နတ်ဘုရားများ၏ တိုက်ပွဲ
Vol. 50 Ch. 736
"မစ္စတာကျန်း"
မုန့်ထျန်းဟယ်ကမူ လက်မခံနိုင်ဘဲ ငြင်းနေဆဲပင်။
"ဒါကို ဘယ်လိုလုပ်ပြီး ဂိမ်းတစ်ခုလို့ သတ်မှတ်လို့ရမှာလဲ"
"စိတ်ချပါ"
ကျန်းမုန့်လောင်ကမူ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
"သူတို့တွေအားလုံးမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်း ရှိပါတယ်"
"မစ္စတာကျန်း... သူတို့တွေက ရှေးဟောင်းသိုင်းပညာရှင်တွေနော်။ ဒီလောက်အသက်ငယ်ငယ်လေးတွေနဲ့ ဘယ်လိုစွမ်းရည်တွေများ ရှိနိုင်မှာမို့လို့လဲ"
"ဒါဆိုရင်တော့ ခင်ဗျား သူတို့ကို လျှော့တွက်လွန်းရာရောက်နေပြီ"
ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။
"ကျွန်တော့်ကျောင်းက ကျောင်းသားတွေကို သာမန်လူတွေလို့များ ထင်နေတာလား။ ခင်ဗျား ယုံချင်ယုံမယုံချင်နေ... သူတို့ထဲက တစ်ယောက်လောက်နဲ့တင် ခင်ဗျားတို့အားလုံးကို အသာလေးမှောက်သွားအောင် လုပ်နိုင်တယ်"
"မောက်မာလိုက်တဲ့စကား"
မုန့်ထျန်းဟယ်၏အနောက်ရှိ စိတ်စွမ်းအားရှင်တစ်ယောက်မှာ လုံးဝသည်းမခံနိုင်တော့ပေ။
စိတ်စွမ်းအားရှင်များမှာ သူတို့၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ် မှီခိုနေကြခြင်း မဟုတ်ပေ။ စိတ်စွမ်းအားရှင်ဌာနချုပ်၌ သိပ္ပံသုတေသနပညာရှင်အရေအတွက်မှာ စိတ်စွမ်းအားရှင်အရေအတွက်ထက် နှစ်ဆခန့်ပိုများသည်။
သူတို့၏နေ့စဉ်အလုပ်မှာ စိတ်စွမ်းအားရှင်များ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံများနှင့် သဘာဝလွန်စွမ်းရည်များ၏ သဘောတရားများကို လေ့လာခြင်းဖြစ်ပြီး စိတ်စွမ်းအားရှင်များအတွက် အသင့်တော်ဆုံးလေ့ကျင့်ရေးနည်းလမ်းများကို စနစ်တကျတီထွင်ဖန်တီးပေးကြရသည်။
ထို့ပြင် ရှေးဟောင်းအဂ္ဂိရတ်ပညာရပ်မှ မပြည့်စုံသော အကြောင်းအရာအချို့ကို ခေတ်သစ်သိပ္ပံပညာနှင့် ပေါင်းစပ်ကာ စိတ်စွမ်းအားရှင်များ၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများအပေါ် အခြေခံ၍ နည်းပညာမြင့်ဆေးဝါးများစွာကို ဖန်တီးခဲ့ကြသည်။
ဤဆေးဝါးများမှာ စိတ်စွမ်းအားရှင်များ၏ သဘာဝလွန်စွမ်းအားကို တိုးမြှင့်ပေးရုံသာမက လူကိုဘေးဥပဒ်ဖြစ်စေသည့် ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက်နည်းပါး၏။ ထို့ကြောင့် စိတ်စွမ်းအားရှင်များက ယေဘုယျအားဖြင့် ငယ်ရွယ်ပြီး စွမ်းအားကြီးမားကြခြင်းပင်။
ကျန်းမုန့်လောင်က ဝေးလံခေါင်ဖျားသော နေရာတစ်ခုတွင် ကျောင်းတစ်ကျောင်း တည်ထားသည်ဟု သူတို့ ကြားသိထားကြ၏။ ကျန်းမုန့်လောင်၏ ချမ်းသာကြွယ်ဝမှုကို ငြင်းမရသော်လည်း လူများကို ပြုစုပျိုးထောင်ခြင်းဆိုသည်မှာ ငွေရှိရုံဖြင့် ဖြစ်နိုင်သည့်ကိစ္စ မဟုတ်ပေ။
နိုင်ငံတော်က နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသော ရန်ပုံငွေများက တစ်နှစ်ပင်မပြည့်သေးသည့် ကျန်းမုန့်လောင်၏ တောကျောင်းလေးတစ်ခုကို မယှဉ်နိုင်ဘူးဆိုသည်မှာ ဖြစ်နိုင်လေသလား။
"မစ္စတာကျန်း... ခင်ဗျားကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေးက အရမ်းအရေးကြီးလို့ အသုံးမကျတဲ့လူတွေကို ကျွန်တော်တို့ ခေါ်မသွားနိုင်ဘူး။ ခင်ဗျားခေါ်လာတဲ့လူတွေကို ကျွန်တော် စမ်းသပ်ကြည့်မှ ဖြစ်မယ်"
စိတ်စွမ်းအားရှင်တစ်ယောက်က ပြောလိုက်သည်။
"သူတို့သာ အဆင့်ခုနစ် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ စိတ်စွမ်းအားရှင်အဆင့်မျိုး ရှိမယ်ဆိုရင် ကျွန်တော်ဘက်ကလည်း ဘာမှကန့်ကွက်စရာမရှိပါဘူး"
"သဘောပဲလေ"
ကျန်းမုန့်လောင်က တစ်ဖက်သို့လှည့်ကာ သူ့တပည့်များကို ပြောလိုက်သည်။
"အားအနည်းဆုံးတစ်ယောက်ထွက်ခဲ့"
"ဘာ"
ထိုစိတ်စွမ်းအားရှင်၏မျက်နှာမှာ ဖြူရော်သွားလေသည်။ သူက ဟွာရှားနိုင်ငံရှိ ထိပ်တန်းအဆင့်စိတ်စွမ်းအားရှင်ဆယ့်ရှစ်ယောက်ထဲမှ တစ်ဦးဖြစ်၏။
သူက ထိုဆယ့်ရှစ်ယောက်ထဲတွင် အောက်ဆုံးအဆင့်လောက်တွင်သာ ရှိသော်လည်း ဒုတိယကမ္ဘာ၏ ထိပ်တန်းတိုက်ခိုက်ရေးအင်အားစုများထဲမှ တစ်ခုကို ကိုယ်စားပြုထားဆဲပင်။ သို့သော် ကျန်းမုန့်လောင်က သူ့ကိုတိုက်ခိုက်ရန် အားအနည်းဆုံးလူကို ထွက်ခိုင်းလိုက်ခြင်းမှာ စော်ကားရုံသက်သက်မဟုတ်ဘဲ သိက္ခာချလိုက်ခြင်းပင်။
"ဟူး..."
အသက်ဆယ့်ငါးနှစ်အရွယ်ခန့်ရှိမည့် လူငယ်လေးတစ်ယောက်က လူအုပ်ကြားထဲမှ ထွက်လာသည်။
"ခေါ်ပြန်ပြီ... ကျွန်တော့်ကိုပဲ အမြဲခေါ်နေတော့တာပဲ။ ကျွန်တော် ဒုတိယနှစ်ကျောင်းသားမဟုတ်ဘူးလား"
"လီကျင်းကျယ်... စကားများမနေနဲ့"
ကျန်းမုန့်လောင်က လှမ်းဆူလိုက်သည်။
"မင်းထွက်မလာရင် ဘယ်သူထွက်လာမှာလဲ... မင်းက အားအနည်းဆုံးမဟုတ်လို့လား။ ယင်ဝူယီကို အနိုင်ယူတုန်းက သူတို့ဘယ်နှကွက်သုံးခဲ့ရလဲ။ မင်း ဘယ်နှကွက်သုံးခဲ့ရလဲဆိုတာ သူတို့ကိုမေးကြည့်လိုက်ဦး"
"သူက သိုင်းနတ်ဘုရားကို အနိုင်ယူခဲ့တာလား"
ထိုစကားကို ကြားလိုက်ရသောအခါ လုံရှားတပ်ဖွဲ့ဝင်များ ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
မကြာသေးမီက ရှေးဟောင်းသိုင်းလောကတွင် ပါရမီရှင်လူငယ်အချို့ ပေါ်ထွက်လာပြီး ထိုလူငယ်များမှာ အသက်ငယ်ကြသော်လည်း ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်သည့် သိုင်းနတ်ဘုရား ယင်ဝူယီကိုပင် အနိုင်ယူနိုင်ခဲ့သည်ဟု သူတို့ သတင်းကြားထားကြသည်။
သို့သော် စိတ်စွမ်းအားရှင်များအတွက်မူ ဤအရာမှာ လုံးဝရယ်စရာကောင်းနေချေသည်။ ယင်ဝူယီက ထျန်းယွမ်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ယခုမူ မုန့်ထျန်းဟယ်ပင် သူ့ကိုမယှဉ်နိုင်သည်ဖြစ်ရာ ကလေးတစ်သိုက်က သူ့ကို အနိုင်ယူပစ်လိုက်သည်ဆိုခြင်းမှာ မည်သို့မျှမဖြစ်နိုင်ပေ။
အဲ့ဒါက ဒီကလေးတွေထဲက ဘယ်သူမဆို လုံရှားတပ်ဖွဲ့မှာရှိတဲ့ စိတ်စွမ်းအားရှင်တွေကို တစ်ဦးချင်းစိန်ခေါ်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား...
"လက်မလွန်စေနဲ့နော်"
ကျန်းမုန့်လောင်က မှာလိုက်သည်။
"နားလည်ပါပြီ"
လီကျင်းကျယ်က ပျင်းရိနေဟန်ဖြင့် ပြန်ဖြေပြီး တိုက်ခိုက်လိုစိတ်ရှိပုံပင် မရပေ။
"ခေါင်းဆောင်... လီယန် အဆင်ပြေပါ့မလား"
"ပြဿနာမရှိဘူး"
မုန့်ထျန်းဟယ်က ပြန်ဖြေလိုက်သည်။
"လီယန်က အရှိန်စွမ်းအားရှင်တစ်ယောက်လေ။ သူက ငါ့ထက်တောင် ပိုမြန်သေးတယ်"
အမှန်ပင်။ လီယန်ဟုခေါ်သော စိတ်စွမ်းအားရှင်မှာ လျှပ်စီးအလား လျှပ်ခနဲပြေးထွက်သွားလေရာ လေထုထဲတွင် ပေါက်ကွဲသံများပင် ထွက်ပေါ်လာပြီး သူ့အမြန်နှုန်းမှာ အသံထက်ပင် မြန်ဆန်နေချေသည်။
ထိုကဲ့သို့သော အမြန်နှုန်းကြောင့် သူ့လှုပ်ရှားမှုတိုင်းက ကြီးမားသော အရွေ့စွမ်းအားများဖြင့် ပြည့်နှက်နေတော့သည်။
ဤစိတ်စွမ်းအားရှင်များ၏ ခန္ဓာကိုယ်မှာ သံမဏိထက်ပင် ပိုမာကျောကြသည်။ လီယန်၏ အရှိန်ကုန်တိုက်ခိုက်မှုက ခန္ဓာကိုယ်ထက်တွင် ခြစ်ရာတစ်ခုမှမထင်စေဘဲ တောင်တန်းငယ်တစ်ခုကိုပင် ဖြိုခွင်းဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
"လင်းပေါ်ဝေ့ပု"
လီကျင်းကျယ်၏ခန္ဓာကိုယ်မှာ ပိုမိုမြန်ဆန်သောနှုန်းဖြင့် စတင်လှုပ်ရှားလေတော့သည်။
"မြန်လိုက်တာ"
မုန့်ထျန်းဟယ်ကိုယ်တိုင်ပင် ထိုအမြန်နှုန်းကြောင့် အံ့အားသင့်သွားရသည်။ သူက လီယန်၏လှုပ်ရှားမှုမှ အရိပ်အယောင်အချို့ကို ဝိုးတဝါးမြင်နေရသေးသော်လည်း လီကျင်းကျယ်၏ အမြန်နှုန်းမှာမူ သူ့အမြင်အာရုံ၏စွမ်းဆောင်ရည်ထက် လုံးဝကျော်လွန်နေလေပြီ။
"လျှပ်စီးခြောက်ဖြာနတ်ဘုရားဓားသွား"
စက်သေနတ်ပစ်လိုက်သလို အတွင်းအားစွမ်းအင်များက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာ၏။ အလွန်အမင်းသိပ်သည်းသော ဤအတွင်းအားများက ထွင်းဖောက်နိုင်စွမ်း အလွန်မြင့်မားပြီး မာကျောသော အရာဝတ္ထုများဖြင့် ထိတွေ့လိုက်သည်နှင့် ပေါက်ကွဲသွားတတ်ကြသည်။
"ဘုန်း... ဘုန်း... ဘုန်း…"
လျှပ်စီးခြောက်ဖြာနတ်ဘုရားဓားသွား ထိမှန်သွားတိုင်း မြေပြင်ပေါ်တွင် အချင်းတစ်မီတာနီးပါးခန့်ရှိသော တွင်းပေါက်ကြီးများ ကျန်ရစ်နေခဲ့သည်။
မမျှော်လင့်ထားပါဘဲ လီယန်ခမျာ ဓားချီစွမ်းအင်တစ်ခု ထိမှန်သွားပြီး အရှိန်မြင့်ရွေ့လျားနေရာမှ ချက်ချင်းလွင့်စင်သွားသည်။ သူ့ရင်ဘတ်မှာ အနည်းငယ် ချိုင့်ဝင်သွားပြီး ပါးစပ်ထောင့်တွင်လည်း သွေးစများ စီးကျလာကာ မျက်နှာထက်တွင် မယုံကြည်နိုင်လေဟန် အမူအရာများ ပေါ်နေတော့သည်။
လီကျင်းကျယ်၏အမြန်နှုန်းက အံ့သြဖွယ်ကောင်းနေရုံသာမက ကြောက်မက်ဖွယ်ကောင်းသော အတွင်းအားကြောင့်လည်း သူ့မှာ မခုခံနိုင်အောင် ဖြစ်ခဲ့ရသည်။
လီကျင်းကျယ်၏ အတွင်းအားက အလွန်ကြီးမားခြင်းမရှိဘဲ ဒဏ္ဍာရီလာအဆင့်ငါး သို့မဟုတ် အဆင့်ခြောက်သာရှိကြောင်း အာရုံခံမိလိုက်သော်လည်း သူ့တိုက်ခိုက်မှုများမှာ ထိပ်တန်းအဆင့် စိတ်စွမ်းအားရှင်များထက်ပင် ပိုပြင်းထန်နေသည်။ ဤသည်မှာ ဤသိုင်းကွက်၏စွမ်းအားမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေခြင်းပင်။
"ကျောင်းအုပ်ကြီး... ကျွန်တော် ဆရာ့ကို အရှက်မခွဲမိဘူးမလား"
လီကျင်းကျယ်က ခါးထောက်လျက် ကျန်းမုန့်လောင်၏ဘေးနားတွင် ပေါ်လာပြီး မေးလိုက်သည်။
"အရှက်ခွဲတာပေါ့... အရှက်ခွဲတာပေါ့... အရှက်ခွဲတာပေါ့"
ကျန်းမုန့်လောင်က လီကျင်းကျယ်၏နဖူးကို သုံးချက်တိတိ ခေါက်လိုက်သည်။
"ငါ မင်းကိုဘာပြောလိုက်လဲ... ညှာညှာတာတာလုပ်ပါလို့။ ဘယ်လိုလုပ်ပြီး လူကို ဒဏ်ရာရအောင် လုပ်လိုက်ရတာလဲ"
"ကျောင်းအုပ်ကြီး... ကျွန်တော် တော်တော်ထိန်းထားရတာ"
လီကျင်းကျယ်က ဝမ်းနည်းပက်လက်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်သာ အတည်အားထည့်လိုက်ရင် သူသေသွားမှာပေါ့"
"ဒီထက်တောင် ပိုမလျှော့နိုင်တော့ဘူးလား"
ကျန်းမုန့်လောင်က တွင်းပေါက်များဖြစ်နေသော မြေပြင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"ပြီးတော့ မင်းက ဒီမှာ အဆောက်အအုံလာဖြိုပေးနေတာလား။ ဒါတွေအကုန်လုံးက နိုင်ငံတော်ပိုင်ပစ္စည်းတွေကွ။ ငါက ပါတီဝင်တစ်ယောက်နော်။ ဒီကိစ္စ ပါတီနဲ့ နိုင်ငံတော်ကို ဘယ်လိုရှင်းပြရမလဲ"
ကျန်းမုန့်လောင်က မုန့်ထျန်းဟယ်ကို အမြန်ပြောလိုက်သည်။
"ခေါင်းဆောင်မုန့်... ဒီဆုံးရှုံးမှုအတွက် နောက်မှ ကျွန်တော်လျော်ပေးပါ့မယ်။ လမ်းပြင်ဖို့အတွက် လုံရှားတပ်ဖွဲ့ကို မကြာခင် တစ်ရာဘီလီယံလှူခိုင်းလိုက်မယ်"
"အဟွတ်... အဟွတ်... အဟွတ်"
လီယန်တစ်ယောက် သွေးအန်လုမတတ် ဖြစ်သွားရရှာသည်။
ဘယ်လမ်းကိုပြင်တာက တစ်ရာဘီလီယံကုန်မှာမို့လို့လဲ။ သူတို့က လူကို ဒဏ်ရာရအောင်လုပ်ပြီး ထပ်နှိပ်ကွပ်နေတာများလား။
"ကဲ... ဒါတွေက အသေးအဖွဲလေးတွေပါ"
မုန့်ထျန်းဟယ်ခမျာ ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။ လီကျင်းကျယ်ဟုခေါ်သော ဤလူငယ်က သူ့ကို ကြီးမားလှသော အန္တရာယ်အငွေ့အသက်များကို ခံစားရစေသည်။ သူက ယင်ဝူယီကို အနိုင်ယူနိုင်ခဲ့သည်ဖြစ်ရာ မုန့်ထျန်းဟယ်အနေနှင့်လည်း သူ့ကို အကွက်ရေအနည်းငယ်သာ တောင့်ခံနိုင်လောက်မည်ဟု သံသယဝင်မိသည်။
ကျန်းမုန့်လောင်က ဘယ်လိုလူတွေကို လေ့ကျင့်ပေးထားတာပါလိမ့်။ သူတို့တွေအကုန်လုံးက မကောင်းဆိုးဝါးတွေချည်းပဲလား။
"ခေါင်းဆောင်မုန့်... သူတို့ရဲ့အင်အားက ဒီလောက်ဆိုရင် လုံလောက်ပြီမလား"
"လုံလောက်ပါတယ်... လုံလောက်ပါတယ်…"
မုန့်ထျန်းဟယ်လည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူတို့နှင့် မလုံလောက်ဘူးဆိုလျှင် လုံရှားတပ်ဖွဲ့ထဲရှိ မည်သူမှ သွားရန်မထိုက်တန်တော့ပေ။
"ဒါပေမဲ့ စည်းမျဉ်းအရ နေရာသုံးဆယ်ပဲ ရမှာဆိုတော့ လုံရှားတပ်ဖွဲ့က ဆယ့်ရှစ်ယောက် ပါပြီးသားလေ။ ခင်ဗျားပါ ပေါင်းလိုက်ရင် နောက်ထပ်ကိုးယောက်ပဲ လိုက်လို့ရတော့မယ်။ အဲ့ဒါကြောင့် ခင်ဗျားခေါ်လာတဲ့ လူအရေအတွက်က... နည်းနည်းများနေတယ်"
"ဘာ"
"ဒါ မဖြစ်သင့်ဘူးလေ"
"ကျောင်းအုပ်ကြီး... ကျွန်တော့်ကို ခေါ်သွားပါ။ ကျွန်တော်က အလိမ္မာတုံးလေးပါ"
"ကျွန်တော်တို့လူတွေကို ဘာလို့ဖြုတ်ရမှာလဲ။ သူတို့က ကျွန်တော်တို့လောက်တောင် တော်တာမဟုတ်ဘဲနဲ့"
"ဟုတ်တယ်... လုံရှားတပ်ဖွဲ့က အရေအတွက်ကို တစ်ဝက်လောက်လျှော့ပြီး ကျွန်တော်တို့ကို လွှတ်လိုက်ပါလား"
မုန့်ထျန်းဟယ်ခမျာ ဇောချွေးပြန်သွားပြီး ကပျာကယာရှင်းပြရှာသည်။
"အဲဒါက... ကျွန်တော်တို့ဘက်က စာရင်းတင်ပြီးသွားပြီ။ အခုမှပြန်ပြောင်းမယ်ဆိုရင် လုပ်ငန်းစဉ်တွေ ရှုပ်ကုန်လိမ့်မယ်"
"ဘာတွေဆူညံနေကြတာလဲ"
ကျန်းမုန့်လောင်က ဆူပူလိုက်သည်။
"ငါ့စကားကို နားထောင်လို့ ပြောထားတယ်မလား... ခေါင်းဆောင်မုန့်ပြောတာ ကြားတယ်မလား။ နောက်ထပ်ဆယ့်တစ်ယောက်ပဲ သွားလို့ရမယ်တဲ့။ အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ"
"အရည်အချင်းရှိတဲ့လူပဲ သွားသင့်တယ်"
"ဟုတ်တယ်... ချကြတာပေါ့။ နိုင်တဲ့လူလိုက်သွား။ ရှုံးတဲ့လူက ကျောင်းကိုပြန်"
"ကောင်းပြီလေ"
"ကောင်းပြီ"
ကျန်းမုန့်လောင်က မုန့်ထျန်းဟယ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ခေါင်းဆောင်မုန့်... ခင်ဗျားဆီမှာ သိုင်းပြိုင်ပွဲလုပ်ဖို့ သင့်တော်တဲ့နေရာရှိလား"
"ရှိပါတယ်... ကျွန်တော်တို့ဆီမှာ တိုက်ခိုက်ရေးသီးသန့်ခန်းရှိတယ်။ ထျန်းယွမ်အဆင့် သိုင်းပညာရှင်တွေရဲ့ တိုက်ပွဲဒဏ်ကိုတောင် ခံနိုင်ရည်ရှိပါတယ်"
"မင်းတို့အားလုံး တစ်ယောက်ချင်းစီ တိုက်ခိုက်ကြ။ နိုင်တဲ့ဆယ်ယောက်က ငါနဲ့လိုက်ခဲ့ရမယ်"
"ဟုတ်ကဲ့"
ထို့နောက် လူအယောက်နှစ်ဆယ်ခန့်က အထူးသတ္တုဖြင့် ပြုလုပ်ထားသော အခန်းကြီးထဲသို့ ဝင်ရောက်သွားကြတော့သည်။
"နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်သိုင်း"
"ယွမ်တစ်ကျော့ပြန်ချီစွမ်းအင်သိုင်း"
"မူရင်းတစ်ကျော့ပြန်ဓားအသင်္ချေသိုင်း"
"လိပ်ကျောင်းချီကုန်"
"ကိုင်ဘုရင်လက်သီး"
...
ထျန်းယွမ်အဆင့် သိုင်းပညာရှင်များ၏ တိုက်ခိုက်စွမ်းအားကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားသော ဤအခန်းမှာ ယခုမူ လူငယ်များ၏ တိုက်ခိုက်မှုကြောင့် ချိုင့်ခွက်များပင် ဖြစ်နေချေပြီ။
သူတို့၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အရှိန်အဟုန်မှာ ကြောက်ခမန်းလိလိပင်။ လုံရှားတပ်ဖွဲ့ဝင်များကမူ တိုက်ပွဲ၏ဂယက်လှိုင်းကြောင့်ပင် သူတို့ အပြင်းအထန်ဒဏ်ရာရသွားနိုင်သည်ဟု ယုံကြည်နေကြသည်။
မုန့်ထျန်းဟယ်မှာ မဲ့ပြုံးပြုံးလိုက်မိတော့သည်။
"ဒါ... ဒါက နတ်ဘုရားတွေ တိုက်ခိုက်နေကြတာပဲ"
****************