ဘဲ ရှန်မိုအနေဖြင့် ထိုကဲ့သို့သော စွန့်စားမှုကို မပြုလုပ်ပေ။
"ဒီနေ့ကစပြီး ထိုက်ရိ နတ်ဆိုးသံချပ်ကာထဲမှာပဲ ငြိမ်ငြိမ်လေး နေစမ်း… ငါ့ရဲ့ အမိန့်မရှိဘဲ အပြင်ကို မထွက်လာနဲ့"
ရှန်မို ခပ်အေးအေးပင် အမိန့်ပေးလိုက်သည်။
ထိုက်အာ ရိုသေစွာဖြင့်
"ဟုတ်ကဲ့ ဟုတ်ကဲ့… ဒါပေါ့ အဘိုး ပြောသမျှ အကုန် နာခံမှာပါ”
ထို့နောက် သူ အမည်းရောင် လေပွေတစ်ခုအဖြစ် ပြောင်းလဲကာ ထိုက်ရိ နတ်ဆိုးသံချပ်ကာအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
ရှန်မို လက်ကို မြှောက်လိုက်ရာ ထိုက်ရိ နတ်ဆိုးသံချပ်ကာသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ အလိုအလျောက် ရောက်ရှိလာပြီး ဝတ်ဆင်ပြီးသား ဖြစ်သွား၏။ စိတ်ကူးလိုက်ရုံဖြင့် သံချပ်ကာမှာ လုံးဝ ပျောက်ကွယ်သွားပြီး မည်သည့် အမှတ်အသားမျှ ကျန်ရှိမနေပေ။ ၎င်းမှာ သူ၏ လှုပ်ရှားမှုများကိုလည်း လုံးဝ အနှောင့်အယှက် မဖြစ်စေပေ။ ပိုးသားအလွှာလေးတစ်ခုကဲ့သို့ ပေါ့ပါးလှ၏။
"ကောင်းပြီ… ကျင့်ကြံခြင်းကို ပြန်စရအောင်"
ရှန်မိုတစ်ယောက် မျက်လုံးများကို မှိတ်လိုက်ပြီး သွေးစွမ်းအင်များကို လှုံ့ဆော်ကာ 'နတ်ဘုရားဆင်ပြောင် ငရဲနှိမ်နင်းခြင်း စွမ်းအား' ကို ဆက်လက် ကျင့်ကြံလေတော့သည်။
Chapter 447: ငါ အခုဘဝအသစ်စပြီ
"ငါ ဘယ်ရောက်နေတာလဲ..."
ကျောက်ယောင်လုတစ်ယောက် သူ့ဦးခေါင်းတစ်ခုလုံး ကွဲအက်တော့မည့်အလား ခံစားနေရသဖြင့် ခေါင်းကိုခါယမ်းရင်း အားယူကာ ထထိုင်လိုက်သည်။ ဧရာမဆင်ပြောင်ကြီးပေါင်း များစွာ၏ နင်းခြေခြင်းကို ခံထားရသကဲ့သို့ နာကျင်နေ၏။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ မြင်သမျှအရာအားလုံးမှာ မှောင်မည်းကာ မှိုင်းညှို့နေပြီး ချောက်နက်ကြီးတစ်ခု၏ အောက်ခြေသို့ ရောက်နေသကဲ့သို့ ခံစားရသည်။ ထိုအခါမှသာ သူမ၏ မှတ်ဉာဏ်များက တဖြည်းဖြည်း ပြန်လည်ပေါ်ပေါက်လာတော့သည်။
ကျောက်ယောင်လု ယခင်က ဘာလုပ်ခဲ့သည်ကို နောက်ဆုံးတွင် မှတ်မိသွားပြီဖြစ်သည်။
"ငါ... ကောင်းကင်တစ္ဆေမျိုးနွယ်ရဲ့ အမွေအနှစ်ကို ရှာတွေ့ခဲ့တာ ထင်တယ်"
သူ သေသေချာချာ ပြန်စဉ်းစားကြည့်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျောက်စိမ်းဂိုဏ်းမှ ထွက်ခွာလာပြီးကတည်းက သူ မျိုးသုဉ်းလုနီးပါးဖြစ်နေသော ကောင်းကင်တစ္ဆေမျိုးနွယ်၏ အမွေအနှစ်ကို ရှာဖွေရန် နတ်ဆိုးတစ်သောင်းနယ်မြေ အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ခဲ့သည်။ ထိုအချိန်အတွင်း ရှန်မိုက နတ်ဆိုးဧကရာဇ် ကုမင်ကို ကိုယ်တိုင် သတ်ဖြတ်လိုက်သည့် သတင်းကို ကြားခဲ့ရသဖြင့် သူ အတော်ကြာအောင် ဝမ်းသာပီတိ ဖြစ်ခဲ့ရသေးသည်။
အစပိုင်းတွင် သူ မျှော်လင့်ချက်ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ရသဖြင့် ကျောက်စိမ်းဂိုဏ်းသို့ ပြန်ရန်ပင် စီစဉ်ခဲ့သည်။ အပြန်လမ်းတွင် ဒဏ်ရာအပြင်းအထန်ရထားသော လူသားကျင့်ကြံသူ နှစ်ဦးကို လိုက်လံသတ်ဖြတ်နေသည့် နတ်ဆိုးမျိုးနွယ် အကြွင်းအကျန် တစ်စုနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရာ ထိုလူသားနှစ်ဦးကို လမ်းကြုံကယ်တင်ပေးခဲ့ပြီး ကျောက်စိမ်းဂိုဏ်းအထိ လိုက်ပို့ပေးရန် ရည်ရွယ်ခဲ့သည်။
ထိုလူနှစ်ဦးမှာ အလွန်ကျေးဇူးတင်ကြပြီး သူတို့သည် တစ်ချိန်က ကျင်းတိုင်းပြည်၏ ဗိုလ်ချုပ်များ ဖြစ်ခဲ့ကြောင်း ပြောပြကြ၏။ ယခုအခါ သူတို့ ကျင်းတိုင်းပြည်သို့ မပြန်လိုတော့ဘဲ နတ်ဆိုးတစ်သောင်းနိုင်ငံ၌သာ ဆက်နေပြီး နတ်ဆိုးမျိုးနွယ် အကြွင်းအကျန်များကို ဆက်လက်တိုက်ခိုက်လိုကြသည်။ အမှန်စင်စစ် ရှန်မိုသည် ကုမင်ကိုသာ သတ်ခဲ့ခြင်းဖြစ်ပြီး နတ်ဆိုး တစ်သောင်းနိုင်ငံရှိ နတ်ဆိုးအများစုမှာ သုတ်သင်ခံလိုက်ရသော်လည်း အချို့မှာမူ နက်ရှိုင်းသော ထောင့်စွန်းများတွင် ပုန်းအောင်းနေကြဆဲပင်။ သူတို့သည် နတ်ဆိုး တစ်သောင်းနိုင်ငံကို စွန့်ခွာခြင်းမရှိဘဲ အဖွဲ့ငယ်လေးများခွဲကာ ဂိုဏ်းအသီးသီးမှ ကာကွယ်ထားသော ကျေးရွာများနှင့် မြို့ငယ်လေးများကို မကြာခဏ လာရောက်နှောင့်ယှက်တတ်ကြသည်။
ကျောက်ယောင်လုသည် သူ မထွက်ခွာမီ ထိုသူနှစ်ဦးအား ဆေးလုံးအချို့ ပေးခဲ့၏။
ထိုအခါ အလွန်ကျေးဇူးတင်သွားပြီး သူတို့ မတော်တဆ ရှာဖွေတွေ့ရှိထားသော ရတနာကြီးတစ်ခု၏ သတင်းအချက်အလက်ကို ပြောပြခဲ့သည်။ ထိုသတင်းကို ကြားလိုက်ရချိန်တွင် ကျောက်ယောင်လု၏ စိတ်ထဲ၌ အလွန် စိတ်လှုပ်ရှားသွား၏။ ထိုသူနှစ်ဦး ဖော်ပြသည့် အခြေအနေများမှာ သူ မှတ်သားထားသော ကောင်းကင်တစ္ဆေမျိုးနွယ်၏ အမွေအနှစ်ရတနာနှင့် ကွက်တိ ဖြစ်နေသောကြောင့်ပင်။
သူ နှုတ်ဆက်ပြီးနောက် ရတနာရှိရာနေရာသို့ တိုက်ရိုက် သွားခဲ့တော့သည်။
"သူတို့နာမည်က... ကျိရှီလုံ နဲ့ ဝူယန်ရင် လို့ ထင်တယ်"
"သူတို့ကို တကယ် ကျေးဇူးတင်ရမှာပဲ… သူတို့သာ မရှိရင် ငါ့ဘဝမှာ ကောင်းကင်တစ္ဆေမျိုးနွယ်ရဲ့ အမွေအနှစ်ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး"
ကျောက်ယောင်လု တိုးတိုးလေး ရေရွတ်ရင်း သူ့ ရင်ဘတ်ထဲမှ ကျိုးနေသော အနက်ရောင်ဦးချိုတစ်ခုကို ထုတ်လိုက်သည်။ ထိုဦးချိုမှာ လူကြီးတစ်ယောက်၏ လက်မောင်းခန့် ရှည်လျားပြီး မျက်နှာပြင်ပေါ်တွင် အကြေးခွံများ ဖုံးလွှမ်းနေသည်။ လျှိုမြောင်တစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် ကျောက်ယောင်လုမှ ကောင်းကင်တစ္ဆေမျိုးနွယ်၏ ယဇ်ပလ္လင်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုယဇ်ပလ္လင်ပေါ်တွင် ဤကျိုးနေသော ဦးချိုကို တင်ထားပြီး ၎င်း၏ဘေးတွင် ဆက်သွယ်ရေးအကာအကွယ်တစ်ခု ရှိနေသည်။ ထိုဘေးရှိ ကျောက်တုံးပေါ်တွင် 'ဘိုးဘွားနယ်မြေ' ဟု စာလုံးများ ထွင်းထုထားသည်။ သူ တွန့်ဆုတ်မနေဘဲ သူမ၏ နောက်ဆုံးကျန်ရှိသော ထိပ်တန်း ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ အစီအရင်ကို ဖွင့်လိုက်ပြီး ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
"ဒီက အရှိန်အဝါက..."
ကျောက်ယောင်လု အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ ရုတ်တရက် စွမ်းအင်များ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရသည်။ ဤအရှိန်အဝါမှာ ကမ္ဘာလောက၏ စိတ်ဝိညာဉ်စွမ်းအင်လည်း မဟုတ်သလို သူမ ရင်းနှီးထားသည့် မည်သည့် စွမ်းအားမျိုးနှင့်မျှလည်း မတူပေ။ ယင်းအစား သူ့ ဖခင် ကွယ်လွန်ခါနီးအချိန်တွင် ထုတ်ဖော်ခဲ့သော စွမ်းအားနှင့် ပို၍ တူနေသည်။ ဖခင် တစ္ဆေဘုရင်သည် ဤစွမ်းအားကို အသုံးချ၍ပင် သူ့ထက် အဆင့်မနိမ့်သော အစွမ်းထက် နတ်ဆိုးလေးပါးနှင့် အသေအလဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
ထိုစဉ် ကျောက်ယောင်လုမှာ ရှေ့ဘက်တွင် လှုပ်ရှားနေသော ပုံရိပ်အချို့ကို သတိထားမိလိုက်သည်။ ၎င်းတို့ သူရှိရာသို့ တဖြည်းဖြည်း နီးကပ်လာနေသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ကျိုးနေသော ဦးချိုကို ရင်ဘတ်ထဲသို့ အမြန် ပြန်ထည့်လိုက်၏။ သူ ထပြီး ပုန်းလိုသော်လည်း တစ်ကိုယ်လုံး နာကျင်နေသဖြင့် လှုပ်ရှားရန်ပင် မဖြစ်နိုင်ပေ။ ထိုအချိန်မှာပင် ထိုပုံရိပ်များမှာ သူ့ အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျောက်ယောင်လုက စူးစိုက်ကြည့်လိုက်ရာ ရောက်လာသူများမှာ လူသားများလည်း မဟုတ်၊ နတ်ဆိုးသားရဲများလည်း မဟုတ်သလို နဂါးမျိုးနွယ်များလည်း မဟုတ်ပေ။ ယင်းအစား ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါ သုံးကောင် ဖြစ်နေသည်။ ကျောက်ယောင်လုကို မြင်လိုက်ရသည်နှင့် ထိုသတ္တဝါများသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာများဖြင့် သူမကို ဝိုင်းအုံ တိုက်ခိုက်တော့မည့်အလား တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြ၏။ ကျောက်ယောင်လုအနေဖြင့် ဤကဲ့သို့သော နတ်ဆိုးများကို တစ်ခါမျှ မမြင်ဖူးပေ။ သူ ဗီဇအရ ခုခံသည့် ပုံစံသို့ ပြောင်းလိုက်သည်။
ဝေါင်း!
သူမ၏ အသားအရည်မှာ မည်းနက်သွားပြီး ဦးခေါင်းတွင် ဦးချိုများ ပေါက်လာကာ ပါးစပ်၌လည်း စူးရှသော အစွယ်များ ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လူသားပုံသဏ္ဌာန်မှ ကောင်းကင်တစ္ဆေမျိုးနွယ် ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ သူ စတင် တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ထိုနတ်ဆိုးသုံးကောင်မှာ မှင်တက်သွားကြသည်။ ထို့နောက် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် သူ့ ရှေ့တွင် ဒူးထောက်ကာ ဦးခိုက်၍ ဝတ်ပြုကြတော့သည်။ သူတို့၏ ဦးခေါင်းကို မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်လိုက်သဖြင့် ခရမ်းရင့်ရောင် သွေးများပင် ပန်းထွက်လာကြ၏။
"ခရမ်းရင့်ရောင် အသားအရည်၊ ခရမ်းရင့်ရောင် သွေး..."
ကျောက်ယောင်လု၏ စိတ်ထဲတွင် အသိတစ်ခု လက်ခနဲ ပေါ်လာသည်။ ဝမ်မူချွန်း တစ်ခါက သူ့ကို ပြောပြခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။
နတ်ဘုရား!
ဤသတ္တဝါ သုံးကောင်မှာ နတ်ဘုရား အမျိုးအစား တစ်မျိုး ဖြစ်နေသည်မှာ သိသာလှသည်။ ကျောက်ယောင်လု မိမိကိုယ်မိမိ ငုံ့ကြည့်လိုက်သောအခါ သူမ၏ ပုံပန်းသဏ္ဌာန်မှာလည်း သူတို့နှင့် သိပ်ထူးမခြားနားလှသည်ကို တွေ့လိုက်ရသည်။
"ဒါဆိုရင်... ဒီနေရာက နတ်ဆိုး ပင်လယ်ပြင် ဖြစ်ရမယ်”
"ဒါဆို... ကောင်းကင်တစ္ဆေမျိုးနွယ်ရဲ့ ဘိုးဘွားနယ်မြေက တကယ်တော့ နတ်ဆိုး ပင်လယ်ပြင် ဖြစ်နေတာပေါ့… ပြီးတော့ ကောင်းကင်တစ္ဆေမျိုးနွယ်ရဲ့ ဘိုးဘေးတွေက... နတ်ဘုရားတွေ ဖြစ်နေတာလား"
ကျောက်ယောင်လု မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်သည်။ နတ်ဆိုးမျိုးနွယ်စုများက ကောင်းကင်တစ္ဆေမျိုးနွယ်အား အမြဲတမ်း ဘာကြောင့် ငြင်းပယ်ခဲ့ကြသည်ကို ယခုမှ နားလည်တော့သည်။ သူတို့သည် ကောင်းကင်တစ္ဆေမျိုးနွယ်ကို နတ်ဆိုးမျိုးနွယ်အပေါ် ဘေးဆိုးများ သယ်ဆောင်လာမည့် ကျိန်စာသင့်နေသော ကြယ်စုဟုပင် ပြောဆိုခဲ့ကြဖူး၏။
အရာအားလုံး စတင် ဆက်စပ်မိသွားပြီ ဖြစ်သည်။ ကောင်းကင်တစ္ဆေမျိုးနွယ်မှ သူတို့၏ နတ်ဘုရား အရှိန်အဝါကို ဖိနှိမ်ထားရသည့် အကြောင်းရင်းမှာ သူတို့၏ ဘိုးဘေးများသည် တစ်စုံတစ်ရာသော လျှို့ဝှက်နည်းပညာကို အသုံးပြုကာ နတ်ဘုရားတို့၏ လက္ခဏာရပ်များကို ဖယ်ရှားခဲ့ကြပြီး ကောင်းကင်တစ္ဆေမျိုးနွယ်ဟူသော မျိုးနွယ်သစ်တစ်ခုအဖြစ် အားနည်းသွားအောင် လုပ်ဆောင်ခဲ့ကြသောကြောင့် ဖြစ်နိုင်သည်။
သို့သော် သူ နားမလည်နိုင်သေးသော အချက်တစ်ခု ကျန်ရှိနေသေးသည်။ သူ့ဘိုးဘေးများသည် နတ်ဘုရားများနှင့် ပတ်သက်မှုမရှိစေရန် ဆုံးဖြတ်ချက်ပြတ်သားစွာ ခွဲထွက်ခဲ့ကြခြင်းပင်။
ဘာကြောင့်လဲ။
၎င်းအဖြေကို သူ ရှာဖွေလိုသည်။
ကျောက်ယောင်လုမှာ သူ့ခြေရင်းတွင် ဦးခိုက်နေဆဲဖြစ်သော နတ်ဘုရား သုံးကောင်ကို ကြည့်ကာ
"ဒီနေ့ကစပြီး မင်းတို့က ငါ့ရဲ့ နောက်လိုက်တွေပဲ… ငါနဲ့ လိုက်ခဲ့ကြ"
သူ ရှေ့သို့ လှမ်းလျှောက်သွားသည်။ အဆင့်နိမ့် နတ်ဘုရား သုံးကောင်မှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူ့နောက်သို့ အပြေးလိုက်ပါသွားကြတော့သည်။
"လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ငါက တစ္ဆေဘုရင်ရဲ့ သမီးတော် ဖြစ်ခဲ့တယ်… ကျောက်စိမ်းဂိုဏ်းရဲ့ တပည့်တစ်ဦးလည်း ဖြစ်ခဲ့ဖူးတယ်… အခုတော့ ငါက... နတ်ဘုရား တစ်ပါးပေါ့”
ကျောက်ယောင်လုမှာ တည်ငြိမ်သော အသံကို ချန်ထားရစ်ခဲ့ကာ မှောင်မိုက်သော ကမ္ဘာအတွင်းသို့ ပြတ်သားစွာ ခြေလှမ်းလှမ်း ဝင်ရောက်သွားလေတော့သည်။
...
ရွှေ့ဝူခံတပ်။
'ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက်'သည် သတ်မှတ်ထားသည့်အတိုင်း ပေါ်ပေါက်လာခဲ့၏။ သို့သော် ယခုတစ်ကြိမ်တွင် ဘဏ္ဍာတိုက်အတွင်းသို့ ဝင်ရောက်သူတိုင်း အသံတစ်ခုကို ကြားလိုက်ရသည်။ ၎င်းမှာ ရှေးကျပြီး အထီးကျန်ဆန်လှသော၊ အေးစက်ကာ ကရုဏာကင်းမဲ့လှသော အသံတစ်သံ ဖြစ်သည်။
"နောက်ထပ် နှစ်ပေါင်း သုံးဆယ်အတွင်းမှာ နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုဟာ နတ်ဆိုး ပင်လယ်ပြင်ရဲ့ စတုတ္ထအလွှာမှာ အနည်းဆုံး ကင်းစခန်း ငါးခုကို တည်ဆောက်ရမယ်"
"ဒီကာလအတွင်းမှာ ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက်ထဲက ပစ္စည်းလဲလှယ်တဲ့ ဈေးနှုန်းအားလုံးကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးမယ်"
"ဒီကာလအတွင်း ဘဏ္ဍာတိုက်ကနေ ပစ္စည်းလဲလှယ်တဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အားလုံးဟာ နတ်ဆိုးပင်လယ်ပြင်ကို သွားရောက်ရမှာဖြစ်ပြီး အဲ့ဒီမှာ အနည်းဆုံး ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ရမယ်"
"အမိန့်မနာခံတဲ့သူတွေကို အမြစ်ပြတ် သုတ်သင်ဖယ်ရှားမယ်"
ထိုကြေညာချက်ကြောင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အားလုံးမှာ ထိတ်လန့်သွားကြသည်။ အထူးသဖြင့် အသစ်ဝင်လာသော တပ်သားများ ဖြစ်သည်။ ကောင်းကင်ဘုံတာအို၏ အလိုတော်က ဤကဲ့သို့သော တာဝန်မျိုးကို ထုတ်ပြန်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။ ဝါရင့် အစောင့်တပ်သားများအတွက်မူ ၎င်းမှာ အလွန်အမင်း အံ့ဩစရာ မဟုတ်ပေ။ ကောင်းကင်ဘုံတာအိုမှ တာဝန်များ ထုတ်ပြန်ခြင်းမှာ ယခင်ကလည်း ဖြစ်ဖူးသည်။ လက်ရှိ နတ်ဆိုး ပင်လယ်ပြင်၏ ပထမ သုံးလွှာရှိ ကင်းစခန်းများကိုလည်း ဤကဲ့သို့သော အခြေအနေမျိုးဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။
ရှန်မိုသည်လည်း ဘဏ္ဍာတိုက်အတွင်း ထိုသတင်းစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် အံ့အားသင့်သွားသည်။ ကောင်းကင်ဘုံတာအိုမှ ပေးသော ဤတာဝန်သည် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတိုင်း နတ်ဆိုး ပင်လယ်ပြင်သို့ မဖြစ်မနေ သွားရောက်ရမည်ဟု ဆိုလိုခြင်းပင်။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းသုံးဆယ်လုံးလုံး ဈေးနှုန်း ၃၀ ရာခိုင်နှုန်း လျှော့ပေးထားမည်ဖြစ်ရာ မည်သူက နှစ်ပေါင်းသုံးဆယ်လုံးလုံး ရတနာများ မလဲလှယ်ဘဲ နေနိုင်ပါမည်နည်း။ ဤမစ်ရှင်မှာ တစ်နည်းအားဖြင့် အတင်းအကြပ် ခိုင်းစေခြင်းပင် ဖြစ်သည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသာမက နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်များပင်လျှင် နတ်ဆိုး ပင်လယ်ပြင်သို့ ကိုယ်တိုင်သွားရောက်ကာ ငါးနှစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
ရှန်မိုကိုယ်တိုင်လည်း ဤတာဝန်မှ ရှောင်လွှဲ၍ မရနိုင်ပေ။ သို့သော် သူ ထိုအရာကို အထူးတလည် စိတ်ထဲမထားပေ။ နှစ်ပေါင်းသုံးဆယ်လုံးလုံး ဈေးလျှော့ပေးထားမည်ဖြစ်ရာ ဤအခွင့်အရေးကို အသုံးမချဘဲ နေစရာ အကြောင်းမရှိပေ။ ထို့အပြင် အခြား အစောင့်တပ်သားများနှင့် နှိုင်းယှဉ်လျှင် သူ၏ အစွမ်းမှာ သိသိသာသာ ပို၍ သန်မာလှသည်။ နတ်ဘုရားကြီး တစ်ပါးပါးနှင့် မတွေ့မချင်း သူ ကျန်အရာအားလုံးကို အနိုင်ယူနိုင်၏။ အကယ်၍ နတ်ဘုရားကြီးတစ်ပါးနှင့် တွေ့ခဲ့လျှင်ပင် သူ၏ လျှို့ဝှက်လက်နက်များဖြင့် အနည်းဆုံး ဘေးကင်းအောင် ထွက်ပြေးနိုင်စွမ်း ရှိသည်။
"နတ်ဘုရားကြီး ဆယ်ပါးလုံးမှာ အာဏာစက် စွမ်းအားတွေ ရှိကြတယ်လို့ ငါကြားဖူးတယ်… ဒါပေမဲ့ သူတို့က အဲ့ဒါကို အမြဲတမ်း အလိုရှိသလို မသုံးနိုင်ကြဘူး"
"ငါသာ သေသေချာချာ သတိထားမယ်ဆိုရင် ကင်းစခန်းမှာ ငါးနှစ်နေရတာ သိပ်ပြီး အန္တရာယ် မရှိနိုင်ပါဘူး"
"ဒါ့အပြင် နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုလုံးက လှုပ်ရှားလာကြမှာဆိုတော့ တခြားခံတပ်တွေက အစောင့်တပ်သားတွေနဲ့လည်း ဆုံရမှာပဲ"
ရှန်မို သူ့ဘာသာ စဉ်းစားနေသည်။ “အောင်းရန် ကတော့ နဂါးခံတပ်ကို သွားလောက်ပြီ ထင်တယ်”
"သူ အခု ဘယ်လိုနေမလဲ မသိဘူး..."
"လီကျန်ထောင်း၊ မိုလင်ရှောင်၊ ဝမ်မူချွမ်… သူတို့နဲ့ တကယ် ပြန်တွေ့ချင်သေးတယ်..."