ခင်ဗျား ပိုက်ဆံပေးရမယ်
Vol. 50 Ch. 746
ကျန်းမုန့်လောင်၏စကားကြောင့် သူတို့အားလုံး ဆွံ့အကုန်သည်။
တကယ်လည်း သူတို့ ဘာမှသိပ်မလုပ်ခဲ့ကြပေ။
အာကာသယာဉ်ထဲသို့ ရောက်ကတည်းက သူတို့မှာ အသက်လုပြေးလိုက်၊ အော်ဟစ်ပြီး အကူအညီတောင်းလိုက်နှင့်သာ အချိန်ကုန်ခဲ့ကြသည်။ တကယ်တမ်းဆိုလျှင် ဤလေ့လာစူးစမ်းရေးခရီးစဉ်တွင် ကျန်းမုန့်လောင်တစ်ယောက်တည်းကသာ အာကာသယာဉ်ထဲသို့ အေးအေးလူလူဝင်နိုင်ပြီး ကျန်လူများမှာ ဘေးက ပွဲကြည့်ပရိသတ်သက်သက်သာဖြစ်၏။
ကျန်းမုန့်လောင်ကြောင့်သာမဟုတ်လျှင် ဤနေရာသို့ ဝင်လာရန်မဆိုထားနှင့်။ ယခုလောက်ဆိုလျှင် သူတို့ အသက်ပျောက်နေလောက်ပြီဖြစ်၏။
သဘောတူစာချုပ်အရ လုပ်ဆောင်ချက်များကို ကြည့်မည်ဆိုလျှင် ကျန်းမုန့်လောင်ကသာ တစ်ရာရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်သင့်သည်။ ယနေ့တွေ့ရှိခဲ့ရသမျှ အရာအားလုံးက သူတစ်ဦးတည်းအပိုင်သာ ဖြစ်သင့်သည်။
သို့သော် မည်သူကများ လက်ခံနိုင်မည်နည်း။ ဤခရီးတွင် လူတိုင်း အထိနာထားကြသည်။ တချို့နိုင်ငံများဆိုလျှင် အင်အားကြီးစိတ်စွမ်းအားရှင်များစွာ သေဆုံးခဲ့ကြပြီး အချို့မှာမူ ကျန်းမုန့်လောင်၏ခြိမ်းခြောက်ငွေညှစ်မှုကြောင့် ဒေဝါလီခံရမတတ်ပင်။
အထူးသဖြင့် အမေရိကန်နိုင်ငံ၏ စွမ်းအားရှင်မဟာမိတ်အဖွဲ့ပင်။ စိတ်စွမ်းအားရှင်ရှစ်ယောက်အနက် ခြောက်ယောက်မှာ သေဆုံးသွားပြီး အိုတိုကိုယ်တိုင်ပင် ကျန်းမုန့်လောင်ထံတွင် အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံလောက် အလိမ်ခံလိုက်ရသည်။ ယနေ့ တစ်ခုခုမှမရလျှင် ရင်သားကင်ဆာဖြစ်သည်အထိ ဒေါသထွက်ရပေလိမ့်မည်။ ဤသည်မှာ လူသားတစ်ယောက်အတွက် မည်မျှကြီးမားလှသော ဒုက္ခလေလဲ။
သို့သော် လမ်းပိတ်ထားသည့် စက်ရုပ်များကြောင့် သူတို့အားလုံး နောက်တွန့်နေကြသည်။
ဟာသပဲ… ဒီစက်ရုပ်တစ်ရုပ်တည်းကတင် သူတို့အားလုံးကို အမှုန့်ခြေပစ်နိုင်တယ်လေ…
ကျန်းမုန့်လောင် တကယ်တိုက်ခိုက်လိမ့်မည်ဟု သူတို့ မယုံပါသော်ငြား မည်သူကမှလည်း မစွန့်စားရဲပေ။
"မစ္စတာကျန်း.. ဒီတစ်ခေါက် ခင်ဗျား အများကြီးလုပ်ပေးထားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီအထိရောက်လာပြီး အများကြီးလည်း ဆုံးရှုံးထားရတာမို့ ကျွန်တော်တို့အနေနဲ့လည်း လက်ဗလာနဲ့ပြန်လို့မဖြစ်ဘူးမလား"
"ဟုတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က တစ်သင်းတည်းပဲလေ။ ခင်ဗျားက အသားစားရတယ်ဆိုရင် ကျွန်တော်တို့ကို ဟင်းရည်လောက်တော့ သောက်ခွင့်ပေးသင့်တာပေါ့"
"မစ္စတာကျန်း.. ဒီမှာရှိတဲ့ ပစ္စည်းတစ်ဝက်ကို ခင်ဗျားပဲ ယူလိုက်ပါ။ ကျန်တာကို ကျုပ်တို့ဘာသာ ခွဲယူလိုက်မယ်။ အဲဒီလိုမှမဖြစ်ဘူးဆိုရင်လည်း ခင်ဗျား ခြောက်ဆယ်.. မဟုတ်ဘူး မဟုတ်ဘူး ခုနစ်ဆယ်ရာခိုင်နှုန်းယူလိုက်ပါ"
"ဒီလိုဆိုရင်ရော မစ္စတာကျန်း.. ခင်ဗျားလိုချင်တာကို အရင်ရွေးလိုက်ပါ။ ခင်ဗျားရွေးပြီးသွားလို့ ကျန်ခဲ့တဲ့ဟာကိုပဲ ကျွန်တော်တို့ ယူပါ့မယ်"
သူတို့ဘက်က အများကြီးလျှော့လိုက်ကြသည်။ ဤမျှအထိနှိမ့်ချပြီးတောင်းပန်နေသည်ဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့် သူတို့ကို မျက်နှာသာတော့ပေးသင့်သည်မဟုတ်လား။
"ဘာလို့ပေးရမှာလဲ"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"အရင်ဘဝတုန်းက ခင်ဗျားတို့ကို အကြွေးတင်ထားလို့လား။ ခင်ဗျားတို့ပြောရုံနဲ့ ကျုပ်က ပေးလိုက်ရမှာလား။ ဒါဆို ကျုပ်ရဲ့ဂုဏ်သိက္ခာက ဘယ်ရောက်သွားမလဲ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။
"ကျုပ် အသက်နဲ့ရင်းပြီး ဒီအထိ ခက်ခက်ခဲခဲလာခဲ့ရတာ။ အဲဒါကို ခင်ဗျားတို့က ဘာမှမလုပ်ဘဲနဲ့ တစ်ဝက်လောက်ယူချင်နေတာ နည်းနည်းမလွန်လွန်းဘူးလား"
"အသက်နဲ့ရင်းပြီးတော့တဲ့လား"
"ခက်ခက်ခဲခဲတဲ့လား"
စိတ်စွမ်းအားရှင်များမှာ ကျန်းမုန့်လောင်ကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်လိုက်ကြသည်။ ပန်းပွင့်ရှပ်အင်္ကျီ၊ ဘောင်းဘီတိုနှင့် ညှပ်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသော သူ့ပုံစံမှာ အပန်းဖြေခရီးထွက်လာသူတစ်ယောက်နှင့် တူလှပေသည်။
အစမှ အဆုံးထိတိုင် ဘယ်နေရာတွင်များ အသက်စွန့်ခဲ့ရလေသလဲ။ သူတို့ကမှ ဤနေရာသို့ အသက်စွန့်ပြီး ရောက်လာရခြင်းပင်။
ခင်ဗျားက ခြစ်ရာလေးတစ်နေရာတောင် မရှိဘဲနဲ့ ဒေါ်လာဘီလီယံရာဂဏန်းလောက် ရသွားတာလေ.. ဒါတောင် လာညည်းပြနေတယ်ပေါ့…
"ခေါင်းဆောင်မုန့်.. တစ်ခုခုပြောပါဦး"
ကျန်းမုန့်လောင်ကို ဘယ်လိုမှပြောမရသဖြင့် မုန့်ထျန်းဟယ်ကို သူတို့အားလုံး လှည့်ကြည့်လိုက်ကြသည်။
တကယ်တမ်းတွင် မုန့်ထျန်းဟယ်ကိုယ်တိုင်ကလည်း ဗျာများနေသည်။ အစမှ အဆုံးထိတိုင် ကျန်းမုန့်လောင်ကိုသာ မှီခိုအားထားရမည့် အခြေအနေသို့ ဆိုက်ရောက်လာလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
အမှန်အတိုင်းပြောရလျှင် သူလည်း ဘာမှမဝေမျှချင်သော်ငြား ဤနိုင်ငံများထဲတွင် ဟွာရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းသော နိုင်ငံများစွာပါဝင်သဖြင့် သူတို့ကို လုံးဝအပြတ်ဖြတ်လိုက်ရန်မှာ ကောင်းမွန်သောရွေးချယ်မှုတစ်ခုမဟုတ်ပေ။
"မုန့်လောင်.. သူတို့ကို နည်းနည်းလောက်တော့ ချန်ပေးလိုက်ပါ"
မုန့်ထျန်းဟယ်ခမျာ သူတို့ကို နည်းနည်းသနားသွားသည်။
"သဘောပဲလေ"
ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။
ချက်ချင်းဆိုသလို လူတိုင်းက သူတို့ခွဲတမ်းကို စောင့်စားရင်း မျှော်လင့်နေဟန်မျက်ဝန်းများဖြင့် ကျန်းမုန့်လောင်ကို ကြည့်နေကြသည်။
"ခေါင်းဆောင်မုန့်က ပြောနေမှတော့ ကျွန်တော်လည်း မျက်နှာထောက်ထားရမှာပေါ့။ ဒီပစ္စည်းတွေထဲက ဟွာရှားနိုင်ငံက ကိုးဆယ်ရာခိုင်နှုန်းယူမယ်။ ကျန်တဲ့တစ်ဆယ်ရာခိုင်နှုန်းကို ခင်ဗျားတို့ ယူလို့ရတယ်"
သူတို့အနေနှင့် တစ်ဆယ်ရာခိုင်နှုန်းမျှသာ ယူနိုင်သော်ငြား သိုလှောင်ရုံက ကြီးမားလွန်းလှသဖြင့် ပစ္စည်းပမာဏကလည်း နည်းမည်မဟုတ်ချေ။
စက်ရုပ်အမျိုးမျိုး၊ ကိရိယာတန်ဆာပလာများ၊ လက်နက်များနှင့် သူတို့ အမည်မတပ်နိုင်သော အရာများဟူ၍ အမျိုးမျိုးရှိသည်။ ထိုပစ္စည်းများအားလုံးက အဖိုးတန်ပစ္စည်းများပင်။
"ဒါပေမဲ့ ခင်ဗျားတို့ အလကားယူလို့မရဘူး"
ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
"ပိုက်ဆံပေးရမယ်"
"ပိုက်ဆံပေးရမှာလား။ ပိုက်ဆံထပ်ပေးရဦးမှာလား။ ကျုပ်တို့မှာ ပိုက်ဆံတစ်ပြားမှ မကျန်တော့ဘူး"
"ငါ အခုမှသဘောပေါက်တော့တယ်။ ကျန်းမုန့်လောင်က စူးစမ်းလေ့လာရေးခရီးထွက်လာတာမဟုတ်ဘူး။ ပိုက်ဆံလာရှာတာ"
"တိတ်တိတ်နေကြစမ်း"
ကျန်းမုန့်လောင်က အော်လိုက်၏။
"ပိုက်ဆံမရှိဘူးဆိုရင် လစ်လိုက်တော့။ တစ်ခုမှယူမယ်မကြံနဲ့။ ခင်ဗျားတို့က ကံကောင်းမှုကို မဆုပ်ကိုင်ထားနိုင်ဘူးပဲ။ ဒီပစ္စည်းမျိုးကို အပြင်မှာ ပိုက်ဆံရှိတိုင်း ဝယ်လို့ရတယ်များ ထင်နေတာလား"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။
"ဒီမှာရှိတဲ့ ပစ္စည်းမှန်သမျှ အခုခေတ်နည်းပညာထက် ဆယ်စုနှစ်ပေါင်းများစွာ ဒါမှမဟုတ် ရာစုနှစ်ပေါင်းများစွာ ခေတ်ရှေ့ပြေးနေတာ။ ပုံမှန်အတိုင်း သုတေသနလုပ်မယ်ဆိုရင် အချိန်တွေငွေတွေ ဘယ်လောက်ကုန်မလဲ။ အခု ခင်ဗျားတို့ရှေ့မှာ ရေကန်အသင့်ကြာအသင့် ချပေးထားတာနော်။ ခင်ဗျားတို့အနေနဲ့ လေ့လာဆန်းစစ်ပြီး နည်းစနစ်တွေကို ယူဖို့ပဲလိုတာ။ အဲဒါကဘာလဲ။ ဗဟုသုတတွေနော်"
"သေချာစဉ်းစားကြည့်.. ခင်ဗျားတို့က ဗဟုသုတကို ငွေနဲ့ဝယ်နေတာ။ ဘယ်လောက်တန်လိုက်သလဲ"
"ကျောင်းအုပ်ကြီးက သူ့အရည်အချင်းနဲ့ အရောင်းမြှင့်တင်ရေးအလုပ်မလုပ်တာ နှမြောဖို့ကောင်းလိုက်တာ။ တီဗီထဲက ဈေးရောင်းတဲ့လူတွေအတိုင်းပဲ"
"ဟုတ်တယ်။ ဗဟုသုတအကြောင်းတောင် ပြောနေလိုက်သေး… ငါကတော့ သာမန်လူပဲ။ ငွေကိုပဲရွေးမှာ"
"မင်းတို့ အမြင်တော်တော်ကျဉ်းတာပဲ။ ဗဟုသုတက ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ။ ကျောင်းအုပ်ကြီးက ငါတို့ကို အမြတ်ဝေစုခွဲပေးမလားဆိုတာပဲ သိချင်တယ်"
...
အခြေခံသဘောတရားကို သူတို့ နားလည်ပါသော်ငြား ယခုအချိန်တွင် ငွေရေးကြေးရေးအကျပ်အတည်းဖြစ်နေကြသည်။
"ဒီလိုလုပ်ကြမယ်လေ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ပစ္စည်းတစ်ခုချင်းစီအတွက် အခကြေးငွေမယူတော့ဘူး။ ဝင်ခွင်လက်မှတ်ပဲရောင်းမယ်။ တစ်စောင်ကို အမေရိကန်ဒေါ်လာတစ်ရာဘီလီယံ… လက်မှတ်ရှိတဲ့လူမှ ဝင်လို့ရမှာ။ ဝင်ပြီးရင် ခင်ဗျားတို့ ယူနိုင်သလောက်ယူသွား။ ဘယ်ကိရိယာမဆို သုံးချင်သလောက်သုံးလို့ရတယ်။ ဒီတံခါးကနေ သယ်ထုတ်သွားနိုင်သရွေ့ ခင်ဗျားတို့အပိုင်ပဲ။ ဘယ်လိုလဲ"
သေချာစဉ်းစားကြည့်ပြီးနောက် သူတို့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။
စိတ်စွမ်းအားရှင်များဖြစ်ကြသည့်အတွက် သူတို့၏ခွန်အားက သာမန်လူများထက် အဆတစ်ရာခန့် ပိုသာသည်။ အင်အားကြီးသူတချို့ဆိုလျှင် တန်ချိန်ပေါင်းများစွာကို အသာလေးသယ်နိုင်ကြသည်။ ပစ္စည်းကိုသာ မှန်မှန်ကန်ကန်ရွေးချယ်နိုင်လျှင် ဒေါ်လာတစ်ရာဘီလီယံထက် ပိုတန်သည့်အရာများကို သယ်သွားနိုင်မည်ဖြစ်၏။
အထူးသဖြင့် ဆွဲငင်အားကို ထိန်းချုပ်နိုင်သည့် ဘရုစ်ဆိုလျှင် ပိုကောင်းသေးသည်။ သူက ပတ်ဝန်းကျင်၏အလေးချိန်ကို တစ်ဆယ်ရာခိုင်နှုန်းအထိ လျှော့ချပစ်နိုင်သဖြင့် ပုံမှန်ထက် ဆယ်ဆပိုများသော အရာများကို သယ်ထုတ်သွားနိုင်မည်သာ။
"အထက်လူကြီးတွေကို ပိုက်ဆံလှမ်းတောင်းကြ"
သူတို့တွင် ကိုယ်ပိုင်ငွေမရှိတော့သဖြင့် နိုင်ငံတော်နှင့် အဖွဲ့အစည်းကိုသာ အားကိုးရတော့သည်။ ဤသည်မှာ သူတို့အဖွဲ့အစည်းအတွက် လုပ်ဆောင်ခြင်းဖြစ်လေရာ အဖွဲ့အစည်းက အကုန်အကျခံသင့်သည်မဟုတ်ပါလော။
အထူးသဖြင့် စိတ်စွမ်းအားရှင်အဖွဲ့အစည်းများမှာ ငွေကြေးအင်အား အလွန်တောင့်တင်းကြသည်။ ဌာနချုပ်ရှိ အထက်လူကြီးများမှာ ကျန်းမုန့်လောင်ကို ဘာကြောင့်ပိုက်ဆံပေးရသလဲဟု အံ့အားသင့်နေကြသော်ငြား စိတ်စွမ်းအားရှင်များမှာမူ ဘာမှမပြောနိုင်ကြပေ။ တစ်ခုခုတော့ဖြစ်လာလိမ့်မည်ဟု သူတို့ မှန်းဆထားပြီးသားပင်။
ကျန်းမုန့်လောင်ကို သူတို့ အရှုံးပေးခဲ့ရသည်မှာလည်း တစ်ကြိမ်မကတော့ပေ။
"ဟားဟားဟား.. ကျေးဇူးတင်ပါတယ်။ ဘော့စ်.. စီးပွားရေးတွေ ဒီထက်မက ပိုအောင်မြင်ပါစေဗျာ"
"ကဲ ဝင်ခဲ့ကြလေ"
ကျန်းမုန့်လောင်က သူ့ဖောက်သည်များကို အားတက်သရောကြိုဆိုလေသည်။
"မုန့်လောင်.. သူတို့ တန်ဖိုးကြီးပစ္စည်းတွေကို သယ်သွားမှာမကြောက်ဘူးလား"
မုန့်ထျန်းဟယ်က စိုးရိမ်တကြီးမေးလိုက်သည်။
အကယ်၍ ရောင်းချင်သည်ဆိုလျှင်ပင် ပစ္စည်းများကို အရင်ကြည့်ပြီးမှ ရောင်းသင့်သည်ဟု ထင်သည်။
"စိတ်မပူနဲ့။ ဒါတွေအကုန်လုံး အမှိုက်တွေချည်းပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အဆင့်နှစ်မျိုးနွယ်စုတစ်ခုရဲ့ ပစ္စည်းလေးတွေပါ။ ဘာမှသိပ်မတန်ပါဘူး"
ကျန်းမုန့်လောင်အတွက်မူ အဆင့်နှစ်မျိုးနွယ်စုမဆိုထားနှင့် အဆင့်သုံး၊ အဆင့်လေးနှင့် ဒဏ္ဍာရီလာအဆင့် မျိုးနွယ်စုများရှိ ပစ္စည်းများကိုပင် အသာလေးရယူနိုင်စွမ်းရှိသည်။ ကုန်ကြမ်းသာရှိလျှင် အဆင့်နှစ်မျိုးနွယ်စု၏ ပစ္စည်းများကိုပင် ဖန်တီးနိုင်သည်။
"ဒါပေမဲ့ ဒီပစ္စည်းတွေကို ဒီအတိုင်းတော့ သယ်သွားလို့မရဘူးလေ"
မုန့်ထျန်းဟယ်က ပြောလိုက်သည်။
"ငါ အထက်လူကြီးတွေကို တင်ပြလိုက်မယ်။ ပြီးတော့ ကုန်တင်လေယာဉ်အစင်းနှစ်ဆယ်လောက် လွှတ်ခိုင်းလိုက်မယ်"
"မလိုပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါပြသည်။
"သူတို့ကို သယ်ခိုင်းလိုက်ဦးလေ။ သူတို့ သယ်လို့ပြီးသွားတော့မှ ဒီအာကာသယာဉ်ကြီးတစ်စင်းလုံးကို ဟွာရှားကို ပြန်မောင်းသွားကြတာပေါ့"
********************