အခန်း (၇၄၅)
Vol. 50 Ch. 745
အခန်း ၇၄၅
“ခင်ဗျားကို အကွက်ဆင်ရမှာလား။ ဘယ်က ယုံကြည်မှုနဲ့ လာပြောနေတာလဲ။ ခင်ဗျားရဲ့ ဘယ်အရာကများ ကျုပ်ဉာဏ်ဆင်ရလောက်တဲ့အထိ တန်ဖိုးရှိနေလို့လဲ"
ကျန်းမုန့်လောင်က မဲ့ပြုံးပြုံးလိုက်၏။
"ခင်ဗျားပိုက်ဆံက ကျုပ်တို့မျိုးနွယ်စုရဲ့ တစ်နှစ်စာ မီးဖိုးရေဖိုးလောက်တောင် ရှိတာမဟုတ်ဘူး။ ကျုပ် ခင်ဗျားရဲ့မုန့်ဖိုးလောက်ပဲရှိတဲ့ငွေကို မက်မောနေတယ်လို့များ ထင်နေတာလား"
"မင်းဆီမှာ ဆေးတွေရှိနေသေးတာကို... ဘာလို့ ငါတို့ကို ဈေးပြိုင်ခေါ်အောင် လှည့်စားခဲ့တာလဲ"
အိုတိုခမျာ မယုံကြည်နိုင်သေးပေ။ ဒေါ်လာ တစ်ဘီလီယံဖြင့် ဖြေရှင်း၍ရနိုင်သော ပြဿနာတစ်ခုက သူ့ကို ဆယ်ဆခန့် ပိုကုန်ကျစေခဲ့သည်။ ဒေါ်လာတစ်ဆယ်ဘီလီယံဆိုသည်မှာ သူ့အတွက်လည်း မနည်းလှသောပမာဏပင်။
"ကျုပ် ခင်ဗျားကို လှည့်စားခဲ့မိလို့လား"
ကျန်းမုန့်လောင်က ကြွေပုလင်းကို ပြောင်းပြန်လှန်ပြလိုက်သည်။
"ခင်ဗျားဘာသာကြည့်လေ... ကျုပ်ဆီမှာ တကယ် တစ်လုံးမှမကျန်တော့တာ။ သူတို့ဆီမှာ ရှိနေမယ်လို့ ကျုပ်က ဘယ်လိုလုပ်သိမှာလဲ။ ခင်ဗျားမှမမေးတာ"
"မြေခွေးအိုကြီး"
း
"ဝိုး... ငါတို့ဆီ လွှဲချနေပါရောလား"
"ကျောင်းအုပ်ကြီးရဲ့မျက်နှာက တစ်နေ့တခြား ပိုထူလာတယ်ရော်"
"အဟွတ် အဟွတ် အဟွတ်... မင်းတို့က ဘာတွေလျှောက်ပြောနေကြတာလဲ"
ကျန်းမုန့်လောင်က လေးလေးနက်နက် ပြောလိုက်သည်။
"လူဆိုတာ ဂုဏ်သိက္ခာလေး နည်းနည်းအတွက်နဲ့ ပိုက်ဆံရှာရမဲ့ကိစ္စကို လက်လွှတ်လို့ မဖြစ်ဘူးလေ... ဟုတ်တယ်မလား"
"ယူရင်ယူ မယူချင်နေ"
ကျန်းမုန့်လောင်က အိုတိုကို ပြောလိုက်သည်။
"မလိုချင်ဘူးဆိုရင်လည်း ငွေအပြည့်ပြန်အမ်းပေးမယ်။ ဒါပေမဲ့ အခုကစပြီး ခင်ဗျားလိုမျိုး စီးပွားရေးလုပ်တဲ့နေရာမှာ တွန့်ဆုတ်တွန့်ဆုတ်လုပ်တတ်တဲ့လူမျိုးကို အမည်ပျက်စာရင်းသွင်းထားလိုက်တော့မယ်"
"မင်း..."
အိုတိုခမျာ ဒေါသထွက်သော်လည်း ထုတ်မပြောနိုင်ရှာအေ။ ကျန်းမုန့်လောင်ကိုသာ ဆေးလုံးပြန်ပေးလိုက်လျှင် တစ်ဖက်လူက သူ့ကိုဖြေရှင်းရန် ပိုမိုရွံစရာကောင်းသောနည်းလမ်းတစ်ခုခု ရှာလိမ့်မည်ဟု သူ ယုံကြည်နေမိသည်။ ယနေ့ အရှုံးကတော့ ကျိန်းသေနေချေပြီ။
"ခေါင်းဆောင်... အခုက တံတားကို မီးရှို့ဖျက်ပစ်ရမဲ့အချိန် မဟုတ်ဘူး"
ဘရုစ်က ပြောလိုက်သည်။
"ကျွန်တော်တို့ သူ့ကိုမယှဉ်နိုင်ဘူး။ ခင်ဗျားလည်း ဒဏ်ရာရထားသေးတယ်။ အနည်းဆုံးတော့ ဒဏ်ရာသက်သာအောင် အရင်လုပ်သင့်တယ်"
အသက်ပြင်းပြင်းရှူသွင်းပြီးနောက် အိုတိုလည်း သူ့စိတ်သူငြိမ်သက်အောင် ကြိုးစားလိုက်သည်။ ဤအာကာသယာဉ်ကို စူးစမ်းလေ့လာမှုမှာ အစပျိုးရုံသာရှိသေးသည်။ ရှေ့တွင် မည်သည့် အန္တရာယ်များ ရှိနေဦးမလဲဆိုသည်ကို သူမသိပေ။ ထို့ပြင် ဤအဆင့်မြင့်မျိုးနွယ်စု၏ ပစ္စည်းများထဲတွင် သူ့အတွက် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည့်ရတနာများ ပါဝင်ကောင်း ပါဝင်နေနိုင်သည်။
'လက်စားချေရန်အလို့ငှာ ဆင်းရဲဒုက္ခကို သည်းခံပါ'ဟူသော ဟွာရှားရှေးစကားပုံကို သတိရလိုက်မိသည်။
"ဟွန်း…"
အိုတိုက ကျန်းမုန့်လောင်ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ထောင့်တစ်နေရာသို့ လျှောက်သွားကာ ဆေးလုံးကို မျိုချလိုက်၏။
ကံကောင်းသည်မှာ ကျန်းမုန့်လောင်ရောင်းလိုက်သော ပစ္စည်းက အစစ်အမှန်ဖြစ်ပြီး သံဓာတ်ပြုရောင်ခြည်ကြောင့် ပျက်စီးသွားသော သူ့ခန္ဓာကိုယ်ထဲရှိ မျိုးရိုးဗီဇများမှာ အလျင်အမြန်ပြန်လည်ကောင်းမွန်လာသည်။ ဒဏ်ရာများလည်း တဖြည်းဖြည်းသက်သာလာပြီး အထူးဆန်းဆုံးမှာ ပြတ်သွားသော သူ့လက်မောင်းက သိသာထင်ရှားသောအမြန်နှုန်းဖြင့် ပြန်ပေါက်လာခြင်းပင်။
ထို့နောက် အိုတိုက စွမ်းအင်ဖြည့်ဆေးရည်ကို သောက်လိုက်၏။ ပြန်လည်ကောင်းမွန်လာရန် လိုအပ်သောစွမ်းအင်မှာ သူ့ခန္ဓာကိုယ်မှ လာခြင်းဖြစ်ပြီး လက်မောင်းပြန်ပေါက်ရန် ကုန်ဆုံးသွားသောစွမ်းအင်မှာ ပြင်းထန်သောတိုက်ပွဲတစ်ခု ဆင်နွှဲလိုက်ရသည်နှင့် ညီမျှနေသောကြောင့်ပင်။
မိနစ်အနည်းငယ်အနားယူပြီးနောက် စိတ်စွမ်းအားရှင်များအားလုံး ပြန်လည်သက်သာလာကြချေပြီ။
"ရှေ့ဆက်မသွားဖို့ အကြံပြုချင်တယ်"
ကျန်းမုန့်လောင်က အဆိုပြုလိုက်သည်။
"ကျုပ်တို့ ဒီထဲကိုရောက်တာ မိနစ်ပိုင်းပဲရှိသေးတယ်... ထိခိုက်သေဆုံးမှုတွေကို ကြည့်ဦး။ ခင်ဗျားတို့က အိမ်တိုင်ရာရောက်ဝန်ဆောင်မှုထက်တောင် ပို့ပေးချင်စိတ် ပြင်းပြနေကြပါရောလား။ ပြန်လှည့်ကြတာ ပိုကောင်းမယ်ထင်တယ်။ မဟုတ်ရင် ခင်ဗျားတို့အတွက် ရက်လည်ဆွမ်းကျွေးပေးနေရဦးမယ်"
ကျန်းမုန့်လောင်၏စကားများက လူအမြောက်အများကို တွေးတောသွားစေသည်။ သူ့စကားများက ရိုင်းစိုင်းပြီး ထိုးကြိတ်ချင်စိတ် ပေါက်သွားစေသော်လည်း ရက်လည်ဆွမ်းကျွေးခြင်းဆိုသည်မှာ ဘာကိုဆိုလိုသလဲ။ သူတို့သေသွားလျှင် ကျန်းမုန့်လောင်က စားသောက်ပွဲကြီး ကျင်းပမည်ဟူသော သဘောလား။
သို့သော် သူတို့က အာကာသယာဉ်အတွင်းပိုင်းသို့ ဝင်ရောက်ရုံသာ ရှိသေးသည်ဖြစ်ရာ မီတာအနည်းငယ်အတွင်းမှာပင် ဤသို့သောအန္တရာယ်မျိုးကို ကြုံတွေ့ခဲ့ရလေရာ ရှေ့တွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို ဘယ်သူသိနိုင်မှာတဲ့လဲ။
"ကျန်းမုန့်လောင်... မင်းက ဒီထဲက ရတနာတွေကို တစ်ယောက်တည်းလက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာလား"
အိုတိုက ပထမဆုံးကန့်ကွက်လိုက်၏။
"အားလုံးပဲ ကျုပ်ပြောတာကို နားထောင်ကြ။ ကျုပ်တို့မြင်ရသလောက်ဆိုရင် ဒါက တိုက်ခိုက်ရေးယာဉ်မဟုတ်ဘူး။ သယ်ယူပို့ဆောင်ရေး ဒါမှမဟုတ် စူးစမ်းလေ့လာရေးယာဉ်ဖြစ်ဖို့များတယ်။ ကျုပ်ထင်တာတော့ ကာကွယ်ရေးစနစ်ဆိုလို့ အဲ့ဒီစက်ရုပ်တွေပဲရှိတာ။ အခု အဲ့ဒါတွေက ကျုပ်တို့ရဲ့အသက်ကို မခြိမ်းခြောက်နိုင်တော့ဘူး။ အခုအချိန်မှာသာ ပြန်လှည့်သွားရင် ရတနာတွေကို ဟွာရှားကို ထိုးအပ်လိုက်သလို ဖြစ်မနေဘူးလား"
"ဟုတ်တယ်... ကျွန်တော် မစ္စတာအိုတိုကို ထောက်ခံတယ်။”
"ငါတို့ရာဇဝင်မှာ နောက်ဆုတ်တယ်ဆိုတာ မရှိဘူး။ နိုင်ငံတော်က တာဝန်ပေးအပ်လိုက်ပြီဆိုကတည်းက ပြီးမြောက်အောင် လုပ်ရမယ်"
"ဒါပေါ့... စွန့်စားမှုမရှိရင် အကျိုးအမြတ်လည်း မရှိဘူးလေ။ ဒီထဲက ပစ္စည်းတချို့ကိုသာ ပြန်ယူသွားနိုင်ရင် ငါတို့နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အများကြီးအထောက်အကူဖြစ်စေမှာ။ အခုအချိန်ကျမှတော့ နောက်ဆုတ်စရာ အကြောင်းပြချက်မရှိဘူး"
လူပေါင်းများစွာ၏ ထောက်ခံမှုကြောင့် အိုတိုက ကျန်းမုန့်လောင်ကို မောက်မာစွာကြည့်လိုက်သည်။
အင်း... မင်းကကြမ်းတယ်... တိုက်ခိုက်နိုင်တယ်ဆိုတော့ရော ဘာဖြစ်သေးလဲ။ ဒီနေရာမှာ ဘယ်သူမှ မင်းကို အလေးမထားဘူး။ သူတို့တွေအားလုံးကို သတ်ပစ်မှာလား။
ထိုသို့လုပ်လျှင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်လုပ်ရပ်ဖြစ်သွားမည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းလုံး၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရလိမ့်မည်။
"ကောင်းပြီ။ ကောင်းပြီ။ ခင်ဗျားတို့က အသက်စွန့်ဖို့ ဆန္ဒရှိနေမှတော့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး"
ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်ပြီးနောက် ထူးရှယ်နတ်ဘုရားကျောင်းတော်က လူများဘက်သို့ လှည့်လိုက်သည်။
"မြင်လား... ဒါက ခေါင်းမာခြင်းရဲ့ရလဒ်ပဲ။ မင်းတို့ ဘယ်တော့မှ သူတို့ကို နမူနာမယူကြနဲ့"
...
လတ်တလောတိုက်ပွဲကြောင့် အားကောင်းလှသော စိတ်စွမ်းအားရှင်ဒါဇင်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီး လူခြောက်ဆယ်ခုနစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်။ သို့သော် ထိုလူများမှာ ထိပ်တန်းအဆင့် စိတ်စွမ်းအားရှင်များဖြစ်ကြပြီး အားလုံးနီးပါးမှာ အဆင့်ရှစ်နှင့်အထက်ရှိသော စူပါစိတ်စွမ်းအားရှင်များ ဖြစ်ကြသည့်အပြင် စက်ရုပ်သားရဲများ၏ တိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့သူများလည်းဖြစ်၏။
အာကာသယာဉ်ထဲတွင် သူတို့တွေ့ခဲ့ရသော စက်ရုပ်နှစ်ဆယ်ခန့်သာ ကျန်တော့ပုံရသည်။ ကျန်စက်ရုပ်များမှာ စွမ်းအင်ကုန်ခမ်းသွားသဖြင့် သံတိုသံစများ ဖြစ်သွားကြပြီဟု ယူဆရသည်။ ကျန်ရှိသော မီတာအနည်းငယ်ခန့်ကို ဖြတ်သန်းပြီး ထောင့်ချိုးတစ်ခုပြီးတစ်ခု ကွေ့ပတ်သွားကြသော်လည်း မည်သည့်အန္တရာယ်ကိုမှ မကြုံတွေ့ရချေ။
မကြာခင်မှာပင် သူတို့က သိုလှောင်ရုံဟုထင်ရသော နေရာတစ်ခုသို့ ရောက်လာကြပြီး ထိုနေရာ၌ ဆယ်မီတာကျော်မြင့်မားသော သတ္တုတံခါးတစ်ချပ် ရှိနေပေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုတံခါးက မည်မျှလေးလံကြောင်း သိသာလှ၏။
"ဒါက သိုလှောင်ရုံပဲဖြစ်ရမယ်"
"ဒီအာကာသယာဉ်ရဲ့ ရတနာတွေအကုန်လုံး အထဲမှာရှိမှာ သေချာတယ်"
စိတ်စွမ်းအားရှင်များအားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
"ဒါက ဇီဝလော့ခ်စနစ်ပဲ"
စိတ်စွမ်းအားရှင်တစ်ယောက်က ရှေ့တိုး၍ စစ်ဆေးကြည့်ရင်း ပြောလိုက်သည်။
"ဒီအာကာယာဉ်ရဲ့အင်္ဂါရပ်တချို့ကို သော့အဖြစ် သုံးထားပုံရတယ်"
"မင်း ဖွင့်နိုင်လား"
အိုတိုက မေးလိုက်သည်။
"ဟင့်အင်း"
ထိုစိတ်စွမ်းအားရှင်က ခေါင်းခါလိုက်သည်။
"ကျွန်တော်တို့ သူတို့ရဲ့ပရိုဂရမ်ဘာသာစကားကို နားမလည်တာ အသာထားဦး။ နားလည်ရင်တောင် ကြယ်တာရာခရီးသွားနည်းပညာကို ပိုင်ဆိုင်ထားတဲ့ ဒီမျိုးနွယ်စုက ကျွန်တော်တို့ထက် နည်းပညာအဆင့်အတန်း အများကြီး သာလွန်နေမှာပဲ။ ကျွန်တော်တို့ ဘယ်လိုမှ ကုတ်ဖော်နိုင်မှာမဟုတ်ဘူး"
"ဒါဆို ငါတို့ ဒီတံခါးကို အားသုံးပြီးဖျက်ပစ်ဖို့ပဲ ရှိတော့တယ်"
အိုတိုနှင့် အခြားလးများမှာ လှုပ်ရှားရန် စိတ်အားထက်သန်နေပုံရ၏။
"နေပါဦး မစ္စတာအိုတို"
ရုရှားစိတ်စွမ်းအားရှင်တစ်ယောက်က သတ္တုတံခါးဆီသို့ လျှောက်သွားပြီးနောက် ကေဘယ်ကြိုးနှင့်တူသော အရာတစ်ခုကို တံခါးပေါ်၌ တပ်ဆင်လိုက်သည်။
"အခြေအနေမဟန်ဘူး"
"ဘာဖြစ်လို့လဲ"
"ဒီတံခါးရဲ့ကုန်ကြမ်းပစ္စည်းက ဟိုစက်ရုပ်တွေမှာ သုံးထားတာနဲ့အတူတူပဲ"
ထိုစကားကြောင့် လူတိုင်း မျက်နှာပျက်သွားသည်။ ရင်ဆိုင်ရန်ခက်ခဲလှသော ထိုစက်ရုပ်များကို ရှင်းထုတ်ရန်ပင် သူတို့ အတော်ဒုက္ခရောက်ခဲ့ရသည်ဖြစ်ရာ ယခုမူ ပိုထူထဲသောသတ္တုတံခါးကို ရင်ဆိုင်ရသည့်အခါ ဖျက်ဆီးရန် ဘယ်အရာကိုများ သုံးရမည်နည်း။
လူတိုင်း ကြံရာမရဖြစ်နေချိန်မှာပင် ကျန်းမုန့်လောင်ရှိရာဘက်မှ လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
ကျန်းမုန့်လောင်ခေါ်လာသော ဟွာရှားလူငယ် ဆယ့်တစ်ယောက်မှာ ထူးခြားသောဒီဇိုင်းရှိသည့် ကွန်ပျူတာတစ်လုံးစီကို ထုတ်ယူလိုက်ကြပြီး သာမန်ကေဘယ်ကြိုးတစ်ချောင်းဖြင့် တံခါး၏ခလုတ်ခုံကိုချိတ်ဆက်ကာ စနစ်ကို ကုတ်ဖော်ရန် အသင့်ပြင်နေကြောင်း မြင်လိုက်ရသည်။
"ကဲ... စကြစို့။ ဒီတံခါးကို အရင်ဖွင့်နိုင်တဲ့လူကို တတိယနှစ်သင်ရိုးတစ်ခုတက်ခွင့်ပေးမယ်"
"တကယ်လား"
"တတိယနှစ်သင်ရိုးတဲ့လား"
"သောက်ကျိုးနည်း... ငါ့စွမ်းအင်တွေအကုန် ဆူပွက်လာပြီ"
"အသင့်ပြင်ထား"
"စမယ်"
"ကလစ်-ကလက်..."
ကျောင်းသားဆယ်ယောက်ကျော်၏ လက်ချောင်းများမှာ စန္ဒရားတီးခတ်နေသည့်အလား ကွန်ပျူတာကီးဘုတ်ပေါ်တွင် ပြေးလွှားလှုပ်ရှားနေကြသည်။
"သူတို့က ဒီမျိုးနွယ်စုရဲ့ ကုတ်ဘာသာစကားကို နားလည်လို့လား"
"မဖြစ်နိုင်တာ။ အဆင့်အရမ်းကွာခြားလွန်းတော့ သူတို့က... ခဏလး... ခုနတုန်းက ကျန်းမုန့်လောင်က စက်ရုပ်တွေရဲ့ပရိုဂရမ်ကို ကုတ်ဖော်လိုက်နိုင်တာပဲ။ သူတို့ တကယ်လုပ်နိုင်လောက်တယ်"
ကျန်းမုန့်လောင်တစ်ယောက်တည်းကသာ ဤကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားသည်ဆိုလျှင် တော်သေးသည်။ သို့သော် ဤလူအားလုံးကရော လုပ်တတ်နေလေသလား။
သူတို့က ဘယ်ဆီဘယ်ဝယ်က ရောက်လာကြတာလဲ။ သူတို့အားလုံးက လူသားတွေရော ဟုတ်ရဲ့လား။
နှစ်မိနစ်မျှအကြာတွင် လူတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ငါ ပထမအလွှာကို ဖြတ်နိုင်ပြီ"
"ဟွန်း... ပထမအလွှာလောက်များ... ငါက တတိယအလွှာကို တိုက်နေပြီကွ"
"ဟားဟားဟား...ဂျူနီယာလေးတွေ... ငါက သိုင်းပညာပြီးရင် ကွန်ပျူတာသိပ္ပံသင်တန်းကို အတော်ဆုံးကွ... ငါက နောက်ဆုံးနှစ်လွှာပဲကျန်တော့တယ်"
"သောက်ကျိုးနည်း... သစ္စာဖောက်လောက်ကောင်... ဆရာကောင်းကင်ဘုံရဲ့ ဇီဝဗေဒအတန်းကို အတူတူတက်မယ်လို့ ငါတို့ သဘောတူထားတယ်လေ"
"ငါသာ ကုတ်ကျွမ်းကျင်သွားရင် အရင်းအမြစ်မျိုးစုံကို အလွယ်တကူဒေါင်းလုတ်ဆွဲလို့ရပြီလေ။ မိုက်တယ်မလား"
"ယုတ်မာလိုက်တာ"
"အရှက်မရှိတဲ့ကောင်"
"မျက်နှာပြောင်တိုက်တဲ့ကောင်"
...
"ပြီးပြီ"
ထိုကျောင်းသားက နောက်ဆုံးခလုတ်ကို နှိပ်လိုက်သည်နှင့် လေးလံလှသော သတ္တုတံခါးကြီးမှာ ဘေးနှစ်ဖက်သို့ ဖြည်းဖြည်းချင်းပွင့်သွားလေတော့သည်။
"သိုလှောင်ရုံကြီးဟေ့... တကယ့်သိုလှောင်ရုံကြီး"
အခန်းထဲတွင် ပစ္စည်းအမျိုးမျိုးရှိကြောင်း မြင်တွေ့နိုင်ပြီး နာမည်များကို မသိနိုင်သော်လည်း တည်ခင်းထားပုံကို အထင်အရှားခွဲခြားနိုင်သည်။
"သွားကြစို့"
စိတ်စွမ်းအားရှင်အုပ်စုကြီးမှာ သိုလှောင်ရုံထဲသို့ ပြေးဝင်သွားကြသည်။ အတွင်းမှာ ရတနာပုံကြီးများရှိနေပြီး အနည်းငယ်လောက် ပြန်ယူသွားနိုင်ရုံဖြင့် ကြီးမားလှသော အကျိုးပြုမှုများ ရှိလာပေလိမ့်မည်။
"ဒုန်း"
ကျန်းမုန့်လောင် ထိန်းချုပ်ထားသော စက်ရုပ်နှစ်ဆယ်ကျော်က ဝင်ပေါက်ကို ပိတ်ဆို့ရန် ခုန်ဝင်လာကြသည်။
"ကျန်းမုန့်လောင်... ဒါက ဘာသဘောလဲ။ မင်းတို့ဟွာရှားလူမျိုးတွေက ဒီပစ္စည်းတွေကို လက်ဝါးကြီးအုပ်ဖို့ ကြံနေကြတာလား"
အိုတိုက စိန်ခေါ်လိုက်၏။
"ကျုပ်တို့ထွက်မလာခင်တုန်းက ဒီခရီးစဉ်မှာ တွေ့တဲ့အရာမှန်သမျှကို တစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်မှုအပေါ်မူတည်ပြီး ခွဲဝေယူကြမယ်လို့ သဘောတူထားတာ မှတ်မိသေးတယ်နော်"
ကျန်းမုန့်လောင်က တုံ့ပြန်လိုက်သည်။
"ခင်ဗျားက ဘာအားထုတ်မှုတွေများ လုပ်ပေးခဲ့လို့လဲ"
****************