တစ်ခါကယ်ရင် အမေရိကန်ဒေါ်လာသန်းတစ်ရာ
Vol. 50 Ch. 739
ဒေါသထွက်နေသလား။ အိုတိုတစ်ယောက် သေချာပေါက် ဒေါသထွက်နေသည်။ သူတို့က အကြာကြီးစောင့်ခဲ့ရရုံသာမက ကျန်းမုန့်လောင်က ရောက်လာသည်နှင့် ရက်ရက်စက်စက် ပြောချလိုက်သဖြင့် အိုတိုခမျာ စိတ်ထဲ အဆင်မပြေတော့ပေ။
အငြိုးဟောင်းအပေါ် အငြိုးသစ်များ ထပ်ဆင့်သွားပြီးနောက် အိုတိုမှာ သူ့ကို တစ်စစီဆွဲဖြဲပစ်ချင်နေတော့သည်။
သို့သော် ထိုသို့မလုပ်ခင် နှစ်ဖက်စလုံး၏ အင်အားကွာခြားချက်ကို ချိန်ဆရန် လိုသေးသည်။
ပဋိပက္ခတစ်ခု ဖြစ်လာမည်ဟု သူတို့ သိထားပါသော်လည်း လေဆင်နှာမောင်းကဲ့သို့ ရုတ်တရက်ပေါက်ထွက်လာလိမ့်မည်ဟုတော့ ထင်မထားခဲ့ကြချေ။ အခြေအနေငြိမ်သွားသည်မှာ မကြာသေးသော်လည်း ယခုမူ သူတို့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြလေပြီလား။
တစ်ဖက်တွင် ဒုတိယကမ္ဘာ၏ အသန်မာဆုံးဟု အသိအမှတ်ပြုထားကြသော အိုတိုရှိနေပြီး ကျန်တစ်ဖက်တွင်မူ ဟွာရှားနိုင်ငံမှ နတ်ဆိုးနှင့်အလားသဏ္ဍာန်တူသော လူငယ်လေး ကျန်းမုန့်လောင် ရှိနေပေသည်။ တစ်ယောက်က အဆင့်တက်ထားခါစဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်းကို တည်ဆောက်ရန် လိုနေချိန်ဝယ် ကျန်တစ်ယောက်ကမူ ကမ္ဘာမြေနှင့် စကြဝဠာကိုပင် လွှမ်းမိုးထားပြီးဖြစ်၏။ အရေးကြီးသည်မှာ သူတို့အကြား ရှင်းရမည့် ရန်ကြွေးဟောင်းများ ရှိနေကြလေရာ တိုက်ခိုက်ဖြစ်ကြလျှင်လည်း အံ့သြစရာတော့ မဟုတ်ပေ။
"ဝိုး... ကျောင်းအုပ်ကြီးက ငါတို့ကို စာပေအရောင်အဝါတွေ ထုတ်ပြနေတာပဲ"
"ဒီနှစ် စာပေနိုဘယ်ဆုစာရင်းမှာ ကျောင်းအုပ်ကြီးရဲ့လက်ရာ မပါဘူးဆိုရင် ငါတော့ ယောင်လို့တောင် မကြည့်တော့ဘူး"
"ဟိုတီဗီရှိုးရဲ့နာမည်က ဘာတဲ့။ ပထမအချက်အနေနဲ့ ကျုပ်နာမည်က ‘ဟေး’မဟုတ်ဘူး။ ချူးယွီချန်းပဲ… ဟားဟား"
"ဟိုဘက်က ရုရှားအဘိုးကြီးက ဘယ်သူလဲ။ ကျောင်းအုပ်ကြီးရှေ့ကိုလာပြီး ဟန်လုပ်ပြရဲတယ်ပေါ့"
"အေးလေ... မိမိုက်ချင်ယောင်ဆောင်တတ်တဲ့ တည်ထောင်သူကို ဘယ်သူက မသိဘဲနေမှာလဲ။ လွန်ခဲ့တဲ့နှစ်ငါးထောင်လောက်က ကျောင်းအုပ်ကြီးရဲ့ဘိုးဘေးတွေ ကမ္ဘာပတ်ပြီး ကြွားလုံးထုတ်နေတဲ့အချိန်တုန်းက ဒီလူတွေရဲ့ ဘိုးဘေးတွေက ဖုန်ရှူနေရတုန်းပဲရှိဦးမှာ"
"သူ့ကို ဘယ်သူကများ သတ္တိတွေပေးလိုက်တာလဲ။ လျန်ကျင်းရူလား"
ကျန်းမုန့်လောင်၏ အနောက်ရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများက အချင်းချင်းနောက်ပြောင်နေကြသည်။
သို့သော် အိုတိုနှင့် သူ့လူများမှာ ကမ္ဘာပေါ်ရှိ ဘာသာစကားအများစုကို နားလည်ကြ၏။ ဤကျန်းမုန့်လောင်မှာ ထျန်းယွမ်အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလ ထွက်နေသဖြင့် သူ မောက်မာသည်ကို ခံသာသေးသည်။
သို့သော် ထိုကလေးတစ်သိုက်က ဘယ်သူလေလဲ။ လုံရှားတပ်ဖွဲ့က အင်အားကြီးသူများကို မလေးစားကြဘူးလား။
"နေဦး..."
အိုတိုမှာ ကျန်းမုန့်လောင်ကို သေချာအကဲခတ်ရန် အခွင့်အရေးမရလိုက်ခင်မှာပင် သူ့အကြည့်များက လုံရှားအဖွဲ့ခေါင်းဆောင် မုန့်ထျန်းဟယ်ထံသို့ ကျရောက်သွားတော့သည်။
စွမ်းအားရှင်မဟာမိတ်အဖွဲ့နှင့် လုံရှားတပ်ဖွဲ့တို့၏ ခေါင်းဆောင်များ ဖြစ်ကြသည့် အိုတိုနှင့် မုန့်ထျန်းဟယ်တို့မှာ ဆယ်စုနှစ်တစ်ခုနှစ်ခုမက ရန်ငြိုးကြီးခဲ့ကြသော ရန်သူတော်များဖြစ်ကြသည်။ ထိုအင်အားကြီးအဖွဲ့အစည်းနှစ်ခုကို တည်ထောင်ချိန်မှစ၍ သူတို့ကြားတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်သည့် အချစ်အမုန်းဆက်ဆံရေးကြီးလည်း စတင်ခဲ့သည်။
သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့ကြသည်မှာ အကြိမ်တစ်ရာမပြည့်လျှင်တောင် အကြိမ်ရှစ်ဆယ်တော့ ရှိလောက်သည်။ သူတို့က ကိုယ့်ဇနီးသည်ထက်ပင် တစ်ဖက်လူ၏အကြောင်းကို ပိုသိကြပြီး တစ်ယောက်ကိုတစ်ယောက် သတ်မိလုနီးပါးဖြစ်ခဲ့ရသည့် အကြိမ်ပေါင်းများစွာလည်း ရှိခဲ့ဖူး၏။
ယင်ဝူယီနှင့် ဆက်ဆံရေးကောင်းမွန်သောကြောင့် မုန့်ထျန်းဟယ်မှာ ဟွာရှားနိုင်ငံ၏ ရှေးဟောင်းသိုင်းပညာအစစ်ကို သင်ယူနိုင်ခဲ့သည်။ သူက ဉာဏ်ကြီးရှင်တစ်ဦးဖြစ်လေရာ သဘာဝလွန်စွမ်းအားများနှင့် ရှေးဟောင်းသိုင်းပညာကို ပေါင်းစပ်ပြီး အလွန်စွမ်းအားပြင်းလှသော တိုက်ခိုက်ရေးနည်းစနစ်များကို ဖန်တီးခဲ့သဖြင့် သူ့တိုက်ပွဲမှတ်တမ်းမှာ အိုတိုထက် အနည်းငယ် သာလွန်နေခဲ့သည်။
မကြာသေးမီက အိုတို အဆင့်တက်သွားချိန်တွင် မုန့်ထျန်းဟယ်က ဒဏ္ဍာရီလာစိတ်စွမ်းအားရှင်အဆင့်၌သာ ရှိသေးကြောင်း သိလိုက်ရသဖြင့် သူ အလွန်ဝမ်းသာခဲ့ရသည်။ အချိန်အကြာကြီး ဖိနှိပ်ခံခဲ့ရပြီးနောက် အဆုံးတွင်မူ အိုတိုတစ်ယောက် မုန့်ထျန်းဟယ်ကို ကျော်တက်နိုင်မည့်အခွင့်အရေး ရလာခဲ့လေပြီ။ သူက ရန်စကားအချို့ကိုပင် ပြင်ဆင်ထားခဲ့သော်လည်း မုန့်ထျန်းဟယ်ကို မြင်လိုက်ရသည့်အချိန်ဝယ် ထိုစကားများကို ပြောခွင့်ရတော့မည်မဟုတ်မှန်း သိလိုက်ရ၏။
"မင်းလည်း အဆင့်တက်သွားပြီလား"
သူ့လက်ကောက်ဝတ်ရှိ ကိရိယာလေးပေါ်တွင် နံပါတ်နှစ်ဆယ့်နှစ်ဟု ပေါ်လာသောအခါ အိုတို၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူနှင့် မုန့်ထျန်းဟယ်အကြားရှိ စွမ်းအားကွာခြားချက်မှာ မသိသာကြောင်း ထင်ရှားလှ၏။
"ငါတစ်ယောက်တည်း အဆင့်တက်တာ မဟုတ်ဘူး"
မုန့်ထျန်းဟယ်က ပြုံးလိုက်သည်။
"လျိုကျန့်နန်... ကျူးအန်းကျယ်..."
အိုတို၏အကြည့်များက ရင်းနှီးနေသော မျက်နှာများဆီသို့ ရောက်သွားသည်။ အချက်အလက်များအရ ဤလူများမှာ ဒဏ္ဍာရီလာစိတ်စွမ်းအားရှင်အဆင့်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ဖော်ပြနေပြီး မရင်းနှီးသော မျက်နှာအချို့ပင် ပါဝင်နေသေးသည်။
"ဆယ့်ရှစ်ယောက်တောင်လား"
အိုတို၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီလာသည်။ လုံရှားတပ်ဖွဲ့ဝင်အရေအတွက်မှာ သူ့လူများနှင့် ဆတူလောက်သာဆိုလျှင် အိုတိုအနေနှင့် သူတို့ကို ဖိအားပေးရန် ယုံကြည်မှုရှိဦးမည်ဖြစ်သော်လည်း ယခုမူ အဆင့်တက်ထားသည့် ဟွာရှားနိုင်ငံရှိ စိတ်စွမ်းအားရှင်အရေအတွက်မှာ သူတို့ထက် နှစ်ဆကျော် ပိုများနေချေသည်။
"အဲဒီကျန်းမုန့်လောင်က... နှစ်ဆယ့်သုံးလား။ ငါနဲ့အတူတူပဲပေါ့"
"ဒီကလေးတွေက..."
ထို့နောက် အိုတိုက သူ့စကင်နာကို ကျန်းမုန့်လောင်နောက်ရှိ လူငယ်တစ်သိုက်ဆီသို့ လှည့်လိုက်သည်။
"ဟူး"
စကင်နာပေါ်၌ သူတို့၏စွမ်းအားမှာ ငါးယူနစ်ခန့်သာရှိကြောင်း ပြသနေသည်။ ထိုအခါမှသာ အိုတိုခမျာ သက်ပြင်းချနိုင်တော့သည်။ အကယ်၍ ထိုကလေးများသာ ဒဏ္ဍာရီလာစိတ်စွမ်းအားရှင်အဆင့်ကို ကျော်နေပါက သူ့ဘဝကိုပင် မေးခွန်းထုတ်မိတော့မည်ဖြစ်၏။
ကိရိယာများက မလိမ်နိုင်သော်လည်း လူများကမူ လိမ်တတ်ကြသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် စွမ်းအားကို ဖုံးကွယ်ထားနိုင်သည့် နည်းလမ်းပေါင်း ရာနှင့်ချီ၍ရှိသည်။
ဟန်လုပ်နေတယ်ပေါ့လေ...အစကတည်းက တစ်ဖက်လူကို ကိုယ့်စွမ်းအားအမှန်ကိုသိအောင် ပြထားမှတော့ ဘယ်လိုလုပ်ပြီး ဟန်လုပ်လို့ရတော့မှာလဲ။
ကျန်းမုန့်လောင်၏စွမ်းအားကို အနည်းငယ် စိုးရွံ့နေသော်လည်း ထိုစကားသုံးခွန်းပြောပြီးနောက်တွင် အိုတိုလည်း ပြန်ပြောရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။
အကယ်၍ သူသာ နှုတ်ဆိတ်နေမည်ဆိုလျှင် အခြားနိုင်ငံက စိတ်စွမ်းအားရှင်များက သူ့ကို သူရဲဘောကြောင်သူဟု ထင်သွားကြလိမ့်သည်။
အစောက သူတို့ရှေ့တွင် ဟန်လုပ်နေပြီး ယခုမှ ကျန်းမုန့်လောင်ရှေ့တွင် ခွေးတစ်ကောင်လို ကြောက်သွားပါက သူ့ကို အနိုင်သာကျင့်တတ်ပြီး သတ္တိမရှိသူဟု မြင်သွားကြလိမ့်မည်။
"လူငယ်လေး... လုံရှားတပ်ဖွဲ့မှာ မင်းကို ယဉ်ကျေးမှုရှိအောင် ဘယ်သူမှ မသင်ပေးလိုက်ဘူးလား"
အိုတိုလည်း အင်တင်တင်နှင့် ပြောလိုက်သည်။
"ခင်ဗျားက ဘာကောင်မို့လို့ ကျူပ်ကို ယဉ်ကျေးမှုအကြောင်း လာသင်ပြနေတာလဲ"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"ဒီနေ့ ဒီနေရာကို ကျုပ်ကိုယ်တိုင် စိတ်ပါလက်ပါလာခဲ့တယ်များ ထင်နေတာလား။ ခေါင်းဆောင်မုန့်ကိုယ်တိုင်သာ လာမဖိတ်ရင် ဒီလိုအစုတ်ပလုတ်နေရာမျိုးကိုလာဖို့ စိတ်ကူးရှိမယ်များထင်နေတာလား"
"သူ့ကို မုန့်ထျန်းဟယ်ကိုယ်တိုင် ဖိတ်လိုက်တာလား"
အိုတိုခမျာ ထိတ်လန့်သွားရလေသည်။ မာနကြီးလှသော မုန့်ထျန်းဟယ်၏စရိုက်ကို သိထားသည်ဖြစ်ရာ သူကိုယ်တိုင်ဖိတ်ခေါ်သည်ဆိုလျှင် ကျန်းမုန့်လောင်က ဒဏ္ဍာရီထဲကအတိုင်း စင်စစ်ကြောက်မက်ဖွယ်ကောင်းနေ၍များလား။
"ဘာကြည့်နေတာလဲ... ပြဿနာရှိလို့လား"
ကျန်းမုန့်လောင်က ဆက်လှောင်လိုက်သည်။
ထဪ... အခုမှပဲ သိတော့တယ်... ခင်ဗျားက စွမ်းအားရှင်မဟာမိတ်အဖွဲ့ရဲ့နည်းပြ ဖြစ်မယ်ထင်တယ်... ဘယ်လိုလဲ... ခင်ဗျားတို့ရဲ့ အခြေစိုက်စခန်းဟောင်းကို ကျုပ်ဝင်မွှေလိုက်တာ အံ့သြသွားသေးလား"
မင်း..."
အိုတိုလည်း သူ့စွမ်းအားများကို ထုတ်လုနီးပါးပင် ဖြစ်သွားသည်။
ရုံးချုပ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်းမှာ လွန်စွာအရှက်ရဖွယ် ကိစ္စတစ်ခုဖြစ်၏။ သူသည် လက်စားချေရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာခဲ့ခြင်းပင်။
သူ့ကိုပေးထားသော အမိန့်မှာ ဖြစ်နိုင်လျှင် ဟွာရှားနိုင်ငံမှ ကျန်းမုန့်လောင်ကို သတ်ရန်ဖြစ်သော်လည်း ဤမျှမြန်မြန်ဆန်ဆန် ထိပ်တိုက်တွေ့ကြလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
"ကဲပါ... တော်ကြပါတော့"
မုန့်ထျန်းဟယ်က ရုတ်တရက်ဝင်ဖျန်ဖြေလိုက်သည်။
အိုတိုတစ်ယောက် အရှက်ကွဲနေသည်ကိုကြည့်ပြီး ကျေနပ်နေသော်လည်း သူတို့၏အဓိကရည်ရွယ်ချက်မှာ အာကာသယာဉ်ကို လေ့လာစူးစမ်းရန်ဖြစ်၏။ ရန်ဖြစ်ရန် မဟုတ်ချေ။ နောက်နောင် တိုက်ခိုက်ရန် အချိန်ရှိသေးသည်။ ဘယ်တော့စာရင်းရှင်းကြမလဲ ဆိုသည်ကသာ မေးခွန်းထုတ်စရာဖြစ်နေပေသည်။
"ကျုပ်တို့ အာကာသယာဉ်ပေါ်ကို အရင်တက်သင့်တယ်... အပြင်မှာ နှင်းမုန်တိုင်းက ပိုကြမ်းလာပြီ... ကျုပ်တို့လာရတဲ့ ရည်ရွယ်ချက်က အရေးအကြီးဆုံးပဲ"
"ဟွန့်..."
အိုတိုက ခပ်ပြတ်ပြတ် မှတ်ချက်တစ်ခု ပေးလိုက်သည်။
"မင်းတို့ခေါင်းဆောင်မုန့် မျက်နှာကိုထောက်ပြီး ဒီကိစ္စကို နောက်မှ ရှင်းကြတာပေါ့"
"ကျေးဇူးပြုပြီး တောင်းပန်ပါတယ်။ ခေါင်းဆောင်မုန့်မျက်နှာကို ထောက်မနေပါနဲ့... ကျူပ်ကို အခုချက်ချင်း သတ်လိုက်စမ်းပါ... မလုပ်ရဲရင် ခင်ဗျားက ကျုပ်မြေးပဲ"
ကျန်းမုန့်လောင်မှာ ဒေါသထွက်နေပုံရသည်။
"ဒီနေ့ ကျောင်းအုပ်ကြီးက ဘာလို့ ရုတ်တရက်ကြီး အရှက်မရှိဖြစ်နေရတာလဲ
"မင်းမမြင်ဘူးလား... သူက တမင်သက်သက် ရန်စနေတာကွ"
"ရယ်ရပေမဲ့ လုံးဝကြီး ရယ်ရတာတော့ မဟုတ်ဘူး"
...
"မုန့်လောင်..."
မုန့်ထျန်းဟယ်ခမျာ ပြောစရာစကားမဲ့နေရှာသည်။ ဤလူငယ်လေးမှာ မည်သူမှမယဉ်ပါးနိုင်သော သားရဲတစ်ကောင်ဖြစ်နေချေပြီ။
"ဟုတ်ပါပြီ...ခင်ဗျားကို လေးစားသောအားဖြင့် သူ့ကို ဆက်မပြောတော့ပါဘူး"
ကျန်းမုန့်လောင်က အရေးမစိုက်သလို ပြောလိုက်၏။
နောက်ရက်တွေလည်း ရှိဦးမှာပဲလေ။
"ဟုတ်သားပဲ"
ကျန်းမုန့်လောင်က ရုတ်တရက် ပြောလိုက်သည်။
"ဒီနေ့ ကျုပ်တို့က အရမ်းအန္တရာယ်များတဲ့ နေရာကို သွားကြမှာဆိုတာကို ခင်ဗျားတို့အားလုံး သိကြမှာပါ... သေတာတွေ ဒဏ်ရာရတာတွေက အချိန်မရွေးဖြစ်သွားနိုင်တယ်။ အကျယ်တဝင့် ရှင်းပြနေစရာ မလိုတော့ဘူးမလား"
အိုတိုအပါအဝင် လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ အာကာသယာဉ်အတွင်းရှိ အန္တရာယ်များကို သူတို့ ကောင်းကောင်းသိထားကြ၏။
"အားလုံးရောက်နေပြီဆိုတော့ ကျုပ်လည်း အလကားလာတာတော့မဖြစ်သေးဘူး။ ဒီနေ့ ခင်ဗျားတို့တွေနဲ့ သဘောတူညီချက်တစ်ခု လုပ်ကြတာပေါ့"
ကျန်းမုန့်လောင်က ကြေညာလိုက်၏။
"ဒီနေ့ လုံရှားတပ်ဖွဲ့မှာ ကျုပ်တို့ ကယ်ဆယ်ရေးစန်ဆောင်မှုတစ်ခု ပေးနေပါပြီ။ ဘယ်သူမဆို ကိုယ့်ဘာသာ မတောင့်ခံနိုင်တော့ဘဲ အကူအညီလိုအပ်လာရင် တစ်ခါကယ်ပေးခ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ကျသင့်မှာပါ"
“ဘာ...”
မုန့်ထျန်းဟယ်ပင် အံ့အားသင့်သွားရသည်။
ဒီဝန်ဆောင်မှုက ဘယ်တုန်းက စလိုက်တာလဲ။ ဒီတစ်ခါတော့ တကယ်လွန်လွန်းသွားပြီ။
ဤတာဝန်က ဘယ်လောက်အန္တရာယ်များမှန်း သိပါလျက်နှင့် ဘယ်လိုအသက်ရှင်အောင် နေမလဲဆိုသည်ကို မစဉ်းစားဘဲ ပိုက်ဆံဘယ်လိုရှာရမလဲဆိုသည်ကို တွေးနေသေးသတဲ့။
ကျေးဇူးပြုပြီး လူလိုသူလိုလေး ပြုမူပါဦးလား။
*******************