အင်အားသာကြီးရင် အရာရာထူးခြားနိုင်တယ်
Vol. 50 Ch. 737
"မဟာအနိဋ္ဌာရုံကောင်းကင်ချုပ်လက်ညှိုး"
"လုတောင်တန်းအာဏာရှင်နဂါးပျံ"
"ဟားဟားဟား... ဂျူနီယာလေး... မင်းရဲ့လုတောင်တန်းအနိဋ္ဌာရုံကောင်းကင်ချုပ်လက်ညှိုးက အရင်တစ်ခါကထက် အများကြီးပိုကြမ်းလာပါလား"
"စီနီယာအစ်မလည်း အတူတူပါပဲ... အစ်မရဲ့ မဟာအနဋ္ဌာရုံကောင်းကင်ချုပ်လက်ညှိုးက တတိယမြောက်လက်ချောင်းတောင် ထုတ်သုံးနိုင်နေပြီပဲ"
...
ဘောလုံးကွင်းပမာဏခန့်ရှိပြီး စူပါသတ္တုများဖြင့် ပြုလုပ်ထားသည့် ထိုအခန်းထဲတွင် ဧရာမလက်ချောင်းသုံးချောင်းနှင့် စွမ်းအင်ဖြင့်ဖွဲ့စည်းထားသော ရွှေရောင်နဂါးတစ်ကောင်တို့မှာ အားပြိုင်နေကြပြီး ပတ်ဝန်းကျင်လေထုမှာလည်း ပေါက်ကွဲသံများနှင့်အတူ တဖောင်းဖောင်းမြည်နေလေရာ သတ္တုနံရံများနှင့် ကြမ်းခင်းခမျာ တွန့်လိမ်ကောက်ကွေးစပြုနေချေပြီ။
"ခေါင်းဆောင်... သူတို့တိုက်ပွဲရဲ့စွမ်းအားပမာဏက စွမ်းအင်ယူနစ်နှစ်ဆယ့်ငါးအထိ ရောက်နေပါပြီ"
"ဘာ? နှစ်ဆယ့်ငါးယူနစ်လား"
မုန့်ထျန်းဟယ်၏ မျက်နှာထားမှာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားရသည်။ ထိုပမာဏမှာ ထျန်းယွမ်အဆင့်အဆင့်ငါး ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်နှင့် ညီမျှနေပြီဖြစ်၏။
ကျန်းမုန့်လောင်ခေါ်လာခဲ့သည့် ဤကျောင်းသားနှစ်ယောက်မှာ အစောကမှ စွမ်းအင်အဆင့်တစ်ဆယ့်ခုနှစ် တစ်ဆယ့်ရှစ်ခန့်သာ ရှိသေးသည်။ မထင်မှတ်ထားပါဘဲ အပေါစားဆန်သော ထိုနာမည်များနှင့် ရှေးဟောင်းသိုင်းပညာရပ်များကို ထုတ်သုံးလိုက်ပြီးနောက် သူတို့၏ဖျက်ဆီးနိုင်စွမ်းမှာ ဤမျှအထိ ထိုးတက်သွားခဲ့သည်။
ဒီကျောင်းက မွေးထုတ်ပေးလိုက်တဲ့လူတွေ အကုန်လုံး အရမ်းကြမ်းကြတာများလား။
"ကျွန်တော်တို့ မစ္စတာကျန်းနဲ့အတူ အာကာသယာဉ်ပျက်ကြီးကို သွားလေ့လာရင် ကျွန်တော်တို့ကပဲ နှောင့်နှေးကြန့်ကြာအောင် လုပ်မိလိမ့်မယ်လို့ ရုတ်တရက်ကြီး ခံစားမိတယ်"
အကယ်၍သာ ဤလူငယ်များနှင့် ယှဉ်တိုက်ရမည်ဆိုပါက သူ့အမေပင် သူ့ကိုမမှတ်မိတော့သည်အထိ အရိုက်ခံရနိုင်ကြောင်း မုန့်ထျန်းဟယ် သံသယဖြစ်မနေတော့ပေ။
“ဘုန်း!”
နောက်ဆုံးတွင် တိုက်ခိုက်ရေးလေ့ကျင့်ကွင်းမှာ စွမ်းအားလှိုင်းဒဏ်ကို တောင့်ခံနိုင်စွမ်းမရှိတော့ချေ။ လက်ချောင်းကြီးများနှင့် ရွှေရောင်နဂါးရိပ်တို့ ပေါက်ကွဲသွားသည်နှင့်အမျှ သတ္တုစအကျိုးအပဲ့များမှာလည်း ကောင်းကင်အနှံ့ လွင့်စဉ်သွားတော့သည်။
"တော်ကြတော့... ဆက်မတိုက်ကြနဲ့တော့… ဒီလိုမျိုး လူသတ်လို့မရဘူး"
ကျန်းမုန့်လောင်က ချန်ပင်းယွီနှင့် လျူယွင်ယီတို့ကို လှမ်းအော်လိုက်သည်။ သူတို့နှစ်ဦးက ထူးရှယ်နတ်ဘုရားကျောင်းတော်အတွက် ပထမဆုံးအကြိမ် ခေါ်ယူခဲ့သည့် ကျောင်းသားများဖြစ်ကြပြီး ယခုမူ အင်အားချင်း တူညီလုနီးပါး ရှိနေကြပြီဖြစ်၏။ အကယ်၍ သူတို့သာ ဆက်တိုက်နေမည်ဆိုပါက လုံရှားတပ်ဖွဲ့၏ ဌာနချုပ်တစ်ခုလုံး ပြာကျသွားလျှင်ပင် သူတို့အတွက် လုံလောက်မည်မဟုတ်။
"နေရာလွတ်နှစ်နေရာတောင် ကျန်သေးတယ်… မင်းတို့နှစ်ယောက်လုံး သွားလိုက်ကြတော့"
"ဟီးဟီး... ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
ချန်ပင်းယွီနှင့် လျူယွင်ယီတို့မှာ ကျေနပ်သွားကြသဖြင့် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြ၏။
"ခေါင်းဆောင်မုန့်... ထပ်ပျက်စီးသွားတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်ဗျာ... ဒီလေ့ကျင့်ရေးကွင်းက တော်တော်ဈေးကြီးမှာပဲနော်"
"အမေရိကန်ဒေါ်လာ သန်းငါးရာလောက်တော့ ရှိမယ်ထင်တယ်"
"အေးဆေးပေါ့... နောက်မှ ခင်ဗျားတို့အတွက် နောက်ထပ်ဆယ်ခုလောက် ဆောက်ခိုင်းလိုက်မယ်"
ကျန်းမုန့်လောင်က ဂရုမစိုက်သလို ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် နိုင်ငံတော်အနေနှင့် သူတို့ကို မလိုအပ်တော့ပါလားဟု မုန့်ထျန်းဟယ် ရုတ်တရက်ခံစားလိုက်ရသည်။
ချမ်းသာတယ်လေ... ဟုတ်တယ်မလား။ ကျန်းမုန့်လောင်ဆိုတဲ့ကောင်က နိုင်ငံတော်ထက်တောင် ချမ်းသာသေးတယ်။ ဘယ်လိုအဖွဲ့အစည်းမျိုးကိုများ သူ မထူထောင်နိုင်စရာရှိမတဲ့လဲ....
တိုက်ခိုက်ရေးအပိုင်းတွင်လည်း သူ့အဖွဲ့ထဲရှိ အားအနည်းဆုံးလူကပင် သူတို့ကို မှောက်သွားအောင် ရိုက်နှက်နိုင်စွမ်းရှိသည်။
ဂုဏ်သိက္ခာနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင်မူ လုံရှားအထူးတပ်ဖွဲ့ဆိုသည်မှာ အလှပြရုံသက်သက်သာ။ မရှိလည်းဖြစ်သည့်အရာတစ်ခုသက်သက်ဟု ရုတ်တရက်ခံစားလိုက်ရသည်။
"မစ္စတာကျန်း... ကျွန်တော် တစ်ခုလောက် မေးလို့ရမလား"
"ခေါင်းဆောင်မုန့်... မေးပါ"
"သူတို့ကို ခင်ဗျားရဲ့ကျောင်းက ပြုစုပျိုးထောင်ပေးထားတာလား"
မုန့်ထျန်းဟယ်က မေးလိုက်၏။
"ဟုတ်တယ်"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"သူတို့ပညာသင်နေတာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ ဘယ်လိုလဲ... ကျွန်တော်တို့ကျောင်းရဲ့ ပညာရေးအရည်အသွေးက တော်တော်ကောင်းတယ်မလား"
ဤသည်မှာ ‘တော်တော်ကောင်းတယ်’ဟု ဆိုရုံမျှဖြင့် မလုံလောက်ပေ။ ပြိုင်ဘက်ကင်းနေခြင်းပင်တည်း။
အကယ်၍ လုံရှားတပ်ဖွဲ့ဝင်များလည်း သူ့ထံတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်လာနိုင်မည်ဆိုပါက တစ်နှစ်အကြာတွင် အခြားနိုင်ငံများမှ စိတ်စွမ်းအားရှင်များကို အရေးလုပ်နေစရာပင် လိုမည်မဟုတ်ပေ။
"ဒါဆို... ကျွန်တော်တို့လည်း ခင်ဗျားဆီမှာ ပညာလာသင်မယ်ဆိုရင် အဲ့ဒီလောက်အထိ သန်မာလာနိုင်မလား"
"အင်း... ခင်ဗျားတို့ထဲက တချို့ကတော့ ဖြစ်နိုင်လောက်ပါတယ်…"
ကျန်းမုန့်လောင်က ပြောလိုက်၏။ သူ ယခုရရှိထားသော အချက်အလက်များအရ စိတ်စွမ်းအားရှင်အားလုံးမှာ မျိုးရိုးဗီဇပြောင်းလဲခြင်း၏ ရလဒ်များဖြစ်သောကြောင့် သူတို့၏ အလားအလာညွှန်းကိန်းမှာ များသောအားဖြင့် ဆယ်မှတ်အထိ ရောက်လေ့ရှိသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်အတွက် လက်ခံနိုင်သော အသက်အရွယ်အပိုင်းအခြားအတွင်း ရှိနေသမျှကာလပတ်လုံး သူတို့လည်း တရားဝင်ကျောင်းသားများ ဖြစ်လာနိုင်သည်။
"ကျွန်တော်ရော တက်လို့ရမလား"
အစကမူ မုန့်ထျန်းဟယ်က ကျန်းမုန့်လောင်၏ ကျောင်းကို အထင်မကြီးခဲ့ချေ။ ဆရာကောင်းများရှိသည်ဆိုလျှင်ပင် လုံရှားတပ်ဖွဲ့မှ ထောက်ပံ့ပေးထားသော တိကျလှသည့် သိပ္ပံနည်းကျခွဲခြမ်းစိတ်ဖြာမှုများနှင့် လေ့ကျင့်ရေးများထက် ပိုထိရောက်နိုင်မည်လော။
သို့သော် ယခုမူ ထိုနတ်ဘုရားအဆင့်တိုက်ပွဲကို ကြည့်ပြီးနောက် စကားနှစ်ခွန်းသာ ပြောချင်တော့သည်။
‘ရှယ်မိုက်’
သို့သော် မုန့်ထျန်းဟယ်ကဲ့သို့ အသက်ကြီးသူများအတွက်မူ ပင်မကျောင်း၏အပြင်ဘက်ရှိ ကျောင်းခွဲများတွင်သာ တက်ရောက်သင်ကြားနိုင်မည်ဖြစ်၏။ သို့သော် သူတို့၏ ယခင်လေ့ကျင့်ရေးနည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် အားစိုက်ထုတ်မှုမှာ ထက်ဝက်ခန့်သက်သာပြီး ရလဒ်ကလည်း နှစ်ဆရမည်မှာ အသေအချာပင်။
"ကဲ... အခုလေးတင် ရှုံးသွားတဲ့ ညီအစ်ကိုတွေ... ပြန်လို့ရပြီနော်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါတို့ အပြန်လက်ဆောင်တွေ ပြန်ယူလာခဲ့မယ်"
း
ပြိုင်ပွဲတွင် ရှုံးနိမ့်သွားသော ကျောင်းသားများမှာ မျက်နှာငယ်လေးများဖြင့် လေယာဉ်ပေါ်သို့ ချက်ချင်းပြန်သွားကြရှာသည်။ သူတို့၏ ပျော်ရွှင်မှုများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားရှာလေပြီ။
"ခေါင်းဆောင်မုန့်... အဆင်သင့်ဖြစ်ပြီဆိုတော့ အခုချက်ချင်းသွားကြစို့လေ… နောက်ကျနေပြီ"
"သေစမ်း"
မုန့်ထျန်းဟယ်က အချိန်ကို တစ်ချက်ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"နေ့လယ်ဆယ့်နှစ်နာရီကျရင် တွေ့ဖို့ချိန်းထားတာ။ သူတို့ပြိုင်ပွဲကို ကြည့်ပြီး ဈာန်ဝင်သွားတာနဲ့ အချိန်ကိုတောင် မေ့သွားတယ်..."
မုန့်ထျန်းဟယ်က မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ပြောလိုက်၏။ သူ့အနေနှင့် ဤကဲ့သို့သောအမှားမျိုး မလုပ်သင့်သော်လည်း အစောက လက်ရည်ယှဉ်ပြိုင်မှုမှာ စင်စစ်ကောင်းလွန်းနေသည်။
"အဲ့ဒီကိုရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ"
"ကျွန်တော်တို့ရဲ့ အကောင်းဆုံးလေယာဉ်နဲ့ဆိုရင် သုံးနာရီလောက်ကြာလိမ့်မယ်။ နာရီဝက်လောက် နောက်ကျနိုင်တယ်"
မုန့်ထျန်းဟယ်က ရှင်းပြလိုက်၏။
"အခုအချိန်မှာ အဲ့ဒီကောင်တွေက ကျွန်တော်တို့ဟွာရှားနိုင်ငံကို မျက်စိစပါးမွှေးစူးနေကြတာ။ ကျွန်တော်တို့ နောက်ကျသွားရင် သူတို့ ကောင်းကောင်းကြိုဆိုကြမှာမဟုတ်လောက်ဘူး"
မုန့်ထျန်းဟယ်က ထပ်ပြောလိုက်သည်။
"တကယ်တော့ စွမ်းအားရှင်မဟာမိတ်အဖွဲ့က ဒီစူးစမ်းလေ့လာရေးခရီးစဉ်မှာ လုံရှားတပ်ဖွဲ့ ပါလာတာကို သိပ်လိုလားတာမဟုတ်ဘူး။ ဟွာရှားနိုင်ငံရဲ့ လက်ရှိသိပ္ပံပညာတိုးတက်မှုက အရမ်းမြန်နေတော့ အဲ့ဒီအာကာသယာဉ်ပျက်ကနေ အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာတစ်ခုခုများ ရသွားခဲ့ရင် ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးလို့ရတော့မှာ မဟုတ်ဘူး။ အဲ့ဒါကို သူတို့တွေ မမြင်ချင်ကြဘူးလေ"
"ရယ်ရတယ်နော်။ သူတို့က ဘယ်ကယုံကြည်မှုတွေများ ရနေတာလဲ..."
ကျန်းမုန့်လောင်က လှောင်လိုက်သည်။
"သူတို့ ထိန်းမထားနိုင်တော့ပါဘူး"
"ခင်ဗျား သူတို့ကို တော်တော်ကြောက်နေပုံရတယ်"
မုန့်ထျန်းဟယ်၏ မျက်နှာအမူအရာက မူမမှန်ကြောင်း သတိထားမိလိုက်သောအခါ ကျန်းမုန့်လောင်က ထိုသို့မှတ်ချက်ပေးလိုက်၏။
"အဲ့လိုမဟုတ်ပါဘူး"
မုန့်ထျန်းဟယ်က ပြန်ဖြေလိုက်သည်။
"ကျွန်တော် သိသလောက်ဆိုရင် အမေရိကရဲ့ အဆင့်ကိုးသဘာဝလွန်စွမ်းအားရှင်ရှစ်ယောက်က အဆင့်ထပ်တက်သွားပြီမို့ အခုဆိုရင် သူတို့ကိုယ်သူတို့ စူပါနတ်ဘုရားအဆင့်လို့တောင် ခေါ်နေကြပြီ။ ကံကောင်းသွားကြတယ်ထင်ပါရဲ့"
"ဘာလန့်စရာရှိလို့လဲ"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"သူတို့က သူတို့ကိုယ်သူတို့တောင် စူပါနတ်ဘုရားအဆင့်လို့ခေါ်ရဲရင် ကျွန်တော်က စူပါနတ်ဘုရားတွေရဲ့ အဖေဖြစ်မသွားဘူးလား။ ကျွန်တော့်ကျောင်းသားတွေက သူတို့ကို တစ်ယောက်ဆယ်ယောက်နှုန်းနဲ့တောင် နိုင်အောင်တိုက်နိုင်တယ်။ ဘယ်သူကများ ပေါက်ကရစကားတွေ ထပ်ပြောရဲဦးမလဲဆိုတာ ကြည့်ချင်သေးတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က စွမ်းအားရှင်မဟာမိတ်အဖွဲ့ရဲ့ အခြေစိုက်စခန်းကို ကျွန်တော် ဘယ်လိုဖြိုပစ်လိုက်လဲဆိုတာကို သူတို့ မေ့သွားကြတာများလား"
"ဒါပေမဲ့..."
ကျန်းမုန့်လောင်က ခဏစဉ်းစားလိုက်သည်။
"ခင်ဗျားက ကျွန်တော်တို့ဟွာရှားရဲ့ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုထားတာလေ။ ဒီလိုပုံစံမျိုးသွားပြရင်တော့ နည်းနည်းရှက်စရာကောင်းတယ်"
မုန့်ထျန်းဟယ်နှင့် အခြားသူများ၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့နေသော အမူအရာများ ပေါ်လာကြသည်။
အမှန်တရားဖြစ်နေရင်တောင် အသံထွက်ပြီး မပြောလို့ မရဘူးလား။ ငါတို့ရဲ့သိက္ခာကို ဘယ်နားသွားထားရမလဲ။
"ဒါက ခင်ဗျားအတွက်"
ကျန်းမုန့်လောင်က လူသားမျိုးရိုးဗီဇ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် သူကိုယ်တိုင်ဖော်စပ်ထားသော ဆေးရည်ပါသည့် လက်ရာမြောက်ပုလင်းငယ်အချို့ကို ထုတ်ပေးလိုက်၏။ လွန်ခဲ့သောရက်အနည်းငယ်ကမှ အထူးတလည်ပြင်ဆင်ထားခြင်းပင်။
"ဒါက ဘာကြီးလဲ"
မုန့်ထျန်းဟယ်လည်း ထိုပုလင်းလေးကို လှုပ်ခါကြည့်လိုက်လေရာ အတွင်းရှိ အရည်များ လှုပ်ခတ်သွားသည့်အသံကို ကြားလိုက်ရသည်။
"ကျောက်ကပ်အားဆေးလေ... တစ်ပုလင်းသောက်လိုက်ရင် စိတ်ရွှင်လန်းပြီး ဦးနှောက်ကြည်မယ်။ နှစ်ပုလင်းသောက်ရင်တော့ အသက်ရှည်ဆေးပဲ"
ကျန်းမုန့်လောင်က နောက်ပြောင်လိုက်သည်။
"မစ္စတာကျန်း... ဒါက နောက်စရာကိစ္စ မဟုတ်ဘူးနော်"
"သောက်ကြည့်လိုက်ရင် သိရမှာပါ။ ဒါက ကျွန်တော် မကြာသေးခင်ကမှ သုတေသနလုပ်ထားတာ... ပါဝါလို့ခေါ်တယ်။ ပါဝါအကြောင်း ကြားဖူးတယ်မလား။ ပါဝါဆိုတာ အံ့ဖွယ်ရာတွေကို ဖန်တီးပေးနိုင်တယ်"
"ဒါက..."
ကျန်းမုန့်လောင်၏ နောက်တတ်ပြောင်တတ်သော အကျင့်စရိုက်မှာ တစ်ခါတစ်ရံတွင် သူနှင့်ဆက်သွယ်ပြောဆိုရန် အလွန်ခက်ခဲစေသည်။ သို့သော် ကျန်းမုန့်လောင်အကြောင်း မုန့်ထျန်းဟယ် နားလည်ထားသလောက်ဆိုလျှင် ဤအရာများက အသုံးဝင်လိမ့်မည်။
အသုံးမဝင်လျှင်ပင် အန္တရာယ်တော့ မဖြစ်နိုင်ပေ။ ဤအချက်ကို သိထားမှာတော့ ဘာကြောက်နေရဦးမည်နည်း။
သူလည်း အဖုံးဖွင့်ပြီး မော့ချလိုက်တော့သည်။
အရည်က အေးမြချိုမြိန်နေပြီး ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် သူ့ဆဲလ်များ စတင်ဆူပွက်လာခဲ့သည်။ ခဏအကြာတွင် သူ့ဆဲလ်များ၏ အူတိုင်၌ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရ၏။
"ငါ့မျိုးရိုးဗီဇတွေ အသက်ဝင်လာပြီ..."
စိတ်စွမ်းအားရှင်များ အစွမ်းထက်လာရခြင်းမှာ သူတို့၏မျိုးရိုးဗီဇများက အလွန်တက်ကြွပြီး ခန္ဓာကိုယ်၌ သိသာထင်ရှားသော ပြောင်းလဲမှုများကို အစဉ်မပြတ်ဖြစ်ပေါ်စေသောကြောင့်ပင်။ ဤပြောင်းလဲမှုမှာ သူ့ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကို စတင်တွေ့ရှိခဲ့ချိန်ကထက် ပိုပြင်းထန်နေသေးသည်။
အချိန်တိုအတွင်းမှာပင် သူ့သဘာဝလွန်စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး ကြွက်သားခွန်အား၊ အရိုးသိပ်သည်းဆနှင့် အာရုံကြောတုံ့ပြန်မှုအမြန်နှုန်းတို့အားလုံးလည်း နှစ်ဆခန့် တက်လာခဲ့သည်။
သူ့ခွန်အားများ အဆပေါင်းများစွာ တိုးလာသည်ကို ခံစားလိုက်ရသည့်အခါ မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ နတ်ဘုရားအဆင့် သဘာဝလွန်စွမ်းအားရှင်တစ်ယောက်၏ အနှောင်အဖွဲ့များကို သူ ကျော်လွှားနိုင်ခဲ့ပြီလား။
"မစ္စတာကျန်း... ဒါ... ဒါက တကယ့်ကို အံ့ဖွယ်ကောင်းတာပဲ"
"အေးဆေးပေါ့..."
ကျန်းမုန့်လောင်က ဂရုမစိုက်သလို ပြောလိုက်၏။
"ဒါတွေက အခြေခံပဲရှိပါသေးတယ်"
******************