← Chapters

ပထမအချက်.... ကျွန်တော့်နာမည်က "ဟေး"မဟုတ်ဘူး

Vol. 50 Ch. 738

ပထမအချက်.... ကျွန်တော့်နာမည်က "ဟေး"မဟုတ်ဘူး

Vol. 50 Ch. 738

အမှန်စင်စစ်တွင် လူတိုင်းက ဤဆေးရည်၏ အကျိုးကျေးဇူးကို ခံစားနိုင်သည်တော့ မဟုတ်ပေ။ မုန့်ထျန်းဟယ်ခမျာ ဤအင်အားအဆင့်၌ တန့်နေသည်မှာ ကြာနေပြီဖြစ်၏။ စုဆောင်းထားသည့် ခွန်အားကလည်း များလှသည်။ ဤသည်မှာ မုန့်ထျန်းဟယ်အား ထိုအတားအဆီးကို ကျော်လွှားနိုင်စေရန် ကူညီပေးလိုက်သည့် တွန်းအားတစ်ခုသာဖြစ်ပြီး ကျန်အရာများမှာ ခိုင်မာသော သူ့အခြေခံအုတ်မြစ်ကို အသုံးချလိုက်ခြင်းသာ ဖြစ်၏။

ယခုအချိန်တွင် မုန့်ထျန်းဟယ်တစ်ယောက် စွမ်းအားအဆင့်နှစ်ဆယ်ယူနစ်ကို ကျော်လွန်သွားခဲ့ချေပြီ။ သူသည် ဤနေ့ကို ဆယ့်နှစ်နှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရ၏။

"မစ္စတာကျန်း... သူတို့က..."

အကဲဆတ်သည့် ကိစ္စရပ်ဖြစ်ကြောင်း သိထားသော်လည်း မုန့်ထျန်းဟယ်မှာ မမေးဘဲ မနေနိုင်တော့ပေ။။

"စိတ်မပူပါနဲ့... ခင်ဗျားတို့အားလုံးအတွက် ကျွန်တော် ပြင်ဆင်ပေးထားပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"သောက်လိုက်… တစ်ကျိုက်တည်း မော့သောက်လိုက်ကြ"

...

မိနစ်အနည်းငယ်အကြာတွင် လေယာဉ်ပေါ်ရှိ လုံရှားတပ်ဖွဲ့ဝင်အားလုံး နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်များအဖြစ်သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်သွားသည်။

မိနစ်ပိုင်းအတွင်း ဖြစ်ပျက်သွားသမျှကို သူတို့ မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။ ကျန်းမုန့်လောင်က ယနေ့ သူတို့အတွက် အံ့အားသင့်စရာများကို အများကြီးသယ်လာပေးခဲ့သည်။

"ခေါင်းဆောင်... ဒီတစ်ခါတော့ ဟိုစွမ်းအားရှင်မဟာမိတ်အဖွဲ့က ကောင်တွေကို ကြောက်ဒူးတုန်သွားအောင် လုပ်ပြရမယ်"

"ဟားဟားဟား... ဒါပေါ့ကွ… သူတို့ပဲ အဆင့်တက်နိုင်တယ်လို့ ထင်နေကြတာ။ ငါတို့ဘက်မှာလည်း အဆင့်တက်ထားတဲ့လူတွေ ပိုတောင်များလိမ့်မယ်လို့ သူတို့ ထင်ထားမှာမဟုတ်ဘူး"

"ကြောက်လွန်းလို့ ဘောင်းဘီထဲတောင် သေးထွက်ကျသွားမလားမသိဘူး"

"သိပ်ဘဝင်မမြင့်ကြနဲ့ဦး"

ကျန်းမုန့်လောင်က သူတို့၏စိတ်လှုပ်ရှားမှုများကို ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ သတိပေးလိုက်သည်။

"မင်းတို့ အဆင့်တက်သွားပြီဆိုရင်တောင် ငါ့ကျောင်းသားတွေကို နိုင်မယ်လို့ ထင်နေတာလား"

ထိုစကားကို ကြားလိုက်ရသောအခါ လုံရှားတပ်ဖွဲ့ဝင်များခမျာ ချက်ချင်း စိတ်ဓာတ်ကျသွားရရှာသည်။ ဤမျှအထိ စိတ်ပျက်အားငယ်အောင် ပြောခြင်းမှာ မကောင်းလှပေ။

"မင်းတို့တိုက်ခိုက်တာကို ကြည့်ရတာ ရယ်စရာကောင်းလိုက်တာ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"တကယ်ကြွားလုံးထုတ်ချင်တယ်ဆိုရင် ငါတို့ကိုသာ ကြည့်ထား"

...

ရုရှားနိုင်ငံ၏ ရေခဲပြင်များပေါ်တွင် ရာနှင့်ချီသော လူများက အဖွဲ့ငယ်များ ခွဲထားကြသည်။ စခန်းများကိုလည်း နှင်းမုန်တိုင်းထဲတွင် အခြေချထားပြီး ကောင်းကင်ထက်သို့ မော့ကြည့်နေကြ၏။

ထိုအဖွဲ့များထဲမှ တစ်ဖွဲ့မှာ လူရှစ်ယောက်သာ ရှိပြီး အရေအတွက်အနည်းဆုံးအဖွဲ့ဖြစ်သော်လည်း သူတို့က အခြားလူများ ဗဟိုပြု၍ လည်ပတ်နေရသည့် အဓိကအချက်အချာဖြစ်ပုံရပြီး ထိုနေရာတစ်ခုလုံးကို ဦးဆောင်နေသလိုပင်။

ဤလူရှစ်ယောက်မှာ အမေရိကမှ အစွမ်းထက်လှသော စိတ်စွမ်းအားရှင်များပင်။

ပြီးခဲ့သည့်တစ်ခေါက်က ကျန်းမုန့်လောင်ကို စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းသို့ ဖမ်းခေါ်သွားစဉ်က သူတို့လွှတ်ပေးလိုက်သည့် စိတ်ဖောက်ပြန်နေသော အစမ်းသပ်ခံသက်ရှိက ဒေါသရှေ့တန်းတင်လျက် ဖျက်ဆီးမှုများကို ပြုလုပ်ခဲ့သည်။

စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းတစ်ခုလုံးနီးပါး ပျက်စီးလုမတတ်ဖြစ်ခဲ့ရပြီး ရာပေါင်းများစွာသော စိတ်စွမ်းအားရှင်များမှာလည်း ထိုသတ္တဝါကို ခြစ်ရာတစ်ခုပင် ထိခိုက်အောင်မလုပ်နိုင်ဘဲ အသတ်ခံခဲ့ကြရသည်။

ဤအတိုင်းသာ ဆက်သွားနေပါက သူသည် အမေရိကတိုက်တစ်ခုလုံးကိုပင် အန္တရာယ်ပေးလာနိုင်သည်။ တိုက်ခိုက်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်းတို့မှာ လူသားနျူကလီးယားလက်နက်တစ်ခုနှင့်ပင် ယှဉ်နိုင်သော ထူးရှယ်နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တစ်ဦးပင်။ သူတို့က မြို့တစ်မြို့ကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်ပြီး မည်သူကမှလည်း တားနိုင်မည်မဟုတ်ချေ။

သူ့သောင်းကျန်းမှုများကို မတားနိုင်တော့သဖြင့် အာဏာပိုင်များက သူ့ကို လုံးဝဥဿုံ ဖျက်ဆီးပစ်ရန် နျူကလီးယားဒုံးကျည်အသေးစားတစ်ခုကို ပစ်လွှတ်ခဲ့ရလေရာ စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ ရုံးချုပ်တည်ရှိရာ မူလနေရာမှာလည်း ဘာသက်ရှိမှမကျန်တော့သော မြေရိုင်းကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။

သို့သော် ထိုကဲ့သို့ အရည်အသွေးရှိသော စိတ်စွမ်းအားရှင်တစ်ယောက်တွင် ငြင်းပယ်၍မရနိုင်သော သုတေသနတန်ဖိုးရှိသည်။

အသက်ရှင်ကျန်ရစ်သော စွမ်းအားရှင်မဟာမိတ်အဖွဲ့မှ သိပ္ပံပညာရှင်များက ဓာတ်ရောင်ခြည်ကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်၍ ထိုနေရာသို့ ချက်ချင်းဝင်ရောက်ခဲ့ကြလေရာ မပျက်စီးသေးသော အစမ်းသပ်ခံသက်ရှိ၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကြသည်။

သူဟာ အသက်ရှင်နေသေးသည်။

နျူကလီးယားပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး အသက်ရှင်ကျန်ရစ်လိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။ အံ့သြတုန်လှုပ်ဖွယ်ကောင်းလှသည်။

အစမ်းသပ်ခံသက်ရှိမှာ မသေသော်လည်း လူပုံစံမပေါက်တော့ဘဲ အလွန်အမင်း အားနည်းနေသည်။ သူ့ကို ထပ်မံလေ့လာရန်အတွက် သုတေသနအဖွဲ့အစည်းအသစ်တစ်ခုသို့ ပို့ဆောင်လိုက်ကြသည်။

ဤတစ်ကြိမ်တွင်မူ လူတိုင်း အံ့အားသင့်ရလောက်အောင်ပင် နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်အဖြစ်သို့ တက်ရောက်နိုင်မည့် သော့ချက်ကို အစမ်းသပ်ခံသက်ရှိ၏ ခန္ဓာကိုယ်ပေါ်၌ ရှာဖွေတွေ့ရှိခဲ့ကြသည်။ လူ့ခန္ဓာကိုယ်က နျူကလီးယားဓာတ်ရောင်ခြည် ပမာဏတစ်ခုကို ခံနိုင်ရည်ရှိသောအခါ မျိုးရိုးဗီဇကို လှုံ့ဆော်ပေးရုံသာမက နျူကလီးယားစွမ်းအင်ကိုပါ စုပ်ယူပြီး မိမိကိုယ်ကိုယ် သန်မာလာစေနိုင်ကြောင်း သူတို့ တွေ့ရှိခဲ့ကြသည်။

ထိပ်တန်းလျှို့ဝှက်ချက်အဆင့် သုတေသနစီမံကိန်းတစ်ခုကို ချက်ချင်းစတင်ခဲ့ပြီး တစ်စတစ်စ အဆင့်တက်လာသော ဤစိတ်စွမ်းအားရှင်ရှစ်ဦးမှာ ဤစမ်းသပ်မှုအတွက် အစမ်းသပ်ခံများ ဖြစ်လာကြတော့သည်။

များပြားလှသော အချက်အလက်များနှင့် ယခင်ဆယ်စုနှစ်ပေါင်းများစွာကတည်းက ပြုလုပ်ခဲ့သော သုတေသနများကြောင့် လက်တွေ့စမ်းသပ်မှုမှာ အဆင်‌ပြေချောမွေ့ခဲ့ပြီး သူတို့မှန်းထားသည့် နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်များအဖြစ်သို့ ရောက်ရှိသွားကြသည်။

သူတို့၏စွမ်းအားတစ်ခုတည်းဖြင့် အခြားနိုင်ငံများရှိ စိတ်စွမ်းအားရှင်များကို အနိုင်ယူနိုင်ခဲ့သဖြင့် ရုရှားနိုင်ငံမှ စိတ်စွမ်းအားရှင်များပင် လက်မြှောက်အရှုံးပေးခဲ့ရ၏။

"အချိန်ကျပြီမလား..."

အမေရိကန်အဖွဲ့ခေါင်းဆောင်က နာရီကို စိတ်မရှည်လက်မရှည်ကြည့်ရင်း မေးလိုက်သည်။

"ဘယ်သူတွေ မရောက်သေးတာလဲ"

"နည်းပြချုပ်... လုံရှားတပ်ဖွဲ့ဝင်တွေ မလာကြသေးပါဘူး"

တာဝန်ရှိသူမှာ အခြားသူမဟုတ်ပေ။ တစ်ချိန်က မုန့်ထျန်းဟယ်၊ ရုရှားနိုင်ငံမှ အိုရီဗက်စကီတို့နှင့်အတူ အကြီးမြတ်ဆုံးစိတ်စွမ်းအားရှင်သုံးဦးအဖြစ် ရပ်တည်ခဲ့ဖူးသော အမေရိကန် စွမ်းအားရှင်မဟာမိတ်အဖွဲ့၏နည်းပြ အိုတိုရှာမန်ပင်။

သို့သော် ယခုမူ အကြီးမြတ်ဆုံးစိတ်စွမ်းအားရှင်သုံးဦးခေတ်မှာ ကုန်ဆုံးသွားခဲ့ချေပြီ။

အမေရိကန် စိတ်စွမ်းအားရှင်ရှစ်ယောက်တွင် ခုနစ်ယောက်က ထူးခြားစွမ်းအင်အဆင့်နှစ်ဆယ့်တစ်ယူနစ်ရှိကြပြီး သူတစ်ယောက်တည်းကသာ နှစ်ဆယ့်သုံးယူနစ်အပြည့် ရှိနေခြင်းပင်။ ယခု သူသည် စွမ်းအားအရှိန်ကြောင့် အလွန်ဘဝင်မြင့်နေလေပြီ။

“လုံရှားတပ်ဖွဲ့လား။ လုံရှားတပ်ဖွဲ့ဆိုတာ အခုအချိန် ငါတို့မျက်လုံးထဲမှာ ဘာမှမဟုတ်တော့ဘူး။ ငါတို့ အဆင့်တက်သွားတဲ့အကြောင်း သူတို့ မသိကြဘူးလား"

"ခေါင်းဆောင်... ကျွန်တော်တို့ သတင်းကို နေရာအနှံ့ပျံ့အောင် ဖြန့်ထားပြီးပါပြီ။ သူတို့ မသိစရာအကြောင်းမရှိပါဘူး"

“ဒါဆို ငါတို့က ဒီမှာထိုင်ပြီး သူတို့ကို စောင့်နေရအောင် ဒါက ဘာသဘောလဲ။ အရင်တုန်းကတော့ ဟွာရှားနိုင်ငံမှာ သိုင်းနတ်ဘုရားရှိနေခဲ့လို့ ငါတို့က သူတို့ကို လေးစားသမှုပေးခဲ့ရပေမဲ့ အခု ထျန်းယွမ်အဆင့်နဲ့ ယှဉ်နိုင်တဲ့ စစ်သည်ရှစ်ယောက်က ငါတို့ဆီမှာ ရှိနေပြီလေ... ငါတို့ရှေ့မှာ ဟန်ထုတ်ပြရအောင် သူတို့မှာ ဘာအရည်အချင်းရှိလို့လဲ"

"သူတို့ကို စောင့်မနေနဲ့တော့။ ဝင်ကြစို့"

အိုတိုက ပြောလိုက်၏။

"နည်းပြအိုတို... ဒါကတော့ သိပ်မသင့်တော်ဘူးထင်တယ်"

ရုရှားနိုင်ငွမှ အိုရီဗက်စကီက အကြံပေးလိုက်သည်။

"ကျုပ်တို့ သဘောတူထားတယ်လေ။ သဘောတူထားတဲ့ နိုင်ငံတွေအကုန်ရောက်မှ ဝင်လို့ရမှာ။ မဟုတ်ရင် အငြင်းပွားစရာတွေ ဖြစ်လာလိမ့်မယ်"

“နိုင်ငံတကာအငြင်းပွားမှုတဲ့လား။ ဟားဟားဟား... ဟာသပါကွာ။ ဒုတိယကမ္ဘာရဲ့ကိစ္စတွေက ဘယ်တုန်းကများ နိုင်ငံတကာသဘောတူညီချက်တွေအောက် ရောက်သွားရတာလဲ"

အိုတိုက လှောင်လိုက်သည်။

"ငါမှတ်မိသလောက်ဆိုရင် လုံရှားတပ်ဖွဲ့က မုန့်ထျန်းဟယ်တောင် အခုထိ အဆင့်မတက်နိုင်သေးဘူး။ သူတို့ရောက်လာလည်း ပွဲကြည့်ပရိသတ်အရေအတွက် နည်းနည်းပိုများလာရုံပဲရှိမှာ"

"နည်းပြချုပ်.. ကျွန်တော်တို့ နည်းနည်းလောက် ထပ်စောင့်တာ ပိုကောင်းမယ်ထင်တယ်"

အခြားအမေရိကန်စိတ်စွမ်းအားရှင်တစ်ယောက်က သတိထားပြီး ပြောလိုက်သည်။

"မမေ့နဲ့ဦးလေ... ဟွာရှားနိုင်ငံမှာ ကျန်းမုန့်လောင်ရှိသေးတယ်။ ဟိုအစမ်းသပ်ခံလူသားကို လွှတ်ပေးပြီး ကျွန်တော်တို့ရဲ့အခြေစိုက်စခန်းကို ဖျက်ဆီးပစ်ခဲ့တဲ့လူနော်။ သူ့စွမ်းအားက ထျန်းယွမ်အဆင့်အထက်မှာ သေချာပေါက်ရှိပါတယ်"

"မင်းတို့တွေက သူ့ကို အဲဒီလောက်အထိ အထင်ကြီးနေကြတာလား"

အိုတိုက လက်မခံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

"သူ ဘယ်လောက်စွမ်းစွမ်း... အသက်နှစ်ဆယ်ကျော် ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်ကွာ။ ထျန်းယွမ်အဆင့်ကို ကျော်ဖြတ်နိုင်တယ်ဆိုရင်တောင် မယုံနိုင်စရာကောင်းနေပြီ။ အခု ငါ့မှာ နှစ်ဆယ့်သုံးယူနစ်အထိရှိနေပြီ။ ငါက ကလေးတစ်ယောက်ကို ရှုံးမှာတဲ့လား"

“ဒါပေမဲ့..."

"ကောင်းပြီလေ... စောင့်ကြတာပေါ့"

အိုတိုက ရယ်လိုက်သည်။

"ဒီကျန်းမုန့်လောင်သာ တကယ်ပေါ်လာရဲရင် သူ့လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ခိုင်းရသေးတာပေါ့။ ငါတို့မဟာမိတ်အဖွဲ့က ဆုံးရှုံးလိုက်ရတဲ့ သူရဲကောင်းရာဂဏန်းအတွက် သူ့ကိုပါ အဖော်အဖြစ် မြေမြှုပ်ပစ်မယ်"

...

"ဟွာရှားလူမျိုးတွေ ရောက်လာပြီ"

နောက်ဆုံးတော့ နာရီဝက်ခန့်အကြာတွင် နှင်းလွင်ပြင်များထက်ရှိ ကောင်းကင်ယံ၌ ယာဉ်တစ်စင်း ပေါ်လာသဖြင့် စိတ်စွမ်းအားရှင်များအားလုံးလည်း မတ်တတ်ရပ်၍ ထိုနေရာသို့ ကြည့်လိုက်ကြ၏။

နှင်းမုန်တိုင်းထဲမှ လူရိပ်သုံးဆယ်ခန့် ဖြည်းဖြည်းချင်းထွက်ပေါ်လာကြသည်။ ထိုအထဲတွင် စွပ်ကျယ်အင်္ကျီ၊ ကမ်းခြေဝတ်ဘောင်းဘီတိုနှင့် ညှပ်ဖိနပ်စီးထားသော ပုံရိပ်တစ်ခုက အထူးတလည်ထင်ရှားနေသည်။

"ခေါင်းဆောင်... အဲ့ဒါ ကျန်းမုန့်လောင်ပဲ"

"အားလုံးပဲ မင်္ဂလာပါ... စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်။ နေကောင်းကြရဲ့လား"

ကျန်းမုန့်လောင်က သူတို့ဘက်သို့ ရင်းရင်းနှီးနှီး လက်ဝှေ့ယမ်းပြနေလေသည်။

စိတ်စွမ်းအားရှင် အများအပြားမှာ ခေါင်းငုံ့လိုက်ကြသည်။ ထိုအထဲတွင် ကျန်းမုန့်လောင်အား ပြန်ပေးသည့်စစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသူများလည်း ရှိနေကြလေရာ သူ့လွှမ်းမိုးမှုအောက်တွင် ကြောက်လန့်ခဲ့ရသည့် အဖြစ်များကို ယခုတိုင်သတိရနေကြဆဲပင်။

အမေရိကဘက်၌ အဆင့်တက်သွားသူ ရှစ်ယောက်ရှိသည်ဟု ထင်ရသော်လည်း သူတို့၏ ဖိနှိပ်မှုမှာ သူတို့ရှေ့ရှိ လူငယ်လေးနှင့်ယှဉ်လျှင် ဘာမှမဟုတ်ကြောင်း သိသာထင်ရှားလှသည်။

"ဟေး... မင်းက ကျန်းမုန့်လောင်လား"

အိုတို၏အကြည့်များက ကျန်းမုန့်လောင်အပေါ် ကျရောက်လာပြီး နှစ်ဆယ့်သုံးယူနစ်ရှိသည့် ရန်လိုနေဟန် စွမ်းအားများကို သူ့ထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။

သို့သော် သာမန်လူများကို သေးထွက်ကျသွားစေလောက်အောင် ပြင်းထန်လှသော ဤစွမ်းအားမှာ သူ့အပေါ်တွင်မူ ဘာသက်ရောက်မှုမှ မရှိချေ။

"ခင်ဗျားက ဘာကောင်လဲ"

ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ယခုအချိန်တွင် အဆင့်တက်ခါစ လောကကြီးကိုမမြင်ဖူးသေးသော အမေရိကန်များကသာ သူ့ကို တမင်သက်သက် ရန်စရဲကြမည်သာ။

"ဟေး... ဟွာရှားလူမျိုး… မင်း တော်တော်မောက်မာတာပါလား"

"ပထမဆုံးအနေနဲ့ပြောရရင် ကျုပ်နာမည်က "ဟေး"မဟုတ်ဘူး။ ကျန်းမုန့်လောင်..."

"ဒုတိယအချက်... ကျုပ်ရဲ့မျိုးရိုးနာမည်က ကျန်းပဲ။ 'ကျန်း'ဆိုတာ မောက်မာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီတော့ နည်းနည်းလောက် မောက်မာတာ ဘာဖြစ်လဲ"

"တတိယအချက်... ခင်ဗျားကိုကြည့်ရတာ ကျုပ်ကို တော်တော်မကြည်မသာဖြစ်နေပုံပဲ။ ကျုပ်က ခင်ဗျားထက် ပိုချောပိုခန့်နေလို့ မနာလိုဖြစ်နေတာလား။ မကျေနပ်ရင်လည်း လာလေ... သူတောင်းစားရဲ့"

****************

All Chapters