← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

Chapter 448: တပ်မှူးရှန်နှင့် မိုးကြိုးအလင်း ဆီမီးအိမ်

ရက်အနည်းငယ် ကြာပြီးနောက်။

ရှန်မိုတစ်ယောက် 'ဒီရေကြမ်း တိုက်ပွဲဝင် ပလပ်ဖောင်း' ကို တည်ဆောက်ရန် အလုပ်ရှုပ်နေသည်။ ကျန်းလုံရှန်းမှာ သူ့ကိုရှာရန် လက်နက်တိုက်ရှိရာသို့ ကိုယ်တိုင်ရောက်ရှိလာသည်။ ကျန်းလုံရှန်းသည် တည်ဆောက်ဆဲဖြစ်သော တိုက်ပွဲဝင် ပလပ်ဖောင်းကို ကြည့်ရှုပြီး အံ့ဩဘနန်း ဖြစ်သွားကာ တောက်တစ်ချက် ခေါက်မိ၏။

"မင်းက တိုက်ပွဲဝင် ပလပ်ဖောင်းတွေကိုတောင် စတည်ဆောက်နေပြီလား တပ်မှူးရှန်"

ရှန်မို မှင်တက်သွားပြီး

"ဗျာ… ကျွန်တော်လား… တပ်မှူးလား"

ကျန်းလုံရှန်း ပြုံးပြီး ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်… ဝမ်ကြီးက ရာထူးပြောင်းဖို့ လျှောက်ထားပြီးပြီ… အခု သူက ဒုတပ်မှူး… မင်းကတော့ အတည်ပြုပြီးသား တပ်မှူးပဲ… လက်နက်တိုက်ကို တာဝန်ယူရတဲ့ တပ်မှူးရာထူးက ကျင့်ကြံမှုအဆင့် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ အဆင့်အတန်း အရမ်းမြင့်ဖို့ မလိုဘူး… မင်းရဲ့ လက်နက်ပစ္စည်းဆိုင်ရာ နက်ရှိုင်းတဲ့ အသိပညာတွေနဲ့ မင်းရရှိထားတဲ့ ဂုဏ်ထူးမှတ်တွေအရဆိုရင် မင်းက တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ဖို့ လုံလောက်တာထက်တောင် ပိုပါတယ်… ဘယ်သူကမှလည်း ကန့်ကွက်ရဲမှာ မဟုတ်ဘူး"

ရှန်မို မတတ်သာသလို ရယ်မောလိုက်ပြီး ခေါင်းငြိမ့်လက်ခံလိုက်၏။ မျှော်လင့်မထားဘဲ တပ်မှူးဖြစ်လာခြင်းမှာ ကောင်းသောအချက်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တရားဝင် ရာထူးတစ်ခု ရယူထားခြင်းဖြင့် လစဉ် စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးမှတ်များကို ထပ်ဆောင်း ရရှိနိုင်သောကြောင့် ဖြစ်သည်။ 'ရွှေရောင်အဆင့်သတ်မှတ်ချက်' သုံးခု၏ ထိပ်ဆုံးတွင် ရောက်ရှိ၍ ရရှိသော ဂုဏ်ထူးမှတ် ဆုလာဘ်များလောက် မများသော်လည်း ရသည်မှာတော့ အမှန်ပင်။

အသားမှန်သမျှ အသားပင်၊ နည်းခြင်းများခြင်း အဓိကမဟုတ်ပေ။

ကျန်းလုံရှန်းမှ ဆက်၍

"နောက်တစ်ချက်ကတော့ ကောင်းကင်ဘုံတာအိုရဲ့ အလိုတော်က တာဝန်တစ်ခု ထုတ်ပြန်လိုက်ပြီ… နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုလုံးကို နတ်ဆိုး ပင်လယ်ပြင်ရဲ့ စတုတ္ထအလွှာမှာ ကင်းစခန်းတွေ သွားရောက်တည်ဆောက်ဖို့ အမိန့်ပေးထားတယ်… ဒါက ခက်ခဲတဲ့ တာဝန်ကြီး ဖြစ်လိမ့်မယ်… နတ်ဆိုး ပင်လယ်ပြင်ဆိုတာ ငါတို့နယ်မြေမဟုတ်ဘူး… နတ်ဆိုးတွေရဲ့ နယ်မြေပဲ… အဲ့ဒီကို သွားပြီဆိုကတည်းက ငါတို့က သဘာဝအတိုင်း အားနည်းချက်တွေ ရှိနေမှာပဲ… ဒါပေမဲ့ ငါကိုယ်တိုင်အပါအဝင် လူတိုင်း သွားရမယ်… ဒါကို မင်းနားလည်တယ် မဟုတ်လား"

ရှန်မို ခေါင်းငြိမ့်လိုက်သည်။ သူကိုယ်တိုင်လည်း သွားရမည်ဖြစ်၏။ ဤသည်မှာ သူ ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။

ကျန်းလုံရှန်းလည်း သူ့ကိုကြည့်နေမိ၏။

ရှန်မိုအနေဖြင့် နတ်ဆိုး ပင်လယ်ပြင်မှာ အလွန်အန္တရာယ်များလွန်းသည်ဟု ယူဆကာ သွားရန် ဝန်လေးနေမည်ကို သူ အမှန်တကယ် စိုးရိမ်နေခဲ့သည်။

"မင်း စိတ်ပူစရာမလိုပါဘူး… မင်းက ရွှေ့ဝူခံတပ်ရဲ့ အရေးအကြီးဆုံး ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်သလို နတ်ဆိုးမျိုးနွယ်တွေရဲ့ သတ်ဖြတ်ရမယ့် စာရင်းမှာလည်း ထိပ်ဆုံးက ပါနေတယ်… အကယ်၍ မင်းသာ သေဆုံးသွားခဲ့ရင် ဒါဟာ ဘယ်နတ်ဆိုးနှိမ်နင်းရေး ခံတပ်အတွက်မဆို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ… ဒါကြောင့် ကင်းစခန်းတွေ တည်ဆောက်တဲ့ အစောပိုင်းအဆင့်မှာ မင်း ပါဝင်စရာ မလိုပါဘူး… ငါတို့ လူသားတပ်ဖွဲ့တွေက အနည်းဆုံး ကင်းစခန်းတစ်ခုကို တည်ငြိမ်အောင် တည်ဆောက်နိုင်ပြီဆိုတာနဲ့ မင်း ကင်းစခန်းထဲမှာ တာဝန်ကျနေစဉ်အတွင်း ကာကွယ်ပေးဖို့အတွက် တပ်မှူးနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက်ပိုပြီး ငါ အထူးတာဝန်ပေးထားမှာပါ"

ကျန်းလုံရှန်း လေးနက်စွာဖြင့်

"ဒီလိုဆိုရင် မင်းရဲ့ ဘေးကင်းမှုကို အာမခံနိုင်လိမ့်မယ်… ငါ ခန့်မှန်းရသလောက်တော့ လူသား နတ်ဆိုးနှိမ်နင်းရေး ခံတပ် လေးခုကနေ တည်ငြိမ်တဲ့ ကင်းစခန်းတစ်ခု တည်ဆောက်နိုင်ဖို့ အနည်းဆုံး ငါးနှစ်လောက် ကြာလိမ့်မယ်… အဲ့ဒီအချိန်အတွင်းမှာ ငါတို့ဟာ နတ်ဆိုးတွေနဲ့ အမြဲတမ်း တိုက်ခိုက်နေရမှာဖြစ်ပြီး ခြေလှမ်းတိုင်းမှာ အန္တရာယ်တွေ ရှိနေမှာပဲ… ကင်းစခန်းတွေ အမှန်တကယ် မတည်ငြိမ်ခင်အထိ မင်း ဒီလက်နက်တိုက်မှာပဲ နေပြီး လက်နက်တွေ သွန်းလုပ်တာကိုပဲ အာရုံစိုက်ပါ… လက်နက်ကိရိယာတွေ တည်ဆောက်ပြီး မင်းပေးဆပ်တဲ့ အကျိုးပြုမှုဟာ ရှေ့တန်းကို သွားတာထက် အများကြီး ပိုကြီးမားပါတယ်… မင်းကို ဘယ်သူကမှ နောက်ကွယ်မှာ ဘာမှပြောရဲမှာ မဟုတ်ဘူး"

ရှန်မို၏ မျက်နှာအမူအရာမှာ လေးနက်သွား၏။ ကင်းစခန်းများ စတင်တည်ဆောက်သော အဆင့်သည် အန္တရာယ်အရှိဆုံးနှင့် အခက်ခဲဆုံး ဖြစ်နေသည်မှာ သိသာလှသည်။ ၎င်းမှာ 'ဆယ်ခါသေ တစ်ခါရှင်' အခြေအနေမျိုးပင်။ နတ်ဆိုး ပင်လယ်ပြင်သို့ စတင်ဝင်ရောက်မည့် ပထမဆုံး အစောင့်တပ်သားများသည် နတ်ဘုရားများ၏ နယ်မြေအတွင်း ခြေကုပ်ယူကာ ကင်းစခန်းတည်ဆောက်ရန်အတွက် ကြီးမားသော သတ္တိနှင့် ဇွဲလုံ့လ လိုအပ်ပေလိမ့်မည်။

ရှန်မို များများစားစား စဉ်းစားမနေဘဲ ထိုအစောင့်တပ်သားများ၏ သေဆုံးနှုန်းမှာ အလွန်မြင့်မားမည်ကို သိလိုက်၏။ သူ၏ အစွမ်းမှာ နတ်ဘုရားကြီးအဆင့်အောက်ရှိ မည်သည့်နတ်ဘုရားကိုမဆို အနိုင်ယူနိုင်စွမ်းရှိသော်လည်း ထိုကဲ့သို့သော ရှုပ်ထွေးလှသည့် အခြေအနေထဲသို့ မိမိကိုယ်မိမိ အတင်းတိုးဝင်မည် မဟုတ်ပေ။

အန္တရာယ်ဆိုသည်မှာ ရှောင်လွှဲ၍မရပေ။

ထိုအန္တရာယ်က သူ့ခေါင်းပေါ်သို့ ကျမလာဘူးဟု မည်သူက အာမခံနိုင်မည်နည်း။

သူ၏ 'လိမ်လည်မှု' နှင့် တူသော ကံကြမ္မာစနစ် ရှိနေသော်လည်း ရှေ့တွင် ဘာရှိမည်ကို မြင်နိုင်ရန်အတွက် သူကိုယ်တိုင် ထိုနေရာသို့ ရွေးချယ်ဝင်ရောက်ရန် လိုအပ်သေးသည်။

ရှန်မိုမှာ သူတော်စင်တစ်ဦး မဟုတ်ပေ။ 'ဆင်းရဲလျှင် မိမိကိုယ်မိမိ စောင့်ရှောက်၍၊ အောင်မြင်လျှင် လောကကို အကျိုးပြုသည်' ဟူသကဲ့သို့ ဖြစ်၏။ အခြားသူများကို မကူညီမီ သူ၏ ကိုယ်ပိုင် ရှင်သန်မှုကို အရင်ဆုံး အာမခံချက်ရှိအောင် လုပ်ရမည်။ သို့သော်လည်း နတ်ဆိုး ပင်လယ်ပြင်သို့ သွားမည့် ပထမဆုံး အစောင့်တပ်သားများကို သူ တစ်စုံတစ်ရာ ကူညီနိုင်ပေလိမ့်မည်။

"ဗိုလ်ချုပ်ကြီးကျန်း… ပထမအသုတ် သွားမယ့် အစောင့်တပ်သားတွေကို ရွေးချယ်ပြီးပြီလား"

ကျန်းလုံရှန်း ခေါင်းငြိမ့်ပြကာ

"အင်း… ရွေးချယ်ပြီးပြီ… အများစုက ကိုယ့်သဘောနဲ့ကိုယ် စေတနာ့ဝန်ထမ်း လုပ်ကြတာပါ… အသက်ကြီးပြီး သက်တမ်းကုန်ခါနီး ကျင့်ကြံသူတွေ များပါတယ်… အဲ့ဒီထဲကမှ အတွေ့အကြုံရင့်ပြီး စွမ်းရည်ရှိတဲ့သူတွေကို ငါ ရွေးထားတယ်… မကြာခင်မှာ သူတို့ကို လက်နက်ကိရိယာတွေ အပြည့်အစုံ တပ်ဆင်ပေးပြီး နတ်ဆိုး ပင်လယ်ပြင်ရဲ့ စတုတ္ထအလွှာဆီကို စေလွှတ်တော့မှာပါ"

ရှန်မို လေးနက်စွာ ပြောလိုက်၏။

"သူတို့ကို ကူညီပေးနိုင်မယ့် အထူး စိတ်ဝိညာဉ်လက်နက်တွေကို ကျွန်တော် သွန်းလုပ်ပေးနိုင်ပါတယ်"

ကျန်းလုံရှန်း ရယ်မောလိုက်ပြီး

"မင်းမှာ ဒီလို စိတ်ထားရှိတာ ကောင်းပါတယ်… ဒါပေမဲ့ ဒါက အမြဲတမ်း အကူအညီဖြစ်ချင်မှ ဖြစ်မှာပါ… ထားလိုက်ပါတော့"

ရှန်မိုသည် ပစ္စည်းများ ပြန့်ကျဲနေသော လက်မှုပညာစားပွဲပေါ်တွင် ရှာဖွေလိုက်ပြီး ဆီမီးအိမ်တစ်ခုကို ထုတ်ယူလိုက်သည်။ ရုတ်တရက် ကြည့်လိုက်လျှင် ထိုဆီမီးအိမ်မှာ သာမန်မျှသာ ဖြစ်ပုံရသည်။ ၎င်းမှာ ဖျော့တော့ပြီး အားနည်းသော အလင်းရောင်လေးကိုသာ ထုတ်လွှတ်နေ၏။ လေတိုက်ရုံနှင့်ပင် ငြိမ်းသွားတော့မည့်အလား ထင်ရသည်။

ကျန်းလုံရှန်းမှာ အစပိုင်းတွင် ဤသည်ကို အာရုံမစိုက်မိသော်လည်း အကြိမ်အနည်းငယ် ထပ်ကြည့်ပြီးနောက် ထူးခြားမှုတစ်ခုကို အာရုံခံမိသွားသည်။

"ဒီအလင်းက..."

သူ ဝေခွဲမရစွာ ပြောလိုက်သည်။

ရှန်မိုမှာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"ဗိုလ်ချုပ်ကြီးကျန်း… နတ်ဘုရားသွေး တစ်စက်လောက် ပါလာလား"

ကျန်းလုံရှန်း ခေါင်းငြိမ့်ကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ နတ်ဘုရားသွေး တစ်စက်ကို ထုတ်လိုက်သည်။ လူသားမျိုးနွယ် သုံးမျိုးစလုံးတွင် နတ်ဘုရားတို့၏ နည်းပညာများကို လေ့လာပြီး ၎င်းတို့ကို တန်ပြန်ရန် နည်းလမ်းရှာဖွေနေသည့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ ရှိကြသည်။ နတ်ဘုရားတို့၏ နည်းပညာများသည် သွေးမျိုးဆက်များနှင့် ဆက်စပ်နေသဖြင့် ခံတပ်များတွင် နတ်ဘုရားသွေးများကို သိုလှောင်ထားလေ့ ရှိ၏။ နတ်ဘုရားသွေး၊ နတ်ဘုရားအသား၊ နတ်ဘုရားအရိုး… နတ်ဘုရားများနှင့် ပတ်သက်သည့် မည်သည့်အရာမှ ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက်တွင် မရှိပေ။ ထိုကဲ့သို့သော ပစ္စည်းများကို နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ ကိုယ်တိုင် ရှာဖွေစုဆောင်းရသည်။

ရှန်မိုသည် နတ်ဘုရားသွေးစက်ကို ယူကာ ဆီမီးအိမ်အနီးသို့ ယူဆောင်သွား၏။ အံ့ဩစရာကောင်းသည်မှာ သွေးစက်မှ ထွက်ပေါ်နေသော နတ်ဘုရားအရှိန်အဝါများကို ဆီမီးအိမ်၏ အလင်းရောင်က တားဆီးထားခြင်းပင်။ ထိုအခါမှသာ ကျန်းလုံရှန်းတစ်ယောက် သူ၏ အစောပိုင်း ခံစားချက်မှာ မှန်ကန်ကြောင်း သိလိုက်ရတော့သည်။

ဆီမီးအိမ်၏ ပတ်ပတ်လည် (၆) ပေ ခန့်ရှိသော စက်ဝိုင်းအတွင်း၌ နတ်ဘုရား အရှိန်အဝါများမှာ လုံးဝ မဝင်ရောက်နိုင်ပေ။

"ဒါက ဘာလဲ”

သူ၏ အမူအရာမှာ အံ့အားသင့်မှုမှ ဝမ်းသာပီတိဖြစ်မှုသို့ ပြောင်းလဲသွားသည်။

ရှန်မို ခပ်အေးအေးပင် ရယ်မောလိုက်၏။

"ဗိုလ်ချုပ်ကြီးကျန်း… ကျွန်တော် 'နတ်ဘုရားမိုးကြိုး နတ်ဆိုးနှိမ်နင်းရေး ကျမ်းစာ'ကို ကျင့်ကြံထားတာ သိသားပဲ… ဒီတော့ ကျွန်တော် လျှို့ဝှက်မထားတော့ပါဘူး… ဒီဆီမီးအိမ်ရဲ့ မီးစာကို ကျွန်တော့်ရဲ့ နတ်ဘုရားမိုးကြိုး စွမ်းအားတွေထဲမှာ စိမ်ထားတာပါ… ကျွန်တော့်ရဲ့ နတ်ဘုရားမိုးကြိုး စွမ်းအားက နတ်ဘုရား အရှိန်အဝါတွေကို အပြည့်အဝ ခုခံနိုင်ပါတယ်… မီးစာ ကျန်နေသရွေ့တော့ ဒီ (၆) ပေ ပတ်လည်အတွင်းမှာ နတ်ဘုရား အရှိန်အဝါတွေရဲ့ ညစ်ညမ်းမှုကို ခံရမှာ မဟုတ်ဘူး"

ကျန်းလုံရှန်း ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။

"ဒါကိုး… အဲ့ဒီ နတ်ဘုရားမိုးကြိုး စွမ်းအားက မင်းရဲ့ 'နတ်ဘုရားမိုးကြိုး နတ်ဆိုးနှိမ်နင်းရေး ကျမ်းစာ' ကို ကျင့်ကြံပြီး ရလာတဲ့ ထူးခြားတဲ့ စွမ်းအင်ပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား… 'မီးလျှံစစ်မှန်တဲ့ သခင်' က စိတ်ရှည်လက်ရှည် ဖန်တီးခဲ့တဲ့ နည်းစနစ်ဆိုတော့ တကယ့်ကို ထူးခြားတာပဲ”

ရှန်မို ပြုံး၍ ခေါင်းငြိမ့်ပြသည်။ ကျန်းလုံရှန်းမှာ စိတ်အားထက်သန်စွာဖြင့်

"မီးစာတစ်ချောင်းက ဘယ်လောက်ကြာကြာ လောင်ကျွမ်းနိုင်လဲ… မင်း ဘယ်လောက်အထိ ထုတ်လုပ်နိုင်လဲ… အများကြီး ထုတ်လုပ်ဖို့ ဖြစ်နိုင်မလား"

ရှန်မို ခဏမျှ စဉ်းစားပြီး

"တစ်လက်မရှိတဲ့ မီးစာက ဆယ်ရက် ဆက်တိုက် လောင်ကျွမ်းနိုင်ပါတယ်… ကျွန်တော် သွန်းလုပ်တဲ့ အရှိန်ကတော့ တော်တော်လေး မြန်ပါတယ်… သွန်းလုပ်ပြီးရင် မီးစာထဲကို နတ်ဘုရားမိုးကြိုး စွမ်းအားတွေ ထည့်ပေးလိုက်ရုံပါပဲ… တစ်သုတ်ကို ငါးရက်၊ ခြောက်ရက်လောက်ဆိုရင် လုံလောက်ပါတယ်… ဒါပေမဲ့ မီးစာအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ တော်တော်လေး ဈေးကြီးတယ်နော်… ပျမ်းမျှအားဖြင့် မီးစာတစ်ချောင်းကို အဆင့်စီ ဂုဏ်ထူးမှတ် (၂၀) လောက် ကုန်ကျပါတယ်… ပြီးတော့ မီးစာထဲကို ထည့်ထားတဲ့ နတ်ဘုရားမိုးကြိုး စွမ်းအားကလည်း ထာဝရ မတည်မြဲဘူး… တစ်လလောက်ကြာရင် အဲ့ဒီစွမ်းအားက ပျောက်ကွယ်သွားပြီး မီးစာက အသုံးမဝင်တော့ပါဘူး"

ထိုစကားကို ကြားသောအခါ ကျန်းလုံရှန်း နှမြောတသဟန်ဖြင့်

"ဪ... နှမြောစရာပဲ… အကယ်၍ အများကြီး ထုတ်လုပ်နိုင်ရင်တော့ နတ်ဆိုး ပင်လယ်ပြင်ကို သွားတဲ့အခါတိုင်း နတ်ဘုရား အရှိန်အဝါတွေရဲ့ ညစ်ညမ်းမှုကို စိုးရိမ်နေစရာ မလိုတော့ဘူး"

ရှန်မိုကလည်း လေးနက်စွာ ထောက်ခံသည်။ ဤဆီမီးအိမ်၏ အကျိုးသက်ရောက်မှုကို သူ မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။

"မင်း ဒါကို ဘယ်လို နာမည်ပေးမလဲ"

ကျန်းလုံရှန်းမှ ပြုံး၍ မေးသည်။ ရှန်မို ခဏမျှ စဉ်းစားပြီး

"ဒါကို 'မိုးကြိုးအလင်း ဆီမီးအိမ်'လို့ ခေါ်ရအောင်"

ကျန်းလုံရှန်းမှာ လေးနက်စွာ ကြည့်၍

"ကောင်းပြီ… ပစ္စည်းဖိုးက ဂုဏ်ထူးမှတ် (၂၀)… မင်းရဲ့ သွန်းလုပ်တဲ့ အားထုတ်မှုကိုပါ ထည့်တွက်ရင်... ဒီလိုလုပ်ကြရအောင်… ခံတပ်ကနေ မင်းဆီက တစ်လုံးကို အဆင့်စီ ဂုဏ်ထူးမှတ် (၄၀) နဲ့ ဝယ်မယ်… ပြီးတော့ နတ်ဆိုး ပင်လယ်ပြင်ကို သွားမယ့် ပထမဆုံး အသုတ်ကို ဝေပေးမယ်… မင်း ဘယ်လိုထင်လဲ"

ရှန်မို ပြုံးကာ သဘောတူလိုက်သည်။

"ဒါပေါ့… သဘောတူပါတယ်ဗျာ"

စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးမှတ်တွေလည်း ရနိုင်သလို နတ်ဆိုး ပင်လယ်ပြင်ကို သွားမယ့် ပထမဆုံး အုပ်စုကိုလည်း ကူညီနိုင်မည်ဖြစ်၍ အဘယ်ကြောင့် ငြင်းရမည်နည်း။

Chapter 449: နာမည်တူတာ ဖြစ်မှာပါ

အချိန်များမှာ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နှစ်တာကာလ ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ ဤနှစ်နှစ်အတွင််း နတ်ဆိုးမျိုးနွယ်တို့၏ ထိုးစစ်ဆင်မှုများလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။ နတ်ဆိုး ပင်လယ်ပြင်၏ မျက်နှာပြင်များ ခဲနေသည့် ဆောင်းရာသီကာလများတွင်ပင် သူတို့သည် အဆင့်နိမ့်နတ်ဆိုး အမြောက်အမြားကိုသာ အမြှောက်စာအဖြစ် စေလွှတ်ခဲ့ကြသည်။ ယခင်ကကဲ့သို့ ပဉ္စမနှင့် ဆဋ္ဌမမြောက် နတ်ဆိုးအရှင်သခင်ကြီးများက နတ်ဆိုးသန်းပေါင်းများစွာကို ဦးဆောင်ပြီး အကြီးအကျယ် ဝိုင်းရံပိတ်ဆို့ခြင်းမျိုး မဟုတ်တော့ပေ။

ရှန်မို ဤအပြောင်းအလဲက ဘာကို ဆိုလိုသည်မှန်း မသိခဲ့ပါ။ သူ၏ ကံကြမ္မာစနစ်မှာလည်း လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သူ ကံကြမ္မာစနစ်၏ နိယာမကို နားလည်ပြီးသား ဖြစ်၍ အသေးအမွှား အပြောင်းအလဲတိုင်းကို ဖော်ပြပေးမည် မဟုတ်ပေ။ အမှန်စင်စစ် ရှန်မို၏ လက်ရှိအစွမ်းဖြင့် မိမိ၏ ကံကြမ္မာကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထိုအသေးအမွှား အနှောင့်အယှက်များကို ရှန်မို၏ ကိုယ်ပိုင်စွမ်းအားဖြင့် အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိသည်။ ထိုအသေးအမွှား အပြောင်းအလဲများ အစုအဝေး ဖြစ်လာပြီး သူ၏ အနာဂတ်ကို အမှန်တကယ် ပြောင်းလဲနိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိမှသာလျှင် ကံကြမ္မာစနစ်မှ ရောင်ပြန်ဟပ် ပြသမည် ဖြစ်၏။

"ဆက်ပြီး စောင့်ကြည့်နေဖို့ပဲ လိုတာပေါ့"

"ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နှစ်တောင် ကုန်သွားခဲ့ပြီ… ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေလည်း ထပ်ပြီး တိုးတက်လာခဲ့တာ 'နတ်ဘုရားနန်းတော်အဆင့်' ရဲ့ အမြင့်ဆုံး အောင်မြင်မှု အဆင့်ကိုတောင် ရောက်နေပြီ"

"ငါ့ခန္ဓာကိုယ်ထဲမှာ နိုးထလာတဲ့ 'ဧရာမဆင်ပြောင် အမှုန်အမွှား' တွေကလည်း ရှစ်သောင်းအထိ ရှိလာပြီဆိုတော့ ပဉ္စမအဆင့်ကို ရောက်ဖို့အတွက် နောက်ထပ် နှစ်သောင်းပဲ လိုတော့တာ”

ရွှေ့ဝူခံတပ်၏ လက်နက်တိုက်အတွင်း၌ ရှန်မိုတစ်ယောက် သူ့ အခြေအနေကို စစ်ဆေးပြီးနောက် သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ယခုအခါ သူသည် နတ်ဘုရားနန်းတော်အဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ သူ၏ စစ်မှုထမ်းဂုဏ်ထူးမှတ်များလည်း ပြည့်မီနေပြီဖြစ်သဖြင့် မြေကမ္ဘာအဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားအဖြစ် ချက်ချင်း ရာထူးတိုးမြှင့်ခံရနိုင်သည်။

"နတ်ဆိုး ပင်လယ်ပြင်ကို သွားကြတဲ့ အစောပိုင်း အစောင့်တပ်သားတွေ အခု ဘယ်လိုနေကြမလဲ မသိဘူး"

"ငါလုပ်ပေးလိုက်တဲ့ 'မိုးကြိုးအလင်း ဆီမီးအိမ်' တွေက သူတို့ကို အတော်လေး အထောက်အကူ ဖြစ်စေမှာပါနော်"

ရှန်မို သေချာ စဉ်းစားနေမိသည်။

…

နတ်ဆိုး ပင်လယ်ပြင်၊ စတုတ္ထအလွှာ။

စတုတ္ထအလွှာသည် ယခင် သုံးလွှာထက် များစွာ ပိုမိုကျယ်ပြောလှသည်။ ပတ်ဝန်းကျင်မှာလည်း ပို၍ မှောင်မည်းနေ၏။ နတ်ဆိုးများမှာလည်း ပို၍ သန်မာကြသည်။ နှစ်နှစ်တာအတွင်း ခံတပ်ဆယ်ခုမှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် တတိယအလွှာရှိ ကင်းစခန်းများမှ စတုတ္ထအလွှာသို့သာ ရွှေ့ပြောင်းနိုင်ခဲ့ကြပြီး အခြေခံကင်းစခန်း အနည်းငယ်ကိုသာ တည်ဆောက်နိုင်ခဲ့ကြသည်။ ထို့နောက်တွင်တော့ သူတို့သည် ရှည်လျားလှသော အခြေအနေမလှသည့် တိုက်ပွဲများအတွင်းသို့ ကျရောက်သွားကြတော့၏။

ထိုအခြေခံကင်းစခန်းများသည် တစ်နေ့တွင် နတ်ဆိုးများ၏ သိမ်းပိုက်ခြင်းကို ခံရလိုက်၊ နောက်တစ်နေ့တွင် ပြန်လည်သိမ်းပိုက်လိုက်၊ နောက်တစ်နေ့တွင် ထပ်ပြီး အသိမ်းခံရလိုက်နှင့် သံသရာလည်နေခဲ့သည်။ သို့သော် ထိုအပြန်အလှန် တိုက်ခိုက်မှုများကြားတွင် ခံတပ်တစ်ခုမှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် ထူးဆန်းသော ဆီမီးအိမ်များကို အသုံးချကာ အခြားသူများထက် သာလွန်သော စွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့ကြ၏။ သူတို့၏ ကင်းစခန်းအခြေခံကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး တရားဝင် ဆောက်လုပ်ရေးလုပ်ငန်းများကိုပင် စတင်နိုင်ခဲ့ကြသည်။

ကျားဖြူခံတပ်၏ ကင်းစခန်း။ ပုံရိပ်ဆယ်ဂဏန်းခန့်သည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော အဆင့်နိမ့်နတ်ဆိုးများကို အသည်းအသန် သတ်ဖြတ်နေကြသည်။ မျိုးပွားနှုန်း မြန်ဆန်လှသော ဤအမြှောက်စာများကို ခိုင်ခံ့သော နတ်ဆိုးနှိမ်နင်းရေး ခံတပ်များအတွင်း၌သာ တွေ့ဆုံရမည်ဆိုပါက လက်နက်ကိရိယာများ၏ အကူအညီဖြင့် ကြက်ကလေးများကဲ့သို့ ချေမှုန်းပစ်နိုင်မည်ဖြစ်သည်။

သို့သော် ဤနေရာကား...

နတ်ဆိုး ပင်လယ်ပြင်၏ စတုတ္ထအလွှာ ဖြစ်သည်။ သိပ်သည်းလှသော နတ်ဆိုးအရှိန်အဝါများ ဝန်းရံနေသဖြင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ အတော်လေး အားနည်းနေကြ၏။ ရန်သူမှာ ပိုသန်မာလာပြီး မိမိတို့ဘက်က အားနည်းသွားသဖြင့် အဆင့်နိမ့်နတ်ဆိုး တစ်ကောင်ကိုပင် ပြတ်ပြတ်သားသား သတ်ဖြတ်ရန် အလွန်ခက်ခဲလှသည်။ ထို့ကြောင့်ပင် ကင်းစခန်းတည်ဆောက်ရေးမှာ အလွန်ပင်ပန်းဆင်းရဲလှသော အလုပ်တစ်ခု ဖြစ်ခဲ့ရသည်။

ကျားဖြူခံတပ်မှ ပုံရိပ်ဆယ်ဂဏန်းခန့်ကြားတွင် ကျော့ရှင်းလှပသော ပုံရိပ်တစ်ခု သိသိသာသာ ထင်ရှားနေသည်။

သူသည် အသက်ဝိညာဉ်များကို ရိတ်သိမ်းနေသော သေမင်းကဲ့သို့ပင် အရိပ်များကြားတွင် လှည့်လည်သွားလာနေ၏။ သူ ပေါ်လာတိုင်းတွင် ခရမ်းနက်ရောင် နတ်ဆိုးသွေးများ ပန်းထွက်လာပြီး နတ်ဆိုးအလောင်း တစ်ခု လဲကျသွားလေ့ရှိသည်။ အလှမ်းဝေးသော နေရာမှ နတ်ဆိုးဧကရာဇ် အချို့သည် ထိုပုံရိပ်၏ လုပ်ကြံခြင်းကို ခံရမည်စိုးသဖြင့် အနားသို့ မကပ်ရဲဘဲ ကြောက်ရွံ့ဒေါသထွက်စွာ ကြည့်နေကြသည်။

အတန်ကြာပြီးနောက် ထိုကျော့ရှင်းသော ပုံရိပ်မှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရပြီး အဖွဲ့သားများရှိရာသို့ ပြန်လာခဲ့သည်။

"မမ ရွှယ်ကျီယီ ကတော့ တကယ်ကို အံ့ဩစရာပဲ"

"သူက အဆင့်နိမ့်နတ်ဆိုးဗိုလ်ချုပ် ငါးဆယ်ကျော်ကို ဆက်တိုက်သတ်ခဲ့သလို နတ်ဆိုးစစ်သူကြီး လေးပါးနဲ့ နတ်ဆိုးဘုရင် နှစ်ပါးကိုပါ သတ်ခဲ့တာ… အခုတော့ တခြားနတ်ဆိုးတွေ အနားတောင် မကပ်ရဲကြတော့ဘူး"

"မမ ရွှယ်ကျီယီ ရှိနေလို့သာ တော်တော့တယ်… မဟုတ်ရင် ငါတို့ တတိယအလွှာကို အခုလောက်ဆို ပြန်ဆုတ်နေရလောက်ပြီ"

ကျားဖြူခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများအားလုံး စိတ်ရင်းဖြင့် ချီးကျူးလိုက်ကြသည်။ ထိုကျော့ရှင်းသော ပုံရိပ်ကို ကြည့်သည့် သူတို့၏ အကြည့်များမှာ အထင်ကြီးလေးစားမှုနှင့် တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ ဤကဲ့သို့သော အမျိုးသမီးမျိုးနှင့် ကျင့်ကြံဖော် ဖြစ်ခွင့်ရမည်ဆိုလျှင် ဘာများ ထပ်လိုဦးမည်နည်း။

ရွှယ်ကျီယီ သည် သူ့ ဘယ်ဘက်ဝမ်းဗိုက်ကို အသာအယာ ဖိထားလိုက်သည်။ ထိုနေရာမှ သွေးအချို့ စိမ့်ထွက်နေပြီဖြစ်၏။ သူ ဒဏ်ရာရသွားခဲ့ပြီ။ ကိုယ်ယောင်ဖျောက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦးအနေဖြင့် ရှေ့တန်းမှ အကြီးအကျယ် ရင်ဆိုင်တိုက်ခိုက်ရခြင်းမှာ သူ့ အားသာချက် မဟုတ်ပေ။ သို့သော် သူ ဒုတိယအသုတ် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားအဖြစ် နတ်ဆိုး ပင်လယ်ပြင်၏ စတုတ္ထအလွှာသို့ သွားရန် အမိန့်ပေးခံရသဖြင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်သည်။ ကျားဖြူခံတပ်မှာ ဂိုဏ်းများစွာဖြင့် ပြည့်နှက်နေသည်။ ပြင်ပလူတစ်ယောက်အနေဖြင့် သူ ဖယ်ကြဉ်မခံရစေရန် ဂိုဏ်းတစ်ခုခုနှင့် ပူးပေါင်းထားရသည်။ ၎င်းအတွက် ပေးဆပ်ရသည့် အဖိုးအခမှာ ထိုဂိုဏ်းအတွက် ရှေ့တန်းတိုက်ခိုက်ရေးသမားအဖြစ် အမှုထမ်းရခြင်းပင်။ နတ်ဆိုး ပင်လယ်ပြင်၏ စတုတ္ထအလွှာအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်၍ ကင်းစခန်း တည်ဆောက်ရသည့် အလုပ်မျိုးမှာ သူ့လိုလူများ၏ ပုခုံးပေါ်သို့ သဘာဝအတိုင်း ကျရောက်လာခဲ့သည်။

ရွှယ်ကျီယီ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး နတ်ဆိုးအရှိန်အဝါများ အဆုတ်အတွင်းသို့ ဝင်သွားသဖြင့် အနည်းငယ် မွန်းကြပ်သွားသည်။ သူ့နှလုံးသားမှာ ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေ၏။

သူ ဘာကြောင့် ဤကဲ့သို့ ဆင်းရဲဒုက္ခ ခံစားနေရသနည်း။

ထိုစဉ် သူ့ မျက်လုံးထောင့်မှ မလှမ်းမကမ်းရှိ အလင်းရောင်တစ်ခုကို သတိထားမိလိုက်သည်။ ထိုနေရာတွင် ကင်းစခန်းတစ်ခု ရှိနေသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်အုပ်စုမှာ ကင်းလှည့်ခြင်းနှင့် နတ်ဆိုးများကို မောင်းထုတ်ခြင်းများကို တာဝန်ယူထား၏။ အခြားတစ်အုပ်စုမှာမူ တည်ဆောက်ရေးကိုသာ အာရုံစိုက်ကာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေကြသည်။ သူတို့၏ ခါးတွင် ချိတ်ထားသော ဆီမီးအိမ်များမှာ အတော်လေး ထူးဆန်းလှ၏။ ၎င်းတို့သည် နတ်ဆိုးအရှိန်အဝါများကို ဖယ်ရှားပေးနိုင်သည့် (၆) ပေခန့် ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို ယာယီ ဖန်တီးပေးထားသည်။ ထို့ကြောင့်ပင် ထိုကင်းစခန်းရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် အထိအခိုက် အလွန်နည်းပါးပြီး သူတို့၏ တည်ဆောက်ရေးမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။ အင်အားအကြီးဆုံးဟု လူသိများသော 'သွေးနတ်ဘုရားခံတပ်' ပင်လျှင် ထိုအရှိန်ကို မမီပေ။

ကျားဖြူခံတပ်တွင်လည်း ဤကဲ့သို့သော ထူးဆန်းသည့် ဆီမီးအိမ်များ ရှိပါသည်။ ၎င်းတို့ကို နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီး 'ပိုင်ကျူလျဲ့' က သူ၏ ကိုယ်ပိုင် 'ကျားဖြူစွမ်းအား' ကို အသုံးပြု၍ သွန်းလုပ်ခဲ့ခြင်း ဖြစ်၏။ သို့သော် ဆီမီးအိမ်တစ်လုံး သွန်းလုပ်ရန်အတွက် ပိုင်ကျူလျဲ့မှာ ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအားများအား ပြန်လည်ဖြည့်တင်းရန် အချိန်အတော်ကြာ အနားယူရသည်။ ရလဒ်အနေဖြင့် ဆီမီးအိမ် အနည်းငယ်သာ ရရှိခဲ့ပြီး လူတိုင်း မသုံးနိုင်ပေ။ ရွှယ်ကျီယီ ပူးပေါင်းထားသော အဖွဲ့၏ တပ်မှူးမှာ ဆီမီးအိမ်တစ်လုံး ရရှိခဲ့သော်လည်း ၎င်းကို ရွှယ်ကျီယီ အား မပေးခဲ့ဘဲ သူ၏ ယုံကြည်ရသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦးအား ပေးခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ထိုမောက်မာသော အမျိုးသားသည် ဆီမီးအိမ်ကို ကိုင်ဆောင်ကာ နတ်ဆိုးများကို လိုက်လံသတ်ဖြတ်ရင်း ပြန်မလာတော့သည်အား ရွှယ်ကျီယီ မြင်တွေ့ခဲ့ရ၏။

"ဟိုဘက်က လူတွေက ဘယ်ခံတပ်ကလဲ"

ရွှယ်ကျီယီ ရုတ်တရက် မေးလိုက်သည်။ အနားရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတစ်ဦးမှ အဆင့်နိမ့်နတ်ဆိုး တစ်ကောင်ကို တစ်ပိုင်းစီဖြစ်အောင် ခုတ်ပိုင်းလိုက်ပြီးနောက် လှမ်းကြည့်ကာ ပြန်ဖြေသည်။

"သူတို့က ရွှေ့ဝူခံတပ်က နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတွေလေ"

သူက မနာလိုစွာဖြင့် ပြောသည်။

"သူတို့ အဲ့ဒီဆီမီးအိမ်တွေကို ဘယ်ကရတာလဲဆိုတာ ငါ တကယ် သိချင်မိတယ်… လူတိုင်းမှာ တစ်လုံးစီ ရှိနေတာ"

"ငါကြားတာတော့ ရွှေ့ဝူခံတပ်မှာ လက်နက်သွန်းလုပ်တာ အရမ်းကျွမ်းကျင်တဲ့ လူငယ်တစ်ယောက် ရှိတယ်တဲ့… အဲ့ဒီဆီမီးအိမ်တွေက သူလုပ်ပေးတာ ဖြစ်နိုင်တယ်"

သူပြောပြီးနောက် အခြား အစောင့်တပ်သား တစ်ဦးမှ ဝင်၍

"ကျွန်တော် မှတ်မိတယ်… ကျွန်တော်မှတ်မိတယ်… အဲ့ဒီ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား နာမည်က ရှန်မိုတဲ့… သူက တကယ့်ကို အံ့ဩစရာပဲ… သာမန် အဝါရောင်အဆင့်ကနေ မြေကမ္ဘာအဆင့်သတ်မှတ်ချက် ရဲ့ ဒုတိယနေရာအထိ တက်လှမ်းနိုင်ခဲ့တာ… ငါတို့ လူသားမျိုးနွယ်အတွက် တကယ့်ကို ဂုဏ်ယူစရာပဲ”

အစောင့်တပ်သား တစ်ဦးမှာ ရယ်မောရင်း

"ဟားဟားဟား… ဟုတ်တာပေါ့… ဒါပေမဲ့ နှမြောစရာပဲ… အကယ်၍ အဲ့ဒီ ရှန်မိုသာ ကျွန်တော်တို့ ကျားဖြူခံတပ်က ဖြစ်မယ်ဆိုရင် သိပ်ကောင်းမှာပဲ"

ရွှယ်ကျီယီ ၏ မျက်နှာမှာ မည်သည့်အမူအရာမှ မရှိဘဲ တည်ငြိမ်နေသည်။

ရှန်မို... ရှန်မို... လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ ထိုနာမည်ကို မရေမတွက်နိုင်အောင် ကြားခဲ့ဖူးသည်။ သို့သော် သူ့ မှတ်ဉာဏ်ထဲတွင် ရှန်မိုနှင့် လုံးဝ ဆက်စပ်မစဉ်းစားခဲ့ပေ။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ သူ မှတ်မိသော ရှန်မိုမှာ ကြီးမားသော ခွန်အားရှိသည့်အပြင် ဆေးဖော်စပ်ခြင်းတွင် အလွန်ထူးချွန်သော ကျင့်ကြံသူတစ်ဦး ဖြစ်၏။ အကယ်၍ သူမ မှတ်မိသော ရှန်မိုသာဆိုလျှင် သူသည် တိုက်ပွဲမြေပြင် ဒါမှမဟုတ် ဆေးဖော်စပ်ခြင်း နယ်ပယ်မှာပဲ နာမည်ကြီးလာလိမ့်မည်ဖြစ်ပြီး လက်နက်တိုက်ထဲ၌ လက်နက်တွေနဲ့ ဗျာများနေမည် မဟုတ်ပေ။

လူတစ်ယောက် မည်မျှ ပါရမီပါပါ၊ မည်မျှ မမောမပန်း ကြိုးစားပါစေ၊ နယ်ပယ်ပေါင်းစုံ အားလုံးကို ဆရာတစ်ဆူဖြစ်အောင် တတ်မြောက်ရန် မဖြစ်နိုင်ပေ။

ဒါဟာ တကယ့် ဟာသပင်။

"နာမည်တူတာပဲ ဖြစ်မှာပါ… ရှန်မို ဆိုတဲ့ နာမည်က ရှားမှမရှားတာ"

ရွှယ်ကျီယီမှာ ထိုအကြောင်းကို အကြာကြီး မစဉ်းစားတော့ဘဲ ခဏမျှ အနားယူပြီးနောက် တိုက်ပွဲအတွင်းသို့ ပြန်လည်ဝင်ရောက်သွားလေတော့သည်။

Chapter 450: မြေအောက်ကမ္ဘာလှံတံ

လှိုင်းတံပိုးများ ထန်နေသော်လည်း အချိန်ကား တည်ငြိမ်အေးဆေးစွာ စီးဆင်းသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြန်ပြီ။

နတ်ဆိုး ပင်လယ်ပြင်၊ ဆဋ္ဌမအလွှာ။

အန်းချန်သည် နတ်ဆိုးနန်းတော်၏ အထက်တွင် ရပ်လျက် ကျယ်ပြော မှိုင်းညှို့နေသည့် ပင်လယ်ပြင်ကို တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ငေးကြည့်နေသည်။ သူ၏ နောက်ကွယ်တွင် နတ်ဆိုးတစ်ကောင်မှာ ဝပ်လျှိုး ခစားနေ၏။

"မင်းက ပိုပြီး နက်ရှိုင်းတဲ့ နေရာတွေမှာ သွားပြီး ကျင့်ကြံချင်တာလား..."

အတန်ကြာမှ အန်းချန် ခပ်အေးအေးပင် မေးလိုက်သည်။

"သတ္တမအလွှာနဲ့ အဋ္ဌမအလွှာတွေမှာ ငါ့ရဲ့ ဩဇာအာဏာက နည်းတယ်… အဲ့ဒီမှာ မင်း အန္တရာယ်တွေ့ရင် ဘယ်သူမှ ကူညီနိုင်မှာ မဟုတ်ဘူး"

"ဒါ့အပြင် အဲ့ဒီက နတ်ဆိုးစိတ်ဝင်နေတဲ့ ပင်လယ်သားရဲတွေက ထိန်းချုပ်လို့ မရဘူး… တချို့ဆိုရင် ငါကိုယ်တိုင်တောင် အလွယ်တကူ ရန်မစရဲတဲ့ အကောင်တွေပါတယ်"

"မင်း သေသေချာချာ စဉ်းစားပြီးပြီလား"

အန်းဖန်မှ လေးနက်စွာဖြင့်

"ခမည်းတော်နတ်ဆိုး… ကျွန်တော် သတ္တမအလွှာကို သွားပြီး ကျင့်ကြံဖို့ ဆန္ဒရှိပါတယ်"

"ကျွန်တော့်ရဲ့ အလားအလာကို ကျွန်တော် ယုံကြည်ပါတယ်… ကျွန်တော် ပြန်လာတဲ့အချိန်ကျရင် 'ကောင်းကင်ဘုံအထွတ်အထိပ် စစ်မှန်သော နတ်ဆိုးဧကရာဇ်' အဆင့်ကို သေချာပေါက် ရောက်နေပါလိမ့်မယ်"

အန်းချန် ခပ်ဖွဖွ ခေါင်းငြိမ့်ပြီး လှည့်ကြည့်ကာ

"မဆိုးဘူး… မင်းရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်ကို ငါသဘောကျတယ်"

သူသည် နတ်ဆိုးအနှစ်သာရ သွေးတစ်စက်ကို ထုတ်ပေးလိုက်ပြီး

"ရော့… ဒါက မင်း မထွက်ခွာခင် ငါပေးတဲ့ နောက်ဆုံးလက်ဆောင်ပဲ"

"ဒါ့အပြင် မင်းနဲ့အတူ အစောင့်အဖြစ် 'စစ်မှန်သော နတ်ဆိုးဧကရာဇ်' နှစ်ပါးကို ခေါ်သွားနိုင်တယ်"

အန်းဖန် ရိုသေစွာ ဦးညွှတ်လိုက်ပြီး

"ကျေးဇူးတင်ပါတယ် ခမည်းတော်နတ်ဆိုး"

သူ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

အန်းချန် ဘာမှထပ်မပြောဘဲ သူ၏ ကျောပြင်ကို ကြည့်နေမိ၏။ အန်းဖန်သည် သူ၏ လက်အောက်ခံ နတ်ဆိုးအရှင်သခင်ကြီးများ၏ မြောက်မြားစွာသော သားမြေးများထဲမှ တစ်ဦးမျှသာ ဖြစ်သည်။ သူ၏ အဆင့်အတန်းမှာ နတ်ဆိုးအရှင်သခင်ကြီး တစ်ပါး၏ တိုက်ရိုက်တော်စပ်သော သားဖြစ်သူနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။ သို့သော် အန်းဖန်မှာ အခြားနတ်ဆိုးများနှင့် မတူပေ။ စာဖတ်ဝါသနာပါပြီး ဦးနှောက်ရှိသည်။ ဤအချက်ကြောင့်ပင် အန်းချန် သူ့ကို အနည်းငယ် မျက်နှာသာပေးကာ ပြုစုပျိုးထောင်ပေးလိုခြင်း ဖြစ်၏။ သို့သော်လည်း သူ၏ သားမြေးများကြားရှိ အာဏာလုပွဲများတွင်မူ သူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ အန်းဖန်သည် အင်အားနည်းပြီး လက်အောက်ခံ နည်းပါးသဖြင့် ထိုအာဏာလုပွဲများတွင် သဘာဝအတိုင်း အားနည်းချက် ရှိနေပေလိမ့်မည်။ ယခုအခါ သူကိုယ်တိုင် နတ်ဆိုး ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံးနေရာအထိ သွားရောက်ကာ နတ်ဆိုးစိတ်ဝင်နေသည့် ပင်လယ်သားရဲများနှင့် တိုက်ခိုက်ကျင့်ကြံလိုသည်ကို မြင်ရသောအခါ အန်းချန် အတော်လေး ကျေနပ်သွားမိသည်။

"ဒါကို အပိုခြေလှမ်းတစ်ခုလို့ပဲ သဘောထားလိုက်ပါတော့"

"သူက ငါ့အတွက် အံ့ဩစရာတစ်ခုခု သယ်ဆောင်လာပေးနိုင်ဖို့ မျှော်လင့်ရတာပဲ"

အန်းချန်သည် ထွက်ခွာသွားသော အန်းဖန်၏ ပုံရိပ်ကို တိတ်တဆိတ် ကြည့်နေသည်။

ထိုစဉ် ဝေးရာမှ ပုံရိပ်နှစ်ခု အရှိန်အဟုန်ဖြင့် နီးကပ်လာသည်။ ဘယ်ဘက်မှ ပုံရိပ်မှာ မြင့်မားသန်မာပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ အရေပြားအောက်တွင် ဧရာမသန်ကောင်များ တွန့်လိမ်နေသကဲ့သို့ ဖောင်းကားနေ၏။ ညာဘက်မှ ပုံရိပ်မှာမူ ခြေလေးချောင်း ပေါက်နေသည့် ငါးမန်းတစ်ကောင်နှင့် တူနေ၏။

ဘယ်ဘက်မှ စစ်မှန်သော နတ်ဆိုးဧကရာဇ်မှ

"အရှင်မင်းကြီးကို သတင်းပို့အပ်ပါတယ်… ကျွန်တော်က စတုတ္ထမြောက် နတ်ဆိုးအရှင်သခင်ကြီးရဲ့ လက်အောက်ကဖြစ်ပြီး အရှင်သခင်ကြီးရဲ့ အမိန့်နဲ့ ရောက်လာတာပါ"

အန်းချန် ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်ပြီး

“ပြောပါ"

"မှန်လှပါ"

ထိုအခါမှ ညာဘက်မှ စစ်မှန်သော နတ်ဆိုးဧကရာဇ်က

"ဆဋ္ဌမအရှင်သခင်ကြီး… ကျွန်တော့်နာမည်က အန်းကျန့်မန်ပါ… အရှင် အလိုရှိတဲ့အရာကို ကျွန်တော် ယူဆောင်လာခဲ့ပါတယ်"

အန်းချန် ခေါင်းငြိမ့်ပြသည်။ အန်းကျန့်မန်မှာ ပါးစပ်ကို ဟလိုက်ပြီး သူ၏ ဝမ်းဗိုက်ထဲမှ ကျောက်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်၏။ သေတ္တာကို ပင်လယ်ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် ဖွင့်၍ အန်းချန်အား ဆက်သလိုက်သည်။

သေတ္တာအတွင်း၌ ကြည်လင်နေသော ခရမ်းရောင် ပုံဆောင်ခဲတစ်တုံး ရှိနေသည်။ ပုံဆောင်ခဲအတွင်း၌ ခရမ်းနက်ရောင် အမှုန့်တစ်စု ရှိနေ၏။

အန်းချန် သေချာကြည့်၍

“ဒါက 'ကျိန်စာမှုန့်' လား… 'ယုတ်မာသော ကျိန်စာ' အာဏာစက်အောက်မှာ အန်းကျိန်က ဖန်တီးထားတာလား"

အန်းကျန့်မန် ခေါင်းငြိမ့်ပြကာ

"ပစ်မှတ်ရဲ့ ပိုင်ဆိုင်မှုတစ်ခုခုကို ဒီကျိန်စာမှုန့်နဲ့အတူ မီးရှို့လိုက်ရုံနဲ့ ပစ်မှတ်ကို သတ်နိုင်ပါတယ်"

"အဝတ်အစား၊ ဆံပင် ဒါမှမဟုတ် သွေး ဖြစ်နိုင်ပါတယ်… ဆံပင်က အထိရောက်ဆုံးဖြစ်ပြီး သွေးက ဒုတိယ၊ အဝတ်အစားကတော့ တတိယပေါ့"

"ကျိန်စာမှုန့်ကို ရှို့တဲ့အချိန်မှာ ပစ်မှတ်နဲ့ နီးလေလေ အစွမ်းက ပိုထက်မြက်လေပါပဲ"

"အရှင်သခင်ကြီးက ပြောသေးတယ်… ခံတပ်တွေရဲ့ ကာကွယ်ရေး အစီအရင်တွေက ဒီအမှုန့်ရဲ့ အစွမ်းကို အနည်းငယ် အားနည်းစေနိုင်တယ်တဲ့… ဒါကြောင့် ခံတပ်ထဲမှာ သုံးတာက အကောင်းဆုံးပဲလို့ ပြောပါတယ်"

ထိုအကြောင်းကို ကြားပြီးနောက် အန်းချန် ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်။ သူ၏ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ပုံဆောင်ခဲသော့တစ်ချောင်းမှာ သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ သူ ထိုသော့ကို ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်၍ အန်းကျန့်မန် အလျင်အမြန် ဖမ်းယူလိုက်၏။ အန်းချန်မှ

“ဒါက 'အသားနှင့်သွေးတွင်း' ရဲ့ သော့ပဲ… သဘောတူထားတဲ့အတိုင်း အခုကစပြီး ဒါက အန်းကျိန်ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ"

အန်းကျန့်မန် ရိုသေစွာဖြင့်

"မှန်လှပါ"

အန်းချန် ခဏမျှ စဉ်းစားပြီး သူ၏ ခါးရှိ ကျောက်စိမ်းပြားကို တစ်ချက် နှိပ်လိုက်သည်။ မကြာမီမှာပင် သန်မာထွားကြိုင်းသော ပုံရိပ်တစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။

"ခမည်းတော်နတ်ဆိုး… ဘာများ အမိန့်ရှိပါသလဲ”

အန်းချန် တည်ငြိမ်စွာဖြင့်

"အန်းကျန့်ယွမ်… မင်းအတွက် မစ်ရှင်တစ်ခု ရှိတယ်… ဒါကို အောင်မြင်အောင် လုပ်နိုင်ရင် မင်းကို 'နတ်ဆိုးအရှင်သခင်ကြီး' ရဲ့ အနှစ်သာရ သွေးတစ်စက် ဆုချမယ်"

အန်းကျန့်ယွမ်မှာ အလွန်ဝမ်းသာသွားပြီး

"အမိန့်ပေးပါ ခမည်းတော်နတ်ဆိုး”

အန်းချန် သေတ္တာကို သူ့ထံသို့ ပစ်ပေးလိုက်ပြီး ကျိန်စာမှုန့် အသုံးပြုပုံကို အသေးစိတ် ရှင်းပြလိုက်သည်။ နောက်ဆုံးတွင် သူက

"မီးလျှံနဂါး တိမ်တိုက်သင်္ဘောကို ဖန်တီးခဲ့တဲ့ ရှန်မိုကို သတ်ရမယ်… ဒါက မင်းရဲ့ တာဝန်ပဲ"

အန်းကျန့်ယွမ် လေးနက်စွာဖြင့်

"မှန်လှပါ… ကျွန်တော် သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါ့မယ်… သတင်းကောင်းကို စောင့်မျှော်နေပါ”

အန်းကျန့်ယွမ်သည် အမိန့်ကို လက်ခံကာ ထွက်ခွာသွားတော့သည်။

အန်းချန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်၏။ ကျိန်စာမှုန့်မှာ 'ယုတ်မာသော ကျိန်စာ' အာဏာစက်ကို သုံးပြီး အန်းကျိန်က ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းကို ကာကွယ်ရန် မဖြစ်နိုင်သလို သေစေနိုင်စွမ်းလည်း အလွန်မြင့်မားသည်။ သူကိုယ်တိုင်ပင်လျှင် အန်းကျိန် နှင့် လွယ်လွယ်ကူကူ ထိပ်တိုက်မတွေ့လိုပေ။ ထိုရှန်မိုကို သတ်ခြင်းမှာ သာမန် အလုပ်လေးတစ်ခုမျှသာ ဖြစ်၏။ သာမန် ရှန်မိုဆိုသည်မှာ သူ၏ ကြီးကျယ်လှသော အစီအစဉ်များထဲတွင် ထည့်သွင်းစဉ်းစားစရာပင် မလိုပေ။ အလွန်ဆုံးရှိလှ သူသည် သေးငယ်သော အပြောင်းအလဲ တစ်ခုမျှသာ ဖြစ်သည်။

"ငါ့ရဲ့ ရည်မှန်းချက်တွေက ဒီနတ်ဆိုး ပင်လယ်ပြင်ထက် အများကြီး ပိုကျယ်ပြောသလို ဒီကမ္ဘာငယ်လေးထက်လည်း အများကြီး ပိုမြင့်မားတယ်..."

သူသည် ခေါင်းကိုမော့ကာ အထက်မှ မှောင်မည်းနေသော အမိုးခုံးကြီးကို ငေးကြည့်လိုက်၏။ သူ၏ အကြည့်များမှာ ပင်လယ်ပြင်ကို ဖောက်ထွက်ကာ၊ ကောင်းကင်ယံကို ဖြတ်ကျော်ပြီး အဆုံးမရှိသော ဟင်းလင်းပြင်ကြီးထဲသို့ ရောက်ရှိနေသကဲ့သို့ပင်။

...

ရွှေ့ဝူခံတပ်၊ လက်နက်တိုက်။

ရှန်မိုသည် မျက်လုံးများကို တင်းတင်းပိတ်ကာ ထိုင်နေပြီး သူ၏ ပတ်ဝန်းကျင်တွင် အငွေ့များ ထွက်ပေါ်နေ၍ အသားအရည်မှာ နီရဲပြီး ပူလောင်နေသည်။ ၎င်းမှာ ပေါင်းအိုးထဲတွင် ထိုင်နေရသကဲ့သို့ပင် ဖြစ်၏။ သူ့ ခန္ဓာကိုယ်အတွင်း၌ ဧရာမဆင်ပြောင်ကြီးများ၏ ဟိန်းဟောက်သံများမှာ မပြတ်ထွက်ပေါ်နေသည်။ ၎င်းမှာ ဧရာမဆင်ပြောင်ပေါင်း များစွာသည် ဟင်းလင်းပြင်ကို နင်းခြေပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းဝင်ရောက်နေသကဲ့သို့ ခံစားရသည်။

ရှန်မို၏ အသားထဲတွင် 'ဧရာမဆင်ပြောင် အမှုန်အမွှား' များမှာ တစ်ခုပြီးတစ်ခု နိုးထလာနေသည်။ ယခုအခါ နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိလာပြီ ဖြစ်၏။ တစ်သိန်းမြောက်သော ဧရာမဆင်ပြောင် အမှုန်အမွှားမှာ တရဟော စီးဆင်းလာသော သွေးစွမ်းအင်များကို အတင်းအကျပ် တွန်းလှန်နေသည်။

"ငါ့အတွက် ပွင့်စမ်း”

ရှန်မို အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ နဖူးတွင် သွေးကြောများမှာ ဖောင်းတက်နေ၏။

ဝုန်း!

တစ်သိန်းမြောက်သော ဧရာမဆင်ပြောင် အမှုန်အမွှားမှာ မိုင်ထောင်ချီရှည်သော ဆည်ကြီးတစ်ခုကဲ့သို့ ခိုင်မာနေသော်လည်း အားကောင်းလှသော သွေးစွမ်းအင် ရေလှိုင်းကြီးများ၏ အောက်တွင် နောက်ဆုံး၌ ပြိုပျက်သွားခဲ့ရပြီ ဖြစ်သည်။

ဒိန်း!

ထိုအခိုက်အတန့်တွင် ရှန်မို မိမိကိုယ်မိမိ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံကာ၊ မြစ်ချောင်းအင်းအိုင်များကဲ့သို့ ခန့်ညားပြီး၊ ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင် ရွှေရောင်ကျမ်းစာများမှာ လျှပ်စီးလက်သကဲ့သို့ ဖျတ်ခနဲ ပေါ်လာသည်။ ရှန်မို၏ စိတ်ဓာတ်မှာ လှုပ်ရှားသွားပြီး သွေးစွမ်းအင်များလည်း ပေါင်းစည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် 'ဝိညာဉ်ဖျက်ဆီးသော သွေးလှံ' အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူ သွေးစွမ်းအင်များကို ထပ်မံ အားဖြည့်လိုက်ရာ သွေးလှံကို ဖုံးလွှမ်းသွားသည်။ သွေးလှံသည် ချက်ချင်းပင် ကြီးမားသော အသွင်ပြောင်းလဲမှုကို ကြုံတွေ့လိုက်ရ၏။

လှံသွားမှ နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ လှံ၏ အနောက်ဘက်မှမူ တောက်ပလှသော သန့်စင်သည့် အလင်းတန်းများ ဖြာထွက်နေသည်။ ၎င်းမှာ မြေအောက်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာမှ ဆယ်ယူလာသော ရှေးဟောင်း နတ်ဆိုးလှံတစ်စင်းနှင့် တူနေသလို၊ တစ်ချိန်တည်းမှာပင် နတ်ဘုရားနန်းတော်တွင် ပူဇော်ထားသော မြင့်မြတ်သည့် လှံတော်တစ်စင်းနှင့်လည်း တူနေပြန်သည်။

ရှန်မိုသည် တောက်ပသော မျက်လုံးများဖြင့် ထိုလှံကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"နတ်ဘုရားဆင်ပြောင် အကျဉ်းထောင်နှိမ်နင်းရေး စွမ်းအား ပဉ္စမအဆင့် ဧရာမဆင်ပြောင် တစ်သိန်းရဲ့ စွမ်းအား"

"မြေအောက်ကမ္ဘာ နတ်ဘုရားလှံ”

လှံဦးကို ကြည့်လိုက်ရုံနှင့်ပင် သူ၏ မျက်လုံးထဲသို့ စူးရှသော အငွေ့အသက်အချို့ ဝင်ရောက်လာသည်ကို ခံစားရသည်။ အကယ်၍ သူ ဤ 'မြေအောက်ကမ္ဘာ နတ်ဘုရားလှံ' ကို သူ့ အနှစ်သာရ သွေးဖြင့် ပေါင်းစည်းကာ ယခင်က သူတိုက်ခိုက်ခဲ့သော 'ကောင်းကင်ဘုံအထွတ်အထိပ် စစ်မှန်သော နတ်ဆိုးဧကရာဇ်' နှင့် ရင်ဆိုင်ရမည်ဆိုပါက အခွင့်အရေးရသည်နှင့် တစ်ချက်တည်း ထိုးဖောက်ရုံဖြင့် ထိုနတ်ဆိုးကို သတ်ဖြတ်နိုင်ပေလိမ့်မည်။ မြေအောက်ကမ္ဘာ နတ်ဘုရားလှံ၏ စွမ်းအားမှာ နတ်ဆိုး၏ နှလုံးသားကို ချက်ချင်းချေမှုန်းပြီး သူ၏ စွမ်းအားအရင်းအမြစ်ကိုပါ လုံးဝ ဖျက်ဆီးပစ်ရန် လုံလောက်လှ၏။

သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ ယင်း၏ စွမ်းအားမှာ 'ဝိညာဉ်ဖျက်ဆီးသော သွေးလှံ' ထက် များစွာ ပိုမိုသာလွန်နေသည်ဟု ထင်ရှားလှသည်။ မျှော်လင့်ထားသည့်အတိုင်းပင်။ နတ်ဘုရားဆင်ပြောင် အကျဉ်းထောင်နှိမ်နင်းရေး စွမ်းအားတွင် အဆင့်တစ်ခု တိုးတက်တိုင်း သူ ကြီးမားသော ခွန်အားများကို ရရှိစမြဲဖြစ်သည်။

"ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက် နောက်တစ်ခါ ပေါ်လာရင်တော့ နတ်ဘုရားဆင်ပြောင် အကျဉ်းထောင်နှိမ်နင်းရေး စွမ်းအားရဲ့ ဆဋ္ဌမအဆင့် ကျင့်စဉ်ကို သေချာပေါက် လဲလှယ်ရမယ်"

"ဆဋ္ဌမအဆင့်မှာ ဘယ်လို နည်းစနစ်မျိုး ပါလာမလဲဆိုတာ တကယ် သိချင်မိတယ်"

ရှန်မို၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ပဉ္စမအဆင့်၏ 'မြေအောက်ကမ္ဘာ နတ်ဘုရားလှံ' ကပင် ဤမျှ အစွမ်းထက်နေလျှင်၊ ဆဋ္ဌမအဆင့်၏ နည်းစနစ်မှာမူ စိတ်ကူးကြည့်၍ပင် မရလောက်အောင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်!

"ဟူး..."

ရှန်မိုတစ်ယောက် သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် ထုံးစံအတိုင်း သူ၏ ကံကြမ္မာစနစ်ကို စစ်ဆေးကြည့်၏။ ကံကြမ္မာမှာ ဘယ်အချိန် ပြောင်းလဲသွားမလဲ မသိနိုင်သဖြင့် သူ နေ့စဉ် စစ်ဆေးလေ့ရှိသည်။

"ဟင်… ငါ့ရဲ့ အဝတ်အစားကို ယူပြီး ငါ့ကို တိတ်တဆိတ် ကျိန်စာတိုက်မလို့လား"

သူ 'လတ်တလော အလှည့်အပြောင်း' တစ်ခုကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် လေးနက်သွားလေတော့သည်။

All Chapters