← Chapters

ကျန်းမုန့်လောင်... မင်း ငါ့ကို  အကွက်ဆင်ဖို့ ကြံနေတာလား

Vol. 50 Ch. 744

ကျန်းမုန့်လောင်... မင်း ငါ့ကို  အကွက်ဆင်ဖို့ ကြံနေတာလား

Vol. 50 Ch. 744

"ဒီလူယုတ်မာ"

ကျန်းမုန့်လောင်၏ မူမမှန်သောအပြုံးကို ကြည့်ရင်း အိုတိုက ဘာတွေဖြစ်နေမှန်း မရိပ်မိဘဲ နေမည်လော။

ကျန်းမုန့်လောင်က သူ့လက်မောင်းပြတ်မထွက်ခင် ကယ်နိုင်စွမ်း အပြည့်အဝရှိပါလျက်နှင့် တမင်တကာ အချိန်ဆွဲနေခဲ့ခြင်းပင်။

သို့သော် ကျန်းမုန့်လောင် ကောက်ကျစ်မှန်း သိနေသည့်တိုင် အိုတိုခမျာ ဘာမှမတတ်နိုင်ရှာပေ။ သူ့အနေနှင့် အကောင်းဆုံးကြိုးစားပြီး ကယ်ခဲ့ခြင်းဟုတ်မဟုတ် မည်သူက အတပ်ပြောနိုင်မည်နည်း။ သူ တတ်နိုင်သမျှလုပ်ခဲ့ပါတယ်ဟုသာ အလွယ်တကူပြောလိမ့်မည်။

အိုတိုက သူ့ခန္ဓာကိုယ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး မျိုချလိုက်လေရာ ပြတ်သွားသော လက်မောင်းက သွေးတိတ်သွား၏။ သူတို့၏ စွမ်းအားရှင်မဟာမိတ်အဖွဲ့မှ သိပ္ပံပညာရှင်များ၏ သုတေသနစွမ်းရည်မှာ လုံရှားတပ်ဖွဲ့ထက် မနိမ့်ကျပေ။

"ထားလိုက်ပါတော့... အသက်ဘေးက လွတ်လာတာပဲ တော်လှပါပြီ"

ဘရုစ်က အိုတိုကိုနှစ်သိမ့်ရန် ချက်ချင်း ရောက်ချလာသည်။ အပိုင်းပိုင်းအစစ အဆွဲဖြဲခံလိုက်ရသော သူတို့၏အဖော်များနှင့်ယှဉ်လျှင် သူတို့က ကံကောင်းသည်ဟု ဆိုရပေမည်။

"လက်မောင်းတစ်ဖက် ဆုံးရှုံးသွားရုံလေးပါ... ဌာနချုပ်အသစ်ကိုပြန်ရောက်ရင် ပြန်ပေါက်လာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်"

"အဲ့ဒီလိုတော့ ဟုတ်ချင်မှဟုတ်မှာနော် မစ္စတာဘရုစ်"

ကျန်းမုန့်လောင်က ထိုအသုံးပြုနည်းလမ်းညွှန်ကို ထပ်မံထုတ်ယူလိုက်ပြန်၏။

"ဒီမှာရေးထားတဲ့အတိုင်းဆိုရင် ဒီစက်ရုပ်မော်ဒယ်က ပြင်းထန်တဲ့ သံဓာတ်ပြုရောင်ခြည်တွေ ထုတ်လွှတ်ပေးပြီး သူတို့ကြောင့်ရတဲ့ဒဏ်ရာတွေက ဘယ်တော့မှကုစားလို့မရတဲ့ ထာဝရ ပျက်စီးမှုကို ဖြစ်စေတယ်တဲ့"

"ဘာပြောလိုက်တယ်"

"မယုံဘူးလား။ မယုံရင် ခင်ဗျားဒဏ်ရာကို ကြည့်ကြည့်လိုက်လေ"

အိုတိုက ပြတ်ထွက်သွားသော သူ့လက်မောင်းကို ငုံ့ကြည့်လိုက်လေရာ သွေးတိတ်သွားသော လက်မောင်းမှ သွေးများ ပြန်စီးကျလာကြောင်း တွေ့လိုက်ရပြီး ဒဏ်ရာမှာ ပုပ်သိုးနေသည့်အလား မသိုးမသန့်အနံ့ဆိုးများပင် စတင်ထွက်ပေါ်လာချေပြီ။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အိုတိုက သူ့စိတ်စွမ်းအားများကို အသုံးပြု၍ ဒဏ်ရာကိုသန့်စင်ရန် ကြိုးစားလိုက်၏။ လျှပ်စီးစွမ်းအားမှာ မီးထက် ပိုပြင်းထန်ပြီး မည်သည့်ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားမဆို ဤလျှပ်စီးလှိုင်းများအောက်တွင် ရှင်သန်နိုင်စွမ်းမရှိနိုင်ကြောင်း သူ သိထားသည်။

"မစ္စတာအိုတို... ခင်ဗျားရဲ့စွမ်းအင်တွေကို အလကားမဖြုန်းစမ်းပါနဲ့။ ဒါက ဗိုင်းရပ်စ်တို့ ပိုးမွှားကူးစက်တာမျိုးတွေ မဟုတ်ဘူး"

ကျန်းမုန့်လောင်က ရှင်းပြလိုက်၏။

"ဒီသံဓာတ်ပြုရောင်ခြည်က ခင်ဗျားရဲ့ခရိုမိုဆုန်းတွေကို တိုက်ရိုက်ဖျက်ဆီးပစ်တာ။ ခင်ဗျားခန္ဓာကိုယ်က ရောင်ခြည်တွေ ပျံ့မသွားအောင် တားနိုင်လောက်တဲ့အထိ သန်မာပေမဲ့ ဒီလက်မောင်းကတော့ ကယ်လို့ရတော့မယ်မထင်ဘူး"

"သေစမ်း"

ကျန်းမုန့်လောင်က သူ့ကို လှည့်စားနေသည်ဟု မထင်ချေ။ သာမန်ဒဏ်ရာလောက်ဆိုလျှင် သူ မကုနိုင်ဘဲနေပါ့မလား။

"လောလောဆယ်တော့ ပတ်တီးစည်းထားလိုက်တာ ပိုကောင်းမယ်"

ထိုအချိန်တွင် သူတို့ခမျာ သွေးထွက်ခြင်းကို ရုပ်ပိုင်းဆိုင်ရာအရသာ တားနိုင်ကြတော့သည်။

"မင်းတို့ အဲ့ဒီစက်ရုပ်ကို သွားရှင်းလိုက်ကြ"

ကျန်းမုန့်လောင်က သူ ထိန်းချုပ်ထားသော စက်ရုပ်အုပ်စုကို အမိန့်ပေးလိုက်သည်။ စက်ရုပ်ဆယ်ခုကျော်ခန့်မှာ ချက်ချင်းပင် ပိုကြီးမားသော စက်ရုပ်မကောင်းဆိုးဝါးကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားပြီး အခြားစက်ရုပ်တစ်ရုပ်ကို အောက်တွင် မြဲမြံစွာဖိထားလိုက်တော့သည်။

ဟွာရှားလူငယ်များမှာ ချက်ချင်းပင် ရှေ့သို့ ထွက်သွားကြပြီး ထိုစက်ရုပ်ထံမှ ထိန်းချုပ်မှုကို လုယူရန် ကြိုးပမ်းကြသည်။

"မစ္စတာအိုတို... နှမြောစရာပဲနော်..."

ကျန်းမုန့်လောင်က ခေါင်းတခါခါလုပ်ရင်း သက်ပြင်းချလိုက်သည်။

"ကျုပ်က အကြင်နာတတ်ဘူးလို့ ဘယ်သူပြောလဲ။ မစ္စတာအိုတိုရဲ့လက်မောင်းကို ပြန်ထွက်လာအောင် ကူညီပေးနိုင်မဲ့နည်းလမ်း ကျုပ်မှာ ရှိတယ်"

"မင်းမှာ နည်းလမ်းရှိတယ်လား"

ကျန်းမုန့်လောင်က ဆေးလုံးတစ်လုံးကို ထုတ်ပြလိုက်သည်။

"ဒါက ကျုပ်တို့ ရှေးဟောင်းဟွာရှားအဂ္ဂိရတ်ပညာနဲ့ ဖန်တီးထားတဲ့ အံ့ဖွယ်ပြဒါးရှင်လုံးပဲ။ မျိုးရိုးဗီဇပျက်စီးတာတွေကို ပြုပြင်ဖို့ အထူးထုတ်လုပ်ထားတာ။ ဒါကိုသောက်လိုက်တာနဲ့ ပျက်စီးသွားတဲ့ ခင်ဗျားရဲ့ခရိုမိုဆုန်းတွေ ပြန်ကောင်းလာလိမ့်မယ်။ ပြီးတော့ ဆဲလ်လှုပ်ရှားမှုနဲ့ ပင်မဆဲလ်ကွဲပွားမှုတွေကိုပါ အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်ပြီး ခင်ဗျားရဲ့ လက်မောင်းကို ပြန်ပေါက်လာစေလိမ့်မယ်"

ကျန်းမုန့်လောင်၏ မိတ်ဆက်စကားကို ကြားလိုက်ရသောအခါ အိုတိုက လှမ်းယူရန် လက်ကိုဆန့်ထုတ်လိုက်သော်လည်း ကျန်းမုန့်လောင်က သူ့လက်ကို အမြန်ပြန်ရုပ်လိုက်သည်။

"ကဲ... မစ္စတာအိုတို... ဒီဆေးလုံးက အရမ်း တန်ဖိုးရှိတာနော်။ ပါဝင်ပစ္စည်းတစ်မျိုးချင်းစီကလည်း အရမ်းရှားပြီး ထုတ်လုပ်စရိတ်ကလည်း တော်တော်ကြီးတာ'

"ဘယ်လောက်လိုချင်လဲဆိုတာသာ ပြောစမ်းပါ"

"အမေရိကန်ဒေါ်လာ တစ်ဘီလီယံ"

"မင်း ငါ့ဆီက ဓားပြတိုက်နေတာလား။ ဒီအစုတ်ပလုတ်ဆေးလုံးက တကယ်ကြီး ဒေါ်လာတစ်ဘီလီယံ တန်လို့လား"

အိုတိုခမျာ ဒေါသထွက်သွားလေသည်။ သူ့တွင် တစ်ဘီလီယံမရှိသည်တော့ မဟုတ်။ စွမ်းအားရှင်မဟာမိတ်အဖွဲ့တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာ သူ့ပိုင်ဆိုင်မှုများမှာ ဒေါ်လာတစ်ဘီလီယံထက် အများကြီး ပိုသည်။

ဒေါ်လာတစ်ဘီလီယံ ပေးလိုက်ရရုံရှိသေး။ ယခု နောက်ထပ်တစ်ဘီလီယံ ထပ်တောင်းနေပြန်ချေပြီ။ ကျန်းမုန့်လောင်၏ မတန်တဆတောင်းဆိုမှုက သူ့ကို ငွေတွင်းကြီးတစ်ခုလို သဘောထားနေခြင်းများလား။

"မစ္စတာအိုတို... ကျုပ်က စေတနာအပြည့်နဲ့ ခင်ဗျားအသက်ကိုကယ်ဖို့ ကြိုးစားနေတာပါ။ ခင်ဗျားက ဒီလိုတွေပြောတော့ ကျုပ်စိတ်ထိခိုက်ရတာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကျုပ်က ကိုယ်ချင်းစာစိတ်နဲ့ လုပ်ကိုင်တတ်သလို ဘယ်တော့မှလည်း အတင်းရောင်းလေ့မရှိဘူး။ ခင်ဗျားလက်မောင်းဒဏ်ရာက သေလောက်တဲ့အထိမဟုတ်ပေမဲ့ ခင်ဗျားရင်ဘတ်က ဒဏ်ရာကတော့...”

ထိုအခါမှသာ အိုတိုလည်း သူ့ရင်ဘတ်က ပူလောင်သောနာကျင်မှုကို ခံစားလိုက်ရတော့သည်။ ငုံ့ကြည့်လိုက်သောအခါ ဒဏ်ရာ၏ဘေးပတ်ပတ်လည်ရှိ တစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများမှာ စတင်ပုပ်သိုးနေပြီး ရင်ညွန့်ရိုး၏ ပေါ်နေသောအစိတ်အပိုင်းများပင် မည်းနက်လာကြောင်း တွေ့လိုက်ရ၏။

"ဖူး..."

အိုတို၏ပါးစပ်ထဲမှ သွေးမည်းများနှင့်အတူ ကိုယ်တွင်းအင်္ဂါအပိုင်းအစကြီးများကိုပါ ထွေးထုတ်လိုက်မိသည်။

အိုတိုက ပညာမဲ့တစ်ယောက် မဟုတ်ပေ။ ဆန့်ကျင်ဘက်ပင်။ စွမ်းအားရှင်မဟာမိတ်အဖွဲ့သို့ မဝင်ရောက်ခင်က သူသည် ဇီဝဗေဒပါမောက္ခတစ်ဦး ဖြစ်ခဲ့ဖူးသည်။

သူ့လက်ရှိအခြေအနေမှာ ပြင်းထန်သော ဓာတ်ရောင်ခြည်သင့်နေသူတစ်ဦးနှင့် ထပ်တူဖြစ်နေချေပြီ။

ခရိုမိုဆုန်းပျက်စီးခြင်း၏ ဆိုးဝါးသော အကျိုးဆက်မှာ ဆဲလ်များမကွဲပွားနိုင်ခြင်းနှင့် မခွဲခြားနိုင်တော့ခြင်းပင်။ ခန္ဓာကိုယ်ပေါ်ရှိ မူလအတိုင်း ကျန်ရှိနေသေးသော ဆဲလ်များ သေဆုံးသွားသည်နှင့် ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ပြိုလဲပျက်စီးသွားရပေမည်။

စိတ်စွမ်းအားရှင်များအနေနှင့် သူတို့၏ ခန္ဓာကိုယ်ထက်ရှိ ဗီဇပြောင်းလဲမှုများကြောင့် ဇီဝဖြစ်စဉ်များမှာ သာမန်လူသားများထက် အများကြီးပိုမြန်ဆန်ကြသည်။

သမိုင်းမှတ်တမ်းများအရ ပြင်းထန်သော ဓာတ်ရောင်ခြည်သင့်မှုကို ခံစားခဲ့ရသူတစ်ဦးက ရက်ပေါင်းနှစ်ရာထက်ပို၍ အသက်မရှင်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်ကလည်း လုံးဝဆွေးမြည့်ကာ သေဆုံးခဲ့ရဖူးသည်။ စိတ်စွမ်းအားရှင်တစ်ယောက်ဖြစ်သည့်အတွက် အိုတိုခမျာ ဤဖြစ်စဉ်က အဆပေါင်းများစွာ ပိုမြန်ဆန်နေမည်ကို စိုးရွံ့နေမိသည်။

"မစ္စတာကျန်း... ဒီဆေးလုံးကို ကျွန်တော် ဝယ်လို့ရမလား"

အိုရီဗက်စကီက သူ့လက်မောင်းသူကိုင်လျက် လျှောက်လာသည်။ သူ့လက်မောင်းတွင်လည်း ဒဏ်ရာတစ်ခုရှိပြီး ဘေးပတ်ပတ်လည်ရှိ ကြွက်သားများမှာ လုံးဝဆွေးမြည့်နေချေပြီ။ သူလည်း ခုနကတိုက်ပွဲတွင် ဒဏ်ရာရခဲ့ခြင်းပင်။

"ရတာပေါ့"

ကျန်းမုန့်လောင်က ပြဒါးရှင်လုံးကို သူ့ထံ ပစ်ပေးလိုက်သည်။

ဤအချိန်တွင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများလည်း စက်ရုပ်၏ ကုတ်ကို ဖော်နိုင်သွားကြချေပြီ။ ထိုသတ်ဖြတ်ရေးစက်ရုပ်နှစ်ဆယ်ကျော်မှာ ယခုမူ ကျန်းမုန့်လောင်တို့၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်သွားလေပြီ။

"မင်းတို့အရည်အချင်းတွေ လိုနေသေးတယ်... ကုတ်ဖော်တာကို ဆယ်မိနစ်လောက်ကြာနေတယ်‌တဲ့။ နောက်အတန်းချိန်ကျရင် သေချာ ဂရုစိုက်ကြ"

ကျန်းမုန့်လောင်က ရေရွတ်လိုက်သည်။

"ပင်းယွီ... ယွင်ရီ... ပိုက်ဆံအရင်ကောက်လိုက်"

အမေရိကန်ဒေါ်လာတစ်ဘီလီယံကို လက်လွှတ်လိုက်ရခြင်းမှာ နာကျင်စရာကောင်းသော်လည်း ယခုအချိန်တွင် အသက်က ပိုက်ဆံထက် ပိုအရေးကြီးသည်။

အိုရီဗက်စကီက ဆေးလုံးကို မျိုချလိုက်လေရာ မိနစ်အနည်းငယ်အတွင်းမှာပင် ဒဏ်ရာက ထွက်လာသော အနံ့ဆိုးများ ပျောက်ကွယ်သွားတော့သည်။ ဒဏ်ရာဘေးပတ်ပတ်လည်ရှိ ကြွက်သားတစ်ရှူးများနှင့် အရေပြားများပင် သိသာထင်ရှားလှသော အမြန်နှုန်းဖြင့် အသားတက်လာပြီး ခဏအကြာတွင်မူ သူ့ဒဏ်ရာမှာ လုံးဝပျောက်ကင်းသွားတော့သည်။

"အံ့သြဖို့ကောင်းလိုက်တာ"

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်ဝယ် အိုရီဗက်စကီလည်း သူ့ဒေါ်လာတစ်ဘီလီယံမှာ သုံးရကျိုးနပ်သည်ဟု ခံစားလိုက်ရသည်။

"မစ္စတာကျန်း... ခင်ဗျားဆီမှာ ရှိသေးလား"

"ရှိတာပေါ့"

ကျန်းမုန့်လောင်က ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

"တစ်လုံးကို အမေရိကန်ဒေါ်လာတစ်ဘီလီယံနော်... တန်းစီကြ"

...

"တစ်လုံးပဲကျန်တော့တယ်"

ကျန်းမုန့်လောင်က ပုလင်းထဲရှိ ပြဒါးရှင်လုံးတစ်လုံးကို လောင်းချလိုက်သော်လည်း ဒဏ်ရာရနေသူမှာ သုံးယောက်ကျန်နေသေးသည်။

"မစ္စတာကျန်း... ကျွန်တော် ဒေါ်လာ၁.၂ဘီလီယံပေးပါ့မယ်။ ကျွန်တော့်ကို ရောင်းပေးပါ"

ဘရာမန်နိုင်ငံမှ စိတ်စွမ်းအားရှင်တစ်ဦးက ပြောလိုက်သည်။ သူ့ဒဏ်ရာ၏ဆွေးမြည့်နှုန်းအရဆိုလျှင် အသက်ရှင်ရန် အလွန်ဆုံးတစ်နာရီနှစ်နာရီလောက်သာ ကျန်တော့သည်။ သူတို့ဂင်္ဂါမြစ်၏ အဆိပ်နှင့်အဆိပ်ချင်းတိုက်သည့် နည်းလမ်းပင် အလုပ်ဖြစ်တော့မည်မဟုတ်ပေ။

"ကျွန်တော် ၁.၅ဘီလီယံ ပေးမယ်"

အင်္ဂလန်နိုင်ငံမှ စိတ်စွမ်းအားရှင်တစ်ဦးက ကပျာကယာပြောလိုက်သည်။ ယခုအချိန်ကား သေရေးရှင်ရေးဖြစ်နေချေပြီ။

"ကျွန်တော်က ၁.၈ဘီလီယံပေးမယ်"

ဘရာမန်နိုင်ငံမှ စိတ်စွမ်းအားရှင်က ဈေးထပ်ပေးလိုက်ပြန်သည်။

"ဟားဟားဟား... ဒေါ်လာ ၁.၈ဘီလီယံ ပထမအကြိမ်... ဒေါ်လာ၁.၈ဘီလီယံ ဒုတိယအကြိမ်"

"နှစ်ဘီလီယံ"

အင်္ဂလန်မှ စိတ်စွမ်းအားရှင်ကလည်း အလျှော့မပေးလိုပေ။

"ဒေါ်လာနှစ်ဘီလီယံ ပထမအကြိမ်... ဒါ နောက်ဆုံးတစ်လုံးနော် သိတယ်မလား"

"၂.၅ ဘီလီယံ"

"သုံးဘီလီယံ"

...

"ငါ ဒေါ်လာငါးဘီလီယံ ပေးမယ်"

အိုတိုလည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။

"မစ္စတာအိုတို... ဆောရီးပဲ။ ကျုပ်တို့လည်း အသက်ရှင်ချင်တာပဲ... ခြောက်ဘီလီယံ"

"ခုနှစ်ဘီလီယံ"

"တစ်ဆယ်ဘီလီယံကွာ"

ကြွယ်ဝမှုနှင့် ပတ်သက်လာလျှင် မည်သူမှ အိုတိုကို မယှဉ်နိုင်ကြချေ။

"ဈေးပိုပေးနိုင်တဲ့သူ ရှိသေးလား။ မရှိရင် ဒါက ငါ့ဟာပဲ"

ဘရာမန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံမှ စိတ်စွမ်းအားရှင်များ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူတို့တွင် ဒေါ်လာဆယ်ဘီလီယံ တကယ်မရှိကြပေ။

"ဟားဟားဟား"

အိုတိုက ငွေချေလိုက်ပြီးနောက် ခက်ခက်ခဲခဲ ရထားသော အသက်ကယ်ဆေးလုံးကို ဝမ်းသာအားရ မျိုချလိုက်တော့သည်။

"မစ္စတာကျန်း... တကယ်မကျန်တော့ဘူးလား"

မျှော်လင့်ချက်မဲ့နေသူနှစ်ဦးက ကျန်းမုန့်လောင်ကို ကြည့်လိုက်ကြသည်။

"ကျုပ်ဆီမှာတော့ တကယ်မရှိတော့ဘူး။ ဒါပေမဲ့ သူတို့ဆီမှာ ရှိသေးလားလို့ မေးကြည့်ပေးမယ်"

ကျန်းမုန့်လောင်က တစ်ဖက်လှည့်ပြီး မေးလိုက်သည်။

"မင်းတို့ဆီမှာ ကျန်သေးလား"

"ကျောင်းအုပ်ကြီး... ဒီမှာ တစ်ပုလင်းကျန်ပါသေးတယ်'

ချန်ပင်းယွီက ပြန်ဖြေလိုက်၏။

"ကျောင်းအုပ်ကြီး... ကျွန်တော့်ဆီမှာလည်း တစ်ပုလင်းရှိသေးတယ်"

"ဪ... ရှိသေးတာပဲ။ ဟားဟားဟား... ဒါဆို တစ်လုံးကို ဒေါ်လာတစ်ဘီလီယံဈေးအတိုင်းပဲ ထားလိုက်ကြတာပေါ့"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

အိုတို၏မျက်နှာထက်ရှိအပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

"ကျန်းမုန့်လောင်... မင်း ငါ့ကို အကွက်ဆင်လိုက်တာလား"

***************

All Chapters