← Chapters

အခန်း (၇၄၂)

Vol. 50 Ch. 742

အခန်း (၇၄၂)

Vol. 50 Ch. 742

"အသုံးပြုနည်းလမ်းညွှန်လား"

"?????"

"သူ့ဆီမှာ ဘာလို့ အသုံးပြုနည်းလမ်းညွှန်ရှိနေရတာလဲ။ ဒါက တခြားမျိုးနွယ်စုတစ်ခုက စက်ရုပ်တစ်ရုပ် မဟုတ်ဘူးလား"

"သူက ဂြိုဟ်သားများလား"

"နာနီ?"

"သောက်ကျိုးနည်း"

"ချီးပဲ"

...

"မစ္စတာကျန်း... ဒီပစ္စည်းကို ဘယ်ကရတာလဲ"

မုန့်ထျန်းဟယ်ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

"ကျွန်တော့်မိသားစုထဲက ဘိုးဘေးတစ်ယောက် ကောက်ရလာတာလေ"

ကျန်းမုန့်လောင်က ထိုနေရာတွင်ပင် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်တော့သည်။ အပြိုင်အာကာသအချိန်များကို ဖြတ်ကျော်နိုင်သည့် စနစ်တစ်ခုအနေနှင့် ကောထန်က စွယ်စုံကျမ်းကြီးတစ်အုပ်နှင့် တူလှ၏။

လမ်းညွှန်စာအုပ်အပြင် စက်ရုပ်၏ဒီဇိုင်းပုံစံများကို လိုချင်လျှင်ပင် ထုတ်ပေးနိုင်စွမ်းရှိ၏။

ထိုစဉ် စက်ရုပ်တစ်ရုပ်က ကျန်းမုန့်လောင်ကို ရုတ်တရက်စိုက်ကြည့်လာပြီး တိုက်ခိုက်ရမည့် အဓိကပစ်မှတ်အဖြစ် ချက်ချင်းသတ်မှတ်လိုက်တော့သည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ထိုစက်ရုပ်က လုပ်ကြံသတ်ဖြတ်သူတစ်ဦးအလား စက်ရုပ်ခြေထောက်နှစ်ချောင်းကို လှုပ်ရှားပြီး ကျန်းမုန့်လောင်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။

"ရှင်းလာထျန်းဇိုက်"

သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်လှိုင်းများက ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာသည်။ စက်ရုပ်က သူနှင့် တစ်မီတာခန့်အကွာသို့ ရောက်သောအခါ မမြင်နိုင်သောနံရံတစ်ခုနှင့် တိုက်မိသကဲ့သို့ ရပ်တန့်သွားသည်။

ထို့နောက် ထိုစွမ်းအားက စက်ရုပ်ကို ခပ်ကြမ်းကြမ်း လွင့်စဉ်သွားစေပြီး စင်္ကြံလမ်းရှိ သတ္တုနံရံနှင့် ဝင်ဆောင့်မိသွားတော့သည်။

ထိုသတ္တုနံရံမှာ စိတ်စွမ်းအားရှင်များ၏ တိုက်ခိုက်မှုကို အတော်ကြာသည်အထိ ခံနိုင်ရည်ရှိခဲ့ပြီး အနည်းငယ်ပင် ချိုင့်ဝင်သွားခြင်း မရှိသော်လည်း ကျန်းမုန့်လောင်၏ တိုက်ခိုက်မှုကြောင့် စက်ရုပ်၏ကိုယ်ထည်တစ်ဝက်ခန့်မှာ နံရံထဲသို့ နစ်ဝင်သွားခဲ့ချေပြီ။

"ငြိမ်ငြိမ်နေစမ်း"

ကျန်းမုန့်လောင်က လက်တစ်ဖက်ဆန့်တန်းလိုက်လေရာ အားကောင်းလှသော သံလိုက်စက်ကွင်းတစ်ခုက ထိုစက်ရုပ်ကို လွှမ်းခြုံသွားပြီး စက်ရုပ်လက်မောင်းများနှင့် ခြေထောက်များက သံလိုက်ဖြင့် ဆွဲငင်ခံထားရသည့်အလား သတ္တုနံရံ၌ မြဲမြံစွာကပ်သွားသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အိုတိုကိုယ်တိုင်လည်း ထိုသတ္တုမကောင်းဆိုးဝါးနှင့် တိုက်ခိုက်ဖူးသော်ငြား ထိခိုက်ဒဏ်ရာနည်းနည်းလေးကိုပင် မပေးနိုင်ခဲ့သော်လည်း ကျန်းမုန့်လောင်၏လက်ထဲတွင်မူ ကြက်ပေါက်လေးတစ်ကောင်နှယ် ဖြစ်နေတော့သည်။

"နည်းပြချုပ်"

စွမ်းအားရှင်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက အိုတို၏နားနားသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

"ခုနလေးတင် မျက်စိတစ်မှိတ်အတွင်းမှာ ကျွန်တော့်ရဲ့ထောက်လှမ်းရေးစက်က စွမ်းအင်အတက်အကျယူနစ်သုံးဆယ်နီးပါးအထိ ပြသွားပါတယ်"

"ဘာ... ယူနစ်သုံးဆယ်လား"

အိုတို၏ခန္ဓာကိုယ်မှာ မထိန်းနိုင်ဘဲ တုန်ရီသွားရှာသည်။

"အားလုံးပဲ သတိထားကြ... ဒီကောင်တွေက အန္တရာယ်ရှိတုန်းပဲ"

ကျန်းမုန့်လောင်က စက်ရုပ်နားသို့ လျှောက်သွားလိုက်သည်။

"သူ့ရဲ့ အဓိကရည်ရွယ်ချက်က စူးစမ်းလေ့လာဖို့ဆိုပေမဲ့... သာမန်တိုက်ခိုက်ရေး လုပ်ဆောင်ချက်လေးတွေလည်း ပါသေးတယ်။ သာမန်အဆင့်နှစ်မျိုးနွယ်စုတွေဆိုရင် ဒီကောင့်ကို အိမ်စောင့်ဖို့နဲ့ အာကာသယာဉ်လုံခြုံရေးအတွက်လောက်ပဲ သုံးကြတာ"

စကားပြောနေရင်းဖြင့် ကျန်းမုန့်လောင်က လေဆာဘောပင်တစ်ချောင်းကို ထုတ်လိုက်သေးသည်။

"ဒီကိုကြည့်... ဒါက သူ့ရဲ့ကင်မရာလေ။ သူ့ရဲ့ လှုပ်ရှားမှု ဖမ်းယူနိုင်စွမ်းက ဖားတစ်ကောင်ထက် ဆယ်ဆပိုကောင်းတယ်"

ကျန်းမုန့်လောင်က စိတ်စွမ်းအားရှင်များကို လက်ညှိုးထိုးပြလိုက်သည်။

"ခင်ဗျားတို့ရဲ့ ခုနကတိုက်ခိုက်မှုတွေက ဒီကင်မရာရှေ့မှာ လိပ်တစ်ကောင်လို ဖြစ်သွားတာ"

"ဒီအပိုင်းကတော့ စွမ်းအင်ဗဟိုချက်ပေါ့။ ဘက်ထရီအားသွင်းစနစ်ရော စွမ်းအင်ပုံဆောင်ခဲအသုံးပြုစနစ်ရော ပါတယ်"

"ဒီနေရာက ချစ်ပ်ပြားထည့်တဲ့နေရာလေ။ သုံးစွဲသူတွေက လုပ်ဆောင်ချက်အမျိုးမျိုး ရဖို့အတွက် ပရိုဂရမ်တွေအမျိုးမျိုး သတ်မှတ်ပေးလို့ရတယ်။ ဒီအာကာသယာဉ်ပိုင်ရှင်က ဒါတွေကို တိုက်ခိုက်ရေးအတွက် သုံးခဲ့တယ်လို့ ထင်တာပဲ"

...

"သူ... ဒီကောင်လေးက တကယ်ကွင်းဆင်းလေ့လာရေး ထွက်လာတာပဲ"

မနက်တုန်းက ကျန်းမုန့်လောင် ဤလူများကို ခေါ်လာသည်မှာ အဓိပ္ပာယ်မရှိဟု မုန့်ထျန်းဟယ် ထင်ခဲ့မိ၏။ သို့သော် အပြန်အလှန် တိုက်ခိုက်မှုအချို့ ပြီးသွားသောအခါ ဤလူငယ်များ၏ ကြောက်မက်ဖွယ်စွမ်းအားကို သူတို့ သဘောပေါက်သွားကြသည်။ ယခုအခါတွင်မူ ကျန်းမုန့်လောင်က သင်ကြားပို့ချနေချေပြီ။

ကျေးဇူးပြုပြီး... ဒါက လူသတ်ယန္တရားကြီးလေ... သူ့လက်ချက်နဲ့ လူဘယ်နှယောက် သေပြီးသွားပြီလဲဆိုတာ မမြင်ကြဘူးလား။

ထိုစက်ရုပ်၏ အပေါင်းအဖော်ကို ကျန်းမုန့်လောင်က ထိန်းချုပ်လိုက်သည်ကို သတိထားမိသည့်အလား နောက်ထပ်စက်ရုပ်တစ်ရုပ်၏ခေါင်းက ကျန်းမုန့်လောင်ကို ချက်ချင်း ချိန်ရွယ်လိုက်၏။ ထို့နောက် အပူချိန်မြင့်အနီရောင်အလင်းတန်းနှစ်ခုကို သူ့ရင်ဘတ်ထဲမှ ပစ်လွှတ်လိုက်တော့သည်။

"မုန့်လောင်... သတိထားနော်။ အဲ့ဒီအလင်းတန်းတွေရဲ့အပူချိန်က ဒီဂရီနှစ်သောင်းကျော်တယ်။ သံမဏိကိုတောင် ချက်ချင်း ဖြတ်တောက်နိုင်တယ်"

မုန့်ထျန်းဟယ်က သတိပေးလိုက်၏။

သို့သော် ကျန်းမုန့်လောင်က ခြေထောက်ပင်မရွေ့ပေ။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး သေစေနိုင်လောက်သည့် အလင်းတန်းကို လက်ဗလာဖြင့် အံ့အားသင့်ဖွယ်ကောင်းစွာ ကာကွယ်လိုက်၏။

"ဖယ်စမ်း...ငါ ဗဟုသုတမျှဝေနေတာကို လာမနှောင့်ယှက်နဲ့"

မမြင်နိုင်သော စွမ်းအင်လှိုင်းနောက်တစ်ခုက ပျံ့နှံ့သွားပြီး အခြားစက်ရုပ်တစ်ရုပ်မှာလည်း လွင့်ထွက်သွားတော့သည်။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ"

ထိုနေရာရှိ လူအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ သူတို့မျက်လုံးထဲတွင် အနိုင်မယူနိုင်သောစက်ရုပ်များမှာ ကျန်းမုန့်လောင်၏ အနားကိုပင် မကပ်နိုင်ကြပေ။

သို့သော် နောက်ဆက်တွဲဖြစ်ရပ်က သူတို့ကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

ကျန်းမုန့်လောင်က သံလိုက်ဓာတ်ပါဟန်တူသော ကြိုးတစ်ချောင်းကို ထုတ်ယူကာ စက်ရုပ်နှင့် ချိတ်ဆက်လိုက်ပြီး ကွန်ပျူတာတစ်လုံးကိုထုတ်၍ ကုတ်များကို အလျင်အမြန် ရိုက်ထည့်လိုက်သည်။

မိနစ်အနည်းငယ်ကြာသောအခါ စက်ရုပ်၏နီရဲရဲမျက်လုံးများမှာ တဖြည်းဖြည်းမှိန်ဖျော့သွားပြီး အစိမ်းရောင်ပြောင်းသွားတော့သည်။

"ဒုန်း…"

စက်ရုပ်က မတ်တတ်ရပ်လိုက်သော်လည်း ကျန်းမုန့်လောင်တို့အဖွဲ့ကို ထပ်မံတိုက်ခိုက်ခြင်းမပြုတော့ချေ။ ထိုအစား သူက အစောင့်ရုပ်တုတစ်ခုအလား သူတို့ရှေ့တွင် ရပ်နေသည်။

"တကယ်တော့ သူတို့ရဲ့ နည်းပညာပါဝင်မှုက တော်တော်နည်းတယ်။ ငါတို့ဒုတိယတန်းက ကုတ်ရေးနည်းဗဟုသုတလောက်ကို သုံးလိုက်ရင်ရပြီ။ ကျွမ်းကျင်မယ်ဆိုရင် သူ့ရဲ့ဉာဏ်ရည်တုပရိုဂရမ်ကို ပြောင်းဖို့ ဆယ်မိနစ်ထက် ပိုမကြာဘူး"

"ဒီကောင်လေးက တော်တော်အံ့သြဖို့ကောင်းနေပြီ"

ကျန်းမုန့်လောင်က စက်ရုပ်များကို ထိန်းချုပ်လိုက်​ကြောင်း မြင်လိုက်ရသောအခါ အခြားနိုင်ငံရှိ လူများမှာ မပျော်နိုင်ကြဘဲ မနာလိုခြင်းနှင့် ခါးသီးခြင်းများသာ ပြည့်နှက်နေကြသည်။

သူတို့လည်း ထိုစက်ရုပ်များ၏စွမ်းအားကို မြင်တွေ့ခဲ့ပြီးဖြစ်၏။ စက်ရုပ်တစ်ရုပ်တည်းနှင့်ပင် ဒုတိယလောကတစ်ခုလုံးကို အသာလေးသတ်ဖြတ်နိုင်စွမ်းရှိသည်။ အကယ်၍ ဟွာရှားနိုင်ငံကသာ ဤစက်ပစ္စည်းကို ပိုင်ဆိုင်သွားပြီး ဒီဇိုင်းကို အတုယူကာ ထုတ်လုပ်နိုင်ခဲ့မည်ဆိုလျှင် ဘယ်နိုင်ငံကများ စစ်ရေးစွမ်းရည်မှာ သူတို့ကို ယှဉ်ရဲမည်နည်း။

သူတို့မှာ ဟွာရှား၏ထျန်းဟယ်ကိုယ်ပျောက်တိုက်လေယာဉ်ကို ယှဉ်ပြိုင်နိုင်မည့် နည်းလမ်းကိုပင် ရှာမတွေ့သေးပေ။ အကယ်၍ ဤလက်နက်အသစ်များကိုပါ အကုန်ရသွားပါက သူတို့က ကမ္ဘာကြီးကို လွှမ်းမိုးလိုက်သည်နှင့် တူသွားပေတော့မည်။

"ကျန်းမုန့်လောင်... မင်းက ဒီလောက်စွမ်းဆောင်ရည်ရှိနေတယ်ဆိုရင် ခုနတုန်းက ဘာလို့ဝင်မကူတာလဲ"

အိုတိုက မေးလိုက်သည်။

"မင်းကြောင့် ငါတို့ဘက်က အားကောင်းတဲ့ စိတ်စွမ်းအားရှင် ဆယ်ယောက်ကျော်လောက် ဆုံးရှုံးလိုက်ရပြီ"

"ခင်ဗျားတို့ဆုံးရှုံးတာက ကျုပ်နဲ့ ဘာဆိုင်လို့လဲ"

ကျန်းမုန့်လောင်က မဲ့ပြုံးပြုံးလိုက်သည်။

"ကျုပ်က ခင်ဗျားအဖေလား... ဒါမှမဟုတ် ခင်ဗျားအဘိုးလား။ ကိုယ်ကျင့်တရားနဲ့ လာအကျပ်ကိုင်နေတာလား။ ဆောရီးပဲ... ကျုပ်မှာ ကိုယ်ကျင့်တရားမရှိသရွေ့ ခင်ဗျား ကျုပ်ကို ဘယ်တော့မှ အကျပ်ကိုင်လို့ရမှာမဟုတ်ဘူး။ ကျုပ်မှာ ခင်ဗျားတို့ကို ကာကွယ်ပေးရမဲ့ တာဝန် ရှိလို့လား"

ကျန်းမုန့်လောင်ကတော့ တကယ်ရယ်စရာကောင်းသည်ဟု ခံစားမိသည်။ အကယ်၍ သူသာ ထိုစက်ရုပ်နှစ်ရုပ်ကို မနှိမ်နင်းခဲ့ပါက ဤစင်္ကြံလမ်းမှာ ယခုအချိန်တွင် သွေးချောင်းစီးနေလောက်ပြီဖြစ်သော်လည်း အိုတိုကမူ သူ့ကို ကိုယ်ကျင့်တရားမြင့်မားဟန်ဖြင့် မေးခွန်းထုတ်နေသေးသည်။

သူ့ကြောင့်သာမဟုတ်ရင် သူကိုယ်တိုင်လည်း အသက်ပျောက်သွားလောက်ပြီဆိုတာကို သတိမထားမိတာများလား။

"အပြင်မှာတုန်းက လုံရှားရဲ့အရေးပေါ် ကယ်ဆယ်ရေးဝန်ဆောင်မှုကို လိုသေးလားလို့ မေးခဲ့တယ်လေ... ခင်ဗျားတို့ပဲ ငြင်းခဲ့ကြတာ"

ကျန်းမုန့်လောင်က အပြစ်ကင်းစင်လေဟန်ပုံစံဖြင့် ပြောလိုက်သည်။

"ကျုပ်ရဲ့စွမ်းအားကလည်း အကန့်အသတ်ရှိတယ်။ ကျုပ်အနေနဲ့ လုံရှားတပ်ဖွဲ့ထဲက ကိုယ့်လူတွေကိုပဲ ကာကွယ်ပေးနိုင်မှာ။ ခင်ဗျားတို့ကိုကယ်ဖို့ဆိုရင် ဈေးတစ်ခုတော့ ပေးရမှာပေါ့"

"အိပ်မက်မက်နေလိုက်"

အိုတိုက ကျိုးသွားသော သူ့တိုက်ပွဲဝင်ပုဆိန်ကို ကောက်ယူရင်း စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

"မင်းမရှိလည်း ငါတို့က ဒီအာကာသယာဉ်ကို စူးစမ်းနိုင်တယ်"

"ခင်ဗျားပြောတာနော်"

ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။

"ကျန်တဲ့လူတွေရော ဘယ်လိုလဲ။ အခု ခင်ဗျားတို့ကို နောက်ထပ်အခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်။ တစ်ခါကယ်ဆယ်ခွင့်အတွက် အမေရိကန်ဒေါ်လာ သန်းတစ်ရာ... အကန့်အသတ်မရှိ တစ်ကိုယ်ရေကယ်ဆယ်ခွင့် အဖွဲ့ဝင်ကြေးက အမေရိကန်ဒေါ်လာတစ်ဘီလီယံ။ ဘာစောင့်နေကြတာလဲ။ စဉ်းစားမနေနဲ့။လုပ်ချလိုက်စမ်းပါ... ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရရင် ပြန်ရမှာမဟုတ်ဘူးနော်"

အကယ်၍ အစောတုန်းက ကျန်းမုန့်လောင်၏ လုပ်ရပ်များကို ရယ်စရာဟု ထင်ခဲ့မိလျှင်ပင် ယခုအချိန်တွင်မူ မည်သူကမှ သူ့ကိုအထင်သေးသောအကြည့်ဖြင့် မကြည့်ရဲကြတော့ပေ။

ဤမျှအစွမ်းထက်သော စက်ရုပ်များနှင့် ရင်ဆိုင်ရာတွင် ကျန်းမုန့်လောင်ပြသခဲ့သော ဖိနှိပ်နိုင်စွမ်းက သူတို့ကို ကာကွယ်ပေးနိုင်စွမ်း အမှန်တကယ်ရှိကြောင်း သက်သေပြနေချေသည်။

သို့သော် ပိုက်ဆံကိစ္စကမူ... ဟွာရှားကို အကြွေးမတင်သည့် နိုင်ငံဟူ၍ ဘယ်နှနိုင်ငံများ ရှိလေသလဲ။ သူတို့မှာ ငွေအများကြီးလည်း သုံးစရာမရှိတော့ပေ။

'ဒုန်း... ဒုန်း... ဒုန်း..."

ဆူညံသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

"မဟန်တော့ဘူး... အာရုံခံကိရိယာက စွမ်းအင်အရင်းအမြစ်နှစ်ဆယ့်လေးခု ကျွန်တော်တို့ဆီကို လာနေတယ်လို့ ပြနေတယ်"

"ဒီယာဉ်ပေါ်မှာ ဒီနှစ်ကောင်တည်း ရှိတာ မဟုတ်ဘူးလား"

"ငါတို့တော့သွားပြီ"

စက်ရုပ်တစ်ရုပ်ကိုပင် သူတို့ မယှဉ်နိုင်ခဲ့သည်ဖြစ်ရာ နှစ်ဆယ့်လေးရုပ်နှင့် ရင်ဆိုင်ရလျှင်မူ လှဲအိပ်ပြီး လက်စတုံးဖို့ ပြင်လိုက်သည်ကသာ ပိုကောင်းလိမ့်မည်။

"ဘယ်လိုသဘောရလဲ။ အဖွဲ့ဝင်ကတ်ဝယ်ဖို့ အဆင်သင့်ဖြစ်ပြီလား"

ကျန်းမုန့်လောင်က လက်ချောင်းများကို ပွတ်သပ်လိုက်သည်။

"ကျန်း... မစ္စတာကျန်း... တကယ်လို့ ကျွန်တော်တို့ ပိုက်ဆံပေးရင် ခင်ဗျား ကျွန်တော်တို့လုံခြုံရေးကို တကယ်အာမခံနိုင်မှာလား"

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ကျန်းမုန့်လောင်ထံသို့ အကြည့်ပို့လိုက်တော့သည်။

"ကျွန်... ကျွန်တော် တစ်ကတ်ဝယ်မယ်"

"ကျွန်တော်လည်း ဝယ်မယ်"

******************

All Chapters