ခေါင်းတလားကြီးပြန်သယ်သွားရတာ နိမိတ်မကောင်းဘူးမလား
Vol. 50 Ch. 748
"ဆောရီးပဲဗျို့.. ကျုပ်တို့ အရင်ဝင်နှင့်ပြီ"
အိုတိုက လေလံပွဲတွင် ပထမဆုံးဝင်ခွင့်ရရှိထားသူဖြစ်၏။ စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ ဘတ်ဂျက်က အလွန်ပေါများလှသည်ဟု ဆိုနိုင်ပေသည်။
အိုတိုက ဘရုစ်ကိုခေါ်ပြီး လူမိုက်စတိုင်လ်ဖြင့် သိုလှောင်ရုံထဲသို့ ကြော့ကြော့မော့မော့ ဝင်သွားလေတော့သည်။
"သူတို့ကို နောက်တစ်ခါ ဘယ်လိုဂျင်းထည့်ရမလဲဆိုတာ စဉ်းစားရမယ်"
သူတို့၏အမူအရာကိုကြည့်ရင်း ကျန်းမုန့်လောင်လည်း သူတို့ အထိမနာသေးကြောင်း ရိပ်မိလိုက်သည်။
သူတို့ဆီကမှ ပိုက်ဆံမယူရင် ဘယ်သူ့ဆီက သွားယူရမလဲ..
"ကျောင်းအုပ်ကြီး.. ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်"
ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားတစ်ယောက်က ကျန်းမုန့်လောင်၏နားနားသို့ တိုးတိုးလေးကပ်ပြောသည်။
"ဟားဟားဟား ဒါက သိပ်ယုတ်မာတဲ့အကြံပဲ။ ငါတော့ကြိုက်တယ်"
ထိုအကြံကို ကြားပြီးနောက် ကျန်းမုန့်လောင်၏ မျက်နှာထက်တွင် ကောက်ကျစ်လေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"ဒါက ဆရာ အသင်အပြကောင်းလို့ပါ"
...
"သူတို့က ဘာလို့ အခုထိထွက်မလာသေးတာလဲ"
အိုတိုနှင့် ဘရုစ်တို့ အထဲဝင်သွားသည်မှာ တစ်နာရီနီးပါးရှိနေပြီဖြစ်ရာ အပြင်ဘက်ရှိ လူများမှာ စိတ်မရှည်ကြတော့ပေ။
"မစ္စတာကျန်း.. ဒါတော့ မဟုတ်သေးဘူးနော်။ သူတို့ ထွက်မလာမချင်း ကျွန်တော်တို့က အခုလိုစောင့်နေရမှာလား"
"ဟုတ်တယ်။ ဒါက အရည်အချင်းနဲ့ အမြင်စူးရှမှုအပေါ် မူတည်တယ်ဆို"
"ခင်ဗျားတို့ပြောတာ မှန်တယ်"
ကျန်းမုန့်လောင်က သိုလှောင်ရုံထဲသို့ လှမ်းအော်လိုက်သည်။
"မစ္စတာအိုတို.. တစ်နာရီပြည့်ပြီနော်။ အချိန်စေ့သွားပြီ"
ကျန်းမုန့်လောင်က စက်ရုပ်များကို အမိန့်ပေးလိုက်သည်။
"သူတို့နှစ်ယောက်ကို အပြင်ဆွဲထုတ်လာခဲ့"
အမိန့်ရသည်နှင့် စက်ရုပ်နှစ်ရုပ်ကလည်း သိုလှောင်ရုံထဲသို့ ချက်ချင်းဝင်သွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် လူနှစ်ယောက်က လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲပြုတ်ကျသွားသည်။
"ကျန်းမုန့်လောင်.. ဒါက ဘာသဘောလဲ။ ငါတို့ ပိုက်ဆံပေးထားပြီးသားလေ။ ဘာလို့အပြင်ကိုဆွဲထုတ်ရတာလဲ"
အိုတိုကတော့ မကျေနပ်ပေ။
"ဆောရီးပဲ မစ္စတာအိုတို.. ဒါပေမဲ့ ခင်ဗျားတို့ အချိန်စေ့သွားပြီ"
"ဘာ? အချိန်စေ့ပြီ ဟုတ်လား။ ဒီနေရာက အနှိပ်ခန်းလိုမျိုး ဘယ်တုန်းက အချိန်ကန့်သတ်ချက်ရှိသွားတာလဲ"
"ဒါတော့ ကျုပ်ကို အပြစ်မတင်နဲ့"
ကျန်းမုန့်လောင်က ဆို၏။
"ကြည့်လေ.. ခင်ဗျားတို့ အထဲမှာကြာလွန်းအားကြီးတော့ လူတိုင်း စိတ်ပူနေကြပြီမဟုတ်လား။ ပြီးတော့ ခင်ဗျားတို့ အထဲမှာ တစ်သက်လုံးနေလို့ရတာမှမဟုတ်တာ"
"ကောင်းပြီလေ။ ဒါဆို ငါတို့ရွေးထားတဲ့ပစ္စည်းတွေကို သယ်ထုတ်ခွင့်ရမလား"
"ဒါဆို အချိန်ပိုထပ်တိုးရမှာပဲ"
"အချိန်.. အချိန်ထပ်တိုးရမှာလား"
အိုတိုခမျာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
"ဝင်ကြေးအတွက် ဒေါ်လာတစ်ရာဘီလီယံ၊ ဦးစားပေးခအတွက် ၅၈၀ဘီလီယံ စုစုပေါင်း ၆၈၀ဘီလီယံပါ။ ငွေချေလို့ရပါပြီ"
"ဘာ? ထပ်ပေးရဦးမှာလား"
အိုတိုက ချက်ချင်းကန့်ကွက်လိုက်သည်။
"ဒါက သက်သက်ဓားပြတိုက်နေတာပဲ"
"မစ္စတာအိုတို.. အသိတရားလေးလည်း ရှိစမ်းပါဦး"
ကျန်းမုန့်လောင်က ဆို၏။
"လူတိုင်းရဲ့အချိန်က အတူတူပဲလေ။ ခင်ဗျားကို မိနစ်ပိုင်းပိုပေးလိုက်ရင် တခြားလူတွေအတွက် မတရားသလို ဖြစ်မသွားဘူးလား"
"မတရားပါဘူး"
စွမ်းအားရှင်မဟာမိတ်အဖွဲ့ဝင်များ အခက်တွေ့နေသည်ကို မြင်သောအခါ အခြားနိုင်ငံသားများကလည်း ဝိုင်းနှိပ်ကွပ်ကြလေတော့သည်။
"မြင်လား။ ဒီတစ်ခေါက် ကျုပ်က အများဆန္ဒအတိုင်းလုပ်တာ"
"အချိန်ကို အချိုးကျပဲတွက်လို့မရဘူးလား"
အိုတိုက ဆက်ပြောလိုက်သည်။
"အဲဒါတော့မဖြစ်ဘူး"
ကျန်းမုန့်လောင်က ဆို၏။
"ခင်ဗျားတို့ အလှပြင်ဆိုင်သွားရင် အချိန်နာရီဝက်လေးပဲ တိုးတတ်လို့လား။ ပုံမှန်ဆိုရင် တစ်နာရီထပ်တိုးရတာမဟုတ်လား"
"ဒီလိုလုပ်ရအောင်"
ကျန်းမုန့်လောင်က အခြေအနေကို ထိန်းညှိလိုက်သည်။
"ဒီတစ်ခါတော့ အထူးဈေးနှုန်းအနေနဲ့ တစ်ဝက်ဈေးပဲယူမယ်။ မိနစ်သုံးဆယ်ထပ်တိုးပေးမယ်"
အိုတိုက အသက်ပြင်းပြင်းရှူသွင်း၍ ကျန်းမုန့်လောင်၏မျက်နှာကို ဆွဲထိုးချင်စိတ်ပေါက်သွားသည်။ သို့သော် အနောက်ရှိ စက်ရုပ်များနှင့် ကြောက်မက်ဖွယ်ကောင်းလှသော ကျန်းမုန့်လောင်၏ခွန်အားကို သတိရမိသောအခါ ချက်ချင်းငြိမ်ကျသွားသည်။
"ကောင်းပြီလေ။ တစ်ဝက်ဆိုတော့လည်း တစ်ဝက်ပေါ့"
...
အိုတိုထံမှ သင်ခန်းစာရလိုက်သဖြင့် ကျန်လူများလည်း အချိန်လုပြီး ရှာဖွေကြတော့သည်။ နာရီအနည်းငယ်အကြာတွင် သူတို့အားလုံး ရှာတွေသမျှ ပစ္စည်းများကိုသယ်ပြီး ထွက်လာကြသည်။
စိတ်စွမ်းအားရှင်တိုင်းက တန်ပေါင်းများစွာလေးသော ပစ္စည်းများကို သယ်လာကြသည်။ တကယ်တမ်းတွင် မျိုးနွယ်စုချင်းမတူကြသည့်အတွက် ဤပစ္စည်းများက ဘာလဲဆိုသည်ကိုပင် သူတို့ သေချာမသိပေ။
ထို့ကြောင့် အထင်ကြီးဖို့ကောင်းသော အရာများကိုမြင်သည်နှင့် ယူလာခဲ့လိုက်သည်။
"ဟားဟားဟား.. ဒီတစ်ခါတော့ ငါတို့စွမ်းအားရှင်မဟာမိတ်အဖွဲ့က အမြတ်ဆုံးပဲ"
ဘရုစ်နှင့် အိုတိုက အစွမ်းထက်ဆုံးစိတ်စွမ်းအားရှင်များ ဖြစ်ကြသည့်အတွက် သူတို့၏ခန္ဓာကိုယ်ဖြင့် တန်ပေါင်းများစွာလေးသော ပစ္စည်းများကို သယ်နိုင်ကြသည်။ ဘရုစ်၏ဆွဲငင်အားနယ်ပယ်ကိုပါ ပေါင်းလိုက်သောအခါ သူတို့သယ်လာသည့်ပစ္စည်းများက စိတ်စွမ်းအားရှင်ဆယ်ယောက်ကျော်နှင့်ပင် ယှဉ်နိုင်သည်။
"ဟားဟားဟား.. ဒီတစ်ခေါက်တော့ ငါတို့ တော်တော်ပွပြီ"
အိုတိုနှင့် ဘရုစ်တို့က သူတို့ယူလာသောပစ္စည်းများကိုကြည့်ရင်း ဂုဏ်ယူနေကြသည်။
သူတို့သယ်လာသည့်ပစ္စည်းများက လေးလံပါသော်ငြား အရေအတွက်အများကြီးမဟုတ်ပေ။ အကြီးဆုံးက သုံးမီတာကျော်ရှည်လျားသော သတ္တုသေတ္တာကြီးဖြစ်ပြီး အာကာသယာဉ်အငယ်စားလေးနှင့် တူပေသည်။
အခြားစိတ်စွမ်းအားရှင်များကမူ မနာလိုသောအကြည့်များဖြင့် ကြည့်နေကြသည်။ ထိုအာကာသယာဉ်ငယ်လေးက သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲက အရေးပေါ်ယာဉ်လေးများနှင့် အလွန်တူလှသည်။ အာကာသထဲတွင် သွားနိုင်သည့် နည်းပညာမျိုးဖြစ်လေရာ အမှန်တကယ်အဖိုးမဖြတ်နိုင်သောအရာ ဖြစ်ရမည်။
၎င်းမှာ အာကာသယာဉ်မဟုတ်လျှင်ပင် အသုံးပြုထားသော နည်းပညာမှာ အဆင့်မြင့်ပြီး အာကာသကို ဖြတ်သန်းသွားလာနိုင်စွမ်းရှိသည်ဖြစ်ရာ အလွန်အံ့မခန်းဖွယ်ကောင်းလှသည်။
ထိုသေတ္တာကြီးမှာ အာကာသယာဉ်ထဲမှ အသက်ကယ်ယာဉ်လေးဖြစ်လောက်သည်ဟု သူတို့ ခန့်မှန်းနေကြသည်။ အကြောင်းမှာ အထဲတွင် ဂြိုလ်သားနှင့်တူသော အရိုးစုတချို့ကို တွေ့ထားသောကြောင့်ပင်။
အာကာသယာဉ်ပျက်ကျချိန်မှာ အထဲရှိ လူများက ဤသေတ္တာထဲသို့ဝင်ပြီး အသက်ဘေးက လွတ်အောင်ကြိုးစားခဲ့ကြသည်ဟု ယူဆထားကြသည်။
အာကာသနည်းပညာ၊ အသက်ကယ်နည်းပညာ၊ အင်ဂျင်နည်းပညာ၊ ကုန်ကြမ်းပစ္စည်းနည်းပညာ အစရှိသောအရာများကိုသာ သေချာလေ့လာနိုင်လျှင် အဖိုးမဖြတ်နိုင်သော ရတနာများပင်။
"သေစမ်း.. သူတို့ ပစ္စည်းကောင်းကိုရသွားတာပဲ"
"အများကြီးရှိသေးတယ်။ တအားလေးလို့ မသယ်နိုင်ခဲ့ဘူး။ တခြားပစ္စည်းတွေကိုလည်း ထားခဲ့လို့မရဘူးလေ။ သူတို့ တော်တော်ကံကောင်းတာပဲ"
"အဲဒါက ဘာကြီးမှန်းတော့ မသိပေမဲ့ တော်တော်တန်ဖိုးကြီးလောက်တယ်"
...
"ခင်ဗျားတို့ကတော့လေ.."
ကျန်းမုန့်လောင်က ထိုအရာကိုမြင်သောအခါ အော်မရယ်ဘဲ မနေနိုင်ပေ။
"ဟားဟားဟား .. လူကြီးမင်းတို့ ခင်ဗျားတို့က အရွေးတော်သားပဲ။ တကယ့်ပါရမီရှင်တွေပါလား"
"ကျန်းမုန့်လောင်က အဲဒါက ဘာသဘောလဲ"
ကျန်းမုန့်လောင်၏ လှောင်ရယ်နေဟန်အမူအရာကို မြင်သောအခါ အိုတိုတစ်ယောက် အရွေးမှားပြီလားဟုတွေးကာ ကျောချမ်းသွားရသည်။
"ဒါက တကယ့်ပစ္စည်းကောင်းနော်"
ကျန်းမုန့်လောင်က အသက်ကယ်ယာဉ်နှင့်တူသော ထိုအရာဆီကို လျှောက်လာရင်း ပြောလိုက်သည်။
"အဆင့်နှစ်မျိုးနွယ်စုက သူဌေးသူကြွယ်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဇီဝစွန့်ထုတ်ပစ္စည်းကြီးလေ။ ခင်ဗျားတို့က သိပ်အရွေးတော်တာပဲ"
"ဇီဝစွန့်ထုတ်ပစ္စည်းဆိုတာက ဘာကြီးလဲ"
"အင်း.. အဆင့်နှစ်မျိုးနွယ်စုကတော့ အဲဒီလိုခေါ်တာပဲ။ ကျုပ်တို့ ကမ္ဘာမြေဘာသာစကားနဲ့ ဘာသာပြန်ရရင်တော့ အလိုအလျောက်ဖျော်ဖြေရေးစနစ်ပါတဲ့ အိမ်သာကြီးပေါ့"
"အိမ်သာကြီး ဟုတ်လား"
"ဖွီး…"
"ဟားဟားဟား.. ခင်ဗျားတို့ အပင်ပန်းခံပြီးသယ်လာတာ အိမ်သာကြီးလား"
"ဒီစက်ပေါ်မှာ ဘာအင်ဂျင်မှလည်း ရှာမတွေ့တော့ ဆွဲငင်အားမဲ့စက်တစ်ခုလို့ထင်နေတာ"
"အိမ်.. အိမ်သာကြီးလား"
"ဟုတ်ပါ့။ အံ့ဩသွားလား"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ဒီပစ္စည်းက အဆင့်နှစ်မျိုးနွယ်စုမှာ တော်တော်ဈေးကြီးတာနော်။ အိမ်သာတက်ရင်း ဂိမ်းတွေအများကြီး ကစားလို့ရတယ်။ ဒီပင်မထိန်းချုပ်ခလုတ်ခုံက ဂိမ်းဆော့ဖို့အတွက်လေ။ လှုပ်ရှားရတဲ့ ဂိမ်းတွေလည်းပါတယ်။ ကျုပ်တို့အွန်လိုင်းဝတ္ထုတွေထဲက အဆင့်မြင့်ခေါင်းဆောင်းတွေနဲ့ ကစားရတဲ့ ဂိမ်းမျိုးလေ။ အစုံပါတဲ့ အိမ်သာကြီး"
အိုတို၏အမူအရာကား မစင်စားလိုက်ရသလို ပျက်ယွင်းသွားသည်။ သူတို့ ပင်ပင်ပန်းပန်းသယ်လာရသည့် အရာကြီးမှာ ဖျော်ဖြေရေးထုတ်ကုန်တစ်ခု ဖြစ်နေပေသည်။ အဆင့်မြင့်နည်းပညာများ ပါရှိသော်လည်း ဖျော်ဖြေရေးနည်းပညာဆိုသည်မှာ အသုံးချနည်းပညာထက် အဆင့်နိမ့်ပေသည်။
"ဒါကတော့…"
ကျန်းမုန့်လောင်က လေးထောင့်သေတ္တာကြီးကို ပုတ်လိုက်သည်။
"ခင်ဗျားတို့ ဒါကို ရင်းနှီးနေတယ်လို့မထင်ကြဘူးလား"
"သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ မြင်ဖူးတယ်။ အဲဒါက အသက်ကယ်စနစ်မဟုတ်ဘူးလား"
"ဟုတ်တယ်။ ကျုပ်လည်း အဲဒီလိုထင်တာပဲ"
"တစ်ခုတည်းရှိလို့ နှမြောလိုက်တာ။ မဟုတ်ရင် ကျုပ်လည်း တစ်ခုလောက်ယူလာမိမှာပဲ"
"ဖွီး"
ကျန်းမုန့်လောင်ခမျာ မရယ်ဘဲမနေနိုင်တော့ချေ။
"ဘာကိုအသက်ကယ်စနစ်လဲ။ ဒါက အလိုအလျောက်တည်နေရာပြစက်၊ အလိုအလျောက်မီးသင်္ဂြိုလ်စနစ်၊ အလိုအလျောက်မြုပ်နှံရေးစနစ်၊ နောက်ခံဂီတ၊ ဆွေးမြည့်မှုကာကွယ်ရေးစနစ်တွေပါတဲ့ ခေါင်းတလားကြီးပါ"
"ဘာ? ခေါင်းတလားကြီး ဟုတ်လား"
"ဟားဟားဟား"
"ဟားဟားဟား.. နောက်တစ်ခုမရှိလို့ တော်သေးတာပေါ့"
"သူတို့က ခေါင်းတလားနဲ့အိမ်သာကြီးကို သယ်လာကြတာလား"
ကျန်းမုန့်လောင်က အိုတို၏ပခုံးကိုပုတ်၍ ပြောလိုက်သည်။
"မစ္စတာအိုတို.. ခေါင်းတလားကြီးကို ပြန်သယ်သွားတာကတော့ နိမိတ်မကောင်းဘူးမလား"
*********************