ခင်ဗျား မသေသေးဘူးမလား
Vol. 50 Ch. 743
"မစ္စတာကျန်း... ကျွန်တော်တို့ ပိုက်ဆံပေးပြီးရင် ကျွန်တော်တို့လုံခြုံရေးကို တကယ် အာမခံနိုင်မှာလား"
အခြားနိုင်ငံမှ စိတ်စွမ်းအားရှင်များသာမက အိုရီဗက်စကီပင် တုန်လှုပ်နေချေသည်။
အိုရီဗက်စကီခမျာ ကမ္ဘာပေါ်တွင် အသန်မာဆုံး စိတ်စွမ်းအားရှင်သုံးဦးအနက် တစ်ဦးအပါအဝင် ဖြစ်ခဲ့ဖူးသော်လည်း ခေတ်ကာလများ ပြောင်းလဲသွားခဲ့ချေပြီ။ ဤအာကာသယာဉ် အပျက်အစီးများကြားတွင်မူ သူသည် ညီငယ်လေးအဆင့်သာ ရှိတော့သည်။ မည်သည့်စက်ရုပ်ကမဆို သူ့ကို အလွယ်တကူ သတ်သွားနိုင်သည်။
"ဒါပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျွန်တော်တို့လုံရှားက နာမည်ကောင်းရှိပြီးသားပါ။ ခင်ဗျားတို့ အသက်ရှင်စေရမယ်လို့ ပြောရင် သေချာပေါက်အသေမခံပါဘူး"
"ခင်ဗျားမှာ အဲ့ဒီလောက်အထိ ယုံကြည်မှုရှိလို့လား"
"သေရင် လျော်ကြေးပေးမယ်"
ကျန်းမုန့်လောင်က သူ့နောက်မှ တစ်စုံတစ်ယောက်ကို လှမ်းအော်ပြောလိုက်သည်။
"ရှောင်လဲ့... စာချုပ်ပြင်လိုက်စမ်း"
"ကောင်းပါပြီ"
ရှောင်လဲ့ဟုခေါ်သော လူငယ်လေးက ကျောပိုးအိတ်ထဲတွင် ရိုက်နှိပ်ထားသော စာချုပ်အထပ်လိုက်ကြီးကို ထုတ်ပေးလိုက်၏။
"သူက စာချုပ်တွေတောင် ပြင်လာတာလား"
ဤလုပ်ရပ်ကြောင့် ထိုနေရာရှိ စိတ်စွမ်းအားရှင်များအားလုံး ဆွံ့အသွားရသည်။
သူတို့ခမျာ ဤနေရာတွင် အသက်စွန့်၍ စူးစမ်းလေ့လာနေကြရသော်လည်း ကျန်းမုန့်လောင်ကမူ စာသင်ကြားရန် လာရောက်ရုံသာမက အပိုဝင်ငွေရှာရန်အတွက် စာချုပ်ပင် ပြင်လာခဲ့သေးသည်။
တော်တော်တတ်လည်းတတ်နိုင်တာပဲ...
"ကောင်းပြီလေ... ငါ တစ်ကတ်ဝယ်မယ်"
အိုရီဗက်စကီခမျာ အံကြိတ်လျက်ပြောလိုက်သည်။
နိုင်ငံတော်တွင် ငွေကြေးအများအပြား မကျန်တော့သော်လည်း ထိပ်တန်းအဆင့် စိတ်စွမ်းအားရှင်များဖြစ်သည့်အလျောက် သူတို့ကိုယ်တိုင်မှာမူ အတော်အတန်ကြွယ်ဝချမ်းသာကြ၏။ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ထုတ်ယူရန်မှာ ခက်ခဲကောင်းခက်ခဲနိုင်သော်လည်း သန်းရာဂဏန်းလောက်ကတော့ ပြဿနာမရှိပေ။
"ကောင်းပါပြီဗျာ"
သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ရင်း ကျန်းမုန့်လောင်လည်း ပြုံးဖြဲဖြဲလုပ်လိုက်သည်။
"ပိုက်ဆံပေးဖို့ အဆင်သင့်ဖြစ်တဲ့လူတိုင်း ကျုပ်နောက်မှာ တန်းစီပြီး ငွေချေလို့ရပြီနော်"
ထိုအချိန်မှာပင် သူတို့ဆီသို့ တိုးလာသော စက်ရုပ်နှစ်ဆယ်ခန့်က တိုက်ခိုက်မှုကို စတင်လိုက်လေရာ စိတ်စွမ်းအားရှင်များခမျာ ကျန်းမုန့်လောင်၏အနောက်သို့ အလုအယက် ပြေးပုန်းလိုက်ရသည်။
ထိုစက်ရုပ်များမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း၊ ထိခိုက်ပျက်စီးအောင် လုပ်၍မရသလောက်ဖြစ်ပြီး ရေမီးမတိုးကြောင်း၊ သူတို့၏တိုက်ခိုက်မှုများမှာ ထိုစက်ရုပ်များကို ကုတ်ခြစ်ရုံလောက်သာ ရှိကြောင်း မျက်မြင်ကြုံတွေ့ခဲ့ရပြီးဖြစ်၏။
ကျန်းမုန့်လောင်က ဤစက်ယန္တရားများကို အလွယ်တကူနှိမ်နင်းလိုက်သည်ကို မြင်လိုက်ရသဖြင့် သူသည်သာ သူတို့၏တစ်ခုတည်းသော လုံခြုံရာဖြစ်မည်ဟု ခံစားလိုက်ကြရသည်။
ကျန်းမုန့်လောင်က သူတို့ကို တကယ်ကာကွယ်ပေးနိုင်မလားဆိုသည်မှာမူ လောင်းကြေးထပ်ရခြင်းပင်။ သို့သော် ကျန်းမုန့်လောင်ပင် ဤစက်ရုပ်များကို မကိုင်တွယ်နိုင်ပါက မည်သူမှ အသက်ရှင်ရန် အခွင့်အလမ်းမရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ အကုန်သေရမည်ဆိုပါက ပိုက်ဆံက ဘယ်နေရာမှာ အသုံးဝင်တော့မည်နည်း။
"ဟားဟားဟား... အားလုံးရဲ့ စိတ်အားထက်သန်နေတဲ့ တောင်းဆိုမှုတွေကို မြင်ရတော့ ကျုပ် နောက်ထပ်သုံးရာခိုင်နှုန်း လျှော့ဈေးပေးပါ့မယ်"
ကျန်းမုန့်လောင်က အော်ပြောလိုက်၏။
"အုပ်စုလိုက်ဝယ်ယူမှုစနစ်ကို စတင်လိုက်ပါပြီ... နှစ်ယောက်တစ်တွဲဆိုရင် တစ်ရာခိုင်နှုန်း လျှော့ပေးမယ်။ ငါးယောက်တစ်တွဲဆိုရင် ငါးရာခိုင်နှုန်း... ဆယ်ယောက်တစ်တွဲဆိုရင် ရှစ်ရာခိုင်နှုန်း... လူများလေ လျှော့ဈေးများလေပဲ... အများဆုံး နှစ်ဆယ်ရာခိုင်နှုန်းအထိပ လျှော့ဈေးရမယ်နော်"
"မစ္စတာကျန်း... ကျွန်တော်တို့နိုင်ငံက ခုနစ်ယောက်ဖွဲ့ချင်လို့"
"ကျွန်တော်တို့ဆီမှာ အုပ်စုဖွဲ့ဖို့ လူဆယ့်နှစ်ယောက်ရှိတယ်"
"မစ္စတာကျန်း... အုပ်စုဖွဲ့ဖို့ ကျွန်တော်တို့နှစ်နိုင်ငံကလူတွေ ပေါင်းလို့ရမလား"
....
"နည်းပြချုပ်.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲရှိ အဖွဲ့ဝင်များကလွဲ၍ ကျန်လူအားလုံးနီးပါးက ကျန်းမုန့်လောင်နှင့် အပေးအယူလုပ်ရန် ရွေးချယ်လိုက်ကြချေပြီ။
"ဘာလဲ... မင်းကပါ ဟွာရှားလူမျိုးတွေဆီမှာ ခိုလှုံချင်နေတာလား"
အိုတိုက သူ့အဖော်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ ဌာနချုပ်ကြီး ဖျက်ဆီးခံလိုက်ရခြင်း၊ အစွမ်းထက်စိတ်စွမ်းအားရှင်ပေါင်း ရာနှင့်ချီ၍သေဆုံးသွားခဲ့ရခြင်းကြောင့် တိုက်ရိုက်ပင်ဖြစ်စေ သွယ်ဝိုက်နည်းဖြင့်ဖြစ်စေ စီးပွားရေးအရဆုံးရှုံးမှုများမှာ အမေရိကန်ဒေါ်လာ ထရီလီယံပေါင်းများစွာ ကျော်လွန်သွားသည်။
ထို့ပြင် မကြာသေးခင်က ကျန်းမုန့်လောင်ချမှတ်ခဲ့သော စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အကြီးအကျယ် ကျဆင်းသွားခဲ့ပြီး စီးပွားရေးအခြေအနေကလည်း လွန်ခဲ့သည့်ငါးနှစ်ခန့်က အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
စွမ်းအားရှင်မဟာမိတ်အဖွဲ့အတွင်း ကျန်းမုန့်လောင်အပေါ် ထားရှိသည့် အမုန်းတရားမှာ သေခန်းပြတ်အဆင့်သို့ ရောက်နေပြီဖြစ်၏။
ယခုမူ ကျန်းမုန့်လောင်ကို ခေါင်းငုံ့ပြီး ကာကွယ်ပေးဖို့အတွက် ပိုက်ဆံပါ ပေးရဦးမတဲ့လား။ ထိုသို့လုပ်လိုက်လျှင် အခြားလူများအတွက် ဟာသတစ်ခုဖြစ်သွားပေလိမ့်မည်။
ဒုတိယကမ္ဘာတွင် စွမ်းအားရှင်မဟာမိတ်အဖွဲ့က ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်ထားရသည်ဟူသော ဂုဏ်သတင်းလေးမှာ ဤသို့လုပ်လိုက်သည်နှင့် အငွေ့ပျံသွားလိမ့်မည်။ လူတိုင်းက စွမ်းအားရှင်မဟာမိတ်အဖွဲ့အကြောင်း ပြောတိုင်း လက်ညှိုးထိုး၍ကဲ့ရဲ့ကြလိမ့်မည်။
"ဟိုအရူးတွေက သူတို့ဌာနချုပ်ကြီး ဖျက်ဆီးခံထားရတာတောင် ကာကွယ်ခပေးနေရတဲ့ကောင်တွေ မဟုတ်လား"ဟုပင်။
"ငါတို့တွေအားလုံးက နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်တွေပဲ။ ဒီသတ္တုမကောင်းဆိုးဝါးတွေကို မနိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အရည်အချင်းတော့ ရှိသေးတယ်လေ… ဟုတ်တယ်ဟုတ်"
အိုတိုက စိန်ခေါ်လိုက်သည်။
"မင်းတို့ထဲက ဘယ်ကောင်မဆို အဲ့ဒီဟွာရှားကောင်နဲ့ အပေးအယူလုပ်ရင် ငါကိုယ်တိုင် သူ့ကို အရင်သတ်ပစ်မယ်"
ဤစကားကို ကြားလိုက်ရသောအခါ မည်သူမှ ထပ်မပြောရဲကြတော့ပေ။
"မစ္စတာအိုတို... ခင်ဗျားရောလိုသေးလား"
ကျန်းမုန့်လောင်က လှမ်းမေးလိုက်သည်။
"အုပ်စုလိုက်ဝယ်ဖို့တော့ နေရာမရှိတော့ဘူး... ဒါပေမဲ့ ခင်ဗျားတို့အတွက် သီးသန့်တစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးလို့ရတယ်နော်"
"မစ္စတာကျန်း... စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းတော့ ရှိပါသေးတယ်။ ခင်ဗျားကို ဒုက္ခပေးစရာ မလိုပါဘူး"
"အာ"
ကျန်းမုန့်လောင်က ခေါင်းခါလိုက်သည်။
"ပညာရှိစကား နားမထောင်ရင် ဒုက္ခတွေ့တတ်တယ်နော်"
"သူတို့လာနေပြီ... တိုက်ခိုက်ဖို့ပြင်ထားကြ"
စွမ်းအားရှင်မဟာမိတ်အဖွဲ့ဝင်များလည်း တိုက်ခိုက်ရန် ချက်ချင်း အသင့်ပြင်လိုက်ကြသည်။
စက်ရုပ်တစ်ရုပ်တည်းနှင့်ပင် ဤနတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်ရာပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်လေရာ စက်ရုပ်အကောင်နှစ်ဆယ်ကျော်ဆိုသည်မှာ ခြိမ်းခြောက်မှုကြီးမားလှ၏။
"ဘရုစ်... ဆွဲငင်အားလှိုင်းတွေသုံးပြီး သူတို့ရဲ့လှုပ်ရှားမှုကို တားထားလိုက်"
အိုတိုက အမိန့်ပေးလိုက်သည်။
"လိုင်နက်စ်... မင်းက ရေခဲစွမ်းအားကိုသုံးပြီး သူတို့ရဲ့အဆစ်တွေကို ခဲသွားအောင်လုပ်... ကျန်တဲ့လူတွေက ရှေ့တက်ပြီးတိုက်ကြ"
အိုတိုက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ဘရုစ်ဟူခေါ်သော စိတ်စွမ်းအားရှင်က ဆွဲငင်အားစွမ်းရည်ကို ချက်ချင်းထုတ်သုံးလိုက်ပြီး သူ့ရှေ့ရှိ နယ်မြေတစ်ခုလုံး၏ ဆွဲငင်အားကို မျက်စိတစ်မှိတ်အတွင်း သုံးဆမြှင့်တင်လိုက်တော့သည်။
စက်ရုပ်များမှာ မူလကပင် လေးလံနေပြီဖြစ်လေရာ ဆွဲငင်အားသုံးဆအောက်တွင် သူတို့၏ အမြန်နှုန်းမှာ သိသိသာသာ နှေးကွေးသွားကြသည်။
"ကျောင်းသားတို့... အသုံးပြုနည်းလမ်းညွှန်ထဲမှာ ဒီစက်ရုပ်တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုပါသေးတယ်။ တိုက်ခိုက်ရေးမုဒ်မှာ သူတို့တွေက ဆယ်ရုပ်ပြည့်ရင် ပေါင်းစည်းလို့ရတယ်တဲ့။ ပေါင်းစည်းပြီးသွားရင်တော့ စွမ်းရည်ကလည်း သုံးဆကျော်တိုးလာနိုင်တယ်"
"ဘာ?"
တိုက်ပွဲအတွက် အာရုံတစိုက်ပြင်ဆင်နေသော အိုတိုခမျာ မျှော်လင့်ချက်မဲ့စေသော ထိုသတင်းကို ရုတ်တရက်ကြားလိုက်ရသည်။
သေချာပါ၏။ ထိုစက်ရုပ်နှစ်ဆယ်ကျော်၏ စက်ယန္တရားများမှာ စတင်ပြောင်းလဲလာပြီး အသွင်ပြောင်းစက်ရုပ်များအလား ခြေလေးချောင်းပါသည့် စက်ယန္တရားသားရဲကြီးနှစ်ကောင်အဖြစ် အံ့အားသင့်ဖွယ် ပြောင်းလဲသွားကြတော့သည်။
စွမ်းရည်သုံးဆတိုးလာခြင်းက ဆွဲငင်အားနယ်ပယ်၏ သက်ရောက်မှုကို အနိမ့်ဆုံးကန့်သတ်ချက်သို့ ရုတ်တရက်လျှော့ချပစ်လိုက်သည်။
စိတ်စွမ်းအားရှင်များကလည်း ရှောင်တိမ်းရန် ချက်ချင်းကြိုးပမ်းကြသော်ငြား သုံးဆတိုးလာသော အမြန်နှုန်းကြောင့် သူတို့၏ အမြင်အာရုံ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် စိတ်စွမ်းအားရှင်တစ်ဦးမှာ စက်ရုပ်သတ္တဝါကြီး၏ ခြေသည်းများဖြင့် ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး နှစ်ပိုင်းပြတ်သွားခဲ့ရရှာသည်။
ထို့နောက် စက်ယန္တရားသားရဲကြီးနှစ်ကောင်မှာ ခုခံနိုင်စွမ်းမရှိသော နယ်မြေတစ်ခုအတွင်းမှ သားရဲများအလား စက္ကန့်ပိုင်းအတွင်း စိတ်စွမ်းအားရှင်ရှစ်ဦးအနက် ခြောက်ဦးကို သတ်ပစ်လိုက်တော့သည်။ ဘရုစ်နှင့် အိုတိုသာလျှင် ခုခံကာကွယ်ရန် ရုန်းကန်နေကြရသည်။
စွမ်းအားရှင်မဟာမိတ်အဖွဲ့က အရင်းအမြစ်များနှင့် ကြိုးပမ်းအားထုတ်မှုများစွာဖြင့် ဖန်တီးထားသော ဤနတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်များခမျာ ဤအာကာသယာဉ်က ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
"မစ္စတာကျန်း... မစ္စတာကျန်း... ကျွန်တော် ပိုက်ဆံပေးပါ့မယ်။ အကောင့်ဖွင့်မယ် ကျွန်တော် အကောင့်ဖွင့်ချင်တယ်"
ဘရုစ်ဟုခေါ်သော စိတ်စွမ်းအားရှင်က အော်ပြောလိုက်သည်။
သူက ဆွဲငင်အားကို အသုံးပြု၍ အဆက်မပြတ်ရှောင်တိမ်းနေသော်လည်း စွမ်းအင်အမြောက်အမြား ကုန်ဆုံးနေပြီဖြစ်ရာ နောက်ဆုံးကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေချေပြီ။
"စောစောကသာပြောရင် လူအသေအပျောက် နည်းမှာ မဟုတ်ဘူးလား"
ကျန်းမုန့်လောင်က ရေရွတ်လိုက်၏။
သူက မယုံနိုင်လောက်အောင် လျင်မြန်လှသောအရှိန်ဖြင့် အရှေ့သို့ ထွက်သွားပြီး ဘရုစ်၏ရှေ့တွင် နေရာယူလိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တစ်ယောက်၏ ခန္ဓာကိုယ်ကို ဆွဲဖြဲနိုင်သော သတ္တုလက်သည်းကြီးကို ဖမ်းဆုပ်လိုက်တော့သည်။
ကျန်းမုန့်လောင်၏ ကြောက်မက်ဖွယ်ရာ ခွန်အားကြောင့် ထိုစက်ရုပ်မှာ မည်သည့်လှုပ်ရှားမှုကိုမှ မပြုနိုင်တော့ဘဲ စက်ယန္တရားပွတ်တိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည့်တိုင် သူ့လက်ထဲမှ ရုန်းမထွက်နိုင်ပေ။
စက်ရုပ်ကြီးကို နှိမ်နင်းလိုက်ကြောင်း မြင်လိုက်ရသောအခါ ဘရုစ်တစ်ယောက် လဲကျသွားပြီး လူအုပ်ကြီးထဲသို့ ပြန်တွားဝင်သွားတော့သည်။
ချန်ပင်းယွီက အပြုံးလေးဖြင့် လျှောက်လာ၏။
"မစ္စတာဘရုစ်... အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံပါ။ ငွေပေးချေမှုကို ဘယ်လိုဆောင်ရွက်ချင်ပါလဲ"
...
"သောက်ကျိုးနည်း"
ထိုအချိန်တွင် အခြားစက်ရုပ်တစ်ကောင်နှင့် ရင်ဆိုင်နေရသော အိုတိုမှာမူ ပြင်းထန်လှသော ဖိအားအောက်တွင် ကျရောက်နေပြီး သူ့ရင်ဘတ်တွင်လည်း အရိုးထိအောင်နက်သော ဒဏ်ရာတစ်ခုရထားသဖြင့် ထိုနေရာမှ သွေးများ အဆက်မပြတ်စီးကျနေ၏။
"မစ္စတာအိုတို... အကောင့်မဖွင့်ရင် ကျူပ်တို့ စလိုက်တော့မှာနော်"
ကျန်းမုန့်လောင်က ယခင်ကအတိုင်း နောက်ထပ်နှိမ်နင်းထားသော စက်ရုပ်တစ်ရုပ်ကို ထပ်မံခုတ်ပိုင်းလိုက်ပြီး ဤစက်ရုပ်ကြီးကို သူ့ကစားစရာအသစ်အဖြစ် ပြုလုပ်လိုက်သည်။
ထိုအချိန်တွင် သေစေနိုင်သော လက်သည်းကြီးများက အိုတို့ထံသို့ နောက်တစ်ကြိမ် တိုးဝင်လာပြန်လေရာ ကျိုးနေသောပုဆိန်ကို ကိုင်ဆောင်ထားသည့် အိုတို၏လက်များမှာ သွေးများဖြင့် စိုရွှဲသွားပြီး ဆုပ်ကိုင်မှုက လျော့ရဲသွားသောကြောင့် ပုဆိန်တစ်ပိုင်းက လွင့်ထွက်သွားသည်။
နောက်ထပ်တိုက်ခိုက်မှုတစ်ခုက အခြားလူများကဲ့သို့ သူ့ကို အပိုင်းပိုင်းအစစဆွဲဖြဲပစ်တော့မည်ကို မြင်လိုက်ရသောအခါ...
"အကောင့်ဖွင့်မယ်"
"ဟဲဟဲ.."
ကျန်းမုန့်လောင်က ပြုံးဖြဲဖြဲလုပ်လိုက်ပြီး အချိန်ကိုက်ပင် ထိုစက်ရုပ်ကို ကန်ထုတ်လိုက်သည်။
"အား..."
အိုတိုခမျာ အော်ဟစ်လိုက်မိသည်။ သူ့အသက်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း လက်မောင်းတစ်ဖက်မှာမူ ပြတ်ထွက်သွားခဲ့ချေပြီ။
"မစ္စတာအိုတို... ပိုက်ဆံရှင်းဖို့ အချိန်ရောက်ပြီနော်"
"မင်း... မင်း ငါတို့ကို လုံခြုံအောင်ထားပေးမယ်လို့ ပြောထားတယ်မဟုတ်ဘူးလား"
အိုတိုက ပြတ်သွားသော သူ့လက်မောင်းကို ဆုပ်ကိုင်ရင်း ကျန်းမုန့်လောင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"ဟုတ်တယ်လေ။ ဒါပေမဲ့ ကျုပ်က အသက်ရှင်အောင် ထားပေးမယ်လို့ကတိပေးခဲ့တာ။ မိမွေးတိုင်းဖမွေးတိုင်း ထားပေးမယ်လို့ ပြောမှ မပြောခဲ့တာ။ ခင်ဗျား မသေသေးဘူးမလား။ ပြီးတော့ ခင်ဗျားကိုယ်တိုင် အကောင့်ဖွင့်ဖို့ အချိန်အကြာကြီးဆွဲနေလို့ လက်မောင်းပြတ်သွားတာလေ။ အဲ့ဒါ ကျုပ်အပြစ်မှမဟုတ်တာ"
****************